မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 January 2011

17 မနေ့က ပြီးခဲ့တဲ့ အမေနေ့



မနေ့က ပြီးခဲ့တဲ့ အမေနေ့ 

အဲဒီ ဝလုံး ( ဝ ) ပေါ့
ကိုယ့်ဖာသာ အိမ်မှာ ရေးနေတုန်း
သူရဲကောင်း ဖြစ်ခဲ့တယ်။
အဖေ ၊ အမေ ၊ အဖွား
ရဲရဲတောက် ဆွေမျိုးများကြားမှာ
ငါ့သားလေးက တော်လိုက်တာ တဲ့ ၊
ငါ့သား ဝလုံးလေးက လှမှလှ တဲ့
အဲဒီလို ချီးကျူးခဲ့ကြတယ်။

အဲဒီလိုနဲ့ တခဏ
ဒီဝလုံးက ကျောင်းကို ရောက်တော့
လက်ရေး ဂရုစိုက်ပါ တဲ့
ဆရာမက မှတ်ချက်ပေးတယ်။
မခြစ်ချင် ၊ ခြစ်ချင်
ဝတ်ကျေတန်းကျေ ခြစ်ပေးလိုက်တဲ့
ကောက်တိကောက်ကွေး ခပ်တိုတို အမှန်ခြစ်မှာ
ကျွန်တော့် ဝလုံးလေးက
မျက်နှာငယ်လေးနဲ့ မှုန်ပြပြပေါ့။

ဒီစာအုပ်ထဲက ဒီဝလုံးလေးကို
ထွက်မကျအောင် အသာအယာ ဖိပြီး
ကျူရှင် ဆရာမဆီရောက်တော့
ဝလုံးကိုတောင်မှ ဝိုင်းအောင် မရေးနိုင်ဘူးလား တဲ့
မျက်ထောင့်နီ ၊ မေးကြောတင်းပြီး
ကျွန်တော့် လက်ဆစ်ကို ပေတံနဲ့ ဗြင်းတယ်။
ဝလုံးဆိုတာ ကောင်းကင်က လပြည့်လို ဝိုင်းစက်ရတယ်
ရေထဲက တုန်ချိချိနဲ့ ကောက်တိကောက်ကွေး လမင်း မဟုတ်ဘူး တဲ့။
ကျွန်တော့် ဝလုံးလေး ငိုများ နေမလား
ကျွန်တော်လည်း သေချာ မသိဘူး ၊
ကျွန်တော်ကတော့ မငိုဘူး. . .
ဒါပေမဲ့ . . ဝမ်းနည်းတယ်။

အဲဒီလိုပဲ . . .
ကိုယ့်ရပ်ကွက်မှာ ကိုယ်ကြက်ဖ
သူများ ရပ်ကွက်မှာ ကြက်မ
“ အောက် . . အီး . . အီး . . အွတ် ” လို့တောင်မှ
မအော်နိုင်တဲ့ ဘဝ။
“ ဒါ ဘာဖြစ်လဲ ငါ့သား . . ဒါဟာ လောကဓံ ” တဲ့။
အဖေက လက်တစ်ဖက်ဆွဲ
အမေက နောက်ထပ် လက်တစ်ဖက်ကို ဆွဲ
ကျွန်တော့်က တွဲလဲ
ဒီလိုနဲ့ ကျွန်တော် မိုးပေါ် မပျံနိုင်ပေမဲ့
အောက်ခြေတော့ ခဏတာ . . .
( ထပ်ပြောပါရစေ ) ခဏတာ လွတ်ခဲ့တယ်။
ဒါဟာ မိဘဆီက ရတဲ့ အားတဲ့လား။
ဒါဟာ မိဘရဲ့ ပေးဆပ်မှုတဲ့လား။
ဒါဟာ မိဘရဲ့ . . . . . . ။

