မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 July 2010

19 အွန်လိုင်း အက်ဆေး ( ၃ )



ဒီပို့စ် မရေးခင် ကျွန်တော် အရင်ဆုံး ပြောထားချင်တာလေး တစ်ခုရှိပါသည်။ ဒါကို သေချာစွာ ဖတ်သင့်ပါသည်။

“ တကယ်တော့ လူတွေ အားလုံးဟာ သာမာန်အားဖြင့် ကောင်းကြပါသည်။ သို့သော် အခြေအနေ တစ်ရပ်ကို ဖြတ်သန်းခံရသော အခါမှာတော့ လူတချို့ဟာ ပြောင်းလဲသွားတတ် ကြပါသည်။ ”

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

“ အချစ်ရဲ့ အစ ဘဝက လူရည်မလည် ” လို့ သီချင်းတစ်ပုဒ်မှာ ကြားဖူးခဲ့ပါသည်။ သို့သော် ယခု ကျွန်တော်ရဲ့ အဖြစ်အပျက်များကိုတော့ “ အွန်လိုင်းရဲ့ အစ ဘဝက လူရည်မလည် ” လို့သာ ဆိုချင် မိပါတော့သည်။ အူကြောင်ကျား ကျလှတဲ့ ကျွန်တော်ရဲ့ အဖြစ်အပျက်လေးတွေကို ပြောပြချင်သည်။ သိပ်တော့ သာယာလှသည် မဟုတ်ပါ။

အင်တာနက် ဆိုတာကို ကျွန်တော် စစ အသုံးပြုရခြင်း အကြောင်းတရားမှာ ဈေးကြီးလှသော ဖုန်းခေါ်ခကို သက်သာစေဖို့ ဆိုသော အချက်ကိုသာ ဦးတည်စေခဲ့ပါသည်။ Gtalk မှ မိသားစုနဲ့ ချိန်းပြီး ပြောခြင်းဖြင့် ဖုန်းပြောခထက် များစွာ ကုန်ကျစရိတ် သက်သာမည် ဆိုသော ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပါသည်။ နောက်တစ်ခုကတော့ VZO ကဲ့သို့သော အကူအညီဖြင့် မျက်နှာပါ မြင်ရပြီး ပြောလို့ရခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော့်မှာ အင်တာနက် တပ်ဖို့ မပြောနဲ့ ကွန်ပျူတာတောင်မှ မရှိသေးပါ။ ထို့ကြောင့် တစ်နာရီ 3 RM နဲ့ ဆိုင်မှာ သွားသုံးခဲ့ရပါသည်။ ထိုဆိုင်များမှာ တရုတ်ဂိမ်းဆိုင်များ ဖြစ်သောကြောင့် မြန်မာလို ဖတ်မရပါ။ လေးထောင့်တုံးလေးတွေနဲ့ ပြည့်နေတဲ့ စာမျက်နှာဟာ မြန်မာစာ ဆိုပြီး တခြားသူတွေ ပြောတာကို ကျွန်တော် တအံ့တသြ နားထောင်ခဲ့ရသည်။

ဒါဆို ဇော်ဂျီဖောင့်လေး သွင်းလိုက်ရုံများ ဆိုပြီး ပြောကြပါလိမ့်မည်။ မရပါ။ ထိုဆိုင်များကို ဆော့ဝဲလ်ဖြင့် ထိန်းထားပြီး ကွန်ပျူတာ Restart ဖြစ်သွားတာနဲ့ သွင်းထားသမျှ ဆော့ဝဲလ်တွေ အကုန်ပျောက်ကုန်ကာ သူတို့ လက်ရှိထည့်ထားသော ဆော့ဝဲလ်များသာ ကျန်ခဲ့ပါသည်။ ဒါကြောင့် ဇော်ဂျီဖောင့်သွင်းအပြီး Restart ချခိုင်းသော အခါမှာ မချရင်လည်း သုံးမရ ၊ ချလိုက်တော့လည်း ဘာမှ မကျန် ဆိုပြီး ကျွန်တော့်မှာ အင်တာနက် သုံးရတာ မြန်မာလို မမြင်သောကြောင့် ဘယ်လိုမှ အဆင်မပြေပါ။ သို့သော် ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း မိသားစုနဲ့ စကားပြောရုံသာ ဆိုတော့ အဆင်ပြေခဲ့ပါသည်။

ထို့နောက်မှာတော့ ၄ လုံးထီ ရုတ်တရက်ထပေါက်ကာ ကွန်ပျူတာလေး ဝယ်ပြီး အင်တာနက် ချိတ်မယ် လို့ စိတ်ကူးရပါတော့သည်။ ဒါကြောင့် ဝယ်လိုက်ပါသည်။ အင်တာနက် ချိတ်အပြီးမှာတော့ ကျွန်တော့် ကွန်ပျူတာက မြန်မာလို မမြင်ရသေးပါ။ ဇော်ဂျီကို အင်စတော လုပ်ရတယ် လို့သာ သိတာ ဘယ်က ဘယ်လို ယူရမယ် ဆိုတာကိုလည်း မသိပါ။ ဒီမှာ ကျွန်တော့်ကို အရာရာ အကူအညီပေးတာကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ ညီမ “ မိုးမိုး ” ပါ။ သူပြောပြလို့ ဇော်ဂျီဖောင့်ဆိုတာကို ထည့်ပြီး အတုံး အတုံး လေးထောင့်တုံးလေးတွေကို မြန်မာစာ ဝိုင်းဝိုင်းလေးတွေ အဖြစ်ပြောင်းလဲပြီး ဖတ်ခွင့်ရခဲ့ပါသည်။ သို့သော် ဘလော့ ဆိုတာကို ကျွန်တော် တကယ် မသိခဲ့ရိုး အမှန်ပါ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ကျွန်တော့်မှာ မကောင်းလှသော အကျင့် တစ်ခုကလည်း ရှိပါသေးသည်။ သတိထား ပြင်ဆင်နေသော်လည်း သတိကို သူက အနိုင်ယူသွားလေ့ ရှိပါသည်။ သူကတော့ “ အားနာတတ်ခြင်း ” ပဲ ဖြစ်ပါသည်။

အလုပ်က ပြန်လာလို့ Gtalk လေး အွန်လိုင်းပေါ်တတ်ထားရင် ကျွန်တော့် အကောင့်ထဲမှာ မိသားစု အကောင့်နဲ့ သူငယ်ချင်း အနည်းငယ်မှ တစ်ပါး တခြားသူတွေ မရှိပါ။ အကောင့်ထဲမှာ ရှိနေသူတွေ အားလုံးရဲ့ အကောင့်လေးတွေကလည်း မည်းမည်းလေးတွေပါပဲ။ ဘယ်သူမှ လိုင်းပေါ်မှာ မရှိ။ ဘယ်သူ့နဲ့ ချက်ပြီး စကားပြောရမယ် ဆိုတာကိုလည်း ကျွန်တော် မသိ။ ပြောစရာလူကလည်း မရှိ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ပြောလို့ www.person.com မှာ အကောင့်လေး လုပ်ကာ မြန်မာလို လက်ကွက်လေးလည်း ကျင့်ရင်း ချက်ကာ သူငယ်ချင်းတွေ ရှာဖွေရပါသည်။ ဒီတော့မှ Gtalk လေးတတ်ထားရင် အကောင့်မှာ လေး ငါးယောက် စိမ်းနေတာ တွေ့ရင် အတော်ကို ဝမ်းသာရသော အခြေအနေ ဆိုပါစို့။

နောက်တော့ အဲဒီလိုနဲ့ ခင်မင်မိလာသော မိတ်ဆွေတွေ ကြားထဲမှာ အစ်မကြီး တစ်ယောက်နဲ့ ခင်မင်မိပါသည်။ သူနဲ့ ပြောရင်း ဆိုရင်းနဲ့ သူက အင်တာနက်မှာ ဘလော့ရေးတယ် ဆိုတော့ အတော်ကို အံ့သြမိသည်။ “ ဘာလဲဟ ဘလော့ ” လို့လည်း မေးမိပါသည်။ သူက သူ့ဘလော့လိပ်စာလေးကို ပြတော့ ဘာဆို ဘာမှ မသိသေးသော ကျွန်တော့် အတွက် အတော်ကို အထူးအဆန်း ဖြစ်ရသည်။ နှစ်လမှ တစ်ပုဒ်လောက် တင်ထားပြီး ဘယ်သူ့မှ မသိသော သူ့ဘလော့ကို ကျွန်တော် ကြည့်ပြီး အတော်ကို နှစ်ထောင်းအားကျ ကျေနပ်စွာ ဖြစ်မိသည်။ တော်လိုက်တာပေါ့။ ဒီလိုနဲ့ သူ့ရဲ့ ဘလော့လေးကို ကြည့်မိလေ ဟိုးအရင်ကတည်းက စာပေရွပိုးတွေက အညှောင့်ထွက်ကာ ထွက်လာလေလေပါပဲ။

