မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 July 2010

22 အလုံး . . . အလုံး





အလုံး. . . အလုံး


“ ရဲဘော်ရဲဘက် ” ဆိုသော စကားလုံးကို ကြားတိုင်း ၊ ဒီစကားလုံးကို မြင်တိုင်း ကျွန်တော် သတိရမိတတ်တဲ့ သူငယ်ချင်း တစ်ယောက်ရှိ၏။ ဒီစကားလုံးလေး ကြားတာနဲ့ သတိရလောက်တယ် ဆိုတော့ အံ့သြချင် အံ့သြမည်။ သူက “ မိန်းကလေး ” ဆိုတာကို သိလိုက်ရရင် ပိုပြီးတောင်မှ အံ့သြပါဦးမည်။

ဟုတ်တယ်။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် ဆိုသော သူငယ်ချင်းက မိန်းကလေး တစ်ယောက်ပါ။ သူ့နာမည်က “ ခတ္တာလှိုင် ” လို့ခေါ်သည်။


အဖြစ်အပျက်ရဲ့ နိဒါန်းတွေ က ဒီလိုမျိုး စနစ်တကျ ဖြစ်လာခဲ့လေသည်။

အထက်တန်းကျောင်းသား ဘဝတုန်းက ခပ်ကဲကဲ ၊ ခပ်ရဲရဲ ကျောင်းသားတွေထဲမှာ ကျွန်တော်တို့လည်း အပါအဝင်ပေါ့။ ကျောင်းက အတန်းတွေ များစွာထဲမှာ သူ့ဖာသာ စည်းလုံးကြ၏။ ဒါပေမဲ့ ကျွန်တော်တို့ အတန်းရဲ့ ညီညွှတ်မှုကို ဘယ်သူမှ မမှီကြ။ ၈ တန်း ၊ ၉ တန်း ၊ ၁၀ တန်း ဒီလူတွေချည်းပဲ နယ်ပြောင်းလို့ ကျောင်းပြောင်းသွားသော သူငယ်ချင်းတွေက လွဲရင် အတိုး အလျော့မရှိ။ ကျွန်တော်တို့ အတန်းက သူငယ်ချင်းတွေ အားလုံး စုစုစည်းစည်း ရှိနေကြသည်။

သုံးနှစ်တိုင်တိုင် အမြဲတမ်း တွေ့နေခဲ့ရတဲ့ သူငယ်ချင်းတွေ ဆိုတော့ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေကြသည်။ အတန်းရဲ့ စည်းလုံး ညီညွှတ်မှုကို နည်းနည်း ပြောပြမှ ပြည့်စုံပါလိမ်မည်။

ဆရာ ၊ ဆရာမတွေ ဆိုတာကလည်း ဘယ်သူက ဘာ ဆိုတာ ကြည့်တာနဲ့ သိနေတတ်ပါသည်။ “ သူခိုးကြီး ငတတ်ပြား ကို
ဘဏ္ဍာတော်ထိန်း အပ်တယ် ဆိုတာ အလကားမှ မဟုတ်တာ။ ” ဒီလိုပဲ ၊ ဘယ်ကောင်ကို ကိုင်လိုက်မှ အတန်းက ငြိမ်မယ် ဆိုတာလည်း သိ၏။  ကျွန်တော်တို့ကလည်း ဒီအချိန်မှာ “ မျောက်မူးလဲ ” အောင် ဆော့နေကြတာ မဟုတ်လား။ ဒီတော့ အတန်းထဲမှာ ကျွန်တော်တို့ကို ဘယ်သူမှ ထိန်းလို့ရတာ မဟုတ်ဘူး။

တစ်နေ့တော့ ဆရာမက ပြောလာသည်။

“ မင်းတို့ အတန်းကို မော်နီတာ ခန့်ရအောင် ၊ မင်းတို့ ယောက်ျားလေး ၊ မိန်းကလေး မော်နီတာ မင်းတို့ ဖာသာ ရွေးထားလိုက်ကြ။ ”

ဒီတော့ ကျွန်တော်တို့ ပျော်လိုက်သည့် ဖြစ်ခြင်း။ ကျွန်တော်တို့ ယောက်ျားလေး မော်နီတာ ရွေးလိုက်ပါ၏။ အတန်းထဲမှာ မိန်းကလေးတွေနဲ့ပဲ စကားပြောပြီး ကျွန်တော်တို့ နဘန်ကျင်းနေကြ “ အခြောက် ” ကို။ မိန်းကလေးထဲမှာတော့ သူ့ဖာသာ အတန်းထဲက တောင်မှ မထနိုင်အောင် “ ဝ ” နေတဲ့ “ ရတနာ ” ကို ကျွန်တော်တို့ အားလုံး ခန့်လိုက်ကြလေသည်။

ဆရာမ ဝင်လာတော့ ကျွန်တော်တို့ ခန့်ထားတဲ့ မော်နီတာကို ပျော်ရွှင်စွာ နဲ့ ပြောလိုက်တော့ ဆရာမက ဘာမှ မပြောဘူး။ ခပ်တည်တည်ပဲ ကြည့်ပြီး. .. .

“ မင်း . . ထ . . . . ။ မင်း . . . . ထ ။ “

ဆိုပြီး မိန်းကလေးထဲက နှုတ်ခမ်းတလန် နဲ့ ကပ်ကပ်လန် ရန်တွေ့တတ်တဲ့ “ ဇာဇာအောင် ” နဲ့ မျောက်မူးသေ ကျွန်တော့်ကို ထခိုင်းသည်။ ကြောင်တိ ကြောင်တောင်နဲ့ ကျွန်တော်တို့ ထရပ်လိုက်တော့...

“ အေး ဆရာမကတော့ သူတို့ နှစ်ယောက်ကို မော်နီတာ ခန့်လိုက်ပြီ ဒါပဲ။ ကဲ . . စာသင်ကြမယ်။ ”

“ ဟာ. . ”

ကျွန်တော် အကြီးအကျယ်ကို ဝမ်းနည်းသွားမိသည်။ နဂိုကတည်းက ကျောင်းထဲမှာ လျှောက်သွားနေတဲ့ သူကို ဒီလို ခြေချုပ်ကြီး ချတော့ ဘယ်လို လုပ်မလဲ။ ရင်ထဲကတောင်မှ ဝမ်းနည်းတာတွေ လှိုက်တတ်မိ၏။ ဟိုကောင်တွေ ကဲနေတဲ့ အချိန် ငါကတော့ ဆရာမ ခိုင်းတာတွေ ထိုင်လုပ်နေရတော့မှာပဲ လို့လည်း တွေးနေမိသည်။ ဒါကြောင့် ပို၍ ပို၍ ဝမ်းနည်းလာသည်။

မုန့်စားဆင်းချိန်ကျတော့ ဆရာမဆီကို သွားပြီး သွားလေး သွားဖြဲ ပြရ၏။

“ အဟီး . . ဆရာမ။ ”

ဒီလောက်ချောတဲ့ ဆရာမကလည်း မျက်နှာကြီး တင်းထားသည်။ ( လှမယ် ထင်၍ ဖြစ်မည် ၊ သို့သော် မလှ )

“ ဘာလဲ ၊ ဘာကိစ္စ ရှိလို့လဲ။ ”

“ ဟိုလေ . . . ဆရာမ။ ကျွန်တော်က ကျောင်းပျက်များတယ် ဆရာမ။ ကျောင်းကိုလည်း နောက်ကျ တတ်တယ်။ ဝေးတော့လေ ကားကလည်း စီးရတယ် မလား။ ဒါကြောင့် နီးနီးနားနားက တစ်ယောက်ယောက်ကို မော်နီတာ ပြောင်းလုပ်ခိုင်းပါလား ဆရာမ။ ကျွန်တော်က . . . . . . . . . . . . ”

“ ရတယ် ၊ မင်းနောက်ကျတဲ့ အချိန် တခြားလူတွေ လုပ်ထားလိမ့်မယ်။ ယောက်ျားလေး မော်နီတာ ကတော့ မင်းပဲ။ ဒါပဲ မဟုတ်လား ၊  သွားတော့.. .  ”

“ ဟိုလေ . . . .  ”

“ ဘာမှ မပြောနဲ့တော့ . . . . . . . . ဆို. . . . . . .”

အဟင့်. . .  ဘာလိုမှလည်း ပြောလို့ မရဘူး။ ဒါနဲ့ပဲ စိတ်မပါသော မော်နီတာ အဖြစ် လုပ်ရလေသည်။ ဒီတော့ ကျွန်တော်ကလည်း ပြတ်၏။ မလုပ်ရင်လည်း မလုပ်ဘူး လုပ်ရင်လည်း သေချာ လုပ်တတ်ပါသည်။ အားလုံးကို ကျွန်တော် ပြောထား၏။

“ အားလုံးပဲ ၊ ငါလည်း ငြိမ်ငြိမ် မနေနိုင်ဘူး။ ဒါကြောင့် မင်းတို့တွေ ၊ နင်တို့တွေလည်း မနေကြနဲ့။ လုပ်ချင်တာသာ လုပ်နေကြ။ ဆရာမ မရှိတဲ့ အချိန်ဆို အတန်း တံခါးပိတ် အတင်းသာ တုပ်နေကြ။ ဆရာမ လာပြီ ဆိုပြီး တစ်ယောက်ယောက်က အချက်ပေးရင်တော့ တိတ်ကြ။ တိုင်တာ တောတာ တော့ ဖြစ်မလာစေနဲ့ ဒါပဲ။ ”

ဒါပဲ။ ကျွန်တော်လည်း ဒီလိုပဲ ပြောတတ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း အတန်းထဲမှာ ပြောင်းဖူးရိုးနဲ့ ရှေ့တန်းနောက်တန်း ပစ်ပေါက်တန်း ကစားကြ၏။ ခုန်ခွ ၊ မျောက်ရှုံးအောင် ကစားကြ၏။ သူတို့လည်း လုပ်ချင်တာ လုပ်ကြ ဂွတ်ထ . . ။

ဒါပေမဲ့ အံ့သြစရာ ကောင်းလောက်အောင် ကျွန်တော်တို့ အတန်းက အေးဆေးလှသည်။ အတန်းထဲက သူငယ်ချင်းတွေကလည်း သုံးနှစ် ပေါင်းလာတယ် ဆိုတဲ့ သံယောဇဉ်နဲ့ တစ်ယောာက်နဲ့ တစ်ယောက် နားလည်ကြ၏။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဆူဆူညံညံလေးတွေတော့ ရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ အဖွဲ့ပါပဲ။ ဆရာမတွေ အတန်းထဲ ဝင်လာပြီး စာသင်တော့မယ် ဆိုရင်. .

“ အားလုံး . . . သတိ . . . နှုတ်ဆက် ၊ မင်္ဂလာပါ ဆရာမ။ ”

ဒီလို နှုတ်ဆက်ကြတယ် မဟုတ်လား။ တစ်ခါတစ်လေတော့လည်း ပျင်းတာပေါ့ဗျာ။ ဒါကြောင့် ဆရာမ မကြား တကြားလေး အားလုံးနဲ့ ရောပြီး . . .

