မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 January 2011

19 လက်ဆောင်



        တိတ်ဆိတ်အေးချမ်းပြီး လေငြိမ်နေတဲ့ ညနေခင်း တစ်ခုမှာ ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် ဟိုနားဒီနား လမ်းလျှောက်ဖို့ အဆောင်ကနေ ထွက်လာခဲ့၏။ သူ့ကို “ ဘာဘူ ”  လို့ ကျွန်တော်တို့ ခေါ်၏။ သူကလည်း ဒီလို အခေါ်ခံရတာကို နှစ်သက်သည်။ ဟာသဥာဏ် အရမ်းပြည့်ပြီး တွေ့တဲ့ လူကို ကြုံတဲ့ နေရာမှာ ဖြစ်သလို ချောက်တွန်းတတ်သူ ဖြစ်သည်။ စကားပြောကလည်း အလွန်ကောင်းပြီး လူတစ်ယောက် ပြန်မပြောနိုင်အောင်လည်း အကွက်စေ့အောင် ပြောတတ်လှသည်။ ဒါပေမဲ့ တွေ့တာကို တွေ့တဲ့ အတိုင်း ပြောတတ်တဲ့ လူဖြောင့် စိတ်တိုတွေထဲမှာတော့ ပါ၏။

      ကျွန်တော်တို့ နှစ်ယောက် လမ်းသာ လျှောက်လာကြတာ စကား မပြောမိကြဘူး။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ နေဝင်ချိန် ဆည်းဆာရောင် တိမ်တွေက ကျွန်တော်တို့ နှစ်ယောက်ကို ပြုစားထား ကြသည်။ ညနေခင်းက ကျွန်တော်တို့ကို ဖမ်းစားထား၏။ လေက ငြိမ်နေတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေ သလိုပါပဲ။ တိမ်တောက်ချိန်ဟာ ရုပ်ဆိုးသူကိုတောင်မှ လှစေတယ် ဆိုမှတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အရာရာဟာ လှပနေ၏။ ဒီအထဲမှာ ကျွန်တော်တို့လည်း အပါအဝင်ပေါ့။

         “ ဟေ့ကောင်တွေ ဘယ်လဲ။ ”

        အသံကြားတာနဲ့တင် ကျွန်တော်တို့ ညနေခင်းလေးတော့ ပျက်ပြီ ဆိုတာကို ခံစားလိုက် ရလေသည်။ “ မောင်ထူး ” ။ အဲဒီကောင်က မောင်ထူးပဲ ဆိုတာ အသံကြားတာနဲ့ သိလိုက်ရ၏။ သူ့ကို လှည့်လည်း မကြည့် ၊ ပြန်လည်း မဖြေတော့ သူက အနားကို ပိုနီးအောင် ကပ်လာကာ ထပ်မေး၏။

        “ ဘယ်သွားကြမလို့လဲ ဟေ့ကောင်တွေ  . . . ”

        “ အင်း . . . ဟိုနား ၊ ဒီနားပါ ”

     မနေနိုင်တဲ့ ကျွန်တော်ကပဲ ပြန်ဖြေလိုက်မိ၏။ ဘာဘူကတော့ ဘာကိုမှ အလေး မထားတဲ့ လူတစ်ယောက်လို မောင်ထူး ပြောတာကို မကြားသလို ဟိုး . . . ပို၍ ဝေးရာကို လှမ်းကာ ငေးရင်း လျှောက်နေသည်။ ဒီတော့ နှစ်ယောက်တည်း ရှိရာမှာ မနေတတ်ဘဲ အားနာတတ်သော ကျွန်တော်ကပဲ လောကွပ်လုပ်ကာ ဖြေရ၏။ လောလော လောလောနှင့် စကားကို အနားကွပ် လိုက်တယ်လို့ပဲ ဆိုပါစို့။

        “ ဘယ်သွားကြမလို့လဲ မင်းတို့က . . . . ”

        အဲဒီလို မေးပြီးသား မေးခွန်းကြီးကိုပဲ ထပ်ကာ ထပ်ကာ သူက မေးတတ်သည်။ သူ့လိုပဲ မေးသမျှကို ဘာမှပြန်မပြောသော ဘာဘူကလည်း သူ့ဖာသာ မသိချင်ယောင် ထပ်ကာ ထပ်ကာ ဆောင်နေ တတ်သည်။ ဒီတော့ မနေတတ်တဲ့ ကျွန်တော်ကပဲ ထက်ကာ ထပ်ကာ ဖြေနေရတတ်သည်။

       “ ဟိုနား ဒီနားပါ ဆိုမှ မင်းကလဲ ”

       ဒီလို ပြောလိုက်လို့ လျော့သွားမယ် ထင်ပါသလား။ မောင်ထူး ဖြစ်ကြောင်း အထွန့်တတ်ကာ ဆက်ပြီး ငြင်းပြောလေး ပြောပါသည်။

       “ ဒီနားကတော့ သိတာပေါ့ကွ။ ငါ ပြောချင်တာက သွားမဲ့သွားရင်လည်း မောလ်ကို ရောက်အောင် သွားကြရအောင် ၊ ညနေခင်းကလည်း လေလေး တဖြူးဖြူးနဲ့ လမ်းလျှောက်လို့လဲ ကောင်းတယ်လေ ”

        လေဖြူးတာနဲ့ မေလ်ကို ရောက်အောင် သွားတာနဲ့ ဘာမှ မဆိုင်ပါ။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ကလည်း မောလ်ဘက်ကို သွားမလို့ပါပဲ။ ကျွန်တော်တို့နဲ့ နီးရာ သေးသေးကွေးကွေး Carrefour နဲ့ Jusco ရှိတယ်။ ဒီထက် ကြီးကြီးမားမား ဆိုရင်တော့ ကားစီးသွားပေါ့။ ဒါပေမဲ့ ဘာမှ ထွေထွေထူးထူး ဝယ်စရာက မရှိလေတော့ ဟိုငေးဒီငေး သိမ်းကြီးဈေး လို့ ဆိုရအောင် ကျွန်တော်တို့ နောက်ထပ် အသစ်ထွက် ကုန်ပစ္စည်းတွေကို ငေးမောယုံသာ ဖြစ်ပါ၏။ ဟုတ်တယ် “ ငေး ” ယုံနဲ့ ထိုပစ္စည်းများကို ကြည့်ကာ “ မော ” ယုံပါပဲ။

       “ မသွားပါဘူးကွာ ဘာလုပ်ဖို့လဲ ၊ ဝယ်စရာမှ မရှိဘဲ ဘာသွားလုပ်ရမှာလဲ ”

       “ အေး ငါတို့လည်း အခု အဲဒီဘက်ကို လမ်းလျှောက် မလို့ ” ဟု ကျွန်တော်က ပြောမယ် ရှိသေး ၊ ဟောဟောဒိုင်းဒိုင်း ဘာဘူက မောင်ထူးကို ပြောချလိုက်ခြင်း ဖြစ်၏။ သူ ပြောလိုက်တော့ ကျွန်တော်တောင်မှ ကြောင်တောင်တောင် ဖြစ်သွားမိသေး။ အခုပဲ မောလ်ဘက် လမ်းလျှောက်ရအောင်ကွာ ဆိုပြီး ကျွန်တော်တို့ ထွက်လာခဲ့ခြင်း ဖြစ်၏။

       “ ပစ္စည်း အသစ်တွေ သွားကြည့်တာပေါ့ကွ ၊ ဒီက ပစ္စည်းတွေက ငါတို့ဆီမှာ ရှိတာ မဟုတ်ဘူး ”

       မောင်ထူးကလည်း မောင်ထူးပါပဲ ၊ အဲဒီလိုတွေ အမြဲတမ်း ဟစ်ကြွေး ပြောဆိုတတ်သူ။ ဘာဘူကလည်း ဘာဘူ ဖြစ်ကြောင်း ချက်ချင်းကို သက်သေပြ၏။

      “ ငါ့တို့ဆီမှာ မရှိဘူး ဆိုပြီးတော့ မင်းက ဘယ်လို အချက်နဲ့ ပြောရတာလဲ။ ဘာတွေ မရှိရတာလဲ ”

      “ ဒီလိုလေကွာ။ ငါတို့ နိုင်ငံထက် ဒီနိုင်ငံက ပိုမြင့်တယ်။ ဒီနိုင်ငံမှာ သုံးတာတွေက ငါတို့ နိုင်ငံမှာ ရောက်မှ မရောက်သေးတာတွေ ၊ မရှိသေးတာတွေ ဖြစ်နေတယ်လေ ”

       “ မဟုတ်တာကွာ ၊ ငါတို့ နိုင်ငံမှာ မရှိဘူး ဆိုတာထက် မင်း ငါတို့ နိုင်ငံမှာ မသုံးနိုင်တာ လို့ ပြောစမ်းပါကွာ။ ကိုယ် မသုံးနိုင်တိုင်း မရှိဘူး လို့ မပြောစမ်းပါနဲ့ ”

         အာ . . . ပြဿနာတော့ စပြီ လို့ နှစ်ယောက်ကြား ထဲကနေ တွေးမိ၏။ တကယ်ကိုလည်း နှစ်ယောက် ကြားထဲက ဖြစ်၏။ သူတို့ နှစ်ယောက်ရဲ့ ကြားထဲမှာ လမ်းကို အလျားလိုက် လျှောက်ရင်း ခြေဦးတည့်နေမိသည် မဟုတ်ပါလား။ ဒီတော့ ဟိုဘက်က ပြော ၊ ဒီဘက်က ပြောသမျှကို ဟိုဘက် ဒီဘက် နားတွေကို ဝင်လိုက် ထွက်လိုက်ဖြင့် ခံစားနေရ၏။

        “ မင်း ကြည့်ပါလား။ ဒီမှာ ဘယ်လောက် ပစ္စည်းတွေ စုံလဲ။ ငါတို့ဆီမှာ ဒီလို ပစ္စည်းစုံစုံတွေ ရှိလို့လား ၊ တွေ့ရလို့လား ”

       “ မင်း တော်တော် ခက်နေပြီ မောင်ထူး။ ဘာလို့ မရှိရမှာလဲ။ မင်း ဘာလိုချင်လဲ အားလုံး ရတယ်။ အေး . . . ဒါပေမဲ့ တစ်ခုပဲ ရှိတယ် ဈေးတော့ များချင် များမယ်။ မရဘူး ၊ မရှိဘူး ဆိုတာ မရှိဘူးကွ။ ပြီးတော့ ဒီထက်တောင်မှ အရည်အသွေး ကောင်းသေးတယ်။ ”

      “ ဘယ်လိုလုပ် အရည်အသွေးက ကောင်းမှာလဲ။ နိုင်ငံ မြင့်လေ ပစ္စည်းတွေ မြင့်လေပဲ မဟုတ်လား။ မျက်စိစုံမှိတ်ပြီး ငြင်းမနေနဲ့ကွ။ ”

     “ ဘာကို အရည်အသွေး ကောင်းတယ် လို့ ပြောတာလဲ။ မင်းက ဘာကို ကြည့်ပြီးတော့ အရည်အသွေး ကောင်းတယ် လို့ ပြောရတာလဲ။ ”

       သူတို့နှစ်ယောက် ဆုံရင် အဲဒီလိုပဲ တဇွတ်ထိုး နဲ့ တဇောက်ကန်း တွေ့ကြတာ ဆိုတော့ ကြားက နားထောင် ရသူ မသက်သာလှ။ အခုလို ကြားမှာ နေပြီး ကြားနေရတော့ ပိုလို့တောင်မှ ဆိုးသေး။

