မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2011

34 မိုးခါးသောက်သူများ



            တကယ်တော့ . . .

           လူတွေသည် သာမာန် အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော်  . . .  အခြေအနေ တစ်ရပ်ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲ သွားတတ်ကြပါသည်။



          ကားတံခါး ဘောင်ပေါ်မှာ မှေးတင်ကာ မှီထားသော ကျွန်တော် ခေါင်းက ငိုက်စိုက်ကျလျှက် ရှိနေ၏။ လမ်းကောင်းလို့ ဘတ်စ်က ငြိမ်ကာ လမ်းမပေါ်မှာ ပြေးနေတယ် ဆိုရင် တံခါးဘောင်ပေါ်မှာ မှီတင်ထားသော ခေါင်းက ငြိမ်နေပေမဲ့ ချိုင့်ခွက်များ ၊ အနိမ့်အမြင့်များ ပေါများသော လမ်းမပေါ်ကို ရောက်ရင်တော့ တံခါးဘောင်ကို မှီနေသော ခေါင်းက လှုပ်ခတ်စွာဖြင့် ယိမ်းထိုးနေလျက် ရှိသည်။ တစ်ခါတစ်ရံ ထိုတံခါးဘောင်နှင့်ပင် တိုက်မိနေသေးတော့သည်။ သို့သော် ငိုက်စိုက်ကျနေသော ကျွန်တော့်ဦးခေါင်းကို ကျွန်တော် တည့်မတ်အောင် ထောင်ထားနိုင်ခြင်း မရှိ။

          ဘေးက လူတွေရဲ့ အမြင်မှာ ညက အလွန်ကို အိပ်ရေးပျက်နေသော လူတစ်ယောက် အဖြစ် ကျွန်တော့်ကို မြင်နေကြလိမ့်မည်။ နံနက်စောစောစီးစီး ဘတ်စ်ပေါ်မှာ ဇက်ကျိုးအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ အဖို့ ညဘက်မှာ ဘယ်လောက်များ အိပ်ရေး ပျက်နေခဲ့လို့ပါလိမ့် လို့ တွေးမိကောင်း တွေးမိကြလိမ့်ဦးမည်။

         သို့သော် . . . .



          ဘယ်အချိန်ပဲ တက်စီး တက်စီး ဒီဘတ်စ်ကို စီးရင် ကျွန်တော် နေရာ ရပါသည်။ ဘာလို့လဲ ဆိုတော့ ဒီဘတ်စ်ရဲ့ စထွက်ရာ ဘတ်စ်ဂိတ်က ကျွန်တော်တို့ အိမ်နားမှာ တည်ရှိနေခဲ့လို့ပါပဲ။ နံနက် အလုပ်သွားတော့မယ် ဆိုရင် အိမ်က ထွက်လာရင်း ဘတ်စ် ဂိတ်မှူးဆီက “ ဘယ်ကားထွက်မလဲ အစ်ကို ” လို့ လှမ်းမေးကာ ထိုဘတ်စ်ပေါ် တက်ထိုင်နေလိုက်ယုံမျှသာ။ အလှည့်ကျ ထွက်ခါနီး ဘတ်စ်က ထိုင်စရာ နေရာ မရှိအောင် ပြည့်နေပြီ ဆိုရင် ဒုတိယ အနေနဲ့ ထွက်မဲ့ ဘတ်စ် နံပါတ်ကို မေးကာ ထိုဘတ်စ်ပေါ် တက်ထိုင်နေလိုက်ယုံသာ ရှိ၏။

          ဒါကြောင့် ကျွန်တော့် အတွက် နံနက်စောစော အလုပ်သွားချိန်ဟာ သူများတွေလို ဘတ်စ်ပေါ် ရောက်ဖို့ အတင်းတိုးတတ်ရသော ဒုက္ခများ ကင်းဝေးကာ လွတ်အေး ငြိမ်းချမ်း၏။ အသာအယာ စထွက်ဂိတ်မှ ထိုင်စီးသွားယုံမျှပင်။ အလုပ်ရှိရာ ဂိတ်ကလည်း ဆူးလေ မှတ်တိုင် မရောက်ခင် သုံးမှတ်တိုင် အလိုမှာ ဆင်း၍ အသာအယာ ရုံးတွင်းသို့ လှမ်းဝင်လိုက်ယုံမျှသာ ဖြစ်၏။

          သူများတွေ အလုပ်အချိန်မှီရန် ဘတ်စ်ကား အလာကို မျှော်ငေးနေရသော ၊ လာနေသော ဘတ်စ်ပေါ်သို့ အန္တရာယ် ကင်းကင်း ရောက်အောင် ခပ်သုတ်သုတ် တက်လိုက်ရသော ၊ ဘတ်စ်ကားပေါ်မှ လူစုံ ၊ အနံ့စုံ ၊ အတန်းအစား မျိုးစုံတို့ရဲ့ ကျင်လည်မှု မျိုးစုံကို မတ်တပ်ရပ်ပြီး ဘဝကို အားတင်း ဖြတ်သန်းနေရသော လူတွေထဲမှ ကျွန်တော်က ဖာသိဖာသာ ကင်းလွတ်ခွင့်ရနေ၏။

          ဂိတ်အစမှ ထိုင်လိုက်လာရင်း နောက်ထပ် ရပ်လာသော ဂိတ်တိုင်တိုင်းကို ဘေးပြတင်းပေါက် ဟာလာဟင်းလင်းမှ စင်းစင်းကြီး အတိုင်းသား မြင်နေရ၏။  ကျွန်တော်တို့ ဘတ်စ် လာနေပြီ ဆိုတာကို မြင်လိုက်ရရင် ကားမှတ်တိုင်မှာ မျှော်စောင့်နေသော လူအုပ်ကြီးမှာ ကလေးကို အောက်ချထားသူက ဆက်ခနဲ ကောက်ချီ၏ ၊ ပစ္စည်းတွေ ချထားသူက ဖြတ်ခနဲ ကောက်ကိုင်၏ ၊ အလုပ်ချိန်မှီအောင် ပြေးရမည့်သူကလည်း ထမီကို ခပ်တင်းတင်း ပြင်စည်း၏ ၊ ကျောင်းဆရာမလေးကလည်း သူမရဲ့ ခြင်းလေးကို ခပ်ကျစ်ကျစ်လေး ပိုတိုး ဆုပ်ကိုင်လိုက်၏ ၊ ဇရာကျလာသော သက်ကြီးသူ တချို့ကလည်း သူတို့ ဒူးကို အားတင်းပြီး လှမ်းတက်ဖို့ အားယူနေ၏။

           ထိုသို့ . . . ထိုသို့  . . . . လူလောကရဲ့ ဖြစ်စဉ် အဖုံဖုံတွေကို အဝေးမှပင် ကျွန်တော့် မြင်တွေ့ခွင့် ရနေပေသည်။ အားတင်းမှု ၊ မာန်ချီမှု ၊ ညည်းတွားမှု ၊ အံခဲမှု ၊ မြည်တွန်တောက်တီးမှု ၊ စိတ်ပျက်အားငယ်မှု ၊ အရှက်ကွဲမှု ၊ ထိခိုက်ဒဏ်ရာ ရမှု ၊ ခိုက်ရန်ဖြစ်ပွားမှု ၊ မသမာမှု ထိုသို့ . . . ထိုသို့ ပြောမပြတတ်အောင် များပြားလှသော လူမှုဘဝ ဇာတ်ခုံအကြောင်းကို ဘတ်စ်ကား စီးရင်းခြင်း တစ်ခုတည်းဖြင့် ကျွန်တော့် မျက်စိရှေ့အောက်မှာ မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရနေပေတော့သည်။

