မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 September 2010

14 ဟန့်ခြင်း




တော်တော့ ဟေ့ကောင် ၊ ငါ့ ရှေ့မှာ သူ့အကြောင်း ဘယ်တော့မှ လာမပြောနဲ့။ ”

ဘာရယ် မဟုတ် ဒီအသံ အကျယ်ကြီးကို ကြားလိုက်ရတော့ ရုတ်တရက် ကျွန်တော် လန့်နိုးသွားတော့သည်။ တဆက်တည်း ဘယ်သူတွေများ ရန်ဖြစ်နေတာပါလိမ့် ဆိုပြီး အသာလေး နားထောင်နေမိသည်။ မဟုတ်ပါ။ ရန်ဖြစ်နေကြတာ မဟုတ်ပါ။ သူတို့ ပြောတတ်သလို တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတာပဲ ဖြစ်သည်။ သူနဲ့ မတည့်သူ တစ်ယောက်အကြောင်းကို ပြောလို့ နောက်ထပ် တစ်ယောက်က ထိုသူ့အကြောင်းကို မကြားချင်လို့ “ ဟန့်လိုက်ခြင်း ” မျှသာ ဖြစ်ပါသည်။ ဟန့်လိုက်သော သူကတော့ ဘာမှမဟုတ်ဘဲ ဟန့်လိုက်တယ် ဆိုရင်တောင်မှ အဟန့်ခံရတဲ့ လူဘက်က ဘယ်လို ခံစားရလေမလဲ လို့ ကျွန်တော် ဆက်ပြီး စဉ်းစားနေမိပါသည်။

ဟန့်လိုက်သော သူကတော့ စိတ်ထဲက ပါပါ ၊ မပါပါ ဟန့်လိုက်သော အချိန်လေး တစ်ခု အတောအတွင်းမှာသာ သူ့စိတ်ထဲမှာ ရှိပါလိမ့်မည်။ သို့သော် အဟန့်ခံလိုက်ရသူရဲ့ စိတ်ထဲမှာတော့ ထိုအဟန့်ခံရခြင်းကြီးက စွဲမြဲသွားစေနိုင်ပါသည်။ ဘယ်လောက်ထိများ စွဲမြဲသွားစေနိုင်သလဲ ဆိုရင် . . .“ ငါ့ ရှေ့မှာ သူ့အကြောင်း ဘယ်တော့မှ လာမပြောနဲ့။ ” လို့ ဆိုထားခဲ့တဲ့ အတိုင်း တခြားသော အကြောင်းကိစ္စ ရှိလာရင်တောင်မှ ထိုသူ့အကြောင်းကို ပြောရမှာ မဝံ့မရဲ ဖြစ်စေနိုင်အောင် “ ဟန့်ခြင်း ” ဆိုတာက သြဇာအာဏာ ကြီးမားလှပါသည်။

ကျွန်တော် အခု ပြောနေတာ မယုံမရဲ ဖြစ်နေမိပါသလား။ ဒါဆိုရင် ကျွန်တော့်ရဲ့ ကိုယ်တွေ့ “ အဟန့်ခံရပုံလေး ” တစ်ခုကို နမူနာ အနေနဲ့ ပြောပြချင်ပါသည်။ ပြီးမှ ဆက်ပြီး ကိုယ့်အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားကာ ဆုံးဖြတ် ကြည့်စေချင်သည်။ ကျွန်တော့် ကိုယ်တွေ့ အဖြစ်အပျက်လေးကတော့ ကျွန်တော် ငယ်ငယ်တုန်းက ဒီလို စတင်ကာ ဖြစ်ပျက်ခဲ့ပါသည်။



ကျွန်တော်ငယ်ငယ်က “ ဟန့်ခြင်း ” ကင်းသော မိဘနဲ့ အသိုင်းအဝိုင်း များကြားမှာ ကျင်လည်ခဲ့ရတယ် လို့ အကြမ်းဖျဉ်း ဆိုနိုင်ပါသည်။ ငယ်ငယ်က ကလေး အချင်းချင်း ကစားကြရင်း ရန်ဖြစ်၍ ဖူးယောင်ကာ ပြန်လာရင် ကျွန်တော့် အဖွားပြောနေကြ စကားက တစ်ခွန်းပဲ ရှိပါသည်။ သို့သော် ရှင်းလင်းလွန်းလှသည်။

