မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 September 2010

15 ဒွေးကေ



ဟိုတစ်နေ့က ဆံပင်တွေ ရှည်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိလို့ ဆံပင်ညှပ်မယ် ဆိုပြီး အပြင်ကို သွားမိပါ၏။ အဲဒီနေ့က သောကြာနေ့ ဖြစ်သည်။ အလုပ်က ပြန်ပြန်ချင်း ရေတောင်မှ မချိုးပဲ စားဖို့ တစ်ခုခု ဝယ်စားပြီး ကျွန်တော် အိမ်နေရင်း အဝတ်လေးလဲကာ ထွက်လာခဲ့သည်။ လမ်းမှာ မိုးတွေက အုပ်နေတော့ ရာသီဥတုက ဘောလုံးသမားတွေ အကြိုက်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်လည်း ကြိုက်ပါသည်။ ၁၀ မိနစ်လောက် လမ်းလျှောက်ပြီး ဆံပင်ညှပ်နေကျလို့ ပြောလို့ရသော ညှပ်ဖူးသော ဆိုင်ကို ရောက်သွားတော့ ဆိုင်က မဖွင့်။ တံခါးပိတ်ထား၏။

ဘာလို့များလဲလို့ ဆိုင်ဖွင့်ချိန်ကို ဖတ်ကြည့်လိုက်တော့ သူက သာမာန်ဆိုရင် ၁၀ နာရီဖွင့်ပြီး သောကြာနေ့ဆို ၁၁ နာရီမှ ဖွင့်သတဲ့။ ဒီဆိုင်မှာပဲ ညှပ်နေကျဖြစ်ပြီး အဆင်ပြေတော့ ဆံပင်ညှပ်မယ် ဆိုရင် ဒီဆိုင်မှာပဲ ညှပ်ဖြစ်ပါသည်။ အခုတော့ သူက ၁၁ နာရီမှ ဖွင့်မယ် ဆိုတော့ ကျွန်တော်လည်း သာယာလှတဲ့ ရာသီဥတုမှာ လေပြေအေးအေးနဲ့ အတူ အခန်းကို ပြန်လာခဲ့ပါသည်။ အခန်းရောက်တော့ ၁၁ နာရီထိုးတဲ့ အထိဆိုတော့ အွန်လိုင်းမှာ ချက်ထိုးရင်း စောင့်နေမိသည်။ မနက်စာကလည်း စားထားပြီးသား ရာသီဥတုကလည်း အေးနေတော့ လူက မှေးခနဲ ဘယ်အချိန်က အိပ်ပျော်သွားတယ် မသိဘူး အိပ်ပျော်သွား၏။ ဖြတ်ခနဲ တရေးနိုးတော့ ၁၁ နာရီကျော်နေပြီ။ ဘယ်အချိန်က အိပ်ပျော်သွားတယ် မသိဘူး ထိုးလက်စ ချက်ပွဲလေးလည်း ကိုယ့်ဘက်က မရွေ့လို့ အချိန်ပြည့်ကာ ရှုံးသွားခဲ့လေပြီ။

ကမန်းကတမ်းထပြီး မျက်နှာတစ်ချက် သစ်ကာ ထွက်လာခဲ့သည်။ လမ်းမှာ ရာသီဥတုက ခုနကအတိုင်းပဲ မိုးတွေအုပ်ကာ သာသာယာယာ ရှိနေသည်။ ဆံပင်ညှပ်ဆိုင်ရောက်တော့ ကျွန်တော် ညှပ်နေကျဆိုင်က  ပိတ်ထား၏။ ဘာလို့ ဆိုင်မဖွင့်လဲ ဆိုတာ ကျွန်တော် မသိဘူး။ သူ့ဆိုင်မှာ ဆံပင်ညှပ်ဖို့ ၁၁ နာရီကျော်ထိ စောင့်ပြီးမှ သူက မဖွင့်။ ဒါနဲ့ပဲ အနည်းငယ် မြည်တွန်တောက်တီးပြီး တခြားဆံပင်ညှပ်တဲ့ ဆိုင်ကို  ကျွန်တော်စဉ်းစားလိုက်တော့ အနောက်ဘက်မှာလည်း တစ်ဆိုင်ရှိတယ် ဆိုတာ သတိရသည်။

