မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 April 2011

13 “ ရသ ” ကွန်ယက်



တကယ်တော့ ဒီလိုစာကို လုံးဝကို မရေးချင်ပါ။ သို့သော် ပေးထားမိသော ကတိ ၊ တိုက်တွန်းကြသော သူများ ၊ ဘယ်လိုလဲ ဟုဆိုကာ တောက်ပစွာ ကြည့်နေသော ခပ်စိမ်းစိမ်း မျက်ဝန်းများကြောင့် ချရေးကြည့် လိုက်ပါတယ်။ ပြည့်စုံအောင်တော့ ဖြစ်နိုင်လိမ့်မည် မထင်ပါ။ သို့သော် တစ်စုံတစ်ခုတော့ မြင်သာလိမ့်မည် ဟုသာ ယူဆမိပါတယ်။

သေချာတာ တစ်ခုတော့ ရှိပါသေးတယ်။ ဒါကတော့ ဒီလိုစာမျိုးဟာ ရေးပြီးလို့ တစ်မိနစ် စွန်းသွားရင်တောင်မှ Up To Date ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဘာလို့လဲ ဆိုတော့ အရာရာဟာ တားဆီးလို့ မရအောင် ဆက်လက်ချီတက် လည်ပတ်နေလို့ပါပဲ။



နာမည်မကျော်ကြားခဲ့သော စာရေးဆရာကြီး တစ်ယောက်ရဲ့ စာပေအပေါ်ကို ရှု့မြင်မှု များစွာထဲမှ တစ်ချက်ကို ဆွဲထုတ်ကာ ပြောပြလိုပါတယ်။ ဒီစကားလေးက သူ့စကားလေး ပေမဲ့ နောက်ပိုင်းမှာ တခြား စာရေးဆရာတွေရဲ့ စကားအဖြစ် ကျော်ကြားပါတယ်။ ဒီစကားလေးက ဒီလို ဆိုတယ်။

“ ဝတ္ထု ဆိုတာ ချစ်သူ နှစ်ဦး နမ်းကြသလိုပဲ။ အပေး ၊ အယူ မျှဖို့တော့ လိုတယ်နော်။ ”

လို့ ဆိုပါတယ်။ သူ့ရဲ့ ဆိုလိုရင်းကတော့ ချစ်သူနှစ်ဦး အပေးအယူ မျှမျှ နမ်းကြသလို ဝတ္ထုတစ်ပုဒ် ဆိုတာကလည်း စာရေးသူ နဲ့ စာဖတ်သူ အပေးအယူ မျှဖို့ လိုပါတယ် . . .တဲ့။ သူ့ရဲ့ သြဇာ အာဏာ သက်ရောက်လှတဲ့ စကားလေးပါ။ နှစ်ပေါင်း ရာနဲ့ချီပြီးကို တည်တံ့ခဲ့ပါတယ်။

ဒါပေမဲ့ . . အခုခေတ်မှာတော့ အတော်ကို ပြောစရာ ဖြစ်လာပါပြီ။ ပြောစရာတွေကလည်း ရှိလာပါတယ်။ အခုခေတ်ဟာ ရှေးခေတ်ကလို အဋ္ဌာရသ ( ၁၈ ) ရပ်ကို ကုန်စင် တတ်မြောက်အောင် သင်ကြားရသော ခေတ်မဟုတ်တော့ပါ။ သုံးနှစ် သုံးမိုး အဋ္ဌာရသ ( ၁၈ ) ရပ်ကို သင်ကြားပြီး လေးနဲ့မြားကို ကျောမှာ ပိုးကာ မြင်းကြီးကို စီး ၊ လေလေး တရွှီးရွှီး ချွန်ရင်း တောအုပ်ကို ဖြတ်ပြီး အိမ်ပြန်လာ ၊ ဘီလူးတွေ ဘာတွေ နဲ့တွေ့ ၊ ဘီလူးတွေနဲ့ ပညာချင်းပြိုင်ကာ သတ်ပုတ် ၊ မိဘတွေ ရှိရာ နေပြည်တော်ကို ပြန်ပြီး ဘုရင်လုပ် ၊ မင်းပြုရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

အဲဒီခေတ်ကတော့ လူတွေရဲ့ အာရုံခံစားမှုက နည်းပါသေးတယ်။ မြစ်ကျယ်မှာ ဟင်္သာဦးကင်း ဖောင်တော်နဲ့သွား ၊ သပြေသီးတွေ ရေထဲ ကြွေကျ ၊ ဒါကို ငါးကြီးက ခုန်ဟပ် ၊ ထိုမှထွက်သော အသံ “ ပလုတ် တုပ် တုပ် ဗြုန်း  ” ဆိုသော အသံကို အခြေပြုကာ သံစဉ်တွေ တည်ဆောက်ရသော ခေတ်လည်း မဟုတ်တော့ပါဘူး။ ခေတ်ပေါ်သီချင်းတွေမှာ ပရစ်အော်သံတွေ ၊ ဖားအော်သံတွေ ၊ သစ်တောက်ငှက်ရဲ့ အစာရှာသံတွေ ၊ လင်းဝက်ငှက်ရဲ့ အော်မြည်သံတွေ ၊ လေချွန်သံတွေ ၊ တောက်ခတ်သံတွေ ၊ လက်ဖြောက် ( လက်ဖျစ် ) တီးသံတွေ  . . . . . အစရှိသော အသံတွေကို ထည့်သွင်းလာတဲ့ ခေတ် ဖြစ်နေပါပြီ။ ဒါကိုကလည်း ခံစားမှု တစ်ခု အနေနဲ့ ပိုပြီး ပီပြင်လာပါတယ်။

အဋ္ဌာရသ ( ၁၈ ) ပါး ( သို့ ) အဋ္ဌာရသ ( ၁၈ ) ရပ် လို့ လူသိနေတဲ့ ထိုပညာတွေရဲ့ ( ၁၈ ) ရပ် ဆိုတာလောက်နဲ့ပဲ ဒီအတိုင်းပဲ ရပ်သွားပါသလား။ တကယ်တော့ မဟုတ်ပါ။ စွင့်ထွား ဖွံ့ဖြိုး တိုးတက်လာသော လူ့ဦးနှောက်ကို လိုက်၍ ဆက်ကာ ဆက်ကာ တီထွင် ကြံဆကြပါတယ်။ ဒါပေမဲ့ ငါသာ မင်းလောင်း ထီးဖြုဆောင်း ဆိုသူတွေက နောက်ထပ် ဆင့်ပွားလာကာ သူတို့ရဲ့ မူလလမ်းစဉ်ကို ပျောက်ပျက်သွားမှာ မလိုလားကြပါဘူး။ ဒါကြောင့် ငါက ထီးဖြူဆောင်း ဆိုရင် ထီးဖြူပဲ ဆောင်းရမယ် ဆိုပြီး နောက်တက်တွေရဲ့ အတွေးအခေါ် ဦးထုပ်တွေ ၊ ခေါင်းစွပ်တွေကို လျစ်လျူရှု့ခဲ့ကြတယ်။

