မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }
လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
12 March 2011
24 မိမိရဲ့ ခံစားမှုကို ဘယ်လို မျှဝေမလဲ
         ကျွန်တော် ငယ်ငယ်က ပုံပြင်လေး တစ်ပုဒ် ဖတ်ခဲ့ရဖူးတယ်။ ပုံပြင်လေးရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို ငယ်သေးလို့ နက်နက်ရှိုင်းရှိုင်း နားမလည် သဘော မပေါက်သေးပေမဲ့ ဒီပုံပြင်လေးကိုတော့ မှတ်မှတ်ရရ ရှိနေခဲ့တယ်။ ဒီပုံပြင်လေးက ဒီလို ဆိုတယ်။
          တစ်ခါက . . . .
        အဝေးကနေပြီး ပြန်လာတဲ့ အဘိုးလုပ်သူက သူ့ရဲ့ အလွန်ချစ်ဖို့ ကောင်းတဲ့ အမွှာမြေးမလေး နှစ်ယောက်အတွက် လှလှပပ ပန်းပွင့်လေးတွေ ပွင့်ပေးတတ်တဲ့ သစ်ခွပန်းအိုးလေး တစ်ယောက် တစ်အိုးစီ လက်ဆောင်ပေးသတဲ့။ သူ့ရဲ့ မြေးမလေးတွေက လှပတဲ့ ပန်းလေးတွေကြည့်ပြီး ဒီပန်းအိုးလေးတွေကို အရမ်းကို နှစ်သက်ကြတယ်။ မြေးမလေး နှစ်ယောက်က အမွှာဆိုသလို ပန်းအိုးလေး နှစ်အိုးကလည်း အမွှာလို့ ခေါ်နိုင်အောင်ကို ခွဲမရအောင် တူညီစွာ လှလှပပ ပွင့်ကြတယ်။ မြေးမလေး နှစ်ယောက်ကလည်း အဘိုးဆီက ရလာတဲ့ သစ်ခွပန်းအိုးလေးတွေကို အရမ်းကို ဂရုစိုက်ကြတယ်။
        ဒါပေမဲ့ လအတန်ကြာလာတဲ့ အခါမှာတော့ မြေးမလေး တစ်ယောက်ရဲ့ ပန်းအိုးထဲက သစ်ခွပန်းတွေဟာ စိမ်းလန်းလှပစွာ ဖူးပွင့်ပေမဲ့ နောက်တစ်ယောက်ရဲ့ ပန်းအိုးထဲက ပန်းကလေးတွေကတော့ ညှိုးရော်ကာ ဖျော့တော့နေကြတယ်။ တစ်ယောက်ရဲ့ ပန်းအိုးထဲက သစ်ခွပင်က ရှင်သန်ကြီးထွားသလောက် နောက်တစ်ယောက်ရဲ့ ပန်းအိုးထဲက သစ်ခွပင်ကတော့ တစ်နေ့ထက် တစ်နေ့ နွမ်းခြောက် လာခဲ့တယ်။ 
        ဘာဖြစ်လို့လဲ ၊ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို တိတိကျကျ မရှာနိုင်ခင်မှာပဲ နွမ်းခြောက်လာတဲ့ ပန်းအိုးလေး ပိုင်ရှင် မြေးမလေးရဲ့ သစ်ခွပင်လေးဟာ လုံးဝကို သေဆုံးသွားခဲ့တယ်။ အတူတူ ဝယ်ပေးတာချင်း အတူတူ ဒီမြေးမလေး ပန်းပင်လေး သေဆုံးသွားတဲ့ အတွက် နောက်ထပ် အလားတူ သစ်ခွပင်လေးကို ထပ်ဝယ်ပေးကာ ပြုစုစေခဲ့တယ်။ ဒါပေမဲ့လည်း နောက်ထပ် လအနည်းငယ် အတွင်းမှာ ဒီမြေးမလေးရဲ့ သစ်ခွပင်လေးကပဲ သေဆုံးသွားပြန်တယ်။ 
         ဒီလိုနဲ့ သုံးကြိမ်တိုင်တိုင် သစ်ခွပင်လေးတွေကို ဝယ်ယူကာ ပြုစုစိုက်ပျိုးပေမဲ့ မရှင်သန်ခဲ့ဘူး။ နောက်ထပ် မြေးမလေးကတော့ ပထမ တစ်ကြိမ်ပေးတဲ့ သစ်ခွပင်လေးနဲ့ပဲ ရှင်သန်အောင် ပြုစုစိုက်ပျိုး နိုင်ခဲ့တယ်။ တစ်ယောက်က တစ်ကြိမ်တည်းနဲ့ ရှင်သန်အောင် ပြုစုနိုင်တဲ့ အခါမှာ နောက်ထပ် တစ်ယောက်ကတော့ အကြိမ်ကြိမ် ဘာလို့ ပြုစုနေရင်း သေဆုံးသွားရတာလဲ ဆိုတာကို အဘိုးဖြစ်သူက စိတ်ဝင်စားသွားပြီး လေ့လာခဲ့တယ်။
      နောက်ထပ် သစ်ခွပင်လေး ဝယ်ပေးပြီးတော့ မြေးမနှစ်ယောက်ကို မသိမသာ အကဲခတ်ရင်း အဘိုးလုပ်သူက လေ့လာကြည့်တော့မှ သူတို့နှစ်ယောက်ရဲ့ ကွဲပြားသော စိတ်နေသဘောထား ၊ မိမိရဲ့ ခံစားမှုကို သူများဆီသို့ မျှဝေပုံကို သတိထား လာမိတော့တယ်။
