မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 April 2011

26 အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ



“ သူတို့ကိုပါ ခေါ်သွားလိုက်ပါကွာ ”

လို့ အေးဂျင့်က ပြောလာတော့ ကိုယ်ထမ်းထားရတာ မဟုတ်ပေမဲ့ ကျွန်တော် အတော်ကို စိတ်ညစ်သွားမိ၏။ ကျွန်တော် စိတ်ညစ်မယ် ဆိုလည်း ညစ်စရာပါ။ ကြည့်ဦးလေ လေယာဉ်ပျံ တစ်စီးလုံးကို ငှားထားသလား ထင်ရအောင် အားလုံးက သူ့လူတွေ ချည်းပဲ။ အလည် ဒါမှမဟုတ် လည်ရာမှ အပြန် ဆိုသော ခရီးသည်ကို နည်းနည်းလောက်သာ တွေ့ရသည်။

“ ကျွန်တော်က . . . . ”

ဆိုပြီး စကားကို မဆက်ဘဲ ရပ်ထားတော့ အေးဂျင့်က အသနားခံသလို ပြုံးကာ  . . . . .

“ ကိုဇော်ကလည်းကွာ ၊ ငါ့ညီ ဘာမှ အထူးအထွေ လုပ်ရတာ မဟုတ်ပါဘူး။ သူတို့ကို အုပ်စုလိုက်လေး ခေါ်သွားပြီး ဟိုဘက် အဝင် အင်မီဂရေးရှင်း ကောင်တာမှာ သူတို့နဲ့ အုပ်အုပ်စုစုလေး ဖြစ်အောင် ခေါင်းဆောင် ခေါ်သွားဖို့ပါပဲ။ ”

“ စုစုဝေးဝေးလေး လို့ ပြောပါဗျာ . . ဘယ်နှယ့် ဒီ အုပ်စု ဆိုတဲ့ စကားလုံးကိုပဲ အတော် ကြိုက်နေပုံ ရတယ်။ အုပ်စုကကို မထွက်ဘူး ဖြစ်နေတာပဲ။ ”

“ အဲ . . . အေး . . အေး . . မင်း ပြောသလို စုစုဝေးဝေးလေး ခေါ်သွားယုံပါပဲကွာ ၊ ဟိုဘက်ရောက်တာနဲ့ ဟိုဘက်က တရုတ် အေးဂျင့်က လာခေါ်လိမ့်မယ်။ ဒါဆို မင်းတို့ အေးဆေးပဲ လိုက်သွားယုံပဲ ၊ ဒါဆို မင်း တာဝန် ပြီးပါပြီ ”

“ အစ်ကို ပြောတာကသာ လွယ်တာ ၊ လူပေါင်းများစွာကို လိုက်ထိန်းနေရတာ လွယ်တာ မှတ်လို့ ၊ ဒါနဲ့ အစ်ကို့ လူတွေ အားလုံးက ဘယ်နှစ်ယောက်လဲ။ ”

“ အဟဲ . . . ၁၀၇ ယောက်တည်းပါ။ ”

“ ဟာ . . . နည်းတာ မှတ်လို့ ၊ ဒီလောက် လူတွေ အားလုံးကို ကျွန်တော် လိုက်ပြောရရင် . . . . . . . ဖွိးးး . . . ဟိုဟာ ထွက်နိုင်တယ်။ ”

“ ဘာမှ သိပ်ပြောစရာ မဟုတ်ပါဘူးကွာ။ အားလုံးကိုလည်း နောက်ပြီးကျရင် မင်းစကားကို နားထောင်ဖို့ပြီး လိုက်သွားရမယ် ဆိုပြီး အုပ်အုပ်စုစု . . . အဲ . . အဲ . . . စုစုဝေးဝေး ခေါ်ပြီး ပြောလိုက်မှာပါ။ ”

“ လုပ်တော့ မလုပ်ချင်ဘူးဗျာ ၊ ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် မသွားရတော့ဘူး ၊ သူတို့ကို မဲတင်းနေရတာနဲ့ စိတ်ပင်ပန်းတယ်။ တခြားလူ တစ်ယောက်ကို ရှာပါလားဗျာ။ ”

“ ဒီလို မလုပ်ပါနဲ့ ငါ့ညီရယ်။ တခြား လူတွေ အားလုံးက ထန်းလျက်တွေ များတယ်ကွ။ မြန်မာနိုင်ငံ လေဆိပ်လို မဟုတ်တော့  ၊ ဟိုရောက်မှ ယောင်တိယောင်တောင်နဲ့ အထူးအဆန်းတွေ မြင်မှ လျှောက်သွားပြီး မျက်စိ လည်နေရော ၊ ဟိုဘက်က အေးဂျင့်ကလည်း လာခေါ်တော့ သူ့တို့ကို မတွေ့ဘူး။ ဟို အေးဂျင့်က မြန်မာဘက်ကနေ လိုက်မလာဖြစ်တာလို့ ထင်ပြီး တွေ့တာ ခေါ်ပြီး ပြန်သွား ၊ နောက်မှ အစ်ကို နဲ့ ဆက်သွယ်မိပြီး လေယာဉ်ကွင်းထဲမှာ ကျန်နေခဲ့တယ် ဆိုတာ သိပြီး ပြန်ရှာ သွားခေါ် အဲဒီလိုတွေ ခဏခဏ ကြုံရလို့ပါကွာ။ လုပ်ပါ. . .   ကူညီပါ။ ”

“ မကူညီချင်လို့ ပြောတာ မဟုတ်ပါဘူးဗျာ။ လူတွေက အများကြီး ဆိုတော့ ပြောရတာ ခက်မှာ စိုးလို့ပါ။ ”

“ စိတ်ချ  ၊  စိတ်ချ မခက်စေရဘူး။ ခဏနေရင် မင်းရှေ့မှာတင် အားလုံးကို မင်းစကားနားထောင်ဖို့ ပြောလိုက်မယ်။ ”

“ ဒါပေမဲ့ တခြားလူရှာလို့ ရရင် တခြားလူကို ခိုင်းပါဗျာ။ ”

“ တခြားသူတွေက အားလုံး ထန်းလျက်တွေ ချည်းမို့ပါကွာ။ နောက်ပြီးတော့ ပါလာတဲ့ ရန်ကုန်က ကောင်တွေကလည်း ရန်ကုန် ထန်းလျက်တွေ ချည်းပဲ ၊ ဒါကြောင့်ပါ။ ”

“ - - - - - - - ” 

“ ကူညီပါကွာ ၊ မင်းကို ဒေါ်လာ ၁၀၀ မုန့်ဖိုး ပေးပါ့မယ်။ ”

အလဲ့ . . တယ်ဟုတ်ပါလား။ ဘာမှ မလုပ်ရဘဲ ၊ ကိုယ်သွားမဲ့ ခရီးအတိုင်း လူတွေကို ထိန်းကျောင်း ခေါ်သွားတာနဲ့ ဒေါ်လာ ၁၀၀ ဆိုပါလား။ ဒါပေမဲ့ နည်းနည်းတော့ ဆက်မူထားဦးမှ. . . .

“ ပိုက်ဆံက အဓိက မဟုတ်ပါဘူးဗျာ။ စိတ်ကျဉ်းကျပ်လို့ပါ။ ”

“ ဘာမှ မဖြစ်စေရပါဘူးကွာ။ မင်းပြောသလို သူတို့မှာ ဖြစ်စေရမယ် စိတ်ချ။ ”

ပြောလည်း ပြော ၊ သူ့လက်ကလည်း သူ့ပိုက်ဆံ အိတ်ထဲက ဒေါ်လာ ၁၀၀ တန်ကို ထုတ်ပြီး ကျွန်တော့် အင်္ကျီအိတ်ထဲကို လှမ်းထည့်သည်။ ဒီလိုကျတော့လည်း ကိုယ်က အားနာတတ်သူပါ။ ဘယ်တော့မှ လှမ်းမယူ ၊ အင်္ကျီအိတ်လေးသာ ဖြဲပေးလိုက်တယ် ဆိုတာမျိုး။ အင်္ကျီအိတ်ကို ခပ်ဟဟလေး ဖြစ်အောင် ကိုယ်ကို ယို့ပေးလိုက်မိ၏။

“ ကျွန်တော်ကတော့ တခြားလူကို ရှာစေချင်တယ်ဗျာ။ ”

“ မင်းပဲ လုပ်ပေးပါကွာ . . . နော်. . . ”

ယောက်ျားကြီး တန်မဲ့နဲ သိပ်တော့ မူဖို့ မကောင်း ၊ မသိမသာဘဲ ခေါင်းဆတ်ခနဲ ညိတ်ပြတုန်း သူက သူ့ဘေးက သူ့ရုံးစာရေးမလေး ကိုင်လာတဲ့ ဖိုင်တွဲ ထုပ်ကြီးကို ယူကာ လှမ်းပေး၏။

“ အမ်. . . ဒါက ဘာကြီးတုန်း ”

“ ဟိုလေ . . . သူတို့ အားလုံးရဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေလေ ၊ ပါမစ်တွေ ဘာညာပေါ့။ မင်းဟာလည်း ပါတယ်လေ။ ”

“ ဟမ်. . . အစ်ကို ပြောတော့ လူပဲ ထိန်းကျောင်းသွားယုံပဲဆို . . အခု ထပ်ပြီး စာရွက်စာတမ်းတွေက ပါလာပြန်ပြီ။ ”

“ သြော်. . . ဒါက ဒီလိုပါကွာ။ တစ်ယောက်ချင်းစီ ပေးထားရင် ဟိုမှာ ထားမိတယ် ၊ ဒီမှာ ကျန်ခဲ့တယ် ဆိုပြီး ဖြစ်တတ်လွန်းလို့ပါ။ ဒါလေး ကိုင်ပြီး သူတို့ကို ထိန်းကျောင်းပြီး ခေါ်သွားယုံပါပဲ။ ”

“ ဟာဗျာ . . . အစ်ကိုကလဲ ”

ကျွန်တော် ခေါင်းကုတ်လိုက်မိ၏။

“ ဆရာ . . . ပစ္စည်းတွေ ချိန်ဖို့ ဝင်လို့ ရပြီတဲ့။ ”

သူ့ရဲ့ နောက်ထပ် စာရေးမလေး တစ်ယောက်က လာပြောသည်။ သူက စာရေးမလေးကို လှမ်းကြည့်ပြီး ခေါင်းညိတ်ပြရင်း . . . 

“ အေး . . . အေး . . အခု လာခဲ့မယ်။ ”

ပြီးတော့ တဆက်တည်း ကျွန်တော့်ဘက်ကို ထပ်လှည့်ပြီး . . . 

“ လုပ်ပါကွာ ၊ ကူညီပါ။ ဟိုဘက် ရောက်ပြီး ဟိုဘက်က တရုတ် ပွဲစား လာတာနဲ့ ဒီစာရွက်စာတမ်းတွေ ပေးလိုက် ၊ ဒါဆို မင်းကိစ္စ လုံးဝ ပြီးပြီကွာ။ အိုကေနော်။ ”

“ ကျွန်တော် မအိုကေ သလိုပဲဗျာ။ တခြား တစ်ယောက်ယောက်. . . . . ”

စကားပင် မဆုံးလိုက် . . . .

