မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 April 2011

16 တူးပို့. . . တူးပို့ . . .



သင်္ကြန် အတတ်နေ့က အိပ်မက် တစ်ခု မက်တယ်။ သင်္ကြန်ရက်တွင်း နေ့ရက် တစ်ရက်ကို ကျွန်တော် ပြန်ရောက်သွားတယ်။ အဲဒီ အိပ်မက်ထဲက နေ့ရက်ထဲမှာ ကျွန်တော် သင်္ကြန် လျှောက်လည်နေတယ် လို့ ထင်မိတယ်။ ဘယ်မှာလဲ ဘယ်နေရာလဲ ဆိုတာတော့ ကျွန်တော် မမှတ်မိပါဘူး။ မှတ်မိတာကတော့ သင်္ကြန်ရေကစား မဏ္ဍပ်တစ်ခု ရှေ့ကို ကျွန်တော် ရောက်နေတယ်။ ပြီးတော့ မဏ္ဍပ်ပေါ်က ဟစ်အော် သီဆိုနေတဲ့ သီချင်းတွေ နည်းတူ မဏ္ဍပ်ရှေ့က ကျွန်တော်ကလည်း အော်ဟစ်ခုန်ပေါက်နေတာကိုပဲ မှတ်မိတယ်။

တကယ်တော့ သင်္ကြန်ကို ကျွန်တော့် သိစိတ်ထဲက အဲဒီလောက် စွဲစွဲလမ်းလမ်းလည်း မရှိပါဘူး။ ဒါပေမဲ့ မသိစိတ်ထဲကများ ဘယ်က အကြောင်းအရာ တစ်ခုခုကို သွားပြီး စွဲလမ်းမိသွားလည်း မသိပါဘူး။ အထက်က အတိုင်းပဲ ကျွန်တော် အိပ်မက် မက်ပါတော့တယ်။ ပြီးတော့ ကျွန်တော်က အခု အိပ်မက်ထဲကလို အပြင်မှာ မူးမူး ၊ မမူးမူး ခုန်ပေါက် မကတတ်ပါဘူး။ သေချာတာ အိပ်မက်ထဲမှာ ကျွန်တော် မူးမနေဘူး။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အခု အိပ်မက်ထဲက သင်္ကြန်ထဲမှာတော့ ကျွန်တော် အတော်ကို ခုန်ပေါက် ကနေမိတော့တာပါပဲ။ ပျော်လည်း အတော်ပျော်နေမိတယ်။ ရေတွေကလည်း သင်္ကြန်ကျနေတယ် ဆိုတာကို မိမိရရ ပုံဖော်ပေးပါတယ်။ မဏ္ဍပ်ပေါ်ကရော ၊ မဏ္ဍပ်ဘေးကရော အောက်မှာ ကနေတဲ့ လူတွေ ရေခြောက်ပြီး ပူလာမှာ စိုးလို့ အလိုက်သင့် ရေကို လူတွေ ကိုယ်ပေါ်ကို စိုအောင် ဖြန်းပေးပါတယ်။ ဒီတော့ အောက်က ကနေတဲ့ လူတွေ အားလုံးကလည်း ရေစိုစို ၊ တေးချိုချို နဲ့ အတော်ကို ပျော်ဖို့ ကောင်းပါတယ်။

ဒီတော့ ကျွန်တော်လည်း ကွေးကောက်နေအောင် ခုန်ပေါက်ကနေမိပါတယ်။ မဏ္ဍပ်ပေါ်က သီဆိုနေတဲ့ အဆိုတော်ရဲ့ သီချင်းတွေ အားလုံးကိုလည်း ကျွန်တော်က အလိုက်သင့်ရနေပြီးတော့ လိုက် သီဆိုနေမိပါတယ်။ အဆင်ပြေပြေလည်း ဆိုနေနိုင်ပါတယ်။ လက်တွေ ဘာတွေလည်း  မြှောက်ကာ မြှောက်ကာ အော်လိုက်ပါသေးတယ်။ ဝေးဝေး ဆိုတာလည်း ပါတယ်။ နောင်နှစ်ခါလည်း ဆီးလို့ ကြိုကွယ် ဆိုတာလည်း ပါတယ်။ တူးပို့ တူးပို့ ဆိုတာလည်း ပါတယ်။ မြနန္ဒာ သီချင်းလည်း ပါတယ်။

