မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 July 2010

14 အပ် နဲ့ အပ်ချည်များ



ကျွန်တော့်နာမည်က “ ကိုဇော် ” လို့ ခေါ်ပါတယ်။ ယောင်ယောင်ဝါးဝါးနဲ့ ကျွန်တော့်မှာ ထွေထွေထူးထူး အလုပ် မရှိပါဘူး။ ဘောလုံးကန်တယ် ၊ ချက်ထိုးတယ် ၊ ညဘက်ဆိုရင် လက်ဖက်ရည်ဆိုင် ထိုင်တယ် ၊  သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေ ပြောတယ် ၊ စိတ်ဝင်စားရာ စာတွေကို ဖတ်တယ် ၊ စိတ်ကူးပေါက်ရာတွေ ချချ ရေးတတ်တယ် ၊ အိမ်အလုပ်ကိုတော့ အခါအခွင့်သင့်သလို လုပ်ပေးပါတယ်။ ပူပူပင်ပင် မရှိရလေတော့ ပူပူလောင်လောင်လည်း မဖြစ်မိပါဘူး။

အချစ်ဆိုတာကို လက်ငင်း မတွေ့ဖူးသလို ၊ အကြွေး အနေနဲ့လည်း မတွေ့ဖူးတော့ သူများတွေလိုလည်း အသည်းကွဲပြီး အရက်သောက်စရာ မလိုဘူးပေါ့ဗျာ။ ဒါပေမဲ့ လူငယ်အရွယ် သာသာကတည်းက အဖေက ခိုးကြောင်ခိုးဝှက် ချက်အရက်တွေ မသောက်နဲ့ ၊ သောက်ချင်ရင် အရက်အကောင်းစားကို စိတ်ရှိ လက်ရှိသာ သောက် ဆိုလို့ ကျွန်တော်ကလည်း မိဘကို ရိုသေသမှုနဲ့ သူတို့ ရှေ့မှာ မူးရစ်တာ မလုပ်ပေမဲ့ ပုံမှန်လေးတော့ ရစ်မူးတတ်ပါတယ်။

စီးကရက်ကတော့ တွေးစရာ ငေးစရာ ဖြစ်လာခဲ့ရင် ဟိုဖွာဒီဖွာ ဖွာတတ်ပါတယ်။ တစ်လိပ်ချင်းက ဈေးများတော့ ဘူးလိုက်တော့ ကိုင်သောက်တယ်။ ဒါပေမဲ့ ကျွန်တော်က ဆေးလိပ်စွဲသူ တစ်ယောက်တော့ မဟုတ်ဘုးဗျ။ မသောက်ချင်ရင် လုံးဝကို လပေါင်းများစွာ မသောက်ပါဘူး။ ကွမ်းကတော့ ကျွန်တော် မစားပါ။ ကိုယ်တိုင် ပါးစပ်နဲ့ သွား ညစ်ပတ်သလို ၊ ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေတယ်လို့ ကျွန်တော် ယူဆတယ်။ သူများစားနေတာတွေကို ကျွန်တော် ဘာမှ မပြောသလို ၊ ကိုယ်တိုင် မစားတဲ့ အတွက်လည်း ဘာကွ ၊ ညာကွ ဆိုပြီး ဂုဏ်ယူပြောမနေတော့ပါဘူး။ ဒီလိုပဲ ကိုယ်ဖာသာကိုယ် “ ရေငုပ် ၊ မီးလှုံ ၊ တုံးခုန် ၊ ဇယ်ခတ် ” နေလိုက်တာပါပဲ။

သူများတွေ ကိုယ်စီ ကိုယ်ငှ နေ့ဘက်အချိန်လေးတွေမှာ တစ်ယောက်သောသူကို အချိန်ပေးရပြီး ၊ ညနေဘက် အချိန်တွေမှာ တစ်ယောက်သော သူကို သွားကြိုဖို့ ဆိုပြီး ပေးနေရကာ ညဘက်တွေမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ပျက်ကွက်လာတတ်ကြတယ်။ ကွမ်းစားသူတွေကလည်း ကွမ်းပြတ်ကုန်တယ်။ ဆေးလိပ်သမားတွေကလည်း ဖွာတော် လပ်ကုန်တယ်။ ပေပေတေတေ ကောင်တွေကလည်း သန့်သန့်ရှင်းရှင်း ဖြစ်လာကြတယ်။ စုတ်စုတ်ပြတ်ပြတ် ဖြစ်သလို နေသူတွေကလည်း တောက်တောက်ပြောင်ပြောင် ဖြစ်လာကြတယ်။

ဒါတွေ အားလုံးရဲ့ အဓိက အချက်တွေကတော့ “ ချစ်သူ ” ဆိုသော ရင်ခုန်ဘက်တစ်ယောက်က လူတစ်ယောက်ကို ပြောင်းလဲ သွားစေတာပါပဲ။ သြော် . . . အချစ်ဆိုတာ ဒါလား လို့ ယောင်ဝါးဝါး ကျွန်တော် စဉ်းစားမိရင်း ၊ ယောင်ဝါးဝါးနဲ့ပဲ ကျွန်တော် မေ့သွားခဲ့ပါတော့တယ်။ ကျွန်တော့်မှာမှ ချစ်သူ မရှိသေးတာကိုး။ အချစ်ဆိုတာ လူတစ်ယောက်ကို ဒီလို ပြောင်းလဲ သွားစေနိုင်လားလို့ တွေးမိတဲ့ အချိန် ခဏလေးက ဆပ်ပြာပူဖောင်းလောက်တော့ သက်တမ်းကြာရှည်ခဲ့တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဘဝရဲ့ တိမ်ပြာပြာနေ့ တစ်နေ့မှာ ကျွန်တော် ချစ်သူ တစ်ယောက် ကောက်ရတယ်။ အဲဒီနေ့က တိမ်ပြာပြာနေ့ပေမဲ့ Sunday တော့ မဟုတ်ပါဘူး။ သူကလည်း လောကရဲ့ ကွက်လပ်ထဲမှာ အေးဆေးပေါ့ပါး လွတ်လပ်စွာ လွင့်မျောနေတဲ့ လူသားတွေဆိုတဲ့ အထဲက အမှိုက်စ တစ်စပါပဲ။ ချစ်သူနဲ့ ကျွန်တော် လောကဓံ ဆိုတဲ့ လေအဝှေ့မှာ လာရောက်ထိတွေ့ တွေ့ဆုံခွင့် ရတဲ့ အမှိုက်စလေး နှစ်စ ဆိုပါတော့။ လေမဝှေ့ရင်တော့ ကျွန်တော်တို့ က မြေပေါ်မှာ ငြိမ်သက်နေခဲ့ရတဲ့ အမှိုက်စလေးတွေ ဖြစ်မယ် ထင်တယ်။ အခုတော့ လောကရဲ့ အချစ်လေ အဝှေ့ခံရတော့ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။

ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိတဲ့ လူတစ်ယောက်ရဲ့ အံ့သြခြင်းတွေမျိုးနဲ့ ကျွန်တော် ချစ်သူကို ချစ်ခဲ့မိတယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် မြင်ယောင်နေရသလို ခံစားမှုမျိုးနဲ့ ချစ်သူနဲ့ ကျွန်တော်ဟာ အရာရာ ထပ်တူ ကျနေခဲ့တယ်။ ချစ်သူဟာ ကျွန်တော့် ဘဝ ဖြစ်သလို ၊ ချစ်သူရဲ့ စိတ်ကလည်း ကျွန်တော့်ရဲ့ စိတ်တွေ ဖြစ်နေခဲ့တယ်။ ချစ်သူရဲ့ နာမည် ဆိုတာထက် ကျွန်တော့်ရင်ကို တွယ်ငင် ရစ်ပတ်စေနိုင်တဲ့ သူ့ရဲ့ အချစ်များအတွက် ကျွန်တော် . . . သူ့ရဲ့ နာမည်အစား သူ့ကို ကျွန်တော် “ နွယ် ” လို့သာ ခေါ်ပါတယ်။

သူဟာ ကျွန်တော့်ရဲ့ ချစ်ရပါသော နွယ်. . . . . ။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ချစ်သူတို့ရဲ့ ဘာသာဘာဝ ကြားလေသွေးရင် ဝေးမှာ စိုးတယ် လို့ အပိုအထွား ဆိုကြပေမဲ့ ကျွန်တော်တို့ကတော့ ဒီလောက်ကြီး သည်းသည်းလှုပ် အပိုတွေနဲ့ ချစ်ပြမနေပါဘူး။ ကျွန်တော် ဖြစ်စေချင်တာကို သူက လိုက်လျောယုံ ၊ သူမကြိုက်တဲ့ ကိစ္စတွေကို ကျွန်တော်က ဆင်ခြင်ရုံနဲ့ ကျွန်တော်တို့ ချစ်သူဘဝက တိမ်ရှင်းတဲ့ ကောင်းကင်ပြာကြီးလို သာယာလှပခဲ့ပါတယ်။ ချစ်သူရဲ့ ငြိုငြင် မျက်နှာပျက်ရမဲ့ ကိစ္စကို ဘယ်သူကများ လုပ်ချင်ကြပါ့မလဲလေ။

သာမာန်ချစ်သူ စုံတွဲတွေလိုပဲ ကျွန်တော် နဲ့ သူဟာ အားလပ်ရက်တွေမှာ အပြင်လျှောက်သွားသလို ၊ ရုပ်ရှင်လည်း သွားကြည့်ဖြစ်ကြပါတယ်။ ချစ်သူရဲ့ တွတ်တီး တွတ်တာပြောတာလေးတွေကို နားထောင် ၊ ချစ်သူလိုချင်တာလေးတွေကို သူနဲ့ လိုက်မလိုက် သူ အတင်းအကြပ် ကြည့်ခိုင်းတာကို ဝိုင်းကြည့်ရွေးပေး ၊ သူ စားလိုရာကို အစားအသောက်ဆိုင်မှာ သွားစား ၊ ပျော်ပျော်ပါးပါး ကျွန်တော်တို့ အပြင်ထွက်ရတဲ့ နေ့ရက်တွေကို ကုန်စေခဲ့တယ်။ ချစ်သူနဲ့ တွေ့နေရတဲ့ အချိန်က နေ့လယ်ခေါင်ကြီးတောင်မှ “ လအစင်းသာတဲ့ ညခင်းပြာ ” လိုပါပဲ။

ချစ်သူတတ်မဲ့ မှတ်တိုင်လေးကို အရင်ဦးဆုံး ရောက်အောင် ကျွန်တော်က သွားစောင့်နေရပြီး ချစ်သူ လာရာလမ်းကို မျှော်ငေးကာ ခပ်ဆွေးဆွေးလေး အတွေးနဲ့ စောင့်နေမိတယ်။ ဟိုးအဝေးက ညင်ညင်သာသာ ခြေကြွလှမ်းလာတဲ့ ချစ်သူကို မြင်လိုက်ရတာနဲ့ စစ်ခရာသံကြားတဲ့ စစ်မြင်းတစ်ကောင်လို ဖြတ်လတ်တတ်ကြွ နေမိတယ်။ အနားရောက်လာတဲ့ ချစ်သူလက်ထဲက တစ်လမ်းလုံး ကိုင်ဆောင်းလာတဲ့ ထီးကို ရုတ်တရက်ပဲ လေးသွားတော့ မလို လှမ်းယူလိုက်ပြီး အနူးညံ့ဆုံး အသာအယာ ပြုံးပြလိုက်တယ်။ အချစ်ဆိုတာ ဒါလား. . . .။

ဘယ်ကိုသွားမယ် ဆိုတာ အရင်ကတည်းက တိုင်ပင်ပြီးပေမဲ့ “ ဘယ်ကို အရင်သွားမလဲ ” ဆိုပြီး ထပ်ကာ မေးမိပြန်ပါတယ်။ ချစ်သူကလည်း မနေ့က ပြောပြီးသားကို အခုမှ ဆုံးဖြတ်ချက်ကျသလို ထပ်ရေရွတ်ပြီး နှစ်ဦးသဘောတူ အကန့်ကွက် မရှိဖြစ်ပြီး နှစ်ယောက်သား ပြုံးကာ ကားမှတ်တိုင်ကနေ လာမဲ့ ကားဆီသို့ လှမ်းမျှော်ကာ ချစ်သူ့လက်လေး ခပ်နွေးနွေးကို ဆုပ်ကိုင်ပြီး ရင်ခုန်သံတွေပါ ရောယောင် နွေးထွေးနေမိတယ်။ ချစ်သူဆိုတာ ကမ္ဘာဦးကတည်းက ရေးဖွဲ့ထားခဲ့တဲ့ ကဗျာ တစ်ပုဒ်ပဲ မဟုတ်လား။ ရင်ခုန်သံတူသူတွေမှ ဖတ်ခွင့်ရစေ ဆိုသော စာတစ်ကြောင်းနဲ့တော့ ကန့်သတ်ခြင်း ခံထားရတယ်။