ဒါနဲ့ ကျွန်တော် ဘလော့ရေးမယ် ဆိုပြီး စလုပ်မိသည်။ သို့သော် ဘာကို ရေးရမှန်းမသိ။ နဂိုကတည်းက ခပ်ရွတ်ရွတ် ခပ်ပြောင်ပြောင် ဖြစ်သောကြောင့် ဒီလို ပေါက်ကရ အတွေးတွေ ၊ ပေါက်ကရ အဖြစ်အပျက်တွေကိုပဲ အစအနေနဲ့ ချရေးမိသည်။ ရည်ရွယ်ချက် ရေရေရာရာ မရှိသလို ၊ စာတွေကလည်း သေသေချာချာ မဖြစ်ခဲ့ပါဘူး။ ဝပ်ပြအုံဖွဲ့ကာ ဖတ်လို့လည်း မကောင်း။ ဘယ်သူမှ လာမဖတ်ပေမဲ့လည်း ကိုယ်ရေးတဲ့ စာလေး ချက်ချင်း ဘလော့ပေါ် ရောက်သွားတော့ အရင်က မဂ္ဂဇင်းမှာ စပြီး ဖော်ပြ ခံရခဲ့တုန်းကလိုပါပဲ ပျော်မိပါသည်။

ဒါပေမဲ့ စိတ်ငြိမ်ငြိမ်နဲ့ ရေးတာ မဟုတ်တော့ ရေးလိုက် မရေးလိုက်နဲ့ပါပဲ။ ပြီးတော့ ဘာရေးမယ် ဆိုပြီး အသေအချာ မရှိတော့ စာတွေကလည်း ဟိုရောက် ဒီရောက်လိုပါပဲ။ တစ်နေ့တော့ ချက်ရင်း ပြုရင်းနဲ့ အကောင့်တစ်ခုကို ရသည်။ ဒီအကောင့်ကို ကြည့်လိုက်တော့ ၁၀ တန်းတုန်းက သူငယ်ချင်း နာမည်နဲ့ အတော်ကို တူနေတယ်။ အက်ပြီးတော့ လိုင်းပေါ်မှာ တွေ့တော့ တကယ်ကို ကျောင်းတုန်းက ငယ်သူငယ်ချင်း ဖြစ်နေသည်။ သူငယ်ချင်းဟောင်းနဲ့ စကားပြောရတာ အတော်ကို ပျော်ဖို့ ကောင်းပါသည်။ ကိုယ်မသိတာ သူက ပြောပြ ၊ သူမသိတာ ကိုယ်က ပြောပြရင်း အတိတ်တွေကို ပြန်ဝါးမိကြသည်။

အားနာတတ်တဲ့ ကျွန်တော်ဟာ အလုပ်ကပြန်ပြီး စားသောက်ပြီးပြီ ဆိုရင် အကောင့်ထဲက သူငယ်ချင်းတွေနဲ့ ကြီးကြီးကျယ်ကျယ် ကမ္ဘာ့ရေးရာတွေ ဘာတွေ ပြောပြီး ခဏနေရင် ကျွန်တော်က အိပ်တာပါပဲ။ ဒီအချိန်မှာ အခန်းမှာ ရှိနေတဲ့ သူငယ်ချင်းတွေက သူတို့လည်း အင်တာနက် သုံးချင်တယ် လို့ ဆိုလာသည်။ ပြီး သူတို့လည်း ချက်ချင်တယ်ပေါ့လေ။ ဒါနဲ့ ကျွန်တော်ကလည်း အားကလည်း နာတတ်သူ ၊ ပြီးတော့ ကိုယ်မသုံးလည်း နက်က လစဉ်ကြေး ဒီလောက်ပဲ ဆိုတော့ သူတို့ကို Person မှာ အကောင့်ဖွင့်ပြီး ချက်ခိုင်းပါသည်။ သူတို့ဖာသာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Gtalk အကောင့်ကိုလည်း မပိတ်ထားပါဘူး။

ဒီတော့ ကျွန်တော် ရှိနေတယ် လို့ ထင်ပြီး ချက်သူများကို သူကလည်း ချက်တာပါပဲ။ ဒါပေမဲ့ ဒီလို လာချက်သူ သူငယ်ချင်းက တစ်ယောက်တည်းတော့ မဟုတ်ပါ။ ကျွန်တော့်မှာလည်း ကိုယ့်အကောင့်ထဲမှာ သူငယ်ချင်းက နည်းနေလေတော့ အားရင် Person မှာ သွားသွားပြီး သူငယ်ချင်း ရှာရသည်။ အဲဒီတုန်းက အကောင့်ထဲမှာ လူ အယောက် ၁၀၀ လောက် ရရင်ကို ပျော်နေမိတာပါ။ ဖြစ်ချင်တဲ့ တစ်နေ့မှာတော့ ထုံးစံ အတိုင်း ကျွန်တော် စားသောက်ပြီး အိပ်နေတဲ့ အချိန်မှာ အခန်းက အလုပ်မဆင်းသော သူငယ်ချင်း တစ်ယောက်က ကျွန်တော်စက်မှာ သုံးပြီး ချက်နေပါသည်။

ကျွန်တော် အိပ်ပျော်ပြီး တစ်နာရီကျော်လောက်မှာ ရုတ်တရက် ကျွန်တော့်ဖုန်း အစုတ်လေးက ထအော်ပါလေရော။ လန့်နိုးသွားပြီး ဖုန်းအစုတ်လေးကို ကြည့်လိုက်တော့ စလုံးက ကျွန်တော့်သူငယ်ချင်းမ က ခေါ်တာပါ။ “ ဘာလဲဟ ” ဆိုပြီး ကိုယ့်ကို နှိုးလို့ စိတ်တိုပြီး ထူးလိုက်တော့။ ဟိုဘက်ကနေ ကျွန်တော့်ကို အဆက်မပြတ် ပွမ်ပါလေရော။ သူပြောတာတွေကို ရုတ်တရက် ကျွန်တော်လည်း နားမလည်ဘူး။ အိပ်ချင်မူးတူးကိုး။ နောက်မှ သူပြောတာကို နားလည်မိတော့တယ်။

ခုနက သူက ပြောစရာ ရှိလို့ ကျွန်တော့်ကို လိုင်းပေါ်ကနေပြီး လှမ်းခေါ်သည်။ ဒီတော့ ကျွန်တော်ကလည်း ပြန်ထူးတယ်တဲ့။ နောက်တော့ သူကသာ ပြောတာ ကျွန်တော်က ပေါက်ကရတွေ ပြောရုံ မကဘဲ နောက်ဆုံး သူ့ကိုပါ “ ချစ်တယ် ချစ်တယ် ” ဆိုပြီး ဆက်တိုက်ရိုက်ကာ ရည်းစားစကားပါ ပြောသွားသတဲ့။ ဟာ ဆိုပြီး ကျွန်တော်လည်း လေသွားသည်။ ဒီတော့ သူယုံအောင်ပဲ ပြောရတော့တာပေါ့။ သူငယ်ချင်း အရင်းကြီးတွေ ဆိုတော့ သိပ်တော့ မပြောရပါ။

“ နင်ကလဲဟာ ငါက နင့်ကို ရည်းစားစကား ပြောပါ့မလား။ နင့်ကို ကြိုက်မဲ့ အစား ၊ ငါ့ဖာသာပဲ ဗူးသီးကို ခြေလက် တပ်ပြီး ယူတော့မှာပေါ့။ ”

ဆိုပြီး သူ ယုံကြည်လောက်သော သက်သေကို ပေးရသည်။ ဒီတော့ သူက . .

“ ဘာ. . . ”

ဆိုပြီး ထအော်ပါသည်။ နောက်တော့မှ ကျောင်းမှာကတည်းက ဒီလိုပဲ ပြောနေကြဆိုတော့ ခုနက သူ့ကို မဖွယ်မရာ ပြောတာ ကျွန်တော် မဟုတ်မှန်း သူ ယုံကြည်သွားပါတော့သည်။ ဒါဆို ခုနက ဘယ်သူပြောတာလဲ ဆိုတဲ့ အမေးကိုလည်း ကျွန်တော်က သေချာစွာ ရှင်းပြနိုင်ခဲ့တယ် မဟုတ်ပါလား။

ဒါပေမဲ့ ကျွန်တော်ဟာ အမှတ်မရှိပါ။ သူငယ်ချင်းတွေ သုံးချင်တယ် ပြောတိုင်း ၊ ကိုယ်အိပ်နေတဲ့ အချိန်မှာ သူတို့ ဝင်ပြီး ချက်တာကို မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် တစ်ခါ ကျောင်းမှာ ဒုတိယနှစ်အထိ အတူတူတတ်ပြီး အခုတော့ သူက ကျောင်းမှာ ရူပဗေဒ ကျူတာ ပြန်လုပ်နေတဲ့ သူငယ်ချင်း “ ကစ်ကစ် ” နဲ့ တွေ့တဲ့ အချိန်မှာတော့ သူက ကျွန်တော့်ကို အသားကုန်ကို “ ကစ် ” ပါလေတော့သည်။ သူနဲ့ ပြေလည်မှု ရပြီးတော့မှ သူက ပြောသည်။ Chat History တွေကို ပြန်စစ်ကြည့်ဆိုတော့ ကျွန်တော်လည်း အဲဒီကျမှ ပြန်စစ်မိတော့ . . .တွေ့သမျှ မိန်းကလေး ဆိုရင် အွန်လိုင်းမှာ ပါးရိုက်မခံရဘူး ဆိုတိုင်း ငါ့အကောင့်နဲ့ ရည်းစားစကား ပြောထားတာပါလား။

