မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 July 2010

9 မျက်ရည်ဇာတ်လမ်း



** ၂၀၀၉ ကျွန်တော့် မွေးနေ့မှာ ကျွန်တော် ချစ်သော ဆရာမကို သတိတရနဲ့ ရေးဖြစ်သော ပို့စ်တစ်ခုပါ။ သို့သော် ဘယ်လိုဖြစ်တယ် မသိ။ လင့်သာ ကျန်ပြီး ပျောက်နေလို့ ပြန်ရှာပြီး တင်လိုက်တာပါ။ နည်းနည်းတော့ ဖုန်တွေ တတ်နေလောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ အမှတ်တရ အဖြစ်အပျက်လေး တစ်ခုပါပဲ။ **


 မျက်ရည် ဇာတ်လမ်း

တကယ်တော့ လောကကြီး အတွင်းမှာ သုံးပွင့်ဆိုင်ဇာတ်လမ်း တစ်ပုဒ်မကပါ။ ထိုအထဲမှ သုံးပွင့်ဆိုင် ဇာတ်လမ်းတစ်ပုဒ် မှာတော့ ကျွန်တော့် မျက်ရည်ပါတယ်။ ကျွန်တော့် သူငယ်ချင်း ရဲအောင် မျက်ရည် ပါတယ်။ ထို့အတူ ၀မ်းနည်းမျက်ရည် နှင့် ၀မ်းသာမျက်ရည် ကျခဲ့သော ကျွန်တော့်တို့ ဆရာမ မျက်ရည်ပါသည်။

ဒီလိုက စခဲ့တာပါ . . . .

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အ.ထ.က (၃) ဒဂုံမြို့သစ် ကျောင်းနှင့် ကျွန်တော် အဆက်ပြတ်ခဲ့သည်မှာ (၆) နှစ်ကျော်ကြာမှ ပြန်လည်သွား ရောက်ဖို့ ကိစ္စပေါ်လာခဲ့သည်။ ကျွန်တော့်ညီမ အထက်တန်းကျောင်းသို့ ပြောင်းအပ်ရန် အတွက် ကျွန်တော် တတ်ရောက်ခဲ့ဖူးသော ထိုကျောင်းသို့ ပြန်လာခဲ့ရခြင်း ဖြစ်သည်။ ကားစီး၍ " ကျောင်းလမ်း " မှတ်တိုင်တွင် ဆင်းပြီး ကျောင်းသို့ သွားရာ လမ်းကို မျှော်ကြည့်လိုက်တော့ . . ကျွန်တော် အတိတ်တွေကို ပြန်မြင်မိသည်။ ကျောင်းသို့ သွားရာ လမ်းတလျှောက် ကျွန်တော့်တို့ ခုန်ပေါက် ဆော့ကစားသွားခဲ့မှုတွေ ကို ပြန်မြင်မိသည်။

" ကိုကြီး ဆိုက်ကားစီးမှာလား။"

ကျွန်တော့်ညီမ မေးခြင်းပါ။ ကားဂိတ်ကို ဆင်းဆင်းခြင်း လမ်းထေင့်ချိုးတွင် အစီးရေ (၃၀) ကျော်လောက် ရှိသော ဆိုက်ကား ဂိတ်တစ်ခုရှိသည်။ ကျွန်တော် ညီမကို ခေါင်းခါပြမိသည်။ ကိုယ့်ဖာသာ စိတ္တဇ အစွဲ ဖြစ်သော လူလူချင်း တင်တင်စီးစီး ထမ်းရပိုးရသော ဆိုက်ကား ၊ ဝေါ ၊ လန်ခြား စတာတွေကို ကျွန်တော် မုန်းခဲ့သည်။ ကျွန်တော် စဉ်းစားတတ်သော အရွယ်မှ စ၍ မစီးဖြစ်အောင် နေခဲ့သည်။

လူတစ်ယောက် ပင်ပန်းကြီးစွာ နင်းနေရသော ဆိုက်ကားပေါ်မှာ အခန့်သား ထိုင်စီးတတ်သူတို့ကို ကျွန်တော် နားမလည်။ သူတို့ စာနာစိတ် ရှိကြရဲ့လားလို့ စဉ်းစားမိဖူးတယ်။ ကျွန်တော် အရမ်း အရေးကြီးသော ကိစ္စမှ လွဲ၍ မစီးဖူးသေး။ ထို အရေအတွက်မှာလည်း လက်ချိုးရေတွက်လို့ ရပါလိမ့်မယ်။ ထိုအချိန်တွင်လည်း ကျွန်တော်ထိုင်၍မရ ဖင်တကြွကြွ ဖြစ်နေချိန်။ လိုရာခရီးရောက်၍ ကျသင့်ငွေ ပေးအပြီး ကျွန်တော် အမြဲ sorry လို့ ပြောဖြစ်ခဲ့သည်။ သူတို့ နားမလည်နိုင်ကြ။ သူတို့ နားလည်စရာလည်း မလိုပါ။

