မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 December 2010

17 လမ်းဖြတ်ကူးသူများ



    “ ဝူး. . . . . ”

     “ $&**#&@*@*_$&_@) ”

        ဆဲသံ တစ်စုံတစ်ရာတို့ လွင့်ထွက်လာသည်။ တကယ်ဆို ဒီနေရာက ကူးမျဉ်းကြား နေရာ မဟုတ်။ ကျွန်တော်တို့က စည်းကမ်းမဲ့စွာ လမ်းဖြတ်ကူး နေကြသူများသာ ဖြစ်သည်။ ဒီနေရာက အဝေးပြေး လမ်းမပေါ်မှာ ကျနေတဲ့ နေရောင်တွေကို အံတုပြီး ဟိုးတစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ လူကူး တံတားပေါ်ကို လျှောက်သွားဖို့ ဆိုတာ တော်တော် ခဲယဉ်းမိသည်။

       မန္တလေး တစ်ပြ ဆိုတာက ဘယ်လောက် ဝေးလည်း ကျွန်တော် မသိပါ။ ဒီနေရာကနေတော့ ထိုတံတားကို ရောက်ဖို့ ပြတတလေးသာ။ မြင်နေရတဲ့ လူကူးတံတားပေါ်က လူဖြတ်ကူးဖို့ ထမင်းစားချိန် ဆိုတဲ့ အကန့်အသတ် အချိန်နဲ့ ပူပြင်းစပ်လောင်လှတဲ့ နေရောင်က ထွေးပွေ့လောင်မြှိုက်၏။

        ဟင့်အင်း . . ဒီလိုပဲ ခေါင်းခါပြီး ကျွန်တော် ငြင်းမိ၏။ ကျွန်တော် စည်းကမ်း မရှိလို့ မဟုတ်ဘူး။ ကျွန်တော် နိုင်ငံကြီးသား မပီသချင်လို့ မဟုတ်ဘူး။ ဒီဘက် ကားလမ်းကနေ ဟိုဘက် ကားလမ်းကို ကူးလိုက်ရင် ရောက်တော့မဲ့ အလုပ်နဲ့ အိမ်ကို မြင်နေရပြီလေ။ ဒါလို ခရီးကို ဝေးအောင်လို့ ကိန္နရီ ချောင်းခြားသလို ကာထားတဲ့ ဒီကားလမ်းမ အလယ်က ကွန်ကရစ်တုံး ပေါ်မှာ ဖြတ်မကူးအောင် သံပန်းတွေကလည်း တောက်လျှောက် ကာထား၏။ ဟိုးအရင်ကတော့ မဖြစ်မနေ လူကူးတံတားဆီကို ရောက်အောင်သွားပြီးမှ ဟိုဘက်က လမ်းကို ဖြတ်ကူးရလေ၏။

         အခုတော့ ကျောင်းက ပြန်လာတဲ့ လူငယ်တွေက တံတားဆီကို ရောက်အောင် မသွားကြတော့ဘဲ ၊ ဟိုဘက် ဒီဘက် ကာရံထားတဲ့ သံပန်းတွေကနေ တွယ်တတ်ပြီး ခုန်ကျော်သွားကြ၏။ ခုန်ပါ ၊ ကျော်ပါ ၊ နှဲ့ပါ များတော့ သံပန်းတွေက ကျိုးပျက်ပြီး ဒီနေရာက ပြင်လိုက် ၊ ခဏနေရင် ကျိုးလိုက်နဲ့ ၊ နောက်ဆုံး မပြင်ဖြစ်တော့တဲ့ ဒီနေရာက ကျွန်တော်တို့ တံတားပေါ်ကို တကူးတက သွားပြီး လမ်းဖြတ် ကူးမနေချင်တဲ့ လူတွေရဲ့ ကူးနေရာလေး ဖြစ်လာခဲ့လေတော့သည်။ ငပျင်းတွေရဲ့ လမ်းဖြတ်ကူးရာ နေရာလေး ဟု ဆိုကြပါစို့။

         “ ဝေါ. . . . ”

         “ )(&)%#%+_Q#%_^+#*^  ”

        ကူးမလို ကူးမလို ရွယ်နေကြတဲ့ လူတွေ အားလုံး လွတ်လောက်တယ် ဆိုပြီး ကူးမယ် အလုပ်မှာ ဖြတ်တတ်လာတဲ့ ကားကြောင့် တရုတ်ဆဲသံ ၊ မလေးဆဲသံ ၊ ကုလည်ဆဲသံ ၊ မြန်မာရေရွတ်သံ ၊ အော်ဟစ် ပြောဆိုတဲ့ အသံများ ထပ်ထွက်လာခဲ့၏။