လေရဲ့ အလျင်လို ဝုန်းခနဲ ရောက်လာပြီး ခပ်ကြာကြာ မှတ်တိုင်မှာ စောင့်ဆိုင်း လူတင်ဦးမယ် ဆိုတာ သိပေမဲ့လည်း ရပ်လာတဲ့ ဘတ်စ်ပေါ်က ဆင်းမဲ့သူတွေ ပြီးပြီးချင်း ဘတ်စ်ပေါ်ကို စုပြုံတိုးဝှေ့ တတ်နေကြတဲ့ လူတွေကို နားမလည်ပေမဲ့ နားလည်စွာ ပြုံးပြီး နောက်ဆုံးမှပဲ ဘတ်စ်ပေါ်တတ်လိုက်တယ်။ ဆက်တတ်မဲ့သူ မရှိတော့ပေမဲ့ လီဗာလေးကို တဝူးဝူးနဲ့ ပုတ်နင်းက အခုပဲ ထွက်တော့ မလိုလို  ဟန်ရေးပြင်နေတဲ့ ယာဉ်မောင်းသူ နဲ့ “ ဆူးလေကို ဆူးလေကို ” ဆိုပြီး ဘယ်သူမှ မမေးတာကို ပြန်အော်ဖြေနေတဲ့ လက်မှတ်မရောင်းပါပဲ လက်မှတ်ရောင်းလို့ အမည်တပ်ထားသူတို့က နောက်ထပ် ၁၅ မိနစ် ကြာအောင် မှတ်တိုင်မှာ ရပ်ကာ ၊ လူခေါ်ကာ နောက်ကား မလာခင် အထိ စောင့်နေတတ်တယ်။

ရပ်ရပ်ချင်း နောက်ဆုံးက တတ်ခဲ့တာ ဆိုပေမဲ့ ရပ်ဆိုင်းမှုကာလက ကြာလာတာနဲ့ အမျှ နောက်ထပ် နောက်ဆုံးတွေ ထပ်တတ်လာကာ ကျွန်တော်တို့က ကားအလယ်ကို တိုးတိုးပေးရတယ်။ မတိုးပေးလို့လည်း မဖြစ် “ ဒီအပေါက်လေးနဲ့ လုပ်စားနေရတာပါ ၊ X X X X X X  ”  ဆိုတဲ့ လက်မှတ်ရောင်းရဲ့ ခပ်ဆတ်ဆတ် အော်သံက လူကို ကျုံ့ဝင်စေတယ်။ ဘေးက ချစ်သူကို အထဲကို ထပ်တိုးစေရင်း ချစ်သူဘေးနားကို ကြည့်လိုက်တော့ အဝတ်အစား လျော့တိလျော့ရဲနဲ့ အဆီပျံနေတဲ့ မျက်နှာကို တပ်ဆင်ထားတဲ့ ခပ်ထွေထွေ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဒီလူက အချောင်သမားလည်း မဖြစ်နိုင်သလို အကြပ်သမားလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့ဖာသာသူတောင်မှ မဟန်နိုင်အောင် မကြပ်မချောင် ဖြစ်နေတဲ့ ပုံစံက အထင်းသား။ သူက အရက်သမား။ “ တောခြေဝယ် မောနေတယ် အပြောတွေ ကြွယ်ပါလို့ . . . ” ဆိုပြီး မြန်မာဗီဒီယို ဇာတ်လမ်းထဲကလိုမျိုး လျှောက်မအော်နေပေမဲ့ သူက အရက်မူးသမားမှန်းကို သူ့ဆီက အယ်လ်ကိုဟော ရနံ့က လေထဲက အောက်ဆီဂျင်နဲ့ ပေါင်းက ကျွန်တော့်နှာခေါင်းကို မိတ်ဆက်တယ်။ ဒီအချိန်မှာ ကျွန်တော်ကလည်း “ ကိုဇော် နှာစေးနေပါတယ် ” ဆိုပြီး ပြောရန် မဖြစ်နိုင်ပါ။ ဒါကြောင့် သူ့ဆီက အရက်နံ့ကို ရတယ်။

ဒါကြောင့် ချစ်သူကို ကျွန်တော့် ညာဘက်ကနေ ဘယ်ဘက်ကို အသင်းပြောင်းရွှေ့ခ မပါဘဲ ပြောင်းခိုင်းလိုက်တယ်။ အမူးသမား နားကို ကျွန်တော်က ရောက်သွားပြီး ကျွန်တော့် နောက်တစ်ဘက်ဘေးကို ချစ်သူက ရောက်နေတယ်။ ချစ်သူကို အားပေးအပြုံးကို လှည့်ပြုံးပြတော့ သင်းပျံ့ပျံ့မွှေးရနံ့လေးက ကျွန်တော့်နှာခေါင်းကို လာကျီစယ်တယ်။ ခုနက ကိစ္စကို ပြန်တွေးမိရင်း ဒေါသထွက်လာလို့ ဟိုလူ့ဘက်ကို မျက်နှာလှည့်လိုက်တော့ ချဉ်စုပ်စုပ် ရနံ့ကို သူ့ဆီက ရတယ်။ ဘယ်ဘက်မှ မလှည့်ဘဲ အလယ်မှာ ခေါင်းကို ထားတော့ နှာခေါင်းဆီသို့ ဝင်လာတဲ့ အနံ့က မွှေးမြမြ နဲ့ ချဉ်စုတ်စုတ် နှစ်ခုကို ရောမွှေပြီး မွှေးချဉ်စုတ်စုတ် အနံ့အဖြစ်ပြောင်းပြီး ဝင်လာတယ်။ ဘယ်လိုမှ ခံစားလို့ မကောင်း။ ကဗျာကို မဆန်။

ဒီအချိန်မှာပဲ ကျွန်တော်ရဲ့ ဘယ်ဘက် လက်မောင်းကို အသာလေး ကိုင်ထားတဲ့ ချစ်သူလက်လေးက ရုတ်တရက် တင်းခနဲ ဆုတ်ကိုင်လိုက်တာကို ခံစားလိုက်ရတယ်။ ဘာဖြစ်တာလဲလို့ ချစ်သူ နွယ်ကို ကြည့်လိုက်တော့ ချစ်သူက နောက်ထပ် လက်တစ်ဘက်နဲ့ သူ့ရဲ့ ခေါင်းလေးကို ကိုင်ထားတာကို တွေ့လိုက်ရတယ်။ ချစ်သူ တစ်ခုခုများ ဖြစ်တာလား ဆိုတဲ့ စိတ်ကြောင့် ချစ်သူကို ငုံ့ပြီး မေးလိုက်တယ်။ ( သေချာစွာ ဖတ်ပါ။ ငုံ့ပြီး မေးလိုက်တာပါ။ အောက်ကမြစ် ပါပါတယ်။ ငုံပြီး မေးခြင်း မဟုတ်ပါ။ ချစ်သူက ကျွန်တော့် ပါးစပ်နဲ့ မဆန့်ပါ။ )

“ နွယ်  ဘာဖြစ်နေတာလဲ ၊ နေမကောင်းလို့လား။ ”

မော့ကြည့်လာတဲ့ ချစ်သူရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်မှု တချို့နဲ့ စိတ်ပျက်ခြင်းတစ်ဝက်က ရောနှောနေတယ်။ နွယ့်နဖူးစပ်မှာလည်း ချွေးလေးတွေ စို့နေတယ်။

