မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 December 2010

16 ခြေသံ တစ်စုံ




         “ ရှပ် . . . ရှပ် . . . ရှပ် . .  ”

         ခြေသံလေးကို ကြားရင် ကြားချင်း သူမ တံခါးနားသို့ အသားလေး တိုးကပ်ကာ နားထောင်မိ၏။ တံခါးက ကျွန်းတံခါး ဖြစ်ပြီး အပြင်မှာ သံပန်း ၊ သံတံခါး တစ်ခုက နောက်ထပ် လုံခြုံရေးအဖြစ် ထပ်ကာ ကာရံထားပြီး လုံခြုံရေး သော့ဖြင့် တိတိကျကျ ပိတ်ထားသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         သံပန်း ၊ သံတံခါး တစ်ခု နှင့် ကျွန်းတံခါး တစ်ခု ၊ တံခါးနှစ်ခု ထပ်ကာ ကာရံထားသော်လည်း လှမ်းလျှောက်ကာ တတ်လာသော ထိုခြေသံကို လုံခြုံအောင် တားဆီးနိုင်စွမ်း မရှိပါ။ သာမာန် တိုက်ခန်း တစ်ခုမှာ တပ်ထားသော တံခါးက အသံလုံခန်း ကဲ့သို့ တားဆီးပေးနိုင်စွမ်း မရှိခြင်းက လူလတ်တန်းစားတို့ နေထိုင်ရာ တိုက်တစ်လုံးမှ တိုက်ခန်း တစ်ခု ဆိုတာကို ပိုမို ဖော်ကျူးပြီး အထူးပြု ပေးရာ ရောက်ပေသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

       ကျွန်းတံခါးကို နားလေးနဲ့ ကပ်ထားရင်း သူမရဲ့ အသက်ရှူနှုန်းတွေကို အတတ်နိုင်ဆုံး လျော့ချထားကာ သူမ နားစွင့်နေမိ၏။ အပေါ်ကို တတ်လာသော ခြေသံတွေ တဖြေးဖြေး နီးလာလေလေ ၊ သူမရဲ့ အသက်ရှူသံတွေ တိုးဖျော့ကာ လာလေလေဖြင့် အသက်ရှူနှုန်းကလည်း ကျလာခဲ့သည်။ အနီးကပ်ဆုံးသော သူမရဲ့ အခန်းတံခါး ဘေးနား ရောက်နေမိပြီ ဆိုသော အသိနဲ့ ကြားနေရသော ခြေသံ အကျယ်ဆုံးသော အချိန်မှာတော့ သူမ အသက်မဲ့သူ တစ်ယောက်လို အသက်မရှူမိတော့။ ငြိမ်သက်ကာ တိတ်ဆိတ် နေမိသည်။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

        သူမတို့ အခန်း ၃ ထပ်မြောက်မှာ ၊ တစ်ခါတလေ ထိုခြေသံက ၆ ထပ်မြင့်သော တိုက်ခန်းတွဲမှ အလယ်ထပ် ဆိုသော ခရီးထက်ဝက်ကို ရောက်ရှိချိန်မှာတော့ လှမ်းလျှောက်ကာ တတ်လာသော ခြေသံက ခဏလေး ရပ်သွားကာ လက်တစ်ဖက်ကို အရာဝတ္ထု တစ်ခုဖြင့် တဖတ်ဖတ် ရိုက်သံ ကြား၍ နေရသည်။ ခဏနေရင် “ ချွင် ” ဆိုသော အသံနှင့် သူမ သိသလောက် ဇစ်ပို မီးခြစ်ဟု ထင်သော မီးခြစ်ကို ဖွင့်ကာ ဆေးလိပ်ကို မီးညှိသံ ကြားရ၏။ ထိုတဖတ်ဖတ် အသံက စီးကရက်ဘူးကို မဖောက်ခင် ဆေးသားညှိသော အကျင့်ဖြင့် ရိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုနောက် ဆေးကရက်ကို ဖွာကာ ဆက်လက်၍ တရှပ်ရှပ်ဖြင့် တတ်သွားသံကို ကြားရမြဲ ဖြစ်၏။

         အပေါ်ကို တတ်ကာ ဝေး၍ ဝေး၍ သွားသော ခြေလှမ်းကို  ကျွန်းတံခါးမှာ နားလေး ကပ်ကာ လိုက်ပြီး သူမ နားထောင်နေမိသည်။

         “ သမီး . . . ဘာလုပ်နေလဲ ”

       စာကျက်နေရာမှ ငြိမ်သွားသော သူ့အသံကြောင့် မေမေက အိပ်ခန်းထဲမှ လှမ်းခေါ်ကာ မေး၏။ ဒီအချိန်ဆိုရင် ကျွန်းတံခါးမှာ ကပ်ထားသော ခေါင်းကို အမြန်ခွာကာ  စာကျက်ရာ ဆိုဖာဆက်တီ ထိုင်ခုံ နားသို့ အပြေးလေး သွားလျက် . . . . . .  

        “ ရှင်  . . . . မေမေ ၊ သမီး ရှိတယ် မေမေ ၊ ဒီမှာ . .  ”

        “ ဘာလုပ်နေလဲ သမီး ၊ ဘယ်ရောက်သွားတာလဲ ၊ အသံပျောက်သွားလို့ ”

        “ စာကျက်နေရင်းနဲ့ အိပ်ငိုက်လာလို့ လမ်းထလျှောက်တာ မေမေ ”

        “ အိပ်ငိုက်ရင်လည်း အိပ်လိုက်တော့လေ ၊ မနက်မှ ဆက်ကျက်ပါလား သမီး ”

        “ အခု မငိုက်တော့ဘူး မေမေ ၊ သမီး နည်းနည်း ဆက်ကျက်လိုက်ဦးမယ် ”

         “ အေးအေး . . . ဒါဆိုလည်း ညဥ့် မနက်စေနဲ့နော် ၊ အခု ဘယ်နှစ်နာရီ ထိုးပြီလဲ သမီး ”

         “ အခု တစ်နာရီခွဲကျော်ပြီ မေမေ ”

         “ ဒါဆို နှစ်နာရီ ထိုးရင် အိပ်တော့နော် သမီး ”

         “ ဟုတ်ကဲ့ မေမေ ၊ သမီးလည်း နည်းနည်းကျက်ပြီးရင် အိပ်တော့မှာပါ ”

         “ အေးအေး . . ဒါဆိုလည်း ဆက်ကျက် ၊ အိပ်ငိုက်ရင် အိပ်လိုက်သမီး ၊ အိပ်ငိုက်နေရင် စာလည်း ရမှာ မဟုတ်ဘူး ”

          “ ဟုတ်ကဲ့ မေမေ ”

          “ - - - - - - - ”

         ပြီးရင် ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါ။ သူမ ကိုယ့်ဖာသာ ကိုယ် စာဆက် ကျက်နေမိသည်။