        “ မောင်ထူး . . မောင်ထူး . . . လေ့လာပါ လေ့လာပါ ဆိုတော့လည်း ဘာမှ မလေ့လာဘူး။ သတင်းစာကို ဇောက်ထိုး ဖတ်ပြီး ဒီနေ့ ကားတွေ တော်တော် မှောက်တယ် လုပ်တယ်။ ဒီမှာကွ . . . မင်း မှတ်ထား။ ဥပမာကွာ - Canon ဆိုပါတော့။ ဒီမှာက ဒီက ထုတ်တဲ့ အရည်အသွေးပဲ ရတယ်။ ဒီမှာက ထုတ်လုပ်မှု ဈေးသက်သာတာကိုး ဒါကြောင့် ဒီနိုင်ငံမှာ လာရောက် တပ်ဆင်ကြတယ်။

      ငါတို့ဆီမှာ ဒီလို လာရောက် တပ်ဆင်သူတွေ နည်းနေသေးတယ်။ ဒါကြောင့် ထုတ်လုပ်တဲ့ နိုင်ငံကနေ တိုက်ရိုက် တင်သွင်းတယ်ကွာ။ တင်သွင်းမဲ့ တင်သွင်းမှတော့ အရည်အသွေး အကောင်းဆုံးဆီက တင်သွင်းတယ် ဒါပဲ။ ဒါကြောင့် ဈေးကမြင့်ပေမဲ့ တင်သွင်းရတာခြင်း အတူတူ အရည်အသွေး ပိုကောင်းတာကို တင်သွင်းကြတယ်။ ဒီနေရာမှာ မကောင်းတာ တစ်ခုတော့ ရှိတယ်။ ”

       “ ဘာလဲ  . . . . . ”

      “ ဆရာ ပီမိုးနင်း ရေးထားတဲ့ စာထဲကလိုပေါ့။ အဝင်ပဲ ရှိပြီး အထွက် မရှိတဲ့ နိုင်ငံဟာ အစားပဲ ရှိပြီး စွန့်ထုတ်မှု မရှိတဲ့ လူလိုမျိုး အချိန် ကြာတာနဲ့ အမျှ ဆီးချုပ် ၊ ဝမ်းချုပ် ဖြစ်ပြီး သေတတ်တယ် တဲ့ ၊ အဲဒါပဲ ”

       “ ဒါတွေ ငါ မသိဘူးကွာ။ ဒါပေမဲ့ အခုတော့ မျက်မြင်ပဲလေ ၊ ငါ့တို့ဆီမှာထက် အရာရာ ပိုပြီးတော့ တိုးတတ်နေတာပဲ မဟုတ်လား။ ပစ္စည်းတွေ ဆိုလည်း အသစ်အဆန်းတွေချည်းပဲ မဟုတ်လား။ ”

       “ မဟုတ်ဘူး ၊ မင်း မှားနေပြီ။ မင်းမှာ နိုင်ငံခြားကို အထင်ကြီးနေတဲ့ ရောဂါ ဝင်နေပြီ။ ငါတို့ဆီမှာ မတိုးတတ်သေးဘူး ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒီမှာက အရာရာ တိုးတတ်နေတယ် ၊ အသစ်အဆန်း တွေချည်းပဲ ဆိုတာတော့ မဟုတ်ဘူး။ ဒီလို မင်း ပြောတယ် ဆိုရင်တော့ မင်းကို ငါ တစ်ခွန်းပဲ ပြောလိုက်မယ် ”

         “ ဘာလဲ . .  ပြောစမ်းပါဦး ”

        “ ပြောရမှာတော့ အားနာပါတယ်လေ။ ဒါပေမဲ့ မင်းသိအောင်တော့ ပြောရမှာပေါ့။ တကယ်တော့ မင်းက ဟိုမှာ မနေဖူး ၊ မထိုင်ဖူး ၊ မစားဖူးတော့ မမြင်ဖူး မူးမြစ်ထင် ဆိုသလို ဖြစ်ပြီးတော့ နိုင်ငံခြား အထင်ကြီးတဲ့ ရောဂါ ဝင်နေတာကွ။ ”

          ဟာ . . . ဒီကောင်တွေနဲ့တော့ ခက်ပြီ လို့ တွေးလိုက်မိ၏။ ငြင်းကြ ခုန်ကြဦးတော့မည်။ သွားနေတဲ့ လမ်းဆုံး မောလ်ကလည်း မရောက်သေး။ တစ်မှတ်တိုင် ကျော်ကျော်  လိုသေး၏။ ဒီကြားထဲမှာ ဆောက်လက်စ ဆောက်လုပ်ရေး နေရာ တစ်ခုကို ဖြတ်ကာ သွားရဦးမည်။

        “ မင်းကရော ဘာတွေများ ဒီလောက်တောင်မှ ဟိုမှာ သုံးဖူးလို့လဲ ၊ ဒီမှာလို ဟိုမှာရော တွေ့ဖူးလို့လား ၊ မြင်ဖူးလို့လား။ ”

       “ သေချာတာကတော့ မင်းလို ရန်ကုန် တောသား မဟုတ်ဘူး ဆိုတာပဲ။ မင်းသာ ဘာမှ မမြင်ဖူး ၊ မတွေ့ဖူးတိုင်း ဟိုမှာ မရှိဘူး လုပ်နေတာ။ ဒီရောက်မှ မြင်ဖူး တွေ့ဖူးတာ အရမ်းကို သိသာနေတယ်။ ”

      “ မင်း ရန်ကုန် မှာနေလို့လဲ ဟေ့ကောင် ”

      “ ငါက အစုံနေဖူးတယ်။ အခုတော့ တာမွေမှာ . . . . ”

      “ ငါက သင်္ကန်းကျွန်းမှာကွ . . . . ဘာများ ကွာလို့လဲ။ ခရီး နည်းနည်းလေးပဲ ကွာတာ. . .  မင်းကို မင်း လူတတ်ကြီး ထင်မနေနဲ့ ”

       ဟာ . . . . ဒီကောင်တွေနဲ့တော့ ဒုက္ခပဲ။ ကြားမှာ နေရတာ မလွတ်လပ်သလို ခံစားရ၏။ ဘေးကို ထွက်လိုက်ပြီး သူတို့ နှစ်ယောက်ကို ယှဉ်လျက် ထားလိုက်ကာမှ ထထိုးနေကြရင် မခက်လား။ မဖြစ်သေးပါဘူး ဒီအတိုင်းပဲ မသိမသာလေး ထားလိုက်တာပဲ ကောင်းပါတယ်လေ။ ဒီလို သူတို့ နှစ်ယောက်ကို ဘယ်ညာမှာ ထားပြီး လျှောက်လာရင်း စိတ်ထဲကလည်း မောလ်ကို မြန်မြန် ရောက်ပါစေလို့ စိတ်ထဲက တွေးနေမိ၏။ မောလ်ကို ရောက်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းနားကို ရောက်လာ၏။

      “ ထင်နေတာ မဟုတ်ဘူးကွ။ အားလုံး မသုံးဖူးရင်သာ နေမယ်။ အားလုံး လိုလိုတော့ မြင်ဖူးတယ်။ မင်းလို တောကျပြီး ဘာမှ မမြင်ဖူး ၊ မတွေ့ဖူးတာ မဟုတ်ဘူး။ ဒီရောက်တော့မှ မြင်သမျှ တွေ့သမျှ အားလုံး သဘောကျ ဖြစ်နေတာ မဟုတ်ဘူးကွ။ ဟိုမှာလည်း ပစ္စည်းကောင်းတွေ ရှိတာပဲ။ ”

       “ ဟိုမှာလည်း ပစ္စည်းကောင်းတွေ ရှိတာပဲ ဆိုရင် ဒီမှာကြည့် . . . . ဒီအုတ်ခဲကို ကြည့်စမ်း။ ငါတို့ဆီက အုတ်ခဲနဲ့ ဘာကွာလဲ။ မြင်တယ် မဟုတ်လား။ ဒီက အုတ်ခဲက အခုလို ကွန်ကရစ်နဲ့ ကျောက်စရစ်ကို ရောပြီးတော့ လုပ်ထားတာ ငါ့တို့ဆီက ရွံ့အုတ်ထက်တော့ သာတယ်။ မင်း မြင်ဖူးလား။ ”

       မောင်ထူးက ပြောပြောဆိုဆို ဆောက်လုပ်ရေး ရှေ့က အုတ်ခဲ တစ်လုံးကို ကောက်ကိုင်ပြပြီး ဘာဘူ့ကို ချေပ ပြောဆိုလိုက်သည်။ ဘာဘူက မခို့တရို့ပြုံးရင်း . . . .

        “ ဒါကြောင့် မင်းကို ပြောတာ . . .၊ လေ့လာပါ လေ့လာပါ ဆိုရင် သတင်းစာ ဇောက်ထိုး ဖတ်ပြီးတော့ ဒီနေ့ ကားတွေ တော်တော် မှောက်တယ် လုပ်တယ်။ ပြောပြန်တော့လည်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ ရိုက်ပြန်တော့လည်း ပထွေးမို့လို့ ဆိုပြီး ပြောကြဦးမယ်။ မင်း မှတ်ထား . . . ဒီနိုင်ငံမှာက ရွံ့မြေ ရှားလို့ သူတို့ ရွံ့အုတ် မထုတ်နိုင်တာ။ ဒါကြောင့်သူတို့ဆီမှာ ရှိတဲ့ မြေသားကို ကျောက်နဲ့ ကွန်ကရစ် ရောပြီး အုတ်ခဲ ဖြစ်အောင်လုပ်ထားတာ။ ငါ့တို့ဆီမှာ မလုပ်နိုင်တာ မဟုတ်ဘူး။ ငါတို့ဆီမှာက ရွံ့နဲ့ အလွယ်တကူ ရတာမို့လို့ ဒီလို အုတ်ကို လုပ်စရာ မလိုတော့တာ  . . . နားလည်လား ”

       “ ဘာမှ လွယ်တယ် ၊ ခက်တယ် လာမပြောနဲ့။ မင်း ဒီလို အုတ်ခဲမျိုး ငါတို့ဆီမှာ တွေ့ဖူးလို့လား။ မတွေ့ဖူးဘူး မဟုတ်လား။ ဒါကြောင့် ပြောတာ . . . . ”

       ဘာဘူက မောင်ထူးကို အလွန်ကို သနားစရာ ကောင်းတဲ့ လူတစ်ယောက်လို မျက်လုံး မှေးကြည့်ရင်း . . . . . . .