ကျွန်တော့်ညီမ ကို ခေါင်းခါပြ၍ ဆက်လျှောက်လာစဉ် ဆိုက်ကားဂိတ်နှင့် ဓါတ်တိုင် နှစ်တိုင်လောက် အရောက် . . ဆိုက်ကားတစ်စင်း ကျွန်တော့်ဘေးသို့ရောက်လာပြီး.. .

" ဆိုက်ကားစီးသွားပါလားဗျ။ "

ဝါးဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသူ တစ်ယောက်က လာပြောတယ်။

" ကျွန်တော် မစီးဘူးဗျ။ "

သူ့မျက်နှာ မမြင်ရပေ့မဲ့ ကျွန်တော် ပြေပြေပြစ်ပြစ်ပဲ ပြောမိတယ်။ ကျွန်တော် လမ်းဆက်လျှောက်တော့ သူက ဘေးက ကပ်နင်းလိုက်လာရင်း . . . . .

" စီးသွားပါဗျ...မြန်တာပေါ့။ "

" မစီးပါဘူးဆိုမှ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ။ "

သူ့မျက်နှာကို သေသေချာချာ မမြင်ရပေမဲ့ သူ့ကိုစေ့စေ့ကြည့်ရင်း ကျွန်တော် ပြောမိတယ်။ ဒီတော့မှ ( ရုပ်ရှင်ပြကွက်ထဲကလို ပြောရရင် ) သူ သွားလေးတွေ ပေါ်အောင်ပြုံးတယ်။ ပြီးမှ သူ့ဝါးဦးထုပ်ကို ချွတ်လိုက်ရင်း ....

" ကိုဇော် . . . ကိုဇော် . . မင်းကတော့ကွာ. . . "

အသံနဲ့ အတူ မျက်နှာကိုမြင်ရမှ . . ၊ သူဟာ ကျွန်တော့်သူငယ်ချင်း “ ရဲအောင် ” ။ ကျွန်တော် တအံ့တသြ ကြည့်နေတော့.. ။ သူက...

" ကဲပါကွာ။ မတွေ့တာကြာပြီ။ မင်း ညီမ ကို ကျောင်းလာအပ်တာလား။ လာ . . ငါ့ဆိုက်ကားပေါ်တတ်။ "

ရဲအောင် ပြောပြောဆိုဆို သူ့ဆိုက်ကားခုံတွေ ပြင်ပေးတယ်။

" ငါ . . ငါ . . . "

ကျွန်တော် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတုန်း. . .

" ဘာလဲ မင်း ဆိုက်ကား မစီးတဲ့ အကြောင်းပြောမလို့လား။ ငါသိတယ်လေ။ ဒီဆိုက်ကားက ငါ နင်းတာနော်။ မင်းမေ့သွားပြီလား။ "

ဟုတ်ပါတယ် ကျွန်တော် မမေ့ပါဘူး။ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ အခု ဒီစကားကြောင့်ပဲ ကျွန်တော် . . . . ကျွန်တော့်သူငယ်ချင်း နင်းတဲ့ ဆိုက်ကားပေါ် တတ်ခဲ့ရပြီ။ တခြား ဆိုက်ကားပေါ်မှာတောင်မှ ဖင်တကြွကြွ ဖြစ်နေတဲ့ ကျွန်တော် ၊ ကိုယ့်သူငယ်ချင်း နင်းတဲ့ ဆိုက်ကားပေါ်မှာ ဆိုတော့ အသက်ရှူအောင့် ကိုယ်ဖော့ထားသလို ဖြစ်နေတယ်။ ရဲအောင်က ကျွန်တော့်ကို သေချာကြည့်ရင်း ပြုံးတယ်။

" မင်းကလည်းကွာ ဆိုက်ကား စီးတာတောင်မှ ဇိမ်မရှိလိုက်တာ။ အေး မင်းလိုပဲ ငါ့ဆိုက်ကားပေါ်မှာ လူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။"

" ဘယ်သူလဲ။ "

ကျွန်တော် အလန့်တကြားမေးတော့ ရဲအောင် သွားတွေ ပေါ်အောင် ပြုံးရင်း...