         ပထမဦးဆုံး သစ်ခွပင်လေးကတည်းက မသေအောင် စိုက်ပျိုးနိုင်ယုံမက အပွင်းလေးများပါ ဝေဆာပြီး ကြီးထွားလာအောင် ပြုစုနိုင်ခဲ့တဲ့ မြေးမလေးကတော့ သူ့ရဲ့ ပျော်ရွှင်ဖွယ် အချိန်တွေတိုင်း ၊ ပျော်ရွှင်စရာတွေနဲ့ ကြုံတွေ လာရတိုင်း သစ်ခွပင်လေးကို သန့်ရှင်းရေး လုပ်ရင်း ၊ ရေလောင်းရင် သူ့ရဲ့ အဖော် တစ်ယောက် အနေနဲ့ ပြောပြလေ့ ရှိတယ်။ သူ့ရဲ့ ပျော်ရွှင်မှုတွေကို မျှဝေလေ့ ရှိတယ်။
          သစ်ခွပင်လေးတွေ ခဏခဏ သေဆုံးသွားရတဲ့ မြေးမလေးကတော့ သူ့ စိတ်ညစ်လာတဲ့ အခါ ၊ သူ ဝမ်းနည်းစရာတွေ ကြုံတွေ့လာရတဲ့ အခါ သစ်ခွပင်လေးကို ပြောပြလေ့ ရှိတယ်။ သူ ငိုရင်လည်း ငိုပြီး ပြောပြလေ့ ရှိသလို ၊ သူ စိတ်ညစ်ရင်လည်း ဝမ်းနည်းစွာ ပြောပြလေ့ ရှိတယ်။ ဒါပေမဲ့ သူပျော်ရွှင်နေတဲ့ အခါမှာတော့ သစ်ခွပင်လေးကို လာရောက်ပြောပြဖို့ သူမေ့နေတတ်တယ်။ ပြောပြဖို့ မလိုဘူးလို့လည်း သူ ထင်ထားခဲ့တယ်။ သစ်ခွပင်လေး ဆိုတာက အသက်မဲ့သော အရာ တစ်ခုလို့ သူထင်ထားခဲ့တယ်။ ဒါပေမဲ့ သူ့အထင် မှားတယ် ဆိုတာ သစ်ခွပင်လေးက သူ့ရဲ့ ခံစားမှုကို သေဆုံးခြင်းဖြင့်သာ ဖော်ပြသွားခဲ့တယ်။ 
          ဒီအဖြစ်အပျက် နှစ်ခုကို ယှဉ်တွဲပြီးတော့ အဘိုးဖြစ်သူက ခံစားမှု ဆိုတာ လူတွေမှာတင် ရှိတာ မဟုတ်ဘဲ ၊ ခံစားမှု မရှိဘူးလို့ ထင်နေရတဲ့ သစ်ပင်တွေမှာတောင်မှ ကိုယ်က ပျော်စရာတွေကို ပြောပြမိရင် သူတို့လည်း ပျော်ရွှင် တတ်ကြွလာသလို ၊ စိတ်ညစ်စရာတွေ ၊ စိတ်ရှုပ်စရာတွေချည်းပဲ ကြားနေရရင်လည်း သူတို့လည်း မပျော်ရွှင် ၊ စိတ်ညစ်နွမ်းရတယ် ဆိုတာကို အခိုင်အမာ သက်သေထူနိုင်ခဲ့တယ်။ 
         ခံစားမှု နည်းပါးပါတယ် ဆိုသော သစ်ပင်တွေတောင်မှ စိတ်ညစ်မှု ၊ ဝမ်းနည်းမှု ၊ မပျော်ရွှင်မှုတွေကို ခံစားတတ်မယ် ဆိုရင် ကျွန်တော်တို့လို ခံစားမှု ပါးပါးလေးတောင်မှ နစ်နစ်နဲနဲ ခံစားတတ်နေသော လူသားတွေအတွက် “ မိမိရဲ့ ခံစားမှုကို ဘယ်လို မျှဝေသင့်ပါသလဲ။ ”  
“ ခံစားမှုကို တခြားသူဆီ ဘယ်လို မျှဝေမလဲ။ ”
          မိမိရဲ့ ဝမ်းနည်းမှု ၊ ကြေကွဲမှု ၊ အစိုးရိမ်လွန်မှု ၊ စိတ်ပျက် အားငယ်မှုများကို တစ်ယောက်တည်း ကျိတ်ခံစား မနေပါနဲ့။ တစ်ယောက်ယောက်ထံမှာ ဖွင့်ဟလိုက်မယ် ဆိုရင် မိမိရဲ့ စိတ်ထဲမှာ ခံစားနေရတာ သက်သာ ပျောက်ကင်းသွားနိုင်တယ် မဟုတ်လား။ ဒါကြောင့် မိမိရဲ့ ခံစားမှုကို တခြားလူတစ်ယောက်ဆီကို ဖွင့်ဟပြီး မျှဝေ ပြောပြလိုက်ပါလို့ ဆိုကြတယ်။
     ဒါပေမဲ့ အထက်က စကားကို တကယ့် စိတ်ပညာရှင် အားလုံးက တညီတညွှတ်တည်း ကန့်ကွက်ကြပါတယ်။ မိမိရဲ့ စိတ်မပျော်ရွှင်မှု ခံစားချက်ကို တခြားလူကို ဝေမျှခြင်းဖြင့် ပျောက်ကင်း သက်သာရာ ရအောင် မလုပ်ဆောင်သင့်ကြောင်း သူတို့ ထောက်ခံပြောကြတယ်။ ပြီးတော့ စိတ်ပညာရှင်တွေ အားလုံး တညီတညွှတ်တည်း ပြောပြတဲ့ အဖြစ်အပျက်လေး တစ်ခုလည်း ရှိနေပါတယ်။
          တစ်ခါက . . . .