သို့သော် ဘယ်သူကပဲ ဘာပြောပြော ကျွန်တော့် အကောင့်နဲ့ ပြောတာ ဆိုတော့ ကျွန်တော်လို့ပဲ ထင်ကြမှာပါပဲ။ ဒါပေမဲ့ ဒီကိစ္စရဲ့ ဖြစ်ရပ်တွေကို ကျွန်တော်ကလည်း ထွေထွေထူးထူး မစဉ်းစားခဲ့မိပါဘူး။ မေ့မေ့ပျောက်ပျောက် နေလာခဲ့မိပါသည်။ အဲဒီနောက်မှာတော့ ကျွန်တော် ဘလော့ပေါ်မှာ စာလေးတွေကို ဂရုတစိုက် ရေးခဲ့မိသည်။ ထို့ကြောင့် ခင်မင်ရသော သူငယ်ချင်းများကို ကျွန်တော် Person မှာ သွားရှာစရာ မလိုတော့ပဲ။ အလိုလို မေးလ်ကို အက်လာကာ သူငယ်ချင်းတွေ များလာခဲ့သည်။

အခု ဆိုရင် ကျွန်တော့်အကောင့်ထဲမှာ အယောက်ပေါင်း ၇၀၀၀ ကျော်နေခဲ့ပြီ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ ဘယ်အချိန် တတ်ကြည့်ကြည့် ခင်မင်ရသော မိတ်ဆွေပေါင်း အယောက် ၃၀၀ ၊ ၄၀၀ ကျော် အမြဲ ရှိနေတတ်သည်။ တစ်ခါတလေ ကိစ္စရှိလို့ လိုင်းပေါ် ခဏလေးတတ်ရင်တောင်မှ ခင်မင်ရသော သူငယ်ချင်းများက နှုတ်ဆက်တာကို ကျွန်တော် နိုင်အောင် ပြန်ပြီး တစ်ဦးချင်း မနှုတ်ဆက်နိုင်ပါ။ ကြိုးစားပြီး ပြန်နှုတ်ဆက်နေရင်းကကို မော်နီတာ တစ်ခုလုံး ပြည့်မတတ် အကောင့်တွေ တတ်လာကာ နောက်ဆုံး မနိုင်လို့ Custom Message မှာပဲ နှုတ်ဆက်ကာ အောက်ပြေးရပါတော့သည်။ ပြီးတော့မှ Chat History ထဲကို ဝင်ပြီး တစ်ယောက်ချင်းစီ မေးလ်နဲ့ တောင်းပန် ရပါသည်။

ခင်မင်စွာနဲ့  နှုတ်ဆက် ချက်ထားသူများ Chat History ထဲမှာ အားလုံးကို ရေတွက် ကြည့်လိုက်တော့ အယောက် ၃၀၀ ကျော် ရှိပါသည်။ ခင်မင်သူများကို တစ်ယောက်ချင်းစီ အလျင်မှီအောင် ပြန်ပြီး မနှုတ်ဆက် နိုင်တဲ့ အတွက် ကျွန်တော်လည်း စိတ်မကောင်း ဖြစ်မိပါသည်။ ဒါကြောင့် ချက်ထားသမျှကနေ ပြန်ပြီး မေးလ်ပို့ကာ ကျွန်တော် ပြန်တောင်းပန်ခဲ့ပါသည်။ ဒီလို ခင်မင်သူ သူငယ်ချင်းတွေ များနေသောကြောင့် ရုတ်တရက် ချက်ချင်း ပြန်ပြီး အလျင်မှီအောင် မနှုတ်ဆက်နိုင်တဲ့ အတွက် တချို့က ကျွန်တော့်ကို မာနကြီးတယ် ဆိုကာ အထင်လွဲမှားတာကိုလည်း ခံစားဖူးပါသည်။ တကယ်တော့ တစ်ကွက်ပြီး တစ်ကွက် တတ်လာတာကို နိုင်အောင် ပြန်နှုတ်ဆက်ရင်း မနိုင်လို့ ဆင်းပြေးခဲ့ရသူပါ။

အခုနောက်ပိုင်းတော့ ခင်မင်ရသော မိတ်ဆွေတွေကို လိုင်းပေါ်မှာ စကားမပြောဖြစ်တော့ပါ။  အားလုံးကို နိုင်အောင် ကျွန်တော် မနှုတ်ဆက်နိုင်သောကြောင့် ကျွန်တော့်ဖာသာပဲ ပုန်းလျှိုးကာ နေရပါတော့သည်။ ဒါကြောင့် Gmail မှာ ပုန်းနေလို့ ကျွန်တော့်ကို “ ဂျီပုန်း ” လို့ ခေါ်ချင်လည်း ရပါသည်။ အားလုံးကို ခင်မင်မိသော်လည်း အားလုံးကို အဆင်ပြေအောင် ကျွန်တော် ပြန်မပြောနိုင်၍ပါ။ ဟိုနေ့ကတော့ စိတ်ကူး ပေါက်လာသောကြောင့် ကျွန်တော့် အကောင့်ထဲက Active မဖြစ်သော အကောင့်တော်တော်များများကို ဖယ်ရှားသန့်ရှင်းလိုက်တော့ အခုတော့ အကောင့်က လူတစ်ထောင်နီးပါးလောက် လျှော့သွားပါသည်။

ဘာလို့ ကျွန်တော် ဒီလို လုပ်တာလဲ ဆိုတော့ ကျွန်တော့်မှာ တစ်နေ့ကို မေးလ်အစောင် ၃၀၀ ကျော် ၄၀၀ နီးပါး စစ်ရသည်။ Spam မေးလ်ဆိုတာချည်းပဲ ၂၀၀ နီးပါး ဝင်သည်။ ပြီးတော့ ning ဆိုက်တွေမှ ဖိတ်စာတွေကလည်း မနည်း။ ဒါကြောင့် နောက်ဆုံးတော့ ကျွန်တော့်မှာ Ning ဆိုက်မှန်သမျှကို Filter လုပ်ထား ရတော့သည်။ အားနာပေမဲ ကျွန်တော်လည်း တကယ်ကို မတတ်နိုင်ပါ။ ၃ ရက်တစ်ခါ Inbox ထဲမှ မေးလ်တွေကို ရှင်းရသည်။ ထို့နောက် Trash ထဲမှာ မေးလ်များကို ရှင်းမယ် ဆိုရင် အားလုံးပေါင်း ၁၇၀၀ ကျော်နေတတ်သည်။ ဒီလောက် မေးလ်တွေ ဝင်မှတော့ ကျွန်တော့်ရဲ့ Gmail က ပေးထားတဲ့ Data Space ဆိုတာကလည်း တဖြေးဖြေးကျဉ်းလာတော့ ကျွန်တော့်မှာ မလိုတဲ့ မေးလ်တွေ ၊ Spam တွေ ၊ Chat History ဆိုတာတွေကို ကျွန်တော် ၃ ရက်တစ်ခါ ရှင်းပစ်ရလေ့ရှိသည်။

အခုနောက်ပိုင်းတော့ ကျွန်တော့် တွေးမိလာတော့တယ်။ တကယ်တော့ အင်တာနက် စစ သုံးတုန်းကလို ကျွန်တော့်ရဲ့ အကောင့်နဲ့ သူများတွေကို ပေးချက်တယ် ဆိုတာ ဘယ်လောက်များ ရူးသွပ်မှုလဲ ဆိုတာ အခုနောက်ပိုင်းမှ ကျွန်တော် သိမြင် ခံစားနားလည်တော့သည်။ တကယ်တော့ ကျွန်တော်ကတော့ ဘယ်လိုမှ မခံစားမိပဲ ပြောချင်နေသူ ၊ ချက်ချင်နေသူ နှစ်ယောက်ကို ပေးချက်လိုက်ယုံမျှသာ ဖြစ်ပါသည်။ အခု နောက်ပိုင်းတော့ သူတို့တွေ ဘယ်လိုပဲ စိတ်ဆိုးပါစေ ကျွန်တော့် စက်နဲ့ အကောင့်ဖြင့် သူတို့ကို ပေးမသုံးတော့ပါ။ သူတို့ အရင်က လိုသလို ဖြစ်နေတုန်းက ကျေးဇူးစကား မဆိုပေမဲ့ အခုလို လိုဘ မပြည့်တော့တဲ့ အချိန်မှာတော့ ကျွန်တော့်ကို ငြူစူစောင်းမြောင်း ပြောဆိုတာ ခံခဲ့ရပါသည်။

ဒီနောက်ဆက်တွဲ အခြေအနေတွေ အရတော့ သူတို့ ကိုယ်ပိုင်စက်လေးတွေ စုပေါင်း ဝယ်ကာ အင်တာနက် တပ်ကြတာပါပဲ။ ဘာပဲ ပြောပြောပေါ့လေ။ သူတို့လည်း ကိုယ်ပိုင်တပ်လိုက်တော့ သတင်း အချက်အလက်များနဲ့ မဝေးကွာတော့ဘူးပေါ့။ ကျွန်တော် ဘလော့မှာ စာရေးနေရခြင်းရဲ့ အကြောင်းများထဲမှာ တစ်ချက်က အရည်မရ မဖတ်မရ ချက်တင်ထိုင်နေတာထက် စာရင် စာပေလေး ဖတ်ဖြစ်ရင် ပိုကောင်းမယ်လို့ တွေးမိလို့ပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အချိန်များထဲမှ လူအများ ဖတ်ပျော်သော စာများကို ကျွန်တော် ရေးသားခဲ့တာပါ။

