မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 July 2010

14 ကား ( ၂ ) စီး



တစ်ခါက . . .

ရုပ်ချင်းကို ခွဲမရအောင် တူတဲ့ ညီအစ်ကို နှစ်ယောက်ဟာ မြို့တစ်မြို့မှာ အလုပ်လုပ်နေရာကနေ သူတို့ရဲ့ အိမ်မှာ မိခင် အပြင်းအထန် နေမကောင်းဘူး ဆိုတာ သိလိုက်ရလို့ နယ်ဒေသလေးကို ပြန်လာခဲ့သည်။ သူတို့ နယ်ကို ပြန်ဖို့ ကားဂိတ်ကို ရောက်တော့ သူတို့ နယ်ကို သွားမဲ့ ကားတွေက တစ်စီးမှ မရှိတော့ဘဲ ထွက်သွားကြလို့ မနက်ဖြန်မှ ကားအစီအစဉ်က ရှိမယ်လို့ သိရ၏။

အမေရဲ့ ကျန်းမာရေး အခြေအနေ အရ ဆိုတော့ သူတို့လည်း ကားဂိတ်မှာ တစ်ညတာတောင်မှ အချိန်မဖြုန်းနိုင်သော အဖြစ်။ ဟိုဟိုဒီဒီ လိုက်ပြီး စုံစမ်းလိုက်တော့ သူတို့ အမေနေတဲ့ နယ်ကို ရောက်နိုင်တဲ့ ကားဆိုလို့ ထိုနားကို ဖြတ်ပြီး သွားမဲ့ နယ်လှည့် ပြဇာတ်အဖွဲ့ရဲ့ ကားနှစ်စီးသာ ရှိတယ်လို့ သိရ၏။ ဒီပြဇာတ်ကားကတော့ ညနေစောင်းတာနဲ့ ထွက်မဲ့အကြောင်းကိုပါ ခဲ့ရလေသည်။ ဒါကြောင့် သူတို့လည်း သူတို့ ကားကြုံလိုက်ချင်ကြောင်းနဲ့ သင့်တော်သော ယာဉ်စီးခကိုလည်း ပေးပါရစေ ဆိုပြီး အကူအညီ တောင်းလေသည်။

ဒီတော့ ပြဇာတ်ရဲ့ တာဝန်ခံက လိုက်လို့တော့ ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ထုံးစံအရ ဆိုရင် ကားက ထွက်မယ်ဆို နေရာပိုဆိုတာ မရှိကြောင်းနဲ့ ပြဇာတ်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က ကားတစ်စီးစီမှာ တစ်ယောက်ချင်းဆီ စီးတတ်ကြကြောင်း ၊ ဒါပေမဲ့ ဒီနေ့တော့ သူတို့ ညီအစ်ကို နှစ်ယောက် မလိုက်သေးဘဲ။ နောက်နေ့မှ သူတို့ဖာသာ တခြားကားနဲ့ လိုက်လာမှာ ဖြစ်၍ ခရီးသွား ညီအစ်ကို နှစ်ယောက်ကို တစ်ယောက်လျှင် လွတ်နေသော တစ်နေရာဆီမှာ လိုက်ပါနိုင်ကြောင်း ခွင့်ပြူသောကြောင့် သင့်တော်တဲ့ ကားခကို ပေးပြီး စီးဖို့ သဘောတူခဲ့ကြသည်။

သူတို့ကား မထွက်ခင် တစ်နာရီလောက် အလိုမှာ သူတို့ ညီအစ်ကို နှစ်ယောက် အနားကို စုတ်စုတ်ပြတ်ပြတ် ပေပေရေရေ ဆာဒူးကြီး တစ်ပါး ရောက်လာပြီး သူတို့ နှစ်ယောက်ဆီက အလှူခံလေသည်။ သူတို့ ညီအကို နှစ်ယောက်ကလည်း အလှူငွေတချို့ကို လှူလို့ပြီးရော ဆာဒူးကြီးက သူတို့ နှစ်ယောက် ရှေ့မှာ ခဏမျှ ငြိမ်သွားပြီး သူတို့ ညီအကိုကို စကားပြောလေ၏။

