မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 April 2011

10 သင်္ကြန်ရေ ၊ ပိတောက်ငွေ့နဲ့ ရေးတဲ့ ဇာတ်လမ်း ( ၂ )



“ ဖြစ်နိုင်တယ်။ ” ဆိုပြီး လက်ခံတဲ့ သူရော . . . .

“ မဖြစ်နိုင်ဘူးကွာ ” ဆိုပြီး လက်မခံတဲ့ သူရော ၊ အားလုံးရဲ့ အသံတွေ စုပြီး ဝူးဝူးဝါးဝါးနဲ့ လမ်းဘေးက အုတ်ခုံဘောင်လေးမှာ သွက်သွက်ခါအောင် ဆူညံသွားသည်။ နားထောင်သူ ပရိတ်သတ်က ဒီလို တုံ့ပြန်နေပေမဲ့ သူကတော့ အေးအေးဆေးဆေးပဲ ကိုသက်ဆီက ဆေးပေါ့လိပ်တိုကို လှမ်းယူပြီး မီးခိုးထွက်အောင် တစ်ဖွာပြီး တစ်ဖွာ ဖွာယူလိုက်၏။ သူပြောတာကို ငြိမ်နားထောင်နေတဲ့ အတွက် လက်ထဲမှာ ညှပ်ကာ ကိုင်ထားတဲ့ ဆေးပေါ့လိပ်ကလည်း မီးသေချင်နေသလို ဖြစ်နေလေပြီ။

မီးခိုးအူပြီး ထွက်လာတဲ့ ဆေးပေါ့လိပ်ကို သူက လက်မှာ ကိုင်ထားပြီးတော့ မီးရဲလာတဲ့ ဆေးပေါ့လိပ် ထိပ်ဖျားကို တစ်ချက်ကြည့်လိုက်ပြီးမှ ပါးစပ်ထဲမှ အဆုပ်ထဲကို ရှိုက်သွင်း ထားတဲ့ ဆေးလိပ် မီးခိုးငွေ့တွေကို ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်၏။

“ ငါက မင်းတို့ရဲ့ ထောက်ခံမှုကို ယူနေတာ မဟုတ်ဘူး။ ငါ့ရဲ့ အမြင်နဲ့ တွေးမိတဲ့ အယူအဆလေးကို ပြောပြနေတာ . . ”

သူက ဒီလို ပြောတော့ သူပြောတာ နားထောင် ထားတဲ့ ကျွန်တော်တို့ထဲမှ သူငယ်ချင်းတွေကလည်း သူ့ကို ထပ်ပြောပြန်၏။

“ အေးလေ. . . ငါတို့ကလည်း ဘာပြောနေလို့လဲ ၊ မင်း ပြောသလိုပဲ မင်းရဲ့ အမြင်ကို မင်းက ချပြသလို ၊ ငါတို့ကလည်း ငါတို့ရဲ့ အမြင်ကို ချပြတာပဲလေ။ ”

“ အေးလေ . . . ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ ပြောချင်တာက မင်းတို့ရဲ့ အမြင်တွေကြောင့် ငါ့ အမြင်ကတော့ ပြောင်းလဲ သွားမှာ မဟုတ်ဘူး ဆိုတာပဲ။ ”

“ ဒါကတော့ မင်း သမိုင်းနဲ့ မင်းပဲလေ။ ”

“ ဒါပေါ့ . . . ”

ဒီစကားတွေ အသီးသီး ပြောပြီးတဲ့ အချိန်မှာတော့ အားလုံးမှာ ပြောစရာ စကား မရှိတော့သလို ငြိမ်သက်ကာ စကားသံတွေ ရှားပါးကုန်တော့၏။ ညနေခင်းရဲ့ လေနုအေး ခပ်စိပ်စိပ် တိုက်ခတ်နေတဲ့ အရသာကို ခပ်ငြိမ့်ငြိမ့်လေး ခံစားပြီး အတန်ကြာတော့မှ ဘယ်သူမှ ဘာမှ မပြောဘဲ အသီးသီး လမ်းခွဲကာ အိမ်ပြန်ဖို့ ပြင်ဆင်ကြတော့သည်။ သူနဲ့ အိမ်အပြန် လမ်းကြောင်းသင့်ရာ ကျွန်တော်က သူနဲ့ အတူတူ ပခုံးချင်း ယှဉ်လျှောက်လာခဲ့၏။

“ မင်းကရော ငါပြောတာကို ဘယ်လို မြင်လဲ။ ”

အမြဲတမ်း သူတို့ ပြောတာကို ငြိမ်ပဲ နားထောင်နေတတ်ပြီး ပြောသမျှကို ကိုယ့်ဖာသာ တွေးနေမိတတ်တဲ့ ကျွန်တော့်ကို ဒီလို သီးသန့် မမေးဘဲ သူတို့ရဲ့ ပြောဆို ငြင်းခုန်ပွဲမှာ ကျွန်တော့် အသံကို သူက ကြားရလိမ့်မည် မဟုတ် ဆိုတာ သူက သိနေနှင့်ပြီလေ။

“ ငါလား . . .”

“ အေးပေါ့ . . . ငါ့ အယူအဆကို မင်းက ဘယ်လို မြင်လဲ။ ”

“ အပွင့်လင်းဆုံး ပြောရရင် မင်း အယူအဆက မင်းအတွက်တော့ မှန်ပါတယ်။ ဒါပေမဲ့ . . . ”

သူ့ကို မှန်တယ် လို့ ပြောလိုက်လို့ သူ့နှုတ်ခမ်းက ပြုံးသွားပေမဲ့ နောက်ဆက်တွဲ ဒါပေမဲ့ ကြောင့် သူ ဆတ်ခနဲ လှည့်ကြည့်လာ၏။

“ ဒါပေမဲ့ ဘာဖြစ်လဲ။ ”

“ ဒါပေမဲ့  . . . အဲဒီ မှန်တယ် ဆိုတဲ့ အယူအဆက မင်း တစ်ယောက် အတွက်ပဲ ဖြစ်လိမ့်မယ်။ ”

“ အေးလေ . . . ငါကလည်း သူများတွေကိုပါ လိုက်နာပါလို့ မပြောပါဘူး။ ငါ့ အတွက် မှန်ရင် တော်ပြီပေါ့။ ”

“ မဟုတ်သေးဘူး ၊ မင်းအတွက် မှန်တယ် ဆိုပေမဲ့ တစ်ဘက်က မိဘတွေ အတွက် ကြည့်ရင်တော့ မင်း အလွန်ကို မှားနေပြီ။ ”

“ - - - - - ”

“ ပြီးတော့ ငါတို့လို ဘေးကြည့် ပရိတ်သတ် အနေနဲ့ ကြည့်ရင်တော့ . . . မင်းက . . . ”

“ ငါက . . . . ၊ ငါက ဘာဖြစ်ပြန်ပြီလဲ ”

“ ဟုတ်တယ် . . ၊ မင်းက အရမ်း အတ္တ ကြီးနေတယ်။ ”

ကျွန်တော့် စကား ဆုံးတော့ သူက ရုတ်တရက် ကြောင်ငေးသွားပြီးမှ . . တဟားဟား အော်ရယ်သည်။

“ ဟား ဟား ဟား . . . ဖြစ်ရလေကွာ။ သူတို့ အတွက် ဒီလို လုပ်တာကို ငါကပဲ အတ္တကြီးတယ် ဖြစ်ရဦးမလား။ ”

“ ဟုတ်တယ်။ ငါကတော့ ဒီလိုပဲ မြင်တယ်။ ”

“ အေးလေ . . ထားပါတော့ . . ငါ အခု ပြောတဲ့ အမြင်ကရော မဖြစ်နိုင်ဘူးလား။ ”

“ ငါ ပြောပြီးပြီလေ ၊ မင်း တစ်ဘက်တည်း အမြင်နဲ့တော့ ဖြစ်နိုင်ပါတယ် လို့ . . .”

“ ငါ တကယ်ပြောတာကွ ၊ သန့်ဇင်ရဲ့ ကိစ္စ ဖြစ်ပြီးကတည်းက ငါ့မှာ သူ့ကို ကြည့်ပြီး သွေးလန့်သလို ဖြစ်ကျန်ခဲ့တယ်။ အိပ်ရင်လည်း အိပ်မက်ထဲမှာ ၊ တစ်နေရာရာမှာ တစ်ခုခုကို မြင်ပြီးရင်လည်း သူ့အကြောင်း ငါပြန်မြင်နေမိတယ်။ သူ့အကြောင်းကို တွေးမိရင် စိတ်မကောင်းသလို ၊ သူ့ကို မျှော်လင့်ထားတဲ့ သူ့အမေရဲ့ အဖြစ်အပျက်ကို တွေးမိပြန်တော့ ပိုပြီး စိတ်မကောင်းဘူး။ သားလိမ္မာ တစ်ယောက်ကို မျှော်လင့်ထားပြီးမှ ဆုံးရှုံးရတယ် ဆိုတဲ့ ခံစားမှုကို ငါ့ရင်ထဲက အလိုလို ခံစားလာရတာ . . ”

“ ဒါနဲ့ပဲ မင်းက ဒီလို တွေးလိုက်တာပေါ့ . . ဒီလိုလား . . ”

“ အင်း . . ဟုတ်တယ်။ ”

အတူတူ လှမ်းနေတဲ့ ခြေလှမ်းတွေမှာတောင်မှ သူ့ခြေလှမ်းတွေက မြေကို မထိတော့သလို သူ့ရဲ့ အတွေးတွေက သူ့ကို ပင့်တင် ချီပိုးထား၏။ ညနေခင်းကလည်း လေပြေနုနုတွေနဲ့ လဲ့ရီပြာနှမ်းလို့ . . .။

“ ငါ တွေးကြည့်မိတယ်ကွာ။ မိဘ ဆိုတာ ပြောသမျှ နားထောင်နေတဲ့ သားသမီးကို ပိုချစ်တတ်ကြမှာပဲ။ လိမ္မာတဲ့ သားသမီးကို ပိုချစ်မှာပဲ။ ဥပမာ - သန့်ဇင် လိုပေါ့ကွာ။ ”

“  - - - - - - -  ”

“ ဒီလို လိမ္မာတဲ့ သားတစ်ယောက် ၊ ပြောစကား နားထောင်နေတဲ့ သားတစ်ယောက် ဆုံးရှုံးရလိမ့်မယ် လို့ သူတို့ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ဘူး။ အခုလို ရုတ်တရက် ဖြစ်သွားတော့ သူ့အမေ ဘယ်လောက် အလူးအလှိမ့် ခံစားရလဲ ဆိုတာ မင်းလည်း အမြင်ပဲ။ ”

“ ဒါနဲ့ပဲ မင်းက သားလိမ္မာ မလုပ်ချင်ဘဲ သားဆိုး လုပ်ချင်သွားတာပေါ့။ ”

“ ဟုတ်တယ်။ လိမ္မာနေတဲ့ သားထက် ဆိုးနေတဲ့ သား တစ်ယောက် ဒီလို ဖြစ်သွားရင် သူတို့အတွက် ထိခိုက်မှု ပိုနည်းမယ် လို့ ငါ ထင်တယ်။ ”

သူ့ကို ဘာမှ ဆက်မပြောဖြစ်ဘဲ ကျွန်တော် ခေါင်းကိုပဲ တွင်တွင် ခါယမ်းမိလေ၏။ သူကတော့ သူ့ဖာသာ တစ်ယောက်တည်း ညနေခင်းမှာ အုပ်အုပ်ဆိုင်းဆိုင်း အတွေးတွေနဲ့ ဝေဝဲနေသည်။ သူနဲ့ ကျွန်တော် လမ်းခွဲရမဲ့ နေရာရောက်တော့ တိတ်တဆိတ် လမ်းခွဲဖို့ ခြေလှမ်းကိုယ်စီ ဦးတည်ပြီးမှ ကျွန်တော့် သူ့ကို လှမ်းခေါ်လိုက်သည်။

