မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 January 2011

15 ပုဏ္ဏား ခုနစ်ယောက် ဆွဲသော ဆင်ပုံ





     ခပ်ဝေးဝေးမှပင် အသံတွေကို ကြားနေရ၏။ ထိုအသံတွေမှာ ရန်ဖြစ်သံတွေပင် ဖြစ်သည်။ အနီးနားကို ရောက်သော အခါမှာတော့ ပိုအံ့သြသွားရပြန်၏။ ထိုရန်ဖြစ်နေသူများမှာ သာမာန်လူများ မဟုတ်ကြချေ။ သူတို့သည် မျက်မမြင်များသာ ဖြစ်သည်။ ဒီထက် ပို၍ တိတိကျကျ ရုပ်လုံးပေါ်အောင် ပြောရမည် ဆိုရင် ထိုရန်ဖြစ်နေသူတို့သည် “ မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ” ပင် ဖြစ်လေတော့သည်။

     နီးလာလေလေ ပုဏ္ဏားတွေရဲ့ ခိုက်ရန် ဖြစ်ပွားမှုက ပို၍ ထင်ရှား ကျယ်လောင် လာလေလေ ဖြစ်၏။ သူသွားရမဲ့ ခရီးစဉ်ကို ခေတ္တရပ်နားကာ ထိုပုဏ္ဏားတွေကို ရယ်၍ ကြည့်မိသည်။ သူတို့ ဖြစ်နေပုံကလည်း ရယ်ဖို့ ကောင်းနေခဲ့ပါသည်။ တစ်ယောက် ၊ နှစ်ယောက် ၊ သုံးယောက် . . . . . . ခြောက်ယောက်. . . ဟုတ်တယ်။ စုစုပေါင်း ပုဏ္ဏားခြောက်ယောက် တိတိ သူတို့ အချင်းချင်း ခိုက်ရန် ဖြစ်ပွားနေကြခြင်း ဖြစ်၏။

       သို့သော် သူတို့ ရန်ဖြစ်နေသည်မှာ စိတ်ညစ်ဖို့ မကောင်းလှ။  ဘယ်သူက ဘယ်သူ့ကို ဦးတည်၍ ခိုက်ရန် ဒေါသ ဖြစ်နေသည့် ပုံစံ မဟုတ်ဘဲ ၊ ပုဏ္ဏား တစ်ဦးတည်းမှ ကျန်သော ပုဏ္ဏားငါးယောက်ကို ဒေါသဖြစ်ကာ ခိုက်ရန် ဖြစ်နေခြင်းမျိုးသာ ဖြစ်သည်။ ဘယ်သူ့ကို ဆိုကာ ဦးတည်ချက် မရှိသောကြောင့် မည်းမည်းမြင်ရာ သူတို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။ တကယ်တော့လည်း သူတို့အတွက် ထိုစကားသည် အလွန်ကို သင့်တော်လှပါ၏။ မျက်မမြင်တစ်ယောက် အဖို့ အရာရာသည် မည်းမည်းချည်းသာ မြင်နေရမည် မဟုတ်ပါလား။ ( မယုံပါက အရင် မျက်စိကွယ်အောင် လုပ်၍ စမ်းသပ်ကြည့် ကြစေလိုပါတယ်။ ) ဒါကြောင့် သူတို့ စိတ်ထင်ရာ အရပ်ကိုသာ ဦးတည် တိုက်ခိုက်နေခြင်း ဖြစ်သည်။

       “ ငါ့လက်သီး အရှေ့မှာ ရှိသူ ငါ့ရန်သူ ” ဟု သဘောထားကာ သူတို့ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ဒါကြောင့် သူတို့ စိတ်ထဲ မေးရိုးဟု ထင်ကာ ထိုးလိုက်သော အရာသည် လေကိုသာ ထိုးမိသည်မှာလည်း အကြိမ်ကြိမ် ၊ အရှိုက်ကို တွယ်လိုက်မကွ ဟု ဆိုကာ ထိုးလိုက်သော လက်သီးမှာလည်း တခြားသော ပုဏ္ဏား၏ ဘယ်နေရာကို ဘယ်လို ထိုးမိသွားသည်ကို သူတို့ဖာသာလည်း သေချာ မသိနိုင်ချေ။ “ အင့် ” ခနဲ အသံကြားလိုက်ရရင် ငါ ထိုးချက် ထိသွားပြီ ဟုသာ သူတို့ဖာသာ ခံယူမိ၏။

        မုန်တိုင်း အတိုက်ခံနေရသော မြက်သမန်းပင်များ ကဲ့သို့ ဂမူးရှူးထိုးဖြင့် လက်နှစ်ဘက် ခြေနှစ်ဘက်ကို ရမ်းကာ တိုက်ခိုက်နေကြပေမဲ့ ထိုးချက်နဲ့ ထိချက်က ရာခိုင်နှုန်းများစွာ ပိပိရိရိကို လွဲချော်နေ လေတော့သည်။ သူတို့ရဲ့ နှာမှုတ်သံများကလည်း ပြင်းထန်သထက် ပြင်းထန်လာကြသည်။ သူတို့၏ ရင်ဘတ်တွေသည်လည်း မောလွန်းမက မောပန်းလာကြသည်။ လှုပ်ရှားမှုတွေ နှေးကွေး လာကြသည်။ ဒါပေမဲ့ သူတို့ကတော့ အနိုင်မခံ ၊ အရှုံးမပေး ဆိုသော ပုံစံတွေဖြင့် တတ်ကြွနေကြ၏။

