မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 January 2011

31 အပြန်လမ်း



       သူ နင်းထားသော ကြမ်းပြင်ပေါ်မှ ခြေထောက်ကို သာမာန် လျှောက်လှမ်းနေကျ ခြေလှမ်းထက် ပိုမို၍ ပင့်မြှောက်ကာ သူ လှမ်းကျော်လိုက်ရ၏။ ထိုအတူ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဦးခေါင်းကလည်း အထက်မှ အောက်ကို ငုံ့ကိုင်းသွားစေရန် ခါးကို အတွန့်ချိုးကာ သူ ကုန်းလိုက်ရလေသည်။ ထိုအခါမှ ထွက်ပေါက် ဟု ဆိုသော အပေါက်မှ သူ လွတ်လွတ်ကျွတ်ကျွတ် ထွက်ခွာခွင့် ရခဲ့လေတော့သည်။ 

       “ နောက်လှည့် မကြည့်နဲ့။ ပြီးတော့ မင်းကို ဒီနေရာမှာ နောက်ထပ် ဘယ်တော့မှ  မမြင်ချင်ဘူး။ ရှေ့တည့်တည့်ကိုသာ ကြည့်ပြီး လျှောက်သွားတော့ . . . ”

         သူကလည်း ဒီနေရာကို ပျော်လို့ လာနေခြင်း မဟုတ်။ သူ့ရဲ့ ဆိုးသွမ်းမှု များစွာကြောင့် သူ ခဏခဏ အပြုပြင် ခံနေရခြင်းမျှသာ ဖြစ်၏။ သို့သော် သူက ဘယ်လောက် ပြုပြင် ပြုပြင် ကောင်းမလာခဲ့။ သူက ထုလေ မာလေ ဆိုသော ငါးဖယ် ကဲ့သို့ ပို၍ ထိုနေရာနှင့် အကျွမ်းဝင်ခဲ့သည်။ သို့သော် အခုတော့ သူ့စိတ်တွေ အရင်ကလို မဟုတ်တော့ပြီ။ အရင်က သူ့ကို ဒီလို နောက်ကနေ ပြောလိုက်လျှင် သူ မခန့်လေးစား ဆိုသော ဟန်ပန်ကို မျက်နှာပေါ် ဆွဲတင်ကာ တမင်ကို အနောက်သို့ လှည့်ကြည့် ပြလိုက်သေးသည်။ အခုတော့ သူ လုံးဝကို နောက်ကို မလှည့်ကြည့်တော့ပါ။ 

         သူ ဘယ်တော့မှလည်း ပြန်မလာချင်တော့ပါ။ သူ့စိတ်တွေက အသက်အရွယ်ကြောင့်လား. . . ၊ ပြီးတော့ အတွေးအခေါ်လား . . . ၊ နောက်. . . အချိန်ကာလရဲ့ တိုက်စားမှုကြောင့်လား မသိ။  အားလုံးကတော့ ပြောင်းလဲ ကုန်ပြီ။ သူ မဆိုးချင် မမိုက်ချင်တော့ပါ။ 

         အခု . . . သူ အိမ်ပြန်ချင်သည်။ ဒါကြောင့် အခု သူ ကျော်ခွ ၊ ငုံ့ကိုင်းကာ ထွက်လာရသော “ ထောင်တံခါးဝ ” ကို အရင်ကလို မခန့်လေးစား ဟန်ပန်ဖြင့် နောက်ပြန် လှည့်မကြည့် ဖြစ်ခဲ့တော့ပါ။



        ဖုန်ထူထပ်သော မြေနီလမ်း တလျှောက် ဟောင်းနွမ်းနေလှသော ဖိနပ်ကို တရွတ်ဆွဲပြီး သူ လှမ်းလျှောက်လာရင်း သူ တွေးမိသည်။ “ ငါ အိမ်ပြန်ချင်တယ်။ ” ဒီလို တွေးမိတာ နှစ်ပေါင်း အတော်ကို ကြာခဲ့ပြီ။ ခြေထောက် တရွတ် ဆွဲနေ၍ တစ်ခြမ်းပါးနေသော ဖိနပ်ကဲ့သို့ သူ့ရဲ့ ဦးနှောက်ကလည်း တစ်ခြမ်းပါးနေခဲ့တာ ကြာခဲ့လေပြီ။

          ဆိုးပေတေလေ ခဲ့သော မာန် ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသော ပုံစံ ၊ ဘယ်သူ့မှ ထီမမြင်ဘူး ဆိုသော ဟန် တို့ကြောင့် နှစ်ပေါင်းများစွာ ရောဂါ နှင့် ဒဏ်တို့က သူ့ကို စုစည်းကာ အဝင်အထွက် များခဲ့သော ထောင်ထဲမှာ ပေဖြစ်လိုက် ၊ တူဖြစ်လိုက်ဖြင့် ၊ သူ့ကို ထုလိုက် ၊ သူက ထုလိုက်ဖြင့် အသားကျကာ အသက်အရွယ်ဒဏ် ၊ အရက်ဒဏ် ၊ ထောင်တွင်းက ထောင်သား အချင်းချင်း တိုက်ကွက် ဒဏ်တွေကြောင့် သူ ဆိုတဲ့ သူဟာ သူ မဟုတ်တော့သလိုပင် ဖြစ်ခဲ့ရပြီ။

         ဘယ်ဘက် တရွတ်ဆွဲနေတဲ့ ခြေထောက်ကို အားတင်းလျှောက်လှမ်းရင်း အပေါ်က ဖိထိုးနေတဲ့ နေရောင်ကို အံတုကာ လှမ်းလျှောက်ရာ အရှေ့ကို ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှ ရေချမ်းစင်လေး တစ်ခုကို လှမ်းတွေ့လိုက်ရသည်။ မြင်တော့မှ ရင်ထဲမှာ ပူလောင်လာသလို ပါးစပ် အာခံတွင်းထဲမှလည်း ရုတ်တရက် စေးထန်သွားသလို ဖြစ်မိ၏။

          သူ အတော်ကို လျှောက်လှမ်း လာခဲ့ရတာကို သူသိ၏။ သို့သော် ဘယ်လောက်တောင်မှ ဖြတ်သန်း လျှောက်လှမ်းခဲ့ပြီးပြီလဲ ဆိုတာကို သိဖို့ သူ နောက်သို့ လုံးဝ လှည့်မကြည့်ချင်တော့ပါ။ သူ ထိုနေရာကို မုန်းနေခဲ့ပါပြီ။ သူ အခုတော့ အိမ်သို့သာ ပြန်ချင်မိသည်။ သူ့အိမ်မှာ သူ့ကို မျှော်နေမည့် သူ့ဖခင် နဲ့ သူ့မိခင် ရှိနေသည်။ သူ့မိဘ နှစ်ပါးကတော့ သူ့ကို အမြဲတမ်း မျှော်နေတတ်သည်။ အိမ်ကို ပြန်လာချင်မှ လာတတ်သော သားကိုပင် မိဘတို့ ထုံးစံ အတိုင်း မျှော်နေတတ်သည်။

        ဟော . . . ရောက်ပြီ. . .၊ ရေချမ်းစင်လေးကို ရောက်လာပြီ။ စေးပိုင်နေသော အာခံတွင်းထဲကို ရေလေး တစ်ပေါက်လောက် လောင်းထည့်လိုက်ရရင် အခုနေ အချိန်မှာ သူ့အတွက် နတ်သုဒ္ဓါနဲ့ပင် မလဲနိုင်ပါချေ။ တရွတ်ဆွဲနေသော ခြေလှမ်းကို ပို၍ မြန်အောင် အားစိုက်ထုတ်ကာ ရေချမ်းစင်လေးဆီကို  အားယူ လှမ်းလိုက်၏။ ဂမူးရှူးထိုး သူ့လက်က ရေချမ်းစင် အိုးလေးဆီကို လှမ်းလိုက်တော့ ရေအိုးကို ဖုံးထားသော ပလတ်စတစ် ပန်းကန်ပြားလေး ပေါ်မှာ ရေခွက်က ရှိမနေ။

        “ ဟင် ” ခနဲ သူ စိတ်ထဲမှာ ဖြစ်သွားပြီး ရေအိုး အဖုံးလေးကို လှပ်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေက ဗလာ။ ဘယ်အချိန်ထဲက ခြောက်သွေ့နေခဲ့ပြီ မသိနိုင်။ ရေအိုးကို တည်ထားသော အောက်ခြေမှ အထိုင် သဲများကပင် ရင့်ရော်ကာ သွေ့ရှရှ ဖြစ်နေခဲ့ပြီ။ လူသူ ကင်းမဲ့ရာ နေရာမှ ရေချမ်းစင် ဆိုတော့လည်း ပြုပြင် ထိန်းသိမ်းသူနဲ့ ဝေးကွာနေပေလိမ့်မည် မဟုတ်ပါလား။ အရင်ကတော့ ဒီနေရာမှာ ဆိုင်ကြီး သို့မဟုတ် နေရာတစ်ခု ရှိခဲ့ဟန် တူ၏။ ယခုတော့ ဖုန်နှင့် ခြောက်သွေ့နေသော မြက်ရိုင်းများသာ နေရာယူလျက်။

         ခန္ဓာကိုယ်နှင့် ခေတ္တခဏ မှီခွင့် ရတဲ့ ရေချမ်းစင်လေးကိုပင် ကျေးဇူးတင်မိပါသေး၏။ သို့သော် သူ ခရီးဆက်ရဦးမည်။ သူ အိမ်ကို ပြန်ချင်သည်။ နှစ်ပေါင်း ၂၀ နှစ်ကျော် အိမ်ကနေ လေ့လွင့်ခဲ့သော အချိန်ကာလ အတောအတွင်းမှာ ဒါ ပထမဦးဆုံး အကြိမ် သူ အိမ်ပြန်ချင်စိတ် ဖြစ်ပေါ်လာခဲ့တာ ဖြစ်၏။ ဒါမှမဟုတ် နောက်ဆုံး အကြိမ် သူ အိမ်ပြန်ချင်စိတ် ဖြစ်ပေါ်တာဟု ဆိုချင်လည်း ဆိုနိုင်ပါသည်။ သူ့စိတ်တွေက သူ့ခန္ဓာကိုယ်ကို သယ်ဆောင်သွားကြပြန်သည်။

         သူ တရွတ်ဆွဲလျှောက်ရင်း မြေနီလမ်းရှည်ကြီးရဲ့ အဆုံးမှာ နောက်ထပ် ရေချမ်းစင် တစ်အိုးကို ခပ်ပြပြ မြင်လိုက်မိသည်။ အမိုးအကာ ဗလာနဲ့ ရေဆာနေသော သူ့အတွက် ဒီရေချမ်းစင်လေးက အိုအေစစ်ပဲ မဟုတ်လား။ တရွတ်တိုက် ဆတတ ဆွဲလျှောက်ရင်း ခြေလှမ်းတို့ကို သွက်သည်ထက် သွက်အောင် သူလှမ်းသွားမိသည်။

         ရေချမ်းစင်လေးနား ရောက်တော့ လူသူက စည်ကားလှသည်။ ရေချမ်းစင်လေးကို တည်ထားသူက အနီးနားမှာ ရှိနေသော ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများ ဖြစ်ဟန်တူ၏။ သို့သော် သန့်သန့်ရှင်းရှင်း ထားသော ရေချမ်းစင်လေးကို ကြည့်ကာ သူတို့ အတော်ကို ဂရုတစိုက်နဲ့ ဆောင်ရွက်ထားတယ် ဆိုတာကို ပြောပြစရာ မလိုတော့ပါ။ အနီးနားမှာ ရှိနေသော ကားမှတ်တိုင်မှ သက်ဆိုင်ရာ ကားအလာကို မျှော်နေကြသော ခရီးသည်တိုင်းက သူ့ကို မနှစ်မြို့သလို တစ်ချက်ကြည့်ကာ မျက်နှာလွှဲသွားကြသည်။

         ပေရေ မနေသော်လည်း စုတ်ပြတ် ညစ်နွမ်းနေသော အင်္ကျီအစုတ်နဲ့ ပုဆိုး အနွမ်းကြောင့် သူ့ကို လူတွေ နှာခေါင်းရှုံ့ကြတာတော့ မဟုတ်နိုင်ပါ။ သူ ထွက်လာရာ မြေနီလမ်းရဲ့ အဆုံးမှာ ရှိနေသော နေရာကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်။ သူကလည်း ထိုနေရာမှာ ထွက်လာသည် ဆိုတာ မေးစရာ မလိုအောင် နေပူကျဲကျဲမှာ မြေနီလမ်း တလျှောက် လျှောက်ခဲ့တဲ့ ခြေထောက်တွေက မြေဂဝံတွေဖြင့် ရဲရဲနီလျက် ရှိနေခဲ့၏။ အဝတ်အစားထက် သူ့ရဲ့ ကိုယ်ကျင့်တရား အပေါ် နှာခေါင်းရှုံ့ခြင်းလား ဟု တွေးမိကာ သူ ပို၍ ဝမ်းနည်းမိသည်။

          ဘယ်သူကမှ သူ့အပေါ် ကြည့်မနေတော့ပေမဲ့ အားလုံးရဲ့ အကြည့်က သူ့အပေါ်ကို ဖိဖိစီးစီး ကျနေတယ် လို့ သူခံစားနေရသည်။ တရွတ်ဆွဲနေတဲ့ သူ့ခြေထောက် တစ်ဘက်ကို ရေချမ်းစင်လေးရဲ့ အောက်ခြေမှ ထောက်ကန်ထားသော ဒေါက်တိုင်လေးဖြင့် သိမ်ငယ်စွာ သူ ကွယ်ထားမိ၏။ အရင်ကလို သူစိတ်နဲ့ ဆိုရင်တော့ ထိုလူများကို မိုက်မိုက်ကန်းကန်း ရိုင်းစိုင်းသော အပြုအမူ ၊ စကားလုံးများဖြင့် သူ တုံ့ပြန်မိပေလိမ့်မည်။ သို့သော် ယခု သူမှာ အရင်က သူ မဟုတ်တော့ချေ။

          ဆီနဲ့ ကင်းဝေးနေသောကြောင့် ကြမ်းထော်ကာ မွဲခြောက်ခြောက် အရောင်ပြောင်းနေသော ခေါင်းမှ ဆံပင်တို့ကလည်း နေပူဒဏ်ကြောင့် အဖျားများဖြင့် ကော့ညွှတ်မတတ် လွှင့်ပျံနေ၏။ တံစက်မြိတ် ထုတ်ထားသော ရေချမ်းစင်ကို တည်ဆောက်သူတို့ရဲ့ စိတ်စေတနာက သူ့အတွက် အံဝင်ခွင်ကျ ဖြစ်စေ၏။ တရှိန်းရှိန်း တောက်လောင်နေသော အပူဒဏ်ကို ခေါင်းပေါ် ကျရောက်ခြင်းကို ရှောင်လွှဲရန် ထိုတံစက်မြိတ်ထဲသို့ သူ့ခေါင်းလေးကို ထိုးထည့်ထားနိုင်သလို ၊ သူ့ကို မနှစ်မြို့သလို ရွံရှာ မျက်ဝန်း အစုံပေါင်း များစွာကိုလည်း ခဏတာ ရှောင်ကွင်းနိုင်ပေသည်။