ဟိုးအရင်ခေတ်ကတော့ အဋ္ဌာရသ ( ၁၈ ) မျိုးထဲပေါ့။ ဒီ ( ၁၈ ) မျိုးကို တတ်ရင် အဲဒီခေတ်မှာ ဘုရင်တောင်မှ လုပ်လို့ ရပြီ။ အခုခေတ်မှာတော့ ဒီလို မဟုတ်တော့ဘူး။ ပညာရပ်တွေက တမျိုးတည်းကိုတောင်မှ အရမ်းကို ကျယ်ပြန့်လာပါတယ်။ လူတစ်ယောက်က ပညာရပ်ကြီး ( ၁၈ ) မျိုးလုံးကို တတ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပညာရပ်တွေကလည်း တမျိုးတည်းကနေ တခြားတမျိုးကို ပေါင်းစပ်ကာ ထွေးရော ယှက်တင် ဖြစ်လာခဲ့တယ်။ ဇီဝဗေဒ ကနေ ရုက္ခဗေဒ ၊ သတ္တဗေဒကို ကွဲ ၊ နောက်တော့ ရူပဇီဝဗေဒ ဆိုပြီး ထပ်ပေါင်း ၊ ဓါတုဇီဝဗေဒ ဆိုကာ ပေါ်လာ ၊ စွမ်းအင်ဓါတုပညာ အစရှိသဖြင့် ပို၍ နက်ရှိုင်းကာ ကျယ်ပြန့်လာခဲ့တယ်။

ဟိုခေတ်ကတော့ ဘာမှ မရှိပါဘူး။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှ သဟဇာတ ကျသော စာပေတွေကို ထုတ်ယူရေးသားကာ ဘုရင်တစ်ဆူလို ဖြစ်နေနိုင်ပါတယ်။ အခုခေတ်မှာတော့ ကိုယ်ကျင်လည်နေရာ အုန်းမှုတ်ခွက် သေးသေးလေးနဲ့ မလုံလောက်တော့ပါဘူး။ ငါကွ ဆိုပြီး အမိုးထိနေလို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ခက်တာက လူတွေမှာ ( အထူးသဖြင့် ) ကျွန်တော်တို့ မြန်မာတွေမှာ ပညာရပ်တွေကို မှတ်တမ်း မှတ်ရာတွေနဲ့ သုတေသန ပြုမှုက နည်းပါးလေတော့ ကြားဖူးတယ် ဆိုရင်တောင်မှ အားလုံးဟာ နားဝမှာသာ ကုန်ဆုံး ကျန်နေခဲ့ပါတော့တယ်။



ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ ဟိုရောက်ဒီရောက် ပြောဖြစ်လိုက်ပါသေးတယ်။ ထူးထူးဆန်းဆန်း မဟုတ်ပေမဲ့ တိတိကျကျ ကျွန်တော်က မေးဖြစ်လိုက်တယ်။ ဒါပေမဲ့ မေးခွန်းလေးက ရိုးရှင်းပါတယ်။

“ ရသ ဆိုတာ ဘာလဲ။ ”

ဆိုပြီး ပေါ့ပေါ့ပါးပါး မေးလိုက်တာပါ။ သူကလည်း မနားတမ်းကို တောက်လျှောက် ရွတ်ပြသွားပါတယ်။ အောက်ပါ အချက်များကိုပေါ့။

(၁) သိင်္ဂါရ ရသ (ချစ်ခင်ခြင်း)
(၂) အဗ္ဘုတ ရသ  (အံ့သြခြင်း)
(၃) ဝီရ ရသ (ရဲရင့်ခြင်း)
(၄) သန္တ ရသ (တည်ငြိမ်ရင့်ကျက်ခြင်း)
(၅) ကရုဏာ ရသ (သနားကြင်နာခြင်း)
(၆) ဝိဘစ္ဆ ရသ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ဘယနက ရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)
(၈) ရုဒ္ဒ ရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)
(၉) ဟာသ ရသ (ပြုံးရယ်ခြင်း)

ဆိုပြီး သူက ရွတ်ပြပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော်ကလည်း နည်းနည်းတော့ ထပ်ပြီး အထွန့်တက် လိုက်မိပါတယ်။

“ ဒါဆိုရင် မင်းကို ငါ နောက်ထပ် ထပ်ရွတ်ပြမယ်။ ဒါတွေကရော ဘာတွေလဲ။ ”

ဆိုပြီး အောက်က အချက်တွေကို ဆက်ရွတ်ပြမိပါတယ်။

(၁) ရတိဠာယီဘာဝ (အမျိုးသမီး၊ အမျိုးသားချစ်ကြိုက်ခြင်း)
(၂) ဟသဠာယီဘ၀ (ပြုံးရယ်ခြင်း)
(၃) ကောဓဠာယီဘာဝ (အမျက်ဒေါသ ကြမ်းကြုတ်ခြင်း)
(၄) ဥသဟဌာယီဘာဝ (ရဲရင့်ခြင်း)
(၅) ဘယဌာထိဘာဝ (ကြောက်ရွံ့ခြင်း)
(၆) ဇိရုစ္ဆယဌာယီဘာဝ (ရွံ့ရှာစက်ဆုတ်ခြင်း)
(၇) ၀ိမှယဌာယီဘာဝ (အံ့သြခြင်း)
(၈) သောကဌာယီဘာဝ (ကြောင့်ကျ ကြင်နာခြင်း)
(၉) သမဌာယီဘာဝ (ရင့်ကျက် ငြိမ်သက်ခြင်း)

ဆိုပြီး ကျွန်တော် ရွတ်ပြပြီးတော့ သူက အဲဒါ ဘာတွေလဲ လို့ ပြန်မေးပါတယ်။ ကျွန်တော်က အများကြီးလည်း သူများကို သိပ်ရှင်းပြတတ်သူ မဟုတ်ပါ။ ဒါကြောင့် တိုတိုပဲ ပြန်ပြောပြမိတယ်။