         သူတို့ရဲ့ လှုပ်ရှားမှုက သူတို့ မျက်မမြင်တွေ အတွက် အဓိပ္ပါယ် ရှိနေနိုင်ပေမဲ့ သူတို့ လှုပ်ရှားမှုတွေကို မြင်တွေနေရတဲ့ ကျွန်တော့် အတွက်တော့ ဘယ်လိုမှ ထိတ်လန့်ဖို့ မကောင်း ၊ သူတို့ အလွဲလွဲ အမှားမှား လေတွေကို ထိုးမိနေတာကို ပြုံးချင်စဖွယ် ဖြစ်မိနေသည်။ ဒေါသတွေ ထွက်ကာ သူတို့ ရှူးရှူးရှားရှား ပိုဖြစ်လာလေလေ ပို၍ ရယ်ချင်စဖွယ် ဖြစ်လာလေလေပါပဲ။ သို့သော် သူတို့ရဲ့ အဖြစ်က သနားဖို့ ကောင်းလှပါသည်။ သူတို့ဟာ မျက်မမြင်တွေ မဟုတ်လား။

       “ ဘာဖြစ်နေကြတာလဲဗျ ”

      ကျွန်တော်က မနေနိုင်ဘဲ ခိုက်ရန် ဖြစ်ပွားနေကြသော သူတို့ကို မေးလိုက်တော့ သူတို့က တိုက်ပွဲကို အရှိန်လျော့ကာ အသံလာရာ ကျွန်တော့် ဆီသို့ နားစွင့်ရင်း လှည့်ကြည့်ကြသည်။

       “ ဘယ်သူလဲ ၊ မင်းက ဘယ်က ကောင်မို့ ငါတို့ကို လာမေးတာလဲ ”

      မျက်မမြင် ပုဏ္ဏား ခြောက်ယောက်ထဲမှာ အသက်အကြီးဆုံးလို့ ထင်ရသော ပုဏ္ဏား ခပ်အိုအိုက လှမ်း၍ မေး၏။ ဒီတော့မှ ကျွန်တော်ကလည်း အခြေအနေကို အမြန်ပြန် သုံးသပ်ပြီး ရှင်းပြလိုက်သည်။

     “ ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူး။ ကျွန်တော်က သာမာန် လူသား ခရီးသွား တစ်ယောက်ပါ။ ခရီးသွားရင်း ဒီဘက်ကို ခဏ ဖြတ်သွားတုန်း ခင်ဗျားတို့ အခုလို ဖြစ်နေကြတာကို တွေ့လို့ လှမ်းမေးမိတာပါ။ ”

     “ သြ . . မင်းက ခရီးသွားကိုး ”

     “ ဟုတ်ပါတယ် ၊ ဒါနဲ့ ဘာဖြစ်နေကြတာလဲဗျ ”

     “ ပြောရရင်တော့ ရှည်တယ်။ ငါတို့ ရွာထဲကို သူကြီးက သူ့ အလှူအတွက် ဆင် ငှားလာတယ် ဆိုလို့ ငါတို့ သွားကြည့်ကြတယ်။ ”

     “ ဟင် . .  ခင်ဗျားတို့က သွားကြည့်ကြတယ် ဟုတ်လား ”

     ဒီလို မေးလိုက်လို့ သူများကို နှိမ်ပြီး ရိုင်းချင်တဲ့ စိတ်နဲ့တော့ မဟုတ်ပါဘူး။ မျက်မမြင်တွေက သွားကြည့်ကြတယ် ဆိုလို့ အံ့သြသွားတာပါ။ အံ့သြခြင်း နှင့်အတူ ကျွန်တော့် ပါးစပ်များပါ ခဏတာ ပွင့်နေမယ် ထင်ပါသည်။

      “ သွားကြည့်တယ် ဆိုတာ မျက်လုံးတွေနဲ့တော့ မဟုတ်ဘူးပေါ့ကွ ၊ ငါတို့မှ မျက်စိ မမြင်တာ။ အခုဟာက သွားပြီးတော့ ကိုင်ပြီး စမ်းကြည့်တာပေါ့ ”

     “ ဟုတ်လား လုပ်စမ်းပါဦး ၊ ဒါဆို ဆင်ဆိုတာ ဘယ်လိုပုံစံကြီးလဲ ”

     ဆင်ကို မျက်လုံးနဲ့ မမြင်ဖူးလို့ ထိတွေ့ပြီး ကိုင်တွယ် စမ်းကြည့်တဲ့ လူတွေရဲ့ ခံစားမှု အထိအတွေ့ကို စိတ်ဝင်စားမိသည်။

      “ အဲဒီလို ဆင်ကို သွားစမ်းကြည့်မိပြီး ပြန်လာတယ်။ အိမ်ကို ပြန်လာတဲ့ လမ်းမှာတော့ ကိုယ့်အတွေးနဲ့ ကိုယ် ဟုတ်ပြီး ငြိမ်နေတာပါပဲ။ အိမ်ပြန် ရောက်တော့မှ တစ်ယောက်ကို တစ်ယောက် ဆင်ကို သွားစမ်းကြည့်တာမှာ ဘယ်လို ထင်မြင်လဲ လို့ မေးမိရာကနေ စပြီး အခုလို ရန်ဖြစ်ကြတော့တာပဲ ”

      “ သွားစမ်းကြည့်ပြီး ဘယ်လိုများ ထင်မြင်ခဲ့ကြလို့လဲ ”

