မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 September 2010

20 ကယ်ရီယာ မပါသော ဆိုင်ကယ် တစ်စီးအကြောင်း



“ သား . . မင်းရဲ့ အကြင်တို့ လင်မယား ဆီကို သွားလိုက်ဦး . . သား။ ”

ကျောင်းက ပြန်ရောက်ရောက်ချင်း အိမ်ထဲတောင်မှ မဝင်ရသေးဘူး။ မေမေက ဒီလို ဆီးပြော၏။ မေမေက ပြောစရာ ရှိရင် အေးဆေးမှ တစ်ယောက်တည်း ခေါ်ပြောတတ်သူ။ အခုတော့ အိမ်ထဲတောင်မှ မဝင်ရသေး။ ဒါဆို တော်တော် အရေးကြီးနေလို့သာ. . .

“ ဟုတ်ကဲ့ မေမေ။ သား သွားလိုက်ပါ့မယ်။ ”

ကျွန်တော် ရေတစ်ခွက် ခပ်သောက်ပြီး ကျောပိုးအိတ်ကို စားပွဲတင်ပြီး အဝတ်အစား မလဲပဲ ပြန်ထွက်လာခဲ့သည်။ ဦးတည်ရာက “ ကိုမြင့်စိုး ” တို့ အိမ်ကို. . .



“ သားရယ် စဉ်းစားပါဦးလားကွယ်။ ”

ကိုမြင့်စိုးရဲ့ ယောက္ခမ အန်တီဝင်း အသံ။

“ စိတ်လိုက် မာန်ပါတော့ မလုပ်ပါနဲ့ကွာ။ နောက်မှ နောင်တ ရလာခဲ့ရင် မကောင်းဘူး။ ငါတို့က ဘေးကပဲ ပြောလို့ ရတာ တကယ်တမ်းကျတော့ မင်းတို့ပဲ စဉ်းစားဆုံးဖြတ်ရမှာ. . ။ ”

ဒါ. . ကိုမြင့်စိုး သူငယ်ချင်း ကိုဝဏ္ဏအသံ။

“ေ နာ က် မ ဖြ စ်ေ စ ရ ပါ ဘူး . . . အ စ် ကို ရ ယ် . . . ”

ဒါ . . . ငိုရလွန်း အားကြီးလို့ ရှိုက်သံတွေနဲ့ နင်နေတဲ့ မအေးမိစံ ရဲ့ အသံ။ သူက ကိုမြင့်စိုး ဇနီး။ လိပ်ခဲတင်းတင်းနဲ့ အသံတွေကို ကြားရပြီး ဘာမှ သဲကွဲစွာ မသိတဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော် အိမ်ထဲကို လှမ်းဝင်လိုက်တော့ ကိုမြင့်စိုးက အိမ်လည်က တိုင်ကို လက်နဲ့ ဆုပ်ထားပြီး ကြိတ်ထားရလို့ ပြတ်ထွက်တော့ မလား ထင်ရတဲ့ မေးကြောတွေနဲ့ ခေါင်းကို မော့ထား၏။

“ အစ်ကို . . .”

ကျွန်တော် သူ့ကို ခေါ်လိုက်တော့ သူက ဖျတ်ခနဲ လှည့်ကြည့်သည်။ ဒီတော့မှ သူခေါင်းမော့ထားတယ် ဆိုတာ မျက်ဝန်းက မျက်ရည်တွေကို ထိန်းထားရတာမှန်း သိလိုက်ရသည်။ ကျွန်တော့်ကို တွေ့တော့မှ. . .

“ ဟေ့ကောင် . . ဝဏ္ဏ အပြင်သွားမယ် လိုက်ခဲ့။ လာ. . ညီ ၊ ကိုဇော် မင်းလည်း လိုက်လာခဲ့။ ”

သူ ကျွန်တော်နဲ့ ကိုဝဏ္ဏကို ခေါ်ပြီး အပြင်မှာ တစ်ခုခု ပြောချင်နေတာ ကျွန်တော် ရိပ်မိလိုက်သည်။ အိမ်တံစက်မြိတ်အောက်က ထွက်ခါနီးမှ မအေးမိစံ ဆီကို လှည့်ပြီး ပြောလိုက်၏။

“ မင်း ဆုံးဖြတ်ထားပါ။ ဘာတွေ လိုချင်တယ် ဆိုတာကိုလည်း သေချာ ချရေးထား။ ”

ဒီလို သူက ပြောပြီး အိမ်ထဲကနေ လွှားခနဲ ဆင်းသွားသည်။ သူ့နောက်ကို ဘာမှ မသိဘဲ လိုက်ဖို့ ကျွန်တော် အန်တီဝင်းနဲ့ မအေးမိစံ ကို တစ်ချက်လှမ်းကြည့်ပြီး ထွက်လာတော့ နောက်ကနေ မအေးမိစံရဲ့ ရှိုက်သံထဲက ချုံးပွဲချ ငိုသံကို ကြားလိုက်ရလေသည်။ လူကသာ ကိုမြင့်စိုး နဲ့ ပါသွားတာ ကျွန်တော့် စိတ်က မအေးမိစံကိုလည်း တစ်ခုခု မေးချင်သေးသည်။

ဒါပေမဲ့. . . လှမ်းကြည့်လိုက်တော့ . . ကိုမြင့်စိုး ခပ်ဝေးဝေးကို ရောက်နေခဲ့ပြီ။



ကျွန်တော်တို့ လမ်းထောင့်ချိုးမှာ မနက်ဆိုရင် ဖွင့်တဲ့ မုန့်ဟင်းခါးနဲ့ အသုတ်စုံ ဆိုင်လေး တစ်ဆိုင်ရှိသည်။ မနက်စောစော ထမင်း မစားတတ်တဲ့ ကျွန်တော် ၊ လက်ဖက်ရည် မသောက်တတ်တဲ့ ကျွန်တော် ၊ မနက်ဆိုရင် အဲဒီဆိုင်လေးမှာပဲ အသုတ်တစ်ပွဲ ၊ အီကြာကွေးနဲ့ မုန့်ဟင်းရည်။ ဒါ ကျွန်တော် မနက်စာ ဖြစ်၏။

နေ့တိုင်း စားလာတာ လေးနှစ်ကျော်နေပြီ ဆိုတော့ ဆိုင်ပိုင်ရှင် လင်မယားနဲ့ ကျွန်တော် တော်တော် ရင်းနှီးနေခဲ့ပြီ။ မနက်ပိုင်း ဆိုင်မှာ လူကျနေပြီ ဆိုရင် ကျွန်တော် က တစ်ခါတစ်လေ စားပွဲထိုး ဖြစ်သွားတယ် ၊ တစ်ခါတစ်လေ ရောင်းသူ ဖြစ်သွားတယ် ၊ တစ်ခါတစ်လေ ငွေသိမ်း ဖြစ်သွားတတ်သည်။ နှစ်ကာလ ကြာလာတော့ ကျွန်တော်လိုပဲ မနက်ဆိုရင် ပုံမှန် ဝယ်စားနေကြ ဖောက်သည်တွေမှာ ဘယ်သူက ဘာစားတယ် ဆိုတာကို သိလာခဲ့သည်။

တစ်နေ့တော့ ဆိုင်မှာ အတွဲတစ်တွဲ မုန့်ဟင်းခါး လာစား၏။ သူတို့ကို တစ်ခါမှ ကျွန်တော် မမြင်ဖူးပါ။ ဒီလိုပဲ တခြားသူတွေလည်း တစ်ခါမှ မမြင်ဖူးကြဘူး။ သူတို့က ရပ်ကွက် အသစ်ပြောင်းလာကြတဲ့ သူတွေ။

“ အစ်ကိုတို့ ဘာစားကြမလဲ။ ”

လူကျနေတဲ့ အချိန်ဆိုတော့ စားပြီးတဲ့ ကျွန်တော်က အခမဲ့ စားပွဲထိုး ဖြစ်သွားသည်။ ထိုင်နေရာက ကျွန်တော့်ကို သူတို့ မော့ကြည့်ပြီး အစ်ကိုကြီးက . . . .