“ ရှမ်းလေး . . . ”

ကျွန်တော့် အသံကို သူက အသံမဲ့ တိတ်တဆိတ် မျက်ခုံးပင့်တင်က ထူးဟန် ပြု၏။

“ ငါ အများကြီးလည်း မပြောတတ်သလို အများကြီးလည်း မပြောချင်ပါဘူး။ ”

“ - - - - - ”

“ ငါ့ စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပြောရရင် မင်း အတွေးက မှားနေတယ်။ ဒါပေမဲ့ ဘာကို မှားနေတယ် ဆိုတာလည်း ငါ့မှာ သက်သေ ပြစရာ မရှိဘူး ဖြစ်နေတယ်။ ”

“ - - - - - - ”

“ ငါ့ အထင်တော့ ကိုယ် ရုတ်တရက် သေသွားရင် မိဘ ခံစားရမှာ စိုးလို့ သားဆိုး လုပ်စရာ မလိုပါဘူးကွာ။ မိဘနဲ့ အတူ ရှိနေတဲ့ အချိန်မှာ သူတို့ကို စိတ်ကျေနပ်မှု ပေးနိုင်မယ် ဆိုရင် အဆင်ပြေ လုံလောက်မယ် လို့ ထင်ပါတယ်။ ကဲ . . ဒိုးပြီကွာ။ ”

ပြောလည်း ပြော ၊ နှုတ်လည်း ဆက်ရင်း ကျွန်တော့်အိမ်ဘက်ကို ခြေလှမ်းလိုက်သည်။ ကျွန်တော့် စိတ်ထဲမှာ အတွေးတွေ အုံပြန့်နေသည်။ သူကလည်း ဘောင်းဘီထဲ လက်နှိုက်ပြီး အတွေးတွေနဲ့ ပြာနှမ်းကာ လှမ်းလျှောက်သွား၏။



သန့်ဇင် . . . .

သန့်ဇင် ဆိုတာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက တစ်ယောက်။ အဖွဲ့ထဲမှာ အရိုးဆုံး ၊ အအေးဆုံး။ ရယ်ရင်တောင်မှ ယောက်ျားကြီး တန်မဲ့ ပါးစပ်ကို လက်ကလေး ပိတ်ပြီး တခွိခွိ ရယ်တတ်တဲ့ ကောင်။ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ဖို့ အိမ်ကို တစ်ပတ်လောက် ကြိုပြောရတယ် ဆိုတဲ့ ကောင် ၊ တစိမ်း မိန်းကလေး သူငယ်ချင်းတွေနဲ့ တွေ့ရင် သူက မျက်နှာကြီး နီမြန်းပြီး အရှက်သည်းတတ်တဲ့ ကောင် ၊ မိဘက ဒါဆိုရင် ဟိုဟာ ဆိုပြီးတော့ တောင်မှ မတွေးမိတဲ့ ကောင် ၊ သရုပ်ပျက် နေထိုင်မှု ဆိုတာ သူ့ နားမလည်သော ဘာသာရပ် ဖြစ်နေတတ်တဲ့ ကောင်။

ဒီလိုကောင် ကိုမှ ကားလမ်း အကူးမှာ ကားက တိုက်မိသွားပြီး ဆေးရုံ အသွားလမ်းမှာတင် အသက်ဆုံးရှုံးသွားတဲ့ ကောင် ၊ သူ့ကို ကြည့်ကြည့်ပြီး တတ် ၊ တတ် သွားတဲ့ သူ့အမေရဲ့ လက်ကို အရင်လို နွေးနွေထွေးထွေး မကိုင်နိုင်တော့တဲ့ ကောင် ၊ သူ့အမေ အတွက် ဘွဲ့ သုံးခုလောက်တော့ ရအောင် ယူပေးမယ် ဆိုပြီး ရည်ရွယ်ထားတဲ့ ကောင် ၊ ဒီလိုကောင်ရဲ့ ရက်လည် အထိ ကျွန်တော်တို့ ဝိုင်းလုပ်ပေးပြီးတော့ သန့်ဇင် အမေရဲ့ မဖြေဆည်နိုင်မှုကို ကြည့်ပြီး “ ရှမ်းလေး ” က သူ့ရဲ့ ခံစားမှုမှာ စိတ္တဇ ရလာတာ ဖြစ်သည်။

သူ့စိတ္တဇက ရိုးရှင်းသော်လည်း ဆန်းပြားစွာပဲ လက်ခံနိုင်ဖို့တော့ အတော် ခက်၏။ မိဘတွေက လိမ္မာတဲ့ သားသမီးကို ပိုချစ်တတ်တယ်။ ဒါကြောင့် ရှမ်းလေးက သူ့ရဲ့ အတွေးကို ရိုးရှင်းစွာ ချပြတာကတော့ “ တကယ်လို့ သူသာ ရုတ်တရက် သေဆုံးသွားမယ် ဆိုရင် နောက်မှာ ကျန်နေခဲ့မဲ့ မိဘတွေ သိပ်မခံစားရအောင် သူ သားလိမ္မာ မဖြစ်ချင်တော့ဘဲ ၊ သားဆိုးသာ ဖြစ်ချင်တော့တယ်။ ” လို့ ဆို၏။

သူကတော့ သူ့အတွက် သူ့အတွေးက မှန်တယ် ဆိုပေမဲ့ ကျွန်တော်ကတော့ မှားနေတယ် လို့သာ မြင်၏။ သို့သော် ဘယ်အရာက မှားနေတယ် ဆိုတာတော့ ကျွန်တော်လည်း မသိ။ သူပြောသွားတဲ့ အကြောင်းကို ပြန်တွေးမိပြီး နောက်ကို လှည့်ကြည့်လိုက်တော့ ခေါင်းအနည်းငယ် ငုံ့ကာ ရှမ်းလေး လှမ်းလျှောက်သွားတာကို မြင်နေရသည်။ ဒီအချိန်မှာမှ ရုတ်တရက်ဆို ခေါင်းက မထွက်တဲ့ ကျွန်တော့်မှာ ပြောစရာ စကား တစ်ခုက ထွက်လာ၏။

“ စကားနောက် တရားပါ ဖြစ်ပါဦးမယ်ကွာ ” လို့ ငါ ဘာလို့ သူ့ကို မပြောလိုက်မိပါလိမ့် လို့ ကျွန်တော့် ခေါင်းထဲ အတွေးတစ်ချက် လက်ခနဲ ဝင်လာခဲ့ပြီးတော့ လှမ်းပြောဖို့ သူ့ကို ကြည့်လိုက်တော့ သူက ကျွန်တော်နဲ့ အတော် ခပ်လှမ်းလှမ်းကို ရောက်သွားခဲ့ပြီ။



ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့က လူအင်အား တောင့်သလို အလွန်လည်း ညီပါသည်။ ပြီးတော့ အလွန်လည်း ပျော်တတ်သူတွေ ဖြစ်၏။ နှစ်တိုင်း သင်္ကြန်မဏ္ဍပ် မလုပ်ဖြစ်သော နှစ်ဆိုတာ မရှိ။ လုပ်တဲ့ နှစ်တိုင်းလည်း ခင်မင်ရင်းနှီးနေသော ရပ်ကွက်လူကြီးတွေကို စိတ်ညစ်အောင် အတော်ကို လုပ်တတ်သူတွေ ဖြစ်၏။

အခုလို သင်္ကြန် ရောက်တိုင်း ကျွန်တော်တို့ ကားလမ်းမပေါ်မှာ သင်္ကြန် ရေကစား မဏ္ဍပ်ကို ထိုးလေ့ ရှိပါ၏။ ရေကစား မဏ္ဍပ်က ကားလမ်းမကြီးပေါ်မှာ ရှိတယ် ဆိုပေမဲ့ တကယ်တော့ လမ်းမကြီးကို ထွက်ရသော တစ်ဆစ်ချိုး ကျွန်တော်တို့ လမ်းသွယ်လေးကို ပိတ်ပြီးတော့ ကားလမ်းမကြီးကို မျက်နှာမူထားတာ ဖြစ်၏။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မယူဘဲ မဏ္ဍပ် အရင် ကြိုဆောက်ကြတာ ဖြစ်၏။ ပြီးတော့မှသာ ရပ်ကွက်မှ ရုံးခန်းကို သွားပြီး ခွင့်ပြုချက် တောင်းယူကြသည်။ ဒီလို မလွှဲမရှောင်သာအောင် လုပ်ပြီးတော့မှ လူကြီးတွေရဲ့ ခွင့်ပြုချက်ကို ရယူကြတာ ဖြစ်၏။

ခင်မင်ရင်းနှီးနေသော ရပ်ကွက် လူကြီးများကလည်း ဗျစ်တောက်ဗျစ်တောက် ပြောကြပေမဲ့ ခွင့်ပြုချက် လက်မှတ် ထိုးပေးလိုက်တာပဲ ဖြစ်သည်။ ရပ်ကွက်ရဲ့ ရေကစား မဏ္ဍပ် ဆိုလို့ အထင်မသေးလိုက်လေနှင့်။ ကျွန်တော်တို့ မဏ္ဍပ်က သီချင်းတတ်ဆိုဖို့ စင်ပါ၏။ အောက်ခြေမှာ ရေကစားဖို့ နေရာပါ၏။ စင်ရဲ့ ရှေ့မှာ မူးရူးပြီး ကဖို့ နေရာပါ၏။ ဒီလိုတွေနဲ့ ပြည့်စုံအောင် အကြီးကြီး ဆောက်ထားတာ ဖြစ်သည်။ ဒီထက် ကားလမ်းမက သွားနေတဲ့ ဘတ်စ်တွေကို ရေပုံးတွေနဲ့ ရေလှမ်းပက်ဖို့ မဏ္ဍပ်ရှေ့မှာ ရေတိုင်ကီတွေ ချထားသေး၏။

ရေလာကစားကြတဲ့ ရပ်ကွက်ထဲက အစ်မ ၊ နှမငယ်များကိုတော့ ရေသွယ်ယူထားရတဲ့ အတွက် ရေဖိုး ကောက်ခံသည်။ ဒါပေမဲ့ ဒီလို ရေလာကစားရတဲ့ အတွက် အန္တရာယ် မရှိအောင် ကာကွယ်ပေးတဲ့ မဏ္ဍပ်ထိန်း အဖြစ် ကျွန်တော်တို့ သူငယ်ချင်းတွေက တစ်ရက်ကို နှစ်ယောက်ကျစီ တာဝန်ယူပေး၏။ တခြားမှ မူးရူးလာသော ယောက်ျားလေးများကလည်း မဏ္ဍပ်ထဲမှာ မိန်းကလေးတွေ များနေလို့ လာပြီး အူကြောင်ကျား လာလုပ်ခြင်းကိုလည်း အသာအယာ ဖြေရှင်းပြီးတော့ လမ်းကြောင်း လွှဲပေးလိုက်လေ့ရှိ၏။ ဒါကြောင့် ရပ်ကွက်ရဲ့ ပတ်ဝန်းကျင်မှာတော့ ကျွန်တော်တို့ မဏ္ဍပ်ကို လူကြီးတွေက စိတ်ချကြသည်။ မိန်းကလေး မိဘများကလည်း ကျွန်တော်တို့ မဏ္ဍပ်မှာ သူတို့ သမီးတွေ ရေကစားမည် ဆိုရင် စိတ်ချကြ၏၊

