မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 March 2011

30 ချစ်သူ ချော့နည်း ( Tag )



        မုတ်သုံမိုးတို့ အားပျော့ခဲ့ချေပြီ။ မြောက်ပြန်လေက ပတ်ဝန်းကျင် တစ်ခုလုံးကို ခပ်စိပ်စိပ်ဖြင့် ဖြန်းပက်လျက် ရှိ၏။ သူနဲ့ အတူ ပါလာသော အအေးဓါတ်တို့က လှည်းနေ လှေအောင်း မြင်းဇောင်းပါ မကျန်အောင် တိုးဝင်ကာ စိမ့်လျက်ရှိသည်။ မြင်သမျှ ၊ တွေ့သမျှ ၊ ထိသမျှ အရာ အားလုံးက ခြောက်သွေ့ကာ အေးစက်စက် ဖြစ်လျက် ရှိ၏။

       ထိုအချိန်တွင် အပန်းဖြေ ဥယျာဉ် တစ်ခုရဲ့ အလယ်မှ ရေကန် ၊ ထိုရေကန်၏ နှုတ်ခမ်းသား ဘောင်ပေါ်မှာ ချထားသော ခုံတန်းလျားလေး ပေါ်မှာ နီရဲနေသော မျက်ဝန်း တစ်စုံ နှင့် ကောင်မလေး တစ်ယောက် ၊ သူ့ရဲ့ ဘေးနားမှာ ထိုင်နေပြီး ကောင်မလေးဆီမှ စိတ်ဆိုးကာ ဒေါသများဖြင့် ဆောင့်အောင့် ထွက်လာသော စကားလုံးများကို တစ်ခွန်းမကျန် လေအေးအေးဖြင့် ဖြေရှင်းပေးနေသော ကောင်လေး တစ်ယောက်ကို ခပ်ဝေးဝေးမှ လှမ်းမြင်နေရသည်။

          ခပ်ဝေးဝေးမှ လှမ်းမြင်နေရသောကြောင့် သူတို့ ပြောသော စကားတွေကို ခပ်ဝါးဝါးတောင်မှ မကြားရပါ။ တိတိကျကျ ဆိုရရင် ဘာဆို ဘာမှ မကြားမိပါ။ သို့သော် သူတို့ ပြောနေသော စကားများကို ကြားသိခွင့် ရှိပါက မည်ကဲ့သို့ စကားများ ဖြစ်မလဲ ဆိုတာ အေးမြလှသော ဆောင်းရဲ့ လေအေးနဲ့ အတူ နွေးနေသော နှလုံးသားနဲ့ မျှဝေကာ ခံစားကြည့်လိုက်မိ၏။



ချော့နည်း ( ၁ )

         တကယ်တော့ နှစ်ယောက်သား စကား အချေအတင် ဖြစ်ကာ စကားများနေကြခြင်း မဟုတ်။ တကယ် ဖြစ်နေတာက ကောင်မလေးက ကောင်လေးကို အထင်လွဲကာ စိတ်ဆိုးပြီး စိတ်ကောက်နေခြင်းပင် ဖြစ်လေသည်။ ပြီးတော့ ထိုစကားများကလည်း ကောင်လေးကို စကားနာထိုးထားသော စကားများပင် ဖြစ်လေသည်။ နားထောင်ကြည့်ပါ။

          “ သူများတွေများ ချစ်တတ်လိုက်ကြတာ မျက်စိအောက်ကကို အပျောက်မခံနိုင်ကြဘူး။ မျက်တောင်လေး တစ်ခတ်မှာတင် ချစ်သူကို မတွေ့လိုက်ရမှာ စိုးလို့ မျက်တောင် တောင်မှ မခတ်ချင်ဘူးတဲ့။ ကိုနဲ့တော့ ကွာပါ့။ ကိုယ့်ချစ်သူ ဘယ်ဆီကို ရောက်နေတယ် ၊ ဘာတွေ လုပ်နေတယ် ၊ ဘာတွေ ဖြစ်နေတယ် ဆိုတာ သတိတောင်မှ ရရဲ့လား။ ”

           “ ရပါတယ်ကွာ ၊ နွယ်က ကိုယ့်ချစ်သူပဲ ဟာကို သတိမရဘဲ နေမလား။ ”

         “ အဲဒီလိုပဲ ပါးစပ်က လွယ်လွယ်ပြောတာပဲ မဟုတ်လား ၊ နောက်ကွယ်ကျတော့ ရောက်ချင်ရာ ရောက် ၊ ဖြစ်ချင်တာ ဖြစ် ဆိုပြီး ဂရုမစိုက်ဘူး မဟုတ်လား။ ”

           “ မဟုတ်တာ နွယ်ရယ်။ ကိုယ် ဘယ်လောက် ဂရုစိုက်လဲ ဆိုတာသာ သိရင် နွယ် လန့်တောင်မှ သွားဦးမယ်။ ”

          “ အလိုလေးလေး ၊ ဖြစ်မှ ဖြစ်ရလေ ၊ နွယ်က လန့်တောင်မှ လန့်ရဦးမယ် ဟုတ်လား။ ”

           “ ဟုတ်တယ် ၊ နောက်ပြီးတော့ အဲဒီကျမှ အအေးတောင်မှ ပတ်တယ် ဆိုပြီး ပြောနေရဦးမယ်။ ”

          “ ဘယ်လို . . . . ”

           “ ဟုတ်တယ်လေ။ ကိုက နွယ့်ကို ချစ်တယ် ဆိုတာ သူများတွေလို မျက်စိအောက်က အပျောက်  မခံနိုင်ယုံတင် ချစ်တာ မဟုတ်ဘူးလေ။ ”

          “ - - - - - - ”

          “ ကိုယ့်ချစ်သူကို ကိုက အမြဲတမ်း တသသ နဲ့ ချစ်နေတာ . . . ”

