မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 December 2010

13 နှလုံးသား ရှိရာ ( ၆ )




“ ဘာလို့ နှင်းနွယ် နေရာမှာ ပန်းတွေ လာပို့ထားတာလဲ ကိုဇော် ”

မနေ့က နွယ် နဲ့ Gtalk မှာ စကားပြောကာ ဖုန်းချသွားပြီး နွယ် အလုပ်သွားနေတဲ့ အချိန်မှာ ကိုယ် အိပ်ယာက နိုးတော့ LC မှာ ရှိတဲ့ သူ့နေရာမှာ ပန်းပွင့်ပုံလေးတွေ နက်ထဲက ရှာပြီး တွေ့သလောက် သွားပို့ထားမိ၏။ နှင်းဆီပန်း ရောင်စုံ ၊ ကိုယ်ချစ်သော စံပယ်ပန်း ၊ နှစ်သက်သော သစ်ခွပန်း စသော ပန်းမျိုးစုံ တစ်ပွင့်ချင်းစီ ပုံလေးတွေကို သူ့မျက်နှာစာမှာ သွားပို့ဖြစ်ခဲ့၏။ ဒါကြောင့် ဒီနေ့ သူက အလုပ်က အပြန်မှာ သူ့မေးလ်ထဲ ရောက်နေတဲ့ Ning မှ Alarm Link ကို နှိပ်ပြီး သွားကြည့်တော့ သူ့နေရာမှာ ကိုယ် ပို့ထားသော  တစ်ပွင့်ထဲသော ပန်းပေါင်းများစွာကို တွေ့လိုက်ရ၍ မေးခြင်း ဖြစ်သည်။ 

“ ဘာဖြစ်လို့လဲ နွယ် ”

“ ဘာဖြစ်တယ် လို့တော့ ဘယ်ဟုတ်မလဲ ကိုဇော်ရဲ့ ၊ ကိုဇော်က အခုလို လာပို့တယ် ဆိုတော့ တစ်ခုခု အကြံရှိလို့ လာပို့တယ် ဆိုတာတော့ သိတာပေါ့။ ဒါပေမဲ့ ဘာကြောင့် ဆိုတာတော့ သဘောမပေါက်ဘူး။ ဘာကြောင့်လဲ ဆိုတာ အခု မေးတာလေ ”

“ သြ . . . သြော်. . ”

“ ဟွန်း . . သူပဲ ပို့ပြီး မသိချင်ယောင် ဆောင်နေတယ်။ ”

“ ဟုတ်လား ”

“ တွေ့လား ၊ လူကို အသည်းယားအောင် လုပ်နေတယ်။ ပြောပြပါ ကိုဇော်ရဲ့။ ဘာလို့ တစ်ပွင့်တည်းသော ပန်းပွင့်ပုံတွေ လာပို့ထားတာလဲ ”

“ ရှင်းရှင်းလေးပါ နွယ်ရယ် ၊ နွယ့်ကို ကိုယ် ပန်းပေးတာပါ ”

“ ဟင် . . . ဒါတော့ သူပြောမှလား ”

“ တကယ်ပြောတာလေ ၊ ကိုယ်ပေးတယ် ဆိုတဲ့ ရည်ရွယ်ချက်က ဒါပဲ။ ဒါပေမဲ့ အဲဒီ ရည်ရွယ်ချက် နောက်မှာ အဓိပ္ပါယ်တွေတော့ ရှိတာပေါ့ ”

“ ဘယ်လို အဓိပ္ပါယ်လည်း ကိုဇော် ၊ ဒါပေမဲ့ နွယ် သိသလောက်တော့ ပန်းပေးရင် အလှမ်းဝေး တတ်တယ် တဲ့ ”

“ ဒါကတော့ သူတို့ဖာသာ အဓိပ္ပါယ် ဖွင့်တာပါ ၊ ကိုယ်ကတော့ အဲဒီလို အဓိပ္ပါယ် မဖွင့်ပါဘူး ၊ ကိုယ့် အဓိပ္ပါယ်ကို နွယ် နားလည်အောင် ဆိုရင် အဖြစ်အပျက်လေး တစ်ခု ပြောပြမှ ရမယ် ”

“ ပြောပါဦး ကိုဇော် ၊ နွယ် စိတ်ဝင်စားလာပြီ ”

“ ကိုယ် ငယ်ငယ်က အကြောင်းလေးပါ ၊ ဂျစ်ကန်ကန် ကိုဇော် တစ်ယောက် အကြောင်း ဆိုပါတော့ ”

“ အင်း . .  ပြောပါဦး ”

“ ဒီလိုပါ။ ကိုယ် ငယ်ငယ်က စနေ ၊ တနင်္ဂနွေ ဆိုရင် ကျောက်မြောင်းက အဖွားအိမ်ကို ညနေတိုင်း သွားရတယ်။ တကယ်တော့ ကိုယ်နေတာက တာမွေက အမေ့ဘက်က အဖွားနဲ့ အတူတူနေတာ။ ဘာလို့ ကျောက်မြောင်းမှာ ရှိတဲ့ အဖွားအိမ်ကို သွားရတာလဲ ဆိုတော့ ကျောက်မြောင်းက အဖွားက သူ့ရဲ့ သားသမီး ၈ ယောက်ကနေ မွေးတဲ့ မြေးတွေ အကုန်လုံးကို စုစုစည်းစည်း တွေ့ချင်လို့ပဲ။

ဒါကြောင့် စနေ ၊ တနင်္ဂနွေ ဆိုရင် ကိုယ် ကျောက်မြောင်းမှာ ရှိတဲ့ အဖွားအိမ်ကို မြေးတွေ စုရပ် အဖြစ် သွားရတယ်။ ဒါပေမဲ့ သူတို့နဲ့ ကိုယ်က သိပ်တော့ အစေးကပ်တာ မဟုတ်ဘူး။ သူတို့က အနံကြီး ၊ ကွင်းကျယ်တွေ။ ကိုယ်က နဂိုကတည်းက ခပ်ရွတ်ရွတ်ရယ်။ သူတို့က စားတာ သောက်တာက အစ အရမ်း ကိန်းကြီး ခမ်းကြီး နိုင်တယ်။ ကိုယ်က ပေကပ်ကပ်နဲ့ . . . ၊ အဲ . .  ဒါတွေ ထားပါတော့လေ။

ဒီလို တစ်ပတ်ကို နှစ်ရက် ကျောင်းပိတ်တိုင်း မြေးတွေ အားလုံး အဖွားအိမ်မှာ စုမိကြရင် ကိုယ့်ဖေဖေရဲ့ အစ်ကို ၊ ကိုယ့်ဦးလေးက အရမ်း ပုံတိုပတ်စတွေ ၊ ဗဟုသုတတွေ ၊ ဥာဏ်စမ်းတွေ အရမ်းပြောတတ်တယ်။ အဲဒီလို စနေ ၊ တနင်္ဂနွေနေ့တိုင်း ကိုယ်တို့ကို သူက ဥာဏ်စမ်းလေးတွေ မေးလေ့ ရှိတယ်။ ကလေး ဆိုတော့လည်း ကလေးနဲ့ တန်တဲ့ ဥာဏ်စမ်းလေးတွေပေါ့။ ဥပမာ အနေနဲ့ နွယ့်ကို ကိုယ် မေးကြည့်မယ် ၊ ဖြေမှာလား ”

“ အရမ်းခက်လား “

“ မခက်ပါဘူး ကိုယ်တို့ ကလေးတုန်းက အမေးခံခဲ့ရတာတွေပါ ”

“ ဒါဆို မေးကြည့်လေ ၊ မရရင်တော့ မဖြေဘူးနော် ”

“ အိုကေလေ ၊ မရဘူး ဆိုရင် ဥာဏ်စမ်း ၊ ပဟေဠိတွေရဲ့ထုံးစံ အရ မဖြေနိုင်ဘူး ဆို ပန်းပေးတယ် ဆိုပြီး အရှုံးပေးပေါ့ ”

“ ဟုတ် ”

“ ဒါဆို စပြောမယ်နော်။ ကိုယ်တို့ စနေ ၊ တနင်္ဂနွေနေ့တိုင်း အဲဒီဦးလေးက ပုံတိုပတ်စတွေ ၊ ဥာဏ်စမ်းတွေ မေးလေ့ ရှိတယ်။ အဲဒီထဲက ဥာဏ်စမ်းတစ်ခုက ဒီလို ၊ သူက မေးတယ်  . . .

ကြက်ဥ သုံးလုံးကို လင်မယား နှစ်ယောက်ကို အညီအမျှ ဝေပေးချင်တယ်။ ဒါပေမဲ့ မပိုင်းရဘူး ၊ မစိတ်ရဘူး ၊ မခွဲရဘူး ၊ မခြမ်းရဘူး ၊ မပြုတ်ရဘူး။ အဲဒါကို ဘယ်လို ဝေမလဲ

လို့ သူက မေးတယ်။ ဒီတော့ ကိုယ်တို့ မြေးတသိုက်ကလည်း သူ့ဥာဏ်စမ်းကို ဝိုင်း စဉ်းစားကြတာပေါ့။ အခု နွယ် ဆိုရင်ရော အညီအမျှ ဖြစ်အောင် ဘယ်လို ဝေပေးမလဲ ”

“ ကြက်ဥက သုံးလုံး ၊ လင်မယားက နှစ်ယောက် ဘယ်လိုလုပ် ဝေမလဲ။ တစ်ယောက် တစ်လုံးစီ ၊ ပိုတဲ့ တစ်လုံးကို ပြုတ်ပြီး တစ်ယောက် တစ်ခြမ်း ဆိုပြီး ပေးမယ် ”

“ အာ . . ဒီလို မရဘူးလေ။ ပြောထားတယ်လေ။ မခွဲရဘူး ၊ မစိတ်ရဘူး ၊ မခြမ်းရပါဘူး ဆိုထားတယ်လေ ”

“ ဒါဆို ဘယ်လိုလုပ် ဝေပေးမလဲ ၊ ဝေလို့ မရပါဘူး ”

“ ရလို့ မေးတာပေါ့ ၊ အခု နွယ် ဝေပေးတတ်လား ”

“ ဟင့်အင်း ၊ မဝေတတ်တော့ဘူး ”

“ ဒါဆိုရင် ပန်းပေးပြီလား ”

“ ဘာပန်း ပေးရမှာလဲ ”

“ မဟုတ်ဘူးလေ ၊ ဥာဏ်စမ်းတွေရဲ့ ထုံးစံကိုက အဖြေမပေးနိုင်တော့ဘူး ဆိုရင် “ ပန်းပေးတယ် ” ဆိုပြီးတော့ အရှုံးပေးရတယ် ”

“ သြော် . . . ဒီလိုလား ၊ ဒါဆိုရင် နွယ် ပန်းပေးပြီ ”