“ အားလုံး သတိ နှုတ်ဆက် ၊ မင်္ဂလာဒုံ ဝါယာလက် ။ ”

“ အလုံး . . . . အလုံး . . . ၊ သတိ . . .  နှုတ်ဆက်။ ”

“ အာလုံ . . . . သတိ နှုတ်ဆိတ် ၊ မင်္ဂလာဆောင်ပါ ဆရာမ။ ”

မျိုးစုံပေါ့လေ။ အတန်းထဲ ဂမူးရူးထိုးနဲ့ ဝင်လာတဲ့ ဆရာမကလည်း တစ်ခါတလေ မကြားဘူးပေါ့လေ။ တစ်ခါတလေတော့လည်း ကြားလိုက် သလိုလို နဲ့ ယောင်တွေတွေ အခန်းထဲကို လှည့်ကြည့်သည်။ သိပ်တော့ သတိထားမိသလို မပြ။

ဒါပေမဲ့ သတိထားမိသလို ပြတာက ဆရာ “ ဦးXXXX ” ဆိုသူ။ သူက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါ။ ကျွန်တော်တို့ အတန်းမှာ သူ့နဲ့ သက်ဆိုင်တာ ဘာမှ မရှိ။ သင်တန်းလည်း သင်စရာ မလို။ အမြဲတမ်း အရာရာကို အလိုမကျသော လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်မျိုး သူ့မှာ ရှိ၏။

သူက သူနဲ့ ဘယ်လိုမှ မသက်ဆိုင်ပေမဲ့ အမြဲတမ်း ပျော်ရွှင်နေတတ်သော ကျွန်တော်တို့ အတန်းကို ကြည့်မရ။ နောက်တစ်ခုက ဆရာ ၊ ဆရာမတွေကို မကြားတကြား “ အလုံး ၊ အလုံး ” ဟု အော်တာကို သူက မကြား ၊ တကြား ကြားမိနေပြီး ကြားထဲက မကျေနပ် ဖြစ်နေတတ်သည်။

သူ့မှာ ကျောင်းသားတိုင်း ရိုသေရသော လက္ခာဏာ တစ်ခုရှိသညိ။ ဒါကတော့ လူတစ်ယောက် အရပ်လောက် ရှိတဲ့ ထားဝယ်ကြိမ်လုံးနဲ့ သူ စိတ်မထင်သူကို အပြစ်ရှာပြီး ရိုက်တတ်တာပဲ။ သူ့ရဲ့ ထိုစရိုက်ကြောင့် ဆရာ ၊ ဆရာမတွေ အပါအဝင် ဘယ်သူကမှ သူနဲ့ မပတ်သတ်ချင်ကြ။

ဒါပေမဲ့ . . . . . .ပြဿဒါးနဲ့ တိုးတိုက်မိတဲ့ တစ်ရက်မှာတော့ . . . . . .

ထုံးစံ အတိုင်း အခန်းထဲမှာ ပျော်ရွှင်စွာ နေနေကြတဲ့ ကျွန်တော်တို့ အခန်းကို စာသင်ဖို့ ဆရာမ က ဝင်လာသည်။ ဆရာ ၊ ဆရာမတွေ ဝင်လာရင် အမြဲတမ်း တိုင်ပေးနေကြ “ ဖြိုးကြီး ” က အရင်လို နောက်ပြောင် အော်တာ မဟုတ်ပဲ အကောင်း သာမာန်အတိုင်း . . . .

“ အားလုံး . . သတိ . . . နှုတ်ဆက် ”

လို့ အော်လိုက်၏။ အခု ဝင်လာတဲ့ ဆရာမက သမိုင်း ဆရာမပါ။ ဆရာက အသက်ကြီးတော့ သူ့ကို ဒေါသထွက်အောင် မနောက်ကြပါဘူး။ သနား သလို ၊ အားနာမိ၏။

“ မင်္ဂလာပါ ဆရာမ ”

ကျွန်တော်တို့လည်း နှုတ်ဆက်ပြီးရော သမိုင်းဆရာမက . . .

“ မင်္ဂလာပါကွယ်။ ”

လို့ ပြောပြီး စားပွဲပေါ်ကို ဆရာမ ခြင်းတောင်းလေး တင်ပြီး စာသင်ဖို့ စာအုပ်ထုတ်နေတုန်း ရှိသေးသည်။ အတန်းထဲကို ကြိမ်လုံးကို ဆွဲကိုင်ပြီး နေရာ တကာ လျှောက်သွားနေတတ်တဲ့
“ ဦးXXXX ” က ဝင်လာသည်။ တကယ်တော့ ကျွန်တော်တို့ အခန်းနဲ့ သူက ဘာဆို ဘာမှ မဆိုင်ပါ ၊ သူနဲ့လည်း မပိုင်။

စာသင်ဖို့ ပြင်ဆင်နေတဲ့ သမိုင်းဆရာမကလည်း သူဝင်လာတော့ အံ့သြသွားသည်။ သူ့ကို တစ်ကျောင်းလုံးက ရွံ့ကြောက်ကြီး မဟုတ်လား။ သူကလည်း ဆရာမကို ဂရုမစိုက်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ကျောင်းသားတွေ ဘက်ကို လှည့်ကြည့်ပြီး . . . .

“ ခုနက ဆရာမ ဝင်လာတော့ နှုတ်ဆက်ဖို့ တိုင်ပေးတာ ဘယ်သူလဲ ”

ဒီတော့ “ ဖြိုးကြီး ” က မတ်တပ်ထရပ်ပြီး..

“ ကျွန်တော်ပါ ဆရာ ”

“ အေး . . ဟုတ်ပြီ။ ခုနက ဆရာမ ဝင်လာတော့ မင်း ဘာလို့ “ အားလုံး သတိ ” လို့ အော်ရမှာကို မအော်ပဲ။ “ အလုံး အလုံး ” လို့ အော်တာလဲ။ ”

တကယ်ဆို အရင်ကတော့ အော်မိပါသည်။ ဖြိုးကြီးရော ၊ ကျွန်တော်တို့ရော အားလုံးပေါ့လေ။ အခုကတော့ တကယ်ကို မအော်တာပါ။ ဒီတော့ “ ဖြိုးကြီး ” မှာလည်း ငြင်းဆို ပိုင်ခွင့်ရှိပါ၏။

“ ဆရာ ကျွန်တော် မအော်ပါဘူး။ “ အားလုံး သတိ နှုတ်ဆက် ” လို့ပဲ အော်တာပါ။ ”

“ အေး ဒါပေမဲ့ မင်း “ အလုံး . . အလုံး ” လို့ အော်လိုက်တာ ငါ ကြားတယ်ကွာ။ ဒါကြောင့် အပြင်ထွက်။ ”

ဒါကတော့ တမင်ကြီးပါ။ ကျွန်တော်တို့ကလည်း ခပ်ရွတ်ရွတ် အဖွဲ့တွေပါ။ ဘယ်သူမှ အရိုက်ခံရလည်း ကြောက်တတ်သူတွေလည်း မဟုတ်ပါ။ သူနဲ့ ကျွန်တော်တို့ အကြိမ်ကြိမ် ဆုံဖူးပါသည်။ ပြန်ရိုက်ခွင့် မရှိသော ကျွန်တော်တို့ကို သူကချည်းပဲ အကြောင်းမရှိ အကြောင်းရှာ ရိုက်တတ်ပါသည်။

မိုးရွာနေလို့ အိမ်သာသွားရင် အပြင်က မသွားပဲ ၉ တန်းဆောင်ထဲက ဖြတ်သွားတော့လည်း ဘာလို့ သူများဆောင်ထဲက ဖြတ်တာလဲ ဆိုပြီး ခေါ်ရိုက်၏။ ငြိမ်ခံမနေတတ်တဲ့ ကျွန်တော်ကလည်း

“ ဆရာကျတော့ ဘာလို့ ၉ တန်းဆောင်ထဲ ရောက်နေတာလဲ ”

ဆိုပြီး နှုတ်လှန်ထိုးတော့ တစ်ချက်ပို ရိုက်ခံရ၏။ သူ့ရဲ့ ကြိမ်လုံးက ဘယ်သူနဲ့မှ မတူပါ။ သာမာန် ယောက်ျားလေး ခပ်ပျော့ပျော့ကောင် ဆိုရင်တော့မှ နှစ်ချက်ဆိုရင် ဒူးကွေးကျအောင် အားကုန်လွဲပြီး ရိုက်တတ်သည်။

ကျွန်တော် သုံးချက်အထိ အရိုက်ခံရဖူးသည်။ အဲဒီနေ့က အိမ်သာသွားဖို့ ထွက်ခွင့်လက်မှတ် သိမ်းထားတဲ့ မိန်းကလေး မော်နီတာ ဇာဇာအောင် က ကျောင်းမတတ်ဘူး။ သူမလာတော့ ကျွန်တော်တို့ အိမ်သာသွားဖို့ ကျွန်တော်တို့ အခက်အခဲ ရှိ၏။ “ ထွက်ခွင့်ကဒ် ” က မရှိ။ အားလုံးက လမ်းမှာ သူနဲ့ တွေ့မှာ ကြောက်နေလို့ မသွားရဲကြဘူး။

ဒီအချိန်မှာ ကျွန်တော်က အိမ်သာသွားချင်လို့ အတန်းပိုင် ဆရာမကို “ ထွက်ခွင့်ကဒ် ” တွေကို သိမ်းထားတဲ့ ဇာဇာအောင် က မလာလို့ ကျွန်တော်တို့ အခက်အခဲ ရှိနေတယ် ဆိုပြီး အတန်းပိုင် ဆရာမဆီမှာ ကျွန်တော် ကိုယ်တိုင် ခွင့်တောင်းပြီးမှ အိမ်သာကို လာခဲ့သည်။

ဖြစ်ချင်တော့ အိမ်သာ ထောင့်ချိုးမှာ သူနဲ့ တန်းတိုး၏။ သူကလည်း ကျွန်တော့်ကို မှတ်မိနေတာ ဆိုတော့ “ ဘယ်လဲ  ” တဲ့။ ကျွန်တော်ကလည်း လူကို လူလို မဆက်ဆံသူကို မုန်းတတ်တဲ့ သူဆိုတော့ ခပ်ရင့်ရင့်ပဲ။

“ အိမ်သာသွားတဲ့ လမ်းမှာ တွေ့တာ ဘယ်လဲ ဆိုတော့ အိမ်သာပေါ့ ဆရာရယ်။ ဒီထက် သေချာချင်ရင် လိုက်သာကြည့် ဆရာ။ ”

ဒီလိုပဲ ပြောလိုက်မိသည်။ ဒီတော့ သူက ခပ်ပြုံးပြုံး လုပ်ပြီး . . .

“ ထွက်ခွင့်ကဒ် ပါလား။ ”

“ မပါဘူးဆရာ ၊ ထွက်ခွင့်ကဒ် သိမ်းထားတဲ့ သူငယ်ချင်း ကျောင်းမလာလို့။ ကျွန်တော် ဆရာမကို ခွင့်တောင်းပြီးမှ လာခဲ့တာပါ။ ”

“ ထွက်ခွင့်ကဒ် မပါရင် အပြင် မထွက်ရဘူး ဆိုတာ မင်းသိတယ်နော် ”

“ သိတယ် ဆရာ ၊ ဒါပေမဲ့ ကျွန်တော် အိမ်သာ တတ်ချင်နေတာလေ။ ”

လို့ ပြောပြီး ကျွန်တော်လည်း ဘာမှ ဆက်မပြောပဲ အိမ်သာဘက်ကို ထွက်လာခဲ့သည်။ ကိုယ့်ကိစ္စတွေ ပြီးလို့ အိမ်သာက ထွက်လာတော့ သူက ကျွန်တော့်ကို ရပ်စောင့်နေ၏။ ကျွန်တော် ခပ်တည်တည်နဲ့ သူ့ရှေ့က ဖြတ်မယ် လုပ်တော့. . .