          “ ဒါနဲ့ အအေးပတ်တာနဲ့ ဘာဆိုင်လို့လဲ။ ”

           “ ဆိုင်တာပေါ့ နွယ်ရာ ၊ ကိုယ်က နွယ့်ကို “ ဖူးဖူးမှုတ် ချစ်တာလေ  ” ၊ ဖူးဖူးမှုတ်ထားမှတော့ အအေးတောင်မှ ပတ်ပြီပေါ့ကွာ ”

          “ ခိ . . . မဟုတ်တာ ပြောမယ် ဆိုရင် ပထမဦးဆုံး . . ”

           ချစ်သူရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ပြုံးယောင်ယောင်လေး ဖြစ်လာခဲ့၏။ ဒါပေမဲ့ မပြီးသေးပါ။



ချော့နည်း ( ၂ )

          “ ဒါက တွေ့မှ ပြောတာ မဟုတ်လား။ သူများတွေကတော့ ဘယ်ကို သွားသွား ဂရုစိုက်ရ ၊ သဝန်တိုရနဲ့ ၊ ချစ်ပြနေလိုက်ကြတာ ။ ကိုနဲ့များ တကယ်ကို ကွာတယ်။ ကိုက သဝန်ကို မတိုဘူး မဟုတ်လား။ ”

           “ အင်း . . .ဒါကတော့ ဟုတ်တယ် နွယ်။ ကို ဝန်ခံပါတယ်။ ”

          “ ဟင် . . ဒါဆို နွယ့်ကို ဖြစ်ချင်တာ ဖြစ် ဆိုပြီး သဝန်မတိုဘူးပေါ့လေ။ သဝန်မတိုဘူး ဆိုတာ မချစ်လို့ဘဲ လို့ ဖတ်ဖူးတယ်။ ”

          “ ဒီလိုတော့ မဟုတ်ဘူး နွယ်။ ကို ပြောချင်တာက တစ်မျိုး . . . ”

          “ - - - -  - - - ”

           “ နွယ် ပြောသလို မချစ်ရင် သဝန်မတိုဘူး ဆိုပြီး ကိုက နွယ့်ကို သဝန်မတိုဘူး လို့ နွယ် ထင်နေရင် နွယ် မှားမယ်။ ကိုကလည်း နွယ့်ကို သဝန်တိုတာပဲပေါ့။ ဘာလို့လဲ ဆိုတော့ ကိုကလည်း နွယ့်ကို ချစ်တာပဲကိုး။ ဒါပေမဲ့ ချစ်လို့ သဝန်တိုတယ်ဟေ့ ဆိုပြီး နွယ်နဲ့ ကိုနဲ့ သဝန်တိုတာခြင်း ပြိုင်နေကြရင် ကိုတို့ တွေ့တိုင်း ဘယ်လိုလုပ်ပြီး ပျော်စရာ ကောင်းတော့မလဲ။ ပျော်စရာ မကောင်းယုံတင် မကဘူး ၊ သဝန်တို ပြိုင်ပွဲကြီး ဖြစ်ပြီး စိတ်ညစ်စရာ ကောင်းနေတော့မှာပေါ့။

          ဒါကြောင့် ကိုက နွယ့် အမြင်မှာ နွယ့်လောက် မချစ်ဘူး ၊ ဒါကြောင့် သဝန်မတိုဘူး လို့ နွယ် ထင်ချင် ထင်သွားပါစေ ဆိုပြီး ကိုက နေနေတာ။ ဒါမှ နွယ်က ငါက ပိုချစ်တယ် ၊ ဒါကြောင့် ပိုပြီးတော့ သဝန်တိုတယ် ဆိုပြီး ကို့ထက် သာနေမှာလေ။ တကယ်တော့ ကိုက နွယ့်ကို မချစ်လို့ သဝန်တိုတာ မဟုတ်ဘူး။ ချစ်လွန်းလို့ သဝန်မတိုတော့ယောင် ဆောင်နေတာပါ။ နွယ် သဝန်တိုတာနဲ့တင် ကိုက နွယ့်အချစ်ကို ခံယူဖို့ အသင့် ဖြစ်နေပြီလေ။ ”

          “ ဟွန်း . . ကိုပိုကြီး . . ဟုတ်လည်း မဟုတ်ဘဲနဲ့ ”

           မျက်ဝန်းထဲမှ မျက်ရည်တွေက ခန်းခြောက်ပြီး ဆက်မကျလာတော့ပါ။ ပြီးတော့ နှုတ်ခမ်းကို ကိုက်ထားပေမဲ့လည်း ချစ်သူရဲ့ မျက်ဝန်းလေးတွေက ပြုံးလာနေပါပြီ။ ဒါပေမဲ့ . . . မပြီးသေးပါဘူး။ အများ သိကြတဲ့ အတိုင်းပါပဲ. . . ။



ချော့နည်း ( ၃ )

           “ အပြောကတော့ ကောင်း ၊ သူများတွေများ ချစ်သူ မျက်ရည်ကျတာကို လုံးဝ မခံနိုင်ဘူးတဲ့။ ”

           “ အင်း . . .  ဘာဖြစ်နေလို့လဲ ကိုက . . . ”

           “ ဟုတ်တယ်လေ . . ကိုက အခု နွယ် မျက်ရည်ကျနေတာတောင်မှ ဘာမှ မဖြစ်သလိုပဲ ခပ်တည်တည်ပဲ ဖြစ်နေတာ မဟုတ်လား။ ”

           “ ဒါဆိုရင်တော့ နွယ် မှားသွားပြီ။ ကိုက နွယ် မျက်ရည်ကျနေတာကို တမင် ကျပါစေ ဆိုပြီး ကြည့်နေတာ . . ”

            “ ဘယ်လို . . . ကိုက နွယ် ငိုနေတာကို ဝမ်းသာနေတယ်ပေါ့လေ။ ဟုတ်လား ၊ ကိုနော်. . . ”