“ အင်း  . . အဲဒီတုန်းက ကိုယ့်ဦးလေးကလည်း အဲဒီလို မေးတော့ ကိုယ်တို့လည်း မဖြေနိုင်တော့ ပန်းပေးပါပြီ လို့ ဝိုင်းပြောလိုက်ကြတယ် ”

“ ဒီတော့မှ ဦးလေးက ဥာဏ်စမ်းရဲ့ အဖြေကို ပြောတော့တာပဲ ”

“ အဖြေကဘာလဲ ဟင် ”

“ အဖြေက ကြက်ဥက သုံးလုံး ၊ လင်မယား နှစ်ယောက် ဆိုတော့ လင်က တစ်ယောက် ၊ မယားက နှစ်ယောက်လေ။ ဒီတော့ လင်နဲ့ မယား အားလုံးပေါင်းတော့ သုံးယောက်ပေါ့။ ဒီတော့ တစ်ယောက်ကို တစ်လုံးစီ ယူလိုက်ကြတာပေါ့ ”

“ ဟာ . . . ဒါ တမင် ကပ်သီးကပ်သပ် မေးထားတာပဲ ၊ ဟွန်း  . .  မုန်းစရာကြီး ”

“ ဟားဟား . . . ဥာဏ်စမ်းပါ ဆိုမှ နွယ်ကလဲ  ”

“ ထားပါတော့လေ . . ဟွန်း . . ”

“ မထားပါဘူး . . ၊ ဥာဏ်စမ်းက တိုတော့ သူက နောက်ထပ် တစ်ခု ထပ်မေးတယ် ”

“ လုပ်လာပြန်ပြီ ”

“ ခုန မေးခွန်းနဲ့ ခပ်ဆင်ဆင်ပဲ ၊ ကြက်ဥ ခွန်နစ်လုံးကို လင် နဲ့ မယား ကို ခွဲဝေပေးတယ်။ ကြက်ဥကို မခွဲရဘူး ၊ မစိတ်ရဘူး ၊ မခြမ်းရဘူး။ အဲဒီတော့ ဘယ်လို ခွဲဝေပေးမလဲ တဲ့။ ကဲ  . . . နွယ် ဆိုရင်ရော ”

“ သူတို့က လင်မယား နှစ်ယောက်ပဲလား ၊ အားလုံးပေါင်း သုံးယောက်ပဲလား ”

“ မဟုတ်ပါဘူး ၊ လင် နဲ့ မယားပဲ ၊ စုစုပေါင်းမှ နှစ်ယောက်တည်းရယ် ”

“ လုပ်ပြန်ပြီ ၊ လူတော့ ခေါင်းဖြူတော့မှာပဲ ”

“ ဖြေးဖြေး စဉ်းစားပေါ့  ”

“ အင်း . . ကြက်ဥက ခွန်နစ်လုံး . . .  ၊ လူက နှစ်ယောက်တည်း . . . ၊ တစ်ယောက် သုံးလုံးစီယူ . . . ၊ ပိုတဲ့ တစ်လုံးကို လွှင့်ပစ်လိုက် . . အေးရော . .  အဟိ. . . ”

“ ဟားဟား . . . ဒီလို မရဘူးလေ ၊ အတိအကျ ဖြစ်အောင် ခွဲဝေပေးရမှာပေါ့ ”

“ အခုက ကပ်သီးကပ်သပ်ကြီး မေးထားတာလေ ၊ ဖြေမှ မဖြေတတ်တာကို ”

“ ဒါဆို ပန်းပေးပြီလား ”

“ ပေးပြီ . . ပေးပြီ. . . ”

“ တကယ်တော့ ကိုယ်က ပြောကတည်းက ကြက်ဥ ခုနစ်လုံး ဆိုပြီး ပြောတာ မဟုတ်ဘူးလေ ၊ ကိုယ်ပြောတာက ခွန်နစ်လုံးလို့ ပြောတာလေ ( ဒီနေရာမှာ ကျွန်တော်က စာနဲ့ ချရေးရတာ ဆိုတော့ အသံထွက်ကို ယောင်ဝါးအောင် ရေးရတော့ “ ခွံ ” အစား “ ခွန် ” လို့ ရေးထားတာပါ။ ခွံနစ်လုံး ဆိုရင် စာဖတ်သူ အလွယ်တကူ သိသွားမှာ စိုးလို့ ဒီလိုရေးတာပါ။ ဤကား စကားချပ် )  ဒီတော့ ခွန် ( ခွံ ) နစ်လုံးဆိုတာ ကြက်ဥ အခွံနှစ်လုံးလို့ ပြောတာလေ။ ဒီတော့ ကြက်ဥ အခွံ နှစ်လုံး ကို လင်နဲ့ မယား ဆိုတဲ့ လူနှစ်ယောက်ကို ရော့ တစ်လုံး . . . ရော့ တစ်လုံး ဆိုပြီးတော့ တစ်ယောက်ကို တစ်လုံးစီ ဝေပေးလိုက်ယုံပဲပေါ့ကွယ် ”

“ ဟာ . . . ဒါ သက်သက် ညစ်ပတ်ပြီး စကားကို ကပ်ပြောတာပဲ ၊ သွား . . ရဘူး ”

“ အဟား . . . ဥာဏ်စမ်းပါ ဆိုနေမှပဲ ၊ ဘယ်နေရာမှာ စကားကို ကပ်ထားလဲ ဆိုတာကို ဥာဏ်ရည် စမ်းတာလေ ”

“ ဟွန်း . . ဟိုလင်မယား ဘက်ကို သတိမထားမိတော့ တမျိုး ၊ အခု လင်မယားဘက်ကို သတိထား မိတော့လည်း ကြက်ဥက ထွက်ကျတယ် ”

“ နွယ်. . . ဘယ်နေရာက ထွက်ကျတာလဲ ”

“ ကို . . နော် ”

“ ဗျာ . .  ၊ နွယ် ဘယ်လို ခေါ်လိုက်တယ် ”

“ အယ်. .  ဟုတ်ပါဘူး  ၊ ကိုဇော် လို့ ခေါ်တာ . . လောသွားလို့ . . ၊ သူ့ကိုများ ခေါ်စရာလား မုန်းစရာ စကားကို ကပ်ပြောတဲ့ လူကြီးကိုများ ”

“ အဲ . . နေဦးကွ။ တကယ်တော့ ဥာဏ်စမ်း မေးခွန်း အစစ်က အဲဒါတွေ မဟုတ်သေးဘူး။ ”

“ ဟင်. . . ဟုတ်လား ၊ ဒါဆို ဒါတွေက ဘာတွေလဲ ”

“ ဒါတွေက ဥာဏ်စမ်း မေးခွန်းရဲ့ ရှေ့ပြေးတွေပဲ ရှိသေးတယ်။ ”

“ ဟုတ်လား . . ဒါဆို တကယ့် ဥာဏ်စမ်း မေးခွန်းက ဘာလဲ ၊ စိတ်ဝင်စားသွားပြီ ပြောပြ ”

“ အင်း . . မနက်ဖြန်မှ ပြောရင် ကောင်းမလားလို့ စဉ်းစားနေတာ ”

“ အာ . . ကို . . အဲ . . ကိုဇော်နော် ၊ မရဘူး အခု ပြောပြ ”

“ သြော်. . . ဒီလိုလား ၊ သူများတွေကျတော့ ကိုယ့်ကို ပေးရမဲ့ အဖြေကို မနက်ဖြန် ဆိုပြီး အချိန်ရွေ့ တတ်တယ်လေ ”

“ အဟီး . . နွယ်က ပြောမှာပေါ့။ အခုတော့ ကိုဇော်က ဥာဏ်စမ်းလေးကို အရင် ပြောပြ ၊ ကိုဇော် ဥာဏ်စမ်းလေးတွေ ပြောပြပြီးရင် နွယ် ပြောမှာပါ ”

“ အိုကေ ။ အဲဒီလို ကိုယ်တို့လည်း ကြက်ဥ နဲ့ လင်မယား ဥာဏ်စမ်းလေးကို ဖြေပြီးတော့ ဦးလေးက အားလုံးကို ဥာဏ်စမ်းလေး တစ်ခု ထပ်မေးတယ်။ ဥာဏ်စမ်းလေးက ဒီလို . .

တစ်ခါက . . .

တိုင်းပြည်ကြီး တစ်ပြည်မှာ အရမ်းကို ကြီးကျယ် ခမ်းနားတဲ့ ပန်းဥယျာဉ်ကြီး တစ်ခု ရှိသတဲ့။ အဲဒီ ပန်းဥယျာဉ်ကြီးကို ဖန်ဆင်း ပေးထားတာက ကောင်းကင်ဘုံက နတ်သမီး ခုနစ်ပါးပဲ ဖြစ်တယ်။ သူတို့ရဲ့ ဖန်ဆင်းမှုကို ဆက်လက်ပြီး ထိန်းသိမ်းဖို့ ဒီပန်းဥယျာဉ်ကြီးအတွက် ဥယျာဉ်မှူး တစ်ယောက်ကိုလည်း ခန့်အပ် ထားတယ်။ ဒီဥယျာဉ်မှူးဟာ ပန်းခြံထဲမှာ ရှိတဲ့ ပန်းတွေကို သူ့သဘော အတိုင်း ရောင်းဝယ်ခွင့်ကိုလည်း   ပေးထားတယ်။ အဲဒီက ရတဲ့ အမြတ်အစွန်းကိုလည်း နတ်သမီးတွေကို ဘာမှ မယူဘူး။ ဒါပေမဲ့ သူတို့ တောင်းဆိုတာက နှစ်ချက်တော့ ရှိတယ်။

ပထမ အနေနဲ့ ပန်းဥယျာဉ်ကြီးကို သေချာ စနစ်တကျ မပျက်ဆီးရအောင် စောင့်ရှောက်ရမယ်။ ဒုတိယ အချက်ကတော့ ဒီလို ပန်းဥယျာဉ်ကြီးကို သေချာ စောင့်ရှောက်လား ၊ မစောင့်ရှောက်ဘူးလား ဆိုတာကို နတ်သမီး ခုနစ်ပါးက တစ်နှစ်မှာ တစ်ခါ လာပြီးတော့ ကြည့်ရှု့ကြမယ်။ အဲဒီ အချိန်မှာ ပန်းဥယျာဉ်မှူးက နတ်သမီး ခှနစ်ပါး အတွက် ပန်းဥယျာဉ်ထဲက အလှဆုံးသော ပန်းခုနစ်ပွင့်ကို တစ်ယောက် တစ်ပွင့်စီ လက်ဆောင် ပေးရတယ်။ ဒါပါပဲ။