         စေးထန်းနေသော အာခံတွင်းသို့ သောက်ရေ အနည်းငယ် လောင်းထည့်နိုင်ဖို့ ရေချမ်းစင်လေးထဲမှ ရေအိုးလေးကို သူကြည့်လိုက်မိတော့ ထွက်မပြေးနိုင်မှန်း သိသိနဲ့ကို ကြိုးတုပ်ခံထားရသော တခြားမှ သောက်ရေခွက်များကဲ့သို့ မဟုတ်။ ဘေးမှာ ရေများပင် စိမ့်ကျနေသော သဲအိုး ၊ ဖုန် အညစ်အကြေး ကင်းစင်သော သောက်ရေအိုးဖုံး ၊ ချေးညှော် ကင်းစင်သော စတီးရေခွက် ပြောင်လက်လက် ၊ ထိုရေအိုးဖုံး နဲ့ ရေခွက်ကို ကာကွယ် ပေးထားသော ဝါးကြောဖြင့် ယက်လုပ်ထားသော အဖုံး တစ်ခုကလည်း တိတိပပ ဖုံးကာ ဖုန်နဲ့ ခြင် ၊ ယင်များကို အံတုကာ ကာကွယ်နေကြသည်။

        ရေစိမ့်ကျနေသော သဲရေအိုးရဲ့ အခြေ ၊ ဘေးမှာတော့ စပါးလုံးတွေကို စိုက်ထားခြင်းကြောင့်လား ၊ ရေချမ်းစင်လေးရဲ့ အပေါ်ဘက် သံချက်မှာ ချိတ်ထားတဲ့ စာကလေးများ စားဖို့ စပါးတွဲကလေးက ကျရောက်မှုကြောင့်လား မသိသော စပါးပင်ပေါက် စိမ်းစိမ်းကလေးများက မြင်ရသူတိုင်းကို မသောက်ခင်ကပင် ရေငတ်ပြေသွားတော့ မလောက် အေးချမ်းမှုများဖြင့် စိမ့်ချမ်းနေစေ၏။ သူ ရေတစ်ခွက် ခပ်သောက်ရန် ဖုံးထားသော အဖုံးကို ဆွဲမကာ လှပ်လိုက်ပြီး သောက်ရေအိုး အဖုံးကို မကာ ရေခွက်ကို လက်ဖြင့် ကိုင်ဖို့ ရေခွက်မှ လက်ကိုင်ကွင်းသို့ သူ့လက်ညှိုးဖြင့် ထိုးသွင်းတော့ သူ့လက်ညှိုးက ပုံပန်းကျနစွာ ဝင်ရောက်သွားခြင်း မရှိ။

        ရေသောက်ချင်ဇောဖြင့် စေးထန်းနေသော ခံတွင်းမှ လျှာဖြင့် ခြောက်သွေ့နေသော နှုတ်ခမ်း တစ်စုံကို သပ်ကာ သူ ထပ်ကြိုးစားကြည့်သည်။ သူ့ရဲ့ ညာဘက် လက်ချောင်းများက သူ လိုရာသို့ လိုက်ပါနိုင်ရန် သူ့စိတ်ရဲ့ စေခိုင်းမှုအတိုင်း ရာခိုင်နှုန်းပြည့် အလုပ် မလုပ်တော့။ ဒီရေခွက်ကလေးဆီကို ရောက်ဖို့ အတော်ကို တုန်ယင်စွာဖြင့် အားယူနေရ၏။ သူ့လက်တွေက ထိလို့ ထိမှန်းပင် မသိ ၊ ကိုင်လို့ ကိုင်မိမှန်းပင် မခံစားရ ၊ စိတ်ကသာ ရှေ့ကို ကြိုရောက်နေခဲ့ပြီး လက်က တုန်ချိစွာ နှောင့်နှေးလျက် ရှိသည်။ အံ့သြမှု ၊ တွေဝေမှု ၊ စိုးရိမ်မှု ၊ ရှက်ရွံမှုတို့ကြောင့် သူ ပိုကြိုးစားလေလေ အလွဲလွဲ အချော်ချော် ပိုဖြစ်လာခဲ့လေလေ။

       “ ဦးလေး ရေသောက် မလို့လား ၊  ကျွန်တော် ကူခပ်ပေးမယ်လေ ”

       အနောက်မှ ဂရုဏာသံတွေ လှိုင်းထနေသော အသံ တစ်ခုက သူ့နားထဲသို့ တိုးဝင်လာသည်။ ကိုယ်ကို မလှည့်ဘဲ ၊ ဦးခေါင်းသာ လှည့်ကြည့်လိုက်တော့ အသက် ၂၀ ဝန်းကျင် လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

       “ အင်း . . . ရေသောက်ချင်လို့ပါ ငါ့တူရယ် ၊ ဦးလေး လက်တွေက ခပ်ရခက်နေတယ်။ ”

       “ ဒါဆို နေနေ ဦးလေး ၊ ကျွန်တော် ခပ်ပေးမယ်။ ”

       သူ့ ခန္ဓာကိုယ်ကို အနည်းငယ် ယို့ပေးလိုက်တော့ လူငယ်လေးက သူ ကိုင်ရခက်နေသော ရေခွက်ကို ကျွမ်းကျင်စွာ ယူခပ်ကာ ရေတစ်ခွက် သူ့လက်ထဲကို ထည့်ပေး၏။ သူ ဆွဲယူကာ သောက်လိုက်တော့ ရင်ထဲမှာ အနှိုင်းမဲ့သော အေးချမ်းခြင်း တစ်မျိုးက တိုးဝင်စီးဆင်းသွားသည်။ ဘဝ တလျှောက်လုံးမှာ ဒီတစ်ခါ သောက်ရတဲ့ ရေက အရသာ အရှိဆုံးပါပဲလား။ ဒီလို ရေချမ်းစင်လေးနဲ့ သူ ငယ်ငယ်က ဒီလို အတွေ့အကြုံ ရှိခဲ့ဖူးတာကို ပြန်လည်ကာ သိရမိ၏။

      တစ်ခါက . . .၊ တိတိကျက ဆိုရရင် သူ ငယ်ငယ်က. . .၊ သူတို့ အိမ်ရှေ့မှာလည်း သူ့အဖေ တည်ထားသော ရေချမ်းစင်လေး ရှိခဲ့ဖူးသည်။ အဖေက လိုအပ်တာတွေ နေ့တိုင်း ပြင်ဆင်သလို ၊ အမေကလည်း မနက်တစ်ကြိမ်  ညနေတစ်ကြိမ် ရေအိုးလေးကို ရေဖြည့်ပေးတတ်သည်။ လမ်းသွားသူတွေ အားလုံး အမောပြေ ရေချမ်းစင်မှ ရေခပ်သောက်ကြ၏။ သောက်သူတွေ ရွှင်လန်းကြသလို ၊ ထိုသောက်သူများကို ကြည့်ကာ တည်ထားသော အဖေ နဲ့ အမေလည်း ကြည်နူးကြ၏။ လမ်းဘေး ရေချမ်းစင် ဆိုတော့လည်း လူပေါင်းစုံ ခပ်ယူကာ သောက်ကြ၏။ အဖေ နဲ့ အမေကတော့ ဘာမှ မဆို ၊ နေ့စဉ် ဆေးကြောသန့်ရှင်း၏။ ဖြည့်တင်း၏။

        ဒါပေမဲ့ သူကတော့ ဒီအခြေအနေကို အဆင်မပြေ ၊ သူဖုန်းစားများ ရေချမ်းစင်မှာ ရေသောက်ဖို့ ပြင်ရင် ထွက်အော်တတ်၏။ အမှိုက်ကောက်သူ ၊ ပလတ်စတစ်ကောက်သူများ ရေသောက်ဖို့ လာရင် ညစ်ပတ်နေတဲ့ လက်နဲ့ မသောက်ဖို့ ၊ မကိုင်ဖို့ သူ ထွက်ပြော၏။ အရက်မူးသမားများ ရေဆာ၍ သောက်ဖို့ ကပ်လာရင် အဖေရေ အရက်သမား အရက်နဲ့ ရောဖို့ သောက်ရေ လာခပ်နေပြီ ဟု အော်တတ်၏။ ထို့အတူ လူတွေက မကောင်းဘူး ခိုးတတ်တယ် ဟု သူ ဟစ်ကြွေးကာ ရေခွက်လေးကိုလည်း သံကြိုး တစ်ချောင်းဖြင့် တုပ်နှောင်ထား၏။

        “ လိုနေလို့ ယူတာပဲ သားရယ် ၊ ယူပါစေ။ အဖေတို့ အသစ်ဝယ်ထားပါ့မယ် ”

       ဆိုသော အဖေ့ စကားကို သူ ကန့်ကွက်ကာ သံကြိုးကြီးကြီး ၊ ခပ်တိုတိုဖြင့် ထူးခတ်ထား၏။ ထို့အကျိုး ရလာဒ်မှာ ရေချမ်းစင်လေးမှ ရေသောက် သောက်သူများသည် ခါးမတ်စွာ သောက်ခွင့် မရတော့။ ရေချမ်းစင်လေးထဲကို ခေါင်းကို ငုံ့ကိုင်းကာ သောက်ကြရသည်။ ဒါမှလည်း ထူးခတ်ထားသော ရေခွက်လေးနဲ့ ရေသောက်ရန် နှုတ်ခမ်းတို့ ထိတွေ့နိုင်ကြပေလိမ့်မည်။ ဒါကိုပင် သူက ဂုဏ်ယူ၍ ဝင့်ကြွားနေသေးသည်။

      “ သူများ လုပ်ပေးထားတဲ့ ရေချမ်းစင်မှာ ရေ အလကား သောက်ရတာပဲ။ ဒီလောက် နည်းနည်းတော့လည်း အလေးပြုဦးမှပေါ့ ”

        ဟု ဆို၏။ နောက်တော့ သူတို့ ရေချမ်းစင်လေးကို အဖေကလည်း နေ့တိုင်း သန့်ရှင်းနေ ၊ အမေကလည်း တစ်နေ့ နှစ်ကြိမ်း ဖြည့်တင်းနေပါလျက်နဲ့ ရေဝင်သောက်သူ ကျီးနဲ့ ဘုတ်ဘုတ် ဖြစ်သွားတော့သည်။ လူတွေ အားလုံး ရေငတ်နေတယ် ဆိုရင်တောင်မှ မျက်နှာလွှဲကာ ကျော်သွားကြ လေတော့သည်။ ဒီနောက်တော့ သူ့တို့ ရေချမ်းစင်လေးထဲက ရေများမှာ အငွေ့ပျံ၍ ကုန်ခြင်းမှ လွဲ၍ ရေလျော့ပါးခြင်း မရှိတော့။ နောက်ဆုံး အဖေ နဲ့ အမေကပါ ရေချမ်းစင်လေးကို ဂရုမပြုကြတော့ပေ။ ရေချမ်းစင်လေး နိဂုံး အဖြစ် ဘယ်အချိန် ပြိုလဲသွားမှန်းတောင်မှ သူ သေချာ မမှတ်မိတော့ပါ။

        ရေခွက်ထဲမှ လက်ကျန်ရေလေးကို တရှိန်ထိုး အားဖြင့် မော့သောက်ချလိုက်သည်။ အလျှံငြီးငြီး တောက်လောင်နေသော မီးစကို ရေဖြင့် ပက်ဖြန်း လိုက်သကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ခုလုံး အေးချမ်းသွား၏။ သူ့ဘေးနားမှာ ရေခပ်ပေးသော လူငယ်လေးက နောက်ထပ် လိုရင် သူ့ကို ခပ်ပေးဖို့ အသင့် ဖြစ်နေ၏။

        “ ယူဦးမလား ဦးလေး ”

        “ တော်ပါပြီကွယ် ကျေးဇူးတင်ပါတယ်။ ”

       သူ့လက်ထဲမှ ရေခွက် အလွတ်ကို လှမ်းယူလိုက်ပြီး သူ့ကို စေ့စေ့ကြည့်ကာ မေးသည်။

       “ ဒါနဲ့ ဦးလေးက ဘယ်ကို ပြန်မှာလဲ ”

       တကယ်တော့ အရင်ကဆို သူ့မှာ ပြန်စရာ နေရာများစွာ ရှိနေ၏။ တစ်ရွာတစ်ကျီ ဆောက်သကဲ့သို့ ဆိုးပေတေကာ သူနဲ့ ထိမ်းမြားခြင်း ၊ မထိမ်းမြားခြင်း ဆိုကာ သူ့ရဲ့ ဇနီးပေါင်းများစွာ နေရာ အတော်များများမှာ ရှိနေ၏။ သို့သော် အခု နောက်ဆုံး သူ နှစ်ရှည် အပြစ်ဒဏ် ခံရအပြီး ၊ ထိုအပြစ်ဒဏ်တွေ ခံနေစဉ် ရန်ဖြစ်ပြီး ပြစ်မှု ထပ်တိုး တိုက်ပိတ်ခံရပြီး ၊ ရန်ဖြစ်တိုင်း ကွဲပြဲ ဖူးယောင်ခြင်း စသော စသော ပြစ်ချက် ဒဏ်ရာတွေကြောင့် သူ အထဲမှာပင် လေတစ်ခါ ဖြတ်အပြီးမှာတော့ သူ့အတွက် အနှောင်အဖွဲ့ ဆိုတာတွေက ဘာမှ မရှိတော့သလောက် ဖြစ်သွားခဲ့ရသည်။

        သူ့အတွက် ထိုသူတို့က မရှိတော့တာ ဖြစ်နိုင်သလို ၊ သူ့စိတ်ထဲမှာ သူတို့ကလည်း မရှိတော့တာလည်း ဖြစ်နိုင်၏။ သူ ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားဖြစ်တော့ပါ။ သူ့ရင်ထဲ နှလုံးသားထဲ စိတ်အစဉ်ထဲမှာ အခု လောလောဆယ် တောင့်တနေခဲ့တာက သူ့ငယ်စဉ်က ဆိုးပေ ခဲ့သမျှကို ခါးစည်း ခံခဲ့သော သူ့ရဲ့ မိဘနှစ်ပါးထံကိုပဲ သူ ပြန်ချင်နေမိသည်။ မိဘ နှစ်ပါးရဲ့ ရင်ခွင်က သူ့အတွက် အငြိမ်းချမ်းဆုံး ဖြစ်မယ် ဟု သူ ယုံကြည်နေမိသည်။

       “ ဦးလေး မိဘတွေဆီကို ပြန်ချင်တယ် ”

       သူ့ရဲ့ စကားသံတွေထဲမှာ မရေရာမှုတွေ မြောက်မြားစွာ ပါဝင်သွားပါလိမ့်မည်။ သူ့မိဘတွေ လက်ရှိ သက်ရှိထင်ရှား ရှိနေသေးလား ဆိုတာ သူကလည်း သေချာ မသိခဲ့ပါ။ ထိုလေသံကို လူငယ်လေးကလည်း သိရှိ ခံစားလိုက်မိပုံ ရသည်။

        “ ဦးလေး မိဘတွေကရော ရှိသေးရဲ့လား ၊ ဘယ်မှာ နေကြလဲ ”

       ရှိသေးရဲ့လား လို့ လူငယ်လေး မေးလိုက်တော့မှ သူလည်း ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။  ဝေ့တတ်လာသော မျက်ရည်များကို ပုတ်ခတ်ဖယ်ရှားပြီး . . .