သူက သူ့အိတ်ထဲက နောက်ထပ် ဒေါ်လာ ၁၀၀ တန်ကို ထပ်ထုတ်ပြီး ကျွန်တော့် အိတ်ထဲ ထပ်ထည့်ပေးပြန်လေသည်။

“ ကူညီပါကွာ ၊ ဘာမှလည်း စိတ်မညစ်စေရဘူး။ စိတ်ချ ၊ လေယာဉ်ကွင်း ရောက်တာနဲ့ ခဏနေရင် အေးဂျင့်က လာကြိုမှာပါ။ ခဏလေးပဲ သူတို့ကို ထိန်းထားရမှာ . . ဖြစ်တယ် မဟုတ်လား။ ”

“ ဟူး . . . ”

ကျွန်တော် သက်ပြင်းတွေကို ခပ်ပူပူ မှုတ်ထုတ်လိုက်ပြီး ခေါင်းကို လေးလေးပင်ပင်ပဲ ညိတ်ပြလိုက်တော့၏။ ဟုတ်တယ်လေ။ ဒီလောက် အကူအညီ တောင်းနေတော့လည်း မကူညီလို့ ဘယ်ကောင်းတော့ မလဲလေ။ အိတ်ထဲကိုလည်း ဒေါ်လာ ၁၀၀ တန် နှစ်ရွက်က အခန့်သား ဝင်ရောက် နေရာယူသွားပြီ မဟုတ်ပါလား။ 

သူက ပြုံးပြီး သူ့စာရေးမ လက်ထဲမှ စာရွက်စာတမ်း ဖိုင်တွဲကို ကိုင်ထားရာမှ ကျွန်တော့် လက်ထဲကို အပြီး တခါတည်း  ထိုးထည့်လိုက်လေတော့သည်။ 



“ အားလုံး . . . အားလုံးပဲ ၊ ဒီမှာ ခဏ နားထောင်ကြပါ။ ”

သူ့ရဲ့ စကားသံ ထွက်လာတော့ ဝတ်ကောင်းစားလှတွေနဲ့ ဖို့ယို့ဖားယား လှပနေကြတဲ့ ကိုကို ၊ မောင်မောင်တို့က သူ့ကို ဝိုင်းကြည့်ကြသည်။ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း လုပ်နေကြသော အမျိုးတွေကလည်း မျက်ရည်လေးကို သဘတ်လေးနဲ့ သုတ်ကာ သူ့ကို ဝိုင်းကြည့်ပြန်၏။

“ အခု လေယာဉ်ပေါ် တက်ရတော့မယ်။ အခု လေယာဉ်ပေါ်က ဆင်းတာနဲ့ အားလုံး သူ့နောက် လိုက်သွားကြပါ။ ”

သူက ကျွန်တော့်ဘက်ကို မျက်နှာမူပြီး လက်ညှိုးညွှန်ပြကာ မေးဆတ်ပြသည်။ အားလုံးရဲ့ အကြည့်တွေ အားလုံးက ကျွန်တော့်အပေါ်ကို ရောက်လာ၏။ ပြီးတော့မှ သူက ဆက်ပြောသည်။

“ ဟိုက လေယာဉ်ကွင်းက အကျယ်ကြီးနော်။ ဒီမှာလို မဟုတ်ဘူး။ ဒါကြောင့် အဓိက က လျှောက်သွားပြီး ဟိုဘက်က အေးဂျင့်က လာခေါ်တော့မှ ကျန်နေခဲ့ရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ဒါကြောင့် အဓိက က သူခေါ်ရာ နောက်ကို လိုက်သွားပါ။ ဒါကြောင့် အဓိက က ဟိုရောက်ရင် လေယာဉ်ကွင်းထဲမှာ လျှောက်လျှောက် မသွားပါနဲ့။ ဒါကြောင့် အဓိက က အေးဂျင့် လာခေါ်လို့ ပါမသွားဘဲ ကျန်နေခဲ့ရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ အထဲမှာပဲ အိမ်သာရေ သောက်ပြီး ဟိုအေးဂျင့် လာမခေါ် မချင်း နေရမှာ။ ဒါကြောင့် အဓိက က ကျွန်တော် ပြောတာ သဘောပေါက်လား မသိဘူး။ ”

“ ဝူး  . . . ဝူး . . . ဝဲ . . . ဝဲ . . . ဟှဲ . . . .ဟှဲ . . . ဝေါ . . ဝေါ . . ”

တကယ်တော့ နားလည်ပါတယ်။ သဘောပေါက်ပါတယ် ဆိုပြီး ပြောတာ နေမှာပါ။ ဒါပေမဲ့ လူတွေက များ ၊ အသံတွေက ပြိုင်တူ ညီညီညာညာ မဟုတ်တော့ လေအစုအဝေးကြီး တိုးသလိုပဲ ဝရုန်းသုံးကား ကြားလိုက်ရ၏။ ဒီအသံကို ကြားလိုက်ရပြီးမှ ပေါင်ချိန် ဇာတ်ကားထဲက ဝမ်ချောင် ၊ မာဟန့်တို့ အော်သံကို သွားသတိရမိသေး။

“ ပြီးတော့ . . . ဒါကြောင့် အဓိက က ခင်ဗျားတို့ စာရွက်စာတမ်းတွေ အားလုံးလည်း သူ့ဆီမှာ ရှိတယ်။ ဒါကြောင့် အဓိက က သူပါမှ အပြင်ကို ထွက်လို့ ရမှာ။ ဒါကြောင့် အဓိက က လေယာဉ်ကွင်းထဲမှာ မမြင်ဖူးတာတွေ မြင်ရတယ် ဆိုပြီး လျှောက် မသွားပါနဲ့။ ဒါကြောင့် အဓိက က ခင်ဗျားတို့ မကျန်ခဲ့ဖို့ပဲ။ ဒါကြောင့် အဓိက က သူ့နောက်ကို လိုက်ဖို့ပဲ။ ဒါကြောင့် အဓိက က ခင်ဗျားတို့ အားလုံး အပြင်ကို ပါသွားဖို့ပဲ။ ”

သူပြောတာ နားထောင်ရတာလည်း “ ဒါကြောင့် အဓိက က ” ဆိုတာတွေပဲ များနေတာပဲ လို့ ပြုံးမိရင်း ကိုယ့်ဖာသာ စိတ်ထဲက ပြောလိုက်မိသေး။

“ ကျွန်တော် ပြောတာ အားလုံး နားလည်ကြပါသလား။ ”

“ - - - - - - - - -”

သူ့ဆီက အမေးသံ ဆုံးတော့ ဟိုလူအုပ်ကလည်း ပထမက အသံ အတိုင်း မညီမညာ ဝူးဝူးဝေါဝေါ လုပ်နေပြန်ပါရော။ သူကတော့ သဘောကျသလို ပြုံးပြီး ကျွန်တော့်ဘက်ကို လှည့်ကာ “ ဘယ်လိုလဲ ” ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြ၏။ ကျွန်တော့် သဘော အရ ဆိုရင်တော့ သူ့ရဲ့ အပြုံးက ဒေါ်လာ ၁၀၀ တန်ထဲက အမေရိကန်က လူကြီးအပြုံးလောက် အသက်မဝင်တာ သေချာပါသည်။



ကိုယ့်ကိုယ်ကိုယ် ဆိုတော့လည်း နည်းနည်းတော့ လျော့လျော့ပေါ့ပေါ့ ပြောရမှာပါပဲ။ ကိုယ့်ကိုယ့်ကိုယ် ရထားတွဲကောင် လိုပဲ မြင်နေမိ၏ ၊ ဟုတ်တယ်လေ ဟိုသားအုပ်မထက် စာရင်တော့ တော်သေးတယ် မဟုတ်လား။ မြန်မာ လေယာဉ်ကွင်းထဲ စဝင်ပြီး အင်မီဂရေးရှင်း ကောင်တာကို ဖြတ် ၊ လာခေါ်တဲ့ ကား မလာခင် ခဏ ထိုင်စောင့်တော့လည်း သူတို့ နောက်ကနေ ပါလာတာပဲ။ ကိုယ့်ဖာသာ အိမ်သာ သွားဖို့ ထလိုက်တော့ သူတို့ကပါ နောက်ကနေ အစုလိုက်ကြီး ထလိုက်ဖို့ ဖင်တွေ ကြွနေလို့ ကိုယ့်မှာ ပြန်ထိုင်လိုက်ရ၏။ ခဏနေတော့ လေယာဉ်ကွင်းထဲ ဝင်ဖို့ ဘတ်စ်ရောက်လာတော့လည်း ကိုယ်က တက်မယ် ပြင်တော့ အားလုံး လုတက်ကြပြန်ရော ၊ ဒီတော့ ကားက မဆန့်။

နောက်တစ်ခေါက် လာခေါ်ပါဦးမယ် ဆိုတာကို ပြောလို့ကို မရတော့။ တက်ဖို့ ပြင်နေတဲ့ ကိုယ်က မလိုက်ဘဲ နေခဲ့ပြီး လူတချို့ကို ခေါ်ထားပြန်တော့လည်း အပေါ်ကို တက်သွားသူတွေက ပြန်ဆင်းရနိုး ဆိုသောပုံစံတွေနှင့်။ နောက်ဆုံးတော့ ပြောဟယ်ဆိုဟယ်နဲ့ ချောချောမောမော လေယာဉ်ပေါ် ရောက်သွားခဲ့ပြီး လေယာဉ်ပျံကြီး စတင် ထွက်ခွာ လာနိုင်ခဲ့ပါပြီ။

ဒီဘက် လေယာဉ်ကွင်းကို လေယာဉ်ဆိုက်ကတည်းက သူတို့ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်အပေါ်မှာ ၊ လုံးဝ အလစ်အလပ်မပေး။ လုံးဝ လွတ်မြောက်ခွင့် မပေး။ အခွင့်အရေး တစ်ချက်ပေးရင်း လိမ်ခေါက်ဖြတ်ကျော်ကာ ဂိုးသွင်းသွားမည့် အင်္ဂလန် တိုက်စစ်ကျော် ရွန်နီကို စောင့်ကြည့်နေရသော တစ်ဖက် နောက်တန်း ကစားသမားရဲ့ မျက်လုံးကဲ့သို့ ကျွန်တော့်ကို လုံးဝ အလစ်မပေး။

မြန်မာလေဆိပ်မှာကတည်းက အေးဂျင့်နဲ့ ပြောရင်း ရေငတ်လို့ သောက်ထားသမျှ ရေတွေက လေယာဉ်ပေါ်မှာ တစ်ခါသာ ဖြေရှင်းခဲ့ရလို့ အခုတော့ ထပ်ပြီး အချက်ပေးလာပြန်၏။ အင်မီဂရေှးရှင်း နားမှာ ထိုင်နေရင်း ကြာလာတော့ ဆီးက သွားချင်လာပြန်၏။ လှမ်းမြင်နေရသော အိမ်သာကို သွားရန် ခြေလှမ်းပြင်တော့ သူတို့ဘက်ကို ထိုးဖောက်ဖို့ ဘောလုံးဆင်းယူသော ရွန်နီကို တွေ့လိုက်ရသလို အားလုံးက ဆတ်ခနဲ ခေါင်းထောင် သွားကြသည်။ မရမက တားဆီးမယ် ဆိုသော ပုံစံတွေနှင့်။

“ ခဏလေးနော် ၊ ကျွန်တော် ဘယ်မှ မသွားဘူး ၊ အိမ်သာကို ခဏလေး သွားမလို့ ၊ ချက်ချင်း ပြန်လာခဲ့မယ်။ ”

ပြောလည်း ပြော ၊ ရှင်းလည်း ရှင်းရင်း မတ်တပ်ရာမှ လှမ်းလိုက်တော့ အားလုံးကလည်း သူတို့ အိတ်တွေကို ကိုယ်စီ လွယ်ကာ ထရပ်လာကြ၏။

“ မဟုတ်ဘူးလေ ၊ ကျွန်တော် ဘယ်မှ မသွားဘူး ပြန်လာမှာ ၊ ခဏလေးပဲ ဆီးသွားမလို့ပါ။ ”

လုံးဝ မျက်ခြေပြတ်ခံလို့ မဖြစ် ၊ မျက်ခြေပြတ်တာနဲ့ ငါတို့ဘက်ကို ဂိုးသွင်းတော့မှာပဲ ဆိုတော့ မျက်ဝန်းတွေနဲ့ အတင်း လူကပ်ဖို့ ကြိုးစားသလို လှမ်းကြည့်သည်။

“ ကျွန်တော်တို့လည်း လိုက်မယ်လေ။ ”

အဲဒီထဲမှ အသက်ကြီးကြီး တစ်ယောက်က လှမ်းပြော၏။

“ အမ်. . . အိမ်သာကို သွားတာ ဘာလို့ လိုက်မှာလဲ။ ”

“ ကျွန်တော်တို့ပါ ဆီးသွားမယ်။ ”