“ ကို ဆင်းရအောင် ၊ နွယ် မနေနိုင်တော့ဘူး။ ”

“ ဟင် ”

ဆိုသော အာမေဋိတ်သံကိုသာ ရေရွတ်ပြီး ဘတ်စ်ပေါ်က ဆင်းဖို့ ပြင်လိုက်တယ်။ ဘတ်စ်ပေါ်က ဆင်းတယ် ဆိုရင်ပဲ ပြင်ပက လေကို နွယ်က အလုအယက် ရှူလိုက်ပြီး လမ်းဘေးလေးမှာ ဆောင့်ကြောင့်လေး ထိုင်ကာ ရင်ဘတ်လေးကို နှိပ်၍ ပျို့ကာ ပျို့ကာ တတ်လာပြီး အန်ပါလေတော့သည်။ ဒါပေမဲ့ ဘာမှတော့ ထွက်မလာပါ။ ဒီလို မထွက်တာကဘဲ နွယ့်အတွက် ပိုပြီး ခံစားရစေသလား မပြောတတ်။ ပတ်ဝန်းကျင်ကိုလည်း နွယ့်မှာ မရှက်နိုင်။ ကျွန်တော်လည်း နီးရာ ဆိုင်ကနေ ရေသန့်တစ်ဗူး ပြေးဝယ်ကာ နွယ့်ကို ဘေးကနေ နှိပ်ပေးနေရတယ်။

ခဏနေတော့မှ နွယ် သက်သာလာသလို ရေဗူးထဲက ရေကို တစ်ငုံ ငုံကာ ပလုပ်ကျင်းလိုက်တယ်။ နွယ့်မျက်နှာပေါ်မှာ ချွေးတွေက နင့်နင့်နဲနဲ နေရာယူထားကြတယ်။ နွယ် အတော်ခံစားလိုက်ရတယ် ဆိုတာသာ သိလိုက်ပြီး နွယ် ဘာဖြစ်နေတယ် ဆိုတာကို ကျွန်တော် မသိပါ။ သက်သာလာတဲ့ နွယ့်ကို လက်တစ်ဘက်နဲ့ ဖေးမရင်း လမ်းလေးလျှောက်လာတော့ နွယ်က ကမ္ဘာမြေရဲ့ အလကားရသော အောက်ဆီဂျင်ကို အခုမှ စပြီး ရှူသွင်းဖူးတဲ့ လူသားတစ်ယောက်လို့ အသက်ကို ပြင်းပြင်း ရှူသွင်းကာ ခြေလှမ်းလေးကို ဖွဖွ စလှမ်းတယ်။

“ နွယ် ၊ ဘာဖြစ်သွားတာလဲ။ အကောင်းကြီးနေ ဖြစ်တယ် ဆိုတော့ ကို စိတ်ပူသွားတယ်။ ”

နွယ်က သက်သာလာဟန် နဲ့ ကျွန်တော့်ကို ဖျော့တော့တော့ ကြည့်ရင်း ကျွန်တော့် လက်ကို တင်းခနဲ ဆုပ်ကိုင် လိုက်တယ်။

“ ကိုရယ် ၊ နွယ်ကလေ။ အရက်နံ့ကို မခံနိုင်ဘူး သိလား။ အခုနကလေ ကို့ဘေးက အရက်သမားဆီက အရက်နံ့ကလေ နွယ့်ဆီကိုပါ ရောက်တယ်။ ဘတ်စ်ထဲမှာကလည်း ပိတ်လှောင်နေတော့ အနံ့တွေက အပြင်ကို မထွက်ဘူးလေ။ အပြင်က လေကလည်း အထဲကို မဝင်တော့ ပိုဆိုးသွားတာပေါ့။ ဒါကြောင့် နွယ်လေးက မူးပြီး အန်ချင်သလို ဖြစ်သွားလို့ ကို့ကို ခေါ်ပြီး ရောက်ရာ ကားမှတ်တိုင်မှာ ဆင်းလိုက်တာ။ ”

“ သြော်. . နွယ်ရယ်။ ကို့ကို ပြောပါလား။ ဒါဆိုရင် အစောကြီးကတည်းက ကိုတို့ ဘတ်စ် ပြောင်းစီးလိုက်မှာပေါ့။ ”

“ ရပါတယ် ကိုရယ်။ နွယ်လေးကလည်း ရမလားလို့ ထိန်းနေရင်းနဲ့ နောက်ဆုံးမှ မခံနိုင် ဖြစ်လာလို့ ဆင်းမယ် ဆိုပြီး ကို့ကို ပြောလိုက်တာ။ ”

“ အေးပါ။ နောက်ဆိုရင် ကိုတို့ သတိထားပြီးတော့ စီးတာပေါ့ကွာ။ ”

“ အင်းပါ ကိုရယ်။ ဒါပေမဲ့ နွယ်လေး ကို့ကို တစ်ခုတော့ ပြောချင်တယ်။ ”

“ အင်း ပြောလေ နွယ်လေးရဲ့။ ”

“ နွယ်လေးကလေ အရက်နံ့ကို အရမ်းမုန်းတော့ နွယ်လေး ချစ်တဲ့ ကို့ဆီမှာလည်း နွယ်လေး မုန်းတဲ့ အရက်နံ့တွေ မရှိစေချင်ဘူး ကိုရယ်။ ကိုလည်း နွယ်လေးကို ချစ်ရင် အရက်မသောက်ပါနဲ့လား ကိုရယ်။ ”

“ - - - - - - ”

“ ကို. . .၊ နွယ်လေးကို ကတိ မပေးနိုင်ဘူးလား ကိုရယ်။ နွယ်လေးကို ချစ်တယ် ဆိုရင်လေ ၊ ဒါလေးတော့ ဆင်ခြင်ပေးပါ ကိုရယ်နော်။ ”

နောက်ဆုံးမှ ပြောလိုက်သော “ နော် ” ဆိုသော အသံက “ နော့ ” ဆိုတာနဲ့ “ နော ” ဆိုတာရဲ့ ကြားထဲမှာ ဖြစ်ပြီး “ နော် ” လို့လည်း အတိအကျ အသံ မထွက်ပါ။ အရင်က သူငယ်ချင်းတွေ ချစ်သူ ရသွားပြီး တစ်ယောက်ပြီး တစ်ယောက် အရက်ပြတ်သွားတာ ဘာကြောင့် ဆိုတာကိုလည်း အခုမှ ခပ်ရေးရေး သဘောပေါက်မိ သလိုလို ဖြစ်လာမိတယ်။

“ ကို. . ”

“- - - - - - ”

“ ကို ၊ နွယ်လေး ခေါ်နေတယ်လေ။ ”

“ အင်းးးးးးးးးးးးးးးးးးးးးးး ”