“ ဒကာတို့ အခု ဒကာတို့ သွားမဲ့ ကားနှစ်စီးမှာ တစ်စီးဟာ လွှဲရှောင်လို့ မရနိုင်သော ပျက်ဆီး ရှုံးဆုံးမှုမျိုးနဲ့ ကြုံရလိမ့်မယ်။ ဘယ်ကားက ဖြစ်မယ် ဆိုတာကတော့ အတိအကျ မပြောနိုင်ပေဘူး။ ဒါကို ကယ်တင်ဖို့ ဆိုတာ တစ်ခုတည်းသော နည်းလမ်းပဲ ရှိတယ်။ ဒါကတော့ ဒကာတော်တို့ရဲ့ ဘုရားစာကို ရွတ်ဆိုနေဖို့ပါပဲ။ ခက်ခဲလှတာတော့ မဟုတ်ပါဘူး။ ကားပေါ်ကို တတ်တဲ့ အချိန်က စရွတ်ပြီး ကားပေါ်က ဆင်းတယ် ဆိုတာနဲ့ ရွတ်စရာ မလိုတော့ပါဘူး။ ဒါလေးကို လုပ်ဆောင်သွားမယ် ဆိုရင် ဒကာတို့မှာ ကျရောက်လာမဲ့ အန္တရာယ်ကနေ လွတ်မြောက်ပါလိမ့်မယ်။ ”


ဒီလိုလည်း ပြောဆိုပြီးတော့ သူ့ဖာသာ လှည့်ထွက်သွားတော့သည်။ ညီအစ်ကို နှစ်ယောက်မှ တစ်ယောက်က ဆာဒူးကြီးရဲ့ စကားအတွက် ပြဇာတ်တာဝန်ခံတွေကို သွားမေးတော့ ပြဇာတ်တာဝန်ခံ အပါအဝင် ပြဇာတ်အဖွဲ့က လူတွေက  ဤဆာဒူးကြီးက ရူးနေတာ ဖြစ်ကြောင်း ပြောဆိုကြသည်။ ဒီလိုပဲ တစ်ခါတစ်လေ ဘယ်မှာ ဘာဖြစ်နိုင်တယ် ဆိုပြီး ပြောတတ်ပြီး တစ်ခါတစ်လေ တိုက်ဆိုင်ကာ ကြုံကြိုက်တတ်ကြောင်း ၊ သို့သော် ယခု ခရီးမှာတော့ မိမိတို့က သွားနေကြ ဖြစ်သောကြောင့် ဘာမှ စိတ်ပူဖို့ မရှိကြောင်း အေးဆေးစွာ ပြန်လည်ပြောကြားလေသည်။

ပြဇာတ်အဖွဲ့က လူတွေကို သွားရောက်မေးမြန်းခဲ့တဲ့ ညီအစ်ကိုက ကျန်နေခဲ့တဲ့ သူ့ရဲ့ ညီအစ်ကိုဆီကို ပြန်လာရင်း သူသိခဲ့ရတဲ့ အကြောင်းအရာများကို ပြန်ပြောပြလေတော့သည်။ ထိုအခါမှာ ကျန်နေခဲ့တဲ့ ညီအစ်ကိုက  . . .

“ ဒီဆာဒူးကြီး စကားကို ယုံရရ မယုံရရပေါ့ဗျာ။ လမ်းခရီးမှာ ဘုရားစာရွတ်သွားလို့ အကျိုးတော့ မယုတ်ပါဘူး။ နောက်ဆုံး ဘာမှ မဖြစ်ဘူး ဆိုရင်တောင်မှ ကုသိုလ်တော့ ရတာပါပဲ။ ”

ဒီလို ပြောတော့ ပထမတစ်ယောက်က . . . .

“ ဟုတ်တော့ ဟုတ်ပါတယ်လေ။ ဒါပေမဲ့ သူပြောတဲ့ စကားကို ယုံပြီး စိတ်ထဲမှာ အန္တရာယ် ကျရောက်လာတော့မယ် ဆိုပြီး ကြိုတင် ပြင်ဆင် တွေးတောပြီး စိတ်ရှုပ်နေရမှာ စိုးလို့ ပြောတာပါ။ ”