“ ရှုံးပြီး ဘယ်တော့မှ ပြန်မလာနဲ့ ”

ဟု ဆိုသည်။ အတို့အထောင် လုပ်တာ မကောင်းဘူး ဆိုသော်ငြားလည်း “ နောက်တစ်ခါ ရန်ဖြစ်လာရင် သေပြီသာ မှတ် ” ဆိုကာ အရိုက်ခံရသော ကျွန်တော့် သူငယ်ချင်းတွေထက်တော့ ကျွန်တော်က မိုက်ကန်းကန်း ပိုပြီး ဖြစ်နေတတ်ပါသည်။ သို့သော် ဒါကတော့ မကောင်းလှပါ။ ကျွန်တော့် အဖေကတော့ တစ်မျိုး ဖြစ်သည်။ ငယ်ငယ်က ဖယောင်းတိုင်မီးကို တားနေ ၊ ချုပ်နေ ၊ ဆွဲနေရင်းကနေ ကျွန်တော်က ကိုင်ဖို့ အတင်းကို ကြိုးစားနေတော့ “ မကိုင်ရဘူး ဆိုတာ မသိဘူးလား ” ဆိုပြီး တခြား မိဘတွေလို အော်ဟစ် ဆူပူကာ ဖေဖေက မရိုက်ခဲ့ဘူး ဟု ဆိုသည်။ ထို့ အတွက်ကြောင့် ဖေဖေ လုပ်လိုက်တာကတော့ ဖယောင်းတိုင် မီးတောက် လဲ့ပြာပြာကို ကိုင်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

“ ---- ”

ဖယောင်းတိုင် မီးကို ကိုင်အပြီး အသံတိတ် ကျွန်တော် နောက်ဆုတ်သွားပြီး ငိုတော့ မငိုခဲ့ဟု ဆိုသည်။ ထိုအချိန်မှ စ၍ ကျွန်တော် ဖယောင်းတိုင် မီးကို ကိုင်ချင်တယ် ဆိုပြီး မတောင်းဆိုတော့ဟုလည်း ထပ်ဆင့်ကာ ပြောခဲ့သေးသည်။ တကယ်တော့လည်း ဖယောင်းတိုင်မီးဟာ စားစရာလောက် အရသာ မရှိတာ ကျွန်တော် သိသွားတာ ဖြစ်ချင်လည်း ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ကျွန်တော့် ဘဝမှာ အကြီးအကျယ် အဟန့်ခံ ရသော အဖြစ်အပျက်ကတော့ ကျွန်တော့် အဒေါ်တစ်ယောက် ဆီမှ စတင်ဖြစ်ပွား ခဲ့ပါသည်။ 

ကျောင်းဆရာမ ဆိုသော သိက္ခာကို  အပျိုကြီး ဆိုသော ဂုဏ်ပုဒ်နဲ့ ထပ်ဆောင်းလိုက်သော အခါမှာ “ အပျိုကြီး ကျောင်းဆရာမ ” အတော်များများဟာ အပွေးကုန်နေသော သနပ်ခါးတုံး တစ်တုံး ကဲ့သို့ အရာရာကို ပြောင်တင်းမာကျောစွာ ဆက်ဆံမိတတ်ကြပေမဲ့ ကျွန်တော့် အဒေါ်ကတော့ ဒီလို မဟုတ်ပါဘူး။ အပျိုကြီး ဆိုတာ “ ဥသျှစ်သီး ” လိုပဲ လို့ ကျွန်တော် နောက်ပြော ပြောနေမိသလိုပါပဲ။ တကယ်တော့ အပျိုကြီးတွေ ဆိုတာ အပြင်ပန်းသာ တင်းမာတတ်တာပါ။ သူတို့ရဲ့ အတွင်းမှာတော့ နုညံ့ပျော့ပျောင်းပါ၏။ ကျွန်တော့် အဒေါ်ကတော့ အတွင်းအပြင် ပျော့ပြောင်းကာ ၊ ပြောင်စပ်စပ်ပါ နိုင်လေပါတော့သည်။