အခုမှ သတိလည်လာသူ တစ်ယောက်လို သက်ပြင်းရှည်ကြီးကို ချရင်း ပြန်ထူးသလိုလို နဲ့ ရောချမိတယ်။

“ ဘာလဲ ကိုက နွယ်လေးကို ဒါလေးတောင်မှ အဖြေ မပေးချင်ဘူးပေါ့ ဟုတ်လား။ ဒါလေးတောင်မှ မဆင်ခြင်နိုင်ဘူးပေါ့ ဟုတ်လား။ နွယ်လေး ဒီလို အနံ့တောင်မှ မခံနိုင်တဲ့ အရက်ကို ကိုက မဖြတ်နိုင်ဘူးပေါ့ ဟုတ်လား . . . ”

တိမ်ဝင်သွားတဲ့ ချစ်သူ နွယ်ရဲ့ အသံ နောက်မှာ သူ့မျက်ဝန်းများမှာလည်း ငွေ့ရည်ကြည်တွေက ချက်ချင်း တွဲလွဲခိုလာခဲ့တယ်။ နွယ် ငိုချတော့ မလို့လား။ ပြာပြာသလဲ ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။

“ မဟုတ်ပါဘူး နွယ်ရယ်။ ကိုက ဘယ်လို စပြီး ကတိ ပေးရမလဲ စဉ်းစားနေတာပါ။ ”

“ ဘယ်လို ၊ ကိုက ဘယ်လို ကတိ ပေးချင်နေသေးလို့လဲ။ မတွေ့မချင်း မသောက်ပါဘူး ဆိုပြီး ကတိပေးမယ်။ တွေ့မှ သောက်မယ် ဆိုပြီး ကတိပေးချင်နေသေးလို့လား။ ”

“ ဟာ . . . မဟုတ်ဘူး ၊ မဟုတ်ဘူး။ ကိုယ်ပြောချင်နေတာ နွယ့်ကို အခုက စပြီး ကို ဘယ်တော့မှ မသောက်တော့ဘူး လို့ ကတိပေးတယ် ဆိုပြီး ပြောမလို့ စဉ်းစားနေတာပါကွာ။ ”

“ ဟင်. . . ကို တကယ် ပြောတာလား။ ကတိပေးပြီးမှ မဖျက်ရဘူးနော်။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ. . .  ”

မည်းနေတဲ့ မိုးကောင်းကင်က တိမ်ညိုတွေကို လေပြင်းက ဖြတ်တိုက်လိုက်သလို တိမ်တွေ စင်ပသွားတဲ့ ချစ်သူ နွယ်ရဲ့ မျက်နှာလေးကို ထပ်ပြီး အံ့သြစွာ တွေ့လိုက်ရတယ်။ ဒီလိုပါပဲလေ။ ကမ္ဘာဦး လူသား “ အာဒံ နဲ့ ဧဝ ” တို့က စခဲ့တယ်ပဲ ပြောရမှာပါပဲ။ ကိုယ်ချစ်တဲ့ လူကို စိတ်ချမ်းသာစေချင်ကြတယ် မဟုတ်လား။ ဒါနဲ့ပဲ ကျွန်တော်ဟာ အရက်ကို ဘုရားမကြိုက် ၊ တရားမကြိုက်သလို ချစ်သူ မကြိုက်တာနဲ့ ပြတ်ခဲ့ပါပြီ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

“ ချစ်သူကို မြင်ရခြင်း၌ မျက်စိသည် ရောင့်ရဲခြင်း မရှိ။ ”  လို့ လောကနီတိ ထဲမှာ ဆိုထားပါတယ်။ ကျွန်တော်ကလည်း ချစ်သူကို မြင်နေချင်တဲ့ အချိန်တွေက တစ်နေ့ထက် တစ်နေ့ တိုးလာပါတယ်။ ချစ်သူရဲ့ အချိန်နေ့ရက်တွေတိုင်း ချစ်သူ့ နံဘေးမှာ ကျွန်တော်က ရှိနေချင်တယ်။

“ ကိုရေ။ ဒီနေ့လေ နွယ်လေး သူငယ်ချင်း တစ်ယောက်ရဲ့ ယောက်ျား ဆေးရုံတတ်ထားရတယ် ဆိုတာကို သတင်းသွားမေးချင်တယ်။ ကို နွယ်လေးနဲ့ အဖော်လိုက်ခဲ့ပါလား။ ”

ချစ်သူ အနားမှာ ကပ်ပါးကောင် ဖြစ်ချင်နေတဲ့ ကျွန်တော်ဟာ နွယ်ခြေလှမ်းရာ တစ်ဖဝါးမှ မခွဲတမ်း လိုက်နေချင်ခဲ့သူ ဆိုတော့ ခေါင်းငြိမ့်ပြခဲ့မိပါတယ်။ ဆေးရုံရောက်တော့ ဆေးရုံက အဆုတ်အထူးကု ဆေးရုံ ဆိုတာကို ရေးထားတဲ့ ဆိုင်းဘုတ်အရ သိရတယ်။ အထဲကို ရောက်သွားတော့ နွယ့်ရဲ့ သူငယ်ချင်း ဖြစ်သူကို ချောင်ကျနေတဲ့ မျက်နှာတစ်ခုနဲ့ ငေါင်စင်းစင်း ထိုင်ကာ သူ့ယောက်ျားကို ပြုစုနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့ ရောက်နေတာတောင်မှ ချက်ချင်း သတိမထားမိသေး။ နောက်မှ နွယ်က သူ့လက်လေးကို ကိုင်လိုက်မှ လှည့်ကြည့်တယ်။

နွယ့်ကို တွေ့တော့ ဝမ်းသာသွားသလို မျက်နှာက ပြုံးလာပြီး ချက်ချင်း ညှိုးကျသွားတယ်။ နွယ်က သူ့လက်ကို ဆွဲကာ အခန်းပြင်ထွက်သွားပြီး သူတို့ ဖာသာ ကွိစိကွစ နဲ့ တွတ်ထိုးကြတယ်။ ပွစိပွစိနဲ့ပဲပြောနေတော့ ကျွန်တော်လည်း ဘာမှ ကွိကွိကွကွ ဆိုပြီး တိတိကျကျ မကြားရပါ။ ဒါကြောင့် သူတို့ ဘာပြောနေမှန်း မသိ။ ကျကျလာတဲ့ မျက်ရည်တွေကို နွယ့်သူငယ်ချင်း သုတ်နေတာတော့ မျက်လုံးထောင့်ထဲကနေ လှမ်းတွေ့လိုက်ရတယ်။ ကုတင်ဘေးက ခုံလေးမှာသာ ကျွန်တော် ထိုင်နေပေမဲ့ ကုတင်ပေါ်က လူကိုလည်း လုံးဝ မသိဘူး။ သူကလည်း ဆေးရှိန်နဲ့လား ၊ ဘာလား မသိ။ လုံးလုံးရော ၊ ပြားပြားရော အိပ်နေတယ်။ ( ခေါင်းလုံးလုံးလေးနဲ့ ကိုယ်ခန္ဓာ ပြားပြားကို ဆိုလိုသည်။ ) ငြိမ်သက်လျက်။