ဟာ ခနဲ စိတ်လေသွားသည်။ အိမ်သာ ဆိုတာ ပြဇာတ်ရုံလို ကျယ်ကျယ် ဝန်းဝန်းမှ မဟုတ်တာ။ အလွန်ဆုံး ဝင်လို့ ရမှ အယောက် ၂၀ ပေါ့။ အခုတော့ သူတို့ အားလုံး အယောက် ၁၀၆ ယောက်လုံး လိုက်ဝင်မလို ပုံစံမျိုးကြီး။

“ အီး. . . . . အိမ်သာထဲကို ဒီလို လူအုပ်လိုက်ကြီး ဘယ်လိုလုပ် လိုက်ဝင်မလဲ။ ကျွန်တော်ကလည်း ထွက်ပြေးမှာ မဟုတ်ဘူးလေ။ ခဏလေးပဲ ဆီးသွားမှာ ကျွန်တော် ပြန်လာမှာလေ။ ”

“ ဒါပေမဲ့ ကျွန်တော်တို့လည်း လိုက်မယ်။ ”

“ ဟာ . . .  ”

ခေါင်းကုတ် ၊ ဟိုကုတ် ၊ ဒီကုတ်နဲ့ နောက်ဆုံးတော့ အိမ်သာနားကို အထက်က ပြောခဲ့သလို လူသားအုပ်မကြီး အတိုင်း အဲလေ. . . ရထားတွဲကြီး အတိုင်း လျှောက်သွားကြ၏။ ပြီးတော့ အိမ်သာမှာ အဝင်အထွက် ဒီတစ်ပေါက်တည်း ရှိပါတယ် ဆိုတာကို ပြပြီး အလှည့်ကျ စနစ်နဲ့ ဝင်ရလေတော့သည်။ တကယ်ပါ ၊ တစ်သက်နဲ့ တကိုယ် ဒီတစ်ခါ အိမ်သာ ဝင်ရတာ စိတ်မဖြောင့်ဆုံးပဲ။ ဘယ်အချိန်များ အားလုံး စွတ် ဝင်လာကြမလဲ ဆိုပြီး စိတ်က တထင့်ထင့်။

အားလုံး ပြီးစီးကြတော့လည်း တစုတဝေးကြီး နဂိုထိုင်နေရာ အင်မီဂရေးရှင်း အနားသို့ ပြန်ရောက်လာပြန်သည်။ တော်တော်ကို စည်းလုံး ညီညွှတ်တဲ့ တိုင်းပြည်က လူတွေပါလား လို့ အင်မီဂရေှးရှင်းက လူတွေက ထင်နေလား မသိ။ ပါးစပ်လေးတွေ အဟောင်းသားနဲ့ လှမ်းငေးလို့။ တကယ်တော့ အေးဂျင့်ပြောလိုက်တဲ့ မင်းတို့ စာရွက်စာတမ်းတွေ သူ့လက်ထဲမှာ ဆိုတဲ့ စကားကြောင့် ကျွန်တော့်ကို အလစ်မပေး ဖြစ်နေကြတာပါ။ ကိုယ်ကလည်း သူတို့ စာရွက်တွေ ဘာလုပ်ရမှာလဲ။ ဒါပေမဲ့လည်း မသိလေတော့ သူတို့ကတော့ ပူရှာမှာပေါ့လေ။ ဒီကောင်လေး ရုပ်ကလေးက ခပ်ဖြောင့်ဖြောင့်နဲ့ လိမ်များ လိမ်သွားလေမလား ၊ ဘာညာပေါ့ သူတို့ တွေးကြမှာပါ။

တစ်နာရီ စောင့်၏ ၊ အေးဂျင့်က ရောက်မလာ။  နှစ်နာရီ ကြာသွားသည် ၊ မပေါ်လာ။ သုံးနာရီ ၊ လေးနာရီ ၊ ငါးနာရီ ၊ နာရီမှာ ရှိသော လက်တံတွေသာ ကျင်ကျင်လည်သွားသည် အေးဂျင့်က ပေါ်မလာ။ အပြင်ကို ကြည့်လိုက်တော့ မိုးက ချုပ်နေလေပြီ။ သြော်. . . ငါတို့ကို မနက်မှ လာကြိုတော့မှာပဲ ဆိုပြီး စိတ်ထဲမှာ သိလိုက်ပြီး ဒုံးဒုံးချကာ အားလုံးကို ခေါ်ပြောလိုက်သည်။

“ အားလုံးပဲ ကျွန်တော့် အထင်တော့ အေးဂျင့်က အခုတော့ လာတော့မှာ မဟုတ်ဘူး။ အပြင်ကို ကြည့်လေ မိုးချုပ်နေပြီ။ ဒါကြောင့် ဒီညတော့ လေယာဉ်ကွင်းထဲမှာပဲ အိပ်ရတော့မယ်။ ဒါကြောင့် အဝေးကြီး မသွားဘဲ ဒီနားမှာပဲ ကိုယ့်ဖာသာ အဆင်ပြေသလို ခုံတွေ ပေါ်မှာ လှဲပြီး အိပ်ကြပါ။ မနက်မှ အေးဂျင့်က လာခေါ်မယ် ထင်တယ်။ ကျွန်တော်လည်း အပြင်ထွက်လို့ မရသလို ခင်ဗျားတို့လည်း အပြင်ထွက်လို့ မရဘူး။ သူ လာခေါ်မှ အပြင်ထွက်လို့ ရမှာ။ ”

ပြောတော့က နားလည်သလိုလိုနဲ့ ကျွန်တော် အိပ်ဖို့ နေရာရှာတော့ အားလုံးက နောက်က ပါလာပြန်ရော။

“ မဟုတ်ဘူးလေ ကျွန်တော် ဘယ်မှ မသွားဘူး ၊ အိပ်ဖို့ နေရာ ရွေးနေတာ ခင်ဗျားတို့လည်း အိပ်တော့လေ။ မအိပ်ထားရင် မနက် အေးဂျင့် လာခေါ်ရင် ခေါင်းမူးနေမှာ စိုးလို့ ပြောတာ။ ကျွန်တော့် အထင်တော့ ဒီညတော့ သူ လာမခေါ်တော့ဘူး။ အိပ်ကြပါ။ စိတ်ချ လက်ချ အိပ်တော့။ ”

ပြောမဲ့သာ ပြောတာ အားလုံးက ငုတ်တုပ် ထိုင်ကာ ကျွန်တော့်ကိုပဲ အရိပ်အခြေ ကြည့်နေ၏။ မသိရင် သူတို့ အိပ်နေတုန်း အသာလေး လစ်ထွက်သွားမယ် လို့ ယူဆနေပုံ ရပါ၏။ သူတို့ အိပ်နေတုန်း သူတို့ရဲ့ စာရွက်စာတမ်းတွေကို ယူကာ ကျွန်တော်က ခိုးထွက်သွားမယ် လို့ တွေးနေပုံ ရသည်။ ကျွန်တော့်ကို ဘုံလို သဘောထားကာ အားလုံးက ဝိုင်းအုံ ကြည့်နေ၏။ ဒီလို အကြည့်ခံနေရတဲ့လူက ဘယ်လိုလုပ်ပြီး စိတ်ချ လက်ချ အိပ်ပျော်တော့မလဲ။

“ အိပ်ကြလေ. . .  .ကျွန်တော် ဘယ်မှ မသွားဘူး။ ခင်ဗျားတို့နဲ့ အတူတူ အိပ်နေမှာပါ။ စိတ်ချ။ ”

ပြောလည်း ပြော ၊ လူကလည်း ခုံတစ်ခုမှာ လှဲချလိုက်ပြီး မျက်နှာပေါ်ကို ဦးထုပ်လေးကို ဆွဲကာ စအိပ်ဖို့ ပြင်လိုက်၏။ ကျွက်စိ ကျွက်စိ နဲ့ အသံတွေ ကြားလို့ မျက်လုံးလေး အသာဖွင့်ပြီး ဦးထုပ်ကြားက ချောင်းကြည့်လိုက်တော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် တီးတိုး တိုင်ပင်နေကြ၏။ နောက်တော့ မသိမသာ ကျွန်တော့်ကို ဝိုင်းရံကာ ကိုယ်စီ ကိုယ်င အထုပ်လေးတွေကို ချပြီး အနားယူဖို့ ပြင်ဆင်နေကြသည်။

သူတို့ အိပ်တော့မှာပဲ ဆိုပြီး ကိုယ်ကလည်း စိတ်ချ လက်ချ မျက်လုံးကို ကျွန်တော် ပိတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။



သိပ်ကြာကြာ ကျွန်တော် အိပ်မပျော်ပါ။ သို့သော် မှေးခနဲတော့ အတော်ပျော်သွား၏။ နိုးနိုးချင်း ပါးစပ်က ရေဆာလာ၏။ ရေဆာလို့ နိုးလာတာလည်း ဖြစ်မည်။ ရေသောက်ဦးမှ ဆိုကာ ဆတ်ခနဲ ထထိုင်လိုက်ပြီးမှ သူတို့ အိပ်နေတာကို မြင်လို့ ငါထ လိုက်လို့ သူတို့ နိုးသွားဦးမယ် ဆိုပြီး ခြေသံဖွဖွ လှမ်းကာ အိပ်နေသူများပေါ်မှ ကျော်ပြီး အလျှောက် . . .

“ ဟေ့ကောင်တွေ ထ ထ . . . ပြေးတော့မယ်။ ”

“ အမ် . . . ဘာ . . . ၊ ဘာက ပြေးမှာတုန်း ”

ဆိုပြီး နောက်လှည့်ကြည့်လိုက်တော့တိုင်ကို မှီကာ ကျွန်တော် အိပ်နေရာကို ထိုင်စောင့်နေသော တစ်ယောက်က ကျန်တဲ့ သူ့လူတွေ အားလုံးကို နှိုးလိုက်ခြင်း ဖြစ်၏။ သူက မအိပ်ဘဲ ကင်းစောင့်နေပုံ ရ၏။ လူက ဆတ်ခနဲ ဒေါသက ဖြစ်သွားမိသည်။

“ ဟေ့လူ ခင်ဗျား ဘာစကားလဲ ၊ ကျွန်တော်က ဘာလို့ ထွက်ပြေးရမှာလဲ ”

“ - - - - - - - ”

သူတို့ ဘာမှ ပြန်မပြော ၊ မျက်လုံး စူးစူးများဖြင့်သာ ဝိုင်းကြည့်နေကြသည်။ ထွက်ပြေးခါနီး လက်ပူးလက်ကြပ် မိလိုက်သော တရားခံကို ကြည့်သလို ဝိုင်းအုံကြည့်ကြ၏။ ဂိုးသွင်းဖို့ ဘောလုံး ဆွဲပြေးလာသော ရွန်နီကို နောက်တန်းမှ ကစားသမားက သူ့ခြေထောက်ထဲမှ ဘောလုံးရော လူရောကို သိမ်းကြုံး ဖျက်ထုတ်လိုက်သဖြင့် နာသွားကာ မြေပေါ်မှာ လူးလှိမ့်နေသော ရွန်နီကို “ မင်း ဘောလုံး ဆွဲပြေးတာ မလွတ်လို့ နာချင်ယောင် ဆောင်နေတာ မဟုတ်လား ” ဆိုပြီး အော်ဟစ်ပြောနေသော ပုံစံများဖြင့်။

“ ကျွန်တော်က ဘာလို့ ထွက်ပြေးရမှာလဲ။ ရေဆာလို့ ရေသောက်ချင်လို့ ထတာ ၊ ခင်ဗျားတို့ အိပ်နေလို့ နှိုးမှာ စိုးလို့တောင်မှ ခြေသံကို ဖော့လျှောက်တာ ၊ ကျွန်တော်က ဘယ်ကို ထွက်ပြေးရမှာလဲ။ ”

“ မသိဘူးလေ ၊ ခင်ဗျားက ကျုပ်တို့ကို ထားခဲ့ပြီး စာရွက်စာတမ်းတွေ နဲ့ တိတ်တဆိတ် ဝင်သွားရင် ကျုပ်တို့က ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ခင်ဗျားကို စောင့်ကြည့်နေတာ။ ”