ဒီလိုနဲ့ နှစ်ပေါင်း များစွာ ကြာခဲ့တာပေါ့။

ဖြစ်ချင်တော့ ဒီလို နတ်သမီး ခုနစ်ပါးက ပန်းဥယျာဉ်ကြီးကို လာရောက် စစ်ဆေးဖို့ ရက်ပိုင်း အလိုမှာ အဲဒီပန်းဥယျာဉ်ကြီး ရှိတဲ့ နေရာကို လေပြင်း မုန်တိုင်း တိုက်ခတ်ပါလေရော။ ဒီတော့ ပန်းဥယျာဉ်ကြီးလည်း လေပြင်းမုန်တိုင်း ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။ ရက်အတန်ကြာတော့ လေမုန်တိုင်းလည်း စဲသွားရော ဥယျာဉ်မှူးကြီးဟာ သူ့ရဲ့ ပန်းဥယျာဉ်ကြီးထဲကို လိုက်ကြည့်တော့ ဝမ်းနည်းစရာ ကောင်းလောက်အောင် ပန်းပင်တွေ ၊ ပန်းပွင်တော့ အတော်များများ ပျက်ဆီး ဆုံးရှုံးသွားတာ တွေ့ရတယ်။

ဒီထက် ပိုပြီး ကြေကွဲဖွယ် ကောင်းပြီး ထိတ်လန့်ဖို့ ကောင်းတာက မနက်ဖြန် ဆိုရင် တစ်နှစ်တစ်ခါ လာပြီး ပန်းဥယျာဉ်ကြီးကို စစ်ဆေးရေး လာကြည့်မဲ့ နတ်သမီး ခုနစ်ပါး အတွက် လက်ဆောင်ပေးဖို့ ပန်းတွေကို လိုက်ပြီးတော့ ခူးလိုက်တော့ အားလုံးပေါင်းမှ အပြစ် အနာ အဆာ မရှိတဲ့ ပန်းက ခြောက်ပွင့်ထဲ ခူးလို့ ရခဲ့တယ်။ တခြား ကျန်နေတဲ့ ပန်းတွေကတော့ ပွင့်ဖတ်တွေ ကြေ ၊ အနားတွေ ကြွေ နေတဲ့ ပန်းတွေပဲ ဖြစ်တယ်။ ဒီတော့ ဥယျာဉ်မှူးကြီးလည်း ဘယ်လိုပဲ ရှာရှာ အပြစ် အနာ ကင်းတဲ့ ပန်းပွင့် ခုနစ်ပွင့်ကို ရှာလို့ မရနိုင်ခဲ့ဘူး။

နောက်ဆုံးတော့ နတ်သမီး ခုနစ်ပါး ရောက်လာတဲ့ အချိန်ကို ရောက်လာခဲ့တယ်။ ပန်းပွင့် ခြောက်ပွင့်ကို ကိုင်ပြီးတော့ နတ်သမီး ခုနစ်ပါး ရှေ့မှာ ဥယျာဉ်မှူးကြီးဟာ အခက်တွေ့နေတာပေါ့။ တစ်ပါးကို တစ်ပွင့် နှစ်တိုင်းပေးနေကြပေမဲ့ ဒီနှစ်တော့ ခြောက်ပွင့်ထဲ ဆိုတော့ နတ်သမီး အပါးစေ့အောင် ဘယ်လို ပေးရမယ် ဆိုတာ သူ မစဉ်းစားတတ်ဘူး ဖြစ်နေတယ်။ အဲဒီတော့ နတ်သမီး ခုနစ်ပါးကို တစ်ပါး ပန်းတစ်ပွင့်နဲ့ အဆင်ပြေသွားအောင် ဘယ်လို လုပ်ရှာပြီး ပေးရင် ကောင်းမလဲ။

ဥာဏ်စမ်းလေးကတော့ ဒါပါပဲကွယ်။ ကဲ . . . အခု ဥာဏ်စမ်းလေးကို နွယ် ဖြေကြည့်ပါဦး ”

“ နတ်သမီးက အခွံ နှစ်ယောက်လား ”

“ အာ . . နွယ်ကလည်း မဟုတ်တာ။ နတ်သမီးက အခွံ ဖြစ်လို့ ရမလား။ သူတို့က ကြက်ဥမှ မဟုတ်ပဲ ”

“ အဟီး . . ဟုတ်တာပဲ ၊ ဒါဆို ပန်းကရော ပန်းခြောက်တွေလား ”

“ နိုး . . . လုံးဝ မဟုတ်ဘူး ၊ ပန်းအစစ်တွေ။ တကယ်ကို ဥယျာဉ်ကြီး တစ်ခုလုံးမှာမှ ပန်းခြောက်ပွင့်ပဲ ခူးလို့ ရခဲ့တာ။ ဒါကို ကိုင်ပြီး နတ်သမီး ခုနစ်ပါး ရှေ့မှာ ဥယျာဉ်မှူးကြီး ဒုက္ခ ရောက်နေတာ ၊ မြန်မြန် ကူညီလိုက်ပါ နွယ် ၊ ဥယျာဉ်မှူးကြီး သနားပါတယ် ”

“ အို . . နွယ်လည်း ကူညီချင်တာပဲ ၊ ဈေးထဲက သွားဝယ်ပေးရင်ရော ”

“ ဘယ်ရမလဲ ၊ အဲဒီအချိန်မှာ ပန်းဥယျာဉ်က ပန်းတွေကို နေရာ အနှံ့ကို ရောင်းနေတာလေ။ အခု ပန်းဥယျာဉ် ထဲမှာတောင်မှ ပန်းတွေက စုစုပေါင်းမှ ခြောက်ပွင့်ထဲ ကျန်တော့တာပါဆို ၊ ဈေးထဲမှာ ဘယ်လိုလုပ် ရှိမလဲ ”

“ အာ . . ဒါဆို ဘယ်လိုလုပ်ရမလဲ ၊ နောက်နှစ်မှ ပေါင်းယူပါနော် လို့ ပြောလို့ ရမလား ”

“ ဟားဟားဟား . . . ဘယ်ရမလဲ။ ရမသွားတဲ့ နတ်သမီးက စိတ်ဆိုးမှာပေါ့ ”

“ နောက်နှစ်မှ တစ်ပွင့်ပိုပေးပါ့မယ် လို့ ပြောရင် ရမလား ”

“ ဘယ်ရမလဲ ၊ သူက တစ်ပါးကို နှစ်တိုင်း တစ်ပွင့်စီ ရနေကျကို ၊ ဒီနှစ် တစ်ပွင့် မရရင် ၊ မရတဲ့ နတ်သမီးက စိတ်ဆိုးမှာပေါ့ ”

“ အာ  . . ဒါဆို ဘယ်လိုလုပ်ရမလဲ ၊ မစဉ်းစားတတ်တော့ဘူး ”

“ တကယ် မစဉ်းစား တတ်တော့ဘူးလား ”

“ အင်း . . . ”

“ ဒါဆို ပန်းပေးပြီလား ”

“ မရတော့ပါဘူးရှင် ၊ ပန်းပေးပါပြီ။ အဖြေ ပြောပြပါတော့ . . . ”

“ အိုကေ ၊ ဒီလို နွယ်ရဲ့။ အဲဒီတုန်းက ကိုယ့်ဦးလေးက မေးတော့ ကိုယ်တို့လည်း အခု နွယ် ပြောသလိုမျိုး တစ်ယောက် တစ်မျိုး စိတ်ထင်ရာ ပြောကြတာပေါ့။ ဒါပေမဲ့ အခုလိုမျိုးပဲ တစ်ယောက်မှ မမှန်ဘူး။ ဒီတော့ ဦးလေးက အခု ကိုယ် ရယ်သလိုပဲ ရယ်တယ်။ နောက်တော့ မင်းတို့ အားလုံး ဥာဏ်စမ်း အဖြေကို မရကြဘူး ဆိုရင် ပန်းပေးပြီလား လို့ မေးတယ်။ ”

“ ဒီတော့ အားလုံး ပန်းပေးလိုက်ကြလား ”

“ အင်း  . . ၊ အတော် များများ ပန်းပေးလိုက်ကြတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီဥာဏ်စမ်း ပုစ္ဆာရဲ့ အဖြေက ဘာလဲ ဆိုတာကို သိချင်နေကြတာကိုး။ ဒါပေမဲ့ ဂျစ်ကန်ကန် တစ်ယောက်ကတော့ ပန်းမပေးသေးဘူး ၊ ဘာလို့လဲ ဆိုတော့ ဦးလေးက တဟဲဟဲ နဲ့ ရယ်နေတော့ လှောင်ရယ်နေတာပဲ ဆိုပြီး ဂျစ်ကန်ကန်နဲ့ တစ်ယောက်က အဖြေ မပေးသေးဘူးကွာ လို့ တွေးမိတယ်။ ဒါကြောင့် သူ အဖြေကို စဉ်းစားဦးမယ်လို့ ဆိုသတဲ့ ”

“ ဟင်. . . ဘယ်သူလဲ ”

“ ဘယ်သူကမလဲ နွယ် ၊ ကိုယ်ပဲပေါ့ ဟဲဟဲ. . . ”

“ ဟင်း . . ဂျစ်ကန်ကန်ကြီးပေါ့လေ ”

“ အဲဒီတုန်းက အရင် မေးတဲ့ ဥာဏ်စမ်းတွေလည်း မဖြေလိုက်နိုင်ဘဲ လွယ်လွယ်နဲ့ ပန်းပေးလိုက်ကြတာကို သိပ်ပြီးတော့ ကျေနပ်တာ မဟုတ်ဘူး။ ဒါကြောင့် အခု ဥာဏ်စမ်းကို ရအောင် စဉ်းစားမယ်ကွာ ဆိုပြီး သက်သက်မဲ့ ပန်းမပေး လိုက်တာပါ။ ဒီတော့ ဦးလေးကလည်း “ အေးလေ မင်းစဉ်းစားမယ် ဆိုလည်း စဉ်းစားပေါ့ကွာ။ ဒါပေမဲ့ သိပ်တော့ မကြာစေနဲ့ပေါ့။ ဘာလို့လဲ ဆိုတော့ မင်းဆီက အဖြေ မရမချင်း လေးလေးကလည်း အားလုံးကို အဖြေ ပြောပြလို့ မဖြစ်ဘူးလေ။ ဒါကြောင့် မင်း စဉ်းစားလို့ ရရင်လည်း မြန်မြန်ပြော ၊ မရရင်လည်း မြန်မြန် ပန်းပေးကွာ လို့ ဆိုတယ်။ ”

“ အင်း . . ဟုတ်တာပေါ့ ”

