မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2011

11 သင်္ကြန်ရေ ၊ ပိတောက်ငွေ့နဲ့ ရေးတဲ့ ဇာတ်လမ်း


မနှစ်က သင်္ကြန် မကျခင်မှာ ရေးထားခဲ့တာပါ။ အခုတော့ “ သင်္ကြန်ရေ ၊ ပိတောက်ငွေ့နဲ့ ရေးတဲ့ ဇာတ်လမ်း ( ၂ ) ” ကို မရေးခင်မှာ ပြန်နူးရင်း ဖတ်လို့ ရအောင် တင်လိုက်ပါတယ်။ မနှစ်က ရေးထားတဲ့ စာကို ပြန်ဖတ်ကြည့်မိတော့လည်း အတော်ကို ဟာတာတာ မြင်ရပါတယ်။ ဖတ်ကြည့်ကြပါဦး။


ကျွန်တော် သင်္ကြန်ကို ချစ်တယ်။ သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန် ဆိုပြီး အသံကြားလိုက်တာနဲ့ သူနဲ့ အတူတူ ယှဉ်တွဲ မြင်တတ်တဲ့ “ ပိတောက်ပန်း ” လေးတွေကိုလည်း မြင်မိတယ်။ ပိတောက်ပန်းလေးတွေကို ကျွန်တော် ချစ်တယ်။ သို့သော် ပိတောက်ပန်းလေးတွေကို ကျွန်တော် မနှစ်သက် ၊ မကြိုက်မိတော့ပါ။

ဘာလို့လဲ ဆိုတော့ ပိတောက်နဲ့ ပတ်သတ်သော အဖြစ်အပျက်လေး တစ်ခု ကျွန်တော့်မှာ ရှိခဲ့ဖုးတယ်။ ပြန်မပြောပြချင်ပေမဲ့ သင်္ကြန် ဆိုသော ၊ ပိတောက်တွေ ပွင့်ချိန် တန်ခူးလ ဆိုသော အချိန်ရောက်လာရင် ကျွန်တော် ရင်ထဲ သတိတရ အသံတွေ မြည်လာတတ် စမြဲ ဖြစ်တယ်။



သြော်. . . သင်္ကြန်တောင်မှ ရောက်တော့မှာ ပါလား။ သင်္ကြန် ဆိုတာနဲ့ ရင်ဘတ်ချင်း အနီးဆုံး လူတွေကို ရွေးပါ ဆိုရင် ကျွန်တော့် အပါအဝင် ဘယ်သူတွေ ရှိဦးမှာလဲ။

ဧပြီလရဲ့ ၁၀ ရက်နေ့မှာ ကလေးတစ်ယောက်ရဲ့ အော်ငိုသံ “ အူဝဲ ” လား ၊ “ ဥဝဲ ” လား တစ်ခုခုကို ကျွန်တော် နှုတ်က ရေရွတ်ပြီး ကျွန်တော် လူ့လောကကြီးကို ရောက်လာတယ်။ ဆေးရုံမှာ သုံးရက်နေပြီး ဆေးရုံက ဆင်းတော့ ဧပြီ ၁၃ ရက်နေ့ ။ ဒါ သင်္ကြန် အကြိုနေ့။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန် ဆိုပြီး ရေစ ကစားခွင့်ရတာ အကျနေ့မှပါ။ ဒါပေမဲ့ ကလေးတွေကတော့ အကြိုနေ့ကတည်းက စပြီး ကြိုနေကြပြီ။ ကျွန်တော်တို့ ဆေးရုံက ဆင်းလာပြီး အိမ်ထဲအရောက် ကားမောင်းဝင်လာတာတောင်မှ အိမ်ရှေ့မှာ ရေကစားနေကြတဲ့ အစ်မ ၊ အစ်ကို ဝမ်းကွဲတွေက သင်္ကြန်ရေ ထိရင် နေမကောင်းသူတောင်မှ နေကောင်းတယ် ဆိုပြီး သူ တဖတ်ဖတ် ၊ ငါ တဖတ်ဖတ် နဲ့ ဝိုင်းပြီး လက်က ရေလေးတွေနဲ့ စွတ်ပြီး ရိုက်သွားလိုက်ကြတာ သုံးရက်သား ကျွန်တော် ရေတွေ စိုစိုရွှဲကုန်တဲ့ အထိ ဆိုပဲ။ 