           “ မဟုတ်တာ နွယ်ရယ်။ နွယ် ငိုနေတာကို ကိုက ဝမ်းသာနေတယ် လို့ ကို ပြောမိလို့လား။ ကို ပြောတာက နွယ် မျက်ရည်ကျတာကို ကိုက တမင်ကျပါစေလို့ ပြောတာ။ နွယ့်ကို မျက်ရည်ပဲ ကျစေချင်တာ . . . ”

           “ ဟင်. . . အတူတူပဲလေ။ ဒါဆို ကိုက နွယ် မျက်ရည် ကျစေချင်နေတယ်ပေါ့ ၊ ဟုတ်လား။ ”

           “ ဟုတ်တယ် နွယ် ၊ ကို တကယ်ကို နွယ့်ကို မျက်ရည် ကျစေချင်နေတာ . . ”

           “ သြော်. . . ကိုဇော် ၊ နွယ်က မျက်ရည်ကျပြီး စိတ်ဆင်းရဲနေမှ ရှင်က ပျော်နေတယ်ပေါ့လေ။ ”

           “ အမ် . . . ကို ဒီလို မပြောပါဘူး။ နွယ်ဖာသာ လျှောက်တွေးပြီး ပြောနေတာ။ ကို ပြောချင်တာက သုတေသန ပညာရှင်တွေရဲ့ အဆို အရ။ မျက်ရည် ခန်းခြောက်နေတဲ့ လူတွေထက် မျက်ရည်လွယ်တဲ့ လူတွေက မျက်လုံးရဲ့ အကြည်ဓါတ် ပိုပြီးတော့ တောက်ပပြီး လှပကြတယ် လို့ ဆိုတယ်။ နွယ်သာ မျက်ရည်မကျဘဲ မျက်ရည် အကျနည်းပြီး မျက်ရည်တွေ ရှားနေမယ် ဆိုရင်  ကိုချစ်တဲ့ နွယ့်မျက်ဝန်းလေးတွေမှာ အကြည်ဓါတ် မရှိဘဲ မွဲခြောက်နေမှာ စိုးလို့ ကိုက နွယ့်ကို မျက်ဝန်းမှာ အကြည်ဓါတ်တွေ ရှိနေအောင် မျက်ရည်ကျတာကို သဘောကျနေတာပါ။ ”

           “  - - - - - - -  ”

           အနီးနားမှာ မှန် မရှိပါ။ ဒါကြောင့် ကောင်မလေးက သူ့ရဲ့ လက်ကိုင်အိတ်ထဲကနေ မိတ်ကပ်ဘူးလေးကို ထုတ်ပြီး အထဲက မှန်လေးနဲ့ သူမ မျက်ဝန်းတွေကို သူမ ပြန်ကြည့်နေ၏။ ပြီးတော့ ခေါင်းကိုလည်း ဟိုဘက် ဒီဘက် စောင်းကာ သူမ မျက်ဝန်းကို အခုမှ မြင်ဖူးသလိုနဲ့ ရှု့ထောင့်မျိုးစုံက ကြည့်၏။

           “ အင်း . . . ဟုတ်တော့လည်း ဟုတ်သားပဲနော်။ ဒါကြောင့် နွယ့် မျက်ဝန်းလေးတွေက အရည်စိုပြီး တောက်နေတာ နေမယ်နော်။ ”

           ကဲ. . . . ကြည့်ဦး။ ပြောပြန်ရင်လည်း ကိုဇော့် အလွန် ဖြစ်ဦးမယ် ဟင်းးးးးး

           “ ဟုတ်တယ် . . . ဒါကြောင့်လည်း ကိုက နွယ် ဂရုမစိုက်မိတဲ့ မျက်ဝန်းလေးတွေကိုတောင်မှ ဂရုစိုက် နေတာပေါ့ကွာ ”

            မျက်ဝန်းလေးတွေမှာ အပြုံးလေးတွေပါ မကတော့ပါ ၊ နှုတ်ခမ်းလေးတွေမှာပါ အပြုံးလေးတွေ ထင်ဟပ် လာသည်။ သို့သော် မပြီးသေးပါ။ သူတို့က မိန်းကလေးတွေ မဟုတ်လား။ နည်းနည်းတော့ အရစ် ထပ်ပြီး ရှည်ပါလိမ့်ဦးမည်။



ချော့နည်း ( ၄ ) 

            “ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကို နွယ့်ကို ဂရုမစိုက်ဘူး။ ”

           “ ဟင်  . . ဒီလောက် ဂရုစိုက်နေတာတောင်မှ ဖြစ်ရပြန်ပြီ။ ”

           “ ဟုတ်တယ်လေ။ နွယ့်မှာတော့ ကို ဂရုမစိုက်ဘူး ဆိုပြီးတော့ နွယ့်မှာ ငိုလိုက်ရတာ ၊ ရှိုက်လိုက်ရတာ ဘယ်လောက် မောတယ် မှတ်လဲ။ ဒါကို ကိုက အရင်ကတည်းက ဒီဟာက ဒီလိုပါ ၊ ဟိုဟာက ဟိုလိုပါ လို့ သေချာ ရှင်းပြထားပါလား။ ဒါဆိုရင် နွယ် မငိုရတော့ဘူး ၊ ဝမ်းနည်းလို့ မရှိုက်ရတော့ဘူးပေါ့။ အခုတော့ နွယ် ဘယ်လောက် မောတယ် မှတ်လဲ။ အဲဒါ ကို ဂရုမစိုက်လို့ပေါ့။ ”

           “ ကိုက ဂရုမစိုက်တာ မဟုတ်ပါဘူးကွာ။ ကိုက တမင် နွယ့်ကို အဲဒီလို ရှိုက်အောင် ၊ မောအောင် လုပ်တာပါ။ ”