ဒါပေမဲ့ ဒီလို မဏ္ဍပ်ထိန်းနေပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အသောက်အစား မရှိဘူး မထင်ပါနဲ့။ ကျွန်တော်တို့ မဏ္ဍပ်ကို စပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီကိုက အရက်ကုမ္ပဏီ ဖြစ်သည်။ ဒါကြောင့် မဏ္ဍပ်ပတ်လည်မှာ သူတို့ ကြော်ငြာတွေနဲ့ ဆင်ယင်ပေးထားသလို ၊ သူတို့ကလည်း ကျွန်တော်တို့ အတွက် စပွန်ဆာငွေ နဲ့ အရက်များကို ကဒ်လိုက်ချပေး၏။ စပွန်ဆာငွေကို မဏ္ဍပ်အတွက် လိုတဲ့ သစ်တွေ ၊ ဝါးတွေ ဝယ်ပြီး စပွန်ဆာ အရက်ကိုတော့ ကျွန်တော်တို့ သူငယ်ချင်းတွေက အားပေးကြ၏။ အရှေ့မှာ ရေကစားသူက ကစားနေပြီး ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ မဏ္ဍပ်နဲ့ နောက်မှာ ရေပုံးထဲ ပုလင်းထဲမှ အရည်များကို သွန်ထည့်ကာ ဂလုကြလေသည်။

ဒီအချိန်မှာ ရေချိန်မကိုက်ဘဲ လျော့သောက်ရသူများကတော့ နေ့စဉ် အလှည့်ကျ မဏ္ဍပ်ထိန်း နှစ်ယောက်ပါပဲ။ ဟုတ်တယ်လေ သူတို့ကိုယ်တိုင်က မူးရူးနေမှတော့ သူများကို ဘယ်လိုလုပ် လိုက်ထိန်းမလဲ။ သီချင်းသံ တမြိုင်မြိုင်နဲ့ သင်္ကြန်ရေ တရွှဲရွှဲထဲမှာ ဘာမှ မသောက်ဘဲ ရေကစားပြီး လိုက်ထိန်းဖို့ကျတော့လည်း အတော်ကို ကြောင်တဲ့ ကိစ္စ ဖြစ်သည်။ ဒါကြောင့် သောက်တော့သောက် ၊ မှောက်လို့တော့ မဏ္ဍပ်ထိန်းတွေမှာ မဖြစ်။

ဒီလို အချိန်မှာ မူးရူးပြီး ဆွဲလား ရမ်းလား လုပ်ချင်တဲ့ သကောင့်သားတွေကလည်း အများသားလား။ အသာတကြည် ပြောမရရင် နည်းနည်းတော့လည်း အကြမ်းဖက်ပေးရ၏။ မဏ္ဍပ်ထဲမှ ဆွဲထုတ်ရတာ ရှိသလို ၊ နှစ်ယောက်လောက် ဝိုင်းချုပ်ပြီး တွန်းထုတ်ရတာလည်း ရှိ၏။ ဒါမှ မရရင် မျက်နှာကို နှစ်ချက်လောက် ဖြတ်ရိုက်ပြီး မောင်းထုတ်ရတာလည်း ရှိသည်။ ရပ်ကွက်လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ ဆောက်ထားပြီး ပတ်ဝန်းကျင် ရပ်ကွက်မှာ အစည်ဆုံး မဏ္ဍပ်ဆိုတော့ ကျွန်တော်တို့ မဏ္ဍပ်ကို ရဲကင်းမှ လုံခြုံရေးတွေကလည်း မလှမ်း မကမ်းမှာ ရှိနေတတ်၏။ သူတို့ မရှိရင်လည်း ပြဿနာတော့ မရှိလှပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေက အားလုံး အယောက် ၄၀ လောက်ရှိ၍ အင်အားက တောင့်ပါသည်။

ရေကစားနေသော ၊ မဏ္ဍပ်နောက်မှ သောက်နေသော ၊ တခြားဟိုဟိုဒီဒီ သွားနေသော သူငယ်ချင်းများက ဟိတ် ဆိုရင် ညီပြီးသား ၊ စီဆို မီးသေပြီးသား ၊ အားလုံးကလည်း ပွဲတွေ့တွေ သိပ်တော့ မနည်းလှ။ ဒါ့ကြောင့် ရပ်ကွက် မဏ္ဍပ်က အေးအေးချမ်းချမ်း ရှိလှပါသည်။ တစ်ခါတလေ တခြားသော ဒေသမှ အလည်ရောက်လာသူများ ရပ်ကွက်ထဲ ရောက်လာပြီး သင်္ကြန်ရေနဲ့ မူးရူးခဲ့ပြီး ခပ်ကြောင်ကြောင် လာလုပ်သူ တချို့လောက်ကိုသာ သူတို့ အဖေ ၊ အမေတွေ ကိုယ်စား အနည်းငယ် ဆုံးမပေးရ၏။ အရမ်းဆိုးလာရင်တော့ မလှမ်းမကမ်း ရဲကင်းမှ ခင်မင်နေသော တာဝန်ကျ ရဲသားများက ကျွန်တော်တို့ ဆုံးမ အပြီးမှာ သူတို့ကို လာခေါ်ကာ ထိန်းသိမ်းထားလိုက်လေတော့သည်။ ဒါကြောင့် ကျွန်တော်တို့ မဏ္ဍပ်က စီကားသလို အေးချမ်းလှပါသည်။



“ ဖြောင်း . . . .ဖြောင်း . . .”

ခပ်အုပ်အုပ် အသံနဲ့အတူ နောက်ဆက်တွဲ အဖြစ် . . . .

“ ဟေ့ကောင်တွေ ရှေ့မှာ ချကုန်ပြီ  ”

တစ်ယောက်ရဲ့ လှမ်း အသိပေးသံ အဆုံးမှာ မဏ္ဍပ်နောက်မှာ အရက်သောက်ပြီး မှိန်းနေတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဝုန်းခနဲ ထပြီး မဏ္ဍပ်ရှေ့ကို အဆင်သင့် ပြင်ဆင် ယူထားတဲ့ လက်နက်တွေကို ယူပြီး ထွက်လိုက်တော့ မဏ္ဍပ်မှာ ရေကစားနေတဲ့ မိန်းကလေးတွေ အတော် နေရာရှဲသွားပြီး မဏ္ဍပ်ရှေ့မှာ မားမားကြီး တွေ့လိုက်ရတာက “ ရှမ်းလေး ”။

“ ဒီနေ့ ဘယ်သူ မဏ္ဍပ်ထိန်းတာလဲ။ ”

ဘေးနားက ကိုသက်ကို လှမ်းမေးလိုက်တော့ သူက . . . . .

“ ရှမ်းလေး နဲ့ ဖိုးလပြည့်လေ ”

ငြာသံပေးလို့သာ အားလုံးက အဆင်သင့် သဘောနဲ့ ထွက်လာတာ ၊ သူတို့ အနားကို ရောက်တော့ ရှမ်းလေးတို့ နားမှာတင် သူငယ်ချင်းတွေက ၁၅ ယောက်လောက် ဖြစ်နေပြီ။ ခပ်လှမ်းလှမ်းမှ ပေစုတ်စုတ်နဲ့ ပြဲကြောင်ကြောင် ငနဲတွေကို လှမ်းကြည့်လိုက်တော့ ၅ ယောက်လောက်တော့ ရှိသည်။ တစ်ယောက်က ကွဲသွားပုံ ရပြီး နောက်ထပ် တစ်ယောက်ကတော့ မျက်ကွင်းကြီး ညိုသွား၏။

“ ဘာဖြစ်တာလဲ ရှမ်းလေး ”

သူတို့ အနားကို ရောက်တော့ ကျွန်တော်က လှမ်းမေးလိုက်၏။

“ ဒီလိုပါပဲကွာ ၊ ပြဲပြီး လာရစ်တာ ”

“ ဘာကိုလဲ ”

“ မဏ္ဍပ်ထဲမှာ မိန်းကလေးတွေ များနေတော့ ရမလားလို့ လာရစ်တာ ၊ ဦးထွန်းအေး သမီးကို လိုက်ပြီးတော့ ရေလောင်းချင်တယ် လုပ်ပြီး ခွက်လိုက်လုနေတယ်ကွာ ”

“ ဒီတော့ ဘာဖြစ်လဲ။ ”

“ ငါလည်း ဒီလောက်တော့ ဘာမှ မပြောသေးပါဘူး။ သူတို့ဖာသာ ကာယကံရှင်တွေ အချင်းချင်း အဆင်ပြေရင် ပြီးရော ဆိုပြီး မသိချင်ယောင် ဆောင်ပြီး လွှတ်ထားလိုက်တာ။ သူက ကွဲပြဲပြီး အတင်းလိုက်လုံး ၊ ဟိုကောင်မလေးကလည်း မူးရူးနေတော့ ရှောင်တာပေါ့။ ဒါနဲ့ ဟိုသွားဒီသွားနဲ့ ဖြစ်နေလို့ ငါကတောင်မှ “ ညီမ အလောင်းခံလိုက်ပါ ” လို့ ပြောလိုက်သေးတယ်။ ဟုတ်တယ်လေ နို့မို့ဆို ပြီးတော့မှ မဟုတ်ဘူး။ ”

“ အင်းလေ. . .ဒီတော့ . . . . ”

“ ဒီတော့ ဟိုကောင်မလေးက ရေလောင်းလဲ ခံရော သူက မပြီးတော့ဘူးကွ။ ရေကို တစ်ခွက်ပြီး တစ်ခွက် လောင်းပြီး စကားတွေ ပြောပြီး ရစ်နေတာ။ ဟိုကောင်မလေးကလည်း ငါ့ကိုပဲ ကွက်ကြည့် ကွက်ကြည့် လုပ်နေတာပေါ့။ အတော် ကြာလာလို့ ငါက သူငယ်ချင်း မင်း တော်ဖို့ ကောင်းပြီ လို့ ပြောတော့ သူက ငါ့ကို ပြဲကြောင်ကြောင်နဲ့ ကြည့်ပြီး မင်းက ဘာကောင်လဲ တဲ့။ ငါကလည်း ငါက ဘာကောင်မှ မဟုတ်ပါဘူး။ မဏ္ဍပ်မှာ ကလေးတွေ အေးဆေး ဆော့လို့ ရအောင် ထိန်းပေးတာပါ လို့ ပြောတာကို ၊ ငါ့ကို ဂရုမစိုက်သလို ဟိုဘက်လှည့်ပြီး ရေဆက်လောင်းနေတယ်ကွာ။ ”

“ ဒါနဲ့ မင်းက တွယ် လိုက်တာပေါ့လေ ”

“ မဟုတ်ဘူး ငါက စမတွယ်ဘူးကွ။ ဖိုးလပြည့်က စတွယ်လိုက်တာ . . . . .”