ဒီလို သူတို့ ညီအစ်ကို နှစ်ယောက် ညနေစောင်းတော့ ပြဇာတ်ကား နှင့်အတူ တစ်ယောက် လွတ်နေတဲ့ နေရာမှာ အစားထိုး စီးလာခဲ့ကြသည်။ ဒီမှာ ပြဇာတ်သမားတွေရဲ့ ထုံးစံအတိုင်း ပြဇာတ် မကရသေးတဲ့ အချိန်ဆိုတော့ ကားပေါ်မှာ လိုက်ပါလာရင်း တစ်ယောက်မကျန် အရက်သေစာများကို သောက်စားမူးရစ် လာကြလေသည်။ ကားတစ်စီးမှာ အရေးအကြီးဆုံးဆိုသော ယာဉ်မောင်းသမားတောင်မှ သောက်စား ထားလေသည်။ သို့သော် သူတို့က ဒီခရီးကို သွားနေကြ ဆိုတော့ ဘာမှ စိတ်ပူဖို့ မလိုကြောင်း ထပ်လောင်း သေချာစွာ ပြောကြားလေသည်။

ဒီလိုနဲ့ အချိန်ကြာလာတာနဲ့ အမျှ ပြဇာတ်ကားတွေကလည်း သူ့ဖာသာ အဆင်ပြေပြေ နဲ့ သွားနေလေသည်။ ခရီးစစချင်းမှာ ဆာဒူးကြီးစကားကို နားထဲမှာ ရှိနေပြီး ဘုရားစာကို ရွတ်နေမိပေမဲ့ အချိန်ကြလာတာနဲ့ အမျှ ကားပေါ်က သူများတွေ သောက်စားနေပြီး သူတို့ကိုလည်း လာပါကွ ၊ သောက်ပါကွ လို့ ခေါ်လေတော့ ဆာဒူးကြီး စကားအပေါ် သံသယ ဝင်နေမိတဲ့ ညီအစ်ကိုက ပြဇာတ်သမားတွေနဲ့ အတူတူ ဝင်ရောက် သောက်စား မူးရစ်လေတော့သည်။

ဒီအချိန်မှာတော့ တခြားကား တစ်စီးပေါ်မှာ ပါလာတဲ့ ညီအစ်ကို တစ်ယောက်ကတော့ သူတို့သွားရမဲ့ လမ်းခရီးက အမေ့အိမ် အပြန်ခရီးသာ ဖြစ်တယ်။ ဒီခရီးကို ချောချောမောမော ရောက်ရေးကိုသာ ဦးတည်ထားလေတော့ သူ့မှာ ပြဇာတ်သမားတွေက ဝင်ရောက်သောက်စား မူးရစ်ဖို့ ခေါ်တော့ အပြုံးမပျက်ငြင်းကာ ဆာဒူးကြီး ပြောသွားသော စကားကို ကြားယောင်ရင်း ဘုရားစာကိုသာ အဆက်မပြတ် ရွတ်ဖတ်လာခဲ့တယ်။

ဒီလိုနဲ့ သူတို့ရဲ့ ခရီးက တောင်တတ် လမ်းတစ်ခုကို ရောက်လာပြီး ကုန်းအတတ်မှာ အရှိန်မြှင့်ကာ မောင်းလာရတော့၏။ သူတို့ရဲ့ ပြဇာတ်ကား နှစ်စီးကလည်း ရှေ့ဆင့်နောက်ဆင့် ကပ်ကာ မောင်းလာခဲ့လေသည်။ ကုန်းတတ် လမ်းကွေ့တစ်ခု အရောက်မှာတော့ သူတို့ရဲ့ ကားရှေ့မှာ တောင်မြေသားတွေ ပြိုကျထားလို့ လမ်းမပေါ်မှာ မြေသားတွေ ၊ ကျောက်တုန်းတွေ များစွာကို ရုတ်တရက် ထိုးထိုးထောင်ထောင် တွေ့လိုက်ရတယ်။