“ ရသရဲ့ မိခင် ”  လို့။ ဒါလေးပါပဲ။ သူက ဘယ်လောက် နားလည်လိုက်လည်း မသိပေမဲ့ ကျွန်တော်လည်း ဆက်ပြီး မပြောပြဖြစ်တော့ပါဘူး။ ဆွေးနွေးတယ် ဆိုပေမဲ့ အဓိက အားဖြင့် ကျွန်တော်က နွားကျောင်းသား လိုပဲ ဖြစ်နေတာ များပါတယ်။ အခုလည်း သူနဲ့ ကျွန်တော် ခဏငြိမ်နေပြီးတော့ ကျွန်တော်ကပဲ ဆက်မေးဖြစ်တယ်။

“ ရသ ကိုးပါး ဆိုပြီး အတည်တကျ ဖြစ်မလာခင်မှာ ရသ ဘယ်နှစ်ပါး ရှိလဲ သိလား။ ”

ဒီတော့ သူကလည်း ခပ်မြန်မြန်ပဲ ပြန်ဖြေပါတယ်။

“ မသိဘူး။ မင်း သိရင် ပြော . . . . ”

ကျွန်တော်လည်း သိပ်တော့ သိလှတာ မဟုတ်ပါ။ ဒါပေမဲ့ နည်းနည်းတော့ ကြားဖူးထားလို့ သူ့ကို ကျွန်တော် သိထားတဲ့ အတိုင်း ပြောပြဖြစ်ပါတယ်။

“ တကယ်တော့ လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါး ဆိုပြီး အတည် မပြုနိုင်သေးတဲ့ အချိန်မှာ လူတွေ အသုံးများပြီး တွင်ကျယ်တဲ့ ရသက ( ၄ ) မျိုးပဲ ရှိတယ်။

အမျက်ထွက်ခြင်း = ရုဒ္ဒရသ
စက်ဆုပ်ခြင်း = ဝိဘစ္ဆရသ
သနားခြင်း = ကရုဏာရသ
ကြောက်ရွံ့ခြင်း = ဘယာနကရသ

ဆိုတဲ့ ရသ ( ၄ ) မျိုးပါပဲ။ ဒါနဲ့ပဲ ကျင်ကျင်လည်အောင် သုံးစွဲနေခဲ့ကြပြီး နောက်တော့မှ ရသ ကိုးပါးရယ် ဆိုပြီး အတည်ပြုလိုက်ကြတာပါ။

ဒါပေမဲ့ . . . .

တကယ်တမ်း ပြောရမယ် ဆိုရင် ရသ ကိုးပါး ဆိုတာ မှားပါတယ်။ တကယ်တော့ ရသ ဆိုတာ ကိုးပါး ဆိုပြီး မရှိပါဘူး။ ရသ ဆိုတာ ရသ ဆိုပြီး ရသ တစ်မျိုးတည်းသာ ရှိတာပါ။ ဒါဆိုရင် အပေါ်မှာ ရေးပြထားတဲ့ ရသ ကိုးပါး ဆိုတာ ဘာလဲ လို့ မေးစရာ ဖြစ်လာပါတယ်။

ဟုတ်ပါတယ်။ တကယ်တော့ လူတွေ ပြောပြော နေတဲ့ ရသ ကိုးပါး ဆိုတာ မှားပါတယ်။ တကယ့် အမှန်စစ်စစ်က ရသ ကိုးပါး မဟုတ်ပါဘူး။ “ ရသမုခ ကိုးပါး ” ပါ။ ရသ ဆိုတာကတော့ တစ်မျိုးပဲ ရှိပါတယ်။

ရသ ဆိုတာကို ခံစားမှု လို့ ပြေပြစ်အောင် အနက်အဓိပ္ပါယ်ဖွင့်ဆိုမယ် ဆိုရင် . . .

မုခ ဆိုတာ မျက်နှာ ( သို့ ) လားရာ အရပ်မျက်နှာ ( သို့ ) ဝင်ပေါက်ထွက်ပေါက် လို့ ဆိုရမှာပါ။

ဒီတော့ ရသမုခ ဆိုတာ ရသရဲ့ မျက်နှာပြင် ( သို့ ) ရသဆီသို့ သွားရာ လမ်းကြောင်း ( သို့ ) ရှေးရှု့ရာ ဝင်ထွက်ပေါက် လို့ ဆိုရမှာပါ။ ဒါပေမဲ့ ကာလရွေ့လျောကာ “ ရသမုခ ” ဆိုပြီး အရှည် မခေါ်ကြတော့ဘဲ “ ရသ ” ၊ “ ရသ ” လို့ ဆိုရင်း ထို ရသမုခ ကိုးပါးကနေ ရသ ကိုးပါး ဆိုပြီး ဖြစ်ပေါ်လာတာပါ။

တကယ်တော့ ( အမှန်စစ်စစ်တော့ ) ရသ ဆိုတာ တစ်မျိုးတည်းပဲ ရှိတာပါ။ ထိုရသ ဆိုသော ခံစားမှုကို ဝင်ရောက်ရာ လမ်းကြောင်း ( သို့ ) ရသ သို့ ချဉ်းကပ်ရာ မျက်နှာပြင် ( သို့ ) ရသ သို့ ရှေးရှု့ရာ မျက်နှာစာ အဖြစ် ရသမုခ ကိုးပါး ဆိုပြီး လမ်းကြောင်း ဖောက်ထားခဲ့တာပါ။

ကျွန်တော်တို့ အားလုံးဟာ ဒီ ရသမုခ ကိုးပါး ဆိုသော လမ်းကြောင်းကနေပြီးတော့ ရသ ဆီကို ချဉ်းကပ်ကာ ခံစားကြပါတယ်။ ထိုက်သင့် သလောက်လည်း ရသကို ခုံမင်စွာ ခံစားကြရပါတယ်။ ဒါပေမဲ့ ရသ တစ်ခုကို ခံစားရတဲ့ အခါမှာ ဘယ်လောက်များ ကိုယ့်ရဲ့ ရင်ထဲကို ( မညာကြေး ) ခံစားရမိလဲ ဆိုတာကတော့ ကိုယ့်ဖာသာကိုယ် အသိဆုံးပဲ နေမှာပါ။ တစ်ခါတလေ ပြည့်ပြည့်ဝဝ ခံစားကြရပေမဲ့ တစ်ခါတလေတော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရမိတတ်ပါတယ်။

ဒီတော့ ဒီနေရာမှာ အထက်က ဆရာကြီးရဲ့ စကားက အရေးပါ လာပါတော့တယ်။ ဒီဆရာကြီး ပြောသလိုသာ ဆိုရင် ဝတ္ထု ဆိုတာ ရေးသူ နဲ့ ဖတ်သူ လိုက်ဖက် ညီနေမှ လို့ ဆိုတယ်။ တကယ်တော့ ရေးသူ နဲ့ ဖတ်သူ လိုက်ဖက်ညီဖို့ ဆိုတာ အတော်ကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဂမ္ဘီရ ဝတ္ထု ကြိုက်သူကို အချစ်ဝတ္ထု ပေးဖတ်ပြီး ၊ အချစ်ဝတ္ထု ကြိုက်သူကို စုံထောက် ဝတ္ထု ပေးဖတ်မယ် ဆိုရင်တော့ ဘယ်တော့များမှ ရသ ဆိုတာကို ခံစားလာရလိမ့်မယ် မဟုတ်တော့ပါ။