“ နေဦး ၊ မင်းအခု အိမ်သာထွက်ခွင့် မပါပဲ။ အပြင် ထွက်တယ်နော်။ မင်းမှာ အပြစ်ရှိလား ”

“ မရှိဘူး။ ကျွန်တော် ဆရာမကို ပြောပြီး လာတာ။ မကျေနပ်ရင် ဆရာမကို သွားမေး . . .  ”

“ မေးတာက နောက်မှ အခုကတော့ မင်းမှာ အပြစ်ရှိတယ်။ ဟိုဘက်လှည့် ”

ကျွန်တော့်ကို ဒီလိုမေးနေ ၊ ပြောနေတာကို သူငယ်ချင်းတွေ တဆင့်ဆင့်နဲ့ ကျွန်တော်တို့ အတန်းကရော ၊ တခြား ကျွန်တော့် သူငယ်ချင်းတွေကရော အတန်း အတန်းထဲကနေ ခေါင်းတွေ ထွက်ပြီး စုပြုံ ကြည့်နေကြပြီ။

ကျွန်တော် သူ့မျက်နှာကို သေချာ ကြည့်ပြီး ဘာမှ မပြောတော့ပဲ။ ဟိုဘက် လှည့်ပေးလိုက်၏။ သူကလည်း မျက်နှာ ပြောင်ပြောင်နဲ့ပါပဲ သူများ အသက်ကို သတ်ခါနီး အောင်သေ အောင်သားစားရတော့မဲ့ ငရဲခွေး တစ်ကောင်လို ကျေနပ်တဲ့ မျက်နှာနဲ့ ကြည့်ပြီး. . .

“ ရွှမ်း ”

“ ရွှမ်း ”

ကျွန်တော့်ကို နှစ်ချက် ရိုက်သည်။ လူကြီးအားနဲ့ အားကုန်ထည့်ပြီး လူတစ်ယောက် အရပ် အရှည်လောက်ရှိနေတဲ့ ကြိမ်လုံးနဲ့ ရိုက်တဲ့ ဒဏ်။ သူရိုက်ချက်ပြီးတော့ ကျွန်တော်လှည့်ကြည့်ပြီး..

“ ပြီးပြီလား ဆရာ ”

ကျွန်တော်တို့ကလည်း ဒီလို အကြောတင်း၏။ နည်းနည်း ရင့်၏။

“ အေး . . ရပြီ။ ”

ဒီတော့ ကျွန်တော် လှည့်ထွက်ရင်း . . .

“ တောက်... ”

ကျွန်တော် “ တောက်ခေါက် ” လိုက်တော့ သူရိုက်တာကို ရပ်ကြည့်နေတဲ့ ဆရာမတချို့ လက်ထဲက ဘောဖျက်တွေတောင်မှ လွတ်ကျသည်။

“ ဟေ့ . . . နေဦး။ မင်းက ဘာလို့ တောက်ခေါက်တာလဲ။ ”

အခိုးအငွေ့တွေ ထွက်နေတဲ့ မျက်လုံးတွေနဲ့ ဘာမှမပြောပဲ သူ့ကို ကျွန်တော် စိုက်ကြည့်နေလိုက်တော့...

“ ဒီတောက်ခေါက်တဲ့ အတွက် နောက်တစ်ချက် ရိုက်ရမယ်။ ”

သူ့မှာ ဘယ်တော့မှ ကျောင်းသား တစ်ယောက်ကို ဆုံးမတယ် ဆိုသော စကား မထွက်ခဲ့ပါ။ မပြောဖူးပါ။ ကျွန်တော်တို့ မကြားဖူးပါ။ “ ရိုက်မယ် . . . ရိုက်မယ် ” ဆိုသော သွေးဆာနေသော အမဲလိုက်ခွေး တစ်ကောင်ဆီမှ ထွက်လာသော အသံမျှသာ။

“ ရွှမ်း ”

ဒီအချက်ပြီးတော့ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တော့ သူက “ သွားလို့ရပြီ ” ဆိုသော ပုံစံ လုပ်ပြသည်။ သူများကို ရိုက်နှက်တယ် ဆိုတာ ကိုယ်လည်း ဘယ်လောက် အင်အား ကုန်တယ် ဆိုတာ သူ့ရဲ့ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကြီးက သက်သေပြ နေ၏။

ကျွန်တော် အခန်းထဲ ဝင်လာတော့ ခင်မင်ရသော သူငယ်ချင်းတွေ အားလုံး ဝိုင်းအုံလာခဲ့သည်။ ပြီးတော့ ဝိုင်းမေးကြ၏။ ကျွန်တော် သူတို့ကို ဘာမှ မပြောနိုင်။ ဒေါသတွေ ဗလပွနဲ့ ကျွန်တော် ဗလာစာအုပ် တစ်အုပ်ရဲ့ နောက်ကျောက ကတ္ထူစက္ကူကို ဖြဲ၏။ ပြီးတော့ လေးထောင့် လေးညှပ်ပြီး ထွက်ခွင့်ကဒ် လုပ်ပြီး အတန်းပိုင် ဆရာမဆီ သွား လက်မှတ်ထိုးခိုင်း။

ကျွန်တော့်ကို မြင်တော့ ကျွန်တော့်အပေါ် သားတစ်ယောက်လို ချစ်သော ဆရာမ မျက်ရည်တွေ ကျ၏။ ကျွန်တော်လည်း အရိုက်ခံထားရတဲ့ အောက်ခြေထောက်က ဒေါသကြောင့်မို့သာ ခြေထောက်တွေက တဆတ်ဆတ် ဖြစ်နေ၏။ ဆရာမ လက်မှတ်လေး ထိုးပြီးတော့ “ ကျားထွက်ခွင့် ၊ မ ထွက်ခွင့် ” ကဒ်လေးတွေနဲ့ အဲဒီနေ့ တစ်နေ့လုံး ကျွန်တော်တို့ သုံးခဲ့သည်။ ( အဲဒီကဒ်လေးက နောက်နေ့တော့ “ ထွက်ခွင့်ကဒ် ” အစစ်ရောက်လာတော့ ကျွန်တော် အခုထိ သိမ်းထားပါ၏။ ဆရာမ လက်မှတ်လည်း ပါတယ်လေ။ )

ဒါက ကျွန်တော် သူ့အရိုက်ခံရတာ နောက်ဆုံး အကြိမ်ပါ။ အရင်ကတော့ တစ်ချက် ၊ နှစ်ချက် အရိုက် ခံရဖူးသည်။ ဒီတစ်ကြိမ်ကတော့ ကိုယ်လည်း ဘာမှ မလုပ်ပဲ ၊ မမှားပဲ အရိုက်ခံရတာ။ ကျွန်တော် ဆုံးဖြတ် ထားမိသည်။ နောက်တစ်ခါ ဆိုရင်တော့ ကျွန်တော့် ပညာရေး သူ့ကြောင့် နိဂုံးချုပ်ပြီ။ သူလည်း တစ်ခုခု ဖြစ် ၊ ကျွန်တော်လည်း . . . . . . .

အခုလည်း ကြည့် ၊ သမိုင်း ဆရာမကလည်း မကြား ၊ တကယ်လည်း ဘယ်သူမှ မအော်ပဲနဲ့ ၊ တိုင်ပေးသူ “ ဖြိုးကြီး ” လည်း မအော်ပါဘူး လို့ ပြောတာတောင်မှ သူက သူကြားတယ် အပြင်ထွက် တဲ့။ ဒီလိုမျိုးတော့ ကျွန်တော် မနေနိုင်ပါ။ ကျွန်တော်က မော်နီတာ တစ်ယောက်လည်း ဖြစ်၏။

“ ဆရာ ၊ သူ မအော်ဘူး ဆရာ။ ဆရာမကိုလည်း မေးကြည့်ဦး ကြားလားလို့။ ဆရာ့ဖာသာ နားလေးပြီး ကြားနေတာ ”

ဒီတော့ တစ်ချိန်လုံး ငြိမ်နေတဲ့ ဆရာမက ဝင်ပြော၏။

“ ဟုတ်ပါတယ် ဆရာ ၊ သူတို့ မအော်ပါဘူး။ ”

ဆရာမ ပြောတာကိုလည်း သူက ဂရုမစိုက်ပါ။

“ ဘာကွ ၊  အေး . . ငါ နားလေးလား မလေးဘူးလား  အခု မင်းတွေ့စေရမယ်။ အားလုံး တစ်တန်းလုံး မတ်တပ်ရပ် ”

ဟာ . . . ကျွန်တော်တို့လည်း အံ့သြသွားသည်။ သူ ဘာလုပ်မလို့လဲပေါ့။ အားလုံး မတ်တပ်ရပ်တော့ သူက ကျောင်းသားတွေ တစ်ယောက်ချင်းစီကို မျက်နှာကြည့်ပြီး လိုက်မေးသည်။

“ ခုနက ဟိုကောင် အော်တာ “ အလုံး . . အလုံး ” ဆိုပြီး ကြားလိုက်လား။ ”

အားလုံးကလည်း ကြောက်ကြတာပေါ့။ အကြောတင်းသော ကျွန်တော် သူငယ်ချင်း တစ်ယောက်က “ မကြားဘူး ဆရာ။ ” လို့ ခပ်ကျယ်ကျယ် ၊ ခပ်မာမာ ပဲ ပြန်ပြောသည်။

“ အေး . . မကြားရင် မင်းလည်း အပြင်ထွက် ဟိုကောင်နဲ့ အတူတူ ရပ်နေ ”

ဟာ . . ဒါဆို “ ကြားသူ နဲ့ မကြားသူ ” ကို သူ ဘာလုပ်မယ် ဆိုတာ အားလုံး သိလိုက်ကြရပြီ။ ဒီတော့ ကြောက်တတ်တဲ့ လူတန်းစားတွေနဲ့ ဖွဲ့စည်းထားသော လူတွေက. . . . . ဟူး။ ဒါကြောင့် အားလုံးက ပါးစပ်က မပြောသာတော့ ခေါင်းလေးတွေ ငြိမ့်ပြကြသည် ၊  ကြားပါတယ်ပေါ့။ “ ဒါဆို ထိုင်။ ” သူက ဒီလို ဆုံးဖြတ်ပေးသည်။

အမြဲတမ်း အတူတူ တွဲလျက် ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ခေါင်းခါ ကြ၏။ သူတို့ အပြင်မှာ ရိုက်မှာကို မမှုပဲ အပြင်ထွက် မတ်တပ် ထွက်ရပ်ရဲသည်။ ဒါပေမဲ့ ဒီမှာ လူတစ်ယောက်ရဲ့ “ အမှန်တရားကို ချစ်သော သိက္ခာ ” ဆိုတာကို မြင်နေရသည်။ အရိုက်ခံရတော့မယ် ဆိုတာကို သိပေမဲ့ အရိုက်မခံရတော့ပဲ ထိုင်နေရတဲ့ လူလောက် သိမ်ငယ်မှု မရှိတာပဲ။

“ မကြားတာကို မကြားဘူး ” လို့ ပြောရဲတဲ့ အတွက် သူ့တို့မှာ “ မကြားတာကို ကြားတယ် ” လို့ လိမ်လည် ပြောမိတဲ့ သူတွေထက် သူတို့ မျက်နှာမော် ထားနိုင်၏။ မျက်နှာတင်း ထားနိုင်၏။ ရင်ဖွင့် ထားနိုင်၏။ လိမ်ပြောတဲ့ သူကတော့ သူ့လိပ်ပြာ သူမလုံပဲ။ ခေါင်းငုံလျှက်ပေါ့။