“ ဒါပေမဲ့ ကိုယ်က ခပ်ရွတ်ရွတ် ဆိုတော့ ဘာမှ ပြန်မပြောဘဲ ကိုယ့်ဖာသာ ကိုယ်ပဲ ဥာဏ်စမ်း အဖြေ ရအောင် စဉ်းစားမယ် ဆိုပြီး ပြောလိုက်တယ်။ တစ်နေ့ တစ်နေ့ ဒါကိုပဲ စဉ်းစားတယ်။ နတ်သမီး ခုနစ်ယောက်နဲ့ ပန်းခြောက်ပွင့် နဲ့ လည်နေတယ်။ ဘယ်လို ပန်းတစ်ပွင့်ရမလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ဒါနဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ပြီး နောက်ထပ် စနေ ၊ တနင်္ဂနွေကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ အဖြေက မရသေးဘူး။

အဖွားအိမ်ကို ရောက်တော့ ဦးလေးက မေးတယ်  . . “ ကိုဇော် . . မင်း အဖြေရပြီလား ” တဲ့။ ကိုယ်ကလည်း တကယ်ကို မရသေးဘူး။ “ မရသေးဘူး ” လို့ ဖြေလိုက်တော့ . . ၊ “ ဒါဆို မင်း ပန်းပေးပြီလား ” တဲ့။ ကိုယ်ကလည်း လွယ်လွယ်နဲ့ အရှုံး မပေးချင်သူ ဆိုတော့ “ ပန်း မပေးသေးဘူး ၊ စဉ်းစားဦးမယ် ” လို့ ပြောလိုက်တယ်။

ဒီတော့ ဦးလေးက “ အေးလေ . . မင်း စဉ်းစားတာကတော့ စဉ်းစားပေါ့။ အားလုံးက ပန်းပေးပြီး မင်းက ပန်းမပေးသေးတော့ လေးလေးက အဖြေကို ပြောလို့ မဖြစ်သေးဘူး။ မင်း အဖြေရရင် ရ ၊ မရလို့ ပန်းပေးတော့မှပဲ အဖြေလည်း ပြောမယ်။ ပြီးမှ နောက်ထပ် ဥာဏ်စမ်း တစ်ခုကိုလည်း ထပ်ပြောပြမယ် ” ဆိုပြီးတော့ ပြောတယ်။ ကိုယ်လည်း ဥာဏ်စမ်းလေးကို စာရွက်ပေါ်တောင်မှ ချရေးပြီးတော့ တစ်ကြောင်းချင်းစီကို သေချာ စဉ်းစားတယ်။ ဒါပေမဲ့ ဘယ်လိုမှ အဖြေက ရမလာဘူး။

ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ကုန်လို့ နောက်ထပ် စနေ ၊ တနင်္ဂနွေကို ထပ်ရောက်လာပြန်တယ်။ ဒီအထိလည်း ကိုယ့်မှာ အဖြေက မရသေးဘူး။ ဦးလေးကလည်း မေးပြန်တယ် “ ကိုဇော် . .  မင်း အဖြေရပြီလား ” ကိုယ်ကလည်း မရသေးတော့ မရသေးဘူး လို့ ပြောတာပေါ့။ “ ဒါဆို ပန်းပေးပြီလား ” ဆိုတော့လည်း ကိုယ်က ပန်း မပေးနိုင်သေးဘူး ၊ ထပ်စဉ်းစားဦးမယ်ပေါ့။ ဒါပေမဲ့ ဘေးက တခြား ညီအစ်ကို မောင်နှမတွေကတော့ ကိုယ့်ကို သိပ်ပြီး မကြည်တော့ဘူး။ ကိုယ့်ကြောင့် သူတို့ နောက်ထပ် ဥာဏ်စမ်း အသစ်တွေ မကြားရဘူး ဆိုပြီးတော့ ဝိုင်းပွားကြတယ်။ ”

“ သြော် . . ဟုတ်တော့လည်း ဟုတ်တာပဲ ”

“ ဒါပေမဲ့ ကိုယ်ကလည်း ပန်း မပေးသေးဘူး။ စဉ်းစားဦးမယ် ဆိုပြီး ထပ်ပြီးတော့ ခေါင်းမာခဲ့တယ်။ အဲဒါ ၃ ပတ်မြောက်ပဲ။ နောက်ထပ် စနေ ၊ တနင်္ဂနွေလည်း ရောက်ရော ကိုယ့်ကို ကျန်တဲ့ ညီအစ်ကို မောင်နှမတွေက အတော်ကို ငြိုငြင်လာကြပြီ။ ဒါပေမဲ့ ကိုယ်ကလည်း အဖြေ မရသေးဘူး။ ဘယ်လိုမှလည်း စဉ်းစားလို့ မရဘူး။ နောက်ဆုံးတော့ သူတို့ကို အားနာတဲ့ အနေနဲ့ ကိုယ် ဆက်ပြီး မစဉ်းစားတော့ဘဲ ပန်းပေးလိုက်တော့မယ် လို့ စဉ်းစားမိတယ်။ ကိုယ့်ကြောင့် သူတို့ စောင့်နေရတာကိုး ”

“ အင်းလေ. . ”

“ ညနေစောင်းတော့ ဦးလေး ရောက်ပြီး ထုံးစံအတိုင်း အရင် အပတ်တွေကလို ကိုယ့်ကို မခံချင်အောင် မထိ တထိ လေသံနဲ့ “ ဘယ်လိုလဲကွ ၊ အဖြေရပြီလား ၊ ဒါမှမဟုတ် ပန်းပေးတော့မလား ” လို့ မေးပြန်တယ်။ ထုံးစံ အတိုင်းဆိုရင် ကိုယ်ကလည်း ဘယ်လျှော့လိမ့်မလဲ။ ဒါပေမဲ့ အခုတော့ တခြား ညီအစ်ကို မောင်နှမတွေ ကိုယ့်ကြောင့် နောက်ထပ် ဥာဏ်စမ်းတွေ မကြားရဘူး ဆိုတော့ သူတို့ကို အားနာပြီး “ သား မစဉ်းစားတော့ဘူး လေးလေး  ” လို့ ပြောလိုက်တယ်။

ဒီတော့ သူက “ ဘာလဲ ဒါဆို မင်း ပန်းပေးပြီလား ” လို့ မေးတယ်။ ဒီမှာ ကိုယ်ကလည်း “ ဟုတ်ကဲ့ ပန်းပေးပါပြီ ” လို့ ဖြေရတော့တာပေါ့။ ဒီလို ကိုယ် ပန်းပေးပါတယ် ဆိုတဲ့ အသံလည်း ကြားရော ဦးလေးက ဟက်ဟက်ပက်ပက်ကို ရယ်ပါလေရော ၊ သူရောတော့ ကိုယ်လည်း ကြောင်သွားတယ်။ သူကတော့ အတော်ကြာအောင် ရယ်ပြီးမှ သူ့ဆီက အဖြေကို ဝိုင်းပြီးတော့ မျှော်လင့်နေတဲ့ ကိုယ်တို့ ညီအစ်ကို မောင်နှမဆီကို လှည့်ပြီး ပြောတယ်။ ”

“ ဘာပြောတာလဲ ဟင် ”

“ စကားကြီး ( ၁၀ ) မျိုးဆိုတဲ့ အကြောင်း ပြောဖူးတယ် မဟုတ်လား။ အဲဒီအထဲက အခု ပြောတဲ့ အကြောင်းက “ ရေကူး ညာတင် ” အမျိုးအစားပဲ။ ကိုယ်ပြောချင်တာ ရောက်အောင်လို့ အရင်ကြိုတင် ပြောထားရတာ ၊ ပြီးမှ ကိုယ်လိုရာကို ရောက်အောင် ပြောလိုက်ယုံပဲ။ အခု ကိုဇော်က ပန်းပေးပြီတဲ့။ အရင်ကတည်းက ဥာဏ်စမ်းတွေမှာ မရရင် ပန်းပေးတတ်အောင် အရင် လေ့ကျင့် ပြောထားတယ်လေ။

အခုတော့ နတ်သမီးက ခုနစ်ယောက် ပန်းက ခြောက်ပွင့်နဲ့ မပြည့်စုံဘဲ ပန်းတစ်ပွင့် လိုနေတယ်။ အခုတော့ ကိုဇော် ပေးတဲ့ ပန်းတစ်ပွင့်ကို လိုနေတဲ့ ပန်းတစ်ပွင့် နေရာမှာ အစားထိုးပြီး နတ်သမီး ခုနစ်ယောက်ကို ပေးလိုက်ပါပြီ  ဒီတော့မှ နတ်သမီး ခုနစ်ပါး လုံး ၊ တစ်ပါးကို ပန်း တစ်ပွင့်စီနဲ့ အဆင်ပြေသွားကြပါပြီ

“ ဟယ်. . . လူလည်ကျတာ . . အဲဒါ ”

“ ဟုတ်တယ်။ အဲဒီတုန်းက ကိုယ်တို့ အားလုံးလည်း “ ဟာ ” ခနဲ ဖြစ်သွားတာပေါ့။ နောက်တော့ ကိုယ့်ဦးလေးက ဆက်ပြောတယ်။ တကယ်လို့ ကိုယ်တို့ အားလုံးက အဲဒီအချိန်မှာ မသိကြပါဘူး ဆိုပြီးတော့ အားလုံးက ပြိုင်တူ ပန်းပေးလိုက်ရင် ပန်းတွေ အများကြီးမို့ ဘယ်ပန်းကို ပေးရမယ် ဆိုတာကို ထပ်ရွေး ရဦးမယ်တဲ့။ အခုလို ဂျစ်ကန်ကန် တစ်ယောက်က ပါလာတော့ သူက ပန်းမပေးသေးဘူး ဆိုတော့ သူ့ပန်းကို စောင့်ပြီးတော့ ပေးလိုက်တော့  အခုလို အဆင်ပြေ သွားတာပေါ့တဲ့။ ”

“ ဟွန်း . . ဥာဏ်စမ်းကိုက ညစ်ထားတာကြီး ”

“ ဟုတ်တော့ ဟုတ်ပေမဲ့ ၊ ဒါကလည်း ဥာဏ်စမ်းလို့ ပြောထားသားပဲ မဟုတ်လား။ ဥာဏ်စမ်းဆိုတာ ဥာဏ်ဘယ်လောက် ကောင်းသလဲ ၊ ဘယ်လောက် သတိထားမိသလဲ ဆိုတာကို မေးတာလေ ၊ အခုတော့ နတ်သမီး ခုနစ်ပါး နဲ့ ပန်းခုနစ်ပွင့် အဆင်ပြေပြီး နတ်သမီးလေးတွေလည်း နတ်ပြည်ကို ပြန်ပြီး အဆင်ပြေသွားပါပြီ ၊ ပုံပြင်လေးကတော့ ဒါပါပဲ . . . တဲ့။”

“ အင်း . . ဒီတော့ . . . ”

“ ဒီတော့ ခုနက နွယ်က မေးထားတယ်လေ။ ဘာလို့ နွယ့်နေရာမှာ ပန်းတွေ လာပေးနေတာလဲ ဆိုပြီးတော့လေ။ ”

