မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 December 2010

27 ဖြန့်ကြက် စဉ်းစားခြင်း



         ကိုယ် ပန်းခြံတွေကို ချစ်သည်။ ကိုယ့်ဘဝမှာ ပန်းခြံတွေက အရေးကြီးသော အစိတ်အပိုင်းမှာ မပါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ အကျိုးသက်ရောက်မှု ရှိခဲ့သည်။

         ငယ်စဉ်တောင်ကျေး ကလေး ဘဝကတော့ ပန်းခြံသွားမယ် ဆိုရင် အလွန်ကိုမှ ပျော်ရွှင်ခဲ့သည်။ ကလေးပီပီ ပန်းခြံရောက်ရင် ပျော်လို့ မဆုံးတော့ ၊ ပန်းခြံထဲမှာ တည်ဆောက် ပေးထားသော ကလေး ကစားကွင်းထဲမှာ မျောက်ရှုံးအောင် ဆော့ကာ အော်ဟစ် ပြေးလွှားနေသော ၊ တွေ့သမျှ ပန်းခြုံတွေ ထဲက အကောင်များကို လိုက်ဖမ်းနေသော ကိုယ့်ကို တွေ့ကြရမည်။ ကိုယ်သည် အလွန် အဆော့သန်သောသူ ဖြစ်၏။

         လူငယ် အရွယ်ရောက်လာတော့ ပန်းခြံဆိုတာ ကလေး ကစားကွင်းမှာ ခုန်ပေါက် ဆော့ကစားဖို့ ၊ ပန်းခြုံတွေထဲက အကောင်တွေကို ဖမ်းဖို့ ဆိုတာထက် အနည်းငယ် ပိုပြီး အရေးပါကြောင်း နည်းနည်း ပိုသိလာခဲ့သည်။ ဒါကြောင့် ပတ်ဝန်းကျင်မှာ စိုက်ပျိုးထားသော ပန်းပင်များကို ကြည့်ရှုရမည်မှန်း သိလာခဲ့သည်။ ထိန်းသိမ်းထားသော နှစ်ရှည်ပင်များကို လေ့လာရမည်မှန်း သိလာခဲ့သည်။ စူးစမ်းတတ်လာခဲ့သည်။

         ထို့ထက် လူရွယ် အရွယ်ရောက်လာတော့ ပန်းခြံဆိုတာ ပန်းပင်တွေ အလှအပကို ခံစားဖို့ ၊ နှစ်ရှည်ပင်များကို လေ့လာဖို့ထက် ပိုပြီး ပတ်ဝန်းကျင် လေကောင်းလေသန့်ကို ရှူရှိုက်ဖို့ ဆိုသော အသိတစ်ခုပါ တိုးလာခဲ့သည်။ သို့သော် လူရွယ် ဆိုသော အရွယ်ရောက်လာသော လူငယ်တို့ရဲ့ ထုံးစံ အတိုင်း ပန်းခြံထဲမှာ လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အပန်းဖြေကာ ချစ်ရေးချစ်ရာတွေကို တေးကဗျာ သီနေသော ချစ်သူများ ( အလွယ်ခေါ် - အတွဲများ ) ကို ပျော်ရွှင်စေသော ရည်ရွယ်ချက်ဖြင့် စနောက်ခဲ့ဖူးသည်။

          ကြားလေသွေးရင် ဝေးမှာကို စိုးရိမ်နေသော ချစ်သူ စုံတွဲများ အနီးနားသို့ သွားကာ သူတို့လို ထိုင်ပြီး ကိုယ်တို့ ယောက်ျားလေး သူငယ်ချင်း အချင်းချင်း ဇက်ကို လိမ်ချိုးဟန် ပြုကြသည် ၊ ချေးတွန်းပေးဟန် ပြုကြသည် ၊ တစ်ယောက်ခေါင်းမှ တစ်ယောက် သန်းရှာနေသော မျောက်သားအမိပုံ ပြုကြသည်။ ကိုယ်တို့ ရည်ရွယ်ချက်မှာ ထိုချစ်သူ စုံတွဲ အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းတွေ ပျော်ရွှင်စေ လို၍သာ ဖြစ်သော်လည်း တချို့သော စုံတွဲများမှာ ဒေါသတကြီး ဖြစ်ကာ ထွက်ခွာသွားကြသည်။ သူတို့ နှုတ်မှ ရေရွတ်သွားတတ်သော စကားလေး တစ်ခွန်း ရှိသေးသည်။

         “ သာသနာ ဖျက်တွေ ” ဟု ဆိုသည်။

        ကိုယ် ၁၀ တန်းကျောင်းသား ဘဝတုန်းက အကြောင်းများစွာ ထဲမှာတော့ ပန်းခြံသည် ၆၀ ရာခိုင်းနှုန်း လောက်ထိ ပတ်သတ်မိအောင် ကိုယ့် အပေါ်မှာ လွှမ်းမိုး ထားပါသည်။ ကျောင်းမှာ ဖြစ်စေ ၊ ကျူရှင်မှာ ဖြစ်စေ ဘယ်သူက ဘယ်သူနဲ့ပဲ ရန်ဆောင်လာပါစေ ကိုယ်တို့ ကျယ်ဝန်းသော ပန်းခြံတစ်ခုထဲမှာ ချိန်းကာ ရန်ဆောင်ခဲ့သော နှစ်ဘက်မှ လူအချင်းချင်း လက်သီး ထိုးကာ ဖြေရှင်းစေခဲ့သည်။ 

          ထိုမှ တဆင့်တတ်ရင်တော့ တစ်ယောက်ချင်း လက်သီးထိုးပွဲမှ စတင်ကာ အုပ်စုလိုက် တွေ့ရာဖြင့် ရိုက်နှက် ထိုးကြိတ်ပွဲ ဖြစ်တော့သည်။ ဖူးယောင်ကွဲပြဲဖြင့် ဇာတ်သိမ်း၏။ ဒါကြောင့် နောက်ပိုင်း အချိန်တွေမှာတော့ ပန်းခြံမှ တာဝန်ရှိသူများက ကိုယ်တို့လို ကျောင်းသား အရွယ်တွေ လွယ်အိတ်ဖြင့် ပန်းခြံထဲ ဝင်တော့မည် ဆိုရင် အဝင်ဝတွင် လွယ်အိတ်ထဲမှာ မသင့်တော်သော လက်နက်များ ပါလာသလား ဟု စစ်ဆေး သိမ်းဆည်းပြီးမှ ဝင်ခိုင်းလေ့ ရှိသည်။

          ဒီလို ဆိုးသွမ်း သောင်းကျန်းခဲ့ရာမှာ ပန်းခြံလေးကို အသုံးချခဲ့သလို ၊ ကျူရှင် တစ်ခုမှ တစ်ခုသို့ အကူးမှာ ပိုနေသော အချိန်အတွက် ပန်းခြံထဲမှာ ထိုင်ကာ ပေးလိုက်သော သင်ခန်းစာများကို လုပ်၍ အချိန်တစ်ခုမှ တစ်ခုသို့ ကူးဖြစ်ခဲ့သည်။ အိမ်ပြန်၍ စားသောက်ရန် မလောက်ငသော အချိန်အတွက် ပန်းခြံထဲမှာပင် စားစရာ တစ်ခုခုကို ဝယ်ကာ စားသောက်ရင်း နောက်တစ်ချိန် တတ်ရမဲ့ သင်တန်းသို့ ကူးခဲ့သည်။ ထိုသို့ဖြင့် ပန်းခြံလေးသည် ကိုယ့် အတွက် ခိုကိုး နားခိုရာလေး တစ်ခု ဖြစ်ခဲ့ပြန်ပါသည်။

         အခုလို လူရွယ်ဘဝမှ လူလတ်ပိုင်းသို့ ချည်းကပ်လာသော အချိန်ကာလမှာလည်း အချိန်ရတိုင်း ပန်းခြံထဲသို့ ကိုယ် လာဖြစ်ခဲ့သည်။ ကလေးဘဝကလို ရည်ရွယ်ချက် မရှိတော့ ၊ လူငယ်ဘဝကလို စိတ်ကူးမျိုးလည်း မပါတော့ ၊ လူရွယ်ဘဝက အဖြစ်အပျက်များလည်း စိတ်ထဲမှာ မရှိတော့ ၊ အခု လူလတ်ပိုင်းမှာတော့ ကိုယ့် စိတ်ထဲမှာ ဘဝရဲ့ ပိတ်လှောင် မွန်းကျပ်မှုတွေထဲမှာ တခဏတာ ထွက်ပေါက်ရဖို့နဲ့ ပူလောင် မွန်းကျပ်လာသော ပတ်ဝန်းကျင် လေထုမှ ခဏတာ ထွက်ပြေး လွတ်မြောက်ဖို့ ပန်းခြံထဲသို့ ရောက်လာကာ စိမ်းစို လှပသော ပတ်ဝန်းကျင်မှ မျက်စိ ပသာဒ နှင့် ရှိုက်ရှူ ထုတ်သွင်းလိုက်သော သန့်စင် လတ်ဆတ်သော လေထုကို ရရှိဖို့သာ ဖြစ်လေသည်။