“ အိ ” ခနဲ အသံနဲ့ အတူ ကြည့်လိုက်တော့ သမိုင်းဆရာမကြီးရဲ့ စားပွဲပေါ်မှာ မျက်နှာမှောက်ပြီး ငိုနေတာကို တွေ့လိုက်ရ၏။ လူကို လူလို လူလူချင်း စာနာတတ်တဲ့ နှလုံးသား ရှိသူတိုင်း ဘယ်သူက ဒီလို လုပ်ပါ့မလဲ။ ကျွန်တော် သိလိုက်သည်။ “ ဒီနေ့ ငါ့ပညာရေးတော့ ဆုံးခန်းတိုင်တဲ့ နေ့ပဲ။ ငါ့ကို လာမေးတာနဲ့ သူတော့ . . . . ” ဒီလိုပဲ စိတ်ထဲမှာ တွေးထားလိုက်မိသည်။

တစ်ယောက်ပြီး တစ်ယောက် မေးလာ၏။ ကျွန်တော့်အလှည့်ရောက်တော့ ကျွန်တော်ဟာ နဂါးတစ်ကောင် မဟုတ်ပါ။ ကျွန်တော်သာ နဂါး တစ်ကောင်ဆိုလို့ကတော့ ကျွန်တော့် မျက်လုံးထဲက အခိုးအငွေ့တွေနဲ့တင် သူလည်း နိဂုံးချုပ်သည်။ သူက ပြာဖြစ်သည်။

“ မင်းရော ကြားလား ”

ကျွန်တော့်ကို မေးနေပြီ။ ကျွန်တော့် ပါးစပ်က စကားမထွက်။ သူ့ကို ကျွန်တော် စိုက်ကြည့်ရင်း လက်တွေပဲ ယားလာ၏။ ကျွန်တော့်ခန္ဓာကိုယ်က တဆတ်ဆတ် တုန်လာ၏။ အားလုံးလည်း ကျွန်တော့်ကို ကြည့်နေပေမဲ့ သူကတော့ မမှန်တာ လုပ်ထားဖူးတဲ့ လူတစ်ယောက် အတိုင်း ကျွန်တော့်မျက်နှာကို သေချာ မကြည့်။ ပြီးတော့ ကျွန်တော့်ကို သူကျော်သွား၏။

“ ထိုင် ”
တဲ့။

ကျွန်တော် မထိုင်။ အရိုက်ခံရဖို့ သတ်မှတ် ခံထားရတဲ့ ကျွန်တော် သူငယ်ချင်းတွေ နည်းတူ ကျွန်တော်လည်း မထိုင်။ ကျွန်တော် ခုံနေရာမှာ ကျွန်တော် ရပ်နေ၏။ ကျွန်တော့်ကို ကျော်ပြီး နောက်လူတွေ မေးသွားသည်။ နောက်တော့ ယောက်ျားလေးတွေ ကုန်တော့ မိန်းကလေးတွေကို စမေး၏ ယောက်ျားလေးတွေတောင်မှ သူ့ရိုက်မှာကို ကြောက်လို့ ခေါင်းငြိမ့်ကြသေးတာပဲ။ အခု မိန်းကလေးတွေလေ . . .  ။

တစ်ယောက်ပြီး တစ်ယောက် စကားနဲ့ အသံ မထွက်ပေမဲ့ ခေါ်င်းငြိမ့် ပြခြင်းဖြင့် သူရိုက်မှာကို ရှောင်ထွက် သွားကြ၏။ ဒီိလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ။ ဒီအချိန်မှာ ကျွန်တော့်တို့ရဲ့ “ ရဲဘော်ရဲဘက် ” လို့ ပြောခဲ့တဲ့ သူငယ်ချင်း “ ခတ္တာလှိုင် ” အလှည့်ကို ရောက်သွားတာပဲ။

“ သူ “ အလုံး . . . အလုံး ” လို့ အော်တာ ကြားလိုက်လား။ ”

သာမာန် အေးအေးဆေးဆေး နေတတ်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ “ စိတ်ဓါတ် ၊ ရဲရင့်မှု ၊ အမှန်တရား ကို မြတ်နိုးမှု ၊ သတ္တိ ရှိမှု ” တွေကို ကျွန်တော် မျက်မြင်တွေလိုက်ရလေသည်။

“ သူ . . . “ အားလုံး...အားလုံး သတိ နှုတ်ဆက် ” လို့ပဲ အော်တာ ကြားလိုက်တယ် ဆရာ။ ”

“ ဆရာမေးတာ . . “ အလုံး. . အလုံး ” လို့ အော်တာ ကြားလား။ ”

“ အားလုံး . . အားလုံး” လို့ပဲ အော်တာ ကြားလိုက်တယ် ဆရာ။ ”

အလုံး လို့ အော်တာ ကြားလားလို့ မေးနေတယ်။ ”

သူကတော့ ပျော့ပျော့ပါပဲ။ ဒါပေမဲ့ ဒီဆရာကိုတောင်မှ ဒေါသတွေ ထွက်လာစေ၏။

အားလုံး လို့ အော်တာပဲ သမီး ကြားတယ် ဆရာ ”

“ ဒါဆို အလုံး လို့ အော်တာ မကြားဘူး ဆိုတဲ့ သဘောပေါ့။ ”

“ သမီး ဒါကို မပြောဘူး။ သမီးပြောတာ သမီး အားလုံး လို့ အော်တာပဲ ကြားတယ်။ ”

တကယ်ဆိုရင် “ ခတ္တာလှိုင် ” ဖြေတာ ပညာရှိနည်းနဲ့ပါ။ ဒါပေမဲ့ ဘီလူး တစ်ကောင်လို သွေးဆာနေတဲ့ ဒီဆရာက ...

“ ဒါဆိုရင် အလုံးလို့ အော်တာ မကြားဘူးလို့ ပြောတာလို့ သတ်မှတ်တယ်။ မင်းလည်း အပြင်ထွက်..။ ”

ဟာ ခနဲ တစ်တန်းလုံး ဖြစ်သွားသည်။ သူ့အတန်း အချိန်မှာ ဖြစ်လို့ မျက်ရည်တွေ ကျနေတဲ့ သမိုင်းဆရာမက ဝရုန်းသုံးကားနဲ့ အခန်းထဲက မျက်ရည်တွေနဲ့ ပြေးထွက်သွား၏။ ဒီနောက်တော့ အတန်း တစ်ခုလုံးကို မေးပြီးလို့ ထိုင်သူတွေနဲ့ ထနေသူတွေပဲ ကျန်တော့သည်။ 


“ ကဲ . . တွေ့တယ် မလား။ အလုံး . . အလုံး လို့ အော်တာ မင်းတို့ ၇ ယောက်က လွဲပြီး အားလုံး ကြားတယ်။ ဒီတော့ အော်တာကို ကြားရဲ့သားနဲ့ လိမ်ပြောတဲ့ အတွက် မင်းတို့မှာ အပြစ်ရှိတယ်။ ”

အဲဒီလိုပဲ သူ့ဖာသာ အတင်း အပြစ် ဆွဲတင်တတ်သည်။ ဘယ်သူမှ ဘာမှ ပြန်မပြောပါဘူး။ သူက ပြန်ပြောရင်လည်း လက်ခံမှာမှ မဟုတ်တာ။ ဒါနဲ့ပဲ အပြင်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော် သူငယ်ချင်းတွေကို တစ်ယောက်ကို နှစ်ချက်စီ ရိုက်သည်။

“ ခတ္ထာလှိုင် ” အလှည့်ကျတော့ မိန်းကလေးမို့လို့ လျှော့ပေါ့မယ် ထင်မိတာ။ ဆရာဆိုတာ ကျောသား ရင်သား မခွဲခြား ဘူးဆိုတဲ့ စကားကို ဒီနေရာမှာတော့ သူက ပြည့်ပြည့်ဝဝ အသုံးချပြ သွား၏။ အားလုံးကို ရိုက်ပြီးတော့ သူက သူ့ကို အဝင်တုန်းက ဘယ်သူမှ နှုတ်မဆက်သလို ပြန်သွားတော့လည်း ဘယ်သူ့မှ နှုတ်မဆက်ပဲ ထွက်သွားသည်။

အတန်းထဲမှာ ကျန်နေတာ ကိုယ်တွေ ဒေါသနဲ့ မတ်တပ်ရပ်ပြီး တဆတ်ဆတ် တုန်နေတဲ့ ကျွန်တော် ၊ တိတ်ဆိတ်နေတဲ့ အခန်း ၊ ရင်ထဲမှာ ကြေကွဲနေတဲ့ သူငယ်ချင်းများ ၊ မျက်ရည်တွေ ကျနေတဲ့ မိန်းကလေးတွေ ၊ တောက်ခေါက်နေတဲ့ ယောက်ျားလေးများ။

ဒါနဲ့ ကျွန်တော်တို့ ကိုယ်မနာသူတွေရော ၊ နာသူတွေရော ကိုယ်တိုင်ထက် “ ခတ္တာလှိုင် ” အတွက် ပိုပြီး အရေးကြီး စာနာခဲ့ပါသည်။ ဘာလို့လဲ ၊ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတဲ့ ကျွန်တော်တို့ အမေးတွေကို “ ခတ္ထာလှိုင် ” က ဒီလို ပြန်ပြောလေသည်။

“ သူရိုက်မယ် ဆိုတာထက် မဟုတ်တာကို ဟုတ်ပါတယ် ဆိုပြီး ငါ လိမ်မပြောချင်ဘူး။ ငါ အခု အရိုက်ခံရတယ်။ အခု အရိုက်ခံရတာ မှန်နေရင်းသက်သက် ဆိုတာ အားလုံး သိသလို ၊ ဒီဆရာလည်း သိတယ်။ မှန်နေတဲ့ လူတစ်ယောက်ကို အပြစ်ပေးရဲတယ် ဆိုတာ သူ့အတွက် အိပ်ကောင်းခြင်း မအိပ်နိုင်ပါဘူးဟာ။

နောက်တစ်ခုက မှန်နေတာကို လိမ်ပြောမိခဲ့လို့ အပြစ်လွတ်ခဲ့တယ် ဆိုရင်လည်း ၊ မှန်နေရင်း တန်းလန်းနဲ့ အပြစ်ပေးခံရတဲ့ သူလောက် ဒီလူက သူ့ဖာသာ ဘယ်တော့မှ လိပ်ပြာသန့်မှာ မဟုတ်ဘူး။ ငါ အမှားလုပ်ထားပါလား ဆိုတဲ့ အသိက သူ့ဘဝမှာ ငါအရိုက်ခံရလို့ နာတဲ့ အနာထက် နှစ်ပေါင်းများစွာ သူ့ဖာသာ ရင်ထဲမှာ လိပ်ပြာ လန့်ပြီး နာနေလိမ့်မယ်။

အမှန်တရားအတွက် မှန်တာကို မှန်တယ်လို့ ပြောရင်း မှန်လို့ ဆိုပြီး အရိုက်ခံရတယ်
ဆိုရင် တန်ပါတယ်။ ”

ဒါနဲ့ပဲ အဲဒီနေ့ တစ်နေ့လုံး ကျွန်တော်တို့ အခန်းကို စာသင်ဖို့ ဘယ်သူမှ မဝင်တော့ပါ။ ကျွန်တော်တို့ အတန်းရဲ့ ပျော်ရွှင်မှုတွေကို ဒီဆရာက သူ့ရဲ့ ကြိမ်လုံးတွေနဲ့ ဖျက်ဆီး သွားခဲ့သည်။ ဒါပေမဲ့ သူဖျက်ဆီးလို့ မရတာက ကျွန်တော့်တို့ရင်ထဲမှာ သူ့ကြောင့် ဖြစ်လာတဲ့ “ သူ့ကို မုန်းတဲ့ အမုန်း ” ။ နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။

နောက်ထပ် နှစ်လကြာတော့ ကျွန်တော်နဲ့ သူငယ်ချင်း ၄ ယောက် ၁၀ တန်းကို အပြင်ဖြေမယ် ဆိုပြီး ကျောင်းထွက်စာတွေ တင်တော့ ဒီဆရာနဲ့ တွေ့သေးတယ်။ ကျွန်တော်တို့ကို တွေ့တော့. . .