ဝလုံးလေး တစ်လုံးတောင်မှ
ဘဝ မပြောင်းဘဲ နေရာပြောင်းတိုင်း
တွေ့ ၊ ထိ ၊ သိ ၊ မြင် ၊ ကြား ၊ နာ ၊ ခံစား သူတို့ကြောင့်
ပုံသဏ္ဍာန် ပြောင်းလဲနိုင်တယ် မဟုတ်လား။
အမှန်ကတော့ . . . .
ကျွန်တော် ရေးလည်း ဒီ ဝလုံးပဲ ၊
နပိုလီယံ ရေးလည်း ဒီ ဝလုံးပဲ ၊
ဟစ်တလာ ရေးလည်း ဒီ ဝလုံးပဲ ၊
ကလင်တန် ရေးလည်း ဒီ ဝလုံးပဲ ၊
ဘီလ်ဂိတ် ရေးလည်း ဒီ ဝလုံးပဲ ၊
စတိဂျော့ခ်ျ ရေးလည်း ဒီ ဝလုံးပဲ ၊
အိုဗားမား ရေးလည်း ဒီ ဝလုံးပဲ ၊
အားလုံးဟာ ဝလုံးတော့ ဝလုံးပဲ မဟုတ်လား ဟင်။

အောက်ခြေက အစဆွဲလို့
အထက်ကို ပင့်တင် ဝှိုက်သွင်းပြီး
အောက်အစနဲ့ ပြန်ဆက်လိုက်တာကို
ဝလုံး လို့ တိတိကျကျကို ပြဌာန်းထားတယ် မဟုတ်လား။
အိုဗားမားကို ဝလုံး ရေးခိုင်းလို့ နည်းစနစ် မကျလို့
လက်ထိပ်ခေါက်မဲ့ လူ မရှိဘူး ၊
အမေရိကန်ကြီးက မြန်မာ ဝလုံးကို ရေးသွားနိုင်တယ် ဆိုပြီး
လက်ခုပ် လက်ဝါးတွေတောင်မှ တဖြောင်းဖြောင်းနဲ့
ညံညံစီ နေဦးမှာပါပဲ။
သူ့ ဝလုံးလေး တစ်လုံး
အစ နဲ့ အဆုံး
အလုံး နဲ့ အသွယ်
အရစ် နဲ့ အကောက်
အမို့ နဲ့ အမောက် မှာ
ဘယ်သူကများ ပြစ်တင် ဝေဖန်မှု မပြုတာ ဘာကြောင့်ပါလဲ။

ဒီမှာဗျ  . . ဒီမှာ . .
စာလုံးလေး တစ်လုံးတောင်မှ ဒီလိုတွေ ပုံပန်းကျမနေတာ
အခု . . .
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်
ကိုယ့်စာထဲကို ပြန်ကြည့်
ကိုယ်အရှေ့ကို ကြည့်
ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ပြန်ကြည့်
ကိုယ့်မျက်စိ တစ်ဆုံးကိုကြည့်
ကိုယ့်နဲ့ ပတ်သတ်သမျှကိုကြည့်
ကိုယ့်ရဲ့ တစ်ကမ္ဘာလုံးကိုကြည့်
မြင်သမျှက မတော်တဆ မှားနေတာလား
မြင်သမျှက တမင်မှားနေတာလား
မြင်သမျှက တမင်ကို မှားအောင် လုပ်ထားတာလား
မြင်သမျှက အမြင် မှားနေတာလား
မြင်သမျှက အမှား မြင်နေတာလား။

အဲဒီလို  . . .
တချို့သော စကားလုံးတွေက အသံထွက်တွေပြောင်း
တချို့သော စကားလုံးတွေက အဓိပ္ပါယ်တွေပြောင်း
တချို့သော စကားလုံးတွေက ဝိညာဉ်တွေပေါင်း
“ တစ် နဲ့ တ ”
“ သိတ် နဲ့ သိပ် ”
“ တယ် နဲ့ တရ် ”
“ အချစ် နဲ့ Aချစ် ”
“ မဟုတ်ဘဲ နဲ့ မဟုတ်ပဲ ”
ဘာတွေများ ဖြစ်ကြတာလဲ လို့
ခပ်တွေးတွေး ၊ ခပ်ကျိတ်ကျိတ် မေးကြည့်တော့
သူတို့လည်း ခပ်တိုးတိုး ဖြေတယ် . . . မသိကြဘူး တဲ့။
ငါတို့လည်း မသိကြဘူး။
လူညီတယ် ဆိုပြီး “ ဤ ” ကို “ ကျွဲ ” လုပ်လိုက်ကြတာတဲ့။
ဒါဆို ကျွန်တော် ဒီကျွဲကို စီးမယ် ဆိုတော့
ကျွန်တော့်ကို အရိုင်းအစိုင်းလို ကြည့်ကြပြန်ရော။