           “ ဟင် . . . ဒါဆို ကိုက နွယ့်ကို ပင်ပန်းစေချင်လို့ပေါ့ ဟုတ်လား။ ”

           “ ဒီလိုတော့လည်း မဟုတ်ပါဘူးကွာ။ ကို ဖတ်ဖူးတဲ့ ဆေးပညာ စာအုပ် တစ်အုပ်မှာ အငိုသန်တဲ့ ကလေးတွေက အဆုတ်အား ကောင်းတယ် ၊ ငိုရင်းနဲ့ ပိုပြီး ရှိုက်လေလေ သူတို့ရဲ့ အဆုတ်တွေက ပိုပြီး သန့်စင်လေလေ လို့ ဖတ်ရဖူးတယ်။ ဒါကြောင့် နွယ် ငိုတယ် ဆိုရင် အဆုတ်အား ကောင်းမယ် ၊ ငိုရင်းနဲ့ ရှိုက်ရတယ် ဆိုရင် အဆုတ် သန့်မယ် ဆိုပြီးတော့ ကိုက နွယ့်ကို ပိုပြီးတော့ ကျန်းမာစေချင် လို့ နွယ် ငိုတာ ၊ ရှိုက်တာတွေကို မတားဆီးတာပါ နွယ်ရဲ့။ ”

            “ အမလေး . . ဆင်ခြင်တွေကလည်း များလိုက်တာနော်။ ဘာကို ဘယ်လို ပြောရမှန်းတောင်မှ မသိတော့ဘူး။ ဒီကပြောရင် ဟိုဘက်က လှည့်ထွက်နဲ့ တော်တော် ဥာဏ်များတယ်နော်။ ”

           “ ဥာဏ်များတာ မဟုတ်ပါဘူး နွယ်ရာ ၊ တကယ် အမှန် အတိုင်း ပြောတာပါ။ ”

           “ ထားပါတော့  . . . ၊ ကို ပြောတဲ့ အတိုင်းရော ငိုတဲ့ ကလေးက အဆုတ်အား ကောင်းတယ် ဆိုတာ တကယ်လား။ ”

           “ တကယ်ပေါ့။ ဒါကြောင့်လည်း ကလေး မွေးမွေးချင်းမှာ အပြင်လောကရဲ့ လေကို အဆုတ်ထဲ ရှိုက်သွင်းနိုင်အောင် ဆရာမတွေက ကလေးကို အပြင်ရောက်တာနဲ့ ကျောပြင်ကို ဗြောတင်ပြီး ရိုက်ကြတာပေါ့ကွာ။ ဒီတော့ ကလေးက လန့်ပြီး ငိုတော့တာပဲ။ ဒီလို ငိုတော့မှ ကလေးရဲ့ အဆုတ်က အသက်ရှူဖို့ အားထုတ်ရင်း သူတို့ အဆုတ်တွေ အားကောင်း လာတာပေါ့ကွာ။ ဒါကြောင့် မီးဖွား ဆရာမတွေက ကလေးတွေကို အပြင်ရောက်တာနဲ့ ရိုက်ကြတယ် လို့ ဖတ်ဖူးတာပဲ။ ”

           “ ဒါဆို ကိုက နွယ့်ကို အဆုတ် အားကောင်းစေချင် လို့ ငိုတာ ၊ ရှိုက်တာကို မချော့တာပေါ့လေ။ ”

           “ ဒီလို ဆိုချင်လည်း ဆိုလို့ရတာပါပဲ။ ”

           “ အင်း . . . ”

            အင်း ဆိုပြီး ကောင်မလေးက ခဏ ငြိမ်ပြီး အကြံထုတ်နေပါ၏။ မိန်းကလေး ပီပီ ဒီလောက်နဲ့ ဘယ်ကျေနပ်ဦးမလဲလေ။ ဟုတ်တယ် မဟုတ်လား။ ခဏကြာတော့မှ . . .



ချော့နည်း ( ၅ ) 

           “ ဒါဆို ကို့ကို နွယ် တစ်ခု မေးမယ်။ ”

          “ အင်း . . . မေး . . . ”

          “ တကယ်လို့ ကိုရာ . . ၊ ဒီအချိန်က ညဘက်ကြီး ဖြစ်နေမယ်။ ပြီးတော့ မိုးကောင်းကင်မှာလည်း ကြယ်တွေ စုံနေမယ် ဆိုပါစို့ . . . ”

            “ အမ် . . . အခုက ညဘက်ကြီးမှ မဟုတ်တာ . . ”

           “ အင်းလေ. . . ဒါပေမဲ့ ညဘက်ကြီးလို့ပဲ သဘောထားလေ။ အခုလို ကြယ်တွေ စုံနေတဲ့ ညဘက်မှာ ကို နဲ့ နွယ်နဲ့က အခုလိုပဲ ခုံလေး တစ်ခုတည်းမှာ အခုလိုပဲ ထိုင်နေတယ်ပေါ့လေ. . . . ”

           “ အင်း . . . . ”

           “ ဒီအချိန်မှာ မိုးကောင်းကင်မှာ ကြယ်တွေကလည်း စုံနေပြီးတော့ ကြယ်တွေကို ကြည့်ပြီး နွယ်နဲ့ကို စကားတွေ ပြောနေကြတယ်။ ”

           “ အင်း . . . ”

           “ ဒီအချိန်မှာ ကြယ်လေး တစ်လုံးက ကြွေကျသွားတယ် ဆိုပါစို့။ ကြယ်ကြွေရင် လူတွေက ဆုတောင်းရတယ် ၊ ဒါဆို ဆုတောင်းပြည့်တယ် လို့ ဆိုကြတယ်လေ။ ”

            “အင်း . . . . ”

            “ ဒီလို ကြယ်ကြွေသွားတဲ့ အချိန်မှာ ကို ဘာဆုတောင်းမလဲ ၊  ဒါကို ပြောပြ . . . ”