      “ ငါက ဆင်ရဲ့ နှာမောင်း ဆိုတာကို ကိုင်ကြည့်မိတယ်ကွာ ၊ ဆင်ရဲ့ နှာမောင်းက ရှည်မျောမျောနဲ့ မြွေလိုပဲ ၊ ဒါကြောင့် ငါက ဆင်ဆိုတာ မြွေလိုပဲလို့ ပြောတာ။ ဒါကို နောက် တစ်ယောက်က သူက ဆင်ရဲ့ အစွယ် ဆိုတာကို စမ်းမိတယ်တဲ့။ ဆင်စွယ် ဆိုတာ ချွန်ချွန် ထက်ထက် နဲ့ လှံလိုပဲတဲ့။ ဒါကြောင့် သူက ဆင် ဆိုတာ လှံလိုပဲ လို့ ပြောတယ်။ ဒါကို နောက်ထပ် တစ်ယောက်က သူကတော့ ဆင်ရဲ့ ခန္ဓာကိုယ်ကို စမ်းမိတယ် တဲ့။ ခန္ဓာကိုယ်က အုတ်နံရံလိုပဲတဲ့။ ဒါကြောင့် ဆင် ဆိုတာ အုတ်နံရံလိုပဲ လို့ ပြောတယ်။ ”

       “ သြော်. . .  အဲဒီလို တစ်ယောက် တစ်မျိုးစီ တစ်နေရာကိုပဲ စမ်းမိခဲ့ကြတာလား။ ”

       “ အေးပေါ့ . . . ဆင် ဆိုပြီး ရွာမှာ ရှိတဲ့ လူတွေ အားလုံးကလည်း လာကြည့်နေကြတာကိုး။ ဒါကြောင့် လူလေး ရှင်းတုန်း ခပ်မြန်မြန် ကိုယ်နဲ့ နီးရာကိုပဲ ကိုင်ပြီး စမ်းခဲ့ရတာ။ ”

       “ ဒါဆို ဆက်ပြောပါဦး ကျန်တဲ့ သုံးယောက်ကတော့ ဘာတွေကို စမ်းမိခဲ့လဲ ”

       “ အမြီးကို စမ်းမိတဲ့ တစ်ယောက်က ဆင် ဆိုတာ ကြိုးလိုပဲ လို့ ပြောတယ်။ တစ်ခါ ခြေထောက်ကို စမ်းမိတဲ့ တစ်ယောက် ကျတော့ ဆင် ဆိုတာ သစ်တုံးကြီး တစ်တုံးလိုပဲတဲ့။ ဆင် နားရွက်ကို သွားကိုင်မိတဲ့ တစ်ယောက်ကျပြန်တော့ ဆင် ဆိုတာ လှုပ်နေတဲ့ ယပ်တောင်ပဲတဲ့။ ငြိမ်ငြိမ်နေမဲ့ ကောင် မဟုတ်ဘူးတဲ့။ ”

       “ သြ . . . သြ . . .”

       “ ဒါနဲ့ပဲ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ခဲ့တာတွေကို ပြန်ပြောရင်း အငြင်းပွားပြီး ရန်ဖြစ်တာပဲ။ တကယ်တော့ ဆင် ဆိုတာ မြွေ လိုပဲကွ ရှည်မျောမျောနဲ့။ တကယ်ပြောတာ ငါ ကိုယ်တိုင် စမ်းခဲ့တာပဲ ”

       “ မဟုတ်ဘူး ဆင်ဆိုတာ သစ်တုံးပြတ် တစ်ခုလိုပဲ တုတ်တုတ်ခိုင်ခိုင်နဲ့ ”

       “ မဟုတ်ဘူးကွာ ဆင်ဆိုတာ ယပ်တောင်လိုကွ ၊ လှုပ်တုတ်တုတ်နဲ့ ”

      “ မဖြစ်နိုင်ဘူး ဆင် ဆိုတာ သွယ်သွယ် ရှည်ရှည်လေး ကြိုး တစ်ချောင်းနဲ့ တူတယ် ”

       “ ဘယ်ကလာ သွယ်ရမှာလဲ ချွန်ထက်နေတာ ၊ ဆင် ဆိုတာ လှံနဲ့ တူတယ် ”

       “ မဟုတ်တာ ဘယ်လိုလုပ် ချွန်မလဲ ၊ ဆင် ဆိုတာ အုတ်နံရံလိုပဲ ဗြောင်ကြီး။ မှီထားလို့တောင်မှ ရတယ် ”

        “ မဟုတ်ဘူးကွာ . . .မဟုတ်ဘူး . . ”

        “ - - - - - -- - ”

        “ - - - - - - - ”

        ဒါနဲ့ပဲ သူတို့ ပြန်ပြီး ရန်ဖြစ်ဖို့ တာဆူ လာကြတော့သည်။

        “ ကဲပါဗျာ . . တော်ပါတော့။ ခင်ဗျားတို့ အားလုံးပြောတဲ့ ဟာတွေ တစ်ယောက်မှ မမှားသလို တစ်ယောက်မှလည်း မမှန်ဘူး။ ဘာပဲ ပြောပြော လောကမှာ ကိုယ်စမ်းသပ် မိတာကို ကိုယ် အထင်မှာတော့ ကိုယ့်ဖာသာ မှန်တယ်ပဲ ထားလိုက်ပါတော့။ ဒီတော့ ခင်ဗျားတို့ အားလုံး မှန်တယ်ဗျာ။ ဟုတ်ပြီလား ကျေနပ်ပြီလား။ ”

        သူတို့ ငြိမ်သွားသော်လည်း သိပ်တော့ ကျေနပ်ပုံ မပေါ်။

        “ ဒါနဲ့ မင်းက ခရီးသွား ဆိုတော့ ဘယ်ကို သွားမှာလဲ ၊ ဘယ်က လာတာလဲ ၊ ဘာအလုပ် လုပ်တာလဲ  ပြောပြပါဦး  ”

