မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 September 2010

20 အုတ်ခဲ ဥပမာ




အိမ်ရှေ့မှာ အုတ်ရေကန်လေးနဲ့ ပန်းပင်တွေကို အုတ်နဲ့စီပြီး ဆောက်ဖို့ အုတ်ခဲကား တစ်စီး မှာထားတာ အိမ်ရှေ့ကို ရောက်လာပါသည်။ အုတ်ကားပေါ်က အုတ်တွေကို အလုပ်သမားတွေ အကူအညီနဲ့ အုတ်ပုံလေး တစ်ပုံအဖြစ် အစီအရီ ချလိုက်ပါသည်။ ဖေဖေမှာလိုက်သော အုတ်အရေအတွက် ဘယ်လောက် ရှိတယ် ဆိုတာ ကျွန်တော် မသိပေမဲ့ အုတ်ရဲ့ ကျိုးပျက်မှုကတော့ အတော်များများ ပါလာခဲ့သည်။ 

အုတ်ခဲတွေကို ထားခဲ့ပြီး အုတ်သယ်ကားကို ကျသင့်ငွေရှင်းပြီးတော့ ဖေဖေ့ကို အလိုမကျသော မျက်နှာနဲ့ ကျွန်တော် မေးလိုက်မိသည်။

“ ဖေဖေ သားတို့ အုတ်ခဲဝယ်တာ အုတ်ခဲအကောင်း မဟုတ်လား။ အခု ဘာလို့ အုတ်ခဲကျိုးတွေ ပါလာရတာလဲ။ ”

“ ဒါက ဒီက ထုံးစံလေ သားရယ် ၊ အုတ်ခဲ ၁၀၀ မှာ ဘယ်လောက်က အကျိုး ဆိုပြီးတော့ ရှိတယ်ကွ ”

“ ဒါဆိုရင် သားတို့ ဒီအုတ်ခဲကျိုးတွေကို အလကား ဖြစ်ပြီပေါ့ ”

“ မဖြစ်ပါဘူး သားရယ် ”

“ အကျိုးအပဲ့တွေကို ဘယ်လိုလုပ် သုံးရတော့မှာလဲ ဖေဖေရာ ”

ဒီတော့ ဖေဖေက ဘာမှ မပြောတော့ဘဲ ပြုံးပြီး ဘာမှ ဆက်မပြောတော့ပါ။ အုတ်ခဲတွေကို ၁၀ လုံး တစ်ပုံပုံပြီး စသယ်ပါတော့သည်။ ဖေဖေက စသယ်တော့ ကျွန်တော်ကလည်း အုတ်ခဲ ၁၀ လုံး မနိုင်ပေမဲ့ နိုင်သလောက် အုတ်ခဲတွေကို ဆင့်ပြီး ဝိုင်းသယ်ပေးသည်။ လိုရာနေရာကို ရောက်တော့ မဆလာ ဖျော်သည်။ ပြီးတော့ ရေကန်ဆောက်ဖို့ အုတ်တွေကို စပြီးစီသည်။ အုတ်တစ်တန်း ပြီးတော့ ထိုအောက်က အတန်းပေါ်မှာ အုတ်ကို ထပ်စီဖို့ အောက်တန်းမှ အုတ်ခဲအဆက် နေရာမှာ အုတ်ကို ထားစီရတော့ အုတ်က ဟိုဘက် ဒီဘက် အုတ်ခဲ တစ်ဝက်ဆီ လိုနေပါသည်။ ဒီတော့ ဖေဖေက ကျိုးနေတဲ့ အုတ်ခဲတွေကို ယူကာ ဖြည့်လိုက်ပါသည်။

ဒီတော့မှ ခုနက ကျိုးနေတဲ့ အုတ်ခဲတွေကလည်း အသုံးဝင်ပါတယ် ဆိုတာကို ကျွန်တော် သဘောပေါက် မိတော့သည်။ ဒါပေမဲ့လည်း တချို့သော  အုတ်ခဲတွေက ထက်ဝက်ကျိုးတွေ တင်မကပဲ သုံးပုံတစ်ပုံ ကျိုးနေတာတွေ ၊ အပိုင်းပိုင်း ကျိုးနေတာတွေ ပါလာပါသေးသည်။ ဒါတွေကို ဘယ်လိုနေရာမှာ သုံးမလဲ ကျွန်တော် မသိသေးပါ။  ဒါကြောင့် ဖေဖေ လုပ်သမျှ ဘေးကနေပဲ ဝိုင်းလုပ်ရင်း အသာလေး ကြည့်နေပါတော့သည်။