      “ သြော်. . . . မောင်ထူး . . မောင်ထူး . . . နိုင်ငံခြားကို အထင်ကြီး စရာ ရှားလို့ကွာ။ နိုင်ငံခြားက ပစ္စည်းတိုင်း ကောင်းတယ် ဆိုပြီး ဖြစ်နေပါရောလား။ ကိုယ့်ဖာသာ မျက်စိပိတ် နားပိတ် ဖြစ်နေရင် ဖြစ်နေတယ် မပြောဘူး။ ခဲလုံးချင်း အတူတူတောင်မှ နိုင်ငံခြားက ခဲလုံးက ပိုပြီးတော့ ကောင်းတယ် ၊ တန်ဖိုး ရှိတယ် ဖြစ်နေပါရောလား။ တော်တော်ကို သနားဖို့ ကောင်းတဲ့ ကောင်ပဲ ”

     “ မင်းကို သနားဖို့ ကောင်းတာကွ ၊ မင်းသာ $)@()(Q@&_)Q#@*+@*)(Q^%##@#@*^$ ”

      ပြောရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုရင်း စကားတွေက ပိုပို ရင့်သီးလာကြ၏။ ဒါပေမဲ့ တော်သေးတယ် ပြောရမည်။ ကျွန်တော်တို့ သွားနေတဲ့ မေလ်ကို ရောက်လာသည်။ မောလ်ထဲမှာ လူတွေ အများကြီး ၊ ပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာ ပစ္စည်းအသစ်တွေကို ငေးမောရင်း ကျွန်တော်နဲ့ ဘာဘူက တစ်တွဲ ကြည့်ဖြစ်၏။ မောင်ထူးကတော့ ဘယ်ကနေ ဘယ်ကို ရောက်သွားတယ် မဆိုနိုင်ပါ။ ကျွန်တော်တို့နှင့် လူချင်း ကွဲသွား လေတော့သည်။

        ကြည့်စရာတွေ ကြည့် ၊ ငေးစရာတွေ ငေး ၊ စားစရာတွေ စားပြီး ညနေစောင်းတော့ ကျွန်တော်တို့ အခန်း ပြန်လာခဲ့၏။ မောင်ထူးကတော့ ဘယ်အချိန်က ပြန်သွားလည်း မသိသလို ၊ သူ့ဖာသာ တစ်ယောက်တည်း ပြန်သွားလား ၊ တစ်ယောက်ယောက်နဲ့ ပြန်သွားလားလည်း မသိတော့ပါ။ အခန်းကို ပြန်ရောက်တော့ အခန်းထဲ မဝင်ခင်မှာတင် မောင်ထူးရဲ့ စွာကျယ်ကျယ် အသံကို ကြားနေရသည်။

        “ တွေ့တယ် မဟုတ်လား ၊ ဒါ အရည်အသွေး မှီတဲ့ အုတ်ခဲ လို့ ခေါ်တယ်။ ငါတို့ဆီက အုတ်ခဲနဲ့ ဘာဆိုင်လို့လဲ ၊ ဟိုမှာ ဒီလို အုတ်ခဲမျိုး တွေ့ဖူးလို့လား ”

        ကျွန်တော် အခန်းထဲကို ဝင်ပြီး ရေဘူးကို သွားယူတော့ မောင်ထူးကို ဆောက်လုပ်ရေး ရှေ့က အုတ်ခဲ တစ်လုံးကို ကိုင်လျက် သူ့လိုပဲ အတီးအတ လူတွေကို ပြနေတာ တွေ့လိုက်ရသည်။ ဒီကောင်တော့ လုပ်လာပြီ လို့ ကျွန်တော် တွေးလိုက်မိပေမဲ့ ဘာမှတော့ ဝင်မပြောဖြစ်ပါဘူး။ အခန်းရှေ့က ထိုင်ခုံဆီကိုပဲ ပြန်ထွက်လာခဲ့၏။ ထိုင်ခုံမှာ ထိုင်လျက် ရှိနေတဲ့ ဘာဘူက ကျွန်တော် သောက်ပြီးတဲ့ ရေဘူးကို ဆွဲယူပြီး  . . . . . .

       “ ရန်ကုန် တောသားတော့ ငါ့ကို တိုက်ကွက်တွေ ဆင်နေတယ် မဟုတ်လား ”

       ကျွန်တော် ဘာမှ မပြောဖြစ်ပါဘူး။ သူ့ကို ပြုံးပြီးပဲ ကြည့်လိုက်သည်။ ဘာဘူက သက်ပြင်း တစ်ချက်ကို ချပြီး ခပ်လှမ်းလှမ်းက ဓါတ်ဆီဆိုင်ကို ငေးကြည့်ကာ ပြော၏။

       “ ဒီ တဝမ်းပူ ( တ ) နဲ့ ငါနဲ့ ခပ်ဝေးဝေး နေမှကို ရတော့မယ်။ တချို့လူတွေက ပြောပြလို့ သဘောမပေါက်တဲ့ လူတွေ ရှိကို ရှိနေတာပါပဲလား။ အမှန် ဆိုတာကို ရှင်းပြလို့ကို သဘော မပေါက်နိုင်ပါလား။ တော်ပြီ ဒီနေ့က စပြီး ဒီကောင့်ကို ဝေးဝေးက ရှောင်ရမယ် ”

         အပြော မဟုတ်ဘဲ တကယ်ကို ဘာဘူ . . . မောင်ထူးကို အဲဒီနေ့ကတည်းက စကား မပြောတော့သလို ၊ သူ့ကို လာပြောရင်လည်း မေးထူး ခေါ်ပြောထက် မပိုဘဲ ခဏနေရင် စကားစ ဖြတ်ကာ ထွက်သွားလေ့ ရှိ၏။ မောင်ထူးရဲ့ စကားဝိုင်းထဲကိုလည်း ဘယ်တော့မှ ဝင်မပြောတော့ပေ။ ရန်ဖြစ်ထားသူ နှစ်ယောက်လို မဟုတ်ပေမဲ့ ရန်ဖြစ်ထားတဲ့ အတိုင်း မောင်ထူး နဲ့ ဘာဘူ သုံးနှစ်ခွဲကျော် ဟက်ဟက်ပက်ပက် စကားမပြောဖြစ် ကြတော့ပါဘူး။
        


       “ ဘာလို့ ပြန်မှာလဲ မောင်ထူးရာ ၊ မင်း သက်တမ်း တိုးထားတာ တစ်နှစ်ပဲ ရှိသေးတယ်လေ။ နောက်ထပ် တစ်နှစ်လောက် ထပ်နေလိုက်ပါလား ”

    နောက်ထပ် တစ်လ ဆိုရင် ပြန်တော့မယ် ဆိုပြီး မောင်ထူးဆီက သတင်းရတော့ အားလုံး အံ့သြသွားသလို ကျွန်တော်ကလည်း သူ့ကို အံ့သြစွာ ပြောမိသည်။ သူကတော့ အရာရာကို သေချာစွာ ဆုံးဖြတ်ထားပြီးသူ တစ်ယောက်လို ပြတ်သားနေခဲ့၏။

        “ မနေတော့ပါဘူးကွာ။ ပြန်တော့မယ် လို့ ဆုံးဖြတ်လိုက်ပြီ ”

       “ မင်း ဟိုမှာ ဘာလုပ်မယ် လို့ စဉ်းစားထားလို့လဲ ”

       “ ငါ ၅၁ ကားလတ် ထောင်မလို့ကွ။ ဝယ်တောင်မှ ဝယ်ပြီး သွားပြီ ”

       “ ဟင် . .  တကယ်လား ”

        “ တကယ်ပေါ့ကွ။ မင်းက မယုံလို့လား ”

        “ အဲ .  . . .  မယုံလို့ ပြောတာ မဟုတ်ပါဘူး။ မင်းက ကားနဲ့ ပတ်သတ်ပြီး ဘာမှ အတွေ့အကြုံ ရှိတာ မဟုတ်ဘူးလေ။ ဒါကြောင့် မေးကြည့်တာပါ ”

       “ ဟုတ်တယ် ၊ ငါကတော့ ကားနဲ့ ပတ်သတ်ပြီး ဘာမှ အတွေ့အကြုံ မရှိဘူး။ ဒါပေမဲ့ ငါ့ဦးလေးကတော့ အဲဒီ ၅၁ ကားလတ်တွေ ထောင်ထားတာ တစ်စီးကနေ စလိုက်တာ အခုတော့ ၃ စီးတောင်မှ ဖြစ်နေပြီ။ ဒါကြောင့် ငါ့ကိုလည်း လုပ်ဖို့ အကြံပေးလို့ကွ ”

       “ အင်း . . . ကောင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကားလုပ်ငန်း ဆိုတာ အကျိုးပေးမှကွ။ ပြီးတော့ ကိုယ်တိုင် အတော်ကို ကျွမ်းကျင်ဖို့ လိုသေးတယ် ”

       “ ဒါကတော့ကွာ လုပ်ရင်းနဲ့ ကျွမ်းကျင် သွားမှာပေါ့ မဟုတ်ဘူးလား ”

     “ ငါ ဘယ်လို ပြောရမလဲ။ ပြောရင်လည်း စကားဦးသန်းတယ် ဖြစ်ဦးမယ်။ ဒါပေမဲ့ ငါက သတိပေးချင်တာပါ ”

       “ ပြောပါ . . . ငါက ဘာဘာညာညာတွေ အယုံ အကြည် မရှိပါဘူး ”

       “ ဒီလိုကွ ၊ ငါနဲ့ သိတဲ့ အစ်ကို တစ်ယောက် ဆိုလည်း သင်္ဘောက ပြန်လာတော့ ကားတစ်စီးလောက် ထောင်မယ် ဆိုပြီး ဖြစ်တယ်။ နောက်တော့ ဝယ်ပြီး ထောင်တယ် ဆိုပါတော့ကွာ။ လိုင်းကားပေါ့။ သူ့မှာ သင်္ဘောက ရှာထားသမျှကို ကားထဲ ထည့်လိုက်ရတာကွာ ပြီးကို မပြီးနိုင်ဘူး။ ကားကလည်း ဝပ့်ရှော့ ပို့နေရတာ ၊ ပြင်နေရတာနဲ့တင် ဘာမှကို မောင်းချိန် မရလိုက်ပါဘူးကွာ။

        နောက်ဆုံးတော့ ကားကို အိမ်မှာ ထိုးထားရင်တောင်မှ ကားရဲ့ ရှေ့မီးသီး နှစ်လုံးက အိမ်ထဲကို ကြည့်ပြီး ထည့်ဖို့ ဘာပစ္စည်းတွေ ကျန်သေးလဲလို့ ရှာနေတယ် ဆိုပြီး သူ့မိန်းမက အိပ်မက်တောင်မှ မက်တယ် ဆိုပဲ။ တကယ်လည်း သူတို့မှာ ဒီကားကြောင့် မိန်းမ လက်ဝတ် လက်စားတွေပါ ကုန်အောင် ထည့်နေရတာ။ ဒါနဲ့ လင်မယားပါ ကွဲမလို ဖြစ်ပြီး နောက်ဆုံးကို ကားကို ၃ ပုံ ၁ ပုံ အရှုံးခံပြီး ပြန်ရောင်း လိုက်ရတော့တာပဲ။ ဒီတော့မှ သူလည်း သူ့ဖာသာ အရင်လို သင်္ဘော အေးအေးဆေးဆေး ပြန်လိုက် ဖြစ်တော့တယ်။ မင်းကိုလည်း သတိထား စေချင်တာပါ ”

        “ သြော်. . . အေးပါ။ မပူပါနဲ့။ ငါလည်း ကြိုးစား လုပ်မှာပါ ”

        ဒီလိုနဲ့ပဲ မောင်ထူးနဲ့ ကျွန်တော် သူ ပြန်မဲ့ အကြောင်း ပြောရင်း စကားစ ပြတ်သွားတော့သည်။ မောင်ထူး ပြန်တော့မဲ့ အကြောင်းကို ဘာဘူ့ကို ပြောပြမိ၏။

       “ ငါလည်း ကြားတယ်ကွ။ ပြီးတော့ သူက ဟိုမှာ ပြန်ပြီး လိုင်းကား ထောင်မယ် လို့လဲ ကြားတယ်။ ဒီကောင် ဒုက္ခရောက်တော့မယ်။ စက် ဆိုလို့ ခဲတံ ချွန်စက်တောင်မှ မမြင်ဖူးဘဲနဲ့ ကားသွားထောင်ရင် ကား ဆိုတဲ့ အတိုင်းပဲ “ ကား ” သွားတော့မှာပဲ ”

       လို့ ဆို၏။ ဒီနောက်မှာတော့ ဘယ်သူ့မှ ဘာမှ ဆက်မပြောမိ ကြတော့ပါ။ အပြီး ပြန်တော့မဲ့ သူငယ်ချင်း တစ်ယောက်ကို လက်ဆောင် ပေးနေကြ အတိုင်း ကိုယ်တတ်နိုင်တာလေးတွေ ဝယ်ယူကာ လက်ဆောင် ပေးဖို့ ပြင်ဆင်ကြသည်။