        “ ကျွန်တော်က  အလွန်ဝေးတဲ့ နေရာ တစ်ခုကနေ လာခဲ့တာပါ။ ခင်ဗျားတို့ နားလည်အောင် ဘယ်လို ပြောရမယ် မသိဘူး။ ခပ်တိုတို ပြောရရင်တော့ ကျွန်တော်က ခေတ်လွန်ကနေပြီးတော့ ခင်ဗျားတို့ ခေတ်ဟောင်းကို ပြန်လာခဲ့တာပါပဲ ”

        အာမေဋိတ်သံတွေနဲ့ အတူ သူတို့ အားလုံးဆီက အံ့သြသံတွေ ထွက်လာ၏။ ကျွန်တော်က မျက်မြင် ဖြစ်သောကြောင့် သူတို့ရဲ့ အံ့သြမှု ပါးစပ်တွေ ပွင့်သွားကြတာကို မြင်လိုက်ရပါသည်။

       “ ခေတ်လွန် . . . ၊ ခေတ်လွန်မှာ မင်းက ဘာလုပ်တာလဲ ”

       “ ကျွန်တော်က ဓါတ်ပုံ ပြင်စားတယ်ဗျာ။ ”

       “ ဘယ်လို  ဓါတ်သွားထားတဲ့ အပုံကို ပြင်စားတယ် . . ”

       “ အာ . . . ထွီ . . . ၊ အဲဒီ ဓါတ်ပုံ မဟုတ်ဘူး။ ကျွန်တော် ပြောတာက ဖိုတိုရှော့ ( Photoshop ) ပြင်စားတယ် လို့ ပြောတာ ”

        “ ဘာကွဲ့ . . .၊ ငါတို့ မျက်မမြင်တွေကို မျက်စိလည်အောင် ပြောတာ မင်းပဲ ရှိမယ် ထင်တယ်။ ”

        မျက်မမြင် ပုဏ္ဏား ခြောက်ယောက်နဲ့ တွေ့မှ ကျွန်တော်လည်း အတော်ကို စိတ်ညစ်သွားရသည်။

        “ ဒီလိုဗျာ . . . ဒီလို ၊ ခင်ဗျားတို့ နားလည်အောင် ပြောရရင် ၊ ခင်ဗျားတို့ ပန်းချီ ဆိုတာရော သိလား။ ပိတ်သားပေါ်မှာ ဆေးနဲ့ ဆွဲတာလေ ”

        “ ဒါတော့ သိပါတယ်ကွ ၊ ပန်းချီဆရာ ပီကာဆို ၊ လီယိုနာဒို ၊ ဘာညာတောင်မှ ကြားဖူးသေးတာပဲ ”

        “ ဟုတ်တယ် . . . ဟုတ်တယ်  ၊ အဲဒီ ပန်းချီပဲ။ ခင်ဗျားတို့ နားလည်အောင် ရှင်းရှင်း ပြောရရင် ပန်းချီ ဆွဲသလိုပဲ ၊ ဆွဲပြီးသား ပုံတွေကို ကျွန်တော်က ပိုပြီးတော့ လှအောင်လို့ ပြင်ပေးတဲ့ လူ ၊ ဒါပဲ ”

        “ ဟား . . . ဒါဆိုရင် အတော်ပဲ ”

         သူတို့ထဲက တစ်ယောက်က ဝမ်းသာ အားရ ထအော် ပြော၏။

        “ ဘာဖြစ်လို့လဲ ၊ ခင်ဗျားကလည်း အလန့်တကြား ”

        “ အခု ငါတို့ ပြောနေတဲ့ ဆင် ဆိုတာကို မင်းတတ်တယ် ဆိုတဲ့ ပန်းချီ သဘောတရားနဲ့ တွဲပြီး ဆွဲပေးစမ်းပါ ”

        “ ဘယ်လို ဆွဲပေးရမှာလဲ ”

        “ အခုနက ငါတို့ ပြောနေတာတွေလေ။ မြွေ ၊ ယပ်တောင် ၊ လှံ ၊ အုတ်နံရံ ၊ သစ်တုံး ၊ ကြိုး . . . ၊ ဒါတွေကို စုပြီးတော့ သေချာ ဆွဲလိုက်ရင် ဆင်တစ်ကောင် ရပြီပေါ့ကွ။ ”

       “ ဗျာ . .”

       “ ဗျာ မနေနဲ့လေ။ မင်းက ပန်းချီ ဆွဲသလို မင်းရဲ့ ဓါတ်အပုံကို ပြင်စားတဲ့ ပညာတတ်တယ် ဆို ၊ တတ်တယ် ဆိုရင် ငါတို့ကို အခု ပြောတဲ့ ဟာတွေ ပါအောင် ဆွဲပြီး ဆင်တစ်ကောင် အမှတ်တရ လုပ်ပေးစမ်းပါ ”

         ဟိုက် . . .။ ခက်တော့ နေချေပြီ။ တကယ်တော့ ဆင်မှာ သူတို့ ပြောတာတွေ ပါမှ မပါတာ။ မလုပ်ပေး ပြန်ရင်လည်း သူတို့ကို အားနာစရာ။ သူ့အတွက်ကတော့ ဒီလို ဖြတ်တောက် ဆက်စပ်တယ် ဆိုတာ ဖိုတိုရှော့ အတွက်တော့ ဘာမှ ခက်ခဲတဲ့ ပညာ တစ်ခုတော့ မဟုတ်ပါဘူး။

         “ ကောင်းပြီဗျာ။ လုပ်ပေးမယ် ခဏတော့စောင့် ”

