မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 September 2010

14 ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား



သချာင်္ရဲ့ အခြေခံပညာ ဖြစ်သော “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ကို သေချာ မတတ်သေးခင် အချိန်ထိ ကျွန်တော်ဟာ လူငယ် တစ်ယောက် ဖြစ်နေခဲ့ပါသည်။ 



အသက် ၂၆ နှစ် ဆိုတဲ့ အရွယ်မှာ အမေက ပေးတဲ့ “ ဝေဦး ” ဆိုသော နာမည်နဲ့ M.Sc ( Maths ) ဘွဲ့ တစ်ခုကို ကျွန်တော် ပိုင်ဆိုင်ထားပြီး တခြားသော တိုလီမုတ်စ သင်တန်းတွေကနေ လက်မှတ် တော်တော်များများလည်း ပိုင်ဆိုင်ထားပါသည်။

ကျွန်တော် ဖတ်ခဲ့ရသော စာအုပ်များနဲ့ ကျွန်တော့်ကို အဓိက အစစ အရာရာ သင်ပေးသော ဖေဖေတို့ဆီက ကျွန်တော် စွဲစွဲမြဲမြဲ ရခဲ့သော စကားလုံးတွေ ရှိပါသည်။ “ လူဆိုတာ အလုပ်ကို ကြိုးစားတယ် ဆိုရင် တိုးတတ်မှု ဆိုတာကို ထိုင်စောင့်ပြီး တောင်းနေစရာကို မလိုဘူး အရာရာ တိုးတတ်လာတာပဲ။ ” ဒီလိုတွေနဲ့ ကျွန်တော့် ဘဝပတ်ဝန်းကျင်မှာ ကျင်လည် ရှင်သန်ခဲ့ပါသည်။

“ စတီဗင် ” ကိုကြည့် တစ်နေ့ကို အလုပ် ၁၆ နာရီကနေ ၁၈ နာရီ အထိ အလုပ်လုပ်သည်။ ထို့ကြောင့် အခုတော့ သူက သူ့ရဲ့ အသိုင်းအဝိုင်းများဖြင့် လုပ်ငန်းအင်အားစုကြီး တည်ထောင်နိုင်ခဲ့သည်။ “ အင်ဒရူး ကာနက်ဂျီ ” အကြောင်းကို ဖတ်မိသည်။ သူ့ရဲ့ တာဝန် အလုပ်တင် မက သူများရဲ့ တာဝန် အလုပ်တွေကိုပါ သူက ဝိုင်းကူလုပ်ဆောင်ပြီး သူ့အတွက် အဖိုးတန်သော အခွင့်အလမ်းများ ၊ သတင်းများကို ရယူသွားနိုင်ခဲ့ပြီး သံမဏိသူဌေးကြီးဟု ကမ္ဘာက ခေါ်ဆိုနိုင်အောင် ချမ်းသာကြွယ်ဝသွားသည်။ 

ဒါတွေ ဒီလိုတွေ အားလုံးက အလုပ်ကို အားကြိုးမာန်တတ် လုပ်ကိုင်ရင်း ၊ သူများတွေရဲ့ အလုပ်အခွင့် အလမ်းမှလည်း သင်ယူရင်း တိုးတတ်အောင်မြင်သွားတဲ့ သာဓက ၊ နမူနာ ကောင်းများပဲ မဟုတ်ပါလား။ သူတို့ကို ကျွန်တော် ကြည့်ပြီး အားကျသည်။ ဒါကြောင့် သူတို့လိုပဲ ကျွန်တော်သာ အလုပ်ဝင်ခဲ့ရင် တတ်ကြွစွာ အလုပ်လုပ်ရင်း သူများတွေ ဆီက သင်ယူမယ် ၊ ကြီးပွားအောင်မြင်အောင် ကြိုးစားမယ် လို့ ကျွန်တော် ဆုံးဖြတ်ထားခဲ့သည်။



အင်တာဗျူး ဆိုသော အရာရဲ့ ပါးရည်နပ်ရည် မရှိသေးသော အခါမှာ နောက်အပတ်ကျရင် အကြောင်းပြန် လိုက်ပါ့မယ် ( ဒါမှမဟုတ် ) နောက်တစ်ပတ်ကျရင် အလုပ်ခန့်သူတွေကို ကြော်ငြာပေးပါ့မယ် ဆိုတဲ့ ငြင်းပယ်သော စကားကို ကုမ္ပဏီ နှစ်ခုမှာ လက်ခံရရှိပြီး တတိယမြောက်သော ဒီကုမ္ပဏီကတော့ ဘယ်နေ့စပြီး အလုပ်ဆင်းပါ လို့ အင်တာဗျူး အောင်ကြောင်းကို ဖွင့်ပြောခြင်းနဲ့ အဆုံးသတ်ခဲ့သည်။ ကျွန်တော် အလုပ်ရပါပြီ။

ကျောင်းစတတ်သော ကျောင်းသားငယ် ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှု လိုမျိုး ကျွန်တော် ရင်ထဲမှာ ခံစားနေရသည်။ ကျောင်းစတတ်ရသော ပျော်ရွှင်မှု ၊ အတန်းသစ်ဆိုသော ကြောက်ရွံ့ခြင်း မဟုတ်သော  တလှပ်လှပ် ခံစားမှု တွေကို အခု အလုပ်စဝင်တော့လည်း ကျွန်တော် တပြိုင်နက် ခံစားနေရသည်။ အိမ်က အလုပ်သွားဖို့ ထွက်မယ် ဆိုတော့ ဖေဖေက လှမ်းပြီး သတိပေးသည်။

“ သားရေ ၁၁၀ ရာခိုင်းနှုန်းတော့ ဖြစ်ပါစေနော်။ ”

ဖေဖေ ပြောပြနေကျ အတိုင်း အလုပ်တစ်ခုကို ကိုယ့်တာဝန်ကျေရင် ပြီးရော ဆိုပြီး ကိုယ့်အလုပ်ကိုသာ ၁၀၀ ရာခိုင်နှုန်း မလုပ်ပဲ ပိုမိုကြိုးစားဖို့ ဖေဖေက လှမ်းပြီး သတိပေးလိုက်ခြင်းပါပဲ။ တတ်ကြွတယ် ဆိုသော လူတစ်ယောက်ရဲ့ ခြေလှမ်းတွေကို မမြင်ဖူးရင် ဒီအချိန်မှာ ကျွန်တော့်ခြေလှမ်းတွေကို လာကြည့်ရင် မြင်သာပါလိမ့်မည်။

“ ကမ္ဘာလောကကြီး လှပစေချင်ရင် သင်၏ မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ။ ”

