မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 January 2011

21 စွန်လွှတ်ခြင်း အနုပညာ



        အဲဒီတုန်းက ကျွန်တော့် အသက် လွန်စွာမှပဲ ငယ်ပါသေးသည်။ ဘယ်ကို ကြည့်လိုက် ကြည့်လိုက် တိမ်ရိပ်တွေ ပြာလွင်လွင်နဲ့ ကြည်စင်နေတဲ့ ဆောင်းဥတုရဲ့ မိုးကောင်းကင် နောက်ခံမှာ စွန်လွှတ်ရတာကို ကျွန်တော် အလွန်ကို နှစ်သက်မိပါသည်။ လေထဲမှာ လွင့်ပျံဝဲနေတဲ့ စွန်လေးတွေကို ကိုယ်တိုင် ထိန်းကျောင်းရတာကို မထိန်းကျောင်း ဖူးသေးသော အခြေအနေ ကတည်းက ကျွန်တော် အလွန်ကို ကြိုက်နှစ်သက်စွာ အတွေးနဲ့တင် တိမ်းမူး နေလေ့ရှိသည်။ အတွေးနဲ့တင် ကျွန်တော် ပျော်နေမိသည်။ ( စွန် ဆိုတာ လေတံခွန် လို့ သုံးနှုန်းပေမဲ့ ကျွန်တော်ကတော့ ဒီနေရာမှာ စွန်လို့ပဲ သုံးပါ့မယ်။ )

       စတုရန်း ဆန်ဆန် စက္ကူတစ်စ ၊ ဝါးတုတ်ချောင်လေး နှစ်ချောင်းကို တွဲမိစေရန် ကော်ဖြင့် သုတ်ကာ တွဲလိုက်ရုံဖြင့် မိုးကောင်းကင်ကို ပျံလွင့်စေနိုင်သော စွန်တစ်ကောင် ဖြစ်လာစေနိုင်မည်ဟု ကျွန်တော် ဘယ်တုန်းကမျှ မယုံရဲခဲ့ပါ။ တကယ်လို့ စွန်တစ်ကောင် ဖြစ်လာတယ် ဆိုရင်လည်း အရည်အချင်း ပြည့်ဝသော စွန်တစ်ကောင် ဖြစ်လာနိုင်မည် ဟု ကျွန်တော် မယုံကြည့်ခဲ့ပါ။ လှလှပပ ပျံဝဲနိုင်လိမ့်မည်ဟု ကျွန်တော် လုံးဝကို မမျှော်လင့်ခဲ့ပါ။

       အရည်အသွေးရှိသော စွန်တစ်ကောင် ဖြစ်ဖို့ ဆိုတာ ဝါးတုတ်ချောင်းလေး တစ်ချောင်းကို ကျောရိုး နေရာမှာ ကောစေးစေးဖြင့် ကပ်ထားယုံ ၊ အကြောမာသော ဝါးတုတ်ချောင်းလေးကို ခပ်ကွေးကွေး အနေအထားဖြင့် ကော်ဖြင့် တွဲကပ်ကာ စက္ကူလေးနဲ့ တွဲလိုက်စေယုံဖြင့် လေထဲမှာ ဝေ့ဝဲသွားနိုင်သော စွန်တစ်ကောင် ဖြစ်လာလိမ့်မည် ဟု ကျွန်တော် မထင်မှတ်ခဲ့ပါ။ ဒီလိုသာ အလွယ်တကူ စွန်တစ်ကောင်ကို ဖန်တီးနိုင်ခဲ့ရင် ဘယ်သူမဆို အလွယ်တကူ စွန်လုပ်ကာ ပေါ့ပါးပျံသန်းနိုင်ရန် လေထဲတွင် လွှတ်တင်၍ ပျံသန်းကြမည်ပေါ့။

         သို့သော် ကိုယ်တိုင်လုပ်သော စွန်ထက် ဆိုင်မှ လုပ်ရောင်းသော စွန်ကိုတောင်မှ ဘယ်ဆိုင်က ပို၍ လိုက်ဖက်ညီသည် ဟု ဆိုကာ ကျွန်တော်တို့ ရွေးခြယ် ဝယ်ယူဖြစ် ကြပါသည်။ ဒါဆို စွန်တစ်ကောင် ဖြစ်ဖို့ စက္ကူတစ်ချပ် ၊ ဝါးတုတ်ရှည် နှစ်ချောင်း ၊ ကော်တစ်ထုပ်နဲ့ မပြီးပြည့်စုံတော့ပါဘူး။ စွန်တစ်ကောင် ဖြစ်ဖို့ ကျွမ်းကျင်သော ဖန်တီးမှု ၊ စည်းချက်ကျသော စိတ်ပါဝင်စားမှု ၊ လှပသော အနုပညာ  အစ ရှိတာတွေ လိုအပ်ပါသေးသည် ဟု ကျွန်တော် ထင်မြင်မိပါသည်။

         ပထမဦးဆုံး ကျွန်တော်ရဲ့ စွန်လေး ကောင်းကင်ယံသို့ ပျံတတ်ခွင့်ရသော အခါမှာ ကံမကောင်းခဲ့ပါ။ မိုးကောင်းကင်ယံကို ပျံမတတ်နိုင်ခင်မှာ တခြားသော စွန်ပေါင်းများစွာဖြင့် အပျံသင်ခဲ့ရ၏။ ဓါတ်ကြိုးမှာ ငြိသောစွန် ၊ သစ်ပင်မှာ ငြိသောစွန် ၊ တိုက်ခေါင်မိုးဖြင့် ငြိသောစွန် ၊ ဟိုထိုး ဒီထိုးဖြင့် ဘယ်ကို ငြိလို့ ငြိမှန်း မသိသော စွန်များစွာကို ကျွမ်းကျင်မှု မရခင်မှာ ရင်းနှီးခဲ့ရသည်။ ထိုသို့ မိုးကောင်းကင်ယံမှာ တိတိပပ ပျံသန်းခွင့်ရသော စွန်လေး တစ်ကောင်ကို လျော့လိုက် ၊ ပြန်ရစ်လိုက်နဲ့ ကျွန်တော် ပျော်နေချိန်မှာ ရုတ်တရက် ဝမ်းနည်းသွားခဲ့ရ၏။