တချို့လည်း ဒီနေရာမှာ ထင်တတ်ကြပါတယ်။ ရသ ဆိုတာ ရင်ကွဲနာ ကျနေရမယ် လို့ ထင်တတ်ကြတယ်။ ဒါကြောင့် ထိုသူတို့ ဖန်တီးသော ဝတ္ထု ၊ ဇာတ်လမ်းများမှာ စာဖတ်သူရဲ့ မျက်ရည်တွေကို ချူယူနေမိတတ်ကြတယ်။ ရသ ကိုးပါး ဆိုပြီး အတည်တကျ ဖြစ်မလာခင်မှာ အဦးဆုံး ဖြစ်တည်ခဲ့တဲ့ ရသ လေးမျိုးနဲ့ ဟိုးရှေးခေတ်က ဝတ္ထု ၊ ဇာတ်လမ်းတွေကို တည်ဆောက်ပါတယ်။ ထိုခေတ်က ဝတ္ထုတွေမှာတော့ ဒေါသထွက်စရာ ပါမယ် ၊ စက်ဆုပ်ရွံရှာ စရာ ပါမယ် ၊ သနားဖွယ်ရာ ပါမယ် ၊ ထိတ်လန့် ကြောက်ရွံစရာ ပါမယ်။ ဒီလိုမျိုးနဲ့သာ ဝတ္ထုတစ်ပုဒ်ကို တည်ဆောက်ကြပါတယ်။

နောက်ပိုင်းကျတော့မှ လူတွေရဲ့ ခံစားမှုက ပို၍ ပို၍ ကျယ်ပြန့်လာကာ တိုးတက်လာခဲ့တယ်။ ဒီနောက်မှာတော့ ရသ ဆိုသော ခံစားမှုကို သွားရာ လမ်းကြောင်း  ကိုးမျိုးဖြင့် တိတိကျကျ သတ်မှတ်လိုက်ကြပါတယ်။ ဒါကလည်း တကယ်တော့ နှစ်ပေါင်း များစွာ တိုင်ခဲ့ပါပြီ။ အဋ္ဌာရသ ( ၁၈ ) ရပ်ကို နှိုက်နှိုက်ချွတ်ချွတ် သင်ယူရတဲ့ ခေတ်ကာလက လို့ ဆိုရမှာပါ။

အခု ခေတ်မှာတော့ လူတွေရဲ့ ရသ ဆီသို့ သွားရာလမ်းကြောင်းက ကိုးမျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ အရင်ခေတ်ကာလကတော့ ရသမုခ ကိုးပါးတည်းနဲ့ လုံလောက်ချင် လုံလောက်ပါလိမ့်မယ်။ အခုခေတ်မှာတော့ ပို၍ ပို၍ ကျယ်ပြန့်သထက် ကျယ်ပြန့်ကာ ၊ တစ်ခုနဲ့ တစ်ခုလည်း ဆက်သွယ် ၊ ယှက်နွယ် လာကြပါပြီ။ ထွေးရော ယှက်တင် ဖြစ်လာကြပါပြီ။

အရင်ကလို ရသ ဝတ္ထု ဆိုတာ ရင်ကွဲနာကျအောင် ခံစားရမှ ၊ ဂရုဏာသက်ပြီး ဝမ်းနည်းနေရမှ ၊ တုန်လှုပ်ခြောက်ခြား နေရမှ မဟုတ်တော့ပါဘူး။ ဘာမှန်း မသိအောင် ပုံဖော်လို့ မရတဲ့ ခံစားမှုလေး တစ်ခုကို ပေးနိုင်တာကိုက ရသ တစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒီနေရာမှာ ကျွန်တော် “ ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) “ ရေးတဲ့ ဝတ္ထုလေး တစ်ပုဒ်ကို သွားသတိရမိပါတယ်။ ဝတ္ထုရဲ့ အစ နဲ့ အလယ်အထိ ဘာကိုဆိုလို့ ဘာကိုမှန်း ခန့်မှန်းလို့ မရပါဘူး။ အရာဝတ္ထုလား ၊ လူလား ၊ သက်ရှိလား ၊ သက်မဲ့လား မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ထိုအရာဟာ စွန့်စားမှု တစ်ခု အတွက် အားထုတ်ကြိုးပမ်းနေရတယ် ဆိုတာကိုသာ ခံစားလို့ ရပါတယ်။ ခံစားရမိစေပါတယ်။ နောက်ဆုံး ထိုအရာလေးရဲ့ စွန့်စားမှု အောင်မြင်သွားတယ် ဆိုတော့မှ ထိုအရာလေးကို ဘာလဲ ဆိုတာ ပုံပေါ်လာပါတော့တယ်။

ထိုအရာလေးကတော့ ရေအောက်မှာ ရှိနေတဲ့ လေပူဖေါင်းလေး တစ်လုံးပါ။ ရေအောက်ကနေ ရေပေါ်ကို တိုးတက်သွားပြီး ရေမျက်နှာပြင်ကို ထိတွေ့တဲ့ အခါမှာတော့ သူက သူ့ရဲ့ စွန့်စားမှု အောင်မြင်သွားတဲ့ အကြောင်းကို အသံပြုပါတယ် “ ဖျပ် ” တဲ့။ တကယ်တော့ ဘာဆို ဘာမှ မဟုတ်ဘူး ဆိုပေမဲ့ ဒါဟာ “ ရသ ” ပါ။ ဒါဟာ “ ခံစားမှု ” တစ်ခုပါ။ ဒါဟာ အိုဟောင်း ဆွေးမြေ့နေတဲ့ ကျွန်တော့် ပတ်ဝန်းကျင်အတွက် ခံစားမှု အသစ် တစ်ခုပါ။ ဆရာ ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) ကတော့ ဒီဝတ္ထုတိုလေးကို “ ကျနော် ၊ ခင်ဗျား ၊ သူ . . . အားလုံး အတူတူပါပဲ ” ဆိုပြီး ဝတ္ထု ခေါင်းစဉ် ပေးထားပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။