သွားမြဲ သွားနေကျလမ်းဆိုတော့ သူတို့လည်း စိတ်လွတ်ကိုယ်လွတ် သောက်စားမူးရစ် ထားမိကြ၏။ ဒါကြောင့် ရုတ်တရက် အတတ်လမ်းမှာ တွေ့လိုက်ရတာ ဆိုတော့ ဘယ်လိုမှ မရှောင်နိုင်တော့ဘဲ ပြိုကျကာ ပြန့်ကျဲနေသော ကျောက်ခဲမြေသားများကို နင်းမိပြီး အရှေ့မှကားက ချောက်ထဲသို့ ထိုးကျ သွားလေတော့သည်။ ရှေ့ကားက ရုတ်တရက် ချောက်ထဲ ထိုးကျသွားတာ ဆိုတော့ နောက်က လိုက်လာတဲ့ ကားကလည်း လမ်းပေါ်မှာ ကျောက်ခဲမြေသားများကို မြင်လိုက်သော်လည်း မြန်နေတဲ့ အတတ်အရှိန်ကြောင့် သူပါ မထိန်းနိုင်တော့ဘဲ ချောက်ထဲသို့ ထိုးကျသွားလေတော့သည်။

လမ်းမပေါ်မှ ချောက်ထဲသို့ ထိုးကျသွားသော ကားနှစ်စီးကို နောက်မှ ပါလာသော တခြားကားများက မြင်လိုက်ရလေသည်။ လူတွေရဲ့ တတ်အားသမျှသော ကူညီမှု ၊ သက်ဆိုင်ရာကို သတင်းပေးကာ ချောက်ထဲသို့ ကျသွားသော ကားနှစ်စီးပေါ်မှ လူများကို ကယ်ဆယ်ရန် ကြိုးစားကြလေသည်။ ကယ်ဆယ်ရေးများ ရောက်လာပြီး ကယ်ဆယ်သောအခါမှာ ကားတစ်စီးက ချောက်အောက်ခြေထိ ပြုတ်ကျသွားပြီး တစ်ယောက်မကျန် သေဆုံးကာ နောက်တစ်စီးကတော့ ချောက်ရဲ့ အလယ်မှာပေါက်နေတဲ့ သစ်ပင်ကြီးတစ်ပင် အပေါ်မှာ တင်ကာ ကားပေါ်မှ လူတွေ အားလုံး အသက်ရှင် ကျန်နေခဲ့ပါသည်။

သေဆုံးသွားကြသော လူများထဲက ကားပေါ်မှာ ပါသွားသူ ညီအစ်ကို တစ်ယောက်ကတော့ ဘုရားစာကို ရွတ်ဖတ်ဖို့ မေ့လျော့ကာ သောက်စားမူးရစ်မိပြီး ပြဇာတ်သမားတွေနဲ့ အတူတူပဲ ဖြစ်ကာ ကံဆိုးသွားခဲ့ရသော ကားဖြစ်ပြီး ၊ သစ်ပင်ကြီးပေါ်မှာ တင်ကျန်ပြီး အသက်ရှင်ကျန်သူတွေထဲမှာ ပါလာသူကတော့ သူများတွေ အရက်သောက်နေပေမဲ့ သူက သူ့ဖာသာ ဘယ်သူ ဘုရားစာ ရွတ်ရွတ် မရွတ်ရွတ် ကိုယ့်ဖာသာ ရွတ်စရာ ရှိတာကို ဆက်ပြီး ရွတ်နေခဲ့တဲ့ ညီအစ်ကိုထဲက တစ်ယောက်ဖြစ်ပါသည်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒီအဖြစ်အပျက်လေးကို ကျွန်တော် ငယ်ငယ်က ကျွန်တော့် အဖွားက ပြောပြခဲ့တာပါ။ တကယ့်အဖြစ်အပျက်လား ဘာလားတော့ မသိပါဘူး။ မနေ့က ရူပဗေဒ အကြောင်းအရာလေးတွေ ဖတ်မိလို့ သတိရပြီး ပြန်ချရေးလိုက်တာပါ။ ရူပဗေဒ သဘောတရားတွေ ဘာတွေကတော့ ထားလိုက်ပါတော့လေ ၊ ကျွန်တော် သဘောပေါက်မိတာကတော့. . .

မျှခြေ ဆိုသော အခြေအနေ တစ်ရပ်မှာ တချို့အရာတွေက တည်ရှိနေတတ်ပါတယ်။ ဒီအခြေအနေမှာ ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။ သူတို့ဖာသာ သူတို့ စီးမျှောမဲ့ ပုံစံအတိုင်းပဲ စီးမျှောသွားမှာပါ။ ဒီအခြေအနေကို ချိန်ခွင်လေး တစ်ခု အနေနဲ့ မြင်ကြည့်တဲ့ အခါမှာ အရမ်းကို သိသာလှပါတယ်။ ချိန်ခွင် တစ်ခုမှာ ဟိုဘက် ဒီဘက်မှာ တစ်ဆယ်သားစီ လေးတဲ့ အရာ ဆယ်ခုစီကို ထည့်ထားတယ် ဆိုပါစို့။ ဒါဆိုရင် ချိန်ခွင်ဟာ ဘက်ညီနေပြီး တစ်ဘက်ကို တစ်ပိဿာစီ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကို . . . .

၁။ တစ်ဘက်ကို တစ်ဆယ်သား ထပ်ထည့်လိုက်တယ် ဆိုရင် ချိန်ခွင်ရဲ့ လျှာက ဇောက်ထိုးဖြစ်သွားပြီး ထပ်ထည့်လိုက်တဲ့ ဘက်ကို စောင်းကျသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် တစ်ဘက်မှာ ၁၁၀ ရှိနေပြီး တစ်ဘက်မှာတော့ ၁၀၀ ရှိနေမှာပါ။

၂။ ဘက်ညီနေတဲ့ ချိန်ခွင်ရဲ့ တစ်ဘက်က တစ်ဆယ်သားကို ထုတ်ပြီး တခြား တစ်ဘက်မှာ ထည့်လိုက်တယ် ဆိုရင် ချိန်ခွင်ရဲ့ လျှာကလည်း ဇောက်ထိုး ဖြစ်သွားပြီး ထပ်ထည့်လိုက်တဲ့ ဘက်ကို စောင်းကျသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမမှာလိုတော့ မဟုတ်ဘဲ တစ်ဘက်မှာ ၉၀ သာကျန်ပြီး တစ်ဘက်မှာတော့ ၁၁၀ ဖြစ်သွားမှာ ဖြစ်ပါတယ်။

၃။ ဒီနေရာမှာ သတိမထားမိတာလေး တစ်ခုကတော့ ဘက်ညီနေတဲ့ ချိန်ခွင်ရဲ့ တစ်ဘက်မှ ၁၀ ကို ထုတ်လိုက်တယ် ဆိုတာနဲ့လည်း ညီနေတဲ့ ချိန်ခွင် လျှာက စောင်းသွားပြီး ဇောက်ထိုး ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ရှိနေတဲ့ အလေးချိန်ကတော့ အထက်က အခြေအနေ နှစ်ရပ်နဲ့ မတူပါဘူး။ တစ်ဘက်က ၉၀ ရှိနေပြီး တခြား တစ်ဘက်ကတော့ မူရင်း အတိုင်းပဲ ၁၀၀ ရှိနေမှာ ဖြစ်ပါတယ်။ လက်ထဲမှာတော့ ၁၀ နဲ့ပေါ့လေ။


မှတ်ချက်။    ။ ဒါကို လူမှုဘဝမှာ ကျင်လည်နေတဲ့ ကုသိုလ် နဲ့ ကောင်းမှု ၊ အကုသိုလ် နဲ့ မကောင်းမှု အဖြစ် အခု ကျွန်တော် မြင်မိတာလေးပါ။ ကျွန်တော့် အဖွားပြောပြတာကို ပြန်သတိရပြီး ရေးတာ ဆိုတော့ အရမ်းကို ရှေးဟောင်းပြီး ကျမ်းဆန်ဆန် ရေးထားမိတဲ့ အတွက် စာဖတ်သူများ ပျင်းရိစွာ ဖတ်နေရမှာကို အားနာမိပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ရူးက ပေါက်မိလို့ ရေးမိတာပါ။ အကျယ်အကျယ် မငြိမ်းဖွယ် အနေနဲ့လည်း မရှင်းပြတော့ပါဘူး။

*** ကျွန်တော် မအားတဲ့ အချိန်မှာ စာတွေ အသစ် မတင်နိုင်ပေမဲ့ ပုံမှန် လာဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

ပုံပြင်လေးကိုဖတ်ပြီးတော့ Equilibrium ဆိုတဲ့အခြေအနေနဲ့ ကုသိုလ်အကုသိုလ်ကို ဘယ်လိုဆိုလိုချင်တယ်ဆိုတာ အတော်ကို စဉ်းစားယူသွားတယ်...