ဒီလို အော်ဟစ် ပျော်ရွှင်နေတုန်း ကျွန်တော့် ပုခုံးကို လူတစ်ယောက်က လာပုတ်တယ်။ ကျွန်တော့် နောက်ကို လှည့်ကြည့်ဖို့ ပြင်လိုက်တော့ သင်္ကြန်တွင်း နဲ့ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်က နောက်ကို ရိုးရိုး လှည့်မကြည့်ဖို့ သတိပေးတယ်။  နောက်က ပုခုံးပုတ်လို့ ရိုးရိုးတန်းတန်း လှည့်ကြည့်မိရင် လှည့်တာနဲ့ မျက်နှာကို ဖြတ်ရိုက်တာ ခံရတတ်တယ် ဆိုတာ အတွေ့အကြုံအရ သတိတရ ရှိနေတယ်။ ဒီတော့ ညာဘက်လက်ကို မျက်နှာကို ကန့်လန့်ဖြတ် ကွယ်ရင်း လှည့်လိုက်မိတယ်။

အနောက်ကို မြင်လိုက်ရတော့ ကျွန်တော် ကြောင်ကာ ငိုင်သွားမိတယ်။ မျက်နှာကို ကန့်လန့်ဖြတ်ကာ ထားတဲ့ လက်လည်း အောက်ကို ဖြုတ်ခနဲ ကျသွားတယ်။ လှည့်ကြည့်လိုက်လို့ မြင်လိုက်ရတာက ကျွန်တော့်ကိုယ် ကျွန်တော် မြင်လိုက်ရတယ်။ သူကလည်း “ ကိုဇော် ” ပဲ။ အဲ  . . . မဟုတ်ဘူး။ သူက ကျွန်တော်နဲ့ လုံးဝ ထပ်တူ တူနေသော လူတစ်ယောက်ဆိုပါတော့။ ကျွန်တော့် ကိုယ်ပွားလား ဘာလားတော့ ကျွန်တော် မသိ။

သူက ကျွန်တော့် လှည့်ကြည့်တာကို မြင်တော့ ကျွန်တော့်ကို သူ့နောက် လိုက်ခဲ့ဖို့ လက်ဟန် ခြေဟန်နဲ့ ပြောတယ်။ လက်ဟန်က သူ့နောက်က လိုက်ခဲ့ဖို့ လက်နဲ့ ယပ်ပြသလို ၊ ခြေထောက်ကတော့ ဟိုဘက် သွားပြီ ဆိုတဲ့ သဘောနဲ့ စတင်ပြီး ဦးတည်ရာကို ထွက်ခွာသွားပါတယ်။ တကယ်တော့ ကျွန်တော် ဒီမဏ္ဍပ်မှာ သီချင်းတွေ အော်ဟစ် သီဆို ကခုန်ကာ အတော်ကို ပျော်နေတာပါ။ ဘယ်ကိုမှ သွားဖို့လည်း အစီအစဉ် မရှိပါဘူး။ ဒီနေရာမှာပဲ အော်ဟစ် ခုန်ပေါက်နေဦးမှာပါ။ အခုတော့ ကျွန်တော်နဲ့ ရုပ်တူနေတဲ့ ကျွန်တော် မဟုတ်သော ကိုဇော်က လာခေါ်တော့ အံ့သြခြင်းက ငယ်ထိပ်ရောက်ကာ ကျွန်တော် သူ့နောက်ကို လိုက်သွားမိပါတယ်။

