မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 April 2011

10 အသံရဲ့ မူကွဲ



ဟူး . . .
ညင်သာစွာထက် နည်းနည်းပိုနေတဲ့
သာမာန်လူတစ်ယောက်ရဲ့ သက်ပြင်းသံလည်း ဖြစ်နိုင်တယ်။
ညင်သာစွာထက် နည်းနည်းပိုနေတဲ့
ညနေခင်းရဲ့ လေပြေညှင်းသံလည်း ဖြစ်နိုင်တယ်။

ဝေါ . . .
သာမာန် အိမ်ရှင်မတစ်ယောက် သုံးပြီးသားရေကို
ဇလုံထဲက သွန်ပစ်သံလည်း ဖြစ်နိုင်တယ်။
ပင်လယ်ထဲက ရေတွေ ကျောက်ဆောင်နဲ့ အတားအဆီးဆီကို
ခပ်ကြမ်းကြမ်း လာရောက် တိုးတိုက်မိတဲ့ အသံလည်း ဖြစ်နိုင်တယ်။

ဝုန်း . . .
မလိုအပ်လို့ လူတစ်ယောက် ပစ်ချလိုက်တဲ့
အမှိုက်တစ်ထုပ်ရဲ့ မြေနဲ့ ထိတဲ့ အသံလည်း ဖြစ်နိုင်တယ်။
ခပ်ကြမ်းကြမ်း လေပြင်းက အလိုမတူဘဲ တွန်းချလို့
လဲကျသွားတဲ့ သစ်ပင်တစ်ပင်ရဲ့ မြေခသံလည်း ဖြစ်နိုင်တယ်။

ဟာ . . .
အပျော်လွန်လို့ အာမေဋိတ်အနေနဲ့
ထွက်လာတဲ့ လူတစ်ယောက်ရဲ့ ဝမ်းသာတဲ့ အသံလည်း ဖြစ်နိုင်တယ်။
တားဆီးလို့ မရတဲ့ အဖြစ်ဆိုးကြောင့်
ရင်ထဲက ထွက်လာတဲ့ လူတစ်ယောက်ရဲ့ တုန်ခါ ဝမ်းနည်းသံလည်း ဖြစ်နိုင်တယ်။

x x x . . .
ဆိုကာ မထင်မှတ်တဲ့ ပျော်ရွှင်မှုကြောင့်
ဝမ်းသာ မျက်ရည်ခသံလည်း ဖြစ်နိုင်တယ်။
ဆိုကာ အံကို တင်းတင်းကြိတ် ၊ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး
တောက်ခတ် ပူပြင်း မျက်ရည်ကျသံလည်း ဖြစ်နိုင်တယ်။

x x x . . .
ပျောက်သောသူ ရှာရင် တွေ့နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့
နေဝင်ခါနီး အမိ ၊ အဖ ၊ သားသမီး ဆွေမျိုးတွေကို ခေါ်သံလည်း ဖြစ်နိုင်တယ်။
ဘယ်ကို ပျောက်မှန်း မသိတော့ဘဲ ပြန်မတွေ့နိုင်တော့ဘူး ဆိုတဲ့ မျှော်လင့်ချက်မဲ့ နဲ့
ညနေ နေဝင်တိုင်း အမိ ၊ အဖ ၊ သားသမီး ဆွေမျိုးတွေကို
ရင်ထဲမှာ ခေါ်နေတာလည်း ဖြစ်နိုင်တယ်။

x x x . . .
ဆိုတဲ့ ခေါ်သံကြားတိုင်း အဖေရေ ၊ အမေရေ ၊ သားရေ ၊ သမီးရေ လို့
ပြန်ထူးလိုက်နိုင်တဲ့ အသံလည်း ဖြစ်နိုင်တယ်။
ဆိုတဲ့ ခေါ်သံကြားရပြီး အဖေရေ ၊ အမေရေ ၊ သားရေ ၊ သမီးရေ လို့
ပြန်မထူးနိုင်ဘဲ ထပ်ကာ ထပ်ကာ ခေါ်သံတွေလည်း ဖြစ်နိုင်တယ်။

ဟူး . . . 
ဝေါ . . .
ဝုန်း . . .
ဟာ . . .
x x x . . .
x x x . . .
x x x . . .
ဒီလို အသံတွေ. . . .
ဒီလို အသံစုံတွေနဲ့. . .
ငိုသူ ငို . . . ၊ လုံးဝ မငိုနိုင်သူကျတော့ မငို ၊
အငိုတိတ်သူက တိတ် ၊ အငိုမတိတ်နိုင်သူက မတိတ်
ဒီအဖြစ်အပျက်တွေက . . .
လွန်ခဲ့တဲ့ နှစ်အစိတ်က မဟုတ်ဘူး။
ဖြစ်ခဲ့ရသူတွေအတွက် ရင်ထဲမှာ မနေ့ ၊ တနေ့ကလို ဖြစ်နေတဲ့
မေလ ( ၂ ) ရက် ၂၀၀၈ ဆိုတဲ့ . . .
“ နာဂစ် ” အိပ်မက်ဆိုး လှုပ်ခတ်နှိုးသွားတဲ့ နေ့ပေါ့။