           “ - - - - - - ”

           “ ပြောပြလေ. . . ၊ ကြယ်ကြွေ သွားရင် ကိုက ဘာဆုတောင်းမလဲ ”

           “ ကိုလား . . . ”

            “ အင်း . . . ၊ ဘာဆုတောင်းမလဲ ပြောပြလေ။ ”

           “ ကိုကတော့ ဘာဆုမှ မတောင်းဘူး။ ”

            “ ဟင် . . . ဘာဖြစ်လို့လဲ ၊ ကိုက ဆုတောင်းပြည့်မှာ စိုးလို့လား။ ”

            “ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ နွယ်ရဲ့။ ဘယ်သူမဆိုကတော့ ကိုယ်တောင်းတဲ့ ဆုကို ပြည့်ချင်တာပေါ့။ ဒါပေမဲ့ကွာ . . . လူတွေ ပြောပြောနေတဲ့ အတိုင်းပဲ ၊ သီချင်းတောင်မှ ရှိသေးတယ်လေ။ ပုလဲလုံးလေးတွေ ဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်တွေ ဆိုတော့။ ကျယ်ပြောလှတဲ့ မိုးကောင်းကင်ကြီးမှာ ကြယ်တွေဆိုတာလည်း ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေပဲ မဟုတ်လား။

             ဒီလို ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေ ကြွေကျတာကို ကိုယ်က ကြည့်ပြီးတော့ ဆုတောင်းမှ ဆုတောင်းပြည့်မယ် ဆိုတာမျိုးတော့ ကိုက မလိုချင်ဘူးကွာ။ ပြောရရင် “ သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်မယ် ” ဆိုရင်တော့ ကို ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေချင်တော့ဘူး။ မပြည့်ရင်လည်း နေပါစေတော့။ ”

            “ ဟင် . . . . . ”

           “ ဒီလိုပဲ . . . ကိုယ့်ချစ်သူကိုလည်း ကောင်းကင်ရဲ့ မျက်ရည် ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ သူများ မျက်ရည်နဲ့ ဆုတောင်းမှ ကိုယ့်ဆုတောင်း ပြည့်တယ် ဆိုတာမျိုးလည်း အဖြစ်မခံနိုင်ဘူးကွာ။ ဒါကြောင့် ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ကို ဆုမတောင်းဘူး ၊ ကိုယ့်ချစ်သူ နွယ်ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ ”

            “ အင်း. . . ဒီလို ဆိုတော့လည်း ဟုတ်တာပဲနော်။ ဒါဆို ကို့ကိုလည်း ဆုမတောင်း ခိုင်းတော့ပါဘူး။ နွယ်လည်း နောက်ဆို ကြယ်ကြွေတာ မြင်ရင်လည်း ဆု မတောင်းတော့ဘူး။ ”

           “ ဒါပေါ့ . . နွယ်ရယ်. . . ”

           “ ကိုပြောသလို ဆိုရင် ကြယ်ကြွေတယ် ဆိုတာ ကောင်းကင်ကြီး မျက်ရည်ကျတာပေါ့နော်။ အင်းလေ . . . သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်ရမယ် ဆိုရင်တော့ ဘယ်ကောင်းတော့မလဲ။ နွယ်လည်း ကြယ်ကြွေတာကို ကြည့်ပြီး အရင်က တော်တော် ပျော်ခဲ့တာ ၊ အခုလို ဆိုရင် ကောင်းကင်ကြီးကိုတောင်မှ သနားဖို့ ကောင်းသွားပြီနော်။ နွယ် ဆုမတောင်းတော့ပါဘူး ကိုရယ်။ ”

            “ ဆုလည်း တောင်းနေစရာ မလိုပါဘူး နွယ်ရယ်။ နွယ့်ဘေးနားမှာ ကိုက ထာဝရ အမြဲတမ်း ရှိနေမှာပါ။ အဲဒါက တောင်းစရာ မလိုသော ဆုပါပဲ။ ”

           “ တကယ်ပြောတာလား ကို ”

           “ တကယ်ပြောတာပေါ့ နွယ်ရဲ့ ”

        “ ဒါဆိုရင်တော့ ကောင်းကင်ကြီးကို ကြည့်ပြီး ကြယ်ကြွေတာကို ထိုင်စောင့် နေစရာ မလိုတော့ဘူးပေါ့။ နွယ် လိုချင်တဲ့ ဆုက အလိုလို ပြည့်တာပေါ့နော်။ ”

           “ ဒါပေါ့ နွယ်ရယ်။ ”

           ကောင်လေးက ကောင်မလေးရဲ့ လက်ကလေးကို လှမ်းကိုင်လိုက်လေ၏။ ထိုအခါမှာ ခုနက ငိုကာ ၊ ယိုကာ စိတ်ကောက်နေသော ကောင်မလေးက ကောင်လေးရဲ့ ချော့ခြင်းမှာ ပျော့ပြောင်းသွားကာ အားမရှိတော့သော လူတစ်ယောက် မဟုတ်ပေမဲ့ ကောင်လေးရဲ့ ပုခုံးပေါ်သို့ ခေါင်းလေး လှမ်း၍ မှီလိုက်လေတော့သည်။

           အချစ် ဆိုတာ လောကမှာ ဒီလိုပဲ နုညံ့ပျော့ပြောင်းပါသည်။ အချစ် ဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရပေမဲ့ တစ်ခါတလေတော့ သင့်တော်သလို ချော့မော့ပြောဆိုဖို့လည်း လိုအပ်ပါသေးသည်။