ဆိုတဲ့ စကားအတိုင်း အလုပ် ပထမဦးဆုံးနေ့မှာပဲ ပြုံးရွှင် တတ်ကြွစွာ ကျွန်တော် အလုပ်ဝင်ခဲ့ပါသည်။ အားလုံးကလည်း ကျွန်တော့်ကို ပြုံးရွှင်စွာနဲ့ပဲ နှုတ်ဆက် ကြိုဆိုကြသည်။ တတ်ကြွလွန်း ၊ ကြိုးစားချင် လွန်းနေတဲ့ ကျွန်တော့် အတွက် ဒီက အလုပ်ဆိုတာ ဘာမှကို သေချာ မလုပ်လိုက်ရပါ။ မနက် ၈ နာရီ အလုပ်ဝင်ပေမဲ့ ၁၀ နာရီခွဲတဲ့ အထိ ကျွန်တော် ဘာမှ သေသေချာချာ မလုပ်ရသေးဘူး။ အလုပ်လုပ်ရတော့လည်း နေ့လည် ၂ နာရီ ဆိုရင် လုပ်စရာက ကုန်သွားပြန်ရော။ ဒါနဲ့ ညနေ ၅ နာရီ ထိုးတော့ ကျွန်တော် ပြန်လာရသည်။

အလုပ်နဲ့ ပတ်သတ်ပြီး မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့ ကျွန်တော်က အရာရာ သူများတွေထက် အချိန်စောပြီး ပြီးနေတတ်သည်။ ဒီတော့ အားနေတဲ့ အချိန်မှာ သူများတွေ လုပ်နေတဲ့ အလုပ်ကို လေ့လာသည် ၊ သူတို့ကို ကူညီ လုပ်ပေးသည် ၊ အားလုံးကလည်း ကျွန်တော် ကူညီပြီး လုပ်ပေးတာကို ပြုံးပြုံးပျော်ပျော်ပဲ လက်ခံ ကြပါသည်။ လူတွေ အားလုံးနဲ့ အဆင်ပြေတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ထင်နေတဲ့ အချိန်မှာ လူတစ်ယောက်ကတော့ သူ့အလုပ်တွေကို ကျွန်တော် ကူလုပ်ပေးတာကို ပြင်းပြင်းထန်ထန်ကို အားမနာတမ်း ငြင်းဆန်သည်။

သူက ကျွန်တော့်ထက် ရာထူးအရာ တစ်ဆင့်နိမ့်သော ဝန်ထမ်းတစ်ဦး ဖြစ်သည်။ လုပ်သက်ကတော့ ကျွန်တော့်ထက် ၃ နှစ်မျှ ပိုကြာနေသူ စီနီယာ တစ်ယောက် ဖြစ်သည်။ လူပုံက အတီးအတ နဲ့ ဘာကိုမှ သေချာ နားမလည်သော လူတစ်ယောက်ပုံစံမျိုး။ သူ့နာမည်က “ ဇေယျာ ” လို့ ခေါ်သည်။  သူနဲ့ ကျွန်တော် အသက်အရွယ် အတူတူပါပဲ။ သူကတော့ သူ့အလုပ်တွေကို ကျွန်တော် ဝိုင်းပြီး လုပ်ပေးမယ် ကြံတိုင်း “ ကျွန်တော့် အလုပ် ကျွန်တော် နိုင်ပါတယ်။ ” လို့ မျက်နှာထား တင်းတင်းနဲ့ ပြောတတ်သည်။ ဒါပေမဲ့ ကျွန်တော် လုပ်ရင် နှစ်ရက်နဲ့ ပြတ်မဲ့ အလုပ်တစ်ခုဟာ သူလုပ်ရင် သတ်မှတ်ချိန် မတိုင်ခင်လေးမှ ကပ်ပြီးတော့ ပြီးတတ်သည်။ သူ့ရဲ့ အချိန်ဖြုန်းမှုကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။

ကျွန်တော့်အလုပ်ကို ကျွန်တော် မြန်မြန်ဆန်ဆန် ကြိုးစားလုပ်လိုက် ၊ သူများ အလုပ်ကို ဝိုင်းလုပ်ပေးလိုက်နဲ့ အလုပ်စဆင်းချိန်မှ စပြီး တစ်လခန့် ကြာတော့ ကျွန်တော့်ကို အလုပ်က အကြီးအကဲက သူ့ရုံးခန်းထဲ ခေါ်တွေ့သည်။

“ ထိုင်. . မောင်ဝေဦး။ မင်းကို မေးစရာလေးတွေ ရှိလို့ပါ။ ”

“ ဟုတ်ကဲ့ ဆရာ။ မေးပါ။ ”

“ မင်း ဒီမှာ အလုပ်မရခင် တခြားနေရာ နှစ်ရာတွေမှာလည်း အင်တာဗျူးခဲ့သေးတယ်ဆို. . ”

“ ဟုတ်ပါတယ် ဆရာ။ ”

“ ဒါဆို အဲဒီနေရာတွေမှာ ဘာလို့ မင်း အလုပ်မရတာလဲ။ ”

“ ဗျာ။ ကျွန်တော့်အထင်တော့ သူတို့ ကျွန်တော့် အရည်အချင်းကို မကြည့်တတ်သလို ၊ သူတို့ရဲ့ လိုအပ်ချက်နဲ့လည်း ကျွန်တော်က မကိုက်ညီဘူးလို့ ထင်လို့ နေမယ် ဆရာ။ ”

“ ထားပါတော့လေ။ အခုကတော့ မင်းကို ပြောရတော့မယ်။ မင်း ရုံးတွင်းမှာ လျှောက်ပြောနေတဲ့ စကားတွေကို ဆင်ခြင်ပါ။ မင်းရဲ့ စကားတွေကြောင့် ရုံးတွင်း ညီညွှတ်မှုတွေ ပျက်ဆီးသွားနိုင်တယ်။ ”

“ ဗျာ . . .”

ကျွန်တော် ဒုတိယအကြိမ်မြောက် “ ဗျာ ” လိုက်မိသည်။ ကျွန်တော် ဘာတွေများ ပြောခဲ့လို့လဲ ဆိုတာကိုလည်း ကျွန်တော် နားမလည်တော့ဘူး။

“ ကျွန်တော် ဘာများ ပြောမိလို့လဲ ဆရာ။ ”

“ မင်းက ဒီအလုပ်မှာ အလုပ်က ဘာမှ မလုပ်ရဘူး။ ပျင်းလို့ သူများ အလုပ်တွေကိုတောင်မှ လိုက်ပြီး ကူညီနေရတယ် ဆိုတာမျိုး ၊ ဒီမှာ လုပ်နေတဲ့ လူတွေ အားလုံးက အလုပ်ကို အချိန်ဆွဲပြီး လုပ်နေတယ် ဆိုတာမျိုး. . .၊ ဒီလို စကားတွေ မပြောသင့်ဘူး။ ”

“ ဗျာ . .။ ”

ကျွန်တော် တတိယအကြိမ် အာမေဋိတ်ဆိုသော အသံကို “ ဗျာ ” လို့ ကိုယ်စားပြုပြီး ထွက်သွားမိသည်။ အထက်လူကြီး တစ်ယောက်ရဲ့ ဆူပူကြမ်းမောင်းမှုကို မခံရဖူးသော ကျွန်တော့်အဖို့ ကိုယ်လည်း မမှားဘဲ ဒီလို အပြောခံရတော့ ဘာမှလည်း ရုတ်တရက် ပြန်ပြောစရာ ရှာမရခဲ့ပါဘူး။