မထူးဇာတ်ကို ခင်းပြီး ကျွန်တော် တစ်ခါမှ မညှပ်ဖူးသော ထိုဆိုင်ကို ကျွန်တော် ရောက်သွားမိသည်။ ကျွန်တော့် အရှေ့မှာ ဆံပင်ညှပ်ဖို့ စောင့်နေသူ နှစ်ယောက် ဖြစ်နေခဲ့လေပြီ။ ရောက်လက်စနဲ့ ထပ်ပြီး မထူးတော့ပါဘူး စောင့်ရတော့မှာပေါ့လေ။ တစ်ယောက်ပြီး တစ်ယောက် ပြီးလို့ ကျွန်တော့် အလှည့်ရောက်တော့ ဆံပင်ညှပ် ထိုင်ခုံမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ။ ဆံပင်ညှပ်တဲ့ ကုလားကြီးက ဘယ်လိုညှပ်မှာလဲ လို့ မေး၏။ ကိုယ့်ကို  ညှပ်နေကျလူ မဟုတ်တော့လည်း ဘယ်လိုပြောရမှန်း မသိ။ ဒါနဲ့ “  ခပ်တိုတို ” လို့ ပြောရင်း ဆိုင်ထဲမှာ အလှပြထားတဲ့ မော်ဒယ်ပုံတွေထဲက တစ်ခုကို လက်ညှိုး ထိုးပြလိုက်သည်။

နောက်တော့ ထုံးစံအတိုင်း သူက စက်ကတ်ကြေးလေး တဝှီဝှီ ၊ လက်ကတ်ကြေးလေး တချပ်ချပ်နဲ့ ညှပ်နေပါလေရော။ သူညှပ်တာ အတော်ကို ကြာလွန်းတော့ ကျွန်တော် အလွန်ကို အိပ်ငိုက်လာမိသည်။ သူက ကြာ ၊ ကျွန်တော်က ငိုက်နဲ့ အိပ်ငိုက်တာကနေ သတိထားမိပြီး မှန်ထဲကို ကြည့်လိုက်တော့ ကျွန်တော့်ဆံပင်ကို သူညှပ်ထားတာ ကျွန်တော်ပြတဲ့ ပုံနဲ့ တခြားဆီ။  အနောက်ဘက်က လုံးလုံးနဲ့ ကျွန်တော် ဘယ်လိုမှ မကြိုက်သောပုံ။ ဒါကြောင့်. . . 

“ ဟာ မဟုတ်သေးဘူး။ ဒီလို အနောက်ကို အလုံးလိုက်ကြီး ငါ မကြိုက်ဘူး။ အနောက်ကို ပြေပြေလေး ဖြစ်အောင် ပြန်လုပ်ပေး..”

ကျွန်တော် ပြောလိုက်တော့ သူက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်သည်။ နောက်တော့ စက်ကတ်ကြေးလေး တဝှီဝှီ ၊ လက်ကတ်ကြေးလေး တချပ်ချပ်နဲ့ ဆက်ညှပ်ပါလေရော။ ကျွန်တော်ကလည်း ရာသီဥတုက ခပ်အေးအေး ၊ အခန်းထဲမှာလည်း ခပ်အေးအေး ဆိုတော့ ပြန်လည် အိပ်ငိုက်သွားမိသည်။ ခဏကြာတော့ ဆတ်ခနဲ ပြန်နိုးလာပြန်၏။ ဒီတော့ သူညှပ်နေတဲ့ ဆံပင်ကို မှန်ထဲမှာ ကြည့်လိုက်တော့  ပါးစပ်ပါ အဟောင်းသား ပွင့်သွားသည်။ သူက ကျွန်တော့် အနောက်ကို စက်ကတ်ကြေးနဲ့ အကုန်ထိုးသွင်းလိုက်ပြီး ကျွန်တော့် ဘေးတွေကိုပါ အပြောင်ထိုးချ ပစ်လိုက်သည်။ အခုတော့ အရှေ့လေးတွင်သာ ဆံပင်တွေ စုပုံကျန်နေတော့သည်။