       ဧည့်ခန်းထဲမှာ သူမ တစ်ယောက်တည်းသာ ရှိ၏။ ဆိုဖာဆက်တီတွေ အလယ်မှာ ချထားသော ကျွန်းစားပွဲပုလေးက ဧည့်လာရင် ကော်ဖီနဲ့ တင်ကာ ဧည့်ခံရသော စားပွဲ ဆိုပေမဲ့ ညပိုင်း တချိန်လုံးကတော့ သူမ အိမ်စာများ လုပ်ဖို့ ဧရိယာသာ ဖြစ်၏။

        တစ်အိမ်လုံးပေါင်းမှ မိသားစု သုံးယောက်သာ ရှိသော သူမတို့ အိမ်မှာ ည ၁၀ နာရီခွဲကျော် တီဗီ အစီအစဉ်ပြီးရင် ဖေဖေ နဲ့ မေမေ က အိပ်သွားလေ့ရှိသည်။ ဒီအချိန်ဆိုရင် ဧည့်ခန်းထဲမှာ သူမ တစ်ယောက်တည်းသာ။ ဆက်တီဆိုဖာပေါ်မှာ ထိုင် ၊ ထ ၊ လဲ ၊ ခွေခေါက် ပုံစံမျိုးစုံဖြင့် စာကျက်သည်။ အနည်းငယ် ပျင်းလာကာ အီလာရင် စားဖို့ မေမေ ပြင်ပေး ထားခဲ့တာတွေကို ယူစား၏။ ပြီးရင် စာဆက်ကျက် ပြန်သည်။

        ဒီလိုနဲ့ ညနက်နက်၂ နာရီကျော် ဆိုရင် သူမ အိပ်လေ့ ရှိသည်။ မနက် ကျူရှင် တတ်ရမဲ့ အချိန်အတွက် အလွန်အကျွံ ညဥ့်နက်ခံလို့လည်း မဖြစ်ပေ။

       ထိုသို့ ညဥ့်စဉ် စာကျက်နေသော သူမ အတွက် တစ်ညမှာတော့ ထူးခြားတယ် မဟုတ်ဘဲ အပေါ်ထပ်သို့ တတ်နေသော ခြေသံတစ်စုံကို ကြားလိုက်ရ၏။ မြန်မြန်သွက်သွက် တတ်ခြင်း မရှိသလို ၊ နှေးကွေးကာ ဖြေးလေးလွန်းသည်လည်း မဟုတ်သော ခြေသံတစ်စုံက ခြေခါးထစ်များ အတိုင်း အပေါ်သို့ လှမ်းတတ်သွားသံကို ကြားရ၏။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

       စစခြင်း သတိထားမိသော ညကတော့ ဘာမှ မထူးခြားလှပါ။ သူမ အတွက်လည်း သာမာန် ခြေသံ တစ်စုံသာ ဖြစ်၏။ အပေါ်ထပ်သို့ ထိုသူ၏ ခရီးလိုရာသို့ တတ်သော ခြေသံတစ်စုံ ဟုသာ သူမ ထင်နေမိသည်။ သို့သော် ညတိုင်း ည တစ်နာရီခွဲ ဝန်းကျင် ဆိုရင် ကြားလာရသော ခြေသံက သူမကို စိတ်ဝင်စားသထက် ဝင်စား လာမိစေ၏။ သူက ဘယ်သူများပါလဲ ၊ ဘာကြောင့် ဒီအချိန်မှ ပြန်လာရတာပါလဲ ၊ သူက ဘာအလုပ်လုပ်လို့ ဒီလောက် နောက်ကျပြီးမှ ပြန်ရတာပါလဲ ၊ သူက ဘာကြောင့် ခြေသံ တရှပ်ရှပ် မြည်ကာ အပေါ်ထပ်ကို တတ်ရတာလဲ။

       အတွေးမျိုးစုံ ၊ မေးခွန်းပေါင်း မျိုးစုံဖြင့် သူမ သူ့ရဲ့ ခြေသံများကို စောင့်ဆိုင်းကာ နားထောင် တတ်လာခဲ့သည်။ သူ ဘယ်သူလဲ သူမ တကယ်ကို မသိခဲ့ပါ။ သူမရဲ့ တံခါးဘေးက ဖြတ်လျှောက်သွားသော ခြေသံလေး တစ်စုံမျှသာ သူမ သိရှိထားခဲ့သည်။ ညစဉ် အချိန်မှန် တစ်နာရီခွဲ ဝန်းကျင်မှာ တရှပ်ရှပ်နဲ့ တတ်လာခဲ့သော ထိုခြေသံလေးကို သူမ တိတ်တခိုး နားထောင်နေမိယုံသာ ဖြစ်သည်။ တစ်ခါတလေ နောက်ကျလွန်းရင် ၁၀ မိနစ်ခန့်လောက် ဖြစ်ပြီး ၊ တစ်ခါတလေ စောလွန်းရင် ၁၀ မိနစ်ခန့်လောက်သာ ဖြစ်သည်။

         ထုံးစံ အတိုင်းကတော့ တစ်နာရီခွဲ ဝန်းကျင်မှာ သူမတို့ တိုက်ခန်းတွဲတွေရဲ့ ဘုံလှေကားထစ်များဆီမှ သူ့ရဲ့ အပေါ်ကို တတ်လာသော ခြေသံ တစ်စုံကို နေ့စဉ် ကြားခွင့်ရနေ၏။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”




       ထိုညကတော့ သူမ စိတ်ထဲမှာ ရင်ခုန်သက်ဝင် နေမိသော ညတစ်ည ဖြစ်၏။ သူ့ခြေသံများ လှေကားထစ်ပေါ်သို့ ရောက်မလာခင်မှာ သူမရဲ့ စိတ်ထဲမှာ အလိုလို တစ်ခုခုကို သိခွင့်ရသလို ဖြစ်နေမိသည်။ ထို့ကြောင့် သူမ နာရီကို ဖြတ်ခနဲ လှမ်းကြည့်တော့ တစ်နာရီ ခွဲဖို့ မိနစ် အနည်းငယ်သာ လိုတော့သည်။ လှေကားထစ်များကို နင်းကာ သူမရဲ့ အခန်းတံခါးဘေးက ခြေသံ တရှပ်ရှပ်ဖြင့် ဖြတ်သန်းသွားသူက ဘယ်လိုလူ ဖြစ်လိမ့်မလဲ ဆိုသော လှုံ့ဆော်မှုဖြင့် သူမ အခန်းရှေ့ ဝရန်တာသို့ ထွက်လာခဲ့မိသည်။