      ယောက်ျား ဖြစ်သူဟာ အလုပ်ကိစ္စနဲ့ တခြားသော မြို့တစ်မြို့သို့ သွားရောက်ရ၏။ အလုပ်နဲ့ ပတ်သတ်သော ကိစ္စဖြင့် စားသောက်ဆိုင်များမှာ စားသောက်ရခြင်း ၊ ညစာစားပွဲများ တတ်ရောက်ရခြင်း ၊ ပါတီပွဲများပါ တတ်ရောက်ရခြင်းတို့ ပါဝင်ခဲ့သည်။ သူ သွားရောက်ရသော မြို့မှ သူတို့ ကုမ္ပဏီခွဲကို တာဝန်ယူရသော အမျိုးသမီး တစ်ယောက်နဲ့ သူ မထင်မှတ်ဘဲ မှားယွင်းမိ၏။ ဒါပေမဲ့ တစ်လကျော်ကျော်သာ ကြာခဲ့ပြီး သူု့မြို့ကို သူ ပြန်လာအပြီးမှာတော့ ထို အမျိုးသမီးနဲ့ သူ ဘာမှ ဆက်၍ ပတ်သတ်ခြင်း မရှိတော့ချေ။ ထိုအမျိုးသမီးကလည်း ဖုန်းဆက်ခြင်း ၊ မေးလ်ပို့ခြင်းမျှပင် ပတ်သတ်ခြင်း မပြုလုပ်ချေ။
        သူတို့မှားယွင်းခဲ့သော ကိစ္စ ဒီမှာပင် တစ်ခန်းရပ်သွားပြီ ဟု ဆိုနိုင်သော်လည်း ထိုယောက်ျားရဲ့ စိတ်ထဲမှာတော့ မရပ်နိုင်ခဲ့ချေ။ သူနဲ့ အတူတူ နေလာခဲ့သော သူ့ရဲ့ ဇနီးအပေါ်မှာ သူ အမှားလုပ်မိခဲ့ပြီ ဆိုသော အတိတ်ဆိုးက သူ့ကို အမြဲတမ်း ခြောက်လှန့်နေ၏။ ဇနီးသည် အိပ်ယာမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်မှာ သူ့မှာတော့ အတိတ်က မှားယွင်းမှုရဲ့ ခြောက်လှန့်မှုကြောင့် တလူးလူး တလှိမ့်လှိမ့်ဖြင့် အိပ်၍ မပျော်။ မှန်ရှေ့မှာ ရပ်လိုက်တိုင်းလည်း အမှားလုပ်ထားသူတို့ ထုံးစံအတိုင်း ကိုယ့်လိပ်ပြာ ကိုယ်မလုံ ဖြစ်နေခဲ့၏။
         သို့သော် သူ့ရဲ့ အတိတ်က အမှား အတွက် သူ့ရဲ့ ဇနီးက သိတောင်မှ မသိပေ။ ထို့ကြောင့် သူ့ကို အပြစ်လည်း မပြောပေ။ ဇနီးဖြစ်သူကတော့ သာမာန် နေမြဲ ၊ ဆိုမြဲ ၊ သွားမြဲ ၊ လာမြဲသာ ဖြစ်၏။ သူ့မှာသာ တစ်ယောက်တည်း အတိတ်မှ အမှားရဲ့ ခြောက်လှန့်မှု ဒဏ်ကို အလူးအလှိမ့် ခံစားနေရခြင်း ဖြစ်လေသည်။ နောက်ဆုံး ကိုယ်ကျူးလွန်ခဲ့သော အမှားရဲ့ ခြောက်လှန့်မှုကို မခံနိုင်တဲ့ အဆုံး။ သူ့ရဲ့ အမှားကို ဇနီးလုပ်သူ ထံမှာ ဖွင့်ဟ၍ တောင်းပန် လိုက်လေတော့သည်။
         ထိုသို့ ခရီးအသွား ထိုခရီးစဉ် အတွင်းမှာ သူ မိန်းမတစ်ယောက်နဲ့ မှားယွင်းခဲ့ဖူးကြောင်း ၊ သို့သော်လည်း ထိုခရီးမှ ပြန်လာအပြီးကတည်းက ထိုမိန်းမနဲ့ သူမှာ ဘယ်လိုမှ အဆက်အသွယ် မရှိတော့ကြောင်း ၊ ဒါပေမဲ့ မိမိရဲ့ မှားယွင်းမှုကို မိမိစိတ်ထဲမှာ မလုံသောကြောင့် ကောင်းစွာပင် နေလို့ ၊ အိပ်လို့ မရကြောင်း ၊ ဒါကြောင့် မိမိရဲ့ အမှားကို ဝန်ချတောင်းပန်ကာ ဝန်ခံခြင်း ဖြစ်ကြောင်း ၊ ဒီလို အမှားမျိုးလည်း နောက်ဘယ်တော့မှ ဖြစ်မှာ မဟုတ်ကြောင်း ၊ နောက်နောင်လည်း မိမိကိုယ့်ကို သတိထားမှာ ဖြစ်ကြောင်း ၊ မိမိကို ခွင့်လွှတ်စေချင်ကြောင်း ဇနီးလုပ်သူထံမှာ ဖွင့်ဟ ပြောဆိုလိုက်လေ၏။
           သူ့ဆီမှ ဒီလို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ဝန်ခံတာကို ကြားရတဲ့ အတွက် ဇနီးသည်က သူ့ကို ခွင့်လွှတ်ကြောင်း ၊ ပြီးခဲ့တာတွေ ပြီးခဲ့ပြီ ဖြစ်ကြောင်း ၊ စိတ်ထဲမှာ ဘာမှ ဆက်လက်၍ ခံစားနေစရာ မလိုကြောင်း ပြောဆိုကာ နှစ်ဦး နှစ်ဘက် ပြဿနာမှာ ပြေလည်သွားလေတော့သည်။