ဟုတ်သည်။ ကျွန်တော့် အဒေါ်ဟာ လူနောက် ၊ လူပြောင် တစ်ယောက် ဖြစ်ပါသည်။ ကျောင်းဆရာမ ဖြစ်နေသောကြောင့် ထင်သည် ရုပ်တည်ကြီးဖြင့် နောက်တတ်သည်။ သူ နောက်သည် ၊ အတည်ပြောသည်ကို မည်သူမှ သေချာ မဝေခွဲတတ်။ တစ်နေ့တော့ ကျွန်တော့်ကို အထက်တန်း ကျောင်းသူ ဘဝကတည်းက ကွဲသွားသော သူ့သူငယ်ချင်းအိမ်ကို အလည်သွားပြီး ထမင်းစား ဖိတ်ထားသည်ဟု ဆိုသည်။ ဒါကြောင့် လိုက်ခဲ့ ဟု ကျွန်တော့်ကို ခေါ်တော့သည်။ ကျွန်တော်ကလည်း သူသွားလေရာ လိုက်နေကြ ဖြစ်၍ ဘာမှ ထူးထူးဆန်းဆန်းရယ်လို့ မခံစားမိပါဘူး။ “ လိုက်မယ် ” လို့ပဲ အလွယ်တကူ ပြောလိုက်မိသည်။

ဒါနဲ့ သူတို့ သူငယ်ချင်း နှစ်ယောက် ပြန်လည်တွေ့ဆုံပွဲ လို့ နာမည်တပ် ရမည့် ထမင်းစားပွဲ အတွက် ကျွန်တော့် အဒေါ် ကျောင်းဆရာမ နှင့် သူ၏ သူငယ်ချင်း ကျောင်းဆရာမ အိမ်သို့ လိုက်သွားမိသည်။ အိမ်ထဲကို ဝင်တော့ အိမ်ရှေ့ ဧည့်ခန်းမှာ အတော်ကြာအောင် စကားထိုင် ပြောကြသည်။ ကလေးအရွယ် ဆိုတော့ ကျွန်တော်ကလည်း သူတို့ ပြောတာကို ဘာမှ သိပ်ပြီး စိတ်မဝင်စားပါဘူး။ သူတို့ ဘေးက ခုံမှာ အသာလေး ထိုင်ပြီး စားပွဲပေါ်တင်ထားတဲ့ “ တေဇ ၊ ရွှေသွေး ” စာအုပ်များကိုသာ ဖတ်နေလိုက်သည်။ ခဏကြာတော့ ပြောစရာ ကုန်သွားလို့လား ၊ ဒါမှမဟုတ် ဗိုက်ဆာလာ၍လား မသိ။ ထမင်းစားဖို့ အိမ်ရှင် ဆရာမက စ၍ စကားစလေသည်။

“ စကားပြော ကောင်းနေလိုက်တာ ငါတို့ ထမင်းစား ကြရအောင် ”

အခုမှ သတိရတယ်နော် လို့ ကျွန်တော့် စိတ်ထဲမှာ ပြောမိသည်။ ဟုတ်တယ်လေ။ သူတို့ ပြောနေတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ဆိုတာ ကျွန်တော်လည်း ပါဝင်ပတ်သတ်ရတာ မဟုတ်လေတော့ ကျွန်တော့် အတွက် စိတ်ဝင်တစား မဖြစ်မိပါဘူး။ ဗိုက်ပဲ ဆာနေမိသည်။ သူတို့ကသာ ပါဝင်ပတ်သတ်ဖူးသူတွေ ဆိုတော့ အားတတ်သရော ပြောနေကြတာပေါ့။ အခုလို အိမ်ရှင် ဆရာမက ပြောတော့မှ ကျွန်တော့် အဒေါ် ဆရာမက . . . 

“ အေး. . စားကြတာပေါ့ ၊ ဘာတွေ ချက်ထားလဲ ”

“ အစုံပါပဲ။ ကြက်ကြော် ၊ အမဲနှပ် ၊ ဝက်သားချိုချဉ် ၊ ငါးသလောက်ပေါင်း ၊ ငါးခူစင်းကောကို ပြန်ချက်ထားတယ် ၊ ခရမ်းချဉ်သီးသုတ် ၊ ယိုးဒယား ဟင်းချို ပြီးတော့ ငါးပိရည်ကောင်းကောင်း ဖျော်ထားပြီး တို့စရာကတော့ အစုံပဲ။ ကဲ. . . .ထ စားကြရအောင် ”

