မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 April 2011

23 ၂၀၁၁ သင်္ကြန်ကဗျာ



သင်္ကြန် . . . သင်္ကြန် . . . သင်္ကြန် . . တဲ့။
ဟိုးအဝေးက လှမ်းကြည့်မိတော့ . . .
ရမ်းကြည့် ကြည့်မိတဲ့ ဒီမျက်လုံးက
ငမ်းကြည့်နေတဲ့ တခြား ပုရိသများနည်းတူ
လှမ်းသွားမိတဲ့  ခြေလှမ်းတွေက
သူတို့ရဲ့ စင်မြင့် အနားကို . . .။

လက်ပံပင် ဇရက်ကျ
ခပ်ကြွကြွ ခုန်ပေါက်သီဆိုလို့ . . .
ဘာကို ဘာတွေ အော်မှန်း မသိ။
မသိတော့လည်း နားကွဲ . .
သိတော့လည်း တအားဆဲ . .
နားလည်တော့လည်း နားရှက် . .
နားမလည်တော့လည်း ကြားရခက် . .
ပေါင်အချောင်းလိုက်နဲ့ ဇိုးဇိုးဇတ်ဇတ် ကတဲ့ အက
အမေဇုံတောထဲက လူရိုင်းမတွေရဲ့အက
အောင်သေ အောင်သား စားတော့မဲ့ ဟန်နဲ့
ဝါးရုံပင်လေတိုး ဆိုးလိုက်တဲ့ အမျိုး။

ဆံပင်ကို ကာလာစုံပြောင်း
စိတ်တွေကတော့ အညစ်အကြေးတွေနဲ့ မည်းနက်မှောင်လို့ . . .
၎ နှစ်သား လူငယ်လေးကနေ . . .
အသက် ၇၀ ဘိုးဘိုးတို့ အထိ . . .
ဒန့် . . တန့် . . တန့် . . .
အကြောတွေထ ၊ ရေတွေ ငတ်ပြ ၊
ရေဆာရင် ဘီယာ ရှိတယ် ဆိုပြီး
ထောက်ခနဲ ယူ ၊ ဖောက်ခနဲ သောက် . .
ဒါ . . မြန်မာဟေ့ လို့
သူတို့က . . .
စဥ့်အိုးထဲ ခေါင်းဝင် ကြုံးဝါးကြတယ်။

ခေတ်မှီဖို့ ဆိုပြီး အတွင်းခံ မပါဘဲ
စကတ်တို ဝတ်စရာ မလိုပါဘူး။
အသားကပ်ဝတ်ပြီး မဏ္ဍပ်ရှေ့ကနေ
ဂျနီဖာ လိုပတ်ဇ် လို့ ကောက်ပြစရာ မလိုပါဘူး။
အုန်းမှုတ်ခွက် တစ်စုံကို ကြိုးနဲ့ ချည်ပြီး
လေဒီဂါဂါ လို ဖက်ရှင်ဆန်းတွေ ထွင်စရာ မလိုပါဘူး။
မင်းဘာကောင်လဲ ၊ ငါဘာကောင်လဲ ဆိုပြီး
ပြုတ်ကျမတက် လှုပ်ရမ်း ကြွားစရာလည်း မလိုပါဘူး။
ခေတ်မှီဖို့ ဆိုတာထက် . . . .
သူတို့က ခေတ်ကို လွန်ထွက်ပြီး . . .
ခေတ်ကို အရှေ့က ကြိုးနဲ့ ဆွဲချင်ရင်တော့ . . .
မှားမယ် . . . ။