         ဘယ်ဘက်ကို ယိမ်းလိုက် ၊ ညာဘက်ကို ယိမ်းလိုက် ၊ အပေါ်ကို ထောင်တတ်စေဖို့ ဆွဲတင်ရင်း အောက်ကို စိုက်သွားစေသော အသားမကျမှု ၊ ကျွမ်းကျင်မှု အားနည်းနေသော စွန်ထိန်း တစ်ယောက်ရဲ့ စွန်လေးကို လူးလာ ပျံဝဲ အနုတ်အသိမ်း ကျွမ်းကျင်သော စွန်တစ်ကောင်က ရုတ်ဆို ရောက်လာ၍ ကြိုးချင်းပွတ်တိုက်ကာ လေတိုက်နှုန်းကို အံတုပြီး ရစ်တင် ဆွဲယူ၍ ဖြတ်တောက်သွားခြင်း ခံခဲ့ရသည်။ ယခုမှ အပျံသင်ကာ မိုးကောင်းကင်ပေါ် တတ်ခွင့်ရသော စွန်လေးသည် အခုတော့ ထိန်းကျောင်းမှု ကင်းစွာ ကြိုးပြတ်တစ်စ နှင့်အတူ လွှင့်ကာ ၊ ဝဲကာ လေထဲမှာ မျောလွင့်ရင်း မြေသို့ သက်ဆင်းဖို့ ပြင်နေစဉ် အောက်ခြေမှ ဝိုင်းလုသော ကလေးတွေကြောင့် အပိုင်းပိုင်း စုတ်ပြဲသွားခဲ့ရသည်။

         မိုးကောင်းကင်ယံပေါ်မှာ လွင့်ကာ မျောကာ ပျံသန်းခွင့် ရနေသော ထိုစွန်လေးကို ကြည့်ပြီး ရစ်ဘီးလေးကို လျော့၍ တစ်မျိုး ၊ ရစ်၍ တစ်ဖုံ ၊ ဘယ်ညာတိမ်း၍ တစ်ကြောင်း အမျိုးမျိုးဖြင့် ပီတိ ဖြစ်နေသော ကျွန်တော့် အဖို့ ရုတ်တရက် ရောက်လာကာ ဖြတ်တောက်ဖို့ ကြိုးစားသော အရိုးခေါင်းပုံဖြင့် စွန်ရိုင်းကြီးကို မြင်တော့ ကြောက်လန့်တကြား ရစ်ဘီးလေးကို အားကုန် ရစ်ဆွဲကာ စွန်လေးကို သိမ်းယူမိသည်။ ကျွန်တော်က ရစ်လေ စွန်လေးက အပေါ်ကို ထောင်တတ်လာလေလေ ၊ နောက်ဆုံးမှာ စွန်လေး ကျွန်တော့်ခေါင်းပေါ် ရောက်လုအောင် တတ်နေတဲ့ အချိန်မှာ ကျွန်တော် ဆက်၍ ရစ်သိမ်းရတာ အားမပါတော့သလို ဖြစ်နေမိ၏။ ခေါင်းပေါ်တည့်တည့်မှာ လေတိုင်နှုန်း နည်းသွားပြီး လေခို သွားသောကြောင့် ဖြစ်သည်။

         အားကုန် ဆွဲယူနေပေမဲ့လည်း အားမပါတော့သော အချိန်မှာ စွန်လေး မှာတော့ တွန့်ဆုတ်ဆုတ်နဲ့ ရစ်ဘီးလေး ဆွဲရာ နောက်ကို ကြိုးလေး နီးကပ်တိုစွာဖြင့် ပါလာချိန်မှာ အရိုးခေါင်း စွန်ရိုင်းကြီးကတော့ လေအဟုန် ကောင်းစွာ ၊ ကြိုးရှည်စွာဖြင့် အားယူ ပျံသန်းပြီး ကျွန်တော့်စွန်လေး အနီးနား ရောက်လာ ခဲ့သည်။ ကိုယ့်ရဲ့ လွတ်မြောက်လမ်းဟာ ရစ်ဘီးနဲ့ အနီးဆုံး ဆိုသော အခြေအနေ တစ်ခုကိုသာ သိထားသော အချိန်မှာ ဘေးက လူတွေကတော့ ဘာလို့ စွန်ကို ထောင်ထားတာလဲ ၊ ဒါဆို အသာလေး ဖြတ်သွားမှာပေါ့။ အောက်ကို စိုက်ချပြီး သူ့ကြိုးကို ရိုက်ချလိုက် လို့ ဆိုပေမဲ့ ကျွန်တော့်မှာ ဒီလောက် မကျွမ်းကျင်ခဲ့သေးပါ။

         ကျွန်တော့် စိတ်ထဲမှာတော့ ကျွန်တော့် စွန်လေးရဲ့ လွတ်မြောက်လမ်းဟာ ကျွန်တော့် ရစ်ဘီးနား ရောက်စေဖို့သာ ဖြစ်၏။ သူများကို ပြန်လည် တိုက်ခိုက်ဖို့ ဆိုတာ ဝေးလို့ ကိုယ့်ကို လာတိုက်ခိုက် နေတာကိုတောင်မှ ဘယ်လို ပြန်လည် ခုခံရမယ် ဆိုတာ တကယ်ကို မတတ်ကျွမ်းခဲ့သေးပါ။ မကျွမ်းကျင်မှုရဲ့ ရလာဒ် အဖြစ် ကျွန်တော့်ခေါင်းပေါ်သို့ ထောင်ကာ လေခို၍ တွန့်ဆုတ်ဆုတ် ပျံသန်းနေသော စွန်လေးကို အရိုးခေါင်းပုံ စွန်က လေအဟုန် ကောင်းကောင်းဖြင့် လာရောက် ဖြတ်တောက် သွားလေတော့သည်။