ဒီနေရာမှာ ကျွန်တော် ပြောလိုတာကတော့ ကျွန်တော် ဘလော့ရေးတာ နာမည်ကြီးချင်လို့ မဟုတ်သလို ၊ ကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်အနေနဲ့ ဆိုပြီး စာတွေ ရေးနေခြင်း မဟုတ်ပါ။ ကျွန်တော့် အတွက် စိတ်ထွက်ပေါက် ဆိုရင် ကျွန်တော့်ဖာသာပဲ စာတွေ ဖတ်နေမှာပါ။ ဒါပေမဲ့ ကျွန်တော် ရေးသမျှ စာတွေ အားလုံးမှာ လက်ရှိအချိန်ရဲ့ ကျွန်တော် အင်အားအပြည့်စိုက်ထုတ်ကာ ကျွန်တော် ရေးခဲ့ပါသည်။ 

ကျွန်တော်ရေးသော စာတွေမှာ “ သ ” သုံးသ လည်း ပါစေချင်သည်။ ထိုသသုံးသ ကတော့ - “ ဟာသ ” ၊ “ ရသ ” ၊ “ သုတ ” ဆိုသော သသုံးသ ပါအောင် ကျွန်တော် အစွမ်းကုန် ထည့်ရေးခဲ့ပါသည်။ သို့သော် အပုဒ်တိုင်းတွင်တော့ ဖြစ်နိုင်လိမ့်မည် မဟုတ်။ တချို့စာတွေကို ဖတ်ပြီး ထိုနေရာမှ ပြန်လာပြီး ဘာမှလည်း ကျွန်တော့် ခေါင်းထဲမှာ မကျန် ၊ ဒါဆို အချိန်ဖြုန်းတာ သက်သက်လားလို့လည်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထွက်ပေါက် အနေနဲ့ ရေးထားတာ ဆိုတော့လည်း သူတို့အတွက်တော့ အဆင်ပြေမှာပေါ့လေ။ စာဖတ်သူတွေ ဖတ်တုန်းသာ ဟီးဟီးဟားဟား နဲ့ ဘာမှ မရသွားတာကိုသာ ကျွန်တော့်ဖာသာ လျှောက်တွေးနေမိတာ။ တကယ်တော့ သူတို့ဖာသာလည်း အဆင်ပြေနေကြပါ၏။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ကျွန်တော်ဟာ ကျွန်တော်ရေးသော စာတစ်ပုဒ်ကို ဘယ်လိုပဲ လာပြောပြော ၊ ဘယ်လိုပင် ဝေဖန်ဖန် ကျွန်တော် ချပြချင်သော အကြောင်းအရာကို မမြင်မိရင် ထိုသူကို ဂရုဏာ ဖြစ်ရုံမှ လွဲလို့ ကျွန်တော် မခံစားရပါ။ သို့သော် ရောင်စဉ်တွေနဲ့ ဝေ့သီက ကောက်ကြောင်းများနှင့် ပုံဖော်ထားသော “ ဓါတ်ပုံ ” တွေကို မလှမပ ဖြစ်နေရင် ကျွန်တော် အတော်ကို ခံစားရသည်။ ကျွန်တော်က တကယ်ကို အဲဒီလို အနုပညာမှာ “ စာပေ ” နဲ့ “ ဓါတ်ပုံ ” ဆိုရင် ဓါတ်ပုံရဲ့ အနှစ်သာရကို ပိုပြီး ရင်ခုန်ခံစားတတ်ပါသည်။

ကျွန်တော် ရိုက်ထားသော ဓါတ်ပုံများမှ ရှုခင်းများ ၊ လျှပ်တပြက်ပုံများ ၊ အလှပုံများကို ချပြဖို့ လူမသိ သူမသိအောင် နေရာလေး တစ်ခုတောင်မှ လုပ်ထားပါသေးသည်။ ဘယ်သူမှ မသိအောင် ဆိုပေမဲ့လည်း ဘယ်ကနေ ဘယ်လို ရှာတွေ့သွားကြသည် မသိ။ ထိုနေရာသို့ ရောက်လာသူ အတော်များများကိုလည်း ကျွန်တော် Counter ကြောင့် သိခဲ့ရသည်။ သို့သော် ကျွန်တော် ဒီနေရာလေးကို အသက်သွင်းဖို့ အခက်အခဲ တစ်ခုကို ရင်ဆိုင်နေခဲ့ရသည်။ ဟိုးအရင် ဓါတ်ပုံ အဟောင်းများ နဲ့ ဝေးကွာနေပြီး နောက်ထပ် အသစ်ရိုက်ဖြစ်ဖို့ ဆိုတာမှာ အခြေအနေ ၊ အဖြစ်အပျက် တစ်ခုက ကျွန်တော့်ကို ဟန့်ထားနေလေ့ရှိသည်။

ကျွန်တော့်မှာ ရှိသော ကင်မရာလေးကို အိမ်ကို ပြန်တော့ အိမ်မှာ ပေးထားခဲ့ပြီး အခုတော့ တစ်ကြိမ်မှာ ကျွန်တော် ကင်မရာ မဝယ်ဖြစ်သေးပါ။ စွမ်းဆောင်ရည် ပိုကောင်းလာသော ကင်မရာများနှင့် ဈေးနှုန်းတွေ တစ်လထက် တစ်လ ကျလာသော ကင်မရာများမှာ ဈေးအတော်ပင် သက်သာပါသည်။ ဒီအတောအတွင်းမှာ ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ဖို့ထက် သူများကို လှပအောင် ရိုက်ဖို့ ပိုပြီး ဝါသနာကြီးသော ကျွန်တော့်ကို ဓါတ်ပုံရိုက်ဖို့ သူငယ်ချင်းများက ခေါ်လေ့ရှိပါသည်။ ထိုအခါ လက်တုန်ရင် ဝါးသွားတတ်သော ဒီဂျစ်တယ် ကင်မရာကြောင့်လည်း သူတို့ အပြင်မှာ သွားရိုက်ရင် ဝါသနာကြောင့် ကျွန်တော်က ပါသွားလေ့ရှိသည်။

သူငယ်ချင်းတွေ အတူတူ သွားတာ ဆိုတော့လည်း သူတို့ကိုလည်း အနေအထားနဲ့ အလင်းအမှောင်လေးတွေပြ ၊ ကိုယ်ကလည်း ဝင်ပြီး ဟန်ပြရနဲ့  ( အဟီး ) ဓါတ်ပုံတွေ ရိုက်ဖြစ်ပါသည်။ တချို့ကကျတော့ ဘာမှ မပြောသလို ဘာမှ မသိ။ တချို့ကျတော့ ဘာမှ မသိဘဲ ဒီနေရာမှာ ရိုက်ချင်တယ် ဆိုပြီး နေကို ကျောခိုင်းကာ ရိုက်တတ်သည်။ မလှဘူး ဆိုလည်း မရ။ ဒါဆိုရင်တော့ သူတို့ သဘောကျ ရိုက်ပေးလိုက်သည်။ နောက်ပုံတွေ ထွက်လာတော့မှ သူတို့ မျက်နှာ ပေါင်ချိန်လို ဖြစ်နေတာ သူတို့ဖာသာ တွေ့ရတော့ ရင်တွေ နာလို့ မဆုံးကြ။

ကိုယ့် အခန်းပြန်ရောက်ပြီ ဆိုရင် သူတို့ ရိုက်ထားတာ သူတို့ ဓါတ်ပုံ ကူးပြီး ခွဲဝေ ယူကြသည်။ ကျွန်တော်ကတော့ ဓါတ်ပုံလည်း မထုတ်ဖြစ်ပါဘူး။ ကင်မရာ မန်မိုရီထဲက ဓါတ်ပုံလေးတွေကို ကိုယ့်ရဲ့ မန်မိုရီ စတစ်ထဲကို ကူးထည့်လိုက်သည်။ ပြီးတော့ သူ့ရဲ့ မန်မိုရီကဒ်လေးကို သူ့ကို ပြန်ပေးလိုက်သည်။ ဒါပါပဲ. . . ဒါပါပဲ. . ဒါဟာ ကျွန်တော်တို့ ဓါတ်ပုံရိုက်ထွက်တဲ့ ခရီးတစ်ခုပေါ့။