        “ အရင်ကတော့ မြို့သစ်တစ်ခုမှာ မုန့်ဟင်းခါး ရောင်းတယ်။ ဦးလေးနဲ့ မတွေ့တာတော့ နှစ်ပေါင်း ၂၀ မကတော့ဘူး။ သူတို့ ရှိမှ ရှိကြပါတော့မလား။ ”

       မြို့သစ် တစ်ခုရဲ့ နာမည်ကို ပြောရင်း မျှော်လင့်ချက် မျက်ဝန်း အစုံနဲ့ သူ လူငယ်လေးကို ဝေ့ဝဲ ကြည့်လိုက်မိသည်။ ဘယ်က လာတာလဲ လို့ မမေးခဲ့သော ၊ ဦးလေးက ဘာဖြစ်လာတာလဲ လို့ မမေးခဲ့သော ၊ ဘာတွေ လုပ်ခဲ့တာလဲ လို့ မမေးခဲ့သော ဒီလူငယ်ကိုပင် သူက ကျေးဇူးတင်နေမိသည်။ သူ အရင်က ဆိုးခဲ့ ပေခဲ့ တေခဲ့ မိုက်ခဲ့ ပေမဲ့ အခုတော့ သူ လိမ္မာချင်သည်။ လိမ္မာ နေပါပြီ။

       “ သြော်. . . အဲဒီက ဆိုရင်တော့ ဒီကနေ ကားစီး သွားရင် . . . . ၊ ”

       သူငယ်လေးက စကားကို ခေတ္တရပ်ကာ သူ့ကို အားနာသလို တစ်ချက်ကြည့်သည်။ ပြီးမှ . . .

      “ ဒီကနေ လိုင်းကား စီးသွားရင်တော့ ဦးလေးကို ဘယ်ကားမှ တင်ချင်မှာ မဟုတ်ဘူး။ နောက်ကားစီးပါ ဆိုပြီးပဲ ပြောလိမ့်မယ်။ ကုန်တင်ကားတွေနဲ့ ဖြစ်သလို ဒီနေရာကနေ လိုက်မှပဲ ရလိမ့်မယ်။ ”

      “ - - - - - ”

      “ ဦးလေး ခဏ စောင့်နိုင်ရင် နောက်ထပ် နှစ်နာရီလောက် ဆိုရင် ကျွန်တော့် သူငယ်ချင်း ကုန်တင်ကားက အဲဒီမြို့သစ် ဘေးကို ဖြတ်သွားတဲ့ ကားလမ်းကနေ သွားဖို့ ရှိတယ်။ အဲဒီကားကို လမ်းကြုံ လိုက်စီးပေါ့။ ကျွန်တော် ပြောပေးပါ့မယ်။ ဒီကြားထဲ လိုင်းကားနဲ့ အဆင်ပြေရင်လည်း လိုက်သွားပေါ့။ ”

       သူ့အပေါ်မှာ ဒီလို လူတန်းစေ့ထားကာ ပြောဆိုတာနဲ့တင် ကျေးဇူး တင်နေမိပါပြီ။ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ သူ့ အဖို့ ကားလမ်းတွေ တိုးချဲ့တာ ဘာညာ သူ မသိပါ။ အရာရာဟာ သူနဲ့ သူစိမ်းပြင်ပြင်သာ ဖြစ်နေခဲ့သည်။

       “ ကျေးဇူးတင်ပါတယ် ငါ့တူရယ် ”

       “ ဒါဆို ဒီနားမှာ ခဏလေး စောင့် ဦးလေး။ ဦးလေး လမ်းမှာ သောက်ဖို့ ရေတစ်ပုလင်း ကျွန်တော် ထည့်ပေးလိုက်မယ်။ ”

       သူ ဘာမှ ပြန်မပြောနိုင်ခင် လူငယ်လေးက လှစ်ခနဲ ထွက်သွားသည်။ ခဏကြာတော့ ရေသန့်ဘူးကို ရေဖြည့်ထားသော ဘူးကို ကိုင်ကာ တခြား တစ်ဘက်ကတော့ ခုနက သူသောက်ထားတဲ့ ရေချမ်းစင်မှ သောက်ရေခွက်ကို ကိုင်ထား၏။ ခုနက သူသောက်ထားတာကို ပြန်လည် ဆေးကြော သန့်စင်ခဲ့ဟန် တူ၏။

       “ ရော့ ဦးလေး ၊ ဒါက လမ်းမှာ သောက်ဖို့ ရေဘူးပေါ့။ ကားကြုံကတော့ သူတို့က ညနေစောင်းမှ ထွက်မှာ ဆိုတော့ ဦးလေး ကားဂိတ်က ထိုင်စောင့်နေချင် စောင့်နေလို့ ရပါတယ်။ နောက်ထပ် ၂ နာရီလောက်တော့ စောင့်ရလိမ့်မယ်။ ”

        “ အေးပါကွယ် ကျေးဇူးပါပဲ ”

       ပြောလည်း ပြော ကောင်လေး လှမ်းပေးနေသော ရေသန့်ဘူးလေးကို လှမ်းယူကာ တရွတ်ဆွဲနေသော ခြေထောက်ကို မြေမှာ သေချာ ထောက်တည်မိအောင် ရေချမ်းစင်လေးကို မှီကာ အားယူနေသော ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး လှမ်းထွက်ကာ ကားမှတ်တိုင်သို့ လျှောက်လာခဲ့၏။ သူ့ကို မြင်တာနဲ့ လူတွေ တွန့်ဆုတ်သွားသလို ခပ်လှမ်းလှမ်းကို ဖယ်ခွာသွားကြသည်။ တချို့က နှာခေါင်းရှုံ့လျက် ၊ တချို့က မျက်စောင်းခဲလျက် ၊ တချို့က မသိကျိုးကျွံပြုလျက်။

        သူ အရင် မြင်နေကျထက် ကားလမ်းမပေါ်မှာ ကိုယ်ပိုင်ကား ၊ အငှားကား ၊ လိုင်းကားများက ပိုမိုများပြားလျက် ရှုပ်ထွေးပွေလီနေ၏။ သူ အိမ်သို့ ပြန်ရောက်ချင်နေမိသည်။ သူ အိမ်ကို ပြန်ချင်သည်။ ဒီထက် ပိုပြီး မြန်မြန် သူ အိမ်ကို ပြန်ရောက်ချင်သည်။ ပြစ်ဒဏ်က မလွတ်ခင်ကတည်းက အရင်က ဆိုးပေတေခဲ့သမျှရဲ့ ရလာဒ် အဖြစ် အသည်းခြောက် ရောဂါဖြင့် နောက်ထပ် ခြောက်လတောင်မှ သူ မခံတော့ဘူး ဆိုသော ဆရာဝန်ရဲ့ မှတ်ချက် စကားသံ အပြီးမှာ သူ ညစဉ် အိမ်ပြန်သည် ဟု အိပ်မက် မြင်မက် လေတော့သည်။ သူ အိမ်ပြန်ချင်သည်။ ထိုအိမ်မှာ သူပြန်အလာကို စောင့်မျှော်နေတတ်သော သူ့မိဘ နှစ်ပါး ရှိနေနိုင်သေးသည်။

       “ မြို့သစ်ကို . . . မြို့သစ်ကို . . . ”

       အတွေးတွေထဲက ရုတ်ခနဲ အဆက်ပြတ်သွားအောင် ကားစပယ်ယာ အော်သံက သူ့အကြားအာရုံကို လာရိုက်ခတ်သည်။ သူ့မှာ ထောက်ခံစာလို့ ပြောလို့ ရသော ယာဉ် အလကားစီးခွင့် လက်မှတ်လေး ပါ၏။ သို့သော် သူ့အိတ်ထဲမှာ ကျစ်လျစ်စွာ သိမ်းဆည်းထားသော ဆယ်တန် အနွမ်းလေး လေးချပ်ကလည်း ရှိနေပါသေးသည်။ နေရာတကာမှာ ထိုထောက်ခံစာကို သူ အသုံးမပြုချင်ပါ။ သူ ကမန်းကတမ်း ဆယ်တန်လေး တစ်ရွက်ကို နှိုက်ကာ လိုင်းကားသို့ တတ်ရန် ခြေကို တရွတ်ဆွဲကာ ထလိုက်၏။ သူလိုက်ပါမည်ကို တွေ့လိုက်ရတော့ စပယ်ယာက လှမ်းမေးသည်။

       “ ဦးလေးက ဘယ်သွားမှာလဲ ”

       “ မြို့သစ်ကိုပါ . . . ”

       “ မရောက်ဘူးခင်ဗျ . . . ”

       “ ဟင် . . အခုနပဲ မြို့သစ်ကို ဆိုပြီး အော်နေသေးတယ်လေ။ ”

       “ အင်း . . ဟုတ်တယ်။ ဒါပေမဲ့ နောက်ကား စီးပါ ဦးလေး။ ဒီကားက ကျပ်နေလို့ပါ ”

       “ - - - - - ”

       သူ့ကို ပြောပြီး စပယ်ယာက ဘာမှ ခံစားချက် မရှိတဲ့ မျက်နှာဖြင့် တတ်မည့် တခြားခရီးသည်များကို ဆက်ခေါ်နေသည်။ သူ အရင်က စိတ် ၊ အရင်က အခြေအနေ ဆိုရင် ထိုစပယ်ယာ မျက်နှာ တစ်ခုလုံး သွေးချင်းချင်း နီပေရော့မည်။ သို့သော် အခုတော့ သူ့မှာ ဒီစိတ်တွေ မရှိတော့ သူ စိတ်ထဲမှာ တစ်ခုပဲ ရှိ၏။ သူ အိမ်ပြန်ချင်သည်။ အိမ်သို့ မြန်မြန် ပြန်ရောက်ချင်သည်။ သူ့ကို မျှော်လင့်နေမည့် မိဘတွေ ရှိနေသည်။

        ရင်ထဲမှာ ညစ်ထွေးထွေးနဲ့ လုံးထွေးပြည့်ညှပ်ကာ နေရ ထိုင်ရ ခက်စေသည်။ သို့သော် သူ့ရဲ့ စိတ်အလိုကို လိုက်ခဲ့ပေါင်းများစွာကို သင်ခန်းစာ ယူကာ သူ ပြန်လာပြီး ကားမှတ်တိုင်မှ အုတ်ခုံပေါ်မှာ သူ ပြန်လည် ထိုင်ချလိုက်သည်။ ဒီကား မရရင် နောက်ကားတော့ သူ့ကို တင်ခေါ်သွားနိုင်ပါရဲ့လေ။

        “ မြို့သစ်ကို . . . မြို့သစ်ကို . . . ” လို့ ခေါ်သော အသံကြားတိုင်း လက်ထဲက ခပ်နွမ်းနွမ်း ဆယ်တန်လေးကို ကိုင်ကာ သူ ထိုင်ရာမှ ထပြီး ထိုကားဆီသို့ သူသွား၏။ သို့သော် ကားစပယ်ယာတိုင်းက သူ့ကို နောက်ကားမှ စီးရန်သာ တိုက်တွန်း အကြံပြုကြလေသည်။ ဘယ်နောက်ကားလဲ ၊ နောက်ကားကလည်း နောက်ကားကို ထပ်ကာ ထပ်ကာ ညွှန်းနေပြန်လေပြီ မဟုတ်ပါလား။ သူ့တစ်သက်မှာ ဒီလို ခခယယ မပြောဖူးသလို ၊ ဒီလောက်လည်း စိတ်ရှည်ရှည် မစောင့်ဆိုင်းခဲ့ဖူးပါ။

        သူ့ရင်ထဲမှာ တစ်ခုပဲ ရှိနေသည်။ သူ အိမ်ကို မြန်မြန် ပြန်ရောက်ချင်သည်။ သူ့အိမ်ကို သူ ပြန်လာမည်ကို စောင့်ဆိုင်းနေတတ်သော မိဘ နှစ်ပါး ရှိနေသည်။



        “ ဦးလေး လာလာ . . . ကျွန်တော့် သူငယ်ချင်း ကားကြုံလာပြီ။ အဲဒီကားနဲ့ လိုက်မှပဲ ဒီနေ့ ဦးလေး မြို့သစ်ဘက်ကို ရောက်တော့မှာ . . . ”

        အချိန် ဘယ်လောက်ကြာအောင် ကားမှတ်တိုင်မှာ သူ ထိုင်ကာ မြို့သစ်ကို လို့ အော်သော ကားပေါ်ကို တတ်ဖို့ ဘယ်နှစ်စီး ကြိုးစားခဲ့မိမှန်း မသိနိုင်တော့။ ရေချမ်းစင်မှာ ရေခပ်တိုက်သော လူငယ်လေး လာခေါ်တော့မှ အသိဝင်မိတော့သည်။

        “ တူလေး သူငယ်ချင်း ရောက်လာပြီလားကွဲ့ ”

      ပြောလည်း ပြော အလျင်အမြန်လည်း ထကာ တရွတ်ဆွဲလျက် လှမ်းလျှောက် လိုက်မိသည်။ ဒီကားဂိတ်မှာ လာရပ်သော ကားတွေကတော့ သူ့ကို တစ်ကားကမှ တင်ချင်စိတ် မရှိတာ အသေအချာကို သိရှိခဲ့ပြီ။ အရှေ့က ခေါ်တဲ့ လူငယ်လေး နောက်ကို လိုက်သွားရင်းမှ လူငယ်လေး ခေါ်သွားတဲ့ဆီက ဝက်တင်ကား တစ်စီးဆီကို။

           “ ဦးလေး ခဏလေး ဒီမှာ နေဦးနော် ”

         ဟု ဆိုကာ လော်ရီကား နောက်ဘက်မှာ သူ့ကို ခဏထားကာ ကားမောင်းသူ နေရာမှ လူနှင့် အတန်ကြာအောင် စကားပြောနေ၏။ ကားမောင်းသူက ကားပေါ်မှ ဆင်းလာကာ သူ့ကို တွေ့တော့ ခေါင်းတခါခါ လည်တခါခါဖြင့် ငြင်းတာ တွေ့ရ၏။ လူငယ်လေးကလည်း တောင်းပန်သလိုမျိုး အတင်းပြောနေတာ မြင်ရပြန်သည်။ နောက်တော့ အဆင်ပြေသွားဟန် တူသည်။ ကားမောင်းသူက သူ့ဆီကို လျှောက်လာကာ . . .

