မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 July 2010

16 ကျွန်တော့် ချစ်ရေးချစ်ရာ



ဤကမ္ဘာပေါ်မှာ အောင်သွယ်တော် နှစ်ယောက် ရှိတယ်လို့ ကျွန်တော် ထင်ပါသည်။ တစ်ယောက်က လေးနဲ့ မြားကို ကိုင်ကာ ချစ်ရေးချစ်ရာများကို ဆောင်ရွက်ပါသည်။ နောက်ထပ် တစ်ယောက်ကတော့ ကလောင်တံကို ကိုင်ကာ ချစ်ရေးချစ်ရာများကို ဆောင်ရွက်ပါသည်။

ဒါကြောင့် လေးကိုင်သော အောင်သွယ်တော်သည် လေးနဲ့ မြားကို အသုံးပြုခြင်းဖြင့် လူနှစ်ယောက်ကို တစ်ယောက်စီ မြားဖြင့် ပစ်ကာ ချစ်သူများ ဖြစ်သွားစေပါသည်။ ကလောင်တံကို ကိုင်သော အောင်သွယ်တော်ကလည်း လူနှစ်ယောက် ကို တစ်ယောက်စီ၏ နဖူးတွင် တစ်ယောက်နာမည်ကို ရေးလိုက်ခြင်းဖြင့် ချစ်သူများ ဖြစ်သွားစေပါသည်။ ဒါကြောင့် သူတို့ကို အောင်သွယ်တော် မြားနတ်မောင် နှင့် ဖူးစာရေးနတ် ဟု ခေါ်ကြပါသည်။

သို့သော် ထိုအောင်သွယ်တော် မြားနတ်မောင်၏ မြားချက်များသည် တစ်ယောက်ကို ထိမှန်၍ တစ်ယောက်ကို လွဲချော်ခဲ့မည် ဆိုပါက ၊ အောင်သွယ်တော် ဖူးစာရေးနတ်၏ နဖူးမှာ ရေးသော ကလောင်တံမှ မင်ရေများသည် ကျဲတောက်ကာ အရာမထင် ဖြစ်နေသည် ဆိုပါစို့။ ထိုအောင်သွယ်တော်များ၏ အောင်သွယ်ချက်များသည် လွဲချော်သွားပါတော့သည်။ ဘယ်လို လွဲချော်သွားပါသလဲ ဆိုတာကို ကျွန်တော် ဥပမာလေးနဲ့ ပြောပြချင်ပါသည်။

သို့သော် ထိုဥပမာ ပေးရမည်သူက တခြားသူ၏ အချစ်ရေးကို ဥပမာပေးရမှာ အလွန်မှပင် အားနာလှပါသည်။ ထို့ကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ဥပမာလေးသာ ပေးချင်ပါတော့သည်။ ကျွန်တော့်အပေါ် အောင်သွယ်တော် နှစ်ယောက် ရက်ရက်စက်စက် လွဲမှားချက်လို့လည်း ဆိုလို့ရပါသည်။



အထက်တန်းကျောင်းသား ဘဝရဲ့ နွေနေ့များဟာ ပျော်စရာ အတိဖြစ်ပါသည်။ ဘယ်ကို ကြည့်ကြည့် ညှိုးရော်ရော်နဲ့ အရာရာတိုင်းက မိုးကို မျှော်နေကြသည်။ ဒီအချိန်မှာ သွက်လက် ဖြတ်လတ်တဲ့ အရာတွေဆိုလို့ ကျောင်းတတ်ခါစ ကျွန်တော်တို့ ကျောင်းသားတွေသာ ဖြစ်နေလိမ့်မယ်။

ကျောင်းသား တစ်ယောက်ရဲ့ မုန့်ဖိုးဆိုတာ ဘယ်လောက်မှ လောက်ငတယ် ဆိုတာ ကျွန်တော် မသိပေမဲ့ ကျွန်တော်ကတော့ အိမ်က ပေးသမျှ မလောက်ပါဘူး။ အထူးသဖြင့် ဘောလုံးစုကန်ရင် အဓိက ကျွန်တော်က ပိုက်ဆံ စိုက်တတ်သဖြင့် နိုင်ရင် နိုင်သမျှအကုန် အောင်ပွဲ ဆင်နွှဲရင်း ကုန်သလို ၊ ရှုံးပြန်တော့လည်း ကျွန်တော့် စုထားသမျှ မုန့်ဖိုးလေးတွေ ပါသွားတာပါပဲ။ ဒီအချိန်ဆိုရင် သူများတွေ မုန့်စားဆင်းလို့ ပလပ် ပလပ် နဲ့ မုန့်စားနေတဲ့ အချိန်မှာ ကျွန်တော်တို့ သူငယ်ချင်း တစ်စုကတော့ ငုတ်တုပ်ထိုင်ကာ ငတ်နေတတ်ပါသည်။

“ ဟေ့ကောင်. . . လာပြီ ၊ လာပြီ။ ”

ဖြိုးကျော် ရဲ့ အသံကြားရာကို လှည့်ကြည့်ပြီး သူမေးဆတ်ပြရာကို တဆက်တည်း ကြည့်လိုက်တော့ “ မိုးမိုးစန်း ” က အပြေးလေးလှမ်းလာတဲ့ ခြေလှမ်း မဟုတ်ပေမဲ့ သူ့ဖာသာသူ ခပ်သွက်သွက် လျှောက်လာသည်။ ကျွန်တော့်နား ရောက်တော့. . .

“ ရော့. . . နင့် ဘာမှ မစားရသေးဘူး မဟုတ်လား။ ”

ပြောပြောဆိုဆိုနဲ့ လက်ထဲကို သူဝယ်လာတဲ့ မုန့်ထုပ်တွေ ထည့်ပေးပြီး လှည့်ထွက်သွားသည်။ ( တကယ်တော့ လှည့် လှည့်ပြီး ထွက်သွားတာ မဟုတ်ပါ။ သူ့မျက်နှာမူရာကိုပဲ ထွက်သွားတာပါ။ ဦးတည်ရာလို့လည်း ဆိုကြပါသည်။ ) သူလည်း လှည့်ထွက်သွားရော ကျွန်တော့်လက်ထဲက မုန့်ထုပ်တွေကို အားလုံးက ဝိုင်းဖောက်ကာ စားလိုက်ကြပါသည်။ စားရင်းနဲ့ ပလုပ်ပလောင်းပါပဲ ပြောကြသည်။

“ ဟေ့ကောင် ကိုဇော် ၊ မင်းအပေါ်မှာ မိုးမိုးစန်းက အရမ်းကောင်းတယ်နော်။ သူ မင်းကို ဟိုဝှာ ပြုနေတယ် ထင်တယ်။ ”

“ အမ်. . . ဘယ်ဟိုဝှာလဲ။ ပေါက်ကရ လျှောက်မပြောနဲ့ ဟေ့ကောင် ၊ အခု မင်းတို့လည်း အားလုံး စားနေရတာပဲလေ။ ”

“ ဒါကတော့ ငါတို့က မင်းဘေးနားမှာ ရှိနေတာကိုး ၊ တကယ်တော့ သူကျွေးချင်တာ မင်းတစ်ယောက်တည်းကို ဖြစ်လိမ့်မယ်။ မင်းကိုပဲ တိုက်ရိုက်ကြီး လာလာပေးနေတာလေ။ ”

“ ဟာ. . . ဟေ့ကောင် တော်တော် ၊ မင်းလုပ်တာနဲ့ သူငယ်ချင်း အချင်းချင်း ခင်မင်မှု ပျက်လိမ့်မယ်။ ”

ဒီလို ကျွန်တော် တားတားဆီးဆီး ပြောပေမဲ့ မိုးမိုးစန်းရဲ့ သံယောဇဉ် ၊ ခင်မင်မှုထက် ပိုမှုတွေထဲမှာတော့ ကျွန်တော် ရုန်း မထွက်နိုင်ခဲ့ပါဘူး။ သူကလည်း ကျွန်တော့်အတွက် ဆိုပြီး နေ့တိုင်း တစ်ခု မဟုတ် တစ်ခု စားစရာ ပေးတတ်ပါသည်။ အနေကြာလာတော့ ရင်ထဲမှာ ငွေ့ရည်တွေ ဖွဲ့ပြီး သူ့ကို ကျွန်တော် တစ်နေ့တော့ ကော်ရစ်တာ ထောင့်မှာ စကားပြောခဲ့ပါသည်။

“ ဟဲ့. . . မိုးမိုးစန်း ၊ နေဦး။ ”

“ ဟဲ့ ကိုဇော် ၊ ဘာတုန်း ” လို့ သူ ပြန်မဖြေပါဘူး။ မျက်လုံးတွေကို ပင့်ကြည့်ပြီး မေးလေးပဲ ဆတ်ပြပါသည်။ ကျွန်တော်ကလည်း ပြောသင့် မပြောသင့် ချင့်ချိန်နေတဲ့ ဟန်နဲ့ ( တကယ်ကို ကျွန်တော် ချင့်ချိန်နေရင်း ) သူ့ကို ကျွန်တော် ဖြေးဖြေးချင်း ပြောမိပါသည်။

“ နင့် ငါ့အပေါ် ဘာလို့ ဒီလောက် ကောင်းတာလဲ ဟာ။ ”

“ - - - - - - - ”

သူ့ဘက်က တိတ်ဆိတ်သွားရုံတင် မကဘဲ သူ့ ခေါင်းပါ ငုံသွားသည်။ ကျွန်တော်ကတော့ ကျွန်တော့်ရင်ထဲမှာ သူ့ကြောင့် ဖြစ်တည်လာတဲ့ အတိုင်း ဆက်ပြောမိသည်။

“ နင့် ငါ့အပေါ် အရမ်းကောင်းတယ်နော်။ နေ့တိုင်းလည်း မုန့်တွေ ဝယ်ဝယ်ကျွေးတယ်။ ဒါကြောင့် ငါ ဒီလို စဉ်းစားမိတယ်ဟာ . . . ”

ဒီတော့ သူက ရုတ်တရက် မျက်နှာလေး မော့လာပြီး မေးတယ်။

“ ဘယ်လို စဉ်းစားမိတာလဲ။ ”

“ သြော်. . . နင့်က ငါ့အတွက် မုန့်တွေ ဝယ်လာပြီး ကျွေးတယ်လေ။ ဒါပေမဲ့ နင့်မှာလည်း နင့် အတိုင်းအတာ လောက်ပဲ ဝယ်ကျွေးနိုင်မှာပေါ့။ ဒါက အကြောင်း မဟုတ်ဘူး။ အကြောင်းရင်းက ဟိုကောင်တွေက နင်သွားတာနဲ့ နင် ငါ့ကို စားဖို့ ပေးထားခဲ့တဲ့ မုန့်တွေကို လုပြီး ဝိုင်းစားတယ်။ ”

“ ဒါကတော့ နင်က ညံ့တာကိုး။ ငါက နင်တစ်ယောက်တည်းပဲ စားဖို့ ပေးတာလေ။ ”

“ အေးလေ. . ဟုတ်ပါတယ်။ ဒါကြောင့်လည်း ငါ အခုလို စဉ်းစားမိတာပေါ့။ ”

“ ဘ ယ် လို လဲ . . . ”

သူ ယောင်ဝါးဝါး မျက်လွှာလေး ချပြီး ခပ်တိုးတိုးမေးသည်။ ကျွန်တော်ကလည်း ဟိုးအဝေးကို ငေးရင်း ဖြေလိုက်ပါသည်။

“ ငါလေ စဉ်းစားမိတယ်။ နင့်လို လူမျိုး လေးယောက်လောက်သာ ရှိရင် ကောင်းမယ်လို့. . ”

“ ဘာရယ်. . ”

“ သြော်. . နင့်လို ငါ့ကို မုန့်ဝယ်ကျွေးတဲ့ လူမျိုးလေ ၊ အဲဒီလိုလူ လေးယောက်လောက်ဆိုရင် ငါ မုန့်ဝမှာလို့ စဉ်းစားမိလို့ ပြောတာပါ။ အခုကျတော့ ငါ့မှာ ဟိုကောင်တွေနဲ့ လုစားနေရသလို ဖြစ်နေတော့ မဝဘူးပေါ့ဟာ။ လေးယောက်လောက်ကသာ ဒီလို ကျွေးနေရင် ငါလည်း ဝတာပေါ့။ ဒါကို ပြောတာပါ။ ”

“ ဘာ. . . ၊ နင် . . . နင်. . . နင်. . .”

ဆိုပြီး စကားကို အထစ်ထစ် အငေါ့ငေါ့ ပြောပြီး မိုးမိုးစန်း လှည့်ထွက်သွားပါသည်။ သူဘာလို့ စိတ်ဆိုးသွားတယ် ဆိုတာကို ကျွန်တော် အခုထိ စဉ်းစားလို့ မရခဲ့ပါ။ အဲဒီနေ့က စပြီးတော့ သူကျွေးသော မုန့်ကိုလည်း ကျွန်တော် မစားရတော့ဘဲ ဘောလုံးကန်ရာက မနိုင်ခဲ့တဲ့ နေ့ဆိုရင် ကျွန်တော် မုန့်ဖိုး ပြတ်ကာ ငတ်ပါတော့သည်။



အထက်တန်းကျောင်းသားရဲ့ နောက်ဆုံးဘဝ ပညာကို သင်ယူဖို့ ကျောင်းတတ်ဖို့ရာ အချိန် ၊ ကျောင်းပိတ်ထားသော စပ်ကူးမတ်ကူး ကာလကို ကျွန်တော် အိမ်မှာ နေရင်း ဘောလုံးကန်ကာ စောင့်ပါသည်။ နေပူပူ မိုးရွာရွာ အချိန်အခါ မရွေး ကျွန်တော် ဘောလုံးကန်တတ်သည်။ တစ်နေ့တော့ မိုးရွာနေသော အချိန်မှာ ကျွန်တော်တို့ ဘောလုံးကန်ကြရင်း ကျွန်တော့် သူငယ်ချင်း ကန်လိုက်တဲ့ ဘောလုံးကို ကျွန်တော့် ခြေထောက်နဲ့ ထိကာ မြောက်တတ်သွားပြီး အစ်မ အရွယ် တစ်ယောက်ကို သွားထိမိပါတော့သည်။

“ ဟာ ”

ခနဲ အားလုံးဆီက အသံထွက်လာပါသည်။ မိုးရွာနေတော့ မိုးရေနဲ့ အတူ ပေနေတဲ့ ရွံအကွက်လိုက်ကြီးက အစ်မကြီး အင်္ကျီမှာ အထင်းသား ဆေးမဆိုးဘဲ ပန်းရိုက်ထားသလို ဖြစ်ပါသည်။ ရုတ်တရက် အစ်မကြီးက လှည့်ကြည့်ပြီး . .

“ မင်းတို့ တော်တော် စည်းကမ်း မရှိတာပါလား။ ”

ဆိုကာ အော်ပါတော့သည်။ အားအပြင်းနဲ့ ကန်သူ ကျွန်တော့်သူငယ်ချင်း ၊ လားရာ ပြောင်းအောင် သွားတားမိသူ ကျွန်တော့်မျိုး ၊ ပဲများကာ လမ်းလျှောက်သူ ထိုအစ်မကြီး ၊ ဒီလို လူသုံးယောက်မှာမှ ဘယ်လိုပဲ ဖြစ်ဖြစ် ကြီးတဲ့ အမှုကို အမှုန့် ဖြစ်အောင် ကျွန်တော်ကပဲ တောင်းပန်လိုက်ပါတယ်။

“ ဆောရီးနော် အစ်မ ၊ တကယ်ကို မတော်လို့ပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ”

ဆိုပြီး ချိုသာပြေပြစ် လှစွာသော စကားနဲ့ လှပသော ကျွန်တော့် အပြုံး ( အဟဲ ) တွေနဲ့ တောင်းပန်လို့ အပြီးမှာတော့ အဖုအကျိတ်ဆိုရင် ပေါင်ဒါဘူးထဲတောင်မှ ထည့်လို့ရတယ် ဆိုတဲ့ ဒေဝယက္ခဆေးကို သုံးလိုက်ရသူလို အစ်မ ရဲ့ အဖုအကျိတ်တွေ ပျောက်သွားကာ မျက်နှာလေး ပျော့ပြောင်းသွားပြီး ထွက်သွားပါတော့သည်။

အမှတ်ဆိုတာ ဘယ်မှာ ရှိပါသလဲ ကျွန်တော် မသိတော့ မိုးရွာတိုင်း သူငယ်ချင်းတွေနဲ့ ဝေးလား ဝါးလား ဘောလုံး ကန်ကြပါသည်။ ထိုအစ်မ ကလည်း အမှတ်မရှိတာ သေချာပါသည်။ ထို့ကြောင့် သူကလည်း ထုံးစံ အတိုင်း ပဲလေးများကာ ကျွန်တော်တို့ ဘောလုံးကန်ရာ လမ်းမပေါ်ကနေပဲ လမ်းလျှောက်ကာ ပြန်ပါသည်။ ဒီအချိန်ဆိုရင် အဖုအကျိတ်ကို မဆွရဘူးလို့ အဖွားပြောဖူးတာကို ကျွန်တော်က သတိရသူ ဆိုတော့ ဘောပွဲကို ခေတ္တဒိုင်လုပ် ရပ်နားကာ ထိုအစ်မ ကို လမ်းပေါ်မှာ အလျားလိုက် ပဲများကာ ဖြတ်သွားစေလိုက်ပါသည်။

“ ငါ့ အစ်မ လာတယ် ၊ ပွဲရပ်မယ်။ ”

လို့ ဆိုကာ ကျွန်တော်က လက်ကို မြှောက်တားကာ ပွဲကို ရပ်စေလိုက်သည်။ ဒီလိုဆိုတော့လည်း ထိုအစ်မ ရဲ့ မျက်ထောင့်ဝန်းကနေ ကျွန်တော့်ကို ငဲ့ကြည့်တာလေးကို ဘယ်လိုမှန်း မသိပေမဲ့ ကျွန်တော် အလကား လက်ခံရရှိခဲ့သည်။ နေ့စဉ် မြင်တွေ့ခါများတော့ ထိုအစ်မ နဲ့ ကျွန်တော် မျက်မှန်းတန်း ၊ နောက်. . . မျက်နှာမှန်းတန်းရာမှ ခင်မင်လာခဲ့ပါသည်။

ဘောလုံးတစ်လုံးကို ဘယ်လို တားဆီးရမယ် ၊ ဘယ်လို လိမ်ခေါက်ဆွဲယူကာ ဂိုးထဲကန်သွင်းရမယ် ဆိုတာသာ သိသော ကျွန်တော့်အတွက် ထိုအစ်မရဲ့ လူကျွံဘောတွေကို ကျွန်တော် မဲနောက် မဖမ်းတတ်မိခဲ့ဘူး။ သူက လမ်းကို ဖြတ်လျှောက် ၊ ပြေးလွှားကန်ကျောက်နေတဲ့ ကျွန်တော်တို့က ကစားပွဲကို ရပ်ပေး ၊ ဒီလိုနဲ့ပဲ ညနေခင်းတွေက နွေးထွေးခဲ့ပါသည်။ တစ်နေ့တော့ လမ်းပေါ်မှာ ကစားနေတဲ့ ကျွန်တော့်ကို ထိုအစ်မက လှမ်းခေါ်ကာ စကားပြောတယ်။

“ မင်း ညနေ ၆ နာရီလောက် ကျရင် လမ်းထိပ်က ခဏစောင့်နေမလား ၊ အစ်မသွားစရာ ရှိလို့ ၊ ဒါကို အဖော်လိုက်ပေးမလား။ ”

“ ဟုတ်ကဲ့ ရပါတယ်။ ”

ကျွန်တော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှု သဘောတူညီချက်ကို ကုလသမဂ္ဂကလည်း ဝင်ပြီး သဘောတူညီမှု ရအောင် လုပ်ပေးစရာ မလိုပါဘူး။ အေးဆေး ငြိမ်းချမ်းစွာပဲ သဘောတူညီမှု ရသွားခဲ့ပါသည်။ ညနေ ထိုအစ်မပြောတဲ့ အချိန်မှာ ကျွန်တော်က ဘောလုံးကန်တဲ့ ဝတ်စုံ ၊ ဘောင်းဘီတိုနဲ့ စောင့်နေတာ မဟုတ်မှန်းတော့ ပြောစရာ မလိုဘူး ထင်ပါတယ်။ ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံကို ကိုယ်မှာ ဒေါင်လိုက် ကောက်စွပ်ကာ လမ်းထိပ်မှာ ကျွန်တော် စောင့်နေခဲ့ပါသည်။

ထိုအစ်မ ရောက်လာတော့ မိုးကလည်း ရွာမနေပါ။ ထို့ပြင် နေကလည်း ညနေဆိုတော့ ပူမနေပါ။ ထို့ကြောင့် မြန်မာဗီဒီယို ဇာတ်ကားတွေ ထဲကလို ကျွန်တော်က ထိုအစ်မကြီးကို ထီးဆောင်းပေးရင်း ကျွန်တော်တို့ ဘာဘာညာညာ ဖြစ်မသွားခဲ့ကြပါ။ ဖာသိဖာသာပဲ ထိုအစ်မဘေးကနေ လမ်းလျှောက်လိုက်လာရင်း လမ်းပေါ်မှာ တွေ့တဲ့ ခဲလုံးလေးတွေကို စိတ်မှန်းနဲ့ ဘောလုံးတစ်လုံးလို သဘောထားကာ လိုချင်တဲ့ နေရာကို ကန်လိုက်ရင်း ဂိုးသွင်းနေမိပါသည်။ လိုရင် ရောက်ရင် “ Yes ” ဆိုပြီးတော့တောင်မှ နှုတ်က ထွက်သွားပါသေးသည်။

“ မင်း ကလည်းကွာ ၊ အစ်မနဲ့ လမ်းလျှောက်တာတောင်မှ ကောင်းကောင်း မလျှောက်ဘူး။ ငြိမ်ငြိမ်လေး လျှောက်စမ်းပါ။ ”

ထိုအစ်မက ဒီလို ဟန့်တော့ ကျွန်တော် နည်းနည်းတော့ ကုတ်သွားပါသည်။ အမြီးကို ကုတ်ခြင်းတော့ မဟုတ်ပါ။ ခေါင်းကို ကုတ်လိုက်ပြီး ငြိမ်ကာ လိုက်သွားပါသည်။ ထိုအစ်မ ဘယ်ကို သွားတာလည်း ကျွန်တော် မသိပါ။ ခပ်လှမ်းလှမ်းကို လျှောက်လာခဲ့ပြီးတော့ “ အအေး သောက်ရအောင် ” ဟု ဆိုကာ အအေးဆိုင် တစ်ဆိုင်ထဲသို့ ဝင်ပါသည်။

“ ကျွန်တော် သတ်သတ်လွတ် စားထားတယ် အစ်မ။ ”

ဆိုပြီး မြန်မာ ဗီဒီယို ဇာတ်ကားတွေ ထဲကလို ဟန်ဆောင်ပြီး ကျွန်တော် ငြင်းစရာလည်း မလိုပါ။ ဒါကြောင့် သာသာယာယာပဲ လိုက်သွားပြီး ဘာဘာညာညာ မပြောဘဲ ဖာလူဒါ တစ်ခွက် မှာသောက်ပါသည်။ စားတယ် လို့လည်း ပြောလို့ရပါသည်။ ဖာလူဒါမှာ ခပ်စားရန် ဇွန်းလည်း ပါလို့ ဖြစ်သည်။ သောက်စားတယ် ဆိုရင် ပိုပြီးများ မှန်လေမလား။ စားသောက်ပြီး ခဏထိုင်ပြီးတော့ ထိုအစ်မက ပြန်မယ် လို့ ဆိုကာ စားသောက်ထားတာတွေ ရှင်းဖို့ ပိုက်ဆံ ထုတ်ကာ ရှင်းဖို့ ပြင်ပါသည်။

“ ဟာ . . နေနေ အစ်မ ၊ ကျွန်တော် ပေးလိုက်ပါ့မယ်။ ”

လို့ ဆိုကာ မြန်မာဗီဒီယို ဇာတ်ကားတွေ ထဲကလို မင်းသား နဲ့ မင်းသမီး အတင်း ငြင်းခုန်ကာ ပိုက်ဆံ ရှင်းကြသလိုမျိုး ကျွန်တော် မလုပ်ပါ။ ဒီလို သရုပ်ပျက်မှုကို ကျွန်တော် မကြိုက်ခြင်းလည်း ဖြစ်ပါသည်။ ကိုယ့်ထက်ကြီးတဲ့ လူ သူ့ကို ကျော်ကာ အတင်းအကြပ်လည်း ကျွန်တော် မလုပ်လိုပါ။ နောက်တစ်ချက်က “ Lady First ” မဟုတ်ပါလား။ ဒါကြောင့် စားသောက်ထားသမျှ ထိုအစ်မပဲ ရှင်းပါသည်။ ကျွန်တော့်မှာ ပိုက်ဆံ မပါ၍ မဟုတ်ပါ။ ကျွန်တော့်မှာ လုံလောက်အောင် ပါပါသည်။ ကျွန်တော်သာ ဖိတ်ခေါ်ရင် ကျွန်တော် ရှင်းဖို့ အဆင့်သင့် ရှိပါသည်။ အခုတော့ ထိုအစ်မကို “ လေဒီ ဖက်စ် ” ခိုင်းလိုက်ပါသည်။ နောက်တစ်ခါဆိုရင်တော့ ကျွန်တော် “ ဖက်စ် ” ပါမည်။

