မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 March 2011

19 ဆေးစက်ကျရာ . . . . .



 
( နိဒါန်း )

       ဟိုး . . . ကျောက်ခေတ်က ကျောက်နံရံပေါ်မှာ ကျောက်သား ( သို့ ) အခြားသော အစိုင်အခဲ တစ်ခုခုနဲ့ ရေးခြစ်ရင်း နေမင်းပုံ ၊ လဝန်းပုံ ၊ လူပုံ ၊ ခွေးပုံတို့ကို ရေးဆွဲခဲ့ကြရာကနေ ပန်းချီ ဆိုတာ အစပြုလာခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။ လူတစ်ယောက်ရဲ့ မွေးရာပါ ပန်းချီ ဗီဇကို သင်ယူမှ တတ်မြောက်သူက ယှဉ်လို့ မရနိုင်ဘူးလို့ ကျွန်တော် ထင်မိတယ်။ 

      ကျွန်တော် အထက်တန်း ကျောင်းသား ဘဝတုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ဘယ်ပန်းချီ ကာတွန်း သင်တန်းမှ မတတ်ဖူးပါ။ ဒါပေမဲ့ မွေးရာပါ ပန်းချီ အမြင်တော်သူ တစ်ယောက် ဖြစ်တယ်။ သူ ရေးဆွဲသော ပန်းချီ အတော်များများထဲမှာ သူ တစ်ခါမှ မမြင်ဖူးသော ပုံတွေလည်း အံ့သြလောက် ဖွယ်ရာ ပါနေတတ်တယ်။ တစ်ခုခုကို ကြည့်ပြီ ဆိုရင်လည်း ထိုအရာကို စေ့စေ့စပ်စပ် ၊ အရပ် ဆယ်မျက်နှာမှ လှည့်ပတ်ကာ ကြည့်တတ်တယ်။ ဒါကို ပန်းချီအမြင်လို့ ခေါ်လေမလား။

       တစ်နေ့တော့ သူနဲ့ ကျွန်တော် ကျောင်းခန်းထဲမှာ ထိုင်နေတုန်း သူက ကျွန်တော့်ကို မေးတယ်။ ခရစ္စမတ် ဘိုးဘိုးကြီးရဲ့ ပုံစံက ဘယ်လိုလဲ တဲ့။ အဲဒီအချိန်က ဒီဇင်ဘာ ဆိုတော့ ခရစ္စမတ်နဲ့လည်း နီးနေလို့ သူက အဲဒီဘိုးဘိုးကြီး ပုံကို စာရွက်မှာ ခဲတံနဲ့ ဆွဲချင်တယ် လို့ ဆိုလာတယ်။ ကျွန်တော် ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးသော်လည်း သူ့ကို မြင်သာ ပုံပေါ်အောင် မပြောပြတတ်ပါ။ 

         ဒီလိုနဲ့ နှစ်ယောက်သား အတီးအတနဲ့ တွေဝေနေတုန်း ကရင် ခရစ်ယာန် သူငယ်ချင်း “ ဂျအိမ် ” ကို တွေ့လိုက်ရတော့ ခေါ်ကာ ဘိုးဘိုးကြီးရဲ့ ပုံစံကို ရုပ်လုံးပေါ်အောင် ပြောခိုင်း ရပါတော့တယ်။ ဂျအိမ်ရဲ့ ပြောပြချက်ကို သူက ခဏ စူးစိုက်စွာ နားထောင်ပြီး စာရွက်ဖြူလေးပေါ်မှာ သူ့ရဲ့ ခဲခြစ်တွေ ကျလာပါတော့တယ်။ ခဏကြာတဲ့ အခါမှာ ခရစ္စမတ် ဘိုးဘိုးကြီး ရဲ့ ခဲခြစ် ပုံတူလေးကို သူ့ရဲ့ စာရွက်ပေါ်မှာ တွေ့ရပါတော့တယ်။

        ကိုယ့်မျက်စိရှေ့မှာ ဟိုခြစ် ဒီခြစ်နဲ့ ခြစ်သွားလိုက်တာ နောက်ဆုံးတော့ လှပတဲ့ ပုံတစ်ပုံကို တွေ့လိုက်ရတဲ့ အတွက် ဝမ်းသာ ပျော်ရွှင်ခြင်းတွေကို ကျွန်တော်နဲ့ ဂျအိမ် အတူတူ ခံစားလိုက်ရတယ်။ ဂျအိမ်က သူ့ကို ပြောတယ်။ “ နင်ကလည်း တော်လိုက်တာ ၊ ဆေးစက်ကျရာ အရုပ်ထင်တာပဲနော် ” လို့ ချီးမွမ်းတော့ သူက ခပ်ပြုံးပြုံးပဲ လုပ်နေပါတယ်။ ခဏနေတော့ ဂျအိမ်ကို သူက အဲဒီ ကာတွန်းလေးကို လက်ဆောင် ပေးလိုက်ပြီး ကျွန်တော့်ဘက်ကို လှည့်ကာ ရှင်းပြပါတယ်။

        “ တကယ်တော့ သူ ပြောသွားသလို ငါက ဆေးစက်ကျရာ အရုပ်ထင်နိုင်တဲ့လူ မဟုတ်သေးပါဘူးကွာ။ ပန်းချီ ပညာမှာ ရေဆေး ၊ ဆီဆေး ၊ ခဲပုံတူ အစရှိသဖြင့် ရှိနေပေမဲ့ တကယ်တော့ ဆေးစက်ချပြီး ပုံဖော်တဲ့ ပန်းချီက အခက်ဆုံးပဲကွ။ ” လို့ ဆိုပါတယ်။ ပန်းချီပညာကို နဂိုကတည်းက နားမလည်သော ကျွန်တော် သူပြောတာကိုလည်း သဘော မပေါက်ပါဘူး။ ဒီတော့ သူက ဆက်ရှင်းပြပါတယ်။

       “ ဒီလိုကွ  ၊ စက္ကူပြားလေးပေါ်မှာ စုတ်တံ ၊ ခဲတံ ၊ ဓါးခြစ် ၊ ကော်ကပ် မျိုးစုံနဲ့ ပန်းချီကို ပုံပေါ်အောင် ဖော်ကြပေမဲ့ ဆေးစက်ချနည်းနဲ့ ပုံဖော်တာကတော့ ပိုထူးဆန်းတယ်။ ခက်လည်း ခက်ခဲတယ်။ သူက ပန်းချီပုံကို ပေါ်ဖို့ စုတ်တံ ၊ ဓါး ၊ ကော်တွေကို သုံးတာ မဟုတ်ဘူးလေ။ သူက သူ့အတိုင်းပဲ ဆေးစက်လေး ကျပြီးတော့ ပုံဖော်ရတာ။

        ဒီနေရာမှာ ဆေးစက် နည်းနည်းချရမယ် ၊ ဟိုနေရာမှာ ဆေးစက် များများချရမယ်။ ဒီလိုတွေနဲ့ ဆေးစက်ကြီးငယ်လေးတွေ အားလုံးလည်း ပေါင်းလိုက်ရော နောက်ဆုံးမှာ ပန်းချီကား ဖြစ်လာတာပဲ။ ဆေးစက် တစ်စက်ချင်း ကြည့်မယ် ဆိုရင်တော့ နီ ၊ ဝါ ၊ ဖြူ ၊ ပြာ ဆိုပြီး အရောင်စုံ ဆေးစက်တွေပဲ တွေ့ရမှာပဲ။ ဒီလို ဆေးစက်တွေ အားလုံး ပေါင်းလိုက်မှ ဆေးရောင်စုံတဲ့ ပန်းချီကား တစ်ချပ် ဖြစ်လာတာ။

        ဒီတော့ ကျသင့်တဲ့ ဆေးစက် နေရာမှာ မကျသင့်တဲ့ ဆေးစက်က ကျသွားရင် ကိုယ့်ရဲ့ ပန်းချီကို ထိခိုက်စေတယ်။ ဆေးစက် တစ်စက် နှစ်စက် လောက်နဲ့တော့ ဆေးစက်ပေါင်း ထောင်နဲ့ ချီနေတဲ့ ပန်းချီကား တစ်ချပ်မှာ သိပ်ပြီးတော့ မသိသာဘူးပေါ့။ ဒါပေမဲ့ ဆေးစက်ကျရာ နေရာ အမှားတွေ များလာရင်တော့ အဲဒီ ပန်းချီကားက ပျက်ဆီးသွားတော့တာပဲ။