         အားပြင်းသော သေနတ်ကျည်ဆံ ထိမှန်ခံရသော လူတစ်ယောက်လို ရုတ်ခနဲ စွန်ရဲ့ ခေါင်းလေးဟာ အနောက်ကို လန်ထွက်သွားပြီး လွင့်ထွက်သွားလေ၏။ ထို့အတူ ဆွဲယူထားသူ လွှတ်ချလိုက်သလို စွန်ရဲ့ ခါးကို သိုင်းချည်ထားသော ကြိုးတန်း ကလေးကလည်း မိုးကောင်းကင်ယံကနေ ပြတ်ကျလာတာကို မြင်လိုက်ရ၏။ နောက်သို့ လန်သွားသော စွန်လေး နဲ့ ပြတ်ကျလာသော ကြိုးလေး နှင့်အတူ ကျွန်တော် ကြည့်နေမိတာက ကျွန်တော့် စွန်လေးကို ဖြတ်သွားသော အရိုးခေါင်း စွန်ရိုင်းကြီးကို . . . ။ လက်ထဲက ရစ်ဘီးကို ကိုင်ကာ ပြတ်ကျလာသော ကြိုးစ ဓါတ်ကြိုးပေါ်သို့ တင်နေမိသည့် တိုင်အောင် ကျွန်တော် ပြတ်၍ လွင့်သွားသော စွန်လေးကို ငေးကြည့်နေမိသည်။

         စွန်လွှတ်ရာတွင် သုံးသော ကြိုးသည် ရိုးရိုး အပ်ချည်ကြိုးမျှသာ ဖြစ်ခြင်းက ကျွန်တော့်အတွက် ကံကောင်းစေသည် ဟု ဆိုရမည် ဖြစ်၏။ ရိုးရိုး အပ်ချည်ကြိုး ဖြစ်ခြင်းကြောင့် ထိုကြိုးသည် လျှပ်မကူးပါ။ တကယ်လို့ ထိုကြိုးသည် လျှပ်ကူးသော ကြိုးဖြစ်ခဲ့ပါက ဓါတ်ကြိုးပေါ်တွင် တင်နေသော စွန်လွှတ်သော ကြိုးကြောင့် ကျွန်တော် ဓါတ်များတောင်မှ လိုက်လေမလား မသိနိုင်။ ပြတ်လွင့်သွားသော စွန်လေးကို ကြည့်ကာ ကျွန်တော် တွေဝေ ကြောင်ငေးနေမိသည်။ နှမြော တသခြင်းထက် ပိုသော ခံစားမှုက ရင်ထဲကို စူးစူးနစ်နစ် ခံစား နေရာယူသည်။ ဝမ်းနည်းခြင်း ဟု အမည်တပ်ရမည်လား မသိ။

         တဖြည်းဖြည်း ဓါတ်ကြိုးပေါ် တင်နေသော စွန်ကြိုးလေးကို ရစ်ဘီးထဲသို့ ရစ်သိမ်းပြီး ကျွန်တော် စွန် ဆက်၍ မလွှတ်ဖြစ်တော့ပါ။ မိုးကောင်းကင်ယံပေါ်တွေ ပျံသန်း ပျော်မြူးနေကြသော စွန်လေးတွေကို ကြည့်ကာ ကျွန်တော် ငေးမောနေမိသည်။ ပြတ်၍ အချိုးမကျစွာ မြေသို့ သက်ဆင်းရင်း ကလေးများ ဝိုင်းလု၍ စုတ်ပြဲသွားသော ကျွန်တော့် စွန်လေးကိုလည်း ပြန်သတိရမိသည်။ နောက်ထပ် ဆက်တင်လေကွာ လို့ ဘေးက ကစားဖော်များ အားပေးမှုကို လျစ်လျူရှုထား လိုက်မိတော့သည်။ ဟိုယူ ဒီယိမ်းဖြင့် တစ်ယောက်ပြီး တစ်ယောက် လိုက်မျှားကာ အနိုင်ယူ ဗိုလ်ဆွဲနေသော အရိုးခေါင်းစွန်ကိုသာ မျက်တောင် မခတ်တမ်း လိုက်ကြည့်နေမိသည်။

         တစ်နေ့ ဒီအရိုးခေါင်းစွန်ကို ငါနိုင်အောင် မျှားမယ် ဆိုပြီး ရင်ကော့ ခေါင်းမော့ကာ အံကိုလည်း ခပ်တင်းတင်း ကြိတ်ထားမိ၏။ သူကတော့ အခုအချိန်မှာ တွေ့သမျှ စွန်လေးတွေကို ရုတ်ခနဲ သုတ်ခနဲ ဖြတ်တောက်က ဘယ်ညာ ယိမ်းထိုး၍ အောင်ပွဲဆင်နေခဲ့သည်။ သူများတွေ ပျော်ရွှင်နေတာကို လုပ်ရက်လိုက်လေခြင်း ဟု ရင်ထဲမှာ အကြိမ်ကြိမ် ရေရွတ်နေမိသည်။ တော်ပါပြီလေ ဒီနေ့အဖို့တော့ ကျွန်တော် အတွက် စွန်လွှတ်ခြင်း ကိစ္စ ပြီးပါပြီ။ ကျွန်တော် အိမ်ကို ရစ်ဘီးလေး နဲ့ လက်ကျန် စွန်လေး ၃ ကောင်ကို ကိုင်ပြီး လှည့်ပြန်လာခဲ့၏။
   


         နောက်နေ့တွေမှာ ကျွန်တော် စွန်လွှတ်သူတွေနဲ့ ဝေးရာ လယ်ကွင်းပြင်ဆီသို့ အချိန်ကုန် ခံကာ စက်ဘီး စီးသွား၏။ ထိုလယ်ကွင်းပြင်သည် ညီညာ ပြန့်ပြူးနေခြင်း မရှိပါ။ သို့သော် ကျွန်တော့် အနီးနား ပတ်ဝန်းကျင်မှာ ကျွန်တော်က လွဲ၍ မည်သူမှ မရှိ။ ကျွန်တော့် အထက် ကောင်းကင်ယံနှင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ကျွန်တော် တစ်ယောက်တည်းသာ ရှိ၏။ ကွင်းထီးခေါင် ဖြစ်သောကြောင့် အနီးအနားမှာ ဘာဆို ဘာမှ ရှိမနေခဲ့။ ဟိုးခပ်လှမ်းလှမ်းမှာ လယ်လုပ်သူများ ထမင်းစား ၊ အပန်းဖြေရာ ညောင်ပင်အုပ်အုပ် တစ်ပင်က ခပ်ထီးထီး ရှိနေခဲ့၏။