အဲဒီနေ့ နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့ နေ့ရက်တွေက မလှပတော့ဘူး။ တစ်နေ့ထက် တစ်နေ့ အလုပ်တွေက ကျွန်တော့် တစ်ယောက်တည်းကို ပိုပိုများလာသလို လူတွေနဲ့လည်း ကျွန်တော် စကားပြော ဖြစ်ဖို့ ၊ သူတို့ကို အကူအညီ ပေးဖို့ ဆိုတာ ဝေးသွားသလို ဖြစ်လာခဲ့သည်။ ကျွန်တော် ပြောမိတဲ့ သာမာန် စကားတွေကလည်း တခြားသူဆီကို အသွင် ကူးပြောင်းသွားကာ အထက်လူကြီးဆီ အရောက်မှာ အကြီးမားဆုံး အပြစ်ဒဏ်ကြီးတွေ ဖြစ်သွားစေသည်။

“ ခလုတ်တိုက် ” ဆိုပြီး စပြောမိတဲ့ ကျွန်တော့်စကားဟာ လမ်းတစ်ဝက်မှာ “ ဖားပြုတ်ကိုက် ”  ဖြစ်သွားပြီး အထက်လူကြီးဆီကို အရောက်မှာ ထိုစကားက “ တရုတ်ရိုက် ” ဖြစ်သွားခဲ့သည်။ ဒါကို ကျွန်တော့်ရဲ့ အပြစ်ဆိုပြီး အလုပ်က အကြီးအကဲက ပြန်ပြောတဲ့ အခါမှာ “ အပြုတ်တိုက် ” ဆိုပြီး ဖြစ်လာခဲ့သည်။ လူတွေရဲ့ နောက်ကွယ်က ချောင်းမြောင်းလုပ်ကြံ ပြောဆိုမှုတွေ ကြားထဲမှာ မွန်းကြပ်စွာ ကျွန်တော် အလုပ်ကြိုးစား လုပ်ရင်း များသထက် များလာသော အလုပ် ၊ နောက်ကွယ်ကနေ တစ်ယောက်ကို တစ်ယောက် သွေးထိုး ချဲ့ကား ပြောဆိုမှု များမှာ ကျွန်တော် ခက်ခဲ ကုတ်ကပ်စွာ ကြိုးစား လုပ်ကိုင်ခဲ့သည်။

သုံးလ ဆိုသော အချိန်ကို ရောက်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ ကျွန်တော် လုပ်နေရတဲ့ အလုပ်က ဘယ်လိုမှ မမျှတတော့။ သူများတွေ စကားလေးပြော ၊ ကင်တင်းမှာ ကော်ဖီသောက် ထွက်နေချိန်မှာ ကျွန်တော်ကတော့ အလုပ်ပုံထဲမှာ ထိုင်ရာမထ မနိုင်မနင်း ဖြစ်နေခဲ့ပြီ။ သူများတွေ အလုပ်ကို မရောက်ခင်မှာ ကျွန်တော် အလုပ် စလုပ်နေရပြီး သူများတွေ ပြန်သွားတဲ့ အချိန်အထိ ကျွန်တော့် အလုပ်က မပြီးသေးဘူး။ သုံးလပြည့်ချိန်မှာ ကျွန်တော် လုပ်ရမှာ တစ်ခုပဲ ရှိတော့သည်။ ဒါကတော့ အလုပ်ထွက်စာ တင်ဖို့ပါပဲ။

မျှော်လင့်ချက် များစွာနဲ့ ကျွန်တော် ဝင်ခဲ့တဲ့ အလုပ်လေးမှာ ဒီလိုတွေ ကြုံတွေ့ရလာလိမ်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။ အဝေးတစ်နေရာကို မျှော်ငေးနေရင်း ကျွန်တော့်ကိုယ် ကျွန်တော်လည်း မယုံနိုင်သလို ဖြစ်ပြီး စားပွဲပေါ်က အလုပ်ထွက်စာတင်ဖို့ ရေးလက်စ စာလေးကို ကြည့်လိုက်မိသည်။

သို့/ ဦးစီးမှူး

အကြောင်းအရာ။   ။ ကိုယ်ရေးကိုယ်တာကြောင့် လက်ရှိအလုပ်မှ အနားယူခွင့်ပြုပါရန် လေးစားစွာ လျှောက်ထားခြင်း။

ဒီအောက်မှာတော့ ကျွန်တော် ဘာမှ ဆက်မရေးရသေး။ မျှော်လင့်ချက်များစွာနဲ့ ရှင်သန်တတ်ကြွခဲ့တဲ့ ဒီအလုပ်မှာ ကျွန်တော် ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝကို မထင်မိဘူး။ ဘာဆက်ရေးလို့ ရေးရမှန်း မသိဘဲ ဘောပင်ကို ကိုင်ပြီး ကျွန်တော် လက်တွေက ရပ်နေမိတယ်။ အတွေးတွေထဲမှာလည်း ရှုပ်ရှက်ခက်လို့ . . .

“ မင်း အားရဲ့လား။ ”

ကျွန်တော့် ပုခုံးပေါ်ကို လက်တစ်ဖက် လာတင်ရင်း လူတစ်ယောက်ရဲ့ မေးသံကို မသဲမကွဲ ကြားလိုက်ရသည်။ ကျွန်တော် ထိုသူ့ မျက်နှာကို မေ့လိုက်လိုက်တော့ အံ့သြသွား၏။ သူက “ ဇေယျာ ”

“ အားပါတယ်။ ငါ စာရေးနေတာပဲ ရှိတယ်။ ”

“အင်း ၊ မင်း အခု ရေးနေတယ် ဆိုတဲ့ စာက ဘာစာလဲ လို့ ငါ မမေးတော့ဘူးကွာ။ ဘာစာပဲ ဖြစ်ဖြစ် ထားလိုက် ၊ အခု မင်း ငါနဲ့ခဏ ကင်တင်းလိုက်ပြီး ကော်ဖီသောက်ပါလား။ ကော်ဖီသောက်ရင်း စကားပြောရအောင် ပြီးရင်တော့ မင်းဖြစ်နေတဲ့ အခက်အခဲက ပြေလည်သွားမယ် လို့ ထင်တယ်။ ”

“ ဘယ်လို ပြေလည်သွားမှာလဲ။ ”

“ ဘယ်လို ပြေလည်မှာလဲ ဆိုတာကတော့ မင်း လိုက်ပြီး စကားပြော ပြီးရင် မင်း သိသွားမှာပေါ့ကွာ။ ”

စိတ်ရှုပ် ၊ စိတ်ညစ်နေတဲ့ လူတစ်ယောက် အဖို့ ၊ ကိုယ့်ကို စိတ်သက်သာရာ ရစေမယ် ဆိုရင် ဘယ်သူ့ဆီက မဆို အကြံကောင်းလေးတွေ လိုချင်ကြတာပဲ မဟုတ်လား။



“ လောကကြီးက ဘာမှတော့ မဟုတ်ဘူးကွ။ ဒါပေမဲ့ လျှို့ဝှက်ချက်တော့ များတယ်။ ”

သူနဲ့ ကျွန်တော် ကင်တင်းမှာ ထိုင်ပြီး ကော်ဖီတစ်ခွက်စီ ရှေ့ရောက်တော့ သူက ဒီလို စကားစသည်။

“ ဘာကိုလဲ ဇေယျာ။ ”

“ ဒီလို သူငယ်ချင်း။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက သချာင်္ရဲ့ အခြေခံ အကြောင်းအရာကို နားမလည်ဘူး ဖြစ်နေတယ်။ ”

