မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 December 2010

11 ဗျည်းသံ ၊ သရသံ မပါသော ဒဿနများ ( ၂ )



         အခုတလော မှန်တာကို ပြောရရင် ကျွန်တော် စာရေးချင်စိတ် မရှိဖြစ်နေသည်။ ရေးပြီးသား စာများစွာ ရှိသော်လည်း တင်ချင်စိတ် မရှိဖြစ်နေသည်။ စာရေးချင်စိတ် မရှိသော်လည်း စာဖတ်ချင်စိတ်က လွန်စွာမှ ပြင်းပြနေ၏။ ထို့ကြောင့် နေရာ အတော်များများကို ကျွန်တော် ရောက်ကာ စာဖတ်ဖြစ်သော်လည်း “ ခြေရာ ” ချန်ကာ Comment စာလေးတောင်မှ ရေးဖို့ တွန့်ဆုတ်နေမိသည်။ နှလုံးသား ရှိရာ ဝတ္ထု ပြီးသွားခြင်းနဲ့ အတူ အလုပ်အော်ဒါ အတော်များများလည်း ပြီးသွားသဖြင့် အခုလို အားသွားတော့မှ စာရေးချင်စိတ် ပျောက်ကာ စာချည်းသာ ဖတ်ချင်နေမိသည်။ ဒါကြောင့် ကျွန်တော် စာ အတော်ကို ဖတ်ဖြစ်နေပါသည်။

          ဒီလို အချိန်မှာမှ ဒီစာလေး ရေးဖို့ ဖြစ်လာလေတော့၏။

         ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက်ရှိ၏။ သူသည် ကျွန်တော် နားမလည်သော စကားများကို အလွန်ပြောတတ်သူ တစ်ယောက် ဖြစ်သည်။ တစ်ခါတလေ မကသော သူပြောသမျှ အကြောင်း အတော်များများက ကျွန်တော် နားမလည်နိုင်ယုံမက ကြားယုံမျှပင် မကြားဖူးပါ။ သူ ပြောပြီ ဆိုရင် ကျွန်တော် အတော်ကို ဦးနှောက် ခြောက်ခြင်း ကြီးစွာ ဖြစ်ရသူ တစ်ယောက်ဖြစ်သည်။

        ဟိုတလောကလည်း ဘယ်ကနေ ဘယ်လို စိတ်ကူးပေါက်ကာ ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်သူ့ဆီက ရသွားသည် မသိ။ ကျွန်တော့်ကို ဖုန်းလှမ်းဆက်ကာ ဖဲ့ပါသည်။ သို့သော် သူပြောသော စကားကို ကျွန်တော် အတော်ကို ကြိုက်နှစ်သက်သွားမိသဖြင့် ဗျည်းသံ ၊ သရသံ မပါသော ဒဿနများ ( ၁ ) ဆိုပြီး ဒီနေရာမှာ ကျွန်တော် ရေးခဲ့ပါသေးသည်။

    အခုလည်း ဘယ်ကနေ ဘယ်လို စိတ်ကူးပေါက်ပြန်သည် မသိ။ ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်ပါတော့သည်။ ထိုနောက် ငယ်ပေါင်း သူငယ်ချင်းတွေရဲ့ ထုံးစံ အတိုင်း အာပေါင်အာရင်း သန်သန်ဖြင့် ငြင်းခုန်လုယက်ကာ စကားပြောကြသည်။ ထို့အတူ စကားထဲမှာ ဓါးတွေ ၊ လက်သီးတွေ ၊ ခြေထောက်တွေ ၊ လက်ပစ်ဗုံးတွေ ၊ လောင်ချာများပင် မကျန်အောင် ပေါက်ကွဲ လွင့်စင်စွာ ပြောဖြစ်ကြသည်။

       ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော့် သူငယ်ချင်းက ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့စာများကို ဖတ်ရှု့ပေးသော စာဖတ် ပရိသတ် တစ်ယောက်ပင် ဖြစ်သည်။ ထို့အတူ ကျွန်တော့် အတွက် အကောင်းဆုံးသော ၊ အကြီးမားဆုံးသော ကုန်ကြမ်းများကို ပေးတတ်သော သူငယ်ချင်း တစ်ယောက်လည်း ဖြစ်သည်။

     သူနဲ့ ကျွန်တော် ပြောတာတွေ နည်းနည်းတော့ နားထောင်ကြည့်ပါ။ ( တချို့သော အကြောင်းအရာတွေက ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောနေကြ စကားလုံးတွေ ဆိုတော့ စာဖတ်သူ အတွက် ရင့်သီးနေပြီး မတိုက်ဆိုင်ခဲ့ရင် ကျော်ဖတ်ပေးသွားပါ။ )

         “ တီတီ . . . တီတီတီ . .  တီတီ . . . တီတီတီ . . . ”

          ဖုန်းကို ကြည့်လိုက်တော့ နံပတ် မပေါ်သောကြောင့် ဘယ်သူလို့ ကျွန်တော် မသိနိုင်ပါ။ ထို့ကြောင့် . . . 