ဒါပေမဲ့ ကျွန်တော် သုံးရက်လေးသားလေးနဲ့ သင်္ကြန်ရေ ထိခဲ့ပေမဲ့ ကျွန်တော် ဘာမှ မဖြစ်ခဲ့ပါ။ ဒါကြောင့် ကျွန်တော် ပြောတာပေါ့။ သုံးရက်သားလေးနဲ့ သင်္ကြန် ရေဆော့ရခဲ့တဲ့ ကျွန်တော့်လောက် ဘယ်သူက သင်္ကြန်ကို မြတ်နိုး သံယောဇဉ် ကြီးမလဲ ဆိုတာ. . . ။



သင်္ကြန်ကို ကျွန်တော် သံယောဇဉ် ကြီးပေမဲ့ သင်္ကြန်မှာ ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်ကြောင့် ကျွန်တော် သူများတွေလို မပျော်တတ်ပါ။ သူများတွေ သင်္ကြန်မှာ ရေပက်ခံကား ထွက်ကြတယ်။ အိမ်က ဆိုလည်း ဟိုးအရင်က လေးဘီးကားတွေ အိမ်က ထောင်တုန်းက လေးဘီးကားတွေနဲ့ ရေပက်ခံ ထွက်ကြတယ်။ နောက်တော့ ဦးလေး ဂျစ်ကားနဲ့ ရေပက်ခံ ထွက်ကြတယ်။ ဒါပေမဲ့ ကျွန်တော် မပျော်။ နောက်တော့ မပျော်မဲ့ အတူတူ ကျွန်တော် မလိုက်ဖြစ်တော့ . . ။

ကားတစ်စီးထဲမှာ ရှိနေတဲ့ အုတ်ရောရော ၊ ကျောက်ရောရော လူတွေကို မဏ္ဍပ်ပေါ်မှာ ရှိနေတဲ့ အုတ်ရောရော ကျောက်ရောရော လူတွေက ရေပိုက်လေးတွေနဲ့ ထိုးနေတာကို ရေပက်တယ် ၊ ရေကစားတယ် လို့ ကျွန်တော် မမြင်မိဘူး။ ကြံချောင်းတွေမှာ နားနေတဲ့ ခပ်မည်းမည်း ယင်ကောင်တွေကို သားရေကွင်းနဲ့ ထိမိထိရာ ထိကွာ ဆိုပြီး ပစ်လိုက်သလိုပဲလို့ ကျွန်တော် ခံစားရတယ်။ 

ကျွန်တော်ကတော့ ခပ်ရွတ်ရွတ်မြည်စွာ ကျွန်တော် ရေလောင်းချင်သူ တစ်ယောက်ကို မလောင်းရမချင်း ဘယ်သူ့ကိုမှ ရေမလောင်းတတ်သူ တစ်ယောက်လည်း ဖြစ်တယ်။ သူများတွေလို “ ရော့. . အင့် ” ဆိုပြီး ခွက်ကလေးနဲ့ ကမန်းကတန်း ပက်ပြီး ပြန်လာတတ်သူလည်း မဟုတ်။ ဒါကြောင့် ရေပက် တယ်လို့ ကျွန်တော် မဆိုချင်။ ကျွန်တော် ရေလောင်းချင်သူကို ကျွန်တော့်ပုံးလေးထဲက ရေကို တစိမ့်စိမ့်စောင့်လောင်းပြီး စကားတွေလည်း ပြောနေတတ်သူ။ လောင်းချင်သူကို မလောင်းရ မချင်း ကျွန်တော်က ရေပုံးလေး ဘေးချပြီး ထိုင်ရာမထ တတ်သူလည်း ဖြစ်တယ်။

ဒီလိုပထမဦးဆုံးတစ်ယောက်ကိုရေလောင်းပြီးမှကျွန်တော် ဗြောင်းဆန်အောင် ရေကစားတော့တယ်။ ကျောက်မြောင်း လမ်းမပေါ်မှာ နေတော့ လမ်းမကြီးပေါ်မှာ ကားသွား ကားလာတွေကို ပက်ဖို့ တိုင်ကီသုံးလုံး  လမ်းပေါ်မှာ ချပြီး လာသမျှကားတွေကို မည်းမည်းမြင်ရာ ပုံးတစ်လုံးနဲ့ တဝုန်းဝုန်း ရေတွေ ပစ်လွှတ်ပြီး ကစားတယ်။