သူက ခပ်ဝေးဝေးကို သွားတာတော့ မဟုတ်ပါဘူး။ သူ သွားလေရော နောက်မှာ ကျွန်တော်က ကပ်ပြီးတော့ ပါသွားပါတယ်။ မဏ္ဍပ်ရဲ့ ဟိုဘက် လူသွားလမ်းပေါ်မှာ ရှိတဲ့ သစ်ပင်တစ်ပင် အောက်ကို ဦးတည်ကာ သွားပါတယ်။ ပြီးတော့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ရပ်လိုက်ပါတယ်။ ထူးဆန်းစွာပဲ မဏ္ဍပ်ကို လူတွေ အားလုံးက စိတ်ဝင်စားနေလို့ ထင်ပါတယ် ဒီသစ်ပင်အောက်မှာ လူတစ်ယောက်မှ ကြို ရှိမနေပါဘူး။ အခု သစ်ပင်အောက်မှာ သူနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ ရှိတယ်။

“ ဘာလဲ . . . မင်း ဘယ်သူလဲ ”

သူ့ကို ကျွန်တော် ခပ်ဆတ်ဆတ်ပဲ မေးလိုက်ပါတယ်။ လိုအပ်လို့ ပြဿနာ ရှာလာရင်လည်း ကာကွယ်ဖို့ အသင့်လည်း ပြင်ထားလိုက်တယ်။ ဒီတော့ သူက ကျွန်တော့်ကို ခပ်တည်တည် ကြည့်ပြီး . .

“ ငါကလည်း ကိုဇော်ပဲ ၊ မင်း မဏ္ဍပ်အောက်မှာ သီချင်းတွေ အော်ဟစ်ဆိုပြီး ကခုန်နေတာ တွေ့လို့ မင်းကို မေးစရာ ရှိလို့ ခေါ်လာတာပဲ။ ”

“ ဘာကို မေးမှာလဲ ၊ သင်္ကြန်မှာ ဒီလို ကတာ ပြဿနာ ရှိလို့လား ၊ အားလုံးလည်း ကနေတာပဲလေ။ ”

ကျွန်တော်လည်း အတော် “ ဖု ” သွားပြီး သူ့ကို မေးလိုက်ပါတယ်။ ဒီတော့ သူက ခွင့်လွှတ်ပြုံးလေး ပြုံးပြီး ကျွန်တော့်ကို ဆက်ပြောတယ်။

“ ပြဿနာ မရှိပါဘူးကွ။ မင်းကို သိချင်တာလေးတွေ ရှိလို့ မေးချင်လို့ ခေါ်လာတာပါ ဆိုနေမှ . . . နည်းနည်း မေးချင်တယ် ရမလား။ ”

တကယ်တော့ မရချင်ပါဘူး။ ကျွန်တော် မဏ္ဍပ်ကို ပြန်သွားပြီးတော့ ကချင် ၊ ခုန်ချင်နေပါသေးတယ်။ အတော်လည်း ပျော်နေတာလေ။ ဒါပေမဲ့ သူက အေးဆေး ပြန်မလွှတ်ဘဲ ပိုရစ်နေရင် ဇယားတွေ ပိုရှုပ်လာမှာ စိုးလို့ ခွင့်ပြုလိုက်တာ ကောင်းတယ် လို့ ဦးနှောက်ရဲ့ အသိစိတ်က အချက်ပြတယ်။

“ အေး . . . မေးကွာ။ ဒါပေမဲ့ ခပ်တိုတိုတော့ မေးကွာ ၊ ငါက သင်္ကြန်မှာ ဒီလို သိပ်ပျော်တတ်တာ မဟုတ်ဘူး။ အခုတော့ ပျော်ပြီး ကတဲ့ အရှိန်ရနေလို့ မဏ္ဍပ်ရှေ့မှာ သွားကချင်နေသေးတယ်။ ”

“ အေးပါ ၊ ခဏလေးပဲ မေးမှာပါ။ မင်းကသာ မေးတာကို မြန်မြန်ပြန်ဖြေပေါ့။ ”

“ အေးကွာ . . ဖြေမယ် ၊ မေးတော့ . . . . ”

မေးတော့ ဆိုတော့မှ သူက သက်ပြင်း တစ်ချက်ကို ချပြီး ကျွန်တော့်ကို တစ်ချက် လှမ်းကြည့်သေးတယ်။ ပြီးမှ. . . .