ဟာ ဆိုပြီး အံ့သြရာကနေ သူ့ကိုပြောတော့ သုကလည်း အတို အပြောင် ဆိုလို့ ညှပ်လိုက်တာလေ လို့ ခပ်ပေါ့ပေါ့ ပြန်ဖြေ၏။ ကဲပါလေ မထူးတော့ပါဘူး ဆိုပြီး အနောက်နဲ့ ဆံပင်ညီအောင် အရှေ့ကိုပါ အညီလိုက် ညှပ်လိုက်တော့ ကျွန်တော့်ရဲ့ ဆံပင်က ဂတုံးဆံပင်ပေါက် ဖြစ်သွားပါတော့သည်။ ကျသင့်တယ် ဆိုသော ဆံပင်ညှပ်ခကို ပေးပြီး ကျွန်တော် ပြန်လာတော့ ကိုယ့်ခေါင်းကို ကိုယ်ကိုင်ပြီး တော်တော် ရယ်ချင်နေမိသည်။ ပြီးတော့ ကိုယ်ခေါင်းလေးကို ကိုယ်ပွတ်ရင်း ငယ်ငယ်က သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ အဖြစ်လေးကို သွားသတိရလိုက်မိသည်။



ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိသည်။ သူ့ကို ကျွန်တော်တို့  “ ခြင်း ” တွေ ၊ “ ဘော ”တွေ ခတ်ကြပြီ ဆိုရင် ပေါင်မရောက် ၊ ခြေခွင် မကျသော ခြင်းတွေကို ပေးလိုက်လေ့ရှိသည်။ ထိုအခါ သူက ပေါင်လိုလို ၊ ခြေခွင်လိုလို ၊ ဒူးလိုလို ဖြစ်ပြီး ချော်သွားတတ်သည်။ တကယ်တော့ သူက သေချာ မခတ်တတ် သောကြောင့် ဖြစ်သည်။ ဘယ်သူမှလည်း သေချာ မခတ်တတ်ပါ။ သူငယ်ချင်း အပျော်ခတ်ကြတာပဲ ဖြစ်ပါသည်။ ဒီလို သူဖြစ်ပြီ ဆိုရင် သူငယ်ချင်းတွေ အားလုံးက သူ့ကို ဝိုင်းနောက်ကြသည်။

“ မင်းက ဒူးရွေး နေတာကိုးကွ ”

ဟူ၍။ ဘာလို့ ဒီလို ပြောရတာလဲ ဆိုရင် သူက “ ဒူးရွေးတယ် ” အပြောခံရအောင်ကို မင်းသား ဒွေးကို ကြိုက်ပြီး ဒွေးပုံစံ အတိုင်းလိုက်လုပ်ကာ နေတတ်သူ တစ်ယောက်ပါ။ ဒီတော့ “ ဒူးရွေး ” တော့ “ ဒွေးရူး ” ပေါ့ဗျာ။ ရေချိုးပြီးတော့ သဘတ်နဲ့ ရေသုတ်တယ် ဆိုရင်တောင်မှ ရေသုတ်တာက ဒွေးစတိုင်လ်နဲ့။ လမ်းလျှောက်တယ် ဆိုရင်လည်း ဒွေးစတိုင်လ်နဲ့ ၊ ဆံပင်ကို သပ်တင်တယ် ဆိုရင်လည်း ဒွေးစတိုင်လ်နဲ့။ ဒွေးတောင်မှ သူစတိုင်လ်ကို သူ့ဖာသာ ပြန်လုပ်ရင် ဒွေးနဲ့ တူချင်မှ တုမယ်။ သူကတော့ အကြိမ်တစ်ရာ လုပ်လည်း ဒွေးစတိုင်လ်နဲ့ပါပဲ။ အဲဒီလို ဟဲဟဲ . . .

ဒါပေမဲ့ အဲဒီအချိန် အထိ ဒွေးညှပ်သော ဆံပင် ဆိုပြီး “ ဒွေးကေ ” ဆိုကာ သိပ်ပြီး ခေတ်မစားသေးပါဘူး။ ဒွေးကလည်း သူ့ရဲ့ မူပိုင် ဆံပင်ပုံစံရယ်လို သိပ်ပြီးတော့ အသားမကျသေးတဲ့ အချိန်ကာလပါ။ နောက်တော့ သိပ်မကြာပါဘူး “ ဒွေးကေ ” ဆိုပြီး ခေတ်စားလာကာ လူတွေကြားမှာ လူပြောများလာခဲ့သည်။ ဒါကို ဆံပင်ညှပ်သော ဆံပင်ညှပ်ဆိုင်တွေက လုပ်စားကြသည်။ အတူတူချင်းတောင်မှ အဲဒီတုန်းက ရိုးရိုးဆံပင်ညှပ်တာကို ၂၅ ကျပ် ဆိုရင် ဒွေးကေက ၄၅ ကျပ် ဆိုပြီး ယူကြ၏။ ဘာမှလည်း ထွေထွေထူးထူးလို့ မမြင်မိပါဘူး။ ကိုယ်ကလည်း ဒွေးကို မကြိုက်လှတော့ ညှပ်ဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော့်သူငယ်ချင်းကတော့ ဒွေးရူး ရူးနေတာ ဆိုတော့ ဒွေးကေ ကို ညှပ်ဖို့ ရူးကာ စိုင်းပြင်းနေခဲ့ပါသည်။

ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ရဲ့ ဘေးမှာ ဆံပင်ညှပ်ဆိုင် သေးသေးလေး ရှိပါသည်။ ဘာလို့ သေးသေးလေး လို့ ပြောရတာလဲ ဆိုရင် သူက လက်ဖက်ရည်ဆိုင်ကို အဖီဆွဲကာ ကပ်ပြီး ဖွင့်ထားတာမို့ပါ။ ဆံပင်ညှပ်ဆိုင်ထဲမှာ ညှပ်သူနဲ့ အညှပ်ခံသူအပါအဝင် နောက်ထပ် တစ်ယောက် စုစုပေါင်း ၃ ယောက်သာ ဝင်လို့ ရလောက်အောင်ကို ဆံပင်ညှပ်ဆိုင်လေးကလည်း သေးကွေးလှပါသည်။ ပြီးတော့ သူ့ရဲ့ လက်ရာကလည်း အတော်ကို ညံ့လှပါသည်။ ဘယ်ဘက်နှင့် ညာလက် ဒေါက်များ ဘယ်တော့မှ မညီ ၊ လက်ကတ်ကြေး ညှပ်ပြီ ဆိုရင်လည်း ဆံပင်ကို ဆောင့်အဆွဲခံရသလိုပဲ ဖြစ်တတ်သေးသည်။

ဒါပေမဲ့ သူ့ဆိုင်မှာ ဆံပင်ညှပ်သူတွေ မရှားလှပါ။ ဘာလို့လဲ ဆိုတော့ သူက ဈေး အလွန် သက်သာသောကြောင့် ဖြစ်သည်။ သူများတွေ ၂၅ ကျပ် ယူနေတဲ့ အချိန်မှာ သူက ၁၅ ကျပ် နဲ့ ညှပ်သည်။  ၁၀ ပေးသွားရင်လည်း ယူလိုက်တာပဲ ဖြစ်သည်။ ဒါကြောင့် လက်လုပ် လက်စားများ ၊ ဆိုက်ကားသမားများဖြင့် သူ့ဆိုင်ကလည်း သူ့ဖောက်သည်တွေနဲ့ သူ စည်နေတတ်သည်။ ကျွန်တော်တို့က သူ့ဘေးက လက်ဖက်ရည်ဆိုင်မှာ အမြဲ ထိုင်နေကျဆိုတော့ ကြာလာတော့ သူနဲ့ ရင်းနှီးလာပါသည်။ သူကလည်း သူ့ဆိုင်မှာ ဆံပင်ညှပ်သူ ပါးနေရင် ကျွန်တော်တို့ ထိုင်ရာ လက်ဖက်ရည်ဆိုင်ကို ဝင်ကာ ကျွန်တော်တို့ ဝိုင်းမှာ ဝင်ထိုင်၍ ပွားနေတတ်သည်။

တစ်နေ့တော့ ဒွေးကေ ရူးနေသော သူငယ်ချင်းနဲ့ ဆံပင်ညှပ်ဆရာကြီးတို့ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့နဲ့ တစ်ဝိုင်းတည်း ထိုင်နေရင်း ဒွေးကေ ညှပ်ချင်နေသော သူငယ်ချင်းက  . . . .

“ ကိုကျော်မြိုင် . . . အစ်ကို ဒွေးကေ ညှပ်တတ်လားဗျ။ ”

ဒီတော့ သူက ခပ်တည်တည်ပဲ ခေါင်းငြိမ့်၏။ ဆံပင်ညှပ်ဆရာ ဆံပင်ပုံစံ ညှပ်တတ်တယ် ဆိုတာ ဘာများ ထူးမှာ မို့လို့လဲ။ ကျွန်တော်တို့လည်း ကိုယ့်ဖာသာ ဖာသိဖာသာပဲ နေလိုက်ကြသည်။ ဒီတော့ ဒွေးကေ ညှပ်ချင်နေသော သူငယ်ချင်းက ဆက်ပြောသည်။

“ ဒါဆို ကျွန်တော့်ကို ညှပ်ပေးဗျာ။ ထ . . . . အခု ညှပ်မယ်။ ”

ဟု ဆိုကာ နှစ်ယောက်သား ဆံပင်ညှပ်ဆိုင်ထဲသို့ ဝင်သွားကြပါသည်။ လှမ်းကြည့်ရင် မြင်နေနိုင်တာမို့ ကျွန်တော်တို့လည်း လက်ဖက်ရည်ဆိုင်ထဲကပဲ လှမ်းကြည့်နေမိသည်။ ခဏကြာတော့ ဒွေးကေ ညှပ်ချင်သော သူငယ်ချင်းဆီမှ အသံထွက်လာသည်။

“ ဟာ ကိုကျော်မြိုင် ၊ အစ်ကို ညှပ်နေတာက ဒွေးကေ မဟုတ်ဘူး။ ဂတုံး ဆံတောက်ပုံ ဖြစ်ပြီ ”

“ အာ နေစမ်းပါဦးကွာ။ ဆုံးတဲ့ အထိ စောင့်စမ်းပါ ”

ကိုကျော်မြိုင်က ဒီလို ပြောလိုက်တော့ ဒွေးကေ အညှပ်ခံနေသူကလည်း မပြီးသေးတော့ ပြန်လည် ငြိမ်သက် သွားပါသည်။ သူတို့ ငြိမ်ငြိမ်သက်သက်ပဲ ဆံပင် ပြန်လည် ညှပ်သူ နဲ့ အညှပ်ခံသူ ဖြစ်နေကြပါသည်။ နောက်ဆုံးတော့ ကိုကျော်မြိုင်က နောက်ဆုံး အနေနဲ့ ဆံပင်ကို ဒေါက်တိဖို့ သင်တုန်းဓါး အတုမှာ ဘလိပ်ဓါးကိုတောင်မှ တပ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ကြည့်တာလည်း ဒွေးကေ နဲ့ မတူပါ။ ဘယ်လိုပဲ ကြည့်ကြည့် ဂတုံးဆံတောက်က ဂတုံးဆံတောက်ပါပဲ။ ကိုကျော်မြိုင်ကတော့ ဆက်ကာ ဆက်ကာဖြင့် ဓါးဖြင့် ဒေါက်တိကာ ပုံဖော်သွားပါသည်။ သူလည်း ဒေါက်တိလို့လည်း  ပြီးရော  . . .

“ ရပြီ ထတော့ ”

လို့ ပြောတော့ ဒွေးကေ ညှပ်ချင်တဲ့ သူငယ်ချင်း ခဗျာမှာ အီလည်လည်နဲ့ ထရင်း ဆံပင်ညှပ်ခကို ပေးလိုက်ကာ လက်ဖက်ရည်ဆိုင်ဘက် ထွက်လာ၏။ သူ့နောက်မှာလည်း ကိုကျော်မြိုင်က ကပ်ပါလာသည်။ လက်ဖက်ရည်ဆိုင်မှာ ဝင်ထိုင်တော့ အားလုံးကလည်း ဒွေးကေ နဲ့ လုံးဝ မတူတာကို ဝိုင်း၍ ပြောကြပါသည်။ ဒီတော့ ကိုကျော်မြိုင်က ပြုံးရင်း ဒွေးကေ ညှပ်သော သူငယ်ချင်း ပခုံးကို ပုတ်ကာ ပြောလိုက်ပါတော့သည်။

“ မှတ်ထားကွ ၊ သူများ ဒွေးကေ ညှပ်တိုင်း လိုက်ညှပ်မယ် မကြံနဲ့။ ဒွေးကေ ဆိုတာ ဒွေး ညှပ်မှ လှတာ။ မင်း ညှပ်ရင် လှမလားကွ။ မင်းက ဒွေးမှ မဟုတ်တာ ”

ဟူသတည်း။ ပထမတော့ ကျွန်တော်တို့ အားလုံး ကြောင်နေသေးသည်။ နောက်ကျတော့ ရယ်လိုက်ကြတာ အုန်းအုန်းကျွက်ကျွက်ပါပဲ။ ဒွေးကေ ညှပ်ကာမှ အပြောခံလိုက်ရတဲ့ သူငယ်ချင်းကလည်း အူကြောင်ကြောင် မျက်နှာနဲ့ လိုက်ရယ်လို့ပေါ့။



အခု ကျွန်တော် ဆံပင်ညှပ်ပြန်လာရင်း ခေါင်းကို ပွတ်ကာ ပြုံး၍ ပြန်လည် စဉ်းစားမိနေတာပါ။ တိုတိုညှပ် ဆိုပြီး ပြောလိုက်မိလို့ ကိုယ့်ခေါင်းမှာ ဂတုံးဆံပင် ပေါက်လောက်ပဲ ကျန်အောင် ကျွန်တော့်ကို ဆော်ပလော် တီးပြီး ပညာပေး လွှတ်လိုက်တဲ့ ကုလား ဆံပင်ညှပ်သမားကိုလည်း သူ့နေရာက ဝင်ပြီး ကိုကျော်မြိုင်လိုများ စိတ်ထဲက ပြောနေမလားလို့ တွေးနေမိပါသည်။ ဒါကြောင့် ပြုံးနေမိတာပါ။