မထခိုင်းခင်ကတည်းက ကိုယ်ကလည်း ကလေး ဆိုတော့ ထချင်နေပြီ။ ဗိုက်ကလည်း ဆာနေပြီ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က ဘယ်လိုပဲ ဖြစ်နေပါစေ ထမင်း အပါအဝင် အစားအသောက် စားတော့မယ် ဆိုရင် ဣနြေ္ဒရရပဲ စားတတ်သည်။ ပြီးတော့ ကျွန်တော်က ထမင်းစားရင် မြန်မြန် မစားတတ်သူ တစ်ယောက် ဖြစ်သည်။ ကိုယ့်အိမ်မှာ ကိုယ်စားရင်လည်း ဖြေးဖြေးပဲ စားတတ်သလို သူများဆီမှာ စားရင်လည်း ဖြေးဖြေးပဲ စားတတ်သည်။ 

“ ကဲ. . . ငါ့တူရေ ၊ ထ ထမင်းစားကြမယ် ”

လို့လည်း အဒေါ် ဆရာမက ခေါ်လိုက်ရော ဗိုက်ဆာဆာ နဲ့ ဣနြေ္ဒဆည်ပြီး စောင့်နေရတဲ့ ကျွန်တော် ငေါက်ခနဲ ထကာ သူတို့ နဲ့ အတူတူ ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည်။ ထမင်းစားခန်းမှာ ထမင်း မခူးရသေးတာက လွဲလို့ ဟင်းပွဲတွေ အားလုံးကတော့ အဆင်သင့် ခူးပြီး ဖြစ်နေပါပြီ။ ဟင်းချိုပန်းကန်သာ မထည့်ရသေးဘဲ ဒီအတိုင်း တင်ထားသည်။ ထမင်းစားပွဲ ဆိုသော်လည်း ထမင်းစားမည့်သူက များများစားစား မရှိပါ။ ကျွန်တော်တို့ တူဝရီး နှင့် အိမ်ရှင်ဆရာမ ၊ စုစုပေါင်း သုံးယောက်မျှသာ ရှိပါသည်။ 

ထမင်းဝိုင်းမှာ အသီးသီး နေရာယူပြီးတော့ ကျွန်တော့် ထမင်းပန်းကန်ထဲကို အိမ်ရှင် ဆရာမက ထမင်းထည့်ပေးပါသည်။ ပြီးတော့ သူလည်း သူ့နေရာမှာ ထိုင်ရင်း ထမင်းစားခန်းထဲရောက် ၊ ထမင်းစားပွဲမှာ ထိုင် ၊ ထမင်းပန်းကန် ရှေ့ကို ရောက်သည် အထိ အဒေါ်နှစ်ယောက်ရဲ့ စကားတွေကတော့ အဆက်မပြတ်သေးပါဘူး။ ထမင်းစားရင် ဣနြေ္ဒနဲ့ ခပ်လေးလေး ၊ ခပ်နှေးနှေး စားတတ်တဲ့ ကျွန်တော် သူများ အိမ်မှာ ဆိုတော့ ဟင်းခွက်တွေကို အစပြုပြီးတော့ မနှိုက်ရဲသေးပါ။ 

ဒီအချိန်မှာပဲ အိမ်ရှင် ဆရာမက ဟင်းပန်းကန် တစ်ခုကို လှမ်းယူလိုက်ပြီး ကျွန်တော့် အဒေါ် ထမင်းပန်းကန်ထဲကို ထည့်ပေးလိုက်ပါသည်။ ထိုဟင်းက ဝက်သား ချိုချဉ် ဆိုတာ အမြင်နဲ့တင် ကျွန်တော် သိပါသည်။ အိမ်ရှင် ဆရာမက ကျွန်တော့် အဒေါ်ကို ပါးစပ်ကလည်း “ ထည့်စားလေဟာ ၊ အားမနာနဲ့ ” လို့ ဆိုသည်။ ထိုနောက် သူ့ရဲ့ လက်က ဟင်းပန်းကန်ထဲကို နောက်ထပ် ထပ်ခပ်ကာ ကျွန်တော့် ထမင်းပန်းကန်ထဲကို ဟင်းကို ထည့်မည် ဟု ပြင်လိုက်သော အချိန်မှာပဲ ကျွန်တော့် အဒေါ်ဆီမှ စကားသံ တစ်ခု ထွက်လာကာ “ ဟန့် ” လိုက်ပါတော့သည်။