             အလုပ် ပိတ်ရက် ၊ နားရက်တွေမှာ ကိုယ် ပန်းခြံထဲကို ရောက်ဖြစ်ခဲ့သည်။

         အခု ပန်းခြံထဲ ကိုယ် ရောက်တော့ တစ်နေကုန် အလုပ်ထဲမှာ တင်ပါးကို ကော်နဲ့ အကပ်ခံထားရသလို ထိုင်နေခဲ့ရသော လူတစ်ယောက် အလုပ်စားပွဲမှ ထွက်ပြေး လွတ်မြောက်ခြင်း အဖြစ် ကိုယ် လွတ်လွတ်လပ်လပ် လက်နှစ်ဘက်ကို ခပ်ပြင်းပြင်း လွှဲကာ လျှောက်လာခဲ့သည်။ အညောင်း မိနေတယ် လို့ မပြောနိုင်ပေမဲ့ ငယ်ငယ်ကလိုတော့ သွက်သွက်လက်လက် မပြေးလွှားနိုင်တော့တာ အသေအချာပင်။ နဂိုထက်လည်း ပူဖောင်းလာသော ဗိုက်ကြောင့် အသက် ၃၀ ကျော်ခါစ လူလတ်ပိုင်း ဆိုတာထက် ပိုပြီး ရင့်ကျက်နေ သယောင်ယောင် ထင်ရ၏။

        ပန်းခြံဆိုသော အမည်နာမကို ကိုယ် ရင်းနှီးခဲ့ရသည်မှာ နှစ်မျိုး နှစ်စား ဖြစ်ခဲ့ဖူးသည်။ ပန်းပင်တွေကို စိုက်ပျိုးထားပြီး ဝန်းခြံလေး ခတ်ကာ စိုက်ပျိုးထားသော နေရာကို ပန်းခြံလို့ ခေါ်သလို ၊ ကိုယ်တို့ ကျောင်းသား ဘဝ ယောက်ျားလေး အိမ်သာကိုလည်း ကိုယ်တို့ ဖာသာ ပန်းခြံဟု ခေါ်သည်။ ယောက်ျားလေး အိမ်သာ ဆိုတာ အလေး စွန့်ယုံမကဘဲ ၊ အပေါ့သွားရန် သီးသန့် နေရာလေး တစ်ခုကို လုံလုံခြုံခြုံ ကာရံထားကာ ခြံလေး သဖွယ် လုပ်ပေးထား၍ ဖြစ်သည်။ ထို့ကြောင့် ကိုယ်တို့ အပေါ့သွားရန် အိမ်သာ သွားမယ် ဆိုရင် “ ပန်းခြံ ” သွားမယ် ဟုသာ ပြောတတ်ကြသည်။

          သုတ်ခနဲ တိုက်ခတ်လာသော ဆောင်းလေနုအေးက နေ့လည် ၂ နာရီကျော် ဆိုသော အသိကို ရုတ်တရက် မေ့သွားစေ၏။ အခု နောက်ပိုင်း ဆောင်းတွင်းတွေမှာ နေပူထဲ ထွက်ရင်သာ ပူတာ ၊ သစ်ပင် အရိပ်ထဲ ရောက်တော့ အတော်ကို ချမ်းစိမ့်စိမ့် ရှိလှသည်။ ပင်ရိပ်ကြီးတွေ ပေါများလှတဲ့ ပန်းခြံထဲမှာတော့ ပိုလို့တောင်မှ ဆိုးသေး။ တိုက်ခတ်လာတဲ့ လေနုအေးကြောင့် ပင်ရိပ်ဝါးရိပ်မှာ အတော်ကို အေးစိမ့်လှသည်။ ခန္ဓာကိုယ်ကို တစ်ချက် ကျုံ့လိုက်ကာ လမ်းကို သွက်သွက် ပိုလျှောက်ပြီး အညောင်းပြေ လှုပ်ရှားနေသော လက်နှစ်ဘက်ကို ပို၍ လျင်မြန်စွာ ခါရမ်းမိသည်။ သွေးပူကာ ပို၍ နွေးထွေးလာစေရန် ဖြစ်သည်။

         အတန်ငယ် လျှောက်မိတော့ ခြေထောက်များက ညောင်းညာလာသလို နဖူးမှာလည်း ချွေးနည်းနည်း စို့လာခဲ့၏။ လက်ဖျားလေးတွေ အေးနေသေးသော်လည်း ခန္ဓာကိုယ်မှာ အနည်းငယ် နွေးလာပြီ ဖြစ်၏။ ဘောင်းဘီ နောက်အိတ်ထဲမှာ ဒီအတိုင်း ထိုးထည့်လာသော ရေသန့်ဗူးငယ်ကို ထုတ်ကာ တစ်ငုံ ငုံလိုက်ရင်း ခဏတာ ထိုင်ဖို့ နေရာတစ်ခုကို မျက်စိဖြင့် ကျီးကန်းတောင်းမှောက် လိုက်ရှာကြည့်လိုက်တော့ လမ်းရဲ့ဘေး အတွင်းဘက် သစ်ပင်ကြီး တစ်ပင်အောက်မှာ သစ်သားခုံလေး တစ်ခုကို တွေ့လိုက်ရသည်။ ထိုင်ခုံလေး ဆီသို့ လျှောက်သွားပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ၏။

         ရေကို နောက်ထပ် တစ်ငုံ ငုံပြီး မျိုချလိုက်ရင်း ရင်ထဲမှ အပူတွေကို ဟူးခနဲ မှုတ်ထုတ်လိုက်မိသည်။ ရင်ထဲက အမောတွေ ၊ စိတ်အမောတွေ  ၊ ဘဝအမောတွေ အဝေးကို လွင့်စင်သွားသည် ဟု ကိုယ့်ဖာသာ ယုံကြည်လိုက်မိသည်။ မျက်စိ အေးချမ်းအောင် ဟိုးအဝေးက စိမ်းလန်းနေသော သစ်ပင်များကို ငေးကြည့်နေမိသည်။ ထို့အတူ ကိုယ့် စိတ်တွေ အားလုံးလည်း ဟိုးအဝေးကို ရောက်နေခဲ့သည်။

          “ ဦးရယ် . . .  ”

          ဗုဒ္ဓေါ. . . ။ ချွေးတွေ စို့နေရင်းနဲ့ ကိုယ် စိမ့်ခနဲ ကျောတွန့် သွားမိ၏။ ခေါ်သံက ကိုယ့် နဘေးနားက ထွက်လာ၍ ဖြစ်သည်။ အသံ ဘယ်က လာသလဲ ကိုယ် ရုတ်တရက် မခန့်မှန်းနိုင်ခဲ့။ နောက်ကို လှည့်ကြည့်လိုက်တော့ ကျောနဲ့ ကပ်ထားတဲ့ ထိုင်ခုံ နောက်မှီရဲ့ နောက်မှာ သစ်ပင်ရဲ့ ပင်စည်ကြီးသာ ၊ ဘေး ဝဲယာကို လှည့်ကြည့်လိုက်တော့လည်း ကိုယ်က လွဲလို့ ဘယ်သူ့မှ မရှိ။ ခုနက ကြားလိုက်ရတာ နားကြားများ လွဲတာလား။

         “ ဦးရယ်. . . ”

        ဘုရားရေ. . ၊ ဒီတစ်ခါတော့ မမှားနိုင်တော့ နားနဲ့ ဆတ်ဆတ်ကို ကြားလိုက်ရတာ ဖြစ်၏။ အပေါ်ကို ယောင်ကာ မော့ကြည့်မိ၏။ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းစိုစွာ အုပ်မိုးထားသော အရွက်ဖားဖားနဲ့ သစ်ပင်ကြီးကသာ ကိုယ့်ကို “ ဘာလဲ ” ဟူသော သဘောဖြင့် ပြန်လည် အုပ်မိုး၍ ကြည့်နေ၏။ ထပ်၍ ဘေး ဝဲယာကို ကြည့်မိပြန်သည်။ အခုခေတ် မိန်းကလေးတွေက တယ်လွယ်လှတယ် မဟုတ်။ သူတို့ အသက်က အစိတ်လောက် ၊ သုံးဆယ် စွန်းစ ကိုယ့်ကို “ ဦးလေး ” လို့ ခေါ်ချင် ခေါ်တတ်သေးသည်။ မလွယ် မလွယ် ခေတ်ကိုက ဘယ်လို ဖြစ်နေမှန်းကို မသိ။