“ ဟာ . . ဟုတ်သားပဲ ၊ ဥာဏ်စမ်း နားထောင်ရင်း မေ့တောင်မှ နေပြီ ၊ ဘာလို့လာပေးတာလဲ ပြောပြလေ ”

“ဘာလို့ ကိုယ်က နွယ့်နေရာမှာ ပန်းတွေ လာပေးထားတာလဲ ဆိုတော့ နွယ့်ကို ကိုယ့်ရဲ့ ချစ်ခြင်းက အနိုင်မယူနိုင်ပါဘူး ၊ အရှုံးပေးပါတယ် ဆိုတာကို ပြချင်လို့။ နောက်တစ်ချက်ကတော့ ကိုယ်က ပန်းပေးထားပြီလေ ၊ ဒီတော့ နွယ့်ဆီက ကိုယ့်အတွက် ချစ်တဲ့ အဖြေပေးဖို့ ကျန်နေသေးတယ် ဆိုတာကို နွယ့် မမေ့အောင်လို့ သတိပေးတဲ့ သဘောနဲ့ ပန်းတွေ လာပေးတာပါ ”

“ ပန်းလေးတွေ လာပို့ပေးတဲ့ အဓိပ္ပါယ်က ဒါကြောင့်ကိုး ”

ဟုတ်တယ် နွယ် ၊ နွယ် ကိုယ့်ကို ချစ်တယ် ဆိုတဲ့ အဖြေပေးရဦးမယ် ဆိုတာကို နွယ့် သတိရအောင်လို့ပါ။

“  - - - - - ”

“ နွယ် ”

“ - - - - - ”

“ နွယ် . . . .  ”

“ ရှင် . . . . ”

“ ကိုယ့်ကို အဖြေပေးပါဦး နွယ် ၊ အဲ . . ဒါပေမဲ့ ပြောဖို့ လိုသေးလို့လား ကိုဇော်ရယ် ဆိုတာမျိုးတော့ မလုပ်နဲ့ပေါ့ နွယ်ရယ် ၊ ကိုယ့် အောင်စာရင်းကိုတော့ ကိုယ် ကိုယ်တိုင် ကြည့်ချင် ၊ မြင်ချင် ၊ ကြားချင် ခဲ့တဲ့ လူတစ်ယောက်မို့ပါ ”

“ သြော်. . . ကိုဇော်ရယ် ၊ နွယ်က ကိုဇော့်ထက်တောင်မှ ကိုဇော့်ကို ချစ်ပါတယ် ကိုဇော်ရယ် ”

လိမ်မပြောပါဘူး။ မထင်မှတ်ထားတဲ့ အဖြေလည်း မဟုတ်ပါဘူး။  ရုတ်တရက် နား အနားမှာ လင်းကွင်း အစုံပေါင်းများစွာ လာတီးနေသလို အကြားတွေ ထုံသွားသည်။

ဘာသာစုံ ဂုဏ်ထူး မှန်းထားတဲ့ လူတစ်ယောက်လည်း အရင်ဆုံးတော့ ကျောက်သင်ပုန်းပေါ်မှာ ကပ်ထားတဲ့ စာမေးပွဲ အောင်စာရင်းကို ကြည့်တယ် ဆိုရင် သူ့ရဲ့ နာမည် ၊ ခုံနံပါတ်လေးကို အရင်ရှာရမှာ မဟုတ်လား။ ပြီးမှ သူ့ရဲ့ နောက်မှ တွဲပါနေတဲ့ ဘယ်နှစ်ဘာသာ ဆိုတဲ့ ဂုဏ်ထူးတွေကို ကြည့်ရမှာပါ။

ကိုယ်လည်း အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အချစ်စာမေးပွဲမှာ တက္ကသိုလ်က ဝင်ခွင့်ပဲ အိမ်ကို ရောက်နေနေပေါ့။ “ ချစ်တယ်  ” ဆိုတဲ့ အဖြေ စကားသံကို ကိုယ့်ရဲ့ နားနဲ့ ဆတ်ဆတ်ကြားရပြီး နှလုံးသားထဲထိ စိမ့်ဝင် ပျော်ဝင် သွားချင်တယ်ဗျာ။ လောကနိတိ မှာ ဒီလို ဆိုထားတယ်။

“ ချစ်သူကို မြင်ရခြင်း၌ မျက်စိသည် ရောင့်ရဲခြင်း မရှိ ” .............. တဲ့။

ဒါဆို. . . . .

“ ချစ်သူရဲ့ အသံကို ကြားရခြင်း၌လည်း နားသည် ရောင့်ရဲခြင်း ရှိပါ့မလား။ ”

ဘယ်သူတွေ ဘယ်လို ဆိုဆို ချစ်သူရဲ့ ချစ်တယ် ဆိုတဲ့ အသံနဲ့တင် ကိုယ့်ရဲ့ အနာဂတ် နေ့ရက်တွေမှာ အင်အားတွေ  ရှိလာပြီး မြင်သမျှဟာ  မျှော်လင့်ချက်များနဲ့ သာယာလာခဲ့တယ်။ ကိုယ့်မှာ ချစ်သူ တစ်ယောက် ရှိသည်။ သူမသည် ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိသည်။ သူမသည် ကိုယ့်ရဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှ ချစ်သူ ဖြစ်သည်။



“ တီတီ . . . . တီတီတီ . . . . တီတီ . . . တီတီတီ . . . .  ”

အင် . . . ဘာလဲ ၊ ဘယ်သူ ဆက်တာလဲ။ လူက နိုးတဝက် အိပ်မက်နဲ့ ကယောင်ကတမ်း ဖြစ်နေ၏။ စိတ်တွေကလည်း မရှင်းလင်းသေး။ မျက်လုံးကလည်း မပွင့်။ နွယ်များ ဆက်တာလား။ မဖြစ်နိုင်ဘူး ကိုယ် အိပ်နေတယ် ဆိုတာကို နွယ်က သိနေတာပဲ။ ကိုယ်အိပ်နေတယ် ဆိုရင် နွယ်က ဘယ်တော့မှ မခေါ် ၊ ညနေ အိပ်ယာထ သင့်ပြီ ၊ နိုးလား မနိုးဘူးလား ဆိုတာကို သိချင်ယုံသာ ညနေစောင်းမှ Miss Call လှမ်းပေးလေ့ ရှိ၏။ ကိုယ် မနိုးသေးဘူး ဆိုရင် နိုးထလာရပြီး Miss Call နွယ့်ဆီကို ပြန်ပေးရလေ့ ရှိသည်။

“ တီတီ . . . တီတီတီ. . . တီတီ . . .တီတီတီ . . .  ”

ကိုယ့်ဘေး စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းလေးကတော့ တာဝန်ကျေစွာ ခုန်ပေါက် အော်ဟစ် မြည်တမ်းနေဆဲ။ မျက်လုံး မဖွင့်သေးဘဲ ကိုယ် ဖုန်းထားရာ နေရာကို လက်လှမ်းကာ ယူလိုက်၏။

“ ဟ . . . လို . . .”

အိပ်ချင်တာရယ် ခေါင်းမူးနောက်နောက် အသံရယ်ကြောင့် ကိုယ့် အသံဟာ “ အိပ်ချင်မူးတူး  ” ဖြစ်နေနိုင်ပါသည်။

“ ဟေ့ကောင် . .  ဆောရီးပဲ။ ငါကွ ”

“ ဘယ်က ငါလဲ ၊ ဘယ်က ကောင်လဲ ၊ မြင်မှ မမြင်ရတာ ၊ မင်းရဲ့ ငါ ဆိုတာကို ငါက ဘယ်လိုလုပ် သိမလဲ  ”

“ ဟားဟားဟား . . . ငါ့ကို အိပ်ချင်မူးတူး နဲ့ ကောနေပြီ။ ငါပါကွ သန်းထိုက်  ”

“ သြ . . . ကမ်းကုန်အောင် မိုက်တဲ့ ကောင်ကိုး . . .  ”

“ ဘာကွ . . ခွေးကောင် ၊ ဟေ့ကောင် ထဦး။ မင်းကို နှုတ်ဆက်မလို့ . . . ”

ကိုယ်တို့ သူငယ်ချင်းတွေ သန်းထိုက်ကို အဲဒီလို “ ကမ်းကုန်အောင် မိုက်တဲ့ ကောင် ” လို့ သူ မခံနိုင်အောင် စချင်တဲ့ အခါမှာ ခေါ်လေ့ ရှိ၏။ ဟုတ်တော့လည်း ဟုတ်တာပဲလေ။ ကမ်းကုန်သွားမှ ရေထဲကို ရောက်မှာ မဟုတ်လား။ သူက သင်္ဘောသားလေ ၊ ရေထဲမှာ ရှိနေတဲ့ သင်္ဘောပေါ်မှာ သူက လုပ်နေရသူ။

“ ဘာလဲကွာ မင်းကလဲ ၊ ငါ ခုနကမှ အိပ်တာကွ ”

“ ဟ . . . မင်းဆီမှာ ၃ နာရီကျော် နေပါပြီကွာ ငါ သိပါတယ်။ ဒါကို ခုနကမှ အိပ်တယ် ဆိုတော့ မင်းက ခုနက ဘာလုပ်နေလို့လဲ ၊ ပြောစမ်းပါဦး ”

“ ငါ့ ချစ်သူနဲ့ ပြောနေလို့ကွ ၊ ဒါတွေ မင်း မသိပါဘူး ၊ မင်းက ခံစားတတ်တဲ့ ကောင်မှ မဟုတ်တာ ”

“ ဟားဟား . . ထားပါတော့လေ။ မင်းက ချစ်သူ အတွက်ကျတော့ အချိန်တွေ ပေးပြီး သူငယ်ချင်း အတွက်ကျတော့ အချိန် မပေးနိုင်တော့ဘူးလား ”

“ မဟုတ်ပါဘူးကွာ။ ငါက ခုနကမှ အိပ်တာ ဆိုတော့ အိပ်ချင်မူးတူး ဖြစ်နေလို့ပါ။ ကဲ ပြော  . . . ဘာကို နှုတ်ဆက်မှာလဲ ”

“ ငါ မနက်ဖြန် ပြန်မယ်ကွ ”

“ ဟာ . . . ဘယ်လို ဖြစ်တာလဲ။ မင်း အခု ဘယ်မှာလဲ ”

“ ငါ အခု ဘယ်လ်ဂျီယံ ရောက်နေတယ် သူငယ်ချင်း ”

“ ဘာလို့ ပြန်မှာလဲ ၊ ဘာဖြစ်လို့လဲ ”

“ ဘာမှ မဖြစ်ပါဘူး။ အလုပ်အရေးပေါ် ကိစ္စကြောင့် တခြား သင်္ဘောကို ရာထူးတိုးပြီး ပြောင်းရမှာ။ ဒါပေမဲ့ အချိန်က ကိုးလို့ ကန့်လန့် ဖြစ်နေလို့ အခု ကြိုပြန်ရမှာ ”