ဒီဝတ္ထုလေးကို ဖတ်ပြီးတော့ အထက်က လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါးထဲက ဘယ်အရာနဲ့များ ချိန်ထိုးချင်ပါသလဲ။ ဟိုးအရင်ခေတ်ကလို မကျဉ်းမြောင်းတော့သော ခံစားမှုတွေထဲမှာ ဒါဟာလည်း နောက်တိုး ရသမုခ တစ်မျိုးပါပဲ။ ရသ ဆီသို့ သွားရာ လမ်းကြောင်း အသစ်လေး တစ်ခုပါ။ ကျွန်တော်တို့ လက်သင့်ခံပြီး နွေးထွေးစွာ ကြိုဆိုသင့်ပါတယ်။



ကျွန်တော့်မှာ သူငယ်ချင်း တစ်စုံ တစ်တွဲ ရှိတယ်။ သူတို့ နှစ်ယောက်က ကိုးတန်း ကျောင်းသူ ၊ ကျောင်းသား ဘဝကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ကို တခြားသော သူငယ်ချင်းတွေက မှတ်ချက် အမျိုးမျိုး ပေးကြတယ်။

တချို့က “ နင်တို့ စုံတွဲက အေးချမ်းတယ် ”  လို့ဆိုတယ်။
တချို့က “ နင်တို့ စုံတွဲက ပျင်းစရာကြီး ” လို့ ဆိုတယ်။
တချို့က “ နင်တို့ကတော့ ဒီကမ္ဘာမှာ နင်တို့ပဲ ရှိတယ် လို့ ထင်နေတာလား ” ဟု ဆိုတယ်။
တချို့က “ ဘီးမပါတဲ့ ကျောက်လှည်းကြီး ” လို့ ဆိုတယ်။

ဒီလို သူငယ်ချင်းတွေ မှတ်ချက် အမျိုးမျိုး ပေးပေမဲ့ သူတို့ကတော့ ဒီလိုပဲ ပုံမှန် ဖြတ်သန်းသွားကြတာပါပဲ။ အခုတော့လည်း သူတို့ နှစ်ယောက် လက်ထပ်ပြီး အတူတူ ဘဝ တစ်ခုကို တည်ထောင်နေကြပါပြီ။ အတော်ကြာပြီးတဲ့ တစ်နေ့မှာ သူတို့နဲ့ ကျွန်တော် ပြန်ဆုံဖြစ်တော့ သူတို့က ကျွန်တော့်ကို မေးတယ်။

“ မင်း . . . ငါတို့နဲ့ ကျောင်းတက်လာသမျှ အချိန်တွေမှာ သူများတွေကသာ ငါတို့ စုံတွဲကို မှတ်ချက်တွေ အမျိုးမျိုး ပေးကြတာ ၊ မင်းကတော့ ဘာမှတ်ချက်မှ မပေးဘူး။ ငါတို့ စုံတွဲနဲ့ ပတ်သတ်ပြီး မင်းက ဘာခံစားမှုမှ မခံစားရလို့လား။ ”

လို့ မေးလာတယ်။ သူတို့က ဒီလိုမေးတော့ ကျွန်တော် သေသေချာချာ ပြန်ပြုံးပြီး ပြောလိုက်ပါတယ်။

“ ခံစားရတာပေါ့ကွာ။ နင့်နင့်နဲနဲကို ခံစားရမိပါတယ်။ ”

“ ဒါပေမဲ့ . . . မင်းဆီက ငါတို့နဲ့ ပတ်သတ်ပြီး လုံးဝ မှတ်ချက် မထွက်လာခဲ့ဖူးဘူး။ အခု ပြောစမ်းပါဦး။ မင်း ငါတို့ စုံတွဲအပေါ်မှာ ဘယ်လို မှတ်ချက် ပေးချင်လဲ။ ”

သူတို့က ဒီလို မေးလိုက်တော့မှ ကျွန်တော်လည်း ရုတ်တရက် ဘယ်လို ပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားမိတယ်။ နောက်မှ အရင်က ခံစားရတာကို စိတ်ထဲမှာ ပြန်နွေးပြီး ပြောချလိုက်ပါတယ်။

“ မင်းတို့ စုံတွဲကို ငါမြင်ရတာ အေးချမ်းမှု ဘေးက လူဆီကို ဖြာထွက်စေတယ် လို့ပဲ ပြောတတ်တယ်။ တစ်ခု ရှိတာက မင်းတို့ စုံတွဲရဲ့ အချစ်က ပူလောင်စေတာမျိုး မဟုတ်ဘဲ ၊ မင်းတို့ကို ဘေးက မြင်နေသူပါ မင်းတို့ကို ကြည့်ပြီး တငွေ့ငွေ့ ပျော်ရွှင်ကြည်နူးစေတာပါပဲ။ တခြား စုံတွဲတွေလို မင်းတို့ စုံတွဲကို မြင်ရတာ ကလက်ခြင်းမရှိဘူး။ တည်တည်ငြိမ်ငြမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်နေတယ် လို့ ဘေးက လူကပါ ခံစားရတယ်။ ”

ကျွန်တော် ဒီလိုပဲ ပြန်ဖြေလိုက်မိပါတယ်။ တကယ်လည်း သူတို့ စုံတွဲက ကျောင်းတတ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီလိုပဲ အေးချမ်း တည်ငြိမ်ခဲ့တာပါပဲ။ ပြီးတော့ သူတို့ရဲ့ အေးချမ်းမှုက အနီးနားမှာ ရှိနေတဲ့ လူတွေဆီကိုပါ ကူးစက်စေပါတယ်။

ကျွန်တော် ဘာဖြစ်လို့ အခု သူတို့ အကြောင်းကို ထည့်ရေးပြီး ဥပမာ ပေးရတာလည်း ဆိုတော့ သူတို့ နှစ်ယောက်ရဲ့ အချစ်အကြောင်းကို ပုံပေါ်အောင် ဝတ္ထုရေးမယ် ဆိုကြပါစို့။ လူတွေ ပြောပြောနေတဲ့ အထက်က ရသ ကိုးပါးထဲက ဘယ်အချက်နဲ့ ပေါ်လွင်အောင် ရေးနိုင်ပါမလဲ။ ချစ်ခင်ခြင်း ရသ နဲ့လား ၊ မဟုတ်သေးပါ။ သူတို့ရဲ့ အချစ်က ဒီလိုမဟုတ် ၊ ဒီထက်ပို၍ အဆင့်မြင့်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ကို ပုံပေါ်အောင် ရေးမယ် ဆိုရင် အထက်က ရသမုခ  ကိုးပါးနဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။

