မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 September 2010

11 ထီး - တာရာမင်းဝေ


Model Art တစ်ခု

ဘာရယ် မဟုတ်ဘဲ အခု တလော ကိုယ့်ဖာသာ တစ်ခုခု လိုနေသလို ခံစားနေရ၏။ ပြီးတော့ Model Arts အကြောင်းကိုလည်း အတော်ကို စိတ်ဝင်စားမိပြီး ပြန်လည် လေ့လာ ဖတ်ရှုနေမိပါသည်။ စာအုပ်တွေ ၊ ကဗျာတွေ ၊ ပုံတွေ ၊ ရုပ်ရှင်တွေ အတော်ကို ကြည့်ဖြစ်သည်။

ဒါတွေ ကြည့်ဖြစ် ၊ ဖတ်ဖြစ်ပြီးတော့ လူက ဆွတ်ပျံ့သလိုလိုနဲ့ အားတွေ ကုန်သလိုလို ဖြစ်နေမိသည်။ ဘာလို့လဲတော့ မသိ။ တချို့ပန်းချီကားလေးတွေ ဆိုရင် အရမ်းကောင်းလွန်းလှတော့ သူ့ကို ကြည့်ပြီး မျက်နှာ လွဲလိုက်ရင် မျက်လုံးထဲမှာ သူ့အကြောင်းအရာက ဘာမှ မပါလာတော့။ ဒါပေမဲ့ အိပ်ပြီ ဆိုရင် သူ့ရဲ့ ကောက်ကြောင်းတွေက အသာအယာ လာလှုပ်နှိုးသလို ဖြစ်နေတတ်သည်။ ပြီးတော့ ကဗျာ ဆိုလည်း ဒီလိုပဲ သူတို့ အသံတွေက ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ကျယ်လွန်းလှသည်။ ကျွန်တော် လန့်လန့် နိုးသွားရသည်။ ပြီးတော့ ကဗျာ လိုလို စာတွေ ထွက်သည်။ ဒါပေမဲ့ ကျွန်တော် ထမရေးဖြစ် အတွေးထဲမှာပဲ ငြိမ်နေရတာ ပိုပြီး ခုံမင်သလိုလို ဖြစ်မိသည်။

ဒါနဲ့ပဲ ကျွန်တော် အခု စာရေးချင်စိတ် ဆိုတာထက် စာဖတ်ချင်စိတ် ပိုများနေသည်။ ဖန်တီးချင်စိတ် ဆိုတာထက် ခံစားချင်စိတ် ပိုနေသည်။ သူများကို ဝေမျှခံစားဖို့ထက် ကိုယ့်ခံစားမှုကို ပိုပြီး အလေးပေး နေမိသည်။ တချို့နေရာတွေက ကဗျာလေးတွေကို သွားဖတ်ဖြစ်ပါသည်။ အခု လက်ရှိ Model Arts ထဲကနေပြီး သူတို့ ကဗျာတွေကို ကျွန်တော် ဆွဲယူပြင်နေမိသည်။ Comment တော့ မရေးဖြစ်ခဲ့ပါဘူး။ အမြင်တွေ ရှုပ်ထွေး ကုန်နိုင်သည်ဟု ထင်မိပါသည်။ ဒါပေမဲ့ ဘာမှ မတင်ပေမဲ့လည်း နေ့တိုင်း ရောက်လာတတ်တဲ့ စာဖတ်သူတွေကို ကိုယ်က ဖတ်ရှု ခံစားနေပြီး သူတို့ကိုတော့ ဘာမှ ဖတ်စရာ မတင်ပေးနိုင်ရင် ဆိုတဲ့ အသိကလည်း လွန်ဆွဲနေသေး၏။

ကျွန်တော့်မှာ ရေးဖို့ အကြောင်းအရာတွေ ရှိပါသည်။ သို့သော် ဖတ်မိနေတာတွေနဲ့ ရေးရမှာက သဟဇာတက မကျ။ ဒါကြောင့် အခု ကျွန်တော် ဖတ်မိနေတဲ့ စာတွေ ၊ ကဗျာတွေ ၊ ပုံလေးတွေကို တင်ပြချင်ပါသည်။ အများကြီး မဟုတ်ပဲ လက်တဆန့်လောက်သာ ဖော်ပြမှာပါ။ ကျွန်တော့် ကိုယ်ပိုင် ညစ်ကျယ်ကျယ် အတွေး အရေးတွေကိုလည်း ဆက်လက် ရေးသားသွားမှာပါ။

အခု လောလောဆယ် ပေးဖတ်စေချင်တာကတော့ လူသိနည်းလှမည်ဟု ထင်သော ဆရာ တာရာမင်းဝေ ရဲ့ စာတစ်ပုဒ်ပါ။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက English For All စာအုပ်မှာ ရေးသားထားတာ ဖြစ်ပါသည်။ အတော်ကို ကြာမြင့်လှပြီ ဖြစ်ပါသည်။ ဒါလေးကို ဖော်ပြပေးပါ့မည်။ ခံစားမှု တစ်ခုခုတော့ ရမယ် ထင်ပါသည်။ 