         “ ကမ္ဘာကြီး တစ်ခုလုံးကို သင် ကယ်တင်နိုင်စရာ မလိုပါ။ သင့်မျက်စိရှေ့မှောက်က လူကို ကယ်တင်နိုင်ရင် ကမ္ဘာကြီးကို ကယ်တင်နိုင်တာ မည်၏ ” ဆိုသော စကားကို သတိရမိ၏။

          ကျွန်တော့် ကမ္ဘာကြီး တစ်ခုလုံးကို မကယ်တင်နိုင်ပါ။ သို့သော် ဒီဘတ်စ်ပေါ်မှာ ရှိနေပြီး ကျွန်တော့် မျက်စိရှေ့မှောက်က သူတို့ရဲ့ အခက်အခဲတွေကို ကျွန်တော့် တတ်နိုင်သလောက် ပါဝင် ကူညီပေးနိုင်တယ် မဟုတ်ပါလား။ ကူညီမှု ဆိုတာ ခက်ခက်ခဲခဲ ပင်ပန်းတာ မဟုတ်ပါ။ ကိုယ်တတ်စွမ်းနိုင်တာလေး လုပ်ပေးလိုက်ရတာပဲ ဟု ကျွန်တော် ယူဆမိသည်။

           “ ခြင်းတောင်း ကျွန်တော့်ကို ပေးထား ၊ ကျွန်တော် ကိုင်ထားပေးမယ်။ ”

          ဟု ဆိုတာ ကျောင်းဆရာမ တစ်ယောက်ကို ကူညီနိုင်သည်။

          “ ထမင်းချိုင့်ပေးထားလေ ၊ ကျွန်တော် ယူထားပေးမယ်။ ”

         ဟု ဆိုကာ အလုပ်အတွက် ထမင်းချိုင့် သယ်လာသော အလုပ်သမားအား ကူညီနိုင်သည်။ 

          “ အစ်မ ကလေးပေးထား ၊ ကျွန်တော် ချီပေးထားမယ်။ ”

         ဟု ဆိုကာ ကလေးမိခင်ကို ကူညီနိုင်၏။ ဒါမှမဟုတ် နေရာမှ ဖယ်ပေးပြီး ကူညီနိုင်သည်။

          “ အဘွား လာ လာ ၊ ဒီမှာ လာထိုင်ပါ။ ”

         ဟု ဆိုကာ အသက်အရွယ် ကြီးသော အဘိုး ၊ အဘွားများကို ထိုင်ရန် နေရာ ဖယ်ပေးကာ ကူညီနိုင်၏။ ဒီလို ထိုင်ရန် နေရာ ဖယ်ပေးတယ် ဆိုတာ တကယ်တော့ လွယ်ကူ လှတယ်တော့ မဟုတ်ပါ။ ဂိတ်အစ မှတ်တိုင်ကနေ ထိုင်စီးလာပြီး ဂိတ်ဆုံးဖို့ ၃ မှတ်တိုင်လောက် အလိုမှ ဆင်းရသော လူတစ်ယောက် အဖို့ ခရီးဝေးကို ဘယ်သူမဆို သက်တောင့်သက်သာ ထိုင်၍သာ စီးချင်ကြပေမည်။ သို့သော် တတ်နိုင်သလောက်တော့ ဘတ်စ်စီးနေရင်း လူတွေကို ကူညီချင်သော စိတ်ကြောင့် အသက်အရွယ် ကြီးသူများကို နေရာဖယ်ပေးကာ ထိုင်စီးစေခဲ့သည်။

          ဘဝမှာ ဘတ်စ်စီးရင်း အမှတ်မထင် လူတွေကို တတ်နိုင်သလောက် ကူညီခွင့် ရနေတဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း ကျေနပ် ပျော်ရွှင်နေခဲ့ရပါ၏။ အမြဲတမ်းလည်း ကျေနပ် ပျော်ရွှင်ရလိမ့်မည် ဟု ယုံကြည်နေခဲ့ပါသည်။

            သို့သော် . . . .



          “ ကျွန်မ ထမင်းချိုင့် ပေးတော့လေ ၊ ဆင်းတော့မယ် ”

          “ ဗျာ ၊ ခုနကပဲ ဆင်းတော့မယ် ဆိုပြီး လှမ်းယူသွားပြီလေ ”

          “ အို မဟုတ်တာ ၊ ကျွန်မက ဆင်းမှ မဆင်းသေးတာပဲ ”

          “ အမ် . . . ဒါဆို ခုနက ကျွန်တော့်ဆီက ထမင်းချိုင့် လှမ်းယူသွားတာ ခင်ဗျား မဟုတ်ဘူးလား ”

          “ အို . . ကျွန်မ ဆင်းမှ မဆင်းသေးတော့ ယူမှ မယူရသေးတာ ၊ ကျွန်မ ထမင်းချိုင့် ဘယ်ရောက်သွားပြီလဲ ”

           “ ဒါတော့ ကျွန်တော်လည်း မသိဘူးလေ ၊ ခင်ဗျားတောင်းတယ် မှတ်လို့ ပေးလိုက်တာပေါ့ ”

          “ ဟင် . . ရှင် . . ရှင် . . ဒါ တမင် အကွက်ထွင်ပြီး ထမင်းချိုင့် ခိုးတာ မဟုတ်လား ”

           “ ဗျာ . . . မဟုတ်တာဗျာ။ ကျွန်တော်က ဘာလို့ ခိုးရမှာလဲ ၊ ခင်ဗျား ထမင်းချိုင့်ကို ကိုင်ပြီး ကူညီတာပါ ”

          “ အို . . ဒါမျိုးတွေ ရိုးနေပါပြီရှင် ၊ ရှင် . . . ရှင့်လူတွေနဲ့ ပေါင်းပြီး ပစ္စည်းတွေကို ကူညီသလိုလိုနဲ့ ယူထားပြီး ခိုးနေတာ မဟုတ်လား ”

           “ ဟာဗျာ . . . ရာရာစစ ၊ ခင်ဗျားကို အလကား ကူညီတာပါဗျာ ”

           “ ဒါတွေ မသိဘူးရှင် ၊ အခု ကျွန်မ ထမင်းချိုင့် ဘယ်လို လုပ်မလဲ ”

          “ မသိဘူးလေ ၊ ကျွန်တော်မှ မယူထားတာ ၊ ခင်ဗျားတောင်းတယ် မှတ်လို့ ပိုင်ရှင်ပဲ ဆိုပြီး ပေးလိုက်တာလေ။ ”

           “ အခုမှ မသိဘူး မလုပ်ပါနဲ့ ၊ ရှင် လျော်မလား ၊ ရဲစခန်းကို မောင်းခိုင်းရမလား ”

          “ ဟ . . . ကျွန်တော် ခိုးတာမှ မဟုတ်ဘဲ ၊ ဘယ်သူ ယူသွားမှန်းမှ မသိတာ ”

           “ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ၊ ရှင့် လက်ထဲကနေ ပျောက်သွားတာ ရှင်ပဲ လျော်ရမှာပေါ့ ”