         “ ဟလို . . .  ”

         “ အိမ်း . . . ငါ့ ကောင်ကြီး ၊ ငါပါကွ ”

        ဟော . . ဒီလို ပြောတတ်တာ ဆိုလို့ သူပဲ ရှိ၏။ ဒါကြောင့် သိလိုက်ရပါပြီ။ အသံကိုက ပြောင်ချော်ချော် ဆိုပေမဲ့ လျှို့ဝှက်ချက်တွေ များစွာ ပါသော အသံမျိုး။ 

         “ သြော်. . . အေး . . မင်းကိုး . . . ”

         “ ဟုတ်ပ. . . ဟုတ်ပ . . ငါပါပဲ ”

         “ မင်း ဘယ်ကို ရောက်နေပြန်တာလဲ ”

         “ တစ်နေရာရာပေါ့ကွာ ၊ ငါ ဘယ်နေရာ ရောက်ရောက် . . . . ငါကတော့ အရင် အတိုင်းပါပဲ ”

         “ အေးပါ ၊ ငါလည်း သိပါတယ်။ မင်းကို ယူမဲ့ လူမရှိဘူး ဆိုတာကို . .  ”

          ကြုံတုန်းလေး နှိပ်ကွပ်ရပါ၏။ ကိုယ် မတွယ်ရင် သူက တွယ်တော့မယ် မဟုတ်လား။

         “ ပြဿနာ မရှိဘူး. . . ပြဿနာ မရှိဘူး ဟေ့ကောင် ၊ မင်းဖာသာ ပြောချင်သလိုပြော ငါက နာတတ်တဲ့ ကောင်မှ မဟုတ်တာ။ မလိုချင်လို့ ရွာပြောင်းနေတာ မင်း သိပါတယ် ”

         အဲ . . . ဒါတော့ အဟုတ်။ သူ့ကို ခြေငြိမ်အောင် ဆိုပြီး သူ့အိမ်က မိန်းမ ပေးစားလို့ အခုလို ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ လူတစ်ယောက်ပါ။

         “ အေးပါ . . . ထားပါတော့ . . ဘာကို အရင်အတိုင်းပဲလဲ ”

         “ ငါ ပြောတာကကွာ။ ငါကတော့ မပြောင်းလဲပါဘူး။ ဘယ်ကိုပဲ ရောက်ရောက် မင်းရဲ့ စာတွေကို ဝင်ဖတ်နေတဲ့ မင်း ပရိသတ်ပဲ လို့ ပြောမလို့ကွ ”

         ဒီလို အချိုသတ် စကားနဲ့ စလာရင် နည်းနည်း မဟုတ် ၊ အတော် များများကို လန့်ရသည်။ ဒီကောင် ဘာတွေများ မဟုတ်တာ လုပ်ပြောတော့မယ် မသိနိုင်။

          “ အင်း . . . ဝေ့မနေနဲ့ ဟေ့ကောင်။ မင်း ဘာပြောချင်တာလဲ ပြောစရာ ရှိတာ ပြောသာ ပြော ”

          “ ဟဲဟဲ. . . မင်း တောင်မှ ပါးရည် နပ်ရည် ရှိလာပြီပဲ ၊ ဒါနဲ့ သန်းထိုက် နဲ့ရော တွေ့ဖြစ်သေးလား ”

          “ မတွေ့ဘူးကွ ၊ ဒီကောင် ဘယ်ရောက်နေပြန်ပြီလဲ မသိဘူး။ မင်း ဘာပြောမှာလဲ ၊ ဟဲဟဲ လုပ်မနေနဲ့ ဆက်ပြော ၊ ဘာလဲ ”
      
          “ အခု မင်း နောက်ဆုံး ရေးလိုက်တဲ့ “ နှလုံးသား ရှိရာ ” ဝတ္ထုလေးက ကောင်းပါတယ်။ ဒါပေမဲ့ လုထု မျက်ရည် ၊ ပရိသတ် မျက်ရည် ချူနေတာလား ”