မြန်မာဆန်ပါလို့ ဆိုတိုင်း . . .
လွှတ်တော်ထဲက ဂုဏ်သရေရှိ ဘဘတို့လို
တောင်ရှည်ပုဆိုး ဝတ်ပြစရာ မလိုပါဘူး။
လွှတ်တော်ထဲက ဒေါ်ဒေါ်တို့လို
သင်္ကြန်တွင်းမှာ ပုဝါ နှစ်စ အသာချပြီး
မျက်လွှာလေး ဝင့်ကာ ဝင့်ကာနဲ့ ဣနြေ္ဒရနေစရာ မလိုပါဘူး။
ကာလံဒေသံ ကြည့်ပြီး ဆင်ယင်ပေါ့။
ဘောင်းဘီတိုကပ် ပြတ်လပ်တွေ မဝတ်လို့
ရေမလောင်းဘူး မရှိစေရဘူး။
ကြိုးတစ်ချောင်းနဲ့ အဖုအဖောင်းတွေ မပြလို့
ရေမလောင်းဘူး မရှိစေရဘူး။

သင်္ကြန်မှာ ရေကစားရင်း မောလာလို့
ရေသောက်ရင်လည်း အမောပြေပါတယ်။
ဘီယာဘူးလေး ကိုင်ပြီး ဆေးလိပ်လေး ခဲမှ
ခေတ်မှီတယ် ထင်တယ် ဆိုရင်တော့
အနောက်နိုင်ငံက ကြေးစားရုပ်ရှင်တွေကို နည်းနည်းလောက် ပြချင်တယ်။
မထင်ဘဲနဲ့ ကိုယ့်ဖာသာကိုယ် ပြန်မြင် . . .
မှန်ကို ရှူ့မြင်လိုက်ရသလို ဖြစ်ရင်တော့ မတတ်နိုင်ဘူး။
ကြေးစားတွေရဲ့ အပြင်အဆင် ဆိုတာ အဲဒီလိုပဲ။
မျက်နှာမှာ ရောင်စုံခြယ် ၊ ဆံပင်ကို ဆန်းအောင်လုပ်
အဝတ်ကို ပါးအောင်ဝတ် ၊ ဖော်နိုင်သမျှဖော်
ဒါမှလည်း . . . ပုရိသတွေက . .
ပျော်နိုင်သမျှ ပျော်ကြမှာလေ။

ပုရိသတွေ ပျော်မှ . . .
သူတို့လန်းမယ် . . . .
သူတို့လန်းမှ ကိုယ်လည်း လန်းအောင် . .
ရေကမ်းလာမယ် ဆိုတဲ့ အတွေးကတော့
အားနာနာနဲ့ ပြောရရင် . . .
အတော်ကို အပေါစား ဆန်တယ်။
ဆိုက်ကားသမားတွေက ပြောကြတယ်။
“ အခေါက်ရေများလေ ကိုယ့်အတွက် ကျန်လေ . . ” တဲ့။
ပုရိသ စားဖားကြီးတွေကတော့ ပြောမှာပေါ့ . .
“ အယောက်ရေများလေ ကိုယ့်အတွက် ကျန်လေ ” လို့။
ဒီလိုနဲ့ပဲ သူတို့သမိုင်းကို သူတို့ ရေးတယ်။

ကိုယ်ပြင်ဆင်ထားတဲ့ ဟန်က
ကြေးစားပုံ ပေါက်နေရင် ကြေးစားလောက်ပဲ ဆက်ဆံ ခံရတာ
သိပ်တော့ မဆန်းလှပါဘူး။
ဒီလို အုန်းမှုတ်ခွက် ဝတ်စုံ ၊ လက်သုံးလုံး နံငယ်ပတ်နဲ့
ဘယ်နိုင်ငံက အထက်လွှတ်တော် ၊ အောက်လွှတ်တော်တွေ တတ်တာ မြင်ဖူးလဲ။
ဒီတော့ . . .
တောင်းမှာ အကွပ် ၊ လူမှာ အဝတ် ဆို . . .
အခုတော့ . . .
တောင်းမှာ အကွပ်ပါးလာသလို ၊ လူမှာလည်း အဝတ်ရှားလာပါရောလား။
အဝတ် ရှားလာတာလား ၊ အချွတ် ပေါလာတာလား
ဝေဝေဝါးဝါးပဲ တွေးမိပါတယ်။