           “ ခင်ဗျားဗျာ . . . . ကူလည်း ကူညီရသေး ”

           အဲဒီလို နောက်ဆုံး စကားလုံး အဆုံးသတ်ပြီးတဲ့ နောက်မှာတော့ ကျွန်တော့် အိတ်ထဲက မရှိမဲ့ ရှိမဲ့ ငွေလေးတွေဟာ ဘယ်သူ ယူသွားမှန်း မသိတဲ့ စတီးချိုင့်ရဲ့ အဖိုးအခ ဖြစ်သွားခဲ့ရဖူးပါ၏။

          သို့သော် ကျွန်တော့်ရဲ့ ကူညီမှုက အရောင် မပျက်ယွင်းသေးပါ။



          “ ဟိုအစ်ကိုကြီး ကျွန်မ ထီးရော ၊ ဆင်းတော့မယ် အစ်ကို ”

           “ ခုနက လှမ်းယူသွားတာလေ ”

          “ မယူရသေးဘူး ၊ ကျွန်မမှ မဆင်းသေးတာ ”

           ဒီလို စကားကို အစ ပျိုးလိုက်ကတည်းက ကျွန်တော့် အိတ်ထဲက ပိုက်ဆံ အချို့ဟာ အသွင်ပြောင်း ဆေး သောက်ရန် မလိုဘဲ ထီးအဖြစ် ပြောင်းလဲရန် အတွက် တာထွက်ဖို့ ပြင်ဆင်နေပါတော့သည်။ ဒီလို လက်ထဲမှ ပစ္စည်းက ပျောက်ကာ ပိုင်ရှင်က နောက်မှ လာတောင်းတာမျိုးကိုသာ ကြုံရတယ် လို့ မထင်ပါနဲ့။ လက်ထဲမှာ ပစ္စည်း ကျန်ခဲ့ပြီး ပိုင်ရှင် ပျောက်သွားတာမျိုးလည်း ရှိခဲ့ပါသေးတယ် ဆိုရင် ယုံနိုင်ပါ့မလား။

          “ ဟို  . . ဟို . . . ကလေး ပိုင်ရှင် အစ်မကြီး ၊ ဘယ်ရောက်သွားလဲ မသိဘူး။ ကျွန်တော် ဆင်းတော့မယ်ဗျ ”

           “  - - - - - - - ”

          “ ကလေး ပိုင်ရှင် အစ်မရေ ၊ ဘယ်ရောက်သွားလဲ မသိဘူး။ ကျွန်တော် ဆင်းတော့မလို့ပါ ”

           “ - - - - - - - ”

          ဘတ်စ်ပေါ်က လူတွေ အားလုံး ဝိုင်းကြည့်နေပေမဲ့ ကလေးရဲ့ ပိုင်ရှင် ဖြစ်သော မိခင်အရင်းကိုတော့ ရှာလို့ မတွေ့တော့ပါ။ ကျွန်တော့်မှာ ဆင်းမဲ့ မှတ်တိုင် ကျော်လာကာ ဆင်း၍ မရတော့။ ပိုင်ရှင်မဲ့ ပစ္စည်းဆိုသော ကလေးတစ်ကောင်က ကျွန်တော့် လက်ထဲမှာ ငုတ်တုပ်ထိုင်ကာ ပြူးကြောင်၍ ကြည့်နေ၏။

           “ ဒီကလေး ပိုင်ရှင် အစ်မကြီး ၊ ဘယ်ရောက်သွားလဲ မသိဘူး ”

          ခေါ်လည်းခေါ် ၊ ပြောလည်းပြောရင်း ဝမ်းနည်းစိတ် ၊ နာကျင် ခံစားရသော စိတ်တို့ကြောင့် ကျွန်တော် ငိုတောင်မှ ငိုချင်လာမိသည်။

           “ - - - - - - ”

          “ ကလေး ပိုင်ရှင် ဘယ်ရောက်သွားလဲ မသိဘူးဗျာ ၊ လုပ်ကြပါဦး ၊ သူ့ကလေး ကျန်ခဲ့ပြီ ၊ မေ့သွားတာလား ၊ တမင် ထားခဲ့တာလားဗျာ ”

           ဘတ်စ်ပေါ်က လူအားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့် အပေါ်မှာ စုပြုံကျရောက်လျက်။ တချို့က လှောင်ပြောင် ၊ တချို့က မဲ့ရွဲ့ ၊ တချို့က ဂရုဏာ မျက်ဝန်း ၊ တချို့က ဥပက္ခော အကြည့်။ အားလုံး ကျွန်တော့် ကိုယ်ပေါ် စုပြုံကျလျက်။

          “ ဒီကလေး အမေ နဲ့ နေရာကို ကျွန်တော် သိတယ်ဗျ ”

       အသံကြားရာကို လှည့်ကြည့်လိုက်တော့ အသက် ၁၄ နှစ်လောက်သာ ရှိဦးမည့် ကောင်လေး တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဒီအချိန်မှာတော့ သူက “ မေခလာ ” မဟုတ်ပေမဲ့ ၊ သူ့မှ မကယ်ရင် ကျွန်တော် ရေတိမ် နစ်ရမဲ့ အဖြစ်။

          “ ဒါဆို . . . လုပ် . . . လုပ်ပါဦး ငါ့ညီရာ။ အစ်ကို ဘယ်ကို ပြန်လိုက်ပို့ရမလဲ ”

          “ သူက ကျွန်တော်တို့ ရပ်ကွက်ကဗျ။ သူ့အမေက ကလေးတွေ အများကြီး မွေးထားတာ ၊ ပြီးတော့ ဒီလိုပဲ မေ့သလိုလိုနဲ့ ထားခဲ့တတ်တယ် လို့ ရပ်ကွက်ထဲမှာတော့ ကြားဖူးတယ်။ အခုလည်း သူ ကားပေါ် တက်လာကတည်းက ကျွန်တော်က သတိထား ကြည့်နေတာ။ အစ်ကို သတိမထားမိခင်မှာ သူက ကားမှတ်တိုင်မှာ ဆင်းသွားတာပဲ။ လိုက်တော့ ပြမယ်။ ကျွန်တော် ပြောတာလို့လည်း မပြောနဲ့။ သူ့အိမ်အထိလည်း လိုက်မပို့ရဲဘူးနော်။ ”

         “ အေးပါကွာ . . ပြောလည်း မပြောဘူး။ ရောက်ရင်သာ ခပ်ဝေးဝေးက လှမ်းပြပေါ့ ” 

          ဘုရား . . . ဘုရား . . . ကိုယ့်ရဲ့ သွေးသား ၊ သားသမီး အရင်းကို ဒီလို လက်လွှတ်စပယ် လုပ်ရက် ကြလေသလား။ ပြောရင် ဘယ်သူ့မှ ယုံမှာ မဟုတ်။ ကိုယ်တိုင်တောင်မှ အခုလို လက်တွေ့ မဟုတ်ရင် ယုံမှ မဟုတ်။ ကောင်လေးရဲ့ ကျေးဇူးနဲ့ သူတို့ ရပ်ကွက်ကို လိုက် ၊ ရပ်ကွက်လူကြီးတွေနဲ့ ကလေးကို သူ့မိဘအိမ် ပြန်လိုက်အပ်ရတော့၏။ ကိုယ့်သားသမီးကို တွေ့တာတောင်မှ ဝမ်းသာပုံ မပေါ် ၊ ဆောင့်အောင့်ကာ ဆွဲခေါ်ပြီး ကျောပေါ် နှစ်ချက်က ဗြောတင်သေး၏။