“ ဟဲ့. . .ဟဲ့. . .သူ့ကို ဝက်သားတွေ သွားမထည့်ပေးနဲ့။ သူတို့က စီးပွားရေး အရ ဝက်သားကို ရှောင်ထားတယ်။ ”

ဘယ်လို. . . ???????? ဘယ်ကလာ ရှောင်ရမှာလဲ။ မရှောင်ပါဘူး။ မနေ့တင် ဝက်သားနဲ့ ထမင်းစား သေးတယ်လေ။ ဒါပေမဲ့ အဟန့်ခံရသော အိမ်ရှင် ဆရာမကတော့ အားနာသွားသော မျက်ဝန်းတစ်စုံကို အဖော်ပြုပြီး ထည့်ခါနီး ဟင်းပန်းကန်နဲ့ လက်တစ်ဖက်ကို ပြန်လည် ရုတ်သိမ်း သွားတော့သည်။

နောက်တော့ နောက်ထပ် ဟင်းတစ်ပန်းကန် ဖြစ်သော အမဲသားနှပ် ပန်းကန်ကို ကိုင်ပြီး ကျွန်တော့် အဒေါ်ပန်းကန်ထဲကို ထည့်ပေးသည်။ ပြီးတော့ ကျွန်တော့်ပန်းကန်ထဲကိုလည်း ထည့်ပေးဖို့ ပြင်တော့ ကျွန်တော့် အဒေါ်က ဝင်ပြောသည်။

“ ဟဲ့ . . .သူတို့က အမဲသား မစားဘူးလေ ၊ ရှောင်ထားတယ် ”

ပန်းကန်ထဲ ရောက်ခါနီး အမဲနှပ် မွှေးမွှေးလေးက ရုတ်ဆို ချက်ချင်း နောက်ကို ပြန်ခုန်ထွက်သွားသည်။ အိမ်ရှင် ဆရာမရဲ့ မျက်နှာမှာ အားတုံ့ အားနာ ဆိုသော အမူအရာများ အထင်းသား ပေါ်လာသည်။ ဒါပေမဲ့ ကျွန်တော့် အဒေါ် မျက်နှာမှာတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်သာ ရှိနေ၏။ ကျွန်တော့် မျက်နှာ အောက်ကို ငုံထားပေးပေမဲ့ ကျွန်တော်ကတော့ မျက်နှာ ကောင်းလိမ့်မည် မဟုတ်။ ဘာလို့ အမဲသား မစားရမှာလဲ။ ညနေကတင် အမဲအူပြုတ် သောက်လိုက်သေးသည်။ ကောင်းမှကောင်းလေ။ 

အမဲသားရော ၊ ဝက်သားပါ မစားဘူး ဆိုလို့ တခြားသော ဟင်းတွေကို အစားထိုးပြီး ကျွန်တော့် ပန်းကန်ထဲကို ထည့်ပေးဖို့ အိမ်ရှင် ဆရာမက ဟင်းပန်းကန် တစ်ခုပြီး တစ်ခုကို လက်ပြင်သည်။ ဟင်းပန်းကန် တစ်ခုကို မ, ပြီး ကျွန်တော့် ပန်းကန်နားကို ရောက်လာတိုင်း အဒေါ် ဆရာမဆီမှာ “ ဟန့်သော ” စကားသံ တစ်ခု မဟုတ် တစ်ခု ထွက်လာသည်။

“ ဒါဆို ငါးသလောက်ပေါင်းထည့်စား ”

“ မထည့်နဲ့ဟ ။ သူက ငယ်ငယ်ရွယ်ရွယ် နဲ့ သွေးတတ် တတ်တယ် ”

အမ် . . . . သူလုပ်တော့မှ လူက ငယ်ငယ်ရွယ်ရွယ်နဲ့ လူမမာ ဖြစ်ရတော့၏။

“ ဒါဆို ကြက်ကြော်လေး စား ”

“ သူ့ ခြေထောက်မှာ ဒဏ်ဖြစ်လို့ ပျောက်ခါစကြီး ၊ ကြက်သားစားလို့ မဖြစ်ဘူး။ အသားတွေ တတ်လာမယ် လို့ ဆရာဝန်က မှာထားတယ် ”

ဘာဒဏ်မှလည်း မဖြစ်။ ဘယ်ဆရာဝန်မှလည်း မမှာထားပါဘူး။ သူလေ တမင် တမင် ပြောတာ. . .