         အမှတ်တရ လက်ဆောင် ပေးမယ်လို့ ဆိုရင် စိတ်ညစ်ရသူက ကျွန်တော် ဖြစ်၏။ သူများကို လက်ဆောင် ပေးရင် ဘာပေးရမယ် ဆိုတာ ကျွန်တော့်ရဲ့ လူမှုရေး ညံ့ဖျင်းမှုကြောင့် အဆင်မပြေ ဖြစ်တတ်သည်။ ကိုယ်ပေးချင်ရာ ပေးလိုက် ပြီးတာပဲ လို့ ဆိုကြပေမဲ့ ကိုယ်ပေးလိုက်တာက သူ့အတွက် အသုံးမဝင် ဖြစ်မှာကို တွေးမိတိုင်း ကိုယ့်ဖာသာ ခိုးလုခုလု ဖြစ်နေတတ်သေးသည်။ ဒီ့ထက် ဆိုးတာက သူများတွေ ဝယ်ပေးတာနဲ့ ကိုယ်ဝယ်ပေးတာ သွားတူနေရင် သူ့မှာ ပစ္စည်းတူ နှစ်ခုကြောင့် တစ်ခုက အပို ဖြစ်နေမှာပဲ ဆိုသော စိတ္တဇ တစ်ခုက ကျွန်တော့်မှာ ပြင်းပြင်းပြပြ ရှိနေခဲ့သည်။ ဒီတော့ လက်ဆောင် ပေးရမည် ဆိုသော အခါတိုင်း ကျွန်တော့်မှာ အတော်ကို စိတ်ညစ်ရစေသည်။

       မောင်ထူး ဘာလိုအပ်လဲ လို့ မသိမသာ ၊ သိသိသာ လေ့လာရတာလည်း အမော။ မောင်ထူး ဘာလိုအပ်လဲ ဆိုပြီး တခြားသော သူငယ်ချင်းတွေကိုလည်း မေးလိုက်ရတာ အမော။ သူများတွေ ဘာလက်ဆောင် ဝယ်ပေးလဲ ဆိုတာကို ကြည့်ရတာလဲ အမော။ ကိုယ်ဝယ်ပေးလိုက်တဲ့ ပစ္စည်း သူ့အတွက် အသုံးမဝင်မှာ ၊ သူများတွေနဲ့ တူနေမှာကို အလိုလို စိုးရိမ်နေတတ်တဲ့ စိတ္တဇကလည်း ပြင်းပြင်းပြပြ ရှိတာမို့ လက်ဆောင် ဆိုရင် ဘာကို ဝယ်ပေးရမယ် ဆိုတာ သူများတွေလို ပေါ့ပေါ့ပါးပါး ရှိမနေခဲ့ဘူး။ အားလုံး ဝယ်လို့ ပြီးတော့မှ Philips Blender လေး တစ်ခု သူလိုချင်နေတယ် ဆိုတာကို သွားသတိရမိ၏။

         အဲဒီနေ့က မောလ်မှာ သူနဲ့ ဆုံတော့ သူက လျှပ်စစ်ပစ္စည်းတန်းမှာ Philips Blender လေးကို ကိုင်ကြည့်နေတာကို အမှတ်ရမိသည်။ နောက်တော့ သူ့ပါးစပ်ကကို ဖွင့်ပြောလာ၏။

       “ ဒီ Philips Blender လေးနဲ့ Tefal မီးပူလေးတော့ ကြိုက်တယ်ကွာ။ ပြန်ရင်တော့ အမှတ်တရ ဝယ်သွားဦးမယ်။ ”

       လို့ ကြွေးကြော်ဖူးခဲ့တာကို အမှတ်ရမိသည်။ ကျွန်တော် အတွက် ကံကောင်းတာပါပဲ။ သူ့အတွက် လက်ဆောင်တွေ အမျိုးမျိုး ပေးကြပေမဲ့ Philips Blender လေးတော့ မပါသေး။ Tefal မီးပူကိုတော့ ဝယ်ပေးချင်သော်လည်း အမှန်အတိုင်း ပြောရရင် ဝယ်ပေးဖို့ လက်တွန့်နေမိသည်။ Philips Blender တစ်လုံးက မြန်မာငွေ ၂ သောင်းခွဲကျော်လောက်သာ ရှိသော်လည်း Tefal မီးပူကတော့ ရိုးရိုး ရေနွေးငွေ့ မီးပူတောင်မှ တစ်သိန်းခွဲနား ကပ်နေ၏။ ကြိုးမဲ့ မီးပူ ဆိုရင် သုံးသိန်း နားတောင်မှ ရှိနေခဲ့အောင် ဈေးများ လှသည်။

        ဈေးများ ဆိုလည်း Tefal ပစ္စည်းတွေက ပြင်သစ် တိုက်ရိုက်ထုတ်တွေ ဖြစ်ပြီး အရည်အသွေးကလည်း ထုပ်ပိုးထားသော ကတ္ထူစက္ကူအထိ အရည်အသွေး ကောင်းလှသည်။ သူက ထုတ်တဲ့ ပစ္စည်းတိုင်း ပစ္စည်းတိုင်း ဈေးများသလို အရည်အသွေးကလည်း ကောင်းမွန်လှသည်။ ထမင်းပေါင်းအိုး ဆိုလည်း သူ့ရဲ့ ဈေးနဲ့ အရည်အသွေးကို ငေးယူရတဲ့ အထိ မြင့်မားပါသည်။ သူလိုချင်နေသော Tefal မီးပူကို ကျွန်တော် ဝယ်မပေးဖြစ်ပေမဲ့ သူလိုချင်နေတဲ့ ပစ္စည်းထဲက နောက်တစ်ခု ဖြစ်တဲ့ Philips Blender လေးကိုတော့ ပြေးကာ ဝယ်ပေးလိုက်မိသည်။

        လက်ဆောင်ပေးရာမှာ အတွေးအခေါ် ညံ့ဖျင်းလှသလို စိတ်ကူးကလည်း စုတ်ပြတ် လှသော လူတစ်ယောက် အတိုင်း ကျွန်တော် ဝယ်လာသော လက်ဆောင်လေးကို သူ့ဆီကို ဘာညာ အလှအပ စက္ကူတွေနဲ့ ထုပ်ပိုး မနေဘဲ ဒီအတိုင်း ပေးလိုက်ပါ၏။ မောလ်က ဝယ်လာတဲ့ ပြေစာ စာရွက်လေးတောင်မှ ပါသေး။ ဒါကလည်း သူ Warranty အတွက် လိုအပ်ခဲ့ရင် အဆင်ပြေအောင် ပေးလိုက်ချင်သော စေတနာလည်း ဖြစ်၏။ ပြင်ပ အလှအပထက် စေတနာနဲ့ ပစ္စည်းက ပိုအရေးကြီးတယ် ဆိုပြီး ဖတ်ထားခဲ့ဖူးသော ကိန်းကြီး ခမ်းကြီး စာတွေကြောင့်လည်း ဖြစ်သည်။

       မောင်ထူးကို လက်ဆောင်လေး ပေးပြီးတော့ စိတ်ထဲမှာ ၊ ရင်ထဲမှာ အတော်ကို ပေါ့ပါးသွားသည်။ လက်ဆောင်နဲ့ ပတ်သတ်လာရင် ကျွန်တော့်မှာ အဲဒီလို အမြဲတမ်းပဲ စိတ်ကသိ့ကအောက် ဖြစ်ရလေ့ရှိသည်။
သူများရဲ့ လိုအပ်ချက်ကို ဦးစားပေးမိလို့ ဖြစ်ရသော အဆင်မပြေမှု ၊ စိတ်ကူးညံ့ဖျင်းမှု ဖြစ်ပါလိမ့်မည်။ မောင်ထူးအတွက် အားလုံး အသီးသီး လက်ဆောင်တွေ ပေးပြီးသော်လည်း လက်ဆောင် မပေးရသေးသူမှာ “ ဘာဘူ ” တစ်ယောက်သာ ကျန်တော့၏။

      လက်ဆောင် ဆိုတာကလည်း အတင်းအကြပ် တောင်းယူရသော အရာ မဟုတ်တာတော့ လူမှုရေး နားလည်သော လူတိုင်း သိကြပေမဲ့ လူမှုရေး နားလည်သူတိုင်းလည်း မတောင်းဘဲနဲ့ကို လက်ဆောင် ပေးကြပါ၏။ အခုတော့ အားလုံး အသီးသီး မောင်ထူးကို လက်ဆောင် ပေးပြီး ပေမဲ့ ဘာဘူက မသိသား ဆိုးရွားလှသူ တစ်ယောက်လို မလှုပ်။ သူနဲ့ အဆင်ပြေပြေ  မပြေပြေ ၊ တည့်တည့် မတည့်တည့် မောင်ထူးရဲ့ အိမ် အပြန်မှာတော့ အာဃာတတွေကို ခဏ ဘေးဖယ် ထားကာ လက်ဆောင်လေး တစ်ခုကို ပေးလိုက်ဖို့ ကောင်းတယ် လို့ ကျွန်တော် ယူဆမိသည်။

      “ ဘာဘူ  . . .”

      “ ဟေ . . . ဘာလဲ ”

      ကျွန်တော် ခေါ်လိုက်တော့ ဘာဘူက ချက်ချင်း ပြန်ထူးသည်။

      “ မောင်ထူး ပြန်တော့မယ်လေ ”

      “ အေးလေ . . ငါသိသားပဲ ၊ ဘာဖြစ်လို့လဲ ”

      “ မောင်ထူး ပြန်တော့မယ် ဆိုတော့ အားလုံးက ကိုယ်တတ်နိုင်သလောက် လက်ဆောင် ပေးကြတယ်လေကွာ။ အခု အားလုံးလည်း ပေးပြီးပြီ မင်းပဲ ကျန်တော့တယ်။ ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာ မတိုက်ဆိုင်တာပေါ့ ၊ ဒါပေမဲ့ သူ့အိမ်အပြန်လမ်းမှာတော့ သူ့ကို လက်ဆောင်လေး မင်း ပေးလိုက်သင့်တယ် လို့ ငါ ယူဆတယ်။ အမှတ်တရပေါ့ကွာ။ ”

       “ ငါ လက်ဆောင် မပေးဘူးလို့ မင်းကို ဘယ်သူပြောလဲ။ ”

       “ မသိဘူးလေ ၊ မင်းက ငြိမ်နေတာကိုး။ အခု ဆိုရင် သန်ဘက်ခါပဲ မောင်ထူး ပြန်ရတော့မယ်။ မင်းဆီက လက်ဆောင်ပေးတာ မတွေ့လို့ ငါက သတိပေးတာလေ။ ”

       “ ငါ ပေးမှာပါကွ။ ဒါပေမဲ့ တခြားသူတွေ ပေးတာနဲ့ ငါပေးတာနဲ့ တူနေရင် သူ့အတွက် ပစ္စည်း နှစ်ခု ဖြစ်နေမှာ စိုးလို့ အားလုံး ပေးပြီးတဲ့ အချိန်ထိအောင် စောင့်နေတာ။ အခု အားလုံး ပေးပြီးပြီ ဆိုတော့ သူ လိုချင်တဲ့ ပစ္စည်း ပေးတဲ့ အထဲမှာ မပါဘူး ဆိုရင် ဒါကို ငါ ပေးမယ် ဆိုပြီး စောင့်နေတာကွ။ ”

        “ သြော်. . . မင်းက ဘာပေးမလို့လဲ ”