“ သြော်. . . ”

“ မြန်မာနိုင်ငံမှာ ကြာကြာတော့ မနေရဘူးကွ။ ဟိုမှာ လိုအပ်တာတွေ ပြင်ဆင်ပြီး အလွန်ဆုံး ၆ လလောက်ပဲ နေရပြီး နောက်ထပ် သင်္ဘော တစ်ခုကို ပြောင်းတတ်ရမှာ  .. .  ”

“ သြော်. . . အင်းအင်း . . ”

“ မင်း အခု အိပ်ချင်မူးတူး ဖြစ်နေသေးလား ”

“ မဖြစ်တော့ပါဘူးကွ ၊ ခုနက နိုးကာစမို့ပါ ”

“ ဒါဆို လိုင်းပေါ် ခဏတတ်ခဲ့ သူငယ်ချင်း ၊ ငါ အခု လိုင်းပေါ်မှာ ရှိတယ်။ လိုင်းပေါ်မှာ ပွားမယ် ၊ ဒီက ဖုန်းလိုင်းက မကောင်းရတဲ့ အထဲ ဈေးကလည်း ကြီးသေး ”

“ အိုကေ . . အိုကေ . . ငါ တတ်လာခဲ့မယ် ”

“ - - - - - - - ”

ဘေးနားက ရေဘူးကို ဆွဲပြီး တစ်ငုံ သောက်လိုက်ကာ ကွန်ပျူတာ ကို ဖွင့်၍ လိုင်းပေါ် တတ်လိုက်တော့ သန်းထိုက်ကို လိုင်းပေါ်မှာ အခန့်သား စိမ်းလျက် တွေ့ရသည်။ တင်ထားတဲ့ Picture ကတော့ သင်္ဘောသီးလို့ မပြောရဘူး။ ပင်လယ်ပြာပြာကြီးကို နောက်ခံ နေဝင်ချိန်ကို ချိန်ရိုက်ထားသော သူ့လက်ရာတွေထဲက တစ်ပုံကို အခန့်သား တင်ထား၏။

“ ငါ ခေါ်လိုက်မယ် ဟေ့ကောင် ”

“ OK . . . ”

“ တီြ . . တီြ . . . တြီၤ . . ”

“ အိုကေ . . ရပြီ  ”

“ အေး . . . ပြော . . . ဘာဖြစ်လဲ ”

“ မင်း အသံကြီးကလဲကွာ ၊ စိတ် မရှည်သလိုနဲ့ မင်းကောင်မလေးနဲ့ ပြောတာ ဆိုရင် ဒီလို အသံနဲ့ ပြောမှာ မဟုတ်ဘူး ”

“ ဟားဟားဟား. . .  မဟုတ်ပါဘူးကွာ။ ငါက ရိုးရိုး ပြောနေကြ အတိုင်းပဲ ပြောတာပါ ”

“ ငါ ပြန်ရောက်တာနဲ့ ခွေးကြီးတို့ မင်္ဂလာဆောင်နဲ့ ကွက်တိပဲကွ ”

“ ဟုတ်လား . . . ငါတောင်မှ မသိလိုက်ပါလား ”

တကယ်တော့ အဲဒီသူငယ်ချင်း နာမည်က ထွေးဇော် ကို ကိုယ်တို့က ထွေးကြီး လို့ ခေါ်၏။ ဒီလိုပဲ စိတ်အခန့် မသင့်ရင် ထွေးကြီး ခဗျာ အလိုလိုနေရင်း “ အူ ” ရတော့တာပါပဲ။

“ ဒီကောင်တွေ ခိုးပြေးတာလေကွာ။ ငါတောင်မှ ပြီးခဲ့တဲ့ အပတ်က အိမ်ကို ဖုန်းဆက်တော့မှ သိလိုက်ရတာ ၊ ဝတ်ရည်တို့ ထက်ထက်တို့ကတော့ ဒီအတိုင်းပဲ အပျိုကြီးတွေပဲကွ ”

“ သူတို့က ဘယ်တော့ လာစွံမှာလဲကွာ ဟားဟား ၊ သူများကို လျှောက်မပြောနဲ့ မင်းရော . . . . ”

“ အေးပေါ့လေ . . မင်းကတော့ ပြောအား ရှိပြီပေါ့ ၊ ဒါနဲ့ မင်း ကောင်မလေးနဲ့ရော အဆင်ပြေရဲ့လား ”

“ ပြေပါ့ ၊ ဘာပြဿနာမှ မရှိပါဘူး။ ”

“ အေးလေ ၊ မင်းကို ဒီလောက် ချစ်တဲ့ ကောင်မလေးကို ရထားတာပဲ။ ဒါတောင်မှ မင်းက ပြဿနာ ရှာပြီး ကောင်မလေးကို ထားခဲ့မယ် ၊ မဟုတ်တာ လုပ်တယ် ဆိုလို့ကတော့ မင်း သေဖို့သာ ပြင်ပေတော့ ”

“ အောင်မာ . . လာပြန်ပြီ။ မင်းကို ငါက ကြောက်နေရမှာလား ဟေ့ကောင် ”

“ တော် . . . တော်. . ဟေ့ကောင် ၊ မင်းကို ငါက အကောင်း ပြောတာကွ ”

“ - - - - -  ”

“ လောကမှာ ကိုယ့်ကို ဒီလို ချစ်တဲ့ လူ ၊ ဒီလောက် ချစ်တဲ့ လူတစ်ယောက်ကို နောက်ထပ် ရှာတွေ့ဖို့ ဆိုတာ မလွယ်တော့ဘူးလေ။ ထပ်ပြီးလည်း တွေ့ဖို့လည်း မလိုအပ်ဘူးလေကွာ။ လောကမှာ ချစ်သူ တစ်ယောက်နဲ့တင် လောက က  သာယာပါတယ် ၊ ဟုတ်တယ် မလား ”

“ မင်းက ငါ့ကို ဒါတွေ လာပြောပြီး မင်းကျတော့ ဘာလို့ ရည်းစား တစ်ယောက်တောင်မှ မရသေးတာလဲ ”

“ ငါနဲ့ တန်တဲ့ လူ မတွေ့သေးလို့ ဖြစ်မှာပေါ့ကွာ။ နေဦး  . . . ငါ အဲဒီလို ပြောလို့ မင်း အထင် မလွဲနဲ့ ၊ ငါ နဲ့ တန်တဲ့ လူ ဆိုလို့ ငါက ဖင်ခေါင်းကျယ်နေတယ် ၊ ဘဝင်ကိုင်နေတယ် ဆိုပြီး မင်းက ထင်နေဦးမယ် ”

“ အေး . . ငါလည်း အခု ပြောမလို့ဘဲ  ”

“ သိတယ် ၊ ငယ်ပေါင်းတွေပဲ ဒီလိုတွေ သိနေတယ် ဟဲဟဲ။ ငါ ဆိုလိုတာက ငါနဲ့ မတန်ဘူး ဆိုတာမှာ ငါက မြင့်နေတယ် ဆိုတာ ဖြစ်နေနိုင်သလို ၊ သူက မြင့်နေတယ် လို့လည်း ဖြစ်နေနိုင်တာပဲလေ။ အဲဒီလို သူနဲ့ ငါ့ရဲ့ နှစ်ယောက်စလုံး တူညီတဲ့ အခြေအနေ ၊ တူညီတဲ့ အချစ် ဆိုတာတွေနဲ့ မတွေ့သေးလို့ ဆိုလိုချင်တာ . . အဲဒီလိုပါကွ ”

“ သြ . . သြ . . တော်သေးတယ်မှတ်. . ”

“ ဒါနဲ့ မင်း ကောင်မလေး ဓါတ်ပုံ ငါ့ကို ပြထားပါဦး ”

“ ဘာလို့ ပြရမှာလဲကွ ၊ ပြီးတော့ ငါ့ ကောင်မလေးကလည်း အဲဒီလိုတွေ သူများတွေကို လျှောက်ပြတာ မကြိုက်ဘူး ”

“ ဟ . .  ငါလေကွာ ၊ ငါ့ကို မင်းက မယုံဘူးလား။ တကယ်လို့ အပြင်မှာ တွေ့ရင်တောင်မှ ခေါ်ပြော နှုတ်ဆက်လို့ ရတာပေါ့။ ဘာလဲ မင်းက မင်းကောင်မလေးနဲ့ ငါ့ကို မယုံဘူးလား ”

“ မယုံတာတော့ မဟုတ်ပါဘူးကွာ။ မင်း စိတ်ဓါတ်လည်း ငါသိနေတာပဲလေ။ သူကလည်း ဒီလို ငါ့ဓါတ်ပုံတွေ ဘလော့မှာ တင်တာကို မကြိုက်သလို ၊ သူ့ဓါတ်ပုံကလည်း ငါကလည်း လွဲပြီး တခြားသူ ကြည့်ဖို့ မဟုတ်ဘူး လို့ သေချာကို ပြောထားဖူးတယ်။ ဟိုတစ်ခါက ငါ သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံ တင်လိုက်မိလို့ သူ့အပြင် တခြား ကောင်မလေးတွေကို ပြစရာ ရှိနေလို့လား ဆိုပြီးတော့ အကြီးအကျယ် ကွိုင်တတ်သေးတယ်ကွ ”

“ သြော်. . . အေးလေ။ တအား ခက်ခဲ နေတယ် ဆိုရင်လည်း ထားလိုက်ပါ။ ငါကတော့ ငါ့ သူငယ်ချင်းရဲ့ ချစ်သူကို မြင်ဖူးချင်ယုံ ၊ အပြင်မှာ တွေ့ရင် ခေါ်ပြောနှုတ်ဆက် ချင်ယုံလေးပါပဲ။ တခြားတော့ ဘာကိစ္စမှ မရှိတာ သေချာပါတယ်။ ”

“ အေးပါကွာ . . ငါလည်း သိပါတယ်။ မင်းကိုလည်း ယုံပါတယ် ၊ ဒါပေမဲ့ . . . ”

“ အင်းပါ . . ထားလိုက်ပါတော့  ငါ မပြောခဲ့ဘူးလို့ပဲ ထားလိုက်ပါတော့ . . . ”

နောက်နောက်ပြောင်ပြောင် နဲ့ စိုစိုပြေပြေ ဖြစ်နေတဲ့ စကားဝိုင်းလေးက ရုတ်တရက် အေးခဲ တိတ်ဆိတ် သွားသည်။ ၁၀ နှစ်ကျော် ပေါင်းလာခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ စိတ်ဓါတ်ကိုလည်း ကိုယ် ယုံကြည်စွာ သိနေခဲ့တာတော့ သေချာပါသည်။

“ ငါက. . . မယုံလို့ မဟုတ်ပါဘူးကွာ ”