“ မင်း ခုနက အော်ဆိုနေတဲ့ သီချင်းတွေကို မင်း တကယ်ရလား။ ”

ဒီနေ့မှာ သီချင်းတွေ အားလုံးကို ကျွန်တော်ကလည်း ထူးထူးခြားခြား ရနေတဲ့ လူဆိုတော့ သူ့ကို ခပ်ရဲရဲကို ပြန်ဖြေလိုက်ပါတယ်။

“ ရတယ်။ မဏ္ဍပ်ပေါ်က ဆိုနေတဲ့ သီချင်းတိုင်း ငါ ရနေတယ်။ ဒါကြောင့် ငါလည်း လိုက်အော်ဆိုနေမိတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ ”

“ ရတယ် ဆိုရင် ငါ့ကို မြနန္ဒာ သီချင်း ပြန်ဆိုပြစမ်းပါဦး။ ”

“ ဟမ် . . . ”

ကျွန်တော် နည်းနည်းတော့ အန်းသွားတယ်။ မဏ္ဍပ်ရှေ့မှာ ဆိုတယ် ဆိုတာက သင်္ကြန်ရေတွေ ၊ တီးလုံးတွေ ၊ လူတွေ အများကြီး ကြားမှာ ဆိုတော့ ဘာမှ ရှက်စရာ သိပ်မလိုဘူးပေါ့။ အခုတော့ ကိုယ်နဲ့ အခုမှ တွေ့ဖူးတဲ့ လူတစ်ယောက် အရှေ့မှာ သီချင်း ဆိုပြဖို့ ဆိုတာကတော့ နည်းနည်း ရှက်ဖို့ ကောင်းတယ်။

ဒါပေမဲ့ သူကလည်း ကျွန်တော်နဲ့ ထပ်တူတူနေတဲ့ လူတစ်ယောက်ပဲ။ ကျွန်တော့် ကိုယ်ပွားလိုလို ၊ ကိုယ်ပွားပဲ ဖြစ်ရင်လည်း ဖြစ်မယ်။ မဖြေရင်လည်း သူက အတော် ရစ်မဲ့ ပုံနဲ့ မရမချင်း ဆိုခိုင်းမဲ့ ပုံလည်း ရှိတယ်။ ဒါကြောင့် ဆိုပြမယ် လို့ပဲ ဆုံးဖြတ်လိုက်မိတယ်။

“ အေး . . . ငါ ဆိုပြမယ်။ မင်း သေချာ နားထောင် . . . ”

ဒီလို သူ့ကို ခပ်တည်တည် ပြောပြီး ကျွန်တော် မြနန္ဒာ သီချင်းကို စသီဆိုလိုက်တယ်။

“ x x x ချိုပြုံးရွှင်သော နှမပျိုငယ် x x x တကိုယ်လုံးပင် ချောမော အလှပိုတယ်။ x x x မြို့မနဲ့ တမေတည်းဖွားတယ် ဆိုကြမယ်ကွယ် x x x X X X X X  x x x မြနန္ဒာ x x x x x x ”

တကယ်တော့ အပြင်မှာ ကျွန်တော် ဒီသီချင်းကို အရင်က အစအဆုံး ရပေမဲ့ မဆိုတာ ကြာတဲ့ အတွက် အမြီးအမောက်တည့်အောင် သိပ်မရတော့ပါဘူး။ ဒါပေမဲ့ အခု အိပ်မက်ထဲမှာတော့ ကျွန်တော် ဆိုသွားတာ အသံရော ၊ ဆိုပေါက်ရော အတော်ကို ကောင်းနေတာ ကိုယ့်ဖာသာကိုယ်တောင်မှ အံ့သြနေမိပါတယ်။ သူကလည်း ကျွန်တော် ဆိုနေတာကို ပြုံးပြီးတော့ ကြည့်ကာ ကျေနပ်နေဟန် တူပါတယ်။ သီချင်း အစအဆုံးပြီးတော့ သူ့ကို ကျွန်တော် ကြည့်ပြီးတော့ ကျွန်တော် မေးလိုက်တယ်။

“ အိုကေလား . . . ဆိုပြီးပြီ . . . ”

ဒီတော့ သူက ကျေနပ်သလို ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။

“ မင်း ဆိုတာ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒါကြောင့် မင်းကို သီချင်း ဆက်မဆိုခိုင်းတော့ပါဘူး။ ”