ဒီကနေ နည်းနည်းပျင်းလာပြီ ဆိုရင် စတီးပြွတ် တစ်ချောင်း ကို ကျောမှာ ရေပုံးလွယ်ပြီး ရှိသမျှ လမ်းတွေကို လိုက်ပြီး ရေပက် ဖြစ်တယ်။ ပြွတ်သမားချင်း တွေ့ပြီ ဆိုရင် သူနိုင် ကိုယ်နိုင် မျက်နှာကို တေ့ပြီး စတီးပြွတ်နဲ့ ထိုးရတဲ့ အရသာကိုလည်း အခုထိ ပြန်လည် တမ်းတ မိနေတုန်းပါပဲ။ ထိုးရင်းနဲ့ပဲ ကျောမှာ ပိုးထားတဲ့ ပုံးထဲက ရေပိုက်က ရေကုန်သွားလို့ ရေအားနဲ့ မထိုးပဲ ပြွတ်နဲ့ မျက်နှာကို ထိုးမိပြီး ရန်တွေလည်း ဖြစ်ခဲ့ရပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ ရေပြွတ်နဲ့ ရေပက်ရတာကို ကျွန်တော် နှစ်ခြိုက်လာခဲ့တယ်။ ကျွန်တော် လက်နှစ်ဖက်က စတီးရေပြွတ်ကလေးနဲ့ ရေထိုးကာ တစ်ယောက်ယောက်ကို ရေပက် ကစားတာကို နှစ်သက်လာခဲ့တယ်။ 



တစ်ခါတစ်လေ မကပဲ အကြိမ်ပေါင်းများစွာ အပင်ပေါ်ကို မော့ကြည့်လိုက်ပေမဲ့ အဖူးတွေက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ။ သြော်. . . ပိတောက်လေးရယ် မပွင့်သေးပါလား။

ပိတောက် ဆိုတာ သင်္ကြန်မိုး ထိမှ ပွင့်တာတဲ့။ အခုလို သင်္ကြန်မိုး နောက်ကျတဲ့ အချိန်တွေမှာ ဆို ပိတောက်လေးတွေလည်း တိတ်တဆိတ်ပဲ အိပ်နေတတ်ကြတယ်။

“ ဖေဖေ အောက်ကနေ ရေပြွတ်နဲ့ မိုးရွာ သလို ရေတွေ ဖြန်းပေးရင်ရော ပိတောက်လေးတွေ ပွင့်လာမလား. . . ဟင်။ ”

“ စမ်းကြည့်လေ သား။ ”

ဖေဖေကတော့ ဒီလိုပဲ ပြုံးပြီး ပြောတယ်။ ကျွန်တော့်အရပ် ကျွန်တော် ရေပြွတ်အားနဲ့ ခပ်ဖားဖား အုပ်ဆိုင်းနေတဲ့ ပိတောက်ပင်ကြီးကို အောက်ကနေ ကျွန်တော် အစွမ်းကုန် လှမ်းပြီး ရေပြွတ်နဲ့ မိုးတွေ ရွာချသလို ရေဖြန်းနေမိတယ်။ ကျွန်တော့်ဘေး ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိ။ ဘယ်သူ့မှလည်း မကူညီကြ။ ဖာသိဖာသာပဲ ဘေးနားက ဖြတ်သွားဖြတ်လာနေကြတဲ့ လူတွေ တချိုကတော့ ဒီကလေး ဘာလုပ်နေတာလဲ ဆိုပြီး မသိမသာ ငေးသွားကြတယ်။

ရေးပုန်းထဲက ရေတွေကို ၅ ကြိမ်လောက် ဖြည့်ထည့်ပြီး ပိတောက်ပင်ကြီးကို ရေဖြန်း အပြီးမှာတော့ ကျွန်တော် လက်တွေ ဆက်မထိုးနိုင်တော့ ၊ ကျွန်တော့်ခေါင်းတွေ မော့ထားရလွန်းလို့ ခပ်ညောင်းညောင်း လေးလံနေတယ်။ ဒါပေမဲ့  ရေ ၅ ပုံးရဲ့ အားကတော့ မသေးလှပါဘူး။ ပိတောက်ရွက်ကလေးတွေ ၊ အဖူးလေးတွေကနေ ရေတွေ တပေါက်ပေါက် ပြန်လည် စီးဆင်းနေကြပြီ။