“ မင်းတို့ ကျောင်းထွက်ပြီး အပြင်ဖြေမလို့ဆို . . . . .  ”

ကျွန်တော်တို့ကလည်း ကျောင်းမှာ ဒီလို လူသိတာ . . . .

“ ဟုတ်တယ် ဆရာ ”

“ အေးကွယ်. . . ၊  မင်းတို့ မရှိတာ ဆရာ့အတွက်တော့ လက်မောင်းတစ်ဖက် ပြုတ်တာပါပဲ။ ”

တဲ့။ ဝမ်းနည်းသလိုလိုနဲ့ ဒီဆရာက ပြော၏။ ခပ်မြန်မြန် ပက်ခနဲ ထွက်တတ်တဲ့ ကျွန်တော်ကလည်း .. .

“ မဟုတ်တာ ဆရာရယ်။ ကျွန်တော်တို့ ရှိနေမှ ဆရာ လက်မောင်းပြုတ်မှာလေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ကို ဆရာ ရိုက်နေရတာကိုး ”

ဒီလို ပြောပြီး ကျွန်တော်လည်း လှည့်ထွက်လာခဲ့သည်။

ဆရာ ၊ ဆရာမတွေကို အရမ်းချစ်တတ်တဲ့ ကျွန်တော့်အတွက် ပထမဦးဆုံး ကျွန်တော် အမုန်းဆုံး ဆရာတစ်ယောက်ပါ။ ဒါပေမဲ့လည်းလေ သူ့ရဲ့ ဘဝကံကြမ္မာကို သူပဲ ဖန်တီးတယ် ပြောရမည်။

ဆရာက ကျောင်းကို စက်ဘီးနဲ့ လာသည်။ တစ်နေ့တော့ ကျောင်းကို စက်ဘီးစီးလာတုန်း ကိုယ်ပိုင်ကားတစ်စီးက တိုက်သွားတယ်တဲ့။

ဒီအချိန်မှာ မိုးကလည်း ရွာ ၊ လူကလည်း ပြတ်နေပြီး ဆရာကလည်း လမ်းဘေးမြောင်းထဲ ထိုးကျသွား၏။ ဒီမြောင်းတွေက အကျယ်ကြီးဆိုတော့ ချက်ချင်း မတတ်နိုင်ဘူး။ ပြီးတော့ ခြေထောက်တွေ ကျိုးသွားသည်။

ဒါနဲ့ လူတွေ သိသိချင်း ဆေးရုံပို့လိုက်ပေမဲ့ ဆရာ ခြေထောက်တွေကတော့ အခု အရင်လို ပြန်မဖြစ်တော့ဘူး။ တိုက်တဲ့ ကားကို ဘယ်သူ့မှ မသိလိုက်သလို ၊ ဒီကိစ္စကလည်း ဘာမှ အကောင်အထည် ပေါ်မလာခဲ့ဘူး။ သူများတွေကတော့ ဒီဆရာကို မုန်းတဲ့သူ တစ်ယောက်ယောက်က လုပ်တာလို့ ပြောကြတယ်။ အရပ်စကားဆိုတော့လည်း.............။






နှစ်အတော်ကြာပြီးမှ ကျောင်းနဲ့ ဝေးခဲ့တဲ့ ကျွန်တော်တို့ တတွေ ပြန်ဆုံကြတော့မှ ဟိုပြောဒီပြောနဲ့ ဒီအကြောင်းတွေ သိရတော့သည်။ ဒါကို ကျွန်တော် သိတော့ သူငယ်ချင်းတွေဆီက အလှူငွေ ကောက်ပါ သေးသည်။ ဘာပဲ ပြောပြော လူတစ်ယောက် အနေနဲ့ လှူသင့်တယ် ထင်လို့  ၊ ဒီတော့ သူ့အရိုက်ကို ခံထားရတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က လက်ဖက်ရည်ဆိုင်မှာကို ထပြီး . . .

“ ဒီမှာကြည့် ဟေ့ကောင်။ သူရိုက်ထားတာ ငါ့ဖင်မှာ အခုထိ အရှိုးရာက မပျောက်သေးဘူး။ သေရင်တောင်မှ မသွားဘူးကွာ။ မင်း ဖင်ကိုလည်း မင်းပြန်ကြည့်ဦး။ မင်းက တော်တော် ဖင်ထူတယ် ထင်တယ်။ ”

ဆိုပြီး ဆိုင်ထဲမှာကို ပုဆိုး ထလှန်ပြ လို့ တားရသေးသည်။ တကယ်ကို ဘယ်သူ့ဆီကမှ ကျွန်တော် ကောက်လို့ မရခဲ့ပါ။ ကဲကွာ . . ငါ့ဖာသာပဲ တတ်နိုင်သလောက် လှူလိုက်မယ် ဆိုပြီး ဆုံးဖြတ်လိုက်တော့မှ ကျွန်တော့်အိမ်ကို သူငယ်ချင်း တစ်ယောက် ရောက်လာတယ်။ သူက “ ခတ္တာလှိုင် ”၊ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တာ ပျော်ဖို့ကောင်းပါ၏။ သူလည်း ပိုပြီး ရင့်ကျက် တည်ငြိမ်လာသည်။

သူ ဆရာ့ အတွက် လာလှူတာတဲ့။ သူ့စကားကို ကျွန်တော် ကြားတော့ မယုံနိုင်ဘူး။ “ ဘာ . . . ဘယ်လို ” လို့ ထပ်မေးတော့မှ. . .

“ ဟုတ်တယ်။ ငါ ဆရာ့အတွက် လာလှူတာ ၊ တကယ်တော့ဟာ လူဆိုတာ ဒီလိုပါပဲ။ မေတ္တာတရားကို ရှားပါးငတ်မွတ်စွာ မွေးဖွားကြီးပြင်း လာသူတွေက မေတ္တာတရားကို တန်ဖိုးထားတယ် ဆိုပေမဲ့ အတ္တ ကြီးမားသူတွေ အတွက်က ကျတော့ မေတ္တာတရားကို နားမလည်နိုင်ဘူး။

ဆရာ ငါတို့ကို ဘယ်လောက်ရိုက်ခဲ့ ရိုက်ခဲ့။ အခု အချိန်မှာ သူနဲ့ ငါတို့မှာ ငါတို့က အပေါ်ကလေ။ အပေါ်က ဆိုပြီး လူတစ်ယောက်ကို မိုးကြည့်တာ မကောင်းပါဘူးဟာ။ ကဲ . . . သွားကြမယ်။ ”

ဒါနဲ့ပဲ ကျွန်တော်လည်း နဝေတိမ်တောင်နဲ့ ဘတ်စ်စီးပြီး ဆရာ့အိမ်ဆိုတာကို မေးမြန်းလာခဲ့တော့ နောက်ဆုံးမှာ ဆရာနေတယ် ဆိုတဲ့ နေရာလေးကို ရောက်လာခဲ့သည်။

အပေါ်ကို တာလပတ်လေး မိုးပြီး ၊ ရှေ့ကိုလည်း တာလပတ်လေး ကာထားတဲ့ နေရာလေးတစ်ခု။ ဘေးနှစ်ဖက်ကို ထရံလေးနဲ့ ကာထားပြီး နောက်ကျောဆိုတာက အုတ်နံရံလေး တစ်ခု။ အကျဉ်းချုံးပြောရရင် ဆရာ ရပ်ကွက်က ဓမ္မာရုံလေး တစ်ရုံမှာ အဖီလေးဆွဲပြီး ကပ်နေရ၏။ ဆရာ့ရဲ့ သားသမီးတွေကလည်း အခုလို လူလားမြောက် ကြီးပြင်းလာတော့ သူတို့ဖခင်ရဲ့ စိတ်ဓါတ် လက္ခဏာကြောင့် စွန့်ပစ်ခွဲခွာ သွားကြပုံရသည်။

ကျွန်တော်တို့ ဆရာ့တဲလေးထဲ ဝင်လာတော့ ဆရာက တကုတ်ကုတ်နဲ့ လက်ထဲက ပလာယာလေး တစ်ချောင်းနဲ့ သံနန်းကြိုးခွေလေးတွေကို အဝိုင်းလေးတွေ ဖြစ်အောင် လုံးနေခဲ့သည်။ ကျွန်တော်တို့ကို မမြင်သေး။

“ ဆရာ ”

ကျွန်တော်နဲ့ ခတ္တာလှိုင် ရဲ့ ပြိုင်တူခေါ်သံ။ တွန့်ခနဲ ဆရာ တုန်သွား၏။ သြော် . . အရင်က ရဲရင့်လှပါတယ် ဆိုတဲ့ ဆရာ ၊ လက်မတွန့်ခဲ့တဲ့ ဆရာ ၊ လက်သံပြောင်ခဲ့တဲ့ ဆရာ ၊ အခုတော့ . . . . .

“ ဟေ . . . ဘယ်သူလဲ။ ”

လက်ထဲက ပလာယာလေးကို ချပြီး မော်ကြည့်၏။ မျက်လုံးလေးကို နှစ်ခါ ၊ သုံးခါ ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးမှ . . .

“ သြော် . . . မောင်ဇော် တို့ကိုး ။ လာ . . . ထိုင်။ ”

“ ဟုတ်ကဲ့ . . ဆရာ။ ဆရာက ကျွန်တော့်ကို မှတ်မိသားပဲ။ ”

“ သြော် . . မှတ်မိတာပေါ့ကွာ။ အ. ထ . က ( ၃ ) မှာ မောင်ဇော့်ကို မသိတဲ့ သူ ရှိလို့လား။ ဂျစ်ကန်ကန်လေးကို . . ဟား ဟား ဟား ”

ဟိုးအရင်ကသာ ကျွန်တော့်ကို ဒီလို ပြောခဲ့ရင် ကျွန်တော် ဘယ်လိုမှ သည်းခံမိလိမ့်မည် မဟုတ်။ အခုကျတော့ ဒေါသ မထွက်မိတဲ့ အပြင် ဆရာ့ရယ်သံ ခြောက်ကပ်ကပ်ကြီးကိုပါ နားထဲက မထွက်။ ဆရာ ဒီလို မရယ်ဖြစ်တာ အတော်ကြာခဲ့ဟန် တူသည်။

“ ဆရာ့ဆီကို ကျွန်တော်တို့ လာလည်တာ ဆရာ။ ”

“ အေး. . . . . ”

အေး ဆိုပြီးမှ ကျွန်တော့် ဘေးက ခတ္တာလှိုင် ကို ဆရာက သေချာကြည့်ပြီး. . .

“ သူက ဘယ်သူလဲ။ မင်း အိမ်ထောင် ကျနေပြီလား။ ”

“ အာ . . ဆရာကလဲ။ သူက ကျွန်တော့်သူငယ်ချင်းပါ။ သူကို့ဆရာ မမှတ်မိဘူးလား။ သူက............”