          ရပ်ကွက်လူကြီးတွေကို ကျေးဇူးတင်စကား ဆိုရင်း ကျွန်တော် လှည့်ပြန်လာတော့ ရုံးချိန်က လွန်ယုံမက ထမင်းစားချိန်ကိုပါ လွန်ချေပြီ။ တကိုယ်လုံးလည်း ကလေးက ယိုထားသော သေးနံ့တွေက ထောင်းထောင်းထလျက်။ အဲဒီနေ့က ကလေး အတွက် ဆိုပြီး အိတ်ထဲက ငွေ ၃၀၀၀ ကလည်း ထွက်သွားသေးသည်။

           ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘတ်စ်ပေါ်က လူမှုထူးချွန်မှု ကူညီရေးက လျော့ မသွားသေးပါဘူး။



          “ လာ . . . လာ အဘွား ၊ ဒီမှာ လာထိုင်လိုက် ”

          နေရာ လိုချင်လို့ ဂိတ် အစရဲ့ ကားကိုတောင်မှ အချိန်စောင့်ပြီး စီးခဲ့ရပေမဲ့ အခုတော့ အသက်ကြီး အဘွားအို တစ်ယောက်ကို ကားဂိတ်မှ ၅ မှတ်တိုင် စီးအပြီးမှာ နေရာမှ ထကာ ဖယ်ပေးလိုက်လေမိ၏။ ထိုအဘွားအိုကလည်း ပြုံးကာ ကျေးဇူး စကားဆိုရင်း ဝင်ထိုင်သည်။ အခု မတ်တပ်ထရပ်ပေးသော နေရာမှ ဆိုရင် ကျွန်တော် ဆင်းမဲ့ အလုပ်မှတ်တိုင် အထိ အတော်ကို သွားရဦးမည်။ ဒီတော့ ကျွန်တော်လည်း မတ်တပ် ရပ်လျက် လိုက်ရဦးမည်။

          ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ထက် အသက်ကြီးသူတွေကို ကူညီခွင့်ရတာ ဝမ်းသာမိပါ၏။ သူ ဆင်းသွားရင် ကျွန်တော့် နေရာ ပြန်ရမှာပဲ မဟုတ်လား။ စိတ်ကူးတွေ ၊ အတွေးတွေနဲ့ ယိမ်းထိုးနေသော ဘတ်စ်ပေါ်မှာ မတ်တပ်ရပ်လျက် ကြပ်ညှပ်နေသော လူတွေ ကြားမှာ စီးမျော လိုက်ပါနေမိသည်။ ၇ မှတ်တိုင်လောက် လွန်လာတော့ နေရာ ဖယ်ပေးခဲ့သော အဘွားက ဆင်းဖို့ အတွက် ထိုင်ခုံမှ ထရန် ဟန်ပြင်နေ၏။ သူ ဆင်းရင်တော့ ကျွန်တော့် ထိုင်ခုံကို နေရာ ပြန်ပေးတော့မယ် ဆိုသော အသိကြောင့် ကျွန်တော် ဝင်ထိုင်ဖို့ ဟန်ပြင်နေမိ၏။

          “ လာ . . . လာ . . . ငါ့တူ ၊ ဝင်ထိုင်လိုက် ။ မင်း အမေတွေရော နေကောင်းရဲ့ မဟုတ်လား ”

           “ ဟုတ်ကဲ့ ကောင်းပါတယ် အန်တီ ၊ အန်တီရော နေကောင်းရဲ့လား ”

          “ ကောင်းပါတယ်ကွယ် ၊ အန်တီ သွားလိုက်ဦးမယ် ”

          “ ဟုတ်ကဲ့ အန်တီ ”

          ပြောလည်းပြော ၊ နေရာမှာလည်း ဝင်ထိုင်လိုက်၏။ ထိုသူက ကျွန်တော်တော့ မဟုတ်ပါ။ ကျွန်တော် နေရာဖယ်ပေးခဲ့သော အဘွားကြီးက သူ မဆင်းခင်မှာ သူနဲ့ သိသော လူငယ်ကို လက်ဆင့် ကမ်းပေးသွားတာပဲ ဖြစ်၏။

        သူ ဆင်းရင်တော့ ငါ့ကို နေရာ ပြန်ပေးမှာပဲ ဆိုသော မျှော်လင့်ချက် ကလေး အမြစ်ကနေ ဆွဲနှုတ်ခံရသော သစ်ပင်လို အနားသားတွေ ဖွာပြီး ကျွန်တော့် ရင်မှာ ဟာ နေ၏။ ထိုင်နေသော ကောင်လေးကိုလည်း သွားဖယ်ခိုင်းလို့ မဖြစ်။ ဒီနေရာ ငါ့နေရာလို့လည်း ပြောလို့ ရတာမျိုး မဟုတ်။ ရင်ထဲမှာ နာကျင် ဝမ်းနည်းခြင်းက ပြောမပြတတ်အောင် ဖြစ်နေလေသည်။

          ဒါပေမဲ့ ဘတ်စ်ပေါ်မှာ ကူညီတတ်သော ကျွန်တော့် အတွက် ဒါက နောင်တရ စရာ မဟုတ်သေးပါ။



          “ လာပါ  . . . ထိုင်ပါ . . . အန်ကယ် ”

          လက်ထဲမှာ တုတ်ကောက်နဲ့ တုန်တုန်ချိချိ ဦးလေးကြီး တစ်ယောက်ကို ထိုင်နေရာမှ ကျွန်တော် ဖယ်ပေးအပြီးမှာ ထိုဦးလေးကြီးက တုန်တုန်ချိချိ ဝင်ထိုင်ရင် သာဓု သုံးကြိမ်ကို တုန်တုန်ချိချိပင် ဆိုသည်။

          “ ရပါတယ် အန်ကယ် ”

          ဟု ဆိုကာ ပီတိတွေနဲ့ ကျွန်တော် လွယ်အိတ်လေးကို ပြင်လွယ်ရင်း မတ်တပ် ရပ်နေမိ၏။

          တစ်မှတ်တိုင် ကျော်လွန်လာ၏။

          နှစ်မှတ်တိုင် ကျော်လွန်လာ၏။

        သုံးမှတ်တိုင်ကို ရောက်လာ၏။ ဒီမှတ်တိုင်မှာတော့ တက္ကသိုလ်မှ ကျောင်းသူလေးတွေ တက်လာတတ်တယ် ဆိုတာ နေ့စဉ် ကားစီးနေကျမို့ ကျွန်တော် သိနေပြီး ဖြစ်၏။ တတိယ မှတ်တိုင်မှာတော့ ဘတ်စ်စီးဖို့ ကားပေါ်တက်လာသော ချောချော ၊ ဖြောင့်ဖြောင့် ၊ တောင့်တောင့် ၊ မိုက်မိုက် ၊ လန်းလန်း ကောင်မလေး တစ်ယောက် တက်လာ၏။ အနှီ ကလေးမ ကျွန်တော့် နဘေးနားမှာ ရပ်နေတုန်း ရှိသေး။ အခုနက တုန်ချိနေသော တုတ်ကောက်ဖြင့် အန်ကယ်က ချက်ချင်းပင် ပြောင်းလဲ သွားကာ . . . ရင်ကော့ ၊ ခေါင်းမော့ ၊ ခါးမတ်ကာ . . . .