ခဏနေတော့ လူနာကို ကြည့်လိုက် ၊ အခန်းထဲ လျှောက်ကြည့်လိုက် ၊ ပြတင်းပေါက်ကနေပြီး ကြည့်လိုက် လုပ်နေတဲ့ ကျွန်တော့်လက်ကို နွယ့်လက်လေးက လာကိုင်တယ်။ နောက်တော့ နွယ့်သူငယ်ချင်းကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ပါတော့တယ်။ ဆေးရုံက ပြန်လာတဲ့ လမ်းတလျှောက်မှာ ကျွန်တော်ကတော့ ဘာမှမဟုတ်ပေမဲ့ နွယ်ကတော့ အထူးကို တိတ်ဆိတ်နေတယ်။ စကားလုံးတွေ အားလုံး ရုတ်တရက် ပျောက်ဆုံးသွားရသူ တစ်ယောက်လိုပေါ့။ အတီး အတ နဲ့ ညနေတစ်ခင်းလုံးကို တိတ်ဆိတ်မှုဆိုတဲ့  ခပ်မှိုင်းမှိုင်း ဝတ်ရုံကြီးက လွှမ်းအုပ်ထားတယ်။

“ နွယ် ၊ ဘာဖြစ်သွားတာလဲ။ ”

“ အင်းးးးးးးးးးး”

သက်ပြင်းချသံလိုလို ပြန်ထူးသံလိုလိုနဲ့ နွယ့်ဆီက အဖြေပြန်ပေးတယ်။ တကယ့်ကို ခွတီးခွကျကြီးပါ။ ကိုယ်သာ လုပ်လို့ ကောင်းတာ သူများလုပ်ရင် သိပ်တော့ စိတ်မချမ်းမြေ့ရဘူး။ သဘောမကျဘူး ဆိုပါတော့။

“ ဘာဖြစ်သွားတာလဲ နွယ်။ ”

“ သြော်. . နွယ်လေး စဉ်းစားနေတာပါ။ နွယ့်သူငယ်ချင်း ယောက်ျားကလေ သင်္ဘောသား ၊ ကမ္ဘာပတ်ပြီး အလုပ်လုပ်နေတာလေ။ သူကတော့ သင်္ဘောပေါ်မှာရော ၊ ကုန်းပေါ်ပြန်ရောက်ရင်ရော ဆေးလိပ် အရမ်းသောက်တာ . . . အခုတော့ အဲဒီ ဆေးလိပ်သောက်တဲ့ ဒဏ်ကြောင့်ပဲ အဆုတ်ထဲမှာ စကာဖြစ်တယ် ဆိုလား ၊ အဆုတ်ထဲမှာ အစေးတွေ ပိတ်နေတယ် ဆိုလားပဲ။ အခုတော့ နှစ်လပဲ ခံတော့မယ် လို့ ပြောတယ်။ ”

“ သြော်. . ”

“ ကိုရေ. . . ”

“ ဟေ ”

“ ကိုလေ နွယ်လေးကို ချစ်ရင်လေ။ ဆေးလိပ်တွေ မသောက်ပါနဲ့လား ကိုယ်ရယ်။ မဟုတ်လို့ ကိုသာ ဆေးလိပ်တွေ သောက်ပြီး အဲဒီလိုများ ဖြစ်ရင် နွယ်လေး ဘယ်လောက်တောင်မှ ပူလောင်ရမလဲ မသိဘူးနော်။ ဒါကြောင့် ကိုရယ် နွယ်လေးကို ချစ်ရင်လေ ဆေးလိပ် ဖြတ်ပေးပါလား ကိုရယ်။ ”

“ - - - - - -  ”

သြော် . . ဒါကြောင့်လည်း ငါ့သူငယ်ချင်းတွေ ဆေးလိပ် ပြတ်ကုန်တာကိုး လို့ ခပ်ဝါးဝါး တွေးမိပြန်ပါတယ်။

“ ကို............ ”

“ ဟေ  ပြောလေ နွယ်လေး။ ”

“ ကိုက နွယ်လေး တောင်းတဲ့ ကတိကို မပေးချင်လို့လား။ နွယ်လေးကို ကို မရှိဘဲနဲ့ မုဆိုးမ ဖြစ်ပြီး ကျန်တာမျိုး ဖြစ်စေချင်လို့လား။ ”

 “ မဟုတ်ပါဘူး နွယ်ရယ်။ ကိုလေ. . . ကို . . ကို . . ”

“ ဘာဖြစ်လဲ ဟင်. . ”

အဲဒီ “ ဟင် ” ဆိုတဲ့ အသံကလည်း “ ဟွင် ” လည်း မဟုတ်သလို ၊ “ ဟင့် ” လည်း မဟုတ်ပါ။ စာဖြင့် ဘယ်လိုမှလည်း ချရေးပြလို့မရပါ။ ( သက်သာဘိခြင်း )

“ အခု အချိန်က စပြီး မသောက်တော့ပါဘူးလို့ ပြောမလို့ပါကွာ . .  ( ဟူးးးးးးးးးးးး ) ”

အဲဒီလိုပဲ နောက်က သက်ပြင်းလေးကို ခပ်ဖွဖွလေး ချလိုက်မိပါတယ်။ နွယ့်ကိုလည်း မကြားစေချင်ဘူးလေ။

“ တကယ်နော် ကို။ ကတိပေးပြီးမှ မဖျက်ရဘူးနော်။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ. . . ”

ရွှင်ပြသွားတဲ့ ချစ်သူကိုကြည့်ပြီး ကျွန်တော် ဆိုတဲ့ ကိုဇော် ခေါင်းကို တွင်တွင်ကြီး ငြိမ့်ပြယုံမှ လွဲ၍ ကျန်တာ ဘာများလုပ်စရာ ကျန်ပါတော့မလဲဗျာ။ ဒါနဲ့ပဲ  . . . . ချောင်းတွေ တအားဆိုးတုန်းက ဆရာဝန်က ဖြတ်ခိုင်းသော ဆေးလိပ် ၊ အိမ်က အဖေ နဲ့ အမေ ဖြတ်ခိုင်းသော ဆေးလိပ်ကို . . . ၊ အခုတော့ ချစ်သူကလည်း ဖြတ်ခိုင်းလေတော့ ကျွန်တော် ဆေးလိပ် ပြတ်ခဲ့ပါပြီ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒါနဲ့ပဲ . . . . ကာလရာသီကလည်း တသွင်ပြီး တဖုံ ပြောင်းလဲ နေပါသည်။ မပြောင်းလဲ တာကတော့ ချစ်သူခေါ်သော အသံ. . . .

“ ကိုရေ. . . . ”

နောက်ပြီး . . . .ကျွန်တော် ပြန်ထူးသော အသံ. . . .

“ ဟေ . . . . .”

နောက်ထပ်. . . . ကျွန်တော့်ဆီက ချစ်သူတောင်းဆိုလာသော တောင်းဆိုချက်. .

“  ကိုရေ နွယ့်လေးကို ချစ်ရင်လေ. .  - - - - - -- - ”

နောက်တစ်ခါ. . . ကျွန်တော့်ရဲ့ ဆွံအ သွားသံ. . .

“ - - - - - - - -”

နောက်တစ်ဖန် . . . .  ချစ်သူရဲ့ ငြူစူ ၊ စိတ်ကောက် ၊ ဝမ်းနည်းသော အသံ. . . .

“ ဒါဆို ကိုက နွယ်လေးတောင်းတဲ့ ကတိကို မပေးနိုင်ဘူးပေါ့လေ။ နွယ်လေးကို  - - - - - ” 

နောက်တစ်ကြိမ်. . . . ကျွန်တော့်ရဲ့ ချစ်သူအပေါ် ချစ်မြတ်နိုးစွာ လိုက်လျောရသော အသံ. . . .

“ မဟုတ်ပါဘူး နွယ်ရယ်။ ကိုက အခု ကတိပေးမလို့ပါ။ ”

နောက်ဆုံး . . . . . ချစ်သူရဲ့ ဝမ်းသာ ကျေနပ်သွားသော အသံ. . .

“ တကယ်နော် ကို ။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ။ ”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဒါကြောင့် ကျွန်တော် ဒီလို ပြောချင်ပါတယ်။ လောကကြီးမှာ ချစ်ခြင်းဆိုတာက “ အပ်  ” လို့ ဆိုပါစို့။ ချစ်သူရဲ့ စကားများက “ အပ်ချည် ” များပါပဲ။ ချိုချိုသာသာနဲ့ လိုရာကို ရောက်အောင် ပြောတတ်မှုကတော့ “ အပ်ချုပ်သော လက် ”  ဆိုပါတော့ဗျာ။

အခုတော့. . .  ကိုဇော် ဆိုသော ကျွန်တော် ၊ ချစ်သူရဲ့ ချိုချိုသာသာ စကား အသံလေးများ ကြားမှာ ပိတ်မိပြီး ရုန်းမထွက်နိုင်စွာ အပ်ချည်ကြိုးများနဲ့ ရစ်နှောင် ပိတ်မိနေပါတော့သည်။

ဒါကြောင့် ချစ်သူရဲ့ စကားကို ချစ်မြတ်နိုးစွာ လိုက်လျောပေးမိချင်သော ကျွန်တော် ဒီပို့စ်လေးကို “ အပ် နဲ့ အိပ်ချည်များ ” လို့ပဲ နာမည် ပေးချင်မိပါသည်။ ကျွန်တော်ကလည်း ချစ်သူကို ချစ်တတ်သူ မဟုတ်ပါလား။ ဒါကြောင့် ချစ်သူပြောသမျှလေးတွေကို လိုက်လျော မိချင်နေတာပါပဲ။ ကျွန်တော်မှ မဟုတ်ပါဘူးလေ။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ်ချစ်ပြီး ၊ ချစ်သူ မကြိုက်တာတွေကို ရှောင်ကြဉ်ချင်ကြတာ သဘာဝပဲ မဟုတ်ပါလားဗျာ . . . . . . . . . . . . . . . . . . . . . . .( ဒီအချိန်မှာပဲ . .  )

“ ကိုရေ. . . . ”

ဟော . . . . ချစ်သူ ခေါ်နေပြီ။ ခဏလေးဗျာ သူ ဘာကိစ္စ ရှိတယ် မသိဘူး။ 

“ ဟေ  . . . .”

ကျွန်တော် ပြန်ထုးလိုက်ပါတယ်။

“ နွယ်လေး သူငယ်ချင်း တစ်ယောက်ကလေ နေ့တိုင်း ဘလော့တွေ အရမ်းရေးတယ် ၊ အရမ်းလည်း ဖတ်တယ် သိလား။ အခုလေ သူ မျက်လုံး အောင့်လို့ ဆိုပြီး ဆေးခန်းသွားပြတာ အခုတော့ ဆေးရုံတတ်ပြီး ခွဲရတော့မယ်တဲ့ သိလား။ ”

ကဲ. . . ချစ်သူက အဲဒီလို ပြောလာတယ်ဗျာ။ ( လှပသော အပ် နဲ့ ခိုင်လှသော အပ်ချည်လေးနဲ့ပေါ့။ )

“ အင်း . . .  ”

ကျွန်တော့်ရဲ့ ထုံးစံ အတိုင်း စိတ်မပါသော အသံ. . . ။

“ အဲဒီတော့လေ။ ကိုလည်း ဘလော့တွေ နေ့တိုင်းရေး ၊ ဘလော့တွေ နေ့တိုင်း ဖတ်နေတာ မဟုတ်လား ၊  ဒီတော့လေ နွယ်လေးက ကို့ကို စိုးရိမ်မိတယ် ကိုရယ်။ x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x ”

အချစ်ဆိုတာ အပ်
သံယောဇဉ် ဆိုတာ အပ်ချည်
ဒီလိုနဲ့ပဲ. . . ပိတ်လှောင်မွန်းကြပ်
ကျွန်တော်လေ ရုန်းဖို့ ခက်ပြီ။




*** ကျွန်တော့်ရဲ့ ဘလော့ရေးသက် တစ်နှစ်နဲ့ ခုနှစ်လမြောက် အမှတ်တရ ပို့စ်ပါ။ ***


လေးစားစွာဖြင့်
ကိုဇော်
25.7.2010

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

သြော်.. တစ်ခါကပြောဖူးတဲ့ နွယ်ဇာတ်လမ်းလေးပါလား... အဟားဟာ... ကိုဇော်တို့တော့ အချည်တုတ်ခံနေရပြီ.... ဒါပေမယ့်လည်း ချစ်နေရင်တော့လည်း ချစ်သူစကားကို နားထောင်ချင်နေမိတာနော့....း)))


ခင်မင်တဲ့
နေ၀သန်

ညလင်းအိမ် said...

အစ်ကိုရေ ဒီတခါ ဇာတ်လမ်းလေးရေးထားတာ မိုက်တယ် ...

တခါတလေတော့လည်း စဉ်းစားမိတယ် ....
အဲဒီလိုမျိုး အနားမှာ ယုယုယယ နေပေးခဲ့တာတောင် ထားရစ်ခဲ့တယ်ဆိုတော့ .... ဟင်းးးးးးးးးးး (သက်ပြင်းချသံ)

တချို့တွေကတော့ ပြောတယ် .. လိုက်လျောတိုင်းလည်း မကောင်းဘူးတဲ့ ... :P

SHWE ZIN U said...