ဆိုင်က ထလာပြီး ( တကယ်တော့ ဆိုင်က ထလာတာ မဟုတ်ပါ။ ဆိုင်က ဒီအတိုင်း ကျန်နေခဲ့ပြီး ကျွန်တော်တို့ကသာ ထလာခဲ့ခြင်း ဖြစ်ပါသည်။ ) ကျွန်တော်တို့ လမ်းဆက်လျှောက်လာတော့ ထိုအစ်မက စတိုးဆိုင်ကြီး တစ်ဆိုင်ရှိရာ နေရာသို့ ဦးဆောင်ကာ လျှောက်သွားပါသည်။ ထိုစတိုးဆိုင်က သူ့ကိုသူ ခပ်ထွားထွား ဖြစ်အောင်လို့ “ Mini Market ” လို့ ရေးထားပါသည်။ ဒါပေမဲ့ ကျွန်တော့် စိတ်ကြိုက် ဘာမှလည်း သေချာ မရပါ။ ဒါပေမဲ့ Micro Market ထက် စာရင်တော့ Mini Market ဆိုတာက တော်ပါသေးသည်။ ဘာဝယ်မယ် ဆိုတာ ကျွန်တော် မသိပေမဲ့ ထိုအစ်မက ထိုဆိုင်ထဲကို ဝင်ကာ ဟိုဟာ ဒီဟာကို ကိုင်ကြည့်ပါသည်။ ထိုဆိုင်မှာ တစ်ခုကောင်းတာက ကိုင်ခ ၊ ကြည့်ခ မပေးရပါ။

ကျွန်တော်ကတော့ ကျွန်တော် စိတ်ဝင်စားရာ လျှပ်စစ်ပစ္စည်းတွေ နားကနေ မခွာပါ။ ထိုအစ်မကတော့ တစ်ဆိုင်လုံးကို လျှောက်ပြီး ကိုင်ကြည့်ပါသည်။ ခဏနေတော့ ထိုအစ်မက သူတို့ မိန်းကလေးတွေ ဝတ်တဲ့ အဝတ်အစားတွေ နားကို ရောက်သွားပါသည်။ “ ဟေ့ . . လာဦး။ ” ဟု ကျွန်တော့်ကို လှမ်းခေါ်ကာ အင်္ကျီတချို့ကို သူ့ကိုယ်မှာ ကပ်ထားပြီး လိုက်လား လို့ မေးပါသည်။ ထိုအင်္ကျီမှာ ထိုအစ်မနဲ့ အတော်ကို ပွယောင်းယောင်း နိုင်ပါသည်။ ထိုအင်္ကျီတန်းရဲ့ ဘေးမှာ အိမ်တွင်း အမှိုက်ပုံး အသစ်လေးတွေလည်း ချထားကာ ရောင်းပါသည်။

ထိုအမှိုက်ပုံးလေးကို ကိုင်ကာ ထိုအင်္ကျီကို ဝတ်ထားရင်တော့ လမ်းမှာ အမှိုက်လိုက်ကောက်သူလို ပုံစံ ဖြစ်သွားမှာ သေချာသောကြောင့် လိုက်တယ် လို့ ကျွန်တော့် မျက်စိထဲမှာ မြင်ပါသည်။ သို့သော် ထိုကဲ့သို့ ကျွန်တော် မပြောဖြစ်လိုက်ပါ။ “ ဟုတ်ကဲ့ “ ဆိုပြီး ထိုအစ်မကို ကျွန်တော် ခေါင်းငြိမ့်ပြပါသည်။ ကျွန်တော့် သဘောတူညီချက်ကို ရသွားလို့လား မသိပါ။ ထို အစ်မက ထိုအင်္ကျီကို ယူလိုက်ပါသည်။ သူ့မှာလည်း စိတ်လွတ်လပ် ပေါ့ပါးသွားဟန် ရှိပါသည်။ သူ့ထက် စိတ်လွတ်လပ်ပေါ့ပါးသူကတော့ ဈေးဆိုင်ရှင် ဖြစ်ပါသည်။ သူလျှောက်ကိုင်နေတာကို သိပ်တော့ မကြည်တော့သလို မျက်ခုံးတွေကို တွန့်ချိုးထားပါသည်။ အခုတော့ ထိုဆိုင်ရှင်ရဲ့ စိတ်ထဲမှာ ကျွန်တော့်ကို ကျိတ်ကာ ကျေးဇူးတင်နေမည် ဟု ထင်မိပါသည်။

အင်္ကျီတန်းမှ ထွက်လာတော့ ထိုအစ်မက ကျွန်တော့်ကို လှည့်ပြောပါသည်။ လွတ်လပ်ရေးနေ့ သံပုံးရိုက် ပျော်ပွဲ ရွှင်ပွဲမှာ သံပုံးရိုက်မယ့်သူကို မရိုက်ခင် နည်းနည်းမူးသွားအောင် သုံးပတ်လောက် လှည့်လိုက်သလို ကျွန်တော့်ကို လှည့်ပြီး ပြောတာ မဟုတ်ပါ။ ထိုအစ်မရဲ့ မျက်နှာကို လှည့်လိုက်ကာ ကျွန်တော့်မျက်နှာနဲ့ တည့်တည့် စကားပြောခြင်းကို ဆိုလိုတာပါ။

“ မင်း ကို အစ်မ လက်ဆောင် တစ်ခု ဝယ်ပေးဦးမယ်။ ”

“ ဟာ . . မလုပ်နဲ့ အစ်မ။ မယူပါဘူး။ ”

ဒီလိုမျိုးတော့ ကျွန်တော် တကယ်ကို အားနာပါသည်။ ဘယ်သူ့ဆီကမှလည်း ကျွန်တော် မယူဘူးတော့ အတင်းကို ငြင်းမိပါသည်။

“ မဟုတ်ဘူးလေ ၊ အစ်မက ခင်လို့ ဝယ်ပေးတာကို. . ”

သူ့ဖာသာ ပြောပြီး သူ့ဖာသာပဲ ရှေ့က လျှောက်သွားပါသည်။ ပြီးတော့ ကက်ဆက်ခွေတွေ ထားတဲ့ မှန်ရှိုးကေ့စ်ရှေ့မှာ ရပ်ပြီး မှန်ပုံးနောက်က ကောင်မလေးကို စိတ်ညစ်အောင် ဟိုဟာ ဒီဟာတွေ လက်ညှိုးထိုးပြပြီး ခွေတစ်ခွေကို ထုတ်ခိုင်းလိုက်ပါသည်။ ကျွန်တော့် အိမ်မှာ ခွေအသစ်ထွက်ပြီ ဆိုရင် ဖေဖေက ဝယ်လာနေကြပါ။ အဲဒီခေတ်က စီဒီ ၊ ဗီစီဒီ ဆိုတာ မာရ်နတ်ရဲ့ မစင်လို့ အလွန်ရှားပါးပြီး အဖိုးတန်သော ခေတ် ဖြစ်သောကြောင့် ကက်ဆက်ခွေများသာ ရောင်းရ တွင်ကျယ်ပါသေးသည်။

မှန်ပုံးပေါ်ကို ရောက်လာတဲ့ ခွေကို ကျွန်တော် လှမ်းကြည့်လိုက်တော့ မိန်းမတစ်ယောက် ဆိုထားတဲ့ ခွေဆိုတာကို မြင်လိုက်ရသည်။ ဒီမှာ ကျွန်တော့်စိတ်တွေက အိမ်က အစ်မဝမ်းကွဲနဲ့ ဈေးဝယ်ထွက်လာရသလိုပဲ ဖြစ်သွားသည်။ သူနဲ့ ဆိုရင် ကျွန်တော်က ကျွန်တော် မကြိုက်တာဆိုရင် မယူဘဲ ဂဂျီဂကြောင် အလွန်ကျတတ်သည်။ ထိုအစ်မက မှန်ပုံးလေးပေါ်ကို တင်ထားတဲ့ ခွေကို ယူပြီး ကျွန်တော့်ဆီကို ကမ်းပေးတယ်။

“ ဟာ . . မယူဘူး အစ်မ ၊ နောက်ပြီး ကျွန်တော်က မိန်းကလေး ဆိုတဲ့ သီချင်းတွေ နားမထောင်ဖြစ်ဘူး။ ”

ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြောမိပြောရာ ပြောချမိသည်။ သူ့ နင်သလို ဖြစ်သွားတာကိုလည်း ကျွန်တော် သတိမထားမိပါ။

“ ဒါဆို မင်းက ဘာခွေ လိုချင်လို့လဲ။ ”

ကျွန်တော့်စိတ်ထဲမှာ သူက ဂျီကျနေကြ အိမ်က အစ်မဝမ်းကွဲလိုပဲ သဘောထားမိနေတော့ သူပေးတဲ့ ခွေကို ယူတောင်မှ မကြည့်ဘဲ မှန်ပုံးထဲကို ကြည့်လိုက်တော့ အိမ်မှာ မဝယ်ရသေးတဲ့ စည်သူလွင် ရဲ့ “ လူနဲ့ ဒိုင်ယာရီ ” ခွေကို တွေ့လိုက်ရသည်။

“ ဟာ . . စည်သူလွင်ခွေ အသစ်ထွက်တာပဲ။ အစ်မ လက်ဆောင် ဝယ်ပေးရင် ဒါကိုပဲ ယူမယ်။ ”

မောင်တစ်ယောက်က အစ်မတစ်ယောက်ကို ပြောသလို ပြောချလိုက်ပြီး သူကလည်း ကျွန်တော့်ကို သူဝယ်ပေးချင်နေတဲ့ ခွေကို ပြန်ထားလိုက်ကာ ကျွန်တော် လိုချင်နေတဲ့ ခွေကို လက်ဆောင် ဆိုပြီး ဝယ်ပေးပါသည်။ ပြီးတော့ ကျွန်တော်ကလည်း သူလက်ဆောင် ဝယ်ပေးတဲ့ ခွေကို လက်က ကိုင်ပြီး ဟိုပြော ဒီပြော စကားတွေနဲ့ ကျွန်တော်ကလည်း ကိုယ့်အိမ်ကိုယ်ပြန် ၊ သူကလည်း သူ့အိမ် သူပြန်သွားခဲ့ပါသည်။

ဒါပေမဲ့ မသိသား ဆိုးရွားလှတဲ့ ကျွန်တော့် အတွက် ဒီပထမအကြိမ် အဖြစ်အပျက်က သင်ခန်းစာ ယူစရာ မဖြစ်ခဲ့ပါဘူး။ အတော်ကြာတဲ့ အချိန်မှာ ထိုအစ်မကလည်း နောက်တစ်ခါ အပြင်သွားမယ် ဆိုပြီး အဖော်ခေါ်ပါသည်။ ကျွန်တော်ကလည်း အားနေတဲ့ အချိန်ဆိုရင် လိုက်သွားပါသည်။ လမ်းကြောင်း အဟောင်းကြီး အတိုင်းပဲ ထိုအစ်မက သွားတဲ့ အတွက် အအေးသောက်ပြီးတော့ ထိုစတိုးဆိုင်ကို ရောက်ပါသည်။

ထို့နောက် ဟိုဟိုဒီဒီ လျှောက်ကိုင်ကြည့်ပြီး ဟိုဟိုဒီဒီလည်း သူ့ခန္ဓာကိုယ်မှာ ကပ်ကြည့်ပါသည်။ ပြီးတော့ ဟိုဟိုဒီဒီနဲ့ပဲ မဝယ်ပါ။ နောက်ဆုံး ကက်ဆက်ခွေ ဆိုင်မှာ ကက်ဆက်ခွေတွေကို ကြည့်ပြီး ကျွန်တော့်ကို လက်ဆောင်ပေးဖို့ ဆိုပြီး သူဝယ်ပေးချင်တဲ့ ခွေကို ရွေးကာ ကျွန်တော့်ကို ပေးပြန်ပါသည်။ သို့သော် ကျွန်တော်ကလည်း မကြိုက်ပါ။ ဒါကြောင့် ကျွန်တော် ကြိုက်ရာ ခွေကိုပဲ ဂဂျီဂဂျောင်နဲ့ ရွေးယူလာပါသည်။ ထိုအစ်မက လမ်းကြောင်းသစ်ကို မထွင်သောကြောင့် ကျွန်တော်တို့ လမ်းကြောင်း အဟောင်းတိုင်းသာ ဖြစ်နေကြသည် လို့ ထင်ပါသည်။

“ နေပါဦးကွ ၊ မင်းကို အဲဒီ အစ်မက ဝယ်ပေးတယ် ဆိုတဲ့ ကက်ဆက်ခွေ နာမည်က ဘာလဲ။ ”

ကျွန်တော်က အဖြစ်အပျက်လေးကို သူငယ်ချင်းတွေကို ပြောပြတော့ သူတို့ကလည်း ယောင်ဝါးဝါးနဲ့ မေးသည်။ သူတို့ ဒီလို မေးတော့မှ ကျွန်တော်လည်း ဘာမှ သေချာ မပြောနိုင်ဘုး။ အခွေ နာမည်ကို မကြည့်မိဘူး။ ဆိုတဲ့ အဆိုတော်ကတော့ “ထွန်းအိန္ဒြာဗို ” ဆိုတာပဲ မှတ်မိလိုက်တယ်။

“ ခွေ နာမည်တော့ မသိဘူးကွ ၊ အဆိုတော် နာမည်ကတော့ ထွန်းအိန္ဒြာဗို . . ”

ကျွန်တော်ရဲ့ မတိကျတဲ့ အဖြေကိုလည်း ရပြီးရော ၊ သူငယ်ချင်းတွေ အားလုံးက မတိုင်ပင်ဘဲ ဝုန်းခနဲ ရယ်ကြတယ်။ နားမလည်သလို ကြည့်နေတဲ့ ကျွန်တော့်ကို တစ်ယောက်က ရှင်းပြတယ်။

“ ဟား ဟား ဟား . . . ဒါကြောင့် မင်းကို ဒီခွေ ဝယ်ပေးနေတာပေါ့။ မှတ်ထား. . အဲဒီခွေထဲမှာ “ မ မမရဲ့ မောင်လေး ” ဆိုတဲ့ သီချင်းပါတယ်။ ဒါကို မင်းက မယူဘဲ တခြားခွေတွေ ယူယူ သွားတော့ သူကလည်း ဖီးလ်တွေ အောက်ကုန်တာပေါ့။ ဒါကြောင့် နောက်တစ်ခါ အဆင်ပြေနိုင်ကောင်းပါရဲ့ ဆိုပြီး သူကလည်း Try Again တာလေ။ သူက Try Again ပေမဲ့ Very ငပိန်း နဲ့ တွေ့တော့ အိပ်မက်တွေ တပ်လန့်သွားတာပေါ့ကွာ။ ”

“ သြော်. . . ဒီလိုလား။ မသိဘူးလေကွာ။ ငါက ငါမှ နားမထောင်ချင်တဲ့ ခွေကြီး လာဝယ်ပေးတော့ မယူရင်လည်း အားနာရလို့ တခြားခွေ ပြောင်းပြောင်း ယူလိုက်တာ. . ”

“ အခုရော မင်းကို အအေးသောက်မယ် ဆိုပြီး ခေါ်သေးလား။ ”

“ မခေါ်တော့ဘူး ၊ ငါကလည်း နောက်သွားတိုင်း ခွေတွေပဲ စွတ်ဝယ်ပေးနေတော့ အားနာပြီး မအားတော့ဘူးလို့ ငြင်းလိုက်ပြီး မသွားဖြစ်တော့ဘူး။ ”

“ ကောင်းရောပေါ့ကွာ။ လောကမှာ အပျိုကြီးတွေ များနေတာ မင်းလို ခပ်ပိန်းပိန်းကောင်ကြောင့်ပဲ နေမယ်။ ”

ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ကက်ဆက်ခွေတွေ လက်ဆောင်ရပြီး သူငယ်ချင်းတွေရဲ့ နာမည်ပေးတစ်ခုလည်း ရခဲ့ပါသည်။



၁၀ တန်းကျောင်းသား ဘဝရဲ့ လွတ်လပ်မှုမျိုးကတော့ အထက်တန်းကျောင်းသားတွေရဲ့ ဘဝမှာ ဘယ်တော့မှ ကျွန်တော် ပြန်မရနိုင်ခဲ့တော့ပါ။ သူ့ထက် လွတ်လပ်မှုကို တက္ကသိုလ်မှာ ကျွန်တော် ရပေမဲ့လည်း ၁၀ တန်းကျောင်းသားလောက် ပျော်ရွှင်မှု ကျွန်တော် မရခဲ့ဘူးလို့ ထင်သည်။ ဒီလို ပျော်စရာတွေထဲက ကျွန်တော့်ကို ပိုပြီး မှတ်မှတ်ရရ ဖြစ်စေသော အပျော် ၊ အပျော်များရဲ့ အဓိက ဆုံမှတ်လို့ ပြောလို့ရတာကတော့ ကျွန်တော့်ရင်ဘတ်ကို ငြိမ့်ခနဲ နေအောင် လှုပ်ကိုင်သွားစေနိုင်တဲ့ “ မမ ရဲ့ အပြုံး ” ကြောင့်ပါပဲ။

“ မမ ” အဲ မဟုတ်ဘူး “ မ ” ရဲ့ အပြုံးကို ကျောင်းတတ်ပြီး နှစ်ပတ်လောက်မှာ ကျွန်တော် စတင်မြင်ခဲ့သည်။ တိမ်တွေ ညိုနေပြီး လေတွေ ချိုနေတဲ့ မိုးသားအုပ်အုပ်တွေ ကြားထဲမှာ “ မ ” နဲ့ သူငယ်ချင်း သုံးယောက် ကျောင်းအဝင်ဂိတ်ကနေ ကျောင်းလမ်းမပေါ်ကို အလျားလိုက် ရဲရဲတင်းတင်း ဝင်လာခဲ့တာကို ကျွန်တော် မြင်ခဲ့ရသည်။ ပန်းတွေ ငိုသွားအောင် လှသော အလှအပမျိုး “ မ ” မှာ မရှိပါ။ ဒါ သေချာပါသည်။ “ မ ” နဲ့ အတူတူ လျှောက်လာသူတွေမှာတော့ သက်ဆိုင်ရာလူတွေကို ငိုက်ခနဲ မေ့သွားစေနိုင်တဲ့ အလှတွေကို သူတို့ဖာသာ တပ်ဆင်ထားသည်။

ဒါပေမဲ့ သူတို့တွေရဲ့ မျက်နှာထားတွေက ကျောက်သားတွေလို မာလှသည်။ ဒီလို လူတွေ ကြားထဲမှာမှ “ မ ” ရဲ့ မျက်နှာက ပကတိ အေးဆေး တည်ငြိမ်လွန်းလှသည်။ တင်းမာခြင်း မရှိသလို ဟန်လုပ်ထားခြင်းလည်း မရှိပါ။ မိတ်ကပ်ဘူးတွေ ကြားမှာ ရိုးရိုးသားသား ချပြထားတဲ့ အပွေးများသော သနပ်ခါးတုံး တစ်တုံးလို ဣနြေ္ဒရရ လှမ်းလျှောက်သွားသည်။ နေ့အလင်းရောင်တွေကို မိုးတိမ်မှောင်တွေက အုပ်အုပ်မိုးမိုး ကာထားရင်းနဲ့ ကျွန်တော့် မျက်ဝန်းထဲမှာ နေသာသွားသလို “ မ ” နဲ့ မျက်ဝန်းချင်း ဆုံလိုက်မိသည်။ “ မ ” ကတော့ သိလိုက်မယ်တောင်မှ မဟုတ်ဘူး။

အဲဒီနေ့က စပြီး ကျွန်တော်ရဲ့ နေ့တွေမှာ “ မ ” က နေမင်း ဖြစ်ခဲ့ပြီး ၊ ကျွန်တော်ရဲ့ ညတွေမှာ “ မ ” က လမင်း ဖြစ်လာခဲ့သည်။ လေညှင်း တဖြူးဖြူး ညလေးမှာ ကောင်းကင်ယံက လမင်းကြီးကို ကြည့်ပြီး “ မ ” မျက်နှာကို မြင်နေရသလို ကျွန်တော် စကားတွေ ပြောနေမိတယ်။ “ မ ” ကတော့ နဂိုတပ်ဆင်ထားတဲ့ အပြုံးတစ်ခုနဲ့ လက်ခနဲ ပြုံးသွားပေမဲ့ ကျွန်တော်ကတော့ အတုံးအရုန်း ကျဆုံးသွားခဲ့တယ်လေ။ နေ့တိုင်း “ မ ” လျှောက်လှမ်းလာမဲ့ လမ်းလေးမှာ ကြိုတင် စောင့်ဆိုင်းသူ တစ်ယောက်အဖြစ် ကျွန်တော့်ကို ကျွန်တော် အမိန့်ပေးကာ ခိုင်းစေခဲ့သည်။

“ ဟေ့ကောင် လာနေပြီ။ ”

နေဇော်အောင်ရဲ့ တီးတိုး သတိပေးသံကြားတော့မှ အတွေးတွေထဲ မျောနစ်နေတဲ့ ကျွန်တော် သတိရပြီး ကျောင်းအဝင်ဂိတ်ကို လှမ်းကြည့်လိုက်တော့ ကျောင်းလမ်းလေးပေါ်မှာ “ မ ” ရဲ့ ခြေလေးတွေနဲ့ ခပ်နွေးနွေးလေး လျှောက်လာသည်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကျွန်တော် လေ့လာ စုံစမ်းမိသလောက် “ မ ” နာမည်က “ မနွေးနွေး ” တဲ့။ ဒီထက်လည်း ကျွန်တော် ဘာမှ မသိရသလို ၊ ဒီလောက်နဲ့ပဲ ကျွန်တော့်ရင်အစုံအတွက် လုံလောက်ခဲ့ပါသည်။

မိုးလေးတွေ ခပ်ဖွဲဖွဲ အရွာမှာ “ မ ” က ထီးလေးကို ဖွင့်ဆောင်းပြီး နောက်ထပ် လက်တစ်ဘက်နဲ့ ပန်းပွားလွယ်အိတ်လေး ပိုက်ကာ ကျောင်းလမ်းမပေါ်မှာ ထင်ထင်ရှားရှား လင်းလက်တောက်ပစွာ လျှောက်လှမ်းလာသည်။ အချစ်ဆိုတာက ထူးခြားလှသည်။ နေရာကွက်ပြီး မိုးရွာတယ် ဆိုတာ မျက်မြင် မကြုံခဲ့ရဖူးပေမဲ့ ကျွန်တော့် အချစ်မိုးတွေကတော့ “ မ ” အပေါ်မှာပဲ သိပ်သိပ်သည်းသည်း ရွာချနေမိသည်။ ကျွန်တော့် မျက်ဝန်းရဲ့ အကြည်ဓါတ်တွေကလည်း တခြား ဘယ်အရာကိုမှ မမြင်မိနိုင်တော့ လောက်အောင် “ မ ” ကိုသာ မြင်နေမိသည်။

ရော. . . ကျွန်တော် တော်တော် ခက်နေပါရောလား။ ဒါပေမဲ့လည်း တစ်သက်လုံးမှ မခံစားလာရဖူးတဲ့ အချစ်အတွက် ဒီအချိန်က ကျွန်တော့် အတွက် အချစ်ဆိပ်တတ်နေချိန် ဖြစ်လိမ့်မယ် ထင်သည်။ “ မ ” ရဲ့ အပြုံးက လွဲလို့ တခြား ဘာမှ မမြင်မိတော့ပါ။

“ ဟေ့ကောင် ငါ သတင်း ရလာတယ်။ ”

ကျော်စိုးက ကျွန်တော့် ပခုံးကို ပုတ်ပြီး ပြောသည်။ ဒီအချိန်မှာ ကျွန်တော့် ရောဂါကို သူတို့ သိနေတာ ဆိုတော့ သူတို့ ပေးမယ် ဆိုတဲ့ သတင်းကလည်း “ မ ” အကြောင်း သတင်းပဲ ဖြစ်လိမ့်မယ်။

“ ဘာသတင်းလည်း ကျော်စိုး။ ပြောလေ . . ”

“ ဒီအတိုင်းတော့ မရဘူးနော်။ သိတယ် မလား။ ”

“ အေးပါကွာ။ ပြောမှာသာ ပြောစမ်းပါ။ ပြီးရင် မုန့်စားဆင်းရော ၊ ကျောင်းက ပြန်ရင်ရော ပြုစုမယ်။ ”

ဒီတော့မှ ကျော်စိုးက ပြုံးတုံ့တုံ့ လုပ်ပြီး ကျွန်တော့်ကို ပြောဖို့ ပြင်သည်။ သူက စကားစပြောတော့မယ် ဆိုရင် ဒီလိုပဲ အမြဲတမ်း ပြုံးတုံ့တုံ့ လုပ်ပြီးမှ ပြောတတ်သည်။ အရင်ကတော့ သူပြောဖို့ ပြုံးတုံ့တုံ့ လုပ်နေပြီ ဆိုရင် “ မင်းကွာ မပြောရင်လည်း မပြောနဲ့တော့ ၊ မင်း ပြုံးတုံ့တုံ့ လုပ်နေတာကြီးကို မခံနိုင်ဘူး။ ” ဆိုပြီး ပိတ်ပြောလိုက်ရင် သူ့မှာ ပြောစရာ စကားတောင်မှ မေ့သွားရလောက်အောင် နင် သွားရှာသည်။ အခုတော့လည်း . . . . .

