မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 September 2010

8 စပ်မိစပ်ရာ ဘာညာကွိကွ



အယ်. . . ဘာမှ စိတ်မကောင်း မဖြစ်ကြပါနဲ့ ၊ စိတ်မပူကြပါနဲ့ဗျ။ ကျွန်တော် နေကောင်းပါ၏။ တကယ်ကို အကောင်းကြီး ဖလန်း ၊ ဖလန်းကို လူက လန်းနေပါ၏။ စိတ်တွေကပဲ စုစည်းပြီး စာရေးလို့ မရတာပါ။ ထားတော့. . .ဖြစ်ပျက်တာလေးတွေ ပြောပြမယ်။

ရုပ်ရှင်လေး တစ်ကား ကြည့်လိုက်ရသည်။ The Other Guys တဲ့။ ဒါလေးကို ကြည့်ပြီး ထုံးစံ အတိုင်း လျှောက်ပြီးတော့ တွေးမိပါသည်။ ဒီအတွက် ခေါင်းစဉ်လေး ပို့စ်လေး တစ်ပုဒ်အတွက် ခေါင်းစဉ်လေး တစ်ခု ရလာသည်။

“ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ”

တဲ့။ ဒါပေမဲ့ ခေါင်းစဉ်ကို ရတာ ဒီဇာတ်လမ်းလေးကို ကြည့်မိမှ မဟုတ် ၊ အရင်က ဇာတ်ကားလေး နှစ်ခုလည်း ကြည့်ရှုဖူးပါသည်။ အဲဒီအထဲက စဉ်းစားမိပြီး ချရေး လက်စပါ။ အခုတော့ ဒီဇာတ်ကားကို ကြည့်ပြီးတော့ ဇာတ်လမ်းက အသစ်ပြောင်း သွားမိတော့သည်။ သို့သော် နောက်တော့ ဇာတ်လမ်းထက် ခေါင်းစဉ်လေးက ပိုပြီး အားသာလာခဲ့သည်။ ဒါကြောင့် စိတ်ကူးထဲမှာ ဖြစ်နေတဲ့ ဇာတ်လမ်းလေးကို ဝတ္ထုလေး အနေနဲ့ ချရေးလိုက်ပါသည်။ ထိုအခါ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ဆိုသော ဝတ္ထုလေးသည် ပြီးဆုံးသွားပါတော့သည်။ ဒါပေမဲ့ ကျွန်တော် ပြန်ဖတ်ပြီးတော့ ဒေါသသံတွေများ လွှမ်းမိုးနေလားလို့ ထင်မိပြန်ပါသည်။

ဒါကြောင့်............ဒီစာလေးကို ဖယ်ထားလိုက်ပြီး ဒီခေါင်းစဉ်နဲ့ပဲ နောက်ထပ် တခြားအကြောင်းကို ရေးပြန်ပါတော့သည်။ ထို့နောက် ပြီးသွားတော့ ကျွန်တော် ပြန်ဖတ်ကြည့်မိသည်။ ကြမ်းတမ်းသော လူတစ်ယောက်ရဲ့ ရာဇဝင်ကို ပေထက် အက္ခရာတင်ထားသလို ရှိနေသည်။ 

ဒါကြောင့်.............ဒီခေါင်းစဉ်ကိုပဲ ကျွန်တော် ထပ်ရေးမိသည်။ ကနွဲ့ကလျ နဲ့ ရှောက်သီးဆေးပြား ရောင်းသော အခြောက်တစ်ယောက်၏ အော်ဟစ်သီဆိုနေသော ကိုယ်ရေး ရာဇဝင်လို ဖြစ်သွားသည်။ ကျွန်တော်လည်း မတတ်နိုင်။ ကျွန်တော်ကတော့ အကောင်းဆုံး ရေးလိုက်တာပဲ ဖြစ်ပါလျှက်နဲ့ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုကြောင့် ဝတ္ထုက အားပျော့သွားတာ ဖြစ်သည်။ ဒါကြောင့်..........