ဒါဆို သူတို့နှစ်ယောက်ရဲ့ အချစ်ကို စာဖတ်သူ ခံစားမိသောအခါမှာ တခြားသော ရသမုခ တစ်မျိုး ထပ်ဖြစ်လာပါလိမ့်မယ်။ ဒါကပဲ မူလ အရင်း အမြစ် ဖြစ်ရာ “ ရသ ဆိုသော ခံစားမှု ” ဆီကို ဦးတည်သွားမှာပါ။ လူတွေ ပြောပြောနေတဲ့ ရသ ကိုးပါး ( သို့ ) ရသမုခ ကိုးပါးနဲ့ အံမဝင်လို့ ဒါဟာ ရသ မမြောက်ဘူး လို့ ဆိုရင်တော့လည်း ကျွန်တော် ဝမ်းလည်း မသာ ၊ ဝမ်းလည်း မနည်းဘဲ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေရမှာပါပဲ။



ကျွန်တော်တို့ အခု ပတ်ဝန်းကျင်မှာ ဖတ်နေရတဲ့ ရသ ဆိုသော ခေါင်းစဉ် အောက်မှ စာများဟာ လူတွေ အပြောများနေတဲ့ ရသ ကိုးပါးထဲကို အတင်းထိုးထည့်ကာ ရေးနေကြပါတယ်။ တကယ်တော့ ထိုခေတ် ထိုအခါက ပြုစုထားတဲ့ ရသမုခ ကိုးပါး (သို့) ရသဆီိသို့ ချဉ်းကပ်ရာ လမ်းကြောင်း ကိုးသွယ်နဲ့ ရေးမှ ရသမြောက်မယ် လို့ မြင်နေကြလို့ ဖြစ်ပါတယ်။

အခုခေတ်မှာလို အရာရာ ကျယ်ပြန့်လာတဲ့ ခေတ်မှာတော့ ရသ ဆီကို သွားရာ လမ်းကြောင်းတွေကလည်း အဋ္ဌာရသ ( ၁၈ ) ရပ်ကို သင်သော မင်းညီမင်းသားများလို မဟုတ်တော့ဘဲ ၊ သက်ဆိုင်ရာ ဘာသာရပ်တွေမှာတင် များစွာသော အပိုင်းခွဲတွေ ပေါ်ထွက်လာကာ ကျယ်ပြန့်လာခဲ့ပါပြီ။ လူတွေရဲ့ သိ မြင် ခံစားမှုတွေကလည်း ပိုပြီးတော့ ကျယ်ပြန့်ကာ နားလည် လွယ်လာကြပါပြီ။

ဒါကြောင့် ရသ ဆိုတာ လူတွေ ပြောပြောနေသလို ရသ ကိုးပါး ဆိုပြီးကာ လှေနံ ဓါးထစ် ထားသလောက် ရှိတာ မဟုတ်ပါ။ တကယ်တော့ ရသ ဆိုတာ တစ်မျိုးပဲ ရှိပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်ကတော့ “ ခံစားမှု ” လို့ပဲ အနက်ဆိုချင်ပါတယ်။ လူတွေ အပြောများနေတဲ့ ရသ ကိုးမျိုး ဆိုတာ “ ရသမုခ ကိုးမျိုး ” သာ ဖြစ်ပါတယ်။ ရသမုခ ဆိုတာကလည်း ရသဆီသို့ ဝင်ရောက်ရာ လမ်းကြောင်းတွေပါ။

ကျွန်တော်တို့ ဘောလုံးပွဲ ကြည့်ဖို့ ဘောလုံးကွင်းထဲကို သွားတယ်ပေါ့။ ဒီဘောလုံးကွင်း ဆိုတာက ရသ ဆိုတဲ့ ခံစားမှု တည်ရှိရာ နေရာပါ။ ဒီဘောလုံးကွင်းထဲကို လေယာဉ်ပျံပေါ်ကနေ လေထီးနဲ့ပဲ ခုန်ချ ၊ ခုန်ချ။ ရဟတ်ယာဉ်နဲ့ပဲ ဘောလုံးကွင်းထဲကို ဆင်းဆင်း ၊ ကားစီးပြီးတော့ပဲ လာလာ ၊ ရထားစီးပြီးတော့ပဲ လာလာ ၊ ဆိုင်ကယ်စီးပြီးတော့ပဲ လာလာ ၊ စက်ဘီး စီးပြီးတော့ပဲ လာလာ ၊ ဒါမှမဟုတ် အေးအေးလူလူ လမ်းလေးပဲ လျှောက်ပြီးလာလာ ၊ အဓိက က ဘောလုံးကွင်းကို ရောက်ဖို့ပဲ မဟုတ်လား။

ဘောလုံးကွင်းကို ရောက်ပြီ ဆိုရင်လည်း တောင်ဘက် ပေါက်ကပဲ ဝင်ဝင် ၊  မြောက်ဘက်ပေါက်ကပဲ ဝင်ဝင် ၊ ဘယ်ကနေပဲ ဝင်ဝင် ၊ ဘယ်အတန်းမှာပဲ ထိုင်ရ ထိုင်ရ . . . အဓိက က ဘောလုံးကွင်းထဲကို ရောက်ဖို့က အဓိက မဟုတ်ပါလား။ ရသ ဆိုတာကလည်း ဒီလိုပါပဲ။ ဘယ်လို မုခ နဲ့ပဲ ဝင်လာလာ အဓိက က “ ရသ ” ဆီကို ရောက်ဖို့ပဲ မဟုတ်ပါလားဗျာ။

အရာ အားလုံးဟာ အခုခေတ်မှာ သီးခြားဆီ ရှိမနေတော့ဘဲ ၊ အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်သွယ် ယှက်နွယ်ပြီးတော့ ကွန်ယက် သဏ္ဌာန်ကို ဆောင်နေကြပါပြီ။ ဝတ္ထုတစ်ပုဒ်မှာတင် တွေးစရာ ၊ ငေးစရာ ၊ ဆွေးစရာ ၊ ရယ်စရာ ၊ ငိုစရာ ၊ ကြောက်စရာ ၊ ပျော်စရာ ၊ ထိတ်လန့်စရာ ၊ ဝမ်းနည်းစရာ ၊ အံ့သြစရာ ၊ သနားစရာ ၊ ရဲရင့်စရာ ၊ ဂရုဏာသက်စရာ စသဖြင့် ရသမုခ ပေါင်းများစွာဖြင့် တန်ဆာဆင်ကာ ခံစားနိုင်ကြပါပြီ။

ဒါကြောင့် အခုခေတ် ဝတ္ထု ၊ စာတွေကို ကျွန်တော့်ကတော့ “ ရသကွန်ယက် ” စာများလို့သာ ပုံပမာ ပြုချင်မိပါတော့တယ်။   ။ 




*** ဒီလို အကြောင်းအရာမျိုးက တစ်နေရာတည်း ၊ တစ်ချိန်တည်းမှာ ရေးလို့ ပြီးတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် အခုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီ။ အခွင့်အခါ ရှိရင် ထပ်ရေးပါ့မယ်။ အခု ရေးသမျှကလည်း နောက်ထပ် တစ်မိနစ်နေရင်တောင်မှ Up To Date ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဘာလို့လဲ ဆိုတော့ အရာရာဟာ တိုးတက်ပြောင်းလဲ နေလို့ပါပဲ။ ဘယ်အရာကိုမှ အသေချုပ်ကိုင်ထားလို့ ရနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ ***

>>> ကျွန်တော် စာလုံးပေါင်းတွေ မှားနေရင် ပြောသွားကြပါဦး။ အနီးအနားမှာ ကျမ်းတွေက ကိုးကားစရာ မရှိလို့ပါ။ <<<

လေးစားစွာဖြင့်
ကိုဇော်
20.4.2011

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

IDIOT-Ki said...