“ ဒီလိုကွ။ မင်း “ မ ” နာမည်က “ နွေးနွေး ” ၊ ဒါတော့ မင်းလည်း သိပြီးပါပြီလေ။ အခုက အသစ်ထပ်သိခဲ့တာတွေ ၊ မင်း “ မ ” က မော်လမြိုင်ကနေပြီးတော့ ဒီမှာ လာပြီး ကျောင်းလာတတ်တာ။ ၁၀ တန်း စာမေးပွဲကို ရန်ကုန်မှာ ကျူရှင် ကောင်းကောင်း လာတတ်ရင်း လာဖြေတယ် ဆိုပါစို့။ အရင်နှစ်က ကျထားလို့ အခုနှစ်မှာ ရန်ကုန်တတ်ဖြေတာ. . . ”

“ ကျတယ် လို့ မပြောပါနဲ့ကွာ။ ပထမ နှစ်က ခြေချော် လက်ချော် ဖြစ်တာ နေမှာပါ။ ”

“ အောင်မာ . . လာလာချေသေး။ မအောင်တာကို ကျတယ်လို့ပဲ ပြောတာပဲလေ။ စကားကို လာကပ်ပြီး ပြောနေသေးတယ်။ ဆက်မပြောဘဲ နေလိုက်ရ. . . . ”

“ အဲ. . . ဆက်မပြောဘဲ နဲ့တော့ မနေပါနဲ့ကွာ။ ဆက်ပြောပါဦး။ ”

ကျော်စိုးက မုန်ယိုနေတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီးမှ. . .

“ မနွေးနွေး နဲ့ အတူတူ လမ်းလျှောက်လာကြတဲ့ သုံးယောက်တည်းက အရပ်နည်းနည်းမြင့်တဲ့ ခပ်သွယ်သွယ် တစ်ယောက်က မနွေးနွေးရဲ့ ညီမ အရင်းပဲ ၊ သူ့နာမည်က “ ထွေးထွေး ” လို့ ခေါ်တယ်။ ”

“ ဟင်. . . ဟုတ်လို့လား ၊ ရုပ်ချင်းကလည်း မဆင်ဘူး။ ”

“ ဟုတ်တာကတော့ သေချာတယ်။ သူတို့ နှစ်ယောက် စလုံး ရန်ကုန်မှာ ၁၀ တန်း ဖြေဖို့ ကျောင်းလာတတ်ကြတာပဲ။ ဒါပေမဲ့ ကျူရှင်မှာ သွားမတတ်ဖြစ်တော့ဘဲ အိမ်ကိုပဲ ဝိုင်းခေါ်ပြီး သင်တယ် လို့ ပြောတယ်။ ငါ သိထားတာတော့ ဒါပဲ။ ”

“ သြော် ”

“ မ ” ရဲ့ ညီမ ဆိုသူ နဲ့ “ မ ” ကို ကျွန်တော် ညီအစ်မ အရင်းတွေ ဖြစ်နေလိမ့်မယ် လို့ ဘယ်လိုမှ မထင်ခဲ့မိဘူး။ “ မ ” က ကိုယ်နေ ယဉ်ကျေးပြီး တင့်တယ် သလောက် ၊ “ မ ” ညီမကတော့ တောက်တောက်ပပ ကို လှပလွန်းလှတယ်။ လှပတယ် ဆိုတာထက် ချောမောလွန်းလှတယ် လို့ ဆိုရမှာ ဖြစ်သည်။ ဒါပေမဲ့ မျက်နှာထားက တည်သလို ဘယ်သူ့ကိုမှလည်း ထီမမြင်သော မျက်ဝန်းစိမ်းစိမ်းတွေ သူ့မှာ ရှိသည်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် ဘာမှ အရေးမပါလှပါ။ “ မ ” နဲ့ ပတ်သတ်ပြီး သူ့ကို ရင်းနှီးကျွမ်းဝင်ရမယ် ဆိုရင်တော့ သူ့မျက်လုံး စိမ်းစိမ်းတွေကို ကျွန်တော် ဥပက္ခော ပြုကာ ဆက်ဆံ ရမှာပါပဲ။

“ နေကြဦးကွာ။ ငါ့ကို အကြံလေး ဘာလေး ပေးကြဦး။ ငါ ဘယ်လို လုပ်ရမလဲ။ ”

ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသလို သူငယ်ချင်းတွေပါ ငြိမ်သွားတယ်။ ကိုယ်ဖြစ်နေတာ မဟုတ်ပေမဲ့ သူတို့လည်း ဘေးကနေ အငွေ့အသက်တွေ ခံစားနေရတာကိုး။

“ ငါတို့ကတော့ အရင်က တတ်တတ်ကြွကြွ ဖြစ်နေတဲ့ မင်းကို အခုလို ငြိမ်ပြီး ထိုင်တွေးနေတာမျိုး မဖြစ်စေချင်တာတော့ အမှန်ပဲ။ ဒါကြောင့် ရအောင် လိုက်ရင်လည်း မြန်မြန်လိုက် ၊ မရလို့ အသည်းကွဲမယ် ဆိုရင်လည်း မြန်မြန်ကွဲ ၊ ဒါက ပိုကောင်းမယ် လို့ ထင်တယ်။ ”

“ ဟာကွာ . . မင်း စကားကြီးကလဲ။ ”

“ အဟုတ် ပြောနေတာလေ။ ဒါကြောင့် အားလုံးက မင်းကို ဝိုင်းပြီး စုံစမ်း ပေးနေတာပေါ့။ အခုလည်း မနွေးနွေးတို့ ထဲက အရပ်အမြင့်ဆုံး တစ်ယောက်က ငါတို့ အိမ်နားက အစ်ကိုကြီး တစ်ယောက်နဲ့ ကြိုက်နေတာ ဒါကြောင့် သူကနေတဆင့် မင်းရဲ့ မနွေးနွေး သတင်းတွေကို စုံစမ်းပေးနေတာ။ မင်း ဖြစ်နေတာကို ပြောပြတော့ ဒီအစ်ကိုကြီးကလည်း သူတတ်နိုင်သလောက် ကူညီမယ် တဲ့။ ”

“ ဟုတ်လား ၊ ဘယ်လို ကူညီမှာလဲ။ ”

“ နောက်နေ့က စပြီး သူကလည်း အားတဲ့ နေ့တွေ ဆိုရင် ငါတို့ ကျောင်းလွှတ်ချိန်ကို လာစောင့်နေပြီး သူ့ချစ်သူ နဲ့ အတူတူပြန်ရင်း မင်းကိုပါ ခေါ်သွားမယ် တဲ့။ သူ့ချစ်သူက မနွေးနွေးတို့နဲ့ အတူတူပြန်တော့ မင်းကလည်း သူနဲ့ အတူ လိုက်လာတာ ဆိုတော့ မနွေးနွေးတို့နဲ့ ရင်းနှီးလွယ်တာပေါ့တဲ့။ သူကလည်း ကြားကနေ မိတ်ဆက်ပေးမယ် ၊ ပြီးရင်တော့ ရင်းနှီးသွားပြီ ဆိုရင်တော့ မင်းဖာသာ ဆက်ပြီး က တော့လို့ ပြောတယ်။ ”

“ အေးကွာ။ ကျေးဇူးတင်ဖို့ ကောင်းတယ်။ ငါ့ဖာသာ ဆိုရင် ဘယ်က ဘယ်လို စရမှန်း မသိတာနဲ့ ဒီအတိုင်း ထိုင်နေရင်း ကြာနေတာလေ။ မနက်ဖြန် ဒီအစ်ကိုကြီး လာမှာလား။ ”

ကျွန်တော့်သူငယ်ချင်း စကားပြန်မပြောပါဘူး။ ဂရုဏာ အကြည့်နဲ့ ကြည့်ရင်း သက်ပြင်းကို ချကာ ခေါင်းကိုပဲ တွင်တွင် ညိတ်ပြသည်။ ဥတုက မိုးရွာနေလျက်နဲ့ပင် ခြောက်သွေ့ တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။



“ ဒါ ကျွန်တော် ပြောပြောနေတဲ့ ကိုဇော် ဆိုတာပေါ့ ကိုသူရ။ ”

အစ်ကိုကြီးက အပြုံးတစ်စကို နှုတ်ခမ်းမှာ တွဲထားလိုက်ပြီး ခေါင်းညိတ်ပြတယ်။

“ ဒါ ကိုသူရ ဆိုတာပေါ့ ကိုဇော် ၊ မင်းကို ကူညီမယ် ဆိုသူပေါ့။ ”

“ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် အစ်ကို။ ”

“ အေးကွာ ၊ အစ်ကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့တော့ ဘာမှ မလုပ်ဘဲ မင်းက အစ်ကို နဲ့ အတူတူပဲ လိုက်ခဲ့ပေါ့။ တစ်ခုတော့ ရှိတယ်။ ”

“ ဟုတ်. . ပြောပါ အစ်ကို။ ”

“ မင်း မျက်နှာထားတွေတော့ ပြောင်းရမယ်။ ”

“ ဗျာ . . ဘယ်လို ပြောင်းရမှာလဲ အစ်ကို။ ”

“ အခု မင်း ဖြစ်နေတာက အရမ်းကို ကြေကွဲ လွမ်းဆွတ် ခံစားနေရတဲ့ ပုံစံကြီး ဖြစ်နေတယ်။ ဒါကို သွက်သွက်ချာချာ ကလေးတစ်ယောက်လို အသွင်နဲ့ နေရတယ်။ ဒါမှ သူတို့က မင်းကို ခင်မှာပေါ့။ မဟုတ်ရင် မင်းရဲ့ ရင်ကွဲနာကျ မျက်နှာကြီးနဲ့ ဆို သူတို့က ဘယ်လိုလုပ် ခင်တော့မလဲ။ ”

“ ဟုတ်ကဲ့။ ပြင်ဆိုလည်း ပြင်ပါ့မယ်။ အစ်ကိုက နည်းနည်း လိုတာတွေ သတိပေးပေါ့။ ”

“ အေး . . . ဒါဆို ငါတို့ သွားကြမယ်။ ဒီအချိန်ဆိုရင် သူတို့ လမ်းထိပ်က အအေးဆိုင်မှာ ရှိနေနိုင်တယ်။ မတွေ့တော့လည်း သူတို့ အိမ်ကို ပြရင်း အခြေအနေ အကဲခတ်လို့ ရတာပေါ့ကွာ။ ”

ဦးခေါင်းကို ငြိမ့်ပြယုံနဲ့ ကျွန်တော် သဘောတူပြီး ကိုသူရ နဲ့ လိုက်လာခဲ့သည်။ လမ်းတလျှောက်တော့ ကိုသူရက တောင်တောင်အီအီ ပြောနေပေမဲ့ ကျွန်တော်ကတော့ “ မ ” နဲ့ တွေ့ရမှာ မမြင်ရတဲ့ အရာတစ်ခုကို တွေးကြောက်နေမိသလိုလို ကိုယ့်ဖာသာကိုယ် မရဲဘဲ စိုးထိတ်နေခဲ့သည်။ ဒါပေမဲ့ “ မ ” တို့က ဘယ်နေရာမှာ ရှိနေမယ် ဆိုတာ မသိခဲ့ပါဘူး။ “ မ ” ရှိနေနိုင်တယ် ဆိုတဲ့ အအေးဆိုင်ကို နီးလာလေ ခြေထောက်ရဲ့ ရိုးတွင်းချဉ်ဆီတွေက ခွန်အားတွေ ဆုတ်ယုတ်လာသလို ခြေထောက်တွေက ယိုင်ခွေလာသလိုလို ၊ ခြေလှမ်းရတာ မောတယ်။

“ ဟော . . ရှေ့က အအေးဆိုင်မှာ သူတို့ ရှိနေတယ်ကွ။ ”

ကိုသူရ လမ်းမှာ ပြောသမျှ မကြားတစ်ချက် ကြားတစ်ချက်နဲ့ ဖြစ်နေရာကနေ တပ်လှန့်ခံရသူတွေလို ရုတ်တရက် ခြေထောက်တွေက နောက်ပြန်ဆွဲသလို ဖြစ်သွားသည်။ တွန့်ဆုတ်ဆုတ် ဖြစ်နေတဲ့ ကျွန်တော် ပုခုံးကို ကိုသူရက ဆုတ်ကိုင်ထားရင်း . . .

“ လာလေကွာ။ ဒီလိုလုပ်နေရင် သိသာတယ်။ ခပ်တည်တည်နဲ့ပဲ လိုက်ခဲ့။ ”

ကိုသူရက အားပေးစကားပြောရင်း အတူတူ လျှောက်လာပြီး အအေးဆိုင်ထဲကို ဦးဆောင်ဝင်သွားသည်။ “ မ ” တို့ကလည်း ကိုသူရကိုတွေ့တော့ ခရီးဦးကြိုပြု စကားပြောကြပါသည်။ သူတို့ လေးယောက်မှာ ကျွန်တော် အားလုံးကို မျက်မှန်းတန်းကာ မြင်နေရလို့ သိပေမဲ့ “ မ ” နာမည် နဲ့ “ မ ” ညီမရဲ့ နာမည်ကိုပဲ သိပါသည်။ “ မ ” ရဲ့ ညီမက လွဲပြီး “ မ ” အပါအဝင် ကျန်သုံးယောက်ကတော့ ကျောင်းကို အလာမှာ ကျွန်တော်တို့မြင်နေကြ မျက်နှာထား တင်းတင်းတွေလို မဟုတ်ဘဲ ပြုံးပြုံးပျော်ပျော် ၊ ရယ်ရယ်မောမော ရှိနေကြသည်။ “ မ ” ရဲ့ ညီမကတော့ ဘယ်ဘဝက မကျေနပ်ချက်တွေ စုပေါင်းကာ အမြဲတမ်း စူပုပ်နေလဲ ကျွန်တော် မသိနိုင်ပါ။ အမြဲတမ်း စူပုတ်ပုတ် မျက်နှာထားနဲ့ပဲ တွေ့ရသည်။

အခုလည်း ကိုသူရ နဲ့ အတူတူ ပါလာတဲ့ ကျွန်တော့်ကို အောက်သိုးသိုး မျက်နှာနဲ့ မျက်လုံးလှန်ကာ ကြည့်သည်။ နဂိုကတည်းက ခပ်လန့်လန့် လိုက်လာတဲ့ ကျွန်တော် သူ့ရဲ့ မျက်နှာထားကြောင့် နေရထိုင်ရ ခက်နေပေမဲ့ “ မ ” ရဲ့ အပြုံးလောက်တော့ အသက်ရှူ မမှားလောက်ပါဘူး။ “ မ ” ကတော့ ကျွန်တော့်ကို ဘာမှ မသိသေးတဲ့ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုမျိုး ပြုံးပြသည်။ ကျွန်တော့်မှာ ရုတ်တရက် ပြန်ပဲ ပြုံးပြရနိုးနိုး အာခေါင်တွေ ခြောက်က ဒူးတွေ တုန်လာမိသည်။

“ ဟယ်. . ကောင်လေးက ရှက်နေတာတော့ . . ”

“ ဟာ . . ”

“ မ ” ရဲ့ သူငယ်ချင်းတွေ ဆီက ဒီလို စကားသံ ထွက်လာတော့ ကျွန်တော် ဘယ်လို နေရာမှန်း မသိအောင် ဖြစ်သွားသည်။ ထိုင်နေလျက်နဲ့ကို ထိုင်ခုံပျောက်သွားသူ တစ်ယောက်လို ထိုင်ရမလို ၊ ထရမလို ဘယ်လိုမှန်း မသိသော အောင့်သက်သက် ရင်ဘတ်ထဲက ဖြစ်လာသည်။ “ မ ” ကတော့ လက်ကလေးနဲ့ အုပ်က မျက်လုံးလေးတွေ မှေးစင်းကာ ရယ်လျက်။ “ မ ” ရဲ့ ညီမကတော့ အခုထိ မသိသားဆိုးဝါးလှစွာ ရှူတည်တည် မျက်နှာနဲ့ မပြုံးမရယ်ဘဲ ကျွန်တော့်ကို ကြည့်နေသည်။

“ နင်တို့ကလည်းဟာ မစ ပါနဲ့။ ငါ့ညီလေးက နဂိုကတည်းက ရှက်တတ်ရတဲ့ အထဲ။ သူ့နာမည်က ကိုဇော် လို့ ခေါ်တယ်။ ”

ကိုသူရက ဝင်ပြီး ကျွန်တော့်ပေါင်ကို လက်နဲ့ ပုတ်ကာ အားပေးသလိုနဲ့ “ မ ” တို့ ဘက်ကို ကြည့်ပြီး ပြောသည်။ ပြီးတော့ ကျွန်တော့် ပေါင်ကိုလည်း တစ်ချက် ဆတ်ခနဲ ညှစ်လိုက်သည်။ “ မင်း ဒီလို မျက်နှာပေးနဲ့ မနေနဲ့လေ ” ဆိုသော စကားသံတွေက လေလှိုင်းက မလာဘဲ ကိုသူရ လက်မှတဆင့် ကျွန်တော့်ပေါင် ၊ ထိုမှ တဆင့် နားစည်သို့ ကြားလိုက်ရသလို ခံစားလိုက်ရသည်။

“ ရှက်တာ မဟုတ်ပါဘူးဗျ။ ဘယ်ကနေ စပြီး မိတ်ဆက်ရမလဲ ဆိုပြီး စဉ်းစားနေတာပါ။ ”

ကျွန်တော်လည်း ချက်ချင်း သတိထားမိသွားပြီး ရုတ်တရက် ပါးစပ်ထဲ ရှိရာကို စွတ်ပြောလိုက်သည်။ “ မ ” နဲ့ သူငယ်ချင်းတွေဆီက အံ့သြသလို မျက်နှာပေးလေးတွေ ပြောင်းသွားပြီး “ မ ” ညီမဆီက အံ့သြဟန်တွေ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားကာ တင်းနေတဲ့ မျက်နှာတွေ အနည်းငယ် လျော့သွားသည်။

“ ဒီလို ဆိုတော့လည်း မင်းက အသွက်လေးပါလားကွ။ ”

“ မ ” ဆီက မထင်မှတ်ဘဲ ချီးမွမ်းသံလိုလို ထွက်လာတယ်။

“ သွက်တာက ထားဦး။ ဘာအကြံအစည်နဲ့ အစ်မတို့ ဆီကို ဝင်ရောတာလဲ ၊ ဒါကို အရင်ပြော . . ”

“ မ ” သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို အငိုက်မိသွားအောင် ထောက်လက်သီး တစ်လုံး ပစ်သွင်းလိုက်သည်။ သူတို့ ထင်တဲ့ အတိုင်းပါပဲ ကျွန်တော့်လည်း စကားစ ရှာမရအောင် ဝပ်ဆင်းသွားသည်။ ဘာဆက်ပြောရမှန်းကို မသိတော့။ ဒီမှာ ကိုသူရက . . .

“ အကြံအစည်ကတော့ ငါ့ချစ်သူလေး သဇင်ကလွဲပြီး ကျန်တဲ့ နင်တို့ သုံးယောက်ထဲက တစ်ယောက်ကို သူက ကြိုက်လို့တဲ့။ ဒါကြောင့် မိတ်ဆက်ပေးဖို့ ခေါ်လာတာလေ။ ”

အလင်းရောင်ပြင်းသော မီးလုံးနဲ့ အထိုးခံလိုက်ရသူလို မျက်လုံးထဲမှာ ပြာခနဲ ဖြစ်သွားပြီး . .

“ ဟာဗျာ ကိုသူရကလည်း ဘာတွေ ပြောနေတာလဲဗျ။ ”

“ ဟ . . မင်းကလည်း နောက်လည်း သိမဲ့ အတူတူ တစ်ခါတည်း ပြောလိုက်တာပေါ့ကွ။ မင်းကလည်း မဟုတ်လို့လား။ ”

“ အဟီး . . ဟုတ်တယ်လို့ ပြောမလို့ပါ။ ”

ကျွန်တော်ကလည်း ကိုသူရက လူရွှင်တော်တွေလို အတိုင်အဖောက် လုပ်လိုက်မှန်း သိလို့ တစ်ခါတည်း ချော်လဲ ရောထိုင်လိုက်သည်။ မထင်မှတ်ဘဲ ပထမအကြိမ် တွေ့ဆုံမှုလေးနဲ့တင် အဆင်ပြေပြေ ရယ်သံများနဲ့ ပျော်ရွှင်စရာကောင်းခဲ့ပါသည်။ မျက်နှာထားတည်နေတဲ့ “ မ ” ညီမ ထွေးထွေးတောင်မှ မျက်နှာပေါ်မှာ အပြုံးလေး တွဲလွဲခိုနေသည်။ ကိုသူရက ဒီတင် မရပ်ဘဲ . .

“ ထွေးထွေး သူက ဘယ်သူ့ကို လာရစ်နေတယ် ဆိုတာ သိတယ် မလား။ ”

“ ရှင် . . ”

ရုတ်တရက် ဆိုတော့ ထွေးထွေးက လန့်သွားပုံ ရ၏။ ကိုသူရက ဆက်ပြီး . .

“ သြော်. . ကိုဇော်က ဘယ်သူ့ကို လာပြီး ရစ်နေတာလဲ ဆိုတာ သိတယ် မလားလို့ ၊ အေးလေ အခု မသိချင်ယောင်ဆောင်နေလဲ ရပါတယ်လေ။ နောက်တော့ အမျိုးတွေ တော်ရမှာဘဲဟာ။ ”

“ ဟာ . . ”

“ ဟယ်. .”

ကျွန်တော်နဲ့ ထွေးထွေးဆီက အာမေဋိတ်သံတွေ တပြိုင်တည်း ထွက်လာသည်။ ကိုသူရရဲ့ စကားကတော့ “ မ ” နဲ့ ကျွန်တော် အဆင်ပြေသွားရင် သူနဲ့လည်း အမျိုးတော်ရမယ် ဆိုတာကို တိုက်ရိုက်ကြီး ပြောချလိုက်တော့ ကျွန်တော့်မှာ မျက်နှာ မထားတတ်အောင် ဖြစ်မိသလို ထွေးထွေးကလည်း မနေတတ်အောင် ဖြစ်သွားရသည်။ “ မ ” ကို ကျွန်တော် တိတ်တခိုးလေး ကြည့်လိုက်မိတော့ “ မ ” က ပြုံးယောင်ယောင်နဲ့ ကျွန်တော့်ကို လှမ်းကြည့်နေသည်။

ကျွန်တော့် မျက်နှာမှာ နွေးခနဲ ဖြစ်သွားရသလောက် ၊ ရင်ထဲမှာ လှပ်ခနဲ . . . .



အပြန်လမ်းက အလွန်ကို တိတ်ဆိတ်လွန်းလှသည်။ ကိုသူရကလည်း သူ့ဖာသာ တစ်ခုခုကို တွေးနေသလို သူ့ဖာသာ တငွေ့ငွေ့ ၊ ကျွန်တော်ကလည်း လတ်တလော ဖြစ်လာခဲ့တာက ပြန်တွေးပြီး ရုတ်တရက် ဒီလောက် အဆင်ပြေသွားမယ် လို့ မတွေးခဲ့မိလို့ ပြန်တွေးရင်း ရင်ထဲမှာ တနွေးနွေး. . .