“ သြ . .  ဒီလိုလား။ ”

ဒီတော့မှ အားလုံးရဲ့ မျက်လုံးတွေက ဖိုးလပြည့်ဆီကို ရောက်သွားတော့ ဖိုးလပြည့်က ရယ်ပြီး ပြောသည်။

“ အေးလေကွာ ၊ ဒီလောက် ရှင်းပြနေတာကို စိတ်မရှည်တော့ဘူး။ ရှမ်းလေးကို ပြောတယ်။ ပြောမရရင် ဖဲ့လိုက်တော့ ဆိုတာကို ဒီကောင်က အချိန်ကြာအောင် ရှင်းပြနေတယ်။ ဒါနဲ့ ငါလည်း စိတ်မရှည်တော့ဘဲ စကိုင် လိုက်တော့တာပဲ။ ဒီတော့မှ သူတို့ အဖွဲ့က ငါးယောက် လာတယ် ဆိုတာ သိတော့တာ။ အပြင်မှာ သုံးယောက်နေခဲ့ပြီး မဏ္ဍပ်ထဲကို နှစ်ယောက် ဝင်လာတာ။ ဖြစ်တော့မှ အကုန်လုံးဝင်လာတာ။ ဒါပေမဲ့ ငါတို့ အင်အားကို သူတို့ မသိတာ ဖြစ်လိမ့်မယ်။ ရေကစားနေတဲ့ ကောင်တွေပါ ရပ်ပြီးတော့ ဝိုင်းကျုံးတော့မှ ဒီကောင်တွေ ထွက်ပေါက် ပိတ်သလို ဖြစ်ပြီး ခွေးပြေး ဝက်ပြေး ပြေးကြရတော့တာ။ ”

“ ဒီကောင်တွေ ဘယ်ကလဲကွ ”

“ ငါတော့ သေချာ မသိဘူး။ ဒါပေမဲ့ အစာကြေဆေး လုပ်တဲ့ အညာသားတွေ အိမ်ကို ရောက်နေတဲ့ ကောင်တွေ ထင်တယ်။ ရှမ်းလေး . . . မင်းတို့ လမ်းထိပ်ကလေကွာ ”

“ ငါတို့ လမ်းထိပ်က အစာကြေဆေး လုပ်တဲ့ အညာသားတွေ အိမ်ကလား ”

ကျွန်တော်နဲ့ ရှမ်းလေးက တစ်လမ်းထဲ ဆိုတော့ ပြောလာတဲ့ ကျော်ဇေယျကို ပြန်မေးလိုက်မိသည်။

“ အေးလေ . . . သူတို့ အမျိုးတွေလား မသိပါဘူး။ ငါတို့ အကြိုနေ့ စပြီး ရေကစားတဲ့ နေ့ကမှ စရောက်လာတာ တွေ့လိုက်တာပဲ။ မင်းတို့က တချိန်လုံး မဏ္ဍပ်မှာ အချိန်ကုန်နေလို့ မသိလိုက်တာ ဖြစ်မယ်။ ”

သူပြောတာ ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ကလည်း အကြိုနေ့ မတိုင်ခင် တစ်ရက်က မဏ္ဍပ်ဆောက်ပြီးကတည်းက အကြိုနေ့ကို ကြိုတဲ့ အနေနဲ့ တစ်ညလုံး မဏ္ဍပ်မှာ အဖွဲ့လိုက် အိပ်လိုက်ကြတာ ဖြစ်သည်။ သောက်လည်း သောက်နေကြသည်ပေါ့။ နောက်နေ့ အကြိုနေ့ကတည်းက ရေကစားသူက ကစား ၊ မူးသူက မူး ၊ ပြဲသူက ပြဲ ၊ ကွဲသူက ကွဲ နဲ့ နေ့လည်စာတောင်မှ အိမ်မှာ ပြန်စားဖြစ်ကြတာ မဟုတ်။ မဏ္ဍပ်နဲ့ နီးရာ ဆိုင်တစ်ဆိုင်ကနေသာ ဝယ်ပြီး ကြုံသလို စားလိုက်ကြတာပဲ ဖြစ်သည်။

သင်္ကြန်ရေနဲ့ သောက်ထားသမျှတွေကြောင့် သိပ်တော့ ဆာလှတယ် မဟုတ်။ ပြီးတော့ ဟိုမှ ဒီမှ ခင်မင်သော အသိအိမ်များမှ လုပ်သော မုန့်လုံးရေပေါ် ၊ ရွှေရင်အေး ၊ တခြားသော မုန့်မျိုးစုံကို သွားယူစားနေတော့မှ ဘယ်လိုလုပ်ပြီး ဗိုက်ကလည်း ဆာတော့မလဲ။

“ ဒါဆို ဒီကောင်တွေ နဲ့ ကိစ္စက တော်တော်နဲ့ ပြီးဦးမှာ မဟုတ်ဘူး။ သူတို့နဲ့ မင်းကလည်း ငြိထားဖူးတယ် မဟုတ်လား။ ”

ကိုသက်က ကျွန်တော့်ကို မေးဆတ်ပြပြီး ပြောလာသည်။ ကျွန်တော် ဘာမှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ ငြိမ်နေလိုက်သည်။ ဆိတ်ဆိတ် နေခြင်းကလည်း ဝန်ခံခြင်း တမျိုးပဲ မဟုတ်လား။ သူတို့နဲ့ ကျွန်တော် ဖြစ်တုန်းကလည်း ကျွန်တော့် အလွန် မဟုတ်။ သင်္ကြန်နားမှာ မွေးပြီး သင်္ကြန်ကို ချစ်သော ကျွန်တော့်အတွက် သင်္ကြန်ရဲ့ အတတ်နေ့ ဆိုတာ ရန်ဖြစ်ရမယ် လို့ ဇာတာမှာများ ရေးထားသလား ထင်ရအောင် သင်္ကြန် အတတ်နေ့ ဆိုရင် ကျွန်တော့်မှာ အမြဲတမ်း ရုံးရောက် ဂတ်ရောက် ဖြစ်တတ်သည်။

မနှစ်က သင်္ကြန်မှာတော့ ဒီလို နှစ်တိုင်းရဲ့ သင်္ကြန် အတတ်နေ့တွေမှာ ရန်ဖြစ်နေရလို့ ရန်မဖြစ်ရအောင် သင်္ကြန်အတတ်နေ့မှာ ကျွန်တော် ဘယ်မှမသွား။ သူငယ်ချင်းတွေ လာခေါ်လို့ လမ်းထိပ်မှာ လုပ်ထားတဲ့ မဏ္ဍပ်ကိုတောင်မှ ခဏပဲ သွားပြီး သူတို့ အလစ်မှာ အိမ်ကို အသာလေး ပြန်လာပြီး အိမ်မှာပဲ ထိုင်ကာ အိမ်ရှေ့က ဖြတ်သွားသူတွေကို ရေလှမ်းပက် ကစားနေသော ကျွန်တော့် ညီမတွေ အစ်မတွေနဲ့ အိမ်နီးနားချင်းတွေကိုပဲ ထိုင်ကြည့်နေမိသည်။ ဒါပေမဲ့ အကုသိုလ်ဆိုတာ ဖိတ်စာ ပါစရာ မလိုဘူး ၊ သူ့ဖာသာ ရောက်လာတတ်တာပါပဲ။

ကိုယ့်အိမ်ရှေ့မှာ ရေကစားပြီး လမ်းကို ဖြတ်သွားတဲ့ လူလောက်ကိုသာ ရေပက်ကစားနေတဲ့ ကျွန်တော့်ရဲ့ အစ်မ ဝမ်းကွဲ နှစ်ယောက်ကို ပြဲကြောင်ကြောင်နဲ့ ဘောင်းဘီအောက်ရှူး ဝတ်ထားတဲ့ ထိုအစာကြေဆေး လုပ်တဲ့ အိမ်က ငကြောင် နှစ်ကောင်က ရေလောင်းချင်တယ် ဆိုပြီး ရိသဲ့သဲ့ ပြောနေတာ မြင်ရသည်။ သင်္ကြန်မှာ အပျိုကို လူပျိုက ရေလောင်းတာ ဆန်းတယ်တော့ မဟုတ်ရပါ။ လောင်းပါစေ ဆိုပြီး လွှတ်ထားပေမဲ့ သူတို့ရဲ့ ဟန်ပန်တွေက သာမာန်ကို ဟန်မဆောင်နိုင်လောက်အောင် ရစ်မူးနေကြ၏။ ဒီတော့ ကိုယ့်အိမ်ရှေ့မှာ ရေကစားနေကြတဲ့ အစ်မနဲ့ ညီမတွေကလည်း သူတို့ သွားပါစေ ဆိုပြီး ရေဆက်မကစားတော့ပဲ ခြံထဲကို ဝင်လာတာ မြင်လိုက်ရသည်။

ဒါပေမဲ့လည်း ထိုနှစ်ယောက်မှာ မပြန်။ ခြံပြင်ကနေ ရေလေး လောင်းယုံပါပဲ အန်တီ ဘာညာဆိုကာ မေမေ့ကို ပြောနေတာ တွေ့ရသည်။ ကျွန်တော် ဘာမှ ဝင်မပြောပါ။ တော်ယုံနဲ့ မပြန်ဘူး ဆိုတာ သိတော့ ဖေဖေက ရေအလောင်းခံလိုက်ပါလို့ ပြောတော့ အစ်မ နှစ်ယောက်က ရေထွက် အလောင်းခံသည်။ တစ်ခွက်နဲ့လည်း မပြီး နှစ်ခွက်နဲ့လည်း မပြီး ၊ လူကြီးရဲ့ စကားကို နားထောင်ပြီး ငြိမ် ရေလောင်းခံနေတာကို ဘယ်လို သဘောပေါက်ကာ ထင်သွားသည် မသိ။ ရေလောင်းရာမှ လက်ပါ လာပြီး ဆံပင်တွေကို ကိုင်သည်ပါ ဖြစ်လာသည်။

ဒီမှာ ကျွန်တော် မနေနိုင်တော့။ ခပ်တည်တည်နဲ့ ထွက်သွားပြီး အစ်မ နှစ်ယောက်ကို အိမ်ထဲ ဝင်တော့လို့ ခပ်ငေါက်ငေါက် ပြောလိုက်မိသည်။ သူတို့ကလည်း နဂိုကတည်းက ဝင်ချင်နေတာ ဆိုတော့ လှစ်ခနဲ ပြေးဝင်သွားတော့ ရေလောင်းက အူကြောင်ကြောင် လုပ်နေသော ငနဲ နှစ်ကောင်က ကြောင်တောင်တောင် ဖြစ်ကာ သူတို့ ရေလောင်းနေသော ကျွန်တော်တို့ ပလတ်စတစ် ရေခွက်ကို ပေါက်ခွဲကာ လမ်းမပေါ်တတ်ပြီး စိန်ခေါ်လေတော့၏။

ရုတ်တရက် ကျွန်တော်တောင်မှ ကြောင်သွားသေးသည်။ ဒီကောင်တွေ ဘာဖြစ်တာလဲပေါ့။ နောက်မှ သူတို့က ကျွန်တော့်ကို မကျေနပ်လို့ စိန်ခေါ်နေတယ် ဆိုတာ သိလိုက်ရတော့ ဒေါသက ဝုန်းခနဲ ဖြစ်ပြီး အမြဲတမ်း အသင့် အချောသပ်ထားတဲ့ လက်စွဲတော်ကို စွဲပြီး လမ်းမပေါ်တတ်ကာ ရိုက်မိတော့သည်။ အမူးသမားကို ရိုက်ရတာ အတွေ့အကြုံ မရှိလည်း အလွန်လွယ်ပါသည်။ သူတို့ ခေါင်းကို ရိုက်မယ် ဆိုကာ ဟန်ပြလိုက်တာနဲ့ သူတို့က လက်နဲ့ ကာပြီးသား ၊ ဒီတော့မှ ကိုယ်က ခေါင်းကို မရိုက်ဘဲ သူတို့ ညိုသကျီးကို ရိုက်လိုက်ယုံမျှသာ။ ညိုသကျီးကို ရိုက်မိပြီ ဆိုတော့မှ ညိုသကျီးကို အုပ်ကိုင်ပြီး ငိုက်ကျလာတဲ့ ခေါင်းကို ရိုက်လိုက်ယုံပါပဲ။