        တစ်ခါတစ်လေ ကျတော့လည်း ရုံးဆင်းချိန်တွေမှာ ဆိုရင်တော့ စိတ်ချလက်ချသာ တံတားဆီကို ရောက်အောင်သွားပြီး ကူးတာက ဒီနေရာလေးကနေ ဖြတ်ကူးဖို့ စောင့်နေတဲ့ လူတွေထက် စောပြီး ဟိုဘက်ကို ရောက်နေတတ်သည်။ ရုံးဆင်းချိန် ဆိုတာ ကားအပြန်တွေနဲ့ လမ်းက အဆက်မပြတ် ဖြစ်နေတတ်သည်။ ဒီအချိန် ငပျင်း ၊ သူတို့မှာ ဖြတ်ကူးဖို့ ပြင်ရင်း ပြင်ရင်းနဲ့ တံတားပေါ်က အေးအေးဆေးဆေး ကူးလာသူက သူတို့ရဲ့ မျက်နှာချင်းဆိုင်ကို ရောက်နေပြီ သူတို့ကတော့ ဖြတ်ကူးဖို့ ပြင်တုန်း ပြင်တုန်းပါပဲ။

        တကယ်တော့ ကျွန်တော်တို့ အတွက် ဒီနေရာက ဖြတ်ကူးတာ အန္တရာယ် အတော်ကို များပါသည်။ ဒီမှာက ကားတစ်စီးဟာ သာမာန် အားဖြင့် အနည်းဆုံး ကီလို ၆၀ မောင်းရ၏။ ဒီထက် နှေးရင် ယာဉ်ကြော ပိတ်ဆို့မှုနဲ့ သူတို့ကို ရဲက အရေးယူနိုင်တယ် မဟုတ်လား။ ဒီတော့ ကားတစ်စီးနဲ့ တစ်စီး ရှေ့ကားနဲ့ နောက်ကားက ၈ ပေလောက် အကွာလေးကို အရှိန်နဲ့ ဖြတ်မောင်းသွားကြ၏။

         အဝေးပြေးလမ်းမ ဆိုတာကလည်း မီးပွိုင့်က မရှိ။ ဒီတော့ လမ်းပေါင်းစုံက အဝေးပြေး လမ်းမပေါ်ကို တတ်လာတဲ့ ကားတွေက အဆက်မပြတ်။ ဒီလိုအချိန်မှာ လမ်းမရဲ့ တခြား တစ်နေရာရာက မီးပွိုင့်မိသွားလို့ ကားလမ်းကြောလေး နည်းနည်းပြတ်သွားပြီး ကား အဆက်ပြတ်သွားတဲ့ နေရာလေးမှာမှ လမ်းဖြတ်ကူးဖို့ စောင့်နေသူတွေက ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းရိုင်းတွေလို အရှိန်ပြင်းပြင်း ခပ်သွက်သွက် ပြေးကူးကြရလေ၏။

    “ ပွမ်းးးးးးးးးးးးးးးးးးးးးးးး . . . . .. ”

        မလွတ်မလပ်နဲ့ ကားလေး နည်းနည်းကျဲ သွားတာကို လူငယ်ကျောင်းသား တချို့ကျတော့ ဇွတ်အတင်း ရအောင် ဖြတ်ကူးတတ်လေ၏။ အခုလည်း ကျောင်းသားလေး နှစ်ယောက် ဖြတ်ကူးလို့ အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးက မလွတ်မလပ် တိုက်မိနိုင်ကြောင်း ဟွန်းတီး အချက်ပေး သွားတာပါ။ ဟူး. . . . တကယ်ကို မလွယ်လှဘူး ဒီနေရာက လမ်းကူးရတာ။ တကယ်ကို အန္တရာယ် ရှိသည်။

        ကားတွေကိုသာ ကြည့်နေရတာ ကားလမ်းရဲ့ တစ်ဘက် ၊ ကျွန်တော်တို့ရဲ့ ဆန့်ကျင်ရာ အရပ်ကို ကြည့်လိုက်တော့ ကားလမ်းရဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့လို ကားလမ်းကို လူကူးတံတားပေါ်မှာ သွားပြီး ဖြတ်မကူးချင်ပဲ နီးရာကနေ ဖြတ်ကူးဖို့ စောင့်နေကြတဲ့ လူတစ်သိုက်ကိုလည်း တွေ့ရလေ၏။ ကျွန်တော့်ဘေးနားမှာလည်း ထမင်းစား အတူတူပြန်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့။ ကားလမ်းဖြတ်ကူးဖို့ လူတစ်စုက စုစုဝေးဝေး။ 