“ ဘာဗျ . . . စောင့်ကြည့်ရအောင် အေးဂျင့် လာမခေါ်ဘဲ လုံးဝ ထွက်လို့ မရဘူးဗျ။ ကျွန်တော်လည်း အတူတူပဲ။ ခင်ဗျားတို့ဗျာ . . . ”

“ ဒါတော့ ကျွန်တော်တို့က မသိဘူးလေ။ ခင်ဗျားက ခေါင်းဆောင် ဆိုတော့ ခင်ဗျားကိုပဲ မျက်ခြေ မပြတ် စောင့်ကြည့်နေရတာပေါ့။ ”

သူတို့ ရှင်းပြတော့လည်း ဘာဆက်ပြောရမှန်း မသိ။ နားမလည်သူတွေ ဆိုတော့လည်း သူတို့ ခင်ဗျာ ပူကြမှာပေါ့လေ လို့ တွေးပြီးသာ ဖြေလိုက်တော့သည်။

“ အခု ကျွန်တော် ရေဆာလို့ ရေသောက်မလို့ဗျာ . . .  ”

ပြောမိတဲ့ ကိုယ့်အသံကိုက ဝမ်းနည်း တကြီး အသံပေါက်နေမှန်း ကိုယ့်ဖာသာလည်း ကိုယ်သိ၏။

“ ရေသောက်ချင်ရင် ပြောပါ ၊ လှမ်းသာ ပြောလိုက် အစ်ကို လိုရာ ကျွန်တော်တို့ အကုန် လုပ်ပေးမယ်။ ”

ဟင် ဘယ်လိုကြီးလဲ။ ကဲပါလေ. . . အခုမှတော့ မတတ်နိုင်တော့ဘူး။ အိတ်ထဲမှာ အလျားလိုက်လေး ဝင်ခွေနေတဲ့ ဒေါ်လာ ၁၀၀ နှစ်ရွက်ပေါ်က လူကြီးကတော့ ခပ်ပြုံးပြုံးကနေ တဟားဟားများ အော်ရယ်နေမလား မသိ။

“ ဒါဆို အခု ရေသောက်ချင်တယ်ဗျာ ”

“ ရမယ် . . .  ရမယ် . . .ရော့ . . . .”

“ ရော့ . .  .ရော့ . . .ကျွန်တော့် ရေဘူးက အသစ် ဖောက်တောင်မှ မဖောက်ရသေးဘူး။ PMG အစစ် . .  ချိုနေတာပဲ။ ”

အပြိုင်အဆိုင်ကို ရေဘူး လုပေးကြ၏။ ဘယ်နှယ့် ရေသန့်က ချိုနေတယ်ပဲ ရှိရသေး။ စိတ်ကြီးရယ်လည်း ညစ်ရပါ၏။ လှမ်းကာ ကမ်းပေးသော ရေဘူးတွေထဲမှ တစ်ဘူးကို ယူကာ တစ်ငုံ နှစ်ငုံ သောက်နေတုန်း။ သူတို့ အသာအယာ ပြန်ထိုင်ကြသည်။ သူတို့ရဲ့ မျက်နှာကို သေချာ ကြည့်လိုက်မှ စိတ်လှုပ်ရှားမှု နဲ့ အားငယ်မှုကို အထင်းသား တွေ့ရသည်။ ကိုယ့် မသိ နားမလည်သော နေရာ ဒေသဆိုတော့ ဦးဆောင်သူ တစ်ယောက်ကို အားကိုး အားထား ပြုချင်သော သာမာန်လူတွေရဲ့ မျက်ဝန်းများကိုသာ ပိုင်ဆိုင်ထားကြသည်။

“ ကဲ . . . ကဲ . . . ပြန်အိပ်ကြပါတော့ ၊ ကျွန်တော်လည်း ဘယ်မှ မသွားတော့ဘူး။ သွားမယ် ဆိုရင်လည်း ခင်ဗျားတို့ အားလုံးကို ခေါ်မယ် ဟုတ်ပြီလား။ ”

ယုံကြည်အားကိုးသော မျက်ဝန်းများကို သူတို့ရဲ့ မျက်ဝန်းတွေဆီကနေ လက်ခနဲ ရရှိလိုက်သည်။ ခုနက ဖြစ်မိသော သူတို့အပေါ် ဒေါသစိတ်ကိုတောင်မှ အားနာသွားမိသည်။ ရေသောက်ပြီးတော့ ခဏပြန်မှေးဖို့ ခုံပေါ်ကို ပြန်၍ လဲချလိုက်တော့ ခဏ အတောအတွင်းမှာပဲ ကျွန်တော် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့၏။



“ အစ်ကို . . . အစ်ကို  . .  ခဏလောက် ထပါဦး။ ”

“ ဟင် . . . အမ်. . . အင်း . . . ဘာလဲ ၊ ဘာဖြစ်တာလဲ . . . အေးဂျင့် ရောက်နေပြီလား။ ”

အတော် အိပ်ပျော်ရာမှ လန့်နိုးကာ နိုးနိုးချင်း လာနှိုးသူကို မေးလိုက်မိသည်။ သို့သော် အပြင်ကို ကြည့်လိုက်မှ မိုးတောင်မှ မလင်းသေး။

“ မဟုတ်ဘူး အစ်ကို ၊ အေးဂျင့်လည်း မလာသေးပါဘူး။ အခု ပြောချင်တာက . . . ”

“ အင်း. . .ဘာဖြစ်လို့လဲ။ ”

“ ဟို . . . ဟိုလေ ကျွန်တော်တို့ အုပ်စုက လူတစ်ယောက် ပျောက်နေလို့ပါ။ ”

“ ဘာ . . . ”

လှဲရာက ခေါင်းထောင် မေးနေသော ကျွန်တော် လူပါ ဆတ်ခနဲ ဖြစ်ကာ မတ်တပ်ရပ်ပြီးသား ဖြစ်သွား၏။

“ ဘယ်လို ဖြစ်တာလဲ ၊ ဘယ်ရောက်သွားတာလဲ။ ”

“ ကျွန်တော်တို့လည်း သေချာ မသိဘူး အစ်ကို ၊ ခုနက ဆီးသွားချင်တယ် ဆိုပြီးတော့ ၇ ယောက် အဖွဲ့ ထထွက်သွားကြတယ်။ နောက်တော့ ပြန်လာတော့ သူတို့ထဲက တစ်ယောက် ပါမလာတော့ဘူး လို့ ပြောတယ်။ ”

“ ဟာ . . ဒါဆို ဘယ်ရောက်သွားတာလဲ ၊ ဒါဆို ဆီးသွားတဲ့ အဖွဲ့ကို ခေါ်ဗျာ။ ”

လာနှိုးသော တစ်ယောက်က ခုနက ဆီးသွားသော ၆ ယောက်ကို ခေါ်လာသည်။ ကျွန်တော့် ရှေ့ရောက်တော့မှ. . . .

“ ဘယ်လို ဖြစ်တာလဲ ၊ တစ်ယောက် ဘယ်ရောက်သွားလဲ။ ”

အပြစ်ကြီးကြီးမားမား ကျူးလွန်ထားသူ တစ်ယောက်လို သူတို့ နှုတ်အတန်ကြာ ဆိတ်နေပြီးမှ . . .

“ ကျွန်တော်တို့ အိမ်သာ အတူတူ သွားကြတာ ၊ ထွက်တော့ အခု ပျောက်နေတဲ့ တစ်ယောက်က အရင် ထွက်သွားတာ ၊ ကျွန်တော်တို့ ထွက်လာတော့ မရှိတော့ဘူး။ ကျွန်တော်တို့ကတော့ သူ ပြန်တတ်လို့ သူ့ဖာသာ ပြန်သွားတယ် မှတ်တာ ၊ ဒီရောက်တော့မှ ပြန်မရောက်သေးဘူး ဆိုတာ သိရတာပဲ။ ”

“ ဟာဗျာ . . . ဒါဆို ခင်ဗျားတို့ သွားတဲ့ အိမ်သာကို လိုက်ပြ ၊ ဒီပတ်ဝန်းကျင်မှာ သူ ရှိနေမှာပဲ။ ”

ပြောလည်း ပြော ၊ ထလည်း ထပြီး ကျွန်တော် ရှူးရှူးရှားရှား ထွက်လာခဲ့၏။ သူတို့ ပြသော အိမ်သာ ထဲမှာတော့ တစ်ယောက်ဆို တစ်ယောက်မှ မရှိ။ အိမ်သာ ပတ်ဝန်းကျင်က လမ်းဆုံ လိုဖြစ်နေပြီး အပေါ်ထပ်ကို တက်သော စက်လှေကား တစ်ခုကိုလည်း တွေ့ရသည်။ စက်လှေကားပေါ် တက်ကြည့်လိုက်တော့ စက်လှေကားရဲ့ ညာဘက်မှာ လူရိပ်ပေါ်ရင် အလိုလို ပွင့်သော အာရုံခံ မှန်တစ်ချပ် ရှိနေ၏။

ထိုအရာမှ အပ အရာရာက ပကတိ တိတ်ဆိတ်နေလေသည်။ ဘာဆိုဘာမှ လှုပ်ရှားမှု မရှိ။ ဒါဆို ဒီအပေါ်တက်တာတော့ မဖြစ်နိုင်ဘူး ဆိုပြီး လှည့်ထွက်မယ် လုပ်တော့မှ ကျွန်တော့် မျက်လုံးထောင့်စွန်းမှာ ပုံရိပ် တစ်ခု လာထင်သည်။ ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ ကွန်ကရစ် တိုင်ရဲ့ နောက်မှာ ကွယ်နေသော လုတစ်ယောက်ဆီမှ ခြေထောက် တစ်ချောင်းက ဖြတ်ခနဲ ထွက်လာပြီး ချက်ချင်းပင် ဖြတ်ခနဲ ပြန်ဝင်သွား၏။ ဘာပါလိမ့် ဆိုကာ သိချင်စိတ်ဖြင့် ကျွန်တော် စောင့်ကြည့်နေချိန်မှာပဲ ပုံရိပ်အာရုံခံ မှန်တံခါးက ဖြတ်ခနဲ ပွင့်လာလေ၏။

ထိုသို့ အာရုံခံ မှန်တံခါး ပွင့်လာမှ ကွန်ကရစ် တိုင်နောက်မှာ ကွယ်နေသော လူက အရှေ့ကို အားရ ဝမ်းမြောက်သော မျက်နှာဖြင့် ထွက်လာလေတော့သည်။ ကျွန်တော် လှမ်းကြည့်တော့ ကျွန်တော့်တို့ထဲမှာ လူ တစ်ယောက် ဖြစ်၏။ တိတိကျကျ ဆိုရင် ခုနက ပျောက်ဆုံးနေတယ် ဆိုသော လူပင် ဖြစ်လေတော့သည်။ ရင်ထဲမှာလည်း ဒေါသတွေက အလုံးလိုက် ဆောင့်တက်လာသည်။

“ ဟာ . . . ခင်ဗျား ဒီမှာ ဘာလာလုပ်နေတာလဲ။ ”

ကျွန်တော့်ကို တွေ့လိုက်ရတော့ သူ အတော်ကို တုန်လှုပ်သွား၏။ လက်ကလေး နောက်ပစ်ပြီး . . .