ဒါပေမဲ့ ပြဿနာက ဒီမှာ မပြီးသွားပါဘူး။ ချက်တင် လောကမှာ အမှန်မပြောကြဘူး လို့ ဆိုသည်။ ကျွန်တော်ကတော့ လိမ်စရာ မရှိပါ။ ဒါကြောင့် မေးသမျှ သိသမျှကို ဒီအတိုင်းပဲ ဖြေလိုက်တာပါပဲ။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရှိပါသည်။ သူက အသက် ၃၇ နှစ်ပါ။ ဒါပေမဲ့ အင်တာနက် ထဲမှာတော့ သူက အသက် ၂၂ နှစ်ထက် မကြီးသေး။ မိန်းမလည်း မရသေးသလို အိမ်က ကလေး သုံးယောက်ကိုလည်း သန်းခေါင်စာရင်းထဲက ဖျောက်ထားသည်။ သူ့ရဲ့ အတော်ဆုံး အချက်ကတော့ မိန်းကလေးတွေဆီက ဓါတ်ပုံ တောင်းတာပါပဲ။ “ ရတယ်ခင်ဗျ . .လိမ်တယ် . . ခေါက်တယ် . .တောင်းတယ်. . ပေးတယ် ခင်ဗျ . . ” ဆိုပြီး ဘောပွဲ ကြေငြာသူတွေလိုပဲ ပြောရတော့မယ်။

ဟိုက သူ့ကို ပေးပြီးတော့ သူ့ပုံကို ပြန်တောင်းတော့ သူက သူ့ပုံကို သူ မပြရဲ။ ဒီတော့ သူများပုံတွေကို လိုက်ပေး၏။ ထိုဓါတ်ပုံများက အပြင်မှာ လျှောက်ရိုက်လာသော မန်မိုရီကဒ်ထဲက ပုံများ ဆိုတော့ အဲဒီအထဲမှာ ကျွန်တော်ပုံတွေလည်း ပါသွားဖူးသည်။ ဖြစ်ချင်တော့ သူနဲ့ နက်ထဲမှာ ဘာဘာညာညာ ဖြစ်သော တစ်ယောက်က ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော့်ကို လိုင်းပေါ်မှာ တွေ့တော့ ပြောပါလေရော။ ကျွန်တော်ကပဲ တခြား အကောင့်တွေနဲ့ ကြူနေ ၊ အီနေသလိုလို။ နောက်ဆုံး အကောင့်ကို မေးလိုက်မှ သူ ဆိုတာ သိရတော့သည်။

တကယ်ကို အခါရာသီတွေ မလှပပါ။ ထိုနေ့ရက်များကား တော်တော်ကို အကျည်းတန်ပါသည်။ အွန်လိုင်းက ခင်သော သူငယ်ချင်းများနဲ့ လမ်းမှာ ပခုံးချင်းဝင်တိုက်တာတောင်မှ မသိလိုက်ရဘဲ မင်းဘာကောင်လဲ ၊ ငါဘာကောင်လဲ ဖြစ်မှာ စိုးလို့ ၊ သူငယ်ချင်းတွေ ခင်မင်ပြီ ဆိုရင် အချင်းချင်း ဓါတ်ပုံဝေငှတာကို ကျွန်တော် အပြစ်လို့ မပြောချင်ပါ။ ဒါက ဖြစ်သင့်ပါသည်။ ဒါပေမဲ့ သူများ ဓါတ်ပုံကို ကိုယ့်ပုံဆိုပြီး လုပ်ကာ လျှောက်ဝေခြင်းကတော့ အတော်ကို ဆိုးပါသည်။ လက်ခံရရှိသူက ဘာမှ မသိဘူးပဲ ဆိုပါစို့။ တခြားသိနေသူ တစ်ယောက်က ဒါ ဘယ်သူဆိုရင် အဓိပ္ပါယ်တွေ ပြောင်းကုန်နိုင်ပါသည်။

အနုပညာနဲ့ ပတ်သတ်ပြီး ကျွန်တော်က ဈာန်ဝင်ခံစားတတ်ပေမဲ့ ကိုယ်တိုင်ဖန်တီးဖို့တော့ အားနည်းသူ တစ်ယောက်ပါ။ ဒီလို ရှားပါးလှတဲ့ ဖန်တီးမှုထဲမှာမှ ကျွန်တော်က အနုပညာမှာ စာရေးခြင်း နဲ့ ဓါတ်ပုံကို လှလှလေး ရိုက်ချင်မိသူ တစ်ယောက်မျှသာ ဖြစ်ပါသည်။ သို့သော် ကိုယ်ရုပ်ကို ကိုယ် ပြစားခြင်းမျိုး လုပ်ဖို့လည်း စိတ်ကူး မရှိလို့ ကျွန်တော့် ဓါတ်ပုံကို သူငယ်ချင်းတွေနဲ့ အမှတ်တရ ပုံက လွဲပြီး ကျွန်တော် မတင်ခဲ့တာပါ။ ကိုယ်တစ်ယောက်တည်းပုံကို တင်လိုက်ရင်လည်း ဘလော့ကို တကူးတက လာပြီး စာဖတ်သူများ ထမင်းစားပျက်ကာ အယောင်ယောင် အမှားမှား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဒီလိုမျိုးတော့ အအိပ်ပျက် ၊ အစားပျက် မဖြစ်စေလိုပါ။

သို့သော်လည်း တခြားတစ်နေရာရာမှာ ( သို့ ) တခြား တစ်ဦးဦးဆီမှာ မတော်တဆ ကျွန်တော့် ဓါတ်ပုံက တခြားသူ တစ်ဦး၏ အမည်ခံကာ ရောက်ရှိနေမယ် ဆိုရင်လည်း ကျွန်တော် ဘယ်လိုမှ လက်ခံလို့ မရပါ။ ဒါကြောင့် ကျွန်တော် ဓါတ်ပုံ မရိုက်ဖြစ်တာ အတော်ကို ကြာနေခဲ့ပါပြီ။ ဟိုတလောက ကျွန်တော် မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရင်း ကျွန်တော့်ပုံကို သူငယ်ချင်းက ဓါတ်ပုံ ရိုက်လိုက်တော့ ဘေးနားက ညီလေး တစ်ယောက် ပုံပါ ပါပါသည်။ ကျွန်တော်ကလည်း အမှတ်တရ ဆိုပြီး တင်လိုက်ပေမဲ့ နောက်တော့ အဲဒီပုံကို ကူးယူ ဖြတ်တောက်ကာ တစ်စုံတစ်ယောက်ရဲ့ ပုံနဲ့ ဘေးချင်းယှဉ်ပြီး ကဗျာတစ်ပုဒ်မှာ ထည့်ထားကာ ကျွန်တော့်ဆီကို ပို့လာပါသည်။

ဆန်းကြယ်လာသော ဓါတ်ပုံ ပညာများကို ကျွန်တော် အပြစ်မဆိုချင်ပေမဲ့ ဒီလို လုပ်တာတော့ မကောင်းပါ။ မသိသူတွေဆိုရင် ဒီဓါတ်ပုံကို မြင်ရင် ဘယ်လိုများ ထင်ကြလိမ့်မလဲ။ တကယ်တော့ ကျွန်တော့်ကို ပြောဆို ဝေဖန်လို့လည်း ရပါ၏။ ( ကျွန်တော်က ဘာမှ မဟုတ်တာလေးကို တွေးကြောက်နေသူ တစ်ယောက် ဆိုပြီးတော့ ဝေဖန်နိုင်ပါသည်။ ) ဟုတ်ပါသည်။ ဒါပေမဲ့ ကျွန်တော်က တွေးကြောက်နေတာ မဟုတ်ပါ။ လူဆိုတာ ကိုယ်တိုင် ဖြစ်ဖူးမှသာ သိရတာပါ။ ကိုယ့်ဓါတ်ပုံကို သူများ နာမည်ခံပြီး အပို့ခံကြည့်ပါ။ ကိုယ်နဲ့ ဘာမှ မဆိုင်သူ ( ဥပမာ - ဒေါ်ဂွတ်ထော် ) နဲ့ ဘေးချင်းဆိုင်ပြီး အထင်မှားအောင် လုပ်ထားသော ပုံကို ဆိုက်တစ်ခုခုမှာ တွေ့ကြည့်ပါ။ ဘယ်လိုမှ သက်တောင့်သက်သာ မရှိတာကိုတော့ လက်တွေ့မှ ခံစားရပါလိမ့်မည်။

~ ~ ~ ~ ~ ~ ~ ~  @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တကယ်တော့ အင်တာနက် ဆိုတာ ဗဟုသုတ ဘဏ်တိုက်ကြီးလို့ တင်စားပြောဆိုကြပါသည်။ တကယ်လည်း လက်တွေ့မှာ ဟုတ်ပါသည်။ သို့သော် “ စားပြီးပြီလား ” “ ဘာလုပ်နေလဲ ” “ ငါက မင်းနဲ့ပဲ ချက်နေတာနော် ” ဆိုပြီး အကောင့် ၅ လောက်ဖွင့်ကာ အရည်မရ ၊ မဖတ်မရ ပြောနေသူများကိုလည်း မြင်တွေ့ရပါသည်။ ဒီလို ချက်တင်ထိုင်ပြီး အချိန်တွေ ကုန်မဲ့ အစား ၊ တစ်ခုခုတော့ တစ်နေရာရာမှာ ဖတ်နေတာ တော်သေးတယ်လို့ ကျွန်တော် ခံစားတွေးမိသည်။ ဒါကြောင့် ဘလော့ရေးသူတွေ ပေါများစွာ ဖြစ်လာတာ ကျွန်တော် နှစ်သက် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