          “ ဘာကွ ”

          “ အဟဲ . .  ကြားတဲ့ အတိုင်းပဲလေ ”

          “ ဝတ္ထုရေးတာပဲကွာ ၊ စိတ်ကူး ရှိရာ ရေးမှာပေါ့ မင်းကလဲ ”

          “ ဝတ္ထုတွေ ဘာတွေ လုပ်မနေနဲ့ ၊ မင်းရဲ့ အဖြစ်အပျက်ကြီး ဆိုတာ စာဖတ်တတ်တဲ့ လူတိုင်း သိတယ်။ အသိသာကြီးကိုကွာ ”

          “ ဟာ . . ဟေ့ကောင် . . ဟေ့ကောင် ၊ ဘေးက လူတွေ ကြားကုန်တော့ မှာပဲ ၊ ဘာတွေ လျှောက်ပြောနေတာလဲ ”

          “ ဘာမှ မကြားဘူး ၊ ကြားလည်း ဒီမှာ မြန်မာစကား နားလည်တဲ့လူ ငါ့ဘေးမှာ တစ်ယောက်မှ မရှိဘူး။ ”

           “ ဝတ္ထုပါကွ မင်းကလဲ ၊ စိတ်ကူးတွေကို ပုံဖော်ထားတာပါ ဆိုနေမှ ”

           “ ဝတ္ထုတွေ  ၊ သင်္ကန်း ပရိက္ခရာတွေ လာလုပ်မနေနဲ့ ဟေ့ကောင်။ မင်းရဲ့. . . လမင်းလေး ဆိုတဲ့ တစ်ယောက် အကြောင်း ရေးထားတာ မဟုတ်လား ”

            ရင်ထဲမှာ တကယ်ပဲ ဂွီခနဲ မြည်သွားပါသည်။

           “ မဟုတ်ဘူး . . . မဟုတ်တာ. . . မင်းကလဲ ”

           “ အေးလေ. . . မင်းဖာသာ ဘယ်လိုပဲ ငြင်းငြင်း စာဖတ်သူတွေကတော့ ကိုဇော့် အဖြစ်မှန် ဆိုပြီး သိကြမှာပါပဲ။ မယုံရင် ကြည့်လိုက်လေ ၊ မင်းလုပ်ထားတဲ့ Vote မှာ ဘာက များနေလဲလို့ ”

            “ အာ . . ဒုက္ခပဲ ဒီကောင်တော့. . . ”

            “ ဟဲဟဲ . . ဝန်ခံလာချင်ပြီ မဟုတ်လား ”

           “ ဘာကို ဝန်ခံရမှာလဲ ၊ ဝတ္ထုရေးတာပါ ဆိုနေမှပဲ ”

           “ အေးလေ မင်းဖာသာ ငါ့ကို ဘယ်လို ငြင်းငြင်း အားလုံးကတော့ အီရတ်မှာ တင့်ကားမောင်း သလို ထင်ထင်ရှားရှား သိကြမှာပါပဲ ”

           “ လယ်ပြင်မှာ ဆင်သွား သလို လုပ်စမ်းပါကွာ ”

          “ အီရတ်က သဲကန္တာရက လယ်ကွင်းထက် ကျယ်တယ်လေကွာ။ ပြီးတော့ အဲဒီမှာ သုံးတဲ့ တင့်ကားတွေကလည်း ဆင်ထက်တောင်မှ ကြီးသေး ”

          “ အေးပါကွာ . . အေးပါ ထားလိုက်ပါတော့ ၊ မင်းနဲ့ တွေ့ရင် ဒါတွေ ကြားရမယ် ဆိုတာ သိနေပါတယ် ၊ ငါကိုက သိသိကြီးနဲ့ ပြောမိတာ ”

           “ ဟဲဟဲဟဲ. . . ဂလိုပဲဖြစ်ရမယ်လေ ”

           “ ဒါပေမဲ့ တကယ်တော့ ငါကလည်း စိတ်ကူးပြီး ရေးနေတာလို့ပဲ ထင်တာပါပဲ ”

           “ အေးလေ. . . စိတ်ကူးပြီး ရေးတာပဲလေ . . ဟဲဟဲ ”