        အသွားနဲ့ အပြန် ကားလမ်းမမှာ လမ်းကြောသုံးခု ရှိ၏။ ကားတွေက အရှိန်မြန်ရတယ် ဆိုပေမဲ့ ကားတွေထက် ဆိုင်ကယ်တွေကို ပိုပြီး ကြောက်စရာ ကောင်းသည်။ ဆိုင်ကယ်က ကားကြိုကားကြားကနေ မထင်မှတ်တဲ့ နေရာက ထွက်လာတတ်၏။ ပြီးတော့ သူတို့က ကိုယ်ထည် သေးတယ် ဆိုပြီး မြွေလိမ်မြွေကောက်ကလည်း မောင်းသေး။ လမ်းကြောတစ်ခု ရှင်းတယ် ဆိုပြီး လမ်းကြောအလယ်မှာ သွားရပ်နေလိုက်မဟဲ့ ဆိုပြီး သွားရပ်နေရင်တော့ ကားမတိုက်ပဲ ဆိုင်ကယ်တိုက်ခံရမှာ သေချာလေသည်။ ဒါကြောင့် လမ်းကြော သုံးခုလုံး ရှင်းပြီ ဆိုတဲ့ အချိန်ကျမှုသာ ဟိုဘက်က စောင့်နေတဲ့ သူတွေရော ဒီဘက်က စောင့်နေတဲ့ ကိုယ်တွေရော အရှိန်တင် အတင်းလု ပြေးကြရတော့သည်။ 

          တစ်ဘက်က လူသွားလမ်းမကို ခြေချမိပြီ ဆိုတော့မှ တင်းထားတဲ့ စိတ်တွေကို လျော့ချပြီး “ ဟင်း ” ခနဲ သက်ပြင်းကို ချရလေ၏။ တစ်ဘက်က လူသွားလမ်းမပေါ် ခြေမချရခင်ထိတော့ လူကသာ ရှေ့ကို လျင်မြန်လှတဲ့ ခြေလှမ်းနဲ့ သွားနေတာ မျက်နှာ နဲ့ မျက်လုံးတွေ ကတော့ ဘေးမှ ကားတွေ လာရာ လမ်းမဆီကို မျှော်ကြည့်ထားရ၏။ မကြည့်လို့လည်း မရဘူး။ ဒီမှာက ကားမောင်းတဲ့ အရှိန်တွေက မြင့်လို့ ကိုယ်က ဝေးလို့ လွတ်ပါတယ် ဆိုပြီး ဖြေးဖြေးလျှောက်မိရင် “ ပွမ်..............” ဆိုတဲ့ ကားဟွန်းသံ ကြားမှ ကားက ကိုယ့်နား ရောက်နေတာမျိုး တုန်လှုပ်ဖို့ ကောင်းလှစွာ ကြုံရဖူးသည်။

     “ ပွမ်. . . . ပွမ်. . . . ပွမ်. . . .  ပွမ်. . . . . ”

        တချို့ ကျတော့လည်း ကားက လမ်းကို ဖြတ်ကူးဖို့ ပြင်နေတဲ့ လူတွေဆီကို မရောက်သေးဘူး။ ကားလာနေကြောင်း သိအောင် ကြိုပြီး ဟွန်းတီးထား၏။ တချို့ကကျတော့ လွတ်လို လွတ်ငြား ကြားနည်းနည်း လှမ်းတာနဲ့ ပြေးပြီး ဖြတ်ကူးမိလို့ ကားက အတင်း ဘရိတ်အုပ်ရတာတွေ ရှိ၏။ တချို့ကျတော့ လွတ်ပြီ ထင်လို့ ဖြတ်ပြေးတော့မှ နောက်ထပ် လမ်းကြောက ကားက မြန်လာလို့ တိုက်မိသွားသူတွေလည်း ရှိ၏။ အို . . . ပြောမကုန်အောင် အစုံပါပဲလေ။

      “ ဘုန်း. . . . ”

         ဆိုတဲ့ အသံဟာ အရမ်းကို ထုးဆန်း၏။ ကားဆိုတာ ကားကားချင်း တိုက်မိရင် “ ဝုန်း ” လို့ မြည်ပေမဲ့ ကားက လူကို ဖြစ်ဖြစ် ၊ တိရစ္ဆာန်ကို ဖြစ်ဖြစ် တိုက်မိသွားရင်တော့ ကားရဲ့ ဘောနပ်ပေါ်ကို လက်ဝါးနဲ့ ရိုက်လိုက်သလို “ ဘုန်း ” ဆိုပြီးပဲ မြည်၏။ ထူးတော့ ထူးဆန်းပါ၏။ မယုံရင် ကားဘောနပ်ပေါ်ကို လက်ဖြင့် ခပ်ပြင်းပြင်း ပိန်ချိုင့်သွားအောင် ပုတ်ပြီးပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်ပဲ ကားနဲ့ အတိုက်ခံ ပြီးတော့ပဲ ဖြစ်ဖြစ် အသံကို စမ်းသပ် နားထောင် ကြည့်စေချင်၏။ ( ကိုယ့်ပြဿနာတော့ ကိုယ်ရှင်းပေါ့လေ။ )