“ ဘယ်လို. . . ”

သချာင်္ကို M.Sc ပြီးအောင် တတ်ထားတဲ့ ကျွန်တော်က သချာင်္ရဲ့ အခြေခံ အကြောင်းအရာကို နားမလည်ဘူး ဆိုတော့ သူပြောတာကို ကျွန်တော် နားမလည်မိပါ။

“ ဒီလို သူငယ်ချင်း။ ငါ ပြောပြမယ်။ မင်းကတော့ မင်းကိုယ်မင်း M.Sc ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သချာင်္ တော်လှပြီ အောက်မေ့နေမှာ ပေါ့လေ။ ဒါက ကျောင်းသချာင်္ကွ။ ဘဝသချာင်္ ကတော့ အဲဒီလို M.Sc ထိ တတ်စရာ မလိုပါဘူးကွာ။ ဘဝသချာင်္မှာတော့ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” လေး တတ်တာနဲ့တင် အဆင်ပြေပါတယ်။ အခုတော့ မင်းက “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” လေးတောင်မှ မတတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့လည်း မင်း အဆင်မပြေတာတွေ ဖြစ်နေတာပဲ။ ”

သူပြောတဲ့ ဘဝသချာင်္ရဲ့ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ဆိုတာတွေကို ကျွန်တော် တကယ်ကို မသိပါ။

“ ဘယ်လို ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား လဲ သူငယ်ချင်း။ ”

“ ဒါကတော့ မင်းကို ငါ အားလုံး ပြောပြလိုက်ရင် မင်းလည်း နားလည်မှာ မဟုတ်ဘူး။ တဆင့်ချင်းစီ ရှင်းပြရမှာ သူငယ်ချင်း။ ”

“ ဒါဆိုလည်း ရှင်းပြလေကွာ။ ”

“ ဟုတ်ပြီ။ ဘဝသချာင်္ရဲ့ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား မှာ အခြေခံကျတဲ့ “ အပေါင်း ” ကို မင်းကို ငါ အရင် ပြောပြမယ်။ ကျန်တာတွေကတော့ နောက်မှ တဆင့်ချင်းစီ ပေါ့ကွာ။ ”

“ အင်း ”

“ ဒီတော့ မင်း အခု ရေးနေတာ အလုပ်ထွက်စာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါကို မင်း ဆက်မရေးနဲ့တော့။ ရပ်ထားလိုက်။ ပြီးရင်. . .”

“ ပြီးရင် . . . ဘာဖြစ်လဲ။ ”

“ ပြီးတော့ မင်း ဒီလ လခရတဲ့ အခါ ရုံးမှာ အရေးပါ အရာရောက်သူ အားလုံးကို ဆိုင်မှာ ဒင်နာ ကျွေးလိုက်ကွာ။ မင်းကို ကြည့်ရတာ ရတဲ့ လခက မင်းအတွက် အရမ်း အရေးပါပုံ မပေါ်ပါဘူး။ မင်းလခကို မှီပြီးတော့ မင်းမိသားစုကလည်း စားနေရတာ မဟုတ်လောက်ဘူး။ ”

“ ဟုတ်ပါတယ်။ ငါတို့က မိသားစု ၃ ယောက်တည်း ရှိတာ ၊ ဒါကြောင့် ငါ့အလုပ်က လခက ငါ့ဖာသာ အေးဆေး သုံးဖို့ပါပဲ။ ”

“ ဟုတ်ပြီ။ ဒီတော့ မင်း အခုလ ရတဲ့ လခနဲ့ လကုန်ရင် အထက်ပိုင်းက လူတွေ အားလုံးကို ဒင်နင် ဖိတ်ကျွေးလိုက်။ ဒါဆို မင်း အိုကေပြီ။ ”

“ ဘယ်လို အိုကေတာလဲ။ ငါ နားမလည်ဘူး။ ”

“ ဒီလိုကွ။ အဲဒီ ဒင်နာပွဲမှာ မင်းက ပြောရမယ်။ ဒီကုမ္ပဏီမှာ ကျွန်တော့်ကို သင်ကြားပေးသူတွေ ၊ ဖေးမပေးသူတွေ အားလုံးကို ကျေးဇူးတင်လို့ အခုလို ဒင်နာ ဖိတ်ကျွေးတာပါ ဆိုတာကိုပေါ့။ ”

“ ဒီလို ကျွေးပြီး ပြောယုံနဲ့ ထူးခြားပါ့မလား။ ”

“ ထူးခြားတာပေါ့ကွာ။ မင်း မယုံရင် စောင့်ကြည့်ပေါ့။ ”

အကြံကောင်းတစ်ခုလို့ ယုံကြည်ကိုးစားကာ ရေနစ်သူတစ်ယောက် ကောက်ရိုးလေး တစ်မျှင်ကို ဆွဲမိဆွဲရာ ဆွဲသလို ဇေယျာရဲ့ အကြံကို ကျွန်တော် လကုန် လခရပြီး သောကြာနေ့မှာတော့ အကောင်အထည် ဖော်လိုက်ပါသည်။ ရုံးမှ ဦးစီးမှူးက အစပြုပြီး ကျွန်တော်ထက် စီနီယာ ကျသူတွေ အားလုံးကို စားသောက်ဆိုင်သို့ ဖိတ်ကာ ဒင်နာ ကျွေးပါသည်။ ထိုနောက် ဤအလုပ်ထဲမှာ ကျွန်တော်တို့ကို မသိတာ  ၊ မတတ်တာတွေကို ကူညီ သင်ပြပေးသော ၊ ဖေးမ ကူညီကြသော အထက်အရာရှိများနှင့် စီနီယာများကို လေးစားသော အားဖြင့် ဒီမိတ်ဆုံစားပွဲ ဒင်နာလေးကို ကျင်းပတာ ဖြစ်ကြောင်း ၊ နောက်လည်း ကျွန်တော်တို့ မသိတာ ၊ မတတ်တာများကို ဆက်လက် သင်ကြားပေးပါလို့ ကျွန်တော် ရင်းရင်းနှီးနှီး မိတ်ဆက် ကျေးဇူးတင် စကားလေး ပြောဖြစ်ခဲ့ပါသည်။

နောက်တော့ စားကြ ၊ သောက်ကြ နဲ့ ပျော်ရွှင်ဖွယ်ရာ ဒင်နာလေး ဖြစ်ခဲ့ပြီး အိမ်သို့ ည ၁၀ နာရီကျော်မှ ပြန်လာဖြစ်ခဲ့ကြသည်။



အလုပ်ပြန်ဖွင့်ရက် ဖြစ်သော တနင်္လာနေ့ အလုပ် ပြန်ဆင်းတော့ ထူးထူးခြားခြား ကမ္ဘာ့ရာသီဥတုက မသာယာနေပေမဲ့ ကျွန်တော့်အတွက်တော့ ကျွန်တော်တို့ ရုံးထဲက ရာသီဥတုက အလွန်ကို ကွက်တိကွက်ကြား သာယာနေခဲ့သည်။ အရင်က လုပ်ထဲကို ဝင်လာရင် တစ်ယောက်တည်း ငေါင်စင်းစင်း ရှိနေရာကနေ အခုတော့ ရုံးထဲ ဝင်လာတာနဲ့ ကျွန်တော်ကို နှုတ်ဆက်သူတွေ ၊ အပြုံးနဲ့ ကြိုဆိုသူတွေ ၊ အရင်ကလို ဟန်ဆောင်မျက်နှာဖုံး အပြုံးတုတွေနဲ့ မဟုတ်ဘဲ တကယ်ကို နှစ်နှစ်ကာကာ ဖော်ရွေသော အပြုံးများ။ 