        ညက တဆိတ်မှု အောက်မှာ ငြိမ်သက်လျက် ရှိသည်။ ဟိုမှ ဒီမှ သွားလာနေသော ကားအချို့တို့လည်း နေ့ခင်း အရှိန်ထက် ပိုမိုမြန်စွာ မောင်းလျက် လမ်းရှင်းမှုကို အခွင့်ကောင်း ယူနေကြ၏။ နီယွန်မီးလုံးများ အောက်မှာ အရာရာကလည်း တိတ်တခိုး အလှသွေး ကြွယ်နေ၏။ မူးယစ်နေဟန် တူသော လူအချို့ကလည်း ယိုင်ထိုးစွာ လမ်းဘေး ပလက်ဖောင်း တလျှောက် လှမ်းလျှောက်နေကြသည်။ သာမာန်လူတို့ အဖို့ အိပ်စက်ချိန် ဖြစ်သော်လည်း သူမ ကဲ့သို့သော ညဥ့်နက်မှုရဲ့ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူကာ ဘဝအစိတ်အပိုင်း တချို့ကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ပြင်ဆင်သူများကိုလည်း ဝရန်တာပေါ်မှ တွေ့လိုက်ရသည်။

     ဒီအချိန်မှာ သူမတို့ရဲ့ တိုက်အရှေ့ ဟိုဘက် ကားလမ်းမ အခြမ်းသို့ တောင်းအေ့စ် အဖြူရောင် ကားလေးက ငြိမ့်ခနဲ လာရပ်၏။ သူမ ဖာသိဖာသာ သတိမထားမိတဲ့ အချိန်မှာပဲ တောင်းအေ့စ်ထဲမှ ဆူဆူညံညံဖြင့် နောက်ပြောင် နှုတ်ဆက်သံများ ကြားရ၏။ ထို့နောက် တောင်းအေ့စ် နောက်ခန်းမှ လူငယ်တစ်ယောက် ခုန်ဆင်းလာသော ဟန်ကိုလည်း မြင်လိုက်ရ၏။ အပေါ်ကနေ စီးမိုးကာ ကြည့်နေရ၍ ထိုသူ့ မျက်နှာကို သူမ မမြင်ရပါ။ ပြီးတော့ ထိုလူက ကောင်းဘွိုင်တို့ ဟန်ပန်အတိုင်း ဝတ်ဆင်ထားပြီး သက္ကလပ် ဦးထုပ်ကိုလည်း ခပ်ငိုက်ငိုက် ဆောင်းထား၏။ ထို့ကြောင့် ထိုသူရဲ့ ဟန်ပန်ကိုသာ မြင်ရပြီး သူ့မျက်နှာကို မြင်ခွင့် မရ။

       ထွက်ခွာတော့မဲ့ တောင်းအေ့စ် ကားလေးကို လက်ပြ နှုတ်ဆက်ပြီး ထိုသူက ကားလမ်းကို ဖြတ်ကူးကာ ဒီဘက် အခြမ်းသို့  အေးဆေးစွာ လျှောက်လာခဲ့၏။ ပြီးတော့ သူမတို့ အပေါ်တတ်ဖို့ လှေကားထဲကို လှမ်းဝင်လိုက်တော့မှ သူမ ရုတ်တရက် အံ့သြတွေဝေ သွား၏။ သူမ ညတိုင်း တံခါးနားမှာ နားရွက်လေး ကပ်ကာ ခိုးနားထောင်နေသော ခြေသံတစ်စုံ ပိုင်ရှင်က “ သူ ” များလား ဆိုသော အတွေးကြောင့် အပေါ်ကို တတ်လာသော ခြေသံ မကြားရခင်ကတည်းက တံခါးနားသို့ သွားကာ နားကို တံခါးမှာ ကပ်ပြီး ကြိုတင်စောင့်ကာ နားစွင့်ထားမိသည်။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          ဟုတ်ပါတယ်။ သေချာပါပြီ။ သူမှ သူပါပဲ။ သူမ ကိုယ့်ဖာသာ ကြိတ်၍ ပျော်နေမိ၏။ သူကတော့ သူ့ရဲ့ ခြေသံတစ်စုံကို တံခါးမှာ နားကို ကပ်ကာ တိတ်တဆိတ် နားထောင်နေသော သူမ ရှိနေတယ် ဆိုတာကို သိပုံမပေါ်ပါ။ နှေးခြင်း ၊ မြန်ခြင်း မရှိသော ခြေလှမ်းများဖြင့် လှေကားထစ်ပေါ်ကို သူ့ရဲ့ ခြေလှမ်းများကို စည်းချက်ကျစွာ ကျရောက်စေပြီး သူ့ရဲ့ ခြေသံများဖြင့် တတ်သွားခဲ့၏။

         သူမကတော့ သူမ ဖာသာ တစ်ယောက်တည်း ဘယ်သူ့မှ မသိဘဲ ညနက် တစ်နာရီခွဲ ဝန်းကျင်မှာ သူပြန်လာတာကို စောင့်ပြီး လှေကားထစ်များပေါ် တတ်လာသော သူ့ရဲ့ ခြေသံများကိုသာ တံခါးမှာ နားလေး ကပ်ကာ နားထောင်ရင်း ကြည်နူးပျော်ရွှင် နေမိသည်။ သူ ဘာကြောင့် ညဥ့်နက်မှ ပြန်လာတာလဲ ဆိုတာကို သူမရဲ့ ကလေး ဦးနှောက်လေးနဲ့ ဖြည့်စွက်ကာ မစဉ်းစားနိုင်ပေ။ လှေကားပေါ်ကို နင်းတတ်လာသော သူ့ရဲ့ ခြေသံလေး တစ်စုံကို နားထောင်ရင်း သူမရဲ့ ညပေါင်းများစွာ လတ်ဆတ်ကာ အသက်ရှင်နေခဲ့သည်။

         သို့သော် သူ့ရဲ့ ခြေသံလေးကို စောင့်ပြီး နားထောင်နေသူ တစ်ယောက် ဒီလောကကြီးမှာ ရှိနေတယ် ဆိုတာကို သူကတော့ သိပုံ မပေါ်ပေ။ သူကတော့ သူ့ရဲ့ ပုံမှန် ခြေလှမ်းတွေဖြင့် . . .