“ ဟို . . . ဟို . . . ခုနက အိမ်သာ တက်ပြီးတော့ သူတို့ ပြန်အထွက်လာကို စောင့်နေရင်း လှေကားမှာ ထိုင်လိုက်တာ လှေကားက အလိုလို လှုပ်ပြီးတော့ အပေါ်ကို တက်သွားတယ်။ ကျွန်တော်လည်း လန့်ပြီး ကြောက်ကြောက်နဲ့ ငြိမ်လိုက်သွားတော့ အပေါ်ကို ရောက်လာတာပဲ။ အပေါ်ကို ရောက်ရောက်ချင်း လူတစ်ယောက်က ဒီမှန်တံခါးရှေ့မှာ ရပ်လိုက်တော့ တံခါးက အလိုလို ပွင့်သွားတယ်။ ဘယ်သူမှလည်း ဖွင့်မပေးဘူး။ ဟိုလူလည်း မဖွင့်ပေးရဘူး။ ဒါကြောင့် ဒီမှန်ကို ကြည့်နေတုန်း။ မှန်က အလိုလို ပိတ်သွားတယ်။ ကျွန်တော်လည်း သူ့ရှေ့ရောက်ရော အလိုလို ပြန်ပွင့်ပြန်ရော ၊ ဒါကြောင့် ခြေထောက်လေးတင် ပြရင်ရော ပွင့်လားလို့ စမ်းနေတုန်း အစ်ကို ရောက်လာတာပဲ။ ”

ကြည့်ဦး။ ပြောတဲ့ အပြော ၊ ဖြေတဲ့ အဖြေ။ ဘာဆက်ပြောလို့ ပြောရမှန်းကို မသိတော့။ တကယ်လည်း စီးမဲ့လူ မရှိလို့ အလိုလို ရပ်နေတဲ့ စက်လှေကားမှာ သွားထိုင်မယ် ဆိုပြီး အတက် ၊ လူရိပ်ထင်လို့ ထပြီး စက်လှေကားက လည်ပတ်တော့ သူအပေါ် ရောက်သွားပုံ ရ၏။ ဒီမှာတင် အလိုအလျှောက်ပွင့်သော တံခါးကို ထပ်မြင်ကာ ထပ်စမ်းနေတာ ဖြစ်သည်။ တကယ်လို့ အခုသာ မတွေ့ရင် နောက်ထပ် ဘယ်နေရာတွေကို ရောက်သွားဦးမယ် မသိနိုင်ဘူး။

“ ခင်ဗျားဗျာ ၊ တော်တော် ဒုက္ခပေးတယ်။ အခု ကျွန်တော်တို့ အားလုံး ခင်ဗျား ပျောက်လို့ စိတ်ပူပြီး လိုက်ရှာနေတာဗျ ၊ သိလား။ ခင်ဗျားကတော့ ဒီမှာ လာဆော့နေတယ်။ လာ အခု အရင် နေရာကို ပြန်ကြမယ်။ ”

ဆူလည်း ဆူ ၊ ဒေါသကလည်း ထွက်နေတော့ မာန်လည်း မာန်လိုက်မိ၏။ သူက ခပ်ကုတ်ကုတ်နဲ့ ခေါင်းညိတ်ကာ လိုက်ပါလာဟန် ပြုလေသည်။ သူ လိုက်ပါလာတယ် ထင်ပြီး ကျွန်တော် နောက်ကို လှည့်လိုက်တော့ ကျွန်တော့် အရှေ့မှ လေယာဉ် ပြင်ပကို လှမ်းမြင်နိုင်အောင် တပ်ထားသော မှန်အကြည့်များကို မြင်ရ၏။ ည၏ အမှောင်ကြောင့် အပြင်ကို မမြင်ရဘဲ အလင်းပြန်ကာ အထဲမှ အရာများကိုသာ ပြန်မြင်နေရလေသည်။

ပြန်မယ် ဆိုပြီး ကျွန်တော် နောက်ကို လှည့်လိုက်တော့ သူက ကျွန်တော် လှည့်သွားပြီ မမြင်တော့ဘူး ဆိုသော အထင်ဖြင့် အာရုံခံ မှန်တံခါးဆီကို ခြေသံ မကြားအောင် ပြေးကာ သူ့ခြေထောက်ကို ထိုးခံပြီး အရိပ်ထင်စေကာ တံခါးကို ပွင့်အောင် စမ်းလိုက်လေတော့သည်။ ကျွန်တော် မမြင်ဘူးလို့ သူက ထင်နေသော်လည်း ကျွန်တော်က ရှေ့မှ မှန်တံခါးကြောင့် သူ့လုပ်သမျှကို မြင်နေရလေ၏။

“ ခင်ဗျားဗျာ . . . တော်တော် အငြိမ် မနေတာပါလား။ ”

ကျွန်တော် လှည့်မကြည့်ဘဲ ပြောလိုက်တော့ သူက လန့်သွားသလို တုန်သွားတယ် ဆိုတာ ကျွန်တော် မှန်ထဲမှာ မြင်လိုက်ရသည်။ ပြီးတော့ ကျွန်တော့်ကိုလည်း အကြားအမြင် ဆရာ တစ်ယောက်လို ထိတ်လန့်သွားပုံလည်း ရသည်။ နောက်တော့ စက်လှေကား အတိုင်း သူတို့ကိုပါ အတူတူ ခေါ်ဆင်းပြီး လာရာ တလျှောက် သူက အေးဆေးစွာပဲ လိုက်လာလေတော့သည်။

နောက်တော့ အေးဂျင့်ကို စောင့်ရာ စုရပ်နေရာကို ရောက်အောင် ပြန်လာခဲ့ပြီး အေးဂျင့်ကို ထိုင်စောင့်နေလိုက်ရ၏။ ထပ်၍လည်း အိပ်၍ မပျော်တော့ပါ။ မနက်လည်း မိုးက တဖြေးဖြေး လင်း၍ လာချေပြီ မဟုတ်ပါလား။



သိပ်မကြာခင် အချိန်မှာ အေးဂျင့်နဲ့ အတူ သူဌေး သုံးယောက်လည်း ရောက်လာ၏။ အေးဂျင့်တို့ ထုံးစံအတိုင်း ပြာပြာနဲ့ ဟိုလူ့နာမည်ခေါ် ဒီလူ့နာမည်ခေါ်။ သူ့ဆီကို သွားရင်း ကျွန်တော် ကိုင်ခဲ့ရသော စာရွက်စာတမ်းတွေ လှမ်းပေးလိုက်တော့ သူက အထဲက စာရင်းတွေကို ကြည့်ပြီး လူနာမည်တွေ ခေါ်တော့၏။ ဒီတော့မှ ပါလာသမျှ လူအားလုံးက အလုပ် တစ်ခုတည်းက မဟုတ်ဘဲ ၊ သုံးခုကို ရောလွှတ်လိုက်တယ် ဆိုတာ သိရတော့သည်။

နာမည် ခေါ်ရာ မင်း ဟိုသွား ၊ မင်း ဒီသွားနဲ့ လူတွေ အားလုံးကို ခွဲပြီးတော့ အားလုံး ကွက်တိ ၊ လုံးဝ လက်ကျန် မရှိ။ ကျွန်တော်တို့ အလုပ်ကို ပါလာမဲ့ အရေအတွက်ကို ကြည့်လိုက်တော့ အားလုံး ၂၇ ယောက်မျှသာ။ ဒီ ၂၇ ယောက်မှာ ဘယ်သူတွေ ပါသလဲလို့ မျက်နှာတွေကို သေချာ လိုက်ကြည့်လိုက်တော့ အိမ်သာသွားရင်း တံခါးရှေ့မှာ ကိုယ်ဟန်ပြနေတဲ့ သကောင့်သားက ကျွန်တော်တို့နဲ့ အလုပ် အတူတူ။

သူ့ကို မြင်လိုက်တော့ ဘာရယ်မဟုတ်ပေမဲ့ လူက နည်းနည်းတော့ အူတူတူ ဖြစ်သွား၏။ သူကတော့ ခပ်တည်တည်နဲ့ အင်မီဂရေးရှင်း ကောင်တာမှာ ချထားသော လက်ဗွေနှိပ်စက်ကို သွားကိုင်ကြည့်နေ၏။ သူ့ကို မြင်ရတာနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို မြင်ရတာနဲ့တင် လူက အတော် အူယားမိသည်။ မသိရင်တော့ လုံးဝ အပြစ်ကင်းစင်တဲ့ မျက်နှာပေးနဲ့။ ဒါပေမဲ့ သူ အူကြောင်ကျား လုပ်နေတယ် ဆိုတာ ကျွန်တော်ကတော့ အကဲခတ်လို့ ရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ အလုပ် အတူတူ ဖြစ်တော့လည်း ကိုယ်က ထမ်းထားရတာမှ မဟုတ်တာ။ အလုပ်အတွက် လခ ပေးတော့လည်း ကိုယ်က ပေးရတာမှ မဟုတ်ဘဲ ၊ သူ့ဖာသာ သူဌေးက ပေးရတာပဲ။ ဒါပေမဲ့ ဒီလူရဲ့ ပုံစံနဲ့ နေပုံထိုင်ပုံ ၊ ပြောတာ ဆိုတာကိုက မဟုတ် ၊ လုံးဝကို ကြည့်လို့မရ ၊ မျက်လုံးထဲမှာ ထောင့်မကျိုး ၊ ဘောင်မဆန့် ၊ အသားမကျ ၊ အံမဝင် ၊ ထော်လော်ကန့်လန့်ကို ဖြစ်နေသည်။

ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်စီ ကိုယ်စီ သူဌေးတွေ လာခေါ်သွားပြီးတော့ အလုပ်ကို လိုက်သွား ရလေတော့သည်။ အဆောင်ကို ရောက်တော့ သူဌေးက တစ်ခွန်းသာ ပြော၏။ မနက်ဖြန်က စပြီး အလုပ်ဆင်းရမယ် တဲ့။



လူတစ်ယောက်ရဲ့ကံဆိုတာကိုအခုလိုအချိန်မှာမျက်ဝါးထင်ထင် တွေ့မြင်ရလေတော့သည်။ နေစရာက သူဌေး ပေးထားတဲ့ တိုက်ခန်းမှာ အဆောင် အဖြစ်နေရတော့ ဘာမှတော့ ထူးထူးခြာခြား မဖြစ်ပေမဲ့။ အလုပ်ကျတော့ ကုသိုလ်ကံက စကားပြောလာ၏။ ဝင်ဝင်ချင်း ဘာရယ် ညာရယ် မသိ။ တွေ့တဲ့ လူကို လိုနေတဲ့ ဌာနမှ ဆွဲခေါ်သွားသည်။

ကျွန်တော်က စက်တစ်လုံးနဲ့ ပစ္စည်းတွေကို ထိုင်စမ်းသပ်သော အလုပ်ကို လုပ်ရပြီး တခြားသူတွေကလည်း သက်ဆိုင်ရာ အလုပ်ဌာနတွေဆီကို ရောက်သွားသည်။ မိုးလင်းကတည်းက မျက်နှာဖုံး တပ်ကာ အဲယားကွန်းခန်းထဲမှာ လုပ်ရသောကြောင့် တစ်နေ့နေလို့ အလုပ်ထဲမှာ စကား ဆယ်ခွန်း ပြည့်အောင် ပြောခွင့် မရ။ ကိုယ့်ဘေးနားက လူကလည်း ကိုယ်နဲ့ ၈ ပေလောက် အကွာမှာ လုပ်နေသောကြောင့် ပြောချင်တယ် ဆိုရင်တောင်မှ အော်ဟစ်ပြောမှ စက်သံတွေကြားထဲမှာ ကြားရလေ၏။ စကားပြောသံ ကြားရင် ဌာနမှ စူပါဗိုက်ဇာက လာရောက် သတိပေးလေသည်။ ဒါကြောင့် စကား မပြောဖြစ်တော့။

အခြေအနေ ဆိုတာထက် ကံကောင်းပြီး QA သို့ ရှားရှားပါးပါး ပါသွားသူ တစ်ယောက်က လေယာဉ်ကွင်းမှာ မှန်ရှေ့သွားရပ်ပြီး အရိပ်ပေါ်ရင် မှန်တံခါးပွင့်အောင် သွားဆော့သော တစ်ယောက် ဖြစ်သည်။ သူကတော့ ကျွန်တော်တို့ အားလုံးထဲမှာမှ ထူးထူးခြားခြား ရောက်သွားသူ ဖြစ်သည်။ ဘာမှ မသိ ၊ နားမလည် ၊ အင်္ဂလိပ်လိုတောင်မှ သေချာ မပြောတတ်သူကို စကားပြော ၊ မေးမြန်း ၊ စစ်ဆေး ရသော အလုပ်မှာ လုပ်ရတယ် ဆိုတော့ အံ့သြမိကာ ဘယ်နေ့တော့ ဘာသံတွေ ကြားရမလဲ ဆိုပြီး နားစွင့်နေမိ၏။