            ဒီကောင် စိတ်ပြောင်းတုန်းလေး ဖိသိပ်ထားမှ . .  ၊ နည်းနည်းတော့ စိတ်အေးသွားရသည်။

            “ ဒါပေမဲ့ ငါ မင်း အရင်က ရေးထားတဲ့ စာတိုလေး တစ်ခုကို သွားသတိရမိတယ်။ ”

            ဟင် . .  ဘာများပါလိမ့်။ အေးနေနဲ့ စိတ်ကလေးက ပြန်နွေးလာရပြန်ရော။

            “ ဟိုစာလေကွာ . . . နေဦး ၊ ငါ Bookmark လုပ်ထားတယ် ၊ မင်းကို ပြချင်လို့။ မင်း လမင်းလေးကို ချော့တုန်းက ရေးထားတဲ့ စာလေ ”

             မှားပြီ. . . အဲဒီတုန်းက ပြောခဲ့မိ ၊ ပြခဲ့မိတာ မှားလေပြီ။ 

             “ ဒီမှာ ရော့ . . အချစ် = လမင်း ဆိုပြီးတော့ ရေးထားတာလေ ”

             ဟု ဆိုကာ လင့်တစ်ခု ပေးလာတော။ ကျွန်တော် သွားကြည့်လိုက်တော့ ဟိုးအရင်က ကျွန်တော် ရေးထားတဲ့ စာလေးကို အောက်ပါ အတိုင်း ပြန်ဖတ်ရတော့သည်။ အဲဒီတုန်းက သူက “ နှင်းရိပ်လမင်း ” ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးနေတာကိုး။ အဲဒီတော့ ဒီလို တင်စားပြီး ပြောမိတာပေါ့။

           “ အချစ် ဆိုတာ လမင်းကြီးနဲ့ တူတယ်လို့ ကျွန်တော် ခံစားမိတယ်။

           ကြည့်လေ ဟိုမှာ  . . . . .

          လမင်းကြီးဆိုတာ တဖြေးဖြေးနဲ့ တိုးတိုးပြီး ပြည့်ရင် ပြည့်လာ မပြည့်ဘူးဆိုရင်တော့ တဖြေးဖြေးနဲ့ လျော့လျော့ပြီး နည်းသွားတာပဲလေ။ နောက်ဆုံးဆိုရင် ပျောက်တောင်မှ ပျောက်သွားသေးတယ် မဟုတ်လား။

          အချစ် ဆိုတာလည်း လမင်းကြီးလိုပဲလေ။

          အင်း  . . . . တဖြေးဖြေးနဲ့ တိုးတိုးပြီး ချစ်ရင် ချစ်လာ မဟုတ်ဘူးဆိုရင်တော့ ၊ တဖြေးဖြေးနဲ့ အင်း............

         ဒါကြောင့် ပြောတာ  . . . “ အချစ်ဆိုတာ လမင်းကြီးနဲ့ တူတယ်လို့ ၊ လက်ခံကြလား။ ”

ကိုဇော် ခံစားတင်ပြသည်။ ”

          ဒီလို တွေ့ရ၏။

         “ ဒီတော့ ဘာဖြစ်တာလဲ ၊ ငါလည်း စိတ်ကူးပေါက်လို့ ရေးထားတာလေ ”

         “ အဲဒီတုန်းကတော့ ဘာမှ မဖြစ်ပါဘူး ၊ အခုတော့ မင်းရဲ့ နှလုံးသား ရှိရာ ကို ဖတ်ပြီးတော့မှ ဖြစ်သွားတာ ”

          “ ဘယ်လိုတွေ ဖြစ်ပြန်တာလဲ ၊ လုပ်စမ်းပါဦး ”

          “ မင်းက အချစ်ဆိုတာ လမင်းကြီးနဲ့ တူတယ် လို့ နှိုင်းထားတာ မဟုတ်လား။ အဲဒီကို ငါက ဆက်ပြီး တွေးကြည့်လိုက်မိတာ . . .  ”

          “ အင်း . . . ဒီတော့ ဘာတွေ တွေ့လဲ ”

         “ အချစ်ကို လမင်းနဲ့ နှိုင်းတာတင် မကဘူး ၊ ချစ်သူ ဆိုတာလည်း တကယ်တော့ လမင်းကြီးနဲ့ ခိုင်းနှိုင်းလို့ ရတာပဲ ”

          ဟော . . လုပ်လာပြီ။ လာတော့မယ် အသစ်တွေ. . . . အသစ်တွေ. . .