အဲဒါနဲ့ပဲ  . . .
အသာလေး ခေါင်းငုံ့ ခပ်ကုတ်ကုတ်လေးကပဲ ထွက်လာခဲ့ပါတယ်။
တစ်ခုတော့ ရှိတယ်  . . . .
ကျွန်တော် “ ကုတ် ” တာက တဝမ်းပူ နဲ့ ဆိုတော့
ခေါင်းကို ကုတ်တာပါ ၊
ပစောက် နဲ့ မဟုတ်တဲ့ အတွက်
ဒီလို “ ကုပ် ” ခဲ့ခြင်း မဟုတ်။
ဒါပေမဲ့  . . .
အဲဒီညကလည်း လမင်းကြီးသာခဲ့ပြီး
နောက်နေ့ကျတော့လည်း မိုးက လင်းခဲ့ပြန်ပါသေးတယ်။

အဲဒီလိုနဲ့ . . . .
နံနက် မိုးလင်းတော့ နေမင်းကြီး ထွက်လာတယ်။
ကျွန်တော်က မင်္ဂလာ နံနက်ခင်းပါ လို့ နှုတ်ဆက်ချိန်မှာ
တစ်ယောက်က Good Morning တဲ့။
ဒီတော့ ကျွန်တော်နဲ့ သူ လက်ဆွဲ နှုတ်ဆက် လိုက်ကြတယ်။
ဒါဟာ နေ့သစ် တစ်ခုကို ကြိုဆို လိုက်ကြတာပဲ မဟုတ်လား။
တကယ်တော့ စည်းချက် ဆိုတာ . . .
ရင်ဘတ် တူညီနေမှ မဟုတ်ပါဘူး
ရင်ခုန်သံ တူညီနေရင်လည်း ဖြစ်တာပါပဲ။
“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ” လို့ ဆိုတယ်။
ဟေ့ . . ဒီမှာ . . . .
ကျွန်တော့် ရင်ထဲက အသံကို ခင်ဗျား ကြားရဲ့လား။

အဲဒီနေ့ကမှ . . .
ဇရက်တွေက ညွှန့်ပေါင်း အစိုးရ ဖွဲ့လိုက်ကြတယ်။
အများက မျှော်လင့်ထားကြတဲ့ အတိုင်း
အုပ်အုပ်ကျွတ်ကျွတ်ပါပဲ။
နဂိုကတည်းက ရှိပြီးသားတွေ ဆိုတော့လည်း
နငယ်က ကိုင်းထွက်စရာ မလိုတော့ဘူးပေါ့။
သူတို့က ရွှေဖလားလေ . . .
ဒီတော့ ငွေအနားကွပ် စရာ မလိုတော့ဘူး တဲ့။
ဘဝဟာ ခြောက်တီးခြောက်ချက်နဲ့
အရည်ပျော်သွားတယ်။
ဇရက်တွေကတော့  . . .
သူတို့ဖာသာ ပြောလို့ ၊ ဆိုလို့ ၊ ငြင်းလို့ ၊ ခုန်လို့ ကောင်းတုန်း။
မိုးသံလေးတွေတောင်မှ တဖြောက်ဖြောက်နဲ့ ဆိုပဲ။

အဲဒီကဗျာက . . .
အဲဒီနေရာမှာ . . .
အဲဒီ စကားလုံးလေး တစ်လုံး မှားသွားတာနဲ့
အဲဒီ အသံတွေ အကုန်လုံး ပျက်ဆီးပြီး
အဲဒီ အသံတွေ  “ အ ” ကုန်တာ အမေရဲ့
အဲဒါကြောင့်ပဲ ဒီကဗျာလေးက “ ဝစီပိတ် ” သွားရတာ။
ကျွန်တော်က အမောတကော ရှင်းပြတော့
အမေက ပြုံးပြီး နားထောင်တယ်။
ပြီးတော့ အဖေ့ဆီကို ကဗျာလေးကို ကမ်းပေးလိုက်တော့
အဖေက လှလှပပ အထက်ကလို အဓိပ္ပါယ် ဖွင့်ပေးတယ်။
“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ” တဲ့
ဟာ ခနဲပါပဲ . . .
ကျွန်တော့် ရင်ထဲမှာ အသံတွေ
အုန်းအုန်းကျွက်ကျွက် မြည်လာတယ်။