ဒီအချိန်မှာ ကျွန်တော့်ကို ခတ္တာလှိုင်က လက်ကုတ်သည်။ ဆရာနဲ့ ခတ္တာလှိုင် တွေ့ဆုံမှုက တစ်ကြိမ် တစ်ခါတည်းကိုး။ ကျွန်တော်သာ “ ရွာဇော် ” ဆိုတော့ ဆရာနဲ့ ကြိမ်ဖန်ပေါင်းများစွာ တွေ့ဆုံဖူးလို့ ဆရာ မှတ်မိနေတာ။

“ ဒါဆို သူက ဘယ်သူလဲ။ ”

“ သူက . . . သူက . . . ဆရာ . .။ ”

“ ဆရာ . . သမီးက ကိုဇော် တို့ နဲ့ တတန်းထဲပဲလေ။ အခု ဆရာ့ဆီ သွားမယ် ဆိုလို့ လိုက်လာတာ ၊ ဆရာ နေကောင်းတယ် မလား။ ”

“ ကောင်းပါတယ် သမီးရယ်။ ဆရာ ကားတိုက်မှု ဖြစ်လို့ ကျောင်းက အငြိမ်းစားယူပြီး ခြောက်နှစ် အတွင်းမှာ ဆရာ့ဆီ လာလည်တယ် ဆိုတဲ့ ပထမဦးဆုံး တပည့်က မင်းတို့ နှစ်ယောက်ပဲဟေ့။ ဆရာကလည်း မေတ္တာခေါင်းပါး ခဲ့တာကိုး။ ဒီတော့ ဆရာဆီ လာလည်မဲ့သူလည်း မရှိဘူးပေါ့။ ”

“ ဒါထက် ဆရာ အခု ဘာလုပ်နေတာလဲ ဆရာ။ ”

မိန်းကလေး ပီပီ ခတ္တာလှိုင်က မိန်းမဥာဏ်နဲ့ စကား လမ်းကြောင်း လွှဲ၏။

“ ဒါလား။ ဒါက ကားထဲမှာ သုံးတယ် လို့တော့ ပြောတာပဲ။ အခုလို ကျတော့ ဆရာက ဘာမှ သေချာ မလုပ်နိုင်တော့ဘူးလေ။ ဒါကြောင့် ဆရာလုပ်နိုင်တဲ့ အလုပ်လေးဆိုတာ ဒါပဲ ရှိတော့တယ်လေ။ ဒီသံကြိုးလေးတွေကို ဒီလို လုပ်ပြီး လက်ခစားနဲ့ ကားပစ္စည်းဆိုင်ကို ပြန်သွင်းရတာပေါ့။ ”

“ သြော်. . . ဒီလို အဝိုင်းလေးတွေလုပ်ရတာလား။ ”

“ အဝိုင်းမဟုတ်ဘူးကွ ၊  “ အလုံး . . .အလုံး ” ။ ဒီအလုံးလေးတွေကို သူတို့ အံလေးထဲ ထည့်ရတာလေ။ အင်း . . အလုံး ဆိုတော့ ဆရာ မင်းတို့ အခန်းမှာ “ အလုံး . . အလုံး ” ကိစ္စ နဲ့ ပြဿနာ တတ်တာကို မှတ်မိနေသေးတယ်။

အဲဒီတုန်းက ဆရာ့ကို သေချာကြည့်ပြီး “ သမီး အားလုံး လို့ပဲ ကြားတယ် ဆရာ။ ” လို့ ပြောရဲတဲ့ တပည့်မလေး တစ်ယောက်ရဲ့ “ သတ္တိရှိမှု နဲ့ အမှန်တရားကို ပြောရဲမှု ” ကို ဆရာ အခု အထိ သတိရနေတုန်းပဲ။ အခုလို ဒီ အလုံးလေးတွေ လုပ်နေရင်း ခဏခဏလည်း ပြန်ပြန် သတိရတယ်။ ဒီတပည့်မလေးကို ဆရာ သေချာ မမှတ်မိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အကြည့်တွေကိုတော့ ဆရာအမြဲ အမှတ်ရနေမှာပါ။ ”

ကျွန်တော်တို့ နှစ်ယောက်လည်း အရှိုက်ထိသွားသလို ဘာမှ မပြောဖြစ်တော့ပါ။ ခဏနေတော့ ကျွန်တော်နဲ့ ခတ္တာလှိုင် ဆရာ့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။ ကျွန်တော်တို့ကို သူနေတဲ့ အခန်းထိပ်ကို ရောက်အောင် ပြန်လိုက်ပို့ဖို့ ဆရာ ထလိုက်တော့ ဆရာ ခြေထောက်တွေက ပုံမှန်မဟုတ်။ ချိုင်းထောက် မလိုပေမဲ့ ထော့နင်းစွာ ၊ ချိနဲ့လျက်။

မတ်တပ်ထလာတဲ့ ဆရာ့ကို ကျွန်တော် တွဲလိုက်တော့ ဆရာက ကျွန်တော့်လက်ကို ကိုင်လိုက်၏။ ဆရာ့လက်တွေက အရင်လို မဟုတ်။ ဆရာ့လက်တွေ . . . . . . . . . . . . ။ အရင်က ကြိမ်လုံးကို တရွှမ်းရွှမ်း ကိုင်ခဲ့တဲ့ ဆရာ့လက်တွေက အခုတော့ ပလာယာ နဲ့ သံကြိုး စားထားလို့ အသားမာတွေနဲ့။

ကျွန်တော်တို့ လမ်းလျှောက် ပြန်လာတော့ ညနေခင်းက မလှမပပဲ တိမ်တွေနဲ့ မိုးထားသည်။ ကျွန်တော်နဲ့ ခတ္တာလှိုင် ရင်ထဲမှာ ပိုပြီးတော့ မဲမှောင်နေ၏။ လူတစ်ယောက်ရဲ့ ကံကြမ္မာကလည်း ဒီလို ပြောင်းလဲ စေတတ်သလား။

အောင်မြင်မှု ဆိုတာ ဘာလဲ။

ထိပ်တန်းရောက်နေမှု ဆိုတာ ဘာလဲ။

မာန် ၊ မာန တွေ ဆိုတာ ဘာလဲ။

ကျော်ကြားမှု ဆိုတာ ဘာလဲ။

ငါ ဆိုတဲ့ အတ္တ ဆိုတာ ဘာလဲ။

တိတ်ဆိတ်မှုက ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကြားမှာ ကြီးစိုးနေခဲ့သည်။ ပူဖောင်းလေး ပေါက်ကွဲမှုတောင်မှ ဒီအချိန်မှာ ကျယ်လောင်လွန်းလှပါမည်။ တလောကလုံး တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်တဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ပဲ ရှိနေသလိုလို။ ကျန်တာတွေ ကျွန်တော်တို့ သတိမထားမိ ၊ မမြင်မိတော့။

“ ငါတို့ တင်ပါးမှာ ဆရာရိုက်ခဲ့တဲ့ အရှိုးရာတွေ ရှိချင်ရှိနေဦးမယ် ၊ ရှိချင်မှလည်း ရှိတော့မယ်။ ဒါပေမဲ့  . . . ”

ခတ္တာလှိုင်က တိတ်ဆိတ်မှုကို ဒီစကားနဲ့ ဖောက်ခွဲလိုက်၏။ သူပဲ ဆက်ပြောသည်။

“ ဒါပေမဲ့ ဆရာ့ နှလုံးသားထဲမှာတော့ သူများ သားသမီး ၊ ကျောင်းသား ကျောင်းသူတွေကို ငါ ရိုက်ခဲ့မိပါလား ဆိုတဲ့ နောင်တ အရှိုးတွေကတော့ တစ်သက်လုံး ထင်ကျန် သွားတော့မှာပဲ။ ”

“ ဟုတ်တယ်။ ခုနက ဆရာ့ကို သေချာကြည့်ပြီး “ သမီး အားလုံးပဲ ကြားတယ်။ ” လို့ ပြောသူက နင်သာ ဆိုရင် ဆရာ ဘယ်လိုများနေမလဲ။ ”

“ အင်း . . . ဆရာ တော်တော် အနေရ ခက်မှာပေါ့ဟာ။ ဒါကြောင့် နင့်ကို ငါ လက်ကုတ်လိုက်တာ။ တချို့ဟာတွေက အမှန်တရားပေမဲ့ မသိစေချင်တာ မသိတာပဲ ကောင်းပါတယ် ဟာ။ ”

“ အေးလေ ဒီလိုပဲ ကောင်းပါတယ်။ ”

“ ဆရာလည်း မာန်ကျပြီး နောင်တ ရဲ့ ဒဏ်တွေကို ကောင်းကောင်းခံစားနေရပြီ ထင်တယ်။ ဒါကြောင့် ငါ ပြောတာ “ မကောင်းမှု တစ်ခု ပြုတယ် ဆိုရင် အမှန်တရားပေမဲ့ မှန်ရဲ့သားနဲ့ ခံစားလိုက်ရသူဟာ ကောင်းကောင်းအိပ်ပျော်ပေမဲ့ ၊ မမှန်တာကို အတင်းအကြပ် အမှားမှန်း သိလျှက်လုပ်မိသူက သူ့လိပ်ပြာ သူ့ဖာသာ ပြန်ခြောက်ခံရပြီး ဘယ်တော့မှ ကောင်းကောင်း မအိပ်ရဘူး သူငယ်ချင်း။ ”

“ ဟုတ်ပါတယ် ၊ ခံရတယ် ဆိုပေမဲ့ အမှားလုပ်သူ လောက်တော့ လိပ်ပြာ မလုံစရာ မရှိပါဘူး။ ဒါနဲ့ ဆရာ တစ်နေ့တစ်နေ့ ဒီသံကြိုးလေးတွေနဲ့ “ အလုံး . . အလုံး ” လေးတွေ လုပ်နေတာ တစ်နေ့ ဘယ်လောက် ရမှာလဲဟာ။ ဆရာလောက်ပါ့မလား။ ”

“ ကိုဇော် ”


“ ဟေ . . . ဘာလဲ။ ”

အလန့်တကြားသူက ခေါ်လို့ ကျွန်တော်ကလည်း အလန့်တကြား ထူးလိုက်တော့ ၊ ခတ္တာလှိုင် ကျွန်တော့်ကို သေချာကြည့်ပြီး ပြောသည်။

“ ငါ . . . ၊
ငါတို့ အခု အချိန်ကစပြီး  “ အလုံး . . အလုံး ” ဆိုတဲ့ စကားကို မပြောကြေးဟာ။ ဒီစကား အစား “ အဝိုင်း . . အဝိုင်း ” လေးလို့ ပြောင်းပြောကြမယ်။ ဆရာ အခု လုပ်နေတာ “ အဝိုင်း . . အဝိုင်း ”  လေးတွေပါဟာ။ ”





မှတ်ချက်။ ။ “ သူငယ်ချင်း တစ်ယောက် အကြောင်း ( ၃ ) ” အနေနဲ့ ရေးဖို့ ပြင်ဆင်ထားပြီးမှ ပိုပြည့်စုံအောင် ဝတ္ထု အနေနဲ့ပဲ ရေးလိုက်ပါတယ်။ တင်ပြပုံ ပြင်ဆင်ထားတာကလွဲပြီး
တကယ့် ဖြစ်ရပ်တစ်ခုပါ။ 

လေးစားစွာဖြင့်
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

22 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကောင်းလိုက်တာ.. ဖတ်ရင်းနဲ့ ဒေါသထွက်ရတယ်.. ပြီးခါနီးကျတော့ ဆရာကို ဂရုဏာဖြစ်ရပြန်ရော.. သံဝေဂ ရဖို့လဲကောင်းပါတယ်.. ဒီလိုဆရာမျိုးကိုတွေ့ခဲ့ဖူးပါတယ်.. နောက်ဆုံးတော့ သူ့စေတနာ အတိုင်းပါဘဲ..