           “ လာ . . ကလေးမ  လာထိုင်လိုက် ၊ အစ်ကိုကြီးက ရှေ့ဆို ဆင်းတော့မှာ ”

          ဆိုကာ သူ့မွေးရင် သူ့မြေးလောက် ရှိသော ကောင်မလေးကို သူ့ကိုယ်သူ အစ်ကိုကြီး နာမ်စားသုံးကာ ထိုင်ရာ နေရာကို လေဖြင့် ရောင်းပြီး ၊ မျက်စိတညောင်း ထိုကောင်မလေးကို အပေါ်စီးမှ မိုးကြည့် နေလေတော့သည်။ ထိုနေ့ကတော့ ကျွန်တော့်ရင်မှာ ခံစားရခြင်းလည်း မဖြစ်မိပါ။ မနာလိုလည်း မဖြစ်မိပါ။ ဒါပေမဲ့ တစ်ခုခုနဲ့ ကိုင်ရိုက်ခံထားရသလို ဖြစ်ညှစ် နာကျင် နေမိသည်။

           ဒီနောက်မှာတော့ ကျွန်တော် ရိုးရိုးစင်းစင်းလေး တစ်ခုသာ စဉ်းစားမိလိုက်ပါတော့သည်။

“ ငါ ကူညီတာ အရာမှ ရောက်ရဲ့လား ”




      “ ဝုန်း ”

          ဘတ်စ်က ဘယ်လိုမှ ရှောင်၍ မလွတ်သော ချိုင့်ကြီးကို အရှိန်ဖြင့် ကျသွားကာ ပြန်ရုန်းတက်လာပြီး ကားလမ်းမပေါ် အလျားလိုက် ဆောင့်အောင့်ကာ ပစ်ကျ၏။ ဒါဆို ကျွန်တော် သိလိုက်ပြီ။ ကျွန်တော် အလုပ်သို့ သွားရာလမ်း ရှိသော မှတ်တိုင်ကို ရောက်ရန် နှစ်မှတ်တိုင်မျှသာ လိုပေတော့မည်။

          ဘတ်စ်ပေါ်မှ လူတွေ အားလုံးရဲ့ စိတ်ထဲမှာတော့ ဘတ်စ်ရဲ့ တံခါးဘောင်ကို မှီကာ ဇက်ကျိုး အိပ်ငိုက်၍ လိုက်ပါလာသော ကျွန်တော်ဟာ ညက အတော်ကို အိပ်ရေးပျက်ထားသော လူတစ်ယောက်ဟု ထင်ချင် ထင်နေပါလိမ့်မည်။ တကယ်တော့ ကျွန်တော်က ဒီလို မဟုတ်ပါ။ ဒီလို မဟုတ်ကြောင်းလည်း ကျွန်တော် ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုတော့ပါ။ ရှေ့နှစ်မှတ်တိုင်မှာ ကျွန်တော် ဆင်းရတော့မယ် မဟုတ်ပါလား။

           ဘတ်စ်ပေါ်မှ ဆင်းရန် ပြင်စရာ ရှိသည်ကို ပြင်ဆင်ကာ ဆင်းရန် ထွက်ပေါက် ရှိရာသို့ တိုးထွက်ရန် ထရပ်လိုက်ရင်း ဘတ်စ်ကားပေါ်မှာ ရှိနေသော ထိုင်ခုံရ လူတန်းစား အားလုံးကို မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်မိ၏။ ဒီအချိန်မှာ ဘတ်စ်ထဲမှာ ရှိသော ထိုင်ခုံရ လူတန်းစားများ အားလုံးက ဘတ်စ်ရဲ့ ပြတင်းပေါက်ဘောင်ကို လည်းကောင်း ၊ ထိုင်ခုံရဲ့နောက်ကျောမှီခုံကို လည်းကောင်း မှီကာ ကိုယ်စီကိုယ်ငှ အသီးသီး အိပ်ပျော်သူက ပျော် ၊ မျက်လုံး မပွင့်နိုင်အောင် အိပ်ငိုက်သူက ငိုက်နေကြလေတော့သည်။

          သူတို့ကို ကျွန်တော် တစ်ချက်လှမ်းကြည့်ရင်း ကျွန်တော် တစ်ခုခုကို သိလိုက်သလို ဖြစ်မိသည်။ ဒါပေမဲ့ ဖော်ပြ၍တော့ မပြောပြတတ်။ သူတို့ အားလုံးသည် သူတို့ ဆင်းရမဲ့ မှတ်တိုင် နှစ်တိုင် အလိုလောက်မှာ ဘယ်သူမှ သတိပေး ၊ နှိုးစရာ မလိုဘဲ အလိုလို သတိတရ နိုးလာကြလိမ့်မည်။ ပြီးတော့ ဆင်းဖို့ ပြင်ဆင်ရင်း ကျွန်တော့်လိုပဲ ထိုင်ခုံရ လူတန်းစားတွေကို မျက်လုံး တစ်ချက်တော့ ဝေ့ကြည့် ဖြစ်ပေလိမ့်မည်။ ပြီးတော့ သူတို့လည်း ကျွန်တော့်လို တွေးမိကြပါလိမ့်ဦးမည်။

          နောက်တော့လည်း နေ့ရက် တစ်ရက် ကူးပြောင်းသွားပါလိမ့်ဦးမည်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဒီနေ့ နေဝင် ပြီးသောအခါမှာ မနက်ဖြန် နံနက် မိုးသောက် အလင်းရောက် လာရဦးမည် မဟုတ်ပါလား။



            တကယ်တော့ . . .

           လူတွေသည် သာမာန် အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော်  . . .  အခြေအနေ တစ်ရပ်ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲ သွားတတ်ကြပါသည်။




*** လွန်ခဲ့တဲ့ ၅ လလောက်က ရေးထားတဲ့ ဝတ္ထုလေးပါ။ အခြေအနေ အရ အခုမှပဲ တင်လိုက်ပါတော့တယ်။ ***

လေးစားစွာဖြင့်
ကိုဇော်
15.3.2011

Share/Bookmark

34 ယောက် ရဲ့ ထင်မြင်ချက်:

aung zin said...

အင်းးးးးကူညီ၇တာလဲမလွှယ်ဘူးနော့

rose said...