ဘယ်နှစ်ချက်မှ မရိုက်လိုက်ရပါ ၊ သူတို့လည်း အမူးတွေပါ အညာပြန် သွားပုံရသည်။ လေးဘက်ထောက်ကာ ပြေးလေတော့၏။ လူက ဒေါသတွေ ထွက်ပြီး မွှန်နေတာ ဆိုတော့ သူတို့ သွားရာ နောက်ကို လိုက်ရိုက်နေတဲ့ အချိန်မှာပဲ သူငယ်ချင်းတွေ ရောက်လာပြီး သူတို့ခြံထဲကိုပါ လိုက်ရိုက်လိုက်ကြ ၊ အကြမ်းခင်းဆဲ လမ်းမှ ကျောက်ခဲတွေနဲ့ ပစ်ကြ ဖြစ်ကာ အိမ်ရှေ့က တရုတ်ကပ်မှန်တွေလည်း ကွဲ ၊ အိမ်လည်း တစ်ခြမ်း ပြိုမလို ဖြစ်သွားတော့၏။ သူတို့ ခြံထဲမှာလည်း လမ်းခင်းဖို့ အကြမ်းယာထားတဲ့ လိပ်သည်းကျောက်တွေက အနှံ့အပြား ဖြစ်သွားတော့သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အင်အားကလည်း အဲဒီလို ကောင်းသည်။

နောက်တော့ သက်ဆိုင်ရာ မိဘတွေက လာဆွဲသွားလို့ ရန်ပွဲက ပြီးသွားပေမဲ့ အဲဒီအထဲက ထိုအစာကြေဆေး လုပ်တဲ့ အိမ်က အညာသားတွေနဲ့ ကျွန်တော်တို့ သိပ်ပြီးတော့ အစေးမကပ်တော့တာ ဖြစ်သည်။ ဒီနေရာမှာ ကျွန်တော်က အညာသားလို့ ခေါ်တာ နှိမ်ခေါ်တာလည်း မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင်ကိုက အညာသားလို့ သူတို့ဖာသာ နာမည်ပေးကာ ကျေကျေနပ်နပ် ခေါ်ရင်း ဒီလိုပဲ တစ်ရပ်ကွက်လုံးက နှုတ်ကျိုးသွားတာပါ။ ကျွန်တော်တို့မှ မဟုတ်ပါဘူး ၊ တစ်ရပ်ကွက်လုံးကလည်း အညာသားအိမ်ပဲ ခေါ်ကြတာပါ။ အခုတော့ မနှစ်က ရန်ကြွေးလက်ကျန်က ဒီနှစ်မှာ ပြန်စလာပြန်ပြီ။ ပြီးတော့ ရှမ်းလေးနဲ့ ဖြစ်တဲ့ ဒီနေ့က သင်္ကြန် အတတ်နေ့ ဖြစ်နေ၏။

“ ကဲပါကွာ . . . ဖြစ်ပြီးတော့လည်း ဘယ်တတ်နိုင်မလဲ ၊ ကိုယ့်ဖာသာပဲ နေလိုက်တော့ ဒီကောင်တွေနဲ့လည်း သွားမရောနဲ့တော့ ၊ ပြီးတော့ သူတို့လည်း လူသစ်တွေမို့ ထင်တယ်။ အခုလောက်ဆို ဒီကောင်တွေ ငါတို့ အကြောင်း သိလောက်ပါပြီ။ ထားလိုက်ပါတော့ကွာ ၊ နို့မို့ဆို အကျယ်အကျယ် ဖြစ်လာလိမ့်မယ်။ ”

ကိုမိုးကြီးက ပြေရာပြေကြောင်း ပြောနေတုန်း . . .

“ ဟဲ့ ရှမ်းလေး . . . အခု အိမ်ကို ပြန်လာစမ်း ၊ ရောက်ရာ နေရာမှာ ရန်ဖြစ်ဖို့ လောက်ပဲ သိတယ်။ စီခနဲဆို နင့်အသံချည်းပဲ။ ”

အသံလာရာကို ကြည့်လိုက်တော့ ရှမ်းလေးရဲ့ အမေ့ ဒေါ်ဌေးကို တွေ့လိုက်ရသည်။

“ ဟာ . . . အမေကတော့ လုပ်ပြီ။ ကျွန်တော်က ဘာမှ လုပ်တာ မဟုတ်ဘူး။ ကျွန်တော် အေးဆေး မဏ္ဍပ်ထိန်းနေတာ ၊ သူတို့ဖာသာ မူးပြီး မိန်းကလေးတွေကို လာဆွဲနေလို့ ပြောတာ ၊ မရလို့ နည်းနည်းဆုံးမ လိုက်တာ။ ”

“ ဆုံးမရအောင် နင့်က သူတို့ အဖေမို့လား ၊ လာ နင် ပြန်လာတော့။ အခု အိမ်ကို ပြန်လာတော့ ၊ ရောက်လေရာ အရပ်မှာ ရန်ဖြစ်သံချည်းပဲ ကြားနေရပါလား။ မင်းတို့လည်း သိမ်းတော့ နေလည်း မြင့်နေပြီ။ ညနေမှ ပြန်ကစားရင် ကစားတော့။ ”

ကျွန်တော်တို့ အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိ၏။ ခုနက ရန်ပွဲကြောင့် ရေကစားနေတဲ့ ကလေးတွေ ၊ မိန်းကလေးတွေ ရဲ့ မိဘတွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာ လူတွေကို လာပြန်ခေါ်သွားလို့ မဏ္ဍပ်မှာလည်း ကျွန်တော်တို့ သူငယ်ချင်းတွေ လောက်ပဲ ကျန်ပါတော့သည်။ နေ့လည် ၂ နာရီထိုးလုပြီဟု နာရီရဲ့ လက်တံတွေက ညွှန်ပြနေ၏။ တကယ်ဆို အိမ်ကို ပြန်ဖြစ်မည် မဟုတ်ပါ။ ကိုယ့်ဖာသာပဲ မဏ္ဍပ်အောက်က အရိပ်မှာ အရက်သောက်နေကြမည်။ တရေးတမော အိပ်နေကြမည်။ ဒီလိုပဲ စီစဉ်ထားတာ။

“ လာ  . . . . အားလုံး လိုက်ခဲ့ကြ ၊ မင်းတို့ အားလုံး စားဖို့ အန်တီ ထမင်းနဲ့ ဟင်းတွေ ချက်နေတာ ၊ ချက်လို့ ပြီးမယ်ပဲ ရှိသေး ၊ လမ်းထိပ်မှာ ရှမ်းလေး ရန်ဖြစ်နေတယ် ဆိုလို့ ပြေးလာတာ . . . ”

“ ဟာ . . . အမေကလည်း ရန်ဖြစ်တာ မဟုတ်ပါဘူးဆိုနေမှ ၊ သူတို့ လာ မူးရမ်းနေလို့ ဆုံးမတာပါဆို . . ”

“ တော် . . .ဘာမှ မပြောနဲ့ ၊ လာ အားလုံး လိုက်ခဲ့ကြ ”

ကျွန်တော်တို့ ဘာမှ မပြောဘဲ အသာတကြည် ခေါင်းဆတ်ပြကာ ရှမ်းလေးတို့ အိမ်ကို လိုက်သွားဖို့ ပြင်ကြသည်။ မဏ္ဍပ်မှာတော့ အိမ်နားမှ လူကြီး ၃ ၊ ၄ ယောက်ကို အရက်ဝိုင်းတွေဖြင့် ထားခဲ့မည်။ ကျွန်တော်တို့ကတော့ နေမြင့်နေချိန် ခဏ ရှမ်းလေးတို့ အိမ်မှာ သူ့အမေ ချက်ထားတာတွေ စားသောက်ကာ တရေးတမော အိပ်ပြီး နားကြမည် ဟု အားလုံးက သဘောတူလိုက်သည်။ သဘောမတူ မဖြစ်သော ကိစ္စ တစ်ရပ်ကလည်း အသာအယာ ရှိနေ၏။ ဒါကတော့ ရှမ်းလေး အမေမှာ မပြင်းထန်လှသော်လည်း သိသာသော နှလုံးရောဂါက ခပ်မိန့်မိန့်ကြီး ရှိနေ၏။



ရှမ်းလေးတို့ အိမ်ရောက်တော့လည်း ခုနက ရန်ဖြစ်တယ် ဆိုတဲ့ စိတ်တွေ ဘယ်ကို ရောက်လို့ ရောက်သွားမှန်း မသိ။ ရှမ်လေး အမေ ချက်ထားသော ထမင်းနဲ့ ဟင်းကို အလုအယက် စားကြတာ အတော်ကို ပျော်ဖို့ ကောင်းပါသည်။ ဝက်သားနဲ့ မျှစ်ချဉ် ၊ ပုန်းရည်ကြီးသုတ် ၊ ငါးပိထောင်း ၊ ဗလချောင်ကြော် ဒါတွေနဲ့တင် သင်္ကြန်တွင်း တစ်ခုလုံး ဖြစ်သလို စားနေသော ကျွန်တော်တို့ အတွက် နတ်သုဒ္ဓါ တမျှပင် ဖြစ်စေသည်။

“ မဟုတ်ပါဘူး ဆို . . . ဒါပဲ ထပ်ခါ ထပ်ခါ ပြောနေတယ် အမေရာ။ သူတို့က လာမူးရမ်းတာပါ ဆိုနေမှ . . ”

ကျွန်တော်တို့ ထမင်းစားနေချိန်ထိအောင် ရှမ်းလေးကို သူ့အမေက ဆူလို့ မပြီး။ ဒါကို ပြန်ဖြေရှင်းနေသော ရှမ်းလေး အသံကလည်း တစ်ချက်တစ်ချက် အိမ်ပေါ်မှ ထွက်လာတုန်း။ ထမင်းစားနေရင်း ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြရင်း ရှမ်းလေးရဲ့ အဖြစ်ကို ရယ်မိကြသည်။ ခဏနေတော့ ရှမ်းလေး အမေက အိမ်ပေါ်ထပ်မှ ဆင်းလာကာ မေး၏။

“ ဘယ်လိုလဲ စားကောင်းရဲ့လား ၊ အားမနာကြနဲ့ အကုန်သာ စားနော်။ ”

“ စားကောင်းတာပေါ့ အန်တီရာ ကျွန်တော်တို့က ရေဆော့နေတာနဲ့ ထမင်းကို ကောင်းကောင်းမှ မစားဖြစ်တာ  . . . . ”

“ ရေဆော့တာ မဟုတ်ပါဘူး။ အန်တီ မင်းတို့ မဏ္ဍပ် လာကြည့်ရင်တော့ မင်းတို့ သောက်နေတာပဲ တွေ့တာပဲ ၊ ရေဆော့နေတာ တစ်ခါမှကို မတွေ့ဘူး။ ”

“ အဟီး . . . ဒါကတော့ အန်တီရယ် ၊ သင်္ကြန် ဆိုတာ ရေနဲ့ ဆိုတော့ အေးတယ် မဟုတ်လား။ အအေးဒဏ် ခံနိုင်အောင်ပါ။ ”

“ တော်ပါကွယ်. . . ဆင်ခြေတွေပါ။ မင်းတို့ သူငယ်ချင်း ရှမ်းလေးကိုလည်း ကြည့်ပြောကြဦး။ အခု နောက်ပိုင်း ဘယ်လိုမှကို ပြောလို့ မရဘူး။ ဆိုးလာချက်ကလည်း အော့ကြောကို လန်နေတာပဲ။ ”

“  - - - - -  -- - ”

တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိကြသည်။ ဒီလူနဲ့ ဒီလူ ဘယ်လိုလုပ်ပြီး သွားပြောမည်မလဲ။ နဂိုကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားတွေ အတင်ခံချင်ကြတာမှ မဟုတ်တာ။ သူငယ်ချင်းတွေ အချင်းချင်း ပြောမနာ ဆိုမနာ ဆိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆရာလုပ်စရာမှ မဟုတ်တာ။

“ ကဲ . . ကဲ  . .  စားကြ။ ပြီးရင် တရေးတမော အိပ်လေ။ အန်တီလည်း အိပ်လိုက်ဦးမယ်။ နေပူနေတယ် ဘယ်မှတော့ မသွားကြနဲ့။ ”