ဖိုးမောင်(happycloud) said...

ကိုဇော်ရေ... တကယ့်အဖြစ်အပျက်တွေက စိတ်ကူးတွေထက် ဆန်းကျယ်တယ်ဗျာ... အဲလိုအဖြစ်တွေနှင့်တူတာတွေ ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတာတွေ အများကြီးနော်... အချိန်မကျသေးလို့ ဆိုတဲ့စကားနဲ့ စောင့်နေရတဲ့သူတွေရဲ့ ဒုကခကမသေးလှဘူးဗျာ.... ရင်တွေ နှလုံးတွေ နာအောင် သည်းခံ စောင့်စားကြရတာပါ... အလှည့်ဆိုတာ ရောက်ချိန်မှာတော့....
.....
ကိုဇော်ရေ အရေးကောင်းတာလေး တွေအပြင်... လောကသဘာဝ ... အတွေးအမြင်တွေ... နှင့် မဟုတ်မခံတတ်တဲ့ အမှန်တရားချစ်မြတ်နိုးတတ်တဲ့ စိတ်တွေကို လေးစားမိပါတယ်....

လေးစားစွာဖြင့်

ဖိုးမောင်

မြသွေးနီ said...

ကိုဇော်ရေ..ကျွန်မရဲ့ပတ်ဝန်းကျင်မှာလည်း ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ မျက်မြင်ကြုံတွေ့ဘူးတယ်။ အားလုံးကို အချိန်က အဆုံးဖြတ်ပေးသွားတာပါဘဲ။ အချိန်တန်တော့ ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံပြန်လာတာ ပါဘဲနော်။

မြသွေးနီ

Unknown said...

သံသရာ ဆိုတာ အမြဲလည်နေတာဆိုတော့ဟာ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကို မရောက်မချင်း ဒို့တွေ ဘာဘဲလုပ်လုပ် စိတ်ကောင်းရှိဖို့ ပထမ ဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရမိသလို စိတ်ကောင်းမရှိတဲ့ သူတွေနဲ့ ကြုံရပြန်တော့လဲ ပုထုဇဉ်ပီပီ ဒေါသထွက်ရတယ်.. ဒီဒေါသကဘဲ သံသရာက မလွတ်နိုင်အောင် ဆွဲနှစ်ထားပြန်ရော.. အဲဒါကြောင့် စိတ်ကောင်းမရှိတဲ့သူတွေနဲ့ ဆုံရင် ဒီဝတ္ထုလေးထဲကလိုဘဲ သူ့ ကံကြမ္မာကို သူဖန်တီးသွား ပါလိမ့်မယ်လို့ တွေးပြီး ဒေါသမထွက်မိအောင် ကြိုးစားရအုံးမယ်...

မောင်မောင် said...

ကိုဇော်ပြောပြတဲ့ ဆရာ တစ်ယောက်လို ကျွန်တော် တို့ လဲ ကြုံခဲ့ ဖူးပါတယ်။ ဆရာက တပ်က တပ်ကြပ်ကြီး
တစ်ယောက်ပဲဗျ။ အခုတော့လဲ သတင်း မကြားတော့
သလိုပဲ ဘယ်မှာမှန်းမသိတော့ပါဘူး။
ဆရာ က တော့ အဲဒီ အချိန်က ဘယ်လောက်နာမယ်ကြီးလဲ ဆိုယင် အောင်ဖေညောင်း
လို့ တောင် နာမယ်တပ်ခဲ့ ရတဲ့  ဆရာဦးအောင်ဖေ တဲ့ ဗျာ။
အတ္တမာန တွေ နဲ့  ငယ်ရွယ်နုနယ်တဲ့ ကလေး တွေ ကို အရွယ်နဲ့ မမျှ တဲ့ ကြိမ်နဲ့ ရိုက်ပြီး ဒေါသချောင်းချောင်းထွက်ပြီး ၇ိုက်တာမျိုး ကိုအင်မတန်ရွံမုန်း ခဲ့ ပါတယ်။
အင်း နောက်ဆုံးတော့ လဲ အတ္တမာနတွေ လဲပြိုချိန်မှာ တန်ပြန်ခံစားကြရတာဟာဖြင့် လောက
ရဲ့ ဓမ္မတာ တစ်ခုပါပဲ။

ခင်မင်တဲ့
မောင်မောင်

ကိုဇော် said...

အခု တလော ဘယ်လိုတွေ ဖြစ်နေလဲ မသိဘူးဗျာ။
သူများ မန့်ထားတာတွေ အလိုလို ပျက်သွား ၊ ပျောက်သွားတယ်။ အခုလည်း ကိုမောင်မောင် လာမန့်ထားတာ ပျောက်သွားလို့ ပြန်တင်ပေးလိုက်ပါတယ်။

နောက်လူတွေ မန့်တာတွေတော့ မပျောက်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။ အားနာလို့ပါ။

ကိုဇော် said...

မောင်မောင် has left a new comment on your post "အလုံး . . . အလုံး":

ကိုဇော်ပြောပြတဲ့ ဆရာ တစ်ယောက်လို ကျွန်တော် တို့ လဲ ကြုံခဲ့ ဖူးပါတယ်။ ဆရာက တပ်က တပ်ကြပ်ကြီး
တစ်ယောက်ပဲဗျ။ အခုတော့လဲ သတင်း မကြားတော့
သလိုပဲ ဘယ်မှာမှန်းမသိတော့ပါဘူး။
ဆရာ က တော့ အဲဒီ အချိန်က ဘယ်လောက်နာမယ်ကြီးလဲ ဆိုယင် အောင်ဖေညောင်း
လို့ တောင် နာမယ်တပ်ခဲ့ ရတဲ့  ဆရာဦးအောင်ဖေ တဲ့ ဗျာ။
အတ္တမာန တွေ နဲ့  ငယ်ရွယ်နုနယ်တဲ့ ကလေး တွေ ကို အရွယ်နဲ့ မမျှ တဲ့ ကြိမ်နဲ့ ရိုက်ပြီး ဒေါသချောင်းချောင်းထွက်ပြီး ၇ိုက်တာမျိုး ကိုအင်မတန်ရွံမုန်း ခဲ့ ပါတယ်။
အင်း နောက်ဆုံးတော့ လဲ အတ္တမာနတွေ လဲပြိုချိန်မှာ တန်ပြန်ခံစားကြရတာဟာဖြင့် လောက
ရဲ့ ဓမ္မတာ တစ်ခုပါပဲ။

ခင်မင်တဲ့
မောင်မောင်

ကိုအောင် said...

ဟုတ်ပါ့ဗျာ၊ ကိုယ်ပြုတဲ့ကံ ကိုယ်ထံလာဆိုတာမျိုးလား၊
ကိုဇော် တင်ပြထားပုံက ကောင်းပါတယ်။

လသာည said...

အဲလို ဆရာ (အဲလိုလူမျိုး)ကို တွေ့ဖူးတယ်။ ဆရာပဲ ဖြစ်ဖြစ်၊ ရုံးဌာနက လူကြီးပဲဖြစ်ဖြစ် ငါသာမှန်တယ်လို့ တသမှတ် စွဲမှတ်ထားတဲ့သူတွေကိုတော့ ဘ၀မှာ မတွေ့ချင်ဆုံးလူတွေပါပဲ..

ဖတ်လို့ကောင်းတယ်။

မြစ်ကျိုးအင်း said...

အငြိုးကြီးတယ်ပဲ ပြောပြော တသက်လုံး နောင်တ တွေနဲ့ တမြေ့မြေ့ ဖြစ်နေတာကို ပိုသဘောကျတယ်။
ဆရာပေမယ့် မူရင်းစေတနာ မမှန်ဘဲ ပြုမူဆက်ဆံတာကို ဘယ်ကျောင်းသား မဆို အငြိုးအတေး ဖြစ်မိမှာပဲ။

ခိုင်နုငယ် said...

ခင်ပွန်းကြီးဆယ်ပါး..မပြစ်မှားကောင်းဘူး
ဆိုပေမယ့်..ဆရာလုပ်သူစေတနာနည်းမမှန်ရင်..
သူရဲ့လဒ်တွေကလည်းတစ်သက်လုံးအတွက်ပြင်ဆင်ခွင့်
မရှိတဲ့နောင်တတွေရနေမှာပါပဲ။
"အမှန်တရားကို...ချစ်သောသိက္ခာ"
အမှန်တရားကိုချစ်မြတ်နိုးတတ်ဖို့ဒီပိုစ့်လေးက
အားတစ်ခုဖြစ်စေတယ်။
ချပြထားတဲ့အချက်လေးတွေကိုအကုန်လုံးနီးပါးကြိုက်တယ်။
ကိုယ်တိုင်လည်းအမှန်တရားကိုမြတ်နိုးမိလို့....
ဂွတ်ပိုစ့်...........

Nothing! said...

ရေးထားတဲ့စကားလုံးတိုင်းမှာ
လေးနက်တဲ့ခံစားမူ့ တွေပေါ်လွင်နေအောင်
ကိုဇော်ကရေးနိုင်စွမ်းတာအရမ်းပဲချီးကျူးမိတယ်...

မြန်မာပြည်မှာယခုလက်ရှိတပည့်တွေကိုရိုက်နှက်နေတဲ့
ဆရာတွေကို ဒီ Post လေးဖတ်စေချင်တယ်...
တပည့်တွေရဲ့ ရင်ထဲမှာဘယ်လိုခံစားချက်တွေရှိနေသလဲ
သူတို့ ကိုသိစေချင်တယ်...နောက်တခုက
ဆရာဆိုတာ အနန္တဂိုဏ်းဝင်ပါ..သူတပါးက
မုန်းရလောက်အောင်သူတို့ လုပ်သင့်သလား...
စဉ်းစားရမယ့်အချက်တွေအများကြီးရှိနေပါတယ်...။

အတ္တတခုကိုရှေ့ တန်းတင်လိုက်တာနဲ့ 
ဆရာနဲ့ တပည့်ကြားကဆက်ဆံရေးဟာ
ဘယ်အခြေအနေအထိပြောင်းလဲသွားနိုင်သလဲဆိုတာ
သင်ခန်းစာယူတတ်ရင်တော့အများကြီးပါ...။

လေးစားပါတယ်ကိုဇော်ရေ...
ဒီလို post မျိုးကိုဖတ်ရတာသိပ်တန်ဘိုးရှိပါတယ်။

Han Kyi said...

အေးဗျာ...တကယ်တော့ လောကကြီးမှာ အမှန်တရားဆိုတာ အမြဲတမ်းအနိုင်ရစမြဲပါ။ တစ်ခုတော့ရှိတာပေါ့...
God sees the truth, but wait...တဲ့..အင်း...စောင့်နေရင်းနဲ့ သက်တန်းစေ့သွားရင်တော့....

နေ၀သန် said...

ဖတ်လို့အတော်ကောင်းတယ် ကိုဇော်ရေ..... တကယ့်လက်တွေ့မှာ ခံစားခဲ့ရတဲ့ အဖြစ်လေးကို စကားလုံးတွေနဲ့ပုံဖော်ပြသွားတာ ချီးကျူးပါတယ်..... နေ၀င်ချိန်နဲ့ ဆည်းဆာချိန်ကို မမြင်ချင်ဘူးဗျာ... အားလုံးအမြဲ မွန်းတည့်နေနိုင်ပါစေ...