“ ကိုသူရ ၊ အစ်ကို လုပ်ချက်ကလည်းဗျာ။ ကျွန်တော် ခဏခဏ အသက်ရှူတွေတောင်မှ မှားသွားတယ်။ ”

“ အေး အစ်ကိုလည်း ဒါကိုပဲ ပြန်စဉ်းစားနေတာကွ။ အမှန်က အစ်ကိုလည်း ပြောဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ သူတို့လည်း ပျော်ရွှင်နေတဲ့ အချိန်ဆိုတော့ အစ်ကိုလည်း အခြေအနေကြည့်ပြီး ဆော်ထည့်လိုက်တာကွ။ နောက်ပြီးမှ အဆင်ပြေလို့ တော်ပါသေးရဲ့ ဆိုပြီး စိတ်ပေါ့သွားတာ ၊ အဆင်သာ မပြေခဲ့ရင်တော့ ပြဿနာပဲ လို့ အခုမှ ပြန်စဉ်းစားပြီးတော့ တွေးနေမိတာ . . ”

“ ဟုတ်ပ အစ်ကိုရာ ၊ ဒါပေမဲ့ ထွေးထွေးကို ပြောလိုက်တာကြီးကတော့ အရမ်းကိုများ ဗြောင်ကျသွားမလားပဲ။ ”

“ ဟုတ်တယ်။ ဒီတစ်ချက်တော့ အစ်ကို လွန်သွားတယ်။ ဒါကြောင့် စကားလမ်းကြောင်းကို ပြောင်းပြီး အခြေအနေကို ထိန်းလိုက်တာပေါ့။ ဒါပေမဲ့ မင်းရဲ့ နွေးနွေးကိုလည်း တစ်ခါတည်း နားဖောက်ပြီးသား ဖြစ်သွားတာပေါ့လေ။ ”

ဟုတ်တော့ ဟုတ်ပါတယ်လေ ကိုသူရ ဒီလို ပြောချလိုက်လို့ အခြေအနေတစ်ရပ်ဆီကို တွန်းပို့လိုက်သလို နီးကပ်သွားစေခဲ့သည်။ ထုံးစံအတိုင်းဆိုရင် ကိုသူရ မပါဘဲနဲ့ ကျွန်တော် “ မ ” တို့ အဖွဲ့နားကို ကပ်ရဲလိမ့်မည် မဟုတ်။ အခုတော့ ကိုသူရ မပါတာတောင်မှ ကျောင်းအပြန်မှာ “ မ ” တို့အပြန်မှာ ကျွန်တော်က ညာတာပါတေးနဲ့ ဟိုဟိုဒီဒီ ပြောရင်း လိုက်ပါလာတတ်သည်။ ကျွန်တော်ရဲ့ ရင်ထဲက အချစ်စိတ်ရဲ့ စေ့ဆော်မှုကြောင့် “ မ ” ကလွဲလို့ တခြားဘယ်သူနဲ့မှ ကျွန်တော် စကားပြောချင်တာ မဟုတ်ပါ။ ကျွန်တော်ရောက်သွားရင် “ မ ” ကိုသာ ကျွန်တော် ဦးတည်ပြီး စကားပြောစမြဲ။

“ ကိုဇော်က အရမ်းကို မျက်နှာလိုက်တယ်နော် ၊ လူလေးယောက်မှာ နွေးနွေးတစ်ယောက်ကိုပဲ စကားပြောတယ် ၊ ကျန်တဲ့ လူတွေကို စကားပြောရဖို့ မတူဘူး ၊ မတန်ဘူး ထင်နေလို့လား။ ”

ဆိုပြီး “ မ ” ရဲ့ သူငယ်ချင်းတွေက အမြဲလိုလို စတတ်တယ်။ “ မ ” ကတော့ ဘာမှပြန်မပြောဘဲ ပြုံးယောင်ယောင်လေး ပြုံးနေသလို ၊ “ မ ” ညီမ ထွေးထွေးကတော့ သူ့ဖာသာသူ ဖာသိဖာသာပဲ နဂိုကတည်းက မျက်နှာကြောတင်းသူတွေရဲ့ ထုံးစံအတိုင်း ဆိတ်ဆိတ်ငြိမ် နေတတ်သည်။

“ မဟုတ်ပါဘူး အစ်မရာ ၊ အကုန်လုံးကို အတူတူ ခင်တာပဲလေ။ ဒါပေမဲ့ ကျွန်တော်က စကားဆက်စပ် ပြောစရာ ရှိတာ ပြောရင်း မနွေးနဲ့ က အတိုင်အဖောက်ညီပြီး ပြောဖြစ်သွားတာပါ။ အစ်မတို့နဲ့လည်း ပြောဖြစ်နေတာပါပဲဗျာ။ ”

ဒီလို ကျွန်တော် မရေမရာ ပြန်ပြီး ဖြေရှင်းပေမဲ့ အရမ်းသိသာနေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းနိုင်ပါဘူး။ အချိန်ရှိတိုင်း “ မ ” နဲ့ပဲ စကားပြောနေချင်တဲ့ ကျွန်တော့် စိတ်တွေကို ကျွန်တော့်ဖာသာလည်း မထိန်းနိုင်ခဲ့ဘူး။

သူများတွေအတွက် “ မ ” က မလှပါ . . သို့သော် ကျွန်တော့်အတွက် “ မ ” က ညတစ်ည . . ငြိမ်းချမ်းတယ်။
သူများတွေအတွက် “ မ ” က မချောပါ. . သို့သော် ကျွန်တော့်အတွက် “ မ ” က အိပ်မက် . . နိုးမထချင်ခဲ့။



“ အခု မင်းက ဘာဆက်လုပ်မှာလဲ ကိုဇော် ၊ အချစ်ရေးမှာ ခင်မင်မှု အရမ်းများသွားရင် ဖွင့်ပြောရခက်တယ်ကွ။ ရင်းနှီးလွန်းသွားရင် မင်းဖွင့်ပြောဖို့ ခက်သွားလိမ့်မယ်။ ရှေ့ဆက်မရ ဖြစ်သွားလိမ့်မယ်။ ”

သူငယ်ချင်းတွေက အထိတ်တလန့် သတိပေးသည်။ သူတို့ ပြောတာလည်း အမှန်ပဲ ဖြစ်သည်။ “ မ ” နားမှာ နီးနီးကပ်ကပ် နေနေရတာကို သာယာမှု တစ်ခုတည်းနဲ့ ဒီအတိုင်း ခရီးဆက်သွားရင် သူငယ်ချင်း လိုလို ၊ မောင်တစ်ယောက်လို ခင်မင်မှု မျိုးနဲ့ ကျွန်တော် အဆုံးသတ် မခံနိုင်ပါ။

“ မင်းတို့ ပြောတာ ဟုတ်ပါတယ်ကွာ။ ငါလည်း စဉ်းစားမိပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေလေး ပျောက်ပျက်သွားမှာကိုလည်း ကြောက်နေမိတယ်။ ”

“ အေး ဒါနဲ့ပဲ ဖွင့်မပြောဖြစ်တော့ဘဲ ဇာတ်မျှောသွားရတာတွေ အများကြီး ၊ နောက်တော့ သူငယ်ချင်း ဇာတ်လမ်းတွေ ဖြစ်ကုန်ရော။ ”

“ အေးပါ ၊ ဒီလိုတော့ မဖြစ်စေရပါဘူး။ ငါ မနက်ဖြန်က စပြီး “ မ ” ကို ချစ်နေတယ် ဆိုတာကို သိသာအောင် စပြီး ထုတ်ပြတော့မယ်။ ”

“ အမ် ၊ အခုထိ မင်းက ထုတ်မပြရသေးဘူးလား။ ”

“ ဒီလိုတော့လည်း မဟုတ်ပေမဲ့ သူနဲ့ ရင်းနှီးမှု အရင်ယူခဲ့ရလို့ပါ။ အခုတော့ ငါ့ရင်ထဲက “ မ ” ကို ဘယ်လောက် ချစ်တဲ့ အကြောင်းကို ငါဖွင့်ပြတော့မယ်။ ”

“ သြော် . . ငါတို့ သူငယ်ချင်းက ခုထိ ကြောင်တောင်တောင် လုပ်တုန်းပါပဲလား ၊ တကယ်တော့ကွာ ငါတို့ အကြံပေးလို့ ရရင် တစ်ခု ပေးချင်တယ်။ ”

“ ဘာလဲ။ ”

“ တကယ်တော့ မင်းကသာ ဖြစ်နေတာပါ။ မနွေးနွေးက ဘာမှလည်း မချောပါဘူးကွာ။ တကယ်ဆိုရင် ထွေးထွေးကသာ ချောတာ ၊ မင်း တကယ် လိုက်သင့်တာက ထွေးထွေးကိုကွ။ ”

“ ဟာ . . မင်းတို့ ဒါတော့ မှားနေပြီ။ အချစ်မှာ လှတာ ချောတာ နဲ့လည်း မဆိုင်ဘူးကွ။ “ မ ” ကို ငါ ဘာလို့ ချစ်တာလဲ ဆိုတာ ငါ့ဖာသာငါလည်း မသိဘူး။ “ မ ” ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဖူးသလို ဘယ်သူ့ကိုမှလည်း နောက်ထပ် ချစ်လို့ မရတော့ဘူး ဆိုတာ သိနေတယ်။ ထွေးထွေး ချောတယ် ဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ ချောတာ နဲ့ ချစ်တာ က ခပ်ထူထူကို ကွာတယ် လို့ ထင်တယ်။ ငါ့ စိတ်ထဲမှာတော့ မနွေးနွေးကလွဲလို့ ဘယ်သူ့မှ မရှိဘူး။ ဒါ သေချာတဲ့ စစ်မှန်မှု တစ်ခုပဲ။ ”

ကျွန်တော် စကားပြီးတော့ ဘယ်သူမှ ဘာမှ ဆက်မပြောတော့ပေမဲ့ အတော်များများ ကြားလိုက်ရသလို ရှိပေမဲ့ ၊ ဘာမှလည်း သေသေချာချာ မသိလိုက်ရဘဲ ဒီလိုပဲ ဝေဝါးသွားသည်။ ကျွန်တော် ကိုယ်တိုင်ပဲ ဝေဝါးနေတာလား ကျွန်တော့်ဖာသာပဲ ကျွန်တော် ပြန်ကြည့်မိသည်။



ဆောင်းဥတုရဲ့ စိမ့်ချမ်းမှုက အနွေးထည်ထဲက ကျွန်တော့်အသားထဲကို စိမ့်ဝင်နိုင်ပေမဲ့ “ မ ” ကို ချစ်တဲ့ စိတ်နဲ့ တငြိမ့်ငြိမ့် နွေးနေတဲ့ ရင်ထဲကိုတော့ မထိုးဖောက်နိုင်ခဲ့ဘူး။ ဒီလို နေ့ရက်တွေရဲ့ မနက်စောစော ကျောင်းတံခါးမဖွင့်ခင်မှာ ကျွန်တော်က ကျောင်းတံခါးဝမှာ စောင့်ပြီး ကျောင်းစောင့်ရဲ့ ကျောင်းတံခါး လာအဖွင့်ကို စောင့်နေတတ်ခဲ့သည်။ အိပ်မှုန်စုတ်ဖွားနဲ့ ကျောင်းတံခါးလာဖွင့်ရင်း ကျောင်းတံခါးနားမှာ ရပ်စောင့်နေတဲ့ ကျွန်တော့်ကို တွေ့တော့ ကျောင်းစောင့်ရဲ့ မျက်ဝန်းတွေက အခုမှ ကျယ်သွားပုံရသည်။

“ ကျောင်းသန့်ရှင်းရေး အလှည့်ကျလို့. . . ”

ဒီလို မရေမရာ ဖြေရင်း ကျွန်တော် ကျောင်းထဲ ဝင်လာခဲ့သည်။ တကယ်သွားဖြစ်တာကတော့ ကျွန်တော် အခန်းကို မဟုတ်ဘဲ “ မ ” ရဲ့ အခန်းကို ဖြစ်ပြီး ညက ကျွန်တော် ရေးထားတဲ့ ကဗျာစာရွက်လေး နဲ့ အိမ်က ပန်းအိုးထဲက နှင်းဆီပန်းလေးကို “ မ ” စားပွဲပေါ်မှာ တိတ်လေးနဲ့ ကပ်ပေးဖို့ပါပဲ။ သူများတွေအတွက် ကြောင်တောင်တောင် အရာ ဖြစ်နေနိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ လေးနက်နေခဲ့သည်။

ကျွန်တော် ပေးချင်ခဲ့သော ပန်းနဲ့ ကဗျာလေးကို ပေးပြီး ကိုယ့်အခန်းထဲမှာ တစ်နေ့လုံး ကတုန်ကယင် ဖြစ်နေခဲ့ရသော စိတ်ခံစားမှုကလည်း ဘာနဲ့မှ မတူနိုင်ခဲ့။ လူတွေက ရင်အရမ်းခုန်ကာ ခံစားရလွန်းသွားရင် ခံစားချက် မရှိတော့ သလို ဖြစ်သွားတတ်တယ် လို့ ဆိုကြသည်။ ကျွန်တော့်မှာတော့ ခံစားချက်တွေက တစ်နေ့တခြား ပိုပို တိုးလာတာသာ ဖြစ်လာသည်။ ကျောင်းက အပြန်မှာလည်း ထုံးစံအတိုင်း “ မ ” တို့နဲ့ အတူတူ ပြန်လိုက်သွားပြီး “ မ ” တို့က သူတို့ လမ်းထဲ ဝင်တော့မှ ကျွန်တော်က ကိုယ့်အိမ်ကို ကိုယ် ပြန်လာခဲ့သည်။ ဒီနေ့တော့ “ မ ” စားပွဲခုံပေါ်မှာ ကဗျာ နဲ့ ပန်းလေး သွားပေးထားတော့ အရင်နေ့တွေကလို လမ်းမှာ စကားတွေ ဖောင်အောင် မပြောရဲဘဲ နှုတ်ဆိတ်နေမိသည်။

“ တချို့တွေများ ခက်ပါတယ် ၊ ကဗျာတွေ ပန်းတွေ တိုက်ရိုက် မပေးရဲလို့ သူများ စားပွဲခုံပေါ်မှာ လူမသိအောင် လာထားသွားတယ်။ ပြီးတော့ ဘယ်သူ့ကို ပေးတယ် ဆိုတဲ့ နာမည်တောင်မှ မရေးရဲပဲနဲ့ ”

“ မ ” ရဲ့ သူငယ်ချင်း မစုစုက ရုတ်တရက် ပြောလိုက်တော့ ကျွန်တော့်မှာ အပြစ်ရှိသူ တစ်ယောက်လို ဘာလုပ်လို့ လုပ်ရမှန်း မသိတော့သလို ဖြစ်သွားသည်။ ခဏနေမှ “ မ ” ကို ခိုးကြည့်လိုက်တော့ “ မ ” က နှုတ်လမ်းလေး ကွေးကာ ပြုံးယောင်ယောင်လေး ဖြစ်နေသည်။ တော်ပါသေးရဲ့ “ မ ” စိတ်မဆိုးဘူး ဆိုတာ သိလိုက်ရလို့ ကျွန်တော် ရင်မှာ အတော်ငြိမ်းသွားသည်။ “ မ ” က ကျွန်တော့်ဘေးက ဖြစ်သလို ၊ “ မ ” ဘေးက ထွေးထွေးကတော့ ဘာမှ ခံစားချက် မရှိသော မျက်နှာသေနဲ့ သူ့ခြေလှမ်းတွေကို သူ့ဖာသာ ရေတွက် လျှောက်လှမ်းနေသလိုမျိုး။

နောက်နေ့တွေလည်း ကျွန်တော့် ရင်ထဲက အကြောင်းအရာတွေကို ကဗျာလေးတွေ အဖြစ် “ မ ” စားပွဲခုံပေါ်မှာ သွားသွားထားပါသည်။ “ မ ” နဲ့ အတူ တွဲထိုင်တတ်တဲ့ ထွေးထွေး ၊ မသဇင် ၊ မစုစု တို့က ၄ ယောက်တန်း ခုံမှာ အတူတူ ထိုင်တာ ဆိုတော့ တခြားတစ်ယောက် ယူသွားမှာကိုလည်း စိုးရိမ်စရာ မရှိလိုပါဘူး။ ကျွန်တော် ပေးတာ “ မ ” ဆီကို ရောက်သွားရင် ပြီးတာပါပဲ။ ဒီနည်းနဲ့ပဲ ကျွန်တော် တဖြေးဖြေး တိုးကပ် ခဲ့ပါသည်။ တစ်နေ့တော့ ကျောင်းက အပြန် ထုံးစံအတိုင်း “ မ ” တို့ကို လိုက်ပို့ဖို့ စောင့်နေတဲ့ ကျွန်တော့်ဆီကို “ မ ” က တိုက်ရိုက်ရောက်လာရင်း . .

“ အစ်မတို့ ကိစ္စ ရှိလို့ သွားစရာ တစ်နေရာ ရှိတယ်။ ခဏ အဖော် လိုက်ပေးမလား။ ”

“ ဟုတ်ကဲ့ သွားလေ မနွေး။ ကျွန်တော် လိုက်ပေးမှာပေါ့။ ”

ဒီလို အဖော်ခေါ်ရင်း “ မ ” နဲ့ ထွေးထွေး နှစ်ယောက်တည်း ကျွန်တော်နဲ့ အတူတူ လျှောက်လာခဲ့သည်။ ရပ်ကွက် တစ်ခုကျော်ဆီကို သွားကြတာ ဖြစ်သည်။ တစ်နေရာ ရောက်တော့ “ မ ” က အအေးဆိုင်တစ်ခုထဲကို ဝင်ထိုင်ရင်း သောက်စရာများကို မှာကာ ခဏသောက်သည်။ ပြီးမှ . . .

“ မောင်လေးက ညီမလေးနဲ့ ဒီမှာ ခဏထိုင်စောင့်နေဦး။ အစ်မကတော့ တစ်ယောက်တည်း သွားပြီး အိမ်က ခိုင်းတဲ့ အလုပ် ကိစ္စ သွားပြောလိုက်ဦးမယ်။ သိပ်တော့ မကြာပါဘူး နာရီဝက်ပေါ့။ ညီမလေးနဲ့ စကားပြောရင်း ခဏစောင့်နေနော်။ ”

ဒီလို ပြောရင်း ထထွက်သွားကာ လမ်းချိုးလေး တစ်ခုထဲကို ဝင်သွားသည်။ နဂိုကတည်းက “ မ ” မရှိရင် မပျော်တတ်သူ တစ်ယောက် ဆိုတော့ “ မ ” မရှိတော့ “ မ ” ကိုပဲ မျှော်နေမိသည်။ ကျွန်တော့်ဘေးနားက ဘယ်အရာကိုမှ သတိမထားမိ ၊ ယုတ်စွအဆုံး မှာထားတဲ့ အအေးကိုတောင်မှ မသောက်မိတော့။ ကျွန်တော်နဲ့ အတူ ထိုင်နေတဲ့ ထွေးထွေးကိုလည်း သတိမထားမိ။ “ မ ” ဘယ်တော့ ပြန်လာမလဲ ဆိုတဲ့ အတွေးစိတ်နဲ့ “ မ ” ပြန်လာမယ် ဆိုတဲ့ လမ်းကိုပဲ မျှော်နေမိသည်။

“ ကိုဇော်. . .”

“ - - - - - - - ”

“ ကိုဇော် . . . ”

“ အဲ . . ဗျာ. . . ”

“ သြော်. . . ကိုဇော်က မမကိုပဲ မျှော်နေတာ ထင်တယ်။ ထိုင်နေတဲ့ ထွေးထွေးကိုတောင်မှ သတိမထားနိုင်အောင်ပဲ။ ”

ထွေးထွေးက ဒီလို ပြောတော့မှ ကျွန်တော့် ရှက်ရွံ့စိတ်တွေနဲ့ ရှေ့မှာ ထိုင်နေတဲ့ ထွေးထွေးကို သတိရမိကာ အားနာမိတော့သည်။

“ မဟုတ်ပါဘူး ထွေးထွေးရယ် မနွေးက တစ်ယောက်တည်း သွားတော့ စိတ်ပူလို့ပါ။ ”

“ ဘာမှ စိတ်ပူစရာ မရှိပါဘူး ကိုဇော်ရယ် ၊ ဒါက ထွေးထွေးတို့ ငယ်ငယ်ကတည်းက ခင်လာတဲ့ ဦးလေးလို ဖြစ်နေတဲ့ မိသားစု အိမ်ကို သွားတာပါ။ ဖေဖေက ဟိုကနေ အလုပ် ကိစ္စ လှမ်းပြောလို့ မမက သွားပြောတာပါ။ အရင်ကလည်း ဒီလိုပဲ လာနေကြပါပဲ။ အခုမှ ကိုဇော့်ကို အဖော်ခေါ်လာတာ. . ”

“ သြော် ”

ကျွန်တော် အရင်က “ မ ” နဲ့သာ စကားတွေ ဖောင်နေအောင် ပြောဖြစ်သည်။ ထွေးထွေးနဲ့ ဒီလိုကို မပြောဖြစ် ၊ ပြောမိရင်လည်း မေးထူးခေါ်ပြောမျှသာ ပြောဖြစ်ခဲ့သည်။ အခုလို နှစ်ယောက်တည်း ကျန်ခဲ့တော့မှ ထွေးထွေးနဲ့ စကားပြောဖြစ်တော့လည်း ထွေးထွေးက မျက်နှာကြောတင်းသူ ဆိုပေမဲ့ ပြေပြစ်စွာ စကားပြောတတ်သူ တစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော့် အသိစိတ်တွေကတော့ ပြန်လာမဲ့ “ မ ” ကိုသာ မျှော်နေခဲ့ပါသည်။ ထွေးထွေးနဲ့ စကားပြောနေရင်း ကျွန်တော့် မျက်ဝန်းထောင့်ကနေ “ မ ” ပြန်လာမဲ့ လမ်းကိုသာ စွေကြည့်နေမိသည်။

“ ဟော မနွေး ပြန်လာပြီ။ ”

ကျွန်တော့် စကားသံ ထွက်လာတော့ ထွေးထွေးကလည်း ပြောလက်စ သူ့စကားတွေ ရပ်သွားသည်။ သူဆက်ပြောတာပဲ ဖြစ်ဖြစ် ၊ မပြောဘဲ နေတာပဲ ဖြစ်ဖြစ် ၊ ခုနကလို စိတ်လိုလက်ရ ပြောနေတာပဲ ဖြစ်ဖြစ် ကျွန်တော်က သူပြောသမျှ ဘာမှ သေချာ မကြားမိဘဲ အားလုံး နားစည်ကနေ လျှံထွက်သွားတာပါပဲ။ ကျွန်တော့် နားစွင့်နေတာက ဟိုးအဝေးမှ လှမ်းလျှောက်လာမဲ့ “ မ ” ရဲ့ ခြေသံတွေကိုပါပဲ။ အခုတော့ အဝေးကနေ လှမ်းလာနေရင်းကို တိမ်တွေ စိုစိုမှာ “ မ ” ခြေလှမ်းတွေက လှလိုက်တာ။ “ မ ” က ဆိုင်ထဲကို လှမ်းဝင်လာရင်း . . .

“ တော်တော် စောင့်လိုက်ရလား မောင်လေး။ ”

“ ဟုတ်ကဲ့ ရပါတယ် မနွေးရဲ့။ ”

“ ကဲ သွားကြမယ်။ မောင်လေးလည်း အစ်မတို့ အိမ်ကို တစ်ခါတည်း လိုက်လည်ပါလား။ အိမ်မှာက ဦးလေးနဲ့ အဒေါ်က အလုပ်သွားနေတော့ အစ်မတို့ ညီအစ်မ နှစ်ယောက်တည်းပဲ ရှိတာ။ ဟိုရောက်မှ အအေးဆက်သောက်ပေါ့။ ”

“ ဟုတ်ကဲ့။ ”



“ အဟီး . . ဟေ့ကောင်တွေ ”

ကျောင်းကို ရောက်ရောက်ချင်း အခန်းထဲကို တန်းဝင်တော့ သူငယ်ချင်း အုပ်စုလိုက် စကားပြောနေတာကို တွေ့လိုက်ရလို့ ကျွန်တော်က တစ်ညလုံး ပြောချင်နေတဲ့ စကားကို ပြောဖို့ သူတို့ကို လှမ်းခေါ်လိုက်သည်။ ဒါပေမဲ့ သူတို့ အားလုံး ကျွန်တော် ခေါ်တာကို မကြားသလို သူတို့ ပြောလက်စ စကားကိုပဲ ဆက်ပြောနေကြသည်။

“ အဲဒါ မှားတာကွ ၊ အမှန်ဆိုရင် ဒီဘက်မှာ တစ်ယောက် ရှိတယ်။ အဲဒီတစ်ယောက်ကို ထိုးပေးလိုက်တာနဲ့ ဂိုးသွင်းလို့ ရပြီ။ အခုတော့ သူက သွားလိမ်နေတော့ ဂိုးသမားက မိသွားတာပေါ့။ ”

“ ညက မိုးများပြီး လေတိုက်လို့ လမ်းထိပ်က ညောင်ပင်ကြီး ကျိုးကျတာ အဲဒီအောက်မှာ ဖွင့်တဲ့ အကြော်ဆိုင်လေး ပိသွားတယ်ကွာ။ သူတို့ ဒီနေ့ ဆိုင်ဖွင့်ဖို့ နေရာ ခက်သွားတာပေါ့။ ”

 “ စာစီစာကုံး ပြိုင်ပွဲ နောက်လထဲမှာ လုပ်မယ် တဲ့။ တန်ဆောင်တိုင် ပြိုင်ပွဲ ဆိုလားပဲ။ မြို့နယ်မှာ သွားဖြေရမှာတဲ့။ ”

ဟာ . . . ကျွန်တော် ခေါ်နေတာကို တစ်ယောက်မှ လှည့်မကြည့် ၊ ဘယ်သူ့မှ ကျွန်တော် ခေါ်တာကို မကြားသလို သူတို့ ပြောနေတဲ့ စကားတွေကိုသာ ဆက်ပြောနေကြသည်။

“ ဟေ့ကောင်တွေ . . ”

ကျွန်တော် ထပ်ခေါ်ရင်း သူတို့ မျက်နှာရှေ့မှာ လက်နဲ့ ကာလိုက်တော့လည်း သူတို့ မရှောင် ၊ သူတို့ မျက်နှာရှေ့မှာ ကျွန်တော် မျက်နှာကို ထိုးထည့်ပြီး ကြည့်လိုက်တော့လည်း ဘာမှ မဖြစ်သလို ခပ်တည်တည်နဲ့ လွှဲခြင်း ၊ ရှောင်ခြင်း မရှိဘဲ ပြောနေတဲ့ စကားကို ဆက်ပြီး ပြောနေကြသည်။ ကြာတော့ ကျွန်တော့် စိတ်ထဲမှာတောင်မှ ကိုယ့်ဖာသာကိုယ် တစ်မျိုး ဖြစ်လာသည်။ ဝိညာဉ်ကားတွေထဲကလို ကျွန်တော် ဝိညာဉ် ဖြစ်သွားလို့များ သူတို့က ကျွန်တော် ခေါ်နေတာကို မကြား ၊ ကျွန်တော့်ကို မမြင်ဆိုသလို ဖြစ်သွားတာလား ၊ ကိုယ့်ဖာသာ တွေးပြီး လန့်သွားမိသည်။ ဒါပေမဲ့ ကျွန်တော် ဘာမှ မဖြစ်ဘူးလေ ၊ အကောင်းကြီးကို။

“ အား. . . ဒီအချိန်မှာ ကျောင်းကလည်း မတတ်သေးတော့ ကင်တင်းက အီကြာကွေး နဲ့ မုန့်ဟင်းခါးရည်လေးများ တိုက်မဲ့သူ ရှိရင် သူပြောချင်နေသမျှ စကားကို ထိုင်နားထောင် ပစ်လိုက်မယ်ကွာ။ ”

သြ . . . သူတို့က ဒီလိုကိုး။ ဒါကြောင့် ကျွန်တော် ခေါ်တာ ကို မကြားချင်ယောင်ဆောင် ၊ ကျွန်တော့်ကို မတွေ့ချင်ယောင် ဆောင်ပြီး ညစ်နေကြတာကိုး။

“ အေး . . ငါကလည်း ငါပြောတာ နားထောင်တဲ့ လူကို ကင်တင်းမှာ လိုက်ကျွေးဖို့ ဆုံးဖြတ်ထားတဲ့ လူပဲ။ ”

ကျွန်တော်လည်း ဒီလို ပြောလိုက်ရော ၊ အခုမှ ကိုယ်ထင်ပြလာတဲ့ သိကြားမင်းကို မြင်လိုက်ရသူတွေလိုနဲ့ . .