         “ လုပ်စမ်းပါဦး ၊ ဘယ်လို ခိုင်းနှိုင်းရတာလဲ ”

          “ တကယ်လို့ ကိုယ့်ရဲ့ ချစ်သူဟာ ကိုယ့်ထက် အရပ်မြင့်နေတဲ့ သူ ဆိုပါတော့. . . ၊ ကိုယ့်မှာ ချစ်သူကို မြင်ရဖို့ ဆိုရင် အမြဲတမ်း မော့မော့ကြည့်နေရမှာ မဟုတ်ဘူးလား ”

          “ အင်းလေ . . ဒါနဲ့ ဘာဖြစ်လဲ။ ဒါကတော့ ထူးဆန်းလားကွ။ အရပ် ကိုယ့်ထက် မြင့်မှတော့ မော့ကြည့်ရမှာပေါ၊ မော့မကြည့်ချင်လို့ မင်းက ကုလားမခြေထောက်နဲ့ ကြည့်ချင်သေးလို့လား ”

           “ အကောင်းပြောနေတာကို မင်း ဝင်မဖောက်နဲ့ ၊ ထောင်တန်တဲ့ စကား ရယ်ပေါ့ တဲ့။ ငါ တကယ်ကို အတွေးအခေါ်နဲ့ ပြောနေတာ . . . ”

            အမယ် . . . လာလာ ချည်သေး။

           “ ထားပါတော့ ဆက်ပြောပါဦး။ ကိုယ့်ထက် အရပ်မြင့်တဲ့ ချစ်သူကို မော့ကြည့်ရတော့ ဘာဖြစ်လဲ ”

           “ ကိုယ့်ထက် အရပ်မြင့်တဲ့ ချစ်သူကို မော့မော့ကြည့်နေရတော့ ကိုယ့်ရဲ့ ချစ်သူဟာ လမင်းကြီး နဲ့ တူတာပေါ့ကွ ”

            “ ဘယ်လို . . . ”

          “ ဒီလိုလေကွာ ၊ လမင်းကြီး ဆိုတာ အမြဲတမ်း ငါတို့ အပေါ်မှာ ရှိနေတာ မဟုတ်လား။ တစ်ခါတလေတော့ သူ ကျချိန်မို့လို့ အမြင့်က ကြည့်ရင် တန်းတူလိုလို ၊ အောက်ဘက်မှာ လိုလို ထင်ရတတ်ပါတယ်။ ဒါပေမဲ့လည်း များသော အားဖြင့် လမင်းကြီး ဆိုရင် မော့ကြည့်ရတာပဲ မဟုတ်လား ”

            “ အင်း . . . ဟုတ်ပါတယ် ၊ ဒီတော့   . . . ဘာဖြစ်လဲ ”

            “ ဘာဖြစ်ရမလဲကွ ၊ ကိုယ့်ထက် အရပ်မြင့်တဲ့ ချစ်သူကို ရထားသူ အားလုံးက ကိုယ့်ရဲ့ ချစ်သူကို လမင်းကြီး လို့ တင်စားနိုင်တာပေါ့ ”

             အလဲ့ . . . ဟုတ်သားဟ။ မစဉ်းစားမိဘူး။

          “ ထားပါတော့ကွာ။ မင်း ပြောသလို ကိုယ့်ထက် အရပ်မြင့်တဲ့ သူကို လမင်းကြီးလို့ တင်စားထားတယ် ဆိုရင် ကိုယ်နဲ့ အရပ် တန်းတူ ၊ ကိုယ့်ထက် အရပ် နိမ့်တဲ့ လူတွေကိုဆို မင်း ဘယ်လို တင်စား မလဲ ၊ လုပ်စမ်းပါဦး. . . ဟဲဟဲဟဲ. . ”

           ဒီလောက်တောင်မှ ကပ်သီးကပ်သပ် တွေုးပြီး လျှောက်ပြောတဲ့ ကောင်ကို ဒီလို ညစ်ပြီး မေးပစ်လိုက်၏။

            “ အဟဲ . .  ဘယ်ရမလဲကွာ။ မင်းကို ဒီလို ပြောရင် မင်းကလည်း ဒီလို ပြန်မေးမယ် ဆိုတာ သိလို့ ကြိုစဉ်းစား ထားပါတယ်။ ”

            “ လုပ်စမ်းပါဦး . . ”