သို့သော် ထိုဘလော့ရေးသူများကလည်း ရောက်ရင် ဟီးဟီးဟားဟား ဆိုပြီး ဖတ် ၊ နောက်တော့ ဘာမှ မကျန်ဘဲ လက်ဗလာနဲ့ ပြန်သွားသော စာများထက် ဟာသဆိုလည်း ဟာသစစ်စစ်လေးကို အတွေးလေးနဲ့ ( တွေးတွေးပြီး ရယ်ရသော ) စာလေးတွေ ရေးနိုင်စေချင်သည်။ တခြားသော အတွေ့အကြုံလေးတွေကို ရေးသူတွေကိုလည်း “ ရောက် ၊ ဖတ် ၊ ရယ် ၊ ပြန် ၊ ဗလာ ” ဆိုတာမျိုး မဖြစ်ဘဲ ရေးစေချင်သည်။ ( ဒါကတော့ ကျွန်တော့် ဆန္ဒ ၊ စိတ်ကူးမျှသာ ) အချိန်ရှားပါးသော လူတစ်ယောက် အဖို့ တစ်နေ့ တစ်နေ့ မိတ်ဆွေများရဲ့ စာတွေကို လိုက်ဖတ်ရတာ တကယ်တော့ မလွယ်လှပါ။ အခု နောက်ပိုင်းတော့ ဖတ်ပြီးတော့ အခုပဲ ထိုဘလော့ကို ပိတ်လိုက်တယ် ဘာမှ မမှိတ်မိတော့ဘူး ဆိုသော  အတွေးဗလာ ဘလော့တွေကို မဖတ်တော့ဘူးရယ် လို့လည်း စဉ်းစားမိပြန်တယ်။

ဘာပဲ ဖြစ်ဖြစ်ပါ . . . . 

ကျွန်တော့်မှာ ဘလော့ အကယ်ဒမီ ပေးဖို့ အခွင့်အာဏာသာ ရှိပါစေ။ အခု လက်ရှိ အချိန်အထိ ကျွန်တော် ဖတ်ခဲ့ရသမျှမှာ ဘလော့ အကယ်ဒမီ ပေးချင်သူ သုံးယောက်သာ ရှိပါသည်။


၁။ ကိုပီတာ ရဲ့ အတွေးပုံရိပ်များ

သူကတော့ လက်ရှိ အကယ်ဒမီဆုရှင်ပါပဲ။ တကယ်လည်း ရထိုက်ပါသည်။ စာကို လှလှပပ ရေးတာမဟုတ်ဘဲ အကြောင်းအရာ များများ တင်နိုင်တာ တစ်ခုတည်းနဲ့တင် သူ့ကို ပေးထိုက်ပါသည်။ သူ့ဆီက ဗဟုသုတ ၊ သတင်း အတော်များများ ကျွန်တော် ရရှိပါသည်။ သူ့ရဲ့ သတင်းရှာဖွေအား နဲ့ စာဖတ်အားကိုလည်း ပါးစပ်က ပြောနေတာ မဟုတ်ဘဲ။ သူ့ရဲ့ တစ်နေ့ကို ပို့စ် ဘယ်နှစ်ခု တင်လဲ ဆိုတာကနေ အဆုံးအဖြတ် အနေနဲ့ မှတ်ကျောက်တင်ပြပါသည်။ ဒါပေမဲ့ မျှဝေဖို့သက်သက်သာ စိတ်ထဲမှာ ရှိသူတွေရဲ့ ထုံးစံအတိုင်း ကိုပီတာ့ ပို့စ်တွေမှာ Comment နည်းလွန်းလှပါသည်။ ( ကျွန်တော်က အစ သွားသာ ဖတ်ပြီး မန့်ဖို့ မေ့မေ့နေခဲ့ပါသည်။ ) Comment ရမှ ပို့စ်တင်မယ် ဆိုတဲ့ စိတ်မရှိဘဲ သူ့ရဲ့ မျှဝေလိုသူ စစ်စစ်တစ်ယောက်ရဲ့ စိတ်ဓါတ်ကိုလည်း ကျွန်တော် လေးစားပါသည်။ သူသည် Comment မစားပါ။ နောက်တစ်ခုက သူ့ရဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဟာသဥာဏ်ကို ကျွန်တော် သဘောကျသည်။

၂။ မခင်ဦးမေ

မမကွန် လို့ လူတွေ ခေါ်ကြတာကို ကျွန်တော် ဘာကြောင့်လဲ ဆိုတာ မသိ။ အဲဒီလောက်ကို ကျွန်တော်ကလည်း တုံးသည်။ နောက်မှ K O M ဆိုသော နာမည်အတိုကောက်ကို စုခေါ်လို့ မမကွန် ဆိုပြီး ဖြစ်သွားတယ် ဆိုတာ သိလိုက်ရသည်။ မမကွန်ရေးသော စာတွေကို ကျွန်တော် အရင်က မဖတ်ဖူးပါ။ ပထမဦးဆုံး စဖတ်ဖူးတဲ့ စာလေးကတော့ Push ဆိုသော ပို့စ်ပါ။ အဲဒီပို့စ်နဲ့တင် မမကွန်ဆီကို ကျွန်တော် အမြဲတမ်း ရောက်ဖြစ်သည်။ အရိုးရှင်းဆုံး ဝန်ခံရရင် ကျွန်တော် စာရေးချင်သော ပုံစံဟာ မမကွန်ရဲ့ ပုံစံ ဖြစ်ပေမဲ့ သူ့လို ကျွန်တော် ဖြစ်မြောက်အောင် မရေးတတ်ပါ။ သူ့စာတွေမှာ တိုတို ထိထိ မိမိ နဲ့ အတွေးတွေက ကျယ်ဝန်းလှပါသည်။ တချို့ဆိုရင် စာလေး ၃ ကြောင်းလောက်ကို ကျွန်တော် အတော်ကြီးကို တွေးဖတ်ရလောက်အောင် ကျယ်ပြန့်ပါသည်။

၃။ မရွှေစင်ဦး

ကိုယ်ဖတ်ခဲ့သမျှ စာတွေကို သူများတွေကို ဖတ်စေချင်လို့ ဒိုမိန်းတောင်မှ ဝယ်ပြီး တကူးတက ရေးပေးနေတဲ့ အစ်မတစ်ယောက်ပါ။ စာဖတ်အားကို လေးစားသလို ၊ ရေးအားကိုလည်း ကျွန်တော် လေးစားရပါသည်။ သူများစာတွေကို ရေးတင်ပေးနေရုံ သက်သက်လား ဆိုတော့လည်း ကိုယ်ပိုင် အတွေးအရေးတွေမှာလည်း ပြောင်မြောက်လှသူ တစ်ဦးပါ။ ဥပမာ - ရွှေစင်ဦးရဲ့ ချစ်ကိုယ်တွေ့ ၊ ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ အစရှိသည်တို့မှာလည်း မရွှေစင်ရဲ့ တင်ပြရေးသားပုံတွေက ကောင်းလှပါသည်။ ကိုယ်ပိုင် အတွေးအရေးတွေကလည်း ညက်ညောလှပါသည်။ တစ်ခါတစ်လေ ကျွန်တော် ဘယ်လို မန့်ရမယ် ဆိုပြီး မသိအောင်တောင်မှ ဖြစ်မိသည်။ အခု တစ်ပုဒ်ဖတ်ပြီးလို့ ခဏလေး နေပါတယ် နောက်တစ်ပုဒ် တတ်လာအောင်ကို စာရေးအားကလည်း ကောင်းလှပါသည်။ အတိုချုပ်ပြီး ဆိုရရင်တော့ မရွှေစင်ဦးနေရာက ကျွန်တော့်အတွက်တော့ နှစ်ပေါင်းများစွာက ကျွန်တော် လက်လှမ်းမမှီသော စာများကို စုစည်းပေးထားတဲ့ “ စာကြည့်တိုက်ကြီး ” လိုပါပဲ။

ထိုလူသုံးယောက်ရဲ့ တင်သမျှ ပို့စ်တွေကိုတော့ ကျွန်တော် မလွတ်တမ်း ဖတ်နေပါတယ်။ တခြားသော နေရာများကိုတော့ ကျွန်တော် အလျင်းသင့်သလို ရောက်ပြီး ဖတ်ဖြစ်ပါသည်။ “ အရမ်းကောင်းတယ် ၊ ခံစားရတယ် ၊ ကြိုက်တယ်နော် ”  ဒီလိုတွေ မမန့်ချင်သော ကျွန်တော့် အတွက် တချို့နေရာတွေမှာ တိတ်တဆိတ်ပဲ ပြန်လာခဲ့တာတွေလည်း ရှိပါသည်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က သေချာ မဖတ်ဘဲနဲ့လည်း မမန့်ချင်ပါ။ ထိုစာရေးသူကို စော်ကားလိုက်သလိုပဲလို့လည်း ခံစားရသည်။ တချို့ကတော့ သေချာ မဖတ်ဘဲ ရောက်ကြောင်း မန့်သွားလေ့ရှိပါသည်။ တင်ထားသော ပို့စ်နဲ့ သူ မန့်ထားတာ တခြားစီ ဖြစ်နေတတ်သည်။