         ကားတိုက်တာကို ကျွန်တော် စမြင်ဖူးတာ တော်တော်တော့ ထူးဆန်းနေ၏။ ကျွန်တော် မြင်ဖူးတဲ့ ကားတိုက်ခံရသူက လူတစ်ယောက် မဟုတ်ပဲ နွားတစ်ကောင် ဖြစ်နေခြင်းက ပို၍ ထူးဆန်းနေစေ၏။ နွားကို ဟိုင်းလတ် ကားတစ်စီးက ဝင်တိုက်တာပဲ ဖြစ်သည်။ “ ဘုန်း ” ဆိုတဲ့ အသံကြောင့် “ ဟာ  . . တိုက်ပြီ။ ”  ဆိုပြီး ကျွန်တော် လှည့်ကြည့်လိုက်တော့ ကားက လူကို တိုက်တာ မဟုတ်ပဲ နွားကို တိုက်လိုက်တာသာ ဖြစ်၏။ တိုက်ခံရမိတဲ့ နွားကလည်း ကမူးရှူးထိုးနဲ့ ထပြီး လမ်းအောက်ဖက် ပြေးဆင်းသွားတာပါပဲ။ သြော်. . . ကားတိုက်ခံရသူက ဒီလိုပဲ ကမူးရှူးထိုး ဖြစ်တတ်တာပါလားလို့ ကျွန်တော် တွေးကြည့်မိဖူးသည်။

        နောက်တော့ ကားတိုက်တာတွေ မမြင်ချင်လည်း မြင်နေရ ဆိုသလို ကျွန်တော် သိလာ ပါတော့သည်။ ကားတိုက်ခံရတဲ့ လူတစ်ယောက်သည် သူ့ကို တတ်သာ မကြိတ်သွားဘူး ဆိုရင် ဒဏ်ရာ ပြင်းနေရင်တောင်မှ အယောင်ယောင် အမှားမှားနဲ့ ကမူးရှူးထိုး ထိုင် ၊ ထ ၊ လမ်းလျှောက် တတ်ကြသေး၏။ နောက်မှ ဒဏ်ရာကြောင့် လဲကျပြီး သတိလစ် သွားတတ်ကြတာ များလေသည်။ ဒဏ်ရာ ပြင်းလွန်းလို့ တုံးခနဲ သေဆုံးသူတွေက လွဲလို့ပေါ့။

         “ ကိုဇော် . . ဒီကားပြာလေး ပြီးရင် ဖြတ်ကူးလို့ ရလောက်ပြီ။ နောက်ကားက တော်တော် ဝေးတယ်။ ပြေးရင် လွတ်လောက်တယ်။ ” 

        ဘေးက ထမင်းစား အတူ ပြန်တဲ့ ညီလေးက ပြောတော့မှ ကားလမ်းဖြတ်ကူးဖို့ စောင့်နေရင်း အတွေးများ နေခြင်းကနေ ပြန်ပြီး သတိထားမိသွား၏။ 

        “ အေး . . . ဟုတ်တယ်။ ခပ်မြန်မြန်လေး ဖြတ်ကူးကြတာပေါ့။ ”

       ပြောလည်း ပြော ၊ ပြင်လည်း ပြင် ဆိုတာလို ကားလမ်းကို ဖြတ်ပြေးဖို့ ပုဆိုး မဟုတ်ပေမဲ့ ဘောင်းဘီကို မသိမသာ မ လိုက်မိ၏။ တကယ်တော့ ဘောင်းဘီက မစရာ မလိုပါ။ သူက အလယ်မှာ လာရှုပ်နေတာမှ မဟုတ်ဘဲ။ သို့သော် အကျင့်အတိုင်း အောက်သို့ လျောမကျပေမဲ့လည်း မ တင်လိုက်မိသည်။  ပြီးတော့ သူ့နောက်မှာ ကားကြော အတော်ပြတ်သွားတဲ့ ကားပြာရောင်လေးကိုပဲ မျက်စိထဲကို ဆွဲသွင်းထား လိုက်တော့၏။ 