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”



          “ ဘယ်သွားဦးမလို့လဲ သမီး ”

         “ ခဏလေး အိမ်ရှေ့ ဝရန်တာကို ထွက်ကြည့်မလို့ ဖေဖေ ”

        “ အခုမှ နေကောင်းကာစလေ သမီးရယ် ၊ အိပ်ရေးပျက်တာတွေ များသွားလို့ အားနည်းပြီး နေမကောင်း ဖြစ်တာလေ ”

         “ အခု သမီး နေကောင်းလာပါပြီ ဖေဖေရဲ့ ၊ ခဏလေး ဝရန်တာကို ထွက်ကြည့်မလို့ပါ ၊ တရေးနိုး ဆိုတော့ ခဏလေး ထွက်ကြည့်ချင်တာ ၊ ခဏလေးပဲ ချက်ချင်း ပြန်ဝင်လာခဲ့မယ် ဖေဖေ ”

         သူမက ဖေဖေ့ကို ချွဲကာ ပြောလိုက်ပေမဲ့ ၊ မေမေ့ဆီက ချက်ချင်း အသံထွက်လာသည်။

        “ အို . . . မဟုတ်တာ သမီးရယ် ၊ ညကြီး သန်းကောင် ဝရန်တာကို ထွက်ကြည့်တော့ ဘာတွေ့မှာ မို့လို့လဲ ၊ နှစ်ရက်လုံးလုံး သမီး အားနည်းပြီး မထနိုင်အောင် ဖျားနေတာနော်။ ဒီနေ့ နည်းနည်းလေး နလန်ထကာစ ရှိသေး ၊ အပြင်ထွက်လို့ ပြန်အအေးပတ်မှာပေါ့။ ပြီးတော့ တရေးနိုး ည တစ်နာရီခွဲကြီး ဘာထကြည့်စရာ ရှိနေလို့လဲ ၊ ပြန်အိပ်ပါ သမီးရယ် ”

       သူမ ဘာမှ ဆက်ပြီး အကြောင်းပြချက် မပေးသာ။ နံရံမှာ တွယ်ကပ်နေသော နာရီကိုသာ လှမ်းကြည့်နေမိသည်။ နာရီမှ စက္ကန့်တံလေး တချပ်ချပ် သွားနေတာကို ကြည့်ရင်း သုံးရက်တိတိ အိပ်ယာထဲမှာ လှဲနေရသော သူမကိုယ်ကို သူမ မကျေနပ် ဖြစ်နေမိ၏။ ခဏကြာတော့ ဖေဖေ နဲ့ မေမေဆီမှ အသက်ရှူသံ ပြင်းပြင်းတွေ ကြားရသည်။ ဖေဖေ နဲ့ မေမေတော့ နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် အိပ်ပျော် သွားရှာပေပြီ။ ဒါပေမဲ့ သူမ ဘယ်လိုမှ လှုပ်၍ မရပေ။ မေမေက သူမကို လက်တစ်ဖက်ဖြင့် အုပ်ဖက်ရင်း အိပ်နေခြင်း ဖြစ်သည်။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           ဟော . . . သူ့ရဲ့ ခြေသံလေးကို ထုံးစံ အတိုင်း လှေကားမှာ လှမ်းတတ်လာသံကို ကြားရ၏။ သူမ ရုတ်တရက် ပို၍ ငြိမ်သက်စွာဖြင့် အိပ်ခန်းထဲမှ နေကာ သူ့ရဲ့ ခြေသံကို ကြားရစေရန် အသက်ရှူသံတွေကို တိုးစေဖို့ ခဏ အသက် အောင့်ထားလိုက်၏။ ရင်ခုန်သံတွေကိုလည်း အတတ်နိုင်ဆုံး တိုးစေရန် ပို၍ ပို၍ ငြိမ်သက်နေလိုက်၏။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

      သူ့ရဲ့ ခြေသံတစ်စုံကို ပို၍ ပို၍ ပီပြင် ကျယ်လောင်စွာ ကြားလာရသည်။ သူမရဲ့ အခန်း ၊ သုံးထပ်မြောက် သူမ သူ့ရဲ့ ခြေသံတွေကို ခိုးနားထောင်နေကျ တံခါးနား အရောက်မှာတော့ သူ့ရဲ့ ခြေသံတွေ ရုတ်တရက် တုံ့ခနဲ တိုးတိတ်သွားသည်။

          “ ဖတ် . . . . ဖတ် . . . . ဖတ် . . .  ”

          ဒါ . .  သူ့ရဲ့ ဆေးလိပ်သောက်ဖို့ စီးကရက်ဘူးကို လက်နဲ့ ရိုက်နေတဲ့ အသံပဲ။

          “ ချွင် . . . .  ”

          ဒါ . . . သူ ဆေးလိပ်သောက်ဖို့ သူ့ရဲ့ ဇစ်ပိုမီးခြစ်ကို ဖွင့်ပြီး မီးခြစ်လိုက်တဲ့ အသံ။ ပြီးတော့ . . .

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          ဟော . . . သူ ဆက်တတ်သွားပြီ . . . ဆက်တတ်သွားပြီ။ သူ့ရဲ့ ခြေသံလေးတွေ တဖြေးဖြေးနဲ့ ဝေးသွားပြီ . . . ဝေးသွားပြီ . . . ဝေးသွားပြီ။ နောက်ဆုံးမှာ သူ့ခြေသံလေး ပျောက်ကွယ်သွားပြီ။ သူ . . . သူ့အခန်းကို ရောက်သွားပြီ ထင်ပါသည်။

         ပြီးမှ သူမ နှစ်ခြိုက်စွာ အိပ်၍ ပျော်တော့သည်။



         “ နေကောင်းတာမှ သုံးရက်ပဲ ရှိသေးတယ်နော် သမီး ၊ စောစော အိပ်နော် ၊ ညဥ့် မနက်စေနဲ့ ”

         “ ဟုတ်ကဲ့ပါ မေမေ ၊ သမီး စောစော အိပ်မှာပါ ”

        မေမေက ပြောလည်း ပြော ၊ သူမရဲ့ နဖူးကိုလည်း လက်ဖဝါးလေးနဲ့ လှမ်းစမ်းပြီးမှ အိပ်ခန်းဘက်ကို ဝင်သွားတော့၏။ သူမကတော့ သုံးရက်ကြာ အိပ်ယာထဲမှာ လှဲနေရပြီး နောက်ထပ် သုံးရက် ည ၁၂ နာရီ မတိုင်ခင် စောစော အိပ်ယာ ဝင်ထားရ၍ သူ့ရဲ့ ခြေသံလေးတွေကို ခြောက်ရက်တိတိ အိပ်ယာထဲကသာ နားထောင်နေခဲ့ရ၏။ အခုတော့ သူမ ဧည့်ခန်းထဲမှာ စာပြန်ကျက်ပြီး သူ့ရဲ့ ခြေသံလေးတွေကို တံခါးနားမှာ နားဖြင့် ကပ်ကာ တိတ်တခိုး နားထောင်ခွင့် ပြန်ရပြီ မဟုတ်ပါလား။