ခင်မင်တဲ့
နေ၀သန်

Anonymous said...

အင်း ဖတ်သွားတယ် ကိုဇော်

ဆရာ ဖြစ်ပြီး ဆရာတယောက် စိတ်ဓါတ်မရှိတဲ့ ဆရာဘဲ ဒါပေမဲ့ အဲဒီခေတ်ကလည်း လစာနဲနဲ နဲ့ ဆရာတွေ ဒုက္ခရောက် အဆင်မပြေတော့ ကျောင်းသားတွေ ကို ထွက်ပေါက် ရှာတယ်ထင်ပါတယ်..

မတရားမှု့မှန်သမျှ ဘယ်တော့မှ မကောင်းပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

ခတ္တာလှိုင် ရဲ့ စိတ်ဓါဆ်ကိုလေးစားမိပါတယ်၊ ဆရာကြီးကတော့ တစ်ခုခုမှားယွင်းနေသလိုပါပဲ၊
ကလေးတုန်းကပေမဲ့ တစ်ချို့ဟာတွေက စိတ်ထဲစွဲနေတုန်းပါပဲ။

ညလင်းအိမ် said...

တကယ့်ကို ဖတ်လို့ကောင်းတယ် .. ဖတ်တုန်းက သာမာန်လောက်ပဲ တွေးထင်ခဲ့တာ .... ဖတ်ရင်းနဲ့ စိတ်ဝင်စားသွားမိတယ် ...

တချို့စကားလုံးတွေဆို အရမ်းကောင်းတယ် ...

ခင်တဲ့
ညလင်းအိမ်

Anonymous said...

ကိုဇော်ရေ

အမြဲလာဖတ်ပေမဲ့ ကော်မန့်မချန်ဖြစ်ဖူး။
ဒီစာလေးဖတ်ပြီးတော့ မရေးဘဲမနေနိုင်တော့ဘူး။
ထူးထူးခြားခြားတော့မဟုတ်ပါဘူး (အရမ်းကောင်းတဲ့စာလေးအတွက် ကျေးဇူးတင်ပါတယ်) လို့ဘဲ ပြောချင်တာပါ။ ကိုယ့်ကိုယ်ကိုယ် အတန်းထဲက ကျောင်းသားတယောက်အနေနဲ့ ခံစားကြည့်မိတယ်။ ဒါပေမဲ့ အခုကိုယ်က အဲဒီအသက်အရွယ်နဲ့ ကျောင်းသားမဟုတ်တော့လို့ အဖြေကိုကိုယ် disqualify လုပ်လိုက်မိပါတယ်.....

ကိုဇော်နဲ့ ခတ္တာလှိုင်ကို လေးစားပါတယ်။

မိုးစက်ပွင့်

Anonymous said...

ဆွဲဆန့်နိုင်ပါပေတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ဒီပို့စ်စတင်တဲ့နေ့ကတည်းက မန့်လိုက်ပီထင်တာ... ခု ပြန်ကြည့်တော့ မမန့်ရသေးဘူး...

ပူးတေက ၁၀တန်းနှစ်မှာ ဘောဂဗေဒဆရာ(ကျောင်းသူတွေကို နဲနဲဘူးတယ်)။ ပူးတေတို့က အဲဒီအချိန်တုန်းက ငပိန်ညောင်လေးတေါလေ...လူကြီး မဖြစ်သေးပေမယ့် ကလေးလဲ မဟုတ်တော့လို့ သူဘူးနေတာသိရင် သူဘူးနေတဲ့ အစ်မကြီးတွေကို ပူးတေတို့က လိုက်ပြီး ကာဗာလုပ်တော့ သူက ပူးတေတို့ကို မဲတာလေ... သူ့ကို အရှက်ခွဲလို့တဲ့...

သူ့ကို မုန်းလို့ သူသင်ရမယ့် အချိန်လဲ မတက်ပဲနဲ့ သူ့ရှေ့မှာတင် ပူးတေတို့ ကြိမ်းခဲ့ကြတယ်... ၁၀တန်းကို ဘောဂဗေဒတလုံးမှ မဖြေပဲနဲ့ အောင်စေရမယ်လို့...တခြားဘာသာတွေက ဂုဏ်ထူးမှန်းနိုင်ပေမယ့် ဒီဟာက ၃၃မှတ်ဖိုးမဖြေရင် ကျန်တဲ့ ၂ ဘာသာထဲနဲ့ ဘယ်လို ဂုဏ်ထူးရမလဲနော်..တကယ်လဲ စာမေးပွဲမှာ နှစ်စတုန်းက ကျက်ထားတဲ့ ဝယ်လိုအား ရောင်းလိုအားတို့ ကိုယ်ရထားပြီးသားတွေ ပါတာတောင် မဖြေခဲ့ဘူး ငယ်ငယ်တုန်းက မာန်မာနက ပညာကလဲ မပြည့်စုံသေးတော့ အဲဒီ မာနကို ခဝါချလို့ မရခဲ့သေးဘူး။

ခုတခေါက် ပြန်သွားတော့ အဲဒီဆရာကို တွေ့ရတာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတာ... ခုခေတ်က ဝိဇ္ဇာတွဲကို မယူကြတော့ ပထယီ သမိုင်း ဘောဂဆရာတွေ အလုပ်မဖြစ်တဲ့ခေတ်လေ... သူ့စေတနာနဲ့သူပါပဲနော်...

ဝက်ဝံလေး said...

များတို့ ငယ်ငယ်ကလဲ အဲလို ဆရာမမျိုးရှိတယ် ဒါပေမယ့် ရိုက်ခံထိကြည့်ပါ့လား မီးပွင့်သွားမယ် ဘာမှတ်လဲ တိုင်ပလိုက်လို့ ဆရာမ အလုပ်ပြုတ်သွားမယ် ဒါမျိုးတွေ သိလို့လဲ ဆရာမက များတို့အတန်းကိုမသင်ဘူး သူအပိုင်စားရတာ အောက်က အခန်းတွေပဲ များ တို့အတန်းက ဇာတ်ဇာတ်ကြဲအတန်းကိုး ဟဲဟဲ

ဒါပေသိ များတို့က မဟုတ်တာကိုတော့ ဟုတ်တယ်မပြောတတ်ဖူးရယ်

ပထမ အစတော့ ဆရာ့ကို စိတ်တိုပါတယ် ဒါပေမယ့် နောက်ပိုင်းကျတော့လဲ မျက်ရည်ဝဲမိတယ် သနားလိုက်တာ သူ့ကို

မင်းညို (0ZZY WIN) said...

ကိုဇော်ကို ဒီစာလေး ဖတ်ပြီး အတော်လေးစားမိသလိုကိုယ်ချင်းလည်းစာမိပါတယ်... လေးစားတာက နှစ်ချက်ပါ.... တစ်ချက်က.. ဒီလို ၀တ်ထုလေးကို ရေးနိုင်တဲ့ စွမ်းအင်ကို ပါ... ကျွန်တော်က သိပ်စာရေးချင်ပါတယ်.. ဒါပေမယ့် ပျင်းတယ်ဗျ.. ဒါကြောင့် စာတကယ်ရေးတဲ့လူတွေကို သိပ်လေးစားရပါတယ်.. နောက်တစ်ချက်ကတော့ ဆရာ့ဆီ ပြန်သွားတယ်ဆိုတဲ့အချက်.. ကျွန်တော်ဆို .. ရှက်ရှက်နဲ့ပဲဝန်ခံပါတယ်.. ပြန်သွားမှာ မဟုတ်ပါဘူး... တကယ်ပါ... နောက်ကို ဇော့်သူငယ်ချင်းမလေးကို လည်း အထူးလေးစားမိပြန်ပါတယ်.. တွေးနိုင်လိုက်တဲ့အတွေးလေးတွေဗျာ... ပန်းတွေသာဖြစ်ရင်သီကုန်းပြီး လူတိုင်း လည်မှာ ဆွဲထားဖို့ ကောင်းတယ်......
ကျွန်တော်ငယ်ငယ်ကလည်း ဒီလို ခဏခဏအရိုက်ခံရတတ်တယ်.... ပက်ကနဲ့ပြန်ပြောတတ်တဲ့ အကျင့်ကဖျောက်လို့မရဘူးဗျ... တစ်ခါတော့...
ကျွန်တော်ဆယ်တန်းမှာ... သချာင်္ သင်တဲ့ ဆရာမက...ရို နဲ့ ပီကို မခွဲတတ်ဘူးဗျ.. ရို ကို .. ပီလို့ပဲပြောနေတယ်.. ကျွန်တော်တို့ က ရိုဖြစ်ကြောင်းပြောတော့.... သူက သူ့ကို အမှားထောက်ပါတယ်ဆိုပြီး.. ရိုက်တယ်... လေးယောက်ပေါ့လေ.. ရိုက်တယ်.. ကျွန်တော်အဲဒီ ဆရာမကို နာလို့ မဆုံးဘူး.. ... ဒါကြောင့် ခုချိန်ထိ.. ဆရာကန်တော့ပွဲသွားတိုင်း.. ဆရာမကို တွေ့ရင်.. ခပ်တည်တည်ပဲဆက်ဆံတယ်... တစ်ခါသားတော့ စကားပြောဖြစ်တယ်ဗျ...သူကတော့ ခပ်မာမာပါပဲ... ခုဆို အထက်တန်းပြထဲမှာ.. ကျေုာင်းအုပ်က သူ့ကို နေရာအတော်ပေးနေပြီကိုး.... ကျူရှင်တွေလည်း ပြတော့ အတော်ထောနေတာပေါ့လေ... ကျွန်တော်နဲ့စကားပြောတော့ တစ်ခွန်းတော့ ထည့်လိုက်ပါသေးတယ်... တီချယ်...ရိုနဲ့ ပီကောခွဲတတ်ပလားလို့.....သူမျက်နှာအတော်ရဲသွားတယ်ဗျ...ပြီးတော့ ဒေါသတကြီးလှည့်ထွက်သွားတော့တာပဲ... ကို့ဇော်ဆရာက ကံကောင်းပါတယ်... ဘ၀နာသွားတော့ အမှန်ကိုနားလည်ပြီး.... စိတ်ကို ပြင်နိုင်လာတယ်.. .. ကျွန်တော်တို့ ဆရာမကတော့... ခုထိ အဆင်တွေပြေနေတော့ ငါတကောကောတုန်းပဲဗျာ.....ဒီနေရာမှာ ကျွန်တော့်ဘက်ကမှားတာတစ်ခုကတော့ ကိုဇော့်လို သဘောထားမကြီးနိုင်တာပါပဲ.... ကျွန်တော်ကြိုးစားပြင်ကြည့်ပါဦးမယ်...... နာတာတော့ နာနေတုန်းပဲဗျာ... အခု လူလတ်ပိုင်းထဲရောက်တဲ့ထိတောင် အဲဒိအဖြစ်အပျက်ကလေးက.. စိတ်ထဲစွဲနေတုန်းပဲ... လေးစားပါတယ်ကိုဇော်... စာပေနဲ့ဘ၀ကို တည်ဆောက်သူမို့ ပိုလေးစားပါတယ်... ကြိုးစားပါ... ကျွန်တော်ကတော့ တကယ်ကို လေးစားစွာအားပေးနေဦးမှာပါ ဗျာ....