မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 April 2011

9 သဟဇာတ



သဟဇာတ

ကျောတစ်ခင်းစာရဲ့ နံဘေးမှာ
ပတ်လည်ဝန်းရံနေပြီး တို့ထိထားတတ်တဲ့ အတိုအစ စာရွက်များ . .၊
ဝယ်ပြီး မဖတ်ဖြစ်ဘဲ ( သို့ ) ဖတ်လို့ မနိုင်သေးဘဲ
တစ်လထက် တစ်လ များပြားလာတဲ့ စာအုပ်များ . . .၊
ဟိုဆိုက်မှာ ၊ ဒီဆိုက်မှာ မြင်သမျှ သဘောကျ
သဘောကျသမျှ ဒေါင်းထားတတ်ပြီး
Hard Disk ထဲမှာ နေရာ အတော်ယူထားတတ်တဲ့
မဖတ်ရသေးသော အကြောင်းအရာစုံ Ebook များ . . .၊
ပျက်နေတဲ့ Coffee Maker ဘေးမှာ
အစားထိုး ဖျော်နှပ်လုပ်တဲ့ ကော်ဖီနှစ်ခွက် . . .၊
အမြဲတမ်း Online မှာ ဝါလိုက် ၊ နီလိုက် ဖြစ်နေတတ်တဲ့
အကောင့်တက်ထားတဲ့ ကွန်ပျူတာ တစ်လုံး . . .၊
မျှော်လင့်ချက်တွေ ပင့်ကူအိမ်တွယ် ဖုန်တက်နေတဲ့
ရင်ဘတ်ဗလာနဲ့ လူသားတစ်ယောက် . . .၊
ပိတ်မှောင်အေးစိမ့်တဲ့ အခန်းကို
အချိန်နဲ့အမျှ ပိုပိုကြိုက်လာတတ်တဲ့
အထီးကျန် စိတ်ထားတစ်ခု . . .၊
သီချင်းရဲ့ သံစဉ်ကို မကွဲပြား
ဆိုသံတွေက ခြောက်တိခြောက်ခြား ဝေဝေဝါးဝါး
အောက်ကလိအာ ကြားနေတတ်တဲ့ နားတစ်စုံ . . .၊
Boot Cut ဆို Boot Cut မှ ဆိုပြီး
မျက်လုံးထဲမှာ အထာကျတတ်ခဲ့တဲ့ အကြည့် ၊
အခုတော့ အဆင်တန်ဆာ ဆိုတာ ဟန်သာသာ အဖြစ်သာ
ကြည့်တတ် ၊ မြင်တတ်နေခဲ့တဲ့ မျက်လုံး တစ်စုံ . . . ၊
လူတွေရဲ့ အပြုံးက အတု ၊ အစစ်လား
မကွဲပြားတော့တဲ့ အာဟာရမဲ့ နှလုံးသား တစ်ခု . . . ၊
ဒီလိုနဲ့ပဲ . . .
အနီးနား . . .
အဝေးသွား . . .
ငါ့ရဲ့နေ့ရက်တွေကို
ပဋိပက္ခတွေက သဟဇာတ ကျစွာ တိုက်စားတယ်။   ။

ကိုဇော်
21.4.2011
( ပုံလေးကို သူငယ်ချင်း အာရုဏ်က ကူဆွဲပေးပါသည်။ )


Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ-
ကဗျာကလေးကိုအရမ်းသဘောကျသွားတယ်ဗျာ-
ဟုတ်တယ်-လူတွေရဲ့ အပြုံးတွေဟာအသက်မပါတော့ဘူး-
နှလုံးသားတွေကလည်းတကယ့်ကိုအကျင်နာတရားမဲ့ နေ
ပါပြီ-တချိန်ချိန်တော့ဒါတွေအားလုံးကိုကျောခိုင်းပြစ်ခဲ့ ရ
အုံးမှာပါ။

ကိုကိုမောင်(ပန်းရနံ့) said...

သဟဇာတပြီး အညမည လာဦးမယ်ထင်တယ်။း)))

ပြောတာပြောရတယ် အဲဒီလို သဟဇာတကျတဲ့အထဲမှာ ကိုယ်လဲ အပါအ၀င်ပါဘဲလေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Unknown said...

ကျနော်လက်ရှိ ခံစားနေရသလိုပါဘဲ၊ ကျေးဇူးတင်ပါတယ်...။

kiki said...

ဒါတောင် အာဝါဟ ဝိဝါဟတွေ မပါသေးလို့  ပဋိပက္ခတွေ ဒီလောက် ပဲရှိနေသေးတာ နော်.့.. ကိုဇော်ကြီး..သတိထားးးး
သဟဇာတ အပြင် ယျထာဘူတ ကျ ဖို့လည်း လိုမယ် ထင်တာပဲ။
( တတ်ယောင်ကားပြီး ပြောသွားသည်..း))

ဂျီးဒေါ် ကိ..

သဒ္ဓါလှိုင်း said...

ပဋိပက္ခမဟုတ်တဲ့ အရာတွေနဲ့ သဟဇာတဖြစ်ဖြစ်
တိုက်စားနိုင်ပါစေ။

ခင်မင်လျက်
သဒ္ဓါ

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးက ကောင်းလိုက်တာ အကို...
ဘာပြောရမှန်းမသိအောင်ပဲ...
ခံစားအားပေးလျှက်.....
ကောင်းသောနေ့လေးဖြစ်ပါစေ။

မိုးယံ said...

ဝယ်ပြီး မဖတ်ရသေးတဲ့စာအုပ်တွေရယ်.. ဒေါင်းထားတာတွေရယ် တူရင်တောင် ပိုပြီးမဖတ်ဖြစ်တာာ ကျွန်တော်ဖြစ်မယ် ဦးဇော်ရယ်... မုသားတွေကို လင်္ကာချောအောင် ပြောနေကြတဲ့ အပြုံးတု ပိုင်ရှင်တွေနဲ့ သဟဇာတ ဖြစ်အောင် နေတတ်ခြင်းဟာ နေထိုင်ခြင်း အနုပညာ မြောက်နေနိုင်သားပဲလေ။

တောက်ပကြယ်စင် said...

စာအုပ်တွေဝယ်ပြီး ခေါင်းအုံးလုပ်မိတာတွေရယ်၊ ဒေါင်းထားပြီး ပင့်ကူတွေတိုက်ဆောက်ထားတာတွေရယ် ပိုပြီး မဖတ်ဖြစ်တာက မိုးယံနဲ့ တောက်ပကြယ်စင်တို့ဖြစ်မယ် ကိုဇော်ရယ်...နေတတ်ရင် ကျေနပ်စရာကြီးဆိုတာ အပြုံးတုတွေကြားမှာ နေရတာလည်း ပါဝင်တယ်နော်...
(အော်...ဒါနဲ့ စကားမစပ် ဘုန်းဘုန်း ပူချုန်း(၇)မိုင် ရောက်ပြီနော်...) ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ခနွဲ said...

ဒေါင်းထားပြီး မဖတ်ဖြစ်တဲ့ အထဲ ကျွန်တော်လည်း ပါလေ သတည်း