       သို့သော် ကိုယ့်ဘေး ဝဲယာမှာလည်း တစ်ယောက်မှ မရှိ။ ခက်တော့ ခက်နေချေပြီ။ နှစ်ကြိမ်တိုင်တိုင် ကြားလိုက်ရသော “ ဦးရယ် . . .  ” ဆိုသော အသံမှာ နှယ်နှယ်ရရတော့ မဟုတ်။ တကယ့်ကို အသံစစ်စစ် တစ်ခုက နားစည်ကို ဝင်ရောက်ကာ ကြားလိုက်ရတာ ဖြစ်သည်။ ကြမ်းကြား ၊ ထရံကြား ၊ နာနာဘာဝလား ဆိုသော အတွေး စိတ်ထဲ ဝင်လာမိတဲ့ အခါမှာ ကိုယ် မျက်လုံးပြူးကာ ၊ ဆံပင်မွှေးများပင် ထောင်သွားမိ၏။ အာ . . မဟုတ်သေးပါဘူး ၊ နေ့ခင်းကြောင်တောင်မှာ ဘယ်က သရဲ ၊ တစ္ဆေ တွေက လာပြီး ခြောက်လှန့်ပါ့မလဲ။ ဒါဆို ဥစ္စာစောင့်များလား လို့ စဉ်းစားမိရင်း လက်ထဲက ရေသန့်ဗူးထဲက ရေနောက်ထပ် တစ်ငုံကို ငုံလိုက်စဉ် . . . ။

         “ ဦးရယ်. . . ဦးကို အရမ်းချစ်တယ်  ”

        ဗုဒ္ဓေါ. . .။ တတိယအကြိမ်မြောက် တမိပြန်သည်။ ပါးစပ်ထဲ ဝင်ရောက်ခါစ ရေများ နင်သွားကာ သီးမလို ဖြစ်သွား၏။ သို့သော် မသီးလိုက်ပဲ နင်ယုံသာ နင်သွား၍ ရင်ထဲ ရေအလုံးလိုက် ဝင်ကာ နင်ဆင်း ဆင်းသွားသည်။ ဥစ္စာစောင့် အကြောင်းကို စဉ်းစားမိယုံ ရှိသေး “ ဦးရယ် .. ” ဆိုပြီး ခေါ်သံမှ ချစ်ကြောင်းကိုပါ ဖွင့်လှစ်လာသည်။ ဒါဆို ငါက အရင်ဘဝက သိုက်ကများ လာတာလား။ အို. . . ဒီလိုလည်း မဟုတ်သေးပါဘူး။ ကိုယ့်ကို သိုက်က လာတယ် လို့ ဘယ်သူ့မှလည်း မပြောဖူးပါဘူး။ အသက်ပဲ သုံးဆယ်ကျော်ခဲ့ပြီ ဘယ်သူပြောတာမှ မကြားမိ။

         “ ဦး  . . . မီးကို ခွဲမသွားပါနဲ့နော် ”

       မဟုတ်တော့. . .။ တစ်ခုခုတော့ တစ်ခုခု ဖြစ်နေတာ သေချာပြီ။ နောက်ထပ် တစ်ကြိမ် ဘေးဝဲယာကို ထပ်ကြည့်မိ၏။ ရှင်းတယ်. . . ၊ အားလုံး ရှင်းတယ် ဘယ်သူမှ မရှိ ၊ မမြင်မိ။ အနီးနားမှာ မြင်နေရတာ ဆိုလို့ ဓါတ်တိုင် ၅ တိုင် အကွာလောက်မှာ ဝူရှူးလား ၊ ထိုက်ကျိလား ကစားနေသော တရုတ်အဘိုး ၊ အဘွားများကိုသာ ခပ်ဝေးဝေးမှ မြင်နေရ၏။ ဘေးဝဲယာမှာ ဘာမှ မရှိရင် အနောက် တည့်တည့်မှာလား။ မဟုတ်သေး . . အနောက် တည့်တည့်မှာလည်း သစ်ပင်ကြီးမျှသာ . . . .

         အို . . မဖြစ်သေးပါဘူး ၊ အခု ထိုင်နေတဲ့ ခုံပေါ်ကို မတ်တပ် ထရပ်ကာ ခုံကျောမှီရဲ့ နောက်က သစ်ပင်ကြီး ဘေးမှာ ကာရံပြီး ပေါက်နေသော ပုံနရိတ်ပင်များကို ကျော်ကြည့်လိုက်မိ၏။ ဟော . . . အခုမှ အဖြေက ပေါ်သွားလေတော့သည်။ ကိုယ် အခု ထိုင်နေသော ထိုင်ခုံကဲ့သို့ ဒီသစ်ပင်ကြီးရဲ့ ဟိုဘက် အခြမ်းမှာလည်း ထိုင်ခုံ တစ်ခု ရှိနေတာပါလား။ ဒီထိုင်ခုံမှာ လိင်မတူသော လူနှစ်ယောက် ထိုင်နေခြင်း ဖြစ်သည်။

          “ ဦးကို မီး ချစ်တယ် ၊ ဦးကရော မီးကို တကယ် ချစ်ရဲ့လား ဟင် ”

         ဟော . . . ခုနက ကြားနေရသော အသံများမှာ ထိုနေရာမှနေ၍ ကိုယ့်ထံသို့ လွှင့်ပျံလာခြင်း ဖြစ်ပေလိမ့်မည်။  ဒါကိုများ ကြောင်တောင်တောင် ကိုယ်က ကိုယ့်ကို ခေါ်တယ် မှတ်ကာ တစ္ဆေ ၊ သရဲ ၊ ဥစ္စာစောင့် လို့တောင်မှ ထင်လိုက်သေး။ ကိုယ့်အဖြစ်ကို ကိုယ်တွေးကာ ရယ်ချင်သွားမိသည်။ သို့သော် မရယ်အားသေး။ လူဆိုတဲ့ အတိုင်း စပ်စုချင်လာမိသည်။

         “ ဘာလို့များ ကောင်မလေးက ဒီလောက် တစ် “ ဦး ” တည်း ဦးကာ ၊ တစ် “ ချစ် ” တည်း ချစ်တယ် လို့ ပြောနေရတာပါလိမ့် ”

          ဒီလို တွေးမိကာ ခေါင်းစွန်းလေးမျှသာ မြင်နေရသော သူတို့ကို ပိုမြင်ရအောင် ခြေဖျားလေးကို အနည်းငယ် ထပ်ထောက်ကာ ပုံနရိပ် ပန်းပင်များကို ကျော်၍ ကြည့်လိုက်မိ၏။ မြင်လိုက်ရသော မြင်ကွင်းက သိပ်တော့ မလှပ။ ( ဆောရီးပါ တစ်မျိုး မထင်ပါနဲ့ ) အသံကို ကြားနေရသော ကောင်မလေးမှာ ၂၅ နှစ် အရွယ်မျှလောက်သာ ရှိမည် ဖြစ်သော်လည်း ထိုကောင်မလေး မှီထားသော ပုခုံးပိုင်ရှင် ထိုငနဲကား အသက် ၄၀ ကို ခပ်လှမ်းလှမ်းလောက်မှာပင် ထားခဲ့ပြီ ဆိုသော သူ့ရဲ့ ဦးခေါင်းမှ ဆံပင်များက သက်သေ ပြနေလေ၏။ ကိုယ်တို့ သူငယ်ချင်းတွေ စကားနဲ့ ပြောရရင် “ ဘဲနာကြီး ” ၊ “ ဘီးကျဲကြီး ”

        သူ့ဦးခေါင်းမှာ ဆံပင်ဆို၍ မြင်းတွေမှာ တပ်ရသော သံမြင်းခွာကို ပုံတူ ခပ်ကြီးကြီးလုပ်ကာ အမွှေးများ တပ်၍ ခေါင်းတုံး တစ်ယောက်မှာ အံဝင်အောင် ပြောင်းပြန် စွပ်ပေးထားသော ပုံစံမျှသာ ရှိလေသည်။ ခပ်ရှင်းရှင်း ပြောရရင် ထိုလူမှာ ထိပ်ပြောင်ယုံမက ရေစီးကမ်းပြို လိုက်ကာ နောက်ပိုင်း ဆံပင်များပါ ကျဆုံးခဲ့ပုံ ရသည်။

         မြရတနာ ခေါင်းလိမ်းဆီက ကောင်းတယ် လို့ ပြောလိုက်ရင် ကောင်းမလား။ အာ . . ငါ နဲ့ မဆိုင်ပါဘူးလေ။

          “ ဦး . . မီးကို ပစ်မသွားပါနဲ့နော် ”

          ကောင်မလေးက ဒီလို တဖွဖွ ပြောနေပေမဲ့ ငနဲသားကတော့ ငြိမ်ချက်သား ကောင်းလှစွာပဲ တေမိ ပြုနေခဲ့၏။ သို့သော် ကောင်မလေးရဲ့ ပုခုံးတစ်ဘက်ကို သူ့ရဲ့ လက်တစ်ဘက်နဲ့ အုပ်ကိုင်ကာ ဖက်ထား၏။ နောက်ထပ် လက်တစ်ဖက်ကတော့ . . . .