အစ အဆုံး သေချာ ဖတ်သွားတယ် ကိုဇော်။ အဲ့ဒီ ၀တ္ထုထဲက ဇာတ်ဆောင်က လူတွေကို ကူညီပေး ပေမယ့် သူ ကူညီတာ အရာ မရောက်လို့ နောက်ပိုင်းမှာ ဘတ်စ် စီးရင် အိပ်ငိုက်ချင်ယောင်ဆောင် တာလားပာင်။ အဲ့လို နားလည် လိုက်တယ်။ အဲ့ဒီလိုပဲ ဘတ်စ် ပေါ်မှာ ကလေး ထားခဲ့တဲ့ မြန်မာ ရုပ်ရှင်ကား တစ်ခု ရှိတယ်လေ။ ကြာပြီ။ နာမည်တော့ မမှတ်မိတော့ဘူး။ အရိုင်းရယ်၊ ဇော်ဝမ်းရယ်၊ ထက်ထက်မိုးဦးရယ် ပါတယ်။ အရိုင်းက အဲ့လိုပဲ ကိုဇော် ရေးထားသလို ဘတ်စ် အပေါ်မှာ ကလေး အမေ တစ်ယောက်ကို ကူပြီး ကလေး ချီပေးထားတာ နောက် ကလေး အမေက ပြန်လာ မခေါ်ဘဲ ထားသွားလို့ အရိုင်းက အိမ်ခေါ်သွား ရတယ်။ နောက် အရိုင်းတို့ နေတဲ့ လမ်းထဲက ဇော်ဝမ်းကြီးက ချမ်းသာပြီး ကပ်စေးနဲတဲ့ သူလေ။ ဦးဇော်ဝမ်းက ကလေးကို ဆက်မွေး နိုင်ဖို့ ငွေလှူတယ်။ ထက်ထက်မိုးဦးနဲ့ အရိုင်းတို့ လက်ထပ်ပြီး ကလေးကို မွေးစားလိုက်တယ်။ ကိုဇော်က အဲ့ဒီ ရုပ်ရှင်ကို မှီငြမ်းပြီး ရေးထားတာလား။ ခိခိ :D ဒါမှ မပာုတ် အဲ့ ရုပ်ရှင်က ကိုဇော် ရေးထားတာကို ရုပ်ရှင် ရိုက်လိုက် တာလား။ အပီားးး ကွန်မန့်က အရမ်း ရှည်သွားပြီ။

http://redroseofburma.blogspot.com/

ကိုဇော် said...

သူ ကူညီတာနဲ့ လူတွေဆီက ပြန်ရတာကြောင့် နောက်ဆုံးမှာ ဘယ်သူကမှ မကူညီချင်တော့ဘဲ အိပ်ချင်ယောင် ဆောင်နေကြတယ်လို့ အားလုံးကို မြင်လို့ ရေးလိုက်တာပါ။ အရိုင်းတို့ ဇာတ်လမ်းကို မမှီငြမ်းပါဘူး။ သူ့အဖြစ်က ဒီဝတ္ထုရဲ့ အကွက်လေး တစ်ကွက် အနေနဲ့ပဲ ပါတာလေ။ အရိုင်းတို့ ဇာတ်လမ်းက အပြင်လောကကနေ ဗီဒီယို ဖြစ်လာတာ။ ဘတ်စ်တွေ စီးတိုင်း အဲဒီလို အဖြစ်တွေ ကြုံဖူး ၊ မြင်ဖူးလို့ ရေးမယ် ဆိုပြီး တေးထားခဲ့တာ။

တကယ်ပြောချင်တာက လူတွေ စိတ်ထားတွေ ပြောင်းလဲတယ် ဆိုတာ ဒီလိုလူတွေ ကြောင့် ပြောင်းလဲ သွားကြရတာလို့ ပြောချင်တာပါ။

အလွမ်းမြို့လေး said...

ခလေးအမေကိုများ လိုက်ခေါ်ပြီး ခလေးလိုက်ပေး နေသေးတယ်။ညီမဖုန်းနံပါတ် ရှိသား။ဖုန်းဆက်လိုက်ပေါ့။ လာခေါ်မွေးစားမှာပေါ့။ ဟွန်း...

မိုးခါး said...

လူတွေက တခါတခါမှာတော့ တော်တော်လေးကို စိတ်ကုန် စိတ်ပျက်စရာ ကောင်းပါတယ် .. တခါတလေကျ လူတချို့ဆိုးသွားတာဟာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ အများကြီး ပါသွားတတ်ပြန်ပါတယ် .. စိတ်ထား ညီညီမျှမျှနဲ့ ကိုယ်ချင်းစာစိတ်လေး ကိုယ်စီမွေးနိုင်ရင် ကောင်းမှာပဲ ..

စာဖတ်ပြီး ပြောချင်တာတွေ များသွားတယ် .. ဒါပေမယ့်လဲ ရပ်လိုက်တော့မယ် .. စိတ်ကုန်လွန်းလို့ .. :D

sosegado said...

နောက်ခါ ဘတ်စ်ကားပေါ်မှာ ခဏကိုင်ပေးပါဆို သတိထားမှ၊
ဘယ်လိုပြောရမလဲမသိဘူး၊ လုပ်စားကြပုံလေး၊ အကူအညီပေးချင်တဲ့စိတ်ကိုတောင် ပျောက်သွားစေနိုင်တယ်၊

noblemoe said...

အင်းးးးးးးးးးး
မလွယ်ပါလား
အစွပ်စွဲခံရ ကလေးရှူးရှူးနံ အမလေးမတွေးရဲဖူး ဘယ်လောက်တောင် ခံစားရမလဲနော် တခါတခါလောကကြီးကအရောင်ပြောင်းလိုက်တော့ တကယ်ရိုးရှင်းတဲ့သူတွက် စိတ်မကောင်းစရာ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ဘာပဲဖြစ်ဖြစ် ကူညီတတ်တဲ့စိတ်ကလေးက ကောင်းပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာ စေတနာကို ဝေဒနာဖြစ်သွားတတ်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ပြောင်းလဲတတ်တာတေ့ လူ့သဘာဝမို့ အဲဒိပြောင်းတတ်တဲ့ သဘာဝကို ပြောင်းလဲနိုင်တဲ့ ပညာရပ်မပေါ်သေးပါဘူး။ အောင်မြင်ပါစေ။ စေတနာပန်းခင်း။

...အလင်းစက်များ said...

အံ့သြောစရာပဲကိုဇော်ရေ... ဘာလို့ များ ဒီလောက် တိုက်ဆိုင်နေပါလိမ့်ဗျာ... ကိုယ့်ကိုများ ထိုင်ကြည့်ပြီးရေးသလား မှတ်ရတယ်.... တစ်ခုရှိတာက ကျနော် သတိလွတ်တဲ့ အချိန်နည်းသဗျ.. ကျနော်ကိုင်ပေးထားတဲ့ ပစ္စည်းရှင်မှန်သမျှ (ဘယ်လောက် ကားကြပ်ကြပ်) မှတ်မိတယ်... ဘာလို့ ဆိုတော့ ... အဟီး ပြောရမယ်ဆိုရင်တော့ ခဏခဏ ခံလိုက်ရဘူးလို့ ပေါ့ဗျာ..... တစ်ခါတုန်းကဆို ထမင်းချိုင့်လာယူတဲ့ လက်တစ်ချောင်း ချက်ချင်းရိုက်ချပစ်ဖူးတယ်... အားလုံးဝိုင်းကြည့်ကြတာဗျာ... ကျနော့ကို ရိုင်းစိုင်းတဲ့ကောင်ပေါ့.... နေပစေ.. ကျနော် သောက်ဂုကို မစိုက်တာ... ဘာလို့ ဆိုတော့ ထမင်းချိုင့်ရဲ့ တစ်ကယ့် ပိုင်ရှင် အစစ်က ကောင်းရှေ့ဖက်နားမှာ ထိုင်ခုံရလို့  ထိုင်ပြီး သူဆင်းခါမှ ယူမယ်လို့  လက်ဟန်ခြေဟန်နဲ့  ပြထားပြီး ၂ ယောက်သား နားလည်လို့ ပါပဲ...

ဟားဟား ကိုဇော်ကျနော့်ကိုများ လာချောင်းကြည့်ထားသလားဗျာ...

...အလင်းစက်များ said...