         “ ဒီမှာ ဦးလေး ၊ ဦးလေး မြို့သစ်ကို လိုက်ချင်ရင် နောက်ခန်းကပဲ လိုက်လို့ ရမယ်။ ရှေ့ခန်းကတော့ မတင်နိုင်ဘူးဗျာ။ နောက်ခန်းကတော့ အခု လောလောဆယ် ဝက် မတင်ရသေးလို့ လွတ်နေတယ်။ ဒါနဲ့ လိုက်နိုင်တယ် ဆိုရင်တော့ လိုက်ခဲ့ပေတော့ မလိုက်နိုင်ဘူး ဆိုရင်လည်း နေခဲ့လို့ ရတယ်။ မြို့သစ်ကို ရောက်ဖို့ ဆိုရင် ဦးလေးကို ဘယ်သူမှ ခေါ်ချင်ကျမှာတော့ မဟုတ်ဘူး။ ကျွန်တော့် ကားနဲ့ ဖြစ်သလို လိုက်နိုင်တယ် ဆိုရင်တော့ လိုက်ခဲ့ပေါ့။ ”

         သူ ဘာမှ ပြန်မပြောနိုင်ခင် လူငယ်လေးက ကြားဝင်ကာ ပြော၏။

        “ ဘယ်နေရာကပဲ လိုက်ရ လိုက်ရပေါ့ ဦးလေးရာ အဓိက က ကိုယ် လိုရာကို ရောက်ဖို့ပဲ မဟုတ်လား။ ဟိုရောက်ရင် ဦးလေး မိဘတွေနဲ့ မြန်မြန်တွေ့ရတာပေါ့။ ”

       အရှေ့က စကားက ဆွဲဆောင်မှု မရှိဘူး ဆိုရင်တောင်မှ နောက်က အဆုံးသတ်စကားက ဆွဲဆောင်မှု အား ကောင်းလွန်းလှပါသည်။ သူ အိမ်ကို အမြန်ဆုံး ရောက်ချင်နေသူ တစ်ယောက် မဟုတ်လား။

       “ အင်း . . ဦးလေး လိုက်နိုင်ပါတယ်။ လိုက်ခွင့်ပြုတာနဲ့တင် ကျေးဇူးတင်ပါတယ်ကွယ်။ ”

       “ ကဲ . . ဒါဆိုလည်း ဦးလေး တတ်တော့ . . ”

       လူငယ်လေးက သူ့ကို ဖေးမစွာ ကိုင်တွယ်ရင်း ဝက်တင်ကား နောက်ခန်းသို့ တတ်ရန် ပြင်ဆင်ပေးသည်။ အရင်က ဆိုရင် ဒီလောက်ကတော့ ကားသံကိုင်း တစ်ခုကို ဆွဲကာ လွှားခနဲ ကျော်ဝင်လိုက်မိပေမည်။ အခုတော့ သူ့ရဲ့ တုတ်ခိုင်နေသော လက်အစုံ ၊ ဖောယောင်ကာ ပြာအမ်းအမ်း ဖြစ်နေသော မျက်နှာနှင့် ခန္ဓာကိုယ် ၊ ဆတတ ဖြစ်နေပြီး တရွတ် ဆွဲနေသော ခြေထောက်တို့ကြောင့် စိတ်ထင်တိုင်း ကိုယ် မလိုက်နိုင်။ တကယ်တော့ သူ့ရဲ့ စိတ်တွေကလည်း ကျနေခဲ့ပါပြီ။

         အပေါ်ကို ကုတ်ခြစ်ပြီး တစ်မျိုး ၊ တွယ်ပြီး တစ်ဖုံ ၊ အောက်မှ ပင့်တင်ပြီး တစ်ဖန် ပုံစံ အမျိုးမျိုးကြောင့် သူ ဝက်တင် လော်ရီကား နောက်ခန်းထဲသို့ ရောက်ခဲ့ပါတော့သည်။ မနေ့က တင်ဆောင်ခဲ့ပြီး အညစ်အကြေးနဲ့ တခြား အရာများကို ရေဖြင့် ခပ်ကြမ်းကြမ်း ပက်ဖြန်း ဆေးကြောထားဟန် တူ၏။ ဟိုတစ်ကွက် ဒီတစ်ကွက် အကွက်အပြောက်များကြားမှ ခပ်သိုးသိုး အနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အို . . ဒါက အဓိက မဟုတ်ပါဘူးလေ ၊ သူ့ အိမ်ပြန်ရောက်ရေးကသာ အဓိက မဟုတ်လား။

       “ ကဲ. . . ဦးလေး စိတ်ချ လက်ချသာ လိုက်သွားတော့ ၊ မြို့သစ်ကို ရောက်ရင် သူ သတိပေးလိမ့်မယ်။ ဒါဆို ဦးလေး ဆင်းချင်တဲ့ နေရာရောက်ရင် ပြောလိုက် ၊ သူ ချပေးလိမ့်မယ်။ ”

       “ အေးကွယ် ကျေးဇူးပါပဲ . . ”

        အောက်မှ လူငယ်လေးက လက်ပြ နှုတ်ဆက်နေချိန်မှာပဲ လော်ရီကားက မောင်းထွက်လာခဲ့သည်။ ထိုင်စရာ ဆိုလို့ ဘာဆို ဘာမှ မရှိ။ အပေါ်မှာ ဟာလာဟင်းလင်း ဖြစ်နေသလို နောက်ခန်း တစ်ခုလုံးကလည်း သူမှ လွဲ၍ ဗလာ။ တကယ်တော့ ဒီနောက်ခန်းမှာ ဝက်တွေကိုသာ တင်လေ့ရှိသည်။ အခုတော့ သူ့ဘဝက ဝက်တစ်ကောင်နှင့် မခြား။ အို . . ဘယ်လိုပင် ဖြစ်နေပါစေ သူ အိမ်ကို မြန်မြန် ရောက်ဖို့သာ လိုအပ်သည် မဟုတ်ပါလား။ ဝက်ဖြစ်နေမှတော့ မစင်ကို ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

        မတ်တပ် ရပ်နေရာမှ သူ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ သူ့ရဲ့ ခြေထောက်ကလည်း ကြာရှည် ရပ်ဖို့ ဘယ်လိုမှ မကောင်းတော့ပါ။ ထိလို့ ထိမှန်း မသိသလို ၊ လက်အစုံကလည်း ကိုင်လို့ ကိုင်မှန်း မမြဲချင်။ သူ ထိုင်နေရင်း ပြန်လည် စဉ်းစားနေမိသည်။ ဒီနေရာမှာ အခုရောက်နေတာ ငါမှ ဟုတ်ရဲ့လား။

        ဟိုးအရင် ငယ်စဉ်ကတည်းက သားတစ်ယောက်တည်း ရှိလို့ အလိုလိုက်ထားသော သူ့မိဘတွေ အပေါ်မှာ သူ အလွန် ဆိုးခဲ့ ပေခဲ့သည်။ မိဘတွေကလည်း ချစ်၍ သူ့ကို အလိုသာ လိုက်ခဲ့၏။ သူ အရွယ်ရောက်တော့ အပေါင်းအသင်းကြောင့် ပို၍ ပျက်လာခဲ့သည်။ ငယ်စဉ်ကတည်းက မုန့်ဟင်းခါး ရောင်းကာ ရှာဖွေ ကျွေးမွေးခဲ့သော မိဘများကို သူလိုချင်သော ပိုက်ဆံ ရအောင် နည်းမျိုးစုံဖြင့် ရန်ရှာဖူးသည်။ ကိုယ့်ကို ထမင်းကျွေးနေသော မုန့်ဟင်းခါး ပန်းကန်များကို အိမ်က မသိအောင် ခိုးရောင်း၍ ပွဲသွားကြည့်ခဲ့ဖူး၏။

        နောက်ဆုံး အပေါင်းအသင်းတွေနဲ့ ဖဲရှုံးပြီး အိမ်ပြန်ရောက်တော့ သူ့မိဘ မင်္ဂလာဦး အထိမ်းအမှတ် ဖြစ်သော ၊ တစ်ခုတည်းသော အမေ့ နားကပ်လေးကို ရအောင် တောင်းသည်။ အမျိုးမျိုး အလိုလိုက်ခဲ့သော်လည်း ဒါကိုတော့ အမေ လုပ်သူက ခွင့်မပြု . . . .၊ ဖခင်ကလည်း သဘောမတူ။

       “ ပေးစမ်းပါဗျာ. . . ကျုပ်နိုင်တာနဲ့ ချက်ချင်း ပြန်ပေးမှာ. . . ”

       “ မလုပ်ပါနဲ့ သားရယ်။ အမေတို့မှာ အရေးအကြောင်း အတွက်နဲ့ ပြီးတော့ မင်္ဂလာဦး ပစ္စည်းမို့ သိမ်းထားတာပါ။ ”

        “ အသက်တွေပဲ ကြီးနေပြီဗျာ။ ပေးစမ်းပါ သေတ္တာသော့ . . ”

       “ မပေးဘူးကွယ် . . ဒါတော့ မပေးနိုင်ဘူး ”

       “ ဟာဗျာ . . ခင်ဗျားကြီး တော်တော် ခက်တာပါလား။ ဟိုမှာ သူတို့ ဝိုင်းသိမ်းသွားရင် ခက်မယ်။ ပေးဆို အခုပေး . . ”

        သူ့ရဲ့ ကြမ်းတမ်းလာသော စရိုက်တွေကြောင့် ဖခင်က ဝင်ပြော၏။

       “ မင်းကွာ . . ဒီအရွယ် ရောက်တဲ့ အထိ မိဘ လုပ်စာလည်း ထိုင်စားနေသေးတယ်။ အခု ဖဲရိုက်ဖို့ကိုတောင်မှ မိဘဆီကလည်း မရှိမဲ့ ရှိမဲ့လေးကို အတင်း လာတောင်းနေသေးတယ်။ သွား မင်းဖာသာ ရတဲ့ ဆီက သွားယူ . . ငါတို့ဆီက လာမတောင်းနဲ့တော့ . . .”

         “ အာ . . ခင်ဗျားကြီး . . လာရှုပ်နေသေးတယ် ”

        သူ့မျက်လုံးထဲမှာ ဘာဆို ဘာမှ မမြင်တော့ ၊ ပုဏ္ဏားကွယ်မှာ ထောင်ထားသော ထမ်းပိုးကို လက်ရောက်သွားပြီး တစ်ချက် ဝှေ့ရိုက်လိုက်တာမှာ သူ့ အဖေ ပုံလျက်သား လဲကျသွားတာ မျက်လုံး ထောင့်စွန်းထဲက မြင်လိုက်ရ၏။

        “ အမေလေး . . သေပါပြီတော် ၊ ဘယ်လိုများ လုပ်လိုက်တာလဲ အဇာတသတ် ဟင် ၊ ကိုယ့် အဖေကိုတောင်မှ ဒီလို လုပ်ရလား။ လိုချင်တာ မရတာနဲ့ အဖေတောင်မှ ပြန်သတ်မဲ့ ပုံပေါ့။ ရော့ . . ဒီမှာ နင်လိုချင်နေတဲ့ သေတ္တာသော့ . . .ယူ . . ပြီးရင်တော့ ငါတို့ မျက်စိရှေ့မှောက်ကို ဘယ်တော့မှ ပြန်မလာနဲ့။ နင့်လို့ သားတစ်ယောက် မွေးထားမိတာ ဝမ်းရေစပ်တယ်။ မွေးရကျိုး နပ်လိုက်တဲ့ သား။ အမလေး ကြည့်ကြပါဦး. . . အရပ်ကတို့ရဲ့ ”

        သူကတော့ ဘာမှ မမြင်ခဲ့ပါ။ သူမြင်နေတာက ဖဲဝိုင်းမှာ ရှိနေတဲ့ တစ်ဘက်လူဆီမှ ငွေပုံကြီးမျှသာ. . ၊ ငါ သွားယူရမယ် ၊ ငါ နိုင်အောင် ပြန်ရိုက်မယ် ဆိုသော အသိစိတ်မျှသာ. . . ။ နောက်တော့ အမေ့ရဲ့ သံသေတ္တာလေးဟာ ဟောင်းလောင်းလေး ဖြစ်ကျန်နေခဲ့ပါတော့သည်။ ထိုအချိန်ကတည်းက သူ အိမ်ကို ပြန်မရောက်ဖြစ်တော့ပါ။ သူ ပို၍ ပို၍ ဆိုးလာခဲ့ပါတော့သည်။



       “ ဦးလေး . . . ဦးလေး . . မြို့သစ်ထဲ ဝင်လာပြီ။ ဘယ်မှာ ဆင်းမှာလဲ ”

       ဘယ်လောက်ထိ မျက်စိကို စုံမှိတ်ကာ သူ အတွေးနက်နေသည် မသိ။ ကားမောင်းသော လူငယ်လေး လှမ်းပြောမှ သူ အသိဝင်လာသည်။

       “ ဟို . . ဓမ္မရုံကြီး ရှိတဲ့ နေရာမှာ ဆင်းမှာကွဲ့။ နေရာ နာမည်တွေတော့ မေ့ကုန်ပြီ ”

       “ သြော် . . ဓမ္မရုံ ရပ်ကွက်မှာလား ကျွန်တော် သိတယ်။ အဲဒီနေရာကို ရောက်တော့မယ်။ ဦးလေး ဆင်းဖို့ အသင့်ပြင်ထားတော့ . . ”

        “ ဟုတ်လား . . အေးအေး . . .”

        ဆောင့်ကြောင့်ထိုင်ရာမှ သူ လော်ရီဘေးဘောင်မှ သံတိုင်များကို အားပြုကာ ထလိုက်၏။ သူ့ရဲ့ ခြေထောက်တွေက ကြာကြာရပ်လို့ မကောင်းတော့သလို ၊ ကြာကြာထိုင်လို့လည်း မကောင်းတော့။ ပြန်လည် ပျော့ခွေကာ ကျချင်နေသော ခြေထောက်ကို အားတင်းပြီး ဘေးမှ သံတိုင်ကိုလည်း ကိုင်ကာ ရပ်လိုက်၏။ သူ အိမ်ပြန်ရောက်တော့မည်။ ရင်ထဲမှာ လှိုက်ကာ လှိုက်ကာ ပျော်ရွှင်လာခဲ့သည်။

         “ ရောက်ပြီ ဦးလေး . .”

         ကားမောင်းသော လူငယ်လေး ဆီမှ သတိပေးစကား ကြားရတော့ သူ လော်ရီပေါ်မှာ သတိထားက ဆင်းလိုက်၏။ သူ့ကို ကားနဲ့ တင်ခေါ်လာတဲ့ ကားမောင်းသူ လူငယ်လေးကို ကားခ ဘယ်လောက်ပေးရမလဲ လို့သူ မေးလိုက်တော့  . . . .