        လက်တော့လေးကို ထုတ်လိုက်ပြီး ဖိုတိုရှော့ကို ဖွင့်လိုက်၏။ အရင်ကတည်းက Google က ရှားထားတဲ့ ဆင်ပုံကို ဖိုတိုရှော့ပေါ်ကို File - Open နဲ့ ဖွင့်ကာ ဆွဲတင်လိုက်သည်။ ထို့နောက် လှံ ၊ မြွေ ၊ ယပ်တောင် ၊ အုတ်နံရံ ၊ သစ်တုံးပြတ် ၊ ကြိုး ပုံများကို သိမ်းထားတဲ့ ဖိုဒါထဲက ရှာကာ ဖြတ်တောက်၍ ဆက်စပ်ကာ ဆင်တစ်ကောင်၏ ကောက်ကြောင်းများတွင် ဖြည့်လိုက်လေတော့သည်။

         ကျွန်တော် လုပ်ထားသော ပုံကို ကိုယ်တိုင် နောက်ဆုံး ကြည့်ပြီး စိတ်ကျေနပ် သွားသလို တစ်ချက် ပြုံး၍ ကြည့်လိုက်မိသည်။ လုပ်နေသမျှကို ဘေးက ပုဏ္ဏား ခြောက်ယောက်ကတော့ ဘာမှ ဝင်မပြောဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ငြိမ်ကာ စောင့်နေကြ၏။ မမြင်ရတော့ နားတွေကတော့ စွင့်လို့ပေါ့လေ။

         “ ပြီးပြီဗျာ။ ခင်ဗျားတို့ ပြောတဲ့ ပစ္စည်းတွေပါတဲ့ ဆင် တစ်ကောင် ”

         “ ပြီးပြီလား . . . ဘယ်မှာလဲ ”

         သူတို့ အားလုံး ဝမ်းသာ အားရ ဝိုင်းမေးကြသည်။

         “ ပြီးပြီ ၊ ခဏစောင့် ခင်ဗျားတို့ကို ပရင့်ထုတ်ပြီး တစ်ယောက် တစ်ခုစီ ပေးခဲ့မယ် ”

         အိတ်ဆောင် ပရင့်တာလေးကို ထုတ်ပြီး  ပုဏ္ဏား ခြောက်ယောက် ရဲ့စမ်းမိသမျှကို သူတို့ စိတ်ထဲမှာ ထင်မှတ်သလို ပြောခဲ့တဲ့ ပစ္စည်းတွေကို ထည့်ပြီး ဖိုတိုရှော့နဲ့ ပြင်ပေးထားတဲ့ ပုံလေးကို ခြောက်စောင် တိတိ ထုတ်လိုက် လေတော့သည်။ ထွက်လာတဲ့ “ ပုဏ္ဏား ခြောက်ယောက် စိတ်ကူးနဲ့ ဆွဲထားတဲ့ ဆင်ပုံ ” လေးကို တစ်ချက်ကြည့်ကာ သူတို့ကို လှမ်းပေးလိုက် လေတော့သည်။

        ကျွန်တော် လှမ်းပေးသော စာရွက်လေးတွေကို ပုဏ္ဏား ခြောက်ယောက်က နဝေတိမ်တောင်ဖြင့် လှမ်းယူ လိုက်ကြ၏။ ကျွန်တော်လည်း သူများရဲ့ စိတ်ကူးကို ပုံဖော်ပေးလို့ အပြီးမှာ တာဝန် တစ်ခုကို ပြီးပြတ်သွားသော ဒီဇိုင်နာ တစ်ယောက်လို စိတ်ကူးနဲ့ လှည့်ထွက်မယ် အလုပ်မှာ  ပုဏ္ဏား ခြောက်ယောက် ဆီမှ အသံ တစ်ခု တပြိုင်နက်တည်း ထွက်လာသည်။

        “ ငါတို့ အားလုံးရဲ့ ဆင်ကို စုစည်းပြီး ပုံဖော်ထားတယ်သာ ပြောတယ် ၊ တကယ်တော့ ဆင် ဆိုတာ “ X X X ” ကိုး ”

         တဲ့။ 

        “ ဘာ  . . ”

       ဆိုပြီး ကျွန်တော်  ပြစ်ပြစ်ခါခါ ဖြစ်ကာ ခံစားလိုက်ရသည်။ သူတို့ ပြောသလို ဆိုရင် မျက်မမြင် ပုဏ္ဏား ခြောက်ယောက်က မမြင်မကန်း သူတို့ စမ်းခဲ့တာ မြွေ ၊ လှံ ၊ ယပ်တောင် ၊ အုတ်နံရံ ၊ သစ်တုံး ၊ ကြိုးတို့ ဆိုပေမဲ့ သူတို့ စိတ်ထဲမှာ သူတို့လိုပဲ ကျွန်တော် စမ်းလိုက်တာဟာ “ X X X ” များ ဖြစ်နေပြီလား . . . . . . . . ၊



        “ ဆင် ဆိုတာ X X X မဟုတ်ဘူး ၊ X X X မဟုတ်ဘူး ”

         “ ဆင် ဆိုတာ X X X မဟုတ်ဘူး ၊ X X X မဟုတ်ဘူး ”

         “ ဆင် ဆိုတာ X X X မဟုတ်ဘူး ၊ X X X မဟုတ်ဘူး ”

        “ ကိုဇော် . . ကိုဇော် ဘာတွေ ယောင် အော်နေတာလဲ ၊ အိပ်မက် မက်နေတာလား ”