            ဒါပေမဲ့ ပြဿနာက ဒီမှာ မပြီးသွားပါ။ သူဘက်က ပွင့်လင်းစွာ ဖွင့်ဟ ဝန်ခံလိုက်သောကြောင့် စိတ်လက်ပေါ့ပါးကာ ကောင်းမွန်စွာ နေနိုင် ၊ ထိုင်နိုင် ၊ အိပ်နိုင် ၊ စားနိုင်သွားပေမဲ့ ၊ အရင်က ဒီကိစ္စကို မသိခင်မှာ ပေါ့ပါးစွာ နေနိုင်ခဲ့သော ဇနီးသည်ရဲ့ စိတ်ထဲမှာတော့ ဒီကိစ္စကြီးက ဝင်ရောက်လာချိန်မှ စ၍ အရင်လို မအိပ်နိုင် ၊ မစားနိုင် ၊ မထိုင်နိုင်တော့ချေ။ သူ အလုပ်ကိစ္စနဲ့ တစ်နေရာရာကို သွားတော့မယ် ဆိုရင်လည်း အရင်ကလို ထပ်ဖြစ်ဦးမလား ဟု အတွေးများကာ သံသယ ပွားလာမိ၏။ ထို့ကြောင့် သူ့မှာ လွတ်လပ်ပေါ့ပါး သွားသလောက် သူ့ရဲ့ ဇနီးမှာတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာရလေတော့သည်။
        ကျွမ်းကျင်သော စိတ်ပညာရှင်များက အထက်ပါ ဖြစ်ရပ်လေးကို ပြောပြလေ့ ရှိပြီး မိမိရဲ့ အဖြစ်အပျက် ၊ မိမိရဲ့ အမှားကို မိမိဖာသာသာ တာဝန်ယူရမှာ ဖြစ်ကြောင်း ထောက်ပြပြောဆို တတ်ပါတယ်။ မိမိရဲ့ ခံစားချက်ကို တခြားလူကို ပြောပြခြင်းဖြင့် မိမိက ခံစားချက် လျော့ပါးသွားစေ နိုင်သော်လည်း ခံစားနားထောင်ရသူ အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်ကာ စိတ်ဖိစီးမှု အပါအဝင် တခြားသော ခံစားချက်များကို ဆင့်ပွား ခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။
            အထက်ပါ ဖြစ်ရပ်လေးတွေကို ဖတ်ခဲ့ရပြီးတော့ ကျွန်တော် တွေးမိသော ကလေးအတွေး ဆန်ဆန် ဖြစ်စဉ်လေး တစ်ခု ရှိတယ်။ အမြဲလိုလို ဥပမာပေးကာ ကျွန်တော် ပြောဆိုမိပါတယ်။ ဒါကတော့ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ဥစ္စာစောင့်ပုံပြင်များ နှင့် ပတ်သတ်ပါတယ်။
           ငယ်ငယ်က အိပ်ယာဝင်ပုံပြင်များမှ ဥစ္စာစောင့်များဟာ တခြားလူတွေရဲ့ အမြင်မှာ ရွှေလင်ပန်းကြီး ရွက်ထားတယ်လို့ မြင်ပေမဲ့ တကယ်တော့ သူတို့ ရွက်ထားရတာက ပူလောင်နေတဲ့ မီးပန်းကြီး ဆိုပဲ။ ဒီတော့ မီးပန်းကြီး ရွက်ထားရတဲ့ ဥစ္စာစောင့်ဟာ သူတို့ အနားကို ရောက်လာတဲ့ သူတို့ကို သူတို့ရဲ့ ခေါင်းပေါ်မှာ ရွက်ထားရတဲ့ လင်ပန်းကြီးကို ခဏဖြစ်ဖြစ် ရွက်ထားပေးဖို့ တောင်းပန်လေ့ ရှိတယ်။
          ဒါကို သူပြောတဲ့ အတိုင်း ခဏပဲ ဖြစ်ဖြစ် လက်ခံယူလိုသူရဲ့ အမြင်မှာတော့ ဒီမီးလင်ပန်းကြီးကို အရောင်တွေ တလက်လက် ဝင်းဝါနေတဲ့ ရွှေလင်ပန်းကြီးလို့ပဲ မြင်နေမိကြတယ်။ လက်ရှိ ရွက်ထားရတဲ့ ဥစ္စာစောင့်ရဲ့ ခေါင်းပေါ်ကနေ ကိုယ့်ခေါင်းပေါ်ကို ရောက်သွားပြီ ဆိုတော့မှ ခုနက မြင်နေရတဲ့ ရွှေလင်ပန်းကြီးက ချက်ချင်း ပုံစံပြောင်းပြီးတော့ မီးလင်ပန်းကြီး ဖြစ်သွားကာ ထိုလင်ပန်းကို ပြောင်းရွက်လိုက်ရတဲ့ လူကလည်း “ ပူလှပါချေရဲ့ ၊ လောင်လှပါချေရဲ့ ” လို့ ပထမက ဥစ္စာစောင့် ဖြစ်သူ အော်နေရသလို အော်ရတော့တာပါပဲ။
         ပထမရွက်ထားရတဲ့ ဥစ္စာစောင့်ကတော့ သူထမ်းရွက်ထားရတဲ့ မီးလင်ပန်းကြီးကို တခြားသူကို ပေးလိုက်ရတဲ့ အတွက် သူကတော့ ပေါ့ပါးသွားပြီး လက်ခံ ရသူကတော့ မီးလင်ပန်းကြီးကြောင့် စတင် ပူလောင် ခံစားရပါတော့တယ်။
