မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 September 2010

13 နည်းနည်းလောက်တော့ ထပ်ပျင်းလိုက်ပါ



 
“ ကလင်. . .ကလင်. . ကလင်. . .”

( ဒါမှ မဟုတ် )

“ တီ. . .တီ . . .တီ. . ”

ဒီအသံလေး ကြားလိုက်တာနဲ့ အလူးအလဲ ၊ အပြူးအပြဲ ထ ၊ ညက နိုးစက်ပေးထားတာ သိနေရက်နဲ့ နာရီကို ထပ်ကြည့် ၊ ပြီးရင် နောက်တော့ ကျတော့မှာပဲဆိုပြီး အိပ်ယာက အလူးအလဲ ထ သွားပွတ်တံမှာ သွားတိုက်ဆေး ထည့်ပြီး ရေချိုးခန်းကို တန်းသွား ၊ သွားတိုက်ရင်း ဟိုဟာပြု ၊ မျက်နှာသစ်ရင်း ဟိုဟာပြု ၊ ပြီး တော့ ဟိုဟာတွေပြု ။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ နေ့သစ်တစ်ခုကို စတင်လိုက်တယ် မဟုတ်လား။ ဒါဆို့ရင် ကိုယ့်ကိုယ်ကိုယ် ဝိရိယ ကောင်းလှပါတယ် လို့ ထင်နေပါသလား။ ငါကတော့ အမြဲတမ်း လန်းဆန်း တတ်ကြွနေတာပဲ လို့ ထင်ပါသလား။ ဖြစ်နိုင်ပါတယ်။ သင်ဟာ အခု လက်ရှိမှာ အခုလို နှိုးစက်မြည်တာနဲ့ တန်းပြီးထ ၊ လုပ်စရာ ရှိတာတွေကို ဆက်တိုက်လုပ်သူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သို့သော် ရေရှည် ကျန်းမာရေးနဲ့ ပြည့်စုံသူ တစ်ယောက်တော့ ဖြစ်မလာနိုင်ပါ။

ဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော် အတိုဆုံးပဲ ပြောလိုက်မယ်.။



“ နည်းနည်းလောက်တော့ ထပ်ပျင်းလိုက်ပါ။ ”




ငယ်ငယ်ကတော့ ကျွန်တော်လည်း မသိလှပါ။ ငယ်စဉ်အဖွားနဲ့ အတူ အိပ်တော့ အဖွားက အိပ်ယာက ထထချင်း ဘယ်လိုထရမယ် ဆိုတဲ့ လေ့ကျင့်ခန်းလေးကို ပြောပြတယ်။ သို့သော် ငယ်ငယ်ကတော့ လုပ်ဖြစ်ခဲ့တယ်။ နောက် ကြီးလာတော့ ပိုပြီး အရေးကြီးတယ် ဆိုတဲ့ ကိစ္စတွေ ၊ အရေးပေါ်တွေကြောင့် ပျက်ကွက်ခဲ့တယ်။ မလုပ်ဖြစ်တော့ဘူး။

ဒီ့နောက်မှာတော့ သာမာန် လူတွေလိုပါပဲ ၊ အိပ်ယာနိုး ဝုန်း ဆိုထ ပြီးရင် လုပ်စရာရှိတာတွေလုပ် ၊ ပြေးလွှား ပြင်ဆင် နောက်တော့ ကိုယ်သွားစရာ ရှိတဲ့နေရာကို သွားပေါ့။ ဒါပေမဲ့ ကျွန်တော့်အဖွားကတော့ ပုံမှန်ပါပဲ။ သူ့ပြောတဲ့ အတိုင်း သူကိုယ်တိုင်လည်း ဒီလိုပဲ ကျင့်သုံးတယ်။ အိပ်ယာနိုးတာနဲ့ သူ့ပြောတဲ့ အလေ့အကျင့်အတိုင်း သူကိုယ်တိုင် မပျက်မကွက် လုပ်တယ်။ ပြီးမှ သူလုပ်စရာရှိတာကို လုပ်တယ်။

နောက်ပိုင်း ကာလတွေမှာ ကျွန်တော် စာအုပ်လေးတွေ ဟိုဟိုဒီဒီ ဖတ်ကြည့်တော့ ကမ္ဘာ့ ကျော်ကြားသူတွေဆိုတာ “ ငပျင်း ” တွေ ဖြစ်နေကြတော့တာကိုး။ ဒီတော့ ကျွန်တော်လည်း ကမ္ဘာတော့ မကျော်ချင်ပါဘူး။ ဒါပေမဲ့ သူတို့လိုတော့ ငပျင်း ဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ဆိုတာ သူတို့ စူးစိုက်ထားသော အလုပ်မှာ အောင်မြင်အောင် လုပ်နိုင်ဖို့ အင်အားတွေကို နေတိုင်း ၊ လတိုင်း ဒီလို ကာလကြာရှည်စွာ အသုံးချနိုင်ဖို့ သူတို့မှာ အလွန်ကောင်းမွန်သော အလေ့အကျင့်လေး တစ်ခုတော့ ရှိနေရမယ်လေ။