        ခန္ဓာကိုယ်ကို လာထိပြီးတော့  တစ်ယောက်ယောက်ရဲ့ လှုပ်အနှိုး ခံလိုက်ရတော့မှ ကျွန်တော်လည်း အသိဝင်လာ၏။ မျက်လုံးကို ပွတ်ကာ ကြည့်လိုက်တော့ သူငယ်ချင်း ဆိုလည်း ဟုတ် ၊ ညီအစ်ကို လိုလည်း ဖြစ်နေသော “ ဒီဇိုင်နာ နဂါး ” ကို မြင်လိုက်ရသည်။

         “ ဘာလဲ . . . ဘာဖြစ်လို့လဲ ”

        “ မသိဘူးလေ ၊ အစ်ကို ယောင်အော်နေလို့လေ ၊ အိပ်မက်ဆိုးတွေ မက်နေတာလား လို့ နှိုးလိုက်တာ ”

         “ သြော် . . . ဟုတ်တော့ ဟုတ်တယ်။ အိပ်မက်တော့ အိပ်မက်ပဲ ၊ အိပ်မက်ဆိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကပ်သီးကပ်သပ် အိပ်မက်ကြီး ”

          “ ဘာဖြစ်လို့လဲ အစ်ကို ”

        “ ဟိုး ရှေးနှစ်ပေါင်းများစွာက ခေတ်ဟောင်းကို ပြန်ရောက်သွားပြီးတော့ ဆင်ကို စမ်းတဲ့ မျက်မမြင် ပုဏ္ဏားတွေနဲ့ သွားပြီး စကားပြောနေမိတာ ၊ ပြီးတော့ . . . ”

        “ ပြီးတော့ ဘာဖြစ်လဲ အစ်ကို ”

        “ ပြီးတော့ သူတို့တွေ စမ်းထားခဲ့တဲ့ မြွေ ၊ လှံ ၊ ယပ်တောင် ၊ အုတ်နံရံ ၊ သစ်တုံး ၊ ကြိုး ၊ ဒါတွေကို အားလုံး စုပြီး ဆင်တစ်ကောင်ရဲ့ ကိုယ်ပေါ်မှာ ဖိုတိုရှော့ နဲ့ ပြင်ပြီး တပ်ပေးလိုက်မိတယ်။ ”

         “ ဟာ . . . ဒါဆို အဲဒီဆင်က ဘယ်လိုပုံစံ ဖြစ်သွားလဲ ”

         ဒီဇိုင်နာ ဆိုတော့လည်း စိတ်ကူးထဲမှာ ချက်ချင်းပုံဖော်လိုက်ပြီး ဆင်အစား ရင်နာသွားပုံ ပေါ်သည်။

         “ ဘယ်လိုလုပ် ကြည့်ကောင်းတော့မလဲ နဂါးရယ် ၊ ဆင်က ဆင်ရုပ် မပေါက်တော့ဘူးပေါ့ ”

          “ အေးဗျာ . . . တော်တော် အကြည့်ရဆိုးတဲ့ ဆင် ဖြစ်သွားတော့မှာပဲ။ ဒါပေမဲ့ အစ်ကိုရာ . . . ”

          “ အင်း . . . ဘာဖြစ်လဲ ”

          “ တကယ်တော့ ကျွန်တော် စဉ်းစားကြည့်မိတယ် ၊ မျက်မမြင်တွေပါ ဆိုမှ သူတို့ မျက်စိ မမြင်ဘူးပေါ့ဗျာ”

           ကျွန်တော် ခေါင်းကုတ်လိုက်ပြီး နဂါးကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။

           “ နဂါးရယ် ၊ လူကိုတော့ ပိုပြီး ချောင်အောင်တော့ မလုပ်နဲ့နော်။ နဂိုကတည်းက ရူးချင်နေတာ ”

         “ မလုပ်ပါဘူး အစ်ကိုရ ။ ကျွန်တော် ပြောချင်တာက သူတို့ ဆင်တောင်မှ မမြင်ဖူးတဲ့ မျက်မမြင်တွေပါ ဆိုမှ သူတို့ ငယ်ငယ်ကတည်းက မျက်မမြင်တွေ ဖြစ်ရမှာပေါ့ ”

           “ အင်း ဟုတ်တယ် ၊ ဒီလိုပဲ ဖြစ်နိုင်တယ် ”

           “ ငယ်ငယ်ကတည်းက မျက်စိ မမြင်လာမှတော့ အစ်ကိုရယ် ၊ သူတို့ မြွေ ၊ လှံ ၊ ယပ်တောင် ၊ အုတ်နံရံ ၊ သစ်တုံး ၊ ကြိုး ဆိုပြီးတော့ သေချာ ခွဲခြားပြီးတော့ သိနေနိုင် ပါတော့မလား ”

          “ ဟာ . . . ဟုတ်တာပေါ့ ၊ အမှန်ပဲ ”

         “ ဒီတော့ ဒီပုံပြင်က ၊ ဒီအဖြစ်အပျက်က တကယ်ရော ဖြစ်နိုင်ပါတော့ မလားလို့ပါ ”

         “ ဟုတ်တယ် ဒါ စဉ်းစားစရာပဲ။ သူတို့ ဆင်တောင်မှ မမြင်ဖူးမှတော့ တခြားဟာတွေကိုလည်း မမြင်ဖူး နိုင်တော့ဘူးပေါ့။ ဒီတော့ သူတို့ လှံ ၊ မြွေ ၊ သစ်တုံး ၊ ယပ်တောင် ၊ ကြိုး ၊ အုတ်နံရံ ဆိုပြီး ဘယ်လိုလုပ် ခွဲခြား ပြောနိုင်ပါ တော့မလဲ ”

         “ ဟုတ်တယ် အစ်ကို ၊ ဒါကို ပြောတာ ”

        “ တကယ်ကို စဉ်းစားစရာပဲ။ ဒါပေမဲ့လည်းလေ ခေတ်ဟောင်း ဆိုတာ ခေတ်ဟောင်းမှာပဲ ထားခဲ့ လိုက်တာ ပိုကောင်းပါတယ်။ ကိုယ်က ခေတ်ဟောင်းကို ပြန်လိုက်သွားပြီး သူတို့ စမ်းခဲ့တဲ့ ဆင်ကို ဝင်ပုံဖော် ပေးလိုက်တော့ . . . . .”