“ ဟာ သူငယ်ချင်းကြီး ကိုဇော် ၊ ဘယ်တုန်းက ရောက်လဲ ၊ ဘာစားပြီးပြီလဲ ၊ ငါ ထင်တယ် မင်း ဝမ်းသာလုံး ဆို့ပြီး ဘာမှ စားရဦးမှာ မဟုတ်ဘူး မလား။ ဒါပေမဲ့ သူငယ်ချင်းတွေကိုတော့ ကျွေးမွေးချင်နေမှာပဲလေ။ ဒါကြောင့် လာ ကင်တင်းသွားမယ်။ ပြီးရင် စားသောက်ရင်းနဲ့ မင်း ပြောချင်တာကို ပြောပေါ့။ ”

အမ်. . အတင်းကြီး ပါပဲလား။ ပြန်ပြောနေရင်လည်း မထူးပါဘူးလေ။ ကိုယ်ကလည်း ပြောပြချင်နေတဲ့ သူ မဟုတ်လား။ လွယ်အိတ်ကို စားပွဲခုံထဲ ထိုးထည့်ပြီး ကင်တင်းဘက်ကို ထွက်လာခဲ့သည်။ ထိုအုပ်စုလိုက်ကလည်း ဘေးက ပါလာလေသည်ပေါ့။ ကင်တင်းရောက်တော့ ကိုယ်က ကိုယ့်ဖာသာ ရင်တွေပြည့်ပြီး မစားနိုင်သေးပါဘူး ၊ သူတို့ကတော့ စားလိုက်သောက်လိုက်ကြတာ ခေါင်းတောင်မှ မဖော်ဘူး။ ကိုယ်ပြောချင်တာကို စကားစဖို့ ဘယ်လို ပြောရမှန်းကို မသိ။ တစ်ယောက်ကို ပြောမယ် ပြင်လိုက် ဟင်းရည် ထတောင်းလိုက်နဲ့ လူက အူလည်လည်ကို ဖြစ်လာသည်။ နောက်တော့ ဘာမှ မပြောဘဲ သူတို့ စားအပြီးကိုပဲ ထိုင်စောင့်နေလိုက်ရတော့သည်။ စားပြီးလို့ စကားစ စမယ် ကြံယုံ ရှိသေး . .

“ ဟာ ကျောင်းတတ်တော့မယ်ကွ ၊ သွားကြရအောင် ”

ဆိုပြီး အခန်းဘက်ကို ထွက်လာခဲ့သည်။ ဒီမှာလည်း ပြောလို့ မရမဲ့ အတူတူ အခန်းကိုပဲ ပြန်လာခဲ့သည်။ အခန်းထဲ ရောက်တော့ ဆရာမက မလာသေးဘူး။ ကျွန်တော် မနေ့က အဖြစ်အပျက်တွေကို တစ်ညလုံး အောင့်အီးပြီး စောင့်ထားရတာ အခု ပြောဖို့ ပြင်လိုက်တော့ . . .

“ ပြောမနေပါနဲ့တော့ကွာ။ မင်း မနေ့က မနွေးတို့ အိမ်ကို ရောက်သွားတယ် ဒါကို ပြောမလို့ မဟုတ်လား။ ”

“ အမ် . .မင်းတို့က သိနေလို့လား။ ”

“ ဟ သိတာပေါ့ကွ။ မင်း လိုက်သွားတာကို စိုးထွန်းက တွေ့လိုက်လို့ မနက်ကတည်းက ငါတို့ကို ပြောလို့ ငါတို့က သိပြီးသွားပြီ။ ဒါကြောင့် မင်းလာရင် ပညာပေးဖို့ စောင့်နေတာလေ ဟဲ ဟဲ ဟဲ ။ ”

“ သြ. . . ဒီလိုကိုး။ ”

“ ဟုတ်တာပေါ့။ ဒါပေမဲ့ ဆက်ပြောပါကွ။ အိမ်ထဲ ရောက်တော့ ဘာတွေ ဆက်ဖြစ်လဲ။ ဒါတော့ ငါတို့ မသိသေးဘူးလေ။ ”

ဒီတော့မှ ကျွန်တော်လည်း နည်းနည်း ဘဝင်ကျသွားသည်။

“ အိမ်ထဲ ရောက်တော့ “ မ ” က ခဏပဲ ထိုင်စကားပြောနိုင်တယ်ကွ။ သူ့မှာ လုပ်စရာတွေ ရှိတော့ သွားလုပ်နေတာနဲ့ ငါ့မှာထွေးထွေးနဲ့ပဲ ထိုင်စကားပြောနေရတယ်။ ငါ့မှာ “ မ ” ကိုလည်း မျှော် ၊ ထွေးထွေးကလည်း စကားတွေ ပြောဆိုတော့ တော်တော်ကို စိတ်ကျဉ်းကြပ်တာပေါ့ကွာ။ ဒါပေမဲ့ တစ်ခုတော့ “ မ ” ကပြောလိုက်ပါတယ်။ နောက်ဆိုလည်း အချိန်မရွေး သူ့တို့ အိမ်ကို လာလည်ပါတဲ့။ ”

“ သြော်. . ဒါနဲ့ မင်းက နွားငတ် ရေတွင်းထဲ ကျလာတာပေါ့လေ။ ”

“ အမ် . . .မင်းပြောပုံကြီးကလဲကွာ။ ”

ဒီတော့ အားလုံး တဟားဟား နဲ့ ဝိုင်းရယ်ကြသည်။ ကျွန်တော်လည်း ဆက်ပြောစရာ စကားရှားသွားသလို ဖြစ်သွားသည်။ ရယ်သံတွေ ဆုံးတော့ နေဇော်အောင်က တွေးတွေးဆဆ နဲ့ တစ်ခု ဝင်ပြောသည်။

“ ဒီမှာ ကိုဇော် ၊ မင်း ပြောစရာ ရှိတာ ပြောတော့ သူငယ်ချင်း။ ဘာလို့လဲ ဆိုတော့ အခုဆိုရင် ၁၀ တန်း စာမေးပွဲ ဖြေဖို့က ၂ လပဲ လိုတော့တယ်။ စာမေးပွဲပြီးရင် မနွေးတို့က မော်လမြိုင်ပြန်မှာလေ။ ဒီအချိန်ထိ မင်း ဖွင့်မပြောရသေးဘဲ ဇာတ်မျောကြီး ဆိုရင် မနွေးတို့ ပြန်သွားမှ မင်း ဘယ်လိုလုပ်မလဲ။ ဒီအချိန်မှာ ကတည်းက မင်း အဖြူ အမည်း သဲကွဲအောင် ပြောသင့်ပြီ။ ပြီးတော့ အဖြေလည်း ရအောင် တောင်းသင့်ပြီ။ ”

“ ဟုတ်ပါတယ်ကွာ။ ”

“ အခု ဒီလိုလေး အတူတူ သွားလာနေရယုံ ၊ သူတို့အိမ်ကို သွားလည်ခွင့်ရနေရယုံနဲ့ မင်းကျေနပ် မနေသင့်ဘူး မဟုတ်လား။ မင်း ဖွင့်ပြောသင့်ပြီ။ အခု အချိန်ဆိုရင် မင်း အတွက် အခြေအနေက ဒီလောက် မဆိုးနိုင်ဘူးလို့ ထင်တယ်။ ဒါနဲ့ မင်း မနွေးကို ဖွင့်ပြောမယ် ဆိုရင် ထွေးထွေးကရော ဘယ်လို အခြေအနေ ရှိနိုင်လဲ။ ”

“ သူကတော့ ညီမပဲကွာ။ “ မ ” နဲ့ ငါ အဆင်ပြေရင် သူက ဘာမှ မပြောလောက်ဘူး ထင်တာပဲလေ။ ဒါပေမဲ့ ခက်တာက “ မ ” နဲ့ ငါက နှစ်ယောက်တည်း စကားပြောချိန် မရသေးဘူး။ အခုဆိုရင် နှစ်ယောက်တည်း ကျန်နေခဲ့ပြီ ဆိုရင် ထွေးထွေးနဲ့ ငါပဲ ဖြစ်နေတတ်တယ်။ ဒီအချိန်မှာ “ မ ” က တစ်ခုခု လုပ်နေတယ်လေ။ ထွေးထွေးက ငါ့ကို ဧည့်ထောက်ခံ စကားပြောတယ်။ ဒီလိုတွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် ပြောရခက်နေတာလည်း ပါတယ်။ ”

“ ဒါဆို ဒီလိုလုပ်ကွာ။ မင်း မနွေးကို သေချာ ပေါ်တင်သာ ပြောတော့ မနွေး အစ်မကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောစရာ ရှိတယ်လို့ ဒါကြောင့် အစ်မ ကျွန်တော့်ကို တစ်ယောက်တည်း စကားပြောခွင့်ပေးပါလို့ ၊ ဒါကို သူက လိုက်လျောရင် မင်း ပြောလို့ ရပြီ။ ”

 “ အေး ဟုတ်တယ်ကွာ။ ဒီနည်းပဲ ကောင်းတယ်။ ဒါဆိုရင် ငါလည်း လွတ်လွတ်လပ်လပ် ပြောခွင့်ရမှာပဲ။ ”

“ ဟုတ်တယ် ချကွာ။ ဘာမှ မလှုပ်တာထက် စာရင် နည်းနည်း လှုပ်လိုက်တော့ တစ်ခုခုတော့ ထူးမှာပဲ။ အောင်မြင်ပါစေကွာ။ ”

သူငယ်ချင်း အားလုံးက လက်ဆန့်တန်းပေးသည်။ သူတို့ လက်တွေကို ကျွန်တော်က ပြန်ရိုက်လိုက်သည်။

“ ဖြောင်း . . .ဖြောင်း. . ဖြောင်း . .”

“ ကျေးဇူးပဲ သူငယ်ချင်းတို့ ”



အထစ်ထစ် အငေါ့ငေါ့ စကားပြောနေတယ် ဆိုပေမဲ့ ကျွန်တော်က စကားထစ်သူ တစ်ယောက်တော့ မဟုတ်ပါ။ ပြောချင်ဇောတွေ များပြီး ထစ်နေတာလည်း မဟုတ်ဘဲ ရင်ထဲက စကားလုံးတွေက ရုန်းကန်ကြီးထွားပြီး သူ့ဖာသာ ပါးစပ်နဲ့ မဆန့်ဘဲ တိုးထွက်ရင်း ထစ်ငေါ့သွားကြတာပဲ ဖြစ်သည်။

“ မနွေးကို ကျွန်တော် ပြောစရာ ရှိလို့ ဒီနေ့ မနွေး အိမ်ပြန်ရင် ကျွန်တော် တစ်ယောက်တည်း လိုက်ပို့ချင်တယ် မနွေး ”

ကျွန်တော့် စကားဆုံးတော့ မနွေးက မျက်လုံးလေးထောင့်ကပ်စဉ်းစားပြီး ခေါင်းငြိမ့်ပြသည်။

“ ဒါဆို ကျောင်းဆင်းရင် ကျွန်တော် ကျောင်းထိပ်က စောင့်နေမယ်နော်။ ”

ပြောရင်း ကျွန်တော် လှည့်ထွက်လာခဲ့သည်။ ကျွန်တော့်ရဲ့ လွယ်အိတ်ထဲမှာ ညနေ မနွေးကို ပေးဖို့ စာလေး တစ်စောင်ကလည်း ရှိနေသည်။ ပျံပြီး ထွက်မပြေးနိုင်တာ သိပေမဲ့ ကျွန်တော် စာအုပ်ကြားထဲက စာလေးကိုပဲ လွယ်အိတ်ပေါ်ကနေ ထပ်ပြီး ဖိထားမိသည်။ တစ်နေ့လုံး ကျွန်တော် ငြိမ်ငြိမ်နေလို့ မရ။ ထိုင်ရမလို ထရမလို ကျောင်းဆင်းချိန် နာရီကိုပဲ နှေးနေသလို တောက်ခေါက်လိုက် ၊ ဖင်တကြွကြွ ဖြစ်နေလိုက် ၊ သူငယ်ချင်းတွေရဲ့ ဘာဖြစ်လို့ ဂဏာမငြိမ် ဖြစ်နေလဲ ဆိုသော မျက်စောင်းထိုးမှုကို လက်ခံရယူလိုက် နဲ့ ကျောင်းဆင်းချိန်ရောက်လို့ ခေါင်းလောင်းထိုးတော့ ကျောင်းရှေ့ကို မပြေးယုံတမယ် နဲ့ ကျွန်တော် ရောက်သွားခဲ့သည်။

ထုံးစံထက် သာမာန်ပိုကျသော ခြေလှမ်းတွေနဲ့ “ မ ” ကတော့ သူ့ဖာသာ လေသွေ့သွေ့မှာ ခပ်ငြိမ့်ငြိမ့်လေး လှမ်းလျှောက်လာသည်။ “ မ ” တစ်ယောက်တည်းတော့ မဟုတ်ပါ။ ထုံးစံအတိုင်း “ မ ” နဲ့ “ မ ” ညီမ ၊ သူငယ်ချင်း ၂ ယောက် အတူတူတွဲကာ လေးယောက်လုံး ထွက်လာကြသည်။ ကျွန်တော့်နားရောက်တော့ “ မ ” က ထွေးထွေးကို ပြောသည်။

“ ညီမလေး သဇင်တို့နဲ့ ဒီနေ့ ပြန်နှင့်တော့ မမ ကိုဇော် နဲ့ ပြန်လာခဲ့မယ်။ အိမ်ရောက်မှ တွေ့မယ်နော်။ ”

“ - - - - - - ”

ထွေးထွေးဆီက ဘာသံမှ မကြားရ။ ထုံးစံအတိုင်း သူရဲ့ ခပ်တင်းတင်း မျက်နှာပေးနဲ့ ခေါင်းငြိမ့်ပြသည်။ ပြီးတော့ ကျွန်တော့်ကိုလည်း တစ်ချက်လှမ်းကြည့်သည်။ သူ့ရဲ့ အကြည့်ထဲမှာ ရောင်စဉ်တချို့ပါဝင်သည်။ သို့သော် ထိုရောင်စဉ်ကို ကျွန်တော် အဓိပ္ပါယ် မဖော်တတ်ပါ။ သူတို့ လှည့်ထွက်သွားတော့ “ မ ” က ကျွန်တော့်ကို သူဆောင်းလာတဲ့ ထီးလေးကို လှမ်းပေးသည်။ ဂျပန်ထီးပါ။ မလေးလှပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်ကိုယ်လုံး သိပ်သည်းသွားသလို ခံစားလိုက်ရသည်။ “ မ ” နဲ့ နှစ်ယောက်တည်း ထီးအတူတူ ဆောင်းရဖို့ ကျွန်တော် မျှော်လင့်ခဲ့သော အဖြစ်အပျက်က ဒီလောက် လျင်မြန်စွာ ဖြစ်လာလိမ့်မယ် လို့ မထင်မိဘူး။

လူတစ်ယောက်ကို ထီးမိုးပေးရတာ ဒါ ပထမဦးဆုံး အကြိမ်ဆိုတော့ ကျွန်တော့်ထီးက “ မ ” ကို မလုံခြုံ ဖြစ်သွားမှာကို ကျွန်တော် ပိုပြီး စိုးရိမ်နေမိသည်။ ကျွန်တော့်ကို မော့ကြည့်ပြီး “ မ ” က ခစ်ခနဲ ရယ်သည်။ ပြီးတော့မှ. . .

“ မောင်လေးရယ် ၊ မင်းကလည်း ထီးဆောင်းနေတာနဲ့မှ မတူတော့ပါလား။ အစ်မ တစ်ယောက်တည်းကို ထီးမိုးပေးသလို ဖြစ်နေပြီ။ အခုက ထီးတစ်လက်ကို နှစ်ယောက် ဆောင်းနေတာလေ။ ”

“ ဟုတ်တော့ ဟုတ်ပါတယ် မနွေးရယ် ၊ ကျွန်တော်က မဆောင်းပေးတတ်တော့ ကျွန်တော် တစ်ယောက်တည်း ဆောင်းနေသလို ဖြစ်ပြီး မနွေး မလုံမှာ စိုးလို့ သတိထားပြီး ဆောင်းပေးနေတာပါ။ ”

“ ဟင်း  . . .  မင်း အဖြစ်နဲ့လည်း မလွယ်ပါလားကွယ်။ လာပါ လမ်းလျှောက်ပြီး ထီးကို ကို့ယို့ကားယား ဆောင်းနေထက် စာရင် ဆိုင်တစ်ဆိုင်မှာ အအေးထိုင်သောက်ရင်း စကားပြောကြတာ ကောင်းတာပေါ့။ ”

ပြောပြောဆိုဆို အအေးဆိုင်လေး တစ်ဆိုင်ကို ကျွန်တော်တို့ ဝင်ခဲ့ကြသည်။ သောက်ဖို့ မှာပြီးမှ “ မ ” က ပြောသည်။

“ ပြောလေ ၊ အစ်မကို ပြောစရာ ရှိတယ် ဆို ၊ ဘာပြောမှာလဲ။ ပွင့်ပွင့်လင်းလင်းသာ အားမနာတမ်းပြော ၊ တိုင်ပင်မယ် ဆိုလည်း အားမနာတမ်း တိုင်ပင်ပေါ့။ ”

“ မ ” က ဒီလို ပွင့်ပွင့်လင်းလင်း ပြောလေ။ ကျွန်တော့်မှာ အအေးသောက်နေရင်း အာခေါင်တွေ ခြောက်ကပ်လာလေလေ ပါပဲ။ မထွက်ရသေးတဲ့ အသံတွေကလည်း လည်ချောင်းထဲမှာတင် ပျောက်ပျောက်ကုန်သည်။

“ မနွေး ကျွန်တော် ပြောရမှာ မထွက်တော့ဘူးဗျ။ ဒါပေမဲ့ ဒီအကြောင်းတွေ ကျွန်တော် စာနဲ့ ရေးထားတာ ရှိပါတယ်။ ဒါကို မနွေး ယူသွားပြီး ဖတ်ကြည့်လိုက်ပါ။ ဒါဆို မနွေး သေချာ သိသွားပါလိမ့်မယ်။ ”

“ ဘယ်လို ”

“ သြော် အခု ကျွန်တော် ပြောချင်တဲ့ အကြောင်းတွေ စာနဲ့ ချရေးထားတာ ရှိပါတယ်လို့ . . ရော့ မနွေး ၊ စာက ဒီစာအုပ်လေးထဲမှာပါ။ မနွေး ယူသွားပြီး ဖတ်ကြည့်လိုက်ပါ။ ဒါဆို မနွေး သဘောပေါက်မှာပါ။ ”

ကျွန်တော့် စကားဆုံးတော့ အရာရာက တိတ်ဆိတ်သွားသလို ဖြစ်သွားတယ်။ ကျွန်တော်ပေးတဲ့ စာအုပ်လေးကို လက်က ကိုင်ရင်း “ မ ” ကျွန်တော် နားမလည်နိုင်သော မျက်ဝန်းများနဲ့ ကျွန်တော့်ကို ကြည့်သည်။ ဒီအချိန်မှာ “ မ ” ရဲ့ နှုတ်ခမ်းတွေက တင်းရင်းပိပြားနေအောင် တိတိကျကျ စေ့လို့။

“ အစ်မတို့ ပြန်ကြရအောင် မောင်လေး။ ”

တိမ်တွေ နိမ့်ကာ ပြိုဆင်းလာသလို ခံစားလိုက်ရသည်။ စိတ်ဆိုးသော အရိပ်လက္ခဏာကတော့ “ မ ” မျက်နှာပေါ်မှာ မတွေ့ရပါ။ သို့သော် အခု “ မ ” ပြန်မယ် ဆိုတော့လည်း ကျွန်တော့်မှာ တားစရာ စကားလုံး တိတိကျကျ မရှိ။ ကျွန်တော် အအေးဖိုး ရှင်းကာ ထထွက်လာခဲ့သည်။ “ မ ” ကို အိမ်အပြန်လိုက်ပို့ရာ လမ်းတလျှောက်လည်း တိတ်ဆိတ်ငြိမ်သက်စွာ နဲ့ပဲ ပတ်ဝန်းကျင်က ငြိမ်သက်နေသည်။

“ အိမ်ထဲ ဝင်ဦးမလား။ ”

“ မ ” အိမ်ကို ရောက်တော့ “ မ ” က မေးသည်။ ကျွန်တော် ခေါင်းခါပြလိုက်ရင်း . . .