ဒါကြောင့်..........

ဒါကြောင့်.......... ဆိုသော အကြိမ် အခုဆိုရင် ခုနှစ်ကြိမ်တိုင်တိုင် ကျော်လွန်သွားခဲ့ပါပြီ။ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ဆိုသော ခေါင်းစဉ်နဲ့ ဝတ္ထုလေး တစ်ပုဒ်ကို ကျွန်တော် နှစ်သက်မိသလို အပြစ် ၊ ဒေါသ ၊ မောဟတွေ မပါအောင် ကျွန်တော် မရေးနိုင်ခဲ့သေး။ ဝတ္ထုလေး ရေးနေတာလည်း ၂ လနီးပါးမျှ ရှိတော့မည်။ ဒါကို ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူများ သိကြသည်။

ဖျက်လိုက် ၊ ရေးလိုက် ၊ ပြင်လိုက် ၊ အသစ်စရေးလိုက်နဲ့ အတော်ကြာလာတော့ ကိုယ့်ဖာသာကိုယ် စိတ်ပျက်သလို ဖြစ်မိတာလေး တစ်ခုပါပဲ။ ဒါကြောင့် စာရေးဖို့ကို သူက တားဆီးလိုက်သလို ဖြစ်နေလို့ပါ။ အခု အတောအတွင်းမှာ ကျွန်တော် တင်ခဲ့တာလေးတွေက အရင်က ကြိုရေးထားတာတွေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ထားလိုက်ပါတော့လေ။ မကြာခင် “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ပို့စ်လေး ပြီးတော့မှာပါ။

ဒီပို့စ်လေးကိုတော့ ကျွန်တော် ထုံးစံအတိုင်း အလျားလိုက်ပဲ ပြားပြားချပ်ချပ် ချပြထားမှာပါ။ ဘယ်လို ကောက်နှုတ် ပုံဖော်ပါလို့လည်း ထုံးစံအတိုင်း မရေးပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိနေသော ပုံရိပ် အသွင်သဏ္ဍာန် အလိုက်သာ ပုံဖော် ခံစားသွားပါ။ တပြန့်တပြူး ချပြထားပေမဲ့ ဘောင်တွေ ၊ ကန့်လန့်တန်းတွေနဲ့ ဝင်မတိုက်မိပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါပဲ။ မကြာမှီ လာမည်....ပေါ့ဗျာ။ အခုတော့ အဲဒီလို အပိုင်းအစလေးတွေ နည်းနည်း မြည်းထားကြရအောင်လားဗျာ။



အပေါင်း

ဟိုနေ့က ကိုရန်အောင် ဘလော့ကို ရောက်သွား၏။ သူ့နေရာမှ twitter တွင် သူက Apr 22 မှာ ဒီလို ရေးထားသည်။

“ မနေ့ညက ထီထိုးခဲ့တယ်. $ 255 millions တဲ့. စနေနေ့ထိ စိတ်ကူးလေးတွေ ယဉ်လို့ ကောင်းဦးမယ်.ထီပေါက်ရင် သူမ အတွက် စိန်တစ်လုံးဝယ်ပေးမလို့.(သရက်သီးပါ) :D ”

ထိုစာကို ကြည့်ပြီး ကျွန်တော် မခံမရပ်နိုင်အောင် ဖြစ်သွားသည်။ တော်တော် ကပ်စေးနဲတဲ့ ကိုရန်အောင် လို့ လည်း ထင်မိသည်။ $255 millions ပေါက်တာတောင်မှ သူက ချစ်သူ အတွက် စိန်တစ်လုံးပဲ ဝယ်ပေး မတဲ့ဗျာ။  စိန်တစ်လုံးထဲဆို ဘယ်လိုလုပ် အားရမလဲ။ ကျွန်တော်သာ ဆိုရင် “ စိန်ဘယက် ” ဝယ်ပေးမယ် လို့ တေးထားလိုက်၏။