ခက်တာက . . .
“ မြန်မာရိုးရာ ယဉ်ကျေးမှု ရေသဘင်ပွဲတော် ” ဆိုတဲ့
စာလုံးလှလှလေးကို ရောင်ခြယ် လှလှလေးနဲ့ ရေးထားတဲ့
တခမ်းတနား ဆိုင်းပုဒ် ရှေ့မှာ . . .
အုန်းမှုတ်ခွက် ဝတ်စုံ ၊ လက်သုံးလုံး နံငယ်ပိုင်းနဲ့
အဆီဗူးတွေ လှုပ်ခါနေတာကတော့
ရာဇဝင် နည်းနည်းရိုင်းတယ်။
အနောက်နိုင်ငံကို အထင်ကြီး ၊ အားကျ ၊
ခေတ်ကို မှီအောင် လှော်ခတ်နေတယ် ဆိုပေမဲ့ . . .
မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော် ဆိုလို့
လာရောက် ကြည့်ရှု့တဲ့ . .
အနောက်နိုင်ငံသားတွေတောင်မှ မျက်စိလည်ပြီး
သူတို့ ခေတ်နောက်ကျနေသလို မျက်နှာအိုအိုနဲ့
“ Sexy Water Festival ” ဆိုပြီး နာမည်သစ်ပြုတယ်။

သူတို့က ကောသလမင်းကြီး မဟုတ်ပေမဲ့. . .
သူတို့ရဲ့ စကားက ခေတ်အဆက်ဆက် တာသွားမှာတော့
( အတွေးလွန်ပြီး ပူတတ်ရန်ကော လို့ပဲ ပြောပြော ) စိုးရိမ်မိတယ်။
Sexy Water Festival ဆိုပြီး သူတို့ ပြောသလို. . .
နောင်နှစ်တွေလည်း ဒီလိုပဲ “ ဆက်စည်ကား ” သွားမလား စိုးမိတယ်။

ဘာလို့လဲ ဆိုတော့ . . .
ကိုယ်တွေ မြန်မာမှာကိုက ရှိတယ်လေ။
သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ. . .
ဘာ . . .
သူက ဒူးထိပေါ်တယ် ဟုတ်လား . .
ငါက ပေါင်လည် ဖော်ပစ်မယ်။
သူက ပေါင်လည်  ဟုတ်လား. . .
ငါက ပေါင်ရင်း ဆိုပြီး ရှိတာလေးတွေ . ..
သဘောရှိ ထုတ်ပြတတ်ကြတယ် မဟုတ်လား။
ဒီတော့ ပေါင်ရင်း ၊ နှံရင်း ရှိတာလေးတွေ အတိုးဖိုးနဲ့
အရင်းတွေ ဆုံးကုန်ကြတော့တာပါပဲ။

ဣတ္ထိယတွေတင်လား ဆိုတော့ . .
မဟုတ်သေးဘူး . .၊
ပုရိသတွေကလည်း ခေတ်ကို သူတို့က ပြန်ဆွဲနေကြပြန်ရော . .
ဟိုးအရင်ခေတ်က . . .
မွေးမွေးချင်း ပါးစပ်ထဲမှာ သွားပါလာရင်
ဒါဟာ . . ဘီလူး။
ခေါင်းဖြတ် ၊ မြေမြှုပ် ၊ မီးတိုက်ပြီးတော့. . .
ဒီရေအကျနဲ့ ခပ်မြန်မြန် မျှောလိုက်သတဲ့။
လွဲမှားတဲ့ အတွေးတွေပေါ့။
အခု ခေတ်မတော့ ပါးစပ်ထဲက သွားမှာ အပိုတွေတပ်
ခေါင်းက ဆံပင်ကို ရောင်စုံခြယ်
ဂျယ်တွေ ၊ ဆေးတွေနဲ့ ထိုးထိုးထောင်ထောင်
ဦးချိုနဲ့ သင်္ကြန်မှာ လမ်းသလားကြသတဲ့။