ပန်းပင်တွေ စိုက်ဖို့ ဘောင်လေးတွေ လုပ်ပြီးတော့ အုတ်ကန်ရဲ့ အောက်ခြေကို ကွန်ကရစ် လောင်းဖို့ ကွန်ကရစ် မဆလာဖျော်တော့ သုံးပိုင်းကျိုးတွေ ၊ အစိတ်စိတ် အမွှာမွှာ ကျိုးတွေကို ထုချေပြီးတော့မှ ရောနယ်ပြီး အောက်ခြေမှာ လောင်းလိုက်သည်။ ဒီအပေါ်မှာတော့ မဆလာကို ဖျော်ပြီး အချောသတ် မျက်နှာပြင် ညှိလိုက်တော့သည်။ နောက်တော့ အုတ်ကန်ရဲ့ အတွင်းနံရံ နဲ့ အပြင်နံရံကို မဆလာနဲ့ အချောသတ် ညှိလိုက်တော့သည်။ ပြီးသွားပါပြီ။

ပြီးတော့ ဖေဖေ နဲ့ ကျွန်တော် ခြံထဲက ဒန်းပေါ်မှာ ထိုင်ရင်း မသိမ်းရသေးတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ မသုံးရသေးတဲ့ အုတ်ခဲကောင်းတွေ အနည်းငယ် ၊ အုတ်ခဲကျိုးတွေ တချို့ ၊ အုတ်ခဲ အပိုင်းအစများနှင့် မဆလာဖျော်ရာတွင် သုံးထားသော ပေါက်တူး ၊ ဂေါ်ပြားများ ၊ မကုန်သေးသော သဲပုံ နှင့် ဘိလပ်မြေများတို့က ပွပွစစ နေရာယူထားသည်။ ခဏထိုင်နေပြီးတော့ ဖေဖေက ရုတ်တရက် ထပြီး မကုန်သေးဘဲ ကျန်နေတဲ့ သဲပုံကို မျက်နှာပြင်ညီအောင် ညှိလိုက်သည်။

နောက်တော့ အုတ်ခဲအကောင်း တစ်လုံးကို သဲပုံထဲကို ဖိချပြီး နှစ်လိုက်သည်။ နောက်တော့ သူ့ဘေးမှာ အုတ်ခဲထက်ပိုင်ကျိုး တစ်လုံးကို ယူပြီး သဲထဲကို ဖိချပြီး နှစ်လိုက်ပြန်သည်။ ပြီးတော့ ကျွန်တော့်ကို လှမ်းခေါ်သည်။ ဖေဖေ့နားမှာ ကျွန်တော် ထိုင်ချလိုက်တော့မှ သဲပုံထဲမှာ နစ်နေတဲ့ အုတ်ခဲ အကောင်းနဲ့ အုတ်ခဲကျိုးကို အသာလေး ဆွဲထုတ်လိုက်သည်။ ဒီတော့ သဲပုံထဲမှာ အုတ်ခဲအရာ နှစ်ခုက ထင်းထင်းကြီး ကျန်နေခဲ့တော့သည်။

“ ဒီမှာကြည့် သား ”

“ ဟုတ်ကဲ့ ”

“ အခု သဲပုံထဲမှာ ပုံစံခွက် အရာ နှစ်ခု ရှိတယ်။ တစ်ခုက အုတ်ခဲကောင်း ဝင်ဆံ့တယ် ဆိုတဲ့ အုတ်ခဲကောင်း အရာ ၊ နောက်တစ်ခုကတော့ အုတ်ခဲကျိုး ဝင်ဆံ့တယ် ဆိုတဲ့ အုတ်ခဲကျိုး အရာပဲ။ ဒီတော့ အခု ဖေဖေ အုတ်ခဲကျိုးအရာ နေရာမှာ အုတ်ခဲကောင်းကို ထည့်မယ် ဝင်မလား ”

“ ဘယ်ဝင်မလဲ ဖေဖေရ ၊ နေရာမှ မဆံ့ပဲ ”