       “ ဘာဖြစ်လို့လဲ အစ်ကို ” 

       “ သြော်. . . ကိုယ်တိုင်က သတ္တမမြောက် ပုဏ္ဏား ဖြစ်သွားတာပေါ့ဗျာ ”

       “ ဘယ်လို ဖြစ်သွားတာလဲ အစ်ကို ”

       “ ဟုတ်တယ်။ ကျွန်တော်လည်း ဖိုတိုရှော့ နဲ့ ဆင်ပုံကို လုပ်ပေးပြီးလို့ တစ်ယောက် တစ်ရွက် ပရင့်တာ နဲ့ ပုံလေးတွေ ထုတ်ပေးပြီးတော့ သူတို့က လှမ်းပြောသွားတယ်။ ”

        “ ဘာပြောလဲ ”

        “ ဆင် ဆိုတာ “ စာရွက် ” တစ်ရွက် လိုပါပဲလား ”

        တဲ့။

        အင်း . . . .
     

        “ အင်း . . . ကျွန်တော် ခေတ်ဟောင်းက လူတွေနဲ့ ခပ်ဝေးဝေး နေတာ ကောင်းမယ် ထင်ပါတယ်။ သူတို့က မမြင်မကန်းနဲ့ ရမ်းစမ်းတတ်တယ်။ ပြီးတော့ မမြင်ဖူးတာတွေကိုလည်း သူတို့ စမ်းမိ သလိုလိုနဲ့ ပြောတတ်ကြသေးတယ်။ ”



      မှတ်ချက်။   ။ လူလည်း ဂေါက်ချင်နေလား မသိပါဘူး။ ဟိုနေ့က ဘာမှန်း မသိ ၊ မက်ခဲ့ရတဲ့ အိပ်မက်လေးပါ။ ဘာတွေမှန်းလည်း မသိပါဘူး။ ဖြစ်စဉ် အတိုင်းပဲ ရေးချင်လို့ “ ဒီဇိုင်နာ နဂါး ” ကို နာမည်တပ်ပြီး ရေးခွင့် တောင်းကာ ရေးလိုက်ပါတယ်။ သူရဲ့ ဆိုက်ကတော့ ဒီနေရာ မှာပါ။ သူကတော့ သူတတ်တဲ့ ဒီဇိုင်နာ ပညာတွေကို မခြွင်းမချန် ပြောပြနေတဲ့သူ တစ်ယောက်ပါ။ သွားရောက် လေ့လာနိုင်ပါတယ်။


နောက်ဆက်တွဲ

       ကျွန်တော် တစ်ခုတော့ ထပ်စဉ်းစား မိလိုက်တယ်။ အိပ်မက်ထဲမှာ တွေ့ခဲ့တဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်နဲ့ နောက်တစ်ခါ အိပ်မက်ထဲမှာ ထပ်ဆုံခွင့် ရခဲ့ရင်ပေါ့ဗျာ။ ဟိုးရှေးရှေးတုန်းက စမ်းခဲ့တဲ့ “ ဆင် ” ကို ထားလိုက်ပါတော့လို့။ အခုတော့ “ နဂါး ” ကို စမ်းကိုင် ကြည့်စမ်းပါဗျာ လို့ပြောချင်မိတယ်။ ဒါဆို သူတို့ ဘယ်လိုတွေ ထပ်များ ပြောလာလိမ့် မလဲလို့ပါ။ ဟဲဟဲ . . .  ဒီဇိုင်နာ နဂါး ”  ကတော့ မျက်ခုံး လှုပ်နေမှာ သေချာတယ်။

လေးစားစွာဖြင့်
ကိုဇော်         

.

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

ကိုဇော်ကြီး...
ဆင်ကို စမ်းတာက တော်သေးတယ်...
ဘယ့်နှယ် နဂါးကို သွားစမ်းခိုင်းနေရတာတုန်း...
ဟိုမှာ ခုလောက်ဆို ဒူးတုန်နေလောက်ရောပေါ့...:P

နေ၀သန် said...

း).. နဂါးတော့မကိုက်ရဲပေါင်.... :P

Anonymous said...

စာတွေဆက်ဖတ်ချင်သေးတယ်
မဂေါက်နဲ့အုံးနော် ကိုဇော်..
နဂါးကိုတော့ မမြင်ဘူးလို့ ကြည့်ချင်တယ်...:P
may

ahphyulay said...

အော်...
ကိုကိုဇော်ရဲ့  ဒိုင်ယာလော့ ကြီးကို ဖတ်နေရင်းနဲ့ 
မျက်မမြင် ၆ ယောက်အတွက် ဆင်ပုံကို ကြွတက်ပြီး
ဆွဲပေးနေတဲ့  ကိုကိုဖော့်ကို မြင်ယောင်လာမိတယ်။
အခုလာမဲ့ လွှတ်တော်ကြီးကလဲ နောက်ဆုံးတော့ 
ကြားဖူးတဲ့  စက္ကူဖြူ စီမံကိန်းလိုပဲ ဖြစ်တော့ မယ်ထင်တယ်ဗျာ..။
အဲ့ ဒီသတင်းကိုဖတ်ရင်းနဲ့  ကိုဇော့်  ဆီရောက်ခဲ့ လို့ 
အဲ့ ဒီသတင်းပဲ စွဲနေမိတာပါ။

Anonymous said...