        “ မပေးနဲ့ ဦးလေး ၊ ကျွန်တော့် သူငယ်ချင်း ခုနကတည်းက ပေးပြီးသွားပြီ။ ဦးလေးကို သူက ကူညီတာတဲ့။ သူ့အဖေကလည်း ထောင်ထဲမှာ သေသွားဖူးတယ်လေ။ ဒါကြောင့် ဦးလေးကို မြင်တော့ သူက သူ့အဖေကို မြင်ပြီး စာနာနေတာ . . ”

         “ သြော် ဖြစ်မှ ဖြစ်ရလေကွယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ”

         “ ဟုတ်ကဲ့ ရပါတယ်။ ဒီနေရာ ဟုတ်တယ်နော် ၊ သေချာ ကြည့်ဦး ”

         “ ဟုတ်ပါတယ်။ ကြာနေပြီ ဆိုတော့ သစ်ပင်တွေ ၊ အဆောက်အဦးတွေ ပြောင်းလဲ နေပေမဲ့ ဒီဓမ္မာရုံကြီးကတော့ မပြောင်းလဲ သေးတော့ မှတ်မိနေတာပေါ့။ ”

         “ ဒါဆိုလည်း ပြီးရော ၊ ကျွန်တော် သွားတော့မယ် ဦးလေး ၊ ဂရုစိုက်သွားပေါ့ ”

          “ အေးပါ . . . ကျေးဇူးပါပဲ ”

           လက်ပြ နှုတ်ဆက်ကာ သူ့ကို တင်ခေါ်လာသော ဝက်တင်ကားကို လှမ်းကြည့်လိုက်မိသေး၏။ ပြီးမှ သူ တစ်ဘက်လမ်းကို ကူးလာခဲ့သည်။ အရာရာဟာ တိုးတတ်ပြောင်းလဲနေ၏။ အရင်က တဲအိမ်လေးတွေမှာ အခုတော့ ပျဉ်ထောင်အိမ်တွေ ၊ တိုက်အိမ်တွေ ဖြစ်နေပေပြီ။ သူ့မိဘတွေ မုန့်ဟင်းခါး ရောင်းချသော ဆိုင်လေးမှာပဲ ညနေဘက် သူ့မိဘတွေ ဆိုင်ထွက်နေမလား သူ့စဉ်းစားကြည့်နေမိသည်။ ဒီအချိန်ဆိုရင် ဆိုင်မှာပဲ ရှိကြပေလိမ့်ဦးမည်။ သူတို့ ဆိုင်က ဈေးနားမှာ ဖွင့်ထား၏။

         ဈေးရှိရာ လမ်းကို တဖြေးဖြေး လျှောက်လှမ်းကာ သူ ဝင်လာမိတော့ အရင်ကထက် တိုးတတ်ပြောင်းလဲ လာသော အိမ်များ ၊ အဆောက်အဦးများကို အားကျဖွယ်ရာ မြင်တွေ့ရသည်။ အရင်က သူ ပြေးလွှား ဆော့ကစား ဖူးသော မြေနီ လမ်းကလေးကလည်း အခုတော့ နိုင်လွန် ကတ္တရာခင်း လမ်းဖြစ်ချေပြီ။ လူတွေရဲ့ နေထိုင်စားသောက်ပုံကလည်း ပြောင်းလဲ နေချေပြီ။ ဒီလမ်းထဲမှာ အရင်က သူ့ကို မသိသူ မရှိပေမဲ့ အခုတော့ သူ့ကို သိသူ မရှိကြတော့ပြီ ထင်၏။ သူ့ကို ဘယ်သူမှ ခေါ်ပြော နှုတ်ဆက်ခြင်း မရှိ။ သူကလည်း ဈေးနားမှာ မုန့်ဟင်းခါး ရောင်းနေသော မိဘတွေနဲ့ ဆုံတွေ့ချင်စိတ်သာ ရှိနေခဲ့သည်။

          တရွတ်ဆွဲ လှမ်းလာသော သူ့ခြေထောက်တွေက ခပ်လှမ်းလှမ်းမှာ မြင်နေရသော မုန့်ဟင်းခါး ဆိုင်အိုလေးကို တွေ့လိုက်ရတဲ့ အချိန်မှာ ခေတ္တခဏ လှုပ်ရှားမှု ရပ်တန့်ကာ ငြိမ်သက်သွား၏။ တိုးတတ်ပြောင်းလဲနေတဲ့ အဆောက်အဦး သပ်သပ်ရပ်ရပ်ကြားမှာ ချို့တဲ့စွာဖြင့် ဆိုင်အပြင်အဆင် နဲ့ မုန့်ဟင်းခါး ဆိုင်လေးကို လှမ်းမြင်လိုက်ရသည်။ မလုံ့တလုံ့ အမိုးအောက်မှာ ဟင်းရည်အိုးကို အပူဓါတ်ငွေ့ငွေ့လေး ပေးထားသော မီးဖိုမှ အငွေ့လေးများကို အဝေးမှပင် လှမ်းမြင်နေရသယောင် ဖြစ်၏။

          ဆိုင်ရဲ့ အနောက်ဘက်မှာ ထုံးစံ အတိုင်း ပန်းကန်းဆေး မီးထည့် အလုပ်ကို သူ့ဖခင်က ဆက်လက် လုပ်ဆောင်နေဆဲ ၊ သူ့အမေကတော့ အရင်ကလိုပဲ အရှေ့မှာ လာဝယ်စားမဲ့ ဈေးဝယ်သူကို ပြင်ဆင်ထည့်ပေးရန် အဆင်သင့် ရှိနေ၏။ သို့သော် သူတို့ လွန်စွာမှပဲ အိုစာသွားခဲ့လေပြီ။ ကုန်းအိုချိနဲ့စွာ သူတို့ ဘဝကို သူတို့ ဆက်လက်၍ ရပ်တည်နေခဲ့သည်။ အရင်က တလွှားလွှားဖြင့် ဟင်းရည်အိုးကို ထမ်းခဲ့သော အဖေ ၊ အခုတော့ ခါးတွေ ကုန်းနေလေပြီ။ အဖေ့ ဟင်းအိုးကို ဘယ်သူများ ထမ်းပေးမလဲ ၊ ဘယ်သူက သယ်ပေးလိမ့်မလဲ ၊ သူတွေးမိရင်း နင့်ခနဲ ခံစားလိုက်ကာ မျက်ရည်တစ်ပေါက် စို့ထွက်လာသည်။

          အရင်က မနက် နေမမြင့်ခင် ကုန်တတ်သော သူတို့ မုန့်ဟင်းခါး ဆိုင်လေး ၊ ညနေ နေမစောင်းခင် ကုန်သွားတတ်သော သူတို့ မုန့်ဟင်းခါးဆိုင်လေးက အခုတော့ ညနေ အတော်စောင်းတဲ့ အထိ ဝယ်သူကို မျှော်ကာ သူ့ရဲ့ မိဘတွေ ရောင်းနေကြရ၏။ ဘာလို့ သူ မိဘတွေ အနားမှာ မရှိနိုင်ခဲ့ရတာလဲ။ သူ ဘာကြောင့် မိဘတွေကို လျစ်လျှူရှူ့ကာ တကိုယ်ကောင်းဆန်ခဲ့ရလဲ။ သူကိုယ်တိုင်လည်း ပြန်ပြီး မတွေးမိခဲ့ပါ။ အခုတော့ သူ အိမ်ကို ပြန်လာခဲ့ပြီ။ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ မိဘတွေဆီကို ပြန်လာခဲ့နိုင်ပြီ။ သူ့ကို တွေ့ရင် သူ့အဖေ နဲ့ အမေ မျက်ရည် မဆယ်နိုင်အောင် ပျော်နေလေမလား။ ငါ့တို့မှာ အားကိုးစရာ သား တစ်ယောက် ပြန်ရပြီ ဆိုကာ ဝမ်းနည်း ဝမ်းသာ ဖြစ်နေမလား။

         တွေးရင်း သူ တစ်ခု တွေးမိလာ၏။ သူ့ရဲ့ အခု ရုပ်သွင်ပြင်ကို တော်ရုံလူ မမှတ်မိနိုင်။ သူ့မိဘတွေကရော မှတ်မိပါ့မလား။ သူ ရင်တွေ ခုန်လာ၏။ မိဘများ သူ့ကို မြင်ရင် အံ့သြသွား စေချင်မိ၏။ သူ ဘာမှ မပြော ၊ မခေါ် ၊ မနှုတ်ဆက်ဘဲ မုန့်ဟင်းခါး ဆိုင်လေးထဲသို့ မုန့်ဟင်းခါး စားမည့်သူ တစ်ယောက်ကဲ့သို့ လှမ်းဝင်လိုက်သည်။ ဝယ်သူကို မျှော်နေသော အဘွားအို ဖြစ်နေသော သူ့အမေက ပြာပြာသလဲပင် ထိုင်နေရာမှ ထကာ ရေဇလုံထဲမှ ရေကို လှမ်း၍ ခြောက်နေသော လက်ကို ဆွတ်လိုက်ကာ ပန်းကန်တစ်ချပ်ကို ဆွဲ၍  . . . .

        “ ဘာ . . . နဲ့ . . စား . . မ . . လဲ . . ကွယ်. . ”

       တုန်ချိဖျော့တော့နေသော လေသံတိုးတိုးဖြင့် လှမ်းမေးလေ၏။ ဒါ သူ့အမေအသံ ဆိုတာ နှစ်ပေါင်းများစွာ အတွင်း သူ လတ်လတ်ဆတ်ဆတ် ပြန်ကြားရခြင်း ဖြစ်၏။ သူ့မျက်နှာကိုလည်း သူ့မိခင်က မကြည့် ၊ ကြည့်ချင်ရင်လည်း မော့ကာ ကြည့်မှ ရပေမည်။

         “ မုန့်ဟင်းခါး အလွတ် တစ်ပွဲပဲ ပေးပါ ”

         ဈေးဝယ်သူ ကျေနပ်အောင် အမြန်ဆန်ဆုံး ဆောင်ရွက်ပေးနေပေမဲ့ သူ့မိခင်ရဲ့ လက်အစုံက တုန်ချိဖျော့တော့နေ၏။ စားပွဲပေါ်မှာ ချထားသော ရေနွေးအိုးမှ အေးစက်နေသော ရေနွေးကို ရေနွေးပူ အသစ်ဖြင့် လဲပေးရန် လာယူသော သူ့ဖခင်ကလည်း တုန်ချိခါးကွေးစွာဖြင့်။ အဖေ . . . ၊ အမေ . . . ကျွန်တော်လေ . . .  ၊ ဒါ အဖေ အမေတို့ သားလေ လို့ သူ ပါးစပ်က ပြောထွက်လိုက် ချင်သော်လည်း လည်ချောင်းတွင်းမှာ ဘာမှန်းမသိသော အရာတစ်ခုက တစ်ဆို့နေ၏။

        “ လိုတာ ရှိရင် ပြောနော် ”

        သူ့ကို မုန့်ဟင်းခါး ပန်းကန် လှမ်းပေးရင်း အမေက ပြော၏။ သူ့ကို လုံးဝ မှတ်မိပုံ မပေါ်။ အရက်ဒဏ် ၊ မိုက်ဒဏ် တို့ကြောင့် လူက အရာရာ ပြောင်းလဲနေချေပြီ။ ခပ်ပျစ်ပျစ်ကလေး ဖြစ်နေသော မုန့်ဟင်းခါး တစ်ခွန်းကို ခပ်ကာ ပါးစပ်ထဲ ထည့်လိုက်တော့ အမေ့ မုန့်ဟင်းခါးက အရင်လို အရသာ ရှိနေဆဲပါပဲ။ ကောင်းနေဆဲ ၊ အရည်အသွေး မှီနေဆဲ ၊ သို့သော် အမေတို့ ဆိုင် အရင်ကလို ရောင်းရတော့ဟန် မပေါ်တော့။

         “ ရေနွေးကြမ်းလည်း သောက်နော် ၊ အေးဆေးသာ စားပါ ၊ ဆိုင်က မသိမ်းသေးပါဘူး။ ဆိုင်ကို သားလေး လာမှပဲ သိမ်းမှာ ၊ အချိန်ရသေးတယ် ”

         သူ့ရဲ့ အဖေက ရေနွေးကြမ်းအိုးကို ချပေးရင်း ပြော၏။ “ သားလေး ”  ဆိုပါလား။ သားလေး ဆိုတာ ဘယ်သူ့ကို ဆိုလိုလိုက်တာလဲ။ သူ့ကိုတော့ မဟုတ်တန်ရာ ၊ အဖေ ပြောပုံ အရ ဆိုရင် ထိုသားလေး ဆိုသူက နေ့စဉ် ဆိုင်သိမ်းပေးနေပုံ ပေါ်သည်။ အရသာ ရှိသော အမေ့မုန့်ဟင်းခါးကို နှစ်ပေါင်း များစွာ အတွင်း အခုအကြိမ်ပဲ ပြန်လည် စားခွင့် ရခဲ့သည်။ နောက်ဆုံး တစ်ဇွန်းကို လက်စသတ် စားပြီးတော့ ရေနွေးကြမ်း ပန်းကန်လေးဆီိကို လက်လှမ်းလိုက်ရင်း . . .

        “ အဘတို့က သားသမီး မရှိဘူးလား ”

        နိဒါန်း မပျိုးဘဲနဲ့ကို သူက တိုက်ရိုက် ချမေးလိုက်၏။ သူ့အမေရဲ့ မျက်ဝန်းတွေ ရုတ်တရက် သေးငယ်သွားသလို ဖြစ်ပြီး သူ့အဖေကတော့ အရိုးပေါ် အရေတင်နေသော မျက်နှာပေါ်မှ မေးကြောများ ပိုပြီး ထောင်ထလာအောင် အံကြိတ်လိုက်ပြီး  . . . .

        “ သား အရင်း တစ်ယောက်တော့ အရင်က ရှိခဲ့ဖူးပါတယ်။ အခု အဘတို့နဲ့ နေနေတာကတော့ ရပ်ကွက်ထဲက မိဘမဲ့ ကလေး တစ်ယောက်ကို ခေါ်မွေးစား ထားတာပါ။ သူကပဲ အဘတို့ကို မနက် မုန့်ဟင်းခါးရောင်းနိုင်အောင် ဟင်းရည်အိုး ထမ်းပေးတယ်။ ညနေဆိုလည်း ထမ်းပေးတယ်။ ကျောင်းက ပြန်လာတာနဲ့ အားလုံး ဝိုင်းသိမ်းပေးတယ်။ သူကိုပဲ အဘတို့က အားကိုးနေကြရတာပါ။ ”

       “ အဘတို့သားက အခု ဘယ်ရောက်သွားလို့လဲ ”

       “ ထောင်ထဲမှာပဲ သေရှာပြီလို့ ကြားတာပါပဲ။ သူက ဘယ်ရောက်လို့ ဘယ်ပေါက်တယ် ဆိုတာ အဘတို့လည်း မသိပါဘူး။ သူ ရှိတုန်းကလည်း အဘတို့ အပေါ်မှာ ကူညီဖော် မရပါဘူးလေ။ ကောင်းကျိုး မပေးတဲ့ အပြင် အဘတို့ အတွက် အမြဲတမ်း ဆိုးကျိုးပဲ ပေးနေတာပါ။ သူက အဘတို့ အတွက် အမှိုက်သက်သက်ပါပဲ။ လူ့အမှိုက် ဆိုပါတော့ ”

        သူ့ ခေါင်းထဲမှာ မိုက်ခနဲ ခံစားလိုက်ရပြီး မျက်လုံး အစုံကလည်း ပြာခနဲ ဖြစ်သွားသည်။ သူ ဒီလောက်တောင်မှ ဆိုးခဲ့တာပါလား။

        “ ဟုတ်တယ် ငါ့တူရယ် ၊ အဒေါ့်မှာ ရွှေဆိုလို့ မင်္ဂလာဦး ပစ္စည်းလေး တစ်ခုပဲ ရှိတာပါ။ ဒါကို သူဖဲရိုက်ဖို့ တောင်းတာ မပေးလို့ ဆိုပြီး အဒေါ့် ယောက်ျားကိုလည်း ထမ်းပိုးနဲ့ ရိုက် ၊ အဒေါ့်ကိုလည်း တွန်းထိုးလုပ်ပြီး ယူသွားပြီးကတည်းက ပြန်မတွေ့တော့တာ အခုထိပါပဲ။ ဒါပေမဲ့လည်း . . . ”

        သူ့ အမေဆီမှ ဒါပေမဲ့ ရဲ့ နောက်ဆက်တွဲကို သူ မျှော်လင့်ကာ နားထောင်နေမိ၏။ အတိတ်တွေကြောင့် အားယူကာ ပြောနေရသလို အဘွားအိုက ပြောနေ၏။