“ ဒါဆိုလည်းကွယ်။ ခရမ်းချဉ်သီးသုတ်လေးနဲ့ ဟင်းချိုနဲ့ စားလိုက်ပါကွယ်။ မင်းကလည်း ရှောင်ထားရတာ များတော့ အန်တီက အားနာလိုက်တာ။ ကြိုသိရင်လည်း ပြင်ဆင်ပေးထားလို့ ရတာပေါ့ ”

“ အဲဒီလို အသုတ်တွေနဲ့ သူက နေ့တိုင်းသောက်နေရတဲ့ ဆေးနဲ့ မတည့်ဘူး။ ဟင်းချိုသောက်ရင် သူက သီးတတ်လို့ မသောက်ဘူးဟ ”

ဟင်. . . .ဘာဆေးမှလည်း နေ့တိုင်း မသောက်ရပါဘူး။ သူလုပ်တော့မှ လူက ၉၆ ပါး ရောဂါ အကုန် ဝယ်ယူထားသလို ဖြစ်နေပါရောလား။ ဟင်းချိုလေး သောက်တာ သီးစရာလား. . .

“ ဟယ်. . .ဒါဆို ဘာနဲ့ သူစားရတော့မလဲ ၊ ဒုက္ခပါပဲ ”

“ ဒုက္ခ မနေပါနဲ့ သူငယ်ချင်းရာ။ သူ့ရဲ့ ဝဋ်ကြွေးပေါ့။ ဘယ်တတ်နိုင်မလဲလေ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ”

“ ဘာလဲဟ ”

“ သူက ငါးပိရည်နဲ့ တို့စရာတော့ အရမ်းကြိုက်တယ်။ သူ အိမ်မှာ ဆိုရင်လည်း ငါးပိရည်နဲ့ တို့စရာနဲ့ပဲ သူနဲ့ တည့်တော့ ဒါပဲ စားနေရတာ မဟုတ်လား။ ငါးပိရည်နဲ့ တို့စရာ ရှိရင် သူက ထမင်းစားလို့ ရပါတယ် ”

“ ဟေ. . . အဲဒီလိုလား။ ဟုတ်လား သားလေး ”

အဲဒီလို ဟိုက ဟင်းထည့်ပေးမယ် ကြံလိုက် ၊ ရှေ့ကနေ ပိတ်ပြီး ဟန့်ပြော ပြောလိုက် ၊ နောက်ထပ် ထပ်ပြီး နောက်တစ်မျိုး ဟင်းထည့်မယ် ကြံလိုက် ရှေ့ကနေ ပိတ်ပြီး ဟန့်ပြော ပြောလိုက်နဲ့ ကျွန်တော့်မှာ ဟင်းကောင်းတွေ တွေ့လျက်နဲ့ မစားခဲ့ရဘဲ ၊ အိမ်မှာ လုံးဝ မစားဖြစ်တဲ့ ငါးပိရည်ကို သူက အလွန်ကြိုက်တယ် လို့ ဆိုပြီး ရှေ့က ကြိုဟန့် ပြောမှတော့ ကျွန်တော့် ဘဝရဲ့ အဖြစ်အပျက်ကို စဉ်းစားသာ ကြည့်ကြပေတော့ဗျာ။

အိမ်မှာ ငါးပိရည်နဲ့ တို့စရာ စားပါ ဆိုရင် မစားလို့ သူများအိမ်မှာ ဟင်းကောင်းတွေကို မစားဘူး ၊ မတည့်ဘူး ဆိုပြီး “ ဟန့်ပြော ” ပြောကာ ကျွန်တော့်ကို ဟင်းတွေဆီကိုလည်း လက်မလှမ်းအောင် ငါးပိရည်ကိုလည်း စားဖြစ်အောင် အဲဒီလို ရှေ့က ကြိုဟန့်ဟန့်ပြီး ပြောသွားတာ ခံရဖူးပါသည်။ အိမ်မှာ ဘယ်လိုပဲ ကျွန်တော် စားစားပေါ့ဗျာ ၊ သူများအိမ်မှာ ကျတော့ ဣနြေ္ဒ ဆိုတာက ပိုတယ် မဟုတ်လား ၊ အဒေါ်ကိုယ်တိုင်က ရှေ့ကနေ မစားပါဘူး ၊ မတည့်ပါဘူး ဆိုပြီး ဟန့်မှတော့ဗျာ။ အဲဒီနေ့က ကျွန်တော် ဟင်းကောင်းတွေ တွေ့ပြီး မစားခဲ့ရဘဲ ငတ်ခဲ့ရတဲ့ နေ့ တစ်နေ့ပေါ့ဗျာ။