ဒါကြောင့် တခြားနေရာတွေမှာ ကျွန်တော် ရောက်ဖြစ်ပြီး စာတွေလည်း ဖတ်ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော် စိတ်ထဲမှာ ဖြစ်ပေါ်ခံစား ခဲ့ရရင်တော့ ကျွန်တော် မန့်သွားမှာပါ။ သို့သော် များသော အားဖြင့် အတွေးမပါသော ဟီးဟီးဟားဟား နေရာများကိုတော့ ကျွန်တော့်ရဲ့ မအားလပ်မှုကြောင့် ရောက်ဖြစ်တော့မည် မဟုတ်။ အတွေးပေးနိုင်သော ၊ အသိပညာပေးနိုင်သော နေရာတွေကိုတော့ ကျွန်တော် အချိန်လေး အားတာနဲ့ ရောက်ဖြစ်နေဦးမှာပါပဲ။

အင်တာနက်ကို သူများတွေ ဘယ်လို အသုံးချနေတယ် ဆိုတာ ကျွန်တော် မသိပါ။ ကျွန်တော်အတွက်တော့ ဘလော့ရေးတယ် ဆိုတာ ကျွန်တော့် စိတ်ထွက်ပေါက် အနေနဲ့ ရေးနေတာ မဟုတ်တာတော့ သေချာပါသည်။ ချက်တင်ထိုင်ပြီး ကုန်သွားမဲ့ အချိန်လေးမှာ တစ်ခုခုကို ဖတ်မိ မှတ်မိသွားစေချင်သော စိတ်နဲ့ ကျွန်တော်စာရေးပါသည်။ အရင်က ရူးရူးမိုက်မိုက်နဲ့ ကိုယ့်အကောင့်နဲ့ သူများကို ချက်ခိုင်းတာမျိုး ၊ ကိုယ့်ဓါတ်ပုံကို ကူးပြီး မဖျက်ဘဲ ပြန်ပေးလိုက်တာမျိုး ( ဖျက်လိုက်ရင်တောင်မှ Recover Software တွေနဲ့ ပြန်ယူနိုင်ပါတယ်။ ) အခုနေ အချိန်မှာတော့ ကျွန်တော် မဖြစ်တော့ဘူးပေါ့ဗျာ။ ဒီလိုပါပဲ ကျွန်တော့်လိုလည်း ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ကြုံလိုက်ရရင် အထူးဆန်းတွေ ချည်းပဲလေဗျာ။

နောက်ထပ်သာ ကျွန်တော် အွန်လိုင်း အက်ဆေး ရေးဖြစ်ခဲ့ရင် ကျွန်တော် ပေးချင်သော နောက်ထပ် ဘလော့အကယ်ဒမီရှင်များ များများစားစား ပေါ်လာပါစေ။

*** အင်တာနက် ဆိုတာ ဗဟုသုတ ဘဏ်တိုက်ပါ။ ***

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဒီပို့စ်ရဲ့ အဆုံးမှာ  ကျွန်တော် နောက်ဆုံး အနေနဲ့ ပြောထားချင်တာလေး တစ်ခုရှိပါသည်။ ဒါကို သေချာစွာ ဖတ်သင့်ပါသည်။

“ တကယ်တော့ လူတွေ အားလုံးဟာ သာမာန်အားဖြင့် ကောင်းကြပါသည်။ သို့သော် အခြေအနေ တစ်ရပ်ကို ဖြတ်သန်းခံရသော အခါမှာတော့ လူတချို့ဟာ ပြောင်းလဲသွားတတ် ကြပါသည်။ ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

peter kyaw said...

ကိုဇော်ရေ....
ခင်ဗျားတို့ အဲဒီလိုမြှောက်ပေးလို့ ကျွန်တော့် မှာဖြင့် 
ဒူလာစွဲရမလောက် ဖြစ်နေရပါပြီဗျာ...
ဟဲဟဲ...
ဓါးနဲ့ ထိုးမယ်...သတ်မယ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာ
နဲ့ စာယင်တော့ အများကြီးပီတိဖြစ်ရပါတယ်...

အထူးသဖြင့် ကိုယ်လေးစားတဲ့ ဆရာသမားတို့ လိုလူ
တွေဆီက ရှားရှားပါးပါးကျောသပ်စကားလေးကြား
ရတော့ အမောပြေမိပါတယ်...

ကိုဇော်လည်း စေတနာကောင်းကောင်းနဲ့ စာကောင်း
တွေအများကြီးဆက်လက်ရေးသားတင်ပြနိုင်ပါစေဗျာ...

khin oo may said...

အဟမ်း
မနေတတ်မထိုင်တတ်ဖြစ်ရပါတယ်။ ကျေးဇူးတင်ပါတယ်. သို့သော်ငြားလည်း. ကိုယ့်ထက်ကောင်းတဲ့သူတွေ အများကြီးရှိတယ်ဆိုတာသိပါတယ်။ သိလို့ ဘလော့ရေးရင် ကိုယ့်ဘာသာ ကိုယ်အရင်ရေးရပါတယ်။ သူတို့ရေးထားတာ သွားဖတ်မိရင် ရေးဘို့စိတ်ဓါတ်ကျသွားမိတတ်တပါတယ်။ သူတို့ရေးထားတာတွေ သိတ်ကောင်းတယ်။ ။
လေးစားစွာဖြင့်..

နေ၀သန် said...

ဝါး.. ရေးတဲ့သူတော့မသိဘူး.. ဖတ်တဲ့သူတော့ အတော်ကိုရှည်သွားတယ်... :D...

လူ ၇၀၀၀ ကျော်ဆိုတာ နည်းတာမှ မဟုတ်ပဲ...။ ဒါကြောင့်လည်း ကိုဇော်ရှိလားဆို ပုန်းကနဲ အထဲက တက်လာတာ... ဟီး

အင်တာနက်ဆိုတာ တကယ်တော့ အရမ်းကို အဖိုးတန်သလို ကြောက်စရာလည်းသိပ်ကောင်းပါတယ် အစ်ကိုရေ....

ဒါနဲ့ ကိုဇော့်ဓါတ်ပုံတွေ ယူသုံးလေ့ရှိကြပုံပဲ... လူချောလေးမို့နေမှာပေါ့ဗျာ.. ဟဟ ... နောက်သာနောက်လိုက်တယ်..အဲဒီကိစ္စကတော့ အတော်ဆိုးတယ်.... တတ်နိုင်ရင် ကိုယ့်ဓါတ်ပုံ ပရိုဖိုင်းတွေကို သိပ်ခင်တဲ့သူတွေပဲ မြင်အောင်လုပ်ထားရင်အကောင်းဆုံးပါပဲ.....


ခင်မင်တဲ့
နေ၀သန်

~ဏီလင်းညို~ said...

ကိုဇော်ရေ့.....

လာလည်သွားပါတယ်.............း)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

ဓါတ်ပုံကိစ္စတွေကတော့ internet စခေတ်စားကတည်းကပဲ ထင်တယ်နော်...

SHWE ZIN U said...

ကိုဇော် ရေ

အခုလို ရွှေစင်ဦး ကို ထင်မြင်တဲ့ အတွက် ကျေးဇူး တင်ပါတယ်

အခြေအနေ တခု ပေးတုန်း ကိုယ် တတ်နိုင် တာလေး လုပ်ပေးတာပါ

ကိုဇော် ပေးတဲ့ ဘလော့ အကယ်ဒမီ ကြီး ကို ပိုက်ပြီး ဝမ်းသာအားရ နဲ့ ပြန်ပြီဗျာ

သြ ဒါနဲ့ အကယ်ဒမီ ရလို့ မုန့်ကျွေးအုန်း ဆိုရင် ကိုဇော် စီလွှတ်လိုက်မယ်နော်

ကိုဇော်လည်း အခုထက်ပိုပြီး စာဖတ်သူ အကျိုးရှိစေမယ် အတွေးအခေါ် အယူအဆ လေး တွေ ကိုတင်ပြနိုင်ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ် ဗျာ (အတွေးကောင်းသူ တယောက် သူများ မတွေး မိတာကို တွေးတတ်သူ တယောက်မို့ပါ)

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Aung Linn said...

တော်တော်ကောင်းတဲ့ပိုစ့်ကလေးပါ။
တော်တော်ကို ရယ်ရလို့ပါ။
နောက်လဲ ဒီလို ဟာသလေးတွေ များများ တင်ပေးပါဦး။

ရယ်စရာများကို ဖတ်ချင်သူ

ခိုင်နုငယ် said...

အင်း..ဘာပြောရမှန်းကိုမသိအောင်
ပြည့်စုံလွန်းပါတယ်။
စာဖတ်သူအတွက်..သုသုံးခုလုံး
မဖြစ်နိုင်ခဲ့ရင်တောင်..သုတစ်ခုခုတော့
ကျန်အောင်ကြိုးစားပါအုံးမည်။
အဲ...အကယ်ဒမီလိုချင်လို့တော့ဟုတ်ဖူးနော့


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုရီး{ကိုကြီး} said...

ဖတ်သွားပါတယ် လူဇိုးကြီးရေ
အနှစ်ကျတယ်လို့ပဲ ပြောပါရစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ahphyulay said...