“ ဟုတ်တယ် သား ၊ အမှန်ပဲ။ အုတ်ခဲကျိုး နေရာကို အုတ်ခဲကောင်း ထည့်ရင် မဝင်ဆံ့သလိုပဲ။ အုတ်ခဲကောင်း နေရာမှာ အုတ်ခဲကျိုးကို ထည့်ရင်လည်း နေရာက အသားမကျဘဲ ချောင်နေတတ်တယ်။ ဒါတွေက ဘာဖြစ်တာလဲ ဆိုတော့ လူ့လောကနဲ့ ပြောရရင် လူမှန် နေရာမှန် မဖြစ်တာပဲ။ ဒီလို လူမှန် နေရာမှန် မဖြစ်မချင်း အရာရာက အသား မကျတတ်ဘူး ၊ အဆင် မပြေတတ်ဘူး။ အုတ်ခဲကောင်းက အုတ်ခဲကောင်းနေရာ ၊ အုတ်ခဲကျိုးက အုတ်ခဲကျိုးနေရာမှာ အံ့ဝင်ခွင်ကျ မဖြစ်မချင်းတော့ အရာရာဟာ အဆင်မပြေစွာ လွဲချော်နေဦးမှာပဲ ”

အဲဒီတုန်းက အဲဒီလို ပြောပြခဲ့ဖုးပါသည်။ အခု နောက်ပိုင်း အရွယ်ရောက်လာတော့လည်း ကိစ္စအတော် များများနဲ့ တိုက်ဆိုင်သော အခါမှာ ကျွန်တော် ဒီ “ အုတ်ခဲ ဥပမာ ” လေးကို သဲပုံပေါ်မှာ ထင်ကျန်နေတဲ့ အုတ်ခဲရာ နှစ်ရာ နှင့်အတူ အမြဲ မြင်ယောင်နေမိသည်။ တကယ်လို့ ကျွန်တော် တစ်နေရာရာ နဲ့ အဆင်မပြေဘူး ၊ တစ်ခုခု လွဲချော်နေပြီ ဆိုရင် ပြန်လည် စဉ်းစား ကြည့်မိတတ်ပါသည်။

တကယ်လို့. . . . .

ယခု စာဖတ်သူသည် တစ်နေ့နေ့ တချိန်ချိန်မှာ စီမံခန့်ခွဲရေးမှ အရေးပါ အရာရောက်သူ တစ်ယောက် ဖြစ်နေခဲ့ရင် ဒီ “ အုတ်ခဲ ဥပမာ ” လေးကို သတိရ ကြည့်ပေးပါ။ လူတစ်ယောက်ကို သူနဲ့ သင့်တော်ရာ နေရာမှာ ကိုယ်က နေရာ မပေးနိုင်မချင်း အရာရာဟာ အံ့ဝင်ခွင်ကျ မဖြစ်လာနိုင်ပါ။ အရာရာဟာ လွဲချော်မှု များစွာနဲ့ မရေမရာ ပြဿနာများစွာ ကြုံတွေ့ နေရနိုင်ပါသည်။ သို့သော် အုတ်ခဲကောင်းက အုတ်ခဲကောင်း နေရာ ၊ အုတ်ခဲကျိုးက အုတ်ခဲကျိုးနေရာမှာ တိကျစွာ သူ့နေရာနဲ့ သူ ရောက်သွားတယ် ဆိုရင်တော့ အရာရာဟာ ပုံမှန် လည်ပတ် နေနိုင်ပါလိမ့်မည်။ အရာရာဟာ ပုံမှန် မလည်ပတ်နိုင်ဘဲ တစ်ခုခု ချို့ယွင်းနေတယ် ဆိုရင်တော့ ကိုယ့်ရဲ့ လူမှန်နေရာမှန် မထားနိုင်သေးသော စီမံခန့်ခွဲမှုကို ပြန်ပြီး သုံးသပ်သင့်ပါသည်။

ဒီထက် အရေးကြီးတာ တစ်ခု ရှိပါသေးသည်။ ဒါကတော့. . .

ယခုသော်လည်းကောင်း ၊ တစ်နေ့နေ့သော်လည်း ယခု စာဖတ်သူလည်း တစ်နေရာရာမှာ အံ့မဝင် ၊ ခွင်မကျသော အခြေအနေ တစ်ရပ်နဲ့ ကြုံရနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးကို ရောက်လာခဲ့ပါက “ အုတ်ခဲ ဥပမာ ” လေးကိုပဲ သတိရပါ။ စာဖတ်သူသည် အုတ်ခဲကောင်း ဖြစ်နေပါက ကိုယ်နဲ့ အံ့မဝင်သော အုတ်ခဲကျိုး နေရာကို ရောက်နေ၍ ဖြစ်ပြီး ၊ အုတ်ခဲကျိုး ဖြစ်နေပါကလည်း အုတ်ခဲကောင်းနေရာကို ရောက်နေသောကြောင့် ချောင်ကာ အဆင်မပြေ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ စိတ်မပူပါနဲ့ လောကတွင် သင့်အတွက် အထူးကို သင့်တော်သော နေရာကောင်းတစ်ခုက ပုံစံခွက်လေး တစ်ခု အနေနဲ့ သင့်တော်စွာ သင့်ကို စောင့်မျှော်လျက် ရှိပါသည်။