        “ ဒါပေမဲ့လည်း သူ ထွက်သွားကတည်းက အဒေါ်တို့ ဘဝက အေးချမ်းသွားတယ် လို့ ဆိုရမှာပါပဲ။ အသက်ကြီး လာတော့လည်း နည်းနည်းတော့ ကသီတာပေါ့လေ။ ဒါပေမဲ့ သားလေး ကို မွေးစားလိုက်တာမှာ မွေးစားသား ဆိုပေမဲ့ သားအရင်းထက် အားကိုးရပါတယ်။ ”

         “ ဒီကလေးက ဘယ်အရွယ်လောက် ရှိနေပြီလဲ ”

         ဆို့နင့်နေသော လည်ချောင်းကို ဖျစ်ညှစ်ပြီး သူ မေးလိုက်သည်။

         “ သားလေးက အခုမှ ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဆိုင်ကို ထိုင်ရောင်းရတယ် ဆိုယုံလောက်ကို အားလုံး လုပ်ပေးရှာတာ ၊ သူသာ မရှိရင် အဒေါ်တို့တော့ ငတ်သေတာ ကြာပေါ့ကွယ်။ ”

        “ သြော်.  . . . . . . . ”

        ထိုသြော် ဆိုသော အသံဟာ သူ့ရဲ့ လည်ချောင်းတွင်းကို ထိုးထွက်လာတဲ့ သူ့ရဲ့ ရင်တွင်းမှ အပူစ တစ်စသာ ဖြစ်၏။ သူ့အတွက် ဆက် ပြောစရာ နိတ္ထိ ၊ ဗလာ မျှသာ။

        “ အမေ နဲ့ အဖေ ၊ သား ပြန်လာပြီ ”

        အသံနဲ့အတူ ကလေးအရွယ် တစ်ယောက်ဝင်လာ၏။ တကယ်တော့ သူမွေးရင် သူ့သားလောက်သာ ရှိပေမည်။ သူ့မိဘတွေ အတွက်တော့ မြေးတစ်ယောက် အရွယ်မျှသာ။ ဒါပေမဲ့ သားတစ်ယောက်ပမာ အားကိုးရသူ ဖြစ်သည် ဆိုပဲ။

         “ ပြန်လာပြီလား သား ၊ အိမ်ပြန်ပြီး အဝတ်အစားလဲ ရေမိုးချိုးလေ ၊ ပြီးမှ ဆိုင်ကို တစ်ခေါက် ပြန်လာပေါ့။ ”

         “ မပြန်တော့ပါဘူး အမေ ၊ ဆိုင်သိမ်းတော့မလား ၊ ရောင်းရရဲ့လား ”

         “ ဒီနေ့ သိပ်မရောင်းရဘူး သားလေး ၊ ဒါပေမဲ့ ဘာမှတော့ သိပ်မကျန်တော့ပါဘူး။ အိမ်ပြန်ရောက်မှ ပိုတဲ့ ဟင်းရည်ကို အရည်သောက် လုပ်စားကြတာပေါ့။ သားလေး ခဏနားဦး။ ”

         “ ဟုတ်ကဲ့ ဒါဆိုရင် သား အိမ်ပြန်ပြီး လွယ်အိတ်ထားရင် အဝတ်အစား လဲလိုက်ဦးမယ်။ ”

         “ အေးအေး . . သားလေး ”

        ကြားနေရသော စကားသံတွေက သူနဲ့ နီးနီးလေး ဖြစ်ပေမဲ့ ဟိုးအဝေးကြီးက လာသလို ခံစားရသည်။ တိုးလျကာ တိတ်တဆိတ် တစ်နေရာရာက ဖြတ်သန်း လာသလိုလို။ သူ့အတွက် သူ့မိဘမှာ နေရာမရှိ ၊ သူဟာ သူတို့ ဘဝထဲမှာ သေဆုံးသွားခဲ့ပြီ။ သူတို့ရဲ့ သားအရင်းထက် မွေးစားသားက ပိုတောင်မှ အားကိုးနေရတယ် ဆိုတာ သူတို့ရဲ့ အသံတွေမှာပင် ပေါ်လွင် ထင်ရှားလွန်းလှသည်။

        “ ဒါဆို သား ခဏ ပြန်လိုက်ဦးမယ် ”

        သူ့နဘေးက ဖြတ်ကာ ထွက်သွားသော လူငယ်လေးက သူ့ကို သာမာန် မုန့်လာစားသူ တစ်ယောက်ထက် ပိုပြီး စိတ်ဝင်စားဟန် မတူ။ ဖာသိဖာသာပင် ဖြတ်သွား၏။ ထောင်မှ ထွက်လာကတည်းက သူ့ရဲ့ မျှော်လင့်ချက်တွေ ၊ ထင်ထားသမျှတွေ အားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်၏။ သူ့မိဘအတွက် သူ ဘာမှ မလုပ်ပေးနိုင်သူ တစ်ယောက်ပါလား။ ဟုတ်တယ်။ အခုလည်း သူက မသန်မစွမ်း တစ်ယောက် ဖြစ်နေပေပြီ။ ပြီးတော့ လူ့ပြည်မှာ နောက်ထပ် လပိုင်းမျှသာ အသက်ရှင်ခွင့် ရှိသူတစ်ယောက်မျှပဲ မဟုတ်လား။ ဘာမှ တန်ဖိုး မရှိသော လူတစ်ယောက် ဖြစ်နေခဲ့ပြီ။

        “ ငါဟာ တန်ဖိုး မရှိတဲ့ လူတစ်ယောက်ပဲ ၊ လောကအတွက် အသုံး မဝင်တဲ့ သူ တစ်ယောက် ၊ မိဘအတွက်လည်း အကျိုး မရှိတဲ့ ကောင် ”

         သူ့ရင်တွင်းမှာ ဒီစကားတွေက အကြိမ်ကြိမ် ပဲ့တင်သံတွေ အဖြစ် မြည်ဟီးနေသည်။ ရေနွေးကြမ်း ခွက်ကို ရှေ့ချကာ ခေါင်းငိုက်စိုက်ကျနေသော သူ့ကို သူ့အဖေ နဲ့ အမေကတော့ မုန့်စားသူ တစ်ယောက် သူ့ဖာသာ တခြားကိစ္စ စဉ်းစားနေသည်ဟု ထင်မည်လား မပြောတတ်ပေ။ သို့သော် သူ့ရင်ထဲမှာတော့ သူ့ရဲ့ အိမ်အပြန်လမ်းဟာ တန်ဖိုး မရှိသူ တစ်ယောက် ၊ မိဘကို အကျိုးမပြုနိုင်သူ တစ်ယောက် ဖြစ်နေခဲ့ပေပြီ။

         “ ဟေး . . . လိုက်ဟေ့ . . . လိုက်ဟ . . . ”

         “ ခွေးရူးဗျို့ . . .ခွေးရူး . . .”

         “ အရှေ့က လူတွေ သတိထားဗျို့. . အရှေ့မှာ ပြေးနေတာ ခွေးရူး ”

          ရုတ်တရက် ဆူညံသော အသံတွေကြောင့် ရေနွေးခွက်ကို ကြည့်ရင်း ခေါင်းငိုက် စိုက်ကျနေသော သူ့ခေါင်းအစုံ မတ်သွား၏။ ထို့အတူ ဈေးဗန်း နောက်မှာ ထိုင်နေသော သူ့အမေကလည်း ထိုင်ရာမှ ထလိုက်၏။ ဆိုင်ဘေးမှာ ထိုင်ကာ မီးဖိုထဲမှာ မီးခဲများကို ထုတ်ကာ မီးစများကို သတ်နေသော သူ့ အဖေကလည်း ထရပ်၏။ သူတို့ သုံးယောက်လုံး အသံကြားရာ လှမ်းကြည့်လိုက်တော့ အော်သံတွေ ထွက်ပေါ်ရာမှာ လူငယ် တစ်စုက ငြာသံပေးလျက် ပြေးလိုက်လာကြသည်။ သူတို့ရဲ့ အရှေ့ ခပ်လှမ်းလှမ်းမှာ သွားရည် တမြားမြားနှင့် ခွေးရူး တစ်ကောင်က မာန်ဖီ ပြေးလွှားလျက် ၊ ထိုခွေးရူးရဲ့ ဦးတည်ရာက ဆိုင်ထဲမှ ထွက်သွားသော သူ့ရဲ့ မိဘတွေ အခေါ် “ သားလေး ” ရဲ့ ဆီသို့။

         သူ့ပါးစပ်မှာ “ ဟာ ” ခနဲ အသံထွက်သွားချိန်မှာ . . .

         သူ့အမေ ပါးစပ်မှ “ သားလေး ခွေးရူး ဆိုပဲ ၊ ပြန်ပြေးလာခဲ့ ” ဟု အမောတကော သတိပေး စကားသံ ထွက်လာသည်။

         သူ့အဖေ ကတော့ နီးရာ သစ်သားချောင်းကို ဆွဲကာ တုန်ချိ၍ ကုန်းနေသော ခါးဖြင့် လမ်းမထက် ဆီကို ပြေးတတ်သွား၏။

         လူငယ်လေးကလည်း ခွေးရူး နောက်က လူတွေ အော်ဟစ်သံ ကြားလိုက်တဲ့ အချိန်မှာ ခွေးရူးနဲ့ သူက ဓါတ်တိုင် တစ်တိုင်စာမျှပင် မဝေးတော့။ အားလုံးရဲ့ အော်သံ ဟစ်သံတွေ ကြားလိုက်တဲ့ အချိန်မှာပင် သူတို့ မုန့်ဟင်းခါး ဆိုင်သို့ နောက်ပြန်လှည့်ပြေးလေ၏။ သို့သော် သူနဲ့ ခွေးရူးက အလွန်ပင် နီးကပ်နေချေပြီ။

        “ အဲဒီခွေးရုးနား မကပ်နဲ့။ ခုနက ကျွန်တော်တို့ ထိုးလိုက်တဲ့ မှိန်းစိုက်ပြီး အရိုးကျွတ် စိုက်လျက် ပါသွားတယ်။ ဒီကောင် နာနေတော့ ကျားနာခဲ ခဲလိမ့်မယ်။ ”

          နောက်က လူတွေကလည်း အဆက်မပြတ် အော်ဟစ် သတိပေးနေသည်။ သို့သော် နီးကပ်နေသော လူငယ်လေး နဲ့ တရှူးထိုး ပြေးလာသော ခွေးရူးက ဘာမှ မကွာ။

         “ ငါ့သားလေးတော့ ဒုက္ခပါပဲ ”

         ဆိုသောစကားသံ သူ့ အမေဆီမှ ထွက်လာ၏။ ငါ့ကို ကိုက်ချင် ကိုက်ပါစေ ဆိုသော ဟန်ဖြင့် သားငယ်လေးကို ကာကွယ်ဖို့ သူ့အဖေက သစ်သားချောင်း တစ်ချောင်းကို ဆွဲကာ လမ်းပေါ်သို့ တတ်သွား၏။ ဒီအချိန်မှာ သူ့ရင်ထဲမှာ မြည်ဟီးနေတဲ့ အသံတွေက . . . . .

        “ ငါဟာ တန်ဖိုး မရှိတဲ့ လူတစ်ယောက်ပဲ ၊ လောကအတွက် အသုံး မဝင်တဲ့ သူ တစ်ယောက် ၊ မိဘအတွက်လည်း အကျိုး မရှိတဲ့ ကောင် ”

       “ ငါဟာ တန်ဖိုး မရှိတဲ့ လူတစ်ယောက်ပဲ ၊ လောကအတွက် အသုံး မဝင်တဲ့ သူ တစ်ယောက် ၊ မိဘအတွက်လည်း အကျိုး မရှိတဲ့ ကောင် ”

         ဒီလိုတွေသာ မြည်ဟီးနေ၏။ ငါက သေမထူး နေမထူး ၊ ဒါပေမဲ့ တန်ဖိုး ရှိတဲ့ လူတွေ မသေရဘူး။ သူ ဖြတ်ခနဲ အသိစိတ်ဝင်ကာ သစ်သားချောင်းကိုင်ကာ လမ်းမပေါ် ပြေးတတ်သွားသော သူ့အဖေကို လှမ်းဆွဲလိုက်သည်။ ပြီးတော့ သူ့နောက်ကို တွန်းပို့ရင်း သူက လမ်းမပေါ်သို့ ပြေးတတ်ကာ သူ့ဆီသို့ ပြေးလာသော လူငယ်လေးနဲ့ ခွေးရူးဆီသို့ အားကုန်ထုတ်ကာ ပြေးလေတော့၏။ တရွတ်ဆွဲကာ ဆတတ ဖြစ်နေသော သူ့ခြေထောက်တွေက သူ စိတ်ထင်တိုင်း အမြန်နှုန်းကို မရပါ။ သို့သော် သူ အားတင်းကာ ပြေးသည်။ ဒါ သူ့ဘဝမှာ နောက်ဆုံးပြေးတာလဲ ဖြစ်နိုင်သည်။

       တရွတ်ဆွဲနေသော ခြေထောက်မှ ဆစ်ခနဲ ဆစ်ခနဲ နာကျင်သော ခံစားမှုကို သူ ခံစားရ၏။ သို့သော် သူ အရှိန်မြှင့်ကာ ပြေးသည်။ သူ ပို၍ မြန်သထက် မြန်နိုင်အောင် ပြေး၏။ ရှေ့ လက်တကမ်းမှာ လူငယ်လေးနှင့် ခွေးရူးကလည်း မှီလုမှီခင်ပင် ဖြစ်နေ၏။ သူ နီးသထက် နီးအောင် သူ မြန်သထက် မြန်အောင် ပြေး၏။ နီးသထက် နီးလာပြီး သူ့နဘေးနားမှ လူငယ်လေး ဖြတ်ပြေးအသွားမှာ သူနဲ့ ခွေးရူးနဲ့သာ မျက်နှာချင်း ဆိုင် ကျန်နေခဲ့ လေတော့သည်။

       “ ဟေ့လူ လှည့်ပြေးလေ ၊ အဲဒါ ခွေးရူး ၊ ပြီးတော့ ကျားနာခဲ လိုက်ခဲ နေတာ ပြေး . . ပြေး . . .”