" ဘယ်သူရှိရမှာလဲ . . ငါ့တို့ ဆရာမ ပေါ့။ "

ကျွန်တော် လှိုက်ခနဲ ဖြစ်သွားတယ်။ ခေါင်းကို ငုံထားရာမှ ခေါင်းမော့ကြည့်လိုက်တော့ ကျွန်တော် မျက်ရည်တွေကြားက ရဲအောင်ကို မြင်ရလို့ ထင်တယ်။ သူ့မျက်ဝန်းအိမ်မှာလဲ မျက်ရည်တွေ ၀ဲနေတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


အ.ထ.က (၃) ဒဂုံမြို့သစ် ကျောင်းသို့ ကျွန်တော် (ရ) တန်းမှ ကျောင်းပြောင်းခဲ့တယ်။ (၉)တန်းရဲ့ ကျောင်းစဖွင့်စရက် မိုးစလေးတွေထဲမှာ ကျောင်းသူ ၊ ကျောင်းသာတွေ ကိုယ့်နေရာ ထိုင်ခုံအတွက် နေရာပြိုင်ဦးကျတဲ့ အချိန်ပေါ့။ နေရာ အတည်တကျရပြီး ကျွန်တော့်ဘေးနားက သူငယ်ချင်းက ရဲအောင်။ မျက်မှာ ပြည့်ပြည့် ၀ိုင်းဝိုင်း ၊ ခန္ဓာကိုယ့်တောင့်တောင့် နဲ့ ခင်စရာ ကောင်းသော အပြုံးတွေ သူဆီမှာ ရှိတယ်။ သူနဲ့ ကျွန်တော် တော်တော် ခင်တော့ သူက ကျွန်တော့်လက်ရေးတွေကို ကြည့်ပြီး. . .

“ မင်း လက်ရေးက တော်တော်လှတာပဲကွ ၊ မိန်းကလေး လက်ရေး ကျနေတာပဲ။ ”

“ ဟုတ်တယ်ကွ ငါ့လက်ရေးက လေးတန်းတုန်းက မလှဘူးကွ။ ငါနဲ့စာပြိုင်ဘက် ကောင်မလေးက အတန်းထဲမှာ အမြဲ အဆင့်တစ်ရတယ်လေ။ ငါက နှစ်။ သူက တစ်နေ့တော့ အဆင့်တစ် လိုချင်ရင် လက်ရေးလှအောင် အရင်လုပ်လို့ပြောတယ်။ ငါလဲ မခံချင်စိတ်နဲ့ ကြိုးစားရင် လက်ရေးက လှတာ။ ”

“ အော် . . ဒါဆို မင်းက စာတော်တယ်ပေါ့လေ။ အရင်က အဆင့် ဘယ်လောက်ရလဲ။ ”

“ တစ် ကနေ သုံး  အတွင်းပါပဲ။ ”

ရဲအောင် အံ့သြ သွားသလို မျက်ခုံးပင့်ကြည့်တယ်။ ပြီး မျက်လုံးပြူးလိုက်ပြီး....

“ ဟာ ဒါဆို မင်းနဲ့ ငါနဲ့တော့ တွေ့ကြပြီ ၊ ငါကလဲ တစ်ကနေ သုံးပဲ။ ”

“ ကောင်းတာပေါ့ မင်းနဲ့ငါ စာပြိုင်ကြမယ်လေ။ ”

ကျွန်တော် တအံ့တသြ ပြောတော့မှ . . ရဲအောင် ခပ်ဟဟ ရယ်ရင်း....

“ ငါနဲ့တော့ မင်းပြိုင်လို့ရမှာ မဟုတ်ဘူး။ ငါ အဆင့်တစ်ကနေ သုံးဆိုတာက နောက်ကနေပြန် ရေတာကွ။ ငါ့လက်ရေးက မင်းလိုလဲ လှတာ မဟုတ်ဘူးလေ။ ငါက ငါ့ကို မလှဘူးပြောရင် ရွဲ့ရေးရင်း ပိုပိုဆိုးသွားတယ် . . . အဟီး။ ”