ကိုရန်အောင်က ဆက်ပြောတယ် ၊ နောက်က ကွင်းစ ကွင်းပိတ်ထဲမှာ ၊ စိန်တစ်လုံး ဆိုတာကို ( သရက်သီးပါ ) လို့ ဆိုထားတယ်။ ကျွန်တော်ကတော့ သရက်သီး မဟုတ်ပါ။ ကျွန်တော် ချစ်သူအတွက် ဝယ်ပေးမယ် ဆိုသော “ စိန်ဘယက် ” က (  သွေးဆေး  ) ပါ :P သူမ ကျန်းမာရေးကောင်းဖို့ အတွက်လည်း အရေးကြီးတယ် မဟုတ်ပါလား။

အဲဒီလိုပဲ ကျွန်တော်က ချစ်သူအတွက် ဆိုရင် နည်းနည်း မကအောင်ပဲ ပေါင်းထည့် ပေးချင်သူ တစ်ယောက်ဖြစ်သည်။



အနုတ်

ဟိုတစ်နေ့က စာအုပ်အဟောင်းလေးတွေထဲကနေပြီး မှတ်စု စာရွက်လေး တစ်ခု ထွက်ကျလာခဲ့၏။ အရင်က ဖေဖေ ပြောခဲ့တာလေးကို စာရွက်လေးနဲ့ ချရေးထားမိတာ ဖြစ်၏။ ဒီလို ရေးထားသည်။

- မြန်မာနိုင်ငံက ဆင်းရဲသား အရက်သမားတွေမှာ အမြည်းဆိုတာထက် သူတို့ မူးဖို့က အဓိက ဆိုတော့ အရက်နဲ့ မြည်းဖို့ ပဲကြီးလှော်တောင်မှ မြက်တောထဲကို ကျဲပြီးမှ အရက်သောက်ရင်း ပြန်ရှာစားကြရသည်။ ဘာလို့လဲ ဆိုတော့ အရက်သောက်လောက် စားလိုက်ဆိုရင် ပဲကြီးလှော်မလောက်လို့။ မြက်တောထဲက ပြန်ရှာစားမှ ကြာကြာခံတယ် မဟုတ်လား။

- ဒါကြောင့် ခွန်အားအတွက် အစာကနေ အဟာရ မယူနိုင်တော့ အဆီဓါတ် ၊ နောက် အသားဓါတ် ၊ နောက် အသည်းဓါတ် ၊ နောက် ရိုးတွင်းချဉ်ဆီ ၊ နောက် . . . . . နောက် ဆိုပြီး သေသွားကြတာပဲ။ ဒါကြောင့် အရက်သောက်ရင် အမြည်းကောင်းကောင်း ၊ များများနဲ့ပဲ သောက် . . .တဲ့။

ကျွန်တော်လည်း အရက်က ဒီလို ကိုယ့်ဆီက အနုတ်ခံနေရတာမျိုးကို မကြိုက်ပါ။



အမြှောက်

ဟိုတစ်နေ့က မိုးယံ ဆိုသော ဘလော့ဂါ နဲ့ အလှူကိစ္စ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ပြောပါသည်။

“ ကိုဇော်တို့များ Facebook က Profile ပုံကို ဘယ်တုန်းက ပုံကို တင်ထားတာလည်း မသိဘူး။ မသိရင် ကလေးလေး ကျနေတာပဲတဲ့  ”  ( အဟိ )

“ အာ မဟုတ်ပါဘူးကွာ။ ဒါ ပြီးခဲ့တဲ့လ ၁၉ ရက်နေ့ကမှ သူငယ်ချင်း မင်္ဂလာနှစ်ပတ်လည်ကို သွားရင်းနဲ့မှ ရိုက်ထားတာပါကွ ”

ဆိုတော့။ သူက . . . .