      သို့သော် သူ လုံးဝ မလှုပ် ၊ သူ မပြေး။ ခွေးရူးကိုသာ သူ တည့်တည့်ကြည့်နေသည်။ သူ့နောက်မှာ သူ့အဖေ နဲ့ အမေ ရှိနေသည်။ ပြီးတော့ သူ့အဖေ နဲ့ အမေကို လုပ်ကျွေးနေသော သားအရင်းထက် ကောင်းသော မွေးစားသားလေး ရှိနေသည် ဆိုသော စိတ်က သူ့ကို ကျောက်ဆိုင်လို ငြိမ်သက်စေသည်။ သူ ကမူးရှူးထိုး ပြေးလာသော ခွေးရူးကိုသာ အာရုံစိုက်ကာ ကြည့်နေလိုက်သည်။ ခွေးရူးကလည်း သူ့ အရှေ့မှာ ထီးထီးကြီး ရပ်နေသော လူသားကို ခုန်ကာ အုပ်လိုက်သည်။ ခြေထောက်တစ်ဘက်သာ တရွတ်ဆွဲ မနေရင် သူ တစ်ဘက်ကို ခြေထောက်ပြောင်းကာ ရှောင်လိုက်နိုင်လိမ့်မည်။

       အခုတော့ သူ့ရဲ့ လှုပ်ရှားမှုတွေက နှေးကွေး လေးလံလွန်းနေချေပြီ။ ခုန်အုပ်လာသော ခွေးရူးက သူ့အပေါ် တည့်တည့် ခုန်အုပ်မိ၏။ သွားအစုံကို ဖြဲကာ ဝင်လာသော ခွေးရူး ပါးစပ်ထဲကို သူ့ရဲ့ ဘယ်ဘက် လက်ဖျံကို ထိုးထည့်လိုက်သည်။ ခွေးရူးကလည်း ထိုလက်ဖျံကို မိမိရရ ခဲမိသည်။ ခုန်ဝင်လာသော အရှိန် ၊ ရှောင်ရန် ပြင်ဆင်နေသောကြောင့် ပျက်နေသော ဟန်ချက်ကြောင့် သူ ခွေးရူးနဲ့ အတူ လဲကျသွားသည်။

         သူနဲ့ ခွေးရူး ၊ ခွေးရူး နဲ့ သူ ဘယ်သူက ဘယ်သူ ဆိုတာ မသဲကွဲတော့အောင် လုံးနေ၏။ ခွေးရူးရဲ့ မှိန်းထိထားသောကြောင့် ကျားနာခဲ ခဲကာ ကိုက်ခဲသံတွေကလည်း ဘေးနားကို ပျံ့လွင့်နေ၏။ သူကလည်း လွတ်နေသော လက်တစ်ဘက်ဖြင့် ခွေးရူး၏ လည်မျိုကို ညှစ်၏။ သို့သော် သူ၏ လက်တွေက သောက်ရေခွက် လက်ကိုင်ကိုင်းကိုတောင်မှ မိမိရရ မကိုင်တွယ်နိုင်တော့သော လက်တွေ ဖြစ်၏။ ဒါကြောင့် ခွေးရူးရဲ့ လည်မျိုကို ညှစ်မိရမည့် အစား လည်မျိုကို တွန်းမိသွားသည်။

        သူ့ရဲ့ လက်တစ်ဘက်ကို ခဲထားသော ခွေးရူး ပါးစပ်အဟမှာ တွန်းလိုက်သလို ဖြစ်ကာ ခွေးရူးက သူ့ကိုယ်ပေါ်မှ ခဏခွာသွားကာ အနည်းငယ် အဝေးက လွင့်သွား၏။ သူ့ကိုယ်ပေါ်မှာနဲ့ လက်မှာ ခွေးရူးရဲ့ ကိုက်ခဲ ခံထားရမှုတွေက ဗလပွ ၊ လမ်းမပေါ်မှာ လူသူ အနည်းငယ်သာ ရှိသည်။ ခွေးရူး ဆိုကတည်းက အိမ်တံခါးကို လုံခြုံစွာ ပိတ်၍ ပြတင်းပေါက်မှသာ ကြည့်နေကြသည်။ နောက်က တုတ် ၊ ဓါး ၊ မှိန်း ဆွဲကာ လိုက်လာသော လူတွေကလည်း ဘယ်သူမှတော့ ခွေးရူးနဲ့ ထိပ်တိုက် မဆုံချင်ကြချေ။

        သူ့ကိုယ်ပေါ်မှ ခွာသွားသော ခွေးရူးက ဟိုဟိုဒီဒီကြည့်ရင်း ထွက်ပေါက်ကို ကြည့်လိုက်တော့ ခွေးရူးက သူနဲ့ မုန့်ဟင်းခါးဆိုင်လေး ကြားထဲမှာ ရောက်နေ၏။ ဟိုဘက်ကို လှည့်ပြေးမလား ၊ သူနဲ့ ခွေးရူးလိုက်သူတွေ ဘက်ကို ပြေးမလား ဆိုသော သဘောမျိုး။ ခဏငြိမ်ကာ သွားရည် တမြားမြားနှင့် ခွေးရူးက သူ့ကို တစ်ချက်ကြည့်ကာ နောက်ကို လှည့်ပြေးဖို့ ပြင်၏။ ထိုနေရာကား သူ့အဖေ ၊ အမေ နဲ့ သူ့မိဘတွေ အားကိုးနေရသော လူငယ်လေး ရှိနေရာ မုန့်ဟင်းခါးဆိုင် သို့ . . .။

         လက်တကမ်း အကွာမှ ခွေးရူးက သူနဲ့ ခွေးရူးနောက်လိုက်သော လူတွေဘက်ကို မလာတော့ဘဲ သူ့မိဘတွေရှိရာ မုန့်ဟင်းခါး ဆိုင်ထဲကို ပြေးဝင်ဖို့ ဟန်ပြင်လိုက်တယ် ဆိုရင်ပဲ သူ ခုနက ခွေးရုး သူ့အပေါ် ခုန်အုပ်သလိုမျိုး ၊ ခွေးရူးပေါ်သို့ သူ ခုန်အုပ်လိုက် လေတော့သည်။ သို့သော် ခွေးတစ်ကောင်ရဲ့ ပြေးအားကြောင့် ခွေးရူးပေါ်ကို သူ မမှီလိုက်။ မှီရာ မိရာကို ဆွဲလိုက်တော့ ခွေးရူးရဲ့ ခြေထောက် တစ်ဘက်ကို ဆွဲလိုက်မိ၏။ ပြေးဖို့ တာဆူနေသော ခွေးရူးကလည်း သူ့ခြေထောက်ကို လာဆွဲ ခံရသောကြောင့် နောက်ပြန်လှည့်ကာ မိရာကို ကိုက်လေတော့သည်။

        ခွေးရူး ကျားနာခဲ ခဲကာ ကိုက်သော နေရာမှာ သူ့ရဲ့လည်မျိုသို့ ဖြစ်၏။ လည်မျိုကို ဘေးတစောင်း အနေအထားဖြင့် အကိုက်ခံနေရသည်။ သူကလည်း လွတ်လွတ်ကျွတ်ကျွတ် ဖြစ်အောင် မိထားသော ခြေထောက်ကို လွှတ်ကာ လက်နှစ်ဘက်လုံးဖြင့် ခွေးရူးကို လည်ပင်းကို ညှစ်သည်။ ခွေးရူးကလည်း ရုန်းရင်း ကန်ရင်းဖြင့် သူ့ လည်မျိုကို ပို၍ ခဲထားသည်။ နောက်ဆုံး သူ့ရဲ့ မသန်လှတော့သော လက်က ခွေးရူးရဲ့ ကျောကုန်းမှာ ထိုးမိနေသော အရိုးကျွတ် မှိန်းသွားကို သွားစမ်းမိသည်။ မှိန်းသွားကို ဆွဲနုတ်ကာ ခွေးရူးရဲ့ လည်ပင်းကို ဖက်၍ ဝမ်းဗိုက်ထဲသို့ ဆက်ကာ ဆက်ကာ ထိုးသွင်းလေတော့သည်။ ခွေးရူးကလည်း သူ့ရဲ့လည်မျိုကို ကိုက်ထားရာမှ မလွတ်။ သူကလည်း ဆက်တိုက် ထိုးနေခဲ့သည်။

         နောက်ဆုံးတော့ တဂိန်ဂိန် အော်မြည်လျက် ခွေးရူး သူ့လည်မျိုကို ကိုက်ထားရာမှ လွှတ်ကာ ငြိမ်သက်သွား လေတော့သည်။ ဒီတော့ ခွေးရူးနောက်ကို လိုက်လာသော လူတွေကလည်း ချက်ချင်း အနားကို ရောက်လာကာ ခွေးရူးကို ပို၍ သေချာစေရန် မှိန်းများဖြင့် ဝိုင်းထိုးကြ၏။ သူ့ တကိုယ်လုံးမှာတော့ ခွေးရူးရဲ့ သွေးများနှင့် သူ့ရဲ့ သွေးများက မြင်မကောင်းအောင် ပေပွနေ၏။ ထို့ပြင် ခွေးရူးကိုက်သော ဒဏ်ရာ လည်မျိုမှ သွေးတွေကလည်း အဆက်မပြတ် ကျလျက်။ သို့သော် သူ့အနားကို ဘယ်သူမှ ကပ်မလာရဲ။ ခွေးရူးရဲ့ သွားရည်မှ တဆင့် ခွေးရူးပျံရောဂါ ကူးစက်နိုင် မဟုတ်ပါလား။ အခုဆို သူ့မှာ သေချာနေပေပြီ။

         “ ဖြစ်ရလေ ငါ့တူရယ် ”

         ဟု ဆိုကာ သူ့အနားကို သားမှန်း မသိသော သူ့အမေ တိုးကပ်လာ၏။

         “ မလာနဲ့ ၊ ကျွန်တော့်နားကို မလာကြနဲ့။ ဒီအဒေါ်ကို တားထားလိုက်ကြပါဗျာ။ ကျွန်တော့်ဆီက ခွေးရူးပိုးတွေ ကူးသွားနိုင်တယ်။ သူ့ကို တားထားကြပါ။ ”

         အော်နေရင်း ၊ ဟစ်နေရင်းနဲ့ သူ သွေးထွက်လွန်ကာ တရွတ်ဆွဲနေသော ခြေထောက်နှင့်ပင် မထောက်နိုင်တော့ဘဲ ခွေကျသွားကာ သတိလစ် သွားလေတော့သည်။ သူ့လည်ချောင်းမှ ခွေးရူး ကိုက်ခံရသော ဒဏ်ရာက အတော်ပင်ကြီးကာ သွေးများက ဒလဟော ထွက်ကျနေသည် မဟုတ်လား။ လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ် ၊ လူနာတင်ယာဉ် ရောက်လာတော့ သူ့ကို လုံခြုံသော ပလတ်စတစ်ဖြင့် ပတ်ကာ ခေါ်ဆောင် သွားလေတော့သည်။ ဒါပေမဲ့ ဆေးရုံ မရောက်ခင် လမ်းမှာပင် သေဆုံးသွား ခဲ့လေတော့သည်။



          တစ်ခါက . . .

         ခွေးရူးကိုက်လို့ အချိန်အတော်ကြာမှ သေဆုံးခြင်း မဟုတ်ဘဲ ၊ ခွေးရုးနဲ့ နပန်းလုံးကာ ခွေးရူုးကို သေအောင် သတ်ပြီး သူပါ အသတ် အသေခံသွားသော လူတစ်ယောက် ထိုရပ်ကွက်လေး တစ်ခုမှာ ရှိနေခဲ့ဖူးတယ် ဆိုတာကို ကြုံခဲ့သူတွေ ၊ မျက်စိဖြင့် မြင်ခဲ့သူများက ထပ်ဆင့်ပြောပြကြသည်။ သို့သော် တခြားလူတွေ ခွေးရူး ဆိုရင် လွတ်ရာ ကျွတ်ရာကို ထွက်ပြေးသွားကြပေမဲ့ ဘာလို့ ဒီလူကတော့ မုန့်ဟင်းခါးဆိုင်က အဘိုးအဘွားနဲ့ မွေးစားသားလေး အတွက် အသက်သေတဲ့ အထိ အသေခံရင်း ခွေးရူးကို တိုက်ခိုက်သွားတယ် ဆိုတာ နားမလည်ကြဘူး။

          နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ မုန့်ဟင်းခါးဆိုင် နားမှာ ဖြစ်ခဲ့တဲ့ ခွေးရူး တိုက်ပွဲ  အကြောင်းကို ကြုံတိုင်း တသသ ပြောလေ့ ရှိကြ၏။ ထိုအထဲတွင် သူတို့ရဲ့ ရန်ကို ကာကွယ်ရင်း အသက်ပေးသွားသူ ဆိုကာ တအံ့တသြ ပြောဆိုနေသော မုန့်ဟင်းခါး ရောင်းသော အဘိုး အဘွားနဲ့ သူတို့ရဲ့ မွေးစားသားလေးလည်း ပါဝင်ပါသည်။

           သို့သော်. . . . .



          သို့သော် . . .

         သူတို့ ရပ်ကွက်ထဲတွင် ခွေးရူးကို ဘာလို့ အသက် အသေခံကာ တိုက်ခိုက်သွားတယ် ဆိုတာကို မအံ့သြသော လူတစ်ယောက် ရှိနေခဲ့ပါသည်။ ထိုသူသည် ခွေးရူး အကိုက်ခံရလို့ လည်မျိုမှ သွေးတွေ ထွက်ကာ ဒဏ်ရာရနေသော အမည်မသိ လူကို ဆေးရုံကားဖြင့် ခေါ်ဆောင်သွားသော အခါမှာ လိုက်ပါသွားခဲ့သော ရပ်ကွက်ထဲမှာ လူတစ်ယောက် ဖြစ်၏။

          ဆေးရုံကို မရောက်ခင်မှာပင် အသက် ဆုံးရှုံးသွားသော ထိုလူ့အတွက် တာဝန်ယူသင့်သည်များကို ယူရန် ဆောင်ရွက်နေစဉ် ခွေးရူး ကိုက်ခံရကာ သေဆုံးသွားခဲ့သော ထိုလူ၏ အင်္ကျီ ရင်ဘတ်စ ဟနေရာမှ ထိုသူ ရေးထိုးထားသော ဆေးမင်ကြောင်များကို တွေ့လိုက်ရ၏။ ထိုဆေးမင်ကြောင်မှာ အသည်းပုံ နှစ်ထပ်ထဲတွင် “ မိဘမေတ္တာ ” ဆိုသော စကားလုံးကို ရေးထွင်းထားပြီး ထိုစာသားရဲ့ အောက်မှာ ထိုသူ့နာမည်ကို ရေးထိုးထားပါသည်။

        ဒီပုံ ၊ ဒီစာကို တွေ့လိုက်ကတည်းက ခွေးရူးကိုက်ကာ သေဆုံးသွားသူမှာ မုန့်ဟင်းခါး ရောင်းသော အဘိုး ၊ အဘွားတွေရဲ့ ပျောက်ဆုံးကာ ထောင်ထဲမှာ သေဆုံးသွားပြီ ဟု သတင်းထွက်နေသော သား ဆိုတာကို သိလိုက်ရ၏။ အဘယ့်ကြောင့် ဆိုသော် ခွေးရူးကိုက်ကာ သေဆုံးသွားသော သူနဲ့ သူဟာ တစ်နေ့တည်း ၊ တစ်ချိန်တည်း ၊ ပွဲခင်း တစ်ခုတည်းမှာ ပုံစံတူ နာမည်သာ ကွဲသော ဆေးမင်ကြောင်ကို ရေးထိုးခဲ့သော ငယ်သူငယ်ချင်း အရင်းကြီး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

      သူ့ရဲ့ ရင်ဘတ်မှာလည်း အသည်းပုံ နှစ်ထပ်ထဲတွင် “ မိဘမေတ္တာ ” ဆိုသော စကားလုံးကို ရေးထွင်းထားပြီး ထိုစာသားရဲ့ အောက်တွင် သူ့နာမည်ကို ရေးထားသော ဆေးမင်ကြောင် တစ်ခု သူ့ရဲ့ ရင်ဘတ်မှာလည်း ရှိနေခဲ့ပါသည်။ သို့သော် ထို အဖြစ်အပျက်များကို သူ ဘယ်သူ့ကိုမှ ပြန်မပြောပြဖြစ်ခဲ့ပါ။

         နှစ်ပေါင်းများစွာ ဆိုးသွမ်း ပေတေ နေခဲ့သော လူဆိုးလူမိုက် တစ်ယောက်ရဲ့ “ အပြန်လမ်း ” ဟာ မလှပခဲ့ပါ။ သို့သော် အဓိပ္ပါယ်တော့ မမဲ့ခဲ့ပေ။

          ဒါပေမဲ့  . . . . .  အရာရာက ပြီးဆုံးသွားချေပြီ။




      မှတ်ချက်။    ။ ငယ်ငယ်က ကြားဖူးသော အဖြစ်အပျက်လေး တစ်ခုကို ပြန်လည် ခံစားကာ ရေးသားထားခြင်း ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်
28.1.2011



Share/Bookmark

31 ယောက် ရဲ့ ထင်မြင်ချက်:

rose said...