ဟင်. . . .သူပြောပုံက သီချင်း မဆိုခိုင်းတော့ဘူးဆိုတော့ တခြားဟာ တစ်ခုခုကို ပြောင်း လုပ်ခိုင်းမဲ့ ပုံပေါ့။

“ ဘာလဲ . . . ဘာလုပ်ခိုင်းဦးမလို့လဲ။ ”

“ ဘာမှ မစိုးရိမ်ပါနဲ့ကွ။ ငါကသိချင်တာလေးပဲ မင်းကို ဗဟုသုတ အနေနဲ့ မေးပါတော့မယ်။ ”

“ အေး. . . ဒါဆိုလည်း မြန်မြန်မေးကွာ။ ”

ဟုတ်တယ်လေ။ ဟိုမှာ သူများတွေ အားလုံး မဏ္ဍပ်ရှေ့မှာ သီချင်းတွေ အော်ဟစ်ပြီး ကခုန်နေတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ ကျွန်တော့်မှာ အခုမှ တွေ့ရတဲ့ သူ့ကို သူမေးတာတွေ ဖြေရ ၊ သီချင်းတွေ ဆိုပြနေရတယ် မဟုတ်လား။ ကျွန်တော် ဟိုမဏ္ဍပ်ရှေ့မှာ သွားပြီး ကခုန်နေချင်နေပြီ။

“ အေးပါ . . .ခပ်တိုတိုပဲ မေးမှာပါ။ ဗဟုသုတ အနေနဲ့ပဲ မေးမယ်။ ”

“ အင်း . . . မေး . . . မေး . . မြန်မြန်မေး . . .”

“ ဒီလိုကွ. . . ခုနက မင်းလည်း အော်သွားတယ်လေ။ “ တူးပို့ . . . တူးပို့ . .” ဆိုတာလေ။ အဲဒီ တူးပို့ . . . တူးပို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ”

ဟင် . . . သူပြောမှပဲ ကျွန်တော်လည်း စဉ်းစားမိတော့တယ်။ တူးပို့ . .  . တူးပို့. . . လို့ သူများတွေ ဆိုလို့သာ လိုက်ဆိုမိတယ်။ သူများ အော်လို့သာ လိုက်အော် မိတယ်။ တကယ်တော့ တူးပို့ . . . တူးပို့ . . . ဆိုတာ ဘာလဲ လို့ ကျွန်တော် မသိဘူး။ တကယ်ကို မသိပါဘူး။

“ ငါ မသိဘူးကွ။ ဘာအဓိပ္ပာယ်လည်း ဆိုတာ စဉ်းစားရမယ် ဆိုပြီးတော့ တောင်မှ တစ်ခါမှ မစဉ်းစားမိဘူး။ ”

သူက စိတ်ပျက်သွားသလို ပုခုံးကို ဟန်ပါပါ တစ်ချက်တွန့်လိုက်တယ်။ ပြီးတော့ . . . .

“ အဓိပ္ပာယ် မသိဘူး ဆိုလည်း ထားလိုက်ပါတော့ကွာ။ ဒါဆို တစ်ခုပဲ ဆက်မေးတော့တယ်။ ”

“ အင်း . . . . ”

“ အဲဒီ . . တူးပို့ . . . တူးပို့ . . . ဆိုတဲ့ စကားက သင်္ကြန် စကား မဟုတ်ဘူးကွ။ ဒါကိုရော မင်းသိလား။ ”

“ ဟား. . . ဟား . . ဟား . . . ဒါတော့ မင်းက ငါ့ကို ညစ်လို့ မရဘူးကွ။ တူးပို့ . . . တူးပို့ . . .ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကိုသာ မသိပေမဲ့ ဒီစကားက သင်္ကြန်မှာ စပြီး ပေါ်လာတဲ့ စကား ဆိုတာတော့ ငါ သိပါတယ်ကွာ။ မင်း ငါ့ကို ဒီလို လာပတ်လို့တော့ မရဘူး။ ”