           “ အား . . . အမလေး . . ကိုက်တယ်. . ကိုက်တယ် . . . ။ နာလိုက်တာ . . . သေစမ်းကွာ . . သေစမ်း . . ”

          အသံကတော့ မထွက်ရဲ။ စိတ်ထဲကသာ ပြောမိသည်။ ဘာကြောင့် ကောင်မလေးက ဒီငနာကြီးကို ဒီလောက် ချစ်နေတာလဲ ဆိုတာကို သိချင်လှသေးသည် မဟုတ်လား။ အဲဒီအတွဲကို စိတ်အဝင်စား လွန်သွားကာ ခြေထောက် တစ်ဘက်က အားမလို အားမရဖြစ်ပြီး ပုံနရိတ် ပန်းပင်ကို သွားထိမိ၏။ ထိုအခါ ပုံနရိတ် ပန်းပင်မှ ပုရွတ်ဆိတ်များက ကိုယ့် ခြေထောက်ကို တွယ်ကာ ကိုက်နေကြခြင်း ဖြစ်သည်။ ဒါကြောင့် ခြေထောက် အချင်းချင်း ကြိတ်ကာ အသံတိတ် နင်းခြေသတ်ရင်း ထိုခြေထောက် တစ်ဘက်ကိုလည်း ပင့်မြှောက်ပြီး ခပ်ဖွဖွ ပွတ်ကုတ်ကုတ် နေမိသည်။

          အတန်ငယ် အယားပြေတော့မှ ပုံနရိတ် ပန်းပင်ကို မထိအောင် ဂရုစိုက်ပြီး ခုနက အတွဲကို အပေါ်မှာ ပြန်ကြည်မိသည်။ ထိုငနဲရဲ့ နောက်ထပ် လက်တစ်ဘက်ကတော့ ကောင်မလေးရဲ့ လက်ဖဝါး တစ်ဘက်ကို ဆုပ်ကိုင်ထား၏။ ကောင်မလေး လက်ဖဝါးလေးအား ဖြန့်လိုက် ၊ ဆုပ်လိုက် ၊ လက်ချောင်းခြင်း ထပ်ကာ ကိုင်ထားလိုက်ဖြင့် ထိုငနဲက အလုပ်ရှုပ်နေ၏။ ဒီလောက် အသက် ၄၀ ကျော်တောင်မှ အသက် အစိတ်လောက် ကောင်မလေးနဲ့ ပန်းခြံထဲမှာ . . . . .  ၊ ဟင်း . . . ငါကွာ . . . ။ မနာလိုမှုလား ၊ ဘာလားက  ရင်ထဲမှာ ခပ်ထွားထွား ရုန်းကန်လာမိသည်။

            ဒီကောင်မလေးကလည်း သူနဲ့ ရွယ်တူတွေကို ကြိုက်စရာ မရှိတော့လို့လား ၊ ဘာလို့ သူ့ထက် ၁၅ နှစ်ကို ဟိုဘက် အတော်လှမ်းလှမ်း ကျော်နေနိုင်တဲ့ ငနဲကြီးကိုမှ သွားကြိုက်ရတာလဲ။ မသကာ ငါဆိုရင် ကွာလှ ၆ နှစ်ပေါ့။ အခုတော့  စိတ်ညစ်ရင်တောင်မှ လူရွှင်တော်တွေလို ချစ်သူခေါင်းကို အငှားကုတ်လို့ မရတဲ့ ဘဝ။ ပြောင်နေတဲ့ ငနဲကြီး ခေါင်းက ပွတ်လို့သာ ရမည်။ ဒီလိုကြီးကို ကြိုက်ရလား ဟဲ့။ နင့်မှာ မျက်စိ မကောင်းလို့လား။ ဘာကြောင့် နင်က ဒီလို ဘီးကျဲ ( ဘဲကြီး ) ကို သွားပြီး ကြိုက်ရတာလဲ။ ကိုယ် ပို၍ ပို၍ ထိုအတွဲကို စိတ်ဝင်စားလာမိသည်။

          အထူးသဖြင့် ကောင်မလေးက ချစ်ကြောင်းတွေ တဖွဖွ ပြောနေသလောက် ၊ ဘဲငနာကြီးက ငြိမ်ချက်သား ကောင်းလှစွာ ဘာသံမှ မထွက်။ ကောင်မလေးရဲ့ လက်ကိုသာ အရေးကြီးသော ပစ္စည်း တစ်ခု အဖြစ် ခပ်ဖွဖွလေး ကိုင်ထားလိုက် ၊ ခပ်ကျစ်ကျစ်လေး ဆုပ်ကိုင်ထားလိုက် ၊ နောက်ထပ် လက်တစ်ဘက်ကလည်း ပုခုံးလေးကို အသာဆုပ်ကိုင်ကာ ပွေ့ထားလိုက် လုပ်နေသည်။ စကားသံကတော့ လုံးဝ မထွက်လာ။

          “ ဦးကို မီးလေ ကြာလေ ပိုပြီး ချစ်လာလေပဲ ဦးရယ် ၊ ဒါတွေ ဦး သိပါ့မလား ၊ မီးကို ခွဲပြီး မသွားပါနဲ့နော် ”

         ဟော . . ကောင်မလေးက ဘာလို့ ဒီလောက်တောင်မှ ချစ်နေရတာလဲ ၊ ဘာလို့ ဒီ ဘဲနာကြီးကို ခွဲမသွားပါနဲ့ ဆိုပြီး ဖြစ်နေရတာလဲ။ သိချင်စိတ်တို့ ပို၍ ဖြစ်လာမိသည်။ အဲ . . . သူများ အကြောင်းကိုချည်း စိတ်ဝင်စားနေလို့ မဖြစ် ၊ ကိုယ့်ကို တိုက်ခိုက်မဲ့ အောက်ခြေက ပုရွတ်ဆိတ်တွေကိုလည်း ဂရုစိုက်ရသေး၏။ ပုံနရိတ် ပန်းပင်နဲ့ မထိသ၍ ဘာမှတော့ မဖြစ်နိုင်သေး။ အောက်ခြေကို တစ်ချက် ကိုယ့်ဖာသာ ငုံကြည့်လိုက်တော့ အိုကေ အန္တရာယ် နဲ့ လွတ်ကင်း၏။ ကိုယ်နဲ့ ပုရွတ်ဆိတ်တွေ အတော်ဝေးသည်။

          အာ  . .  ပုရွတ်ဆိတ်ကို အာရုံများသွားတာနဲ့ ကောင်မလေး ဆက်ပြောတာ မကြားလိုက် ဖြစ်သွား၏။ အာရုံစိုက်ကာ ပြန်၍ နားထောင်လိုက်သည်။

           “ မီးကိုလေ အားလုံးက ပြောကြတယ် ဦးရဲ့ ၊ မီးကို ချစ်ခင်သူတွေ ပေါတယ် တဲ့ ”

           “ - - - - - ”

           “ ချစ်ခင်သူ ဆိုတာ ချစ်သူလို ချစ်ချင်သူတွေကို ပြောတာနော် ဦး . . . ဒါပေမဲ့လည်း ဦးရယ် ”

          အောင်မယ် . . ဒီကောင်မလေးနှယ် ၊ ကပ်ကြွားနေသေးတယ်။ နင့်ကို ချစ်သူလို ချစ်ခင်သူတွေ ပေါတယ် ဆိုရင် ဘာလို့ ဒီဘဲနာကြီးနဲ့ တွဲပြီး ဦးရယ် ၊ မီးရယ် ၊ အရမ်းချစ်တယ် လုပ်နေသေးလဲ ၊ ကိုယ့်ဖာသာ တခြား ရွယ်တူကို တွဲလိုက်ပါလား။ ဒါပေမဲ့လည်း ဆိုပြီး ဘာဆက်ပြောဦးမှာလဲ မသိ။ နားစွင့်နေမိ၏။