         ကျွန်တော့်မှာ ဦးထုပ် တစ်လုံးပါ၏။ နေပူဒဏ်ခံနိုင်အောင် ဝတ်လာသော လက်ရှည် အင်္ကျီတစ်ထည် ပါ၏။ နေပူဒဏ်ခံနိုင်အောင် ကောက်စိုက်သမတို့လို လိမ်းထားသော သနပ်ခါး ခပ်ထူထူကို ပါးကွက်ကြား ပါ၏။ ရေဆာရင် သောက်ရန် ရေဘူး တစ်ဘူးပါ၏။ ထို့အတူ ဗိုက်ဆာရင် စားဖို့ တရုတ်ပဲမုန့် နှင့် မြန်မာလမုန့် နှစ်ထုပ်ပါ၏။ လေပူဒဏ်ကို ဦးထုပ်ဆောင်း ထားခြင်းဖြင့် ကာကွယ်နိုင်မည်ဟု ထင်ထားသော်လည်း အထင်နဲ့ အမြင်ဆိုတာ ဟိုးရှေးကလိုပဲ ကွဲပြားခြင်း ခပ်စိတ်စိတ် ရှိနေသေး၏။

          လေသည် ပူရင် ပေါ့ပါးကာ အထက်သို့ တက်သည် ဆိုသော သီအိုရီ အရ နေမြင့်လေ လေသည် နေအပူရှိန် မြင့်မားရာ နေရာသို့ တိုက်ခတ်လေ ဖြစ်၏။ ထိုနေရာသည် နေရှိရာ အရပ်ပင် ဖြစ်သောကြောင့် လေညှာမှ စွန်လွှတ်ရသော ကျွန်တော် အဖို့ လေစုန်ရာ နေမင်းကို မျက်နှာမူထားရလေ၏။

          ထို့ကြောင့် ကျွန်တော့်မှာ ချွေးများစွာ ထွက်၏။ ဒါကြောင့် မျက်နှာမှာ လိမ်းထားသော သနပ်ခါးများမှာ ရေစီးရာနောက် ပါသွားသော ဖုန်မှုန့် ကဲ့သို့ ချွေးစီးကြောင်း ထကာ ကျန်ခဲ့လေ၏။ စွန်ဆိုတာ မိုးကောင်းကင်ယံကို တက်အောင် လွှင့်တင်၍ ပျံသန်းရသောကြောင့် မြင့်တတ်လာသော နေမင်းကို မျက်နှာမူထားရ၏။ ထိုအခါ ကျွန်တော့် မျက်လုံးများသည် နေကို မျက်နှာမူလျက် ကြည့်ရှုနေ ရသကဲ့သို့ ဖြစ်၏။။ ထို့ကြောင့် မျက်စိများလည်း ပြာဝေကုန်၏။ ဒါပေမဲ့ ကျွန်တော် အလွန်ကို ပျော်ပါသည်။

           အရင်လို စွန်စုပြီး လွှတ်တင်ရာ ရပ်ကွက်ထဲမှ ဘောလုံးကွင်းဟောင်းမှာ လူတွေ ရှုပ်ထွေးလှသည်။ ပြီးတော့ အိမ်များ ၊ သစ်ပင်ကြီးများကြောင့် အောက်ခြေမှာ လေတိုက်နှုန်းကောင်းစွာ မရ။ ခပ်ဝေးဝေးမှ သူငယ်ချင်း တစ်ယောက် အကူအညီဖြင့် စွန်ကို ရစ်ဘီးဖြင့် ဆွဲတင်ကာ လွှတ်တင်ရသည်။ အတော်ဝေးဝေး မိုးကောင်းကင်ယံပေါ်ကို ရောက်ပြီ ဆိုတော့မှ လေကြောင်းကို မိပြီး လေဟုန်စီးခွင့်ရသည်။ ဒီကွင်းပြင်မှာတော့ ဒီလို မဟုတ်။ ဘယ်သူမှ အစပြု ထောင်ပေးစရာ မလို။ ရစ်ဘီးကို လက်ဝဲလက်နဲ့ အသာလေး ကွင်းထိုး ကိုင်ထားပြီး လက်ယာလက်နဲ့ စွန်ကို အစပြု တောက်တင်လိုက်ယုံဖြင့် လေဟုန်ကို စီးနိုင်သည်။

         ဘယ်အရပ်ကနေ လေတိုက်နေလဲ ဆိုတာ တစ်ချက်လေး ကြည့်ပြီးရင် စွန်လေးကို တောက်တင်ရင်း ချက်ချင်း လေအဟုန်စီးကာ အဝေးကို လွင့်သွားနိုင်၏။ ပြီးတော့ ရစ်ဘီးဖြင့် စွန်ကို အတိုးအလျော့ လုပ်ကာ စွန်ကို စတင် မိုးကောင်းကင်ယံမှာ လွတ်လပ်စွာ ပျံဝဲခွင့် ရလေပြီ။ ပတ်ဝန်းကျင်မှာ အိမ်ဆိုတာ မရှိ ၊ သစ်ပင် ကြီးကြီးမားမား မရှိ ၊ ကိုယ့်ကို နှောက်ယှက်ပြီး ဖြတ်တောက်မည့် တခြားစွန် မရှိ။ အရာရာဟာ ငြိမ်းချမ်း လွတ်လပ်စွာ ပျံသန်းနိုင်၏။ မြင့်သထက် မြင့်စေရန် ဆွဲတင်ယုံဖြင့်လည်း မရ ၊ ကြိုးရှည်ရှည်လည်း လျော့ထားရ၏။

        ထိုအရာကပဲ   .  . . . . . . “ စွန်လွှတ်ခြင်း အနုပညာ ” ပေပဲလား။

       စွန်တစ်ကောင် ဆိုတာ အထက်ကို မြင့်တတ်အောင် စွန်ခေါင်းလေးကို ထောင်၍ ဆွဲတင်လိုက်မယ် ဆိုရင် အမြင့်သို့တော့ တတ်လာပါရဲ့ တဖြေးဖြေး ကိုယ်နဲ့ နီးလာရ၏။ အဘယ့်ကြောင့် ဆိုသော် ရစ်ဘီးက ရစ်လိုက်သောကြောင့် ထောင်တတ်လာသော်လည်း ထိုရစ်အားကြောင့်ပင် ကြိုးကလည်း တဖြေးဖြေး တိုတိုလာရသည် မဟုတ်ပါလား။ ကြိုးက တိုတိုလာလေ ကိုယ်နဲ့ နီးရာသို့ ရောက်လာရပေတော့သည်။