“ ငါ မင်းကို မပတ်ပါဘူးကွ။ တကယ်ပြောတာ. . . . တကယ်တော့ ဒီ တူးပို့ . . . တူးပို့ . . .ဆိုတဲ့ စကားက သင်္ကြန် စကား မဟုတ်ဘူး။ တခြား နေရာမှာ အသုံးပြုတဲ့ စကားကွ။ ”

ဒီအချိန်မှာတော့ သူ့ကို ကျွန်တော် ပြန်ပြုံးကြည့်မိပါတယ်။

“ ဒါဆိုလည်း ပြောပါဦး။ တူးပို့  . . . တူးပို့  . . . ဆိုတဲ့ စကားက သင်္ကြန်က ဆင်းသက်လာတယ် ဆိုတာ မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ဆင်းသက်လာတာလဲ။ ”

သူက ချင့်ချိန် နေသလို လုပ်ပြီးမှ. . . .

“ တကယ်တော့ “ တူးပို့ . . . တူးပို့. . . ” ဆိုတဲ့ စကားလုံးက မင်းတို့ ဘလော့ဂါ တွေ ဆီကနေ ဆင်းသက်လာတာလေ။ ”

လို့ သူက ပြောတယ်။ ပိုပြီးတော့တောင်မှ အံ့သြသွားမိတယ်။

“ ဘာဆိုင်လို့လဲ . . . တူးပို့. . . တူးပို့ . . .ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ငါ မသိပေမဲ့ ဒီစကားက သင်္ကြန်နဲ့ အတူ ထွက်ပေါ်လာတာပါကွ။ ထားပါတော့ . . . အခု မင်းပြောသလို ငါတို့ ဘလော့ဂါ တွေဆီကနေ ဆင်းသက်လာတာ ဆိုရင် ဘာလဲ ၊ ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်း ဆက်ပြောစမ်းပါဦး။ ”

ဒီတော့ သူက လည်ပင်းကို တစ်ချက် နှစ်ချက် ကုတ်ပါတယ်။ ပြောသင့် မပြောသင့် ချင့်ချိန်နေပုံ ရတယ်။  ပြီးမှ ဆုံးဖြတ်ချက် တစ်ခု ကျသလိုနဲ့ ပြောတယ်။

“ ဒီလိုလေကွာ။ မင်းတို့ ဘလော့ဂါတွေ စာတင်ရင် ပို့စ်တင်တယ် လို့ ပြောတယ် မဟုတ်လား။ အခုတော့ “ တူးပို့ . . . တူးပို့ . . . ”  ဆိုတာ . . “ တူးပို့စ်  . . . တူးပို့စ် . .” ဆိုရာကနေပြီးတော့ ကာလရွေ့လျောလာပြီး ဖြစ်လာတာပဲ။ တကယ့် အစစ်ကတော့ “ တူးပို့စ် . . . တူးပို့စ် . . = 2 Posts  . . . 2 Posts . . ” ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောရာကနေ စတာပဲ။ ”

“ ဟင် . . . ဟာ . . . မင်း အဓိပ္ပာယ်ကြီးကလဲ။ ”

“ ဟုတ်တယ်လေ။ တစ်နေ့ကို စာနှစ်ပုဒ် ရေးတင်တဲ့လူ ဆိုပါတော့ . . .  ၊ ဒါဆို သူ့က ဒီနေ့ “ တူးပို့စ်. . . တူးပို့စ် . .  ” ဆိုပြီး တခြားတစ်ယောက်ကို လှမ်းပြောရာကနေ ကာလရွေ့လျော လာတော့ “ တူးပို့ . . . တူးပို့ . . . ” ဆိုပြီး ဖြစ်လာတာပဲ။ ဒါကြောင့် “ တူးပို့စ် . . . တူးပို့စ် . . ” ဆိုတဲ့ အဓိပ္ပာယ်က တစ်နေ့ကို စာနှစ်ပုဒ်ရေးတဲ့ လူကို ခေါ်တာပဲ။ ”

“ ဟမ်. . . . ”