       “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

       “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

        “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

        ဒီလိုလည်း စိတ်ထဲက ကိုယ့်ဖာသာ အကြိမ်ကြိမ် ပြောနေမိ၏။ ဘာရယ် မဟုတ်ပဲ ဘေးနဲ့ အရှေ့ကို ဖြတ်ခနဲ ကြည့်လိုက်တော့ ဘေးက လူဆယ်ယောက်ကျော်ကလည်း ဖြတ်ကူးဖို့ စိုင်းပြင်းနေသလို အရှေ့က ဆန့်ကျင်ဘက် ပလက်ဖောင်းမှ လူ ၈ ယောက် လောက်ကလည်း ဖြတ်ကူးဖို့ တာဆု နေကြပြီ။ ဒီကားပြာလေး ပြီးရင် အကုန်လုံး ဖြတ်ကူးဖို့ ဆော်လောနေကြပြီ။ အောက်မှာ ချထားတဲ့ အိတ်ကို ကောက်ကိုင်သူက ကိုင် ၊ ကလေး လက်ဆွဲသူက ဆွဲ ၊ ကျောပိုးအိတ် မသူက မ ၊ အသက်ဝအောင် ရှူသူက ရှူ နဲ့ ကိုယ်စီ ကိုယ်င အလုပ်ရှုပ်ပြီး လှုပ်လှုပ်ရှားရှား အသက်ဝင်လာကြ၏။ 

    “ လာပြီ. . .”

    “ လာပြီ. . .”

    “ ဖြတ်ပြီ. . .”

    “ ကျော်ပြီ. . .”

    “ ကူး. . . ”

        ကိုယ့်ဖာသာ စိတ်ထဲက တိုင်ပင် ယူပြီး ကားပြာလေး ကျွန်တော့် ဘေးက ဖြတ်သွားတော့  နောက်က လိုက်လာမဲ့ ခပ်လှမ်းလှမ်းက ကားကို ကြည့်နေရင်း လမ်းကို ဖြတ်ကူးလိုက်မိသည်။ ကျွန်တော့်ကို ကျော်ဖြတ်သွားပြီးတဲ့ ကားပြာလေးဘက်ကိုတော့ လှည့်မကြည့်မိ။ ကျော်သွားပြီးသား ကားကလည်း နောက်ပြန် ဆုတ်လာရိုး ထုံးစံ မရှိပါ။ ဒါကြောင့် စိတ်ချလက်ချ . . . နောက်ထပ် လာနေတဲ့ ကားကိုပဲ ကြည့်ပြီး လမ်းဖြတ်ကူးလိုက်၏။

       ကျွန်တော့် ခြေထောက် တစ်ဘက်က ဟိုဘက် လမ်းသွားလမ်း ဘောင်ပေါ်ကို ခြေချဖို့ နှစ်လှမ်းလောက် အလိုမှာ ကျွန်တော့် နားထဲကို အသံမျိုးစုံ ဝင်လာတာ ကြားလိုက်ရလေ၏။

     “ ဘုန်း . . . ”

     “ ဟာ . . . တိုက်မိပြီ။ ”

     “ ကျွီ . . . . .  ”

        ကျွန်တော့်ကို ဖြတ်ကျော်သွားတဲ့ ကားပြာလေးရဲ့ ဘက်က အသံတွေ ကြားလိုက်ရသလို ၊ ကျွန်တော် ကြည့်နေတဲ့ ဘက်က လာနေတဲ့ ကားဘက် အခြမ်းကလည်း အသံတွေ ကြားလိုက်ရ၏။ ဘာရယ် မသိပေမဲ့ ကျွန်တော်လည်း နေပူပူ အောက်မှာ အပြေး သွားနေရင်း မျက်လုံးတွေ ပြာဝေသွားမိ၏။ 

        “ ဟာ. . . တိုက်မိပြီ။ ”

         ဆိုသော အသံက ကျွန်တော့်ဘေးနားက ညီလေး ဆီက ထွက်လာတဲ့ အသံ ဖြစ်ပြီး။

         “ ဘုန်း. . . ”

         ဆိုတဲ့ အသံကတော့ ဝင်တိုက်မိသံ ဖြစ်တယ်။ 

         “ ကျွီ . . . ”

         ဆိုတဲ့ အသံကတော့ အရှိန်ပြင်းစွာ မောင်းလာတဲ့ ကားတစ်စီးနဲ့ ဘရိတ်ဆွဲသံ ဆိုတာကို ဘယ်သူ့မှ ငြင်းလို့ မရဘူး။ ကြောက်တတ်တာ မဟုတ်ပေမဲ့ ထမင်းစား လာနေရင်း သွေးသံ ရဲရဲတော့ ကျွန်တော် မမြင်ချင်။ ဒါကြောင့် ဖြစ်နေပြီလား ဆိုတဲ့ အတွေးနဲ့ ကျွန်တော် လှည့်မကြည့်သေးဘဲ ဘေးနားက ညီလေးကိုပဲ မေးလိုက်မိ၏။

         “ တော်တော်များလားကွ။ ”

         “ နှစ်ယောက်တော့ ပက်လက်လန်နေတယ် အစ်ကို။ ”

         “ ဖြစ်ရလေကွာ။ ”