ဒီလိုနဲ့ သူနဲ့ ကျွန်တော်ဟာ ဆန့်ကျင့်ဘက်တွေ အတော်များများနဲ့ အခင်ဆုံး သူငယ်ချင်း ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့မှာ တူတာဆိုလို့ ကျွန်တော်တို့ အတန်းပိုင်ဆရာမ သိပ်ချစ်တဲ့ တပည့် နှစ်ယောက် ဆိုတာပါပဲ။ ဆရာမရဲ့ အချစ်တော်တွေ ဖြစ်လာရတာကလည်း ဒီလိုပါ။

တစ်နေ့ သူနဲ့ ကျွန်တော် နှစ်ယောက်တည်း ပြောမိတယ်။ အခန်းထဲက ကျောက်သင်ပုန်းကြီးဟာ ဆေးတွေ ပျက်ပြီး မှိန်နေပြီ။ ဒါကို ဘယ်သူမှ မပြောပဲ သူနဲ့ကျွန်တော် နှစ်ယောက်တည်း မုန့်ဖိုးထဲက ပိုက်ဆံနဲ့ ဆေးတွေ ၊ စုတ်တံတွေ ၀ယ်လာပြီး စနေနေ့တစ်ရက်မှာ ကျောက်သင်ပုန်းကြီးကို ဆေးသုတ် ခဲ့တယ်။ တနင်္ဂနွေနေ့ တစ်ရက်နဲ့ဆိုရင် ဆေးက အခြောက်။

တနင်္လာနေ့ ကျောင်းပြန်ဖွင့်တော့ ကျောက်သင်ပုန်းကြီးဆေး အသစ်တွေနဲ့ လှနေတော့ အားလုံးက အံ့သြနေကြတယ်။ ကျွန်တော်တို့ကလဲ ခပ်တည်တည်ပါပဲ သူများတွေနဲ့ ရောပြီး အံ့သြကာ နေပြခဲ့ကြတယ်။ ဆရာမ မေးလည်း မဖြေခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ ဒါကတော့ ကျောင်းစောင့်ပါ။ ကျွန်တော်တို့ ဆေးလာသုတ်တော့ ကျောင်းစောင့်ကို ခွင့်တောင်းပြီးမှ ၀င်ခွင့်ရခဲ့တာလေ။ ခုတော့ ဆရာမက ကျောင်းစောင့်ကို မေးတော့ ကျောင်းစောင့်က ပြောလို့ ကျွန်တော်တို့ လက်ချက်မှန်း အားလုံးသိကြရပြီ။

ဆရာမ စိတ်မဆိုးပါဘူး။ ဒါ့အပြင် ထခြားကျောင်းသားတွေကိုလဲ ကျွန်တော်တို့နှစ်ယောက်ကို ဥပမာပေးပြီး ဆုံးမပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာကိစ္စဖြစ်ဖြစ် ဆရာမရဲ့လက်စွဲတော် နှစ်ယောက် ကျွန်တော်တို့ ဖြစ်လာခဲ့တယ်။ (သူငယ်ချင်းတွေကတော့ ပြောတယ် လက်စွဲတော်ဆိုတာ “ တုတ်ကောက် ” တဲ့လေ။) ကျောင်းသား အ၀င်အထွက် စာရင်ဇယား ရေးမယ်ဆိုရင်၊ ကျောက်သင်ပုန်းမှာ စာရေးမယ်ဆိုရင် ဆရာမ ကျွန်တော်ကို ခေါ်သလို ၊ အခန်းအတွက် လိုတာတွေ တံမြက်စဉ်း ၊ ရေအိုးဝယ်ဖို့ ကိစ္စတွေဆိုရင် ရဲအောင် ကို ခေါ်ခိုင်းတတ်တယ်။

ဒီလိုနဲ့................။


~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဒီလိုနဲ့................

တစ်နေ့................

အဲဒီနေ့က ဆရာမလဲ ဒေါသတွေအရမ်းထွက်တဲ့နေ့ပေါ့။ ပြီးတော့ စကားတွေတင်ကျန်မဲ့နေ့. . . . . ။

ပထမ ဆရာမ စကားပြောဖို့ အတန်းထဲမှာ မတ်တပ်ရပ်ပေးနေရတာက ကျွန်တော် အပါအ၀င် “ အာဇာနည်နေ့” စာစီစာကုံးပြိုင်ပွဲ အတွက်လူတွေပါ။ ဒီလို အချိန်မှာ ရုံးခန်းထဲက စာရေးကြီးက ဆရာမ လက်ထဲကို ပညာအရည်အချင်းကဒ်တွေ လာပေးသွားတယ်။ ဆရာမနာမည် ခေါ်ပြီးပေးတော့ ကျွန်တော် ဒုတိယ သွားယူရတယ်။