ဒီအချိန်မှာပဲ ကျွန်တော် ဖြတ်ခနဲ လန့်နိုးသွားတယ်။ သင်္ကြန် မဏ္ဍပ်ရှေ့ကိုတောင်မှ ပြန်သွားပြီးတော့ မကလိုက်ရတော့ဘူး။ နိုးနိုးချင်း ကျွန်တော့် ပတ်ဝန်းကျင်ကိုတောင်မှ ကြည့်လိုက်မိသေးတယ်။ ကျွန်တော် ဆိုတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပွား “ ကိုဇော် ” နောက်တစ်ယောက်များ တွေ့လို တွေ့ငြားပေါ့။

နောက်မှ သေချာသွားပါတယ်။ ဒါဟာ ကျွန်တော် အိပ်မက် မက်နေတာပါ။ တကယ်ပါ ကျွန်တော့်ရဲ့ သိစိတ်ထဲမှာတော့ သင်္ကြန်ကို စွဲလမ်းနေစိတ် မရှိပါဘူး။ မသိစိတ်ထဲမှာ သွားစွဲလမ်းနေမိလို့ အခုလို အိပ်မက် မက်မိတာနေမှာပါ။

မှန် မမှန်တော့ မသိပါဘူး။ ကျွန်တော့် အိပ်မက်ထဲက “ ကိုဇော် ” ကိုယ်ပွားရဲ့ အတွေးပေါ့လေ . . .  နော့။ သူ့လို လိုက်တွေးကြည့်မိတော့ . . . . သူတွေးတာလည်း ဟုတ်တော့ ဟုတ်နေတာပါပဲ။ အင်း . . .

“ တူးပို့ . . . တူးပို့ . . . = တူးပို့စ် . . . တူးပို့စ် . . . = 2 Posts  . . . 2Posts . . . ”


လေးစားစွာဖြင့်
ကိုဇော်
26.4.2001


Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဆလူး said...

ပြုံးသွားတယ် အိမ်မက်ထဲထိအောင် ဘလော့ဂ်ဂင်းကောင်းတုံးပေါ့လေ ဟုတ်လား ကိုဇော်

အိမ်မက်ထဲထိတောင် ဘု ကလန့် တိုက်ကောင်းတုံး ဟားဟားးးးးးးး

khin oo may said...

ဒါဆိုမြနန်ဒါဆိုတာဘာလဲပြော.

Anonymous said...

မြနန်ဒါ တော့မသိဘူး...မြနန္ဒာ တော့ ဘလော့ဂါတစ်ယောက်ဖြစ်နိုင်တယ်

နေ၀သန် said...

:)))... အိပ်မက်ထဲမှာ ဘလော့ခ်ကို တခါတည်းဆွဲခေါ်သွားတယ်ပေါ့.....


ခင်မင်လျက်
နေ၀ဿန်

kiki said...

တူးဇော်....တူးဇော်..
သင်္ကြန်မှာ မကဲ လိုက်ရလို့
ဂေါက်တောက်တောက် ဖစ်တွားဒါလားးး ဟင်.
သတိထား..စိတ်ထိန်း....
(အိပ်မက်ထဲ မှာ ရေစို နေတယ် ဆိုတော့ အပြင်မှာ.. စိုနေလို့ ပဲ ဖြစ်ရမယ်.. အဲ့ညက အရည်တွေ သောက်တာ များသွားတယ် ထင်ပါ... လောဂျစ် အရ တွေးလိုက်တာ ပါ..း))
(မြ..နန်ဒါ = ရေမချိုးသည်မှာအလွန် ကြာပြီဖြစ်သော မြ...) .. ဟိဟိ

ဖွားကိ

SHWE ZIN U said...

စွဲလမ်း နေတဲ့ သင်္ကြန်မှာ အမြန်ပြန်လာပြီး ကဲ နိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုဇော်ရေ...

ဘလော့ဂ်ဂါတွေတူးပို့..တူးပိုစ် သူတို့ဆီက လာတယ်လို့ ပြောတာ ဘီယာသမားတွေက မကြိုက်ကြ ဘူးရှင်။ ဘီယာသမားတွေကပြောတယ် တူးပို့ တူးပို့က သူတို့ဘီယာသမားတွေ ဆီကလာတာတဲ့။ညီမလည်း သိဘူး။ ဘီယာသမားတွေလည်း 2ပို့က သူတို့ဆီက လာတယ်ဆိုတော့ ပြသနာရှိတယ်နော်။ ဘလော့ဂါသမား နဲ့ ဘီယာ သမား. မသောက်တတ်ရင်တော့ ဝှောင် ဝှောင် ရှေး...ဝေးဝေးရှောင် ရမယ်။ အဟဲ...