“ အေးမိ ဘာစားမလဲ မှာလိုက်လေ။ ကိုယ်ကတော့ ခေါက်ဆွဲသုတ်ပဲ ၊ ပဲမှုန့် လျော့ထည့်. . .”

ဘေးက အစ်မကို ပြောလည်း ပြော ၊ သူကိုယ်တိုင်လည်း မှာတယ်။ ဒီတော့ အစ်မက . . .

“ အစ်မကိုတော့ မုန့်ဟင်းခါးပဲ ပေးပါ။ ဘူးသီးကြော်ထည့်. . . ”

“ အိုကေ . . . အိုကေ . . ရမယ်။ ခဏလေးနော်။ ခေါက်ဆွဲသုတ် ပဲမှုန့်လျော့ ၊ မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ ဒီဘက်ဝိုင်းက . . . ”

သူတို့ကို ပြောပြောဆိုဆိုနဲ့ ကျွန်တော် ဝါရင့် စားပွဲထိုးလိုလိုနဲ့ မုန့်ရောင်းနေတဲ့ မကြီး ဆီကို လှမ်းမှာလိုက်သည်။ ကျွန်တော့်မှာ ထူးထူးခြားခြား မဟုတ်ပေမဲ့ လူတွေကို စိတ်မဆိုးစေပဲ နောက်ပြောင်ပြီး ခေါ်တတ်တဲ့ နာမည်ပြောင်လေးတွေ ရှိပါသည်။ ဒီနာမည်ပြောင်လေးတွေကလည်း သူ့ဖာသာ အဓိပ္ပါယ် ရှိပါ၏။

အခု အသုတ်ရောင်းတဲ့ ဆိုင်က လင်မယားကို ဆိုရင် ကျွန်တော်က “ ကိုကြီး နဲ့ မကြီး ” လို့ ခေါ်တတ်သည်။ သာမာန်ဆိုရင် မထူးဆန်းပေမဲ့ ကျွန်တော့်ခေါ်ရတဲ့ အဓိပ္ပါယ်ကို သိသွားတဲ့ အခါမှာ သူတို့ စိတ်ဆိုးရ ခက်ပြီး ရယ်စရာလေးပဲ ဖြစ်သွားသည်။ ဒီနာမည်နဲ့ ပတ်သတ်ပြီး သူတို့ကို ကျွန်တော် တစ်ခါ ရှင်းပြဖူးပါသည်။

“ ကိုကြီး နဲ့ မကြီး လို့ ခေါ်တာက ဒီလိုလေဗျာ။ ကိုကြီး နဲ့ မကြီးတို့ရဲ့ အသက်က ကျွန်တော်နဲ့ ဆိုရင် ကြားကာလကို ရောက်နေတာ ၊ ဒီတော့ဗျာ ဥပမာ - မကြီးရဲ့ အသက်က ကျွန်တော့် အစ်မ အရွယ်ထက်လည်း ကြီးနေတယ် ဒါပေမဲ့ ကျွန်တော့် အမေထက်တော့ ငယ်နေပြန်ရော။ ဒီတော့ ကျွန်တော်က အစ်မထက် ကြီးနေလို့ “ အစ်မကြီး ” လို့ ခေါ်မလား ၊ ဒါမှ မဟုတ် ကျွန်တော့်အမေထက် ငယ်နေလို့ “ အမေငယ် ” လို့ ခေါ်မလား ဒါကိုပဲ စဉ်းစားရမှာပေါ့။ ဒီတော့ဗျာ “ အမေငယ် ” လို့ ခေါ်ရင် အမေကြီးက ဘာလဲ ဆိုပြီး ပြဿနာတတ်ပြီး အဖေက ကောင်းစား သွားနိုင်တယ်။ ဒါကြောင့် အစ်မကြီးထက်တဲ့ “ မကြီး ” လို့ ခေါ်လိုက်တာပဲ အန္တရာယ် ကင်းပါတယ်ဗျာ။ ဒီလိုပဲ “ ကိုကြီး ” ဆိုတာကလည်း အတူတူပဲ။ ”

ဒီလို ကျွန်တော်က ပေါက်ပေါက်ရှာရှာ ပြောတော့ သူတို့လည်း တဟားဟားနဲ့ ပွဲကျတော့တာပဲ။ အခု အသုတ်နဲ့ မုန့်ဟင်းခါး လာလာစားတဲ့ လင်မယားကိုလည်း ကျွန်တော်က သူတို့ရဲ့ ကြင်ကြင်နာနာ တစ်ယောက်ကို တစ်ယောက် နွေးနွေးထွေးထွေး ချစ်ခင်နေပုံကို ကြည့်ပြီး ချစ်စ ခင်စ ကြင်နာစ ဆိုတဲ့ အထဲက စကားလုံးလေးကို ယူကာ နာမည်ပေးလိုက်သည်။

“ အကြင်တို့ လင်မယား ”

ကျွန်တော်က သူတို့ နှစ်ယောက်ကို “ အကြင်တို့ လင်မယား ” ၊ “ အကြင်တို့ လင်မယား ” ဆိုပြီး ခေါ်နေတော့ ကျွန်တော် ခေါ်သံကို ကြားရတဲ့ လူတိုင်းကလည်း သူတို့ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ နာမည်မှာ “ အကြင် ” ဆိုသော ကြင် ဆိုတာ ပါလိမ့်မယ် ဆိုပြီး ထင်နေပါတော့သည်။ ဒီတော့ ကျွန်တော် ခေါ်တာ ကြားလို့ အားလုံးကလည်း သူတို့ လင်မယားကို “ အကြင်တို့ လင်မယား ” လို့ပဲ လိုက်ခေါ် ကြပါတော့သည်။ တကယ်တော့ သူတို့ရဲ့ နာမည်တွေက “ ကိုမြင့်စိုး နဲ့ မအေးမိစံ ” ဆိုတာ ပါပဲ။ ဒါပေမဲ့လည်း အားလုံးကတော့ နှုတ်ကျိုးနေပါပြီ။



အမောတကော နောက်က ပြေးလိုက်သွားတာတောင်မှ ဒေါသခြေလှမ်းလို့ ပြောလို့ ရတဲ့ ကိုမြင့်စိုး လှမ်းကို ကျွန်တော် မမှီ။ ကျွန်တော့် သူ့အနားကို ရောက်တော့ သူက လက်ဖက်ရည်ဆိုင်ထဲကို လှမ်းဝင်နေပြီ။

“ ပလိန်းပဲ လုပ်ဟေ့။ မင်းတို့ သောက်မှာ မှာကြ ”

ခပ်တိုတို ပြတ်ပြတ်ပြောပြီး ပုဆိုးကို ခပ်တိုတို ဖြစ်အောင် ဆွဲတင်ပြီး ထိုင်ချလိုက်သည်။ ဘာမှ ရေရေရာရာ မသိသေးတဲ့ ကျွန်တော်ရယ် ၊ ဖျောင်းဖျ ပြောဆိုဖို့ လိုက်လာတဲ့ ကိုဝဏ္ဏရယ် ၊ ကျွန်တော် နားမလည်တဲ့ ဒေါသတွေ ထွက်နေတဲ့ ကိုမြင့်စိုးရယ် တစ်စားပွဲတည်းမှာ အတူတူ ထိုင်လိုက်ကြ၏။ စားပွဲခုံကိုပဲ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေတဲ့ ကိုမြင့်စိုးကို ကျွန်တော်က ငေးကြည့်နေတုန်း . . .