ဟေ့ ...
ရေးချင်တာသာ ရေးပါဗျ၊
ရေးချင်စိတ်ရှိဘို့ ရယ်၊ တစ်ခုခု ပေးချင်တဲ့  စေတနာ
လေး ရှိဘို့ ရယ်၊ သူများကို ဖတ်ကောင်း စေချင်တဲ့ 
စေတနာ လေး ရှိနေရင်ပြီးရော..။
စာနဲ့  တူအောင်ရေးနေသမျှတော့  စာ ကို ချစ်တဲ့ 
သူတွေ ဖတ်နေအုံးမှာပဲ။

ရွေနတ်သား said...

ချက်တင်လောက ကတော့ ပြောမကုန်ပါကိုဇော်ရေ..
အခုနောက်ပိုင်း အနော်လည်း ဂျီပုန်း (ဂျီတော့်ခ်မှ ပုန်းနေတာကိုပြောနေတာနော်...တလွဲမတွေးနဲ့ နော်)
ကြီးလိုလိုဖြစ်နေပါပြီ....

dream of dream said...

ကိုကြီးဇော်ရေ ကျွန်တော် ထင်တာထက်တောင် အတွေအခေါ်တွေ ကောင်းနေပါလား....
ARC (တချိန်တုံးက )ESC မှာ ကိုဂျွန် ကောလင်းတို့နဲ့ရေးတာ ထက် အခု ပိုသွက်နေ တာ တွေရတော့ လေးစားပါတယ်............။

Anonymous said...

သောက်ရူး
တကယ် ရီရ တယ် ဘာတွေ ရေးမှန်း ကို မသိဖူး

ဝေ

Anonymous said...

သြော် .. မေ့လို့ တခုကျန်သွား သေးတယ်..
ဖြည့်စွတ်ပြီး ထပ် ပြောလိုက် အုန်း မယ် နော်...

ဘ၀င်ရူး...

စိတ်ဆိုးနဲ့ နော် ခင်လို့ ပြောတာ

ဝေ

Han Min Htut ( arloo ) said...

chatting ကျနော်လည်း မကြိုက်လို့ တော်သေးတယ်
ဘလော့ဖတ်ဖြစ်တော့ ကြိုက်ပြီး စလုပ်ဖြစ်တယ်
mmgenius နောက် blogspot ... ဘမ်းတော့ မကျော်ခွတတ်လို့ multiply ရောက်ပြီး ဆက်ရေးဖြစ်တယ်

ဘာကြောင့်ရေးနေမှန်းမသိပေမယ့် ဘလော့ကိုတော့ ဆက်ရေးဖြစ်တယ် ... အဓိက က Share ချင်လို့ ဘဲထင်တယ်

ကိုဇော် ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ပါ
ကိုပီတာ စာတွေလည်း Reader နဲ့ မလွတ်တမ်း ဖတ်နေကြပါ ... အခြား အစ်မ နှစ်ယောက်တော့ မဖတ်ဖူးသေးဘူး ... ကိုဇော် ညွှန်းမှတော့ သွားဖတ်ကြည့်မိတာပါ

ကိုဇော် သ သုံလုံးကို ကြိုက်တယ်
စိတ်ဓာတ်ကိုလည်း လေးစားပါတယ်
အခု လူငယ်တွေက Facebook တော်တော်သုံးနေကြတယ် ... လူငယ်တွေကို ဒီလိုစာမျိုးတွေ ဖတ်စေချင်တယ် ...
ကိုဇော် Facebook share လို့ ရတဲ့ tag လေးထည့်စေချင်တယ် ... ဒါမှ လူငယ်တစ်ချို့ ဖတ်ဖြစ်ကြပြီး သ သုံးခု ရကြမှာ ... Facebook မှာ ကိုဇော် ပို့ စ် တွေ ပလူပျံနေတာ မြင်ချင်တယ်ဗျာ

ခင်မင်လျက်
Han Min Htut (amaeteur,arloo)

Anonymous said...

နေမြင့်လေ အရူးရင့်လေပါလား...
မကောင်းတတ်လို့ အားနာပြီး ၀ိုင်းလက်ခုပ်တီးကြတာကို ပျော်ပျော်ကြီး ကပေဦးတော့..
ဘလော့ဂါတွေကပဲ သူပေးတဲ့ အကယ်ဒမီလိုချင်လို့ 
စာရေးသလိုဖြစ်နေပြီ

အမြင်မတော်တဲ့ စာဖတ်သူတစ်ဦး

Anonymous said...

မင်းလို ဘ၀င်ရူးနေတဲ့ ကောင်ရဲ့ စာလဲမဖတ်ချင်သလို မင်းလို သောက်ရူးရဲ့ အကယ်ဒမီလဲ မလိုချင်ဘူး။
မင်းဂျီတော့ မှာ ပုန်းနေလို့သာ တော်တော့တယ်..
အကောင့်သစ်တစ်ခုနဲ့ ဖွင့်ပြီး တစ်နေကုန်နဲ့ တစ်ညလုံး ဂျီတော့မှာ ကျူနေတာ ဘယ်သူမှ မသိဘူး ထင်လို့လား .. မင်းအီမေလ်းအကောင့်နံမည် ငါကြေငြာလိုက်ရမလား... သောက်ရူးကောင်
မသိဘူးထင်ပြီး စွတ်အာမနေနဲ့ ။
ကိုယ့်ကိုယ်ကိုယ် ဇန်းတင်ချင်တာနဲ့ ကျန်တဲ့ ဘလော်ဂါတွေကိုအရည်မရ အဖတ်မရလို့ ပြောတာ မင်းက ဘာကောင်မို့လဲ.။ မင်းတစ်ယောက်ရှိတာ ဘလော့လောကတစ်ခုလုံး နံမည်ပျက်တာ..ကိုယ်နံမည်ကြီးချင်လို့ စာရေးတိုင်း ကျန်တဲ့ သူတွေကို မပုတ်ခတ်နဲ့။

ကလျာအောင် said...

Anonymous said... တို့ရေ
သတ္တိရှိရင် ကိုယ့်နာမည်ကိုထည့် ရေးပေး သင့်တယ်ကွဲ့.. သောက်ရှက်မရှိတဲ့ မိမဆုံးမ ဖမဆုံးမ သားသမီးတွေရဲ့။ နင်တို့ ဘလော့တွေကို မညွှန်းလို့လား? ငါက ဘယ်သူ့ဘက်မှ ဘက်လိုက်ပြီးပြောတာမဟုတ်ဘူး။ ရေးထားတဲ့စာကို သေချာဖတ်ကြည့် ဘ၀ရူးပြီး ရေးထားတာ ဘာပါလဲဆိုတာ... မြန်မာအချင်းချင်းစကားတော့ မများချင်ပါဘူး.. ဒါပေမဲ့ လူတိုင်းကို နင့်တို့စိတ်ပုတ်တွေနဲ့ မနှိုင်းစေချင်ဘူး.. နင်တို့ မိကောင်းဖခင် သားသမီးတွေ ဖြစ်ချင်တယ်ဆိုရင် ရပ်တန်းကရပ်ပါ။ နင်တို့ ဒီ.netကို မကြိုက်ရင် လာမဖတ်နဲ့ပေါ့။ ငါလဲ ငါမကြိုက်တဲ့ ဘလော့တွေဆို တစ်ခါပဲ ဖတ်တယ်။ နောက်ဘယ်တော့မှ ပြန်မသွားတော့ဘူး။ အထူးသဖြင့် မြန်မာစာသတ်ပုံမှားတဲ့ ဘလော့တို့၊ (မင်းအီမေလ်းအကောင့်နံမည်) အောက်ကမြင့်ကို နေရာမှားနေတဲ့ ဘလော့တို့ဆို ပြန်မသွားတော့ဘူး။ အကျိုးရှိတဲ့စာပေမဲ့ သတ်ပုံမှား၊ ရရင့် ရပင့်မှားတဲ့ ဘလော့တွေဆို စာက ဘယ်လောက်ပဲ ကောင်းကောင်း ဖတ်ရတဲ့ ငါ့အတွက် ပေါ့ပျက်ပျက်ဖြစ်သွားလို့ကို မသွားတော့တာ. ဒီ.netကိုတော့ ငါအမြဲလာတယ်.. သတ်ပုံမှန်တယ်.. အထားအသိုမှန်တယ်.. ဗဟုသုတရတယ်.. အေး ဒီ.net ပိုင်ရှင်ဟာ ငါ့အမျိုးမဟုတ်သလို၊ ငါ့သူငယ်ချင်းလဲ မဟုတ်ဘူး။ နင်တို့ရဲ့ အဆင့်မရှိတဲ့ ပါးစပ်နဲ့ ဟိုပြောဒီပြောခံရမှာစိုးလို့ ကြိုပြောထားတာ။ အဲဒါကြောင့် နင်တို့လဲ တွေ့ရာဘလော့ဖတ်ပြီး အော်ချင်တာ အော်တဲ့ အဆင့်မရှိတဲ့ လူမဖြစ်စေနဲ့... ``လူပီသပါ´´ မြန်မာပီသပါ။

Anonymous said...

"အားနာတတ်ခြင်း"
ဟုတ်ရှာမယ်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.