“ ရဲအောင် ” သူကတော့ တတိယပါ။ ဒါပေမဲ့ သူပြောသလို နောက်ဆုံးက ရေရင်ပေါ့လေ။ အတန်းထဲက ကျောင်းသားပေါင်း ၅၉ ယောက်မှာ ရဲအောင် က ၅၇ နေရာကိုရယူထားတယ်။ ကျွန်တော် အမြင်သူဟာ ဒီလို အညံ့ကျောင်းသား မဟုတ်ပါဘုး။ အဓိက က စာကို စိတ်မ၀င်စားတာပါ။ သူ့ကဒ်ပြားကို ကြည့်ပြီး ဆရာမက သူ့အချစ်ဆုံး ကျောင်းသားရဲ့ အဖြစ်ကိုကြည့်ရင်း. . . . .

“ ရဲအောင် ၊ မင်းကဒ်ကို ပြန်ကြည့်စမ်း။ အတန်းထဲမှာ လူ ၅၉ ယောက် မင်းက ၅၇ တဲ့။ မင်း စာကြိုးစားချင်စိတ် မရှိဘူးလား။ ပညာမတတ်တဲ့လူက ဘာလုပ်ရလဲ မင်းသိလား။ ”

ရဲအောင်ကတော့ သူပုံစံအတိုင်း ခပ်တည်တည်ပါပဲ။ ဂျစ်ကန်ကန် ပုံစံနဲ့လေ။ ဆရာမက ဆက်ပြောတယ်။

“ အေး မင်းမှတ်ထား။ ပညာမတတ်တဲ့ လူက “ ဆိုက်ကား ” နင်းရတယ်။ မင်း ဆိုက်ကား နင်းချင်လို့လား။ အေး . . မင်း ဆိုက်ကားနင်းတဲ့ အခါကျရင် ကိုဇော် မင်းက ပညာတတ်ဖြစ်အောင်လုပ် ၊ ဒါဆိုတော့ မင်းက ရဲအောင် နင်းတဲ့ဆိုက်ကားပေါ်မှာ အခန့်သားထိုင်ပြီးလိုက် ၊ ရဲအောင် . . . မင်းနင်းတဲ့ ဆိုက်ကား ပေါ်မှာ ဆရာမလဲ အခန့်သား ထိုင်စီးဦးမယ်။ ”

အဲဒီတုန်းက တစ်တန်းလုံး ၀ိုင်းရယ်နေကြပေမဲ့ ကျွန်တော် မရယ်မိပါ။ ကိုယ့်သူငယ်ချင်း တစ်ယောက်လုံး အပြောခံနေရတာလေ။ ဒါပေမဲ့ ဆရာမပြောတာ ဆိုတော့ “ ဟုတ်ကဲ့ ” လို့ ကျွန်တော် ပြန်ပြောမိမယ် ထင်ပါတယ်။

ဒီလိုနဲ့. . . . .

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


“ မင်း . . ဘာလို့ ဆိုက်ကားနင်းနေရတာလဲကွာ။ ”

ကျွန်တော့်ညီမကို ကျောင်းအပ်ပြီး တစ်ယောက်တည်း ပြန်ခိုင်းလိုက်ပြီးတော့ ရဲအောင် နဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ကျွန်တော် မေးမိတာပါ။

“ ပိုက်ဆံ ရှာနေတာလေ ၊ ဒါ . . သမာအာဇီဝ အလုပ်ပဲ။ ”

“ မဟုတ်ဘူးလေကွာ. . . . ”

ကျွန်တော်ပြောတာ သူ သဘောပေါက်မှာပါ။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ရဲအောင်တို့ မိဘ အခြေအနေဟာ တော်တော် ကောင်းတာပါ။ သာမန်လူတန်းစားတွေ မဟုတ်ပါဘူး။

“ ဒီလိုကွ။ ငါအခု အိမ်ထောင်ကျနေပြီ သူငယ်ချင်း။ ”

“ ဟင် . . . ”