       ဒါကြောင့် လူတွေ ပြောပြော နေတဲ့ ဆေးစက်ကျရာ အရုပ်ထင်ရတယ် ဆိုတာ ဆေးစက်ကျရာကို ပန်းချီပုံပေါ်လာအောင် ပြင်ဆွဲလိုက်တာ မဟုတ်ဘူး။ လိုအပ်တဲ့ နေရာမှာ လိုအပ်တဲ့ ဆေးစက်ကလေးတွေ ရောက်ရှိအောင် ထည့်သွင်းနိုင်တဲ့ ပညာရပ်ကို ဆိုလိုတာ။ ဒီဆေးစက်ချ ပန်းချီ ပညာကတော့ အရမ်းကို ခက်ခဲသလို အရမ်းကိုလည်း ပညာပါလွန်းပါတယ်။ ဒါကြောင့် ဒီခေတ်မှာ အတော်ကို တိမ်ကောသွားပြီ။ ”

         ဒီလို ကျွန်တော့် သူငယ်ချင်းက ရှည်ရှည်ဝေးဝေး ရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပန်းချီပညာ ဆိုရင် ငယ်ငယ်က အဝိုင်းလေး အထက်အောက် နှစ်ခု ပူးထပ်ပြီး မျက်လုံးတပ် ၊ နားရွက်တပ် ၊ ပါးစပ်တပ် ၊ အမြီးတပ် ဆိုပြီး ကြောင်ပုံ လိုက်ဆွဲခိုင်းရင်တောင်မှ အမြီးကျန်ခဲ့လို့ အရိုက်ခံရအောင် ပန်းချီပညာမှာ ပါရမီ ပါသော ကျွန်တော်က သူ ပြောပြသလောက်သာ သိခဲ့ရပါတယ်။ ဒီထက်တော့ ကျွန်တော် ရှည်ရှည်ဝေးဝေး လိုက်မလေ့လာဖူးပါ။

         သူပြောပြသမျှ “ ဆေးစက်ကျရာ အရုပ်ထင်တယ်  ” ဆိုတဲ့ သဘောလေးကို သူပေးတဲ့ ဥပမာလေးနဲ့ ထပ်တူပြုကာ မှတ်သားမိတာလေး  တစ်ခုပါပဲ။



        တကယ်လို့ . . .

        ကံကြမ္မာ ဆိုတာသာ ပန်းချီဆရာ ဖြစ်ခဲ့မယ် ဆိုရင် . . . . .

        ဒီကမ္ဘာ လောကကြီးမှာ ရှိနေတဲ့ ဘဝအစုံစုံတွေက ပန်းချီ တစ်ချပ် ဖြစ်ခဲ့မယ် ဆိုရင်. . . . .

      ကျွန်တော်တို့တွေ အားလုံးဟာ ကံကြမ္မာက တို့ချ ထိတွေ့ထားခဲ့တဲ့ ဆေးစက်လေးတွေပဲ မဟုတ် ပါလား။ ဒီလို ကိုယ်စီ ကိုယ်စီ ဆေးစက်လေးတွေ ဖြစ်နေကြရတဲ့ ဘဝတွေမှာ တောက်ပသော ဆေးစက် ၊ ထင်ရှားသော ဆေးစက် ၊ သစ်လွင်သော ဆေးစက် ၊ အရောင်မှိန်သော ဆေးစက် ၊ ဆေးရည်ကျဲသော ဆေးစက် ၊ ပေါ်လွင်သော ဆေးစက် ၊ မထင်ရှားသော ဆေးစက် အစရှိသဖြင့် ဆေးစက်မျိုးစုံဖြင့် လောကကြီးကို သရုပ်ပေါ်ဖို့ ဝင်ရောက် နေရာယူထားကြရတာ မဟုတ်ပါလား။

        ဒီလို အခြေအနေမျိုးမှာမှ တချို့က တောက်ပသော နေရာ ၊ တချို့က မြင်သောနေရာ ၊ တချို့က အကွက်ကွင်းကောင်းနေရာ ဆိုသလို မြင်သာ ထင်သာ ရှိနေပြီး တချို့ကျတော့ မထင်မရှားနဲ့ ဘဝပန်းချီးကားချပ်ပေါ်မှာ မှုန်ဝါးကွယ်ဝှက်ကာ အဖြည့်ခံ သဘောမျိုးနဲ့သာ တည်ရှိနေခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့ မပါဘဲနဲ့လည်း ပန်းချီကား တစ်ချပ် မပြည့်စုံသလို လောကကြီးကလည်း မပြည့်စုံနိုင်ပါဘူး။ တောက်ပမှု ဆိုတာကလည်း မှုန်ပြမှု နဲ့ နှိုင်းယှဉ်မှ ရတယ် ဆိုသလိုပါ။ ဒါနဲ့ပဲ လောကကြီးက သူ့ဖာသာ အဆင်ပြေစွာ လည်ပတ်နေတာပါ။

       ဒါကြောင့် ကျွန်တော်တို့ ရခဲလှတဲ့ လူ့ဘဝကို ရောက်နေတဲ့ အခါမှာ ကံကြမ္မာ ပန်းချီဆရာက တို့ထိ ပစ်ချလိုက်လို့  ပန်းချီကား တစ်ချပ်ဟန် ဆောင်ထားသော လောကကြီးထဲကို ဆေးစက်ကလေးတွေ အဖြစ် ဝင်ရောက် နေရာယူ ကြရပါတယ်။ ဒီလို နေရာယူကြတဲ့ အခါမှာ သူ့ရဲ့ ကျရာ နေရာနဲ့ ကိုယ်ရဲ့ ကျရာ နေရာက မတူသောကြောင့် အနေအထား ၊ အယူအဆ ၊ မူဝါဒ ၊ အတွေးအခေါ် အစရှိသဖြင့် အားလုံးဟာ ကွဲပြားနိုင်သလောက် လက်အဆန့် ပေါင်းများစွာ ကွဲပြားပါလိမ့်မယ်။ ဒီလိုပဲ မတူညီတာတွေနဲ့လည်း ပြေပြေပြစ်ပြစ် ရှိနေနိုင်ပါတယ်။

        ဒီလို လောက ပန်းချီကား တစ်ချပ် အတွက် ဆေးစက် တစ်စက် အဖြစ် ကျင်လည် အသုံးတော် ခံနေရတဲ့ ကျွန်တော့် အတွက်တော့  ကျရောက်နေတဲ့ လောကပန်းချီ ပတ်ဝန်းကျင်ကို နေရာလေးကို ကျွန်တော် ( ဖြစ်နိုင်သလောက် ) ပျော်ရွှင်မှုတွေနဲ့သာ ဆေးရောင် ခြယ်ပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ ဆေးစက် တစ်စက်ကြောင့် ပတ်ဝန်းကျင် ပိုမို မတောက်ပရင်သာ နေမယ် ၊ ပိုပြီး အရောင်မှိန် သွားတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် ဆိုတာထက် ပိုပြီး ကျွန်တော် အစွမ်းကုန် အားလုံးကို ပျော်ရွှင်စေချင်ခဲ့ပါတယ်။

       ဘာရယ် မဟုတ် ဟိုတွေး ၊ ဒီတွေး ခပ်လေးလေး စာတွေကို ရေးချင်မိတိုင်း ငါ့ရဲ့ ပတ်ဝန်းကျင်ကို လေးပင်တဲ့ စိတ်တွေ ဝင်စေမလားလို့လည်း အကြိမ်ကြိမ် တွေးခဲ့မိပါတယ်။ “ ရသ ” ဆိုသော “ စိတ်ခံစားမှု ” တစ်ခုခုကို ပေးချင်မိတိုင်း . . . . ပေးမဲ့ပေး . . ရယ်စရာ ၊ ပြုံးစရာလေးသာ မျှဝေချင်ခဲ့ပါတယ်။ ကိုယ်က ဘယ်လိုပဲ စိတ်ခံစားမှု ရှိရှိ ၊ ကိုယ့်စာကို ဖတ်မိပြီး “ ငိုကြီးချက်မ ” ၊ “ ဝမ်းနည်းပက်လက် ” မဖြစ်စေချင်ခဲ့ပါ။ ဒါကြောင့် တစ်ခါတလေ စိတ်မကောင်းစရာ ခံစားမှု စာလေးတွေ ရေးမိပေမဲ့ များသော အားဖြင့်တော့ ပျော်ရွှင် ၊ ပြုံးမော် ၊ ရယ်မောစရာလေးကိုသာ ကျွန်တော် အထူးသဖြင့် ရေးခဲ့ပါတယ်။