       စွန်တစ်ကောင် လွတ်လပ် ပေါ့ပါးစွာ ပျံသန်းနိုင်စေရန် ကျွန်တော် ရစ်ဘီးထဲတွင် ထည့်ထားသော ကြိုးကုန်သည် အထိ လေအဟုန် ဆွဲပင့်ရာ နောက်သို့ လိုက်ကာ လျော့၍ ပျံသန်းခဲ့ဖူးသည်။ လည်၍ ဝေးကာ ဝေးကာ သွားသော စွန်လေးနှင့် အတူ ၊ ကျွန်တော် စိတ်ကလည်း အဝေးသို့ စွန်လေးနှင့်အတူ လွင့်မျောသွားသလို ခံစားရ၏။ စွန်နှင့်အတူ ကျွန်တော်လည်း ပျံသန်းခွင့်ရ၏။ စွန်နှင့်အတူ ကျွန်တော်လည်း လေဟုန်စီးခွင့်ရ၏။ ဒါကြောင့် စွန်လွှတ်ခြင်းကြောင့် ရသော ခံစားမှုကို ကျွန်တော် အလွန်နှစ်သက်သည်။  ပျော်သည်။

         လေအဟုန်ရဲ့ ခေါ်ဆောင်ရာသို့ လွင့်မျောသွားအောင် ရစ်ဘီးထဲမှ ကြိုးများကို လေတိုက်စား ခေါ်ဆောင်သည့်အတိုင်း ကြိုးများကို လျော့ပေးလိုက်တဲ့ အခါမှာ စွန်လေးကလည်း မိုးကောင်းကင်ယံ ထက်က လေထုထဲမှာ ပျော်ရွှင်စွာ တဝီးဝီး လည်လျက် ၊ ကျွန်တော့်လက်ထဲက ရစ်ဘီးလေးကလည်း စွန်လေးရဲ့ ကြိုးဆွဲရာ နောက်ကို လိုက်ကာ တဝှီးဝှီး လည်ပတ်လျက် ၊ ရစ်ဘီးထဲမှ ကြိုးတွေကလည်း တရွှပ်ရွှပ် မြည်ကာ ဖြေလျော့သွားလျက် ၊ ကျွန်တော့်ရဲ့ မျက်လုံး အမြင်မှာလည်း စွန်လေးက ဝေးကာ ဝေးကာ လည်ပတ် ပျံသန်းလျက်။ ဘယ်လိုပဲ ဖြစ်ဖြစ် စွန်လွှတ်ရခြင်းကို ကျွန်တော် အလွန်ပျော်ပါသည်။

         စွန်တစ်ကောင်ကို လွှတ်တင်တယ် ဆိုတာ လွှတ်တင်တယ် လို့သာ ပြောကြတာ တကယ်တော့ စွန်လွှတ်တယ် ဆိုတာလည်း အနုပညာ တစ်ရပ်ပဲ မဟုတ်ပါလား။ ကိုယ့်ရဲ့ ရစ်ဘီးထဲမှာ ရှိနေတဲ့ ကြိုးတွေကို လျော့ပေးကာ ရစ်ဘီးကို တဝှီးဝှီး လည်ပတ်နေ စေယုံနဲ့တော့ ဒီစွန်လေးဟာ ကြာလေ ကိုယ်နဲ့ ဝေးရာ နေရာကို ရောက်သွားစေမှာပါပဲ။ လေရဲ့ ဆွဲငင်ရာ သူ့အလိုလို ဆွဲငင် လည်ပတ်ရာကို ဆန့်ကျင်ပြီး အားစိုက်ကာ ရစ်ဘီးလေးကို ရစ်ဆွဲမယ် ဆိုရင်တော့ စွန်လေးဟာ ကိုယ်နဲ့ နီးရာကို ရောက်လာမှာပါပဲ။ ဒီလို အချိန်ဟာ ကျွန်တော် အိမ်ပြန်ခါနီး အချိန်တွေကို လေမှာ ပျံဝဲနေတဲ့ စွန်လေးကို သိမ်းချင်တဲ့ အခါမှာ စွန်လွှတ်သူများ အားလုံးရဲ့ နည်းတူ လုပ်ရတာ ဖြစ်၏။

        အားတင်း ရစ်ဆွဲပြီး ကိုယ့် အနားကို ရောက်လာမှာ စွန်လေးကို လက်ကလေးနဲ့ အသာလေး သိမ်းကာ ကျွန်တော် အိမ်ပြန်လာခဲ့တော့သည်။ စွန်လွှတ်ခြင်း ဆိုသည်မှာ အပေါ်သို့ တတ်အောင် လွှင့်တင် တတ်ရသလို ၊ အဝေးကို ရောက်ကာ မြင့်မားအောင် စီးမျောတတ်ဖို့ လိုသလို ၊ အဝေးမှ စွန်လေးကိုလည်း ကိုယ့်အနီးနားကို ရောက်အောင် ပြန်လည် ဆွဲယူကာ သိမ်းဆည်းတတ်ဖို့ လိုသေးသည် မဟုတ်ပါလား။

        ဒါကကို “ စွန်လွှတ်ခြင်း အနုပညာ ” တစ်ရပ် မဟုတ်ပါလားဗျာ။



        ကျွန်တော့်မှာ ချစ်သူ တစ်ယောက် ရှိသည်။ ထို ချစ်သူကို ကျွန်တော် အလွန်ကို ချစ်မြတ်နိုးပါသည်။ ချစ်သော သူတွေရဲ့ ထုံးစံ အတိုင်း ချစ်သူရဲ့ စိတ်ကြိုက် အတိုင်း ၊ ချစ်သူ အလိုကျသာ ဖြစ်စေချင်ပါသည်။ ချစ်သူ စိတ်ထဲမှာ ငြိုငြင်သွားမှာ ၊ ချစ်သူ စိတ်ထဲမှာ ထစ်ငေါ့ဖုထစ် သွားမှာ ကျွန်တော် လုံးဝကို မလိုလား ခဲ့ပါ။ ချစ်သူ စိတ်ကြိုက်ဆောင်ကာ  ၊ ချစ်သူ သဘောကျသာ အားလုံးကို ဖြစ်စေချင်ခဲ့ပါသည်။ ထိုအရာကို ကျွန်တော့်နှင့် ခင်မင်သူ အားလုံးက “ အလျော့ပေးလွန်းသည် “ ဟု ယိုးစွပ်ကြသည်။

       ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်သည် ချစ်သူကို အလွန်ချစ်ပါသည်။ ထို့ကြောင့် ချစ်သူ စိတ်တိုင်းကျသာ ဖြစ်စေချင်သည်။ ထို့ကြောင့် စိတ်အခန့် မသင့်သော ငြင်းခုန်မှုများကြောင့် စိတ်ညစ်ကာ အချိန်မကုန် စေချင်သောကြောင့် ချစ်သူ ပြောသမျှကို လိုက်လျောက “ အလျော့ပေးမိပါသည်။ ” ထိုအလျော့ ပေးခြင်းသည် ချစ်သူနဲ့ မဝေးကွာ လိုသောကြောင့် ဖြစ်သော်လည်း အံ့သြ ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှစွာဖြင့် ကျွန်တော်နဲ့ ချစ်သူ တစ်နေ့ တခြား ဝေးကွာ လွန်းမက ဝေးကွာ လာခဲ့ရသည်။

         ကျွန်တော် နားမလည်နိုင်ခဲ့ပါ။ အလျော့ပေးလေ ချစ်သူနဲ့ ဝေးကွာ လာလေ ဖြစ်လိမ့်မယ် ဟု ဘယ်တုန်းကမှ ကျွန်တော် မစဉ်းစားမိခဲ့ပါ။ သို့သော် ဝေးကွာ သထက် ဝေးကွာ လာခဲ့ပါသည်။ သို့သော် တစ်နေ့မှာ ကျွန်တော် ကလေးငယ်တွေ စွန်လွှတ် ကစားနေတာကို ကြည့်မိပြီး ငယ်စဉ်က စွန်လွှတ်ခြင်းကို ပြန်လည် သတိရမိပါသည်။

         တကယ်လို့ . . . .

        စွန်တစ်ကောင်က ချစ်သူ ဖြစ်ခဲ့မယ် ဆိုရင် . . . ၊ ရစ်ဘီးဟာ ကျွန်တော် ဖြစ်ခဲ့မယ် ဆိုရင်. . . . ၊ စွန်နဲ့ ရစ်ဘီးကြားမှာ ဆက်သွယ်ထားသော ကြိုးများဟာ သံယောဇဉ်များ ၊ အခက်အခဲများ ၊ ပြဿနာများ ၊ စိတ်မကြေလည်မှုများ ၊ စိတ်ကသိကအောက် ဖြစ်စရာများ  ၊ ချစ်သူ စိတ်ဆိုး စိတ်ကောက်မှုများ အစရှိသဖြင့် မျိုးစုံ ဖြစ်ခဲ့မယ် ဆိုပါက လေအဟုန် စီးကာ တစ်ခါတလေ လွတ်လပ်မှု အတွက် ရစ်ဘီးထဲမှ ကြိုးများကို ဖြေလျော့ရင် ဖြေလျော့ ခွင့်ရှိပေမဲ့ အချိန်တန်လို့ အိမ်ပြန်တော့မယ် ဆိုရင် ရစ်ဘီးထဲမှ ကြိုးကို ခပ်တင်းတင်း ပြန်လည် ရစ်ပတ်ကာ ကိုယ့်အနီးဆုံးသို့ ဆွဲယူ၍ စွန်လေးကို မိမိအနားသို့ ပြန်လည် ဆွဲယူကာ သိမ်းဆည်း ထားရမှာ မဟုတ်ပါလား။

        အိမ်ပြန်ချိန် အထိ လေရဲ့ ခေါ်ဆောင်ရာ နောက်သို့ ဖြေလျော့ရင်း မိုးစုန်းစုန်းချုပ်မှ မှောင်မည်းသော ကောင်းကင်မှာ မမြင်မကန်းနဲ့  ရစ်ဘီးရဲ့ ဟိုရစ် ဒီရစ်ကြောင့် စွန်လေးက ဟိုတိုး ဒီတိုးနဲ့ သစ်ပင်မှာ ငြိ ၊ ဓါတ်ကြိုးမှာ တွယ်ကာ ဘဝဆိုးဖြင့် ဖြတ်တောက် ပစ်လိုက်ရတာမျိုး မဖြစ်စေချင်ဘူး မဟုတ်ပါလား။ ဘယ်လိုပဲ ဖြစ်နေပါစေ မျှော်လင့်ခြင်း ဆိုသော အလင်းရောင်လေး ရှိနေချိန်မှာ မြင်မြင်ထင်ထင်နဲ့ ကိုယ့်ရဲ့ အနီးဆုံးကို ရောက်အောင် ပြန်လည် ရစ်ပတ် ဆွဲဆောင်ရမှာ မဟုတ်ပါလားဗျာ။



        ကျွန်တော့်မှာ ချစ်သူ တစ်ယောက် ရှိပါသည်။

      ချစ်သူ ဆိုတာ စွန်တစ်ကောင် ဖြစ်ခဲ့ပြီး ကျွန်တော်သာ ရစ်ဘီး တစ်လုံး ဖြစ်ခဲ့မယ် ၊ စွန်နဲ့ ရစ်ဘီးကြားမှာ ဆက်သွယ်ထားသော ကြိုးများဟာ သံယောဇဉ် ၊ စိတ်ကောက်မှု ၊ အလိုမကျမှုများ ဖြစ်ခဲ့မယ် ဆိုရင် . . . . . . . ၊ အချိန်အခါ များသော အားဖြင့်တော့ ကျွန်တော် ဆိုသော ရစ်ဘီးလေးဟာ ချစ်သူ ဆိုသော စွန်လေး လေအဟုန်မှာ ဝဲပျံနေနိုင်အောင် အလျော့ပေးပါလိမ့်မည်။