အလုပ်ထဲမှာလည်း သောကြာနေ့က ကျွန်တော်နဲ့ ကြားထဲမှာ စနေ ၊ တနင်္ဂနွေ နှစ်ရက်သာ ပိတ်အပြီး တနင်္လာနေ့ အလုပ်ပြန် အဆင်း ကျွန်တော် အလွန်ကို ကွာခြားသွားခဲ့ပြီ။ အခုတော့ ကျွန်တော့် စားပွဲခုံပေါ်မှာ အလုပ်ဖိုင်တွေ ၊ စာရင်းတွေ သင့်တင့်ယုံမျှသာ ၊ အလုပ်ခဏနားရင် ကင်တင်းမှာ ကော်ဖီသောက်ဖို့ အတင်းခေါ်သူတွေ ၊ DO အတွက် သတိပေးသူတွေ ၊ အို . . . . အရာရာဟာ တီဗီက ဆေးကြော်ငြာလို “ ဆေးမစားမှီနဲ့ ၊ ဆေးစားပြီး ” ပုံလောက်ကို ကွာလှပါသည်။ 

“ ဘယ်လိုလဲ သူငယ်ချင်း ”

ကျွန်တော်တို့ ပုခုံးပေါ်ကို လက်တစ်ဘက်က ရောက်လာပြီး ဇေယျာ့အသံကို ကြားလိုက်ရသည်။ 

“ မယုံကြည်နိုင် လောက်အောင်ပါပဲ သူငယ်ချင်းရာ ”

“ ဒါပေါ့ကွာ။ ငါပြောသားပဲ ၊ မင်းဖာသာ သင်္ချာကို M.Sc မကလို့ Ph.D ပဲ တတ်တတ် ၊ အတန်းစာက အတန်းစာပဲကွ။ လောကရဲ့ သင်္ချာမှာတော့ အခြေခံသင်္ချာ “ အပေါင်း ” လေးကတင် အဆင်ပြေ ပါတယ်ကွာ။ ”

“ ဟုတ်ပါတယ် သူငယ်ချင်း။ မင်းကို အရမ်း ကျေးဇူးတင်တယ်ကွာ ”

“ ရတယ် သူငယ်ချင်း။ မင်းက သာမာန် လူတန်းစား ရိုးရိုးကြီးတွေထဲမှာ ကျင်လည်ခဲ့တာ ဆိုတော့ အခြေခံ သင်္ချာရဲ့ သဘောတရားကို သဘောမပေါက်ဘူးပေါ့ကွာ။ နောက်ဆိုရင် မင်းပိုပြီး သဘောပေါက်လာမှာပါ။ ”

“ အေးပါကွာ ၊ အခုလို အဆင်ပြေတာနဲ့တင် တော်တော်ကို ကျေးဇူးတင်နေပါပြီ ”

ဒီလို ဇေယျာ့ဆီမှ အပေါင်းကို သင်ယူပြီးတော့ ကျွန်တော် လခထွက်ရင် မကြာခဏ ဆိုသလို သင့်တော်သူများကို ဖိတ်ကာ ညစာစားပွဲတွေ ကျင်းပပေးပြီး “ အပေါင်း ” လက္ခဏာလေးကို ထင်ရှားသထက် ထင်ရှားအောင် ကြိုးစားခဲ့ပါသည်။ သို့သော် လတိုင်းလိုလို ဈေးကြီးမြင့်လှသော ညစာစားပွဲတွေက ကြာလာတော့ ကျွန်တော့်ရဲ့ လခလေးကို ဘာမှ အဖတ်မတင်အောင် ပွန်းတီးပြုန်းရှ စေခဲ့ပါတော့သည်။

ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေနဲ့ အဆင်ပြေနေသောကြောင့် ပျော်ရွှင်မိပေမဲ့ လခထွက်လို့ ကိုယ့်မှာ သေသေချာချာ လခက ဘာမှ မကျန်သော အခါမှာတော့ ပျော်ရွှင်မှုတွေက ညစ်နွမ်းမှုတွေနဲ့ အတူ ကျွန်တော့်ရင်ကို ဒိုင်းခနဲ အကန်ခံရသလို ခံစားရစေသည်။ ဒီလို အခြေအနေမှ စားသောက်ပွဲ ဒင်နာတွေကို မလုပ်တော့ဘဲ ရပ်လိုက်ပြန်ရင်လည်း ထင်ရှားနေတဲ့ “ အပေါင်း ” လက္ခဏာလေး မှေးမှိန် သွားမှာကိုလည်း စိုးရိမ် မိပါသည်။ သူများတွေကလည်း ကျွန်တော့်လိုပဲ ဒင်နာ လုပ်မပျက် ၊ သူတို့လည်း စားသောက် မပျက်ပါပဲ။ ဒါပေမဲ့ သူတို့ လခတွေ နည်းတယ် ထိတယ် လို့လည်း တစ်ခါမှ မကြားမိဘူး။

ဒီလိုနဲ့ ယောင်ချာချာ နေ့တစ်နေ့မှာ ကျွန်တော် ဇေယျာ့ကို ကျွန်တော် ဖြစ်ပျက်တာတွေ ဖွင့်ပြောပြမိသည်။ ဒီတော့ ဇေယျာ ကျွန်တော့်ကို မယုံနိုင်အောင် ကြည့်ရင်း. . .

“  သြော်. . ငါ့ သူငယ်ချင်းက အပေါင်း လက္ခဏာကနေ မတတ်ဘူးကိုး ၊ ငါကတော့ အပေါင်း တတ်သွားရင် တခြား လက္ခဏာတွေလည်း တတ်လာလိမ့်မယ် လို့ ထင်နေတာ။ အခုလို မတတ်ဘူးဆိုတော့လည်း ပြောပြရတာပေါ့ကွာ ”

“ အေးကွာ လုပ်ပါဦး ”

“ ဒီလိုကွ ၊ အပေါင်းချည်းပဲ တတ်နေလို့ကတော့ ခင်မင်သူများလာတာပဲ ရှိမယ် သူငယ်ချင်း။ သူတို့ကိုလည်း ကျွေးမွေးနိုင်အောင် ကိုယ်လည်း အဆင်ပြေအောင် “ အနုတ် ” ဆိုတာလည်း တတ်ဖို့ လိုသေးတယ်။”

“ ဘယ်လို “ အနုတ်  ” ဟုတ်လား။ ငါတော့ နားမလည်ဘူးကွာ။ သေချာသာ တစ်ခါတည်း ရှင်းပြစမ်းပါ ”