ခင်မင်လျှက်
အလွမ်းမြို့

Anonymous said...

ကိုဇော်ရေ

ခင်ဦးမေကမေးထားတယ် မြနန္ဒာ က ဘယ်ကလာတာ လဲတဲ့ မေးထားတယ်။ ပြန်ဖြေလိုက်ပါလား.စင်္ကာပူက မြနန္ဒာ ထမင်းဆိုင်နဲ့ ညီအစ်မ တော်လို့ နာမည် တူပြီး အတည်ယူလိုက်တာလို့။ မြနန္ဒာက အဲဒီ ထမင်းဆိုင်က ဆင်းသက်လာတာလို့။။။ ခိ ခိ


ခင်မင်လျှက်

ခနွဲ said...

သြော်..တူးပို့..တူးပို့ ..ဆိုတာ ဒီက ဆင်းသက်လာတာကိုး။ မှတ်သားလောက်ပါတယ်။

ahphyulay said...

အေားးးးးးးးးးးး
ကော်ကော်ဇို..၊
ကျွန်တော်သိတာက တူးပို့  ဆိုတာက
သင်္ကြန်တီးလုံးရဲ့ အသံ ကို ဖွဲ့ ထားတာလေ။
အင်း.. ငါတော့  ထောင်ဂျောက်ထဲ ကျပြီထင်။
မနေနိုင်မထိုင်နိုင်...။

Angelhlaing(May everybody be happy and healthy! said...

တူးပို့ရဲ့အဓိပ္ပါယ်လေး မှတ်သားသွားတယ် အကို...:):)

သရီးပို့ကျောက် said...

ဘကျောက်ငယ်ငယ်က တူးပို့ ကတမျိုး....
တည်းခိုခန်းမှာ တူးပို့တူးပို့လို့ အော်လိုက်ရင် နှစ်ယောက်ရောက်လာတာပဲ..

sosegado said...

အိမ်မက်ထဲမှာ နှစ်ကိုယ်ခွဲတာတော်သေးတယ် အပြင်မှာဆို မကောင်းဘူး၊ ဒိုင်ယာဇီပင်လေးသောက်အိပ်
နောက်ဆို သရီးပို့စ်ဖြစ်နေမယ်၊

မြတ်မွန် said...

ဘာမှလည်း ဆိုင်ဘူး သလိုပဲ..
အဟုတ်အောင့်မေ့လို့ စိတ်ဝင်စားနေတာ..
တူးပို့ဆိုတာ ဘာလဲဟလို့ အတွေးတောင် ဝင်သွားသေး...
စားနေပြီနော် ..ဦးဇော်ကတော့..။
အပြင်မှာ စိုနေသေးလား...

ကိုဇော် said...

ဟုတ်တယ် မြတ်မွန် ပြောသလို ယုတ္တိဗေဒ အရတော့ ဘာမှ ဆိုင်မှာ မဟုတ်ပါဘူး။ အိပ်မက်ဆိုတော့လည်း အိပ်မက်ပဲပေါ့။ ဒါကို ကျနော်က စိတ်ခံစားမှု အရပဲ ရေးလိုက်တာပါ။ စိတ်ထဲမှာ မြင်သာယုံပါပဲ။ အပြင်မှာ လက်တွေ့ဆန်ရမယ် ဆိုရင်တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

မြနန္ဒာ ဆိုတာ မကိ ပြောသလိုပဲ ရေမချိုးတဲ့ မြ ပေါ့ မမကွန်ရေ. . .

အားလုံးကျေးဇူးပါ။

သူကြီးမင်း (တုံးဖလား) said...

သရီးပို့စ် သရီးပို့စ် ဖြစ်နေတာ အိပ်မက်ထဲက ကိုဇော် မသိရှာဘူး ထင်တယ်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)