“ အင်း . .  ပါ . .  ။ . . ငါ  . .  ဘာ မှ မ ပြော တော့ ပါ ဘူး ကွ ၊ တ ခြား အ ကြောင်း ပဲ ပြော ကြ ရ အောင် . . . ”

သူက တခြားသော သူငယ်ချင်းတွေရဲ့ အကြောင်းတွေကို စကား အာရုံပြောင်း ပြောနေပေမဲ့ အသံထဲမှာ အသက် မပါတော့တာ သေချာ သိနေခဲ့သည်။ သူက ယုံကြည်ရသူလား ဆိုသော မေးခွန်းကို မေးဖို့တောင်မှ ဘယ်လိုမှ မသင့်သော သူ တစ်ယောက် ဖြစ်သည်။

“ ငါ . . . ငါ ချစ်သူ ပုံ တစ်ပုံ ပို့လိုက်မယ် သူငယ်ချင်း ”

“ ဟာ . . . နေ . .နေ .  . ဟေ့ကောင်။ ငါ့ကြောင့်တော့ မင်းတို့ ပြဿနာ အတက် မခံနဲ့။ ငါက မင်းချစ်သူ ပုံကို မြင်ရ ၊ တွေ့ရ ယုံနဲ့ ဘာမှ မဖြစ်သလို ၊ မတွေ့ဖူးလို့လည်း ဘာမှ မဖြစ်ဘူးလေကွာ။ မင်းတို့သာ ပြဿနာ မတက်စေနဲ့။ မင်းကို ဒီလို ချစ်တတ်တဲ့ လူတစ်ယောက်ကို လောကမှာ အဆုံးရှုံး မခံနဲ့ ”

“ အေးလေ . . မင်းတွေ့ထားတော့ ပိုကောင်းတာပေါ့ သူငယ်ချင်း။ လမ်းမှာ တွေ့ရင် နှုတ်ဆက်လို့ ရသလို ၊ ဝင်တိုက်မိရင်တောင်မှ ရန်မဖြစ်ရဘူးပေါ့ကွာ ”

“ ဟား ဟား ဟား . . . မင်းက  မင်းကောင်မလေးကို ပွားခဲ့တဲ့ တော်ကီတွေနဲ့ ငါ့ကိုပါ လာပွားနေတာလား ”

“ ဟီးဟီး . . ဘယ်လိုပဲ ထင်ထင် ဟေ့ကောင် ၊ ငါ အခု ပို့လိုက်ပြီ ”

“ ဟာ. . . ဟေ့ကောင် ၊ မပို့နဲ့ဆို. . . ”

“ ပို့လိုက်ပြီ. . အခု ကြည့်လိုက်. . ရောက်နေပြီလား ”

“ ဟာကွာ . . ဒီကောင် ”

“ ရောက်ပြီလား ”

“ နေဦး. . . မဝင်သေးဘူး . . . အင်း. . . ဝင်လာပြီ ”

“ အိုကေ . . ”

ခေတ္တ ခဏ အရာရာဟာ တိတ်ဆိတ်သွား၏။ ခဏနေမှ. . .

“ ငါ ကြည့်ပြီးသွားပြီ သူငယ်ချင်း ၊ ပြီးတော့ Inbox ထဲကရော ၊ Trash ထဲကိုပါ ဝင်ပြီးတော့ ဖျက်လိုက်ပြီ ”

“ အာ . . ဒီလောက်ထိ မလိုပါဘူး သူငယ်ချင်း ”

အားတုံ့ အားနာ ဆိုသော ခံစားမှုကို ခံစားရသည်။

“ ငါက မြင်ဖူးချင်ယုံလေးနဲ့ မင်းတို့ ချစ်သူချင်း စိတ်ဝမ်းကွဲမှာတော့ ငါ မလိုလားဘူး သူငယ်ချင်း။ အခု ငါ့ မေးလ်ထဲမှာ လုံးဝ မရှိတော့တာတော့ သေချာတယ်။ မင်း ဝင်ကြည့်မယ် ဆိုရင် ငါ Password ပေးမယ်။ ”

“ ဟေ့ကောင် ၊ ငါက မင်းကို မယုံလို့ ပြောနေတာမှ မဟုတ်တာ ၊ တော်တော့ကွာ ဆက်မပြောနဲ့တော့ . .  ငါ တင်းလာပြီ ”

“ မင်းယုံတယ် ဆိုရင် ပြီးရောလေ ၊ ဟိုကိစ္စ ဆက်ပြောမယ်။ ငါ မြန်မာမှာ ၆ လလောက်တော့ ကြာမယ်။ ဒီတော့ မင်းလိုတာ ရှိရင် ငါ့ကိုလှမ်းပြောလေ  ငါ ပို့ပေးမယ် ”

“ ကျေးဇူးပဲ သန်းထိုက် ၊ ငါ့မှာ မလိုပါဘူး။ နောက်ပြီးတော့ ဒီမှာက မြန်မာနိုင်ငံလိုပါပဲကွာ။ လိုချင်တာ ၊ စားချင်တာ အကုန်ရပါတယ်။ ပြီးတော့ ငါကလည်း သိပ်ပြီးတော့ အစားအသောက်ကို ချေး မများတတ်တော့ လိုတယ် ဆိုတာ မရှိပါဘူး ”

“ အေးပါ . . တခြား အသုံးအဆောင်တွေ လိုချင်ရင်လည်း မှာလေကွာ ”

“ အင်းပါ . . လိုရင် လှမ်းပြောလိုက်မယ် သူငယ်ချင်း ”

“ အင်း . . . ”

ခဏတော့ ကိုယ်တို့ စကားဝိုင်းလေး တိတ်ဆိတ်သွားသည်။

“ တစ်ခုတော့ ရှိတယ်ကွ ”

ကိုယ်က စကားစ လိုက်တော့ သူက ချက်ချင်း တုံ့ပြန်သည်။

“ ပြောလေကွာ ”

“ ဒီလိုကွ ၊ နောက်ထပ် တစ်လကျော်ကျော် လောက်ဆိုရင် နွယ် UAE ကနေ Vacation နဲ့ ပြန်ရလိမ့်မယ်။ သူတို့ ထုံးစံကတော့ ၄၅ ရက်လောက် ကြာမယ် သူငယ်ချင်း ”

“ ဟုတ်လား . . ဒါဆို မင်း အတွက် အလွမ်းရက်တွေပဲပေါ့ ”

“ အင်း . . အခုလို တစ်လကျော်လောက် လိုသေးတာကိုတောင်မှ . . . ၊ ပြောရင်လည်း လွန်တယ် ထင်ကြမယ်ကွာ ၊ ငါတို့ နှစ်ယောက်က ကြိုပြီးတော့ လွမ်းနေကြတာ သူငယ်ချင်း ”

“ သြော်. . . ဒါကတော့ကွာ။ တကယ်ချစ်သူတွေ ဆိုရင် ကြားလေသွေးတာကိုတောင်မှ မခံနိုင် ဖြစ်ကြတယ် ဆိုလားပဲလေ။ မင်းတို့ မလွန်ပါဘူး ”

“ အေးကွာ ၊ သူကတော့ သူ့မိဘတွေဆီပဲ ပြန်မှာပါ ၊ အဲ . . တခြားလည်း ပြန်စရာ မရှိပါဘူး။ ဟိုမှာ သူ အခက်အခဲတွေ ရှိရင် ၊ အကူအညီ လိုရင် ကူညီဖို့ ငါကလည်း ဒီမှာ ဖြစ်နေတယ်။ တကယ်လို့ မင်းနဲ့ တွေ့ရင် ကူညီလိုက်ပါကွာ ”

“ သူ အကူအညီ လိုတယ် ၊ လိုအပ်လာတယ် ဆိုတဲ့ အချိန် ငါ နဲ့ တွေ့ရင် ကူညီမှာပေါ့ သူငယ်ချင်း။ ဒါကို စကားထဲ ထည့်ပြောစရာလားကွာ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ”

“ အင်း .. . . ”

“ မင်းလည်း ဒီလောက်ကြီး စိတ်ပူ မနေနဲ့လေကွာ။ မင်း သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ သူပြန်မှာက သူ့မိဘဆီလေကွာ။ နောက်ပြီးတော့ သူကလည်း ကလေးမှ မဟုတ်တာ ၊ အရွယ်ရောက်ပြီးသူ တစ်ယောက်ပဲလေ။ သူ အရာရာ အဆင်ပြေမှာပါ။ စိတ်မပူစမ်းပါနဲ့ကွ ”

“ အင်း . . . ဟုတ်တော့ ဟုတ်ပါတယ် ”

“ သူ ဟိုရောက်ရင် ဘယ်လို မင်းတို့ တွေ့ဖို့ စီစဉ်ထားလဲ ၊ မင်းတို့ အကြောင်းတွေရော သူ့ မိဘတွေ သိလား ”

“ ဘယ်သိဦးမလဲကွာ ၊ ငါတို့လည်း ချစ်တာ ဘယ်လောက်မှ မကြာသေးတာ ၊ အခုမှ စီစဉ်တုန်းလေ ”

“ အေးလေ . . ဟုတ်တာပါပဲ။ ဘာမှ မပူပါနဲ့ကွာ။ မင်း ကောင်မလေး ဓါတ်ပုံ ငါ့ မေးလ်ထဲမှာ မရှိတော့ပေမဲ့ ငါ မြင်ရင် မှတ်မိပါတယ်။ တွေ့ရင် မိတ်ဆက်ပြီး သူ့ကို ကူညီလိုက်ပါ့မယ် ”

“ အေးအေး . . . သူငယ်ချင်း ၊ ကျေးဇူးပဲ ”

“ အိုကေ . . ဒါဆို ငါလည်း လစ်လိုက်ဦးမယ်။ ငါ ဒီ ဘယ်လ်ဂျီယံကနေ လေယာဉ်စီးပြီး ပြန်ရမှာကွ။ မနက်ဖြန် ထွက်ရမှာ ဆိုတော့ ဒီနေ့ လုံးဝ နားလိုက်တာ ၊ ပြန်တာကလည်း ဗြုန်းစားကြီးပဲဟေ့ ။ ကဲ အောက်တော့မယ် ၊  ငါ ရန်ကုန်ပြန်ရောက်လို့ မင်း အကူအညီလိုရင် ဖုန်းလှမ်း ဆက်လိုက်လေကွာ ”

“ အိုကေ သူငယ်ချင်း ၊ လိုရင် ပြောမယ်ကွာ ”

“ အိုကေ . . ဒါဆို လစ်ပြီကွာ ”

“ OK , Good Luck , Take Care ကွာ ”

“ You Too သယ်ချင်း . . ဘိုင် ”

“ ဘိုင် ”

