မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 July 2010

11 ရေးစရာ မရှိသော နေ့



ကျွန်တော်ဟာ “ သမိုင်း ” ဆိုတာကို အလွန်ကို ညံ့သော လူတစ်ယောက် ဖြစ်သည်။ သမိုင်း ဆိုတာကို ဘယ်လောက်တောင်မှ ညံ့သလဲ ဆိုတော့ စာအုပ်ထဲက သမိုင်းရော ၊ အပြင်လောကက သမိုင်းရော ဘာဆို ဘာမှ မသိပါ။ ( အပြင်လောက က သမိုင်းဆိုတာက အုတ်ကျဉ်းနားက သမိုင်းကို ဆိုလိုသည်။ )

ဒီလို သမိုင်းကို ညံ့နေတော့ ကျွန်တော့်မှာ အတော်ကို အခက်အခဲ ဖြစ်ရသည်။ အပြင်လောက အုတ်ကျဉ်းနားမှ သမိုင်းကို ထားဦးတော့ ၊ စာအုပ်ထဲက သမိုင်းတွေ ဆိုရင် ကျွန်တော့်မှာ သူ့နဲ့ ထိပ်တိုက်ရင်ဆိုင် တိုးမိတိုင်း ဆံပင်မွှေးများ ထောင်ထအောင် စိတ်ညစ်ရဖူးသည်။ ဒါကြောင့် ဟိုးငယ်စဉ်ကတည်းက သမိုင်း ဖြေတော့မယ် ဆိုရင် ကျွန်တော်က ခုနှစ်သက္ကရာဇ်များကို မမှတ်မိသော သမိုင်း အားနည်းသူ တစ်ယောက် ဆိုတော့ ကျွန်တော် လူလည်ကျကာ ဖြေပါသည်။ 

ခုနှစ်သက္ကရာဇ်တွေကို လူလည်ကျသည် ဆိုလို့ ရွာက ကပ္ပိယကြီးလို “ ကျုပ်မွေးနေ့ကတော့ ရွာမှာ ရေကြီးတဲ့ နှစ်ပဲ။ အဲဒီနှစ်မှာတင် မိုးဦးစောလို့ ပဲတွေ ပျက်ကုန်တယ်လေ။ အဲဒီနှစ်မှာပဲ သူကြီးကို ပိုးထိတာ ” ဆိုတဲ့ ဖြေပုံမျိုးတော့ မဟုတ်ဘူးပါဘူး။ ကျွန်တော်ကတော့ ဒီလို ဝေ့လည်ကြောင်ပတ် မဖြေဘဲ အရှိကို အရှိအတိုင်း လုံးဝကို မပါအောင် ဖြေလိုက်တာပါ။ ဥပမာ - ၁၃၀၀ ပြည့်အရေးတော်ပုံ ဆိုရင် ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ဘယ်ဟာက ဘယ်လို ဖြစ်ပါတယ်။ ဒီနောက်မှာ ဘယ်လိုတွေ ဖြစ်တယ်။ နောက်တော့ ဘယ်လို အဆုံးသတ်သွားတယ်။ ဆရာစံ ကျဆုံးပြီးတော့ ဘာဖြစ်တယ်။ အဲဒီလိုပဲ ဖြေပြီးတော့ ခုနှစ်သက္ကရာဇ်တွေ ကျွန်တော် မရေးဘူး။ မပါအောင် တမင်ရေးတာ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မမှတ်မိတာပါ။ အဲဒီလို ကျွန်တော်က ရှော်ပါသည်။ လုံးဝကို မတော်ပါ။ ဒါကြောင့် အတော်ကို ရှော်ပါသည်။