           “ ဒါပေမဲ့လည်း ဦးရယ် ၊ မီးရဲ့ ကံဇာတာက မီးအတွက် တမျိုး ရေးခဲ့ပြီးပုံ ရပါတယ် ”

           ဟင် . . . တမျိုးပါလားဟ။ ဘာတွေများ သူ့ရဲ့ ကံဇာတာက ထူးခြားပြီး ရေးပြီးသား ဖြစ်နေပါလိမ့်။ ကိုယ် တော်တော်ကို စိတ်ဝင်စားသွားမိ၏။ ပန်းခြံတစ်ခုထဲမှာ ၊ ပြီးတော့ ထိုပန်းခြံရဲ့ အထဲက သစ်ပင်ကြီး တစ်ခုရဲ့ ထိုင်ခုံပေါ်မှာ ၊ ထိုထိုင်ခုံပေါ်မှာ ကုန်းကုန်းကွကွ နဲ့ အနောက်ဘက်က ပုံနရိတ် ပန်းပင်တွေကို သရုပ်ပျက်စွာ ကျော်ကြည့်နေမိတယ် ဆိုတာ သတိမထားမိတော့။ သိချင်စိတ်က အလွန်ကို ကြီးထွား ပြင်းထန် နေခဲ့ပြီ။

           “ မီး ၇ တန်းလောက်ကလေ ၊ မီးဘဝမှာ ပထမဦးဆုံး ရည်းစားစာ အပေးခံရတယ် ဦးရယ် ”

           “ - - - - - ”

           “ အဲဒီ ပေးတဲ့ လူကလေ ၊ မီး အစ်ကိုရဲ့ သူငယ်ချင်း တစ်ယောက်ပါပဲ။ အဲဒီ အချိန်မှာ ကိုကိုက ၁၀ တန်း ကျောင်းသား ဆိုတော့ အဲဒီစာပေးတဲ့ လူကလည်း အတူတူပဲပေါ့။ ဒီတော့ သူက မီးထက် ၃ နှစ် ကြီးတယ် ဦးရယ်။ ”

            “ - - - - - ”

           “ ဒါပေမဲ့ မီးမှာ ဘာစိတ်မှ မရှိတော့ ကိုကိုနဲ့ တိုင်လိုက်တာမှာ သူတို့ သူငယ်ချင်း အချင်းချင်း စကားတွေ များကြပြီး ၊ အခင်မင်လည်း ပျက်ကုန်တယ်။ နောက်တော့ အဲဒီ အစ်ကိုကြီးလည်း မီးကို နောက်ထပ် ဘာမှ ထပ် မကြိုးစားတော့ပါဘူး ”

            “ - - - - - - ”

          ကောင်မလေးက တတွတ်တွတ် ပြောနေသလောက် ဘဲနာကြီးကတော့ သူ့ရဲ့ ပြောင်နေတဲ့ ခေါင်းအတိုင်း  မျက်နှာ ပြောင်ပြောင်နဲ့ ( မမြင်ရသော်လည်း ) အသံတိတ် ထိုင်နေ၏။

          “ နောက်တော့ မီး ၁၀ တန်း ရောက်လာတယ် ဦးရယ်။ အဲဒီမှာလည်း မီးကို ချစ်ကြောင်း လိုက်ပြောတဲ့ လူ ရှိပါတယ်။ တချို့ကတော့ ခရီးသွား ဟန်လွှဲပြောတာပါ။ ဒါပေမဲ့ မီးတို့ ဟိုဘက် လမ်းထိပ်က  အစ်ကိုကြီး တစ်ယောက်ကျတော့ မီးကို တကယ်ကို တည်တည်တန့်တန့် စောင့်ပြီး ချစ်ရေးဆိုတယ် ဦး ”

            “ - - - - - ”

           “ အဲဒီအချိန်မှာ မီးက ၁၀ တန်းပဲ ရှိသေးပေမဲ့ အဲဒီ အစ်ကိုကြီးကတော့ တက္ကသိုလ်မှာ မာစတာ နောက်ဆုံးနှစ် လို့ ဆိုတယ် ဦးရဲ့။ မီးထက် ၇ နှစ်လောက် ကြီးတယ် ဦး။ ဒါပေမဲ့ သူနဲ့လည်း ဘာမှ မဖြစ်ခဲ့ပါဘူး။ အိမ်က သိသွားပြီး မီးကို ၁၀ တန်းလောက်နဲ့ ရည်းစား ထားရမလား ၊ ၁၀ တန်းလေးတောင်မှ အောင်အောင် မဖြေသေးဘူး ဆိုပြီး ဘယ်သွားသွား လိုက်ပို့ ၊ လိုက်ကြိုနဲ့ ဆိုတော့ အဲဒီ အစ်ကိုကြီးလည်း ဘယ်လိုမှ ဆက်ကြိုးစားလို့ မရဘူး။ ”

            “ - - - - - ”

           “ ဒါနဲ့ နောက်ဆုံးမှာ အဲဒီ အစ်ကိုကြီးလည်း အိမ်က သဘောတူထားတဲ့ လူနဲ့ ယူသွားတယ် လို့ ကြားရတော့တာပါပဲ ဦးရယ် ”

            “ - - - - - ”

            “ ဒါတွေကြောင့်လည်း  ဦးကို မီး အရမ်းချစ်တယ် ”

           ဟင် . . . ဒီကောင်မလေးနှယ် ၊ ဘာမှလည်း မဆိုင်ပါလားဟ။ အရင်က သူ့ကို လိုက်တဲ့ လူနှစ်ယောက်နဲ့ ရည်းစား ဖြစ်ခွင့် မရတာနဲ့တင် ဒီဘဲနာကြီးကို အရမ်းချစ်တယ် ဆိုတာ ဘာမှ မဆိုင် ၊ လားလားမှ မဆိုင်။ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဘဲနာကြီး ဆီကတော့ အသံ တစ်စက်မှ မကြားရ။ လက်ကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတာကိုပဲ တွေ့ရ၏။

            “ နောက်တော့ မီး တက္ကသိုလ် ရောက်လာတယ်။ အဲဒီမှာလည်း မီးကို ချစ်ရေးဆိုတဲ့ လူ ရှိပါတယ် ဦး။ ”

            “ - - - - - ”

            “ သူက မီးတို့ မေဂျာကို ပြတဲ့ ဆရာတစ်ယောက်ပါ ”

            “ - - - - - ”

            “ မီးကို ချစ်ရေး ဆိုတယ်။ အိမ်ကိုလည်း လာပြီး နားဖောက် တောင်းရမ်းမယ် လို့ ပြောတယ် ဦး။ ဒါပေမဲ့ သူ့ကို မီး အဖြေ မပေးပါဘူး။ မီးဆီက အဖြေကို ရရင် သူက လာနားဖောက်မယ် လို့ ဆိုတာပါ။ မီး ဘာဖြစ်လို့ သူ့ကို အဖြေမပေးတာလဲ ဆိုတာ သိလား ဦး ”

            “ - - - - -  ”

           “ မသိဘူး ၊ ဘာလို့လဲ ၊ ပြော စမ်းပါဦး ” ကဲ . . . မှတ်ရော။ ကိုယ့်ရင်ထဲက ပြောလိုက်၏။ အမေး ခံနေရတဲ့ ဘဲနာကြီးက သူ့ကို မမေးတဲ့ အတိုင်း ငြိမ်းချက်သား ကောင်းနိုင် လွန်းလှသည်။ သူ့အစား ကိုယ်သာ ဝင်မေးပစ် လိုက်ချင်တော့၏။

          “ သူက မီးထက် ၁၀ နှစ်ကျော် အသက်ကြီးတယ် ဦးရဲ့။ ဒီလို မီးနဲ့ အသက် အရမ်းကွာတော့ အဆင်ပြေပါ့မလား ဆိုတဲ့ စိတ်က ကြောက်နေမိတာ။ ဒါနဲ့ပဲ မီးက အချိန်ဆွဲပြီး စဉ်းစားနေတယ် ၊ သူ့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ် ဆိုပြီး သူက မီးကို ပြစ်ပြစ်ခါခါ ပြောပြီး မီးတို့ အတန်းထဲကပဲ နောက်ထပ် ကျောင်းသူ တစ်ယောက်နဲ့ မင်္ဂလာဆောင် အကြီးကြီး လုပ်ပြီး လက်ထပ်သွားတယ် ဦးရယ် ”