“ ဒီလိုကွ ၊ ကိုယ်က သူများတွေကို ပေါင်းသင်းနိုင်စေဖို့ ကိုယ်ကလည်း ကိုယ့်ဆီကနေ သူများတွေဆီကို သွားမဲ့ဟာမှာ နုတ်ထားတတ်ဖို့ လိုသေးတယ်။ ဥပမာကွာ ၊ အလုပ်တစ်ခု လာမယ် ၊ အထက်ကို အရောက် ၅၀ ဆိုရင် ကိုယ်က ၆၀ လောက် ယူလိုက်ပြီး ၁၀ နုတ်ထားလိုက်ဖို့ လိုသလို ၊ ၅၀ ပဲ ရတာ ဆိုရင်လည်း အထက်ကို ၄၀ နဲ့ တင်နိုင်ပြီး ၁၀ ကို နုတ်ထားလိုက်ဖို့ လိုသေးတယ် သူငယ်ချင်း ၊ ဒါ လူ့လောကရဲ့ သင်္ချာဆိုင်ရာ “ အနုတ် ” လက္ခဏာပါပဲ။ မင်းစမ်းကြည့် ဒါမှ မင်းလည်း အဆင်ပြေမှာပေါ့ ”

“ သြော်. . . ဒီလိုလား။ အနုတ် ဆိုတာ ဒါကို ပြောတာလား ”

“ အစစ်ပေါကွာ။ မင်း အဆင်ပြေလာမှာပါ။ အားလုံးလည်း ဒီလိုပဲ “ အပေါင်း ” လုပ်နိုင်ဖို့ “ အနုတ် ” ကို ကြိုလုပ်ထားကြတာ ၊ အဆင်ပြေပါစေကွာ ”

နှုတ်ဆက်ကာ ထွက်သွားသော ဇေယျာကို ကြည့်ပြီး ကျွန်တော် အလွန် အံ့သြသွားမိသည်။ သင်္ချာဘာသာဗေဒကို M.Sc နဲ့ ပြီးခဲ့ပေမဲ့ ဒီ “ အပေါင်း ” ရော ၊ “ အနုတ် ” ရောကို ကျွန်တော် နားမလည်ခဲ့ဘူး။

စလုပ်ရတာ ခက်ပေမဲ့ နောက်တော့လည်း ဇေယျာ ပြောပြခဲ့တဲ့ နည်းက အဆင်ပြေခဲ့ပါသည်။ အခု ဆိုရင် ကျွန်တော့် ပတ်ဝန်းကျင်က လူများကိုလည်း “ အပေါင်း ” လုပ်မပျက် ၊ ကျွန်တော့်အတွက် ကိုယ်ပိုင် ဝင်ငွေအတွက်လည်း “ အနုတ် ” က ရလာလို့ မလျော့မပါး ၊ အရာရာကို အဆင်ပြေနေခဲ့ပါပြီ။



တစ်နေ့ထက် တစ်နေ့ ကြီးကျယ်လာတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အလုပ်အတွက် လိုအပ်နေသူတွေလည်း အသစ်တွေ ဝင်လာသလို ၊ အရင်က လူတွေ အားလုံးကလည်း ရာထူး အဆင့်မြင့် သွားကြသည်။ ဆင့်ကဲ ဆင့်ကဲ မြင့်သွားကြတဲ့ လူတွေက တခြားနေရာမှာ ဖွင့်သော ဌာနခွဲများမှာ ရာထူးမြင့်မားစွာ နဲ့ ပြောင်းရွေ့ရောက်ရှိ သွားခဲ့သည်။ သို့သော် ကျွန်တော့်မှာတော့ အလုပ်စဝင်ခါစ နေရာမှ ပြောင်းလဲသည် ဟူ၍ မရှိ။

ကျွန်တော့် လက်အောက် တချို့သော ဝန်ထမ်းများတောင်မှ ရာထူးအဆင့်မြင့်မားလာပြီး နောက်ထပ် အသစ်ဖွင့်သော ကုမ္ပဏီမှ ဌာနခွဲများတွင် ရွေ့ပြောင်း တာဝန် ထမ်းဆောင်ရသည်။ ကျွန်တော့် အောက်မှ လူများသည်လည်း ရာထူးများ တိုးတတ်လာကာ ကျွန်တော်နှင့် တန်းတူ ရာထူး အခွင့်အရေးများ ရလာခဲ့သည်။ တခြားလူကို မဆိုထားနှင့်ဦး။ ကျွန်တော့်ထက် ရာထူးတဆင့် နိမ့်သော “ ဇေယျာ ” သည်ပင် အခုတော့ ကျွန်တော်နှင့် တန်းတူ ရာထူးရလာပြီး လုပ်ပိုင်ခွင့် ကျွန်တော့်ထက် ပိုမိုစွာ ရရှိနေပေသည်။

အလုပ်မှာ တိုးတတ်နိုင်ချေရှိသူကို ရာထူးတိုးပေးတာကို ကျွန်တော် နားလည်ပါသည်။ ထို့အတူ အလုပ်ကြိုးစားသူကို ရာထူး မြှင့်တင်ပေးတာကိုလည်း ကျွန်တော် လက်ခံပါသည်။ သို့သော် ဒီအလုပ်မှာ ကျွန်တော့်ထက် တတ်ကြွသူ ၊ ကျွန်တော်ထက် အလုပ်ကြိုးစားသူ ဆိုတာ နှစ်ယောက် မရှိနိုင်ပါ။ ဘာရယ် ဘယ်လိုကြောင့်မှန်း မသိနိုင်အောင် ကျွန်တော့်ရဲ့ တိုးတတ်မှု နှေးကွေးခြင်း အတွက် ကျွန်တော် နားမလည်နိုင်။ ဒီအချိန်မှာပဲ ရုတ်တရက် ခေါင်းထဲကို အတွေးတစ်ခု ဝင်လာတာကတော့ “ ဇေယျာ ”။ ကျွန်တော် နားမလည်သော ဒီပြဿနာကို သူ ရှင်းပြနိုင်လိမ့်မည် ဟု ယုံကြည်နေမိသည်။ ဒါကြောင့် ညနေခင်း တစ်ခုမှာ သူ့ကို ဆိုင်တစ်ဆိုင်သို့ ခေါ်ကာ မေးမိသည်။

ကျွန်တော့်ရဲ့  မေးခွန်း စကားသံများ အဆုံးမှာတော့ သူက ဟက်ဟက်ပက်ပက် ရယ်ကာ ပြော၏။

“ မင်း ငါပြောထားတဲ့ ဘဝသင်္ချာကို မေ့နေတယ် ထင်တယ်။ ”

“ မေ့တာကတော့ မမေ့ပါဘူးကွာ ၊ ငါလည်း မင်းပြောတဲ့ အတိုင်း “ အပေါင်း ” ရော ၊ “ အနုတ် ” ရော ကို အသုံးချနေတာပဲ။ ဒါကြောင့်လည်း အဆင်ပြေနေပါတယ်။ အခုဟာမှာ ဒါတွေကို အသုံးချမရဘူး ဖြစ်နေတာ။ ”

“ ဒီတော့ . . . ”

“ ဒါကြောင့် အခု မင်းကို ခေါ်ပြီး မေးတာလေ။ ”

“ မင်းကလဲကွာ ၊ ငါ့ကို မေးမဲ့ အစား မင်းကို ငါပြောထားတဲ့ ဘဝသင်္ချာထဲက ကျန်တဲ့ အချက်တွေကို ယူသုံးလိုက်ပါလားကွာ ”