တကယ်တော့ သူက နောက်တတ် ပြောင်တတ်သူမို့ ရုပ်တည်နဲ့ နောက်တာပါ သို့သော်. . . ကျွန်တော့်မှာတော့. . .



အဲဒါကြောင့် ကျွန်တော် ပြောတာပါ။ “ ဟန့်တယ် ” ဆိုတာ အလွန်ကို ဆိုးရွားလှသော ကိစ္စ နဲ့ လုပ်ရပ် တစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ လူကြီးတွေ အပေါ်မှာတောင်မှ သက်ရောက်မှု ရှိတယ် ဆိုရင် သိပ်ပြီးတော့ မစဉ်းစား ၊ မတွေးတော တတ်သေးတဲ့ ကလေးငယ်တွေ ဆီမှာ ဆိုရင် ပိုပြီးတော့ သက်ရောက်မှုက ဆိုးရွားနိုင်မှာ မဟုတ်ပါလား။

ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံ ၊ သင်ကြားတဲ့ နေရာမှာ “ ဟန့်ခြင်း ” ကင်းမဲ့ပြီး အကျိုးအကြောင်း ဆီလျော်စွာ ပြောဆိုခြင်းကိုသာ ဖြစ်စေချင်ပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့. . . . .

“ ဟန့်တယ် ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ရိုက်ချိုးလိုက်ယုံတင် မကဘူး ၊ သတ်လိုက်သလိုပါ ဖြစ်စေနိုင်လို့ပါပဲ။ ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မောင် said...

အေးဗျာ ကိုဇော့် အဒေါ် ဆရာမ အပျိုကြီး က လဲ အတော် ဆိုးတာပဲ။ တကယ်ဖြစ်ခဲ့ တာ ဆိုယင်တော့
လဲ မလုပ်သင့်ပါဘူး။ သူများ စားမယ့်ဟာ၊ ပြီးတော့ယင်
ကိုယ့်တူ အရင်းစားမယ့် အစာလေးတလုပ် ကို နောက်တာလဲ မဟုတ် ပြောင်တာလဲ မဟုတ် နဲ့ လိုက်
ဟန့် နေတာကြီး ကတော့ဗျာ ရုပ်ဆိုးလွန်းပါတယ်။
သူ့ အလှည့်လည်း တနေ့ ရောက်လာမှာပေါ့ဗျာ။

ကိုအောင်(ပျူနိုင်ငံ) said...

အယူအဆဆန်တဲ့ ခံစားချက်တွေ ဖတ်သွားတယ်
ကိုဇော်ရေ။

ယွန်း said...

ဖတ်ရင်းတွေးမိတာ ယွန်းလဲ တခါတလေ သားသားကို
ဟန့် မိတာလေးတွေ အတွက်ရယ်..ပြီးတော့ သူငယ်ချင်းတွေကို အတည်ပေါက်နဲ့ နောက်မိတာလေးတွေ အတွက်၇ယ်..တွေးမိသွားတယ်..နောက်တခါ သတိထားမှ...ဒီပို့ စ်အတွက် ကျေးဇူးပါ..

sosegado said...

အဟန့် ကိုသတိထားမိသွားတယ်၊ အဒေါ် အပျိုကြီးက နည်းနည်းပိုတယ် ဆိုပေမဲ့ ရည်ရွယ်ချက်က ဟင်းမရွေးအောင် ရတာနဲ့စားတတ်အောင် ထည့်လိုက်တာ၊ ကိုအောင်ခုထက်ထိ အမှတ်ရသွားစေတယ်။

sosegado said...

Very sorry ! ကိုဇော်ဖြစ်ရမှာ
ကိုအောင်ဖြစ်သွားတယ်

သိင်္ဂါကျော် said...

ဟားဟား.. အတော်နောက်တဲ့ အပျိုကြီးပဲနော်.. အဲလောက် နောက်လွန်းတော့လည်း မကောင်းတော့ဘူး..