“ ဟုတ်လို့လား ကိုဇော်ရာ။ ဓါတ်ပုံထဲမှာ အရမ်းငယ်နေသလိုပဲ ၊ အခု အသက်က ဘယ်လောက်လဲ ”

လို့ မေး၏။ ကျွန်တော်ကလည်း လိမ်စရာ လိုတာမှ မဟုတ်ဘဲ။ ဒါကြောင့် အမှန်အတိုင်းပဲ ပြောလိုက်ပါသည်။

“ ၃၁ ကျော်ပြီလေ ညီရာ ”

ဒီတော့ သူက ပြောပါသည်။

“ သြော်. . . အသက်ကြီးပြီပဲ ”

တဲ့။ ဒါကို တချို့ဆို နာချင်နာ သွားပါလိမ့်မည်။ ကျွန်တော်ကတော့ ပြုံးမိပါသည်။ သူ့ကိုတော့ မပြောမိပါ။ တကယ်တော့ “ အသက်ကြီးတယ် လို့ ပြောလိုက်တာဟာ အသက်ထက် စာရင် ရုပ်က နုနေတယ် ” လို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟုတ်လား ( ဟား ဟား ဟား )

ဒါမှ မဟုတ်. . . . တခြားသော တစ်ယောက်ယောက်က “ ကိုဇော်က ရုပ်ကြီးက အဘိုးကြီး ဖြစ်နေပြီနော် ” လို့ လာပြောတယ် ဆိုပါစို့။ ဒါဆိုလည်း “ အသက်က ငယ်သေးတာပဲ ” လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုပဲ လောကကြီးက နေတတ်ရင် ပျော်စရာချည်းပဲ မဟုတ်ပါလား။ ကျွန်တော်တို့လည်း သူများတွေကို ပြောရင် ဒီလိုပဲ စိတ်ကျေနပ်ပြီး တွေးတွေးပျော် မိအောင် ပြောတတ်ပါသည်။

ဒီလိုနဲ့ ကျွန်တော် လောကကြီးကို သာယာအောင် ပင့်မြှောက်ထား ချင်ပါသေးသည်။ 



အစား

ဟိုတစ်နေ့က ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် ဈေးသွားဝယ်ပါသည်။ သူလိုနေသော ကွန်ပျူတာ ပစ္စည်းလေးတွေလည်း ဝယ်ရင်း ကျွန်တော်ကလည်း စားဖို့ သောက်ဖို့လေးတွေ သွားဝယ်ဖို့ပါ။ သူ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံက မပြည့်တော့ ဘဏ်ကို အရင်သွားကာ ပိုက်ဆံ ထုတ်ရပါသည်။ ဘဏ်ကနေ ကားစီးဖို့ လမ်းမပေါ်တတ်လိုက်တော့ ကားမှတ်တိုင် နှစ်ခုကြားထဲမှာ ဖြစ်နေ၏။ ဒါကြောင့် နီးရာ ကားမှတ်တိုင်ကို လမ်းလျှောက်လာရင်း လမ်းမှာ လာနေတဲ့ ဘတ်စ်ကို တားစီးမယ် လို့ စဉ်းစားမိပါသည်။

ခဏလေး လျှောက်လာမိတော့ ခေါင်းကြီးကို ငိုက်စိုက်ချကာ ကမူးရှူးထိုးနဲ့ ပြေးလာသော ဘတ်စ်တစ်စီးကို တွေ့လိုက်ရသည်။ ကားက အရှိန်တော်တော် ပြင်းသည်။ ကျွန်တော့် သူငယ်ချင်းက လိုက်မယ် ဆိုပြီး ကားရှေ့ကို ကြိုပြီး လက်ငါးချောင်းကို အပြားလိုက် ဖြန့်ကာ  တားပါသည်။ သို့သော် ထိုကားက မရပ်ပါ။ သူ့ကားမှတ်တိုင် မဟုတ်လို့ မရပ်တာဘဲ လို့ ကျွန်တော်တို့ တွေးနေတုန်းမှာ ဘတ်စ်က ကျွန်တော်တို့ကို လွန်သွားပြီးမှ ဘရိတ်ဆွဲသံကို ကြားရသည်။