“ ဟုတ်တယ်။ မင်းတို့ မသိတဲ့ အခြေခံ လူတန်းစားထဲကပါပဲ။ ငါ့အိမ်က သဘောမတူဘူးလေ ၊ ငါ့ကို အမွေဖြတ်ပြီး ပစ်ထားတယ် ၊ ငါကလဲ မင်း သိတဲ့အတိုင်း ရွတ်ရွတ်ပဲလေ။ ပထမတော့ ငါလဲ ဒုက္ခ ရောက်တာပေါ့ကွာ။ အခုတော့ ငါ့မှာ သားလေးတစ်ယောက် ရနေပြီ။ တစ်ခါက ဆရာမပြောဖူးသလို ဆိုက်ကား နင်းပြီး ပိုက်ဆံရှာပြီး မိသားစုကို ထိန်းနေတာလေ။ ”

“ တခြားအလုပ်တွေရှိတာပဲကွာ။ ”

“ မင်းက ငါ့ကို ဆရာမကို ရွဲ့ပြီး ဆိုက်ကား နင်းနေတယ်လို့ ထင်နေလို့လား။ ”

ကျွန်တော် မထင်ချင်ပါ။ ဒါပေမဲ့ ကျွန်တော် သိပါတယ်။ ဘာပဲပြောပြော ရဲအောင် ရင်ထဲမှာ အနည်းနဲ့အများ ဆရာမပြောတဲ့ စကားတင် ကျန်နေဦးမှာပါ။ သူဆက်ပြောတယ်။

“ အခုဆိုရင် ငါဆိုက်ကား နင်းနေတယ်။ ငါ့ရဲ့ဆရာမကိုလည်း ငါတင်းတဲ့ ဆိုက်ကားနဲ့ ပို့ဖူးတယ်။ ဒီနေ့လည်း ငါ့သူငယ်ချင်းကို ငါ နင်းပို့ဖူးပြီ။ ”

ကျွန်တော် ရုတ်တရက် ရေငတ်သွားသလို ခံစားရတယ်။

“ ငါ . . . ငါ . . ငါ. . . တစ်ခုမေးချင်တယ် ရဲအောင်။ ”

သူ “မေးလေ..” ဆိုတဲ့ ပုံစံ မေးဆက်ပြတယ်။

“ မင်းနင်းတဲ့ ဆိုက်ကား ကို ဆရာမ စ စီးတော့ ဘယ်လိုပုံစံ ဖြစ်နေလဲ။ ”

သူ . . . တဟဲဟဲ . . ရယ်ရင်း . . . . . ။

“ အခု မင်းလိုပဲပေါ့ကွာ။ စိတ်မသက်မသာနဲ့ ဆိုက်ကားပေါ်ထိုင်ပြီး မျက်ရည်တွေဝဲနေတယ်။ ပြီးတော့ . . . . . . . . . . . . . . . .. . . ”

သူ . . . . ခဏရပ်ပြီး ခပ်ဝေးဝေးကိုငေးရင်း . . . . . . .

“ အရင်က စကားတွေ မပြောဖြစ်ခဲ့ရင် ကောင်းမယ်လို့ စဉ်းစားနေတယ်လို့ထင်တယ်။ ”

ပြီးတော့ ကျွန်တော့်ကို သေချာကြည့်ပြီး. . . .

“ မင်းကလဲကွာ ကျောင်းက ထွက်သွားတာနဲ့ ပျောက်သွားလိုက်တာ။ ဆရာမနဲ့ သွားတွေ့လိုက်ပါဦး။ ဆရာမက မနှစ်ကမှ အငြိမ်းစား ယူသွားတာ။ ငါက ကျောင်းနဲ့ အိမ်နဲ့ နီးတဲ့ အလုပ်ဆိုတော့ ဆရာမနဲ့ ခဏခဏ တွေ့ခွင့်ရသေးတယ်။ မင်းကိုလဲ ဆရာမ ခဏခဏ မေးတယ်။ ပြီးတော့ မင်းလက်ရေး လှလှတွေကိုလည်း သတိရနေသေးတယ်ကွ။ ”

ကျွန်တော် ခေါင်းငြိမ့်ဖြစ်ခဲ့မိပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဒါပေမဲ့ ကျွန်တော် မိုက်မဲ့စွာနဲ့ပဲ ဆရာမဆီ ကျွန်တော် မရောက်ခဲ့ပါ။ ရဲအောင်နဲ့ တွေ့ပြီး သုံးလအကြာမှာ ကျွန်တော် မလေးရှား သို့ အလုပ်ကိစ္စနှင့် ထွက်လာခဲ့သည်။ ဆရာမနှင့် ၊ သူငယ်ချင်းတွေနှင့် ပို၍ ပို၍ အဆက်ပြတ်ခဲ့ပါသည်။ ကျွန်တော် မလေးရှား ရောက်၍ သုံးနှစ်ခွဲခန့်အကြာတွင် ရဲအောင် င်္ဆီမှ စာတစ်စောင် ရောက်လာခဲ့တယ်။ စာထဲမှာ ဖိတ်စာ တစ်စောင် ၊ ဓါတ်ပုံတစ်ခု နှင့် ရေးထားသောစာမှာ . . . . . . . . . . . .