       မြောက်ပြန်လေတို့က အရပ်ရှစ်မျက်နှာကို သိပ်သိပ်သည်းသည်း တိုးဝှေ့လျက် ရှိ၏။ ချမ်းအေးလှလွန်း၍ ထင်သည် ၊ ကောင်မလေးရဲ့ ဦးခေါင်းက ကောင်မလေးရဲ့ ပုခုံးပေါ်သို့ ပျော့ပြောင်းစွာ မှီတင်နေ၏။ ကြားလေသွေးရင် ဝေးမတတ် ဆိုသော စကားကို ပုံပမာ ပြုနေဟန်ဖြင့် ဆောင်းရဲ့ အအေးဓါတ်ကြောင့် သူတို့ရဲ့ နှစ်ကိုယ်ကြားမှာ မျိုထားမတတ် ထိကပ်နေကြ၏။

            ချစ်ခြင်းမေတ္တာမှာ နယ်ကြားမျဉ်း မရှိဘူး မဟုတ်ပေဘူးလား။




           အထက်ပါ အကြောင်းအရာများသည် “ ချစ်သူ ချော့နည်း ”  ဆိုသော စာအုပ်မှ ဖြစ်ပါသည်။ ထိုစာအုပ်တွင် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ ) နည်း ပါဝင်သည်ဟု သိရှိရပါသည်။

           သို့သော် ထိုစာအုပ်ကို ကျွန်တော် မဖတ်ဖူးပါ။ ထို့ပြင် ကိုင်ကြည့်မိဖို့ နေနေသာသာ မြင်၍မျှပင် မမြင်ဖူးပါ။ ဒါပေမဲ့ ဒီစာအုပ်ထဲက အကြောင်းအရာကို  ခင်မင်သူ တချို့က ပြောပြ၍ အထက်ပါ အတိုင်း ကျွန်တော် အနည်းငယ် ရေးပြခြင်း ဖြစ်ပါသည်။ ထိုအပြင် “ ချစ်သူ ချော့နည်းကျမ်း ” စာအုပ်ကို ထုတ်ဝေသောအခါ အုပ်ရေ ( ၅၀ ) သာ ထုတ်ဝေခဲ့သည် ဟု သိရပါသည်။ ယခုအခါ ထိုစာအုပ်ကို လူငါးယောက်ဆီတွင် လက်ဝယ်ပိုင်ပိုင် ရှိနေသည် ဟု သတင်း သိုးသိုးသန့်သန့် ရရှိထားပါ၏။

            ထိုလူငါးယောက်မှာ -

၁ ) မိုးယံ
၂ ) မောင်မျိုး
၃ ) အုပ်ကြီး
၎ ) မောင်ချစ်
၅ ) ငွေလမင်း တို့ ငါးယောက်ဆီမှာ လက်ဝယ်ပိုင်ပိုင် ရရှိထားသည် ဟု ကြားသိရပါသည်။

           ဒါကြောင့် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ )  နည်းကို သိချင်သူများ ရှိပါက ထိုလူ ငါးယောက်ဆီမှာ သွားရောက် မေးမြန်းသင့်ပါကြောင်း ချောက်တွန်း . . . အဲ . . တိုက်တွန်း ချင်ပါသည်။

           အထက်ပါ ပုဂ္ဂိုလ်ငါးယောက်ကလည်း မိမိတို့ ရရှိထားသော “ ချစ်သူ ချော့နည်းကျမ်း ” ကို ဒီအတိုင်း တစ်ယောက်တည်း ကိုင်ထားကာ မသုံးစွဲဘဲ ၊ ထိုစာအုပ်ထဲမှ ချစ်သူ ချော့နည်းများကို အခြားသော လူများကိုလည်း သုံးစွဲနိုင်ရန် မျှဝေပေးပါဦး ဟု “ မော်ဒန် ဆန်ဆန် Tag ” လိုက်ပါသည်။

*** ချစ်သူမှ မရှိတာ ၊ မရေးတတ်လို့ပါ ၊ ဘာဖြစ်တာ ၊ ညာဖြစ်တာ ဟု ဆင်ခြေတွေ ပေးကာ မရေးခဲ့ရင် ဒီတစ်သက်လုံး သာမက ၊ နောက်ဘဝတွေမှာပါ ချစ်သူ မရှိပါစေနဲ့ဗျာ . . .  ကဲ မှတ်ထား. . ။ ( ကိုဇော် . . .  မင်း ပိုင်သကွာ။ ) ***

ပျော်ရွှင်နိုင်ကြပါစေ :D :D

လေးစားစွာဖြင့်
ကိုဇော်
18.3.2011

Share/Bookmark

30 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဆလူး said...

ဟားးးးးးးးးးးဟားးးးးးးးးးးးးးး

ဝက်ဆလူး said...

ဘိုးဇော် မင်းပိုင်သကွာ (လိပ်ခေါင်း) ဝါးဟားဟားးးးးးးးးးးးးးးးးးးး
ဟိဟိ

ပို့စ်ဖတ်ပြီး ပြုံးတယ် မသိမသာလေး
ဝက်ပြုံးဆိုတာ သိတယ်မား
နောက်ဆုံးမှာ ရေးထားတာတွေ ဖတ်ပြီးတော့ ဝါးလုံးကွဲအောင် ရယ် သည် သိတယ်မလားးးး ဝက်ဘယ်လိုရယ်လဲဆိုတာ ဟားဟားးးးးးးးးးးးးးးးး

Sunny said...

ချစ်သူချော့နည်းတွေ လာဖတ်သွားတယ်.. လိုတဲ့အခါ အသုံးချခိုင်းလို့ ရအောင်လို့ .. :)

Anonymous said...

အဆုံးသတ်မှာရေးထားတာ " ကောင်မလေးရဲ့ဦးခေါင်းက
ကောင်မလေးရဲ့ပုခုံးပေါ်သို့ ပျော့ပြောင်းစွာမှီတင်နေ၏"
ဆိုပဲ... ဇက်ကျိုးသွားတာများလားမသိဘူး..
လုပ်လိုက်ရင်တလွဲတွေချည်းပဲ။ :)

အဖြူရောင်နတ်သမီး said...