        မေမေတို့ ကြားအောင် အသံထွက်ပြီး စာကျက်နေရသော်လည်း သူမရဲ့ စိတ်တွေ အားလုံးက ညတစ်နာရီခွဲ ဝန်းကျင်မှာ ပြန်လာမဲ့ သူ့ရဲ့ ခြေသံလေး တစ်စုံဆီကိုပဲ စိတ်ရောက်နေခဲ့၏။ နံရံမှာ ကပ်ထားသော နာရီမှ စက္ကန့်တံလေးတွေ တရွေ့ရွေ့သွားနေရင်း မိနစ်တံလေးတွေ ပြောင်းလဲကာ တစ်နာရီခွဲဖို့ နီးလာတော့ သူမရဲ့ စိတ်တွေ ထူးထူးခြားခြားကို လှုပ်ရှားနေမိသည်။ ခြောက်ရက်တိတိ အိပ်ယာပေါ်မှသာ သူ့ရဲ့ ခြေသံလေးတွေကို စောင့်ပြီး နားထောင်ခဲ့ရသော သူမ အဖို့ ဒီနေ့က သူ့ရဲ့ ခြေသံလေးတွေကို အသစ် ပြန်လည် မွေးဖွားပေးလိုက်သလို ဖြစ်စေသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         ဟော . . . သူမ ထခုန်မိ မတတ် ပျော်သွား၏။ ပြီးတော့မှ မေမေတို့ အိပ်ခန်းထဲက ကြားသွားဦးမယ် ဆိုသော အသိစိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိန်းချုပ်လိုက်ရ၏။ စာကျက်နေသော ဆိုဖာဆက်တီမှ အသာလေး ထကာ တံခါးနားသို့ သွား၍ ထိုင်ကာ တံခါးမှာ နားလေးကို ကပ်ပြီး သူ့ရဲ့ ခြေသံလေးတွေကို နားထောင်နေမိသည်။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

      သူကတော့ ဘာမှ မသိသလို မနှေးလွန်း ၊ မမြန်လွန်းသော ပုံမှန် ခြေလှမ်းများဖြင့် လှေကားထစ် များပေါ်သို့ နင်းလျှောက်ကာ တတ်လာ၏။ တဖြေးဖြေး သူမ နားထဲမှာ ကျယ်၍ ကျယ်၍ ကြားလာနေရသော သူ့ရဲ့ ခြေသံလေးကို သူမ ရင်ဖိုစွာ နားထောင်နေမိ၏။

      ပို၍ ပို၍ ကျယ်လာသော သူ့ခြေသံများက သူမရဲ့ အခန်းရှေ့ တံခါး အရောက် ရုတ်တရက် ရပ်သွားကာ တိတ်ဆိတ်သွား၏။ အတန်ငယ်ကြာမှ . . . . .

          “ ဖတ် . . .  ဖတ် . . . ဖတ်. . .  ”

         သြ . . . သူ စီးကရက် သောက်ဖို့ ဆေးလိပ်ဘူးလေးကို ရိုက်နေတာကိုး။

         “ ချွင် . . . ”

         ဟော . . . ဇစ်ပို မီးခြစ်လေးနဲ့ မီးညှိနေပြီ ထင်၏။ ပြီးတော့ ဘာဆို ဘာမှ လှုပ်ရှားမှု မရှိတော့။ သူမလည်း သူမဖာသာ အသံမထွက်ဘဲ တိတ်ဆိတ်စွာ နားစွင့်နေမိ၏။ သူမရဲ့ အသက်ရှူနှုန်းတွေကို လျော့ချထားရာမှ ထိုအချိန်မှာ လုံးဝ အသက် မရှူမိတော့။ ဆက်၍ ဆက်၍ နားစွင့်နေရင်း သူ့ဘက်မှ ဘယ်လိုမှ လှုပ်ရှားမှု လုံးဝ မကြားရတော့။ သူမ ရင်ခုန်သံတွေ  သိချင်စိတ်ဖြင့် ပို၍ ပို၍ ခုန်လာခဲ့သည်။ သို့သော် သူ့ဘက်ကတော့ အပေါ်သို့လည်း ဆက်လက်တတ်ခြင်း မရှိတော့။ ငြိမ်သက်စွာ ရပ်နေတယ် ဆိုတာကို သူ့ရဲ့ တိတ်ဆိတ်နေသော ခြေသံများက သက်သေပြုနေ၏။

         တံခါး နှင့် နား ကပ်ထားရလွန်းသောကြောင့် သူမရဲ့ ဦးခေါင်း တစ်ခုလုံး ကျွန်းတံခါးကြီးမှ ကျွံဝင်ကာ အပြင်ကို ထွက်သွားမလားပင် အောက်မေ့ရသည်။ သို့သော် အရာရာဟာ ငြိမ်သက်လျက်။ သူ့ဆီမှာ ဘာသံမှ မကြား။ ခြေလှမ်းသော ခြေသံလေးကိုလည်း မကြားတော့။ လောကကြီး တစ်ခုလုံး ရုတ်တရက် လုံးဝ တိတ်ဆိတ်ကာ ခြောက်ကပ်သွားသလို ဖြစ်၏။

         ထိုစဉ် . . .

        “ ဒေါက် . . . ဒေါက် . . . ဒေါက် . . . ”

        ဖြေးညှင်း တိုးလျသော တံခါးခေါက်သံက သူမရဲ့ နားစည်ထဲသို့ ပြေးဝင်ဆောင့်သည်။

        “ ဟင် . . . . ”

        သူမဆီက အာမေဋိတ်သံ တစ်ခု ပါးစပ်ဖျားမှ လွတ်ထွက်သွားပြီး သူမ လန့်သွားမိသည်။ သူမ ပတ်ဝန်းကျင်ကို အခုမှ ပြန်ကြည့်မိလိုက်၏။ သူမ ထိုင်နေသော တံခါးနေရာက အလင်းထဲမှာ ၊ အပြင် လှေကားနေရာက အမှောင်။ ဒါကြောင့် တံခါးနားမှာ သူမ ရှိနေတယ် ဆိုတာ အမှောင် လှေကားထဲမှ သူက တံခါး အောက်ကြားထဲက အလင်းရောင်ကို ကြည့်ကာ သိသွားခြင်းလား ဆိုပြီး သူမ စိုးထိတ်သွားမိသည်။ ကိုယ့်ကိုယ်ကိုယ် အတိုင်းထက် အလွန် ချုံ့လိုက်ကာ သေးကွေးထားမိသည်။

         အရာရာဟာ ခဏ တိတ်ဆိတ်သွားပြန်သည်။ အပြင်မှ သူက တံခါးနားမှာ သူမ ရှိနေတာကို သိ၍ ပြုံးပြီး ကြည့်နေလေမလား။

         “ ဒေါက် . . . . ဒေါက် . . . ဒေါက်. . . . ”

         ဒုတိယအကြိမ် တိုးလျသော တံခါးခေါက်သံ အပြီးမှာ သူမ ဆတ်ခနဲ မတ်တပ် ရပ်လိုက်မိ၏။ အပြင်မှာ အားကောင်းသော သံချောင်းတွေဖြင့် စီမံထားသော သံပန်း ၊ သံတခါး တစ်ခုကို လုံခြုံရေး အာမခံသော့ဖြင့် နေ့စဉ် ဖေဖေ ပိတ်နေကြ ဖြစ်သည်။ ထို့ကြောင့် အခုလို အတွင်းမှ ကျွန်းတံခါးကို ဖွင့်လိုက်ယုံဖြင့် သူ အခန်းထဲကို ဝင်မလာနိုင်ပါ။ သူမ ဖွင့်လိုက်ရင် ကောင်းမလား။ သူ့ကို သူမ မြင်တွေ့ဖူးချင်ပါသည်။

          ချီတုံချတုံ ဖြစ်နေသော သူမ တံခါးကို ပိရိအောင် ပိတ်ထားသော မင်းတုံးကို ဖွင့်ဖို့ စဉ်းစားနေစဉ်မှာ . . . .