သူငယ်ချင်း . . . . . ကိုဇော် . . . . .

ငါ သတိရစွာနဲ့ စာရေးလိုက်တယ်။ စာနဲ့အတူပါလာတဲ့ ဖိတ်စာ အတိုင်းပဲကွာ။ ငါတို့ ဒီမှာ ဆရာကန်တော့ပွဲ လုပ်ကြတယ်။ မင်း မလာနိုင်မှန်းသိပေမဲ့ အာလုံးလည်း မျှော်နေမိတယ်ကွာ။ ဆရာမဆိုရင် အခမ်းအနားအတွက် စာလုံးကိုတောင်မှ ပိတ်စာလုံး မဖောက်ခိုင်းဘူး။ အမှတ်တရ အဖြစ် ငါတို့ တခါက ဆေးသုတ်ဖူးခဲ့တဲ့ ကျောက်သင်ပုန်းကြီးပေါ်မှာပဲ ကျောင်းနောက်ဆုံး နှုတ်ဆက်ပွဲတွေမှာ မင်း ရေးနေကြအတိုင်း မြေဖြူရောင်စုံနဲ့ ရေးတာပဲ လိုချင်တယ်တဲ့လေ။

ငါတို့လဲ မင်းမလာနိုင်မှန်း သိတာနဲ့ ပန်းချီဆရာကို ရောင်စုံမြေဖြူနဲ့ ဆရာကန်တော့ပွဲ ဘာညာပေါ့ ရေးခိုင်းရတယ်။ ဒါကို ဆရာမက ကြည့်ပြီး . . . . . .

“ ငါ့တပည့် ကိုဇော် သာရှိရင် ဒီထက်လှ ၊ ဒီထက်ကောင်းမှာ . . ”

လို့ ပြောတယ်။ ငါတို့ မင်းကို သတိရကြတယ်ကွာ။ ဒီစာမှာ ပါတဲ့ ဓါတ်ပုံက ငါတို့ ဆရာကန်တော့ပွဲက ဓါတ်ပုံပေါ့။ ဆရာမက ပြန်ခါနီး မျက်ရည်တွေဝဲပြီး ငါ့ကိုပြောသေးတယ်။

“ ဟဲ့ ရဲအောင် ငါ့မှာ ကားပါပေမဲ့ မင်းနင်းတဲ့ ဆိုက်ကားကို နောက်ဆုံးအနေနဲ့ စီးမယ်။ ငါ့ကို ကျောင်းဝကနေ လမ်းထိပ်အထိပို့. . .။
ဆိုပြီး အရင်လို မဟုတ်ပဲ သေသေချာချာကို ဘ၀င်ကျကျ ပြုံးပြီး မျက်ရည်တွေ ၀ဲပြီးစီးတာ။ ငါလည်း မျက်ရည်တွေ ဝဲလို့ပေါ့ကွာ။ ဆိုက်ကား နင်းရတာလည်း အရသာရှိလိုက်တာကွာ။ လမ်းထိပ်ရောက်တော့ ဆရာမ က. . . .

“ ရဲအောင် နောက်နေ့က စပြီး ဆိုက်ကား မနင်းနဲ့တော့ . . . .”

ဆိုပြီး သူ့အစ်ကိုရဲ့ကားမှာ စပယ်ယာ လုပ်ခိုင်းလို့ ငါအခု စပယ်ယာ ဖြစ်နေပြီဟေ့။ မင်းပြန်လာရင် ငါ့ဆိုက်ကား မစီးရတော့ပါဘူးကွာ။ မင်း ပြန်လာရင် ဆရာမကို အတူတူသွားကန်တော့ ရအောင် မင်းပြန်လာရင် ငါ့ဆီလာခဲ့ပါဦးကွာ။ ဒါပါပဲ။ ”