ဟင်း..
လူပျိုကြီး..
ပြောတော့ ချစ်သူမရှိဘူးလေး ဘာလေးနဲ့...(ချစ်သူများနေ့မှာ ပေါက်ကွဲပြနေလိုက်ပုံကို ပြန်မြင်ယောင်မိပါရဲ့)။
အခုကျတော့လည်း ချော့တတ်လိုက်တာ “နွယ်” မပြောနဲ့ ဘေးက စာဖတ်တဲ့သူတွေတောင် အရည်ပျော်ချင်နေပြီ..။
အဲဒါပြောတာပေါ့..
း)

Anonymous said...

ချော့ပုံ ချော့နည်း တွေကတော့ မိုက်တယ်ဗျာ
ဖတ်မှတ်သွားပါတယ် နောင်လိုအပ်ရင် အသုံးတည့်တာပေါ့ဗျာ တဂ်ထားတဲ့သူတွေ ရေးမှာကို စောင့်မျှော်နေလျှက်ပါ

ခင်မင်စွာဖြင့်
ငွေလမင်း

စန္ဒကူး said...

ချစ်သူချော့နည်းလာဖတ်သွားတယ်။
မိန်းကလေးတွေတစ်ယောက်နဲ့တစ်ယောက်မတူဘူးနော်..
ဒီနည်းအတိုင်းပုံသေသွားမသုံးနဲ့အုံး..
အခြေနေလေးအရင်ကြည့်အုံး.ဟီဟီ

မိုးယံ said...

အဟာဟ နတ်သာမီးပျော့တာကို သဘောကျတယ်.. လူပျိုကြီး ချော့တတ်လိုက်ပုံများ ကောင်းကင်ရဲ့ အသွေးအသားတွေ ကြွေတယ်တဲ့... အဆုပ်အားကောင်းသတဲ့... အရည်လဲ့တဲ့မျက်ဝန်းတွေ ပိုင်သတဲ့... အပိုင်ဆုံးကတော့ တော်ကီတွေပဲ..ဒါကြောင့်တစ်ပင်ထဲ ရင်ထဲကနွယ်က ရစ်ပတ်ထားနိုင်သကိုး

မောင်မျိုး said...

ရက်စက်မှ ကြေကွဲ လုပ်ရက်ပါ့ဗျာ ဘ၀တူတွေချင်း သစ်စာဖေါက်တယ်ပေါ့ လေ ရှိမှမရှိတာကို ဘီလိုလုပ်ပြီးရေးရမတုန်း ကျိန်စာတော့ အထိမခံနိုင်ဘူး ဆိုတော့ကား ၀ မရှိပဲ ၀ိ လုပ်ရတော့မှာပေါ့ ဘလော့ဂါ ဆိုတာ ဂလိုပဲ လုပ်တတ်ကိုင်တတ် ညာတတ် ဖြီးတတ်မှ ပို့စ်ဖြစ်မှာမဟုတ်လားး)


မိုးယံ နဲ့ ကိုအုပ်ကြီးတို့ကတော့ အငွေ့မဟုတ်ဘူး အတွေ့တဲ့ သူတို့မှာ တကယ်ရှိတယ် ခိုင်လုံးတဲ့အတင်းရပ်ကွက်က ရထားတာ မယုံရင် သွားကြည့်ကြည့် :P

kiki said...

အင်း..
ဒီချစ်သူချော့နည်းတွေက အတော်လေး အသုံးဝင်ပုံရတယ်..
ဒါ့ကြောင့် လူပြိုဂျီး ခုထိ မစွံသေးတာ..
( ချော့နေရတာ နဲ့ တင် အချိန်တွေ ကုန်သွားလို့ .. )

မြတ်မွန် said...

အဟားဟား လန်းချက်က ကမ်းကုန်ပါရောလား။
နံပါတ်၁ ကတော့ မအောင်မြင်နိုင်ဘူးနော်။
ငိုပဲ ငိုခိုင်းနေရင်တော့ ပျော်စရာကောင်းမယ် မထင်ပါ..။

ဒါကြောင့်ပြောတာ ယောင်္ကျားတွေရဲ့ မာယာက မိန်းမတွေထက် သာတယ် ဆိုတာ။

crystal said...

တစ်စုံတခုကိုတော့ နားလည်သွားသလိုရှိသား၊ ဒီပိုစ့်ကို မိန်းကလေးတွေ အဖတ်များမယ်ထင်တယ်။
စကားမစပ် ယောက်ျားလေးတွေလည်း အချော့ကြိုက်တယ်နော်။
လူကြီးတွေ ပြောတာကြားဖူးတယ် ဘာတဲ့ ယောက်ျားဆိုတာ ကလေးတွေလိုပဲ လက်သာတဲ့ဆီမှာ နေချင်တာဆိုပဲ...ခွီခွီ။

မောင်ချစ် said...

မောင်ချစ်တို့ တော့နာမည်ကြီးပြီး ကိုဇော်နဲ့တွေ လို... ဆက်ရေးအားပေးမယ် ကုန်ကြမ်းတွေစုထားပေးမယ်...ဟားဟားဟား
http://mgchit.blogspot.com/

sosegado said...

နွယ့်ကိုချော့နည်း မဟုတ်ပါဘူးယောင်လို့၊ ချစ်သူချော့နည်းမှတ်သွားတယ်ဗျို့၊

Angelhlaing(May everybody be happy and healthy! said...

ချစ်သူချော့နည်းတဲ့ ဟုတ်ပနော်... နွယ်မပြောနဲ့
ဖတ်ရတဲ့သူတောင် ..:P:P:P:P
ကိုဇော်ပြောတဲ့ သူတွေဆီမှာလဲ လိုက်မေးကြည့်အုံးမှ..:P
အကိုရေ...ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

rose said...

