မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 July 2010

12 မောင်ရိုးရေချိုးခြင်း



မောင်ရိုးသည် အရမ်း အပျင်းကြီး၍ အအေး အလွန်ကြောက်သူ တစ်ယောက် ဖြစ်သည်။ မောင်ရိုး နေထိုင်ရာ ဒေသလေးသည် တောင်ပေါ်မြို့လေးမှာ ဖြစ်သည်။ တိတ်ဆိတ်အေးချမ်းသည်။ တောင်ပေါ်မြို့လေး ဆိုတော့ အေးတာပေါ့။ ဒီမှာ မောင်ရိုးက ရေမချိုးဘူး ဆိုပဲ ၊ သူဆင်ခြေကတော့ “ အေးလို့ ” တဲ့။

ဒါနဲ့ တစ်နေ့ကျတော့ သူ့အိမ်ကို သူ့ဦးလေးတစ်ယောက် အလည်လာရင်း မောင်ရိုးကို ပြောတယ်။

“ မင်းကွာ မဟုတ်တာပဲ။ ရေချိုးတယ် ဆိုတာ ပထမ တစ်ခွက်ပဲ အေးတာပါကွ။ ဒုတိယ တစ်ခွက်နဲ့ နောက်ခွက်တွေ မအေးတော့ပါဘူး။ ”

“ တကယ်နော် ဦးလေး။ တကယ်ပဲ ပထမ တစ်ခွက်ပဲ အေးတာ သေချာလား။ ”

“ အေးပေါ့ကွ တကယ်ပေါ့။ ”

ဒါနဲ့ ညနေလည်း ရောက်ရော မောင်ရိုးက ရေချိုးခန်းထဲကို ဝင်ပြီး ရေတစ်ခွက်ခပ်လိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း...

“ ဦးလေးက ပြောတယ်။ ရေချိုးတာ ပထမတစ်ခွက်ပဲ အေးတာပါ တဲ့။ ဒုတိယနဲ့ နောက်ခွက်တွေ မအေးဘူးတဲ့။ ဒါကြောင့် သွားစမ်း ပထမခွက်။ ဒုတိယ ခွက်ကို ချိုးမယ်။ ”

ဆိုပြီး ပထမခွက်ကို သွန်ချလိုက်တယ်။ ပြီးတော့ ဒုတိယခွက်ကို ခပ်လိုက်ပြီး သူကိုယ်ပေါ် လောင်းချလိုက်တယ။ ဒီတော့...

“ အား ဦးလေး လိမ်တယ်။ ဒုတိယခွက်လည်း အေးတာပဲ။ တော်ပြီ ရေမချိုးတော့ဘူး။ ”

ဆိုပြီး အဲဒီအချိန်ထဲက ရေမချိုးပဲ နေလာလိုက်တာ လတွေ ၊ နှစ်တွေ ကြာလာတော့ ခန္ဒာကိုယ်ကနေ အနံ့အသက်တွေ ထွက်လာပြီး သူ့နား ဘယ်သူမှ မကပ်ကြတော့ ဘူး ဆိုပဲ။


မောင်ရိုးတို့ မြို့လေးမှာ အရမ်းညစ်ပတ်တဲ့ အရူးတစ်ယောက်ရှိတယ်။ သူက ဘာအလုပ်မှတော့ မယ်မယ်ရရ မလုပ်ပါ။ တောထဲတိုး ၊ တောင်ပေါ်တတ် ရှာလို့ တွေ့တာစား ၊ အဲ သူရှာလို့ မရတော့ဘူး ဆိုရင်တော့ မြို့ထဲ လှည့်ပြီး တွေ့တဲ့ သူတွေဆီက ပိုက်ဆံ လိုက်တောင်းတယ်။ သူပိုက်ဆံ အတောင်းခံရတဲ့ သူတွေကလည်း ဘာဘာညာညာ ထွေထွေထူးထူး မပြောတော့ပါဘူး။ အရူးဆီက ထွက်လာတဲ့ အနံ့အသက်တွေ မခံနိုင်တာနဲ့ တင် မြန်မြန်ပေးလိုက် ကြတာပါပဲ။

အရူးကလည်း ရူးနေတယ် ဆိုပေမဲ့ ဘာမှ အနှောင့်အယှက် မပေးတော့ သူ့ကို ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် နေခွင့်ပြု ထားကြတယ်။ အရူးနေတာက မြို့အစွန်မှာ ရှိတဲ့ ကျောက်ဂူကြီးထဲမှာ ညစ်ညစ်ပတ်ပတ် နေသတဲ့။ ဒီလောက် ညစ်ပတ်တဲ့ အရူးဂူထဲကို ဘယ်သူမှ အရေးလုပ်ပြီး မဝင်ကြဘူးပေါ့။