ဒီလို သမိုင်း အားနည်းတဲ့ ကျွန်တော့် အတွက် ပြည်ထောင်စုနေ့ ဘယ်နေ့လဲ ဆိုရင် ကျွန်တော့် မျက်လုံးတွေ အလယ်စုသည်။ တောင်သူလယ်သမားနေ့ ဘယ်နေ့လဲ ဆိုရင် ကျွန်တော့် ဆံပင်မွှေးတွေ ထောင်သည်။ အလုပ်သမားနေ့ ဘယ်နေ့လဲ ဆိုရင် အာခေါင်တွေ ခြောက်သည်။ ဘာလို့လဲ ဆိုရင် ကျွန်တော့်မှ မမှိတ်မိဘဲကိုး။ ဒါပေမဲ ဘယ်သူမှ ရိုက်နှက်စရာမလိုဘဲ သူ့ဖာသာ မှတ်မိနေသော သမိုင်းနေ့စွဲ နှစ်ရက်တော့ ရှိပါသည်။

ဒါကတော့ “ လွတ်လပ်ရေးနေ့ ” နဲ့ “ အာဇာနည်နေ့ ” ပါပဲ။ သူများတွေလည်း လိုလည်း ကျွန်တော်က ကြီးကြီးကျယ်ကျယ် မပြောတတ်ပါ။ ဒါကြောင့် ရိုးရိုးပဲ ပြောပါမည်။  “ လွတ်လပ်ရေးနေ့ ” ကို ကျွန်တော် မှတ်မိနေတာက “ ပျော်ပွဲရွင်ပွဲ ” တွေကြောင့် ဖြစ်ပြီး “ အာဇာနည်နေ့ ” ကို မှတ်မိနေတာက “ ၁၉ ဇူလိုင် မမေ့နိုင် ”  ဆိုတဲ့ စာသားလေးကြောင့် ဖြစ်သည်။

ဒီနေ့ဟာ “ ၁၉ ဇူလိုင် မမေ့နိုင် ” ဆိုတဲ့ နေ့ဖြစ်သည်။ ဒါကြောင့် ဒီနေ့ဟာ “ အာဇာနည်နေ့ ” ဖြစ်သည်။ ဒီလိုပဲ ကျွန်တော့်သိပါသည်။ ဒီ့ထက်လည်း ကျွန်တော် ပိုပြီး များများစားစား မသိပါ။ ကျွန်တော် မသိတာက များနေပြီး ကျွန်တော် သိတာက နည်းနေပါသည်။  ဒါကြောင့် ကျွန်တော် မသိတာတွေ မရေးဘဲ ကျွန်တော် သိတာတွေကိုပဲ ရေးပါမည်။ 

*** ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ ဆိုပြီး နှစ်ပေါင်းများစွာ ငြင်းခုန်ကာ ရေးနေကြပါသည်။ သို့သော် ဒါတွေ ကျွန်တော် မသိပါ ၊ ငြင်းနေကြတာပဲ ကျွန်တော် သိပါသည်။ ဒါကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

*** ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓါတ်ပုံများဟု ဆိုကာ ကျွန်တော့်မေးလ်ထဲကို ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံများပါသော မေးလ်များ ဝင်ပါသည်။ ထိုမေးလ်များကို အစောင် ၇၀ ကျော် ကျွန်တော် လက်ခံရရှိပါသည်။ ရှားပါးဆိုပြီး ဒီလို ပေါများစွာ ရောက်လာတော့ ကျွန်တော့် အံ့သြမိပါသည်။ ထိုဓါတ်ပုံများကို လွန်ခဲ့သော တစ်နှစ်ခွဲကျော်က ဒီနေရာမှာ ကျွန်တော် စုဆောင်း ထားမိပါသည်။ ( လိုချင်သူများ ထပ်ယူနိုင်ပါသည်။ ) နောက်တော့. . . . . . ။ ဒါကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။ 

***  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရများ ဆိုပြီး ရေးကြပါသည်။ ကျန်နေသော အာဇာနည်များကို ကျွန်တော် အလွန်ကို အားနာမိပါသည်။ သူတို့ကို အမှတ် မရသလိုကြီး ဖြစ်နေပါရောလားဟု တွေးမိ၍ ဖြစ်ပါသည်။ ထိုကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

***  ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင် များကို ဒီနေ့ အာဇာနည်နေ့မှာ ဝမ်းနည်းကြတယ် လို့ ဆိုကြပါသည်။ ကျန်တဲ့နေတွေမှာ သူတို့က အာဇာနည်တွေ ကျဆုံးတာ ပျော်နေကြတာလား လို့ မဟုတ်က ဟုတ်က လျှောက်တွေးမိပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

***  ဒီနေ့မှာ တော်တော်များများက ကျဆုံးပြီးသော အာဇာနည်များကို အလေးပြုကြပါသည်။ တခြားနေ့တွေမှာ သတိမရဘူး ၊ မလေးစားဘူး ဆိုတဲ့ သဘောလား ဆိုပြီး ပေါက်ကရ တွေးမိပြန်ပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

***  ဟိုးအရင်က “ xxx အလွမ်းမပြေ ” ဆိုပြီး ဆုံးပါးသွားသူရဲ့ သီချင်းတွေကို တတ်သစ်စ အဆိုတော်များက ပြန်ဆိုကာ ရှိုးတစ်ခု လုပ်ပါသည်။ ဒီမှာ ပွဲကို စီစဉ်သူလို့ ထင်ရသူက xxx ကို သတိရလို့ လွမ်းမပြေ ဖြစ်ကာ ဒီပွဲကို စီစဉ်တာ ဖြစ်ကြောင်း ပြုံးဖြီးဖြီး မျက်နှာကြီးနဲ့ ပြောသွားပါသည်။ ဒါကြောင့် အာဇာနည်နေ့မှာ လွမ်းမပြေ ဖြစ်ပါသည် ဆိုသူများရဲ့ မျက်နှာကို ကျွန်တော် အရင်ကြည့်ချင်ပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

*** တချို့နေရာက စာတွေကို ဖတ်ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေသေးရင် ဒီလို မဖြစ်ဘူး ဆိုကာ ပြန်မရှင်နိုင်တော့သော ဗိုလ်ချုပ်အောင်ဆန်းကို အတင်းကြီး အသေမဖြောင့်အောင် လုပ်နေပါသည်။ သို့သော် သူတို့ ဗိုလ်ချုပ်အောင်ဆန်း မှာကြားထားခဲ့သော စကားများကိုတော့ လုံးဝ လိုက်နာတာ မတွေ့ရပါ။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

*** ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ဆပ်မကုန်ဘူးလို့ ရေးကြပါသည်။ ဆပ်၍ မကုန်ဘူး ဆိုပြီး ဆိုကာ ဆက်ကာ ဆက်ကာ ရေးနေကြပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

*** ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည် ခေါင်းဆောင်များ ကျဆုံးမှု အတွက် ဝမ်းနည်းကြသည် ဟု ဆိုသည်။  ( ရွာစကားနဲ့ ပြောရရင် ) သူများတွေ လွှတ်ဝမ်းနည်း နေကြသောကြောင့် ကျွန်တော့်မှာ ဝမ်းနည်းစရာ မကျန်တော့ပါ။ ထို့ကြောင့် ကျွန်တော့်မှာ ရေးစရာ မရှိပါ။

*** ဒါကြောင့် ကျွန်တော် နိဂုံးချုပ်တော့ ကျွန်တော့်မှာ ရေးစရာ မရှိပါ။ ထို့ကြောင့် ဒီနေ့ဟာ ရေးစရာ မရှိသောနေ့ တစ်နေ့ပင် ဖြစ်သည်။

လေးစားစွာဖြင့်
ကိုဇော်
19.7.2010
.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အိုကေ။
ရေးစရာမရှိဘဲ မန့်သွားတယ်။
ဇူလိုင် ၁၉ အမှတ်တရပါ။

မောင်မောင် said...

ဟောဗျာ ကိုဇော် ရေးပြထားတဲ့ ရေးစရာမရှိတွေ က
တော့ အရမ်းကို ထိချက်ပြင်းတယ်ဗျာ။
၁၉ ဇူလိုင် မမေ့ နိုင်တဲ့ ၆၃ နှစ်တိုင်ခဲ့ပြီ။

အားပေးလျှက်
မောင်မောင်

ကိုအောင် said...

ကိုဇော်ရဲ့ ခံစားချက်တွေကို ဖတ်ရူသွားပါတယ်။

လသာည said...

ပြုံးပြီးတော့ မန့်သွားပါတယ်..
“ပိုစ်အတွက် ကျေးဇူးတင်ပါတယ်”ဆိုတာပါ။

ခိုင်နုငယ် said...

ကဲ....ရေးစရာတွေမရှိပေမယ့်...
ပြောစရာတွေရှိတယ်ကွယ်။
အာဇာနည်နေ့...အမြဲမမေ့ပါဘူးလို့...

sosegado said...

ရေးစရာမရှိပေမဲ့ တွေးစရာတွေနဲ့ အာဇာနည်နေ့ကို အမှတ်တရရေးတဲ့အတွက်ဂုဏ်ယူမိပါသည်၊

Unknown said...

ကိုဇော်ရေ...
ရေးစရာမရှိတာကို ပြောစရာမရှိအောင်ကောင်းတယ်လို့..
ခင်မင်တဲ့
ရွှေဂဲ

သုခုမလေဒီ said...

ရေးစရာမရှိတာကို ရေးပြီးတင်ပြတာကိုက ရေးစရာဖြစ်လာတာပေါ့နော်။ ချီးကျူးစရာပါပဲ ။ အာဇာနည်နေ့ အမှတ်တရ အလည်ရောက်ပါတယ်။

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု….

ချစ်သောသူများ အသက်ရှည်စေ
မုန်းသောသူများ ရှည်ချင်ရှည်စေ

မောင်ဘကြိုင်

ချိုကျ said...

အစ်ကိုရေ....ရေးစရာမရှိတာကိုပဲ ဖတ်သွားပါတယ်။ ရေးစရာမရှိဘူး မရှိဘူးနဲ့ ရေးသွားတာများ ချောလို့ :)

ခင်တဲ့(ချိုကျ)

Nothing! said...

ရေးစရာမရှိတာကိုဖတ်ပြီးတွေးစရာတွေဖြစ်သွားတယ်.
ကိုယ်လည်းသမိုင်းကိုသိပ်မကျေဘူး...
မကျေဘူးဆိုတာ..
အစာမကျေဘူးကို ဆိုလိုတာလည်းပါတယ်...
ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကိုကြည့်လိုက်ရင် Amazon
တောနက်ကြီးထဲက လူရိုင်းတွေထက်ပိုရိုင်းနေသလား
အောက်မေ့ရတယ်..:((
ဘာလို့ လည်းဆို ပထမမြန်မာနိုင်ငံကြီးကိုထူထောင်
ခဲ့တယ်ဆိုတဲ့အနော်ရထာကသူ့ လက်ထက်မှာ
အာဏာရူးပြီးကလေးကအစသတ်ခိုင်းခဲ့တဲ့ဘုရင်
အဲလောက်စိတ်သဘောထားမြင့်မြတ်တာ...
သူ့ ခမျာတည်လိုက်တဲ့ဘုရားတွေကလည်း
တတိုင်းပြည်လုံးပဲ....
အခုခေတ်သူ့ ကိုကိုးကွယ်သူတွေက
ဘုန်းကြီးကအစသတ်နေကြပြီ...နောင်လာနောက်
သားတွေကဘယ်သူ့ ကိုအတုယူကိုးကွယ်ပြီး
ဘာတွေဆက်လုပ်ကြမှာလဲ...တွေးမိတယ်...
ရေးမိတယ်ကိုဇော်ရေ....
(ရာဇ၀င်တွေလည်းရိုင်းခဲ့ရပြီအဖရေ..)ဗိုလ်ချုပ်ကို
သတိရတယ်နေ့ တိုင်းပဲ....