“ ငါက တဆင့်စကားနဲ့ပဲ နည်းနည်း သိထားရတာ ၊ အားလုံးကို သေချာ သိချင်တယ်ကွာ။ ငါ့ကို အကုန်ပြောပြ. .”

ကိုဝဏ္ဏက သူဖြစ်ချင်တာကို ဒဲ့ဒိုးပင် ချပြောသည်။ ဒါ ကျွန်တော် သိချင်နေတဲ့ မေးခွန်းလည်း ဖြစ်သည်။ ဒါပေမဲ့ ကိုဝဏ္ဏလိုတောင်မှ ကျွန်တော်က နည်းနည်းလေးမှ မသိ။ ဘာဆို ဘာမှ ကျွန်တော် မသိ။ ကိုဝဏ္ဏ စကားဆုံးတော့ ကိုမြင့်စိုး မျက်နှာက အခံရခက်တဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ကို ပြောင်းသွား လေတော့သည်။

“ သူနဲ့ငါ အိမ်ထောင်သက်က ၄ နှစ်ကျော်ပြီ။ ငါ မထင်ထားဘူး။ ”

သူ ဆိုပြီး ကိုမြင့်စိုး နာမ်စားသုံးသူက “ မအေးမိစံ ” ။ အိမ်ထောင်သက် ၄ နှစ်မှာ . . . . မထင်ထားဘူး ဆိုတော့ . . . ဟင် ခနဲ ကျွန်တော် တွေးမိတွေးရာ တွေးမိ သွားစေသည်။ ဒါပေမဲ့ နှုတ်ကတော့ ထုတ်မမေးဖြစ်ပါ။ ကိုမြင့်စိုးက ရင်ထဲက အစိုင်အခဲကို သူ့ဖာသာ ဆက်လက် ဖောက်ထုတ်ခွဲသည်။

“ ငါတို့ အိမ်ထောင်ရေးမှာ ဘာကများ အခက်အခဲ ရှိလို့လဲ။ အရာရာ အဆင်ပြေ သာယာနေတာပဲလေ။ လွန်ခဲ့တဲ့ ၅ လက ငါတို့ ထီ ၁၀ သိန်းဆု ပေါက်တာ မင်းတို့ သိမှာပေါ့။ ဘာမှ မလိုတဲ့ ငါတို့ အတွက် ဒါက အပိုသက်သက် ရတဲ့ ဆုတစ်ခုပါပဲ။ ဒါကြောင့် ဘာလုပ်ရမှန်း မသိဘူး။ ဒီအတိုင်းပဲ ထားလိုက်ပြီး ဘဏ်ပဲ အပ်ရနိုးနိုး ၊ ရွှေပဲ ဝယ်ရနိုးနိုး ၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ ငါ့အသိတစ်ယောက်က ပြောလို့ လင်မယား ဟိုဟိုဒီဒီ သွားရင် အဆင်ပြေအောင်လို့ ငါတို့ ဆိုင်ကယ်လေး တစ်စီးဝယ်လိုက်တယ်။ ဒါတော့ မင်းတို့ သိပါတယ်။ ”

ကျွန်တော်ရော ၊ ကိုဝဏ္ဏရော ခေါင်းအတူတူ ငြိမ့်ပြ လိုက်သည်။ ကိုမြင့်စိုးတို့ ဝယ်လိုက်တဲ့ ဆိုင်ကယ်လေးကို ကျွန်တော်တောင်မှ နှစ်သက်မိသေး ၊ အိမ်က ဆိုင်ကယ် အဟောင်းကြီးကိုတောင်မှ ဖေဖေကို လဲခိုင်းဦးမယ် လို့တောင်မှ အဲဒီတုန်းက တွေးမိပါသေးသည်။

“ အေး သိတယ်လေ။ ဒါက ဘာဖြစ်လို့လဲ။ ”

“ ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ခဲ့ပါဘူး။ အရင်တုန်းကပေါ့လေ. . . .၊  ဟူး . . . ”

ကိုမြင့်စိုးက ပြောလည်း ပြော လေပူတွေကိုလည်း မှုတ်ထုတ်လိုက်သည်။ ပြီးမှ. . .

“ မနေ့က သူနဲ့ငါ မြို့ထဲကို ဆိုက်ကယ်နဲ့ သွားတယ်။ ထုံးစံအတိုင်း ငါက ရှေ့က မောင်းပြီး သူက နောက်ကနေ ထိုင်စီးတယ်။ ငါတို့ မြို့ထဲ သွားတဲ့ အချိန်က ရုံးချိန် လူစည်ချိန် ဖြစ်နေတော့ ကားလမ်းမှာ ကားတွေကလည်း များနေတယ်။ လူတွေကလည်း ရှုပ်နေတယ်။

ဒါနဲ့ ကားမှတ်တိုင် တစ်ခုနားလဲ ရောက်ရော ၊ အရှေ့မှာ ကားမှတ်တိုင်မှာ ဘတ်စ် တစ်စီးက ရပ်ထားတယ်။  ဟိုဘက်အခြမ်းက ကားမှတ်တိုင်မှာလည်း ဘတ်စ်တစ်စီးက ရပ်ထားတယ်။ ကားနှစ်စီးက ဘေးချင်းကပ် ရပ်ထားတာ မဟုတ်တဲ့ အတွက် ကားလမ်းကို ဖြတ်သွားချင်တဲ့ ကားတွေ ၊ ဆိုက်ကယ်တွေကတော့ ဇစ်ဆွဲမောင်းပြီး သွားကြရတာပေါ့။ ငါ့ရှေ့က ဒိုင်နာ တစ်စီးက ဒီလို ဖြတ်မောင်းသွားတယ်။

ဘတ်စ်ကားတွေရဲ့ ထုံးစံ အရ ကားမှတ်တိုင်မှာ စောင့်ပြီး လူခေါ်နေတော့ ငါကလည်း ကိုယ်သွားစရာ ရှိတဲ့ ခရီးကို သွားဖို့ ဟိုဘက် ၊ ဒီဘက် ရပ်ထားတဲ့ ကားနှစ်စီးကြားကနေ ဇစ်ဆွဲမောင်းဖို့ အသွား ၊ ငါလည်း ငါတို့ဘက်က ဘတ်စ်ကို ကျော်ပြီးတော့ ဟိုဘက်ကားလမ်းကို အရောက်မှာ ဟိုဘက်ကလည်း ကားတစ်စီးက ဟိုဘက်က ဘတ်စ်ကို ကျော်ပြီး လမ်းမပေါ်တတ်လာတယ်။