ချစ်သူချော့နည်း လာဖတ်ပါတယ်။ ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်းပါတယ်။ ဒီလောက် ချစ်သူကို ချော့တတ် တာတောင် ကိုဇော် တစ်ယောက် ဘာလို့များ လူပျိုကြီး ဖြစ်နေတာ လဲလို့ အတွေးပွား နေမိပါတယ်။

ခနွဲ said...

ဒီတစ်ခါတော့ ခေါင်းစဉ်မြင်ကတည်းက ရင်ခုန်နေတာ။ ဘယ်လိုများ ချော့ရပါ့မလဲလို့ပေါ့။ ၃ ခေါက်တိတိ စာကျေအောင် ဖတ်သွားကြောင်းပါခင်ဗျ။ လက်နက်ပုန်းလေးတွေပေါ့။

ahphyulay said...

အင်း....
ကော်ကော်ဇို ..
အပြင်မှာဆို ဗိုက်ခေါက် ( ဗိုက်ကြော ) တော့ 
အပြတ်ပဲ ..။

အုပ်ကြီး said...

ချစ်တတ်သူတွေများချစ်တတ်လိုက်ကြတာ ..
ချော့တတ်သူတွေလည်း ချော့တတ်လိုက်ကြတာ ..
အလိုက်လည်းမသိဘူး ..
ရှိပါဘူးဆိုမှ ..ဒါကြောင့်လူပျိုကြီးဖြစ်နေတာ ...
:P

အက္ခ၇ာ said...

ဟားဟား.....ချစ်သူချော့နည်းတဲ့
ပုံသေမမှတ်နဲ့နော်
မိန်းမလေးတွေရဲ့ အကြိုက်ကတယောက်နဲ့တယောက်မတူဘူးနော်

တောက်ပကြယ်စင် said...

ချစ်သူချော့နည်းကိုတော့ ဖတ်ပြီးသွားပြီ ဘယ်သူ့ကို သွားချော့ရမှန်း မသိဘူးဖြစ်နေတယ် သူ့နေရာနဲ့သူ ပြောတတ်ဆိုတတ် လုပ်ကိုင်တတ်ရင် အဆင်ပြေတယ်ဆိုတာ အဲဒီလိုမျိုးပေါ့နော် ကိုဇော်ရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါ-
“ နွယ် ” ရေညီးဘာ့ကြောင့်များ “ကိုဇော်”ကိုပြစ်ပြေးရ
တာလဲဟင်-ဒီလောက် “အချော့”ကောင်းတာကို-
ကျနော်တောင် ကိုဇော် ချစ်သူဖြစ်ချင်လာပြီဗျ-အချော့
ခံချင်လိုလေ----လာချော့လှည့်-ဒါဘဲ

ကျောက်နွယ်မ said...

နွယ်က မလန့်တတ်ပါဘူး..ကိုကို ရယ်..ကြိုက်သလိုမှုတ်လိုက်စမ်းပါ..
ဒါမျိုးနဲ့ အချော့ခံချင်နေတာ ကြာပြီ..ဟွင့်

maylay said...

ကိုဇော်ရေ။ မေလေးဆီ စာလာဖတ်သွားတာ ကျေးဇူးတင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေ။ ချစ်သူချော့နည်းရေးတော့ ကိုဇော်က မချော့တတ်ဘူး ထင်တာပါပဲ။ ဟုတ်ပါတယ်လေ။ မချော့တတ်လို့ ချော့နည်းရေးတာ ဟဟားး။ တကယ်ချော့တတ်သူက ရေးဖို့တောင် အချိန်မရဘူး ဟိဟိ (နောက်သွားတယ်နော် အစ်ကို)

ဆွေလေးမွန် said...

တော်သေးတာပေါ့ သူများပြောတာတင်ကြားဖူးလို့ ..
စာအုပ်ကလဲ ကိုင်ရုံပဲ..
ကိုယ်တိုင်ကလဲ လူပျိုကြီး ပဲ..

ဒါတောင် တော်တော် ချော့နေနိုင်သေးတယ်...
ဟဲဟဲ....

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

မှတ်လို့ အဆင်မပြေပေမယ့် ဖတ်သွားပါတယ်။ ရီရတယ်လေ။ စာမေးပွဲပြီးလို့လိုက်လည်ပြီး စာလေးတွေလိုက်ဖတ်နေတာ (ကိုယ့်စာလေးလည်း လာဖတ်မလားလို့လေ) ရီရတော့ အပျင်းပြေတာပေါ့။

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီလို အဒီလိုကြီးတွေ ချော့ရတာလား။ ပျင်းစရာကြီး။ စိတ်မရှည်တာနဲ့တော့ ဘယ်မိန်းခလေးမှ လာကပ်မဲ့ပုံ မပေါ်ဘူး။ ကိုယ့်ကိုကိုယ်ပြောတာပါ။ ဒါပေမဲ့ မှတ်တော့ မှတ်ထားသင့်တယ်။ ဆရာကြီးတွေဆီက ပညာရပ်လေးတွေလေ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

နေ၀ဿန် said...

ကြံကြံဖန်ဖန်ပို့စ်ပါလား...း)))... အပေါ်က သူဂျီးအဆိုအမိန့်ကိုတော့ ပြုံးသွားမိတယ်...

ခင်မင်လျက်
နေ၀ဿန်

ye'myat min said...

ကြိုက်တယ်ဗျ ဘယ်လောက်ထိရောက်သလဲတော့ လက်တွေ့လုပ်ကြည့်ရ မယ် နောက်ထပ် လည်းတင်ပေးပါဦး

tigerlayjet@gmail.com said...

အရမ်းကောင်းပါတယ်.........ဒါပေမဲ့ပုံသေမှတ်လို့ရတာမှမဟုတ်တာ......မိန်းကလေးတိုင်းကို..
ပြီးတော့မိန်းကလေးတိုင်းစိတ်ထားတူတာမှမဟုတ်တာ..............

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.