ကျွန်တော် ထင်တာပြောကြည့် မယ်။ အဲဒီ ပုဏးခြောက်ယောက် က ပထမ မြွေ၊ ယက်တောင်၊ သစ်တုံး၊ လှံ၊ အုတ်နံရံ၊ ကြိုး တွေကို မြင်ဖူးတယ်။ ဒါပေမဲ. ဆင်ကိုတော့ သူတို. ဒေသမှာ ရှားလို. မတွေ.ဘူးဘူး။ အဲဒီ အချိန်က ဆင်ရုပ်ဆွဲထားတဲ.ပုံ တွေလဲ မရှိသေးဘူးဆိုပါတော့။

အဲလိုနဲ. နောက်ပိုင်းကျ မှ မျက်မမြင် ဖြစ်သွားတယ် ဆိုရင်ကော။

phyo said...

အော် သနားစရာ ပုဏ္ဏား ၆ ယောက်ပါလားဟာ.. မျက်စိမမြင်သလို ဆက်စပ် တွေးခေါ်နိုင်စွမ်းလည်း မရှိတော့ အချင်းချင်း ရန်ဖြစ်ကြပြီပေါ့.. ကိုဇော်နင်လုပ်လိုက်မှ ဆင်ဆိုတာ စာရွက်တစ်ရွက်ပါလားဆိုပြီးတော့ အားလုံး အမြင်တွေ တူညီသွားပါလား ဟီးး

မောင်ပါလ said...

ဇော်တာကောရေ............ရောက်ပ။ အရင်ကတော့တိတ်တိတ်လေး ပြန်ပြေးတာပဲ။ ၇- ယောက်နဲ့ ၆- ယောက်ဖြစ်နေလို့ ၀င်မွှေလိုက်အုံးမယ်။ ပုဏ္ဏား ၆ ယောက်ရဲ့ အမြင်ကို ဆွဲပြပေးလိုက်တာနဲ့တင်ပဲ ဘယ်နှယ့်......... အကောင်းက ကန်းရတယ်လို့။ စာရေးဆရာ လွန်ကိုလွန်တယ်။ :)

Anonymous said...

သူတို့လဲ ဆင်ကိုစမ်းကြည့်ကြတော့မယ်.....ဘယ်လိုအဖြေတွေထွက်လာမလဲ စောင့်ကြည့်ကြတာပေါ့

sosegado said...

ကန်းပြီးတော့ အထင်နဲ့ပြောနေတဲ့သူတွေက၊ မကန်းပဲနဲ့ အရန်းပြောနေတဲ့သူတွေထက် သာပါတယ်၊

မိုးယံ said...

တို့က တခွိခွိ ရယ်နေရာကနေ တစ်ခွစ်ခွစ် ရယ် အဆုံးသတ်မှ တစ်ဝါးဝါးရယ်ရတယ်... အဟတ်ဟတ်... လက်စသတ် တော့ ဦးဇွတ်က သတ္တမြောက် ပုဏ္ဏားဖြစ်နေတာကိုး...

ပထမဆုံး ပုဏ္ဏာမဖြစ်အောင်... နဂါးကိုတော့ လက်တည့်မစမ်းပါနဲ့. ကိုနဂါးလဲ ဖြစ်ခုံးတင် မကဘူး နခေါင်းပါပွနေဦးမယ်..

kiki said...

ဟို ဟာ နဲ့  ဆင်တူသလိုလို
ဒီဟာ နဲ့ ဆင်တူသလိုလို မို့  ဆင် လို့ ခေါ်တာ နေမှာပေါ့ ..
ကိုဇော့် ပရင်တာ က မှင် အမဲ ရောင် ကုန်နေလို့ နဲ့တူတယ် .. ဆင်ဖြူတော် ပေါ် တာ ဒါ့ကြောင့် ကိုး...
မောင်မင်း ကြီးပွားအုံးမယ် ။ ခေါင်းပေါင်းနဲ့ တိုက်ပုံ နဲ့ ချိတ်ထမီင်္ ဝယ် ပြီး ပလား.. အီး ပစ္စည်း မကိုင်ရရင် ကျောက်သင်ပုန်း နဲ့ ကျောက်တံ ပါ ပြင်ထား ..ပြီးတော့ စူပါဂလူး ကို ပါးစပ်ထဲ ထဲ့ ။ ဝစီ ပိတ်..ပေါ့. ၃၁ ရက် နေ့ ရောက်တော့ မှာ လေ။။

ရွှေရတုမှတ်တမ်း said...

ဆင်ထီးကြီးစမ်းမိရင်..ဘာပြောမလဲမသိဘူး

ဒေါင်းမင်း said...

အဲဟုတ်တယ်ဗျဆင်ထီးကြီးဆွဲမိရင်ဘာပြော
မလဲမသိဘူးဗျ....ဟဲ..
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ချမ်းလင်းနေ said...

ကိုယ်အတွေး ကိုယ်အမြင်နဲ့ တယူသန် တွေးယူတတ်ကြတဲ့ ပုဏားခြောက်ယောက်လိုများ အခုခေတ်မှာ ရှိများရှိနေမလားပဲ ကိုဇော်ရေ။ ပြင်ထားတဲ့ဆင်ပုံနဲ့ ကိုဇော် အတွေး သဘောကျတယ်ဗျာ။

ငြိမ်းစိုးဦး said...

ဆင်တွေ ကို အရမ်း မစမ်းစေချင်ပါ ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.