မောင်ဘကြိုင် said...

ဝက်တော့မရှောင်နိုင်ဖူး အကောင်လိုက်မျိုချင်တား)

မိုးယံ said...

ကိုဇော်ရယ် ဒီလောက် ရောဂါတွေ ရှိနေရင်တော့ ငါးပိရည်နဲ့မစားသင့် ပါဘူး။ ဆားလေးနည်းနည်း တောင်းပြီး ထမင်းဖြူလေးကို ဆားဖြူးစားခဲ့ရမှာ ။ ဟိုတစ်လောကတောင် မျက်စိနာတယ်ဆို ၊ အဲဒါကြောင့် ပြောတယ် ငယ်တယ်ဆိုပြီး စွတ်မစား ပါနဲ့ဆို လူဇွတ် ဘွတ်။ (နောက်တာနော်)

ငြိမ်းချမ်းပါစေ
မိုးယံ

မြစ်ကျိုးအင်း said...

တကယ့်အဖြစ်သာဆိုရင်တော့ လူကြီး မပီသဘူးပဲ ပြောရမယ်။
နောက်တာကို နေရာမရွေးတတ်ရင် လူဂွစာပဲ ဖြစ်မယ်ထင်တယ်။ တကယ်တော့ ကိုယ်နဲ့အတူပါလာတဲ့ သူ အထူးသဖြင့် ကလေးကို ကိုယ်ကတောင် ကာကွယ်ပေးရအုံးမှာပါ။ ဥပမာ အိမ်ရှင်ကျွေးတဲ့ ဟင်းက နည်းနေရင်တောင် ကိုယ်က မစားဘဲ ကလေးကို စားစေရမှာ မဟုတ်လား။ ခုတော့ တမျိုးပဲ။ ကျနော်သာဆို အဲဒီလို အဒေါ်မျိုး ကျေမှာကို မဟုတ်ဘူး။ ဟင်း မစားရတာထက် လူကြီး မပီသ တာကြောင့်ပါ။ ကလေးကို ငပိစားဖို့ လေ့ကျင့်စေချင်ရင်လည်း ဒီ့ထက်ပျော့ပျောင်းတဲ့ နည်းတော့ ရှိနိင်တာပဲ။
စာဖတ်ပြီး အတွေးများသွားတယ်။

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့...ဒီကောင်လေးက မိန်းမလဲ ရှောင်ထားတယ်လို့အရပ်ထဲ လည်ပြောထားရင်..
ငတ်ပေါက်ပဲ...

chindwinthu said...

ကလေးတွေရဲ့ ငယ်ဘ၀မှာ ဟန့်တားခြင်းပုံစံမျိုး မဟုတ်ပဲ အမှန်ကို သိအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းကောင်းတွေ နဲ့ ဆုံးမ သွန်သင်နိုင်ဖို့ လိုအပ်ပါတယ်။

Dream said...

မှန်တယ်...ဟန့်ခြင်းက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်တယ်ဆိုတာ ...လေ...

ဟန့်ခြင်းရဲ့ နောက်ဆက်တွဲက လူကြီးတွေ ရဲ့ ဟန့် စကားက ကလေးတွေရဲ့ စိတ်ထဲမှာ
ကြောက်ရွံသွားစေတယ်။ နောက်ပြီး လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ်ပျောက်သွားစေတယ်။ ဒါမလို့ လူကြီးတွေ ဟာ ကလေးတွေကို ဆုံးမရာမှာ အင်မတန်မှကို ဂရုပြု ပြောဆိုဆုံးမရင် ကောင်းမယ်နော်။

nyeinsoe said...

အနာဂတ် ရှုမျှော်ခင်း စာမျက်နှာပါပဲ။
ငြိမ်းစိုးဦး

ဝက်ဝံလေး said...

ဖတ်ပြီးရယ်သွားတော့ နောက်တော့ ကိုမြစ် ကွန်မန့်ဖတ်တော့ ကိုမြစ်ပြောတာ ဟုတ်သလိုလိုပဲ ဟဟဟဟဟ
ဘာပဲဖြစ်ဖြစ် အဲဒီနေ့က ကိုဇော် ငတ်လေသတည်း ပေါ့ ဟဟဟဟဟဟဟဟဟ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.