အဲဒီက စတာပေါ့တဲ့။
လေးလုံးစပ်မှာလား ၊ ပျို့မှာလား
ဒွေးချိုးလား ၊ ရတုလား
လေးချိုးလား ၊ တျာချင်းလား
အလင်္ကာလား ၊ ဘာသာဗေဒလား
မော်ဒန်လား ၊ အသံမဲ့လား
ပို့စ်မော်ဒန်လား ၊ ဒီဒီဒါဒါလား
သားချော့ ကဗျာလား ၊ မယားချော့ ကဗျာလား
ဘာလား . . . ဘာလား . . . ဘာလား . . .
အဲဒါနဲ့ပဲ နောက်နေ့ကျပြန်တော့လည်း မိုးချုပ်ပြန်တာပါပဲ။
သေချာတယ် အသက် တစ်ရက်ကြီး သွားပြန်ပြီ။
အဆုံးကို ကျွန်တော် မသိသေးဘူး။

အဲဒီလို စကားလုံးလေး တစ်လုံး မှားသွားတာနဲ့
ကဗျာဟာ ဝစီပိတ်ပြီး အတိတ်ထဲမှာပဲ ကျန်နေခဲ့တယ် ဆိုလား ၊
ကဗျာဟာ ကြိုးပြတ်ပြီး ထော့ကျိုးနဲ့ ကနေရတယ် ဆိုလား ၊
ကဗျာဟာ မီးစာကုန် ၊ ဆီခန်း သက်တမ်းကုန်တယ် ဆိုလား ၊
အဲဒီလို သတ်မှတ်ချက်တွေ ကြားမှာ
ကဗျာ တစ်ပုဒ်က အသက်က အတော်ကို ခံဖို့ မလွယ်ပါလား။
ဒါပေမဲ့ ကဗျာက အသက်လေး မျှဉ်းမျှဉ်း ရှူရင်း
အလံဖြူ တစ်လက် ကျောမှာ တပ်ပြီး
တရွေ့ရွေ့ပြေးတယ်။
လိုရာခရီးကို ရောက်တော့ ရောက်မှာပါ။
ဒါပေမဲ့. . . ကြာတော့ ကြာဦးမယ်။

အဲဒီ တစ်လုံးလေး မှားတာနဲ့
ကဗျာက လုံးပြီး ခြင်းထဲ ရောက်သွားတယ် ဆိုရင်
မှားမဲ့မှား များများသာ မှားပစ်လိုက်စမ်းပါ သားရာ တဲ့။
အမှားများလေ အမှန်နဲ့ နီးလေပဲ တဲ့။
- - - - - -
ရုတ်တရက် ကျွန်တော် အ သွားတယ်။
အမှားများတာနဲ့ အမှန် နဲ့ နီးတာ ဆိုင်လို့လား လို့
ကျွန်တော်လေ . . . . ကျွန်တော့် ကဗျာလေး အတိုင်း အ သွားတယ် ၊
ကျွန်တော် တကယ်ကို ဝစီပိတ်သွားတယ်။
- - - - - -
အဖေက ဆက်ပြောတယ် ၊
“ ကိုယ်တိုင်ကတော့ အမှားကို သင်ခန်းစာ ယူတတ်ဖို့ လိုတာပေါ့ ” တဲ့
ကျွန်တော် ဆီမီးခွက် မဟုတ်တော့
ဟုပ်ခနဲတော့ ထမတောက်ပါ ၊
ကျွန်တော့် နားခွက်ကလည်း ဆီမီး မရှိ
နဂိုကကို နကိုင်းထွက်ပြီး ၊ မီးစာကုန် ဆီက မွေးရာပါ ခန်းနေတယ်။
ပါးစပ်က ????? တွေ အတော်များများ ထုတ်သုံးပြီးတော့မှ
အဖေက ရှင်းပြတယ်။
အမှားဆိုတာ မှားနိုင်ခွင့် ၁၀၀ ပဲ ရှိတယ် ဆိုပါတော့
တစ်ခုတည်းကို ထပ်ခါထပ်ခါ မှားနေတာထက်စာရင်
အမှား တစ်ခုကို တစ်ခါမှား တစ်ခါ ပြင်လိုက် ဆိုတာ ပိုမကောင်းဘူးလား။
ဒီလိုဆိုရင် အမှားများများ တွေ့လေ အမှန်နဲ့ နီးလေလေပေါ့ တဲ့။
မရည်ရွယ် တဲ့ အတွက်  . . . .
ဘယ်သူမှတော့ “ မင်း ” ဖြစ်မလာခဲ့ပါ။
“ စော်ကဲ ” နဲ့ ကျွန်တော်လည်း မခင်တဲ့ အတွက်
“ ဟင်း ” ခနဲတော့  . .
ကျွန်တော် သက်ပြင်း တစ်ခါ ချလိုက်ပါသေးတယ်။