        သို့သော် နေဝင် မိုးချုပ် ၊  မျှော်လင့်ခြင်း အလင်းရောင်လေး စုန်းစုန်းမမြုပ်ခင် အချိန်မှာတော့ ချစ်သူ ဆိုတဲ့ စွန်လေးကို ကျွန်တော် ရစ်ဘီးလေးက တစ်ခါလောက်တော့ ဆွဲခေါ်ကာ ကျွန်တော့် အနားမှာ ကပ်ကာ သိမ်းထားပါရစေ။ ဒါဟာ အနိုင်လိုမှုလည်း မဟုတ်သလို ၊ စိတ်မရှည်ခြင်းလည်း မဟုတ်ပါဘူး။ ဒါဟာ ချစ်သူ ဆိုတဲ့ စွန်လေး . . . . သစ်ပင်မှာ ငြိ ၊ ဓါတ်ကြိုးမှာ တွယ်ကာ ကျွန်တော် ဆိုတဲ့ ရစ်ဘီးကနေ ပြတ်တောက်ကာ ကွဲကွာ သွားမှာ စိုးရိမ်သော လူတစ်ယောက်ရဲ့ “ ရင်တွင်းမှ ချစ်ခြင်း ” လို့ပဲ ဆိုပါစို့။

         ချစ်သူ ဆိုတာ စွန် ၊ ရစ်ဘီး ဆိုတာ ကျွန်တော် ၊ စွန်နဲ့ ရစ်ဘီးကို သွယ်ထားသော ကြိုး ဆိုတာ သံယောဇဉ် ၊ စိတ်အလို မကျမှု ၊ ကသိကအောင့် ဖြစ်မှု တွေ ဆိုပါစို့။ ဒါဆို စွန်လွှတ်ခြင်း ဆိုတာ အနုပညာ တစ်ရပ်လို့ သတ်မှတ်တယ် ဆိုပါစို့။ ချစ်ခြင်း ဆိုတာလည်း အနုပညာ တစ်ရပ်ပဲ မဟုတ်ပါလား။

         စွန်လွှတ်ခြင်း ဆိုတာ အနုပညာ . . . ဆိုရင် . . . 

         ချစ်ခြင်း ဆိုတာလည်း အနုပညာ ပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

21 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင်(ပျူနိုင်ငံ) said...

စွန် မလွတ်ရတာ ကြာပြီဗျာ၊ အောင့်မေ့လိုက်တာ ကိုဇော်ပြောမှ ပြန်သတိရမိတယ်၊ နှစ်သစ်မှာ လူပျိုကြီးဘ၀က စွန့်လွှတ်တော့လေ ... :P

ချမ်းလင်းနေ said...

စွန်လွှတ်ခြင်း = ချစ်ခြင်း
အနုပညာတွေပါပဲ။ ကိုဇော် တင်ပြမှုလေး သဘောကျတယ်ဗျာ။ ချစ်သူက စွန်၊ ကိုယ်က ရစ်ဘီး ချစ်သူက လွှင့်ပျံသွားတဲ့အခါ ရစ်ဘီးလေး ကိုယ်က ထိန်းပေးရင်း သံယောဇဉ်မှန်စာကြိုးလေး ပြတ်တောက်သွားမှာကို စိုးရိမ်မိပါတယ်။

rose said...

ကိုဇော်ရေ... စာလာဖတ်သွားပါတယ်။ စွန် တစ်ခါမှ မလွှတ်ဘူးတော့ လုံးဝကို မသိဘူး။ ဗပာုသုတ ရပါတယ် ဖတ်ရတာ။ ဒီစာသားလေးတွေ နှစ်သက်တယ်။ "စွန်လွှတ်ခြင်းဆိုတာ အနုပညာ ဆိုရင် ချစ်ခြင်း ဆိုတာလည်း အနုပညာပါပဲ"

baby taster said...

ဒါဟာ အနိုင်လိုမှုလည်း မဟုတ်သလို ၊ စိတ်မရှည်ခြင်းလည်း မဟုတ်ပါဘူး။ ဒါဟာ ချစ်သူ ဆိုတဲ့ စွန်လေး . . . . သစ်ပင်မှာ ငြိ ၊ ဓါတ်ကြိုးမှာ တွယ်ကာ ကျွန်တော် ဆိုတဲ့ ရစ်ဘီးကနေ ပြတ်တောက်ကာ ကွဲကွာ သွားမှာ စိုးရိမ်သော လူတစ်ယောက်ရဲ့ “ ရင်တွင်းမှ ချစ်ခြင်း ” လို့ပဲ ဆိုပါစို့တဲ့
လှလိုက်တာ ဘယ်မှ ရုန်းမထွက်နိုင်အောင်
ရစ်ပလိုက်သိလာ :)

ကျေးဇူးရှင်ကတော့ ကိုယ့်ကို ရစ်လုံးတဲ့ :)
ဘာလို့လဲ သိလား ရစ်လွန်းလို့တဲ့ :D

Anonymous said...

တိုချော်က စွန့်တော့မှာလားဂျ......
ရစ်လုံးဖြစ်ချင်သကိုးဗျာ့
နင့်နင့်နဲနဲလေးကိုခံစားမိတယ် မေ့ကိုသတိရရင်းပေါ့
ကိုဇော့်မေကိုပြောတာဟုတ်ဝူးနော် လူဇိုး စိတ်ပူနေတေးတယ်း)း)

မောင်ဘကြိုင်

Anonymous said...

ကိုဇော်ရေ....ကိုဇော်ရဲ့ စွန်လွတ်ခြင်းအနုပညာ ဖတ်သွားပါတယ်။ စွန်ကလည်း ရစ်ဘီးရှိမှ... ရစ်ဘီးကလည်း စွန်ရှိမှ ..ဒါကြောင့် ကိုဇော်ရဲ့ ရစ်ဘီးလေး စွန်နဲ့အမြဲတမ်းရှိနေနိုင်ပါစေ။

may

ဆောင်းနှင်းရွက် said...

အေ ...
ဟုတ်လား ...

(ဟီးးဟီးး ...လူကြီးလေသံ နဲ့ ...)

နောက်ပိုင်း ရေးသွားတဲ့
အပိုဒ်တွေ မိုက်တယ် ... ;))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ahphyulay said...