          ဒါက ငယ်ငယ်က ကြားခဲ့ရဖူးသော ဥစ္စာစောင့် ပုံပြင်လေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု လက်ရှိ ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်း ဖြစ်နေတာပါပဲ။ ကိုယ့်စိတ်ထဲမှာ ပူလောင် ခံစားနေရသော ခံစားရမှုတွေကို တခြားသော သူ တစ်ယောက်ကို ပြောပြလိုက်ခြင်း အားဖြင့် မိမိရဲ့ ရင်ထဲ ၊ စိတ်ထဲမှာ ပေါ့ပါးသွားတယ် ဆိုပေမဲ့ တစ်ဖက်က လက်ခံရသူ အတွက်တော့ ထိုသူ့ဆီက ပူလောင်လှသော ၊ မီးလင်ပန်းနှင့်တူသော စိတ်ခံစားမှုများကို  ရယူလိုက်သလိုပါပဲ။
         ဒါကြောင့် တကယ်တော့ မိမိရဲ့ စိတ်ခံစားမှုများကို မိမိဖာသာ ခံစားနိုင်အောင် ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ်က သူများကို ဖွင့်ပြောပြလိုက်လို့ ရင်ထဲ ပေါ့ပါးသွားတယ် ဆိုပေမဲ့ လက်ခံရသူ အဖို့ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သွားစေပါတယ်။
         ဒီလို ဆိုရင် မိမိရဲ့ စိတ်ထဲမှာ ခံစားနေရသော စိတ်ညစ်စရာ ၊ စိတ်ပျက်စရာ ၊ ဝမ်းနည်း ကြေကွဲဖွယ်ရာတွေကို ဘယ်သူ့ကိုမှ မမျှဝေရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပါ။ ဆိုလိုသည်မှာ မျှဝေသင့်သော လူ ၊ မမျှဝေသင့်သော လူဆိုတာကိုသာ ကွဲကွဲပြားပြား သိဖို့သာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်လို လူမျိုးကို မိမိရဲ့ ခံစားချက်များကို မျှဝေသင့်ပါသလဲ။ ဒီအတွက် ဖော်မြူလာ တစ်ခုတော့ ရှိပါတယ်။ ဖော်မြူလာလေးက ဒီလို ဆိုတယ်။
        “ အပြုကို အောက်ချ ၊ အပျက်ကို အထက်တင် ”  ဟူ၍ ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုလိုရင်းမှာ အပြုသဘော ဆောင်သော ကိစ္စရပ်များ ၊ စိတ်ခံစားမှုများကို မိမိထက် အဆင့်နိမ့်ကျသူ ၊ မိမိကို မှီခိုနေရသူ ၊ မိမိကို အားထားနေရသူများကို ပြောပြခြင်းဖြင့် သူတို့ရဲ့ စိတ်တွင် အားတတ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ပျော်ရွှင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း ၊ ဝမ်းနည်းခြင်း ၊ အားငယ်ခြင်း အစရှိသော အပျက်သဘောဆောင်သော ကိစ္စများတွင် မိမိကို အကြံဥာဏ်ပေးနိုင်သော ပုဂ္ဂိုလ် ၊ မိမိကို အားပေးနိုင်သော သူတို့ကို ပြောပြကာ အကြံဥာဏ်တောင်းခြင်းဖြင့် မိမိလည်း သက်သာရာ ရစေနိုင်သလို အတွေ့အကြံ ရင့်ကျက်သော ပုဂ္ဂိုလ်များ အတွက်လည်း စိတ်ဓါတ်ရေးရာ အရ ထိခိုက်မှု နည်းနိုင်သမျှ နည်းပါစေလိမ့်မယ်။
             မည်သို့ပင် ဖြစ်နေပါစေ။ မိမိရဲ့ ခံစားမှုကို တခြားလူကို ဝေမျှ လိုက်ခြင်းဖြင့် မိမိရဲ့ စိတ်ခံစားရမှု လျော့ပါးသွားပြီး တခြားလူမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေမယ် ဆိုရင်တော့ အထူးသတိပြုပြီး ရှောင်ကြဉ် သင့်ပါတယ်။ မိမိရဲ့ စိတ်ခံစားမှု ဆိုတာ သူများအတွက် အဆင်သင့်စွာ အဆင်ပြေနိုင်မယ် မဟုတ်ပါ။ မဖြစ်မနေ တစ်ယောက်ယောက်ကို မိမိရဲ့ စိတ်ခံစားမှုကို မျှဝေ ခဲ့မယ် ဆိုရင်တော့ အောက်ပါ ဆောင်ပုဒ်လေး အတိုင်း မျှဝေသင့်ပါတယ်။
“ အပြုကို အောက်ချ ၊ အပျက်ကို အထက်တင် ”
*** ဖတ်ခဲ့မိသမျှ စာတွေနဲ့ အတွေးတချို့ကို ပေါင်းစပ် ရေးပါတယ်။ ***
လေးစားစွာဖြင့်
ကိုဇော်
12.3.2011
Share/Bookmark
24 ယောက် ရဲ့ ထင်မြင်ချက်:
Angelhlaing(May everybody be happy and healthy! said...