       “ အခု အားလုံး ပေးတဲ့ ပစ္စည်းကို ငါ လေ့လာပြီးပြီ။ ဘယ်သူမှ မပေးဘဲ သူလိုချင်နေတဲ့ ပစ္စည်း တစ်ခု ကျန်နေတယ်။ အဲဒါကို ငါ ပေးမယ်။ ”

       “ ဘာလဲ ”

       “ ဘာလဲ ဆိုပြီး မေးနေတာထက် သိချင်ရင် လိုက်ခဲ့ကွာ။ အခု မောလ်ကို သွားဝယ်မယ်။ ”

       “ အိုကေ . . . ဒိုးတာပေါ့ ”

       “ ငါတို့နဲ့ အတူတူ “ ဖိုးသား ” ကိုပါ ခေါ်သွားမယ်ကွာ။ ဒီကောင်လေးက ငယ်သေးတယ် ဆိုပြီး ဘယ်သူ့မှ မခေါ်တော့ ဘယ်မှ မရောက်ဘူး ဖြစ်နေတယ်။ ရောက်ဖူးတာပေါ့။ ”

        “ အင်း . . . ”

        ပြောပြောဆိုဆို ရေချိုး အဝတ်အစားလဲပြီး ကျွန်တော် ၊ ဘာဘူ ၊ ဖိုးသား သုံးယောက် မောလ်ဘက်ကို ထွက်လာခဲ့ကြသည်။ အသက် ၁၈ နှစ်ကျော်ကျော် ရောက်ခါစ ဖိုးသားကတော့ မြင်သမျှ တွေ့သမျှကို မျက်လုံး အပြူးသား ၊ ပါးစပ် အဟောင်းသားနဲ့ လိုက်ကြည့်နေ၏။ အဲဒီအထဲမှာ မလှုပ်ရှားနိုင်သော ရုပ်ဝတ္ထုပစ္စည်းများ ပါနေသလို ၊ လှုပ်ရှားနေသော ဘောင်းဘီတိုနှင့် တရုတ်မများလည်း ပါ၏။ ဖိုးသား သွားရည်တွေလည်း သုတ်လိုက်ဦး လို့ ပြောယူရတဲ့ အထိ။

       ဘာဘူကတော့ ဘယ်မှ ရှည်ရှည်ဝေးဝေး ကြည့်မနေဘဲ အရင်ကတည်းက စိတ်ကူး ရှိပြီးသူ တစ်ယောက် အတိုင်း လျှပ်စစ်တန်းဘက်သို့ တန်း၍ သွား၏။ ပြီးတော့ လျှပ်စစ်တန်းမှ Tefal မီးပူကို လက်လှမ်းလိုက်သော အခါမှ ကျွန်တော် နဲ့ ဖိုးသား တကယ်ကို အံ့သြ မင်သက်သွားမိသည်။ ဒီ့ထက် မင်သက်သွား စေတာကတော့ ရိုးရိုး ရေနွေးငွေ့ မီးပူ ဆိုရင်တောင်မှ တစ်သိန်းကျော် ၊ တစ်သိန်းခွဲ ဖြစ်နေသော Tefal မီးပူထဲမှာမှ အခု သူ ရွေးလိုက်တာက လုံးဝ မကပ်သော မျက်နှာပြင်နှင့် မေ့ကာ မီးပူမျက်နှာပြင်ကို အဝတ်ပေါ် ချထားမိ၍ အပူရှိန် အလွန်တတ်လာပါက အလိုလို ဖြတ်တောက်ပေးသော စနစ်ပါသော မီးပူကို ခပ်တည်တည် ရွေးခြယ် လိုက်၍ ဖြစ်သည်။

       ငွေရှင်း ကောင်တာမှာ ငွေရှင်းပြီး ထွက်လာတော့ မီးပူဗူးကို ကျွန်တော် တစ်ခါ ကိုင်ကြည့်မိသေး၏။ ဖိုးသားကတော့ သူ့ကို ဝယ်ပေးသည့် အတိုင်း မီးပူဗူးကို ပိုက်ထား၏။ သူ့ရှင်းလိုက်ရသော ငွေကို ကျွန်တော်မြင်လိုက်တာ မြန်မာငွေဖြင့် တစ်သိန်း ရှစ်သောင်း ကျသင့်လေသည်။ ဒီလောက်အများကြီး ပေးဝယ်ကာ သူ မောင်ထူးလိုချင်နေသော မီးပူကို လက်ဆောင် အဖြစ် ပေးလိမ့်မည်ဟု ကျွန်တော် ဘယ်တုန်းကမှ မထင်မိပါ။

        မီးပူလေးကို ဖိုးသားက ပိုက်ပြီး ကျွန်တော်တို့ ကုတ်တစ်ဘူးကို ဆွဲရင်း တစ်ယောက်တစ်လှည့် ငုံသောက် ပြန်လာရင်း လမ်းမှာ သူက လက်ဆောင်ထုပ်သော စက္ကူလှလှ တစ်ရွက်ကို ဝင်ဝယ်သေးသည်။ ဒီတော့မှ ငါ မောင်ထူးကို လက်ဆောင် ပေးတာ ဖြစ်ကတတ်ဆန်းများ ဖြစ်နေမလားလို့ ကိုယ့်ဖာသာ ကိုယ်တောင်မှ ပြန်တွေးမိသေးပါသည်။ ဒါပေမဲ့လည်း အပေါ်ယံ ဆိုတာ အလကားပါ ဆိုသော စွဲမြဲနေသော စိတ်ခံစားမှုကြောင့် ကိုယ့်ဖာသာ ကိုယ် မှန်တယ် လို့သာ ယုံကြည်ခဲ့၏။ သူကလည်း သူ့ပုံစံပေါ့လေ။

        အခန်းကို ရောက်တော့ ဘာဘူ . . . .  သူဝယ်လာသော Tefal မီးပူကို ယူပြီး သူ့အခန်းထဲ ဝင်ကာ  စားပွဲပေါ်မှာ တင်ထားလိုက်ပြီး ဘာမှ မထူးဆန်းသလို တီဗီထိုင် ကြည့်နေလေ၏။ ဒါပေမဲ့ အပြင်မှာတော့ တိုးတိုးတမျိုး ၊ ကျယ်ကျယ် တဖုံဖြင့် မောင်ထူးအတွက် ဘာဘူက တစ်သိန်း ရှစ်သောင်းတန် Tefal မီးပူ ဝယ်လာတယ် ဆိုသော သတင်းက အခန်းတစ်ခုလုံးမက ၊ အဆောင် တစ်ခုလုံးကို အုတ်အုတ်ကျွတ်ကျွတ် ခပ်တိုးတိုး ၊ ခပ်ကျယ်ကျယ် ဆူညံနေကြသည်။ တချို့က ဖာသိဖာသာ နေပေမဲ့ တချို့ကျတော့ မမြင်ဖူးတာရော ၊ မယုံတာရောကြောင့် ဘာဘူ့ဆီ ရောက်လာကာ Tefal မီးပူကို လာကြည့်ကြ၏။ မီးပူနဲ့ တွဲလျက် ကပ်ထားသော ဈေးနှုန်းကို မြင်တော့မှ ခေါင်းငြိမ့်ကာ နားလည်သယောင် ပြုကြလေ၏။

       အတင်း ဆိုသည်မှာ သတင်း အနေဖြင့် လူ့လောကမှာ ဝင်ရောက်ပျံ့နှံ့သလို ၊ သတင်း စစ်စစ် ဆိုတာကလည်း  စီးမျောနှုန်း မြန်ဆန်၏။ ညနေ မိုးမချုပ်ခင် အချိန်မှာကို မောင်ထူးရဲ့ နားဆီသို့ သတင်းပေါက်ပြီး ဖြစ်၏။ ရုတ်တရက် အိမ်ပြန်ခါနီး လူတစ်ယောက်ရဲ့ ထုံးစံအတိုင်း အရင်က ဟိုဟာဝယ်မယ် ၊ ဒီဟာဝယ်မယ် ဟု ဆိုကာ ယာထားသော်လည်း အနီးနားကပ်ရင် အကြောင်းကြောင်းကြောင့် မေ့လျော့သွားလေ့ ရှိသည်။ အခုတော့ သူလိုချင်သော မီးပူလေးကို ဘာဘူက ဝယ်လာပြီး ထိုမီးပူလေးက သူ့ကို လက်ဆောင် ပေးဖို့ ဖြစ်သည် ဆိုတာ သိရတော့ မောင်ထူး မျက်နှာ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေလေ၏။

        သန်ဘက်ခါ ပြန်မဲ့ မောင်ထူးအတွက် ပစ္စည်းအတော်များများကို အဆင့်သင့် ဖြစ်အောင် အိတ်ထဲကို ထည့်ပြီး၍ အိတ်ကို ဇစ်ပိတ် ၊ သော့ခတ်ကာ ပွင့်မကျအောင် ပလတ်စတစ်အကြည် အပျော့သားနဲ့ ပတ်ယုံသာ ကျန်တော့၏။ သို့သော်  . . . .  တကယ်လို့ ဘာဘူက လက်ဆောင်ဟု ဆိုကာ မီးပူကို အလှစက္ကူများဖြင့် ပတ်၍ ပေးလာပါက မောင်ထူး ဘယ်လိုလုပ်ပြီး လက်ဆွဲအိတ်ထဲ ထိုးထည့်လေမလဲ။ မဖြစ်နိုင်။ အလှ စက္ကူ ပတ်ထားသောကြောင့်  ဘာဘူရှေ့မှာ ဆွဲခွာ ထုတ်ယူကာ အထဲမှ လက်ဆောင် မီးပူချည်းပဲ လက်ဆွဲအိတ်ထဲ ထည့်လို့လည်း အဆင်မပြေ။ ဒါကြောင့် မောင်ထူးရဲ့ လက်ဆောင် မီးပူကို စောင့်ထည့်ရအောင် သူ့ရဲ့ ခရီးဆောင် အိတ်ကို ဇစ်မပိတ်ရသေး ၊ သော့မခတ်ရသေး ၊ ပလတ်စတစ် မပတ်ရသေး။

      ဘာဘူကတော့ သူပဲ မဟုတ်သလိုနဲ့ အေးဆေးစွာ ငြိမ်သက်လျက်ရှိသည်။ လက်ဆောင် မီးပူတောင်မှ ကျွန်တော်တို့နဲ့ အတူတူ သွားဝယ်လာတာ ဆိုတော့ ဘာဘူ့ကိုလည်း လက်ဆောင် ပေးလိုက်တော့လေ လို့ ကျွန်တော် မတိုက်တွန်းချင်ပါ။ မောင်ထူး ပြန်ရမဲ့ ရက်က နေ့လည် ၂ နာရီ လေယာဉ်နဲ့ ဖြစ်၍ ထိုနေ့ မနက်မှ ပေးရင်လည်း ခရီးဆောင်အိတ်ထဲကို ထည့်ကာ ဇစ်ပိတ် ၊ သော့ခတ် ၊ ပလတ်စတစ် ပတ်ယုံပဲ ဟု ကျွန်တော် တွေးမိကာ ဘာဘူ့ကို ထပ်မပြောမိတော့။ သူ့မှာလည်း သူ့ရဲ့ အစီအစဉ်လေး ရှိမှာပေါ့။ ဒီအချိန်အထိ ဘာဘူရဲ့ ကုတင်ဘေး စားပွဲပေါ်မှာ Tefal မီးပူနဲ့ အလှ စက္ကူလေးကတော့ ငြိမ်သက်လို့ ကောင်းနေတုန်းပါပဲ။
      


        “ ချီးယားစ် . . . ”