ရုတ်တရက် ဆိုတော့ သူနဲ့ ငါက ကားတစ်စီးဖြတ်သွားရုံ နေရာလေးမှာ လာတွေ့ကြရတာပဲ။ သူကလည်း အရှိန်နဲ့ အလာ ၊ ငါကလည်း အရှိန်နဲ့ အသွား တိုက်မိတော့ မလို ဖြစ်နေတဲ့ အချိန်ပေါ့။ ဒီမှာ ငါ လုပ်စရာ နှစ်ခုပဲ ရှိတယ်။ ရုတ်တရက် ဘရိတ်အုပ်ပြီး ရပ်လိုက်ဖို့ နဲ့ မလွတ် တလွတ် ဖြစ်နေတဲ့ နေရာလေးကနေ လီဗာကို တင်ပြီး ဖြတ်မောင်းသွားဖို့ပဲ။ တကယ်တော့ ဘရိတ်အုပ်လိုက်ရင် ငါ့ အနောက်က ပါလာတဲ့ တခြားသော ဆိုင်ကယ်တွေက ငါ့ကို တိုက်မိနိုင်တယ်။ သူတို့လည်း ဟိုဘက်က ကားက ထွက်လာတာ အခုမှ တွေ့လို့ ဘရိတ်ဆွဲမှာကိုး။ 

ဒါကြောင့် ဒီလို အခြေအနေမှာ ရပ်ဖို့ထက် အဲဒီလွတ်နေတဲ့ ကြားကနေ ဖြတ်မောင်းထွက်သွားဖို့က ပိုပြီးတော့ အဆင်ပြေတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် ငါလည်း လီဗာကို တင်ပြီး ကားကြားကနေ ဖြတ်မောင်းမယ် ဆိုပြီး လီဗာကို အတင်မှာ . . . . တောက်. . .  ”

ကိုမြင့်စိုး ရဲ့ တောက်ခတ်သံက ပြောလက်စ စကားကို ဖြတ်ပြီး ထွက်လာသည်။ ရုတ်တရက် စကားပြောရာကနေ တောက်ခတ်သံ ထွက်လာတော့ ကျွန်တော်လည်း အလန့်တကြား ကိုမြင့်စိုးကို မော့ကြည့်လိုက်မိသည်။ မချိတင်ကဲ ဆိုသော မျက်နှာထားနဲ့ မမြင်နိုင်သော အဝေးကို ငေးနေ၏။ သူ ဘာဆက် ပြောမလဲ ဆိုပြီး ကျွန်တော်တို့ ငြိမ်ကာ နားထောင်နေမိသည်။

“ တောက်. . . ”

ထပ်၍ ပေါက်ကွဲစွာ သူ့ဆီမှာ တောက်ခတ်သံ ထွက်လာသည်။

“ ဘာဖြစ်လို့လဲ ဆက်ပြောလေကွာ ၊ မင်းက တောက်ကြီးပဲ ခေါက်နေတော့ ငါတို့ ဘာမှ နားမလည်ဘူး။ ”

ကိုဝဏ္ဏက ပြေရာ ပြေကြောင်း ဝင်ပြေသည်။

“ အေး . . ငါ အဲဒီလို ကားနှစ်စီး ကြားထဲကို အရှိန်နဲ့ ဖြတ်မယ် ဆိုပြီး လီဗာ တင်မယ် လုပ်နေတဲ့ အချိန်မှာပဲ ငါ့နောက်က ထိုင်စီးနေတဲ့ အေးမိစံ က သူ့နောက်က အမြင်မှာ ကားနှစ်စီးကြားက အဖြတ်မှာ မလွတ်ဘဲ တိုက်မိပြီး ကားညှပ်သွားနိုင်တယ် လို့ ထင်တယ် တူပါတယ်။ ငါကတော့ အရှေ့က မောင်းသူ မဟုတ်လား။ ဒီလောက် အရှိန်နဲ့ သွားရင် လွတ်နိုင်တယ် ၊ မလွတ်နိုင်ဘူး ဆိုတာကို သိတာပေါ့။ ဒါကြောင့် ငါက ဖြတ်ပြီး မောင်းတာလေ။ သူကတော့ . . . ”

“ ဒီတော့ . . . ဘာဖြစ်လဲ ”

“ ငါ အဲဒီလို ဖြတ်မောင်းဖို့ စပြီး လီဗာ တင်တဲ့ အချိန်မှာပဲ သူက နောက်ကနေ ခုန်ပြီး ဆင်းလိုက်တယ်လေ။ ”

“ ဟာ . . . ”

ဒီတစ်ခါတော့ ကိုဝဏ္ဏရော  ၊ ကျွန်တော်ပါ အာမေဋိတ်သံ ထွက်သွားရသည်။ ကိုယ်တိုင် စက်ဘီးနင်းဖူးသူ ၊ ဆိုင်ကယ်စီးဖူးသူ ဆိုရင် သိပါလိမ့်မည်။ ကိုယ်က အရှေ့က နင်းနေရာကနေ နောက်က ထိုင်လိုက်သူ တစ်ယောက်ယောက်က ခုန်ဆင်းသွားတယ် ဆိုရင် အရှေ့က နင်းနေတဲ့ လူ ၊ မောင်းနေတဲ့ လူက ဟန်ချက်ပျက်ပြီး ထိန်းမနိုင် ၊ သိမ်းမနိုင် ဖြစ်တတ်ပါသည်။ အခု မအေးမိစံ က အနောက်ကနေ ခုန်ဆင်းသွားတယ် ဆိုတော့. . . .

“ ဟုတ်တယ်။ မင်းတို့ အခု ဟာ ခနဲ ဖြစ်သွားသလိုပေါ့။ ငါလည်း မောင်းနေရာကနေ ဟာခနဲ ဖြစ်သွားပြီး သူခုန်ဆင်းလိုက်တဲ့ အရှိန်နဲ့ ဆိုင်ကယ်က ရမ်းသွားပြီး ကားနှစ်စီး ကြားထဲကနေ ငါ မနည်းကို ရုန်းထွက် လိုက်ရတယ်။ တကယ်ဆိုရင် ငါ့ဖာသာ အေးဆေး ထွက်လိုက်နိုင်မှာ . .အခုတော့ . . ”

“ အခုတော့ အစ်ကို ဘာဖြစ်သွားသေးလဲ ”

“ ဒီမှာလေ ညီရာ ၊ ကိုဇော် . . ဒီမှာကြည့်။ ”

ကျွန်တော် မေးလိုက်တော့မှ ကိုမြင့်စိုးက သူ့လက် တစ်ဘက်ကို မြှောက်ပြသည်။ ဘယ်ဘက် လက်ဖနောင့်နားမှာ ပလာစတာ တစ်ခု ကပ်ထား၏။

“ သူ ခုန်ဆင်းသွားလို့ ယိုင်ပြီး လှုပ်ရမ်းသွားတဲ့ အရှိန်နဲ့ ဟိုဘက်က ကားသံပြားနဲ့ ငါ့လက်ကို ထိုးခွဲ မိသွားတာလေ။ ဒါပေမဲ့. . . ဒီလက်က အနာထက် ငါ ရင်ထဲမှာ ပိုနာတယ်။ ”

“ - - - - ”