“ မင်း ပြောတဲ့ ဘဝသင်္ချာမှာ “ အမြှောက် ” နဲ့ “ အစား ” ပဲ ကျန်တာလေ။ ကျန်တာက ကျန်နေပေမဲ့ ငါမှ မလုပ်တတ်တာ သူငယ်ချင်း ၊ ငါက ကျောင်းသင်္ချာပဲ ကျွမ်းကျင်တာ ၊ ဘဝသင်္ချာကိုတော့ မကျွမ်းတာ ဝန်ခံပါတယ်ကွာ။ အခု ဘာလို့ သူများတွေ ရာထူးတတ်သွားတာလဲ ၊ ငါကျတော့ ဘာလို့ရာထူး မတတ်ရတာလဲ။ ဒါလေးကို ပြောပြပါဦးကွာ။ ”

“ ဒါက ဒီလိုကွ လွယ်ပါတယ်။ မင်းကို ငါ ပြောပြထားတဲ့ ဘဝသင်္ချာမှာ အမြှောက် နဲ့ အစား ကျန်သေးတယ် မဟုတ်လား။ အဲဒီတော့ အစဉ်အလိုက် အတိုင်းပဲ အခု “ အမြှောက် ” ကို သုံးရမှာပေါ့ကွာ။ ”

“ ဘယ်လို သုံးရမှာလဲ ၊ ငါ့ကို တစ်ခါတည်း ရှင်းပြကွာ ”

“ လူတွေမှာ တစ်ခု ရှိတယ်ကွ။ လူတစ်ယောက်က ကိုယ့်ကို မြှောက်နေတယ် ဆိုတာ မသိရင် ၁၀၀ ရာခိုင်နှုန်း မြောက်တတ်ကြတယ်။ ဒါပေမဲ့ ဒီလူတော့ ငါ့ကို မြှောက်နေပါပြီ ဆိုပြီး သိနေတယ် ဆိုပါစို့ ၊ သိနေတယ် ဆိုရင်တော့ အဲဒီလို သိသိကြီးနဲ့ကို ၅၀ ရာခိုင်နှုန်း မြောက်နေသေးတာပဲ ”

“ ဒီတော့ အခုဟာနဲ့ ဘာဆိုင်လို့လဲ ”

“ ဆိုင်တာပေါ့ သူငယ်ချင်း။ မင်းက အလုပ်ကြီးပဲ ဖိလုပ်နေတာကိုး။ အထက်ကို တတ်ဖို့ ဆိုတာ အောက်က အခုအခံလေးတွေ လိုတယ်ကွ။ ဒီတော့ ဒီလို အခုအခံလေးတွေ ရလာအောင် ကိုယ့်ကို ထောက်ပံ့ပေးနိုင်တာက အထက်က လူလေ။ ဒါကြောင့် အထက်လူကို သိသိသာသာ ၊ မသိမသာ ဆိုတာတွေ နဲ့ မြှောက်ရမယ် သူငယ်ချင်း ၊ ဒါမှ မင်း ရဲ့ အထက်ကို တတ်မဲ့လမ်းမှာ အထောက့်အပံ့ ၊ အခုအခံ တွေက “ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင် ” ဆိုသလိုနဲ့ “ သူများကို မြှောက်တော့ ကိုယ်လည်း မြောက်တယ် ” ဆိုတာ ဖြစ်လာမှာပေါ့ကွာ ”

“ သြော်. . . မင်းပြောတဲ့ အမြှောက် ဆိုတာ ဒါလား။ ”

“ ဟုတ်တယ် သူငယ်ချင်း။ ဒါဟာ ဘဝအမြှောက် လက္ခဏာပဲ။ သုံးတဲ့ လူတိုင်း အဆင်ပြေသလို ၊ မင်းလည်း အဆင်ပြေမှာပါ။ ”

ဇေယျာနဲ့ နှုတ်ဆက်လမ်းခွဲပြီး အိမ်အပြန် လမ်းတလျှောက်မှာ ကျွန်တော့် အတွေးတွေ ဝေရီ ဝိုးတဝါး ဖြစ်နေမိသည်။ ငါတတ်ထားတဲ့ ကျောင်းက ဂဏာန်းသင်္ချာက ဘဝသင်္ချာထက် အချက်အလက် ၊ ကိန်းဂဏာန်းတွေ များလှပေမဲ့ ဘဝသင်္ချာကတော့ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ”  ပဲ ရှိတယ် လို့ ဇေယျာက အသေအချာကို ပြောသွားခဲ့သည်။ “ အပေါင်း ” လည်း သူပြောသလို အသုံးဝင်ခဲ့သလို ၊ “ အနုတ် ” လည်း သူပြော အဆင်ပြေခဲ့သည်။ အခု “ အမြှောက် ” လည်း သူပြောသလို အသုံးတည့်မည် ဆိုတာ ကျွန်တော် ယုံကြည်ပါသည်။



“ သူငယ်ချင်း ”

ဇေယျာ့က ကျွန်တော့်ကို လှမ်းလျှောက်လာရင်း ခေါ်၏။

“ ဟေ ”

ကျွန်တော်လည်း သူ့ဘက်ကို အပြည့်အဝ လှည့်ကြည့်ရင်း ဖြေလိုက်သည်။ ဒီနေ့ဟာ ကျွန်တော်တို့ နှစ်ယောက် အတွက် အလွန်ထူးခြားသော နေ့လို့လည်း ဆိုချင် ဆိုလို့ရပါသည်။ ဘာလို့လဲ ဆိုတော့ မြို့အသစ်မှာ ဖွင့်သော လုပ်ငန်း ဌာနခွဲအတွက် ညွှန်ကြားရေးမှူး အဖြစ် သူရော ကျွန်တော်ရော မတူညီတဲ့ မြို့တွေကို သွားပြီး စီမံကွပ်ကဲကာ အုပ်ချုပ် ခွင့်ရသောကြောင့် ဖြစ်သည်။

“ ဒီမှာ သူငယ်ချင်း ၊ အခု ဆိုရင် မင်းရော ၊ ငါရော တစ်ယောက် တစ်မြို့ဆီကို ညွှန်ကြားရေးမှူး အဖြစ် သွားရောက် အလုပ်လုပ်ကြရတော့မယ်။ ဒီတော့ အရင်ကလို မင်း အနားမှာ ငါက အမြဲ မနေနိုင်တော့ဘူး။ ဒါကြောင့် ငါ မရှိတော့ မင်းကို လိုတာတွေ အနီးကပ် ပြောပြမဲ့သူ မရှိလို့ အားငယ်စရာတော့ မရှိပါဘူးကွာ။ မင်းကို ငါ ထာဝရ စကားလက်ဆောင် အဖြစ် ဘဝသင်္ချာ ကို ပေးထားတာပဲ။ ဒါကို မင်း ဆောင်ထားရင် အားလုံး အဆင်ပြေမှာပါ။ ”

' ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ' ဆိုတဲ့ စကားလား သူငယ်ချင်း ”

“ အမှန်ပေါ့ကွာ။ ဘဝသင်္ချာ လို့လဲ ဆိုနိုင်တာပေါ့။ ဒါကိုသာ မင်း ဆောင်ထားပါ။ ဟိုရောက်ရင်လည်း မင်း “ အပေါင်း ” တတ်ပါစေ ၊ ပြီးရင် “ အနုတ် ” လည်း တတ်ပါစေ။ နောက်ပြီး “ အမြှောက် ” လည်း တတ်ပါစေ။ ”

“ အေးပါကွာ။ ဒါတွေတော့ ငါ ကျွမ်းကျင်သွားပါပြီ။ ဒါပေမဲ့ “ အစား ” ကို ငါ မတတ်သေးဘူးကွ။ “ အစား ” ဆိုတာကျတော့ရော ဘယ်လိုလဲ ”

“ ဟား ဟား ဟား. . . သူငယ်ချင်းရာ ၊ အပေါင်း ၊ အနုတ်  ၊ အမြှောက် တတ်လို့ ဒီလိုမျိုး နေရာ ရလာမှတော့ ကဲ. . . သူငယ်ချင်းရေ. . မင်း အခုတော့ အဲဒီမြို့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်ပြီလေကွာ. . ”

“ ဒီတော့. . . .”