ဟုတ်တယ်နော်အကို ကိုယ်ကဖွင့်ပြောရလိုက်လို့ သက်သာပေမယ့် သူများကိုဝန်ဖြစ်စေမယ်ဆို ဘယ်တရားပါ့မလဲ။ကျေးဇူးပါအကိုရေ မှတ်သား လိုက်နာစရာလေး တစ်ခု သိခွင့်ရလို့ ။
ကောင်းသောနေ့လေးဖြစ်ပါစေ။
rose said...
စာလာဖတ်တယ် ကိုဇော်...။ ဒီရက် အတွင်း ကိုဇော် ပို့စ်တွေ တင်တာ စိပ်နေပါ့လား။ ကောင်းတယ်။ အင်း... ရေးထားတာက စဉ်းစားစရာတွေ ပေးတယ်။ စိတ်ညစ် စရာတွေ သူများကို ဝေမျှရင် နားထောင်ရ သူလည်း ၀မ်းနည်း ရမယ်။ ဒါပေမယ့် ဖွင့် တိုင်ပင် ရမယ့် မိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေ ကိုတော့ ရင်ဖွင့်လို့ ရမယ် ထင်တယ်။ ရေးထားတဲ့ အထဲက ယောက်ျားက ဖောက်ပြန် တာကို မိန်းမကို အမှန် အတိုင်း ၀န်ခံတာက မ၀န်ခံရင် သူ့မှာ ထိမ်ချန် ထားသလို၊ လိမ်သလို ဖြစ်မယ်။ အဲ့ဒါကြောင့် ဖွင့်ပြော လိုက်တာ ဖြစ်မယ်။ မိန်းမ ဖြစ်သူ ကလည်း သူမ ယောက်ျားကို ယုံကြည် ပေးပြီး နောက်ဆုံး အခွင့် အရေး တစ်ခုတော့ ပေးသင့်တယ်။
http://redroseofburma.blogspot.com/
ဝက်ဆလူး said...
ကဇော် များ စာဖတ်တယ်နော်
စိတ်ညစ်စရာတွေရှိရင်လဲ တယောက်တည်း စကားပြောပစ်လိုက်လေ များဆို အဲဂလိုပဲ လုပ်ရယ်
ပျော်ရွှင်ပါစေနော် အဆင်ပြေတဲ့တနေ့တော့ ပြန်လာခဲ့ပေါ့ဗျာာာ များတို့တွေ ရှိနေမယ် သိလား တာ့တာ ဘိုင် ဘိုင် ....
အသစ်ခွကျောက် said...
အဲ....အတော်ပဲ..
အိမ်ရှေ့က သစ်ပင်ကြီး မျက်စေ့ရှုတ်နေတာကြာပြီ..
ခုတ်ရမှာကလဲ ခက်နေတာ...နေ့တိုင်း သစ်ပင်ကို စိတ်ညစ်အောင် ငိုပြလိုက်မယ်..
တခါထဲ ကိစ္စပြတ်သွားအောင်..
ခရီးထွက်တိုင်းကတော့ တည်းခိုခန်းမှာ အားပေးနေကြဆိုတော့ ဒီကိစ္စက ထမင်းစားရေသောက်မို့ အိပ်မပျော်စရာအကြောင်းမရှိပါဘူး..
Anonymous said...
မှတ်သားသွားပါတယ် ကိုဇော် ..
ဝန်ချတောင်းပန်တယ်ဆိုတာကို အစက ကိုယ့်အပူ သူများကူးစေတာလို့ မတွေးမိဘူးပဲ ..း)
မိုးခါး
...အလင်းစက်များ said...
ဟဟဟ ကိုဇော်ရေ... ဘကျောက်လိုပဲ ပြောရမလိုဖြစ်နေပြီ။ ဒီမှာ ကြောင်လေး ၆ ကောင် အရမ်းကိုဝင်ဝင်ရှုပ်လို့  ထိန်းမရ သိမ်းမရ ဖြစ်နေတာလေ..။ ခုတော့ စိတ်ညစ်တိုင်း ကြောင်တစ်ကောင်စီ နှုတ်ခမ်းမွှေးဆွဲဆွဲပြီး ညီးပြလိုက်တာ အခု အခန်းထဲလာလာပြီး အရင်လို သိပ်မရှုပ်ရဲကြတော့ဘူး... အဟီး။ တိုက်ဆိုင်လှချည်လားပေါ့ဗျာ
ahphyulay said...
အင်း ...