            “ - - - - - ”

           “ မီးလေ သူ့ကိုလည်း မချစ်မိပါဘူး။ ဒါပေမဲ့ မီး ကံဇာတာကို မီး ပိုပြီး အံ့သြမိတယ်။ ဘယ်လိုပဲ ပြောပြော ဦးရယ် ၊ ဦးကို မီး အရမ်းချစ်တယ် ”

           “ - - - - - - ”

          အယ် . . ဒီကောင်မလေး ၊ ဘယ့်နှယ်  . . . နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပါပဲလား။

          “ အား . . . ကိုက်တယ်ဟ။ ”

        ခုနက ကိုက်သော ခြေထောက်မဟုတ်ဘဲ နောက်ထပ် တစ်ဘက်ကို ပုရွတ်ဆိတ်က ထပ်ခဲနေပြန်သည်။ အားမလို အားမရ ဖြစ်ကာ ကိုယ့်ခြေထောက် နောက်တစ်ဘက်က ထိုင်ခုံ အနောက်ဘက်က အပင်ကို သွားထိထားမိ၏။ ထိုမှ ပုရွတ်ဆိတ်အနီ သေးသေးလေးတွေက ကိုက်ခြင်း ဖြစ်သည်။ ထိုအနီ သေးသေးလေးတွေက ပိုပြီး အဆိပ်ပြင်းသောကြောင့် ခုနကလို ခြေထောက်ပင့်ပြီး ပွတ်ယုံဖြင့် မရ။ လူပါ ကုန်းပြီး ကုတ်ရတော့သည်။ အား . . . တော်တော်နာတဲ့ အကောင်လေးတွေ ၊ သို့သော် အသံတော့ မထွက်ရဲ ၊ ဘာကြောင့် ကောင်မလေးက ဒီဘဲနာကြီးက အလွန်အမင်း ချစ်နေတာပါလိမ့် ဆိုတာ သိချင်နေမိသည်။

         “ အဲဒီနောက် မီး ကျောင်းပြီးတော့ ဘွဲ့ယူတယ် ဦး။ ဒီအချိန်မှာ မီးလည်း အချစ်ဆိုတာကို ရင်ခုန်တတ်နေသလို ၊ ဘဝအတွက်လည်း ဦးနှောက်နဲ့ စဉ်းစား တတ်လာပြီပေါ့ ဦးရယ်။ နောက်တော့ အလုပ်ဝင်တယ်။ အလုပ်ဝင်တော့ ဦးနဲ့ တွေ့တာပဲ။ ”

          “ - - - - -  ”

          “ ဦးကို မီး အရမ်းချစ်တယ် ”

           “ - - - - - ”

           “ ဦးကရော မီးကို ချစ်ရဲ့လား ”

           “ - - - - -  ”

           “ မီးကို ပစ်မသွားပါနဲ့ ဦးရယ် ၊ ဦး ပစ်သွားရင် မီးတော့ သေမယ် ထင်တယ် ”

           “ - - - - - ”

           ဘာဆို ဘာမှ မဖြေ။ ဟာ . .  ဒီဘဲနာကြီးက ပါးစပ်မှ ပါရဲ့လား။ ကောင်မလေးက ဒီလောက် ချစ်ပြနေတာတောင်မှ သူက စကား တစ်ခွန်းမှ မဟ။ မေးနေတာကို တစ်ခွန်းမှ မဖြေ။ တော်တော်ကို တုံးလွန်း ၊ နုံလွန်း ၊ ညံ့လွန်း ၊ ဖျင်းလွန်းတဲ့ လူ။ ကောင်မလေး ပုခုံးကို လွတ်ထွက်သွားမှာ စိုးသလို ဖက်ထားယုံ ၊ ကောင်မလေး လက်ကို ကိုင်ထားယုံ ၊ ခေါင်းလေး ငြိမ့်ပြယုံဖြင့်သာ။ ကတောက် . . . ဘယ်လို ငနဲသားပါလိမ့်။ ငါသာ ဆိုရင် “ ချစ်တယ် . . . ချစ်တယ်. . ချစ်တယ်. . ” ဆိုပြီး ရွန်းရွန်းဝေအောင် ဖြေလိုက်မှာပဲ။ ဘာလို့များ ဒီလောက် နှုတ်ဆွံနေတာလဲ . . .  ဘဲနာကြီးရဲ့။

            “ ဦးနဲ့ မီး တွေ့ပြီး ဦးက ချစ်ရေး ဆိုတော့ မီး အသက်က ၂၄ နှစ် ၊ ဒါပေမဲ့ ဦးက အသက် ၄၀ နှစ်။ မီးနဲ့ ဦး အသက် ၁၆ နှစ် ကွာတယ်နော် ဦး။ ဒါပေမဲ့ ဦးကို မီး တကယ်ကို ချစ်ပါတယ်။ ဦးနဲ့လည်း မဝေးချင်ဘူး။ ဦးကို မခွဲနိုင်ဘူး ၊ မခွဲချင်ဘူး ဦးရယ် ”

           “ - - - - - - ”

           “ မီး မခွဲချင်ဘူး ၊ မခွဲချင်ဘူး ”

           “ - - - - - - ”

           “ မီး မခွဲချင်ဘူး ၊ မခွဲချင်ဘူး ”

           “ - - - - - - ”

           ' မခွဲချင်ရင် ညှစ်သာ ထုတ်ပစ်လိုက် ၊ ဒါပေမဲ့ နည်းနည်းတော့ ခံရတယ်နော်  ' ဆိုပြီး ငယ်ငယ်က သွေးစုနာ ပေါက်နေတဲ့ လူကို ပြောသလိုသာ ပြောလိုက်ချင်တော့သည်။ ' ထိပ်ပြောင် ၊ အရွယ်ကျ ၊ ကာလန ' ဆိုတဲ့ ဘဲနာကြီးက တော်တော် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လှတပတ ကောင်မလေးက ကဲကဲ ဆိုပြီး ၊ ဒီလိုကို ဖြစ်နေ၏။ နားကို မလည်နိုင်တော့။ ခေတ်ကာလကိုက ဒီလို ဖြစ်နေတာများလား။

         “ တကယ်လို့ ဦးသာ မီးကို ပစ်သွားမယ် ဆိုရင် မီးတော့ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေ ပစ်လိုက်တော့မယ် ဦးရယ် ”

           “ - - - - - - ”

           မြတ်စွာဘုရား . . . ။ ဒီလောက်တောင်မှ ပါလား။ ဘာကြောင့် ဒီလောက်တောင်မှ ကောင်မလေးက ဒီဘဲနာကြီးကို ချစ်နေရတာပါလိမ့်။

           “ မီးရဲ့ ကံဇာတာကို မီးသိတယ်။ အခု ဦးနဲ့တောင်မှ အသက် ၁၆ နှစ်ကွာနေတာ။ သူက ပစ်သွားလို့ နောက်ထပ် မီးကို ချစ်ရေး ဆိုလာမဲ့ သူ ဆိုရင် မီးထက် အသက် ဘယ်လောက် ကြီးမလဲ ၊ အသက် ဘယ်လောက် ကွာမလဲ မသိနိုင်ဘူး ဦးရယ် ”

           “ - - - - -  ”

           “ ဘယ်လိုပဲ ဖြစ်ဖြစ် မီး ဦးကို ချစ်တယ်။ ဦး မီးကို လက်ထပ်မှာလား ဟင် ”

           “ - - - - - ”

            သြ . . ဟော . . . ဟော. . . ဒါကြောင့်ကိုး ၊ ကိုယ် သဘောပေါက် သွားခဲ့ပါပြီ။

           တကယ်တော့လည်း ကောင်မလေး ပြောသလို ဟုတ်တော့လည်း ဟုတ်နေတာပါပဲလား။ သူ့ရဲ့ ကံဇာတာကလည်း အတော်ကို ထူးခြား၏။ ပထမဦးဆုံး ချစ်ရေးဆိုသူက သူ့ထက် ၃ နှစ်ကွာ၏။ ဒုတိယ ချစ်ရေးဆိုသူက ၇ နှစ်ကွာ၏။ တတိယ ချစ်ရေးဆိုသူက ၁၀ နှစ်ကျော်ကြီးတယ် ဟု ဆို၏။ ထိုနောက် စတုတ္ထ ချစ်ရေးဆိုသော ထိုဘဲနာကြီးက အသက် ၁၆ နှစ်ကြီးနေ၏။ တကယ်လို့ နောက်ထပ် ပဉ္စမမြောက် ချစ်ရေးဆိုသူသာ ရှိလာခဲ့မည် ဆိုပါက ကောင်မလေးနှင့် ထိုလူ အသက် မည်မျှ ကွာသွားမည်နည်း။