       သို့သော် ဆေးစက်တွေက မတူတဲ့ အတွက် နေရာတိုင်းတော့ ကိုယ်ထင်သလို ရောင်ပြန်ဟပ် ဆေးကွက် ကျလိမ့်မယ်လို့တော့ ယူဆလို့ မရပါ။ ကိုယ်က တောက်ပစွာ ပေးချင်တာက အရောင် ၊ သူတို့ရဲ့ လက်ခံတာက တခြားအရောင်ဆိုရင် ရောင်စဉ် တွဲလုံးအရ နောက်ထပ် အရောင်တွေ ကြားကာလမှာ ပေါ်လာနိုင် ပါသေးတယ်။ အဲ . . . တစ်ဘက်ဘက်ကို မျှခြေ သာလွန်သွားမှသာ ရုပ်လုံးကြွ ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆေးစက်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် မာနအခံ ဆေးရောင်ခြယ်လေးတွေ ရှိတတ်ကြပါသေးတယ်။ ဒီတော့ တခြားအရောင်က ချက်ခြင်း ထိုးဖောက် ဝင်ရောက်ဖို့ ခက်ခဲတတ်ပါတယ်။

        ဒီတော့ ကျွန်တော် ရေးမိတဲ့ စာတချို့မှာလည်း ကိုယ်ကတော့ ရယ်ရွှင်ပြုံးနိုင်စေဖို့ ဆိုလိုလိုက်ပေမဲ့ ကိုယ့်ရဲ့ ဆိုလိုရင်းနဲ့ သူတို့ရဲ့ “ စိတ်ခံစားမှု ” ရောင်စဉ်တွေ ညီမနေခဲ့ရင် ဘေးချော်သွားနိုင်ပါသေးတယ်။ အထူးသဖြင့် သူတစ်ပါးကို ရယ်ရွှင်ပြုံးစေနိုင်သော “ ဟာသရသ ( သို့ ) ဟာဒယ ” ဆိုတာဟာ အဋ္ဌာရသ ( ၁၈ ) မျိုးထဲမှာ အခက်ခဲဆုံးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကိုယ်က ဟာသလို့ ပြောလိုက်ပေမဲ့ မရယ်လိုက်ရတာတွေ ဖြစ်လာတာပေါ့။

        အခုနောက်ပိုင်း ကျွန်တော် ကြည့်ဖြစ်သော ဆိုင်းဝိုင်းမှ ခွန်းထောက် လူရွှင်တော် ၊ အငြိမ့်မှ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ကျွန်တော် ခံစားကြည့်မိတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ဟာသကားလို့ နာမည်တပ်ထားသော ဇာတ်လမ်းများကို ကျွန်တော် သူတို့ဆီမှ မျှဝေကာ ခံစားကြည့်မိတယ်။ အခု နောက်ပိုင်း အငြိမ့်နဲ့ ဟာသကားတွေမှာ သူတို့ရဲ့ လူတွေ ရယ်အောင် လုပ်တဲ့ ပြက်လုံးတွေက ခန္ဓာကိုယ် အောက်ပိုင်း ပြက်လုံးများ နဲ့  နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပြက်လုံးများကိုသာ အဓိက တွေ့ရပါတယ်။

         ဒီတော့ ကျွန်တော် စဉ်းစားမိတယ် ၊ မြန်မာနိုင်ငံသားတွေရဲ့ ရုန်းကန် လှုပ်ရှားရမှုကြောင့် ပူလောင်နေသော ဘဝအမောတွေကို ရယ်ရွှင်ဖွယ် ဟာသလေးနဲ့ ဖျော်ဖြေကာ နှစ်သိမ့်ပေးတယ် ဆိုတာ ခန္ဒ္ဓာကိုယ် အောက်ပိုင်း ပြက်လုံး ၊ နိုင်ငံရေး ပြက်လုံးတွေ မပါဘဲနဲ့ ပြက်လို့ မရတော့ဘူးလား ဆိုတာပါပဲ။

        တကယ်တော့ ဟာသ ဆိုတာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ လူနေမှု ဖြစ်စဉ်ထဲက အလွဲအချော်လေးများကို ထိမိအောင် လှောင်ပြောင် သရော်ထားသော စာ ၊ စကားလုံးများပဲ မဟုတ်ပါလား။ တစ်ခါတလေ ဘာရယ် မဟုတ်တဲ့ စကားလေးတွေက အမြဲတမ်း အမှတ်တရ ဟာသလေးတွေ ဖြစ်နေနိုင်ပြီး တစ်ခါတလေကျတော့လည်း တမင်တကာကို ကြိုတင် ပြင်ဆင်ထားတာတောင်မှ ရယ်ဖို့ နေနေသာသာ ပြုံးတောင်မှ မပြုံးဖြစ်လိုက်နိုင်တဲ့ အခြေအနေတွေ အများကြီး ကြုံခဲ့ရမှာပါ။

        လူ့လောက ပန်းချီကားချပ်ကြီးထဲမှာ ဆေးစက်လေး တစ်စက် အဖြစ် ကျရာ နေရာမှာ ကျင်လည်နေရသော ကျွန်တော့် အတွက်လည်း ဒီလို အဖြစ်အပျက်လေးတွေက များစွာ ကြုံခဲ့ရပါတယ်။ ဒီလို အထဲမှ ကျွန်တော် တချို့သော ဆေးကွက်လေးတွေကို ထုတ်ပြချင်ပါတယ်။


ဖြစ်စဉ် ( ၁ )

         ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ကြွားတယ် ဆိုတာထက် သူ့ကိုယ်သူ အမွှန်းတင်တတ်သူ တစ်ယောက်ပေါ့။ သူ့နာမည်က “ ကျော်စွာ ” လို့ပဲ ထားလိုက်ပါတော့။ သူက တစ်ခုခု ဖြစ်လိုက်ရင်  . . .

        “ ငါမို့လို့ပေါ့ကွာ ၊ တခြားသူ ဆိုရင် အဲဒီနေရာမှာ ဗြောင်းဆန်သွားပြီ ”

        “ ငါမို့လို့ပေါ့ . . မဟုတ်ရင် သေသွားမယ် ”

        ဒီလို ပြောတတ်တယ်။ ပြောတာ ကြာလာတော့လည်း ဝသီလို ဖြစ်ပြီး အစွဲ တစ်ခု ဖြစ်လာတော့တယ်။ သူကတော့ ဘာရယ် မဟုတ် ပြောလိုက်တာ ဆိုပေမဲ့ တစ်ဘက်က ကြားရသူတွေ အတော်များများက သူ့ကို အမြင်ကပ် သွားတတ်ကြတယ်။ သိပ်ကြည့်မရကြဘူး။ သူကတော့ သူ့ဖာသာ သိပ်ပြီးတော့ သတိ မထားမိပါဘူး။

       ဒါနဲ့ ဘာရယ် မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်းဆိုရင် နည်းနည်းလောက် အချွန်နဲ့ မ လိုက်ရမှ . . . ဆိုတဲ့ သူငယ်ချင်းတွေ ဆိုတော့လည်း  . . . . ၊ သူ့အတွက် အကောင်းဆုံး စကားလုံးတစ်ခုကို ကျွန်တော် တွေ့လိုက်ရတယ်။ သူက သူများတွေနဲ့ ပြောနေတဲ့ စကားဝိုင်းမှာ ဆိုရင် “ ငါမို့လို့ပေါ့ကွာ . . . ” ဘာညာ ပြောနေရင် ကျွန်တော်က သူ့ကို ထောက်ခံ သလိုနဲ့ ဘေးကနေပြီးတော့ အသာလေး ဝင်ပြောပေးလေ့ ရှိတယ်။