အဲဒီအချိန်မှာ . . .
ကဗျာ ဆိုတဲ့ အနုပညာက ကျွန်တော့်ရင်ကို ဝင်တိုက်တယ်။
ရင်ကို ထိလား ၊ မထိလား ဆိုတာထက်
ကဗျာ နာသွားလား ၊ မနာဘူးလား ဆိုတာက
ကျွန်တော့် အတွက် ပိုအရေးတကြီး သိချင်နေမိတယ်။
ဘာလို့လဲ ဆိုတော့ . . . .
ကဗျာ ဆိုတာ အနုပညာလေ
အနုပညာ နာမှာတော့ ကျွန်တော် ကြောက်တယ်။
ဇရက်တွေကတော့  . . . .
သူတို့ဖာသာ သူတို့ သီချင်း ညည်းနေကြတယ်။
ဟုတ်ကဲ့ . . . အဲဒီ သီချင်းကို ကျွန်တော် မှတ်မိပါတယ်။
“ အားလုံးက ဆရာကြီးတွေချည်းပဲ ၊ တပည့် ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။
သူကလည်း သေရှာပြီ ” တဲ့။
ဒါက ကျွန်တော် မှတ်မိသမျှ အကုန်ပါပဲ ၊ 
သူတို့ကလည်း ဒါကိုပဲ ထပ်ကာ ထပ်ကာ ရွတ်နေတာပါ။

အဲဒါနဲ့ပဲ . . .
ကျွန်တော့် ကဗျာတွေကို ရပ်ပြီး . . .
စာသားတွေ များများ ချရေးပစ်လိုက်တယ်။
ဗုံးပေါလအောပါပဲ. . . .
အစီအစဉ် ကျနေခြင်း မရှိသလို
ဘာတွေက ဘာတွေကို ဖြစ်ပျက် ရှု့နေလဲလည်း မသိဘူး။
ထွက်သက် ဝင်သက်ကို ထမင်းရည်ပူစည်းလို သဘောထားပြီး
အသက်အောင့်ပြီး ကျော်လိုက်တယ်။
ဒီတော့ Microsoft Word က
ကျွန်တော့် ရေးသမျှကို အောက်က အနီကြောင်းနဲ့ တားတယ်။
မှားတယ် . . . မှားတယ် . . . မှားတယ် . . .
ဟိုဟာလည်း မှားတယ် ၊ ဒီဟာလည်း မှားတယ်
အားလုံးမှားတယ်ကွာ တဲ့။
အဲဒီမှာ ကျွန်တော် ထပ် “ အ ” သွားရပြန်တယ် ၊
ဝစီပိတ်ပါပဲ ၊
ခဏ ခဏ ဝစီပိတ်ရလွန်းတော့လည်း
“ လူအ အိပ်မက် ”  ဖြစ်ရပြန်ပါတယ်။
တိတ်တဆိတ်လည်း ကြေကွဲမိပါရဲ့။

အဲဒီ Word ပေါ်ကို ကာဆာ မချရဲဘူး ၊
စာလုံး တစ်လုံး မချရဲဘူး ၊
အောက်က အမှားများ ဆိုသော မျဉ်းနီက လိုက်ကာ တားနေလို့။
“ တစ်ခါက ” ဆိုလည်း အမှား . . .
“ တခါက ” ဆိုလည်း အမှား . . .
အမှား အမှားချင်း ချေချင်ပေမဲ့ အမှန် ဖြစ်လာပါ့မလား။
ခေါင်းရှုပ်ထွေး နောက်ကျိနေတုန်း
သူငယ်ချင်းက ပြောတော့  . . .
အဲဒါ Format အမှား တဲ့။
ဟိုဟာကို အမှန်ခြစ်ဖြုတ် ၊
ဒီဟာကို အမှန်ခြစ်ဖြုတ်လိုက်တော့
ရေးသမျှဟာ ရင်ထဲက အသံတွေ ဖြစ်လာပြန်ပါရောလား။
ဒါပေမဲ့ . . .
အဲဒီအချိန်ထိလည်း . . . . .
ဇရက်တွေကတော့ သူတို့ သီချင်း သူတို့ ဆိုနေကြတုန်း။