            ကောင်မလေး စဉ်းစားမိပြီး တွေးကြောက်မယ် ဆိုလည်း တွေးကြောက်စရာပါပေ။ ဒီတစ်ယောက်နဲ့ မညား ဘာဖြစ်လဲ နောက်တစ်ယောက်ပေါ့ ဆိုသော ယေဘူယျ မကျ ၊ တကျ စဉ်းစား တွေးခေါ်မှုထက် ကောင်မလေး၏ အရင်က ဖြစ်လာခဲ့သမျှကို ကောက်ချက်ချကာ “ ဖြန့်ကြက် စဉ်းစားခြင်း ” ကား ပို၍ ယထာဘုတ ကျနေသည် မဟုတ်ပါလား။ မှန်၏ ၊ မမှန်၏ ၊ ဖြစ်၏ ၊ မဖြစ်၏  ဆိုတာကတော့ ဘယ်သူမှ မသိနိုင်။

           ကောင်မလေးကလည်း သူ့ရဲ့ ကံဇာတာ တွက်ကိန်းနဲ့ သူ မှန်နေသလို ၊ ဟိုဘဲနာကြီးကလည်း ကိုယ် သူ့အပေါ် ထင်နေသလို ငြိမ်ချက်သား ကောင်းနေတဲ့ ခပ်တုန်းတုန်း ၊ ခပ်ညံ့ညံ့ ဘဲနာကြီး တစ်ယောက်တော့ မဟုတ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ရင်ခွင့်ထဲကို ကောင်မလေးက ရောက်နေခဲ့ပြီး သူ့ရဲ့ လက်တစ်ဘက်က ကောင်မလေး ပုခုံးကို ကိုင်ကာ ဖက်ထားခွင့် ရထားကာ ၊ နောက်ထပ် တစ်ဘက်က ကောင်မလေး လက်ကလေးကို ကိုင်ထားခွင့် ရနေခဲ့တာ မဟုတ်ပါလား။

            ဒါဆို . . . . အခု ဇာတ်လမ်းကို တကယ်တမ်း “ ဖြန့်ကြက် စဉ်းစားခြင်း ” ဖြင့် စဉ်းစားခဲ့မယ် ဆိုရင်. . .

          ကောင်မလေးကလည်း သူ့ တွက်ကိန်းကြောင့် သူ မညံ့ပါ။ ဘဲနာကြီးကလည်း သူ့ရင်ခွင်ထဲကို ကောင်မလေး ရောက်အောင် ဖက်ထားနိုင် ခဲ့ပြီးပြီပဲ ၊ သူလည်း မညံ့ပါ။ ဒါဆို . . . တကယ်တမ်း ညံ့တာကတော့ . . . ၊

          သူများ ကိစ္စကို သိချင်ဇောဖြင့် ပန်းခြံထဲကို လေကောင်းလေသန့် ရှူရန် ၊ အညောင်းညာပြေ လမ်းလျှောက်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် ရောက်လာပြီး အမောဖြေစဉ် ငြိမ်ငြိမ် ထိုင်မနေနိုင်ဘဲ ၊ ထိုင်ရမဲ့ ခုံပေါ် မတ်တပ်ရပ် ၊ မတ်တပ်ရပ်ပြီး ကုန်းကုန်းကွကွလုပ် ၊ ပုရွတ်ဆိတ် အကိုက်ခံ ၊ အညောင်းမိခံ ၊ အချိန်ကုန်ခံကာ သူများ ကိစ္စကို ကြားထဲက စိတ်ပူပန် နေသော ကိုယ်ကသာ ခပ်ညံ့ညံ့ လူတစ်ယောက် မဟုတ်ပါလားဗျာ။

         လက်ထပ်ပါ့မယ် ဆိုပြီး စကားသံ မထွက်ဘဲ ခေါင်းတွေ တစ်ငြိမ့်ပြီး တစ်ငြိမ့် ငြိမ့်ပြကာ လက်တစ်ဘက်က ကောင်မလေး ပုခုံးလေးကို ဖက်ထားပြီး နောက်ထပ် လက်တစ်ဘက်ကတော့ ကောင်မလေး လက်ကလေးကို ကိုင်ထားတဲ့ ဘဲနာကြီးရဲ့ ခေါင်းပြောင်ပြောင်ကြီးကို ကြည့်ပြီး ကိုယ် မတ်တပ် ထရပ်နေတဲ့ ခုံပေါ်ကနေ ဆင်းလာကာ လမ်းမပေါ်ကို တတ်လာခဲ့တော့၏။

           ကိုယ် ၊ လက်လှုပ်ရှား သွေးပူ လေ့ကျင့်ခန်း လုပ်ရဦးမယ် မဟုတ်ပါလား။

         
လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

27 ယောက် ရဲ့ ထင်မြင်ချက်:

အင်္ဂါဟူး said...

ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ပုရွတ်ဆိတ် အကိုက်ခံပြီးသူများ ကိစ္စ၀င်ရှုပ်တယ်.. အံ့တာပဲ ဦးဗိုက်ပူရယ်.. .အရေးထဲ သူ့အသက် ကြော်ငြာနေတယ် စိတ်ချ.....ရမယ်။


ဦးရယ် မီးရယ် ဦးကိုမီးက ချစ်တယ်.. ဦးကရောဟင်..။ ဒိန်းဒေါင်ပြောသလို ဦးရယ် မီးရယ် ဦးမီး ဦးမီး နဲ့ အီးမူးနေတာလားမသိပါ.။ နောက်ကချောင်းတဲ့လူ ဘဲဥစားပြီး လေလည်တာဖြစ်မှာပေါ့..။

အဖြူရောင်နတ်သမီး said...

အပေါ်က အင်္ဂါဟူးဗိုက်ပူ..။ဒုက
သူများကိုသွားပြီးဗိုက်ပူပြောနေတယ်..။
သူကျတော့မပူတာကျနေတာပဲ(သူ့ကိုယ့်သူ ပြောထားဖူးပါသည်)။

ချောင်းခွင့်ပေးလိုက်ပါ လူပျိုကြီးကို...
သူ့ခမျာ အကိုက်ခံပြီး ချောင်းရတာ
နည်းတဲ့ဒုကမှတ်လို့...
ခလေးက ခလေးလိုနေစမ်း...အဟမ်း...
း)

Anonymous said...

ီို

T T Sweet said...

ရယ်ရတယ်။ မြရတနာ ခေါင်းလိမ်းဆီက ကိုဇော်သုံးတာလားး)

Anonymous said...

သူဘာသာသူ သူများအတွဲသွားချောင်းပြီတော့ ပရွတ်ဆိတ်ကိုက်တာနဲသေးတယ်..ပြီးတော့လာဖတ်တဲ့သူတွေကိုလည်း အလုပ်ရှုတ်အောင် အိမ်စာပေးလိုက်သေးတယ် ဖြန့်ကြက် စဉ်းစားရဦးမယ်တဲ့ စဉ်းစားထားမယ် စဉ်းစားပြီးရင် ပြီးရင်ပြန်ပြောမယ်.. မီး ပြောတာတွေဘဲရေးထားတယ် မတရားဘူး... ဦးကလဲ မီးကို တခုခုတော့ ပြန်ပြောမှပေါ့..ချစ်တယ် မီး ရယ်လို့...ဦး ဘာပြောမလဲသိချင်နေတယ်...။

♥ May said...

wahahahha....hehehhee....kwi kwi kwi....kikiki,....byal.... :P
ကိုဇော်က အတွဲချောင်းတာ ဝါသနာ ပါသကိုး.... :)

Mee said...

ဖြန့်ကြက်စဉ်းစားခြင်း လုပ်မနေပါနဲ့.. တကယ်က အတွဲချောင်းခြင်း ဖြစ်ရမှာ...
အဲ့ဒီ့ကံမျိုး မီးမှာလည်း ပါနေလားမသိ.. အဟင့် ဟင့် :P

Dream said...

ဦးရယ်ဦးကလည်း တော်တော်ဆိုး...အဟတ်...

တော်သေးတာပေါ့ ဦးရယ်...သွေးပူလေ့ကျင့်ခန်း
လုပ်ဖို့ သတိရသွားလို့....

မဟုတ်ရင်တော့ ဦးနော် ဦး..ဟွန်းးး မပြောချင်ဘူး..
ဦးတော်တော်ဆိုးးးးးး :P :P

ဖြန့်ပြီး ကြက် စားသွားသည် ။ :P

ဆွေလေးမွန် said...