        “ ဟုတ်တယ် . . . ကျော်စွာ မို့လို့ပေါ့ ၊ သူက ဒီမှာသာ ဘာမှ မဟုတ်တာ . . . ”

        အဲဒီလို ကျွန်တော်က သူ့ပြောပြီးတာနဲ့ ဘေးကနေ ဝင်ပြောပေးလေ့ ရှိတယ်။ ဒီအချိန်ဆိုရင် သူ့ရဲ့ မျက်နှာကြီးက ပြုံးဖြီးဖြီးကြီးပေါ့ဗျာ။ အကြောင်းသိ သူငယ်ချင်းတွေကတော့ တစ်ခုခု ကစ်တော့မယ် ဆိုတာ ရိတ်မိပေမဲ့ လူစိမ်းတွေကတော့ မြောက်နေတဲ့ ကောင်နဲ့ ဘေးက ပင့်နေတဲ့ လူ လို့ ထင်ကြမှာပေါ့။ ကျွန်တော်ကတော့ နောက်ပိုင်း သူ ပြောသမျှ နောက်ကနေ “ ဟုတ်တယ် . . သူက ဒီမှာသာ ဘာမှ မဟုတ်တာနော်. . . ” ဆိုပြီး ဝင်ဝင် ပင့်တတ်တယ်။ ကျော်စွာကလည်း ပြုံးလို့ပေါ့။

        ဖြစ်ချင်တော့ တစ်နေ့ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ လူစုံတတ်စုံ တွေ့ဖြစ်ကြတယ်။ သိသူရော မသိသူရော ၊ သူ့ဘက် ကိုယ့်ဘက်တွေရော လူစုံပေါ့။ ဒီလို အချိန်ဆိုရင် ကျော်စွာတို့ကလည်း ပွဲကြီး ပွဲကောင်းပဲ။ စကားလေး နည်းနည်းပြောလိုက် ၊ အလုပ်လေး နည်းနည်းလုပ်လိုက် သူပြောနေကျ သူ့စကားလုံးတွေကို ထုတ်လိုက်နဲ့ပေါ့။ ဧည့်ပရိသတ် နည်းနည်းစဲသွားတော့ ခင်မင်ရင်းနှီးသူတွေ စုပြီး ဝေးလား ဝါးလား လုပ်နေကြတယ်။

       “ တော်သေးတာပေါ့ ၊ ငါ ဝိုင်းပြီးတော့ ကူလုပ်ပေးနေလို့ ဒီမင်္ဂလာဆောင် စနစ်တကျ ဖြစ်သွားတာ ၊ ငါ မဟုတ်ဘဲ တခြားလူ ဆိုရင်တော့ ဇယားတွေ ရှုပ်ကုန်မယ်။ ”

        သူက ပြောလည်း ပြော အအေးဘူးတွေလည်း ဖောက်သောက်နဲ့ပေါ့။ ပြောပုံကိုက သူသာ ဝင်မလုပ်ရင် ဒီမင်္ဂလာပွဲပဲ ပျက်မှာ လိုလိုပေါ့။ စကား နှစ်ခွန်းပြောရင် သူ့ရဲ့ ဝသီ ဒီစကားလုံးက တစ်ခွန်းပါလာတယ်။ သူ့အကြောင်းကို သိနေတဲ့ သူတွေကတော့ ဘာမှ မဖြစ်ပေမဲ့ အခုမှ သိကြတဲ့ သူတွေကတော့ “ ဘယ်လိုကြီးလဲဟ ” ဆိုတဲ့ မျက်ဝန်းတွေနဲ့ မနှစ်မြို့သလို ကြည့်နေတာပေါ့။

          အခု နောက်ပိုင်း သူက တစ်ခုခု ပြောရင် အနောက်ကနေ ဖော်လိုလေသံ လိုက်နေကြ အတိုင်း ကျွန်တော်ကလည်း သူ့စကားဆုံးတိုင်း အနောက်နေ . . .

           “ ဟုတ်တယ်  . . . ဟုတ်တယ် . . . သူက ဒီမှာသာ ဘာမှမဟုတ်တာ . . ”

          ဆိုပြီး ရပ်ရပ် ထားလိုက်တော့ သူ့ရဲ့ မျက်နှာကြီးကလည်း သူ့ကို ထောက်ခံနေတယ် ဆိုပြီး ပြံုးနေတာပေါ့။ သူ့လူ ကိုယ့်လူတွေနဲ့ လူစုံနေတာ ဆိုတော့ သူ ဒီလိုလည်း ပြုံးဖြီးဖြီးကြီး ဖြစ်နေပြီးတော့ ကျေနပ်နေတဲ့ အချိန် နောက်ထပ် တစ်ခါလည်း ပြောတော့မှ ထုံးစံ အတိုင်း သူ့စကားပြီးရင် ကျွန်တော်က နောက်ကနေ ဆက်ပေးလိုက်တော့တယ်။

           “ ဟုတ်တယ် . . . ဟုတ်တယ်. . . သူက ဒီမှာသာ ဘာမှမဟုတ်တာ . . . ဟိုမှာလည်း ဘာမှ မဟုတ်ဘူး ”

          ကျွန်တော့် စကားလည်း ဆုံးရော ၊ အားလုံးက ပြုံးစိစိ ဖြစ်သွားပေမဲ့ သူကတော့ ရုတ်တရက် ခဏ ငြိမ်သွားပြီးတော့မှ တဟားဟား ထရယ်ပါလေရော။ သူ့ရယ်သံက သူ့ဖာသာ တော်တော်နဲ့ အဆုံး မသတ်ဘူး။ ခဏနေမှ. . . . .

         “ သြော် . . . မင်းက ငါ့ကို ဖဲ့ချင်လို့ စကားကို အခုလို အချိန်အများကြီး ပေးပြီးတော့ လမ်းကြောင်း ပျိုးထားတာပေါ့လေ။ ”

          လို့ ရယ်သံတွေနဲ့ ပြောလာတော့တယ်။ သူငယ်ချင်းတွေ ဆိုတော့လည်း ဘာပြဿနာမှ မရှိဘူးပေါ့လေ။ ဒါနဲ့ပဲ ပြီးသွားပေမဲ့ သူ့ကိုတော့ အားလုံးက နိုင်ကွက် ရသွားပါတော့တယ်။ သူက သူ့ဝသီ အတိုင်း တစ်ခုခု လုပ်ပြီးလို့ . . . .

        “ ငါမို့လို့ပေါ့ကွာ ၊ တခြားသူဆိုရင် သေသွားမယ် ”

        လို့ ပြောပြီးတိုင်း တစ်ယောက်ယောက်က သူ့နောက်ကနေ . . .

       “ ဟုတ်တယ် ဟုတ်တယ် . . . သူက ဒီမှာသာ ဘာမှ မဟုတ်တာ . . . . . ဟိုမှာလည်း ဘာမှ မဟုတ်ဘူး ”

         လို့ နောက်ဆက်တွဲ လိုက်ဖဲ့လေ့ ရှိတယ်။ ဒီတော့ ကြာလာတော့ သူ့ကလည်း သူ့ရဲ့ ဝသီကို မထွက်မိတော့ပါဘူး။ သူနဲ့ ကျွန်တော် ဟိုတစ်လောက စကားပြော ဖြစ်လိုက်ပါသေးတယ်။ ဒီတော့ သူက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောလာရင်း သူ့စိတ်အတိုင်းပဲ တတ်ကြွပြီး စကားတွေ စလာပါတယ်။ ဒီတော့ ကျွန်တော်က . . . .

          “ ဟုတ်တယ်နော်. . . . မင်းက ဒီမှာသာ ဘာမှ မဟုတ်တာ . . . . ”

        လို့ စကားစလိုက်တော့ သူက ပြောနေလက်စ စကားကို ရပ်ပြီး တဟားဟား အော်ရယ် ပြန်ပါလေရော ၊ ပြီးမှ . . . .

          “ ဘာလဲ . . . ဟိုမှာလည်း ဘာမှ မဟုတ်ဘူး . . မဟုတ်လား . . ၊ မင်း ဆက်ပြောမှာ သိနေတယ်။ ”

         ဒီတော့ ကျွန်တော်က ဆက်မပြောပါဘူး။ ရယ်ပဲရယ် နေလိုက်ပါတယ်။ ပြီးမှ  . . . . . .