“ မဝင်တော့ပါဘူး မနွေး ၊ ကျွန်တော် ပြန်တော့မယ်။ ကျွန်တော့်စာလေးကိုပဲ “ မ ” ဖတ်ပေးပါ။ ”

ဒီအချိန်မှာပဲ အိမ်ထဲက ထွေးထွေးက ထွက်လာသည်။

“ မမ တို့ ပြန်လာပြီပဲ ၊ ကိုဇော် အထဲကို ဝင်ပါဦးလား။ ”

“ မဝင်တော့ဘူး ထွေးထွေး ၊ နောက်မှပဲ လာတော့မယ်နော်။ အခုက သွားစရာလည်း ရှိလို့ပါ။ ”

ကိုယ့်ရင်ခုန်သံကြောင့် ရင်တုန်နေမှုကို မထိန်းနိုင်တော့ဘဲ ကျွန်တော် နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။ အိမ်အပြန် လမ်းတလျှောက် အရာရာက သွေ့ရော် နွမ်းလျစွာ။



“ ငါတော့ ဖွင့်ပြောလိုက်တာ မှားပြီထင်တယ်ကွာ။ ”

“ ဟ ဘာလို့လဲကွ။ ”

တစ်ပတ်လောက် အကြာမှာ သူငယ်ချင်းတွေကို ရင်ဖွင့်ပြမိသည်။ သူတို့ကလည်း ဘေးကြည့် ပရိတ်သတ်ဆိုပေမဲ့ အားလုံးတော့လည်း သိနေသူတွေပါပဲ။ မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုမှုတွေကိုသာ သူတို့ မခံစားရတာ။

“ သြော်. . . အခု မနွေးက အရင်လို ငါ့ကို သေချာ စကားမပြောတော့ဘူးကွ။ ကျောင်းပြီးလို့ အိမ်အပြန်လိုက်ပို့ရင်လည်း အရင်ကလို ငါ့ဘေးက မလျှောက်တော့ဘဲ ငါ့ဘေးမှာ ထွေးထွေးကို ထားပြီး လျှောက်တယ်။ စကားမပြောဘူး မဟုတ်ဘူး ပြောတယ် ၊ ဒါပေမဲ့ အရင်လို ဟက်ဟက်ပက်ပက် မပြောတော့တာ။ ငါပြောမိတာ မှားပြီလား။ ”

“ ဟ . . မဟုတ်သေးဘူးလေကွာ။ မပြောတော့လည်း ဒီလိုပဲ ဇာတ်မျောပြီး မင်းနေနိုင်လား။ စာမေးပွဲဖြေရဖို့ ၁ လကျော်ပဲ လိုတော့တယ်။ စာမေးပွဲပြီးလို့ သူက မော်လမြိုင်ပြန်သွားရင် မင်းက ဒီအတိုင်း ကျန်နေခဲ့နိုင်လား။ ဒီအချိန်ဆို မမြင်တွေ့ရတော့ဘူး ဆိုတော့ မင်း ပိုဆိုးမှာပေါ့။ အခုဆိုရင် သူ့ဆီက တိကျတဲ့ အဖြေ တစ်ခုရရင် မင်းအတွက် ဖြေသာတာပေါ့။ ချစ်ရင် ချစ်တယ် ၊ မချစ်ရင် မချစ်ဘူးပေါ့လေ။ ကွဲရင်လည်း ကွဲပေါ့ကွာ ဘာဖြစ်လဲ။ ”

“ အေးကွာ ၊ ဒါပေမဲ့ မနွေးက ဒီလို စကားမပြောဘဲ နေတော့ ငါ့မှာ ပိုပြီး ဝေးသွားသလို ခံစားရတယ်။ ”

“ ဒါကတော့ကွာ ၊ မိန်းကလေးပဲ ကြီးကြီးငယ်ငယ် နည်းနည်းတော့ ပဲများမှာပေါ့။ မင်းကလဲ။ တကယ်လို့ ချက်ချင်း ပြန်ကြိုက်ပြန်တော့လည်း မင်းတို့က ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်ဦးမယ်။ ဟုတ်တယ်မလား။ ”

“ အေးလေကွာ။ မင်းကလည်း ခဏတော့ အခြေအနေ စောင့်ကြည့်လိုက်ပါ။ မင်းစာကို ဖတ်ပြီးတော့ သူစဉ်းစားနေတာ ဖြစ်မှာပါ။ ”

“ ဟုတ်တယ်ကွ။ နေမျိုး ပြောတာ ဖြစ်နိုင်တယ်။ ”

သူငယ်ချင်းတွေ အားလုံး ဝိုင်းပြီး အားပေးကြသည်။

“ အေးကွာ မင်းတို့ ပြောသလိုပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ “ မ ” ရဲ့ တိတ်ဆိတ်နေမှုကို ငါ မခံစားနိုင်လို့ပါကွာ။ ”

“ ဒါကတော့ကွာ မနွေးကိုလည်း ခဏတော့ စဉ်းစားချိန် ပေးလိုက်ပါကွာ။ ”

ခေါင်းငြိမ့်တယ်ဆိုသော အလုပ်တစ်ခုသာ ကျွန်တော့်မှာ အခု လောလောဆယ် လုပ်စရာ ရှိပါတော့သည်။ မနက်ဘက် “ မ ” ရဲ့ အလာကို စောင့်ကြိုနေယုံ ၊ ကျောင်းအပြီး “ မ ” အိမ်အပြန်ကို အတူတူ ပြန်ရင်း လိုက်ပို့ယုံနဲ့ပဲ နေ့ရက်တွေကို တိတ်တဆိတ် ဆွေးမြေ့စွာ ဖြတ်သန်းကုန်ဆုံးခဲ့ရသည်။ အရင်လို စကားတွေ အများကြီး မပြောဖြစ်တော့တဲ့ အတွက် ရင်ထဲမှာ ရှိနေတဲ့ စကားလုံးတွေကလည်း အစိုင်အခဲတွေဖြစ်ကာ ပိတ်လှောင် မွန်းကြပ်နေမိသည်။

“ မ ” တို့ တစ်ဖွဲ့လုံးကလည်း ဘာမှ မမေးကြပေမဲ့ ကျွန်တော်နဲ့ “ မ ” ဘာဖြစ်ထားသလဲ ဆိုတာကို တိတ်တဆိတ် စောင့်ကြည့်နေတယ် ဆိုသော မျက်ဝန်းများနဲ့။ ဒါပေမဲ့ အခေါ်အပြော ၊ အရယ်အမောများကတော့ သင့်တော်သလို ဖြစ်တည်ပေါက်ဖွားလျက်ပါပဲ။ ထွေးထွေးကတော့ အရင်လိုပဲ ဖာသိဖာသာပဲ သူ့ဖာသာ လည်ပတ်နေသလို ၊ “ မ ” ကတော့ တခြားသော ပျော်ရွှင်ရယ်မော စရာများကို ရယ်မောနေပေမဲ့ ကျွန်တော့်ကိုတော့ အရင်လို မဆက်ဆံတော့။ တစ်ရက်တွေက တစ်စတစ်စ မိုးချုပ်လာသလို ပိတ်မှောင်လွန်းခဲ့သည်။ ကျွန်တော့်မှာလည်း ဘယ်ကနေ ဘယ်လို ရှင်းပြရမှန်း မသိ။

ရင်ထဲက အစိုင်အခဲတွေကြောင့် အိပ်မရ ရက်တွေ များလာပြီး ခံနိုင်ရည် မရှိတော့လောက်အောင် ရင်ထဲက ဒဏ်တွေကို ပေါက်ကွဲချင်လာမိသည်။ အခန်းထဲမှာ လူက စာသင်နေရပေမဲ့ စိတ်တွေအားလုံးက “ မ ” ရဲ့ အခန်းမှာသာ ပျော်ဝင်နေမိသည်။ ကြာတော့ လူနဲ့ စိတ်နဲ့က မကပ်ချင်သလိုလို ဖြစ်ပြီး လူကလည်း အလိုလို ပေါက်ကွဲ ရှတ ချင်နေမိသည်။ ဒီလို နေ့ရက်တစ်ရက် မုန့်စားလွှတ်ချိန်မှာ ဘယ်မှာကို မထွက်ဘဲ အခန်းထဲမှာပဲ အောင်းနေတဲ့ ကျွန်တော့်ဆီကို “ မ ” ရောက်လာခဲ့သည်။ သူငယ်ချင်း တစ်ယောက်လာပြောလို့ အခန်းပြင်ကို မှာ “ မ ” စောင့်နေတာ တွေ့လိုက်ရသည်။ တစ်ခါမှ မလာဖူးတော့ ယုံတောင်မှ မယုံချင်။ အပြေးအလွှားထွက်သွားရင်း . .

“ ကိစ္စ အထွေအထူး ရှိလို့လား မနွေး ၊ ခိုင်းစရာ အဖော် လိုက်ပေးစရာ ရှိရင် ကျောင်းဆင်းမှာ ပြောလဲ ရပါတယ်။ ”

“ သြော်. . .မောင်လေးက အစ်မ မောင်လေး အခန်းကို လိုက်လာတာ မကြိုက်လို့လား။ ”

“ ဟာ မဟုတ်ပါဘူး။ ကျွန်တော်က မနွေး လိုက်လာရလို့ အားနာလို့ ပြောတာပါ။ ”

“ ဒါဆိုရင်လည်း ထားတော့ ၊ ကျောင်းလွှတ်ရင် မင်း အစ်မကို ကျောင်းရှေ့က ခဏစောင့်နေ ၊ မင်းကို အစ်မ စကားပြောစရာ ရှိတယ်။ ”

“ ဗျာ. . သြော်. . ဟုတ်ကဲ့။ ကျွန်တော် စောင့်နေပါ့မယ်။ ”

“ ဒါဆို အစ်မ ပြန်တော့မယ်နော်။ ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် အခန်းကို လိုက်မပို့တော့ဘူးနော်။ ”

“ မ ” က သမင်လည်ပြန်လေး လှည့်ကြည့်ကာ ပြုံးပြီး ထွက်သွားသည်။ ဒီလို အပြုံး “ မ ” မျက်နှာမှာ ဆိတ်သုန်းနေတာ ကြာလှပေါ့ “ မ ” ရယ်။ “ မ ” ဘာပြောမယ် ဆိုတာ မသိပေမဲ့ အရင်လို အသံ ၊ အရင်လို မျက်နှာ အပြုံးနဲ စကားပြန်ပြောတာနဲ့တင် ကျွန်တော့်ရင်ထဲက ဒဏ်အတော် များများ သက်သာသွားသလို ခံစားရသည်။ “ မ ” ရယ် ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ ဘဝမှာ တစ်ကြိမ်သာ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကိုတော့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမှာပါ။



ကျောင်းလွှတ်တော့ အရင်လိုပဲ ကျွန်တော်ကလည်း စောင့်နေကြ ဇီးပင်ကြီးအောက်မှာ စောင့်နေမိသည်။ လောခြင်း နောက်ကျခြင်း မရှိသော “ မ ” တို့ အဖွဲ့ကလည်း ခြေလှမ်းမှန်တွေနဲ့ လျှောက်လာသည်။ ကျွန်တော့်နားကို ရောက်မှ ထွေးထွေးဘက်ကို လှည့်ပြီး “ မ ” က စကားရပ်ပြောသည်။ ကျွန်တော်နဲ့ အပြင်သွားဖို့ ပြောပြီး နှုတ်ဆက်တာ ဖြစ်နိုင်သည်။ နောက်တော့ ထုံးစံအတိုင်း ကျွန်တော့်ဆီကို လှမ်းလျှောက်လာကာ ထုံးစံအတိုင်းပဲ ထီးကို ကမ်းပေးသည်။ ဒုတိယအကြိမ် “ မ ” ကို ထီးဆောင်းပေးခွင့်ရတာ ဆိုတော့ ပထမအကြိမ်လောက်တော့ လက်တွေက သိပ်မတုန်တော့ပါ။

“ မ ” ဘယ်ကို သွားမယ်မှန်း မသိလို့ “ မ ” လျှောက်ရာ လိုက်နေရပေမဲ့ တစ်လမ်းလုံးက ကျောင်းပြန် ကျောင်းသူ ကျောင်းသားတွေ ရှိနေလျက်နဲ့ တိတ်ဆိတ်ငြိမ်သက်သလို ကျွန်တော်တို့ နှစ်ဦးကြားမှာ ငြိမ်သက်နေသည်။ သွားနေရင်း အရင်တစ်ခါ ထိုင်ခဲ့သော အအေးဆိုင်လေးကို ရောက်တော့ “ မ ” က အအေးဆိုင်ထဲ ဝင်မယ် ဆိုကာ ကျွန်တော်တို့ အအေးဆိုင်မှာ ထိုင်လိုက်ကြသည်။ အအေးမှာ သောက်ကာ အတန်ကြာသည် အထိ ကျွန်တော်တို့ စကား မစဖြစ်သေး။ ခဏနေမှ “ မ ” က သူ့လွယ်အိတ်ထဲမှာ ကျွန်တော်ပေးထားသော စာလေးကို ထုတ်ပြရင်း . . .

“ မောင်လေး ပေးထားတဲ့ စာလေးကို မှတ်မိသေးတယ်နော်။ ”

“ ဟုတ် ”

လည်မျိုမှာ လေတွေ ပိတ်ဆို့နေသလို ဒီစကားလေး တစ်လုံးကိုတောင်မှ ကျွန်တော် မနည်းညှစ်ကာ ပြောလိုက်ရသည်။

“ ဟုတ်ပြီ။ မင်းက အစ်မကို ချစ်ရေးဆို ထားတာပေါ့လေ။ ”

“ ဟုတ်ပါတယ်။ ”

“ အေးလေ ချစ်ရေးဆိုတဲ့ သူက ချစ်ရေးဆိုတော့လည်း အဖြေပေးရမဲ့ သူက အဖြေပေးရတော့မှာပေါ့။ ”

“ ဗျာ ။ မနွေးရဲ့ အဖြေက ကျွန်တော့်အတွက် . . . . ”

“ နေဦးလေကွာ။ အခုတော့ အစ်မလည်း မဖြေနိုင်သေးဘူး။ ဒီတော့ မင်းကို အစ်မ စာမေးပွဲ နောက်ဆုံးနေ့ကျရင် အဖြေပြန်ပေးမယ်။ ဒီကြားထဲမှာတော့ မင်းလည်း ဒီအကြောင်းတွေကို မေ့ထားပြီး စာမေးပွဲကိုပဲ အာရုံစိုက် ၊ ပြီးတော့ ဒီကြားထဲမှာလည်း အစ်မတို့ ဒီအကြောင်းကို ခဏမေ့ထားပြီး အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင် ပြန်နေကြရအောင် ဟုတ်ပြီလား။ ”

“ ဟုတ်ကဲ့။ ကျွန်တော်က မနွေးက ကျွန်တော့်ကို စိတ်ဆိုးသွားပြီ ထင်နေတာ ၊ ဒါကြောင့် စကား မစရဲတော့တာပါ။

“ ရည်းစားစာ အပေးခံရတယ် ဆိုတာ ဂုဏ်ယူစရာလည်း မဟုတ်သလို ၊ စိတ်ဆိုးစရာလည်း မဟုတ်ပါဘူးကွာ။ ကိုယ်လက်ခံနိုင်သည် မခံနိုင်သည် ၊ ကိုယ်သင့်တော်သည် မသင့်တော်သည် ကို စဉ်းစားဆုံးဖြတ်ယုံပါပဲ။ ပြီးရင် သေချာတဲ့ အဖြေ တစ်ခု ပေးဖို့ပါပဲ။ ဒီတော့ . . . .”

“ ဟုတ်ကဲ့။ ဒီတော့ ဘာဖြစ်လဲ မနွေး ”

“ ဒီတော့ အခု မင်းအတွက်လည်း အစ်မရဲ့ သေချာ စဉ်းစားထားတဲ့ အဖြေ ရှိပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာတော့ သိခွင့် မရှိဘူး။ မင်း စာမေးပွဲကို သေချာ ဖြေရမယ်။ စာမေးပွဲ နောက်ဆုံးနေကြရင် အစ်မ မင်းကို အဖြေပေးမယ်။ ဒီကြားထဲတော့ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့။ ”

“ ဟုတ်ကဲ့ပါ မနွေး ”

“ ဟုတ်ကဲ့ ဆိုရင် စာတွေလည်း သေချာ ကျက်ဦး။ ”

“ ဟုတ်ကဲ့ပါ။ ”

“ ဟွန်း ပြောလိုက်ရင်တော့ ဟုတ်ကဲ့ ချည်းပဲ။ ပြန်မယ် ကြာနေပြီ။ ”

“ ဟုတ်. . အဲ. . ဟီး ”

“ မ ” ရဲ့ ဒီလို အပြုံး ၊ ဒီလို စကားသံလေးတွေ မကြားရတော့ အရမ်းကို ကြာနေခဲ့ရပါပေါ့လား “ မ ” ရယ်။ ရင်ထဲမှာ စကားလုံးတွေနဲ့ ပြည့်နေတဲ့ စကားအစိုင်အခဲတွေလည်း “ မ ” ရဲ့ အပြုံးကြောင့် ပြိုကျ ပျက်သုဉ်းပါရောလား။ “ မ ” သာ သိရင် ပိုတယ် လို့ မပြောခံနေရဦးမယ် ထင်တယ်ဗျာ။ “ မ ” ကို အိမ်ပြန်ပို့ပေးပြီး ရင်ထဲမှာ လွတ်လပ်ပေါ့ပါးစွာ ရွင်မြူးလျက် ပြန်လာခဲ့သည်။

“ မ ” ကပြောတယ် စာတွေ သေချာ လုပ်ရမယ်တဲ့။ လိုက်မကူးဘဲ လွတ်နေတဲ့ ကျောင်းစာတွေ ပြန်ကူး ၊ စာအကြွေးတွေ ပြန်ကျက် ၊ မရသေးတဲ့ သင်္ချာတွေ ပြန်တွက် ဒီလိုနဲ့ပဲ ကျွန်တော့်နေရက်တွေက ပြန်လည်ရှင်သန်နေခဲ့သည်။ တစ်လကျော် ဆိုတဲ့ အချိန်ကို “ မ ” နဲ့ တွေ့ရင်း ၊ “ မ ” အပြုံးလေးတွေဆီမှာ ကျွန်တော်ဟာ အသက်ရှင်လျက်နဲ့ ကျဆုံးရင်း နေ့ရက်တွေကို ပျော်ရွှင်စွာနဲ့ ကုန်ဆုံးခဲ့သည်။

ကျွန်တော့်ဘက်က “ မ ” ကို ချစ်ရေးဆိုထားသော အကြောင်းကို သတိပေးမနေသလို “ မ ” ကလည်း ကျွန်တော့်ကို အရင်လိုပဲ နွေးနွေးထွေးထွေး ဆက်ဆံပါသည်။ “ မ ” က စာတွေ ရပြီလား လို့ နေ့တိုင်း ဂရုတစိုက် မေးတတ်သလို ၊ ထွေးထွေးကလည်း နင့်စာတွေ လွတ်နေတာ ရှိရင် ပြောနော်လို့ လောကွတ် လုပ်ရှာပါသည်။ ဒီလို ဆိုတော့လည်း ငါ့ ခယ်မလေးက မဆိုးဘူးဟ လို့ ကိုယ့်ဖာသာ တွေးမိရင်း ပြုံးမိသေးသည်။

စာမေးပွဲ ဖြေဖို့ ၁၀ ရက် ကျော်အလိုမှာတော့ ကျွန်တော်တို့ ကျောင်းတွေလည်း မတတ်ရသလို ကျူရှင်လည်း ကျွန်တော် မသွားရတော့ပါ။ ဒီအချိန်ကတော့ “ မ ” မျက်နှာကို မမြင်ရတဲ့ အတွက် ကျွန်တော့်ဘဝမှာ အပင်ပန်းဆုံး အချိန်လို့ ဆိုလို့ ရပါသည်။ ဒါပေမဲ့ “ မ ” က စာမေးပွဲကို အောင်အောင် ဖြေရမယ် ဆိုပြီး ပြောထားတဲ့ စကားကြောင့် “ မ ” ကို သတိရတိုင်း စာတွေကိုပဲ ပိုပြီး ဖိကျက်နေမိသည်။ နောက်တစ်ခုက စာမေးပွဲကိုလည်း မြန်မြန်ရောက်စေချင်သည်။ ဒါမှ “ မ ” ကို လည်း စာမေးပွဲ ဖြေရင်း ကျွန်တော် တွေ့ရမယ် မဟုတ်ပါလား။

စာမေးပွဲ ပထမရက် မြန်မာစာဖြေဖို့ ရက်မှာ ကျွန်တော် ခုံနံပါတ်နဲ့ ထိုင်ခုံကို ရှာဖို့ ဆိုသော အကြောင်းပြချက်နဲ့ ကျောင်းကို အစောကြီး ရောက်နေခဲ့ပါသည်။ ကျွန်တော် မြင်ချင်တာက “ မ ” မျက်နှာကို။ တစစ နဲ့ ကျောင်းသားတွေ များလာတော့ ကျွန်တော့်မှာ ပိုပြီး ဂနာမငြိမ် ဖြစ်မိသည်။ အရင်လို ကျောင်းသားတွေအားလုံး ကျောင်းထဲ ဝင်ခွင့် မရှိသေးတော့ ကျောင်းပြင်မှာ လူတွေက စုရုံးရုံးနဲ့ ပြိုကျနေသည်။ ဒီလူတွေကြားမှာ “ မ ” ရောက်လာတာကို ကျွန်တော် မတွေ့လိုက်ရမှာ အလွန်စိုးရိမ်မိသည်။ လက်မှ နာရီကို ကြည့်လိုက်တော့ နာရီဝက်သာ လိုတော့သည် “ မ ” မလာသေး။

ကျောင်းသူ ကျောင်းသား အားလုံးက ကိုယ်စီ ကိုယ်ငှ စာအုပ်လေးတွေနဲ့ တတွတ်တွတ် ကျက်နေချိန်မှာ ကျွန်တော်ကတော့ လမ်းမပေါ်သို့သာ မျှော်ငေးလျက်။

“ ဟိတ် ဘယ်သူ့ကို ရှာနေတာလဲ။ ”

ကျွန်တော့်လက်ကို လာဆွဲပြီး ပြောသံကြားလို့ လှည့်ကြည့်လိုက်တော့ . . . . “ မ ” ။

“ ဟာဗျာ။ ကျွန်တော်က မနွေး နောက်ကျနေလို့ စိတ်ပူပြီး မျှော်နေတာလေ။ ”

“ အိုး မင်းကလည်းကွာ မဟုတ်တာပဲ။ အစ်မ လာမှာပေါ့။ နောက်ပြီး မင်းစောင့်နေမယ် ဆိုရင်လည်း ဒီဇီးပင်နားမှာပဲ စောင့်နေပေါ့။ အစ်မရောက်လာရင် ဒီကိုပဲ ရောက်အောင် လာမှာပေါ့။ ”

“ ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မနွေးက နောက်ကျနေတာကိုး။ ဒါကြောင့် စိတ်ပူနေတာပါ။ ”

“ ကဲ. . တော်တော့။ စိတ်ပူတာ အသာထား။ အခု စာတွေ ရပြီလား။ ”

“ ရတာပေါ့ မနွေးကလဲ။ ဒီလောက်တော့ အပျော့ပါ။ ”

“ တကယ်နော်။ ”

“ အဟုတ် ”

“ ဒါဆိုလည်း ပြီးတာပဲ။ ဒါပေမဲ့ အခုက စာမေးပွဲနဲ့ ဆိုတော့ ပြန်ရင် အိမ်အထိ လိုက်မပို့နဲ့တော့ အစ်မတို့ လမ်းထိပ်ရောက်ရင် ကားစီးပြီးပြန်တော့ ၊ ပြီးရင် စားသောက်ပြီး တရေးအိပ် ၊ နိုးမှ စာကို ကျက်နော်။ ”

“ ဟုတ်ကဲ့ ”

“ ပြောလိုက်ရင်တော့ ဟုတ်ကဲ့ ချည်းပဲ။ နောက်ပြီး စာထဲမှာလည်း အာရုံစိုက်ထား ၊ သတိတွေချည်းပဲလည်း ရမနေနဲ့။ ”

“ အဲ. . .ဒါတော့ မဟုတ်ကဲ့ ”

“ သြ. . . ”

“ ဟီးဟီး. . .နောက်တာပါ မနွေးကလဲ စာကို အာရုံထားပြီး ကျက်ပါတယ်။ ခဏနားရင်တော့ မနွေးကို သတိရတာ တကယ်ပါ။ ”

“ - - - - - - ”

“ မ ” ဆီက ဘာမှ စကားပြန်သံ မရဘဲ မျက်နှာ ညှိုးကျသွားသည်။ ပြီးမှ . . .

“ ဒီလောက်တော့ မဖြစ်စေနဲ့လေ မောင်လေးရယ်။ ”

“ ဟုတ်ကဲ့ပါ မနွေးရယ်။ ကျွန်တော့်က မနွေးကို တကယ်ချစ်တာကိုးဗျ။ ”

“ ဟိတ်. . .ဟိတ် ညာတာပါတေးနဲ့ ပြောနေပြန်ပြီ။ စာမေးပွဲ နောက်ဆုံးနေ့ မရောက်သေးဘူးနော်။ ”

“ အဟဲ . . ”

“ ကဲ အစ်မလည်း ဝင်တော့မယ်။ မင်းလည်း ဝင်တော့လေ ၊ ကျောင်းတံခါး ဖွင့်နေပြီ။ ”

“ ဟုတ်ကဲ့ ”

“ မ ” နဲ့ ကျွန်တော် အတူတူ တွဲလျှောက်ရင်း ကျောင်းထဲကို ဝင်လာခဲ့ပါသည်။ ပြီးတော့ နဂိုကတည်းက အခန်းမတူတဲ့ ကျွန်တော်တို့ စာမေးပွဲ ဖြေတော့ ပိုပြီး အခန်းက ဝေးသွားပါတော့သည်။ ၃ နာရီဆိုတာ ကြာလှတယ် မဟုတ်ပေမဲ့ စာမေးပွဲ အခန်းထဲမှာ စာကို အာရုံစိုက်ဖြေနေသူ အဖို့တော့ ကုန်မြန်လွန်းလှပါသည်။ ဖြေထားတဲ့ အဖြေလွှာကို နောက်ဆုံး တစ်ကြိမ် ကျွန်တော် စစ်ပြီးတော့ အချိန်ပြည့်ဖို့ ၅ မိနစ်မျှသာ လိုတော့သည်။ “ မ ” ကို ကျွန်တော် စောင့်ဖို့ ထွက်မှ ဖြစ်တော့မည်။ စာတွေကလည်း အကုန်ဖြေပြီးခဲ့ပြီ။

ကျွန်တော် အဖြေလွှာကို ဆရာမဆီ အပ်ပြီး ထွက်လာခဲ့သည်။ “ မ ” ကို စောင့်နေကြ ဇီးပင်အောက်မှာ စောင့်နေပြီး ခဏကြာတော့ “ မ ” တို့ထွက်လာသည်။ “ မ ” ဖြေနိုင်ပါစေ လို့ အကြိမ်ကြိမ်လည်း ဆုတောင်းနေမိသည်။ “ မ ” အနားကို မရောက်ခင် ကြိုသွားပြီး “ မ ” ဖြေနိုင်လားလို့ မေးမယ် လုပ်တော့ “ မ ” ကိုသာ အာရုံစိုက်နေတာ “ မ ” ရဲ့ရှေ့က ထွေးထွေးက ဦးအောင် ကျွန်တော့်ကို မေးသည်။

“ ကိုဇော် ဖြေနိုင်ရဲ့လား ”

“ သြော် ဟုတ်ကဲ့ ဖြေနိုင်ပါတယ်။ ထွေးထွေးရော ဖြေနိုင်ရဲ့လား။ ”

“ ဖြေနိုင်ပါတယ်။ နောက်မှာ မမ တို့ပါတယ်။ ”

“ ဘာလို့ အတူတူ မလာတာလဲ။ ”

“ စာမေးပွဲ ဖြေတော့ အခန်းက ကွဲသွားတယ်လေ။ အခန်းမတူတော့ အားလုံးကို ကိုဇော် စောင့်နေကြ ဇီးပင်အောက်မှာပဲ ဆုံမယ် ဆိုပြီး စောင့်နေကြတာလေ။ ”

“ သြော် . . .”