“ ငါ့ဇနီး ၊ ငါ့မိန်းမ ၊ ငါ့မယားက ငါသွားရာ နောက်ကို ယုံကြည်မှု ရှိရှိနဲ့ လိုက်နိုင်သူ မဟုတ်ပါလား ဆိုတာကို သိလိုက်ရတာပဲ။ သူ့အတွက် အန္တရာယ် ဖြစ်လာတော့မဲ့ အချိန်ဆိုရင် ကိုယ်လွတ်ရုန်းပြီး ထွက်သွားမဲ့ သူပါလား ဆိုတာ ငါ ဒီဆိုင်ကယ်လေးကို ဝယ်စီးပြီး ကားနှစ်စီး ကြားထဲက ဖြတ်လိုက်ရမှ သိခွင့် ရလိုက်တယ်။ ”

“ - - - - ”

“ တကယ်လို့ ငါသာ ဆိုင်ကယ် ဝယ်မစီး ဖြစ်ဘူး ၊ ကားနှစ်စီးရဲ့ ကြားထဲကနေပြီး ဖြတ်မသွားဖြစ်ဘူး ဆိုရင် ငါ့မိန်းမရဲ့ အန္တရာယ်နဲ့ တွေ့လာတဲ့ အခါမှာ ကိုယ်လွတ်ရုန်းထွက် တတ်မှု ကို သိလာရမှာ မဟုတ်ဘူး။ အခုတော့ ငါ သိခွင့်ရပြီ။ ဒီလို အခြေအနေ ဆိုတာ နောက်ပြန်ဆုတ်လို့ ရတာ မဟုတ်ဘူး။ တကယ်ဆို ငါ အဲဒီနေရာမှာ ဆိုင်ကယ်ကို အထိန်း မသိမ်း မကျွမ်းကျင်ရင် အခုလောက်ဆို ငါ ကားအောက် ရောက်ပြီး ရေခဲတိုက် ရောက်ချင်လည်း ရောက်နေနိုင်တယ်လေ။ ”

“ - - - - ”

“ ဒီလို ဆိုင်ကယ်လေး စီးတဲံ့ နေရာမှာတောင်မှ ငါ့နောက်ကို ယုံယုံကြည်ကြည်နဲ့ အပြည့်အဝ မလိုက်နိုင်သူ တစ်ယောက်ကို ငါ ဘယ်လိုလုပ်ပြီး ရေရှည် ဖြတ်သန်းရမဲ့ ဘဝမှာ ယုံကြည်စွာနဲ့ လက်တွဲသွားမလဲ။ ငါ နိမ့်ပါးနေတဲ့ အချိန် ၊ ငါ အားနည်းနေတဲ့ အချိန် ၊ တချိန်ချိန်မှာပေါ့ကွာ။ ငါ့နောက်ကျောကို ဓါးနဲ့ ထိုးပြီး မသွားပါဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ ”

“ - - - - ”

“ ဒါပဲ။ ဒါကြောင့် မနေ့က အဲဒီကနေ ပြန်လာပြီးကတည်းက ငါ တစ်ယောက်တည်း အပြင်လျှောက်သွားပြီး စဉ်းစားနေတာ။ တညလုံးလည်း မအိပ်ဖြစ်ဘူး။ အခု ဒီမနက်ရောက်တော့ အဖြေရတော့တာပဲ။ ဒါကလည်း သူနဲ့ ဘယ်လိုမှ ဆက်ပြီး ဘဝမှာ လက်တွဲသွားလို့ မဖြစ်နိုင်တော့ဘူး ဆိုတာပဲ။ ”

“ - - - - ”

“ ကဲ . . အားလုံး သိရပြီ မဟုတ်လား။ တကယ်လို့ မင်းတို့ ဆိုရင်ရော ဘယ်လို ဆုံးဖြတ်မှာလဲ ”

“ - - - - ”

တကယ်ပါ။ ကျွန်တော်နဲ့ ကိုဝဏ္ဏဆီမှ တုံ့ပြန် စကားသံ လုံးဝ မထွက်ခဲ့ပါဘူး။ ကိုမြင့်စိုးရဲ့ ဆုံးဖြတ်ချက်ဟာ သူ့အသက်နဲ့ လောလောလတ်လတ်ကို ရင်းပြီး ရယူသွားခဲ့တဲ့ ဆုံးဖြတ်ချက် ဆိုတာ ကျွန်တော်တို့ သိသွားလို့ပါပဲ။ တကယ်လို့ ကျွန်တော် ဆိုရင်လည်း သူ့နေရာမှာ သူ့ထက်မက ပေါက်ကွဲမိမယ် ထင်ပါသည်။



အချိန်ကာလတွေ ရွေ့လျောပြောင်းလဲ သွားပေမဲ့ ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ ထိုင်လိုက်မည့်သူကို ကျွန်တော် အမြဲတမ်း သတိထား စောင့်ကြည့်မိတတ်ပါသည်။ ထိုသူသည် ချိုင့်ဆောင့်လို့ ခုန်ဆင်းတတ်သူလား ၊ ဆိုင်ကယ် ယိုင်သွားလို့ ခုန်ဆင်းတတ်သူလား ၊ ကားကြားထဲ ဝင်မယ် ပြင်လို့ ခုန်ဆင်းတတ်သူလား ဆိုတာကို ကျွန်တော် အမြဲ စောင့်ကြည့်နေမိတတ်ပါသည်။ တကယ်လို့ ထိုကဲ့သို့ လူတစ်ယောက်က တစ်ခါ ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ လိုက်ရင်း ဖြစ်ဖူးတယ် ဆိုပါစို့။ ထိုသူကို ဘယ်လို အကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် နောက်တစ်ကြိမ် ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ မတင်တော့ပါ။

တကယ်လို့ ကျွန်တော့် ဖြတ်သန်းမဲ့ ဘဝတလျှောက်မှာလည်း ဆိုင်ကယ် နောက်က ခုန်ဆင်းမည့် သူနဲ့ ကြုံခဲ့မည် ဆိုပါက ကျွန်တော် ကိုမြင့်စိုးရဲ့ လမ်းစဉ်ကို လိုက်ဖြစ်မည် ဆိုတာ မဖြစ်ခင်ကတည်းကလည်း သေချာ နေသလိုလို ဖြစ်နေမိပါသည်။ သို့သော် ကျွန်တော်ကလည်း မလွတ်မလပ် ကားကြားထဲ အမြဲတမ်း ဖြတ်မောင်းနေမည့်သူ မဟုတ်ကြောင်းတော့ ကျွန်တော့် ဖာသာလည်း သေချာစွာ သိနားလည်ပါသည်။ တကယ်၍ ဖြတ်မောင်းဖြစ်ခဲ့မည် ဆိုရင်လည်း ကျွန်တော့် နောက်မှ သူက လိုက်ထိုင်စီးနိုင်ဖို့ သတ္တိ ၊ ယုံကြည်မှု ရှိရန် လိုအပ်ပါသည်။

ကျွန်တော်တို့ ဖြတ်သန်း ကျင်လည်နေရသော လူမှု လောက ဘဝတွေမှာလည်း စက်ဘီးပဲ စီးစီး ၊ ဆိုင်ကယ်ပဲ စီးစီး ၊  မိသားစု တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ စီးပွားရေး လုပ်ငန်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ ကုမ္ပဏီ တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ အဖွဲ့အစည်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ အစိုးရ အဖွဲ့အစည်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံ တစ်ခုမှာပဲ ဖြစ်ဖြစ် ငါကတော့ အရှေ့က လူပဲ ဆိုပြီး ခေါင်းမော့ နေလို့ မရသလို ၊ နောက်ကလူ ဆိုပြီးလည်း လုပ်ချင်တိုင်း လုပ်နေလို့ မရပါဘူး။ နောက်ကလူက ဗရမ်းဗတာ လုပ်ရင် ရှေ့ကလူက ယိမ်းထိုးကာ ပျက်ဆီးသွားနိုင်ပါသည်။