ထီး - တာရာမင်းဝေ

ထီး

(၁) နေရောင်ကိုသော်လည်းကောင်း ၊ မိုးစက်ကိုသော်လည်းကောင်း ကာကွယ်ရန် လူတို့က တီထွင်အသုံးပြုသော ကိရိယာ။

(၂) လက်ကိုင်တပ်ထားသော အရိုးတံတွင် ဖျင်ရွက်တစ်ခုကို တပ်ဆင်ကာ ထိုကိရိယာကို ဖွင့်ပိတ်ကွယ်ဆောင်းခြင်းဖြင့် ရာသီဥတုဒဏ်ကို လူတို့ ကာကွယ်နိုင်သည်။ 

နွေရာသီတွင် အချို့က ထီးဆောင်းကြသည်။ အချို့ကား မဆောင်းကြ ၊ ထီးသည် နွေရာသီ မူးမူးကလေးတွင် သူ၏ အသက်ကို တစ်ဝက်စ , ရခဲ့၏။

မိုးရာသီ

မြန်မာနိုင်ငံတွင် ရာသီဥတု သုံးမျိုးရှိသည့်အနက် မိုးရာသီသည် အရှည်ကြာဆုံး ဖြစ်သည်။ ဇွန်မှ အောက်တိုဘာအထိ မိုးရွာသည်။ 

လူတို့သည် အိမ်ပြင်ပသို့ လှုပ်ရှားသွားလာရာတွင် ထီးကို ယူသွားကြရသည်။ မုတ်သုန်လေ၏ အအေးဓါတ် ၊ မုတ်သုံ ရာသီ၏ မိုးရေစက်များသည် လူတို့ကို ကျန်းမာရေး ထိခိုက်စေတတ်၏။ မိုးရေစက်များသည် လူတို့ကို ကျန်းမာရေး ထိခိုက်စေတတ်၏။ ဖျားနာစေတတ်၏။ လူတို့သည် မိုးရာသီကို ထီးကိုင်စွဲ၍ ရင်ဆိုင်ကြရလေသည်။ 

“ ရော့ ” 

လူသည် အားလုံးကို ပုံအောပေးလိုက်သည်။ 

“ ပေး ” 

ထီးသည် အားလုံးကို သိမ်းကြုံးယူလိုက်သည်။ 

ထို့နောက်  

ထီးသည် သူ့ကိုသူ ဆွဲဖွင့်လိုက်သည်။ 

ထီးနှင့် လူ

ကျေးလက်တောရွာမှ လူအချို့သည် အင်ဖက်ကို ဆောင်းကြသည်။ အချို့က ငှက်ပျောရွက်ဆောင်းပြီး အချို့က ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်၍ မိုးကြသည်။ သို့သော် ကြာရွက်သည် ထီးရွက်မဟုတ်သလို ၊ ကြာရိုးသည်လည်း ထီးရိုးမဟုတ်။

ထီးနှင့် လူကြားမှာ ခလုတ်တစ်ခုခြားသည်။

“ ဖျောင်း ”

ခလုတ်နှိပ်လိုက်သည်နှင့် ထီးသည် သူ့အရိုးကို ဆန့်ထုတ်လိုက်သည်။ သူ့အရေပြားကို ဖြန့်တင်းအုပ်ကိုင်း လိုက်သည်။ ထီးသည် ထီးအဖြစ် လူတို့အပေါ်မှာ တာဝန်ကျေရန် ကြိုးစား၏။ 

“ သွား . . . ကျွန်တော့်ကို ဆောင်းပြီးသွား ”

“ လျှောက် . . . ကျွန်တော့်ကို ဆောင်းပြီးလျှောက် ” 

မိုးစက် မိုးပေါက်များက ထီး၏ ကျောကုန်းကို ဗုံလို တဘုန်းဘုန်း တီးကြသည်။ သို့သော် လူဆီသို့ စီးနိုင် ပတ်နိုင်ခြင်း မရှိလှတော့။

ဘူတာရုံ

ဘူတာရုံမှာ နာရီရှိ၏။ ထိုနာရီသည် အချိန်တန်လျှင် မြည်သည်။ ဆောင်းနှင်းရထားကြီး ဆိုက်လာ၏။ 

“ တူ . . . . တူ ”

ဆောင်းဥတု၏ ဥသြဆွဲသံကို မိုးစက်တို့ နားမခံနိုင်ကြ။ အနောက်တောင်ထောင့်ဆီသို့ သူတို့ ပြန်ဆုတ်သွားသည်။ မြောက်ပြန်လေ၏ ရနံ့ဖြင့် လောကကြီး အေးသန့်သွားသည်။

“ တစ်ဆောင်းပွင့်ပြီဟေ့ . .  ”

လူတွေ . . . လူတွေ . . . . 