ဒီအချိန်မှာပဲ “ မ ” နဲ့ မသဇင် နဲ့ ရောက်လာကြသည်။ “ မ ” မျက်နှာပေါ်က အပြုံးကို မြင်ကတည်းက “ မ ” ဖြေနိုင်ခဲ့မယ် ဆိုတာကို သိနေပေမဲ့ မမေးဘဲ မနေနိုင်ပါ။

“ မနွေး ဖြေနိုင်ရဲ့လား ”

“ ဖြေနိုင်တယ် မောင်လေး ၊ မောင်လေးရော ဖြေနိုင်လား ”

“ ဖြေနိုင်ပါတယ် မနွေးရာ ဒီလောက်ကတော့ အပျော့ပေါ့။ ဒါနဲ့ မသဇင်တို့ရော ဖြေနိုင်ရဲ့လား။ ”

ဒီတော့မှ မသဇင်က မဲ့ပြကာ. . .

“ ဖြေနိုင်ပါ့တော်. . .”

“ ကဲ သွားကြရအောင် ၊ နောက်နေ့တွေ ဖြေရဦးမယ်လေ။ စာတွေ ပြင်ဆင် ကြရဦးမယ်။ ”

ဖြေထားတာတွေကို ပြန်ပြောပြန်တိုက်ရင်း “ မ ” တို့ အဖွဲ့လေးနဲ့ အတူတူလိုက်ရင်း “ မ ” တို့ လမ်းထိပ်အထိ “ မ ” ပြောထားတဲ့ အတိုင်း လိုက်ပို့ဖြစ်ခဲ့ပါသည်။ “ မ ” တို့ လမ်းထိပ် ကားဂိတ်ကနေ အိမ်ကို ကားစီးပြီး ပြန်လာခဲ့သည်။ အိမ်ရောက်တော့ အိမ်က မေမေတို့ကို စာမေးပွဲ ဖြေနိုင်ကြောင်းပြော ခဏနား ၊ စားသောက်ပြီး “ မ ” ပြောသလို တစ်ရေးအိပ်ပြီး အိပ်ယာနိုးမှ နောက်နေ့ ဘာသာ အတွက် ပြင်ဆင် ကျက်မှတ်ပါသည်။ သြော် “ မ ” က ပြောတယ် စာကျက်နေရင်းနဲ့ သတိမရနဲ့တဲ့။ “ မ ” ကို သတိမရနဲ့ လို့ ပြောတဲ့ စကားသံလေးတွေကိုလည်း သတိရတယ် “ မ ” ရယ်။

နောက်နေ့. . . .တစ်ဘာသာ. . . .

နောက်နေ့. . . .တစ်ဘာသာ. . . .

နောက်နေ့. . . တစ်ဘာသာ . . . .

နောက်နေ့. . . တစ်ဘာသာ. . . .



စာမေးပွဲ နောက်ဆုံးနေ့ . . . . .

ဖြေနေရတဲ့ စာကို ဖြေနေရင်းနဲ့ကို နာရီကို ငုံငုံကြည့်နေမိတာ အမော။ ဒီဘာသာက ကျွန်တော် အလွန်ရသော ဘာသာပါ။ ဘာမှတော့ အခက်အခဲ မရှိ။ ဖြေရင်းပြီးလို့ စာတွေကို ပြန်စစ်ပြီးတော့ ၃ မိနစ်သာ လိုတော့သည်။ အခန်းတာဝန်ကျသော ဆရာမကို စာမေးပွဲ အဖြေကို အပ်ပြီး ကျွန်တော် အခန်းပြင်ထွက်လာခဲ့ပါသည်။

“ မ ” ဆီက အဖြေရတော့မယ် ဆိုသော အတွေးက ရင်ဘတ်ထဲမှ သွေးတွေကို ပိုပြီး တိုးဝှေ့စေသည်။ အမြင်များကို ပိုပြီး ကြည်လင်စေသည်။ ခြေလှမ်းများကို ပိုပြီး သွက်လက်စေသည်။ ဇီးပင်အောက်မှာ ကျွန်တော် စောင့်နေပြီး ၁၀ မိနစ်လောက်ကြာတော့ ထွေးထွေးရောက်လာသည်။ ဖြေနိုင်လား အပြန်အလှန်မေးပြီး “ မ ” နဲ့ သူငယ်ချင်းတွေ ရောက်လာသည်။

“ ဖြေနိုင်လား မောင်လေး ”

“ ဟုတ်ကဲ့ ဖြေနိုင်ပါတယ်။ မနွေးရော ”

“ ဖြေနိုင်တာပေါ့ကွာ ”

“ အခု တစ်နေရာရာ သွားပြီး တစ်ခုခုတော့ သောက်ရအောင် ”

မသဇင်က ဝင်ပြီး ပြောသည်။ “ သွားတာပေါ့ ” လို့ “ မ ” က ဆိုကာ ကျွန်တော်တို့ နီးရာ အအေးဆိုင် တစ်ဆိုင်ကို လျှောက်လာခဲ့ပြီး မှာသောက်ကြသည်။ ဖြေထားခဲ့သော စာများကို ပြန်ပြီး ပြောဆို ငြင်းခုန်ကြရင်း ခဏနေတော့ “ ပြန်ကြရအောင် ” မသဇင်ကပဲ အဆိုပြုသည်။ သွားမယ် ဆိုတုန်းကလည်း သူပဲ အခု ပြန်မယ် ဆိုတော့လည်း သူပဲ ၊ အမျိုးမျိုးပဲ ၊ သူ့နဲ့ ကိုသူရ နဲ့ ဘယ်လို အဆင်ပြေခဲ့လဲ ဆိုပြီး စဉ်းစားမိကာ ကျွန်တော် ပြုံးမိသေးသည်။

“ အေး ၊ သွားမယ် ဆိုလည်း သွားနှင့်ကြဟာ ၊ ထွေးထွေးလည်း လိုက်သွားနော်။ မမ ဒီမှာ ကိုဇော့်ကို လက်ဆောင် ပေးစရာလေးတွေ ပေးပြီး ပြန်လာခဲ့မယ်။ မကြာဘူး သိလား။ ”

“ ဟုတ်ကဲ့ မမ ”

လို့ ထွေးထွေးက ပြောကာ သူတို့ သုံးယောက် ထထွက်သွားကြသည်။ ဆိုင်မှာ နှစ်ယောက်တည်း ကျန်တော့မှ “ မ ” က ကျွန်တော့်ကို သေချာကြည့်ပြီး . .

“ ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့နော်။ ”

“ အဟီး . .ဟုတ်တယ်လေ ၊ ဒါကို ကျွန်တော် စောင့်နေတာလေ ”

“ ဟုတ်ပါပြီ ၊ အစ်မကလည်း ပေးမှာပါ။ ဒါပေမဲ့ ဒီအတိုင်းတော့ မပေးဘူး။ မင်းတောင်မှ အစ်မကို စာနဲ့ ရေးပြီးပေးသေးတာပဲ မဟုတ်လား။ အစ်မကလည်း စာနဲ့ ရေးပြီး ပေးမယ်။ ဒါပေမဲ့ ဒီစာကို မင်း အိမ်ကို ရောက်ပြီး ကိုယ့်ဖာသာ အခန်းထဲမှာ တစ်ယောက်တည်း ရှိမှာ သေချာ စဉ်းစားပြီး ဖတ်ရမယ် ၊ ဟုတ်ပြီလား။ ”

“ ဟုတ်ကဲ့ ”

“ ဟွန်း ပြောလိုက်ရင်တော့ ဟုတ်ကဲ့ ဆိုတာက မချဘူး။ နောက်တစ်ခုက မင်းကို အစ်မ လက်ဆောင် တစ်ခု ဝယ်လာတယ်။ ဒါကိုလည်း လက်ခံရမယ်။ ”

“ ဟာ မနွေးကလည်း ဘာတွေလဲ။ လက်ဆောင်တွေ မလိုပါဘူး။ ကျွန်တော်ဆိုရင် အခု မနွေး အတွက် ဘာမှ မဝယ်လာမိဘူး။ မဝယ်လာဘူး ဆိုတာထက် တကယ်တော့ ကျွန်တော်က ဒီလိုတွေ မဝယ်တတ်တာ ”

“ ဟုတ်ပါပြီလေ။ မင်းကို အစ်မ ဘာမှ မပြောပါဘူး။ အစ်မပေးတာပဲ မင်းက လက်ခံပေါ့ ဟုတ်ပြီလား ”

“ အင်း . . ”

ကျွန်တော့်ရဲ့ သံရှည်ဆွဲ ညည်းသံ အပြီးမှာတော့ “ မ ” က လွယ်အိတ်ထဲကနေ ဘူးလေး တစ်ဘူးနဲ့ စာလေး တစ်စောင်ကို ထုတ်လိုက်သည်။ တကယ်တော့ ကျွန်တော် ဘူးထဲမှာ ဘာတွေပဲ ပါနေပါစေ စိတ်မဝင်စားပါ။ ကျွန်တော် စိတ်ဝင်စားတာက “ မ ” ရေးထားတယ် ဆိုတဲ့ စာလေးတစ်စောင်ကိုပါပဲ။ ဒါပေမဲ့ “ မ ” က စာအိတ်လေးကို အသာချထားပြီး ဘူးလေးကို ကိုင်ကာ

“ ဒါက မောင်လေး အတွက် အစ်မ လက်ဆောင် ဝယ်ပေးတဲ့ နာရီလေးပဲ။ ဘာလို့ ဝယ်ပေးတာလဲ ဆိုတာတော့ စာထဲမှာ ရေးထားတယ်။ ဖတ်ကြည့်ရင်တော့ သိမှာပေါ့။ ”

“ ဟုတ် ”

“ ဒါကတော့ မောင်လေးကို အစ်မပြန်ပေးထားတဲ့ အဖြေပါတဲ့ စာပဲ။ ”

ကျွန်တော် ယူဖို့ လက်လှမ်းလိုက်တော့ “ မ ” က လက်ကို ပြန်ရုတ်လိုက်ပြီး . .

“ ဟေ့ . . . မမေ့နဲ့လေ။ အိမ်ကိုပြန်ရောက်ပြီး အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း ရှိမှ ဖတ်ရမှာပါဆို ”

“ ဟုတ်ကဲ့ပါ မနွေးကလဲ။ အခုက ယူထားမလို့ပါ ”

“ ဟုတ်ပြီ ဒါဆို ရှင်းတော့ ၊ ပြန်မယ် ၊ မောင်လေး စာအုပ် တစ်အုပ်ပေး ၊ အဲဒီစာအုပ်ကြားထဲမှာ ညှပ်ပေးလိုက်မယ်။ အိမ်ရောက်မှ ဖတ်ကြည့်တော့ ”

ကျွန်တော်ထုတ်ပေးတဲ့ စာအုပ်လေးကြားမှ စာလေးကို ညှပ်ပေးလိုက်ပြီး ကျွန်တော့်လွယ်အိတ်ထဲကို ထည့်ပေးသည်။ နောက်တော့ “ မ ” နဲ့ ကျွန်တော် ပြန်လာခဲ့ကြသည်။ “ မ ” ရဲ့ အိမ်ရှေ့ထိ ပို့ပေးပြီးတော့ ကျွန်တော် ချက်ချင်း လှည့်ပြန်ကာ အိမ်ကို တန်းပြန်လာခဲ့သည်။ စာမေးပွဲ နောက်ဆုံးနေကျရင် လျှောက်သွားမယ် ဆိုပြီး ချိန်းထားသော သူငယ်ချင်းများကိုလည်း ကျွန်တော် သတိမရအားတော့ အိမ်ကိုသာ ကျွန်တော် မြန်မြန် ရောက်ချင်မိသည်။

အိမ်ကိုရောက်တော့လည်း မေမေတို့က ဖြေနိုင်လားလို့ မေးသော အဖြေကို “ ဟုတ်ကဲ့ ဖြေနိုင်တယ် မေမေ ” လို့ အမောတကော ဖြေကာ ကျွန်တော့်အခန်းထဲသို့ ပြေးဝင်လာပြီး “ မ ” ပေးလိုက်သော စာလေးကို ဖောက်ကာ ဖတ်လိုက်သည်။ “ မ ” လက်ရေးများက အလွန်ကို လှပ သန့်ရှင်းလှသည်။



“ အန်တီ ကိုဇော် ရှိလား ”

“ အေး ရှိတယ်ကွဲ့ ၊ စာမေးပွဲ ဖြေပြီး ကတည်းက တန်းပြန်လာပြီး အခန်းထဲမှာ ဝင်ပြီး အိပ်နေတာပဲ။ အန်တီကတောင်မှ မင်းတို့နဲ့ လျှောက်သွားကြမယ် မှတ်နေတာ ”

“ ဟုတ်တယ် အန်တီ ၊ သူနဲ့ ချိန်းထားတာကို မလာလို့ ဘာဖြစ်လို့လဲ ဆိုပြီး ဒီကို စိတ်ပူပြီး လိုက်လာတာ ”

“ သြော် ဒါဆိုရင် သူ့အခန်းထဲကို လိုက်သွားကြလေ။ အိပ်ရေးပျက်လို့များ အိပ်နေတာလား မသိဘူး ”

“ ဟုတ်ကဲ့ အန်တီ ”

အောက်ထပ်မှာ နေဇော်အောင် နဲ့ မေမေ တို့ရဲ့ အပြန်အလှန်ပြောနေသော အသံကို ကြားနေရသည်။ လူက တစ်နေရာကနေ အဝေးကို ပြေးလွှားလျှောက်လှမ်းနေရသလို မောပန်းလွန်းလှသည်။

“ ဒေါက်. . ဒေါက် . .ဒေါက် ”

“ ကိုဇော်. . .ကိုဇော် ”

တံခါး ခေါက်သံနဲ့ အတူ ခေါ်သံကပါ တွဲပါလာသည်။ မဖွင့်မချင်း ခေါ်နေမဲ့ သူတွေဆိုတော့ ကျွန်တော် တံခါးချက်ကို ထဖွင့်ပေးလိုက်သည်။ တံခါးပွင့်လာတာနဲ့ အတူ အခန်းထဲကို ဝင်လာရင်း . .

“ မင်းကွာ ချိန်းထားတာကို ဘာလို့. . . ဟင် ”

ဟုတ်တယ် ၊ ကျွန်တော် မျက်ဝန်းထဲက မကျတော့ပေမဲ့ အရိပ်အယောင် မျက်ရည်ငွေ့ လက်ကျန်တွေကို သူတို့ မြင်တွေ့ကြရလိမ့်မည်။ ပြီးတော့ အမြဲတမ်း သန့်ရှင်းနေတတ်သော အခန်းရဲ့ လက်ငင်း ရှုပ်ပွနေသော အခြေအနေကိုလည်း သူတို့ နားမလည်နိုင်သလို ဖြစ်ကြရလိမ့်မည်။ လွဲချော်မှုဆိုသော အရာနဲ့ ထိပ်တိုက်တွေ့ဆုံခံစားလိုက်ရသော လူတစ်ယောက်ကို သူတို့ အရှင်လတ်လတ် ဆုံတွေ လိုက်ကြရလိမ့်မယ်။

“ ဟေ့ကောင် ဘာဖြစ်တာလဲ ”

“ - - - - - - - - ”

“ ဟေ့ကောင်. . .သြော်. . ဒီနေ့ မင်း မနွေးဆီက အဖြေ ရမယ် မဟုတ်လား။ မရခဲ့လို့လား ”

“ - - - - - - - - ”

“ ဟေ့ကောင် ပြော ၊ မင်းကို ဒီမိန်းမက လှည့်စားတာလား ၊ ဒါဆိုရင် ငါတို့ သွားကွိုင်မယ် အခု ”

“ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ငါ. . . ငါ . . ငါ ဘယ်လို ပြောရမှန်း မသိတော့ပါဘူးကွာ ”

“ မပြောလို့ မရဘူး ဟေ့ကောင် ၊ မပြောရင် ငါ အခု သွားကွိုင်ရှာမယ် ”

“ မဟုတ်ဘူး မလုပ်နဲ့ ။ ဒီမှာ သူရေးပေးလိုက်တဲ့စာ မင်းတို့ ဖတ်သာကြည့်တော့ ဒါဆိုရင် မင်းတို့ သဘောပေါက်မှာပါ။ ”

“ အေး ပေး ၊ ဖတ်မယ် ”

သူတို့ ခေါင်းလေးလုံး စာရွက် တစ်ရွက်ပေါ်မှာ စုပြုံရောက်သွားသည်။ ကျွန်တော်ကတော့ အိပ်ယာပေါ်က ခေါင်းအုံးပေါ်မှာ မျက်နှာအပ်ထားလိုက်မိသည်။ မမြင်ရပေမဲ့ “ မ ” ရေးထားတဲ့ စာတွေကိုတော့ တစ်လုံး မကျန် မှတ်မိနေပါသေးသည်။ အခုမှ မဟုတ်ပါဘူးဗျာ ၊ နောင် တစ်သက်လုံးလည်း မှတ်မိနေမှာပါပဲ။ စာထဲမှာက . . . . .

“ x x x x x

၁) ကျောင်းပြောင်းလာတဲ့ ကျွန်မအတွက် နေရာစိမ်းဆိုတော့ ဘာမှကို အရာရာအဆင်သင့် မဖြစ်သေးပါ။ မြင်သမျှ အရာတွေ အားလုံးက ခပ်စိမ်းစိမ်းမျှသာ။ ကျောင်းကို လာရာလမ်းမှာလည်း ဘယ်သူ့ကိုမှ မသိသလို ၊ ကျောင်းထဲက အတန်းထဲမှာလည်း ဘယ်သူ့မှ အသိ မရှိပါဘူး။ ကျွန်မ ရယ်ပြလို့ ပြန်ရယ်ပြမဲ့ လူတောင်မှ ရှိပါ့မလားလို့ နေရာသစ် ၊ ကျောင်းသစ်မှာ ကျွန်မ တစ်နေ့ထက် တစ်နေ့ စိုးရိမ်မိတယ်။

၂) တကယ်ကို အံ့သြစရာပါပဲ။ ကျောင်းတတ်ပြီး တစ်လလောက်မှာ ကျောင်းအဝင် ကော်ရစ်တာ ထောင့်ချိုးလေးကနေ ကောင်လေး တစ်ယောက်က ကျွန်မကို စောင့်ပြီး ကြည့်နေကာ အမြဲတမ်းပြုံးပြ နေတတ်တယ်။ သူ့မှာ ပါးချိုင့်လေး တစ်စုံရှိနေတာကို အဝေးကနေ လှမ်းမြင်နေရတယ်။ ကျွန်မရင်ထဲမှာ ဘယ်လိုနေရမှန်း မသိအောင် လှုပ်ရှား ခုန်နေမိတယ်။ သူ ဘာလို့ ရယ်ပြနေတာလဲ ကျွန်မ မသိပေမဲ့ သူ့ကို မကြည့်ပဲနဲ့လည်း မနေနိုင်ပါဘူး။

၃) ဘယ်သူ့ကိုမှ မသိဘဲ တစိမ်းတွေကြားထဲမှာ ကျောင်းလာတတ်နေရတဲ့ ကျွန်မ အတွက် သူက အဖော်မွန်ကောင်း တစ်ယောက်လို နေ့စဉ် ဖြစ်လာခဲ့တယ်။ စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူ့ရဲ့ အပြုံးတွေကို ကျွန်မ လွမ်းတတ်လာတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ကျွန်မ ရူးနေပြီလား။ သူက ကျွန်မကို ပြုံးပြနေတာမှ ဟုတ်ရဲ့လား။ အာ ဟုတ်ပါတယ် သူ ကျွန်မကို ပြုံးပြနေတယ် ဆိုတာကို ကျွန်မ ရင်ထဲကကို သေချာ သိတယ်။

၎) ဒီနေ့ သဇင့်ရဲ့ ချစ်သူ ကိုသူရ ကနေပြီး ကောင်လေး တစ်ယောက်ကို ခေါ်လာပြီး မိတ်ဆက်ပေးတယ်။ ကိုဇော် လို့ ခေါ်တယ်တဲ့ သူ့နာမည်က။ ကျွန်မလေး အံ့သြလွန်းလို့ ရင်ဘတ်ထဲက နှလုံးသားက အပြင်ကိုများ ခုန်ထွက်သွားလေမလား ဆိုပြီး အကြိမ်ကြိမ် သတိထားနေခဲ့ရပါတယ်။ သူလေ. . သူပေါ့ ကျွန်မကို နေ့တိုင်း ပြုံးပြနေခဲ့တဲ့သူ။ ကျွန်မ ရင်ထဲမှာ အမြဲတမ်း စိုးမိုးနေခဲ့တဲ့ သူပေါ့။ သူ့ကို ရင်ထဲကနေတောင်မှ နာမည်လေး ခေါ်နေမိသေးတယ်။

၅) ကိုသူရက မိတ်ဆက်ပေးတယ်။ သူကလည်း အသွက်လေးပါပဲ။ ကျွန်မ နာမည်ကိုတောင်မှ သိနေပြီတဲ့။ ကျွန်မ ရင်တွေ ခုန်လိုက်တာ။ နောက်ပြီးညီမလေး နာမည်ကိုပါ သိနေတယ်တဲ့။ ကျွန်မကို သိမှတော့ ကျွန်မ ညီမရဲ့ နာမည်ကိုလည်း သိမှာပေါ့လေ။ ဒါက အကြောင်း မဟုတ်ပါ။ အို ကိုသူရက သူက ကျွန်မတို့ထဲက တစ်ယောက်ကို စိတ်ဝင်စားနေလို့ လို့ ဆိုပါလား။ ကျွန်မလေ ရင်ထဲက နှလုံးသားတွေ မူမမှန်ပဲ ခုန်နေတာကို သူ့ကို သိစေချင်လိုက်တာ။ သူ စိတ်ဝင်စားနေတာ ကျွန်မကိုများလား။

၆) ရှင်. . . ကိုသူရရယ်။ ဘယ်လိုများ ညီမလေးကို မေးလိုက်တာလဲ။ သူက ညီမလေးကို ရစ်နေတယ်လို့ ဆိုလိုချင်တာလား။ ညီမလေးနဲ့ သူနဲ့က အမျိုးတော်ရမယ် လို့ ဆိုလိုလိုက်တာလား။ ကိုသူရရယ် ရှင်ဘာမှ မသိဘူးနော်။ ရှင် ဒီလိုပြောလိုက်တဲ့ စကားလေး တစ်ခွန်းပေမဲ့ ကျွန်မရဲ့ ဆူညံနေအောင် ခုန်နေတဲ့ ရင်ခုန်သံတွေကို ဝရုန်းသုံးကား သေသွားစေခဲ့တော့တာပဲ။ သူက ညီမလေးကို စိတ်ဝင်စားနေတာလား။ ဒါကြောင့် ညီမလေးကို လိုချင်လို့ ကျွန်မကို ဝင်ပေါင်းနေတာလား။ ညီမကို လိုချင်လို့ အစ်မကို ကပ်တယ် ဆိုတဲ့ လူမျိုးလား။ ကျွန်မလေ ကျွန်မ ရင်ခုန်သံတွေကိုတောင်မှ ရှက်လိုက်တာ။

၇) အိမ်ပြန်ရောက်တော့ ညီမလေးက မေးတယ်။  ( ညီမလေးနဲ့ ကျွန်မနဲ့က ညီအစ်မပေမဲ့ သူငယ်ချင်း ပေါင်းလည်း ပေါင်းတယ်လေ။) မမ ကိုဇော် ဆိုတဲ့ လူက ညီမလေးကို ရစ်နေတာလို့ ကိုသူရက ပြောသွားတာလား။ ကိုသူရကသာ ပြောတယ် သူက ညီမလေးကို ဘာမှလည်း သေချာမပြောဘဲနဲ့ တခြားသူတွေကိုပဲ ဟာသလုပ်ပြီး ပြောနေတယ်။ တကယ်လို့ သူသာ ညီမလေးကို လာပြောရင် ဘယ်လို ပြန်ဖြေရမလဲ မမ။ မမကရော ညီမလေးကို သူနဲ့ သဘောတူမှာလား. . .တဲ့လေ။ ညီမလေးရယ် ညီမလေး ဒီလို စကားတွေ ထွက်လာတယ် ဆိုကတည်းက ညီမလေး ရင်ထဲကို မမ မြင်နေမိပါပြီကွယ်။