ထို့အတူ နောက်က လူကလည်း ရှေ့ကလူကို ယုံကြည်ဖို့ လိုသလို ၊ ရှေ့ကလူ ဆိုတာကလည်း အယုံကြည်ခံနိုင်အောင် ကြိုးစားထားဖို့ပါသည်။



အခုတော့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ မအေးမိစံဟာ ပုသိမ်က မိဘ အိမ်ကို အပြီးပြန်သွားသလို ၊ ကိုမြင့်စိုးရဲ့ အိမ်လေးမှာ သူတစ်ယောက်တည်း အလုပ်သွားလိုက် ၊ အလုပ်က ပြန်လာလိုက်နဲ့ ဆိုင်ကယ်လေး တစ်စီးကို စီးပြီး ဖြတ်သန်း သွားနေပါသည်။ သို့သော် သူ့ဆိုင်ကယ် နောက်မှာ လူထိုင်ဖို့ “ ကယ်ရီယာ ” လေး မပါတော့ပါ။ သိနေတဲ့ လူတွေကတော့ ဘာမှ မမေးပေမဲ့ မသိတဲ့ လူတွေကတော့ ကိုမြင့်စိုးရဲ့ ဆိုင်ကယ်မှာ ဘာလို့ ကယ်ရီယာ ခုံလေး မတပ်တာလဲ ဆိုတာကို နားမလည်နိုင်ကြပါဘူး။ 

တကယ်လို့ ယခု စာဖတ်သူကရော ဒီလိုသာ ကြုံခဲ့ရရင် ဆိုင်ကယ်နောက်မှာ ကယ်ရီယာ တပ်ပြီး ဆက်လက် စီးကာ လူတင်နိုင်ပါဦးမလား။


မှတ်ချက်။   ။ နာမည်လွှဲပြောင်း ရေးထားတာက လွဲလို့ တကယ်ကို ဖြစ်ခဲ့တာပါ။ အခုတော့ ရန်ကုန်မှာ ဆိုင်ကယ်တွေ မစီးရတော့သောကြောင့် ကိုမြင့်စိုးမှာ ဆိုင်ကယ် မရှိတော့ပေမဲ့ သူစီးနေသော စက်ဘီးမှာလည်း “ ကယ်ရီယာ ” မပါတော့ပါဘူး။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

vampire said...

ဦးဇော်,
ညီမလေးကတော့ အဲလို ဆင်းခဲ့တာကို ထိတ်လန့်မှုတစ်ခု လို့မြင်မိတယ်။ တစ်ခါတစ်လေမှာ ညီမလေးတို့တွေ အန္တရယ်နဲ့ကြုံရင် တစ်ခုခုတော့လုပ်မိတတ်တာပဲလေ။ အဲဒါက ဆိုင်ကယ်မောင်းတဲ့သူကို မယုံကြည်လို့မဟုတ်ဘူး။ ခန္ဓာကိုယ်က လှုံဆော်လာတဲ့ တုန့်ပြန်ချက်တစ်ခုပဲ။
အဲလို ချိန်မှာ အထိတ်အလန့်နဲ့ လုပ်မိဖို့က ၂ခုပဲ ရှိတယ်။ ရှေ့ကမောင်းသူကို တင်းတင်း ဖက်တွယ်မိမှာရယ် ... ခုန်ချမိမှာရယ် ... ပေါ့။ ဘယ်တစ်ခုကိုပဲ ရွေးချယ်မိ ရွေးချယ်မိပါ။ အဲဒါက ထိန့်လန့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်လှုံဆော်မှုပဲ။
အခြားသော ဘဝခရီးလမ်းတစ်ခုလုံးကို မှာ ဆင်းကျန်နေတာ မနေတာကတော့ ...... လူ့အတ္တနဲ့ပဲဆိုင်တယ်ထင်ပါတယ်။ အကယ်၍ပေါ့ ... ဘဝခရီးမှာ နေကျန်ခဲ့မယ့်စိတ်ရှိသူဖြစ်နေရင် ဆိုင်ကယ်နောက်ကနေ မောင်းသူကို ခပ်တင်းတင်းဖက်တွယ် မိပေမယ့်လည်း သူ့မူလအတ္တအတိုင်း တစ်ချိန်မှာ နေကျန်ရစ်မှာပါ။

vampire

ဝက်ဝံလေး said...

ဟိ ဒါဖတ်ပြီး ဘာအတွေးပေါက်လဲ သိလား ကိုယ်နဲ့လိုက်ဖက်မယ့်သူကို ဆိုင်ကယ် ဒါမှမဟုတ် စက်ဘီး တူတူ စီးခိုင်းရမလိုဖြစ်နေဘီ ဟိဟိ ခက်တာက ဝက်က စက်ဘီးရော ဆိုင်ကယ်ရော မစီးတတ်ဘူး ဟိဟိ ကားတောင် ဖြောင့်အောင် မောင်းတတ်တာမဟုတ် အုတ်နံရံဝင်တိုက်သေးတယ် ဟဟဟဟဟဟဟဟဟဟဟဟဟဟ

anyway မှတ်သားသွားပါတယ်နော် ဟိ

ရွှေရတုမှတ်တမ်း said...

ဒီလိုခုန်ဆင်းတာတခုထဲနဲ့တော့ ဆုံးဖြတ်ချက်မချသင့်ဘူးထင်တယ်...
မိန်းမတွေဟာ ကြောက်စရာရှိရင် ခေါင်းအေးအေးမထားတတ်ပဲ ကယောင်ကတန်းလုပ်တတ်တာတွေ ခနခနကြုံဖူးတယ်..
သူကမြဲမြဲဖက်ထား မကြောက်နဲ့လို့ပြောတဲ့ကြားက ခုန်ချရင်တော့တမျိုးပေါ့...

oakleaf said...

၂၀၀၀ ခုနှစ်လောက်တုန်းက ကမ္ဘာအေးဘုရားလမ်းပေါ်ကို စက်ဘီးစီးထွက်လာတဲ့ က.ပ.စ က ရဲဘော်နှစ်ယောက်၊ တစ်ယောက်က နောက်ကထိုင်လိုက်လာရင်းနဲ့ ကားနဲ့တိုးတော့ ခုန်ထွက်လိုက်တာ၊ ရှေ့က နင်းတဲ့လူ ယိုင်ထိုး ယိုင်ထိုးနဲ့ ကားအောက်ရောက်သွားတယ်။ ခေါင်းကိုပြားရော။
အဲဒီနှစ်ထဲက တစ်ညနေမှာပဲ
ကျနော် သူနဲ့ အင်းလျားကန်ထဲကို လှေစီး ထွက်လာခဲ့ဖူးတယ်။ လေတွေမိုးတွေကျလာတော့ ကမ်းစပ်ကို အတင်းပြန်လှော် ရတာပေါ့။ ခက်တာက ထွက်လာတဲ့ ကမ်းနေရာကို မမှတ်မိတော့ဘူး။ တဝဲလည်လည် ဖြစ်နေတုန်း လေတွေမိုးတွေ ကြီးလာတယ်။ လှေမှောက်သွားရင် ဆိုတဲ့အတွေးနဲ့ “သူ့”ကို ရေကူးတတ်လားလို့ ကျနော် မေးမိတယ်။ “မကူးတတ်ဘူး”တဲ့ဗျာ။

ကိုအောင်(ပျူနိုင်ငံ) said...