ပြောလည်း ပြော ၊ အိပ်ဖို့လည်း အိမ်အောက်ထပ်က ကြမ်းခင်းပေါ်မှာ သင်ဖြူးဖျာလေး ခင်းပြီး ခေါင်းအုံးပျော့လေးနဲ့ အိပ်ဖို့ ပြင်နေလေသည်။ ကျွန်တော်တို့ကလည်း ရက်များစွာ တစ်နေလုံး သောက်စား ထားပြီး ထမင်းက နပ်မမှန်လေတော့ အခုလို ကောင်းကောင်းလေး စားလိုက်ရတော့ အိမ်ဘေးမှာ ၊ အိမ်အောက်မှာ ၊ အိမ်ရှေ့မှာ ဖျာကြမ်းတွေနဲ့ အားလုံး အတုံး အရုံးလှဲကာ အိပ်နေကြ၏။ သင်္ကြန်ရဲ့ နေ့လယ်ခင်းကလည်း ဗိုက်တင်းတင်းနဲ့ ပင်ပန်းမှုတွေကြောင့် ဘယ်လို အိပ်ပျော်မှန်း မသိအောင် အိပ်ပျော်သွားကြသည်။



ခေါ်သံ ၊ စကားပြောသံ တချို့က အိပ်မက်လိုလို ၊ တကယ်လိုလိုနဲ့ ဝိုးတဝါး ကြားနေရ၏။ သေသေချာချာလည်း နားမထောင်ဖြစ်ပါ။ ညနေ မစောင်းသေးဘူး ဆိုတာ သိနေသော စိတ်ကြောင့် အသာအယာပြန်ပြီး မှေးနေမိသည်။ နွေနေပူမှာ အရိပ်ကောင်းသော နေရာ၌ စားကောင်းသောက်ဖွယ်များကို ဗိုက်ကားအောင် စားပြီး အိပ်ရသော အရသာမှာ တော်တော် ကောင်းမှန်း ပထမဦးဆုံး အကြိမ် သိရခြင်းပါပဲ။

“ ကိုဆွေဦး ရှိလား မသိဘူး။ ”

ခပ်အုပ်အုပ် အမေးသံကို ကြားလိုက်ရ၏။ ကိုဆွေဦး ဆိုတာ ရှမ်းလေးရဲ့ အထက်က အစ်ကို ဖြစ်၏။ သူတို့နဲ့ ပတ်သတ်တဲ့ လူတွေ လာတာ ငါနဲ့ မဆိုင်ဘူး ဆိုပြီး ကျွန်တော်တို့ ခပ်တည်တည်ပင် ပြန်နှပ်နေမိသည်။

“ ဘာကိစ္စ ရှိလို့လဲ ”

ရှမ်းလေးရဲ့ အမေးသံက သူ့အမေကို တင်းနေသော အသံရောပါက ခပ်ပြတ်ပြတ်ဖြစ်နေသည်။

“ ဟို . . . ညက ဂစ်တာတီးပြီးတော့ ကျန်ခဲ့တဲ့ သီချင်းစာအုပ်တွေ လာပြန်ပေးတာပါ။ ”

သြော် . . ဒါဆို ငါတို့နဲ့ ဘာမှတောင်မှ ပိုမဆိုင်သေးတယ် ဆိုပြီး တရေးလောက် ထပ်ရအောင် မှေးနေမိ၏။ ကိုဆွေဦးက ဂစ်တာ အတီးကောင်းတော့ နေရာတကာမှာ ပွဲကျနေတတ်သည်။ ပြီးတော့ သူက ရော့ခ် ၊ အော်တာ ၊ အညာ ၊ တော ၊ ရှေးသီချင်း အကုန်ရသည်။ ဖြစ်မြောက်အောင်ကို တီးတတ်သည်။ ဒါကြောင့် ရောက်လေရာမှာ ဂစ်တာတစ်လက်နဲ့ အတော်ကို မျက်နှာပွင့်ရသူ ဖြစ်၏။

“ ဘယ်သူလဲ ရှမ်းလေး . . . ”

ရှမ်းလေး အမေ နိုးလာပုံ ရ၏။ လှဲနေရာမှ မထသေးဘဲ ရှမ်းလေးကို လှမ်းမေး၏။

“ ဟိုအိမ်က အမေ။ ကိုလေး ဂစ်တာ သွားတီးရင်း ကျန်ခဲ့တဲ့ သီချင်း စာအုပ် လာပေးတာလို့ ပြောတာပဲ။ ”

ရှမ်းလေး အမေက ခေါင်းထောင်ကြည့်ပြီး . . .

“ နေနေ ဒါဆို အမေပဲ ထယူလိုက်တော့မယ်။ ”

“ ရပါတယ် အမေ့ဖာသာ လှဲနေပါ။ သီချင်းစာအုပ်လေး ယူတာပဲ ပြဿနာ မရှိပါဘူး ၊ သားဖာသာ ယူထားလိုက်ပါ့မယ်။ ”

ပြောလည်း ပြော အိမ်ပေါ်ထပ် လှေကားကနေ ဆင်းလာပြီး သီချင်းစာအုပ် လာပေးတဲ့ လူဆီကို လျှောက်လာသည်။ အိမ်ဘေးမှာ ကျွန်တော်တို့က အိပ်နေတဲ့ အတွက် သီချင်းစာအုပ်ကို လာပေးတဲ့ လူရဲ့ မျက်နှာကို မမြင်ရပါ။

“ ဘယ်သူလဲ မသိဘူး ”

လို့ ဝင်းထွန်းက အိပ်နေရာ ဒီဘက်မှ ဟိုဘက်ကို ပြောင်းစောင်းရင်း လှမ်းမေး၏။ ကျွန်တော့် နေရာကတော့ လုံးဝ မမြင်ရပါ။ မြင်နိုင်သော လူက ထထိုင်ကြည့်ပြီး . . .

“ အစာကြေဆေး လုပ်တဲ့ အိမ်က အညာသားကွ ၊ ဟိုနှစ်က ကိုဇော်နဲ့ ဖြစ်တဲ့ ကောင်လေကွာ။ မနက်က ဖြစ်တဲ့ ကောင်တွေရဲ့ အမျိုး ထင်တယ်။ ”

“ ဟင် . . . ဟုတ်လား ”

ဆိုပြီး ကျွန်တော် အပါအဝင် အားလုံး လှဲအိပ်နေရာမှ ခေါင်းထောင် ကြည့်လိုက်တော့ ထိုလူ့လက်ထဲမှာ သီချင်းစာအုပ်ကို ရှမ်းလေးက လှမ်းယူပြီး အိပ်ပေါ်ကို ပြန်တတ်ရန် လှည့်ထွက်သည်။ ဒီလို သူ့ကို နောက်ကျော အပေးမှာ သူက သူ့နောက်ခါးကြားထဲကို လက်ကို လျှိုနှိက်လိုက်ကာ ပြန်ထုတ်လာတော့ လက်ထဲမှာ ဓါးတို တစ်ချောင်းကို မြင်လိုက်ရ၏။ သူ့ကို နောက်ကြောပေးထားသောကြောင့် ရှမ်းလေးကတော့ လုံးဝ မမြင် ၊ မသိပေ။ ကျွန်တော်တို့ အားလုံး လှမ်းမြင်လိုက်ကြသော်လည်း ရုတ်တရက်ဆိုတော့ ဘယ်သူ့မှ မထင်မိကြ။ ကျွန်တော်တို့လိုပဲ ရှမ်းလေး နောက်ကြောမှာ ဓါးကိုင်ကာ ရှမ်းလေးကို ထိုးဖို့ ပြင်နေတာကို မြင်လိုက်သူ နောက်တစ်ယောက်လည်း ရှိသေးသည်။

သူကတော့ ရှမ်းလေးရဲ့ အမေ . . . .

“ သား . . . ရှမ်းလေး ၊ မင်းနောက်မှာ ဓါးနဲ့. . . . အမလေး . . . လုပ်ကြပါဦး။ ”

သူ့အမေရဲ့ အော်သံက အဖြစ်အပျက် သုံးခုကို အော်သံ တစ်ခုတည်းနဲ့ တဆက်တည်း ဖော်ပြသွား၏။ ထိုလူ ဓါးထုတ်တာ ၊ ရှမ်းလေးကို လှမ်းသတိပေးတာ ၊ ရှမ်းလေးက လှည့်အကြည့်မှာ ဟိုလူထိုးလိုက်သော ဓါးက ရှမ်းလေး နံကြားထဲကို ဝင်သွားတာ ၊ ဒီအဖြစ်အပျက်တွေ အားလုံးကို မြင်လိုက်ရသော်လည်း ကျွန်တော်တို့မှာ ရုတ်တရက် ဆိုတော့ ကြောင်ငေးနေမိသည်။

“ အမလေး လုပ်ကြပါဦး ”

ရှမ်းလေး အမေရဲ့ အသံက ထပ်ထွက်လာ၏။ ပြီးတော့ သူ အိပ်နေရာမှ ထထိုင် ၊ ထထိုင်နေရာမှ မတ်တပ် ရပ်ကာ ရှမ်းလေး ဆီကို အပြေးလာ၏။ ရှမ်းလေးက သူ့အမေ သူ့ဆီကို ပြေးလာတာ မြင်တော့ ဓါးနဲ့ အထိုးခံနေရာကနေ လှမ်းအော်သည်။

“ အမေ  . . . မလာနဲ့ ၊ မလာနဲ့။ ”

သူက နောက်ကို လှည့်ကာ အအော် ၊ ဟိုတစ်ဘက်လူကို ပိုပြီး အခွင့်အရေး ပေးသလို ဖြစ်ကာ ဟိုက သူ့ကို နောက်ထပ် ဓါးချက်ပေါင်းများစွာဖြင့် နံကြားထဲ ၊ ဗိုက်ထဲကို ဆက်ကာ ဆက်ကာ ထိုးတော့သည်။

အဖြစ်အပျက်က မှတ်ထင် မထားသောကြောင့် လွန်စွာမှ မြန်လှ၏။ ရုတ်တရက် ကြောင်ငေးကာ ကြည့်နေသော ကျွန်တော်တို့တွေ သတိဝင်လာတော့ ရှမ်းလေးကို ၇ ချက်လောက် ဆက်ကာ ထိုးမိသွားပြီ။ ရှမ်းလေးနားကို သူ့အမေ ရောက်တော့ ကျွန်တော်တို့ မတ်တပ် ထရပ်မိကာ ဒီလူ့နောက်ကို လိုက်တော့ သူက လက်ထဲက ဓါးကို ဝေ့ရမ်းကာ အရှေ့က လူတွေကို ရမ်းကားပြီး ထွက်ပြေးလေတော့သည်။ ကျွန်တော်တို့ အားလုံး လမ်းပေါ်ကို ရောက်တော့ သူက ဓါတ်တိုင် ၃ တိုင်စာလောက် ဝေးနေပြီ။

“ ရှမ်းလေး . . . . အမလေး . . .သား . . . .”