ဒီမှာ . . . .
ဒီမှာ . . . . တဆိတ်လောက် နားထောင်ပေးပါ။
လူတွေမှာ အမြင်ကို ကြည့်တဲ့ အကြည့်တွေ ရှိပါလိမ့်မယ်။
အားကျလို့ ကြည့်မယ်. . .
သဘောကျလို့ ကြည့်မယ်. . .
နှစ်သက်လို့ ကြည့်မယ် . . .
လေးစားလို့ ကြည့်မယ်. . .
အထင်ကြီးလို့ ကြည့်မယ်. . .
ထူးဆန်းလို့ ကြည့်မယ် . . .
ရွံရှာလို့ ကြည့်မယ် . . .
သနားလို့ ကြည့်မယ်. . .
အမြင်ကပ်လို့ ကြည့်မယ် . . .
ဘဝင် မဟပ်လို့ ကြည့်မယ်. . .
သားရေဂျာကင် တဖားဖား . . .
လမ်းပေါ်မှာ ချိုတကားကား . . .
လူကိုယ်ပေါ်မှာ ကွင်းတွေ ဂွတွေက များများနဲ့
လမ်းသွားနေရင်တော့ . . .
လူတွေက ကြည့်တော့ ကြည့်ကြမှာပေါ့။

ဒါပေမဲ့ . . .
သေချာတာကတော့ လူကြည့်တိုင်းလည်း အထင်ကြီးလို့ မဟုတ်ဘူး. . .
လေးစားလို့ မဟုတ်ဘူး။
ခွေးရူး တစ်ကောင်ကို လမ်းမှာ တွေ့ရင်လည်း
အခါမလပ်သော မျက်စိ အစုံနဲ့ ကြည့်ကြသေးတာပဲ။
မြွေပါး ကင်းပါး ပေါတဲ့ နေရာမှာလည်း
မျက်စိ စုံဖွင့် စူးစူးရဲရဲ ကြည့်တတ်ကြသေးတာပဲ။
အန္တရာယ်ကို အခါမရွေး မျက်ခြေပြတ်မခံတဲ့ သဘော . .၊
အခုလည်း ဘယ်လူတွေက ဘယ်လို့ ငါ့ကို ကြည့်နေပါလိမ့် . . လို့။
ခဏလေ. . . . ခဏလေး . . .  . အမောပြေ ထိုင်ရင်း
တွေးကြည့်လိုက်ပါလား. . .
သူတို့ရဲ့ မျက်ဝန်းကို စည်သူလွင် မဟုတ်ပေမဲ့
နည်းနည်းလောက် ဖတ်ကြည့်လိုက်ပါလား။
ရင်ခုန် မခုန်ပေါ့ . . .။

လူတွေမှာ လှချင်စိတ်ကြောင့် . . .
ပြောင်းလဲ သွားရတဲ့ စိတ်ခံစားမှု အခြေအနေ နှစ်မျိုး ရှိသတဲ့။
ဒီစိတ်ခံစားမှုကလည်း ဖို ၊ မ သဘာဝနဲ့ အတူ ကွဲပြားတယ်။
အေးချမ်းလွန်းလှပါတယ် ဆိုတဲ့ ဆောင်းတွင်း နံနက်ခင်းမှာတောင်မှ. . . .
ပြာကညို ဆိုတဲ့ ပျိုကညာတွေက လှချင်လာပါပြီ ဆိုရင်. . .
ဘယ်လောက်ပဲ အေးနေပါစေ . .
တိုသထက် တို . . . .
ပြတ်သထက် ပြတ် . . .
ကပ်သထက် ကပ် . . .
ဖော်သထက် ဖော် . . .
ဒါမှ သူတို့က နေပျော်သတဲ့။
တို့များ ကိုကို ယောက်ျားတွေကျတော့ ပြောင်းပြန်. . . ။
နွေခေါင်ခေါင် နေ့လည်ခင်း နေဆယ်စင်းပဲ လင်းလင်း . . .
လှချင်လာပါပြီ ဆိုရင်. . . . ဘယ်လောက်ပဲ ပူနေပါစေ . .
ဂျာကင်တွေ ဝတ် . . .
လည်စည်းတွေ တပ် . . .
လက်ရှည်တွေ ထပ်  . . .
လှချင်တာ တစ်ခုတည်းနဲ့ ပြုံးပြီးတော့ ချွေးထုတ်ကြတယ်။
ရင်ထဲမှာတော့ မီးပဲတောက်တောက် . . ပေါ့။