“ဖျပ်”...

အဲ့လိုပဲ ဖြစ်သွားတယ်..း))

Anonymous said...

ကိုဇော့် အမြင်နဲ့ရေးထားတဲ့ ရသ အကြောင်း ကို ဖတ်ရ တော့ နည်းနည်းတော့ ပြောချင်လာတယ်။ ကိုယ်က ရသနဲ့ ပတ်သက် လာရင် ဘာမှ မယ်မယ်ရရ သိပ်နားမလည်ပေမယ့် နှစ်တန်း၊ သုံးတန်း လောက်ကတည်းက ပုံပြင်စာအုပ် အပါအ၀င် စာမျိုးစုံဖတ်လာတော့ ရသ ဆိုတာ တော့ ကောင်းကောင်း ခံစားတတ်တယ်။ တကယ်တော့ ရသ ဆိုတာ အရသာ ပဲ။ ကျနော် ဆေးပြင်းလိပ် ကြိုက်ပေမယ့် အများစုကျ တော့ အနံ့ဆိုး ရှုနေတယ် ဆိုတာကိုး။ ရသ ဆိုတာ ကလဲ ခံစားသူရဲ့ ပကတိ ခံစားနိုင်တဲ့၊ ခံယူနိုင်တဲ့ အတိမ်အနက်၊ နားလည် နိုင်စွမ်း အပေါ်မှာ လဲ အများကြီး မူတည်တယ် လို့ထင်ပါတယ်။ တချို့ဆိုရင် ရိုးရိုးရှင်းရှင်း၊ တိုတို တုတ်တုတ် ရေးထားတဲ့ မောင်ကောင်းထိုက် ဟာသ ကို တောင် မရယ် ရဘူး ဆိုတာလဲ တွေ့ဖူးတယ်။ ဒါပေမယ့် အဲဒါမျိုးထက် ပြော ရမယ်ဆိုရင် (အဓိပ္ပါယ်မရှိ၊ ထင်ရာဆွဲတွေး၊ ရေးချင်ရာရေး ထူးခြား ဆန်းပြားနေရင်ပြီးရော စကားလုံး အသစ်အဆန်းတွေ၊ အနောက်တိုင်းဝေါဟာရတွေ အတင်းပြွတ်သိပ် ထည့်သွင်း ထားတဲ့ မော်ဒန် လို့ဆိုကြတဲ့ (တချို့ စာရေးသူတွေရဲ့) စာဖတ်သူ ကို ရသတခုခု ပေးစေလိုတဲ့ ((((စေတနာမပါတဲ့)))) စာတွေ၊ ကဗျာတွေ ကိုရော ကိုဇော် ဘယ်လို ပြောမလဲ။

အေအေတီအို

ရသကျောက် said...

အန်တီဘေဘီရဲ့ ပဲသုတ်နဲ့ဘယာကျော်ရသကို အကြိုက်ဆုံးပဲ..

မြတ်မွန် said...

ရသဆိုတာ..ခံစားမှုလို့ပဲ မြင်ပါတယ်.. ဦးဇော်..။
အနုပညာဆိုတာ..ရသပါပဲ..။

sosegado said...

ရသ ဆိုတော့ ဟစ်ဟော့ အဆိုတော်တွေအကြောင်းထင်လို့ ရသ တို့ သြရသ တို့ သူတို့စာသားလေးတွေကမိုက်တယ်၊ :D
ကိုဇော်ရေးပြမှာပဲ ရသ ဆိုတာပြန်တွေးမိတယ်၊ သင်တော့သင်ခဲ့ရပါတယ် အလွတ်ကျက်ပညာရေး ဆိုတော့မေ့ကုန်ပြီ၊ ရသ ကိုးပါး၊ ရသ အမေ၊ ရသ တွေစုံလင်လာတာကိုသိရပါတယ်၊
ခံစားမှုပေးမှ ရသ ဆိုရင် ဘာမှမခံစားရဘူးဆိုရင် ဒါလဲ သုညရသ ပေးတာပေါ့၊
အဲလိုဘာမှမခံစားရတဲ့ ရသတွေ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ CLASSIC တွေဖြစ်လာတယ်မဟုတ်လား၊
ကိုဇော်ပြောသလို ပေးသူနဲ့ယူသူ မျှမှဖြစ်မယ်မဟုတ်လား၊
အပေးအယူမျှမျှနမ်းဘို့ဆိုတာ လွယ်မယ်တော့ မထင်ဘူး။

မောင်မောင်တင် said...

ဗဟုသုတ အများကြီးရလို့ ကျေးဇူးပါ ကိုဇော်
ကိုဇော် ညွှန်းတဲ့ ကိုကြည်နိုင် ရဲ့ ၀တ္ထုတော့မဖတ်ရသေးဘူး...ကိုဇော် မှတ်မိလား ဆရာမ ခင်ခင်ထူး စာပေဟောပြောပွဲမှာ ပြောသွားတဲ့ သူ့ရဲ့ နှစ်ပင်လိမ်ကြိုး ၀တ္ထု လိုပေါ့နော်...သူဖြေပြောမှပဲ ကျွန်တော်သဘောပေါက်တာ....ကျေးဇူးပါ ကိုဇော်
မျှော်နေတာကြာပြီ ဒီ ရသကွန်ယက် ကို

အလွမ်းမြို့လေး said...

လာရောက်ဖတ်သွားတယ်။
ပျော်ရွှင်ပါစေ

Yamone Phoo said...