ရှမ်းလေး အမေရဲ့ အသံကို ကြားတော့ ပြေးလိုက်နေတဲ့ လူတွေ ရပ်သွားပြီး ရှမ်းလေးဆီကို ပြန်ပြေးလာကာ ကြည့်မိသည်။ တစွတ်စွတ် နဲ့ နောက်ကြောက ထိုးသွားသောကြောင့် ဓါးဒဏ်ရာက ၇ ချက် ထိထိမိမိ ရှိသည်။ အားလုံး ပြာသွားကြသည်။ ကားခေါ်သူက ပြေးခေါ် ၊ ရှမ်းလေး ဒဏ်ရာတွေမှ သွေးသိပ်မထွက်အောင် အဝတ်တွေနဲ့ ဖိထားသူက ဖိ ၊ ရှမ်းလေး အမေကို နှစ်သိမ့်သူက နှစ်သိမ့်။ ဒါပေမဲ့ ရှမ်းလေးက သူ့အမေလက်ကို လှမ်းကိုင်ရင်း ခပ်ယဲ့ယဲ့ပြုံးသည်။

“ သား ဘာမှ မဖြစ်ဘူး အမေ ၊ ဘာမှ မစိုးရိမ်နဲ့။ နည်းနည်းလေး . . . အဟွတ် . .အဟွတ် . . ”

သူကသာ နည်းတယ် ပြောနေတာ . . . သူ့ပါးစပ်ကပါ သွေးတွေက ပွက်ခနဲ ပွက်ခနဲ ထွက်လာသည်။ ရှမ်းလေးကို ကြည့်ရတာ သူ့ထက် သူ့အမေကို ပိုပြီးတော့ စိုးရိမ်ပုံ ရသည်။ တဆတ်ဆတ် တုန်နေတဲ့ လက်နဲ့ သူ့အမေကို ကိုင်ထားရင်းနဲ့ သူ့အမေကို ခေါ်သွားဖို့ မျက်စက ပစ်နေသေးသည်။ ဘယ်ကနေ ဘယ်လို ခေါ်လာလဲ မသိသော ဒက်ဆန်း ကားတစ်စီးရောက်လာ၏။ ရောက်တယ် ဆိုတာနဲ့ ကျွန်တော်တို့ အားလုံး ရှမ်းလေးကို ပွေ့ပြီး တင်ကြသည်။ ပြီးတော့ ဆေးရုံကို ချက်ချင်း မောင်းကြသည်။

အဲဒီနေရာမှာ ကျွန်တော် ဘယ်တော့မှ မမေ့နိုင်သော . . .  ပြီးတော့ နားမလည်နိုင်သော ဖြစ်ရပ် တစ်ခုကို ကြုံခဲ့ရပါသည်။ မြို့နယ် ဆေးရုံကို ရောက်တော့ ဆေးရုံက ဆရာဝန်တွေက ဘာဖြစ်လာတာလဲ ဆိုပြီး မေးသည်။ ကျွန်တော်တို့လည်း လိမ်စရာ မလိုသောကြောင့် အမှန် အတိုင်း ဖြေလိုက်ပါသည်။ ဒီတော့ သူတို့ ဒီလို ရန်ဖြစ်ပြီး ဓါးထိုးခံရတာ ဆိုရင် သူတို့ ကုသလို့ မရဘူးတဲ့။ ဆေးရုံကြီးကို သွားပါ ဆိုပဲ။ ဒီလို အဖြစ်အပျက်က သူတို့ အမှုပတ်လာနိုင်တယ် ဟု ဆိုသည်။

ကျွန်တော် တကယ်ကို နားမလည်ပါ။ သေလုမျောပါး ဖြစ်နေသော လူနာတစ်ယောက်ရဲ့ အသက်ကို မကယ်ဘဲ ၊ ဟိုကို လွှဲ ၊ ဒီကို လွှဲနဲ့ ဘာလို့များ အချိန်ဖြုန်းရတာလဲ ဆိုတာ အခုထိ ကျွန်တော် သဘောမပေါက်ခဲ့ပါ။ ဒီလူကို ဓါးနဲ့ ထိုးတာ ဒီဆရာဝန် မဟုတ်မှန်း အားလုံးက သိနေကြတာပဲလေ။ ဒါပေမဲ့ သူတို့ မကယ်နိုင်ပါဘူးတဲ့။ ဒါနဲ့ပဲ ဆေးရုံကားပေါ်ပြောင်းပြီး ရန်ကုန် ဆေးရုံကြီးကို ဒလကြမ်း မောင်းရတော့သည်။ ဒါပေမဲ့ ကံဆိုးစွာပဲ လမ်းမှာတင် သွေးထွက်လွန်ကာ ရှမ်းလေး ဆုံးသွားပါတော့သည်။ ဓါးထိုးခံထားရတဲ့ အချက်ပေါင်းကလည်း ၇ ချက်တောင် ၊ ပြီးတော့ အထိုးခံရတဲ့ နေရာတွေကလည်း သေကွင်း သေကွက်တွေချည်းပဲလို့ ဆို၏။

ဒါတောင်မှ ရသလောက်လေး အသက်ကို မကယ်တင်ဘဲနဲ့ ဟိုက ဆေးရုံကို သွားမှ ဆိုပြီး လက်လွှဲရက်သော ဆရာဝန်များကိုလည်း ကျွန်တော် ခုထိ နားမလည်နိုင်သေးပါ။ သူတို့ရဲ့ အမှုပတ်မှာ စိုးလို့ ဆိုလား ၊ ပြဿနာ တတ်မှာ စိုးလို့ ဆိုလား ၊ ဘာကြောင့်မှန်း မသိတဲ့ ဆင်ခြေကြောင့် ရန်ကုန်ဆေးရုံကြီးကို မရောက်ခင်မှာဘဲ ရှမ်းလေး တစ်ယောက် အသက်ထွက်သွားရရှာတော့သည်။

ရှမ်းလေး ဆုံးတဲ့ ရက်က မြန်မာနှစ် တစ်နှစ်ရဲ့ နောက်ဆုံးရက် ဆိုတော့ နောက်နေ့ နှစ်သစ်ကို မကူးကောင်းဘူး ဆိုကာ အသုဘကို ချက်ချင်းချဖို့ ပြင်ဆင်ရပြန်တော့သည်။ တကယ်လို့ နောက်နှစ်ကို ကူးသွားရင် ရွာနာတယ် လို့ ဆိုကြပြန်သည်။ ရွာက ဘယ်နေရာက နာသွားတာလည်းတော့ ကျွန်တော် မသိပေမဲ့ ရပ်ကွက်ထဲက လူကြီးတွေ ပြောတဲ့ အတိုင်း အလျင်အမြန် ရှမ်းလေး အသုဘ ကို ကျင်းပလိုက်ရလေတော့သည်။

ကျွန်တော်တို့ အားလုံး အတွက် အဖြစ်အပျက်က လွန်စွာမှပဲ မြန်ဆန်လှပါသည်။ မနက်ကတင် ကျွန်တော်တို့နဲ့ အတူတူ ရေကစားနေသော ရှမ်းလေး ၊ မဏ္ဍပ်ကို အလှည့်ကျ ထိန်းနေသော ရှမ်းလေး ၊ အညာသား အဖွဲ့နဲ့ ရန်ဖြစ်ခဲ့သော ရှမ်းလေး ၊ ကျွန်တော်တို့နဲ့ အရက် အတူတူ သောက်ထားသော ရှမ်းလေး ၊ သူ့အမေကို သူ့ကြောင့် စိတ်ပူပြီး ကျန်ခဲ့ရမှာ စိုးလို့ သားဆိုးပဲ ဖြစ်ချင်တဲ့ ရှမ်းလေး ၊ နေ့လည်မှာတောင်မှ ထမင်းစားရင်း သူ့အမေနဲ့ စကားများနေတဲ့ ရှမ်းလေး ၊ အရပ်ကလန်ကလားနဲ့ အိမ်ပေါ်က ဆင်းလာတဲ့ ရှမ်းလေး  . . . . . ကျွန်တော်တို့ အားလုံးရဲ့ သူငယ်ချင်း ရှမ်းလေး ရုတ်တရက်ကို မရှိတော့ပါဘူး။

မနက်က အတူတူ ရှိနေပြီး ညနေကျတော့ သူ့ရဲ့အသုဘကို အမြန်ကျင်းပကာ သဂြိုဟ်လိုက်ရသောကြောင့် ရှမ်းလေး ဆိုတဲ့ ကျွန်တော်တို့ သူငယ်ချင်းက သေဆုံးသွားတယ် ဆိုတာကို ကျွန်တော်တို့ လက်မခံနိုင်သေးဘဲ လမ်းထိပ်ကိုပဲ သွားသလိုလို မြို့ထဲပဲ သွားသလိုလို ကြောင်တောင်တောင် ဖြစ်နေခဲ့ရပါသည်။ ရှမ်းလေး အမေကလည်း သူ့သား သူ့ကို ကာကွယ်ဖို့ နောက်ပြန်လှည့်ရင်း ဖြစ်တာ ဟု ဆိုကာ ဖြေမဆည်နိုင်အောင် ဖြစ်နေလေတော့သည်။



ရဲစခန်းကလည်း တရားခံ ဖြစ်သော အညာသားကို လိုက်ဖမ်းနေသလို အဲဒီနေ့ညမှာတင် ကျွန်တော် ရှမ်းလေး အိမ်မှာ နေပြီး သူ့အမေကို နှစ်သိမ့်နေစဉ်မှာပဲ ၊ တခြားသော သူငယ်ချင်းတွေက အညာသားတို့ အိမ်ကို ဝင်ပြီး တစ်အိမ်သားလုံးကို ရိုက်ကြ နှက်ကြ ဖြစ်သေး၏။ ဒီအညာသား အိမ်မှာ မိသားစု ဆိုလို့ သူတို့ ညီအစ်ကို ၃ ယောက်နဲ့ အစ်မအကြီးဆုံး တစ်ယောက်သာ ရှိပါသည်။ ဒါပေမဲ့ အခု သင်္ကြန်တွင်းမှာ ဧည့်သည် အဖြစ် ရောက်လာတဲ့ နောက်တိုး ၄ ယောက်ကြောင့်သာ လူများနေတာ ဖြစ်၏။ ဒါပေမဲ့လည်း လူအင်အားတောင့်ပြီး ဒေါသတွေ ထွက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေကတော့ သူတို့ အိမ်ပေါ်ကို တတ်ပြီး တွေ့သမျှ ရိုက်နှက်ကြတာ သူတို့ လူတွေ အားလုံး ဆင်းပြေးရတဲ့ အထိပါပဲ။

တစ်ရပ်ကွက်လုံးကလည်း ကျွန်တော်တို့ အားလုံးကို ခင်မင်မှု ၊  မဏ္ဍပ်မှာ ဖြစ်ရတဲ့ အဖြစ်အပျက် ၊ ရှမ်းလေး သေဆုံးရတဲ့ ကိစ္စတွေကြောင့် သူတို့ အားလုံးကို မျက်မုန်း အတော်ကို ကျိုးနေကြပါသည်။ နောက်တော့ သူတို့လည်း ဒီအိမ်ကို ပိတ်ထားပြီးတော့ တခြားကို ပြောင်းသွားကြသည်။
ကျွန်တော်တို့ နှစ်စဉ် မဏ္ဍပ်တွေ ထိုးမြဲဖြစ်၏။ သို့သော် ရပ်ကွက်ရုံးကတော့ ကျွန်တော်တို့ တွေရဲ့ မဏ္ဍပ်ကို တာဝန်ခံ ဆိုကာ သုံးယောက်ကို လက်မှတ်ထိုးခိုင်း၏။ တစ်ခုခု ဖြစ်ရင် ဒီတာဝန်ခံတွေကို အရေးယူကြသည်။ ကျွန်တော်တို့ကလည်း နှစ်စဉ် ကျင်းပနေဆဲ ဖြစ်ပြီး မဏ္ဍပ်မှာ အေးအေးဆေးဆေး ရေကစားနေတဲ့ လူတွေကို အူကြောင်ကျား လာလုပ်သူတွေကို ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ် လိုက်လေ့ ရှိသည်။  

ပြီးတော့ . . .