         ဘာညာနဲ့ အခန်းထဲမှာ ဗြောင်းဆန်အောင် မောင်ထူး အတွက် နှုတ်ဆက်ပွဲ ကျင်းပနေကြ၏။ မောင်ထူးကလည်း ကာရာအိုကေတွေ ဆိုလိုဆို ၊ ဘေးက လက်ခုပ်တီးသူတွေကလည်း တဖြောင်းဖြောင်း အခန်း တစ်ခန်းလုံး တဝုန်းဝုန်း တဝေါဝေါ ဖြစ်နေသည်။ ကျွန်တော်တို့ အခန်းသေးလေး ထဲမှာ စာဖတ်နေတဲ့ ကျွန်တော်နဲ့ ဘောပွဲကြည့်နေတဲ့ ဘာဘူတို့သာ အသံမထွက်ဘဲ တိတ်ဆိတ်နေ၏။ ခဏကြာတော့ ဘာဘူက ဘာမပြော ညာမပြော ဆတ်ခနဲ ထကာ ထွက်သွားသည်။

        ရုတ်တရက်တော့ ကျွန်တော် လန့်သွားမိသေး၏။ မနက်ဖြန် ပြန်ရတော့မဲ့ မောင်ထူးအတွက် ဒီတညသာ အချိန် ကျန်တော့သည် မဟုတ်ပါလား။ သူတို့ ပျော်ရွှင်နေတာကို သွားမတားဘဲ တစ်ညတာလေးကို ခွင့်လွှတ်လိုက် စေချင်သည်။ အခန်းပြင်ထွက်သွားတဲ့ ဘာဘူ ချက်ချင်း ပြန်ဝင်လာ၏။

       “ ဘာဖြစ်တာလဲ ဘာဘူ ”

      “ ဘာမှမဖြစ်ပါဘူးကွာ။ လက်ဆောင်ကို ပိတ်ဖို့ တိတ်သွား ငှားတာပါ။ ”

      “ သြော်. . . ”

      တော်ပါသေးရဲ့ ၊ ငါက ငါ့ဖာသာ ထင်ချင်ရာ ထင်နေတာ သူကတော့ ဒီလို မဟုတ်ပါဘူး။ လူမြန် စိတ်မြန်ပေမဲ့ သူ နားလည်မှုတော့ ရှိသားပဲ။ ဒီလို တွေးနေတုန်း ဘာဘူက သူ့စားပွဲပေါ် တင်ထားတဲ့ Tefal မီးပူဗူးနဲ့ အလှစက္ကူလေးကို ကောက်ကိုင်ပြီး အခန်းထဲက ထွက်ဖို့ ပြင်၏။

      “ ဘယ်သွားမှာလဲ ဘာဘူ ”

     “ ဟိုဘက် အဆောင်မှာ သွားလုပ်မလို့လေ ”

      “ ဒီမှာ လုပ်လည်း ရတာပဲကွာ ”

      “ ဆူနေတော့ စိတ်ကူးပျက်တယ် ၊ ဟိုဘက်မှာပဲ အေးအေးဆေးဆေး သွားလုပ်တော့မယ်။ ”

      ကျွန်တော် ဆက်မတားလိုက်ပါ။ သူကလည်း မီးပူဗူး ၊ အလှစက္ကူ ၊ တိတ်ဘီး နဲ့ ရေးရန် ဆော့ပင်ကို ကိုင်က ထွက်သွားလေသည်။ အေးလေ ဘယ်လိုပဲ ဖြစ်ဖြစ် မောင်ထူး လက်ဆောင် အတွက် သူသတိရတာကိုပဲ ဝမ်းသာနေ မိပါသည်။ စိတ် ၊ အယူအဆ ၊ အတွေးအခေါ် မတူညီလို့ အတွင်းကျကျ ပေါင်းသင်းလို့ မရပေမဲ့ လူကတော့ လူပါပဲလို့ တွေးမိပြန်သည်။

       ကျွန်တော်တို့ အခန်းလေး အပြင် ဧည့်ခန်းထဲမှာတော့ မောင်ထူးတို့ အဖွဲ့ သောက်စား ရစ်မူးနေကြပြီး အော်ဟစ်နေသော ကာရာအိုကေသံက ကျယ်လောင်လို့ ကောင်းနေဆဲ။ ကျွန်တော်လည်း ကိုယ့်ဖာသာ ဆက်ပြီး စာဖတ်နေလိုက်သည်။ စာထဲမှာ စိတ်ဝင်စားနေလို့ ထင်၏ အချိန်ကုန်လို့ ကုန်မှန်း မသိ ၊ အပြင်က အသံတွေ ကျယ်လို့ ကျယ်မှန်းပင် မသိ။ ကျွန်တော် ရုတ်တရက် သတိထားမိတာက အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာသော ဖိုးသားကြောင့်။ လှမ်းဝင်လာတဲ့ သူ့ကို ကြည့်လိုက်တော့ လက်ထဲမှာ အလှစက္ကူနဲ့ ပတ်ထားသော မီးပူဗူးလေးကို ပိုက်လျက် ဝင်လာသည်။

       “ ကိုဇော်  . . ဒီမှာ ကြည့်ပါဦး။ ကိုဘာဘူ မီးပူကို အလှစက္ကူ ပတ်ထားတာ သပ်ရပ်လိုက်တာဗျာ။ ဆိုင်က လူတွေတောင်မှုသူ့လောက် သပ်ရပ်မှာ မဟုတ်ဘူး။ ”

        ပြောပြော ဆိုဆို သူက လက်ထဲမှာ မီးပူဗူးလေးကို လှမ်းပေး၏။ ကျွန်တော် ကိုင်ကြည့်လိုက်တော့ တကယ်ကို သပ်ရပ်လှသော စက္ကူထုပ်ပိုးမှုကို မြင်ရလေ၏။ ဘာဘူက ဘယ်ဆိုးလို့လဲ ဒါလည်း ရတာပဲဟ လို့ တွေးမိသေးသည်။ ကိုင်ထားသော စက္ကူဗူးကို မမြင်ရပေမဲ့ လူတွေရဲ့ ထုံးစံ အတိုင်း ကျွန်တော် လှုပ်ကြည့်လိုက်မိသေးသည်။ ဘာသံမှ ထွက်မလာ အထဲမှာ အရာရာ Fit ဖြစ်နေသလို တင်းတင်းကြပ်ကြပ် ရှိနေ၏။

         “ ဘယ်အသံကြားရမလဲ ကိုဇော်ရ။ ကိုဘာဘူက ကျွန်တော့်ကို အလုပ်ထဲက ရေမြှုပ်တွေ ယူလာခိုင်း သေးတယ်။ ဗူးထဲမှာ လှုပ်နေရင် အထဲကဟာကို ပွန်းပြီး ပျက်ဆီးမှာ စိုးလို့လို့ ပြောတယ်။ ”

        ဟာ . . . ဟုတ်တာပဲ တော်တော်ကို တိကျတဲ့ ဘာဘူလို့ စိတ်ထဲမှာ ထပ်ပြီး ချီးကျူးလိုက်မိသည်။ ကျွန်တော့်လက်ထဲမှ အလှစက္ကူနဲ့ ထုပ်ထားသော မီးပူလေးကို ဖိုးသားက ယူကာ ဘာဘူ့စားပွဲပေါ်မှာ တင်လိုက်ပြီး “ ကျွန်တော် သွားအိပ်တော့မယ် ကိုဇော် ၊ ကိုဘာဘူက ဟိုဘက်ဆောင်မှာ လေပန်းနေတယ်။ ပြီးမှ လာမယ် ထင်တယ်။ ” လို့ ပြော၏။ ကျွန်တော် ခေါင်းညိတ်ပြရင်း သူ့ကို နှုတ်ဆက်လိုက်လေသည်။ ပြီးတော့ စာဆက်ဖတ်နေရင်း မျက်လုံး ညောင်းကာ ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိ။

      ကျွန်တော် နိုးလည်း နိုးရော မနက် မိုးလင်းနေပေပြီ။ အလုပ်သွားဖို့တော့ လိုသေး၏။ ဘေးက ကုတင်ကို လှမ်းကြည့်လိုက်တော့ ဘာဘူ့ကို ကော်ဖီခွက်နဲ့ စာအုပ် တစ်အုပ်ကို ဖတ်ရင်း တွေ့လိုက်ရသည်။ သူ့ကော်ဖီခွက်ဘေးနားမှာ မောင်ထူးကို လက်ဆောင် ပေးဖို့ ထုပ်ပိုးထားသော လက်ဆောင်ထုပ်လေး။ လက်ဆောင်ထုပ်ပေါ်မှာ စာရွက် အဖြူဖြင့် ဆော့ပင်နှင့် ရေးထားသည်။

     “ သူငယ်ချင်း မောင်ထူး အတွက် နိုင်ငံခြားမှ အမှတ်တရ လက်ဆောင် ”

       မျက်နှာသစ် သွားတိုက် ရေချိုးကာ ကော်ဖီဖျော်ပြီး စားဖို့ ကြည့်လိုက်တော့ ပါမုန့်က တစ်လုံးတည်းသာ ကျန်တော့၏။ မစားချင်သော ဘီစကွတ်မုန့် နဲ့ တွဲစားရဦးမယ် လို့ တွေးနေတုန်း။

      “ မုန့်ထုတ် မလို့လား လုပ်မနေနဲ့တော့ ၊ မောင်ထူးက ဒီမနက် အားလုံးအတွက် ပါမုန့် ကြက်ဥကြော် ကြော်ထားတယ်။ မီးဖိုချောင်ထဲက အုပ်ဆောင်းထဲမှာ ရှိတယ်။ ငါလည်း အဲဒီက ယူစားတာ ၊ သွားယူလိုက် ”

     သူ ပြောတဲ့ အတိုင်းပင် မီးဖိုထဲမှာ ကြော်ပြီးသား ပါမုန့် ကြက်ဥကြော်တွေကို အများကြီး တွေ့လိုက်ရသည်။ သုံးချပ် ယူလာရင်း ထိုင်စားနေတုန်း။ အလုပ်သွားဖို့ တခြား အခန်းမှာ သူငယ်ချင်းတွေလည်း နိုးလာကြသည်။ မျက်နှာသစ်သူ ၊ ရေချိုးသူ ၊ ထမင်းဗူး အတွက် ပြင်ဆင်သူတွေဖြင့် အခန်းလေးက စည်ကားလာခဲ့သည်။ စားသောက်ပြီးတဲ့ ခွက်တွေကို ဆေးကြောပြီး အခန်းထဲ ပြန်ဝင်လာတော့ ဘာဘူက အလုပ်သွားဖို့ ယူနီဖောင်းတောင်မှ အသင့် လဲပြီးချေပြီ။

         အလုပ် ဝတ်စုံလေးကို လဲနေတုန်း ဘာဘူက မောင်ထူးအတွက် လက်ဆောင်ထုပ်လေးကို ကိုင်ကာ အပြင်ထွက် သွားလေ၏။ အဝတ်အစားလဲပြီး ယူသင့်တာ ယူကာ အခန်းကို သော့ခတ်ပြီး ထွက်လာတော့ မောင်ထူးနဲ့ ဘာဘူ လက်ဆွဲကာ နှုတ်ဆက်နေတာကို တွေ့ရသည်။ စိတ်မဆိုးပါဘူး ဆိုတာလည်း ပါ၏ ၊ ဘယ်လိုမှ သဘောမထားပါနဲ့ ဆိုလည်း ကြား၏ ၊ ရန်ကုန်ရောက်တော့ ပြန်တွေ့တာပေါ့ ဟူ၍လည်း ဆို၏။ ပြီးတော့ ဘာဘူ ပေးလိုက်သော လက်ဆောင်ထုပ်လေးကို မောင်ထူးက သူ့ရဲ့ ခရီးဆောင်အိတ်ထဲ ထည့်လိုက်လေ၏။ ပြီးတော့ ဇစ်ကို ပိတ်၏။ နောက် သော့ခတ်၏။ နောက်တော့ ပလတ်စတစ် အကြည်ဖြင့်  မောင်ထူး ပတ်သောအခါ ဘာဘူက ကူ၍ ပတ်ပေးနေ၏။