ခင်တဲ့ သူငယ်ချင်း
ရဲအောင်


စာကို ကျွန်တော် ဖတ်ပြီးတော့ ကျွန်တော်ရင်ထဲမှာ . . .၊ ပြီးတော့ မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လို့။ ဆရာကန်တော့ပွဲ ဓါတ်ပုံထဲက ဆရာမကတော့ ကျွန်တော်ကို ဆရာကန်တော့ပွဲ မလာနိုင်လို့ အပြစ်မယူပဲ ပြုံးပြီး ကြည့်နေတုန်းပါပဲ။ ခွင့်လွှတ်အပြုံးတွေနဲ့။ အခုအထိ ကျွန်တော် မရှိပေမဲ့ ကျွန်တော် နဲ့ ကျွန်တော့် လက်ရေးတွေကို မှတ်မိနေတဲ့ ၊ သတိရနေတဲ့ ဆရာမ။ အခု ကျွန်တော် ဒီစာကို ဖတ်မိပါစေ ဟုသာ ကျွန်တော် ဆန္ဒပြု ဆုတောင်းရင်း. . . . . . . . .။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

ခိုင်နုငယ် said...

မျက်ရည်ဇာတ်လမ်းလေးကို
မျက်ရည်လေးနဲ့ပဲဖတ်သွားပါတယ်ဗျာ။

♥shwe♥gal♥ said...

ကိုဇော်ရေ.....
ဆရာမဖတ်မိပါစေလို့...
ဆုတောင်းပေးရင်း မျက်ရည်ဇာတ်လမ်းကို ဖတ်သွားတယ်..
အဆင်ပြေပျော်ရွှင်ပါစေနော်
ခင်မင်တဲ့
ရွှေဂဲ

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဇော် အခုလို ၀တ္ထုတွေ များများ ရေးနိုင်ပါစေ။

ရွေနတ်သား said...

ငယ်ငယ်တုန်းက တစ်ခုံတည်းထိုင်ခဲ့ကြ
မင်းနဲ့ ငါနဲ့ ပြောဆို ပစ်ခတ်ကြ
အသက်ရလာတော့ပြန်တွေ့ ရင်
ငယ်ငယ်ကလို ပြောဆိုဖို့ တစ်ခါတလေ အတော်စဉ်းစားရတယ်ဗျာ

"မ" said...

ဒီဇတ်လမ်းလေးဖတ်ပြီးတော့
မြန်မာပြည်မှာကျန်ခဲ့တဲ့ငယ်သူငယ်ချင်းတွေကို
အရမ်းသတိရပြီးလွမ်းနာကျသွားတယ်ကိုဇော်ရေ...

ကိုဇော်ဆိုက်ကားမစီးရက်တဲ့စိတ်ဓါတ်ကိုလေးစားတယ်
ကိုယ်လည်းအဲလိုပဲသူတပါးကိုကိုယ်ချင်းစာမိတာနဲ့ 
ဘယ်တော့မှဆိုက်ကားမစီးဘူး...

အငိုဇတ်လမ်းတွေအဆုံးသတ်ပြီး
ကိုဇော်တို့ သူငယ်ချင်းတွေအားလုံး
ဆရာမနဲ့ အတူတချိန်ချိန်မှာ
ပြန်လည်ဆုံတွေ့ ကြပါစေလို့ 
ဆုတောင်းလိုက်ပါတယ်...။

နေ၀သန် said...

ကိုဇော်ကြီး အကုန်မန့်လို့ရအောင် ခွင့်ပြုထားတာ မသိဘူး.. အကောင့်ဝင်ပြိးတော့ကို လာမန့်တာ...း)).. မျက်၇ည်ဇာတ်လမ်းလေးကို မျက်ရည်လေးနဲ့ ခံစားသွားပါတယ်ဗျာ..

ခင်မင်တဲ့
နေ၀သန်

ဖိုးသား said...

ဆိုဒ်ကားသမားပေါ်ထားရှိတဲ့စိတ်ဓတ်လေးကိုအတုယူမှတ်သားသွားပါတယ်

မိုးခေတ် said...

အစ်ကိုရေ....ဖတ်သွားတယ်ဗျာ....
ရေးထားတာလေး အရမ်းကောင်းတယ်ဗျ....
အစ်ကိုလဲ မောင်လှမျိုး ပရိတ်သတ်ပဲထင်တယ်ဗျ....တစ်ခါတစ်ခါ မောင်လှမျိုး အရေးအသားတွေ သတိရရသွားတယ်....

မောင်မောင် said...

ကိုဇော် ရေ ပိုစ့်လေး ဖတ်သွားပါတယ်။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.