ကိုဇော် ရေ

ကျနော်တော့ ခဏနေ ဒုံရင်း ဒုံရင်း ဘဲပြန်ရောက်မယ် ထင်တာဘဲ ကိုဇော် တော့ မသိဘူးလေ တခြားယောက်ကျား အများစု ပေါ့

ခင်မင်တဲ့
ရွှေစင်ဦး

ရွေနတ်သား said...

ဟူးးးတော်သေးးတယ် သူ့ နွယ်နဲ့ သူမို လူဇိုး
ပိုစ့်ကတော့ အနော့်ပါ စောင်းရေးထားသလားလို့ ..
လာတူနေပြန်ပြီ..ခက်တာက သူကလည်းကတိတောင်း
သလောက်ကျွန်တော်ကတော့အခုထိ တစ်လုံးမှ ကတိမပေးရသေးဘူး...အိမ်ထောင်ကျတဲ့ နေ့ မှပေးမယ်လို့ ...ပြောထားတယ်.....ဘ၀ဆိုတာပြော
ရတာမဟုတ်ဘူးလေ.. မတော်များလွဲသွားရင်ကတိတွေ
အဖတ်တင်နေမစိုးလို့ ဗျို့

Anonymous said...

ကိုဇော်ကရောဂတိပေးထားလိုက်သလား...ပြောပါပြောပါ

မြစ်ကျိုးအင်း said...

bolg မရေးတော့ဘူးလို့တော့ နှုတ်မဆက်ရဘူးနော်..။
အငဲ ဆိုထားတဲ့ သီချင်းလေး ရှိတယ်လေ “နုညံ့တဲ့အမိန့်တော်” ဆိုတာ...။ စည်းကမ်းတကျ နည်းလမ်းတကျ တောင်းဆိုတာတွေက ကိုယ့်အတွက်လည်း ကောင်းစေလို့ နားထောင်ရမှာပဲ မဟုတ်လား။
အသားအရေ စိုပြေအောင် ဘီယာလေးတော့ သောက်မယ်နော် လို့ ပြန်ပြောလိုက်လေ။
နော် နေရာကိုတော့ ဘယ်လို အသံထွက်လဲ ကိုယ့်လူ ကျွမ်းပါတယ်း)

စိတ်မဆိုးနဲ့ ခင်ခင်မင်မင် စ တာ။

ကိုရီး{ကိုကြီး} said...

ဘာပဲပြောပြော ဖီးလ်လေးတော့ ဖြစ်သွားတယ်
ပုံပမာနှိုင်းထားတာလေး သဘောကျတယ်ဗျာ....
ပြောနိုင်တဲ့ သူတွေကတော့ ပြောထားဦးပေါ့ဗျာ၊ သူတို့လို ကြွားစရာမရှိတော့.........
နို့.... တစ်ခုတော့ ပြောဦးမယ်ဗျ
ဦးဇော်တို့ စာရေးဆရာတွေက တစ်ဆိတ်ရှိ ခိုင်းနှိုင်းစရာ ဥပမာပေးမယ်ဆိုရင် သင်္ဘောသားကိုပဲ
ပြေးမြင်တော့တာပါလားဗျာ၊ တစ်ခါတစ်လေများ သင်္ဘောသား ကောင်းရာကောင်းကြောင်းလေး
တွေ ရေးချင်စိတ် မရှိပေဘူးလားကွယ်ရို့။

ခင်မင်စွာဖြင့်

CalmHill said...

အရက်ဘီယာဝိုင်ကို သူတို့မကြိုက်သူတို့ မသောက်နဲ့ပေါ့နော ဘာလို့ကြိုက်တဲ့လူ သောက်တာကို လိုက်လိုက်တားနေသလဲမသိ ဟိဟိ အသက်သာ အသေခံသွားမယ် သောက်စရာရှိတာတော့ သောက်ရမှာပဲ ခွိ

ခိုင်နုငယ် said...

အမေပြောတော့.မရ.
ချစ်သူပြောတော့..တစ္စက္ကန့်ဖြစ်မယ်ထင်ပ။
ဟိုးအပေါ်က..ကိုမြစ်ကျိုးအင်းပြောသလိုပဲ
နုညံ့တဲ့အမိန့်တော်တွေကိုနားထောင်ပြီး
ဘလောပ့်ရေးတော့ဝူနဲ့တော့မလုပ်နဲ့နော..
ရှဉ့်လည်းလျှောက်သာ..ပြားလည်းစွဲသာ
လုပ်ပေါ့ကွယ်။
ခုတလောအလုပ်တွေရှုပ်နေလို့ဗျို့....
ဘလောပ့်တွေ..အရောက်ကျဲတယ်။
အမြဲအားပေးလျှက်ပါ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

အဖြူရောင်နတ်သမီး said...

နတ်သမီးရဲ့အဖြစ်အပျက်နဲ့ ခပ်ဆင်ဆင်ပါလား ကွယ်ရို့...

ချစ်သူနဲ့ ဘလော့ဂ် ..ဘယ်ဟာကိုပိုချစ်သလဲ..တဲ့(သူက)

တခုခုကိုဖြတ်ဆိုရင်...ဘယ်ဟာကိုဖြတ်မလဲတဲ့..(သူက)..

ဟီး...ဖြေတတ်ဘူး...

ချိုကျ said...

ဟာ..ကိုဇော်ရေ မတွေ့တာကြာပေါ့ နေကောင်းလား ရော့ဆေးလိပ်သောက်ဦး ကွမ်းယာလည်းပါတယ် စားမလား ညကြဝိုင်းလေးတစ်ဝိုင်းလောက် ချလိုက်ကြရအောင်.....လို့တောင် မခေါ်နိုင်တော့ပါလားဗျာ အပြင်မှာတွေ့ရင် အဲလိုခေါ်တော့ဘူးနော် :)

ခင်တဲ့(ချိုကျ)

ရေသန့်  said...

အားလုံးကိုပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ်
ဒါမှမဟုတ်ရင် မင်း ငါ့ကိုဖြတ် ဆိုတာ ကောင်မလေးတွေအတွက် ကော်နီ ဆိုပေးထားတာ
နေမှာနော်....

သဒ္ဓါလှိုင်း said...

အော်..ချစ်သူကမျက်လုံးတခုခုဖြစ်မှာစိုးလိုးနဲ့တူတယ်နော်
ဖြစ်တတ်ပါတယ်လေ........

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ကိုဇော် ... တမင်ကြွားတာလို့ ပြောနေကြပါတယ်။
သူတို့မှာ ကတိပေးစရာ မရှိလို့ အရမ်းပေးချင်နေသူတွေပြောပါတယ်။
ငြိမ်းစိုးဦး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.