         “ ဒေါက် . . . ဒေါက် . . . ဒေါက် . .  ”

        တိုးညှင်းလှသော သူ့ဆီမှာ တံခါးခေါက်သံကို တတိယအကြိမ် ကြားလိုက်ရ၏။ ဆတ်ခနဲ လန့်သွားသော သူမကိုယ် သူမ ရဲစိတ်တင်ကာ အနည်းငယ် ငြိမ်လိုက်ပြီး ကျွန်းတံခါးမှ မင်းတုံးကို ဖွင့်ဖို့ လက်အရွယ်လိုက်မှာ . . .

        “ ဘာလုပ်နေတာလဲ သမီး ”

        သူမရဲ့ အနောက်မှ ဖေဖေ့ အသံ ထွက်ပေါ်လာ၏။

       “ ဟို . . ဟို . . . တံခါးခေါက်သံ ကြားလို့ ဖေဖေ ၊ အဲဒါ . . .  ”

       ဖေဖေက သူမကို နားမလည်သလို ကြည့်ပြီး . . .

      “ တံ  . . ခါး . . ခေါက် . . သံ ”

       ဟု သံယောင်လိုက်ကာ အံ့သြသလို မေး၏။ သူမက ခေါင်းငြိမ့်ပြရင်း . .

       “ ဟုတ်တယ် ဖေဖေ ၊ ခုနက သမီး စာကျက်နေရင်း တံခါးခေါက်သံ ကြားလို့ ထပြီး ဖွင့်ကြည့်မလို့ပါ ”

        ဖေဖေက သူမကို သေချာ ကြည့်ပြီး . . .

        “ မဟုတ်သေးပါဘူး သမီးရယ် ၊ ဘာတံခါး ခေါက်သံမှ ဖေဖေ မကြားပါလား။ တကယ်လို့ တံခါးခေါက်သံ ဆိုရင်လည်း သမီးရယ် ၊ ဖေဖေတို့ကို အရင်နှိုးပါ လို့ ပြောထားတယ် မဟုတ်လား။ သမီးစိတ်နဲ့ သမီး သွားဖွင့်ရင် အန္တရာယ် ရှိတယ် လို့ ဖေဖေ ပြောထားတယ်လေ ”

         “ ဟုတ်ပါတယ် ဖေဖေ ၊  သမီးကလည်း အခုမှ ကြားကြားချင်း ထလာတာပါ။ တံခါးနား ရောက်တော့ ထပ်ပြီး ခေါက်သံ မကြားရတော့လို့ပါ ၊ နောက်ထပ် ထပ်ခေါက်ရင် ဖေဖေတို့ကို လာနှိုးမှာပါ ”

         “ ဒီအချိန်ကြီးမှ ဘယ်သူက လာခေါက်ပါ့မလဲ သမီးရယ် ၊ ဖေဖေလည်း မကြားလိုက်ပါဘူး ”

         “ သမီးကတော့ တကယ် ကြားလိုက်တယ် ဖေဖေ ”

         ဖေဖေက ခေါင်းကို ခါရမ်းရင်း ကျွန်းတံခါး မင်းတုံးကို လက်လှမ်းပြီး ဖွင့်လိုက်လေသည်။ သူမကလည်း သူမ ထင်ထားသလို အပြင်မှာ သူ ရှိနေမယ် အထင်နဲ့ လှေကားကို ကြည့်လိုက်တော့ သူမတို့ အခန်းဝမှာ ဘယ်သူမှ မရှိ။ ဖေဖေက အပြင်ကို တစ်ချက် ကြည့်လိုက်ပြီး လှေကား အပေါ်ဘက် ၊ အောက်ဘက်သို့ ခေါင်းငဲ့စောင်းကာ ကြည့်လိုက်၏။

          “ လာကြည့် သမီး ၊ ဘယ်သူမှ မရှိဘူး ”

          သူမ အနီးနား တိုးကပ်သွားပြီး သံပန်း ၊ သံတံခါးကြားမှ အပြင် လှေကားနေရာကို ကြည့်လိုက်၏။ တိုက် ခြောက်ထပ်လုံးအတွက် ထွန်းထားသော မီးချောင်းက နှစ်ထပ်မှ တစ်ချောင်းနှုန်းဖြင့် ၂ ပေ မီးချောင်း သုံးချောင်းသာ ရှိသည်။ အားကောင်းစွာ လင်းပြမှု မရှိ။ သို့သော် လူတစ်ယောက် ရှိနေသည် ၊ မရှိနေဘူး ဆိုတာကိုတော့ ထိုအလင်းရောင်ဖြင့် မြင်နိုင်စွမ်း ရှိသည်။ ယခုတော့ မှိန်ပြပြ အလင်းရောင် အောက်မှာ လှေကား အပေါ်မှ အောက်သို့ တလျှောက်လုံး ဘယ်သူမှ ရှိမနေ။

         “ တွေ့လား ၊ ဘယ်သူမှ မရှိဘူး ”

        သူမ မယုံနိုင်သလို လှေကား အပေါ်မှ အောက်သို့ ထပ်ကာ ပြူးပြဲကြည့်မိသည်။ တကယ်ကို ဘယ်သူမှ ရှိမနေခဲ့ပါ။ လှေကား တလျှောက်လုံး လူသူ ကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်လျက်။

         “ သမီး တကယ်ကို ခုနက အသံကြားလိုက်တယ် ဖေဖေ ”

        “ ညက အေးချမ်း တိတ်ဆိတ်နေတော့ သမီး စိတ်ထင်တာ နေမယ် သမီး ၊ နောက်တစ်ခုက တစ်ခါတလေ အိမ်မြှောင်ရဲ့ အမြီးရိုက်သံက ညဘက် ဆိုတော့ တံခါးခေါက်သံလို ဖြစ်နေတတ်တယ် သမီး ”

        “ အင်း . .  ဒါပေမဲ့ . . . . ”

       “ ကဲ. . . ဒါပေမဲ့တွေ ထားလိုက်တော့။ အခုတော့ ညလည်း နက်ပြီ။ လာ . . . အိပ်တော့ သမီး ”