ရေးထားတဲ့ပို့(စ်) ရော comments တွေရော ဖတ်ပြီး
ရီရတယ်။
:) :) :)
ကတ်သီးကတ်သတ် ဖြန့်ကြက် စဉ်းစားတတ်ပါပေ့။

sosegado said...

ဦး ခေတ်လေ၊ မနာလိုမဖြစ်နဲ့၊ အေးဆေးဖြစ်ဘို့ အရေးကြီးတယ်လို ဖြန်ြ့ကက်စဉ်းစားကြတာများပါတယ်၊
စကားမစပ် ကောင်မလေးက အသံကျယ်ကျယ်ပြောတတ်တယ်ထင်တယ်။

မောင်ဘကြိုင် said...

ဟိဟိ ပန်းခြံဆို အတွဲချောင်းဖို့ပဲသိတယ် အနော်က တူညားအတွဲချောင်းပီး ကိုယ့်အတွဲနဲ့ဆို ဘယ်တော့မှ ပန်းခြံတွားဖူးဝူးး )ဥရဲ့ အဲလေ ဦးရဲ့း)း)

မေပယ်လ် said...

ရော်.ဖြန့်ကျက်စဉ်းစားခြင်းဆိုလို့
ဦးဇော်တို့ နှလုံးသားရှိရာကနေ ဖလော်ဆော်ဖာဘက်
ကူးပြောင်းသွားပြီမှတ်တာ..
လက်စသတ်တော့ လက်စသတ်ကိုး:)

phyo said...

အော်.. ငါ့နှယ် ဘာများထူးမလဲ ထူးမလဲနဲ့ ဖတ်လိုက်ရတာ .. နောက်ဆုံးတော့ သူ့တွက်ကိန်းနဲ့သူ အဆင်ပြေနေကြတာဘဲကို.. ကိုဇော် အဲလောက်ကို စိတ်ဝင်တစားချောင်းခဲ့တာ.. စိတ်ဝင်တစားနဲ့ ပြန်ဖတ်လိုက်ရတယ်..

ရွှေရတုမှတ်တမ်း said...

ကဲ....ဗိုက်ပူရေ...
ထိတ်ပြောင် ကတော့ အတိတ်တဘောင်နဲ့ ကြိတ်လှောင်သွားပြီ.....ကြိုးစားထားတဲ့...

ahphyulay said...

အင်း...
ကောင်းတယ်၊ ကောင်းတယ် ဖတ်လို့ ။
ဦးရဲ့ အီး.. အဲ သမီး ဇာတ်လမ်းကျှွိုဲတင်သွားတာ။
ဘာမှဖြန့် ကျက်မစဉ်းစားတော့ ဘူးဗျာ။
ပြောချင်တာက ရိုးရိုးလေး..။
“ ဖူးစာ ” ပါပဲ။
ဖူးစာက နဖူးမှာပါလာရင် ရူးတာတောင်မရပါဘူးနော်။

အုပ်ကြီး said...

"မ"ဘက်လိုက်တော့ မိုက်ဘက်ပါ ..
"ဘ"ဘက်လိုက်တော့ ...

အင်း ..သမီး နဲ့ ဦး
အချစ်ရူးတွေပါဗျာ ..

Anonymous said...

နည်းသေးတယ် ပုရွတ်ဆိတ်ကိုက်တာ..:P
သူများအတွဲသွားချောင်းတာကိုး..အတွဲချောင်းတာ
ဝါသနာပါတယ်လား..ဟီးးး..စတာနော်ကိုဇော်
ဖတ်သွားတယ်နော်....

Anonymous said...

ကြောင်လည်းကြောင်နိုင်ပါ့နော်
ကိုကိုကြောင်လို့ နာမည်ပေးလိုက်ပါလား...။
မနေတတ်မထိုင်တတ်
အားအားယားယားနဲ့ 
ခြုံကြားထဲကမြွေမကိုက်သွားတာကံကောင်း...။
အကြောင်တကာ့အကြောင်ထဲက
အကြောင်ဆုံး ကိုကိုဂေါက်ကြောင်
ရယ်ရတယ်ဟားးးးးးးးးးးးးးးးးးးးးးးးးးးးး။

ဝက်ဝံလေး said...

လာပါတယ် ကိုဇော်ရဲ့ ဘာလို့ လူကြီးက စကားမပြောလဲ ဆိုတာ စဉ်းစားနေလို့ ခစ်ခစ်

ကိုကိုးအိမ် said...

အမလေး ဘာများလဲလို့ဗျာ. သူ့ထက်ကြီးမှာစိုးလို့ကိုး ဒါပေမယ့်သူက ၂၄ ဆိုတော့ ကိုးထက်ကြီးတယ် ယူတော့ဘူး ဟိဟိ ဘိုးတော်ကြီးက ယူရမှာစိုးလို့ မူလကီးယားနေတာအကို အဟဟ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

Angel Shaper said...

ဦးဇော်.... မိပြီ...မိပြီ.... ပန်းခြံထဲ သူများအတွဲချောင်းတဲ့ လူပြိုဂျီးးး....အဲလေ.... လူပျိုကြီး... သွေးပူလေ့ကျင့်ခန်းလေး လုပ်ဖို့ သတိရပေလို့ပဲ...
ဘာာာာာာာာာာမှ အပြောတော့ဝူးလို့ ဆုံးဖြတ်ထားတယ်... ဦးရယ်.. ဦးရေ... ဒါပဲနော်... ဦး.... ခစ်ခစ်

ကိုအောင်(ပျူနိုင်ငံ) said...

လူပျိုဂျီး ကိုဇော်ရေ သီတင်းကျွတ်လည်း ကျော်လာပြီ ခရစ်စမတ်လည်း ရောက်တော့မယ် ...

noblemoe said...

ခေါင်းလိမ်းဆီကြော်ငြာ အကြောင်းလေးဖတ်ပြီးရီလိုက်ရတာ ဟီးဟီး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ကိုကိုမောင်(ပန်းရနံ့) said...

အမလေးလေး အတော်ဆိုးတဲ့ လူပါလား။ တဖြည်းဖြည်းဖတ်သွားတာ ဘာတွေ ဖြစ်လာမလဲဆိုတဲ့ အတွေးနဲ့ပေါ့။ အတော်လဲ စဉ်းစားတတ်ပါ့။ ဧကန္တ အတောင်းချွဲတဲ့အထဲ ကိုဇော်လဲ ပါလောက်တယ်။ ဒါကြောင့် အခုထက်ထိ ၀ဋ်လည်ပြီး တကိုယ်တည်း ဒီလူဖြစ်နေရတာ။

အားတော့မလျော့လိုက်နဲ့ဗျို့။ အသက်လေးဆယ် ထိပ်ပြောင်လူကြီးကိုတောင် မီးကို ချစ်လားလို့ ခဏခဏမေးနေရတဲ့ ခေတ်ကြီးထဲမှာ တို့ယောက်ျားတွေ ကံကောင်းကြဦးမှာပါ။း))

ပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

kiki said...

ဒီလူကြီး နော်.. ဟင့်.. ကဲတယ်..
ပရွက်ဆိတ် အကိုက်ခံပြီး စဉ်းစား ထားလိုက်ရတာ နော် .. နဲတဲ့ သမာဓိ မဟုတ်ဖူး..
နောက် နေ့ တွေ ရော.. ဘယ်လောက်ထိ ပါဝါ တိုးလာ ပါလိမ့်.

ပုံ..
အီးသမူး ( ဦး သမီး )း))))

kiki said...

ဒီလူကြီး နော်.. ဟင့်.. ကဲတယ်..
ပရွက်ဆိတ် အကိုက်ခံပြီး စဉ်းစား ထားလိုက်ရတာ နော် .. နဲတဲ့ သမာဓိ မဟုတ်ဖူး..
နောက် နေ့ တွေ ရော.. ဘယ်လောက်ထိ ပါဝါ တိုးလာ ပါလိမ့်.

ပုံ..
အီးသမူး ( ဦး သမီး )း))))

kiki said...

ဒီလူကြီး နော်.. ဟင့်.. ကဲတယ်..
ပရွက်ဆိတ် အကိုက်ခံပြီး စဉ်းစား ထားလိုက်ရတာ နော် .. နဲတဲ့ သမာဓိ မဟုတ်ဖူး..
နောက် နေ့ တွေ ရော.. ဘယ်လောက်ထိ ပါဝါ တိုးလာ ပါလိမ့်.

ပုံ..
အီးသမူး ( ဦး သမီး )း))))

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.