ကိုဇော်... ၀တ္ထုလေး လာဖတ်သွားပါတယ်။ ဖခင်အိုကြီးကို ရိုက်နှက်မိပြီး မိဘကို ဒုက္ခပေးတဲ့ သားဆိုးရဲ့ ဘ၀ နိဂုံးက မလှမပ ဖြစ်သွားရှာတယ်နော်။ နောင်တရတဲ့ အချိန်မှာတော့ အဲ့ဒီ ထောင်ထွက်ကြီးကို သနားမိသား။ ကိုဇော်က အရေးအသား သိပ်ကောင်းတာပဲ။ ဒီ ၀တ္ထုကို ဖတ်ဖူးသလိုပဲ။

ကိုဇော် said...

rose က ဘယ်ကနေ ဖတ်ဖူးတာလဲတော့ မသိပါဘူး။ ကျနော်ကတော့ ဘယ်စာအုပ်ကမှ မှီငြမ်းထားတာတောင်မှ မဟုတ်ပါဘူး။ အိမ်နားက လူကြီးတစ်ယောက် ပြောပြတဲ့ အဖြစ်အပျက်ပါ။ တကယ့်ဖြစ်ခဲ့တာလို့ ဆိုတာပဲ။ ဇာတ်လမ်း အစအဆုံးကတော့ ကိုယ့်ဖာသာပဲ ဇာတ်အိမ် ချရေးတာပါ။ သူနဲ့ ပတ်သတ်နေတဲ့ လူတွေကိုလည်း မနစ်နာစေချင်လို့ ရေးထားတာ ကြာနေပြီး မတင်ဖြစ်တဲ့ ပို့စ်ပေါင်းများစွာ ထဲက တစ်ပုဒ်ပါပဲ။
rose ဖတ်ဖူးတဲ့ ဝတ္ထုကို သတိရရင် ပြောပြပါဦး ၊ ရှာဖတ်ကြည့်ရအောင်ပါ။

noblemoe said...

စာဖတ်ပြီးရင်ထဲမကောင်းလိုက်တာ
ဖြစ်ရပ်မှန်ဆိုတော့ ပိုတောင်ရင်နာစရာပါပဲ။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

နေ၀သန် said...

အင်း... ဖတ်ရတာ မချိလိုက်တာ.....

သဒ္ဓါလှိုင်း said...

မိဘကိုစိတ်ဆင်းရဲအောင် လုပ်တဲ့သားသမီးတွေက
တနည်းနည်းနဲ့ စိတ်ဒုက္ခရောက်ကြရတာပဲနော်.။
ဒါပေမယ့်လည်း ဖတ်ပြီး စိတ်မကောင်းဘူး။
ကြီးမှရမယ့်နောင်တတွေအတွက် ငယ်ရွယ်တဲ့ အချိန်မှာ ဆိုးခဲ့လို့ ဖြစ်လာရတဲ့ အကျိုးပဲလေ။
ခင်မင်တဲ့
သဒ္ဓါ

ခနွဲ said...

ဖတ်ရတာတော့ စိတ်မကောင်းစရာပဲဗျာ။ တကယ်ကောင်းတယ်ဗျာ။ ဖြစ်ရပ်မှန် ဆိုတော့ ပိုပြီး ရင်ထဲထိသပေါ့။

JUSTICE999BURMA said...

စိတ်မခိုင်လှဘူးကွယ်... ငိုချင်တယ်... ပြန်ချင်လှတဲ့ မိဘရှေ့ရောက်မှ မပြန်လမ်းကိုမြန်းရတယ်လို့ ... ဖတ်လက်စအချိန်တုန်ကတော့ ခွေးရှုးကိုရင် ဆေးရှိပေမယ့်လို့  .... ပြီးခါနီးမှာ လည်မျိုထပ်ခဲ ခံလိုက်တာရတာဆိုတော့ သွေးလွန်ပြီးသေသွားတဲ့ ပုံစံပါပဲ... စိတ်မကောင်းဘူး... ကိုယ့်စိတ်ထဲမှာ ခွေးရှုးကာကွယ်ဆေး ထိုးပေးနေတာ.... ကိုယ့်လူက သွေးလွန်အောင်လုပ်ပစ်သကိုးကွဲ့ ...

သိင်္ဂါကျော် said...

စိတ်မကောင်းစရာပဲ.. နောင်မှရတဲ့ နောင်တက ဘဝကို အသစ်ပြန်မစနိုင်တော့ဘူးပေါ့...

မိုးစက်ပွင့် said...

စာဖတ်ရင်း မျက်ရည်တွေ ၀ဲလာမိတယ်..
ရသရော မက်ဆေ့ခ်ျပါ ပေးနိုင်ခဲ့ပါတယ် ကိုဇော်

တောက်ပကြယ်စင် said...

ဒေ၀ဒတ်က မြတ်စွာဘုရားအပေါ် မိုက်မဲခဲ့တယ်။ မြေမြိုခါနီး နောင်တရချိန်မှာတော့ မြတ်စွာဘုရားကို ရှိခိုးဦးချတောင်းပန်သွားခဲ့တယ်။ မကောင်းကျိုးကို ခံပြီးရင်တော့ ရှိုခိုးတဲ့အကျိုးလည်း ခံစားရလိမ့်မယ်လို့ ဘုရားကမိန့်တော်မူခဲ့တယ်။
ခု ဒီသားမိုက်ကလည်းပဲ မိဘအပေါ်မိုက်မဲခဲ့မိတဲ့ ပစ်ဒဏ်ကို ခံပြီးတဲ့နောက် မိဘကိုကယ်ခဲ့တဲ့အကျိုးလေးတော့ ခံစားရအုံးမှာပါ။

ahphyulay said...
This comment has been removed by the author.
ahphyulay said...

အော်.. ကိုကိုဇော်ရယ်..။
တနင့် တပိုးနဲ့  အရှည်ကြီး ဖတ်လာခဲ့ ပြီးမှ
ကြားဖူးတဲ့  အဖြစ်ကလေးတဲ့ ။
ပြန်ခါနီး သိပ်စက်ရက် တာပဲ..။

ငြိမ်းစိုးဦး said...

နောင်တ ရဲ့ အပြန်လမ်းမှာ အမှန်တရားကို
မြင်နိုင်စွမ်းရှိသွားတာ လင်းနေပါတော့တယ် ...
ငြိမ်းစိုးဦး

kiki said...

ထောင်ထွက် လူမိုက်ကြီး ...ငယ်ငယ်တုံးက ဘယ်လောက် ဆိုးပေတေခဲ့ပေမဲ့ ၊ ဘဝနေဝင်ချိန်ရောက်နေတဲ့ အချိန်မှာ တော့ မိဘမေတ္တာကို အချိန်မှီလေး နားလည်သွားရတယ် ။သူ့ မိဘတွေ နဲ့ ပြန်တွေ့ တာ တောင်မှ သူဘယ်သူလည်းဆိုတာ ပြန် မပြောပြရဲတဲ့ ဘဝ ။ အတော်ဆိုးပါလား ။။ ဒီကြားထဲ ခွေးရူးက တမှောင့်နော် ။ တကဲ့  အဖြစ်မှန်းသိရတော့ ပို ပြီး သနားစရာ ကောင်းသွားတယ်. ဇာတ်သိမ်းတော့ မှ မြုပ်ကွက် ဖေါ်တော့ မလား ဆိုပြီး ..ဟင်းးး သက်ပြင်းချ သွားတယ် ။

ကိုဇော် .. မြန်မာပြည် ပြန်ရောက်ရင် ကိုယ်ပိုင် ကုမ္ပဏီထောင်၊ ကိုယ်တိုင် ဇာတ်ညွှန်းရေး ၊ ကိုယ်တိုင်ဒါရိုက်တာလုပ် ၊ ကိုယ်တိုင် မင်းသားလုပ်၊ ကိုယ်တိုင် သီချင်းဆို ပေါ့( ဇော် ဇော် တောင်ပံ ခတ်သံ ဆို ပြီးလေ .... ၂၀၁၁ အတွက် ဘက်စုံ အကယ်ဒမီ ဆု ကြီးတွေ ချီးမြှင့်ပေးဖို့  ..ဒီက ဘလောဂါ တွေ အားလုံး ကိုယ်စား ထောက်ခံ ပေးလိုက် မယ် ..း))

သံလွင်ချစ်သူ said...

အားပေးသွားပါတယ်။ ကိုဇော် အရမ်းလေးစားမိပါတယ်။
စာအရေးသားလည်းအရမ်းကောင်းတယ် စာဖတ်သူကို
လည်းဆွဲဆောင်မူ ရှိတယ် ရိုးရိုးရှင်းရှင်းနဲ့  ကွင်းကွင်းကွက်ကွက်မြင်အောင် ပြေားပြနိုင်တဲ့ စာရေသူ
တယောက်ဖြစ်တဲ့အတွက် လေးစားမိပါတယ်.. အမြဲးတမ်းအားပေးနေပါတယ်...။

...........ကျေးဇူးတင်စွာဖြင့်..........

Anonymous said...

ရသ နဲ့ မက်စေ့ခ်ျ ကောင်းကောင်းပေတဲ့ ပိုစ့် လေးတစ်ပုဒ်....အရမ်းကောင်းပါတယ်...ဒါပေမဲ့ သေခါနီးလူ့ချဉ်ဖတ်တွေဖတ်မိဖို့တော့လိုတာပေါ့နော်...

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ရတာ တကယ့်ကို စိတ်မကောင်းပါပဲ ကိုဇော်ရေ။

အဖြူရောင်နတ်သမီး said...

စိတ်မကောင်းစွာဖတ်သွားပါတယ်..။

ဝက်ဆလူး said...

များက စိတ်မခိုင်ပါဘူး ကိုဇော်ရယ် ဖတ်ရင်း ရင်ထဲတောင် နင့်နေတယ်
မကိ မန့်ထားတာ တွေ့တော့လဲ ရယ်သွားပါတယ် မကိ ပြောသလိုလုပ်ပါ ကိုဇော် မင်းသမီး အတွက်မပူနဲ့ ဝက်ဝံလေး တကောင်လုံးရှိတယ် ဟားဟားးးးးးးးး

gu said...

အိမ်ပြန်နေချင်တဲ့ အချိန်မှာ “အပြန်လမ်း” ကို ဖတ်မိတာ.. ရင်ထဲမှာ နင့်နေအောင် ခံစားရပါတယ်..။

ကောင်းကင် said...

"အပြန်လမ်း" တကယ်ခံစားရတယ်ဗျာ......

Anonymous said...

Hey I just wanted to say that I really enjoyed reading your blog. You have good views, Keep up the good informative info :)

မောင်ဘကြိုင် said...

ရှည်လိုက်တာာာ ကိုဇော်ရယ်
ဘယ်လောက်ရှည်ရှည် အဖွင့်လေး အစလေး ကောင်းတော့ ကူးသွားပြီဗျာ
အေးဆေးဖတ် ပညာယူတော့မယ်

Anonymous said...

I am happy to find so many useful information here in the post, we need develop more strategies in this regard, thanks for sharing. . . . . .

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
စာတွေကိုကျော်ဖတ်လို့မရအောင်ကိုအရေးအသားကောင်း
လိုက်တာစိတ်နေတာဘဲ-ခံစားပြီးရင်းခံစားလိုက်တာ
အရာရာကပြီးဆုံးသွားချေပြီဆိုတာတောင်မှရင်ထဲမှာခံစား
မှု့ ကြီးကမပြီးဆုံးချင်သေးဘူးဗျာ-

Anonymous said...

This is a really nice blog you got here. The theme is great! Color combination is awesome.

phyo said...

ကိုဇော်ရေ မျက်ရည်ဝဲစွာ ဖတ်သွားပါတယ်ဟာ... မိဘတွေ အလိုလိုက်သလောက် ဆိုးတဲ့ သားတွေ တကယ်ရှိနေပေမယ့် အဲဒီ့ဆိုးတဲ့သားတွေ ရင်ထဲမှာ မိဘ မေတ္တာ ဆိုတာကိုတော့ တစ်ကယ်နားလည် သိတက်တယ်.. သိရက်နဲ့ ဆိုးနေတာဆိုတာ သူ ဘုရားပွဲမှာ ထိုးထားတဲ့ ဆေးမင်ကြောင်လေးက သက်သေပြနေသလိုဘဲ.. သူ့ရဲ့အပြန်လမ်းမှာ အသက်ကိုရင်းပြီး ကျေးဇူးတုံ့ပြန်ခွင့် အခွင့်အရေးလေး ရလိုက်တာ ၀မ်းနည်းစရာကောင်းပေမယ့် သူ့ရဲ့ နောက်ဆုံးသိတက်မှုအတွက် ဖန်တီးပေးတဲ့ အခွင့်အရေးလေးလို့ မြင်မိတယ်။

တောက်ပကြယ်စင် said...

ကိုဇော်ရေ လမ်းပေါ်မှာ ခွေးတွေတွေ့ရင် "ဟေ့..ခွေးရူးဟ...ပြေးကြဟေ့..ပြေးကြ" ဆိုတာကို သွားသွား သတိရမိတယ်...

Angelhlaing(May everybody be happy and healthy! said...

အပြန်လမ်း အဓိပ္ပါယ်မမဲ့တာ ....ဖတ်ရတာနင့်လို့ပါပဲလား...အကို......

mstint said...

ဒီကနေ့ ဖေ့ဘုတ်မှာ တင်တော့မှ ဖတ်ခွင့်ရတော့တယ် သားဇော်ရေ။ ဘာဖြစ်လို့ ဒီအပုဒ် လွတ်သွားပါလိမ့်လို့ စဉ်းစားလိုက်တော့မှ ၂၀၁၁ခုနှစ် ဇန္နဝါရီလတုန်းက မာမီက ဘလော့ဂါမှမဖြစ်သေးပဲကိုးး)။
ဒီလိုဇာတ်အိမ်လေးထဲကလို မရှိတာထက် မသိတာခက်တဲ့ သားဆိုးသားမိုက်တွေ လောကအလယ်မှာ ဒုနဲ့ဒေးပါ။ ဘဝရဲ့နေဝင်ချိန်မှာ အသိတရားလေး ရှိသွားတော့လည်း ဘဝဝဋ်ကြွေးဆပ်စေအုံးတော့ တစ်ချိန်ချိန်မှာ ကြေသွားမယ်ထင်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Images doesn't load on www.blogger.com admin please fix this
asian makeup
zombie makeup
natural makeup tutorial
eye makeup tutorial

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.