         “ ဟဲဟဲ . . . မင်းသိရင် ပြီးတာပါပဲကွာ။ ”

         လို့ ပြောလိုက်တော့ သူက  . . . .

        “ တကယ်ပါ ၊ တတ်လည်း တတ်နိုင်တဲ့ ကောင် ၊ အတော်လည်း စကားကို ကပ်ဖိုးကပ်ဖဲ့ ကပ်နိုင်တဲ့ ကောင် ”

         ဆိုပြီး ကျွန်တော့်ကို ပြန်ပြောပါတယ်။ သူနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ “ ဒီမှာသာ ဘာမှ မဟုတ်တာနော်. . . . . .” လို့ စကား စထားပြီး ခဏနေမှ နောက်ကနေ ဆက်တွဲ အဖြစ်  . . . . “ ဟိုမှာလည်း ဘာမှ မဟုတ်ဘူး။ ” ဆိုပြီးတော့ ပြောလေ့ ရှိလာပါတော့တယ်။

          ဒါပေမဲ့ အရောင်တူ သူငယ်ချင်းတွေ ကြားထဲမှာမို့လို့ ထင်ပါတယ်။ ဘာဆို ဘာမှ ပြဿနာ မရှိခဲ့ပါဘူး။ ရယ်ယုံ  ၊ မောယုံ ၊ ရယ်မောယုံ နဲ့ လောက ပန်းချီကားကို အသက်ဝင်စေယုံမျှသာ ဖြစ်ပါတယ်။


ဖြစ်စဉ် ( ၂ )

        ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ တွင်ကျယ်တဲ့ စကားလုံး အတွဲလေးတွေ များစွာ ရှိပါတယ်။ ဘာရယ် မဟုတ်ဘဲ ပျော်စေ ပျက်စေ သုံးစွဲနေတာတွေပေါ့။ ဘေးက ကြားမိသူတွေ အတွက်လည်း မရိုင်းပါဘူး ၊ သဘောကျလို့ ပြုံးမိသွားတယ် ဆိုတဲ့ လူတွေသာ များပါတယ်။ လူ့သဘာဝအတိုင်း သဘောကျသူ ရှိသလို  သဘောမကျသူလည်း ရှိတာပေါ့လေ။ ကြုံခဲ့ရတာလေးကို ပြောပြပါဦးမယ်။

        “ ဟာ . . . သေစမ်းကွာ . . ယောက္ခမဘက် အမျိုးတွေ  . . ”

        “ သေစမ်းကွာ  . . . မယားကြီး ခုနစ်ယောက် ”

        “ သေစမ်းကွာ . . . မရှိတော့တဲ့ အမျိုးတွေ ”

        “ သေစမ်းကွာ . . . အိမ်ဖြူတော်က လူတွေ  . . ”

        အဲဒီလိုလေးတွေပေါ့။ တကယ်တော့ ဘာရယ် မဟုတ်ပါဘူး ၊ အသစ်ကို လိုလား တောင့်တနေကြတဲ့ လူသားတွေထဲက လူသားတွေ အတိုင်း ထူးထူးဆန်းဆန်း စကားလေးတွေကို ထွင်ပြောမိတာပါ။ လိုချင်တာ တစ်ခုခုနဲ့ လွဲချော်သွားတယ် ဆိုရင် များသော အားဖြင့် သုံးစွဲ ဖြစ်ပါတယ်။ “ သေစမ်းကွာ . . . ” လို့သာ ပြောတာ ၊ အဲဒီနောက်က လိုက်တဲ့ စကားလုံးတွေကတော့ မဖြစ်နိုင် ၊ မရှိနိုင်တာတွေကို ထည့်ပြောဖြစ်တာ များပါတယ်။ အပြောင်အပျက် သဘောနဲ့ပါ။

        တစ်နေ့တော့ မနက်ဘက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ၊ ဘေးက ဝိုင်းက စကားတွေကို နားစွင့်နေမိတယ်။ သူတို့က ၂ လုံးထီ သမားတွေ ဆိုတာ မကြာခင်မှာ သူတို့ ထိုးထားသော ဂဏာန်းတွေကို မျှော်လင့်နေကြတာပေါ့။ အရှေ့မှာလည်း ဟိုက အတိတ်စိမ်း ၊ ဒီက အတိတ်စိမ်းတွေ စုံလို့ပါပဲ။ မကြာခင်မှာပဲ ထွက်ပေါ်လာပါတော့တယ်။ ဂဏာန်း နံပါတ်ကိုလည်း ကြားမိရော . . . သူတို့တွေဆီက ဟာ ခနဲ ၊ ဟင် ခနဲတွေ စုံအောင် ကြားနေရတယ်။

       “ သေစမ်းကွာ . .  ဟိုဘိုးတော် ပေးတဲ့ အတိတ်က မှန်တာ ”

        “ သေစမ်းကွာ . . . ဟိုချိုင်းက ကွက်တိ ”

        ဒီလို “ သေစမ်းကွာ ” တွေ ထပ်နေပြီး သူတို့ရဲ့ ရေရွတ်မှု ဆုံးတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကလည်း ဘာမှ မပြောဘဲ ရုတ်တရက် စားပွဲကို လက်နဲ့ ဝုန်းဆို ပုတ်ပြီး . . .

         “ သေစမ်းကွာ . . . ၂  လုံးထိုးတဲ့ လူတွေနဲ့ ဒိုင်တွေ ၊ ငါ မထိုးထားတဲ့ ဂဏာန်း လွဲသွားပါရောလား ”

         ဆိုပြီး ထအော်ပါလေရော။ သူ့အော်သံကိုလည်း ကြားရော ပွစိပွစိ ဖြစ်နေတဲ့ ဟိုဘက်ဝိုင်းက ၂ လုံးသမားတွေက သူ့ကို ဘုကြည့်ကြည့်ပြီး ထသွားပါလေရောဗျာ။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ တအုန်းအုန်းပါပဲ။ ဒါပေမဲ့ အရယ်များရင် အငိုများရတယ် ဆိုသလိုပေါ့။ အဲဒီ ညနေမှာပဲ ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့လုံး ရပ်ကွက်က အဲဒီတုန်းက အခေါ် ( ရ.ဝ.တ ) ရုံးခန်းကို ရောက်သွားပါတော့တယ်။

          ၂ လုံးထီသမားတွေ သွားတိုင်လို့ မဟုတ်ပါဘူး။ ညနေစောင်းဆို ကျွန်တော်တို့ အိမ်နားက လမ်းထောင့်ချိုး ကွမ်းယာဆိုင်လေးနားမှာ ကျွန်တော်တို့ ဘောလုံး ဂိုးကျဉ်း စုကန်ပါတယ်။ တစ်ဘက် လေးယောက်ကြေး ကန်နေရင်းနဲ့ တစ်ခါမှာ လိမ်ခေါက်ပြီး ဂိုးနားကို ဆွဲသွားရင်း ဂိုးထဲ ကန်အထည့်မှာ တစ်ဘက်က ဂိုးစောင့်တဲ့ ကောင်က ထိုင်ချလိုက်တာမှာ သူ့လက်နဲ့ သွားထိပါတယ်။ ဒီလိုမျိုး ဂိုးကျဉ်း ကန်းတဲ့အခါမှာ ထိုင်ချရင်  ၊ လက်ထိရင် ပိုင်နယ်တီ ပေးရတာမို့ ပိုင်နယ်တီ ရပါတယ်။ ဒါကို ကန်တော့ မဝင်ဘဲ ဘေးကနေ ကပ်ထွက်သွားတော့ ကန်နေတဲ့ သူငယ်ချင်းတွေရော ဘေးက သူငယ်ချင်းတွေ အားလုံးက တညီတညာတည်း အော်လိုက်ကြပါတယ်။

         “ ဟာ  . . . သေစမ်းကွာ . . .  ရပ်ကွက် လူကြီးတွေ . . . ”