အဲဒီ “ အမှန်တရား ဆိုတာ အမှား တစ်ရံပေါ့ ” ဆိုတဲ့
ဟာသ ဆောင်းပါးလေးထဲကလို
တစ်ခါတလေတော့လည်း
“ အကြံသမား ” ဆိုတာ “ ဖန်သားပြင်ပေါ် ” မှာသာ မြင်ရတာပါလား
လို့ ခပ်ထွားထွား တွေးမိပြန်တယ်။
တကယ့် လူမြင်ကွင်းမှာတော့ . . . .
သူတို့က ဟန်ဆောင် အပြုံးနဲ့ ယဉ်လို့ ၊ လှလို့ ၊ ဝလို့ ၊ ခန့်လို့ပါလား။
ဒီလိုတွေးပြီး ဒီလိုငေးနေချိန်မှာတော့ . . .
ကျွန်တော့် ဝလုံးလေးတွေက လုံးဝိုင်းစ ပြုလာပါပြီ။
အမေရေ . . .  အဖေရေ . . . ဆိုပြီး
အော်ဟစ် တိုင်တည်ကာ ပြောနေရမဲ့ အချိန် မဟုတ်ပေမဲ့
အခုအချိန် အမေ ၊ အဖေ သိရင်လည်း
ကျွန်တော် လေထဲမှာ မပျံဝဲနိုင်ပေမဲ့
အောက်ခြေတော့ ခဏတာ . . .
( ထပ်ပြောပါရစေ ) ခဏတာ လွတ်ဦးမှာပါပဲ။

အဲဒီလိုဆိုရင်  . . .
စိတ်မပါ လက်မပါ ခြစ်ပေးခဲ့တဲ့ . . .
အမှန်ခြစ် တိုတိုလေး ခြစ်ပေးခဲ့တဲ့ ဆရာမကို . . . ၊
လက်ဆစ်ကို ပေတံနဲ့ ဗြင်းခဲ့တဲ့ ကျူရှင်က ဆရာမကို . . . ၊
အရင်ကတည်းက အားပေးခဲ့ကြတဲ့ . . .
အမေ ၊ အဖေ နဲ့ ရဲရဲတောက် အမျိုးတွေကို . . . ၊
ပြီးတော့  . . . ကျွန်တော့်ကိုယ်ကို . . . ၊
ကျွန်တော် အခုတော့ ဝလုံးလေး လှလှ ဝိုင်းဝိုင်းလေး ရေးပြနေနိုင်ခဲ့ပြီ။
ဒါပေမဲ့ . . . .
ဒီအချိန်မှ ဝလုံး ဝိုင်းအောင် ရေးနိုင်လို့
ကျွန်တော့်ကို ဘယ်သူမှ ဆုလာပေးမှာ မဟုတ်သလို
ဘယ်သူ့မှလည်း တဖြောင်းဖြောင်း လက်ခုပ် လာတီးမှာ မဟုတ်ဘူး။
အဲဒီအချိန် အပိုင်းအခြားက ကျော်လွန်ခဲ့ပြီ မဟုတ်လား။

အဲဒါပါပဲ . . . .
အဖေ နဲ့ အမေရာ။
ကျွန်တော် အခု ဝလုံး လှလှလေး ရေးတတ်နေပြီလို့ . . .
ကျွန်တော် မပြောတော့ပါဘူး။
ဒီလိုပဲ . . .
အမေများ နေ့တိုင်း ၊ အဖေများ နေ့တိုင်း
ကျွန်တော် အမေ့ကို သတိရတယ် ၊ အဖေ့ကို လွမ်းတယ် လို့ . . .
ရေးမနေတော့ပါဘူး။
ဒါတွေက ကျော်လွန်ခဲ့ပြီလေ။
မိဘကို သတိရနေတဲ့ သားသမီးတိုင်း အတွက် နေ့တိုင်းနေ့တိုင်းက
အဖေများနေ့ ၊ အမေများနေ့ပဲ မဟုတ်လား။
ဒါကြောင့် မနေ့က အမေများနေ့မှာ . . .
ကျွန်တော် ဘာမှ မရေးတော့ဘူး အဖေ နဲ့ အမေ။
ကျွန်တော် ရေးချင်တဲ့ အချိန်မှ ရေးမယ်။
ကျွန်တော့် ရင်ထဲမှာ အသံတွေ မြည်နေတယ်
အဖေ နဲ့ အမေ ကြားရဲ့ မဟုတ်လား။
ဒါဆို “ ကဗျာ ” ပါပဲလေ။