၈) ကျွန်မလေ ဘယ်လို ဆက်ပြောရမလဲ။ နောက်နေ့ကျတော့ စုစုက  ကျွန်မတို့ ညီအစ်မ နှစ်ယောက် ရှိနေတဲ့ အချိန်မှာ အိမ်ကို ရောက်လာတယ်။ စုစုက လာနေကြဆိုတော့ မဆန်းပါ။ ဒါပေမဲ့ စကားပြောရင်း သူ့အကြောင်းရောက်သွားတော့ ထွေးထွေးဆီကို မြားဦးတည်ကာ လာနေတာ ဖြစ်ကြောင်း ၊ ထွေးထွေးနဲ့ဆိုရင် ဘာမှ ငြင်းစရာ မရှိကြောင်း ပြောသွားလိုက်တာ ကျွန်မရင်ထဲမှာ ဒဏ်ရာ ရသလို ၊ ညီမလေးရဲ့ မျက်နှာပေါ်က ရှက်ပြုံးတွေကိုသာမက ညီမလေး ရင်ထဲကို ပိုမြင်လိုက်ရတယ်။

၉) ကျွန်မလေ ဘယ်လိုပဲ ခံစားနေရပါစေ ၊ ကျွန်မ ရင်ထဲက ချစ်သူ နဲ့ ကျွန်မ ချစ်သော ညီမလေးနဲ့ အတူတူ ပေါင်းသင်းရတယ် ဆိုရင် ကျွန်မ ကျေနပ်ပါတယ်လေ။  ကျွန်မ ရင်ထဲက အချစ်တွေကို ဘယ်သူ့ကိုမှလည်း ဖော်ပြစရာ မလိုသလို ၊ ဘယ်သူ့ကိုမှလည်း မပြောပြတော့ပါဘူး။ ချစ်သူကို ညီမလေးနဲ့ အမြန်ဆုံး နီးစပ်အောင်ပဲ ကျွန်မ ကြိုးစားပေးတော့မယ်။ ဒါကြောင့် အပြင်သွားစရာ ရှိတိုင်း ချစ်သူကိုပါ ခေါ်ပြီး ညီမလေးနဲ့ အတူတူ ထားခဲ့တယ်။ အိမ်မှာ ခေါ်ပြီး အတူတူ စကားပြောစေခဲ့တယ်။ ကျွန်မရင်ထဲမှာ ဘယ်လောက် နာနေမယ် ဆိုတာ ဘယ်သူ့မှ သိမှာ မဟုတ်ပါဘူး။

၁၀) ဒါပေမဲ့ တစ်နေ့တော့ ချစ်သူက ကျွန်မကို ပြောတယ် စကားပြောချင်လို့တဲ့။ ညီမလေး အတွက် ကြားက အောင်သွယ်ပေးဖို့ ပြောတော့မယ်ပဲ ထင်ပါတယ်။ ဘာလိုပဲ ဖြစ်ပါစေ ကျွန်မ ကူညီတော့မှာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ချစ်သူက ကျွန်မကို ချစ်တယ်လို့ စာမှာ ရေးထားခဲ့တယ်။ ဆုပ်လည်း ဆူး ၊ စားလည်း ရူး ဆိုတဲ့ ဘဝဆိုတာကို အခုမှ ကျွန်မ သဘောပေါက်တော့တယ်။ ချစ်သူက ကျွန်မကို ချစ်နေတာလို့ပဲ ဘယ်လိုပဲ ပြောပြော ညီမလေးရဲ့ စိတ်ထဲမှာတော့ ချစ်သူက သူ့ကို တစ်နေ့တော့ ချစ်ရေးဆိုလိမ့်မယ်လို့ ထင်နေရှာတယ်။ ကျွန်မ ဘယ်လိုလုပ် လက်ခံဝံ့ပါ့မလဲ။ လုပ်ရက်လိုက်တာ မမရယ် ဆိုတဲ့ စကားကို ကျွန်မ တစ်သက်လုံး ကြားနေရမှာလား။

၁၁) ကျွန်မ ချစ်သူကို ရှောင်ခဲ့ပါတယ်။ ရှောင်ပြန်တော့လည်း ချစ်သူက စိတ်ညှိုးနွမ်းနေတဲ့ မျက်နှာ ၊ အိပ်ရေးပျက်ထားတဲ့ မျက်တွင်းတွေနဲ့။ ကျွန်မ စိတ်မကောင်းပြန်ဘူး။ ချစ်သူကို အနီးကပ်လေ့လာကြည့်တော့မှ ချစ်သူက ကျွန်မကို တော်တော် ချစ်တယ် ဆိုတာ သိလိုက်ရပေမဲ့ ကျွန်မ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတာ သိလိုက်ရပြီလေ။ ညီမလေးအပေါ်မှာ ကျွန်မ တစ်သက်လုံး မျက်နှာမပြရဲအောင်တော့ မဖြစ်ပါရစေနဲ့။ ဒီလိုပဲ ချစ်သူကိုလည်း စိတ်ဆင်းရဲအောင် မဖြစ်ပါရစေနဲ့တော့။

...............................................

ဒါပါပဲ မောင်လေး။ ဒီစာတွေ အားလုံးက အစ်မရဲ့ဒိုင်ယာရီထဲက ကူးထားတာပါပဲ။ ဒါကြောင့် မောင်လေးလည်း စိတ်လေပြီး စာမေးပွဲနားနီးမှ စာမေးပွဲ မကျရအောင် ၊ အားလုံးလည်း အနေရချောင်အောင် အစ်မက စာမေးပွဲ နောက်ဆုံးနေမှ အဖြေပေးမယ် လို့ ပြောခဲ့တာပါ။ ဒါဟာ ညာသလို ဖြစ်သွားခဲ့ရင်တော့ အစ်မကို ခွင့်လွှတ်ပါ။

တကယ်တော့ မောင်လေးရယ် ၊ မောင်လေးလည်း အခုမှ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ပညာတွေ ရှာဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ဖြစ်ခဲ့တာတွေ အားလုံးကို ဇာတ်ကွက်တစ်ကွက်လို ကန့်လန့်ကာ တစ်ခါချပြီး မေ့ပစ်နိုင်အောင် ကြိုးစားပါကွာ။ မောင်လေး အရွယ်ရောက်တော့မှ အဲဒီအချိန်ထိ အစ်မကို ချစ်နိုင်သေးတယ် ဆိုရင် ဒါမှ မဟုတ် ညီမလေး ထွေးထွေးကို ချစ်လာနိုင်တယ် ဆိုရင် အစ်မ ဆီကို ဆက်သွယ်ပါ။ အစ်မကို ဆက်သွယ်ဖို့ လိပ်စာ နဲ့ ဖုန်းနံပါတ် ရေးပေးလိုက်တယ်။ အစ်မတို့ နောက်တစ်ပတ် ဆိုရင် မော်လမြိုင်ကို ပြန်ပြီ မောင်လေး။

ဘဝရယ် အစုံစုံ 
လောကရယ် အဖုံဖုံမှာ
ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့။

PS. အစ်မ မောင်လေးကို နာရီလေး တစ်လုံးလည်း လက်ဆောင်အဖြစ် ထည့်ပေးလိုက်တယ်။ ဒီနာရီလေးက ချစ်သူတွေသာ ဖြစ်လာခဲ့ရင် ဆိုတဲ့ စိတ်ကူးနဲ့ အရင်ကတည်းက ဝယ်ထားတာပါ။ အချိန်နဲ့ အမျှ အစ်မကို သတိရနေစေချင်လို့ပါပဲ။ ဒါပေမဲ့ ချစ်သူလို ပေးခွင့် မရှိတော့လည်း အခုတော့ မောင်လေးလို သဘောမျိုးနဲ့ ပေးလိုက်တာပါ။

မောင်လေးလို ခင်မင်စွာဖြင့်
မနွေး



အတိတ်တွေ ဆိုတော့လည်း ကြာခဲ့ပါပြီလေ။ ရက်ကို လက တိုက်စား ၊ လကို နှစ်က ဝါးမျိုနဲ့ ကာလတွေလည်း အလီလီ ပြောင်းခဲ့ပါပြီ။ “ မ ” လက်ဆောင်ပေးသော နာရီလေးကိုလည်း ကျွန်တော် မပတ်ဖြစ်သလို ၊ “ မ ”  ပေးသော စာထဲက လိပ်စာကိုလည်း မဆက်သွယ်ဖြစ်ပါဘူး။ တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်က သတင်းပေးသည်။

“ ဟေ့ကောင် ငါ ငါ့အဖေနဲ့ မော်လမြိုင်ကို အလုပ်ကိစ္စနဲ့ ရောက်သွားတယ်ကွ။ မထင်မှတ်ဘဲ စတိုးဆိုင် တစ်ခုမှာ ထွေးထွေးနဲ့ တွေ့တယ်။ ဒါနဲ့ သူက ခေါ်လို့ သူတို့ အိမ်ကိုတောင်မှ သွားလည်ဖြစ်သေးတယ်။ မနွေးလည်း ဒီအတိုင်းပဲ အပျိုကြီး ၊ ထွေးထွေးလည်း ဒီအတိုင်းပဲ အပျိုကြီး ၊ မင်းလည်း ဒီအတိုင်းပဲ လူပျိုကြီး ဆိုတော့ အားလုံးက တစ်ယောက်အလွန်ကို တစ်ယောက် စောင့်နေကြတာလား။ နည်းနည်းတော့ ပြန်ကြိုးစားကြည့်ပါလား။ ”

လို့ သူက ပြောသည်။ ကျွန်တော် ဝေးသော နေရာသို့ မျှော်ကာ ငေးမိသည်။ သို့သော် ပို၍ ပို၍ မမြင်နိုင်လောက်အောင် ဝေးကွာသော နေရာကို မြင်မိသလို ဖြစ်နေသည်။ ပြီးမှာ သူ့ကို သက်ပြင်းချကာ ပြောလိုက်သည်။

“ ဘယ်တော့မှ မဆက်သွယ်တော့ပါဘူးကွာ ၊ ကြိုးလည်း မကြိုးစားတော့ဘူး။ ဘာလို့လဲ ဆိုတော့ အခု အသက်အရွယ်မှာ ငါ ပြန်စဉ်းစားရင် တကယ်ကို နာတယ်။ မောင်လေးက ငယ်ပါသေးတယ် ဆိုတဲ့ စကားက ငါ့ကို သူငယ်နှပ်စား ဆိုတဲ့ အဓိပ္ပါယ်နဲ့ ငါ့ကို လှည့်စားသွားလို့ ရတယ် လို့ ဆိုလိုချင်တာလို့ ခံစားရတယ်။ ”

“ ဟ . . . ဒါတော့ မဟုတ်သေးဘူးလေကွာ။ မနွေး ပြောချင်တာက မင်းအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝလမ်းကြောင်း ပျောက်သွားမှာ စိုးလို့ ပြောတာပါကွ။ ”

“ ဖြစ်နိုင်ပါတယ်။ ဒီလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ ရင်ထဲမှာတော့ နာတယ်။ ဒါကြောင့် “ မ ” နဲ့ ပတ်သတ်တာ ဆိုလို့ ငါ့ဘဝမှာ ဘာမှကို မရှိချင်တော့တာ။ ဘယ်လိုပဲ ဖြစ်နေပါစေ “ မ ” ကို ငါ ရအောင် မေ့ပစ်မယ် လို့ ဆုံးဖြတ်ထားတာပါပဲ။

နောက်တစ်ခုက “ မ ” ငါ့ကို ရေးပေးသွားတာလေးပဲ။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့တဲ့။ ရှင်ဘုရင်တွေ သေတာကို ကံကုန်တယ် လို့ ဆိုတယ်ကွ။ မသေရင် ပြန်ဆုံကြတာပေါ့လို့ ဆိုထားတာ။ ဒါကို ငါကလည်း အခုတော့ ဒီလို ပြန်ပြောလိုက်ချင်သေးတယ် . . . . . ”

“ ဘယ်လိုလဲကွ . . ”

“ - - - - - - -  ”



ဤကမ္ဘာပေါ်မှာ အောင်သွယ်တော် နှစ်ယောက် ရှိတယ်လို့ ကျွန်တော် ထင်ပါသည်။ တစ်ယောက်က လေးနဲ့ မြားကို ကိုင်ကာ ချစ်ရေးချစ်ရာများကို ဆောင်ရွက်ပါသည်။ နောက်ထပ် တစ်ယောက်ကတော့ ကလောင်တံကို ကိုင်ကာ ချစ်ရေးချစ်ရာများကို ဆောင်ရွက်ပါသည်။

ဒါကြောင့် လေးကိုင်သော အောင်သွယ်တော်သည် လေးနဲ့ မြားကို အသုံးပြုခြင်းဖြင့် လူနှစ်ယောက်ကို တစ်ယောက်စီ မြားဖြင့် ပစ်ကာ ချစ်သူများ ဖြစ်သွားစေပါသည်။ ကလောင်တံကို ကိုင်သော အောင်သွယ်တော်ကလည်း လူနှစ်ယောက် ကို တစ်ယောက်စီ၏ နဖူးတွင် တစ်ယောက်နာမည်ကို ရေးလိုက်ခြင်းဖြင့် ချစ်သူများ ဖြစ်သွားစေပါသည်။ ဒါကြောင့် သူတို့ကို အောင်သွယ်တော် မြားနတ်မောင် နှင့် ဖူးစာရေးနတ် ဟု ခေါ်ကြပါသည်။

သို့သော် ထိုအောင်သွယ်တော် မြားနတ်မောင်၏ မြားချက်များသည် တစ်ယောက်ကို ထိမှန်၍ တစ်ယောက်ကို လွဲချော်ခဲ့မည် ဆိုပါက ၊ အောင်သွယ်တော် ဖူးစာရေးနတ်၏ နဖူးမှာ ရေးသော ကလောင်တံမှ မင်ရေများသည် ကျဲတောက်ကာ အရာမထင် ဖြစ်နေသည် ဆိုပါစို့။ ထိုအောင်သွယ်တော်များ၏ အောင်သွယ်ချက်များသည် လွဲချော်သွားပါတော့သည်။

ဟလို . . စာဖတ်သူ ခင်ဗျား။

ယခု စာဖတ်သူတွေ ထဲမှာ မော်လမြိုင် ဇာတိမှ စာဖတ်သူများ ပါတယ် ဆိုရင် ၊ ဒါမှမဟုတ် မော်လမြိုင်မှာ အခု လက်ရှိ ကျင်လည်နေထိုင် နေတယ် ဆိုရင် ကျွန်တော့်ကို တစ်ခုတော့ ကူညီပါ။

တကယ်လို့ သွားရင်း လာရင်း  မနွေးနွေး ဆိုသော ကျွန်တော် ချစ်ရပါသော “ မ ”  နဲ့ မတော်တဆ သော်လည်းကောင်း ဆုံခဲ့ပါက တစ်ခုတော့ ပြောပေးပါဗျာ. . . . .

“ ကံ မကုန်သေးပေမဲ့ ပြန်မဆုံ ချင်တော့ပါဘူး။ ”



*** လွန်ခဲ့သော ၆ နှစ်လောက်က “ လိပ်ပြာကျုံး ” ဆိုသော ဝတ္ထုရှည် တစ်ပုဒ်ရေးဖူးပါတယ်။ အခု ဝတ္ထုတိုလေးကတော့ အဲဒီထဲက ဇာတ်ကွက်လေးတွေကို စုစည်းပြီး ပြန်လည်ပြင်ဆင် တင်ပြထားတာပါ။ လိပ်ပြာကျုံး ဝတ္ထုထဲမှာတော့ ဇာတ်ကောင်နာမည်က တခြားပါ။ ဒီမှာကတော့ ဘလော့ပေါ်မှာ ဖြစ်တော့ ကျွန်တော်နာမည်ကို တမင်ထည့်ထားလိုက်တာပါ။ လိပ်ပြာကျုံး ဝတ္ထုက ဒီလိုတော့ အလွမ်းနဲ့ အဆုံး မသတ်ပါဘူး။ အဲဒီထဲက ဇာတ်ကောင် မင်းသမီးကလည်း နောက်ထပ် တစ်ယောက်ပါ။ သူ့ကို ချစ်ခွင့်ရစေဖို့ ဒီလို ဇာတ်ကြောင်းတွေနဲ့ ဇာတ်လမ်းဖွဲ့ထားတာပါ။ အခွင့်ရှိမယ် ဆိုရင်တော့ တင်ပြချင်ပါသေးတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်



Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

ရွေနတ်သား said...

လူပျိုကြီးရဲ့ လ ၀ ကို သိရပြီ..
ငှဲငှဲ...
သူတို့ က အမူလွန်တာကိုးဗျ
နေပစေ အပျိုကြီးဖြစ်ပြီအခုတော့
ပစ်ထားလိုက်
ဘယ်နှယ့်ဗျာ..အမကြိုက်ပါတယ်ဆို ညီမလို့ ထင်တယ်
လွဲချက်ကရင်နင့်စရာ...အီးးးးးဟီးး

War said...

မျက်စိ လည်းတော်တော် ညောင်းသွားပါပြီ။
အရေး အသားလည်း ကောင်းပါပေတယ်။(တစ်ကယ့် အဖြစ် လို့  ကို ထင်မိပါတယ်)။ ဘာပဲ ဖြစ်ဖြစ် လက်တွေ့ ဘ၀ မှာလည်း "မ" အသစ် နဲ့ ဘ၀ အစစ် စ နိုင်ပါစေ။

Anonymous said...

လူပျီုကြီးဖြစ်နေရသောအကြောင်းအရင်းက ဒီလီုကီုး ။
စကားမစပ်ဗျာ အ၀တ်တစ်စုံကို ဒေါငိလိုက်ဝတ်တာနဲ့
ကန့်လန့်ဖြတ်ဝတ်တာရယ်
လမ်းကို အလျှားလိုက် လျှောက်တာနဲ့ အနံလိုက်လျှောက်တာ ဘယ်လိုများကွာမလဲ မသိဘူး။

Anonymous said...

လူပျီုကြီးဖြစ်နေရသောအကြောင်းအရင်းက ဒီလီုကီုး ။
စကားမစပ်ဗျာ အ၀တ်တစ်စုံကို ဒေါငိလိုက်ဝတ်တာနဲ့
ကန့်လန့်ဖြတ်ဝတ်တာရယ်
လမ်းကို အလျှားလိုက် လျှောက်တာနဲ့ အနံလိုက်လျှောက်တာ ဘယ်လိုများကွာမလဲ မသိဘူး။

ကိုဇော် said...

ဟုတ်ကဲ့. .အမှန်တကယ် သိချင်လို့လို့ ယူဆမိလို့ ဖြေပါ့မယ်။
အဝတ်မှာ တီရှပ် ၊ စပို့စ်ရှပ်တွေက ဒေါင်လိုက်စွပ်ရတာပါ ၊ ကုလား ရိုးရာ အဝတ်တွေက ပတ်အဝတ်တွေ ဖြစ်ပြီး ၊ တရုတ်အဝတ်တွေက ကပ်အဝတ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို သေချာ သိချင်ရင် ဦးပုညရဲ့ “ ပွတ်သဘင် ” ဆိုတာမှာ ဖတ်ကြည့်ပါ။
အရက်မူးသမား တစ်ယောက်ရဲ့ လမ်းလျှောက်မှုက တစ်လမ်းလုံး ပြည့်နေတတ်ပါတယ်။ သူကတော့ အလျားလိုက်ပဲ လျှောက်ပါတယ်။ ဒီလောက်ဆို အဆင်ပြေမယ် လို့ ထင်ပါတယ်။

ကျေးဇူး....။

lwin lwin said...

အင်း....စ လယ် ဆုံး ဖတ်လို့ကောင်းပါတယ်...

mabaydar said...

ဟာ.. ကိုဇော့် အချစ်ဇာတ်လမ်းက ရှည်လွန်းလို့... ပထမဆုံး ၂ပုစ်တော့ ဖတ်ပြီးပြီ... ကျန်တာတွေ နောက်မှ ထပ်လာဖတ်မယ်... ဒါပေမဲ့ နောက်ဆုံးအပိုဒ်ကို ဖတ်လိုက်တော့ လိပ်ပြာကျုံး ၀တ္တုကို ပြန်လည်ပြင်ဆင်ထားတယ်ဆိုတော့... ဒါက ကိုဇော့်တကယ့်အဖြစ်အပျက် ဟုတ်ဘူးပေါ့? ...

ဒါပေမဲ့ ဖတ်လို့ကောင်းတယ်အစ်ကိုရေ... ကိုယ့်စိတ်ထဲမှာ မကြိုက်တဲ့သူဆိုရင် အဲလိုပဲ သူတို့ ဘယ်လောက် အရိပ်ပြပြ ကိုယ်က အကောင်မထင်ဘူး... ဒါက လူရိုးမို့ပါ.. ရှုပ်နေကျ ဆရာကြီးတွေကျတော့လဲ ဒါမျိုးဆို လာထားပဲ... လူပျိုကြီး အပျိုကြီး ဖြစ်ရခြင်းအကြောင်းရင်းများကို ခု ဇာတ်လမ်းလေးတွေဖတ်ပြီး သတိရသွားလို့ ရီဖြစ်သွားတယ်... ကောင်းတယ် အစ်ကိုရေ...

♥shwe♥gal♥ said...

ကိုဇော်ရေ...

မော်လမြိုင်ရောက်လို့ မနွေးနွေးကိုတွေ့ရင် ပြောလိုက်ပါ့မယ်....အဲ..အမက ဘာလို့ပြန်မဆုံချင်တုန်းးး ဆို...
ဘယ်လိုပြန်ပြောခဲ့ရမလဲဟင်...


ဘယ်လိုပဲဖြစ်ဖြစ်ပျော်ရွှင်ပါစေ (ကိုဇော်စတိုင်နဲ့..)
ခင်မင်တဲ့
ရွှေဂဲ

ဖိုးသား said...

အစ်ကိုညီလေးကမော်လမြိုင်အောက်ကမုဒုံမှာနေတာပါ။မွန်ပါဘဲ..မြန်မာပြည်ကိုပြန်ရောက်ရင်စုံစမ်းပေးမယ်လေအစ်ကိုအတွက်:P)☺

phyo said...

အော်.. မြှားနတ်မောင် တော်တော် ဆိုးတာဘဲ.. ဘာလို့ တစ်ချက်တည်းနဲ့ ညီအမ နှစ်ယောက်လုံးကို မှန်အောင် သွားပစ်လိုက်ရလဲမသိဘူးနော်... ခုတော့ သူလုပ်လို့ လူပျိုကြီးဖြစ်နေရပြီ... ဟီးး .. ဘာဘဲဖြစ်ဖြစ်သယ်ချင်းရေ ငယ်ငယ်တုန်းက အချစ်ထက် ပိုပြီး ချိုမြိန်လှပသော အချစ် တစ်ခု ထပ်တွေ့နိုင်ပါစေဟာ...

ရွှေရတုမှတ်တမ်း said...

ချစ်ကိုယ်တွေ့လားလို့...ဝတ္တု ဆိုတော့လဲ...
မမ ချစ်ကိုယ်တွေ့တော့ ရှိဖူးမှာပါ ..

ခိုင်နုငယ် said...

တမေ့တမောနဲ့ဖတ်လာလိုက်ရတာ..
အဆုံးသတ်ကြမှ..အလွမ်းနဲ့ဇာတ်သိမ်းထားတယ်။
အဲ..ပြောရအုံးမယ်...ကျနော်တို့သူငယ်ချင်းအမ
ကမွန်ပဲ..သူ့နာမ်မည်ကလည်းမနွေးနွေးတဲ့တော်..
ကိုဇော့်မနွေးနွေးများလား..ဘာပြောပေးရမလဲ
ငှင်..

SHWE ZIN U said...

အင်း ကိုဇော် ရေ

အတော် ရှည်တော့ ၃ခါလောက် ပြန်ဖတ်ရတယ် အဲဒါကြောင့် အခုမှ မန့်ရတယ်

ကြည့်ရတာ မျှားနတ်မောင် မျက်စေ့လည် နေတယ်ထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အဖြူရောင်နတ်သမီး said...

ကိုဇော်...ကိုဇော်...
အဲလိုပဲ..ကြုံးပြီးအော်လိုက်တော့မယ်...
း(...း(..း(
ဟုတ်တော့မလိုလိုနဲ့ နောက်ဆုံးတော့ ဒီငှက်ပျောတုန်း ဖက်အိပ်တဲ့ ဇာတ်လမ်းပါပဲလား..။
စာအရှည်ကြီးတွေကို မဖတ်ချင်ပါဘူးဆိုမှ အချစ်ဇာတ်လမ်းဆိုလို့ လာဖတ်တာ...
အခုတော့..လူညာကြီး...ရွှတ်...ဟင့်..ဖတ်..
နှပ်ချေးနဲ့ ပြန်ပက်သွားတယ်..
း)

သဒ္ဓါလှိုင်း said...

ဖတ်ရင်းမောသွားလိုက်တာ..အလွမ်းနဲ့ဇာတ်သိမ်း
သွားတာကိုး.။ဒါနဲ့.ဘာလို့ပြန်မဆုံချင်ရတာလဲဟင်..။

ခင်မင်စွာ
သဒ္ဓါ

Angelhlaing(May everybody be happy and healthy! said...

သေသေချာချာဖတ်သွားတယ်အကို... အကိုရဲ့ မှာတမ်းလေး ကြားရင် မတစ်ယောက်တော့ ...ကြေကွဲနေတော့မှာပဲ :)
ကံမကုန်လဲ ပြန်မဆုံချင်တော့ပါဘူးတဲ့လား အကို ..

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.