        လူဆိုတာ မကြည့်ရလည်း မနေနိုင်လေတော့ ပြောပြောဆိုဆိုပဲ ကျွန်တော် လှည့်ကြည့်လိုက်တော့ လူနှစ်ယောက် ကားလမ်းမပေါ်က ဂမူးရှူးထိုး ကုန်းထနေတာကို တွေ့လိုက်ရလေ၏။ ကမူးရှူးထိုးကြောင့် ကားလမ်းပေါ်ကနေ သူတို့ ကုန်းထနေတာကို တွေ့လိုက်ရပေမဲ့ ကျွန်တော် အံ့သြသွားမိသည်။ ဒါကြောင့် ကျွန်တော့် နှုတ်ဖျားက နောက်ထပ် တစ်ကြိမ် အသံထွက် သွားမိသည်။

        “ ဖြစ်ရလေကွာ။ ”

       ဆိုပြီး ကျွန်တော် ထပ်ပြီး ရေရွတ်မိ၏။ သို့သော် . . . ဒီဖြစ်ရလေကွာ နဲ့ ပထမက ရေရွတ်တဲ့ “ ဖြစ်ရလေကွာ ”  နဲ့ အဓိပ္ပါယ်ရော ၊ အသံရော ၊ ဟန်ပန်ရော မတူဘူး ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ သိလိုက်ပါတော့သည်။ 



      “ နေ့လည်က ကားလမ်းမှာ လူနှစ်ယောက်ကို ကားတိုက်မိလို့ဆို . . . ပက်လက်တောင်မှ လန်ကျသွားတယ် ဆို . . . ဟုတ်လား ကိုဇော်။ ”

        “ အင်း . . ဟုတ်တယ်။ ဒါပေမဲ့ . . မဟုတ်ဘူး။ ”

        “ သြော် . . .  အမ် . . . ဘယ်လိုကြီးလဲ မင်းဖြေတာကြီးက. . ။ ”

        “ အေးလေ။ အမှန်ကိုပဲ ဖြေတာလေ။ သူတို့နှစ်ယောက် တိုက်မိပြီး ပက်လက်တော့ လန်နေကြတယ်။ နောက်တော့ သူတို့ ကမူးရှူးထိုး နဲ့ ကုန်းထပြီး ထွက်သွားကြတယ်။ ဒါပေမဲ့ . . . .  ”

        “ ဒါပေမဲ့ ဘာဖြစ်တာလဲ။ ”

        “ ဒါပေမဲ့ . . . သူတို့ကို ကားတိုက်တာ မဟုတ်ဘူး။ ”

        “ ဟင် . .  ဒါဆို သူတို့ကို ဘာက တိုက်တာလဲ။ ”

       “ ဒီလိုကွ။ နှစ်ဘက်စလုံးက ကားလမ်း အရှင်းကိုပဲ စောင့်ကြည့်နေကြတယ်လေ။ နောက်တော့ ကားရှင်းတော့ ကူးကြတယ်။ ဒီအချိန်မှာ နောက်က ပါလာတဲ့ ကားကိုပဲ ကြည့်နေကြတော့ အရှေ့က ကိုယ်နဲ့ မျက်နှာချင်းဆိုင် လာနေတဲ့ လူတွေကို မကြည့်မိပဲ လူလူချင်း တိုက်မိပြီး ကားလမ်းမ ပေါ်မှာ ပက်လက်လန် သွားကြတာပါ။

        “ သြော် . . . ဒီလိုကိုး။ ”

        “ အေးကွ။ ငါလည်း ပထမကတော့ “ ဘုန်း ”  ဆိုတဲ့ အသံ ၊ မောင်စိုင်းက “ ဟာ. . တိုက်မိပြီ။ ” လို့ အော်တဲ့ အသံ ၊ ကားဘရိတ်အုပ်တဲ့  “ ကျွီ.. . . .” ဆိုတဲ့ အသံ အရ ကားနဲ့ တိုက်မိပြီပဲ ထင်တာပေါ့။ ဒါပေမဲ့ ကားဘရိတ်အုပ်တဲ့ အသံကြောင့် ဘရိတ်အုပ်တဲ့ ကားကို ကြည့်လိုက်တော့ အနောက်က ပါလာတဲ့ ကားက သူတို့ လူအချင်းချင်း တိုက်မိပြီး လမ်းပေါ်မှာ လဲနေတာကို ထပ်ပြီး တိုက်မိမှာ စိုးလို့ ဘရိတ်အုပ် လိုက်တာပါ။ ”

        “ သြော်. . . ဒီလိုကိုး။ ”

        “ အေး . . မင်းကလည်း “ သြော်. . ဒီလိုကိုး ” တွေ များနေတယ်။ လမ်းကူးရင်လည်း သတိထားဦး။ ”