မှန်လိုက်တာဗျာ..။
ကိုယ့် အပူကို သူများမကူးစေတာ အကောင်းဆုံး။
အမှန်က အပူက ကိုယ့်ကိုယ်မှာ စ ဖြစ်တာလေ၊
ဒါကြောင့်  ပူ ကနဲ ဖြစ်လိုက်ပြီဆို ချက်ခြင်း
“ သိ ” ပေးလိုက်ပြီး၊ အဲ့ ဒီ “ ပူ ” လာနေတာ
လေးကို အသာလေး စောင့်ကြည့် နေလိုက်ရင်
သူ့ ရဲ့  အရှိန်လေး သေသွားရောမလား..၊ အဲ့ လိုမှ
မဟုတ်ပဲ အပူနောက်ပြေးလိုက်နေရင် မြောက်မှီးမှာ
မီးစချဉ်ပြီး တမြို့ လုံးပတ်ပြေးတော့  ဘယ်နှယ်ဖြစ်
မလဲ..။ ပတ်ဝန်းကျင်ပါ “ ပြာ ” ဖြစ်ကရော..။
An Asian Tour Operator said...
တွေးစရာ လေးပေါ့ကွယ်။
Anonymous said...
ဒီအဖြစ်အပျက်က တကယ့်ကိုယ်တွေ့သ္မားတွေမှ ရေးနှိုင်တာပါ...လူတစ်ယောက်ဟာ သိတ်ပွင့်လင်းခဲ့ဘူးရင် ....ဒါမှမဟုတ် ကိုယ့်ဘက်က ငါရိုးသားစွာဝန်ခံလိုက်မယ်ဆိုတဲ့ အပေါ်မှာ ခံစားလိုက်ရတဲ့ ရလာဒ်တစ်ခုပါ။
Anonymous said...
သူနေရာနဲ့သူဖြစ်ဖို့တော့ လိုတာပေါ့ ကိုဇော်ရာ။ ဥပမာ ပိုက်ဆံအိတ်ပျောက်သွားလို့ စိုးရိမ်ရတဲ့အထဲ မင်းက စည်းကမ်းမှမရှိတာလို့ ပြောမယ့်လူရှိသလို သေချာရှာကြည့်ပါဦး ရှိမှာပါ စိတ်အေးအေးထားပါလို့ ပြောမယ့်သူလည်းရှိပါတယ်။ သူ့အချိန်နဲ့သူလည်း ရှိသေးတယ်။ ကိုယ့်ကိုအမြဲအကြံပေးတဲ့လူတောင် သူစိတ်ညစ်နေတဲ့အချိန်သွားပြောမိရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုမျိုး ဖြစ်တတ်ပါသေး တယ်။ စဉ်းစားဆင်ခြင်ဝေဖန်ရမှာပေါ့...ရွှင်လန်းချမ်းမြေ့ပါ စေ...
တောက်ပကြယ်စင်
မိုးယံ said...
အပြုကို အောက်ချပြီး အပျက်ကို အထက်တင်ဖို့ လုပ်လိုက်ဦးမယ်... ကိုယ်သာဆို ဘယ်တော့မှ ပြန်မပြောဘူး... ပြန်မပြောလဲ သူက သိမှာပဲ။
အလင်း said...
အင်း လူတွေက ပြောဘို့ပဲ ကြိုးစားကြတယ်၊ နားထောင်ဘို့ စေတနာမပါကြဘူးလေ။ ကြားဖူးတယ်၊ ပါးစပ်တစ်ပေါက်တည်းပါတာ။ နည်းနည်းပြောဘို့တဲ့။ နားက နှစ်ဘက်ပါတာကျတော့ များများ နားထောင်ဘို့တဲ့။ အေးချမ်းပါစေ။ http://saytanarpankhinn.blogspot.com/
blackcoffee said...
ကျွန်တော်ကတော့ တတ်နိုင်သလောက် ကိုယ့်အပူကို သူများကို မကူးစေပါဘူး။ ကိုယ့်ဘာသာ ကြိတ်ဖြေရှင်း လိုက်တယ်။ ဒါပေမယ့် သူများတွေ ရင်ဖွင့်လာရင်လဲ နားထောင်ပေးလိုက်ပါတယ်။ သူတို့ နဲနဲပေါ့သွားတယ်ထင်ရင် ကျွန်တော်လဲ စိတ်ချမ်းသာ ပါတယ်။ ဒါပေမယ့် အဲဒီ အတွက် တခါတခါ အပူဒဏ် ခံရတတ်ပေမဲ့ သူငယ်ချင်းအတွက်ပဲလေ ဘယ်တတ်နိုင်ပါ့မလဲ။ ဘဝကို ပျော်ပျော်ဘဲ ဖြတ်သန်းတယ် ကိုဇော်ရေ...
အလွမ်းမြို့လေး said...
အပြုကိုအောက်ချတာ သူကမဆင်းဘူးကိုဇော်ရေ။ အပျက်က အပေါ်မှာနေရာပေးရကောင်းလား ဆိုပြီး ပြသနာရှာလာလို့ ပြုရောအပျက်ရော အတူတူဘဲ ထားလိုက်တယ်။ ကောင်းတယ်.ကြိုက်တယ်။
ခနွဲ said...
ဟုတ်တယ်အစ်ကို။ ကျွန်တော်လည်း အဲလို ခံစားရတယ်။
ရွှေပြည်သူ said...