ကိုကြီးကျောက်ပြောတာ ထောက်ခံ၏ ...း)

sosegado said...

အဲဒီအချိန်တုန်းက ကိုမြင့်စိုးကို တစ်ယောက်ယောက်ကနားချသင့်တယ်၊
ကိုကြီးကျောက်ပြောသလို အဲဒီတစ်ခုထဲနှင့် မဆုံးဖြတ်သင့်ဘူး၊
လူ ရဲ့သဘောကို ကိုနားလည်သင့်တယ်

မြတ်မွန် said...

ဟုတ်တယ်နော်..
ဘာမှ မဟုတ်တာနဲ့ မိန်းမကို အထင်လွဲတာ..
လွန်တယ်လို့ မြင်မိတယ်။

ကိုရီး{ကိုကြီး} said...

အပေါ်ဆုံးက ဒဒသစဖ က အကျိုးအကြောင်း ပြသွားတာ ဘယ်ဆိုးလို့တုန်း
သူ့ရဲ့ တွေးခေါ်မှုလေးလည်း သဘာဝကျတာပဲ
ဘာပဲပြောပြော အမြင်အမျိုးမျိုးတော့ ကွဲပြားနိုင်တာပါပဲ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

khin oo may said...

ဒီတစ်ခုထဲနဲ့မဆုံးဖြတ်သင့်ဘူး မှားတယ်။

သဒ္ဓါလှိုင်း said...

တကယ့်အဖြစ်အပျက်မို့လို့စိတ်မကောင်းဘူး.။
ကိုယ်လည်းဆိုက်ကယ်ရဲ့အနောက်မှာအဲလိုအဖြစ်အပျက်
နဲ့ကြုံခဲ့ရင်ဘယ်လိုများဖြစ်မလဲလို့တွေးမိတယ်.။
ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ုကိုဇော် ပေးချင်တဲ့ message လေးကို
မြင်မိပေမယ့်
အပေါ်ဆုံးက ညီမငယ်ကွန်မန့်ပေးသလိုပဲ
ရှေ့ကလူကို မယုံကြည်လို့ မဟုတ်ပေမယ့်
တစ်ရံတစ်ခါမှာ ကြောက်းအားလန့်အားဖြစ်တတ်ပါတယ်။
တစ်ခါသောအမှားကို နားလည်မူ့နဲ့
အဆုံးသတ်အဖြစ်မဆုံးဖြတ်သင့်ဘူးလို့ မြင်မိတယ်။
ခုလိုပြောတာကလည်း တကယ့်အဖြစ်အပျက်လို့ပြောပြာထားသည်မို့
စိတ်မကောင်းဖြစ်မိလို့ပါ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

noblemoe said...

စက်ဘီး ဆိုင်ကယ်မစီးဖူးတော့ နောက်ကလိုက်ရမှာတောင်ကြောက်မိတယ်။ လုံးဝမတက်ရဲတာပါ။ စိတ်မကောင်းစရာအဖြစ်ပျက်လေးပါပဲ။ တကယ် အတ္တကြီးတဲ့မိန်ခလေးမို့ကွဲကွာသွားတာဆိုရင် အကြောင်းမဟုတ်ပေမဲ့ ဆုံးဖြတ်ချက်မှားခဲ့တာဆိုရင် နှစ်ယောက်လုံးရဲ့ ဘဝမှာ ကြွေကွဲစရာကြီးပါ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးခါး said...

အင်းး ညီမက ဆိုင်ကယ် စက်ဘီး မစီးတတ်သူဆိုတော့ ကိုယ်ခုန်ချလိုက်လို့ ရှေ့က လူ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ ခုမှ သိလိုက်တာပါ .. ညီမ အရင်က ထင်တာက ကိုယ် နောက်ကနေ ခုန်ဆင်းလိုက်ရင် ရှေ့က လူအတွက် ပိုလွယ်သွားနိုင်တယ် ထင်မိတာ .. ခု မအေးမိစံဆိုတဲ့အစ်မကရော .. မသိလို့ လုပ်လိုက်မိတာသာဆိုရင် ...

fammfd said...

အမျိုးသားနဲ့ ကမ်ဘောရီးယား သွားတုန်းက ဆိုက်ကယ်စီးဖူးပါတယ်။ ကုန်းတက်အမြင့်ပိုင်းမှာ သူက ကျောက်တုံး ခြောက်လက်မ/ ရှစ်လက်မလောက် ထူမလားဘဲကျော်တယ်။ မမှန်းတတ်တော့ဘူး။ ကိုယ်က နောက်ကထိုင်လိုက်တော့ ကျော်လို့ မရနိုင်ဘူးဆိုတာသိတော့ ခုန်ဆင်းလိုက်တယ်။ သူကျော်လို့ လဲမရတော့ လဲကျတော့တာပါဘဲ။ လက်ရောခြေထောက်ရော ပွန်းပဲ့စုတ်သွားတာပေါ့။ ကျွန်မက ကိုယ်ခုန်ချရင် အခု အဖြစ်အပျက်လို ပြုတ်ကျသွားလိမ့်မယ်လို့ မထင်မိပါဘူး။ အမှန်ပြောရရင် သူပိုပြီးလွယ်ကူသွားမယ်လို့ ထင်မိတာရယ်၊ ကိုယ်ကမလွတ်ဖူးလို့ ထင်လို့ ရယ်ကြောင့် ခုန်ချလိုက်တာဘဲ၊ ဒါပေမဲ့ အမျိုးသားက ဇတ်လမ်းထဲက လူလို ပြသ၁နာလည်းမရှာပါဘူး။ ကျွန်မခုန်လိုက်လို့ သူပေါ့ပြီးဖြစ်တာလို့ တော့ ပြောပါတယ်။ ဒါပေမဲ့ကျွန်မမထင်ပါဘူး။ ကျွန်မပါလည်း ကျော်ဖို့ က မလွယ်ပါဘူး။ သူကတော့ စိတ်မဆိုး တဲ့အပြင် ရီပြီးတောင် ပြောနေပါသေးတယ်။ Smart Little Devil ဆိုပြီးတော့။ ကျွန်မကလည်း ပြောလိုက် တာပေါ့ Why were you so stupid like that ! Blame yourself ဆိုပြီး၊၊ ဆိုလိုချင်တာက ကျွန်မက အဲ့ဒီ့လို ခုန်ဆင်းမိလိုက်လို့ ခင်ပွန်းအပေါ် ဇတ်လမ်းထဲမှာ ရေးထားသလို ဖောက်ပြန်စွန့် ခွာသွားမဲ့ မိန်းမ ဘယ်တော့မှ မဟုတ်တာတော့ လုံးဝ သေချာတယ်။ ကျွန်မက တကယ်လိုအပ်လာခဲ့ရင် အသက်စွန့် ပြီးတောင် ခင်ပွန်းအပေါ်ကို ချစ်ကြောင်းပြသွားမဲ့ သူဖြစ်ပါတယ်။ အစစအရာရာလည်း ခင်ပွန်းအတွက် အမြဲစဉ်းစားပြီး အလေးထားသူပါ။ မတော်တဆ အဲ့ဒီ့တုန်းက ကိုယ်သာခုန်ချခဲ့လို့ သာပေါ့။ မတော်လို့ ကိုယ်ပါရဲ့ သားနဲ့ ပြုတ်ကျခဲ့ရင် နှစ်ယောက်လုံး ခံရ မှာလေ။ အဲ့ဒီ့တော့ ဘယ်သူက ဘယ်သူ့ ကို ပြုစုလို့ ရပါ့မလဲနော်။ ဇတ်လမ်းထဲက လူက မှားတယ်လို့ ထင်မိပါတယ်။ ကျွန်မကိုသာ အမျိုးသားက ဘာမှမဟုတ်သာလေးကို အထအနကောက် အကျယ်ချဲ့ ပြီး အဲ့ဒီ့အချိန်က ဇတ်လမ်းထဲက အကိုလို တွေးပြီး ကွဲခဲ့ကြရင် အခုလို ပျော်စရာနေ့ လေးတွေကို နှစ်ဦးသားဘယ်လို ပိုင်ဆိုင်နိုင်ကြပါ့မလဲလေနော်။ ဒီဇတ်လမ်းကိုဖတ်မိပြီး သဘောထား ပြည့်ဝတဲ့ ခင်ပွန်းကိုလည်း ပိုပြီးလေးစားသွားပါတယ်.....