“ ကိုဇော် ဘာလုပ်နေတာလဲ။ ပိတောက်ဖူးတွေကို ရေဖြန်းတော့ နေပူရှိန်နဲ့ဆို အပွင့်ပွင့်ဖို့ အ သွားမှာပေါ့။ ”

“ မဟုတ်တာပဲ ဒေါ်လေးကလဲ။ အခု ပိတောက်တွေ မပွင့်လို မိုးရေတု ကျွန်တော်က ရွာချပေးနေတာလေ။ ”

“ ဒီကောင်လေး ပေါက်ပေါက်ရှာရှာကို လုပ်တယ်။ ”

သူက ဒီလိုပါပဲ။ ရပ်ကွက်ထဲမှာ သူမပါရင် မပြီးဘူး။ တွေ့သမျှလည်း သူ့စိတ်နဲ့ မကိုက်ဘူး။ သူ့ကိုတော့ ရပ်ကွက်ထဲမှာ “ ဆူးလှည်း ” လို့ ခေါ်ကြတယ်။ သူနဲ့ ထိသမျှ ငြိတယ် ပေါ့လေ။ ဒါပေမဲ့ သူ မငြိပဲ အပျိုကြီး ဖြစ်နေတာကတော့ ထူးဆန်းတယ်။



“ သား . . ထ . . . ထ . . ထတော့ကွ။ ထကြည့်စမ်း။ ”

ကမန်းကတန်း ကျွန်တော် နိုးလာတော့ ကိုယ်တွေ လက်တွေကိုက်နေဆဲ။ မနေ့က အပေါ်ကို မော့ပြီး ရေပြွတ်နဲ့ ရေထိုးထားတဲ့ အရှိန်ကြောင့် ကိုယ်တွေ လက်တွေ နာနေတာ. . .

“ ဗျာ . . ဘာလဲ ဖေဖေ။ ”

“ ထ . . ထကြည့်စမ်း။ ”

ဖေဖေ လက်ညှိုးညွှန်ပြရာကို ကြည့်လိုက်တော့ . . .၊ ပိတောက်ပင်ကြီး ။

“ ဟာ . . ပိတောက်ပန်းတွေ ပွင့်နေပြီဟေ့ ။ ”

ကျွန်တော် ဝုန်းခနဲ အိပ်ယာက ခုန်ဆင်းပြီး အိပ်ယာ အဝတ်အစားနဲ့ပဲ ပိတောက်ပင်ကြီး ရှိရာကို ပျော်ရွှင်စွာ ပြေးသွားတော့ ကျွန်တော် ရှေ့မှာ လူတွေ ရောက်နှင့်နေကြပြီ။ ကျွန်တော် ပိတောက်ပင်ကြီးကို ပွင့်စေချင်တာ ကျွန်တော် ပိတောက်ပန်းတွေကို လိုချင်လိုလည်း မဟုတ်။ သင်္ကြန် ဆိုရင် ပိတောက်ပန်း ပွင့်တာဟာ ဖြစ်စဉ်ထဲက တစ်ခုလို့ ကျွန်တော် ခံယူထားမိလို့ပဲ။

ပိတောက်ပင်ကြီးအောက် ကျွန်တော် ရောက်သွားတော့ အပင်တတ်ပြီး အကိုင်းကို ဓါးနဲ့ ခုတ်ချနေသူတွေ ၊ အောက်ကနေ ခြူတံနဲ့ ထိုးခြူနေသူတွေ ၊ အောက်ကနေ မှီရာကို လှမ်းဆွဲပြီး ခူးနေသူတွေကို တွေ့လိုက်ရတယ်။ သူတို့ ကြားထဲမှာ လူတစ်ယောက်. . .