          ဒီလို အဆင်ပြေ သွားတော့လည်း ကောင်းတာပါပဲ လို့ ဘေးကနေ ကျွန်တော် တွေးနေရင်း ကြည်နူးနေ မိသည်။ နောက်တော့ အလုပ်ကို စောစော ထွက်လာတတ်သော ကျွန်တော်တို့ နှစ်ယောက် ထုံးစံ အတိုင်း မောင်ထူးကို နှုတ်ဆက်ကာ ထွက်လာခဲ့လေသည်။ မောင်ထူးကတော့ နေ့လည် လေယာဉ်ချိန် ဆိုတော့ ဒီကနေ ၁၀ နာရီခွဲလောက် ထွက်ရင်တောင်မှ အဆင်ပြေနေပါပြီ။ ဒီအချိန် ဆိုရင် ကျွန်တော်တို့က အလုပ်ထဲမှာ ဆိုတော့ မောင်ထူးကို နှုတ်ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ခါတည်းသာ နှုတ်ဆက် ခဲ့ရတော့သည်။

         ဒါပေမဲ့ တကယ်ကို ၁၀ နာရီခွဲလောက်မှာ သတိရမိပါသည်။ ဒီအချိန် မောင်ထူး အခန်းက စထွက်နေပြီ။ နောက်တော့ လေယာဉ်ကွင်း ရောက်နေလောက်ပြီ။ ဒီအချိန်ဆို လေယာဉ်ကွင်းမှာ အထုပ် အပ်နေလောက်ပြီ။ ဒီအချန်ဆို လေယာဉ်ပေါ် တတ်နေလောက်ပြီ။ ဒီအချိန်ဆို လေယာဉ်က မြန်မာနိုင်ငံကို ဦးတည် ပျံနေလောက်ပြီ။ ဒီအချိန်ဆို မြန်မာလေယာဉ်ကွင်းကို ဆိုက်ရောက်နေလောက်ပြီ။

          ဘယ်လိုပဲ ပြောပြော မောင်ထူး တစ်ယောက်တော့ အချိန်တန်လို့ အိမ်ပြန်သွားခဲ့ပြီ မဟုတ်ပါလား။



       “ ကြေမွနေတာပဲ အဝတ်တွေကလည်း အပြင်သွားပါမယ် ဆိုမှကွာ ”

       တနင်္ဂနွေနေ့ ပိတ်ရက် ကျွန်တော် နဲ့ ဘာဘူ မနက်ဘက် ဆိုင်မှာ ပလာတာ သွားစားပြီး ပြန်လာတော့ အခန်းထဲကို ဝင်ဝင်ချင်း ဖိုးသား ဆီက အသံကို ကြားလိုက်ရ၏။ ထုံးစံ အတိုင်း မနေတတ်တဲ့ ကျွန်တော်က သွားမေးမိသည်။

       “ ဘာဖြစ်နေတာလဲ ဖိုးသား ”

       “ အပြင်သွားမလို့ ကိုဇော်ရာ။ အင်္ကျီတွေက ကြေမွနေလို့ ”

       “ မင်းကို ငါ ပြောသားပဲ အဝတ်ကို လျှော်ထားတာ ခြောက်လို့ ရုတ်တော့မယ် ဆိုရင် လုံးထွေးပြီး မထားနဲ့ ၊ တစ်ခါတည်း လက်လေးနဲ့ ခေါက်ထားလိုက်။ မီးပူ မတိုက်ဖြစ်တော့လည်း ဒီအတိုင်းလေး နည်းနည်း ဆန့်ဆန့်လေး ဝတ်ရတာပေါ့ ဆိုတာကို မင်းက နားမှ မထောင်ဘဲ ”

       “ ဟုတ်တော့ ဟုတ်ပါတယ်ဗျာ။ ခေါက်နေရတာ ပျင်းလို့ . . . အခုတော့ အားလုံးကို ကြေမွနေတာပဲ။ မီးပူတိုက်မှ ရတော့မယ်။ မီးပူ ဟိုဘက် အခန်းမှာ သွားငှားဦးမှပဲ ”

       ပြောပြောဆိုဆို ဖိုးသားက မီးပူ ငှားဖို့ အခန်းထဲက ထွက်ဖို့ ခြေဦး အလှည့်  . . . ၊ ဘာဘူက လှမ်းပြော၏။

        “ သွားငှား မနေနဲ့တော့ ဖိုးသား။ ခြေရင်းက ငါ့ခရီးဆောင်အိတ်ထဲမှာ မီးပူ ရှိတယ်။ ယူတိုက်လိုက် ”

        ကျွန်တော် နဲ့ သူ အတူတူ တစ်ခန်းတည်း နေပေမဲ့ သူ မီးပူ ဝယ်လိုက်တာ ၊ ထုတ်တိုက်တာကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါကြောင့် ကျွန်တော် အံ့သြစွာ ကြည့်နေမိသည်။

        “ ဘာလဲကွ ၊ အံ့သြလို့ ကြည့်နေတာလား။ ဘာမှ အံ့သြ မနေနဲ့ ဖိုးသား ထုတ်တိုက်ရင် တွေ့လိမ့်မယ်။ ဖိုးသား ယူလိုက်လေ ၊ ထုတ်တိုက်ပါကွ ယူပါ။ ”

       ဘာဘုက ထပ်ဆင့် တိုက်တွန်းသောကြောင့် ဖိုးသား ဘာဘူ့ရဲ့ ခရီးဆောင် အိတ်ထဲကို နှိုက်လိုက်တော့ မီးပူ တစ်လုံး ထွက်လာ၏။ ထိုမီးပူကို မြင်လိုက်တော့ ကျွန်တော် ပိုအံ့သြသွားသည်။ ထိုမီးပူကလည်း Tefal တံဆိပ်ပဲ မဟုတ်လား။ ပြီးတော့ မောင်ထူးကို ဝယ်ပေးလိုက်သော အမျိုးအစား ၊ အရွယ် ၊ အရောင် အားလုံး တပုံစံတည်း။

       “ ဒီမီးပူက မောင်ထူးကို လက်ဆောင် ဝယ်ပေးလိုက်တဲ့ မီးပူနဲ့ အမျိုးအစား အတူတူပဲကိုး။ ”

       ဒီတော့ ဘာဘူက ခပ်နဲ့တဲ့တဲ့ ပြုံးပြီး  . . . .

      “ မောင်ထူးကို လက်ဆောင် ဝယ်ပေးလိုက်တဲ့ မီးပူနဲ့ တူတာ မဟုတ်ပါဘူးကွ။ မင်းတို့နဲ့ အတူတူ သွားဝယ်ခဲ့တဲ့ မီးပူပါပဲ။ ”

        “ ဘယ်လို . . . . ဘာကို ပြောတာလဲ ”

        “ သြော် . . .မင်းတို့နဲ့ အတူတူ သွားဝယ်ခဲ့တဲ့ မီးပူလေးပါပဲလို့ ပြောတာလေ ”

      “ ဒါဆို မင်း မောင်ထူးကို ဒီမီးပူ လက်ဆောင် ပေးလိုက်တာ မဟုတ်ဘူးလား ၊ မင်း မောင်ထူးကို လက်ဆောင် ပေးဖို့ ဝယ်ခဲ့တာ မဟုတ်ဘူးလား ”

       “ မောင်ထူးကို Tefal မီးပူ လက်ဆောင်ပေးဖို့ လို့လည်း ငါ မပြောခဲ့ မိပါဘူး။ နောက်ပြီး ငါ ဝယ်လာတဲ့ Tefal ကလည်း မောင်ထူး အတွက်ပါ ဆိုပြီး ငါ မပြောခဲ့ပါဘူး။ ငါ ပြောခဲ့တာက သူ့ အလိုချင်ဆုံး လက်ဆောင် ပေးမယ် လို့ပဲ ပြောခဲ့တာပါ။ ”

         “ ဟင် . . . ဒါဆို မင်း Tefal မီးပူဗူးကို အလှစက္ကူနဲ့ ပတ်ပြီး ပေးလိုက်တာ မဟုတ်ဘူးပေါ့။ ”

        “ ဟုတ်တော့ ဟုတ်ပါတယ်။ Tefal မီးပူဗူးကို အလှစက္ကူနဲ့ ပတ်ပြီး လက်ဆောင်ပေးလိုက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အထဲမှာတော့ Tefal မီးပူတော့ ပါမသွားဘူး။ ”

         “ ဟာ . . . ဒါဆို မင်း ဗလာကြီး ထည့်ပေးလိုက်တာလား ”

         “ မဟုတ်တာကွာ။ မင်းလည်း ကိုင်ကြည့်တာပဲ။ ဗလာကြီးဆို ပေါ့ရွှတ်ရွှတ် ဖြစ်နေမှာပေါ့။ ”

         “ အင်း . .  ဟုတ်တယ်။ အထဲမှာ တစ်ခုခုတော့ ပါတယ်။ လေးတော့ လေးနေတယ်။ ဘာထည့် ပေးလိုက်တာလဲ ”

         “ မင်း သတိမထားမိလို့ပါ။ မောင်ထူးက မြန်မာနိုင်ငံမှာ မရှိတဲ့ ပစ္စည်းကို ပိုပြီးတော့ တန်ဖိုးထားတာ မဟုတ်လား။ နိုင်ငံခြားက ပစ္စည်းကို ပိုပြီးတော့ အဖိုးတန်နေတာ မဟုတ်လား။ Tefal မီးပူက မြန်မာနိုင်ငံမှာလည်း ဝယ်လို့ ရပါတယ်ကွ။ ငါ အခု ထည့်ပေးလိုက်တာက မြန်မာနိုင်ငံမှာ တကယ် ဝယ်လို့ မရတဲ့ ပစ္စည်းပါ။ ”

        “ အေးလေ . . . ဘာပစ္စည်း ထည့်ပေးလိုက်တာလဲ ”

       “ ငါတို့ တံခါး အဝင်အထွက်မှာ ချထားတဲ့ ပစ္စည်းတစ်ခုပါ ”

       “ ငါ . . . တို့ . . . တံ . . ခါး . . နား . . . မှာ . . ချ . . ထား . . . တာ . . . ”

     ကျွန်တော် သံယောင်လိုက်ပြီး ထိုင်နေရာမှ ထကာ အခန်း အဝင်အထွက် တံခါးဆီကို ထကြည့် လိုက်မိသည်။ တံခါး အဝင်အထွက် အနားမှာ ဖုန်ကွက်လေး တစ်ကွက် လွတ်နေတာကို တွေ့လိုက်ရသည်။ ဒီနေရာမှာ ဘာကို ထား ထားတာပါလိမ့်လို့ စဉ်းစားနေတုန်း ကျွန်တော့် အနောက်မှ ဘာဘူ့အသံကို ကြားလိုက်ရ၏။