“ အခု အချိန်က စပြီး “ အစား ” ဆိုတဲ့ အတိုင်း စား တော့ သူငယ်ချင်း ”



သချာင်္ရဲ့ အခြေခံပညာ ဖြစ်သော “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ကို သေချာ မတတ်သေးခင် အချိန်ထိ ကျွန်တော်ဟာ လူငယ် တစ်ယောက် ဖြစ်နေခဲ့ပါသည်။ 

အခုတော့ “ ပေါင်း ၊ နုတ်  ၊ မြှောက် ၊ စား ” ကို ကျွန်တော် တတ်သိခဲ့ပြီ ဖြစ်သောကြောင့် ကျွန်တော် “ လူကြီး ” ဖြစ်လာခဲ့ပါပြီ။


မှတ်ချက်။  ။  ဤပို့စ်သည် မည်သူ့ကိုမှ မရည်ရွယ်ရိုး အမှန်ပါ။ The Other Guys ရုပ်ရှင်ကို ကြည့်ပြီး စိတ်ကူးရခဲ့တာ ဖြစ်ပါသည်။ သို့သော် ဒီအထဲမှာ ဖွဲ့ထားသော ဌာနကို A.L.William ရဲ့ စာအုပ်မှ နေရာ ဌာနတွေကိုသာ စိတ်ကူးပုံဖော် ထားတာ ဖြစ်ပါသည်။ ဇာတ်လမ်းထဲမှာပါသော အဖွဲ့အစည်း နေရာကတော့ သတင်းထဲမှ ရုရှားလူ့အဖွဲ့အစည်း တစ်နေရာကို ဆိုလိုပါသည်။ တိုက်ဆိုင်မှုများ ရှိလာခဲ့ပါက မည်သူ့ကိုမျှ မရည်ရွယ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

ရွှေရတုမှတ်တမ်း said...

သိပါဘူး...ရွာကအကြောင်းလားလို့...

ရွှေရတုမှတ်တမ်း said...
This comment has been removed by the author.
SHWE ZIN U said...

ကိုဇော် ရေ

ကောင်းတယ်ဗျာ အဲဒီ အတိုင်း ကွက်တိဘဲ ပေါင်းနှုတ်မြှောက်စား မကျွမ်းကျင်တဲ့ ရွှေစင်ဦး တို့တော့ စောစောစီးစီး အလုပ်က အနားယူ လိုက်ရတယ် ဒါပေမဲ့ ဝမ်းမနဲ ပါဘူး ကိုယ် မကြိုက် တဲ့ ပေါင်းနှုတ်မြှောက်စား ကို မလုပ်ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်မွန် said...

သူများ ပန်းချီကို တော်လိုက်တာ ပြောသွားတာ..
မဟုတ်မှ လွဲရော..
ပေါင်း နှတ် မြှောက် စား တော့ မဟုတ်လောက်ပါဘူးနော် ကိုဇော်..။

khin oo may said...

တို့ကတော့ခပ်ရိုးရိုးဘဲ.

မောင်မောင် said...

ကိုဇော်ရေ လူ့ ဘ၀ ခရီး ကတော့ ပေါင်း နှုတ် မြောက်
စား တကယ်လိုအပ်ပါတယ်။
အင်း ဒါပေမယ့် မလွန်အောင်တော့ ထိန်းသိမ်း နိုင်ရမယ်လေ။
အားပေးနေတဲ့ 
မောင်မောင်

NNM said...

လာတယ်။ လည်တယ်။ ဖတ်တယ်။ မှတ်တယ်။

တော်လိုက်တဲ့ ကိုဇော်။

အတွေးအခေါ် မျိုးစုံရှိတော့ အရင်က ဗူပေါင်း
ရောင်တဲ့ သူငယ်ချင်း ကို သွားသတိရမိ သေး။
သူဆီမှာ ဗူပေါင်း ကာလာစုံ ရှိသလို ကိုဇော်မှာ
လည်း အတွေး ညဏ် မျိုးစုံ ရှိလို့ပါ။
လေးစားချီးကျူးပါတယ်။

နေ့ရက်တိုင်း အောင်မြင်ပျော်ရွှင်ပါစေ

simple said...

အစားမတတ်ရင် နင်တတ်သလို...မစားသင့်တာစားရင်လဲ အဆိပ်သင့်တတ်ပါသည်...

မိုးယံ said...

ဒီခေါင်းစဉ်ပဲ နောက်တစ်ခါထပ်ရေးလဲဖတ်လို့ကောင်းတာပဲ

အစားအထိတော့ မသက်ရောက် လိုက်ပါဘူးလေ။ ဒါပေမယ့် အပေါင်းအအနှုတ် အမြှောက်အထိ လူကို တည့်တိုးကြိး ပြောသလိုဖြစ်နေတာ။ ဟွန်း အောက်ဆုံးမှာ ရေးထားတဲ့ မှတ်ချက်ကြောင့် ကံကောင်းတယ်မှတ် ။ ဒါ ဗြဲ

ငြိမ်းချမ်းပါစေ
မိုးယံ

သိင်္ဂါကျော် said...

ကိုယ်ကလည်း ငယ်ငယ်တည်းက သင်္ချာလည်း မတော်ဘူး.. ပေါင်းနှုတ်မြှောက်စားလည်း မတတ်ဘူး.. ခက်တာပဲ.. :D

ဖိုးသား said...

ခုမှပဲလူကြီးဖြစ်တော့တယ် ပေါင်း နှုတ် မြောက် စား လည်းတက်ပြီ။

ကိုအောင်(ပျူနိုင်ငံ) said...

အရင်က အမှတ်တရတွေပေါ့။

chit said...

ကိုဇော်ရေ.....

တော်တော်လေးကိုကောင်းပါတယ်.....

ဗဟုသုတလည်း ရပါတယ်......

ကျေူးဇူးလည်းတင်ပါတယ်နော်....

နောက်လည်းဒီထက်ရေးပေးနိုင်ပါစေ...

nyeinsoe said...

ဒီလိုတွေ ကများနေပါတယ် ...
တိုက်ဆိုင်တာ မဟုတ်ပါ ၊ ဖြစ်နေတာပါ...ကိုဇော်ရေ
ငြိမ်းစိုးဦး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.