အဲဒီ ပတ်ဝန်းကျင်မှာ
ခပ်ထက်ထက် သွေးထားတဲ့ ဓါးတွေ ရှိတယ်။
ကျည်ကာ အင်္ကျီဝတ်သွားလည်း အပိုပဲ
သူတို့က နောက်ကျောကနေ ဇတ်ပိုးကို ထိုးမှာ
ကျည်ကာအင်္ကျီမှာ ကော်လံ မပါဘူး တဲ့
သတိပေးသံကို ကြားလိုက်ရတယ်။
ဒါဆိုလည်း ကိုယ်ဗလာပဲ ကောင်းပါတယ်လေ
မကာလို့ မထူးမဲ့ အတူတူ
ကျည်ကာ အင်္ကျီက လေးပါတယ်။

အဲဒီအချိန်မှာ
ဇရက်တွေကတော့ . . .
အချိန်ကိုက် သူတို့ရဲ့ သီချင်းကို
အသံကျယ်ကျယ် တစ်မျိုး . . .
အသံတိုးတိုး တစ်မျိုးနဲ့ . . .
ညည်းနေကြလေရဲ့ ၊
ဘာတဲ့ . . .
“ အားလုံးက ဆရာကြီးတွေချည်းပဲ ၊ တပည့် ဆိုလို့ တစ်ယောက်ပဲ ရှိတယ်။
သူကလည်း သေရှာပြီ ” တဲ့။

လေးစားစွာဖြင့်
ကိုဇော်
20.1.2011



မှတ်ချက်။   ။ ကိုယ့်စာတွေ ကိုယ်ဖတ်ပြီး အမှားတွေ များလွန်းလို့ ၊ ပြီးတော့ Facebook မှာ လိုက်ပြီး ဖတ်မိပြီး မနေနိုင် မထိုင်နိုင် ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ အမှားများ အတွက် ရည်ရွယ်တာပါ။ 

လေးစားစွာဖြင့်
ကိုဇော်
20.1.2011

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

အရင်ဆုံး ဒါလေးကို ဖတ်ပြီး ပြုံးမိတယ်.... စာရဲ့သဘောကိုတော့ ကောက်ချက်အမျိုးမျိုးဆွဲချနေမိတယ်..... ဒိလိုပုံစံနဲ့ ပေါက်ကွဲရေးသားမှုလေးကို နှစ်ခြိုက်မိတယ်.. ကိုဇော်...


ခင်မင်တဲ့
နေ၀သန်

rose of sharon said...

မိဘကို သတိရနေတဲ့ သားသမီးတိုင်း အတွက် နေ့တိုင်းဟာ အဖေများနေ့ အမေများနေ့ဘဲ မဟုတ်လား... ( အဲဒီ စာသားလေးကို သဘောကျတယ် )

ချင်းတွင်းသူ said...

"ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ"ဲပေါ့။ အခု ရင်ထဲက လာတဲ့ အသံတွေကြောင့် ကဗျာ တစ်ပိုဒ် ဖြစ်လာပြီမလား ကိုဇော်...။

သဒ္ဓါလှိုင်း said...

နေ့တိုင်းပဲ အမေအဖေကိုသတိရနေမိပါတယ်.။
ရင်ထဲကနေလာတဲ့အသံကို အမြဲပုံဖေါ်နိုင်ပါစေ။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်ဖခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သောသားသမီးများနဲ့ မကွဲမကွာ
အတူနေထိုင်နိုင်ပါစေ.။
ခင်မင်စွာ
သဒ္ဓါ

အနမ်း said...

ရင်ထဲကမြည်တဲ့ အသံတွေကို တော်တော်ဖတ်လိုက်ရ တယ်..း)))
မိဘကို အမြဲသတိရနေတာက အကောင်းဆုံးသိတတ် ခြင်းပါပဲ..ကိုဇော်ရေ..

ahphyulay said...