       “ စဉ်းစား မနေပါနဲ့ကွာ ခေါင်းဖြူမယ်။ အဲဒီအကွက်က မင်းနဲ့ ငါ မောလ်ကို သွားရင်းနဲ့ မောင်ထူးနဲ့ တွေ့တော့ မောင်ထူး ငါ့ကို ဖဲ့ဖို့ ကောက်လာတဲ့ “ နိုင်ငံခြားက အုတ်ခဲလေး ” ပါကွ။ သူကတော့ သူ့ဖာသာ တန်ဖိုး ရှိတယ် ပြောပြီး မေ့နေလို့ ငါက အမှတ်တရ ဈေးကြီးတဲ့ Tefal မီးပူဗူးထဲကို မလှုပ်အောင် ရေမြှုပ်တွေ ခံပြီးတော့ ထည့်ပေးလိုက်တာပါ။ ဒါပါပဲကွ။ ”

       “ - - - - - ”



       လွန်ခဲ့သော လေးနှစ်လောက်က အဖြစ်အပျက်လေး တစ်ခုပါ။ မြန်မာနိုင်ငံကို ပြန်ဖြစ်တော့ မောင်ထူးနဲ့ တွေ့ပါရဲ့။ ဒါပေမဲ့ မီးပူအကြောင်း လုံးဝ စကား မစပါဘူး။ သူ ခံလိုက်ရတာကို လူမသိ စေချင်တာလား ၊ သူ့ဖာသာ ရှက်လို့လားတော့ မသိပါဘူး။ ကျွန်တော်လည်း မသိချင်ယောင် ဆောင်ကာ မမေးပါဘူး။ ဖာသိဖာသာပဲ နေလိုက်ပါတယ်။

         ဘာဘူ ဆိုတဲ့ တစ်ယောက်ကလည်း သူများကို အဲဒီလို ပိပိရိရိ ချောက်တွန်းတတ်သူ တစ်ယောက်ပါ။ အခုတော့လည်း ဘယ်ဆီ ဘယ်ဝယ်ကို ထပ်ပြီး ရောက်နေကြလဲ မသိပါဘူး။ အဆက်ပြတ်နေတာတောင်မှ အတော်ကို ကြာခဲ့ပြီ။

*** ဒီပို့စ်လေးကို ရေးထားတာ အတော်ကို ကြာလှပါပြီ။ တင်လိုက်ရင် အက်သံတွေ ထွက်လာမှာ စိုးလို့ မတင်ဖြစ်တာပါ။ အခုတော့ စာအသစ် မရေးချင်သေးတဲ့ အချိန်မို့ အရင်က ရေးထားတာလေးတွေကို ပြန်စစ်ပြီးတော့ တင်လိုက်ပါတယ်။ လူတစ်ယောက်ရဲ့ ပြုံးစရာ အဖြစ်အပျက်လေးလို့ပဲ ဖတ်မိရင် အဆင်ပြေပါတယ်။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

ခနွဲ said...

အင်း တစ်မျိုးတော့ တစ်မျိုးပဲ။ ဘာ ပြောရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် သေချာတာက ကျွန်တော်နဲ့ ကိုဘာဘူ ပုံစံခြင်းတူတော့ သူ့လုပ်ရပ်ကို မှန်တယ်ထင်တယ်။

Anonymous said...

လက်ဆောင်ပေးတဲ့ အကြံလေးကောင်းပါ၏...နောက်တခါကျရင် ဒါမျိုးအတုယူပြီးပေးရမယ်...
ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတယောက် မွေးနေ့ပွဲမှာပေးတဲ့ အဲလိုမျိုးဆန်ဆန် လက်ဆောင်လေးပေးတာတွေ့ဘူးတယ်.
သေချာထုပ်ပိုးထားပြီ အပေါ်ကရေးထားတာ စီးသွားဖို့နဲ့ ကြီးပွားဘို့တဲ့ အထဲမှာတော့ ခုံဖိနပ်တရံနဲ့ စုဗူးတလုံး ..
စီးသွားဖို့က ခုံဖိနပ်တရံ..
ကြီးပွားဖို့က စုဗူးတလုံး.. အဲဒီသူငယ်ချင်းကတော့ နောက်တာပါ..
ခင်မင်စွာဖြင့်...
လွင်

Anonymous said...

လက်ဆောင်က အသုံးဝင်မှာပါ..ကားဂျမ်းတုံးလုပ်လို့ရပါတယ်....မြန်မာပြည်ကအုတ်ခဲက ပြည်တွင်းဖြစ်မို့ ညံ့တာပါ...မောင်ထူး သိအောင် ဘာဘူ ကရှင်းပြလိုက်ရမှာ...

rose said...

လက်ဆောင် ဆိုတဲ့ တကယ် ဖြစ်ရပ်မှန်လေး လာဖတ်ပါတယ်။ အင်း... ကိုယ့်ကို နိုင်ငံခြားပြန် လက်ဆောင် အုတ်ခဲ တစ်လုံး လာပေးရင်တော့ မလိုချင်ဘူးကွယ်း)

Sunny said...

ကိုယ်ကတော့ လူတွေကို အဲလိုအောင့်သက်သက်ဖြစ်အောင် လုပ်တာ မကြိုက်တော့ အုတ်ခဲထည့်ပေးလိုက်တာမျိုးကို သိပ်သဘောမကျဘူး.. ဒါပေမယ့် ဘာဘူဘက်က စဉ်းစားကြည့်လိုက်တော့လည်း သူ့ဟာနဲ့သူ ဟုတ်နေတာပဲ.. စိတ်ဝင်စားစရာတော့ ကောင်းတယ်.. :)

ahphyulay said...

အင်း..
အဖြစ်ကလည်းကောင်း၊
အရေးကလည်းကောင်း ဆိုတော့ 
အဖတ်ပါကောင်းရောဗျာ....။
အော် ..နိုင်ခြံဂားက အုပ်ခဲ၊ အုပ်ခဲ..။

နေ၀သန် said...

း).. လောကမှာ အဲလိုသာ စိတ်ထဲတေးမှတ်ပြီး လုပ်နေမယ်ဆိုရင်တော့ နေစရာတောင်ကျန်မှာမဟုတ်ပါဘူးဗျာ... ကျွန်တော်တော့ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့.. ခံယူချက်ခြင်းမတူလို့ ရွံမုန်းနေပါစေဦးတော့.. အဲလို သူများကို အောင့်တီးအောက်သက်ဖြစ်အောင်တော့ မလုပ်ချင်ဘူးဗျာ.....

ခင်မင်တဲ့
နေ၀သန်

ဝက်ဝံလေး said...

သူငယ်ချင်း တယောက်ရှိတယ် ဘာဘူ့လိုလူမျိုးပဲ စကားကို ကပ် ပြောတတ်တယ် ပါးပါးလေးလဲ ပြန် ပုတ်တတ်တယ် အဲလိုမျိုးပဲ

ခု ဒီပို့စ်ကို ဖတ်ပြီးတော့ သူ့ကိုတောင် သတိရသေးးး အဟေးးး အဟေးးးး

တခါတလေ လူတွေက အဲလိုလုပ်ပေးမှ ဟားဟားးးးးးးးးးးးး မိုက်တယ်ကွာ ....

မောင်မျိုး said...

ပို့စ်လေးဖတ်ကောင်းတယ် အစ်ကို ကျနော်တော့ ဒီနေရာမှာ ကိုမောင်ထူး ကိုထောက်ခံတယ် ကိုဘာဘူပြောတာလည်း မှန်ကောင်းမှန်နိုင်ပေမယ့် ကိုယ့်နိုင်ငံမှာဆို မ၀ယ်နိုင်တော့ ရှိလားမရှိလားလည်း ဘယ်သိနေနိုင်မလဲလေ ပုထုဇဉ်မို့ လိုချင်တပ်မက်မိတာဟာလည်း သဘာဝကျပါတယ် ။ ခွဲခွာရတော့မယ့် သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်လာက်ဆောင် ပေးလိုက်ပုံကတော့ဖြင့် သြချလောက်ပါပေရဲ့ဗျာ ။ အဲ့ပါဆယ်ထုတ်ကိုဖွင့်ပြီင်္း ခံစားရမယ့် ကိုမောင်ထူးရဲ့ ခံစားချက်ကို ကျနော်တော့ နားလည်တယ် ။ ကိုယ်နဲ့မသိကျွမ်းဖူးပေမယ့် ကိုမောင်ထူး တစ်ယောက် အဆင်ပြေပါစေလို့ ။

ငသော် said...

ကိုဘာဘူက အညိုးကြီးတတ်တဲ့လူလား။ ဒီလိုလက်ဆောင်မျိုးတော့ မလိုချင်ပါဘူးဗျာ။

thatoe said...

မောင်ထူးကို မကြိုက်ဘူး...။ သူခံလိုက်ရတော့လည်း...အင်း..ကိုယ်ပါ အီနုံးနုံးဖြစ်ရတယ်။ လက်ဆောင် မှန်ရဲ့လား

ကိုအောင်(ပျူနိုင်ငံ) said...

လက်ဆောင် လာယူသွားတယ် ကိုဇော်။

ကိုကိုမောင်(ပန်းရနံ့) said...

တကယ်ကြီးလားဗျ။ မောင်ထူးအတွက် စိတ်မကောင်းဘူး။ သူက ကားကြုံနှင့်ပြန်တာမှ မဟုတ်တာ။ အုတ်ခဲတစ်လုံးရဲ့အလေးချိန်က နည်းတာမဟုတ်ဘူး။ အင်း.. ဘာဘူဘက်က ကြည့်ပြန်တော့လဲ ဟုတ်တုတ်တုတ်။ ဒါနဲ့... စကားမစပ်.. အဲဒီ ဘာဘူ ဆိုတဲ့သူက ကုလားကြီးလားမသိဘူး။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ဘယ်သူမှ မမှားဘူးလို့ ထင်တာပဲလေ:)
နော့ကိုဇော် ကိုဇော်ရော မှားလားဟင် :P

Baby taster

T T Sweet said...

ဘာဘူက ဘယ်လောက်စိတ်ဆိုးဆိုး အဲလိုတော့ မလုပ်သင့်ပါဘူးဗျာ။ သူငယ်ချင်းချင်း နောက်တယ်ဆိုတာ လက်ခံရင်တော့ ကောင်းပါရဲ့။ ညစ်တွန်းတွန်းတာတော့ ဘယ်ကောင်းမလဲ။ စိုသောလက်မခြောက်စေနဲ့တဲ့။

ရွှေရတုမှတ်တမ်း said...

လူတကိုယ် စိတ်တမျိုးပေါ့လေ..
အုတ်ခဲ တလုံးရဲ့ အလေးချိန်ကလဲ မနဲဘူး..

ငြိမ်းစိုးဦး said...

ကျွန်တော် ဆိုရင် မီးပူကို ထည့်ပေးပြီး နိုင်ငံခြားအုတ်ခဲတော့ မထည့်ချင်ကြောင်း စာတိုလေးနဲ့
ရှင်းပြပြီး လက်ဆောင်ပေးလိုက်ပါမယ် ...
ငြိမ်းစိုးဦး

နတ်ဆိုး said...

တစ်ချို့ကိစ္စတွေမှာ လူရိုသေရှင်ရိုသေ ဖြစ်လောက်ရုံ သဘောထားကြီးပြတာထက်စာရင် ရိုးသားစွာ သတိပေးလိုက်တာ ပိုတန်ဖိုးရှိတယ်လို့ထင်တယ် ပေးဆပ်လိုက်ရတဲ့တန်ဖိုး မြင့်ကောင်းမြင့်ပေမဲ့ တစ်သက်လုံးအမှတ်တရဖြစ်သွားမှာတော့အမှန်ပဲလေ လောကကြီးမှာ မောင်ထူးတွေများလို့ ဘာဘူတွေရှိလာတာပါ :)

Anonymous said...

ပုံမှန်အားဖြင့် ကီလို ၂၀ ပဲရတာ.. အဲဒီလိုလက်ဆောင်သယ်သွားရရင်တော့......
may

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.