ဟုတ်တယ် အစ်ကိုရေ။ ကိုယ့်အပူက သူများကို ကူးစက်စေမယ်ဆိုရင်တော့ ပွားမပေးတာ အကောင်းဆုံးပါပဲ။ မပြောမဖြစ်လို့ ပြောရတော့မယ်ဆိုရင်တောင် တဖက်လူရဲ့ လက်ခံနိုင်စွမ်းကို အရင်လေ့လာပြီးမှ ပြောသင့်တယ် ထင်တာပါပဲ။
မေသိမ့်သိမ့်ကျော် said...
နောက်ကို သူများတွေကို စိတ်ညစ်စရာတွေ ပြောတော့ဘူးနော်။ ပို့စ်လေးက သုတ ရသ နှစ်မျိုးလုံးပေးနိုင်လို့ ကျွန်မ နှစ်သက်မိတယ်ရှင်။
နောက်တော့ သူများတွေကို ပွစိပွစိ မပြောတော့ပါဘူးလို့ စဉ်းစားနေတာ။ ဒါပေမယ့်..... အင်း
အခု အိုင်ဒီယာတစ်မျိုးရသွားပြီ နောက်ကို ပြောချင်ရင် စဥ့်အိုးခေါင်းစွပ်ပြီးပြောမယ်။ ဟဲဟဲ။ မတော် စဉ့်အိုးကွဲရင်ဒုက္ခနော်.... :D (စဥ့်အိုးကပြောတယ် ... တော်တော် Stop Stop.... မေသိမ့်သိမ့်ကျော် ကျုပ်နားညည်းလို့တဲ့....)
း)
ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့) said...
ဟုတ်တယ်ဗျို့။ စိတ်ညစ်စရာ အားငယ်စရာတွေ ရှိနေပေမဲ့ ဘယ်သူ့ကိုမှ မပြောရဲဘူး။ လူတိုင်းက ယုံကြည်ရတာ မဟုတ်သလိုလို ဖြစ်နေတယ်။ စိတ်အထင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောဘဲ ရင်ထဲမှာဘဲ သိမ်းဆည်းထားလိုက်တယ်။
အပြုကို အောက်ချ။ အပျက်ကို အပေါ်တင်...။
အင်း... စမ်းသပ်ကြည့်လိုက်ဦးမယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အလင်း said...
အလည်တစ်ခေါက် ထပ်ရောက်ပါတယ် ကိုယ်ဇော်၊ အားတဲ့အခါ စေတနာပန်းခင်းလေးကို လာလည်ဘို့ဖိတ်ခေါ်ချင်ပါတယ်။ အေးချမ်းပါစေ။
sosegado said...
မျှဝေခံစားမှုကလိုအပ်သည်လို့ ထင်ပါသည်၊ မျှဝေလို့ရခဲ့ရင်ပေါ့၊ စကားလုံးလေးတွေနဲ့တောင် ဆိုကြသေးတယ်၊ ရင်နှင့်အမျှခံစားရပါသည်၊ ထပ်တူထပ်မျှခံစားရပါသည်၊ အေးအတူပူအမျှ၊ မျှဝေခံစားခွင့်ပေးပါ………… စသဖြင့်ပေါ့လေ၊
အပူကသီအိုရီအရပျံ့နှံ့တတ်တယ်မဟုတ်လား၊ မမျှဝေလည်းကူးစက်မှာပဲ၊
ကိုယ်အပူ ဘယ်သူမှ နားမလည်းရင်တော့ သွားပြီပေါ့၊
ယဉ်မွန် said...
မှန်လိုက်တာ အစ်ကိုရာ။ ညီမလည်း စိတ်ညစ်ရင် သူများကို ပြောခဲတယ်။ ကြိတ်ခံစားလေ့ရှိတယ်။ ဒါပေမယ့် ကိုယ့်ကို တကယ် အကြံပေးနိုင်မယ့်သူကိုတော့ ရင်ဖွင့်ပြောပြလေ့ရှိပါတယ်။ အားပေးသွားတယ်နော်။
noblemoe said...
" အပြုကိုအောက်ချ အပျက်ကိုအထက်တင် "
မှတ်သားသွားပါ၏။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
kiki said...
တတိယ ပုံြ​ပင်ဖ​တ်ြ​ပီး အေ​တြး ကေ​တာ့ “ေ​ရႊ လင္ပ​န​္း​ၾ​ကီး ရြက္ထား​တဲ့ ဥ​စ​ၥာ​ေ​စာ​င့် က များ​တို့  ဘ​ဘဂျီးများ​ထံ သွားြ​ပီး လွှဲ​အပ်သ​င့်​တ​ယ် ”
ေ​နာက်ဆုံး​တချ​က်....ဒီ​လို လုပ်ရ​င်ေ​ကာ​င်း​မ​ယ် ..
" အျ​ပဳ​ကို​ေ​အာက္ခ် အပ်က္ကို အထက္တ​င​္"
အေ​ျ​ပာင္ကို ..ကို​ေ​ဇာ​့္​ဆီ​ပ​စ​္ေ​ပး ေ​ဟး​ေ​ဟး..
ma ma said...
ကိုယ့်အပူသူများမပေးတာအကောင်းဆုံးပေါ့နော်
ပျော်ရွှင်စရာတွေပဲမျှဝေပေးနိုင်ကြပါစေ။
ဖတ်ရတာအရသာရှိ၏
လူတိုင်းသိသင့်သောအသိတရားများရေးထားတာ
လေးစားပါတယ်။
Related Posts Plugin for WordPress, Blogger...
ဧည့်သည်များ
သွားသွားလာလာ
hidden hit counter
free counters
6.8.2010 မှ စ ကလိသည်။
.