ငါတို့ကိုများ ရပ်ပေးတာလား ဆိုပြီး အပြေးအလွှား တတ်ဖို့ နောက်လှည့် ကြည့်လိုက်တော့ ဘတ်စ်က ရပ်ဖို့ အရှိန်တောင်မှ တော်တော် သေနေပါပြီ။ လုံးလုံးရပ်ဖို့ပဲ ကျန်ပါတော့၏။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ဘတ်စ်ရှေ့နားမှာ ဘောင်းဘီတိုတို နဲ့ တရုတ်မလေး တစ်ယောက်က လှလှပပ ခြယ်သကာ ဘတ်စ်ကို လက်ညှိုးလေး တစ်ချောင်းတည်းနဲ့ ဖြတ်တားနေပါသည်။ ဒီတော့ ကျွန်တော်တို့ကို စိတ်ဆိုးတကြီး ဖြတ်ခုတ်မောင်းသွားတဲ့ ဘတ်စ်ကြီးဟာ သူ့ရှေ့မှာတော့ တုံးခနဲ သွားရပ်တော့တာပါပဲ။

ကျွန်တော့်သူငယ်ချင်းက ဘတ်စ်ကို လက်ငါးချောင်းနဲ့ တားပါသည်။ ဒါကြောင့် မရပ်ပါ။ တရုတ်မလေးကတော့ လက်ညှိုးလေး တစ်ချောင်းတည်းနဲ့ တားပါသည်။ ဒါကြောင့် ရပ်သွားပါသည်။ သင်္ချာမှာ အစားဆိုသော တွက်ချက်မှုမှာ ( ၅ ) ဂဏာန်းဖြင့် အရာ အားလုံးကို ပြတ်အောင် မစားနိုင်ပါ။ သင်္ချာရဲ့ အစား တွက်ချက်မှုမှာ သုည ( ၀ ) မှလွဲလို့ ကျန်သော ကိန်းပြည့်ဂဏာန်းတွေ မှန်သမျှကို စား၍ ပြတ်တာ ဆိုလို့ တစ် ( ၁ ) ဂဏာန်းတစ်ခုသာ ရှိပါသည်။ 

အခုတော့ ခေါင်းကြီးကို အောက်ငိုက်စိုက်ချကာ ဂမူးရှူးထိုးပြေးလာသော ဘတ်စ်ကားကြီး တစ်စီးလုံးကိုလည်း လက်ညှိုးလေး တစ်ချောင်းထဲက ဇွိခနဲ နေအောင် ဆွဲရပ်ကာ ဘတ်စ်ကား၏ အရှိန်တွေ အားလုံးကို ဆွဲစား လိုက်ပါတော့သည်။ အင်း. . . . ကျွန်တော်တို့သည် ထိုတရုတ်မလေးလို သင်္ချာ မကျွမ်းကျင်သေးပါလား ဟု ကျွန်တော့်ကိုယ် ကျွန်တော် ခံစားမိသည်။ 

ကျွန်တော်လည်း လက်ညှိုးတစ်ချောင်းနဲ့ ပြတ်အောင် စားတတ်ဖို့ လိုပါသေးသည်။


လေးစားစွာဖြင့်
ကိုဇော်



Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဝမ်းသာပါ၏ ပထမဆုံး comment ရေးရတဲ့အတွက်..
may

ကိုအောင်(ပျူနိုင်ငံ) said...

ပေါင်းနုတ်မြှောက်စားတွေ ဖတ်လို့ကောင်းပါတယ်။

Anonymous said...