     ဒီလိုပါပဲ။ တစ်ခါတစ်လေတော့လည်း လောကကြီးက ကျွန်တော်တို့ကို ပြောင်ချော်ချော်နဲ့ ကျီစားတတ်၏။ ကားလမ်းပေါ်မှာ ကားတိုက်ခံရမှာ စိုးလို့ ဖြတ်ကူးနေရင်း ကားနဲ့ မတိုက်မိပဲ လူအချင်းချင်း တိုက်မိတတ်အောင် လူ့လောကကြီးက ကျီစယ်တတ်လေသည်။

         သြော် . . . ဒါနဲ့ . . . မေးရဦးမယ်။ အခု စာဖတ်သူကရော ဒါမျိုး ကြုံဖူးလား။ 


လေးစားစွာဖြင့်
ကိုဇော်
18.5.2010

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

ရွှေရတုမှတ်တမ်း said...

ဖြစ်ဖူးတယ်...ဖြစ်ဖူးတယ်...အို...မလွယ်ဘူးရုးနိုင်တယ်

Free said...

အဟီး ...ဖြစ်ဘူးတယ်အကို........ ဆုလေမီးပွိုင်.မှာ အမြန်လမ်းဖြတ်ကူးတော.လေ...လဲတော.မလဲသွားဘူး..တိုက်မိရုံပဲ..အဟဲ

ခိုင်နုငယ် said...

လူလူချင်းတိုက်တာတော့ တွေ့ဖူးတယ်ဗျ
ကိုယ်တိုင်တော့မကြုံဖူးဝူး ကျောင်းတက်တုန်းကတော့
တက္ကသိုလ်ကွင်းရှေ့ ဘယ်ညာလမ်းကျောမှာ ကားကြောက်တတ်တဲ့ သူငယ်ချင်းကြောင့်ကားတိုက်မိမလိုတော့ဖြစ်ဖူးတယ်.
ရှေ့ရောက်ကာမှ နောက်ကြောင်းပြန်ပြေးလို့ ဗျာ သူတစ်ယောက်တည်းလှည့်မပြေးပဲ ကိုယ့်ကို ပါဆွဲခေါ်လေတော့ သီသီလေးလွတ်သွားတယ်
အဲသလို....

ချော (အစိမ်းရောင်လွင်ပြင်) said...

ဒီမှာတော့ ကားမောင်းတာ စည်းကမ်းမရှိဘူး ခနခန တိုင်မှုဖြစ်တယ်.. မနေ့ကတင် အိမ်ရှေ့မှာကားနဲ့ဆိုင်ကယ်တိုက်ပါလေရော..
ဆိုင်ကယ်သမား ထတောင်မထနိုင်ဘူး.. ၁၀မိနစ်လောက်မှ ထလာပြီး ဟိုလျှောက်ဒီလျှောက် လျှောက်တယ်..
ဆိုင်ကယ်တော့ တော်တော်ထိသွားတယ်..
ဒီမှာ ဆိုင်ကယ်နဲ့အပြင်ထွက်ရင် အမြဲသတိထားရတယ် ဘယ်ချိန်များအနောက်က လာဝင်တိုက်သွားမလဲ.. ကြောက်နေရတယ်.. ကားမောင်းတာ စည်းကမ်းမရှိလို့... နေရာတကာမှာ စည်းကမ်းဆိုတာ လိုတာတော့အမှန်ပါဘဲ

kiki said...

လူကူးမျဉ်းကျား လမ်းပေါ်ကနေ ကူးတိုင်းလည်း စိတ်ချရတာ မဟုတ်ဘူး နော် .။။
တချို့ ကားတွေက ရပ်မပေးပဲ အတင်းတိုးဝင်လာကြတတ်တယ် ။မျက်နှာချင်းဆိုင် ကူးလာတဲ့ လူလူချင်းလည်းဝင်တိုက်ကြသေးတယ် ။ ဒီတော့ ခန္ဓာကိုယ်ကြီးသူက နိုင်စတမ်းပေါ့ ။

မနေ့ ကတော့ သတင်းတခုမြင်လိုက်ရတာ ..ကားကလူကိုတိုက်တာ .. လူက လဲသွားပြီး မသေမရှင်နဲ့.. အဲ့ဒါ ကားက နောက်ပြန် ဆုတ်ပြီး သေအောင်တက်ကြိတ်သွားပါရောလား .. ကင်မရာတွေက ရိုက်မိထားလို့  ..ဒီလူရမ်းကား ..ကားသမားကို ဖမ်းမိလိုက်တယ်...
လမ်းကူးရမှာ ကြောက်ဖို့ ကောင်းလိုက်တာ ..ဘယ်သူမှားမှား ကိုယ် ပဲ အရင် ဒုက္ခရောက်ရမှာ လေ ...
သတိထားအုံးမှပဲ ..လူ ချင်း မတိုက်အောင် ..

မောင်မိုး said...