လသာည said...

တို့လည်း အခု နောက်ကယ်ရီယာ မထည့်ထားဘူး။ ကိုယ့်ဘာသာကို မနိုင်မနင်း စီးနေရလို့..။

ဘ၀ခရီးထဲက ဆိုင်ကယ်အတွက်ကတော့ ရှေ့ကစီးသူနဲ့ နောက်ကစီးသူတွေ အချင်းချင်းနားလည်မှုတွေ၊ စာနာမှုနဲ့ အမြင်ချင်း တိုင်ပင်ဆွေးနွေးမှုတွေ ရှိလေ ကောင်းလေလို့ တွေးတောဆင်ခြင်မိသွားတယ်။

တကယ့်ကို ဆင်ခြင်စရာပိုစ်လေးပါ။ ပိုစ်အတွက် ကျေးဇူးတင်ပါတယ်..

fammfd said...

ထပ်ဖြည့်ပြီးပြောခွင့်ပြုပါအုံးနော်။
ဒီဇတ်လမ်းထဲက လူက နဲနဲ ဆိုက်ကို ရှိတယ် လို့ ထင်မိပါတယ်။ ဘာမှမဟုတ်တာကို မလိုအပ်ဘဲ အရှည်တွေ တွေးပြသ၁နာလုပ်ပြီး ကိုယ်ချစ်လို့ ယူထားပါတယ် ဆိုတဲ့ မိန်းမကို ဒီလောက် အားလုံးက ဒီလောက် တောင်းပန်နေတဲ့ကြားက( ယောက်ခမ ပါမကျန် ) ကွဲတယ်ဆိုတော့ ဒီလူဟာ ပုံမှန်မဟုတ် လောက်ဘူး။ သူ့ မှာ နဲနဲ တော့ ဆိုက်ကို ရှိနေပုံ ပေါ်တယ်။ သဘောထားကလည်း သေးသိမ်ပြီး ဒီလို ကိစ်စ လေးကိုတောင် နားလည် နိုင်စွမ်း မရှိတဲ့ ယောက်ျားမျိုးနဲ့ ကွဲရလို့ လည်း ၀မ်းနည်းစရာ တော့ မရှိဘူးလို့ ထင်မိတာပါဘဲ။

မိန်းကလေးများ လက်မထပ်ခင် ကိုယ့်ချစ်သူ ရဲ့ သဘောထားကို သေချာ လေ့လာ ရမယ်ဆိုတဲ့ သင်ခန်းစာ ပေးတဲ့ပိုစ့်လို့ ယူဆမိပါတယ်။

မြစ်ကျိုးအင်း said...

ဒီလူဆုံးဖြတ်တာကို ဘေးလူ တစ်ယောက်အနေနဲ့ ပြောရရင် သဘောသိပ် မကျလှဘူး။ မိဘပေးစားလို့ ယူထားတာရယ် အဲဒီရက်ပိုင်းမှာ အဆင်မပြေ ဖြစ်ထားရင်တော့ တမျိုးပေါ့။ ဒီအဖြစ်လောက်နဲ့ အိမ်ထောင်ကွဲရ တာတော့ သဘာဝကျကျ ဖြစ်ရပ် မဟုတ်ဘူး။
ကျနော်သာဆိုရင် အနောက်က ပါလာတဲ့ အိမ်သူဇနီးမယား ၊ ချစ်သူက ဒီလို ခုန်ချတတ်တဲ့သူမှန်း သိထားရင် နောက်အကြိမ်တွေမှာ ပိုပြီးသတိရှိရှိနဲ့ အန္တရာယ် ပိုကင်းတဲ့ မောင်းနည်းမျိုးပဲ ရွေးမိမှာပဲ။ ဒါမှမဟုတ် အပြင်သွားရင် တခြားနည်းနဲ့ပဲ အတူ သွားဖြစ်မယ်။

မြန်မာမှု နယ်ပယ်မှာ အိမ်ထောင်တခု ပြိုကွဲတာက၊ အန္တရာယ် ကြားမှာ မိန်းမသား သဘာဝ(ထိတ်လန့်စိတ်၊ ရုတ်တရက် တုန့်ပြန်ပုံမှားတဲ့စိတ်) ကြောင့် ခုန်ချတာထက် ပို ဆိုကျိုး ဖြစ်နိင်ပါတယ်။

တကယ့်အဖြစ်ရှိပေမယ့်လည်း ကျနော့် အမြင်သက်သက်ပါ။ အင်းလေ.. လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့လည်း ပြောရခက်ပါတယ်။ ကြုံခဲ့ရသမျှက ခပ်ဆန်းဆန်းတွေ ပါပဲလား။။။

nyopyar88888 said...

ဒီလူ အတ္တကြီးတာ

nyeinsoe said...

ကိုဇော်ရေ ,
ရုတ်တရက် ဖြစ်တတ်တာလည်းရှိတော့ ဆုံးဖြတ်
ချက်မစောသင့်ဘူးလို့ပဲ မြင်ပါတယ် ... အခြားသော လုပ်ရပ်များ ကိုလည်း ပြန်လည်
သုံးသပ်ရလိမ့်မယ် ထင်ပါတယ် ...
ငြိမ်းစိုးဦး

ကိုကိုမောင်(ပန်းရနံ့) said...

မဖြစ်သင့်ဘူး။ ကိုယ့်အတ္တဘဲ ကိုယ်ကြည့်တယ်လို့ မြင်မိတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် အကြောင်းအရာတူမှာ အခုလို တစ်ကိုယ်လွတ်ရုန်းခဲ့ရင် ထားပါတော့။ အခုကိစ္စက အခန့်မသင့်လို့ ဖြစ်ခဲ့တာပါ။ မိန်းခလေးအများစုက ယောက်ျားပါရင် သေလမ်းကိုတောင် အတူတူသွားရဲတဲ့ သတ္တိရှင်တွေပါလို့ ကျနော့်တစ်ဘက်သတ်အမြင်ကို တင်ပြသွားပါတယ်။

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.