“ ဒေါ်လေး ဘာလုပ်နေတာလဲ။ ရေဖြန်းရင် အပူရှပ်ပြီး ပိတောက်တွေ အ ကုန်မယ် ဆို။ ”

“ အေးလေ . . အခု ပိတောက်ပွင့်တာက ညက မိုးရွာလို့ ပွင့်တာလေ။ နင် ရေဖြန်းလို့ ပွင့်တာမှ မဟုတ်တာ။ ”

“ ဗျာ . . . ”

ကျွန်တော် ဝါးတားတား နဲ့ အိမ်ဘက်ကို ပြန်လှည့်ပြီး လမ်းလျှောက်လာတော့ လမ်းမှာ ဖေဖေ နဲ့ တွေ့တယ်။

“ ဖေဖေ ညက မိုးရွာလား ဟင် ”

“ မရွာပါဘူး သားရဲ့။ ”

ဒီအချိန်မှာ ဘေးက ဖြတ်သွားတဲ့ ကျွန်တော်နဲ့ သိနေတဲ့ ဓမ္မရုံက ဘကြီးစံ ကိုလည်း မေးလိုက်တယ်။

“ ဘကြီးစံ ညက မိုးရွာလား ဟင် ”

“ မရွာပါဘူး ကလေးရဲ့ ။ ဘာဖြစ်လို့လဲ။ ”

“ သြော် . . ဘာမှ မဖြစ်ပါဘူး။ မေးကြည့်တာပါ။ ”

ကျွန်တော့်မျက်နှာကို အမြဲ မှန်အောင် ဖတ်နေနိုင်တဲ့ ဖေဖေကတော့ . . .

“ မိုးရွာလို့ပဲ ဖြစ်ဖြစ်  ၊ သားရေဖြန်းလို့ပဲ ဖြစ်ဖြစ် အခု သား ဖြစ်စေချင်နေတဲ့ ပိတောက်ပန်းလေးတွေ ပွင့်နေပြီလေ။ ဒါဆို သားပျော်လို့ ရတာပေါ့။ ”

“ ဟာ . . . ဟုတ်တယ်။ ဝေ . . ဟေး . . ဟေး. . . . ပျော်တယ် ၊ ပျော်တယ်  . . ”

ကျွန်တော် အော်ပြီး ပိတောက်ပင်ကြီး ရှိရာကို ပြန်ပြေးသွားမိတယ်။ ဟိုရောက်တော့ အလုအယက် ပိတောက်ကိုင်းတွေကို ခုတ်ချ ၊ ချိုးချလို့  ဟိုးအမြင့်မှာမို့ အမှီပဲ ကျန်နေခဲ့တဲ့ ပိတောက်ကိုင်းတွေက လွဲလို့ ပိတောက်ပင်ကြီးက ဝိုင်းအရိုက်ခံထားရတဲ့ လူမမာ တစ်ယောက်လို ခပ်အိုအို။ သူ့အပင်အောက်မှာတင် ကျကြွေ နေခဲ့တဲ့ သူ့ရဲ့ ပွင့်ချပ်များစွာ။ မြေပြာပြာမှာ အခုတော့ အဝါရောင် ကော်ဇောတွေ ခင်းထားလို့။

လူတွေ . . လူတွေ . . သူတို့ လိုချင်တာပဲ သိတယ်။ အပြိုင်အဆိုင် အလုအယက် ခူးသွားလိုက်ကြတာ။ လိုချင်တာ ယူပြီးတော့ အခု ကြည့်စမ်း။ ပိတောက်ပင်ကြီး အောက်ခြေမှာ သူ့ရဲ့ ရွက်ဖတ်တွေ ၊ အကိုင်းကျိုးကြေတွေ ၊ အပွင့်ကြွေကြွေ တွေနဲ့ . . . . . ။ ကျွန်တော် သူ့နားသွားပြီး ခပ်တိုးတိုး ပြောလိုက်တယ်။

“ ပိတောက်ပင်ကြီးရယ် ငါလေ နောက်ဆို ပိတောက်ပွင့်တွေ ပွင့်အောင် ရေမဖြန်းတော့ပါဘူး။ လူတွေက ပင်ယံမှာ ပွင့်ပြီး လှနေတာထက် သူတို့ လိုချင်တာ တစ်ခုလေး ရဖို့ ကျန်တာတွေ ပျက်ဆီးသွားပါစေ ဆိုပြီး ချနင်းသွားကြတယ်။ ငါ နောက်ဆို မင်းကို ရေမဖြန်းတော့ဘူးကွာ။ မင်းဖာသာ အအ  ၊ မြုံမြုံ ၊ နန ငါ ဒီအတိုင်းပဲ စောင့်ကြည့်နေမယ်။ မင်းဖာသာ ပွင့်ချင်မှပဲ ပွင့်ပါတော့ကွာ။ ”