နေ့ရက်တွေ ဖြတ်သန်းကာ လတွေကို ကူးပြောင်းလာခဲ့သည်။ ကျွန်တော်တို့လည်း ကိုယ့်ဌာနမှာ အေးဆေးစွာ အလုပ်လုပ်ဖြစ်ခဲ့ပြီး သူကလည်း သူ့ရဲ့ ဌာနမှ လုံးလည်လိုက်ကာ ဖြတ်သန်းနေခဲ့သည်။ ကိုယ်လုပ်ရသော ဌာန အရ စကားမပြောဖြစ်သောကြောင့် ကျွန်တော် မလေးစကားကို မပြောတတ်။ ထမင်းစားချိန် ၊ နားချိန်တွေမှာသာ နိုင်ငံသားတွေနဲ့ တစ်ခွန်းစ နှစ်ခွန်းစ ပြောဖြစ်သော်လည်း ကျန်တဲ့ အချိန်ကတော့ အလုပ်က အပြန် အိမ်မှာ ဆိုတော့ မြန်မာလိုက လွဲပြီး လုံးဝကို မပြောဖြစ်။

ဒီအချိန်မှာ လအတော်ကြာတော့ ကျွန်တော်တို့ အားလုံး ကြားထဲမှာ မလေး စကား အတတ်ဆုံးကတော့ မှန်အရိပ် မင်းသားကြီး ဖြစ်လာလေ၏။ သူ့ရဲ့ အလုပ်ပိုင်း ဆိုင်ရာက စကားပြောရတဲ့ အလုပ်ဆိုတော့ စကားမပြောရသော ကျွန်တော်တို့ထက် သူက နေ့တိုင်း မလေးစကားနဲ့ ထိတွေ့နေသောကြောင့် တဖြေးဖြေး နားယဉ်ကာ ပြောတတ်လာလေသည်။ သူပြောတတ်လာတာ အကြောင်း မဟုတ်ပေမဲ့ အလုပ်က အပြန် အဆောင် ရောက်ရင်လည်း သူက သူ သိထားလာ ၊ တတ်ထားလာသော မလေးစကားများကို ညှပ်ကာ ညှပ်ကာ ပြောတတ်လေ၏။ သူက လူတွင်ကျယ် လုပ်နေတယ် ဆိုတာ သိပေမဲ့ ချက်ချင်း နားမလည်သေးသော ကျွန်တော်တို့က သူပြောတာကို နားမလည်။

အဆောင်မှာ ထမင်း ၊ ဟင်း ချက်နေရင်း သူက အရင်ချက်နေချိန်မှာ နောက်က တစ်ယောက်ယောက်က သူ့ကို ချက်လို့ ပြီးတော့ မလားလို့ မေးတဲ့ အချိန်ဆိုရင် သူက လက်ကလေး ကာ၍ ကာ၍ ပြန်ပြောတတ်သည်။

“ နန်သီ . . . နန်သီ . . . ”

သူ မလေးလို တစ်ခုခု ပြောလိုက်တယ် ဆိုတာ သိပေမဲ့ ကိုယ်တွေက ကြားဖူးနေကြ မဟုတ်တော့ ရုတ်တရက် နားမလည်။ သူ ဘာပြောလိုက်တယ် ဆိုတာကို သိဖို့ သူ ပြောတာကို မှတ်ထားပြီး နောက်နေ့ အလုပ်ထဲ ရောက်မှ မလေးတွေကို မေးယူရသည်။ ဒီတော့မှ “ နန်သီ . . . ” ဆိုတာ “ ခဏလေး . .” “ ခဏစောင့်ပါ ” ဆိုတာကို သိရလေတော့၏။ ချက်ချင်း မသိတော့ ဘာမှ ပြန်မပြောနိုင်ဘဲ သူ ပြောသမျှ ကျွန်တော်တို့ တစ်ဆောင်လုံး ခံနေရသလို ဖြစ်သော်လည်း သူက ဒီလို ပြောပေးတော့မှ နောက်နေ့ လိုက်မေးဖြစ်လို့ ကျွန်တော်တို့ ပိုပြီး လေ့လာဖြစ်ခဲ့ပါသည်။ ဒီအချက်ကတော့ ကျေးဇူးတင်ရမည့် အချက် ဖြစ်သည်။

ဆာယာ = ကျွန်တော် ၊ ငါ ၊ ကျူပ်
အာဝါ့ = ခင်ဗျား ၊ နင် ၊ မင်း
မောင်းဂ် = လိုချင်သည်
နာဆီ = ထမင်း
မကန်း = စားသည်
အာရေ =  ရေ
မီနွမ်း = သောက်သည်
အာပါ့ = ဘာလဲ
ကိုဆုန် = သုည ၊ ဗလာ
မာရီ = လာသည် ၊ လာပါ
ပန်ဂျမ်း = ရှည်သည်
ပန်ဒစ် = တိုသည်
အာပါ့ ခါပါး = နေကောင်းပါသလား
အာဒါ့ = ရှိလား
ဗိုက်ခ် = ကောင်းသည်
အာဒါ့ ဗိုက်ခ် = နေကောင်းရဲ့လား
သိမ်ဂေါ = ကြည့်သည်
လန်ပါ့ = မြင်သည်
မာရ = ဒေါသထွက်သည်
ပါးနပ် = ပူလောင်သည်

အစရှိသဖြင့် တစ်လုံးစ နှစ်လုံးစ နဲ့ ကျွန်တော်တို့ မလေး စကားကို တဖြေးဖြေးချင်း တတ်မြောက် လာခဲ့သည်။ အလုံးကွဲလေးတွေနဲ့ တစ်လုံးချင်းစီ လျှောက်ပြောနေတဲ့ အချိန်မှာ သူကတော့ လုံးတွဲလေးတွေနဲ့ အတော်ကို ခပ်ဟုတ်ဟုတ် ပြောတတ်နေခဲ့ပြီ။ ကျွန်တော်တို့ကတော့ တောင်တစ်လုံး ၊ မြောက်တစ်လုံးမျှသာ ပြောဖြစ်နေပါသေးသည်။

ဆာယာ မောင်းဂ် မကန်း = ကျွန်တော် စားချင်သည်။
ဆာယာ ကျင်းသား အာဝါ့ = ကျွန်တော် ခင်ဗျားကို ချစ်သည်။
သိမ်ဂေါ အီနီး = ဒါကို ကြည့်ပါ။
ဆာလမတ် ပါဂီး = မင်္ဂလာ နံနက်ခင်းပါ။
ဆာယာ ရင်ဒု ကာမူး = ငါ မင်းကို လွမ်းနေတယ်ကွာ။
ဆာယာ ဟက်သီး ပါးနပ် = ငါ့ နှလုံးသားတွေ ပူလောင်နေတယ်။

အဲဒီလို အလုံးတွဲလေးတွေ သုံးတတ်နေတော့ သူက ပြောစရာ စကားပေါ်လာရင် လွှတ်ခနဲ ၊ ရွှတ်ခနဲ ပြောလိုက်ပေမဲ့ ကျွန်တော်တို့မှာ သူပြောတာကို ချက်ချင်း လက်ငင်း လုံးဝကို နားမလည်။ ဘာပြောလို့ ပြောလိုက်တယ် ဆိုတာကို သဘောကို မပေါက်။ မလေးစကားကလည်း ဒီစကားလုံး သုံးလုံးကိုပဲ အရှေ့ အနောက် အလယ် အထားအသို ပြင်လိုက်ရင် ဆိုလိုရင်းက ပြောင်းလဲ သွားတာ ဆိုတော့ ကျွန်တော်တို့မှာ သူ တစ်ခုခု ပြောရင် စိတ်ထဲက ကျိတ်ပြီး မှတ်ထားကာ နောက်နေ့မှ အလုပ်ထဲက မလေးတွေကို တိုးတိုးတိတ်တိတ် မေးရတော့သည်။ ဒီတော့မှ မလေးတွေကလည်း တိုးတိုးတိတ်တိတ် ပြန်ဖြေကြ၏။

ဒီလိုနဲ့ လုံးကွဲ စကားလုံးလေးတွေကနေ လုံးတွဲ စကားလုံးလေးတွေဆီကို ကျွန်တော်တို့ နည်းနည်းချင်းစီ တတ်မြောက်လာခဲ့လေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသာ အဆောင်မှာ ဒီလို မပြောခဲ့ဘူး ဆိုရင် ဒီအချိန်ကာလ အထိ အလုပ်ထဲမှာလည်း မလိုလေတော့ ကျွန်တော်တို့ မလေးစကားကို ဒီလို စိတ်ဝင်တစား လိုက်ပြီး မေးမြန်း လေ့လာဖြစ်မယ် မဟုတ်ပါ။ သူ့ကြောင့်သာ သူ့ကို မခံချင် စိတ်ဖြင့် လိုက်ပြီး မေးမြန်း လေ့လာဖြစ်ခဲ့တာ ဖြစ်ပါသည်။



တစ်နေ့တော့ . . . .

အလုပ်က ပြန်လာပြီး သိပ်မကြာခင် အချိန်မှာ မီးဖိုချောင်မှာ ဆူဆူညံညံ နဲ့ အော်သံ ဟစ်သံတွေကို ကြားလိုက်ရသည်။ ဆွဲကြ လွဲကြ ရုန်းရင်းဆန်ခတ် သံတွေကိုလည်း ကြားလိုက်ရ၏။ ဘာဖြစ်တာလဲ ဆိုပြီး သွားကြည့်လိုက်တော့ လူနှစ်ယောက်ကို တစ်ဘက်ဆီက တခြားသော လူတွေက ဆွဲထားကြ၏။ သေချာပါပြီ သူတို့ ရန်ဖြစ်ကြတာပဲ ဖြစ်မည်။

“ ဘာဖြစ်ကြတာလဲ ”

ကျွန်တော် ခပ်ဟန့်ဟန့် မေးလိုက်တော့ ရုန်းကန်နေရာမှ အတော် ငြိမ်ကျသွားသည်။ ရန်ဖြစ်ရင် ဒဏ်ငွေ ၂၀၀ အဖြတ်ခံရမယ် ဆိုသော သူဌေး ထုတ်ထားသော စည်းကမ်းကို သူတို့ သိနားလည်ထားသောကြောင့် ပိုက်ဆံကို အထိ မခံချင်သောကြောင့် ဒေါသကို ငြိမ်းလိုက်ရပုံ ပေါ်သည်။

“ ဘာဖြစ်ကြတာလဲ ”

ကျွန်တော် နောက်တစ်ကြိမ် ထပ်မေးလိုက်တော့ မှန်ရှေ့ မင်းသားကြီးဆီမှ အသံ ထွက်လာ၏။

“ ကျွန်တော် ဒီမှာ ချက်ပြုတ်နေတာဗျာ။ ကျွန်တော် ချက်နေတော့ ဘေးမှာ မိုးဖိုက တစ်ဖိုပဲ အားတော့တယ်။ ဒါကို သူတို့ နှစ်ယောက် ပြိုင်တူ ရောက်လာပြီး သူ ချက်မယ် ၊ ငါ ချက်မယ် နဲ့ ဖြစ်ကြတယ်။ တစ်ယောက်က ချက်ဖို့ အိုးတင်ထားတော့ နောက်တစ်ယောက်က မင်း မချက်သေးဘဲနဲ့ အိုးကို တင်မထားနဲ့ ဆိုပြီး ချတယ်။ ဒီတော့ ဟိုတစ်ယောက်က အခု ချက်မှာ ဆိုပြီး ပြန်တင်တယ်။ ဒီလို ပြောရင်း ဆိုရင်းကနေ ထ ထိုးကြတော့တာပဲ။ ဒါပဲ။ ”

အခြေအနေကို သုံးသပ်လိုက်တော့လည်း ဖြစ်စဉ်က ဒီအတိုင်း ဖြစ်ပုံ ရ၏။ ဘေးမှ ဝိုင်းထိန်းထား သူတို့ကလည်း သူတိုကို ချုပ်ထားရာမှ လွှတ်လိုက်လေပြီ။ ဆက်ပြီးတော့လည်း သူတို့ နှစ်ယောက် ပြဿနာ ဖြစ်မည့်ပုံ မပေါ်တော့ပါ။