အဲ . . . တစ်နေ့ကျတော့ တောင်ပေါ်မြို့လေးမှာ ရှိတဲ့ လူတွေ တစ်ခု သတိထားမိလာကြတယ်။ သူတို့ အရူးကို မတွေ့တာ တစ်ပတ်လောက် ရှိသွားကြပြီလေ။ သူ့ကိုယ်မေး ၊ ကိုယ့်သူမေး ရင်းနဲ့ တဖြေးဖြေး တစ်မြို့လုံး အုတ်အုတ်ကြွတ်ကြွတ် ဖြစ်လာကြတယ်။ ဟုတ်တယ်လေ။ တစ်ယောက်တည်း နေတဲ့ အရူးကို မတွေ့တာကြာတော့ အရူးများ သူ့ကျောက်ဂူထဲမှာ သေနေလို့ မြို့ထဲ မလာနိုင်တော့တာလား။ သူတို့ ဒီလို တွေးမိတယ်။

ဒါနဲ့ပဲ ၊ မြို့ထဲက လူတွေ အားလုံး ကိုယ့်ဖာသာကိုယ် အစီအစဉ်နဲ့ ကြုံရာကြုံရာ လူတွေ စုပြီး အရူးရဲ့ကျောက်ထဲဂူကို ဝင်ကြည့်ကြတယ်။ တကယ်တော့ အရူးက ဘာမှ မဖြစ်ပါ။ ဘယ်ကရထားမှန်း မသိတဲ့ ငှက်ပျောသီးတွေ အခိုင်လိုက်ရှိနေလို့ သူကျောက်ဂူထဲကနေ ဘယ်မှ မထွက်တမ်းကုတင်ပေါ်မှာ ထိုင်စားနေတာပါ။ ဒီမှာ ဒီလောက်ညစ်ပတ်တဲ့ အရူးရဲ့ဂူထဲကို ဝင်သွားတဲ့ လူတိုင်းကြာကြာ မနေနိုင်ကြပါဘူး။ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း “ အား နံတယ် နံတယ် ။” လို့ အော်ရင်း ပြေးထွက်လာကြတယ်။

ဒါနဲ့ပဲ သူသွား ၊ ကိုယ်သွားနဲ့ အရူးဂူထဲလည်း မြို့ပေါ်မှာ ရှိတဲ့ လူတော်တော်များများ ရောက်ဖူး သွားကြတယ်။ မောင်ရိုးကလည်း အရူးနေတဲ့ တောင်ပေါ်မြို့လေးက ဆိုတော့ သူလည်း အရူးမြို့ထဲမှာ ပျောက်နေတာကို သတိထားမိတယ်။ ဒါနဲ့ သူလည်း အရူးနေတဲ့ ကျောက်ဂူထဲမှာ အရူး ဘာဖြစ်နေတာလဲ ဆိုတာ သိရအောင် ဘယ်သူမှ မခေါ်ပဲ တစ်ယောက်တည်း ဝင်သွားတာကို မြို့ပေါ်မှာ ရှိတဲ့ လူတချို့ကတွေ့လိုက်ရတယ်။

ဒီလိုနဲ့ ခဏလောက်ကြာတော့ ကျောက်ဂူထဲကနေ “ အား နံတယ် နံတယ်။ ” လို့ ဆိုပြီး အော်သံနဲ့ အတူ လုတစ်ယောက် ပြေးထွက်လာတာကို မြို့ပေါ်မှာ ရှိတဲ့ လူတွေ တွေ့လိုက်ကြရတယ်။ ဒီတော့ သူတို့ ပြေးထွက်လာတဲ့ သူကို ကြည့်လိုက်တော့ နှာခေါင်းကို လက်နဲ့ ပိတ်ရင်း ပြေးထွက်လာသူက “ အရူး ” ဖြစ်နေတယ်။

သြော် မောင်ရိုး ၊ မောင်ရိုး ညစ်ပတ်တယ် ဆိုတာ အရူးက နံတယ် အော်ရလောက်အောင်ကို ရေမချိုးတာဗျာ။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။

ပုံပြင်လေး တစ်ခုလုံး ပြောပြလိုက်တော့ ကျွန်တော် နှစ်သက်တဲ့ နေရာလေးကို ရယ်စရာလေးက ဖုံးသွားမှာ စိုးလို့ နည်းနည်းတော့ ရှင်းပြဦးမယ်ဗျာ။ ဘာပဲ လုပ်လုပ်ပေါ့ဗျာ။ မောင်ရိုးရေချိုး သလိုပါပဲ။ ပထမဆုံးတစ်ကြိမ်ပဲ ခက်တာပါ။ အစကိုး။

ဒါကို လုပ်ရမှာ စိုးလို့ ဟိုရှောင် ၊ ဒီရှောင် နဲ့ ဆိုရင် ဘယ်နေရာမှာ ဘာအလုပ်လုပ် အခက်အခဲတွေနဲ့ တွေ့နေရမှာပါပဲ။ ဒါကြောင့် လုပ်စရာ ရှိတာလေးတွေကို မောင်ရိုးရေချိုး တာကို သတိရပြီး ပထမခွက်လေးကို ရှောင်မနေပါနဲ့ ချိုးချလိုက်စမ်းပါ။ လုပ်စရာရှိတာ လုပ်ချလိုက်စမ်းပါ။