သာဓုပါဗျာ...၊
စာအရှည်ကြီးဖတ်လာပြီးမှ အောက်ဆုံးရောက်တော့ 
လောကကြီးမှာ တပည့် မရှိတော့ ဘူးဆိုတာသိသွား
ရပါတော့ တယ်ဗျာ...။

Anonymous said...

ကိုဇော် ရေ

ဖတ်သွားတယ်ကဗျာလေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သံယောဇဉ် said...

ထိထိမိမိ..ကဗျာရှည်တစ်ပုဒ်ကို
လာဖတ်သွားပါတယ်..

ချမ်းလင်းနေ said...

အဓိပ္ပါယ် ကောက်ကြောင်းတွေအများကြီးနဲ့ ကဗျာရှည်လေးကို သဘောကျတယ်ဗျာ။ မိဘနဲ့ သားသမီး၊
ဝလုံးလေးရဲ့ ဖြောင့်မတ်မှု သီအိုရီ၊ စာလုံးတွေရဲ့ အမှားအမှန် ဥာဉ်သဘော၊ ကောက်ကြောင်းတွေ ကိုယ်စီနဲ့ တည့်မတ်နေတဲ့ ကဗျာရသလေး ရင်ထဲ ထိမိပါလေရဲ့ဗျာ။

ကိုကိုမောင်(ပန်းရနံ့) said...

ကိုဇော်က ၀လုံးကို ၀ိုင်းအောင်ရေးတတ်နေပြီဆိုတော့ ဒါ တကယ်ဂုဏ်ယူစရာပါ။ကျနော့်မှာဖြင့် ခုထိ ၀လုံးကို ရေထဲကလမင်းလို ကွေးကောက်နေလို့ကို မ၀သေးဘူး။
းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

may16 said...

ဝလုံးကဗျာလာဖတ်ပါတယ် ကိုဇော် :)

sosegado said...

ကဗျာဆိုတာ ဖတ်တဲ့သူက ကဗျာလို့သတ်မှတ်လိုက်ရင် ကဗျာဖြစ်သွားပြီ၊
အမေကို သတိရတဲ့နေ့ဟာ အမေနေ့ပဲ၊
ဝ လုံးဟာ သုည ဖြစ်နိုင်သလို အို လဲဖြစ်နိုင်တယ် အဲဒီလိုပဲ သတ်မှတ်ထားတဲ့သူတွေအတွက် သတ်မှတ်ထားတာဖြစ်နိုင်တယ်၊
စာအရှည်ကြီးဖတ်သွားပြီ၊ ဇရက်တွေ ညီလာခံသွားလေ့လာလိုက်ဦးမယ်။

မေသိမ့်သိမ့်ကျော် said...

ဝလုံးလေး ဝိုင်းဝိုင်းရေး ညီလေးပုချာချာ ၊ ဂငယ်အောက်က ဟတတ ဝနဲ့ မတူပါ.... တစ်ဖက်စောင်းက င ကိုရ ဝနဲ့ မတူပါ....

ဟိဟိ မူကြိုတုန်းက သီချင်းလေးသတိရမိပါတယ်။ ထပ်တူခံစားမိပါတယ် ကိုဇော်ရေ။

အဖြူရောင်နတ်သမီး said...

“ဝ” လုံးကလေး ဝိုင်းအောင်ရေးဖို့ ကြိုးစားရင်း..
အမေများနေ့မှာ ရေးတဲ့ ကိုဇော့်ရဲ့ အမှတ်တရ ကဗျာလေး ကို အားပေးသွားပါတယ်..။

Anonymous said...

Wow this is a great resource.. I’m enjoying it.. good article

Anonymous said...

ကိုဇော်ကိုအားပေးနေသူတစ်ဦးပါ။ကဗျာရဲ့အောက်ဆုံးနှစ်ပိုဒ်ကိုshareပီးတော့fbမှာတင်လိုက်ပါတယ်....
အစဉ်အမြဲးအားပေးလျက်......

Angelhlaing(May everybody be happy and healthy! said...

“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ”
ညီမလေးတော့ ခုထိ ဝလုံး ဝိုင်းအောင်မရေးနိုင်သေးဘူးထင်တယ်အကို...:)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.