         တကယ်တော့ ဘာကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒီလိုပဲ ပြောနေကျ အတိုင်း ပြောလိုက်တာ ဖြစ်ပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ဘောလုံးကန်နေတဲ့ နားကို ရောက်လာတဲ့ ရပ်ကွက်လူကြီးတွေက နဂိုကတည်းကကို သူတို့ကိုယ် သူတို့ ကမ္ဘာလေးတယ် လို့ သတ်မှတ်ထားသလား မဆိုနိုင်ပါဘူး။ အဲဒီတော့မှ ကျွန်တော်တို့က သူတို့ကို မထိလေးစား ပြောတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့ကို မိဘတွေကို ခေါ်ကာ ဆုံးမတယ် ဘာညာပေါ့လေ။ အဖြစ်က အဲဒါပါပဲ။

         အခုနေ အချိန်မှာ တစ်ခုခုကြောင့် လန့်အော်မိတယ် ဆိုပါစို့ . . . အထက်ပါ ဝသီ အတိုင်းဆိုရင် ဘယ်လိုများ အော်မိမယ် လို့ ထင်ပါသလဲ။ အောက်မှာ ကိုယ့်ဖာသာ ဆက်အော်ကြည့်ပါလား။

        “ သေစမ်းကွာ . . . . x x x x x :D ”


ဖြစ်စဉ် ( ၃ )

          အဲဒီလိုလေးတွေ ပျော်စေ ပျက်စေ အနေနဲ့ စကားလုံးတွေ အသစ်အဆန်းလေးတွေကို ဗန်းစကား ( ဘမ်းစကား ၊ ဘန်းစကား ) အနေနဲ့ သုံးတာကို ပျော်နေကြတဲ့ ကျွန်တော်တို့ အဖွဲ့ထဲက သူငယ်ချင်း တစ်ယောက် တစ်နေ့တော့ အရိုက်ခံရပါတယ်။ 

          အရိုက်ခံရတာကလည်း သူများတွေလို ရန်ဖြစ်ပြီး အရိုက်ခံရတာလည်း မဟုတ်ဘူး။ ၊ ချောင်းရိုက်ခံရတာလည်း မဟုတ်ဘူး ၊ ရည်းစားရပ်ကွက်ကို လိုက်သွားလို့ ရိုက်လွှတ်လိုက်တာလည်း မဟုတ်ဘူး။ သူက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်းနဲ့ကို လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပြီး အရိုက်ခံရတာပါ။ ဒီထက် ထူးခြားတာက သူ့ကို ရိုက်တဲ့ လူက သူနဲ့ သက်တူ ရွယ်တူလည်း မဟုတ်ဘူး။ သူ့ထက် အသက်အများကြီး ကြီးနေတဲ့ အဘိုးကြီး တစ်ယောက်ပါပဲ။

      အဲဒီနေ့က သူနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး မနက်ဘက်မှာ ဈေးနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါတယ်။  မနက်စောစော စားရင်းသောက်ရင်း ဟိုပြောဒီပြောပေါ့။ ညက ဘောလုံးပွဲ အကြောင်း ၊ ကျောင်းက စာမေးပွဲ အကြောင်း ၊ ဟိုဘက်လမ်းက “ ပြာကညို ” တစ်ယောက် အကြောင်း ၊ ဒီလို . . အကြောင်းပေါင်းများစွာပေါ့။

        ဒီလို နေ့စဉ် မနက်တိုင်း ထိုင်နေကျ လက်ဖက်ရည် ဆိုတော့လည်း ဆိုင်ရှင်က စပြီး စားပွဲထိုးလေးတွေက အလယ် ၊ ဆိုင်နားမှာ လာပြီး ရစ်သီရစ်သီ လုပ်တဲ့ ခွေး အဆုံး ( သူ့ကို မုန့်အကြွင်းအကျန်လေးတွေ ကျွေးဖူးလို့ပါ ) အားလုံးက မျက်မှန်းတန်းမိပြီး သိနေကြတာပေါ့။

        တစ်နေ့တော့ အမြဲတမ်း ရှပ်ပြာနေတတ်တဲ့ စားပွဲထိုးလေး တစ်ယောက်က ပန်းကန်တွေ သိမ်းရင်း ခွက်တစ်ခွက် ကျကွဲပါလေရော ၊ ဒါကို ဆိုင်ရှင် အစ်ကိုကြီးက သဘောကောင်းပါတယ် ၊ ဘာမှမပြောဘူး ၊  လူတွေလည်း ရှုပ်နေတော့ မျက်ထောင့်နီနဲ့ ကြည့်တယ်။ ဒါကို မြင်လိုက်ရတဲ့ စားပွဲထိုးခေါင်းက ဒီရှပ်ပြာ ကောင်လေးကို နားရင်းအုပ်ပါလေရော ၊ ခပ်ပြင်းပြင်းတော့ မဟုတ်ပါဘူး။ သူလည်း အဆူခံလွတ်အောင် ဆိုင်ရှင်လည်း သဘောကျ အုပ်ရတာမျိုးပါ။ ဒီတော့ ရှပ်ပြာ ကောင်လေးက ကျကွဲနေတဲ့ အပိုင်းအစတွေ ခပ်မြန်မြန်ကောက်ပြီး သိမ်းလိုက်လို့ အားလုံး အဆင်ပြေသွားတယ်ပေါ့။

        ဒီလို စားပွဲထိုးခေါင်းက နားရင်းအုပ်လိုက်တဲ့ အချိန်မှာ ဆိုင်ရှင် အစ်ကိုကြီးက ရှပ်ပြာကောင်လေးကို ဘာပြောလိုက်လဲ ဆိုတော့ . . “ မှတ်ပလား . . . မှတ်ပလားကွ ” တဲ့။

       ရှပ်ပြာပြာနဲ့ ခွက်တွေ သယ်တယ် ၊ ကျကွဲတယ် ၊ ကြောက်ပြီး ဆိုင်ရှင်ကို အကြည့်မှာ ၊ စားပွဲထိုးခေါင်းက သူ့ကို နားရင်း ခပ်ပျော့ပျော့ အုပ်တယ် ၊ သူက နာချင်ယောင်ဆောင်တယ် ၊ ဆိုင်ရှင်က သူ့ကို “ မှတ်ပလား . . မှတ်ပလားကွ ” လို့ ပြောတယ် ၊ သူက ကျကွဲနေတဲ့ နှလုံးသား . . . အဲလေ. . . ခွက် အပိုင်းအစတွေကို ကုန်းကောက်ပြီး သိမ်းလိုက်တယ်။ ဒါကို အစအဆုံး ကျွန်တော်တို့က မြင်လိုက်တယ်။

         ဒါပါပဲ . . . ဖြစ်စဉ်လေးကတော့ ဒါပါပဲ။ ဒါပေမဲ့ ဆိုင်ရှင် အစ်ကိုကြီး ပြောလိုက်တဲ့ စကားကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ အမှတ်တရ ပြောစရာ စကား တစ်ခွန်း ဖြစ်သွားတော့တာပါပဲ။

        တစ်ယောက်က တစ်ခုခု ဖြစ်ပြီ ဆိုရင် . .  ၊
        တစ်ယောက်ယောက် တစ်ခုခု ဖြစ်တာကို မြင်ရင် . . . ၊
        တစ်ယောက်ယောက် တစ်ခုခု ဖြစ်တာကို ကြားရင် . . . ၊

        ဘာရယ် ညာရယ် မသိသေးဘူး . . “  မှတ်ပလား . . မှတ်ပလားကွ ” လို့ သူ့ထက်ငါ အရင် ဦးအောင် ပြောကြတယ်။ အဲဒီလို အဲဒီအချိန်က ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ အတော်ကို ခေတ်စားခဲ့ပါတယ်။ ဥပမာ - သူငယ်ချင်း တစ်ယောက်ယောက်က ချော်လဲတယ်ပေါ့။ မြင်လိုက်တာနဲ့ ဘာမှ မပြောသေးဘူး။

        “ မှတ်ပလား . . . မှတ်ပလားကွ ”

       လို့ ဦးအောင် သိပ်လိုက်တာပဲ။ တစ်ယောက်ယောက် သူတို့ ရည်းစားနဲ့ ကွိုင်တတ်ပြီး အသည်းတွေ ယောင်ကိုင်းလာပြီး “ မျောက်သေ ရေခဲရိုက် ” မျက်ခွက်ကြီး ဖြစ်နေရင်လည်း  . . .