            “ ကိုယ့်ထက် အရပ်မြင့်တဲ့ ချစ်သူ ဆိုရင် ခေါင်းမော့ပြီး ကြည့်နေရလို့ “ လမင်းကြီး ” လို့ တင်စားလို့ ရသလို ၊ ကိုယ်နဲ့ အရပ် တန်းတူ ချစ်သူ ဆိုရင် အမြဲတမ်း ခေါင်းမော့ ၊ ငုံပြီး ကြည့်စရာ မလိုလို့ သူ့ကို “ ကြေးမုံ ( ခေါ် ) မှန် ” လို့ တင်စားလို့ ရတယ်။ ဟုတ်တယ်လေ . . . ဘယ်သူမှ သာမာန် အားဖြင့် မှန်ကြည့်ရင် မော့ပြီး ၊ ငုံပြီး မကြည့်ပါဘူး။ ကိုယ်နဲ့ တည့်တည့်ကိုပဲ ကြည့်မှာပေါ့  ”

             “ အလဲ့ . .၊ တယ် ဟုတ်ပါလား . . မှန်တယ်။ ဆက်စမ်းပါဦး ”

            “ အေး . . အဲဒီလိုပဲ ၊ ကိုယ့်ထက် အရပ်နိမ်တဲ့ ချစ်သူ ဆိုရင် အမြဲတမ် ငုံကြည့်နေရတာမို့ “ ပန်းကလေး ”  ကို ငုံနမ်းနေတာနဲ့ တင်စားလို့ ရတယ်။ ဘာလို့လဲ ဆိုတော့ လူတွေက များသော အားဖြင့် ကိုယ်ချစ်တဲ့ ပန်းလေးကို နမ်းမယ် ဆိုရင် ငုံနမ်းကြတာပဲ များတယ်လေ။ အပင်ပေါ်မှာ ရှိနေတဲ့ ပန်းကို မော့ကြည့်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ခဏပဲ။ ပန်းချီကားတွေ ၊ ဓါတ်ပုံတွေမှာ ကြည့်ပါလား။ မိန်းကလေး တစ်ယောက် ပန်းပွင့်လေးကို ကိုင်ပြီး နမ်းနေတဲ့ ပုံ ဆိုရင် အမြဲတမ်း ခေါင်းလေးက ငုံ့နေတာပဲ များတယ်။ ဘယ်သူမှ ခေါင်းကို မော့ပြီး ပန်းကို အမြင့်မှာ ထားပြီး မနမ်းကြဘူး ”

           “ အင်း . .  ဟုတ်တာပဲ ”

           “ ဒါကြောင့် ငါကတော့ ချစ်သူကို အဲဒီလို အရာဝတ္ထု သုံးမျိုးနဲ့ ဥပမာထားပြီး သရုပ်ခွဲချင်တယ်။
  • “ လမင်းကြီး ” နဲ့ တူသော ချစ်သူ ၊
  • “ ကြေးမုံ ( ခေါ် ) မှန် ” နဲ့ တူသော ချစ်သူ ၊ 
  • “ ပန်းကလေး ” နဲ့ တူသော ချစ်သူ
         ကျွန်တော် ဘာမှ မပြောမိပါ။ ငြိမ်ပြီးတော့ နားထောင်ကာ သူပြောတာကို မျက်လုံးထဲ သရုပ်ဖော်နေမိသည်။

           “ ဘယ်လိုလဲ ဟေ့ကောင်  ”

           “ ကြိုက်တယ် ၊ မိုက်တယ်။ တကယ်ပြောတာ ငါ တစ်ခါမှ မစဉ်းစားမိဘူး။ မင်းတွေးတဲ့ ဒဿနလေး အတော်ကို လှတယ် ”

            “ ဟဲဟဲ. . . ဒီလိုပဲ ဖြစ်ရမှာပေါ့ကွာ ”

            “ ဒီတော့ . . . . ငါကလည်း . . . ”

            “ အမ်. . . ဘာဖြစ်ရပြန်ပြီလဲ ”

            “ သြော်. . . ငါကလည်း မင်းရဲ့ ဒဿနလေးကို ကြိုက်တဲ့ အတွက် ဘလော့ဂါ ပီပီ ဘလော့ပေါ်ကို တင်ရမှာပေါ့ကွာ။ ဒါပါပဲ ”

          “ ဟာ . . . ဒီကောင် လုပ်ပြန်ပြီ။ ပြောမိသမျှ ၊ ဆိုမိသမျှ မင်း အတွက် ကုန်ကြမ်းတွေလို သဘောထား နေတာလား ”

           “ အဟဲ . . ဒါကတော့ကွာ ၊ ငါက ဘလော့ဂါလေကွာ ”