တကယ်လည်း ရှိနေပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ သူတို့ စူးစိုက်သော အလုပ်မှာသာ အလွန်တတ်ကြွသူ ၊ အလွန် ထက်သန်သူ လို့ အများက ထင်မြင်ကြပေမဲ့ သူတို့ ဖြတ်သန်းလာသော သူတို့ အိမ်မှာ သူတို့ဟာ လူပျင်း ၊ ငပျင်းတွေ ဖြစ်နေတတ်ကြပါတယ်။ ဘယ်လိုနေရာမှာ ပျင်းလဲ ဆိုရင် သူတို့ဟာ မနက်အိပ်ယာက နိုးရင် ချက်ချင်း မထတတ်ကြဘူး။ အင်း. . . အဲ. . . အူး. . အီး . .  ဆိုပြီး သူတို့ လူးလိမ့်ပြီး သူတို့ ငပျင်းကြောဆွဲ နေတတ်ကြတယ်။

ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ နေ့တိုင်းမှာ တတ်ကြွ ထက်သန် အောင်မြင်အောင် နေနိုင်တာလို့ ကျွန်တော် ယူဆမိပါတယ်။ သူတို့ဟာ အသက်လည်း ရှည်တတ်ကြတယ်။ သူတို့ဟာ အရွယ်တင် နုပျိုတတ်ကြတယ်။ အိပ်ယာ နိုးနိုးချင်း တန်းထ ပြေးလွှား ပြင်ဆင်နေသူတွေကတော့ ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်တို ၊ အရွယ်ကျ ကြတယ်။ သုတေသနတွေမှာလည်း ဒါကို အတိအလင်း ထောက်ခံထားတယ်။

ဟုတ်ပြီ။ ဒါဆို ကျွန်တော့်အဖွား ကျွန်တော့်ကို သင်ပေးသော အိပ်ယာထ လေ့ကျင့်ခန်းလေးကို ဆက်ရအောင်။ ကျွန်တော့်အဖွားက ပြောတယ်။

“ အိပ်ယာထတာနဲ့ တန်းမထနဲ့ အိပ်ယာထဲမှာ နိုးနေလျှက်နဲ့ ခဏလေး ဆက်အိပ်နေဦး။ ပြီးရင် ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက်စောင်းပြီး ခါးကို လှည့်ပြီး ငပျင်းကြောတွေကို ဆွဲလိုက် ၊ နောက်ပြီး ခါးကို ဟိုဘက် ဒီဘက်လှည့်ပြီး လက်ကို အပေါ်ကိုထောင် ခြေထောက်ကို ဒေါင့်တန်းထားပြီး ငပျင်းကြောတွေ ၊ အညောင်းကြောတွေကို ဆွဲဆန့်လိုက်။ ဒီလိုလေး ၃ မိနစ်လောက်ပဲ လုပ်ပေး။

ခန္ဓာကိုယ်ထဲက အကြောတွေ ၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပေါ့ပေါ့ပါးပါး ဖြစ်လာလိမ့်မယ်။ နေလို့ထိုင်လို့ ကောင်းလာလိမ့်မယ်။ အလုပ်ထဲမှာ ၊ ကျောင်းမှာလည်း ထိုင်လို့ ၊ ထလို့ လေးလေးလံလံ နည်းလာလိမ့်မယ်။ အကြောအချဉ်တွေလည်း ပြေလာလိမ့်မယ်။ ညောင်းညာ ၊ ကိုက်ခဲ နေမကောင်း ဖြစ်တာလဲ နည်းသွားလိမ့်မယ်။ ခန္ဓာကိုယ်လည်း ထူးထူးခြားခြား လေ့ကျင့်ခန်း လုပ်စရာ မလိုတော့ပဲ အဆီတွေ ကျလာလိမ့်မယ်။