“ ဘာမဟုတ်တာလေးနဲ့ကွာ ၊ မင်းတို့ကလဲ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးနဲ့ လုပ်ကြပေါ့။ မဟုတ်ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာရင် မကောင်းဘူး။ သူဌေး သိသွားရင် နေရင်း ထိုင်ရင်း ပိုက်ဆံက အဖြတ်ခံရဦးမယ်။ ကိုယ် လုပ်ထားတာလေးကို ကိုယ် စိတ်မထိန်းနိုင်တာလေး တစ်ချက်တည်းနဲ့ ကုန်သွားဦးမယ်။ နောက်တစ်ခါ မဖြစ်ကြနဲ့ကွာ။ ဟုတ်ပြီလား။ ”

ကျွန်တော် ပြောတော့ သူတို့လည်း အသာအယာ ခေါင်းညိတ်ပြီး တစ်ယောက်က အနောက်ဘက် ထွက်သွားပြီး တစ်ယောက်က အရှေ့ဘက် ထွက်သွား၏။ ခဏတာတော့ စိတ်ထဲမှာ မကျေနပ်သေးပေမဲ့ နောက်တော့လည်း အဆင်ပြေသွားမှာပါ လို့ ကျွန်တော့် စိတ်ထဲမှာ တွေးနေမိသည်။

“ ခက်တာပဲဗျာ။ ဘာမဟုတ်တာလေးနဲ့ ပြဿနာ က ဖြစ်ချင်ကြတယ်။ အလုပ်လုပ်တယ် ၊ နေတယ်  ၊ ထိုင်တယ် ဆိုတာ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ  ” တတ်ဖို့ လိုတယ်။ မဟုတ်ရင် နောက်မှ နောင်တတွေ ရနေလိမ့်မယ်။ ”

“ အင်းပေါ့ . . . ”

မှန်အရိပ် မင်းသားကြီးကို ကျွန်တော် ခေါင်းညိတ်ထောက်ခံပြီး လှည့်ထွက်လာသော်လည်း သူပြောလိုက်သော “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ  ” ဆိုသော စကားကို နားမလည်လိုက်ပါ။ မလေးစကား ဆိုတာတော့ သိပေမဲ့ ဘာကို ဆိုလိုတယ် ဆိုတာကိုတော့ ရုတ်တရက် သဘောမပေါက်။ မလေး စကားကလည်း လုံးချင်းတွေ ဆိုရင် သဘောပေါက်တာနဲ့ လုံးတွဲရဲ့ အဓိပ္ပါယ်ကလည်း ပြောင်းသွားတတ်တယ် မဟုတ်လား။ ဥပမာ - “ မာန ပယ်ဂီး နဲ့ ပယ်ဂီး မာန  ” တူသလိုလိုနဲ့ အဓိပ္ပါယ်က ကွဲပြားတယ်လေ။

ဘာလဲဟ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” ကျွန်တော် အပြန်ပြန် အလှန်လှန် စဉ်းစား၏။ လုံးဝကို သဘောမပေါက်။ စဉ်းစားလို့ကို မရ။ ကိုယ်မကြားဖူးသော လုံးတွဲ စကားလုံး ဖြစ်နေလို့လဲ နားမလည်တာ ဖြစ်သည်။ တစ်လုံးချင်းစီကို ကျွန်တော် သဘောပေါက်၏။ အခုလို လုံးတွဲကိုတော့ တစ်ခါမှ ပြောတာ မကြားဖူးသေး။ နောက်နေ့မှ မလေးတွေကို မေးမယ် လို့ ကျွန်တော် စိတ်ထဲမှာ တေးမှတ်ထား လိုက်လေတော့သည်။



နောက်နေ့ အလုပ်ထဲမှာ မလေးတွေကို တွေ့တော့ မနေ့က သူပြောခဲ့တဲ့ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်တော် လိုက်မေး၏။ ထူးဆန်းစွာပဲ မေးမိသမျှ မလေး အားလုံးက နားမလည်ကြ။ ငါ မှတ်ထားတာ မှားလို့လား ဆိုပြီး မနေ့က သူပြောတဲ့ လေသံကို ပြန်စဉ်းစားကာ နားထောင်တော့လည်း ဒီအတိုင်းပါပဲ။ ငါ မမှားဘူးလို့ ကိုယ့်ဖာသာ ပြန်ပြောမိ၏။

“ ဒီလိုလေ . . “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” ဆိုပြီး ပြောတာလေ ၊ အဲဒီ ဘာအဓိပ္ပါယ်လဲ။ ”

သေချာ ပြောပြီး မေးပေမဲ့ မလေးတွေကလည်း နားမလည်။ ငါတို့ မလေး စကားမှာ ဒီလို စကားလုံးတွဲ မရှိဘူး လို့သာ ဆို၏။ ငါတို့လည်း နားမလည်ဘူး ဟု ဆိုကြသည်။ ဘာလဲ . . .ဒါဆို ဒီစကားလုံးတွဲရဲ့ အဓိပ္ပါယ်က ဘာလဲ ဆိုပြီး အဓိပ္ပါယ် မသိရလေ ပိုပြီးတော့ သိချင်လေ ဖြစ်မိလာ၏။ နောက်တစ်ခါ သူက ထပ်ပြောတဲ့ အချိန်မှာ ကျွန်တော် ကြောင်အမ်းအမ်း ဖြစ်မနေချင်ပါ။

ဒီမလေးစကားလုံးတွဲရဲ့ အဓိပ္ပါကို မလေးတွေကတောင်မှ နားမလည်ဘူး ဆိုပေမဲ့ ပြောသူ မှန်အရိပ် မင်းသားကြီးကတော့ နားလည်မှာ သေချာပါသည်။ သူပဲ ပြောခဲ့တာ မဟုတ်ပါလား။ သူပြောတဲ့ အဓိပ္ပါယ်ကို သိဖို့ သူ့ကိုပဲ တိုက်ရိုက် မေးလိုက်ရပါတော့မည်။ ဒါမှလည်း သူ ဘာအဓိပ္ပါယ်နဲ့ ပြောတယ် ဆိုတာ တခြားသူကို လျှောက်မေးနေတာထက် စာရင် ပိုသေချာမည်  မဟုတ်ပါလား။ အလုပ်ကပြန်လာပြီး ညနေမှာ ချက်ပြုတ်နေတဲ့ အချိန် မီးဖိုထဲမှာ သူ့ကို ကျွန်တော် စောင့်နေမိ၏။ ခဏနေတော့ သူက ချက်ပြုတ်ဖို့ အိုးခွက်တွေကို မယူလာရင်း မီးဖိုနားမှာ ရပ်ကာ ချက်ပြုတ်စရာတွေကို ပြင်ဆင်နေသည်။

“ မင်းထွန်း . . .  ”

“ ဗျာ . . ကိုဇော် ”

“ သြော် . . . မင်းကို နည်းနည်း မေးစရာ ရှိလို့ပါ။ ”

“ မေးလေ ကိုဇော် ၊ ဘာမေး မလို့လဲ။ ”

“ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မနေ့က မင်းပြောတဲ့ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ  ” ဆိုတဲ့ စကားကို ဘာအဓိပ္ပါယ်လဲ လို့ မေးချင်တာပါ။ ”

“ အာ . . ကိုဇော်ကလည်း လာနောက်နေတယ်။ ဒီအဓိပ္ပါယ်လောက်တော့ ကိုဇော် သိပါတယ်။ ”

“ မနောက်ဘူးကွ ၊ တကယ် မသိလို့ မေးနေတာ. . . ”

“ - - - - - - ”

သူ ဘာမှ ဆက်မပြောဘဲ ၊ ကျွန်တော် တကယ် မသိတာလား ၊ သူ့ကို နောက်နေတာလား ဆိုတဲ့ ဝေခွဲမရသော မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို လှမ်း အကဲခတ်သည်။

“ တကယ်ကွ ၊ မနောက်ဘူး။ ဒီဟာရဲ့ အဓိပ္ပါယ်က ဘာလဲ။ ”

“ တကယ် မသိဘူး ဆိုတာ ဟုတ်ပမလား ကိုဇော်ရာ။ ”

“ တကယ်ပါကွ . . . ပြောပြစမ်းပါ။ ”

“ ဒီလိုလေဗျာ။ အာရေ ဆိုတာ ကိုဇော် သိတယ် မဟုတ်လား။ ”

“ အင်း သိတာပေါ့ . . အာရေ ဆိုတာ “ ရေ ” လေ . . ”

“ ဒါဆို “ ပန်ဂျမ်း ” ကျတော့ရော . . ”

“ ပန်ဂျမ်း ဆိုတာ  “ ရှည်တာ ၊ အရှည်ပေါ့ ” . . . ဒါတွေတော့ သိပါတယ်။ အခု မသိတာက ဒီလို စကားလုံးချင်း မဟုတ်ဘူး။ လုံးတွဲ စကားလုံးကို ပြောတာလေ။ ”

“ အဟီး . . . ကိုဇော် အရမ်းတွေးပြီး စဉ်းစားတာ လွန်သွားပြီ။ တကယ်တော့ ကျွန်တော် ပြောလိုက်တာက မလေးစကား မဟုတ်ဘူးဗျ။ မြန်မာ စကားကို မလေးလို ပြောလိုက်တာ. . . ”

“ ဘာ . . . ဘယ်လို. . .”

“ ဟုတ်တယ်ဗျ။ တကယ်တော ကျွန်တော် ပြောလိုက်တာက “ အာရေ ဆိုတဲ့ ရေ ၊ ပန်ဂျမ်း ဆိုတဲ့ အရှည် ၊ သိမ်ဂေါ ဆိုတဲ့ ကြည့်ပါ ” ဆိုတဲ့ စကားသုံးလုံးကို ပေါင်းပြီးတော့ မြန်မာလို လူတွေ ပြောပြောနေတဲ့ “ ရေရှည်ကို ကြည့်ပါ ” လို့ ပြောလိုက်တာပါဗျာ။ ”

“ ဟင် . . . ”

“ ဟုတ်တယ်ဗျ။ ကျွန်တော်က မြန်မာ စကားလုံး အဓိပ္ပါယ်ကို မလေးလို လျှောက်စပ်ဟပ်ပြီး ပြောလိုက်တာကို ကိုဇော်က မလေးလို သူ့အတိုင်း လိုက်ပြီး အဓိပ္ပါယ် ပြန်နေတော့ လွဲကုန်တာ။ ဒီလို ပြောတဲ့ အတိုင်းတော့ မလေး စကား အတိုင်း ဘယ်ရှိပါ့မလဲဗျာ။ ကျွန်တော် ပြောချင်တဲ့ အဓိပ္ပါယ်က မြန်မာလိုပါဗျ။ “ ရေရှည်ကို ကြည့်ပါ ” လို့ ဆိုချင်တာ။ ”

“ ဟာကွာ . . . ငါ့မှာတော့ မလေးလို အဓိပ္ပါယ် မှတ်လို့ လိုက်မေးလိုက်ရတာ ၊ စဉ်းစားလိုက်ရတာ ၊ အခုတော့ . . . ဟား ဟား ဟား . . . ”

အဲဒီနေ့က သူနဲ့ ကျွန်တော် ဒါကို ပြောလိုက်ကြ ရယ်လိုက်ကြနဲ့ အချိန် အကြာကြီးအထိ အသက်ရှည်ဆေး ဖော်နေခဲ့မိပါတော့သည်။



အရင်က . . . သူ့ကို ကျွန်တော် လေယာဉ်ကွင်းထဲမှာ နေရတကာ စပ်စပ်စုစု လုပ်လို့ ကြည့်မရခဲ့ပါ။ ဒါပေမဲ့ အလုပ်ထဲ ရောက်ပြီး သူ့ရဲ့ အူကြောင်ကြောင် နဲ့ အရူးကွက် နင်းတတ်တဲ့ အမူအရာတွေနဲ့ ရင်းနှီးပြီး နောက်ပိုင်းမှာတော့ သူက ကျွန်တော့်ရဲ့ အခင်မင်ဆုံး သူငယ်ချင်း တစ်ယောက် အဖြစ် လေးနှစ်တိုင်တိုင် ဘယ်သွားသွား တတွဲတွဲနဲ့ ခင်မင်ခဲ့ရပါတော့သည်။

တစ်ခါတလေတော့လည်း ဘာရယ်တော့ မဟုတ်ပါဘူး။ ခပ်လွယ်လွယ်လေးကို ကိုယ်က သိပ်ပြီး စဉ်းစားနေမိတော့လည်း ဆိုလိုချင်တာနဲ့ ဝေးသွားတတ်ပါသည်။ ဘယ်လိုပင် ဖြစ်နေပါစေ ၊ ကျွန်တော်တို့ ဘဝမှာ ဘာပဲ လုပ်လုပ် “ ရေရှည်ကို ကြည့်ပြီးတော့ နေထိုင် ၊ လုပ်ကိုင်တတ်ဖို့လည်း လိုအပ်ပါသည်။ ” အဲ . . . သူ့ရဲ့ စကားနဲ့ ပြောရမယ် ဆိုရင်တော့  . . . . .

“ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” 

ပေါ့ဗျာ။ အားလုံးလည်း နေရာတကာမှာ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” နိုင်ကြပါစေ။




*** ကျွန်တော့်အကြောင်း ရေးဦးလေ ဆိုပြီး ခဏခဏ ပြောတတ်တဲ့ သူငယ်ချင်း “ ဇော်မင်းထွန်း ” သို့ အမှတ်တရ . . . ***

လေးစားစွာဖြင့်
ကိုဇော်
6.4.2011

Share/Bookmark

26 ယောက် ရဲ့ ထင်မြင်ချက်:

ရဲထွန်းဇော် said...

သူတို့အားလုံးက ထန်းလျှက်တွေများတယ်တဲ့လား ကိုဇော်

crystal said...

အာရေ၊ ပန်ဂျမ်း၊ သိမ်ဂေါကိုတော့ ရိပ်မိတယ်၊ ထန်းလျှက်က ဘာလဲဟင် ....

မလေးမှာ နှစ်လ လာလည်ဖူးတာ
ဂျလန်း ဂျလန်းပဲသိတယ်၊
ကျန်တာတော့ သိဘူး။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ အတွေးနဲ့ အမြင်သစ်လေးတွေ အတွက်
ကျေးဇူးပါလို့...
ကောင်းသောနေ့လေးဖြစ်ပါစေ..အကို။

ပွင့်မြုးဇင် said...

ထန်းလျှက်တွေဆိုတာ ဘာကိုပြောတာလဲဟင်.. နားလည်ဘူး..

သဒ္ဓါလှိုင်း said...

ပိုစ့်လေးကိုဖတ်ပြီး ရီမိတယ်။ ဒေါ်လာ...ဒေါ်လာ..
တယ်ကြီးတာပဲကိုးးးးးး

ခင်မင်စွာ
သဒ္ဓါ

ကိုထွဋ် said...

ထန်းလျက် ဆိုတာ တောသားတွေလို့ ပြောချင်တာလားဟင်..

၁၀၀ တန်နှစ်ရွက် မျက်နှာတော်တော်ကြီးတာပဲနော်. :P

ကိုထွဋ်

အဖြူရောင်နတ်သမီး said...

“ဆာရာ မလာရူးကျကပ် စကစ်စကစ် ဘိုလေး..
ဘာညာ သာဘိုလေး”

:P
:D

ခနွဲ said...

ဖတ်ပြီး ရယ်သွားတယ်ဗျာ။ မလေးစကားတော့ နားမလည်ပါဘူး။ ဆိုလိုရင်းကို သဘောပေါက်လို့။

မိုးခါး said...

အဲ ထန်းလျက်က ဘာလဲမသိဘူး .. မြန်မာလိုတော့ မြန်မာလိုပါ :D

ခုလိုအတွေ့အကြုံလေးတွေလည်း ဖတ်လို့ကောင်းတာပဲ .. ဗဟုသုတပေါ့ ..း)

အလွမ်းမြို့လေး said...

ကိုဇော်.

အဟဲ...ဒေါ်လာစားလေးပေါ့။ အယောက် ၁၀၀ကျော်ကို ထိန်းနိုင်တယ်ဆိုတာ့ မြန်မာပြန်ရင်
တပ်ရင်းတစ်ခုကို ဦးဆောင်လို့ရပြီး။။
ပျော်စရာလေးတွေနေမှာနော် အဲဒီတုန်းက။

ကိုဇော် said...

ဟိုးအရင်က ကျနော်တို့ ကြားထဲမှာ တောသားကို တဝမ်းပူလို့ နာမည်ဝှက် ခေါ်တာ တော်တော် ခေတ်စား ပါတယ်။ အခု နောက်ပိုင်းတော့ ဒါကို လူသိများလာတော့ ထန်းပင် ၊ ထန်းရည်တွေ အထွက်များတဲ့ အညာဒေသကို အစွဲပြုပြီး အညာကလူတွေ နဲ့ လုပ်စားနေတဲ့ အေးဂျင့်တွေက စပြီး ထန်းလျက်လို့ စတင် သုံးစွဲခဲ့တာပါပဲ။ သူတို့ ဆိုလိုချင်တာက အညာ နဲ့ တောကို ကိုယ်စားပြုချင်တယ် လို့ ယူဆရပါတယ်။

ဖတ်ပြီး အတွေးပွားသွားသူတွေ အားလုံး ကျေးဇူးပါ။ အားလုံးပဲ “ အာရေ ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” နိုင်ပါစေ :P

ahphyulay said...

အင်း..
ဖတ်လို့ လည်း ကောင်းတယ်။
ကြည်နူးမိတယ်။ ရယ်လည်းရယ်ရတယ်။ ပြီးတော့ 
ဝမ်းလည်းနဲရသလိုပဲ..။
ကျွန်တော်တို့  ကိုရွှေ တွေအတွက်လေ..။ တိုင်းပြည်ကြီးက ချမ်းသာပြီး လူတွေက ဆင်းရဲနေလို့ ။
ဒါနဲ့  အာဝ ကရဂျာ အာပါး...။

sosegado said...

ဘာညာဘားဂွတ် အတွေ့အကြုံတွေရေးထားတာ တကယ်ဖတ်လို့ကောင်းတယ်ဗျာ ထွက်လာခါစကအချိန်ကို သတိရသွားတယ်၊

khin oo may said...

ဖတ်ကောင်းတာလေးဖတ်ရလို့ ကျေးZu;

အလင်းသစ် said...

ဒီနေ့ကစပြီး အာရေ၊ ပန်ဂျမ်း၊သိမ်ဂေါတော့မယ်။။။
ဟိဟိ။။ မိုက်တယ် အကိုရေ။။။
အားပေးသွားပါတယ်ဗျာ။။။

yar zar said...

ကိုဇော်က ရွန်းနီကို အတော်ကြိုက်တယ် ထင်တယ်။
အပေါ်ပိုင်းတုန်းက ရွန်းနီရဲ့ ကန်ကွက်တွေ ခဏတိုင်း
တွေ့ခဲ့တယ်။:P ကိုဇော် နေရာကနေ ခံစားသွားပါတယ်..
လူတစ်ရာ ကျော်ကို ထိန်းရတာ ဘယ်လွယ်ပါ့မလဲ..
တွေးရင်းနဲ့ သက်ပြင်းတောင် ချမိပါတယ်ဗျာ..။
ဖတ်ရတာ ကောင်းပါတယ်။ သဘောလည်းကျမိပါရဲ့
...အဲဒီ အတွက်
ကျေးဇူးပါဗျာ..
ကျေးလက်သားလေး

ကိုအောင်(ပျူနိုင်ငံ) said...

ဆာရ သာဒ ဗဟန်၊ မာနာဘိုလေး အီနီမကျန် ... :P

မိုးယံ said...

ဘလော့ဂ်လောကထဲဝယ် မည်သူ့ကိုမျှ လျှော့တွက်လို့မရ... ဘလော့ဂ်တွေ အားလုံးက ဘာသာစကားအားလုံးတတ်သဗျ...

နတ်သမီးဆို ဒါတို တွေ ဒါတွတ်တွေ ရနိုင်သဗျ


ကျွန်တော်လည်း “ အာရေ၊ ပန်ဂျမ်း ၊ သိမ်ဂေါ ” တယ်

ဦးဇွတ်လည်း “ အာရေ၊ ပန်ဂျမ်း ၊ သိမ်ဂေါ” ပါ

အိမ်ပြန်တော့မယ် ဆလူး said...

များ စာလာဖတ်တယ် ကိုဇော်
ရယ်ရတယ် ဗြဲ..
မျက်လုံးတောင် ညောင်းတယ် အရှည်ကြီးရေးထားတယ် ဟိဟိ
ဇာတ်လမ်းလေးဘာလေး လုပ်အူးလေ မဖတ်ရတာကြာပေါ့

IDIOT-Ki said...

ဒေါ်လှ ၂၀၀ တန် အပြုံး နဲ့  အပူတွေ ပေါ့ ကဇော် အာရေ...
ကဇော့် ကို သိမ်ဂေါ တော့ လန်ပါ့ သွားတယ်.. ပန်ဂျမ်း လား ၊ပန်ဒစ် လား လို့  ..ဟားဟား..

ဗိုက်ခ် .. ဗိုက်ခ်..ဖတ်ရတာ ဗိုက်ခ်

ဆာယာ ကိ..

An Asian Tour Operator said...

ဆလမ်ဆာတူမလေးရှား

အာဘန်း ကိုဇော် မာရင်းမာရင်း၊ ဂျလန်းဂျလန်း
တဘိုလေး "အာရေ၊ ပန်ဂျမ်း ၊ သိမ်ဂေါ" မန ဘိုလေး ချာရီ မာကန်း :P


မလေးရှားဘိုလေး

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

စာရှည်ကြီးဖတ်ရပေမယ့် လုံးဝမပျင်းအောင် ရေးသွားနိုင်တယ်၊ မျက်လုံးထဲမြင်အောင် ရေးနိုင်တော့ အစပိုင်း မယုံမကြည်နဲ့ ဘ၀ကို သနားစရာနော်။ ဒါပေမယ့် “ဒေါ်လာနှစ်ရာ”ကိုတော့ သိပ်မသင်္ကာချင်ဘူးနော်။ အစကတည်းက မြင်ထားပုံရတယ်၊ ဟဲဟဲ။ ဒါပေမယ့် ဟိုစကားကိုတော့ သိပ်မကြေနပ်ချင်ဘူး။ “ဟိုလေဆိပ်က ဒီကလေဆပ်နဲ့မတူဘူး၊ အရမ်းကြိး“ ဒါတော့ မျိုးချစ်စိတ်နဲ သိပ်မကျေနပ်ဘူးနော်(ဟဲဟဲ)။ အများမေးကြသလို ထညက်ဆိုတာ ဘာလဲ၊ အညာသားတွေလို့ပြောတာလား။

Anonymous said...

ထန်းလျှက် ဆိုတာ ပြန်ရှင်းပြတော့မှ
နားလည် တော့တယ် .. :D

ဆလမတ် တင့ ဟာရီ ပါ ကိုဇော် .. ;))

အာရေ
ပန်ဒစ်
တီဒါ့
သိမ်ဂေါ့ .. နော် .. :D

(မှန်လား တော့ သိဘူး ..
တစ်လုံးချင်းစီကို ရမ်းတုတ်လိုက်တာ)

khin oo may said...

ရပ်နေတဲ့စက်လှေခါးကို ဒီနေ့တက်လိုက်တော့စက်လှေကားကြီးက ရွေ့သွာေးရာ. သတိရမိလို့ အဲဒီလူကို . ရယ်လိုက်ရတာ.။။

မန်းကိုကို said...

ဒါတန်း (datang) ပြီး၊ ဘာကျာ (baca) သွားပါတယ် .. :-)

တီနှင်းး said...

ဖတ်ပြီး အလွန်ကို ကြိုက်ပါတယ် ဇော်ဇော်ရေ...

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.