          “ ခွိး  . . . . အေးလေ. .  ၊ တင်ချင်သပ ဆိုလည်း တင်ပေါ့ကွာ။ ဒါပေမဲ့ . . . ဖြတ်တောက်ပြီး တင်ဖို့တော့ မစဉ်းစားနဲ့ ”

          “ ဘာကိုလဲ ”

         “ ဟုတ်တယ်လေ. . . အခု မင်းနဲ့ ငါ ပြောသမျှကို ဖြတ်တောက်ပြီး မင်း ကြိုက်တာကိုပဲ ရေးတင်ဖို့ မစဉ်းစားနဲ့လို့ ၊ အဲဒီလို ရေးတင်လို့ကတော့ မင်းရဲ့ လမင်းလေး အကြောင်းကို အကုန် ဖွပစ်မယ် ဟေ့ကောင် ၊ မင်းရဲ့ နှလုံးသား ရှိရာ ဝတ္ထုက တကယ့် အဖြစ်အပျက်ပါ။ အပြင်မှာ အသည်း ဟက်တက် ကွဲနေတဲ့ ကောင်ပါ ဆိုပြီး လျှောက်ရေးပစ်မယ် ”

          “ ဟာ . . . မင်း . . . . အဲဒီလို မလုပ်နဲ့လေကွာ ”

          “ ဒါဆို မင်း . . . အခု ပြောသမျှ တစ်လုံး မကျန်တင် ၊ မဟုတ်လို့ကတော့ ငါ ဖွပြီ . . . ဟဲဟဲ ”

           “ အေးပါကွာ . . . အေးပါ . . .  တင်ဆိုတော့လည်း တင်ရပေါ့လေ။ ဘာမှ မဖြစ်ပါဘူး ”

            “ အေး . . တင်ပြီးရင် လာကြည့်မယ် ”

            “ ကြည့်ပေါ့ ၊ ဒါနဲ့ သေချာအောင် နောက်ထပ် တစ်ခေါက် ရွတ်လိုက်ဦးမယ်။
  • ကိုယ့်ထက် အရပ်မြင့်တဲ့ ချစ်သူ ဆိုတာ “ လမင်းကြီး ”
  • ကိုယ့်နဲ့ အရပ်တန်းတူညီနေတဲ့ ချစ်သူ ဆိုတာ “ ကြေးမုံ ( ခေါ် ) မှန် ”
  •  ကိုယ့်ထက် အရပ်နိမ့်တဲ့ ချစ်သူ ဆိုတာ “ ပန်းကလေး ”
            အိုကေတယ်နော်။ ”

           “ အေး . . ဟုတ်တယ် ”

           “ ကောင်းတယ် သူငယ်ချင်း သဘောကျတယ်ကွာ။ ကျေးဇူးပဲ ပို့စ် တစ်ပုဒ်တော့ ရတာပေါ့ ”

            အဲဒီလိုနဲ့ ကျွန်တော်လည်း ဒီပို့စ်ကို ချရေးကာ တင်လိုက်ပါတော့သည်။ စာဖတ်သူတို့ရဲ့ ချစ်သူက ဘယ်လို ပုံသဏ္ဍာန် ရှိတဲ့ ချစ်သူများ ဖြစ်နိုင်ကြမလဲ မသိဘူး။ ကျွန်တော့် အတွက်တော့ ကျွန်တော့် ချစ်သူက အခု ဆိုရင် “ ပန်းပွင့်လေး တစ်ပွင့် ” အဖြစ် အသွင်ပြောင်း သွားပါရောလား။


        မှတ်ချက်။ ။ အခု ပို့စ်ကို တိုက်ရိုက်ဖတ်လို့ အထာ မကျနိုင်ဘူးဆိုရင် အရင်က “ ဗျည်းသံ ၊ သရသံ မပါသော ဒဿနများ ( ၁ ) ” ကို ဒီနေရာမှာ အရင် ဖတ်ကြည့်ပါ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

noblemoe said...

စာပဲဖတ်သွားပါတယ်။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

ငွေလမင်း said...

စာလာဖတ်မှတ်သွားပါတယ်

ခင်မင်စွာဖြင့်

...အလင်းစက်များ said...

ဗျည်းရော၊ သရရော ဒါတွေအပြင် တိတ်တိတ်ဆိတ်ဆိတ်နဲ့  ဘာအသံမှမပါလဲ ဒဿနပါပဲ.......... :D

အဖြူရောင်နတ်သမီး said...