        “ မှတ်ပလား . . . မှတ်ပလားကွ ”

         ဆိုပြီး ဆော်တာပဲ။ တစ်ခါတလေ ညဘက် ဘောပွဲတွေ လောင်းပြီး မိုးလင်းလို့ အောက်ကြေးတွေ စားသွားရင်လည်း ညက လောင်းခဲ့တဲ့ ကောင်တွေကို . . . .

         “ မှတ်ပလား . . . မှတ်ပလားကွ ”

         လို့ တီးတာပဲ။ ဒီလို ပြောပါများတော့ အားလုံးရဲ့ ပါးစပ်ဖျားမှာ “ မှတ်ပလား . . . မှတ်ပလားကွ ” ဆိုတဲ့ စကားက ဝသီလို ဖြစ်ပြီး အသံ တစ်ခုခု ကြားလိုက်တာနဲ့ ဒီစကားလုံးက အရင်ထွက်သွားတယ် ဆိုရလောက်အောင်ကို ပြောမိကြတယ်။

        တစ်နေ့တော့ ကျွန်တော်တို့ မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ ထုံးစံအတိုင်း ဟိုပြော ဒီပြောနဲ့ စီကားနေတာပေါ့လေ။ မနက်ဆိုတော့လည်း ဈေးနားမှာဆိုတော့ ဈေးသွား ဈေးလာသူတွေကလည်း စုံစုံညီညီ ဆူဆူညံညံပေါ့။ ဒီလို စကားပြောနေရင်း လက်ဖက်ရည်ဆိုင်ရဲ့ ရှေ့မရောက်ခင်နားက “ ဝုန်း ” ဆိုပြီးတော့ စက်ဘီးလဲကျသံ ကြားလိုက်ရပါလေရော။ မြင်တဲ့ လူကလည်း မြင်လိုက်တယ် ၊ နောက်ကျောခိုင်းနေတဲ့ လူတွေ ကျတော့ မမြင်လိုက်ရဘူးပေါ့။ ဒီလို စက်ဘီးလဲကျသံလည်း ကြားရော တစ်ခုခု ဆိုရင် ပြောနေကြ ဝသီ အတိုင်း နောက်ကျောပေးပြီး ထိုင်နေတဲ့ ကျွန်တော့် သူငယ်ချင်းက ဘယ်သူတွေ ဘာတွေ ညာတွေ မသိဘဲ  . . .

         “ မှတ်ပလား . . . မှတ်ပလားကွ ”

       ဆိုပြီး အသံကျယ်ကြီးနဲ့ ပြောချလိုက်ပါလေရော။ သူ့ဆီက ထွက်လာတဲ့ အသံလည်း ကြားရော အားလုံးဆီက “ ဟာ ” ဆိုတဲ့ ဝမ်းခေါင်းသံက သူ့အသံထက် ပိုကျယ်သွားတယ်။ ဒီတော့မှ သူကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ လူတွေ အများကြီး သွားနေတဲ့ လမ်းပေါ်မှာ စက်ဘီးလဲကျလို့ ရှက်နေရတဲ့ အထဲ သူ့က ဒီလို ပြောတော့ ပိုရှက်ပြီးတော့ လဲကျနေတဲ့ အဘိုးကြီးက လက်ဖက်ရည်ဆိုင် အပြင်မှာ ထိုင်နေတဲ့ ကျွန်တော်တို့ ဝိုင်းကို တန်းလာပြီးတော့ သူ့လက်ထဲက ထီးကြီးနဲ့ ခုနက ပြောတဲ့ ကောင်ရဲ့ ခေါင်းကို တီးပါလေရောဗျာ။

          ဘယ်သူ့မှလည်း ဝင်မဆွဲရဲဘူး ၊ တားလည်း မတားရဲဘူး ၊ ဟိုကောင်ကလည်း အရိုက်ခံနေရပေမဲ့ ပြန်မလုပ်ရဲပဲ ထပြီး ထွက်ပြေးရတော့တာပဲ။ ဒီတော့မှ သူ့ကို ရိုက်နေတဲ့ အဘိုးကြီး လက်ကနေ လွတ်တော့တယ်။ သူလည်း ခပ်ဝေးဝေးရောက်ရော ဒေါသတကြီးနဲ့ သူ့ကို လိုက်ရိုက်နေတဲ့ အဘိုးကြီးက သူ့ကို လက်ထဲက ထီးနဲ့ ရွယ်ရင်း . . . .

         “ ဟေ့ကောင် . .  မင်း အိမ်ပြန်ရဲ ပြန်လာကြည့် ၊ မင်း အိမ်ပြန်လာမှ သိမယ် ”

        တဲ့။ တကယ်တော့ အဲဒီလူကြီးက သူ့အဖေ အရင်းခေါက်ခေါက် ၊ အဖျားဆန့်ဆန့် ဖြစ်နေတော့တာကိုး။ ဒါကြောင့် ဘယ်သူမှလည်း ဘာမှ မပြောရဲ ၊ သူကလည်း ဘာမှ ပြန်မလုပ်ရဲတာပေါ့။ အဲဒီလို ကျွန်တော်တို့ သူငယ်ချင်းတွေက ရှေ့မကြည့် ၊ နောက်မကြည့်နဲ့ကို ကိုယ်ပြောချင်ရာကို စွတ်ရွတ်ပြီး ပြောခဲ့ ၊ ဆိုခဲ့ ၊ ပျော်ခဲ့ ၊ ရွှင်ခဲ့ကြတာ။ သူ့အဖေ ထွက်သွားပြီး ခဏနေတော့မှ ကျွန်တော်တို့ ဝိုင်းကို ခပ်ကုတ်ကုတ်ကလေး ပြန်ဝင်လာတဲ့ ဒီကောင်ကို ကျွန်တော်တို့ အားလုံးက တပြိုင်နက်တည်း ပြောလိုက်ကြပါတယ်။

         “ မှတ်ပလား . . . မှတ်ပလားကွ ”

         လို့ပေါ့။ ဒါပေမဲ့ ဒီကောင်ကလည်း မျက်နှာပိုး မသေပါဘူးလေ။ သွားဖြီးလျက်ပါပဲ။


( နိဂုံး )

         ဒီလို အဖြစ်အပျက်လေးပေါင်း များစွာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ ပြောမကုန်အောင် ရှိပါတယ်။ ကိုယ်တွေက ရယ်စရာ ပျော်စရာလေးတွေ ဖြစ်နေပေမဲ့ တခြားလူတွေရဲ့ ဖြတ်သန်းခဲ့ရာ ရောင်စင် ပုံရိပ်များ ကြားမှာတော့ ပျော်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ။ အထူးသဖြင့် ကိုယ်ရဲ့ ပျော်ရွှင်မှုက သူများကို သွားထိခိုက်သလို ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။ တကယ်တော့လည်း မရည်ရွယ်ရိုး အမှန်ပါ။

       ကျွန်တော် အခု ဒီပို့စ်ကို ရေးရတာကလည်း နောက်ထပ် ရေးမဲ့ “ ' ရသ ' ကွန်ယက် ” ဆိုတဲ့ ပို့စ် အတွက် အရင်ဆုံး  အစပျိုးတဲ့ အနေနဲ့ ရေးလိုက်တာပါ။ ကျွန်တော် ရေးသော စာ နဲ့ ကျွန်တော် တင်ပြသော ရသအမြင်က သူများတွေ အတွက် ရောင်စင်ကွဲတွေ ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ် ဆိုတာ ကြိုတင်ပြီး ဆိုလို တင်ပြချင်ယုံလေးပါပဲ။

        ဘယ်လိုပဲ ဖြစ်နေပါစေ . . . .

        တကယ်လို့ . . .

        ကံကြမ္မာ ဆိုတာသာ ပန်းချီဆရာ ဖြစ်ခဲ့မယ် ဆိုရင် . . . . .

        ဒီကမ္ဘာ လောကကြီးမှာ ရှိနေတဲ့ ဘဝအစုံစုံတွေက ပန်းချီ တစ်ချပ် ဖြစ်ခဲ့မယ် ဆိုရင်. . . . .