       သူမကို ဖေဖေက ပုခုံးလေးမှ ပွေ့ကာ သူမ အိပ်ခန်းဆီသို့ ခေါ်လာခဲ့၏။ “ မဟုတ်ဘူး ဖေဖေ ၊ တံခါးခေါက်သံ မကြားခင်မှာ သူ့ရဲ့ ခြေသံလေးတွေ ကြားရသေးတယ်။ နောက်ပြီး ဆေးလိပ်ဘူးကို ရိုက်သံ ၊ ပြီးတော့ မီးခြစ်ပြီး မီးညှိသံ . .  ဒါတွေလည်း ကြားရတယ် ဖေဖေ ” လို့ သူမ ပြောချင်ပေမဲ့ ဖေဖေ နားလည် သဘောပေါက်အောင် သူမ ရှင်းပြနိုင်လိမ့်မည် မဟုတ်။

        “ ကဲ . . . အိပ်တော့နော် ”

        သူမကို စောင်ပါးပါးလေး လွှမ်းပေးရင်း ဖေဖေက နှုတ်ဆက်ကာ ထွက်သွားတော့၏။ သူမရဲ့ စိတ်ထဲမှာတော့ မတင်မကျ ဖြစ်နေမှုက နေရာယူနေတော့သည်။ သူမ သေချာ ကြားလိုက်ရသော ခြေသံ ၊ ဆေးလိပ်သောက်သံ ၊ ပြီးတော့ တံခါးခေါက်သံ ၊ နောက် ဖေဖေ နဲ့ အတူ တံခါးဖွင့်ကြည့်တော့ သု့ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့။

          သူ ဘယ်ရောက်သွားတာလဲ။ တုံ့ဆိုင်းသွားသော သူမရဲ့ အချိန်နဲ့ ဖေဖေနဲ့ စကားပြောသံ ကြားလို့ပဲ သူ အမြန် သူ့ရဲ့ အပေါ်ထပ်ကို တတ်သွားတာလား။ အောက်ဘက်ကို ပြန်ပြေးဆင်း သွားတာလား။ ဒါဆိုရင်တော့ သူက အတော်ကို သူရဲဘောကြောင်သူ တစ်ယောက်လို့ သူမ ဖာသာ မှတ်ချက်ချလိုက်၏။ သူ့ကို သူမ ဒေါသ ထွက်သလိုလို ၊ ရယ်ပဲ ရယ်ချင်မိသလိုလိုနဲ့ မမြင်ဖူးသော သူ့အကြောင်း စဉ်းစားရင်း သူမ အိပ်ပျော်သွားလေတော့သည်။



         “ သမီး ပြန်လာပြီ မေမေ ”
 
         ကျူရှင်က ပြန်လာလို့ အိမ်ထဲ ဝင်ဝင်ချင်း သူမ ထုံးစံအတိုင်း အော်ပြောရင်း အခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်တော့ အိမ်ထဲမှာ ဧည့်သည် အဖြစ် အပေါ်ထပ်မှ အန်တီကို တွေ့လိုက်ရ၏။ ထို့ကြောင့် ထုံးစံအတိုင်း အော်လိုက်မိခြင်းကို ချက်ချင်း အရှိန်ထိန်းကာ တံခါးကို အသာလေး ပိတ်ပြီး အခန်းထဲကို ယို့ယို့ကလေး ဝင်လာခဲ့သည်။

        “ ဟော . . . သမီးလေးတောင်မှ ကျူရှင်က ပြန်လာပြီကိုး ”

       မေမေ ပြောလိုက်ခြင်း မဟုတ်ပါ။ သူမတို့ အခန်း အပေါ်ထပ်မှ အန်တီက အိမ်ကို လာလည်ရင်း မေမေနဲ့ စကားပြောနေရာမှ လှမ်းပြောခြင်း ဖြစ်သည်။

       “ ဟုတ်ကဲ့ အန်တီ ”

       သူမ ပြန်ဖြေရင်း မေမေ့ ရင်ခွင်ထဲသို့ ခေါင်းတိုးကာ မေမေ့ကို ဖက်ထားလိုက်သည်။ မေမေကလည်း သူမကို ပြန်ဖက်ထားရင်း အပေါ်ထပ်မှ အန်တီ့ကို ဆက်၍ စကားပြော၏။

        “ ကျွန်မတို့ကလည်း အိမ်ထဲက အိမ်ပြင် သိပ် မထွက်တော့ ဘာမှ မသိလိုက်ဘူး အစ်မရယ်။ ဘယ်လို ဖြစ်သွားတာလဲ ကောင်လေးက . . . . ”

        “ သူ့ အလုပ်က အပြန်မှာ သူနဲ့ အတူတူ ပြန်တဲ့ မိန်းကလေးတွေကို အမူးသမားတွေက ဆွဲလား ၊ ရမ်းလား လုပ်လို့ သူက ဝင်ပြီး တောင်းပန် ဖြန်ဖြေတယ်လေ။ ဒါကို ဟိုဘက်က မူးရူးနေတော့ ပြောလို့ မရဘူး။ ဒီမှာ သူတို့ထဲက ပါလာတဲ့ တခြား ကောင်လေးတွေနဲ့ ထိုးကြ ၊ ကြိတ်ကြ ဖြစ်တယ်။ ဒါကို သူက အလယ်ကနေ ဝင်ဆွဲနေရင်း အမူးသမားတွေ ဘက်က ဓါးနဲ့ ထိုးလိုက်တာမှာ သူက ဝင်ဆွဲနေတော့ သူ့ကို ထိုးမိသွားတာ . . .  ”

       “ သြော်. . . ဖြစ်ရလေ အစ်မရယ် ”

       “ ဟုတ်တယ် ၊ ဒီကောင်လေးက တော်တော်ကို အေးရှာတာ။ ဘာဆို ဘာပြဿနာမှ မရှိသလို ၊ လူချစ် လူခင်လည်း အရမ်းပေါတယ်။ ဓါးနဲ့ အထိုးခံရတော့ အမူးသမားတွေလည်း ထွက်ပြေး ၊ သူ့ကိုလည်း ဆေးရုံကို ကားနဲ့ ပို့ဖို့ ချက်ချင်း လုပ်ပေမဲ့ ဆေးရုံထိတောင်မှ မခံလိုက်ပါဘူး။ လမ်းမှတင် ဆုံးသွားတယ် ”

       “ သြော်. . . သနားစရာပါပဲ အစ်မရယ် ”

       “ ဟုတ်တယ်  . . . ”

       မေမေ နဲ့ အပေါ်ထပ်က အန်တီ ပြောနေတာကို သူမ ကြားဖြတ်ကာ နားထောင်ရသူမို့ ဘာမှ နားမလည်ပါ။ သို့သော် အရေးတကြီး ဟန်ဖြင့် စိတ်ဝင်စားစွာ နားထောင်နေသော မေမေ့ မျက်နှာ အမူအရာကြောင့် သူမလည်း ငြိမ်ကာ နားထောင်နေမိသည်။

        “ ဒါနဲ့ သူ့ အသုဘ ကိစ္စတွေကို သူ့မိဘအိမ်မှာပဲ လုပ်တာပေါ့။ ”

       “ ဟုတ်တယ် ကောင်လေးက ရည်ရည်မွန်မွန်လေးပါ။ သူက အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုပြီး ဒီမှာ တိုက်ခန်း လာဝယ်နေတာလေ ”

          “ ဘယ်သူလဲ ဟင် အန်တီ ”

          သူမ စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။ မေမေ့ကို ဦးတည်ကာ ပြောနေသော အပေါ်ထပ်မှ အန်တီက သူမကို လှည့်ကြည့်ရင်း . . .