ဘာလို့လဲ ဆိုတော့ သူ့ကို ကျွန်တော်က တိုတိုလို့ ပြောရင်း သူ့ဆိုင်နံရံမှာ ကပ်ထားတဲ့ မော်ဒယ် ယောက်ျား ခပ်ချောချော ၊ ခပ်ဖြောင့်ဖြောင့် တစ်ယောက်ရဲ့ ဆံပင် ပုံစံကို သွား လက်ညှိုး ထိုးပြလိုက်မိလို့ပါပဲ။ အဲဒီ မော်ဒယ်က ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ တကယ်လို့ အဲဒီ မော်ဒယ်သာ “ ဘရပ်ပစ် ” ဖြစ်နေတယ် ဆိုပါစို့။ ဒီဆံပင်ညှပ် ကုလားကတော့ ကျွန်တော့်ကို သူ့ရင်ထဲမှာ ကိုကျော်မြိုင် ပြောသလို . . . “ မှတ်ထားကွ ၊ သူများ ဒွေးကေ ညှပ်တိုင်း လိုက်ညှပ်မယ် မကြံနဲ့။ ဒွေးကေ ဆိုတာ ဒွေး ညှပ်မှ လှတာ။ မင်း ညှပ်ရင် လှမလားကွ။ မင်းက ဒွေးမှ မဟုတ်တာ ” ပြောနေမှာပဲပေါ့ဗျာ။ ဒီလို ဒီလို. . . .

“ မှတ်ထားကွ ၊ သူများ ဘရပ်ပစ်ကေ ညှပ်တိုင်း လိုက်ညှပ်မယ် မကြံနဲ့။ ဘရပ်ပစ်ကေ ဆိုတာ ဘရပ်ပစ်ညှပ်မှ လှတာ။ မင်း ညှပ်ရင် လှမလား။ မင်းက ဘရပ်ပစ်မှ မဟုတ်တာ ” 


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

ဧပရယ်လ်ပူး@ပူးတေ said...

ဒွေးပုံလေးကို အလွမ်းပြေ ကြည့်သွားတယ်...ပူးတေ ငယ်ငယ်ကလဲ ဒီလိုပဲ..အိမ်ကလူကြီးတွေကပူးတေကို သရဲကားထဲက သရဲမ မင်းသမီး ဒင်မီမိုး(ထင်တယ်) အဲဒီကေပဲ ညှပ်ပေးနေတာ မှတ်မိသေးတယ်... :)

ခနွဲ said...

ကျွန်တော်တို့သိတက်စကတည်းက အဲဒီ ဒွေးကေ က နာမည်ကြီးနေတာခင်ဗျ။ ဆိုတော့ကာ ကျွန်တော်တို့ငယ်ငယ်ကတည်းက ဒွေးကေဆိုတာကို ညှက်ဖူးပါသကော။ တစ်အိမ်လုံးကလည်း ဒွေးကြိုက်သကိုး။ ဒါပေမယ့် ကျွန်တော်က ဒွေးမဟုတ်တော့ ဒွေးလို သူ့ကေနဲ့ မလိုက်ဖက်ပါကြောင်း။ :)

noblemoe said...

ခေါင်းပေါ့ပါးပြီး နောက်၃ ၄ လစာ ဆံပင်ညှက်ခမကုန်တော့ဖူးပေါ့

ပြောရင်ပြောသလိုမဖြစ်တာတော့ တော်တော်စိတ်ပျက်ဖူးပါတယ်။ မျက်နှာကိုပြောင်းလဲသွားနိုင်တာ ဆံပင်ကရေးကြီးဆုံးမို့ တော်တော်တော့ခံရခက်ပါတယ်။ ဆံပင်ဆိုတာပြန်ရှည်လာတယ်ဆိုပေမဲ့ ပြောတဲ့အတိုင်းအလေးနက်ထားပြီးလုပ်တတ်ရင်တော့ တော်တော်ကိုကျေးဇူးတင်မိမှာပါ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

သဒ္ဓါလှိုင်း said...