ရသဆိုတာ အားလုံးပေါင်းပြီးပြောရင် ပင်ရင်းအဓိပ္ပာယ်က ခံစားမှု လို့သိထားတယ် ၊ ပင်ရင်းကမှ ကိုင်းခွဲတွေ တစ်ခုချင်းပြန်ခွဲထွက်လို့ရတယ်..ဒီပိုစ့်မှာ မန့်ထားတဲ.သူတစ်ယောက် က ရသဆိုတာ အရသာလို့ဆိုတယ် . .သူလဲမမှားပါဘူး..ဒါပေမယ့် အရသာဆိုတာ ခံစားတတ်မှ သိရတဲ့အရာ. .ဒီတော့ပင်ရင်းနဲ့မကင်းပါဘူး . .ကိုယ်က ကဗျာတစ်ပုဒ်ကို ခံစားကြည့်မယ်ဆိုရင် ဘယ်လိုအမျိုးစားပဲ ဖြစ်ဖြစ် ခံစားချက်အတိမ်အနက် ၊ ရလာမယ့်ရသဆိုတာ ဖတ်သူကိုယ့်အပေါ်မှာမူတည်သလို အဲဒီကဗျာကိုရေးတဲ့သူပေါ်မှာလဲမူတည်ပါတယ်..ဘာတွေေ၇းထားမှန်းမသိလို့ ဘာမှမခံစားရတာမျိုးလဲရှီပါတယ်..ဒီလိုမျိုးဖြစ်ရတာက စာဖတ်သူက စာထဲမှာပါတဲ့စာလုံး အသုံးနှုန်းကိုနားမလည်နိုင်တာကြောင့် မခံစားတတ်တာနဲ့ စာရေးသူက ကိုယ်ပေးချင်တဲ့ရသကို ပေါ်လွင်အောင်မရေးတတ်တာရယ်ကြောင့် ဘာရသမှ မရခဲ့တာလို့ထင်ပါတယ်..ဒီတော့စာရေးတိုင်းလဲ စာမဖြစ်ပါဘူး . .ဒီလိုပဲ စာဆိုပြီးဖတ်တိုင်းလဲ စာမဟုတ်တာတွေအများကြီးပါ..စာဖတ်တိုင်း နားလည်ရမယ်ဆိုတာ ကိုယ့်မှာလဲ အခံရှိဖို့လိုတာပေါ့ . .နေရာတစ်ခုကိုရောက်အောင်တော့သွားပြီး ပြထားတဲ့အရာကို မြင်အောင်တော့ကြည့်သင့်ပါတယ် . ..ဒီတော့* ဒီစာကို ငါဖတ်ပြီးပြီ ဆိုတာထက် ဒီစာကိုငါ ခံစားပြီးပြီ* လို့ပြောတာ ပိုပြီးတော့လေးနက် မယ်ထင်ပါတယ် . ..တကယ်ရသမျိုးစုံနဲ့တန်ဆာဆင်ထားတဲ့ စာတွေအများကြီးဖတ်ဖူးတွေ့ဖူးခဲ့ပါတယ် . .တကယ်လဲရသပေါင်းများစွာကို ခံစားရပါတယ် . .ဒါကြောင့် အခုခေတ် ၀တ္တု စာတွေက့ ရသကွန်ရက်လို့ ဆိုရလောက်အောင် ကွန်ရက်သဖွယ် ရှက်ဖြာနေကြတယ်ဆိုတာ အမှန်ပါပဲ . .နောင်မှာလဲ ခိုင်မာတဲ့တွဲလက်တွေနဲ့ယှက်ဖြာနေတဲ့ ရသစုံစာပေကောင်း(ရသကွန်ရက်)တွေ အများကြိးပေါ်ပေါက်လာပါစေ လို့ဆုတောင်းလိုက်ပါတယ် . .ကိုဇော်ရေ ရသကွန်ရက်တွေအကြောင်း ဆက်လက်ရေးသားပါဦးနော် . .

SHWE ZIN U said...

ကိုဇော်ရေ

စာတွေ နဲ့ ပတ်သက်တဲ့ ရသအကြောင်း နဲနဲ ပြောချင်တယ် စာတမျိုးမျိုး ကိုဖတ်ပြီးလို့ တခုခု ခံစားခဲ့ ရရင် ရသ မြောက်တယ်လို့ ခံစားမိတယ်

အပျော်ဖတ် တွေ မှာ ဘာခံစားချက်မှ မကျန်ခဲ့သလို မော်ဒန် ဝတ္ထု အများစု တွေကို လည်း ဖတ်ပြီး မခံစားတတ်ဘူး အဲဒီအတွက် ခံစားမှု့ အားနဲတယ် လို့ ပြောရင်လည်း ရပါတယ်

ဒီလောက်ဘဲသိတယ် မျှဝေမှု့အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတတွေအများကြိးရလို့
ကျေးဇူးပါအကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ အကို။

ahphyulay said...

အင်း..
သည်ပို့ (စ)လေးမှာ တစ်မိနစ်တောင်
အပ်(ပ)တူဒိတ်မဖြစ်နိုင်ဘူးဆိုတာရယ်..
ဘယ်လိုပဲဖြစ်ဖြစ် ရသ လေးတစ်ခု ဖြစ်ရင်
ပြီးတာပဲ ဆိုတာကို ရေရေလယ်လယ်
လက်ခံ ခဲ့ ပါတယ်..။

သတိုး said...

ရသကွန်ယက်ကို တွေးတွေးဆဆ ဖတ်သွားခဲ့ပါတယ် ကိုဇော်။ စာရေးဆရာကြီးဆိုလိုတာက စာဖတ်သူအကြိုက်လိုက်ရေးတာမျိုး ၊ အဲလိုမဟုတ်ပဲ ကိုယ့်ခံစားချက်၊ ကိုယ့်ဖန်တီးမှု အနုပညာက စာဖတ်သူနဲ့ စည်းချက်နရီ ကိုက်ညီနေတာမျိုး ထင်ပါတယ်။ စာေ၇းတဲ့သူကတော့ ကြိုက်ရော့လဟယ် လို့ လိုက်မရေးကောင်းဘူး မဟုတ်လားးD

ကိုကိုမောင်(ပန်းရနံ့) said...

ဘုရားဟောဖော် တရားတော်များအားလုံး ၀ိမုတ္တိရသတည်းဟူသော တစ်ခုတည်းသော ရသ၌သာလျှင် အဆုံးရှိချေ၏ လို့သာ ဆိုလိုက်ချင်ပါတော့တယ်။း))))

ရသတွေ ရသတွေ ရသတွေ တယ်လဲ များလှသကိုး။
နောက်ဆုံးတော့လဲ ကိုဇော်ပြောသလို ရသတစ်ခုထဲမှာ လာပေါင်းကြမှာပါလေ။ ခံစားမှုမှာပေါ့။

ဆက်လက်တင်ပြနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.