ဒါပေမဲ့ . . .
ကိုယ့်ဖာသာ ကိုယ်သာ လှတယ် ထင်နေတာ . . .
ပတ်ဝန်းကျင်က လူတွေကတော့ အတော်ကို
စိတ်ကျဉ်းကျပ်ချင် ကျပ်နေမယ် . . .
ဒါမှမဟုတ် . . .
စိတ်ကျယ်ပြန့် လွတ်လပ်လွန်းချင် လွတ်လပ်လွန်းနေမယ်။
သူတို့ရဲ့ တုံ့ပြန်တဲ့ အကြည့်က . . .
ကလိတဲ့ အကြည့်လား . . . .
ငြိတိတိ အကြည့်လား . . . .
ဂလုချင်တဲ့ အကြည့်လား . . . .
ညုချင်တဲ့ အကြည့်လား . . . .
ကျိတ်ရယ်ချင်နေတဲ့ အကြည့်လား . . . .
ပိတ်ကန်ချင်နေတဲ့ အကြည့်လား . . . .
နည်းနည်းပါးပါးတော့ ဆန်းစစ်မိဖို့ လိုမယ်။

ဥာဏ်စမ်းလေး တစ်ခုလောက် လုပ်ရအောင်ဗျာ။
စာမေးပွဲ မေးခွန်းတွေထဲက အတိုင်း . . .
အောက်ပါ ပုံကို ကြည့်၍ အဖြေပေးပါ လို့ ဆိုချင်တယ်။









ကြည့်ပြီးပါပြီလား . . .
ထားလိုက်ပါတော့ . .  .
ထားလိုက်ပါတော့ . . .
( ထပ်၍  ) ထားလိုက်ပါတော့ . . .
အထက်ပါ ပုံများကို ကြည့်၍ မှတ်ချက်ပေးပါ လို့ မဆိုချင်တော့ပါဘူး။
ဒီပုံတွေကို တင်လိုက်လို့ မူပိုင်ခွင့်နဲ့ လွတ်ချင်မှတော့ လွတ်မယ်။
ဒီတော့ . . .
ဒီပုံတွေကို ပိုင်ရှင်တွေ ပြန်မြင်ရင်တော့ . . . .
အရှက်တွေ ဟက်တတ်ကွဲပြီး . . .
အိမ်ထဲက အိမ်ပြင်မထွက် အရှက်သည်းလှတယ် ဆိုကာ
အိမ်တွင်းပုန်း ဖြစ်မယ် လို့ ထင်ပါသလား။

နိုး . . . .
မထင်ပါနဲ့ . . . လုံးဝကို မထင်ပါနဲ့. . .
ဟဲ့. . . . ဟိုဘလော့ဂါ ကိုဇော် ဆိုတာလေ. . .
ငါတို့တွေ ဒွန့် ထားတဲ့ ပုံတွေ . . . .
ငါတို့တွေ ဒန့် ထားတဲ့ ပုံတွေကို တင်ထားတယ် ဆိုပြီး
အင်တာနက်ပေါ် ရောက်ပဟေ့ ဟုဆို . . .
စပွန်ဆာ မလိုဘဲ ကြော်ငြာပြီးသား ဖြစ်တယ်ဟဲ့ ဆိုပြီး . . .
သူတို့ ခပ်တိုးတိုး တိုင်ပင်ကြလိမ့်ဦးမယ်။
“ ငါတို့ နောက်နှစ်ကျရင် ဒီထက် ပိုဖော်ကြရအောင် . . . ” တဲ့။

ဒါနဲ့ပဲ . . .
ဒါနဲ့ပဲ ကျွန်တော် ကဗျာ မရေးတော့ပါ။
ဒါကြောင့် ကျွန်တော့် သူတို့ အကြောင်း ကဗျာ မရေးတော့ပါ။
ထို့ကြောင့် ကျွန်တော် သူတို့ အကြောင်း ဘလော့ မရေးတော့ပါ။
သို့ဖြစ်ပါ၍ ကျွန်တော် သူတို့ အကြောင်း မရေးတတ်တော့ပါ။
ကျွန်တော် သူတို့ကို အားပေးကာ ရေပက်ချင်မိတော့တယ်။

ရှေးရိုးစွဲ သမားကြီးတော့ မဟုတ်ပါဘူးဗျာ။
ကူညီနိုင်ရင်လေ. . .
ကျွန်တော့်ကို အရပ်ဝိုင်းကာ ကူညီကြပါဦး။
ကျွန်တော် သူတို့ကို . . . .
မြန်မာ့ရိုးရာ အတိုင်း သပြေခက်နဲ့ ရေပက်ချင်လို့ပါ။
“ အရှည် လေးပေ ၊ လုံးပတ် လက်မလုံး ” ရှိတဲ့
သပြေကိုင်း သန့်သန့် တစ်ခက်လောက် လိုချင်တယ်ဗျာ။
အော်ဒီကလုံး ရေမွှေးတိုင်ကီထဲမှာ
ဒီသပြေကိုင်းလေးကို စိမ်ထားပြီး
သူတို့ကို မြင်ရင် ကျွန်တော်လေ. . . .
မြန်မာ့ရိုးရာဟေ့ ဆိုပြီး ကျောတစ်ရာ ရင်တစ်ရာ . . .
သပြေကိုင်းနဲ့ ခပ်ကြမ်းကြမ်းလေး ဆွဲလိုက်ချင်တယ်။   ။

လေးစားစွာဖြင့်
ကိုဇော်
18.4.2011
Share/Bookmark

23 ယောက် ရဲ့ ထင်မြင်ချက်:

သဒ္ဓါလှိုင်း said...

သင်္ကြန်ကတော့ မြန်မာ့ရိုးရာတွေ ပျောက်ကုန်
ပါပေါ့လား..။ အားလုံးစုံသွားအောင်ရေးနိုင်ပါတယ်.။
မင်္ဂလာရှိသောနှစ်သစ်မှာ ကျန်းမာရွှင်လန်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေ
ပြည့်ဝပါစေ။။။

ခင်မင်စွာ
သဒ္ဓါ

ခနွဲ said...

အရမ်းကောင်းတယ် ကိုဇော်ရယ်။ ကလောင်စွမ်းကတော့ ထိပါဘိသနဲ့။ သူတို့တွေ ဆင်ခြင်နိုင်ကြပါစေ။ ကျွန်တော့်ကို ဖေ့ဘွတ်ပေါ်မှာ ရှယ်ခွင့်ပြုပါ။

rose said...

ထိထိမိမိ ကလောင်စွမ်း ထက်ထက်နဲ့ ကိုယ်ပြောချင်တာတွေ အားလုံး ကိုဇော် ပြောတဲ့ အထဲ ပါသွားတယ်။ ကျေးဇူး။ ကဗျာလေးကို နှစ်သက်တယ်။ ပာင်းးးး (သက်ပြင်းချသံ)

Dream said...

သာဓု သာဓု သာဓု .... ဟိဟိ

(( ရေးချက်က တော်လိုက်တာ))
အလန်းတွေပါပဲ။း))

yar zar said...

သြော်... မြန်မာ သင်္ကြန်ပွဲကြီးကတော့ ပျက်စီးပါပေါ့လား...။ မြင်ရတာ စိတ်မချမ်းသာလိုက်တာ...။ လှချင်လို့ ဖော်ချွတ်ဆိုရင်တော့ မဖြစ်သင့်ပါဘူး...။ မြန်မာ့ မျက်စိက မြန်မာလိုပဲ ကြိုက်ကြမှာပါ...။ ဒီကောင်မလေးတွေ၊ ကောင်လေးတွေ မိဘ၊ ညီအစ်ကို
မောင်နှမ ၊ ဆွေမျိုးသားချင်းတွေကများ မဆုံးမရော့လေသလား..။ ဆုံးမလို့ မရတော့လို့ပဲ ပြစ်ထားလိုက်ကြတာလား...။ မဖြစ်သင့်ဘူး လုံးဝ မဖြစ်သင့်ပါဘူး...။ မြတ်စွာဘုရားဟောခဲ့တဲ့ ဟီရိ၊ သြတ္တပ္ပ တရားတွေကိုများ မသိကြရော့လေသလား။သိတယ်ဆိုရင်လည်း အဲဒီတရားနှစ်ပါးကို ချောင်ထိုးထားလိုက်ကြပြီလား...။ မြန်မာမတွေ ခေတ်လွန်ချက်ကတော့ အနောက်တိုင်းသူတွေ ငေးယူကြရတော့မယ်...။ အခုစာသားတွေကို ခေတ်
လွန်ချင်နေကြတဲ့ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး
အားလုံး ဖတ်မိကြပါစေ.. ဖတ်နိုင်ကြပါစေ...။
ကိုဇော် အရမ်းတော်တယ်ဗျာ...။

yar zar said...

ကောင်လေးတွေလည်း ထိုနည်း၎င်း ပါပဲ...။
သြော်... မြင်ရတာ ရင်လေးတယ်ဗျာ...။
အားလုံးပဲ သားသမီးတွေကို ဆုံးမနိုင်ကြပါစေ..
ဆုံးမလို့ရကြပါစေ...။
ဟင်း.............. သက်ပြင်းအရှည်ကြီးချ
သွားတယ် ကိုဇော်ရေ...

မောင်မောင်တင် said...

ကောင်းလိုက်တဲ့ကဗျာနော်..ကိုဇော် လက်စွမ်းက ပြောင်လှချည်လား..ဘာတဲ့.(ကြေးစားတွေရဲ့အပြင်ဆင်ဆိုတာ အဲဒီလိုပဲ).(ကြေးစားပုံပေါက်ရင် ကြေးစားလောက်ပဲ ဆက်ဆံခံရတာ သိပ်တော့မဆန်းလှပါဘူး..)(ခေးရူးတစ်ကောင်လမ်းမှာတွေ့ရင်လည်း အခါမလပ်သော မျက်စိ အစုံနဲ့ ကြည့်ကြသေးတာပဲ)လန်ထွက်နေတာပဲ...Facebook မှာရှယ်ခွင့်ပြုပါနော်

Anonymous said...

ကိုဇော်.

ကိုယ့်မျက်စိထဲစူးလို့နင့် သူတို့မှာတော့လှပေတင့် အထင်နဲ့ လုပ်နေကြတာလေ။ပြောလဲမောလာမယ်။ မျိုးကြီး ပြောသလို နားနားပြီးပြောပါ။ယိုသူမရှက် မြင်သူရှက် ဆိုတာမေ့နေကြပြီလေ။ ကိုဇော်လည်း နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။

IDIOT-Ki said...

စိတ်လျှော့ ကိုဇော် ရေ..
စိတ်လျှော့.....

ယိုသူမရှက် မြင်သူရှက် လို့ ပြောရင်လည်းး
ကြည့်သောသူသည် မြင်၏ လို့  ပြောကြပြန်အုံးမယ်..
ဒီတော့.. ဒီတော့..

ခေတ်ရေစီးကြောင်းထဲ မျောလိုသူတွေ မျောပါစေ လေ...
ဟူးးးး ဟင်းးးးး ဟမ်းးးး( စိတ်မောသွားတယ် )

( ကိုဇော်ကြီးတယောက် တရားရိပ်မှာ ပုတီးချိတ်..အဲ့ လေ...ပုတီးစိတ် နိုင်ပါစေ..)

ခင်တဲ့ မကိ..

Anonymous said...

I think women in the first photo are gays.

Anonymous said...

အင်း မတတ်နိုင်ဘူး လုပ်ချင်ရာသာလုပ်ကြရော

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အရေးအသားထိထိမိမိရှီလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးအကို။။
ခံစားအားပေးလျှက်
မင်္ဂလာရှိသောနှစ်သစ်လေးဖြစ်ပါစေ။

အင်္ဂါဟူး said...

ရက်စက်ပါမောင်ရယ်.. များတို့က ဒီလောက်လန်းနေတာကို ကိုလူဆိုးက အမြင်မကြည်ဘူးလား.. အမေရိကန်ဗွီးရှင်း သွားပါလားကွယ်...

ဇာပုဝါ အလွှာခြားထားပေမယ့် ရွှေရင်အစုံ သိမ့်သိမ့်တုန် စေပါ့မယ် မောင်ရယ်.. ကြည့်စေလော့ ကြည့်စေတော့... ဟီးဟီး

ကဗျာကြိုက်သော
ဂြိုဟ်ကောင်

တောက်ပကြယ်စင် said...

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ...အဆုံးအမနဲ့ ကင်းကွာနေတာပဲလား။ အဆုံးအမကို လွန်ဆန်နေတာပဲလား မပြောတတ်ပါ။ စုံအောင်စေ့အောင် ရေးတတ်လိုက်ပါဘိ။...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...(၁၈-ရက်နေ့ ပူချုန်းကို မပြန်ဖြစ်သေးဘူး၊ သန်ဘက်ခါမှ ပြန်ဖြစ်မယ်)

Anonymous said...

ကောင်းတယ်ဗျို့ ...

AKM said...

Hi, Ko Zaw,
salute to you. you are so descriptive for Thingyan Festival. for me, i am not exciting to thingyan anymore because of those attitute. please let me share your poem in my facebook.

An Asian Tour Operator said...

ကိုဇော့် ကဗျာ ဖတ်လိုက်ခါမှ ရေငတ်တော့ တယ် :P

sosegado said...

လျှော့ လိုက်၊ လျှော့ လိုက်၊
စိတ်ကိုပြောတာ၊
သားသမီးမကောင်း မိဘခေါင်းတဲ့
ကလေးတွေ ဆိုးတာ လူကြီးတွေ မကောင်းလို့
လူတွေမကောင်းတာ အုပ်ချူပ်တဲ့မင်း ဖျင်းလို့
အုပ်ချူပ်တဲ့မင်းဖျင်းတာ ဘုန်းကြီးတွေညံ့လို့
ဘုန်းကြီးတွေညံ့တာ လူတွေမကောင်းလို့
နောက်ဆုံး …………….
………….ကိုဇော် မကောင်းလို့းD
ဘဘကြီးကပြောတာ တိုးတိုးလေး၊
ကြိုက်တာလုပ်ကြပါစေ ငါတို့ကို လာမငြိရင်ပြီးတာပဲ၊
ငြိရင်တော့ ပေါ်မှု ဖေါ်မှုနဲ့ ဆွဲထည့်၊ အနှစ်၆၀ အသာလေး။
းD

မေသိမ့်သိမ့်ကျော် said...

စင်ကာပူက Canners တွေ လိုသေးလား အစ်ကို...း)

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

အဖြူရောင်နတ်သမီး said...

ကွင်းကွင်းကွက်ကွက်ပါပဲ...
သင်္ကြန်မြင်ကွင်းပြောပါတယ်...

ကိုကိုမောင်(ပန်းရနံ့) said...

သပြေခက် သပြေခက်
အင်းးး
အဲဒီလို သပြေခက်နဲ့ ရေပက်ရင်တော့..
သူတို့ခမျာ အသေထွက်ရှာကြမှာပါတကား။ ဖျား ဖျား။း)))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Unknown said...

ဟားဟား ဟား လွပ်လပ်ပေါ့ပါးပြီး ရဲ့ရင့်တဲ့ကလောင်ချက်ပဲ ကိုဇော်ရေ ။ သပြေခတ်နဲ့ မရိုက်ပဲ ကိုဇော်ရဲ့ ကလောင်တံနဲ့ ရိုက်တာပိုနာမယ်ထင်တာပဲ(နာတတ်မယ်ဆိုရင်ပေါ့)။ မင်္ဂလာပါ ကိုဇော်ရေ။

Anonymous said...

It is pleasant that there are still people in the world that share this idea! kamagra online