      ကျွန်တော်တို့တွေ အားလုံးဟာ ကံကြမ္မာက တို့ချ ထိတွေ့ထားခဲ့တဲ့ ဆေးစက်လေးတွေပဲ မဟုတ် ပါလား။ ဒီလို ကိုယ်စီ ကိုယ်စီ ဆေးစက်လေးတွေ ဖြစ်နေကြရတဲ့ ဘဝတွေမှာ တောက်ပသော ဆေးစက် ၊ ထင်ရှားသော ဆေးစက် ၊ သစ်လွင်သော ဆေးစက် ၊ အရောင်မှိန်သော ဆေးစက် ၊ ဆေးရည်ကျဲသော ဆေးစက် ၊ ပေါ်လွင်သော ဆေးစက် ၊ မထင်ရှားသော ဆေးစက် အစရှိသဖြင့် ဆေးစက်မျိုးစုံဖြင့် လောကကြီးကို သရုပ်ပေါ်ဖို့ ဝင်ရောက် နေရာယူထားကြရတာ မဟုတ်ပါလားဗျာ။

        သြော်. . . ဒါနဲ့ ပြောရဦးမယ်ဗျာ။ ကျွန်တော် ကိုဇော်ပါဗျ။ ဒီမှာသာ ဘာမှ မဟုတ်တာနော် . . . . . . . . . . . . . . . ဟဲဟဲ . . . . :D :D :D :D :D 


လေးစားစွာဖြင့်
ကိုဇော်
4.3.2011
        

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

ကိုကိုမောင်(ပန်းရနံ့) said...

ကိုဇော်မို့လို့သာပေါ့။ ......

မှတ်ပလား မှတ်ပလားကွ။ ဟာ ဟ။

အားလုံးဖတ်ပြီး သုံးခါလောက် ရယ်မောသွားတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဆွေလေးမွန် said...

ပန်းချီ ဆေးစက်နဲ့ ပတ်သတ်ပြီး ဘ၀ အယူအဆလေးလဲ နှစ်သစ်မိတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ အဲဒီလို ပျော်ခဲ့တဲ့ အမှတ်တရလေး တွေရှိတာကိုလဲ အားကျတယ်..

ဖတ်ပြီးတော့ ပျော်ရွှင်နေမိတယ်။ ပြီးတော့ ရန်ကုန်က သူငယ်ချင်းတွေကိုလဲ သတိပြန်ရတယ်။

Anonymous said...

အော် .. အရှည်ကြီးဖတ်လာတာ နောက်ဆုံးရောက်တော့မှဘဲ .... အခုမှ အပျိုးရှိသေးတာကိုးဆိုတာသိသွားတဲ့အတွက် နောက်ဆက်တွဲကို ပိတ်ကားပေါ်ဆက်လက်ရှုစားရန် စောင့်နေကြောင်းပါ ကိုဇော်ရေ...း))

ခနွဲ said...

ဆေးစက်ကျရာ အရုပ်ထင်ဆိုတဲ့ အယူအဆကို ကြိုက်တယ်။ ဘမ်းစကားတွေကြောင့် ဖြစ်တဲ့ အဖြစ်အပျက်တွေတွေ့တော့ ကျွန်တော့် သူငယ်ချင်းတွေကို သတိရမိတယ်။ လာဖတ်ပြီး ရယ်မိပါတယ်။

An Asian Tour Operator said...

အဲမှ ကိုဇော် ကွ။ မှတ်ပလား။

တောက်ပကြယ်စင် said...

ကိုဇော်ရေ အဠာရသ မဟုတ်ဘူးထင်တယ်၊ အဋ္ဌာရသထင်တယ်နော်(ဠကြီးနဲ့ဌ၀မ်းဘဲလေးပါ)၊ အရမ်းကောင်းပါတယ်၊ ခိုင်းနှိုင်းပြထားတာလေးလေ၊ ပန်ချီဆရာနဲ့ ကံကြမ္မာတဲ့။ ရွှင်လန်းချမ်းမြေ့ပါစေ...

Ki Ki said...

အတော်ရှည်တဲ့ ကိုဇော် ပဲ ..
အချွန်နဲ့ ပင့်တတ်တဲ့ ကိုဇော်တယောက်
ဆေးစက်ကျရာ ..ထင်နိုင်ပါစေ ..
( အရုပ် ပဲ ထင်ထင် ။လက်ဝါးရာ ပဲ ထင်ထင် ပေါ့ လေ ..)
မှတ်ပလားကွ... ချွန်တွန်း လုပ်သွားတယ် ။း))

မကိ ..

ကိုဇော် said...

တောက်ပကြယ်စင် >>>

တင်ပ ဘုရား။ တပည့်တော်က အလုပ်က ရေးတာ ဆိုတော့ တစ်ခါတလေ တချို့ စာလုံးတွေ စာလုံးပေါင်း ဝါးတားတား ဖြစ်နေလို့ အွန်လိုင်းက စာလုံးပေါင်း သတ်ပုံကျမ်းမှာ ရှာလို့ မတွေ့ရင် google မှာ ရှာကြည့်လိုက်တာ ဘုရာ့။ ဒီမှာ အတော် များများ ပေါ်နေရင် မှန်သဟ ဆိုပြီး ကိုင်လိုက်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မှားတာကတော့ မှားတာပဲပေါ့ ဘုရား။

အခုလို ပြောပြသွားတာ ကျေးဇူးတင်ပါတယ် ဘုရား။

sosegado said...

လူရယ်အောင်ရေးဘို့ခက်ပါတယ်၊
တကယ်လို့ ရေးခဲ့ရင်တောင်မှ သေစမ်းကွာတွေလုပ်ခံရပြီး
မှတ်ပလားနဲ့ ဇာတ်သိမ်းပါလိမ့်မယ်။ အဲဒါကြောင့်မရေးဘူး။

may16 said...

ဒီမှာလည်း ဘာမှ မဟုတ်ပါဘူး ဟိုမှာလည်း ဘာမှ မဟုတ်ပါဘူး :P

shwezinu said...

ကိုဇော် ရေ

ဖတ်လိုက်ရတာ တဝကြီး နောက်ဆက် ရသ စာပေလေးတွေ လည်းမျှော်နေမိတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အကိုရေ..စာရေးအရမ်းကောင်းတာပဲနော်။
အစအဆုံးပြုံ၍ဖတ်သွားပါတယ်။ရသ၊သုတ
ရောစုံတဲ့ပို့စ်လေးအတွက်ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

နေဘုန်းလျှံ said...

မလုပ်တတ်လိုပါဘယ်လိုဆိုတာပြောပြပေးနှိုင်မလား အကိုရေ

နေဘုန်းလျှံ said...

ရသွားပြီအကိုရေကျေးဇူးအထူးတင်ပါတယ် လာကြည့်လှည့်ပါဦး..။
နေဘုန်း

နေဘုန်းလျှံ said...

ရသွားပြီအကိုရေကျေးဇူးအထူးတင်ပါတယ် လာကြည့်လှည့်ပါဦး..။
နေဘုန်း

Sunny said...

တစ်ယောက်ပြောတာ ကြားဖူးတယ်.. သေစမ်းကွာ ရပ်ကွက်လူကြီးတဲ့.. ဟိဟိ

အဖြူရောင်နတ်သမီး said...

အခုတော့သိပြီ...
ဒီမှာသာ ဘာမှမဟုတ်တာ..
ဟိုမှာလည်း ဘာမှမဟုတ်တာ..“ကိုဇော်” ကိုး...

:P

ဝက်ဆလူး said...

ကိုဇော်မို့လို့သာပေါ့နော် ဒီလိုရေးနိုင်တာ ခစ်ခစ်

မောင်မောင်တင် said...

ဆေးစက်ကျရာ အပိုင်းက Message လေးပေးထားတာ သဘောကျပါတယ်....ဒီလိုပဲ အရှည်ကြီးဖတ်လာလိုက်တာ နိဂုံး ရောက်မှပဲ ဖတ်မိတဲ့သူတွေကို ကိုဇော်က မှတ်ပြီလားကွ လုပ်လိုက်တာဘဲ...(ရသ..ကွန်ယက်) ကိုမျှော်ပြီး လည်ပင်း ရှည်ရဦးတော့မယ်လေ....ကိုဇော် တင်တဲ့ posts အားလုံးကို စောင့်မျှော် ဖတ်ရှုလျက်.... ခင်တဲ့..မောင်မောင်တင်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.