အခုလည်းဘာကေများဖြစ်သွားလည်းမသိ...
မော်ဒယ်ကေတော့မဟုတ်ဘူးပေါ့..

ညီမိုး said...

ဒွေးကေ က ဒွေးနဲ့ လိုက်သလို .. ဒွေးနဲ့ တူတဲ့ လူဆိုရင်လည်းလိုက်မှာပါ .. အဲသလိုပေါ့ ဦးဇော်လည်း ဘရက်ပစ်နဲ့တူတယ်ထင်လျှင် ညှပ်သာညှပ်ပစ်ပါ ။

လင်းခေတ်ဒီနို said...

မှတ်ထားကွ သူများက ကိုဇော်ကေ ညှပ်တိုင်း လိုက်ညှပ်မယ်မကြံနဲ့ ကိုဇော်ကေ ကိုဇော်ညှပ်မှ လှတာကွ ဟီးဟီးဟီးးးးး

Unknown said...

အော်ဟော် .. ဖြစ်မှ ဖြစ်ရပလေတယ်နော်.. ဟားးးး

အဖြူရောင်နတ်သမီး said...

ဒွေးညှပ်လို့ “ဒွေးကေ”ဖြစ်တာ..
ကိုဇော်ညှပ်ရင် “ကိုဇော်ကေ”ဖြစ်မှာ...
စမ်းကြည့်ပါလား...ကိုဇော်ရဲ့..
ဒီဇိုင်းတခုခုပေါ့...
တော်ကြာ...ဘလော့ဂ်ထဲက ကိုကို..ညီညီတွေအားလုံး
“ကိုဇော်ကေ”တွေဖြစ်ချင်ဖြစ်လာမှာ...ဟိ

ဝင်နောက်သွားပါတယ်..

ရွှေရတုမှတ်တမ်း said...

ကိုယ့်စတိုင်နဲ့ကိုယ်ပဲကောင်းပါတယ်...

ahphyulay said...

သိပ် .... မှန်တယ် ၊
ကိုယ် မှ သူ မဟုတ် တဲ့  ဟာ ကို ။
အကောင်း ဆုံးက ကိုယ်ပိုင် ဟန် ရှိ ဘို့  ။

မာရ်နတ် said...

ကိုယ့်နဲ့အဆင်ပြေတာဆိုပိုကောင်းမယ်ထင်တယ်။ ဒါပေမဲ့ ဂျွန်စောနဲ့ထယ်စောက်စပေါ်တုန်းကတော့ ကျနော်တို့လူပျိုပေါက်ဘော်ဒါတွေအကုန် ထိပ်မှာကော့ပြီး ဘဲမြီးတွေဖြစ်ကုန်တာပဲ :P

ကိုအောင် said...

စာလာဖတ်တယ် ကိုဇော်ရေ၊ နေကောင်းလား။

ဖိုးသား said...

ဒွေးကေက နွေရာသီနဲ့ရေလည်လိုက်တယ် ပူတာကိုး။ဆောင်းရာသီကတော့ rocker တစ်ယောက်လို နေပစ်လိုက်တယ်။:P ပျော်ရွှင်ပါစေ

ခိုင်နုငယ် said...

ဒွေကို အလွမ်းပြေကြည့်သွားပါဒယ်။
မနမ်းပြောသလိုပဲ ကိုဇော်လည်း အသစ်အဆန်း
ဆံပင်ပုံစံတစ်မျိုး ညှပ်ကြည့်ရင် “ကိုဇော်ကေ”ဆိုပြီး
ဖြစ်လာမှာသေချာတယ်။ ညှပ်ပြီးရင်ဘလောပ့်ပေါ်တင်လိုက်:)



ခင်မင်စွာဖြင့်
ခိုင်နုငယ်

kiki said...

ဇေကော် ဇော်ကေ လေးနဲ့ ဒါ့ပုံလေးတင်ပေးပါ ဗျှိုး