အဲဒီနေ့က ကျွန်တော် မြေပြင်မှာ ကျကြွေ နေတဲ့ ပိတောက်ဖူးတွေ ကောက်သိမ်းခဲ့တာ ဇကာလေးတစ်လုံးရတယ်။ အကိုင်းလိုက် ရှိနေတဲ့ ပိတောက်ပန်းမှ မဟုတ်ပါဘူး။ ပန်းကြွေပွင့် ဆိုတဲ့ ပိတောက်ပန်းတွေကလည်း “ ထုံပျံ့မွှေးကြိုင်နေဆဲပါပဲ။ တစ်ခုတော့ ရှိတယ်။ ခံစားတတ်သူ အဖို့ပေါ့။ ” ကျွန်တော် အပ်ချည်ကြိုးလေးနဲ့ သီထားခဲ့ပါတယ်။ အားလုံးပေါင်း ပိတောက် အကြွေတွေကို သီကုံးထားတာ ၆ ကုံး ရခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော် သင်္ကြန် ကျခါနီးတိုင်း ပိတောက်ပင်ကြီးတွေကို မော့ကြည့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ရေမဖြန်း ဖြစ်ခဲ့တော့ဘူး။ ပြီးတော့ သူများတွေ ကိုင်လာတဲ့ ပိတောက်ကိုင်းတွေကို မြင်တိုင်း ကျွန်တော် မြေမှာ ကျကြွေ နေခဲ့မဲ့ ပိတောက်ပန်းလေးတွေ နဲ့ ပိတောက်ကိုင်းတွေကို မြင်မိတယ်။ ဒါကြောင့် ကျွန်တော် မျက်စိ မှိတ်လိုက်ပါတယ်။ သို့သော် မြင်ယောင်နေမိဆဲ။



ဒါကြောင့် ကျွန်တော်ပြောတာပါ။ ကျွန်တော် ပိတောက်ပန်းတွေကို ချစ်ပါတယ်။ သို့သော် ပိတောက်ပန်းတွေကို မနှစ်သက် ၊ မကြိုက်မိတော့ပါ။

ဘာလို့လဲ ဆိုတော့ ကျွန်တော် ပိတောက်ပန်းလေးတွေကို သနားတယ်။ ပင်ထက်ယံမှာလည်း ငေးကြည့်ကာ သူ့ရဲ့ လှပမှု နဲ့ ပိတောက်ရနံ့လေးတွေကို သင်္ကြန်မိုးရေ နဲ့ အတူ ကျွန်တော်တို့ ခံစားလို့ ရနေတာပဲလေ။ ကြွေကျ မြေခမှ မဟုတ်ပါဘူး။ ကိုယ့်လက်ထဲ ရောက်မှ မဟုတ်ပါဘူး။

ကျွန်တော်ကတော့ ပိတောက်တွေကို ကိုယ့်လက်ထဲကို ရောက်လာမှ ဆိုတာထက် ပင်ယံပေါ်မှာ လှပမွှေးမြ နေတယ် ဆိုယုံနဲ့ပဲ ပိုပြီး ချစ်တတ်ခဲ့ပါတယ်။


လေးစားစွာဖြင့်
ကိုဇော်
11.4.2010 - 3.42 PM


Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်ရေ ငါဖတ်သွားပါတယ်.. သင်္ကြန်ကို သတိရတယ်ဟာ.. ငါလည်း ရေပက်ခံထွက်တာ ၀ါသနာမပါပေမယ့် သင်္ကြန်ကျပြီဆိုတာနဲ့ သင်္ကြန်ရဲ့ အငွေ့ အသက်လေးတွေကတော့ ငါ့စိတ်ကို အမြဲလန်းဆန်းစေတယ်ဟ...

အဖြူရောင်နတ်သမီး said...

လွမ်းလွမ်းဆွေးဆွေး ပိတောက်ပန်းကြွေလေးတွေ အကြောင်း ဖတ်သွားပါတယ်..။
သင်္ကြန်ရဲ့ပြုစားခြင်းကို ပိတောက်ကခံရတာလား...
ပိတောက်ရဲ့ပြုစားခြင်းကို သင်္ကြန်ကခံရတာလား..
ဘယ်လိုပဲဖြစ်ဖြစ်...ခံစားတတ်သူတွေအဖို့မှာတော့...
သူတို့နှစ်ဦးကြောင့် ...
သင်္ကြန်ဇာတ်လမ်းတွေဖြစ်လာကြတယ်...
ပိတောက်ကဗျာတွေ ဖြစ်လာကြတယ်...
ဧပြီ တဲ့လား..
သင်္ကြန် တဲ့လား...
ပိတောက် တဲ့လား....