မြို့တော်ကနေ မြို့တော်ဆီ အော်ခေါ်ကြ ၊ တေးတဝေဝေဖြင့် လိပ်ပြာလိုက်ဖမ်းကြ။ အလင်းမျက်နှာတွေကို မီးအိမ်ဝါတွေလို ဝင့်ဝင့်ပြရင်း အပျင်းပြေ ငါးမျှားထွက်ကြ။

ထီးကို သူတို့ သတိမရတော့။

ထီး / အထီးတည်း / အထီးကျန်

ဟိုတုန်းကလို . . . 
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးသည် . . . . တံခါးရွက်နောက်တွင် ငေးမှိုင် တိတ်ဆိတ် ၊ သူ့ကိုယ်သူ ထီးလို ပြန်ပိတ်ခဲ့ရတော့၏။

တာရာမင်းဝေ
English For All , December 1997

မှတ်ချက်။   ။ English For All နှင့် ဆရာ တာရာမင်းဝေ တို့၏ ခွင့်ပြုချက် မရယူဘဲ ကူးယူဖော်ပြထားတာ ဖြစ်ပါသည်။ ထပ်ဆင့်ကူးယူလျှင် လင့်ချိတ်ပေးစေလိုပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

ကိုဇော် said...

အခု ကျနော် တင်ပြထားတာတွေက Modern Arts မဟုတ်ပါဘူး။ Model Arts ဆိုသော ပုံစံတစ်ခုကိုပဲ တခြားသော အကွဲကွဲ အပြားပြား ဖြန့်ထုတ် စဉ်းစားတာကို ဆိုလိုပါတယ်။ Modern Arts ရဲ့ အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။
Modern Arts နဲ့ Model Arts မှားမှာ စိုးလို့ပါ။

လေးစားစွာဖြင့်
ကိုဇော်

nayzawlin said...

ဘာပဲ ဖြစ်ဖြစ် လူတွေဟာ အရာတစ်ခုကိုလိုအပ်တဲ့အခါမှာပဲ အသုံးကျတတ်တာ သဘာဝ တစ်ခုပဲနော် ....
အထီးကျန်နေတဲ့ ထီးလေးက
သနားစရာလေးနော် အစ်ကို

ခင်မင်လျှက်

နေဇော်လင်း

လင်းခေတ်ဒီနို said...

ထီး . . .

ဟုတ်တယ် သူက အဖြည့်ခံပဲ . . . .

SHWE ZIN U said...

တာရာမင်းဝေ ကို သိပ်မဖတ်ဖြစ်ဘူး ဟိုတခါဖတ်တာ ဂျွန်စတိန်းဗက် ထဲက စာတွေ တွေ့လို့ ဒို့ယာမြေ လား ဒို့ပိုင်တဲ့မြေ လားမသိ မောင်ပေါ်ထွန်း ဘာသာပြန်

အဲ ထဲကဟာတွေ ကိုယ်ပိုင် လား မှီးတာလားကို မသိတော့ဘူး ဒါနဲ့ မဖတ်ဖြစ်

အခုတော့ ဖတ်သွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

တစ်ချို့ကလည်း နေပူတဲ့ နေ့တွေမှာတောင် ထီးကို သယ်သွားကြတယ်..
တစ်ချို့ကလည်း မိုးတွင်းမှာတောင် ထီးကို မသယ်ချင်ကြဘူး.. :D

ခိုင်နုငယ် said...

မိုးရွာရွာ မရွာရွာ
ထီးဂေါက်ရှည်လေးတစ်ချောင်းကတော့
အမြဲယူဆောင်သွားတတ်တယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ထီးလာယူသွားတယ် ကိုဇော်းP

blackကော်ဖီ said...

ဆရာတာရာမင်းဝေက ကျွန်တော့် အကြိုက်ဆုံး စာရေးဆရာ တစ်ယောက်ပေါ့။ လူဆိုတဲ့ အမျိုးက လိုတဲ့အခါ သုံးပြီး မလိုဘေးချိတ်ထားတတ်တာ သဘာဝ ဖြစ်နေပါပြီလေ။

အနမ်း said...

connect ကောင်းတုန်း ပိုစ့်လာဖတ်ပါတယ်.
တာရာမင်းဝေရဲ့ စာလေးကို မျှဝေပေးတာကျေးဇူးပါ..
လူသားတွေရဲ့ လိုတစ်မျိုး မလိုတစ်မျိုးထဲမှာ ကိုယ်လည်း
ပါမယ်ထင်ပါရဲ့...

အနမ်း said...

connect ကောင်းတုန်း ပိုစ့်လာဖတ်ပါတယ်.
တာရာမင်းဝေရဲ့ စာလေးကို မျှဝေပေးတာကျေးဇူးပါ..
လူသားတွေရဲ့ လိုတစ်မျိုး မလိုတစ်မျိုးထဲမှာ ကိုယ်လည်း
ပါမယ်ထင်ပါရဲ့...

nyeinsoe said...

လူ အတွက် ထီး ဟာ အသုံးချခံ ပစ္စည်း ဖြစ်ကြောင်း
ပေါ်လွင်ပါတယ် ...
ငြိမ်းစိုးဦး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.