ကားရှေ့ဖက် ရေးတာ ... ကောင်းရှေ့ဖက် ဖြစ်သွားတယ်... ဆောရီး

အိပ်ချင်နဲ့မူးတူး ဝက်ဆလူး said...

ဘိုးဇော်ရေ ...
“စေတနာ သည် လူတိုင်းနဲ့ မတန်” တဲ့ အဲဒိ စကားလေးရှိတယ်မားးးးးးးးး

သိရင်လဲ ပြီးရော
(အန် ... ဘူမှ ဘာမှ မပြောရသေးဖူးလေ)

မသိဖူး များ ထုမှ နိုးတာ အိပ်ချင်နဲ့မူးတူး စာလာဖတ်တာ နောက်ဆို like button ထားထား ဒါဆို တခါတည်း like လို့ရဘီ ဟွင့်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အင်း----တစ်ခါမကခံရတောင်ကူညီချင်သေးတယ်ဆိုတဲ့
စိတ်ကလေးကိုတော့ဖြင့်စိတ်ထဲကြိတ်ပြီးချီးကျူးလိုက်ပါ
တယ်-ဒီပို့စ်ကိုဖတ်ပြီးမကူညီတာပိုကောင်းမယ်လို့လည်း
တွေးထားမိပါသည်။အိပ်ထဲပိုက်ဆံကလေးကုန်တာက
အကြောင်းမဟုတ်ဘူး-တော်နေကြာဂျေးထဲရောက်နေမှခက်
ပြီဗျို့ -

ဆွေလေးမွန် said...

အဲလိုမျိုးတော့ ရန်ကုန်မှာ ခဏခဏ ကြုံရတယ်။ ဒါပေမယ့် ခုထိ မှတ်သေးဘူး။ရှေ့မှာတွေ့နေတော့လဲ
စိတ်က မနေနိုင်ဘူး။ လူအမျိုးမျိုး စိတ် အထွေထွေပေါ့ လေ။

ahphyulay said...

အင်း ..
သိပ်ကောင်းတယ်၊ ဖတ်လို့ ။
ပြောချင်တာ အဖြူကို မည်သူအနက်ဆိုးသနည်း..လို့ ။
အဖြူ ဆိုတာက ပင်ကို ဖြူစင်တဲ့ အရောင်လေးလေ။
ဒါပေမဲ့ အရောင်အမျိုးမျိုးဖြစ်ပေါ်လာအောင် အဲ့ ဒီ
အဖြူလေး( ကျွန်တော်မဟုတ်)မပါပဲနဲ့ ဖြစ်မလာနိုင်
သလို၊ အဖြူရောင်ကြောင့် လည်းကျန်အရောင်တွေ
ပါ ပြောင်းလဲရပါတယ်လို့ ၊
ဘယ့် နှယ်ရှိစ ၊ ကော်ကော်ဇို ...။
ခင်တဲ့  ..
အဖြေးလူ ။

အက္ခ၇ာ said...

ကူညီတက်တဲ့စိတ်ကိုလေးစားပါတယ်
နေရင်းထိုင်ရင်းအိတ်ထဲကပိုက်ဆံခုန်ထွက်တာမျိုးကတော့
ရှောင်ကြဉ်စရာနော်
တော်သေးတာပေါ့ ကိုဇော်.... ကလေးမခေါ်လာခဲ့ရတာပဲကံ
ကောင်း ဟားဟား..........

Anonymous said...

တစ်ခါတစ်လေတော့လည်း
ကူညီရတာ ဒေါသထွက်ဖို့
ကောင်းသလိုပဲ...
ဒီလိုပါပဲ ...
လောကကြီးမှာ လူအမျိုးမျိုးပေါ့ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

အင်းနော် အဲလိုမျိုးဆို ဘယ်ကူညီချင်ပါတော့မလဲနော်။
နားလည်ရ ခက်တဲ့ လောကကြိးနော်။
ကျေးဇူးပါအကို။ဖတ်ခွင့်ရလို့။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။.

PhyoPhyo said...

တချို့ကျတော့ .. ရော့ အင့် ကိုင်ထားပေးပါဦးဆိုပြီး ဆောင့်ကြီးအောင့်ကြီးပေးတဲ့သူမျိုးလည်း ရှိသေးတယ်၊ တစ်ခါတစ်လေ ကိုယ့်ချိုင့်ရယ် ကိုင်ခိုင်းထားတဲ့ ချိုင့်တွေရယ် အများကြီးပဲ လက်တောင်နာတယ် :D ဘတ်စ်ကားစီးရုံးသွားခဲ့ရတဲ့အချိန်လေးတွေ သတိရသွားတယ်
ချမ်းမြေ့ပါစေ

တောက်ပကြယ်စင် said...

ကိုဇော်ရေ ဦးဇင်းက လိုင်းကားကို အမျိုးမျိုးပတ်စီးလာခဲ့ရသူဆိုတော့ (ခုလည်း စီးနေရတုန်းပါပဲ) ကိုဇော်ရေးထားတာကို ဖတ်လိုက်တော့ မျက်စိထဲ ထင်းခနဲ ထင်းခနဲပေါ်တယ်ဗျ မကူညီလည်းခက် ကူညီလည်း ခက်နေပြန်ရောလား။ ကိုဇော် နောက်တစ်ခါကျရင် ထမင်းချိုင့်ကိုင်ခိုင်းရင် ကိုင်ခိုင်းတဲ့လူကို အစအဆုံးသေသေချာချာကို ကြည့်ထားလိုက်ပေါ့ နို့မို့ရင် မှားပေးဦးမယ် လူကြပ်နေရင်လည်း မလွယ်သေးဘူးနော် အဟင့်...ဒုက္ခအကြီးစားပါလားနော်။ အဲဒီလိုမျိုးတော့ မကြုံဖူးသေးဘူး။ ဦးဇင်းကြုံဖူးတဲ့ ဒုက္ခက ဦးဇင်းက မျက်မှန်သမားလေ နွေအခါဆိုရင် အရမ်းအိုက်၊ လူတွေကပြည့်ကြပ်၊ ချွေးတွေကထွက်ဆိုတော့ မျက်မှန်ကို တတောင်ဆစ်တွေ ထိထိမိကြတယ်။ တစ်ခါတုန်းကဆို ပြုတ်တောင်ကျသွားဖူးတယ်။ ရှက်တာ မှန်းတမ်းပြီး ပြန်ကောက်တဲ့အချိန်မှာ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

မောင်မျိုး said...

ဖြစ်တတ်ပါတယ် ကျနော်ကတော့ ဒီထဲကလိုမဖြစ်ဖူးပေမယ့် တစ်ခါခါ ကိုယ့်စေတနာတွေက အပိုတွေလိုဖြစ်သွားတတ်လို့ စိတ်ညစ်ရတဲ့ အခါတွေလည်းဖြစ်တတ်သွားတယ် နောက်ဆုံးတော့လည်း အခြေနေကို သေချာကြည့်ပြီးမှပဲ ကူညီဖြစ်တော့တယ် သူတို့တွေ ကိုယ့်အကူလိုတယ်ထင်မှပေါ့း)

IDIOT-Ki said...