ဟေ့ ဟေ့ ...
ဘယ့် နှယ် အချစ်က အနုပညာဆိုပ်လား..။
စိတ်ကူးမယဉ်စမ်းပါနဲ့ ၊ လက်တွေ့ ကျစမ်းပါ။
ချစ်လာရင် ရယူမလား၊ ပေးဆပ်မလား၊ နောက်ဆုတ်မလား၊
ရှေ့ တိုးမလား၊ ဒီတိုင်းပဲ တစိမ့် စိမ့် ကြည့် နေမလား..
ဒါပဲလေ... လိုတိုရှင်းလေးပါ။ ကြိုးရှည်ရှည်နဲ့ 
လှန်ထားတဲ့ စွန် ကို ပဲ ဖွဲ့ နွဲ့ နေရသေး..။
ပေရှည်တဲ့  ကုလားကားရိုက်နေပြီ။

thatoe said...

စွန်လွှတ်ခြင်း အနုအညာ(ချစ်ခြင်းအနုပညာ)ကို ငေးရင်း တွေးသွားပါတယ်။ ဘ၀ထဲ နေရတာလည်း အနုညာ တစ်ရပ်ပါပဲဗျာ နော်။
အက်ဆေးလို့ပဲ မှတ်လိုက်မယ် ကိုဇော်။ ကြိုက်လည်းကြိုက်ပါတယ်။

Anonymous said...

dsadasdasdasd adsdasdadasd asdasdasdasdsadas dasdadadsadadsa dasdasddsa dsa dsadasdadas dsadasda dsadadas

Anonymous said...

ကိုဇော်ရဲ့ ကိုယ်ပိုင်ခံစားချက်ကိုရေးထားတာလားဟင်...
ဒါမှမဟုတ် တယောက်ယောက်ရဲ့ ခံစားချက်များလား တင်စားဖွဲနွဲ့ထားတာလေးတွေကိုကြိုက်တယ်...
စွန်လွတ်ဘူးတယ် ချစ်ခြင်းကိုတော့ စွန်လိုမလွတ်ဘူးဘူး...
ခင်တဲ့
မြလေး

blackcoffee said...

စိတ်ဝင်စား သူတွေ အတွက်ကတော့ စွန်လွှတ်ခြင်း စွန်ဖြတ်ခြင်းက တကယ့် ဖီလင်ပါဘဲ။ ဒါပေမယ့် ချစ်သူကစွန်၊ ကျွန်တော်က ရစ်ဘီးဆိုရင် ကြားကဆက်သွယ်ထားတဲ့ သံယောဇဉ်ကြိုးကို အပြတ်တောက်မခံနိုင်ပါဘူး။

သိင်္ဂါကျော် said...

ချစ်သူက စွန်ဆိုရင်.. တစ်ခြားက ကြိုးပြတ်အောင်လုပ်ပြီး ဆွဲယူသွားတာမျိုးလည်း ရှိနိုင်တယ်နော်.. :P

ဖိုးတာတီး said...

အရမ်းကောင်းပါတယ်ကိုဇော်.....စွန်လွှတ်ခြင်းနဲ့ ချစ်ခြင်းတွေကို အခုလိုယှဉ်ပြီး နှိုင်းပြသွားတော့မှပဲ လေးလေးနက်နက် စဉ်းစားမိတော့တယ်ဗျာ...ကျေးဇူးပါ.

Sunny said...

စွန်လွှတ်ခြင်းအနုပညာနဲ့ ချစ်ခြင်းအနုပညာဆိုင်လားတော့ မသိဘူး.. ချစ်သူကို ချစ်လွန်းလို့ အရမ်းအလိုလိုက် အမြဲ ချစ်သူအကြိုက်နေနေရင်းနဲ့ ချစ်သူက ပျော့ညံ့လွန်းတယ်ဆိုပြီး ထားသွားခံရတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိဖူးတယ်.. ကြည့်ရတာ အဲဒီသူငယ်ချင်းက စွန်မလွှတ်ဖူးလို့ ဖြစ်မယ်.. :)

ကိုကိုမောင်(ပန်းရနံ့) said...

အခုပို့စ်လေးကို ဖတ်ပြီး လွှမ်းမိုး သီဆိုထားတဲ့ ချစ်ကြိုးမဲ့လေတံခွန် သီချင်းလေးကို သတိရမိသွားတယ်။

ဟုတ်ပါတယ်။ အားလုံးဟာ အနုပညာတွေပါဘဲ။ သူ့အထာနှင့်သူ၊ သူ့နေရာနှင့်သူ အရာအားလုံးဟာ အနုပညာသဘောကို ဆောင်နေကြတယ်လို့ မြင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

flowerpoem said...

Ko Blackcoffee ပြောတာကို လက်ခံပါတယ် :)

ဝက်ဝံလေး said...

များက စွန်မှ မလွှတ်တတ်ဖဲ ကိုဇော်ရဲ့ ခစ်ခစ်

ဖတ်ပြီးတာကြာပြီ ဒါပေသိ ကိုးနတ်ရှင်က စိတ်ကောက်တော်မူနေလို့ မန့်မရဘူးတော်ရေ ခုမှ မန့်ရတာ တာ့တာ

အဖြူရောင်နတ်သမီး said...

ငယ်ငယ်က စွန်လွှတ်တိုင်း ကောင်းကင်ပေါ်မရောက်ခင် စွန်ပြဲပြဲသွားလို့ ရစ်ဘီးပါ လွှင့်ပစ်လိုက်တယ်...(အေးရော)
အဲဒါနဲ့ပဲ...
ခုထိ အပျိုကြီးဖြစ်နေတာ...:P

ငြိမ်းစိုးဦး said...

အချစ် အနုပညာ ဟာ တစ်ကယ်သိမ်မွေ့ တဲ့ အကြောင်း ကိုဇော်ကရေးတတ်နေတော့ အချစ်ကို တော်တော်သိနေလို့ ဖြစ်မယ်ထင်တယ်
ငြိမ်းစိုးဦး

T T Sweet said...

ချစ်သူလေးကို စွန်လို အမြဲအလျှော့မပေးနဲ့လေ။ ချန်းနီပြောသလိုဖြစ်နေဦးမယ်နော်။ လူပြိုကြီးကို အကြံပေးတွားတယ်။
အပေါ်က အဖြူရောင်နတ်သမီးရေးတာဖတ်ပြီး ရယ်လိုက်ရတာ ...း))

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.