ဒါ ဘာမှ ခက်ခက်ခဲခဲကြီး မဟုတ်ဘူးနော် ၊ မနက် အိပ်ယာက နိုးတာနဲ့ ခဏလေး အိပ်ယာထဲမှာ လဲနေရင်း ဟိုဘက် ဒီဘက် လှည့်ပြီး အပျင်းကြောလေးဆန့်လိုက်ရုံပါပဲ။ ဒါဆိုရင် တစ်နေ့လုံးစာအတွက် အဆင်ပြေပြီ။ ဒီလို ၃ မိနစ်လောက်လေး လုပ်ရတာများ ဘာများ အပန်းကြီး နေကြတာလဲ။ မနက် ၆ နာရီထမယ် ဆိုရင် ၆ နာရီမထိုးခင် ၅ မိနစ်လောက် စောပေးလိုက်။ ပြီးရင် အိပ်ယာထ လေ့ကျင့်ခန်းလေး လုပ်ကြည့်လိုက် တစ်နေ့ကုန် နေလို့ ကောင်းနေလိမ့်မယ်။ ”


ဒီလို ကျွန်တော့်အဖွားက ပြောခဲ့ပါတယ်။ နောက်တော့ ကျွန်တော်လည်း စာတွေလိုက်ဖတ် လေ့လာကြည့်မိတော့ တကယ်ကို တွေ့ရှိခဲ့ ၊ သိခဲ့ရတယ်။ မွေးကစ တစ်နှစ်အရွယ် ကလေးလေးတွေကို သတိထားကြည့်ပါ။ သူတို့ကို ကျွန်တော့်အဖွားက သွားသင် ပေးနေတာလား ၊ ဒါမှမဟုတ် သူတို့ စာအုပ်ကြီးတွေကို ဖတ်ထားလို့လား ၊ မဟုတ်ပါ။ ဒါဟာ သဘာဝတစ်ခုပါ။ ဒီကလေးလေးတွေ သူတို့ အိပ်ယာက နိုးပြီဆိုတာနဲ့ ချက်ချင်း ကုန်းထ ပါသလား။

မထပါ ၊ သူတို့ ဟိုဘက် ဒီဘက် စောင်းပြီး အပျင်းကြော ဆွဲပါတယ်။ နောက်တော့ ဝူး . . ဝါး ဆိုပြီး ခါးကြောတွေ ၊ ခြေလက်ကြောတွေ ဆွဲဆန့်ပြီးမှ သူတို့ နိုးလာတတ် ၊ ထလာတတ် ကြပါတယ်။ ဒါဟာ ဘာလဲ ဆိုတော့ “ သဘာဝတရားပါ ” ။ “ သဘာဝတရားရဲ့ လျှို့ဝှက်ချက် ” လို့တောင်မှ ကျွန်တော် ဆိုလိုက်ချင် ပါသေးတယ်။

နောက်ထပ် ဥပမာ တစ်ခု အနေနဲ့ အိမ်က ခွေးလေးတွေ ၊ ကြောင်လေးတွေကို ကြည့်ပါ။ သူတို့လည်း အိပ်ယာက နိုးတယ် ဆိုတာနဲ့ တန်းပြေးတော့ တာပဲလား။ အဲ . . တကယ်လို့ သူခိုး ဘာညာတွေ့လို့ တန်းပြေးရင်တောင်မှ သူတို့ လိုရာကို ရောက်ပြီးလို့ ကိစ္စပြီးပြီဆိုရင် သူတို့ ခုနက အကြွေးအတွက် တန်းပြီး အပျင်းကြော ဆန့်တော့တာပါပဲ။ ဘာမှ အရေးအကြီးဘူး ဆိုရင်တော့ ခွေးတွေ ၊ ကြောင်တွေ ၊ သတ္တဝါတွေ က သူတို့ နိုးနိုးချင်း တန်းပြီး အပျင်းကြော ဆန့်ကြပါတယ်။

ခွေးတွေ ၊ ကြောင်တွေ ၊ တိရိစ္ဆာန်တွေ ကျန်းမာဖို့အတွက် ဘယ်က လေ့ကျင့်ရေးရုံမှာ သွားပြီး လေ့ကျင့် ရတယ်လို့ ကြားဖူးလို့လဲ။ တစ်ခါမှ မကြားမိပါဘူး။ သူတို့ သဘာဝက ပေးတဲ့ နေထိုင်နည်း နဲ့တင် သူတို့အတွက် လုံလောက်ကြပါတယ်။


သူတို့ကို ကျွန်တော့်အဖွားက သွားသင် ပေးထားတာလား ၊ သူတို့ဖာသာ စာအုပ်တွေ ဖတ်ထားတာလား ၊ မဟုတ်ပါ။ ဒါဟာလည်း သဘာဝတရားက ပေးတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါက လူတွေမှာလည်း ရှိပါတယ်။ ခုက ကျွန်တော် ပြောသလို ကလေးတွေမှာပေါ့။ လူကြီး ဖြစ်လာသော အခါမှာ လုပ်စရာတွေက ဦးစွာ အချိန်ယူ လိုက်တော့ အိပ်ယာက နိုးနိုးချင်း ကျွန်တော်တို့ အပျင်းကြော မဆွဲနိုင်တော့ဘူး။