စိတ်တစ်ထင့်ထင့်နဲ့ဖတ်လာပြီးကာမှ နောက်ဆုံး အသံထွက်ပြီး ရယ်လိုက်မိတယ်။ ဖြစ်တတ်တယ် ဒါမျိုးက။ ဟဲ..ဟဲ။

အဖြူရောင်နတ်သမီး said...

ဟီး..ဟီး...
အပေါ်က အကိုပြောသလိုပဲ အသံထွက်ပြီး ရီမိသွားတယ်..။
ဖြစ်တတ်ပါတယ်...ဒါမျိုးတွေ...
ကားလွတ်အောင် အမြန်ကူးချင်ပါတယ်ဆိုမှ လူတွေကိုရှောင်မရပဲ ဝင်တိုက်တာ..ဘားလမ်းထိပ်က လူကူးမျဉ်းကြားမှာကြုံဖူးတယ်...

phyo said...

သွါးပြီ 2 ယောက်တောင်မှ လို့ ထင်လိုက်တာ.. ဟူး နောက်ဆုံးကျမဘဲ သိလိုက်ရတယ်.. တော်ပါသေးရဲ့...

Angel Shaper said...

ဟုတ်တယ် လူကူးမျဉ်းကျားကကူးလည်ူးသူတို့ပဲအလျင်လိုကြတယ် ရပ်မပေးဘူးး။
်တော်သေးတာပေါ့ လူလူချင်းတိုက်တာမို့လို့......

mabaydar said...

ကိုဇော်ရေ... လူချင်းတိုက်မိမလိုဖြစ်တာတော့ ကြုံဖူးတယ်... ဒါပေမဲ့ ခုလောက်ထိတော့ မပြင်းထန်ဘူး... လူချင်းတိုက်မိတာလဲ ဘုန်းလို့ အသံထွက်တာပဲလား... မရှင်းလို့...

မြသွေးနီ said...

" သတိ... ကား..နောက်ဆုတ်မယ် "
" သတိ... ကား..နောက်ဆုတ်မယ် "
" သတိ... ကား..နောက်ဆုတ်မယ် "

kyaw said...

ဟဟ...ကိုဇော်ကလည်း...ကျွန်တော်လည်းဂန့်ကုန်ပြီမှတ်နေတာ...လူဇိုးကြီးး

အဖြူရောင်နတ်သမီး said...

ဘီလိုဖစ်လို့ ဒီပို့စ်ကြီးပြန်တက်လာတာတုန်း....................

ကိုဇော် said...

အရင်က ရေးထားတာ ဆိုတော့ စာလုံးပေါင်းတွေ မှားနေလို့ ပြန်စစ်ရင်း ပုံလေးပါ လုပ်ဖြစ်သွားလို့ ပြန်တင်လိုက်တာပါ။ အထဲက တချို့ စကားလုံးတွေလည်း အမှားတွေ ပြင်ထားလို့ ဆားချက်လိုက်တာ...
အသစ်လေးတွေကတော့ နှစ်ကူးမှပဲ အဟီး . . .

rose said...

ကိုဇော်... ၀တ္ထုလေး လာဖတ်ပါတယ်။ အင်း... အဲဒီလို လမ်းကူးတာ အန္တရယ် များလိုက်တာနော်။ မျဉ်းကြားကနေ ကူးတာ အကောင်းဆုံးပါပဲ။ ရို့စ်နေတဲ့ ဒီနိုင်ငံမှာတော့ သိပ်ကို စည်းကမ်း ရှိကြတာပဲ။ ယာဉ်တိုက်မှုလည်း ဖြစ်ခဲတယ်။ လူကူးမျဉ်းကြားမှာ မကူးရင်တောင် ကားမောင်းသူက ရပ်စောင့်ပေးတယ်။ တကယ့် ချစ်ဖို့ ကောင်းတယ်။

Kanaung said...

ကျွန်တော်လည်းတိုက်ဖူးတယ်ဗျ... လူလူချင်းတိုက်တာလည်း မဟုတ်ဘူး။ ကားကလူကိုတိုက်တာလည်း မဟုတ်ဘူး။ ကျွန်တော် ငယ်ငယ်တုန်းက ကျောင်းကပြန်တော့ အိမ်ရောက်ချင်ဇောနဲ့ အိမ်ရောက်ခါနီးလမ်းမမှာ နောက်လာတဲ့ကားကို ကြည့်ရင်းရှေ့ကားမကျော်မီကူးတာ ကားကိုကျွန်တော်ဝင်တိုက်မိရော :P :P နောက်ပြန်လဲကျသွားတာ တော်တော်နာတယ်။ အခုထိတောင်နာနေသလိုပဲ :)

Anonymous said...

လူချင်းတော့တိုက်ဖူးတယ်...
may

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.