မြသွေးနီ said...

ပိတောက်ဟာ သင်္ကြန်ရဲ့ သင်္ကေတပါ။
လူတိုင်းမှာ ပိတောက်ဇာတ်လမ်းလေးတွေ ကိုယ်စီရှိကြမှာပါနော်။

ဝက်ဆလူး said...

ပင်ယံပေါ်မှာ ပန်းလေး လန်းပါစေ..............
ပန်းဆိုတာလဲ သေတတ်တယ် အချစ်လေးရယ်

အာဇာနည်သီချင်းကို ဆလူးဝက် ခံစားပြီး ဆိုသွားပါသည် ဒန်တန်တန်

rose said...

ပိတောက်ပန်း အကြွေလေးတွေကို အမြတ်တနိုး သိမ်းပြီး ပိတောက်ပင်ကြီး သူများ ချနင်း သွားမှာ စိုးရိမ်တဲ့ အကြောင်းလေး ရေးဖွဲ့ထားတာ ကောင်းလိုက်တာ။ အများနဲ့ မတူနဲ့ အတွေးလေးတွေမို့ နှစ်သက်တယ်။

IDIOT-Ki said...

သင်္ကြန်မင်းသားကြီး.. ကိုဇော်(ဝမ်း)..
၃ ရက်သား နဲ့ ဆော့ ရတာ ကံကောင်းတာ ပေါ့ ။ ဒါကြောင့် ခုထိ မစွံသေးတာ ။

ပိတောက် နဲ့ အခြောက် ဘယ်သူ့  ပိုချစ်လည်း....အဟိ .. ( ပိတောက်ပန်း အစို နဲ့ အခြောက် ကို ပြောတာ ..)

သင်္ကြန်တိုင်း ဦးဆုံးရေ ပက် ဖို့ စောင့်နေတဲ့ တယောက် ရော... .. ဇာတ်လမ်း ဆက်ရန် ကျန်နေသေး၏ ။ မျှော်...

akhayar said...

ပိတောက်ဆိုတာအပင်ပေါ်မှာဒီအတိုင်းထားရင်ပိုလှပိုမွှေးတယ်လို့ထင်တာပဲ..

မိုးယံ said...

ဒီနေရာက ဘယ်စာကိုဖတ်ဖတ် လူ့သရုပ်ကို ထင်ဟတ် တယ်လို့ ကျွန်တော်တော့ တွေးမိတာပဲ ဦးဇော်ရယ်။


မွေးကတည်းက သင်္ကြန်နဲ့ စတဲ့ဇတ်လမ်းကို အခု လို သင်္ကြန်ပေါင်းများစွာထိ အထီးကျန်နေတာကို မနာလိုဖြစ်ပါသည်။ သားတွဲလောင်း သမီးတွဲလောင်းနှင့် အိမ်တည်း ဟူ သော ထောင်ထဲတွင် မြင်ချင်လှပြီ။

အဖြူရောင်နတ်သမီး said...

မနှစ်ကရေးထားတဲ့ ကောမန့်တွေ့လို့ ထပ်မရေးခဲ့တော့ဘူး.. ကိုဇော်ရေ..။


* All blogger မှာ ဒီဇိုင်းအသစ် ပြောင်းလိုက်တာလား..၊
ပို့စ်တော်တော်များများ up to date အစဉ်အတိုင်း တက်မလာဘူးနော်..။
ဘယ်သူ ပို့စ်အသစ်တင်တယ်ဆိုတာ မသိရဘူးဖြစ်နေတယ်..။
အရင်ပုံစံကို ပိုကြိုက်တယ်..။
အခုဟာက ဘလော့ဂ်နာမည်ကို လိုက်ရှာနေရတယ်..။

SHWE ZIN U said...

ကိုဇော် ရေ

မင်္ဂလာနှစ်ကူးပါ သင်္ကြန်မင်းသားလေး မွေးနေ့တိုင်း ပျော်ရွှင်ကြည်နူးနိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Ako Myo Aung said...

ကိုဇော်ရေ
မင်္ဂလာနှစ်သစ်ပါခင်ဗျာ