ထို ကိုယ့်အတွက် သင့်တော်သော ပုံစံခွက်လေးနဲ့ ကိုယ်နဲ့ မတွေ့ဆုံခင် အချိန် အထိတော့ အရာရာမှာ ကျဉ်းကြပ်မှုများ ၊ ချွတ်ချော် ချောင်ထွက်မှုများ ဖြစ်နေနိုင်ပါသည်။ သို့သော် စိတ်မပူပါနဲ့။ ကိုယ့်အတွက် သင့်တော်သော အခြေအနေတစ်ရပ်ကို ရောက်ရှိလာချိန်မှာတော့ အရာရာဟာ အဆင်ပြေစွာ Fix ဖြစ်လာပါလိမ့်မည်။

*** မပူပါနဲ့ ၊ လောကမှာ သင့်အတွက် တစ်နေရာ ရှိကို ရှိနေပါသည်။ သို့သော် သင်ကိုယ်တိုင် ရှာဖွေရလိမ့်မည်။ ***


မှတ်ချက်။  ။ ဒီအဖြစ်အပျက်လေးကို ကျွန်တော့်ညီမကို ပြန်ပြောပြဖြစ်တာ ဖြစ်ပါတယ်။ အခုတလော သိပ်မအားလို့ စာသိပ်မရေးဖြစ်ပါ။ သူ့ကို ပြောပြဖြစ်သော အကြောင်းအရာများထဲမှ တစ်ခု ဖြစ်ပါတယ်။ အချိန်ရရင် ဆက်ရေးပါမည်။



လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

ဖိုးသား said...

ဗဟုသုတလေးမှတ်သားသွားပါတယ်။မှန်ပါသည်။လူတိုင်းမှာ အသုံးဝင်မယ့် နေရာ တစ်နေရာစီတော့ ရှိစမြဲပါ။လူမှန်နေရာမှန် ဖြစ်ဖို့လည်း အရေးကြီးပါသည်။

ကိုအောင် said...

အုတ်ခဲကျိုးတွေရဲ့ တန်ဖိုးပေါ့။

အဖြူရောင်နတ်သမီး said...

သုံးတတ်ရင် “တန်ဖိုး”ဆိုတာ...ရှိစမြဲပဲနော်...

SHWE ZIN U said...

ကိုဇော် မအားဘူး ဆိုပြီးစာတပုဒ် ထွက်သွားသေးတယ် အားတဲ့ ရွှေစင်ဦး ကတော့ တပုဒ်မှ မထွက်သေးဘူး

ခင်တဲ့
ရွှေစင်ဦး

သိင်္ဂါကျော် said...

ဟုတ်တယ်နော်.. လူတိုင်း လူတိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြတာပဲ.. ဥပမာကောင်းလေး ပေးနိုင်တဲ့ post ပါ..

သုခုမလေဒီ said...

မှတ်သားစရာ ဥပမာပေးလေးပါပဲ...။
အဆင်ပြေပျော်ရွှင်နိုင်ပါစေ..။

သုခုမလေဒီ said...

မှတ်သားစရာ ဥပမာပေးလေးပါပဲ...။
အဆင်ပြေပျော်ရွှင်နိုင်ပါစေ..။

သဒ္ဓါလှိုင်း said...

ဟုတ်တယ်နော်..ကိုယ်နဲ့သင့်တော်မယ့်နေရာ
တနေရာတော့ရှိတယ်.။အဲဒီနေရာကိုကိုယ်တိုင်
သိဖို့တော့လိုမယ်.။ဥပမာလေးနဲ့တင်ပြပေးထားတာ
ကောင်းတယ်..။
ကိုယ့်နေရာကိုယ်သိအောင်လုပ်ရမယ်..။

ခနွဲ said...