စေတနာမှ ဝေဒနာဖြစ်သွားကြတတ်တဲ့ အထဲမှာ ဘတ်စ်ကားပေါ်က ဇာတ်လမ်းတွေလည်း အများကြီင်္းပါလား ကွယ်ရို့ ....
ဒါကြောင့်ပြောကြတာ.. ခြေနှစ်ချောင်း မကယ်ကောင်း တဲ့.. (ဒီလိုပြောတော့လည်း လူမဆန်ဘူး လို့ ထင်ကြအုံးမယ် ..တကယ်ဆိုတော့ ကိုယ့် အကြောင်း နဲ့ ကိုယ်တွေ ချည်းပါပဲ ။စေတနာကောင်းနဲ့ ကူညီတော့လည်း ကုသိုလ် ရ မှာ ပေါ့ လို့ ဖြေသိမ့်လိုက်တာပဲ ကောင်းမယ်..)
အဲ့လို နဲ့ ကောက်ရတဲ့ ကလေးတွေ ဘယ်နှစ်ယောက်တောင် ရှိပြီလည်း ..း))

blackcoffee said...

လူတွေလူတွေ တကယ်ခက်တဲ့ လူတွေလို့ သာ ပြောလိုက်ချင်တော့တယ် ကိုဇော်ရယ်။ တကယ်တော့ ကိုဇော်အဖြစ်က ကျွန်တော့် ထက်တောင် ဆိုးနေသေးတယ်။

မိုးယံ said...

ခက်တယ်ခက်တယ်.. လူတွေကခက်တယ်... မိုးယံက မလွယ်ဘူး.. အို ၀ူး.. မိုးခါးရေ မိုးခါးရေ...

တေလေ၂၀၁၂ said...

ဟုတ်တော့လဲဟုတ်ပါတယ်
ဒါပေမဲ့ ဒါပေမဲ့ပေါ့ အကို
တကယ်အကူညီလိုနေတဲ့သူတွေ
ကါးပေါ်မှာေ၇ာ အပြင်မှာပါ၇ှိကြပါတယ်
ကြူံ၇င်တော့တက်နိုင်၇င်ပေါ့ အကူညီပေးသင့်တယ်လို့ထင်နေတုန်းဘဲ
ဒီလိုပါဘဲ ...လေးစားလျက်

အလွမ်းမြို့လေး said...

ဖတ်တာပေါ့။ စေတနာက အရာရောက်လား မရောက်လား တော့မသိရင်ဘတ်မှာဒဏ်ရာက ရှိသေးတယ်။အဟဲ။ နောက်ဆို လိုက်မကူညီတော့ဘူး။
အကူညီဘဲ လိုက်တောင်းတော့မယ်။ ဟိဟိ

ma ma said...

ကိုဇော် လေးစား၏
တွေးတတ်ရေးတတ်လိုက်တာ.....

လာ ကလေးမ လာထိုင်
အကိုကြီးးရှေ့မှတ်တိုင်ဆင်းမှာတဲ့လားးး

Anonymous said...

The country where I live now has a law to protect those who are fragile, old, and disabled. Passengers have to leave a seat emptied or give it up for those when people with above situation come on board. Even though we have such law, I've seen some people who are reluctant to give up their seats. Bottom line here is that when we help others, should we expect to receive something in return? I don't think we should change our attitude just because of an unpleasant thing happened to us after giving a hand to others. When we help others, we are satisfied with our delight which comes from bottom of our hearts. I, therefore, disagree with your idea.

ကိုဇော် said...

Agree ???
Disagree ???
Up to u.
U r right only for u.

Anonymous said...

Hello Ko Zaw,
When I wrote my comment above, I did not mean to say that your idea was wrong. My thinking is that "What is going to happen if we stop helping each other when needed most?" As Tan Ta wrote his comment in Switchnode, I just wanted to explore my different view after reading your article. It was a constructive criticism and not a destructive one. If I did not mention it very well, I would like to apologize for my comment. May you continue to write many blogs and deliver messages for thought.

Anonymous said...

မင်္ဂလာပါခင်ဗျာ..စာတွေဖတ်သွားပါတယ်.. ဒါပေမယ့် အကို့မိုးခါးသောက်သူများကို သဘောမကျမိဘူးဗျာ..လွတ်လပ်စွာကွဲလွဲခွင့်လေးအနေနဲ့ပြောမိတာပါ.. သဘောမကျရင်လဲ တောင်းပန်ပါတယ်..ဘာလို့ဒီလိုပြောတာလဲဆိုတော့ ကျွန်တော် အဲ့ပို့စ်ဖတ်ပြီးတော့ အောက်က comment တွေကို ဖတ်ကြည့်တယ်..တော်တော်များများက ကူညီရမှာကိုကြောက်သွားကြသလိုပဲဗျာ အဲ့လိုမျိုးတော့ လူတွေကို အတွေးမရောက်စေချင်လို့ပါ..ကိုယ့်ထက်အသက်ကြီးတဲ့သူ အဘိုးအဘွားကြီးတွေ ကလေးအမေတွေ ဒါတွေကိုတော့ နေရာပေးရမှာပဲလေ ကလေးထားခဲ့မှာကြောက်ရင် ကလေးအမေပါနေရာပေးရမှာပေါ့ဗျာ အဲ့လိုလေးတွေးစေချင်တာပါ ချိုင့်ပြဿနာတက်မှာစိုးရင် အဲ့ဒီကောင်မလေးကိုပါ နေရာပေးထိုင်ရမှာပေါ့ ဒီလိုလေးဆိုရင် ပိုအဆင်မပြေဘူးလားဗျာ..အဲ့လိုလေးဖြစ်စေချင်လို့ပြောမိတာပါ.. တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ...

ကိုဇော် said...

ဒီမှာ လာတင်ပေးလို့ ကျေးဇူးပါပဲ တမ်းတ။

ကျနော်ကလည်း ဒီပို့စ်ကို ဒီလိုလူတွေ ၊ ဒီလို ပတ်ဝန်းကျင်ကို မကြိုက်လို့ ရေးတာပါ။ ဒီစာကို ဖတ်ပြီးတော့ ဒီလိုလူတွေရော ၊ ဒီလိုလူတွေကို ဖြစ်စေခဲ့တဲ့ ပတ်ဝန်းကျင်ကိုရော မြင်သာစေချင်လို့ပါ။ တမ်းတလည်း နောင်တစ်နေ့ ဒီလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကြောင့် မပြောင်းလဲပဲ ကလေးကို ကူညီချင်ရင် အမေကိုပါ နေရာပေး ၊ သူများကို ကူညီချင်ရင် ကိုယ်က အနစ်နာခံနိုင်ပြီး နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်သော နိုင်ငံသားကောင်း ဖြစ်ပါစေဗျာ။

နိုင်ငံအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်သူ ဖြစ်ပါစေဗျာ။

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုဇော် ။

ဒုတိယလူ said...

ရသ တစ်ခုအနေနဲ့ပဲ ကျွန်တော် မောင်ဒု
ပိုးစီုးပက်စက် ခံစား သွားပါတယ်ဗျာ...

သူရဇော် (မှတ်စု) said...

ဒီလိုအဖြစ်မျိုးတော့ မကြုံဖူးသေးဘူး ကိုဇော်ရေ..ဒါပေမယ့် ကားပေါ်မှာ ခရီးသည်တစ်ယောက် ခါးပိုက်နိုက်ခံရလို့ ရဲစခန်းကို ခရီးသည်တွေအားလုံးသွားပြီး စစ်ဆေးခံရတာတော့ ၂-ခါကြုံဖူးတယ်။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.