တကယ်လို့ ပထမအကြိမ်လုပ်ရမဲ့ ဟာတွေကို ရှောင်နေရင် နောင်ထပ်ချိုးမဲ့ ၊ နောက်ထပ် လုပ်မဲ့ အလုပ်တွေကလည်း ပထမရေခွက် ၊ ပထမအလုပ်တွေ ဖြစ်လာဦးမှာပါပဲ။ ဒါဆိုရင် မောင်ရိုးရေချိုးသလိုမျိုး ဒုတိယခွက် ၊ တတိယခွက်တွေ နောက် နောက်တွေကလည်း ခက်နေဦးမှာပါ။


နောက်ဆုံး ဘယ်အချိန်မှ ထလုပ်လုပ် အခုမှ စတယ် ဆိုရင် အားလုံးက ပထမခွက်တွေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လုပ်စရာတစ်ခုခု ရှိနေရင် ပထမအကြိမ်လေးကို ခက်ချင် ခက်နေပါစေ ၊ လုပ်စရာရှိတာ လုပ်လိုက်စမ်းပါ။



မှတ်ချက်။ ။ ကျွန်တော် အရမ်းနှစ်သက်တဲ့ ပုံပြင်ထဲက တစ်ပုဒ်ပေါ့ဗျာ။ ငယ်ငယ်က ရွှေသွေး ဂျာနယ် ထဲမှာ “ စမ်းချောင်းကိုကိုအောင် ” က ရေးတာလို့ ထင်မိပါတယ်။ အခုကတော့ ကျွန်တော်
ပြင်ဆင် တင်ပြတာပါ။

 

လေးစားစွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/656
မှာ 27.9.2009 က ရေးထားတာပါ။

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ငယ်ငယ်က ပုံပြင်လေး ဆိုပေမယ့် ဒီလို အရွယ်မှာ ဒီလို အတွေးလေးနဲ့ ဖတ်လိုက်ရတော့ တန်ဖိုးရှိတဲ့ အသိလေးတွေ ရလိုက်တယ်နော်...

နေ၀သန် said...

အင်း... သာမန်ပုံပြင်လေးတစ်ပုဒ်ကို ဒီလိုဆွဲထုတ်တွေးလိုက်တော့လည်း အတွေးသစ်တွေ အမြင်သစ်တွေနဲ့ ပညာသစ်တွေရတယ်ဗျာ..


ခင်မင်တဲ့
နေ၀သန်

ဧပရယ်လ်ပူး@ပူးတေ said...

ကောင်းတယ်အစ်ကို
ပု့ပြင်လေးမှာ အတွေးလေးပါ ထပ်ဖြည့်စွက်လိုက်တော့ ဗဟုသုတရစရာ ပညာပေးစရာ ပုံပြင်ကောင်းလေး တပုဒ်ဖြစ်သွားတာပေါ့... ပူးတေလဲ ဒီလိုပဲ... ခက်တယ် ကြာတယ်..ဆိုပြီး မလုပ်ပဲ ထားလို့ မပြီးတာကို လုံးဝမကြိုက်ဆုံးပဲ... ကြိုးစားနေရဲ့သားနဲ့ မပြီးတာကျတော့ နားလည်ပေးလို့ရတယ်....

sosegado said...

ရှာရှာဖွေဖွေတင်ပြပေးတာကောင်းပါတယ်၊ ငယ်ငယ်တုန်းကဖတ်လို့ကောင်းတဲ့ ရွှေသွေးဂျာနယ်ကို အမှတ်ရမိပါတယ်၊

ခိုင်နုငယ် said...

ရယ်ရွှင်ဖွယ်ပုံပြင်လေးကို
အတွေးကောင်းလေးနဲ့ရေးလိုက်တော့
ရသဖြစ်သွားတာပေါ့..။

Anonymous said...

ကိုဇော်

မောင်ရိုးရေချိုးသလို လုပ်မနေနဲ့...။

မောင်မိုး

ရွေနတ်သား said...

အနော် ကတော့ ရေချိုးတယ်ဗျို့ 
တစ်နေ့ ကိုနှစ်ခါဘဲ....ဟီးး

ဖိုးသား said...

မောင်ရိုးရေချိုးတာကိုမှတ်သားသွားပါတယ်

မိုးယံ said...

ဖတ်ပြီးမှတ်သားသွားတယ်ကိုဇော်ရေ.........
ရယ်စရာနှင့်တွေးစရာလေးပါပဲဗျာ.....

nitarlay said...

Very good my brother

သတိုး said...

ပထမဆုံး ရေတစ်ခွက်ကို ရှောင်ချင်ကြတာနဲ့ ကျွန်တော်တို့တတွေ ရေမချိုးဖြစ်ပဲ နေလာလိုက်တာ အရူးကတောင် နံလို့ထွက်ပြေးရတဲ့ ကိန်း ဆိုက်နေပြီလား။ ဆိုးချက်...........။း(

aung thein said...

အစ်ကို ဆိုက်ထဲက စာတွေဖတ်ရတာ ဂွတ်တယ် ကျေဇူး အောင်မြင်ပါစေအစ်ကို