ဒါနဲ့ပဲ ကြာတော့ ထူးထူးထွေထွေလည်း လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ တစ်ခုခုဖြစ်ရင် လူက ခံနိုင်ရည် မရှိ ဖြစ်လာ တတ်တယ်။ ဒါကြောင့် ဘာမှလည်း ထူးထူးခြားခြား မလုပ်ရတဲ့ အိပ်ယာထ လေ့ကျင့်ခန်းလေးကို သဘာဝက ပေးတဲ့ သဘာဝလက်ဆောင်လို့ သဘောထားပြီး စမ်းလုပ်ကြည့်ပါလား။

သေချာပါတယ်။ နေရထိုင်ရတာ ပေါ့ပါး သွက်လက် လာမယ်။ နေလို့ ၊ ထိုင်လို့ ကောင်းလာပါလိမ့်မယ်။ ဒီလို ဖြစ်ဖို့ ထူးထူးခြားခြား လုပ်စရာမလိုပါ။ ကျွန်တော် ပြောသလို တစ်ခုပါပဲ......


“ နည်းနည်းလောက်တော့ ထပ်ပျင်းလိုက်ပါ။ ”



လေးစားစွာဖြင့်
ကိုဇော်

( အရင်က မာတီမှာ တင်ခဲ့ဖူးသော အဟောင်းတစ်ပုဒ်ပါ။ )



Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

မန်းကိုကို said...

မန့်ရမှာ ပျင်းလိုက်တာ၊

ဆောင်းနှင်းရွက် said...

ဒီမှာတော့
တစ်ခါတစ်လေ
အဆန့်လွန် ၊ အပျင်း လွန် နေတယ် ...

တကယ်လို့
အဲ့လို လွန်ရင်ရော ... ???
~~~~ .. :D

မိုးယံ said...

အစ်ကိုဇော် အဲလိုမျိုးကို မောင်မောင်လှိုင်(အပ်စိုက်ကု) ရဲ့ ကျန်းကျန်းမာမာ အသက်တစ်ရာမှာ ဖတ်ဖူးတယ်။ အခု အစ်ကို့ဆီမှာ ပြန်ဖတ်ရတာဆိုတော့ အရင်ကမလုပ်ဖြစ် ရင်တော့ အခုတော့ နည်းနည်းလောက်ထပ်ပျင်းလိုက်မယ် ဂျာ

ငြိမ်းချမ်းပါစေ
မိုးယံ

sosegado said...

တကယ့်ကို ပျင်းလို့ရမယ်ဆိုရင် အများကြီးပျင်းပစ်လိုက်ချင်ပါတယ်။

ကိုအောင် said...

သဘာဝက သင်ပေးသလို ပျင်းလိုက်တော့မယ်
...း)

Under Water World said...
This comment has been removed by the author.
Under Water World said...
This comment has been removed by the author.
နေ၀သန် said...

ဟုတ်ကဲ့.. ပျင်းပါ့မယ်.... ပျင်းရင်းနဲ့ ထပ်အိပ်ပျော်သွားရင်တော့ သေပြီဆရာပဲ... :P

ခင်မင်တဲ့
နေ၀သန်

khin oo may said...

နေ့လည်ဘက်လေးများနာရီဝက်လောက်အိပ်ခွင့်ရမယ်ဆိုရင် ညဆယ်နာရီအထိဆက်သွားနိုင်သေးတယ်။

မောင်မောင် said...

ဟော ဗျာ နေတိုင်း ကိုဇော် ပြောသလို ပျင်းနေ
လိုက်တာ အခု အားပေး ဖော်ရလို့  ထပ်ပျင်း လိုက်ပါပြီ။ :D

ဖိုးသား said...

ဖြစ်နိုင်ရင် တစ်နေ့ကုန်ဘာမှမလုပ်ပဲ နေချင်တာ

ငြိမ်းစိုးဦး said...

ဟုတ်ကဲ့ ပျင်းပါတော့မယ် ...
စနစ်တကျ ပျင်းတတ်အောင် သင်ပေးတဲ့ ကိုဇော်
အထူးကျေးဇူးတင်နေပါတယ် ...
ငြိမ်းစိုးဦး

Unknown said...

ဝါးးး ပျင်းရမှာပျင်းစရာကြီး