ခင်မင်တဲ့
နေ၀သန်

မင်းမောင် said...
This comment has been removed by the author.
ck said...

how could you possibly know the other brother was not doing the religious praying, while he and everyone on that car were already dead?

မင်းမောင် said...

ရေးတဲ့စာနဲ့စာရေးသူရဲ့စိတ်ကို မြင်လို့ရပါတယ်
ပုထုဇဉ်ဆိုတွေမို့တခါတလေ ဒေါသသံ မာနသံမကင်းတဲ့
အသံတွေတော့ရှိမှာပေါ့ဗျာ။
ကိုဇော်ရဲ့postတွေ ဖတ်ရတာ အခြားဘာမဟုတ်တဲ့အိမ်မှာဟင်းချက်စားတာကိုတင်တဲ့post
ထက်၊သူတို့ပုဂ္ဂလိက ကိစ္စတွေကို ဘလော့စာမျက်နှာမှာ
တင်နေတဲ့postတွေထက် တန်ဖိုးရှိတာ အမှန်ပါ။
ကိုဇော့်ရဲ့ ပို့စ် ခေါင်းစည်းစာပိုဒ်လေးအစား "ရေးတဲ့စာနဲ့ စာရေးသူ ထပ်တူဖြစ်စေ"လို့
ခင်တဲ့

မင်းမောင် said...

ckရေ စာကိုစာလိုဘဲဖတ်ပါလား ကလေးအတွေးနဲ့
အဲဒီလို လျှောက်ကပ်သပ်မေးမနေပါနဲ့ဗျာ။
ပုံပြင်၊ဇာတ်နိပါတ်တို့ ရှေးလူကြီးတွေရဲ့ယုံတမ်းစကားတွေ
က အသိလေးတွေ သတိလေးတွေကို အုတ်မြစ်ချပေးတဲ့သဘောဗျ။

SHWE ZIN U said...

ဖတ်သွားတယ် ကိုဇော် ရေ

ကျေးဇူးပါ
ရွှေစင်ဦး

ညလင်းအိမ် said...

ကိုဇော် ခွဲခြမ်းပြထားတာက တော်တော်ထိရောက်တယ်လို့ ကျွန်တော်ထင်တယ်ဗျ ... ရသကောင်းကောင်းတွေ ပေးတတ်လိုက်တာဗျာ .. ချီးကျူးပါဧ။် ..

မောင်သီဟ said...

ကိုဇော်ပုံဖော်သီကုံးထားတဲ့ စာတွေကိုအမြဲအားပေးနေပါတယ်း)

မောင်မောင် said...

ကိုဇော် ရေ စာလာဖတ်သွားပါတယ်။
ပုံပြင်ထဲကလို မဖြစ်ရအောင် လို့ သတိလေး တစ်လုံးတိုးလာတာမို့  ကျေးဇူးတင်ပါတယ်။
အတွေးတွေ ချဲ့ ပြီး ချရေးပြတာ ကိုလဲ ချီးကျူးပါတယ်။
အားပေးနေတဲ့။

မောင်မောင်
အာဖဂန်ပြည်

ကိုအောင် said...

စာတွေ ဖတ်သွားတယ် ကိုဇော်ရေ

ခင်မင်လျက် ...

lwin said...

မောင်လေးဇော် ဖတ်မှတ်သွားပါတယ်
နောင်လည်း post တွေများများရေးနိုင်ပါစေ...

sosegado said...

ဖတ်သွားပါသည်၊ အကြောင်းအရာလေးကို ကုသိုလ်နှင့် အကုသိုလ် ချိန်ခွင် နဲ့ ထင်မြင်ချက်ပေးထားတာကြိုက်မိပါ၏

ခိုင်နုငယ် said...

အရောက်လာလို့ဖတ်မှတ်
သွားပါတယ်။

လသာည said...

မျှခြေနဲ့တော့ ယှဉ်မစဉ်းစားတတ်ပေမယ့် အရာရာကို သတိတရားလက်ကိုင်ထားရင် ကံတရားက ကိုယ့်ဘက်မှာ မျက်နှာသာပေးတတ်တယ်ဆိုတဲ့ ဗဟုသုတလေး ယူသွားပါတယ်..