သန်းထိုက် သင်္ဘောပြောင်းဖို့ ရန်ကုန်ကို ပြန်ဦးမည်။ နောက်ထပ် တစ်လကျော်ကျော် ဆိုရင် နွယ်လည်း ရန်ကုန်ကို အလည် ပြန်မယ် ဆိုသော မေ့ထားသော အရာ တစ်ခုက တည်ငြိမ်ချင်ယောင် ဆောင်ထားသော စိတ် နဲ့ ရင်အစုံကို ပြန်လည် ရိုက်ခတ်လာခဲ့သည်။

ဟိုပြန်ရောက်သွားရင် အခုလိုတော့ တွေ့ဆုံဖို့ ဆိုတာတော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တာ သေချာ၏။ နှေးကွေး လေးလံသော အင်တာနက် လိုင်းများကြားမှာ စာရိုက်ခြင်းဖြင့်သာ အဓိက အားဖြင့် တွေ့ဆုံခွင့် ရကြမည်။  မတော်တဆ လိုင်းကောင်းသော နေ့များမှာတော့ Gtalk ဖြင့် ချစ်သူ့ အသံလေးကို ခဏတာတော့ ကြားခွင့် ရမည် ထင်သည်။ ဒီထက် ကံကောင်းသော နေ့မှာ ဆိုရင်တော့ VZO ဖြင့် ချစ်သူ့ မျက်နှာလေးကို မှုန်တိမှုန်ဝါး မြင်ခွင့် ရမည်။

ဟိုရောက်ရင် ချစ်သူ အရာရာ အဆင်ပြေပါ့မလား ဆိုသော အတွေးဖြင့် ပြန်လည် အိပ်ချင်စိတ်များ သေဆုံးကုန်သည်။ ကိုယ်က ချစ်သူကို တွေ့ချင်သလို ၊ ချစ်သူကလည်း ကိုယ့်ကို တွေ့ချင်စိတ်ဖြင့် ကိုယ်တို့ကို ကြားက ဆက်သွယ်ပေးမဲ့ အရာက အင်တာနက် ကဖီးဆိုင်များပဲ မဟုတ်လား။ အဲဒီမှာရော ချစ်သူ ပြောဖို့ အဆင်ပြေပါ့မလား။ တစ်ဆိုင် မကောင်း တစ်ဆိုင်ပြောင်းရင်း ချစ်သူတော့ ပင်ပန်းနေတော့မှာပဲ ဆိုသော အသိက ရင်ကို မီးမြှိုက်သလို ပို၍ ပူပြင်းစေသည်။

သန်းထိုက် . . . ဟုတ်တယ် . . . ကိုယ့် သူငယ်ချင်း သန်းထိုက် ရှိနေသေးတာပဲ။ အကူအညီ လိုရင် သူ့ကို ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းလို့ ရ၏။ သူက ၆ လလောက် နေမှာ ဆိုတော့ ချစ်သူ Vacation က ပြန်လာရင်တောင်မှ သူက ပြန်ထွက်ဖြစ်ဦးမှာ မဟုတ်။ သူ့ကို အကူအညီတောင်းရမည်။ ပူလောင်နေသော စိတ်နဲ့ ရင်ဘတ်ထဲမှာ အနည်းငယ်တော့ သက်သာသွားသည်။ ခံစားရမည် ဆိုသော အလွမ်းရဲ့ ဒဏ်ရာတွေကိုတော့ ဘယ်လိုမှ ဖြေဖျောက်နိုင်လိမ့်မည် မဟုတ်။

“ တော်ပါသေးရဲ့ ငါ ခုနက သန်းထိုက်ကို နွယ့် ဓါတ်ပုံလေး ပြလိုက်တာ ကံကောင်းတာပဲ ၊ မပြမိရင် နွယ့်ကို သန်းထိုက် အကူအညီပေးမယ် ဆိုရင်တောင်မှ နှစ်ယောက်လုံး မမြင်ဖူးတော့ အတော်ကို ရှာနေရဦးမယ်။ အခု သန်းထိုက်က မြင်ဖူးလိုက်တော့ လွယ်သွားတာပေါ့ ”

ပူငွေ့ငွေ့ ကျန်နေသေးသော ရင်ထဲမှာ ပို၍ အနည်းငယ် ပြေလျော့သွားသည်။ ပြန်တော့ အိပ်ချင်စိတ် မရှိတော့။ နွယ်ကတော့ အလုပ်ထဲမှာ ဖြစ်လိမ့်မည်။ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားမိတော့ ဘလော့ရေးဖို့ စဉ်းစားထားသော စာတချို့ကို သတိရသည်။ ဒါကိုပဲ ထိုင်ရေးနေလိုက်တော့မည်။ အခုနေ ကိုယ် နိုးပြီး ဆိုတဲ့ အကြောင်း နွယ့်ကို Miss Call ပေးလိုက်ရင် နွယ် ဘာလို့ အိပ်မပျော်တာလဲ ဆိုပြီး စိတ်ပူနေဦးမည်။ ခဏနေရင် “ ကို ဘာဖြစ်တာလဲ  ၊ နေမကောင်းဘူးလား ” ဆိုပြီး အစချီကာ မေးခွန်းတွေ ဖုန်းဆက်ကာ မေးတော့မည်။

နွယ့်ကို စိတ် မပူစေချင် ၊ ကိုယ့်ဖာသာပဲ စာထိုင်ရေး နေမိသည်။ ညနေစောင်းမှ ကိုယ်နိုးလာသလိုမျိုး နွယ့်ဆီကို Miss Call ပေးမည်။ နွယ့် ဓါတ်ပုံလေး သန်းထိုက်ကို ပြလိုက်တယ် ဆိုတာတော့ သွားပြီး စကားစ လို့ မဖြစ်။ ကိုယ့် ချစ်သူ အကြောင်း ကိုယ် အသိဆုံး ဖြစ်သည်။ နွယ်က ကိုယ့်ဓါတ်ပုံတောင်မှ ဘလော့ပေါ်မှာ တင်တာကို လုံးဝ ကြိုက်တာ မဟုတ်။ နွယ်က ကိုယ့်ကို သူ့တစ်ယောက် အတွက်သာ ဖြစ်စေချင်သူ။ ကိုယ်ကလည်း နွယ့်အတွက်သာ ရှင်သန်ချင်သူ မဟုတ်ပါလား။

သို့သော် . . . .

သန်းထိုက်ကို ပြလိုက်တဲ့ ဓါတ်ပုံက နောင်အချိန်မှာ ကိုယ့်ရင်ကို စိုက်လာမဲ့ သပ်တစ်ချောင်း ၊ ကိုယ့် နှလုံးသားကို စူးဝင်လာမဲ့ မြားတစ်စင်း ၊ ကိုယ့် ဘဝကို ပြောင်းလဲ သွားစေမဲ့ မုန်တိုင်း တစ်ခု ဖြစ်လာလိမ့်မည် ဆိုတာ ကိုယ်လုံးဝ သတိမထားမိခဲ့ပါ။

ဆက်လက် ဖော်ပြပါမည်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဇာတ်လမ်းကလည်း အဆက်ကြီးနဲ့ ထပ်မျှော်ရဦးမယ် ဦးဖွတ်ကလည်း....လွမ်းခမ်းတော့ ရောက်တော့မယ်နဲ့တူတယ်....

မြလေး

Anonymous said...

ဟင်း..လွမ်းခန်းရောက်တော့မယ်
ကိုယ်တွေ့လား..စိတ်ကူးယဉ်လား..
ဖတ်လို့တော့ အကောင်းသား..
နောက်တစ်ပိုင်းကို ဖတ်ဖို့စောင့်မျှော်နေတယ်နော်..
အမြန်တင်ပါ.....

Anonymous said...

ကျွန်တော်တော့ ဖတ်ဖူး ကူးသွားတယ် ....
လွမ်းဇတ်ဆိုလဲ လွမ်းလိုက်မှာပဲ တိုဇော်ရေး)း)


မောင်ဘကြိုင်

SOSEGADO said...

ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာ
စိတ်ဝင်စားစွာဖြင့်….
နွယ်….?

မေပယ်လ် said...

ဒိုင်ယာလော့တွေ အကွက်ချပြီး တင်ပြပုံ
လွှတ်လှ..။
အဲ..ဥနှစ်လုံးထွက်ကျတဲ့နေရာကတော့
နွယ့်ဆီက မဖြစ်နိုင်ဘူး..ဒါဆို..?
ဟီး

အဖြူရောင်နတ်သမီး said...

ရင်ထဲက နွယ်...
မလွမ်းချင်ဘူးနော်...လူပျိုကြီး..
ရှေ့ပိုင်းမှာ ဟုတ်လာပြီး ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့..
း)
အလည်လွန်နေလို့ အခုမှရောက်၏။

ဝက်ဝံလေး said...

အယ် .... စောင့်ရအူးမှာလား
သစ်ကုလား အုပ် လည်ပင်းဖြစ်တော့မယ်
ဟွင့်

ahphyulay said...

အင်း ..
ကြက်ဥပုစ္ဆာကို နွယ်နဲ့ အတူ အဖြေရှာနေရင်းနဲ့ 
နားအုံနှစ်ဖက်ကို လင်ပန်း အဲ လင်ကွင်းနဲ့ ရိုက် အဲ
နားနှစ်ဖက်နားကို လင်ကွင်းနဲ့ လာတီး လိုက်လို့ 
အူ သွားတာပဲဗျာ “ နား ” လေ..။
တင်စားဖွဲ့ စည်းမှုလေးတွေကို ခိုက်တယ်ဗျိုး ....။
(ရေးခဲ့ ဘူးတဲ့  နွယ် နာမည် တူကတဲက .. )

Anonymous said...

ဟူး ..........
ရင်မောလိုက်တာဗျာ

ခင်မင်လေးစားလျှက်
အုပ်ကြီး

အိမ်လွမ်းသူ said...

လာရောက်ခံစား သွားတယ် ဦးဇွတ်။ဆက်လက်စောင့်မျှော် နေမယ်။

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာတော့ ခုမှ စလာပြီ..
နွယ်က ပြောင်းလဲတတ်တဲ့ မိန်းကလေး မဟုတ်လောက်ဘူးလို့တော့ ထင်ပါတယ်..

သဒ္ဓါလှိုင်း said...

ဝမ်းသာစရာလေးပဲမျှော်လင့်မိပါတယ်ကိုဇော်ရေ..။
အဆင်ပြေပျော်ရွှင်ပါစေ..
ခင်မင်စွာ
သဒ္ဓါ

Khinmarlaraung said...

အင်းးးးးးဇာတ်လမ်းက ခုမှ တကယ်စတာ လို့ ပဲ
ပြောပါရစေတော့...:)
သေချာတယ်..လွမ်းရင်လွမ်း..မလွမ်းရင် အသဲကွဲ
ပြီပဲ...:)
မျှော်ဆိုတော့လည်း....မျှော်ရတာပေါ့လေ...
..ခင်မင်လျှက်..ခင်မာလာအောင်..:)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.