ဥပမာလေးက မိုက်တယ်ဗျာ။ နောက်ဆုံးစာသားကို ပိုကြိုက်သွားတယ်။
မပူပါနဲ့။ လောကမှာ သင့်အတွက် တစ်နေရာ ရှိကို ရှိနေပါသည်။ သို့သော် သင်ကိုယ်တိုင် ရှာဖွေရလိမ့်မည်။ ဆိုတလေးကို မှတ်သွားပါတယ်။

Unknown said...

ဟုတ်ပါတယ် တကယ်ကိုမှန်ပါတယ်။ သမီးတို့လည်း ခုထိရှာနေတုန်းပဲ။ ဘယ်တော့များမှ တွေ့ပါမလဲနော်။ နောက်ဆုံးစာသားလေးကိုအကြိုက်ဆုံးပါပဲ။ မှတ်သားဖို့ အရမ်းကောင်းတယ်နော်။

sosegado said...

ဥပမာလေးပေးထားတာ ကောင်းပါတယ်၊ တခြားဘက်ကစဉ်းစားကြည့်ရင်၊ အကောင်းနဲ့ ကျိုးပဲ့နေတာ၊ အကောင်းကို ချိုးပြီးတော့ အကျိုးအနေနဲ့သုံးလို့ရတယ်၊ ရလဒ်ကအကျိုးအတိုင်းပဲ၊ ကျိုးပဲ့နေတာ အကောင်းအတိုင်းမသုံးနိုင်ဘူး သုံးလို့ရရင်တောင် ရလဒ်က အကောင်းအတိုင်းမဖြစ်နိုင်ဘူး၊ သူနေရာနဲ့သူသုံးရမယ်လို့တော့ မှန်ပါတယ်၊ စဉ်းစားကြည့်တာ ကိုဇော်ရေ။

ရွှေရတုမှတ်တမ်း said...

မအားတဲ့သူများ တနေ့တပုဒ်ကို တက်နေတာပဲ..

မြစ်ကျိုးအင်း said...

လူမှန်နေရာမှန်ဆိုတာ သိပ်အရေးကြီးတယ်။
နိင်ငံ အုပ်ချုပ်တဲ့နေရာမှာ လူမှန် နေရာမှန် မဖြစ်ကြည့် နိင်ငံက နောက်ဆုံးကို ရောက်သွားမှာပဲ။

ဝက်ဝံလေး said...

အပေါ်က အဘောက်ကျ ပြောသွားတာ သဘောကျရယ် ဟုတ်ရယ် များက အင်တာနက်မရလို့ မလာနိုင်ပါဘူးဆိုကာမှ တင်လိုက်တာ ပြောမနေနဲ့ မဖတ်နိုင်ဘူး ဒီတပုဒ်ပဲ ဖတ်သွားတယ် ဒါဗြဲ

ဥပမာ လေးကောင်းလို့ သဘောကျသွားတယ် စာတွေလဲ ဆက်ရေးနိုင်ပါစေလို့ မပြောတော့ဘူး မပြောလဲ တနေ့တပုဒ် တက်နေလို့ ဟိဟိ

ဒယ်ဒယ်မြစ်နဲ့ ရောမွှေမယ်နော် ဒယ်ဒယ်က တလ တပုဒ်လောက် ကိုဇော်က တနေ့တပုဒ် ခိခိ

ဘာပဲဖြစ်ဖြစ် ရောက်တယ် တာ့တာ ပြန်ဘီ ဘိုင်းးးးးးးးးးး (ချော်လဲတာမဟုတ်) ဟက်

chindwinthu said...

ကိုဇော်ရဲ့ ဥပမာကောင်းလေးကို ဖတ်ပြီး မှတ်သားသွားပါတယ်။

လသာည said...

လူမှန်နေရာမှန်ပေါ့နော်။ တင်ပြထားတာ တကယ် မှတ်သားဖွယ်ကောင်းပါတယ်။ ပိုစ်အတွက် ကျေးဇူး..။

ငြိမ်းစိုးဦး said...

ကိုဇော်ရေ ... ဒီလိုတွေ က ဟိုလိုတွေ ဖြစ်နေတာပါ
ငြိမ်းစိုးဦး

မောင်သီဟ said...

ဖတ်သွားတယ်ကိုဇော်ရေ
မအားလို့သာပဲဗျာ
း)

ညလင်းအိမ် said...

ကိုဇော်ရေ အုတ်ခဲ ဥပမာလေး ကောင်းတယ်ဗျ ...

ညီမိုး said...

ကောင်းလိုက်တာဦးဇော်