ကိုယ်တိုင်ခံခဲ့ရသူတွေအတွက် 
နောက်လှည့်ကြည့်စရာ မလိုဘဲ 
အရိပ်လို ထာဝရ ယှဉ်တွဲ သတိရနေမှာ ဖြစ်သလို ၊
မျှဝေ ခံစားတတ်သူတွေ အတွက်လည်း 
ဒီလို အသံတွေ ကြားတိုင်း
“ နာဂစ် ” ဆိုတာလေ . . .
ကိုယ့်မှာလည်း လာဖြစ်နေသလိုပါပဲလား။    ။


*** ၂.၅.၂၀၁၁ မှာ သုံးနှစ်မြောက် နှစ်ပတ်လည် ကျရောက်မဲ့ နာဂစ် ဘေးဆိုး အမှတ်တရ ကဗျာ ဆိုပြီး ဒီနေရာ က တောင်းထားတဲ့ အတွက် ရေးလိုက်တာပါ။ ပြိုင်ပွဲဝင် စာမူ လုံးဝ မဟုတ်ပါဘူး။ အမှတ်တရ ရေးယုံပါ။ ပြိုင်ပွဲအတွက် ထည့်သွင်း စဉ်းစားစရာ မလိုပါ။ ***

လေးစားစွာဖြင့်
ကိုဇော်
30.4.2011



Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

သဒ္ဓါလှိုင်း said...

မသံတူပြီး မူတွေကွဲနေတဲ့ လက်တွေ့ဘဝတွေရဲ့ အိပ်မက်တွေ လာရိုက်ခတ်တဲ့ အချိန်တိုင်း တထပ်တည်းကျတဲ့ အိပ်မက်ဆိုးတွေ ခြောက်လှန့်နေတုန်းပါပဲ.။

ခင်မင်လျက်
သဒ္ဓါ

အိမ့်ချမ်းမြေ့ said...

ပြိုင်ပွဲတွက် ထည်သွင်းစဉ်းစားရန် မလိုပါ ဆိုတဲ့နေရာကို double-like လုပ်သွားပါတယ်ရှင်။

Angelhlaing(May everybody be happy and healthy! said...

စကားလုံးတွေ ကျစ်ကျစ်လစ်လစ်နဲ့ ရေးသားတာကို အားကျမိပါတယ်အကို.....
အားပေးလျှက်...
ညီမလေး..
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Unknown said...

အော်.... တွေးမိရင်း စိတ်မကောင်းစရာ အဖြစ်အပျက် တစ်ခုပေဘဲ။ ပစ္စည်းသင်္ခါရ လူသင်္ခါရဆိုပေမဲ့ ကြေကွဲစရာ အရမ်းကောင်းတဲ့ မှတ်တမ်းလေးအဖြစ် ရင်ထဲတော့ ကျန်ရစ်နေဆဲပါဘဲ။

အားလုံးကောင်းရာမွန်ရာဘ၀ ရောက်နိုင်ကြပါစေ။

ahphyulay said...

အော် ...
နာဂစ်ရဲ့  နှစ်ပတ်လည်တောင်ရောက်လာပါပေါ့ လား။

sosegado said...

သုံးနှစ်ဆိုတဲ့အချိန်ကမြန်လိုက်တာ၊ အသံတွေကကြားနေရဆဲပါ။

rose said...

ကဗျာလေး ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ မြန်မာပြည်ကို အဲ့ဒီလို သဘာဝ ဘေးအန္တရာယ်တွေ မကျရောက်စေချင်ဘူး။ နဂိုကမှ ကူကယ်မဲ့ ဖြစ်နေတဲ့ ပြည်သူတွေ ပိုအထိနာလို့....။

mstint said...

လောကီငရဲ ကျခံခဲ့ရတဲ့သူတွေအားလုံး ဘဝဆက်တိုင်း အခုလိုအဖြစ်ဆိုးတွေကနေ ကင်းလွတ်ခွင့်ရပြီး ငြိမ်းချမ်းတဲ့ ဘဝပိုင်ရှင်များဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

နေ၀သန် said...

ကိုဇော်ရေ.. နာဂစ်ကဗျာလေးကို ခံစားသွားပါတယ်...


ခင်မင်လျက်
နေ၀ဿန်

တောက်ပကြယ်စင် said...

ကဗျာလေးကို ဖတ်ပြီး ၀မ်းနည်းမိတယ် ဒကာတော် ကိုဇော်ရေ။ အမေနဲ့ညီမပါသွားတဲ့ ဘုန်းဘုန်းတို့ရဲ့သူငယ်ချင်းတစ်ပါးကို ပြန်လည်မြင်ယောင်မိတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...