အောင်မြတ်လေးးးးးးးး ကိုဇော်ရဲ့..
ဒီပို့စ်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရေးပါလားးးတော့...

နတ်သမီးကျောင်းသူဘဝက နတ်သမီးရဲ့အရပ်က ၅ပေ ၈လက္မဆိုတော့ ကောင်လေးတွေက သူတို့ထက်အရပ်ရှည်တဲ့နတ်သမီးကို အရှည်ကြီးလို့ ခေါ်ကြတာ...အဲဒီမှာတင် နတ်သမီးလည်း အပျိုကြီးစာရင်းဝင်ဖြစ်တော့တာပဲ..
ကိုဇော်သာ..ဒီပို့စ်ထဲကလို..

“ကိုယ့်ထက်အရပ်ရှည်ရင်...လမင်းနဲ့တူတဲ့ချစ်သူ” အကြောင်းရေးခဲ့မယ်ဆိုရင် အရပ်ပုတဲ့ ကောင်လေးတွေ အားတက်သွားပြီး နတ်သမီးစွန်ခဲ့မှာပေါ့..ခုတော့...လွဲပြီ..
အဲဒါ ကိုဇော်ရေးတဲ့ပို့စ် နောက်ကျလို့...ပြန်ရော်ပေး..ဒါပဲ

ဒေါင်းမင်း said...

ဟီးကျွန်တော်ချစ်သူကကျွန်တော်ထက်အရပ်နှိမ့်
တော့ပန်းကလေးပေါ့နော်...ဟဲဟဲ
ခင်မင်စွာဖြင့်
မိတ်ဆွေကြီး
ဒေါင်းမင်း

မိုးယံ said...

ဖတ်သွားတယ်... အဲဒီ ပို့စ်ခေါင်းစဉ် ဖတ်ဖူးတယ်.. ဟိုတစ်ယောက်က တစ်ကယ်လဲ ဖြဲမယ်ဆိုရော အတင်းကို မုန်လာဥ လုပ်တေ့တာပဲ..သူပြောတာလဲ ဟုတ်တယ်လေ.. မဲယူတော့ ကိုယ်တွေ့တွေ အများကြီးရတယ်..ပြန်ဖြေရှင်းတော့ ကိုယ်တွေ့ကို စာလုံးသေးသေးနဲ့ မုန်လာဥ လုပ်သေးတယ်..

တို့ကတော့ ဦးဇွတ်နဲ့တွေ့တုန်းက ပြောထားလို့အဖြစ်မှန်ကို သိပြီးသားပါ.. ဒါပဲနော်.. လျှောက်ဖွလိုက်ရမလား။ ဟွင်း ဟွင်း

ဒါနဲ့ စကားမစပ် အရပ်ရှည်တဲ့လူတွေလဲ လူ့ပြည်မှာ အရှည်ကြီးအခေါ်ခံရလို့ နတ်ပြည်တတ်နေရင်း နတ်သမီးဖြစ်ရလေပြီ...

မေပယ်လ် said...

ဗျည်းသရတွေ ပြွတ်သိပ်နေလို့ ခံတွင်းတွေ့သွားတယ်

ahphyulay said...

ကိုကိုဇော်..
ဒီနေ့  နောက်ကျတယ်၊ ပြန်တာ..။
နက်ဖန်မှဖတ်တော့ မယ်ဗျာ..ကိုဇော့် ဒသန ကြီးကို။
နောက်တစ်ခေါက်ပေါ့ ။

Anonymous said...

ကိုကြီးဇော်...:)
ကျွန်တော့်ချစ်သူက အခုဆိုရင် ပန်းပွင့်လေးတစ်ပွင့်အဖြစ်
အသွင်ပြောင်းသွားပါရောလား...ဆိုတော့...
အရင်က ပန်းပွင့်လေးတစ်ပွင့် မဟုတ်ဘူးပေါ့..ဒါဆိုဘာလဲ ကိုကြီးဇော်ရဲ့....:P စိတ်မဆိုးရ၊ နောက်သွားသည်။

သူကြီးမင်း (တုံးဖလား) said...

ချစ်သူသရုပ်ခွဲသင်တန်းလာတက်တာပါခင်ဗျာ။ ကျနော်ကတော့ ပန်းပွင့်လေးလို ချစ်သူကို အမြတ်နိုးဆုံးပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

ကိုဇော် ရေ

အရောက်နောက်ကျသွားတယ် ဖတ်သွားပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး