မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 March 2011

17 “ လက် ” ကဗျာ နှင့် ပတ်သတ်၍



အောက်ပါ “ လက် ”  ဆိုသော ကဗျာလေးကို ကျွန်တော် အောက်ပါ နှစ်နေရာမှာ အရင်တင်ခဲ့ပါတယ်။

http://zaw357.multiply.com/journal/item/566 မှာ 31.8.2009 ကရေးထားတာပါ။

http://multiplygroups.multiply.com/journal/item/5/5  မှာ 1.9.2009 က သွားတင်ခဲ့ပါတယ်။ 

ဒီဘလော့ နေရာမှာတော့ 2/5/2010 က တင်ခဲ့ပါတယ်။

ဒီကဗျာဟာ ရန်ဖြစ်လိုက် ပြန်ပြီး ခင်ခင်မင်မင် ဖြစ်သွားလိုက် ဖြစ်တတ်ကြသော ကျွန်တော်တို့ သူငယ်ချင်းတွေကိုသာ ရည်ရွယ်ပါတယ်။ အဲဒီနေ့တုန်းကလည်း ကျွန်တော့် သူငယ်ချင်း နှစ်ယောက် အကြောင်းအရာ တစ်ခုကြောင့် စကားများကြပြီး ခဏနေတော့လည်း ဘာမှ မဟုတ်ဘဲ ပြန်တည့်သွားကြတာကို မြင်မိပြီး စိတ်ကူးရကာ ချက်ချင်း ချရေးလိုက်တာပါ။ တခြားသော ရည်ရွယ်ချက်လည်း မရှိပါ။ ထိုသူငယ်ချင်း နှစ်ယောက်က ငယ်စဉ်ကတည်းက ပေါင်းလာတဲ့ ယောက်ျားလေး သူငယ်ချင်းပါ။

သို့သော် ကျွန်တော် ဘလော့ပေါ်တင်ပြီး သိပ်မကြာခင်မှာ မေးလ်ထဲကို ဟိုလူပို့ ဒီလူပို့နဲ့ ပျံ့နှံ့ခဲ့ပါတယ်။ တချို့သော နေရာတွေက ကျွန်တော် ပေးထားသော ခေါင်းစဉ် “ လက် ” ဆိုတာကို ပြင်ဆင်ပြီး သူတို့ နှစ်သက်ရာ ခေါင်းစဉ် တပ်ကာ ရေးသူမသိဘဲ တင်ကြပါတယ်။ မူရင်း အညွှန်းလင့်လည်း မပါပါ။ ဒါက ဖြစ်ရိုး ဖြစ်စဉ်မို့ မထူးဆန်းတော့ပါ။

ထူးဆန်းတာ တစ်ခုကတော့ ဒီကဗျာကို လူတစ်ယောက်က ကျွန်တော် ( ကိုဇော် ) က သူ့အတွက် ရေးပေးတာဟု ဆိုကာ လျှောက်ပြောနေတာကတော့ အတော်ကို ထူးဆန်းမိပါတယ်။ ကဗျာ အရေးမကောင်းသော ကျွန်တော့်ဆီက လက်ဆောင်ကဗျာ တောင်းသူတိုင်းကို ထိုသက်ဆိုင်ရာ ကဗျာရဲ့ အောက်ခြေမှာ ဘယ်သူ့ကို လက်ဆောင်ပေးထားပါတယ် ဟု ဆိုကာ ကျွန်တော် ရေးလေ့ ရှိပါတယ်။ 

ဒီကဗျာကတော့ ကျွန်တော့်ရဲ့ ယောက်ျားလေး သူငယ်ချင်း တစ်ယောက် ( သို့ ) နှစ်ယောက်ကို ရည်ရွယ်၍ ရေးထားတာ ဖြစ်သော်လည်း ဒီကဗျာကို ဘယ်သူ့ကိုမှ လက်ဆောင် မပေးဖြစ်ပါ။ ဘယ်သူကမှလည်း လက်ဆောင်ပေးပါ လို့ မတောင်းပါ။ သို့သော် ဒီကဗျာကို ထိုသူက သူ့အတွက် ကျွန်တော်က ရေးပေးတာပါ ဟု ဆိုကာ သူ့ဖာသာ ထင်နေတာလား ၊ လူတွေ အထင်မှားအောင် လုပ်ဆောင်နေတာလား မသိသော သူ တစ်ယောက်ကို ကျွန်တော် ( 23.3.2011 ) ဒီနေ့ကမှ ရှိကြောင်း သိရတာ ဖြစ်ပါတယ်။ တကယ်လည်း အံ့သြသွားမိပါတယ်။

ကျွန်တော်က ပေးတာလည်း မဟုတ်ဘဲ ၊ ဒီကဗျာကို သူ့အတွက် ကျွန်တော်က ရေးပေးတာပါ ဟု လူအထင်မှားအောင် လျှောက်ပြောနေသူ တစ်ယောက်ကို ကျွန်တော် အလွန် အံ့သြစွာ ရှုတ်ချမိပါတယ်။ ကဗျာက ထူးထူးခြားခြား ကဗျာတော့လည်း မဟုတ်ပါ။ ဖတ်မိသူ အားလုံး ကျွန်တော့်တို့ သူငယ်ချင်းတွေရဲ့ ဖြစ်စဉ်တွေကို သရုပ်ပေါ်လာမိလိမ့်မယ် ထင်မိပါတယ်။ ဒီကဗျာကို ကျွန်တော် အခု အချိန်အထိ ဘယ်သူ့ကိုမှ လက်ဆောင် မပေးဖြစ်သေးပါ။ အခုတော့ ဘယ်သူ့ကိုမှလည်း ပေးတော့မည် မဟုတ်။

လက်

ဟုတ်တယ်..သူငယ်ချင်း...
လက်တစ်ဖက်ကို ထောင်ကြည့်....။
ငါ့ဘက်က လက်ဖမိုးဆိုရင်...
မင်းဘက်က လက်ဖဝါးပေါ့...။
ဒါက ကလေးကလားပါ...။

ငါ ပြောတာက....
လက်တစ်ဖက်ကို ဘေးတိုက်ကြည့်...
အင်း...မင်းမြင်လား..။
ငါ့ဘက်က လက်မက စရင်....
မင်းဘက်က လက်သန်းက စမယ်..။
ဒါဟာလည်း အမှန်တရားပဲ...။

လူတွေက.....
မှောက်ချည် ၊ လှန်ချည် လုပ်ဖို့သာ..
သူတို့စဉ်းစားနေကြတာ....။
လက်ဆိုတာ....
ခုတ်လို့ ၊ ထိုးလို့လည်း ရသေးတယ်..။

ဘဝဆိုတာ အပိုင်းအစ တစ်ခု...
နှိုင်းပြ ညှိဖို့ဆိုတာ .....
တော်တော် တော့ ခက်တယ်....။

အမရာဒေဝီ လက်ဝါးထောင်ပြတာ...
မင်းကလည်းတစ်မျိုးတွေးချင် တွေးမှာပေါ့..။
ငါကလည်း တစ်မျိုးတွေးမိတယ်လေ..။
ဒါကြောင့်...ငါတို့...
အမရာ နဲ့ ဝေးလိုက်ရတာ ဖြစ်မယ်..။
ဟော....မဟော်သဓာကတော့...
ဒီလက်ဖဝါးကို ကောင်းကောင်း အသုံးချသွားတယ်..။

ကဲပါ...သူငယ်ချင်း...
မင်း နဲ့ ငါ ဘယ်လောက်ဝေးဝေး...
ရော့ကွာ..ငါ့လက်တစ်ဖက်..
လာကွာ....မင်းလက်တစ်ဖက်ကမ်း....
သူငယ်ချင်းရေ...ရှိတ်ကမ်း( Shaking )....။ ။

ကိုဇော်

http://zaw357.multiply.com/journal/item/566 မှာ 31.8.2009 က ပထမ ဦးဆုံး ရေးကာ တင်ထားပြီးမှ တခြားနေရာတွေမှာ ကူးယူ ဖော်ပြပါတယ်။

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

တွဲလက်တွေနဲ့ဘဲ ဆုံတွေ့ပြီး
ခွဲလက်တွေနဲ့ ဝေးပါစေရှင်။

မြသွေးနီ

အဆိပ်သင့်သူ said...

ဒီကဗျာလေးဖတ်ပြီး ကိုယ့်လက်ကိုကိုယ်ပြန်ကြည့်မိတယ်။
ကောင်းတယ်ရှင်။သူငယ်ချင်းရဲ့ကမ်းလက်တွေခိုင်မြဲပါစေ။

အမည်မဲ့ said...

သူငယ်ချင်းရဲ့ ချစ်ခြင်းကို ပေါ်လွင်စေတဲ့ကဗျာလေးပါ။
သံယောဇဉ် သူငယ်ချင်းအတွက်ထင်တယ်။
သူငယ်ချင်းတစ်ယောက်ကိုရည်ရွယ်ရေးသားတယ်ဆိုလို့ပါ။
ကောင်းတယ် ကိုဇော်။

အမည်မဲ့

ခနွဲ said...

အမြင်မတူ အသွင်မတူပေမယ့် သူငယ်ချင်းတော့ ဖြစ်နိုင်တာပဲလေ။ ကဗျာလေးက အရမ်းကောင်းတယ် ကိုဇော်။ ရှိတ်ကမ်း။

မောင်မျိုး said...

ဆန့်ကျင်ဘက်တွေးပါဆိုတဲ့ စာအုပ်လေးပြန်ဖတ်အုံးမှပဲး)

နေ၀ဿန် said...

အခုမှ ဖတ်မိတယ်.. မိုက်တယ်.. ကဗျာလေးက

ခင်မင်တဲ့
နေ၀ဿန်

မိုးယံ said...

ရှိတ်ကမ်း ဦးလေးဇွတ်၊ လာလေ ဟစ်လိုက်ရအောင် တစ်ပုဒ်လောက် ဘ၀ရဲ့ သံစဉ်ချိုတွေ။

Anonymous said...

အတွေးကောင်းတဲ့ ကိုဇော် ရဲ့ လက်ကဗျာ လေးကို ဖတ်သွားတယ်နော်

ချမ်းမြေ့ပါစေ
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အတွေးကောင်းကောင်းနဲ့ ကြည်နှူးစရာ ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါလားအကို။
ခံစားအားပေးလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

တောက်ပကြယ်စင် said...

"လက်"ကဗျာလေး ကောင်းတယ်၊ လင်နဲ့မယား လျှာနဲ့သွားဆိုသလိုပေါ့ "သူငယ်ချင်းတွေကြား လျှာနဲ့သွား"လို့တောင် ပြောရမလို ဖြစ်နေတယ်။ ဘုန်းဘုန်းတို့လည်း တစ်ခါတစ်ခါ ဖြစ်တတ်ကြပါတယ်။ လူဝတ်ကြောင်တွေလည်း ဖြစ်တတ်ကြမှာပဲနော်။ ဖြစ်တာမထူးဆန်းပေမယ့် ဖြစ်ပြီးရင် ရေပေါ်အရုပ်ရေးလိုက်သလို ဖြစ်ဖို့လည်း လိုသေးတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ

ဟန်ကြည် said...

ရုရှားက ဗော့ဒ်ကာအရက် နံမည်ကြီးလာတော့ တခြားနိုင်ငံတွေက အတုလိုက်ခိုးပြီး ထုတ်ကြသတဲ့...အဲဒီမှာ မူလလက်ဟောင်း ရုရှားဗော့ဒ်ကာက “တုပခြင်းခံရသည့်အတွက် ဂုဏ်ယူပါသည်” လို့ ပြန်ကြော်ငြာပါတယ်...ဂုဏ်ယူလိုက်ပါဗျာ...ကဗျာလေးက ကောင်းတော့လည်း လိုချင်တဲ့သူများမှာပေါ့ အဲဒါပဲပေါ့ ဥယျာဉ်မှူးရဲ့ သောကများဆိုတာ...

အဖြူရောင်နတ်သမီး said...

မိုက်တယ်ဗျို့...
ကဲ..ရှိတ်လိုက်ကြရအောင်...
ရှိတ်ကမ်းးးးးးး

ahphyulay said...

သြ ..........
ဒီလိုလား၊
ဘယ်လိုပဲ ဖြစ်ဖြစ် ခွင့် လွှတ်လိုက်စေချင်ပါတယ်။
ကိုယ့် ရဲ့ ဖန်တီးမှုကို သူက နှစ်သက်မိလို့ 
ရူးသွတ်ခြင်းလည်းဖြစ်နိုင်ပါတယ်။ ပရိသတ်မှာ
အဲ့ လို ရူးသွတ်နိုင်တဲ့  အခွင့်အရေးတော့  ရှိမှာပါ။
ကျွန်တော်တောင် ဒိုင်ယာလော့ ကလေးကို
ကြိုက်သွားတယ်..။

ဝက်ဝံလေး said...

ရှိတ် ရှိတ် ရှိတ် လိုက်
ဟေ့ ကောင်းတယ်ဝေ့ ဘိုးဇော်ရေ....

ကျောက်လက်ဝါး said...

လက်ဖဝါးပြတယ်နော်...လျက်ဆားရမယ်..
လျက်ဆား လျက်သူနဲ့တော့ ရှိတ်ကမ်းမလုပ်နိုင်ပါဘူး..
တော်ကြာ အီး ပေါက်ပြီး လက်မလွှတ်ပဲ အတင်းဆွဲထားမှဖြင့်..

akhayar said...

ကဗျာလေးမူပိုင်ပျောက်ပြီး နာမည်ကြီးသော်လည်း
အခုမှပဲ ဖတ်မိတယ်
အရမ်းကြိုက်တယ်
ရှိတ်ကမ်းပါ နော်....

Anonymous said...

ကိုဇော်.
ခေတ်ကာလတွေ ပြောင်းကုန်ပြီလေ။ ခုခေတ်က လက်ချင်းမရှိုတ်တော့ဘူး။ ဖက်ကြတယ်လေ. ပြန်ပြောင်းရေး နောက်တစ်မျိုး။ တစ်ချို့က ဖက်ပြီး နမ်းတောင် နမ်းလိုက်သေးတယ်။ အဲတာကလည်း သူငယ်ချင်းတွေရဲ့ ချစ်ခြင်းသင်္ကေတ ဘဲ။ အဟီး..အဟီး...မှတ်ချက်..မရိုးသားစွာနဲ့ ကောင်မလေးတွေကိုတော့ လိုက်မဖက်နဲ့နော်။ လက်ဝါးနဲ့ တွေ့သွားမယ်။ မဟော်သဓာလို မဟုတ်ဘဲ.... အဟီး...ပျော်ရွှင်ပါစေ