လာပြီးတော့ ပေါင်းသွားပါတယ်။

မန်းကိုကို

ရွှေရတုမှတ်တမ်း said...

လက်စသတ်တော့...သူကသချာင်္ဆရာကိုး....

မောင်မျိုး said...

ခေါင်းစဉ်နဲ့ အောက်ကအချက်တွေတော်တော်လိုက်တယ်း) အမြှောက်ကိုတော့ ခိုက်သွားပြီး အဲ့လိုမျိုး အကောင်းဘက်ကတွေးလိုက်တော့လည်းကောင်းတာပေါ့ ။

ဧပရယ်လ်ပူး@ပူးတေ said...

အပေါင်း အနှုတ် အမြောက် လေးတွေကို သဘောကျသွားပါတယ်... အပေါင်းကို ဖတ်ပြီး ပြုံးမိစေတယ်.. အနှုတ်ကိုဖတ်ပြီး ဒီလိုလူတွေရှိသေးပါလားလို့ သနားဂရုဏာသက်မိတယ်...အမြောက်လေးကလြ မိုက်တယ်..ကိုယ့်ကိုဘာပဲလာပေးပေး ကိုယ်ဘယ်လိုပုံစံနဲ့ လက်ခံယူရမလဲဆိုတာကို စိတ်ထားတတ်အောင် သင်ပေးသွားတာပေါ့... အစားကိုတော့ နားသိပ်မရှင်းဘူး...:D

အကြွင်းကို ဘယ်လိုရအောင်လုပ်ရမလဲဆိုတာ သိချင်နေတယ်.. ပူးတေကို လာဆဲသွားရင်တောင်မှ ဘယ်ကလူက လာဆဲသွားမှန်း သိမှာမဟုတ်တဲ့ ဘဝလေးပါ... အစထဲကတော့ ဒါတွေကို ခံနိုင်ရည်ရှိအောင် ကျင့်ထားပါတယ်... အတတ်နိုင်ဆုံးလဲ အဆဲမခံရအောင်နေပါတယ်.. အခုထိတော့ အဆဲမခံရဖူးသေးပါဘူး... လာဆဲသွားခဲ့ရင်လဲ အနဲဆုံးတော့ လာဆဲသွားတဲ့ လူရဲ့ နေရာလေးတော့ သိချင်တာပေါ့... ဒါမှ ငါ့ကိုတော့ ဘယ်နေရာ မုန်းတဲ့လူ အနည်းဆုံးတော့ ၁ ယောက်တော့ရှိနေပြီလို့ သိရပြီး အဲဒီအရပ်ဒေသကလူကို မေတ္တာပို့နိုင်အောင်လို့ပါ... အဆင်ပြေရင် သင်ပေးပါလား.... :)

ခင်တဲ့
ပူးတေ

Anonymous said...

:)
ကိုဇော်
ဘယ်ကလို့ မပြောတော့ပါဘူးနော်... အမြဲစာလာဖတ်နေတဲ့ အကြောင်းတော့ ခြေရာတွေကြွင်း နေလို့သိမှာပါ..
ကွန်မန့်ထားနေကျမဟုတ်မှန်းလဲ သိနေမှာဘဲနော့်..
ဒီနေ့ပိုစ့်ရဲ့ အကြွင်းကို သဘောကျလို့ ကွန်မန့်ကို အကြွင်းထဲမှာ ထပ်ပေါင်းထည့်ပေးသွားတာပါ ... :))

Anonymous said...

ကိုဇော် ရေ

စာလေး ဖတ်သွားတယ် ဘောင်းဘီတိုလေး နဲ့ လက်ညှိုး တချောင်း ထောင်လို့ ကားရပ်ရင် အဟဲ... ပြောရမှာ အားနာတယ်.. ကိုယ်လည်း သူလို ရပ်အောင် လုပ်လို့ ရပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.