ဒီအချိန်က စပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ အင်္ကြန်ရဲ့ အတတ်နေ့ဆိုတာ ရန်ဖြစ်ရမဲ့ နေ့ တစ်နေ့လို့ သတ်မှတ်ထားသလို ဖြစ်ခဲ့ရပါတော့သည်။ သင်္ကြန်ရဲ နောက်ဆုံးနေ့ရက် အတတ်နေ့ပြီးရင် မဏ္ဍပ်မှာလည်း တိတ်ဆိတ်ပြီး တာဝန်ခံတွေကလည်း ထိုက်သင့်သလို အပြစ်ကျခံကြရတာ များခဲ့ပါသည်။



အခုတော့ အသက်အရွယ်ကပဲ စကားပြောလာတာလား မသိပါ။ ဟိုးအရင်ကတည်းက သူများတွေ အရက်မူးပြီး ကရင်တောင်မှ မကတတ်တဲ့ ကျွန်တော်က ပိုလို့တောင်မှ သင်္ကြန်ကို ဝင်ကစားဖို့ ရှောင်ကာ အသာတကြည်ပဲ ထိုင်ကြည့်နေမိပါတော့သည်။ ပြီးတော့ သင်္ကြန်ရဲ့ အတတ်နေ့ ရောက်လာပြီ ဆိုရင် သတိကြီးစွာ ထားပြီး နေခဲ့ပါတော့သည်။ ရန်လည်း မဖြစ်ချင်တော့ပါ။

အခုလို သင်္ကြန် အတတ်နေ့ ၊ အခုလို သင်္ကြန်ရေ ၊ အခုလို ပိတောက်တွေ ထိန်ထိန်ဝေနေအောင် ပွင့်ပြီးတော့ မွှေးပျံ့ကာ ကျန်နေခဲ့တဲ့ ပိတောက်ငွေ့လေးတွေ ကြားထဲမှာ ကျွန်တော့်မှာ ကျွန်တော့် သူငယ်ချင်း ရှမ်းလေးနဲ့ ပတ်သတ်သော ကြေကွဲဖွယ် ဇာတ်လမ်း တစ်ပုဒ် ရှိနေခဲ့ဖူးပါသည်။

ဒီလိုပဲ ကမ္ဘာ့အနှံ့မှာ ရောက်နေသော ကျွန်တော်တို့ သူငယ်ချင်း အားလုံးရဲ့ စိတ်ထဲမှာလည်း သင်္ကြန်ဆိုတာကို ရောက်တိုင်း လမ်းကို ပိတ်ပြီး နှစ်စဉ် ထိုးခဲ့သော သင်္ကြန်မဏ္ဍပ်ကို လည်းကောင်း ၊ အော်ဟစ် ပျော်ရွှင်ခဲ့ကြသော ပျော်စရာ သင်္ကြန်များကို လည်းကောင်း ၊  ပျော်စရာ သင်္ကြန်များထဲမှ ကြေကွဲဖွယ်ရာ သင်္ကြန် အတတ်နေ့နဲ့ ရှမ်းလေး ဆိုသော သူငယ်ချင်း တစ်ယောက် အကြောင်းကို လည်းကောင်း ၊ သူ ပြောခဲ့တဲ့ သူ ရုတ်တရက် သေသွားရင်တောင်မှ မိဘတွေ သိပ်မခံစားရအောင် သားဆိုးပဲ ဖြစ်ချင်တယ် ဆိုတဲ့ စကားကို လည်းကောင်း ကျွန်တော်တို့ အားလုံး ဒီ သင်္ကြန်ရေ ၊ ပိတောက်ငွေ့နဲ့ အတူ အမြဲတမ်း သတိရနေမှာပါ။

မြန်မာ့ရိုးရာ သင်္ကြန်မှာ ပျော်ရွှင်စရာ အတိပြီးပြီး ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေ လုံးဝ မဖြစ်စေ ချင်တော့ပါဘူး။ သင်္ကြန်ရေ နဲ့ လန်းဆန်းပြီး ၊ ပိတောက်ငွေ့နဲ့ တတ်ကြွနိုင်ကြသူတွေသာ ဖြစ်စေချင်ပါတယ်။

မှတ်ချက်။  ။ ရှမ်းလေးကို ဓါးနဲ့ ထိုးသွားသူကို နောက်ထပ် သုံးရက် မြောက်တဲ့ နေ့မှာ သူတို့ အညာမှာ သွားဖမ်းမိခဲ့ပြီးတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံရပြီး ထောင်ကျသွားပါတယ်။


လေးစားစွာဖြင့်
ကိုဇော်
16.4.2011

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ (လူသားအားလုံးအတွက်) said...

ရှမ်းလေးရဲ့ ဒိုင်ကလဲ တစ်မျိုးလေးတော့...၊


အဲဒါကြောင့် တစ်ဖက်သတ်ပြောတာပေါ့ သင်္ကြန်ဆိုတာ မကောင်းပါဘူးဆို ။

ဘာပဲဖြစ်ဖြစ်ပါ အမူးသမား ရိုက်နည်းလေး မှတ်သွားတယ်...။ သိပ်မူးနေတဲ့ ကောင်ဆို တွယ် မကောင်ဘူး မူးဆတ်ဆတ်နဲ့ ကောင်မျိုးကို တွယ်ချင်တာ။

အင်္ဂါဟူး said...

အဲဒီ လို ဆေးရုံကြီးကိုပို့ ခိုင်းရင် လမ်းမှာ သေတဲ့ လူနာတွေက ပုသိမ်မှာ 1985 ခုနှစ်ကနေ စပြီး ရေတွက်ရင် မနေ့ကအထိ ဆို 5628 ယောက်တောင် ရှိပြီ ကိုဇော်ရေ။ ကျွန်တော်လဲ အခုထိ နားကို မလည်သေးတာ။

ရွာနာတာကိုတော့ ရွာသူ ရိုက်လို့ နာတယ် မှတ်တာပဲ။

အဖြူရောင်နတ်သမီး said...

သင်္ကြန်မှာ အရက်သောက်ရမယ်လို့ ဘယ်သူက “စ”လိုက်သလဲမသိပါဘူး..။
မူးကြ..ရူးကြမှတော့ “ချ” ကြပြီပေါ့..။
တဖြည်းဖြည်းနဲ့ မြန်မာ့ယဉ်ကျေးမှု ပျောက်ပျက်မှာတော့ စိုးရိမ်သားလား။

မှတ်မိနေပါသေးတယ်..
သင်္ကြန်တွင်းကြီး နတ်သမီးရဲ့ဖေဖေ အသဲအသန်ဖြစ်လို့ အရေးပေါ်ဌါနကိုပို့တဲ့အချိန်မှာ မူးရူးပြီးရန်ဖြစ်ကြလို့ သွေးရဲရဲ သံရဲရဲနဲ့ အရေးပေါ်ဌါနမှာ လူစည်နေတာကို ပြန်သတိရမိပါရဲ့..။

တကယ်ပါ...
သင်္ကြန်ဆိုတာ ကျမအတွက်တော့ ...အိပ်မက်ဆိုးတစ်ခုပါပဲ...
း(

aung zin said...

ဆိုးတဲ့သားတွေကို မိဘတွေက ပိုစိတ်မချဖြင့်တယ်... ၉၂ လောက်က ဆောင်းတွင်းမှာ စားအုန်းဆီနဲ့ချက်ထားတဲ့ ဝက်သားကိုစား၇င် အဆီပိတ်ပြီး အသက်ရူမရတဲ့ လူနာကို ရန်ကုန်ဆေးရုံကြီးကိုပို့ တော့ ဆေးရုံကြီးကဒီနေ့လူနာလက်ခံရက်က ဂျပန်ဆေးရုံ ဖြင့်တဲ့အတွက် ဂျပန်ဆေးရုံသွားတဲ့ ၊ ဂျပန်ဆေးရုံရောက်လူနာလဲ သေ.ဘယ်လိုနားလည်းရမှန်မသိဘူးးး

moekhar said...

ဟူးးးး
ဖတ်ပြီး ရှမ်းလေးအစား ရင်နာလိုက်တာ

ခုနောက်ပိုင်း သင်္ကြန်ဆိုရင် အပြစ်ရှိသူရော မပြစ်မရှိသူအတွက်ပါ အန္တရာယ်က လက်တကမ်း ဖြစ်နေတယ်

ဒီနေ့ အတက်နေ့နော်

IDIOT-Ki said...

စည်းလွတ်ဝါးလွတ်ပျော်ကြတဲ့ သင်္ကြန်တွေပဲ ဖြစ်နေကြပါပြီလေ... အဲ့ဒီအချိန်ဆို မူးရမယ်လို့ ဘယ်သူကများသတ်မှတ်ထားလို့လည်း မသိပါဘူး...
အရော်မပေးတဲ့ အရေးပေါ် .. ခေတ်မှီတိုးတက်နေသော အမိမြန်မာပြည်ကြီးမှ တာဝန်ရှိသူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အဲ့ဒါပါပဲ ကိုဇော်ရေ.. လူ့ အသက်တချောင်းဆိုတာ သစ်ရွက်တရွက်ထက်တောင် ကြွေရလွယ်သေးတယ် ..

မြန်မာပြည်ကြီးရဲ့ သင်္ကြန်ရေ မထိရတာ ဆယ်စုနှစ်တခု ကျော်ခဲ့ပြီဆိုတော့ အဝေးကနေ လွမ်းနေတာပဲ ကောင်းပါတယ်...
နှစ်သစ်မင်္ဂလာအခါမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ....

မကိ..

ခနွဲ said...

ဆေးရုံမှာ အဲလို မထုံတက်တေး လုပ်တာကို တွေ့ဖူးတယ်။ သိပ်အသည်းယားတာပဲ။ ကိုယ်တိုင်မလုပ်တက်လို့ သူတို့ဆီသွားမှ သူတို့က အထာကိုင်သလို ခံစားရတယ်။ အဲ..အမူးသမား ရိုက်နည်းတော့ လေ့လာသွားတယ်။ ရိုက်ဖို့မဟုတ်ဘူး။ ရှောင်ဖို့။ ကိုရှမ်းလေး အတွက်တော့ ရင်နာစရာပဲ။ မိဘဆိုတာ လိမ္မာသည်၊ ဆိုးသည် မဟုတ်ဘဲ သား တစ်ယောက်ဆုံးပါးရင် ဖြေမဆည်နိုင်အောင် ခံစားရတယ်ဆိုတာ ကိုရှမ်းလေး သိသွားရဲ့လား မသိဘူးနော်။

Anonymous said...

အင်း ကိုဇော် ရေ

ပျော်စရာမဟုတ်တဲ့ သင်္ကြန်ပို့စ် လေးဖတ်သွားတယ် ဘယ်လို အညာသားများပါလိမ့်နော် လုပ်ရက်လိုက်တာ

ခင်မင်စွာဖြင့်
ပျော်စရာသင်္ကြန်ဖြစ်ပါစေ

ရွှေစင်ဦး

မောင်မောင်တင် said...

ဥပါဒါန်ကြောင့် ဥပါဒ်(စာလုံးပေါင်း ဟုတ်ရဲ့လားမသိ)ရောက်တဲ့ ကိုဇော် ရေ...ဖျောက်နိုင်ပါစေ...ဒီနှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ
အမူးသမားတွေနဲ့ ဟော့ဟော့ရမ်းရမ်းမိန်းကလေးတွေ ကိုစိတ်ပျက်လို့ သင်္ကြန်မလည်တတ်တော့တဲ့ နှစ်ပေါင်းလည်းမနည်းတော့ပါဘူး...သင်္ကြန်မှာအမူးသမားအမြင်ကပ်ပါတယ်ဆို ဒီနေ့ အတက်နေ့ရောက်မှ အမူးသမားရေလောင်းတာ ခံလိုက်ရတယ်....
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ပို့စ်လေးဖတ်ပြီးဘာပြောရမှန်းမသိတော့ ဘူး.ကောင်းသောမင်္ဂလာနှစ်သစ်လေးဖြစ်ပါစေလို့ ဆန္ဒပြု ရင်း.....

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.