         “ အပေါ်ဆုံးထပ် ၆ ထပ်မြောက်မှာ နေတဲ့ ကောင်လေးပါကွယ်။ သမီးထက်တော့ ကြီးတာပေါ့။ ညဘက် တစ်နာရီခွဲလောက်မှာ ပြန်လာတတ်တယ်လေ။ သူက စားသောက်ဆိုင်မှာ သီချင်းဆိုတာ ”

         “ ရှင်. . . ”

         သူမ မျက်ဝန်းတွေ ပြာဝေကာ ခေါင်းတစ်ခုလုံး မူးနောက် သွားသလို ခံစားလိုက်ရ၏။ သူမ နားမလည်ဘူး မသိဘူး အထင်နဲ့ အပေါ်ထပ်မှ အန်တီက ဆက်ရှင်းပြသည်။

         “ ဟုတ်တယ် သမီးလေးရဲ့ ၊ သမီးလေးကတော့ သတိထားမိမှာ မဟုတ်ဘူး။ အင်း . . . တိုက်ခန်းတွေရဲ့ ထုံးစံကလည်း ဒီလိုပါပဲလေ ၊ ကိုယ့်အခန်းထဲမှာ ကိုယ်နေတော့ တစ်ခန်းနဲ့ တစ်ခန်း ဆက်သွယ်မှု ဆိုတာ အရမ်းနည်းတယ်။ ညဘက်ဆိုရင် သူတို့ စားသောက်ဆိုင် သိမ်းအပြီး ပြန်လာတာ ဆိုတော့ တစ်နာရီခွဲလောက်မှ ဒီကို ရောက်လာတတ်တယ်လေ ”

          “ - - - - - - ”

         “ လွန်ခဲ့တဲ့ အပတ်က သူတို့ စားသောက်ဆိုင်မှာ သူများတွေ ရန်ဖြစ်တာကို ဝင်ဆွဲရင်း အမူးသမားတွေရဲ့ ဓါးနဲ့ ထိုးမိပြီး ဆုံးသွားတာကွယ့်။ ”

          ရင်ထဲမှာ လှိုက်မောလာပြီး မေမေ့ကို မေးလိုက်မိ၏။

         “ ဒါ . . . . ဒါဆို . .  မေမေ ၊ အဲဒီ အစ်ကို ဆုံးတဲ့ နေ့ဆိုတာ သမီး နေမကောင် ဖြစ်နေတဲ့ နေ့လား မေမေ ”

         “ အေးပေါ့ သမီးရယ် ၊ သမီး နေမကောင်း ဖြစ်ပြီး အိပ်ယာထဲ လဲပြီး မထနိုင်တဲ့ နေ့မှာ အဲဒီကောင်လေး ဆုံးသွားတာပေါ့။ သမီး အဖျားပျောက်ကာစ နေ့မှာ သူ့အသုဘကို ချတာ . . . ”

         “ ဒါဆို မနေ့က အဲဒီ အစ်ကိုကြီး ရက်လည်ပေါ့နော် ၊ သမီးတို့လည်း မသိလိုက်ပါလား ”

         ထူးထူးခြားခြား ဘာမှ ပြောင်းလဲမှု မရှိတဲ့ သူမတို့ တိုက်ခန်းတွဲကို ရည်ညွှန်းကာ သူမ မေးလိုက်၏။

         “ ဒါတော့ ဟုတ်တယ် သမီးလေးရဲ့။ သူ့ရဲ့ အသုဘရော ၊ ရက်လည်ကိုရော သူ့တို့ မိဘ အိမ်မှာ လုပ်ကြတာကိုး။ ဒီတိုက်ခန်းကို အခန်းတံခါး လာပိတ်သွားတာက လွဲလို့ ဘာမှ မလုပ်ကြတော့ ဒီတိုက်ခန်းက တချို့လူတွေ မသိကြဘူးလေ။ အခုတောင်မှ အန်တီနဲ့ သမီးလေး မေမေ စကားစပ်မိလို့ ပြောဖြစ်ကြတာ . . . . . . . . . . . ”

        ပြီးတော့ . . . . ပြီးတော့ ဆက်ပြောနေသော မေမေ နဲ့ အပေါ်ထပ် အခန်းမှ အန်တီတို့ အသံတွေကို သူမ မကြားတော့ပါ။ မနေ့က သူ့ရဲ့ ရက်လည်နေ့ ဖြစ်သည် တဲ့။

      သူ ဒီတိုက်ခန်းလေးကို သူ သေဆုံးသွားတာတောင် နေ့တိုင်း လာနေခဲ့တယ် ဆိုတာ သူ့ရဲ့ ခြေသံလေးတွေကို သူမ နေမကောင်းတာတောင်မှ အိပ်ယာထဲကနေ ကြားနေရတာ မဟုတ်လား။ ဒီအခန်းလေးထဲက သူမကတော့ နေ့တိုင်း ည တစ်နာရီခွဲ ဝန်းကျင်မှာ လှေကားထစ်လေးတွေပေါ် သူ့ရဲ့ မနှေးလွန်း ၊ မမြန်လွန်းသော ခြေလှမ်း တစ်စုံ နှင့် လှမ်းတတ်သွားသံကို ပီပီသသကို ကြားနေခဲ့ရပါသည်။

        မနေ့ကလည်း သူတတ်လာသော ခြေသံတစ်စုံကို သူမ အခန်းတံခါးကို နားဖြင့် ကပ်ကာ သေချာစွာ နားထောင်ခဲ့ရ၏။ သူ့ရဲ့ လုပ်နေကျ အတိုင်း စီးကရက်ဘူးကို တဖတ်ဖတ် ရိုက်ကာ ၊ ချွင်ခနဲ အသံ မီးခြစ်ဖြင့် မီးညှိကာ ဆေးလိပ်သောက်သံကိုလည်း သူမ တကယ်ကို နားဖြင့် ကြားခဲ့ရခြင်း ဖြစ်၏။ ပြီးတော့. . . . ပြီးတော့ . . .

       သူမ ကပ်နားထောင်နေသော ကျွန်းတံခါးကို သူ့လက်ဖြင့် ခေါက်ကာ အချက်ပေး သွားသေး၏။ ထိုသို့ တံခါးကို ခေါက်တာ သူမကို သူက နှုတ်ဆက်သွားတာလား ၊ သူမက သူ့ကို နေ့တိုင်း စောင့်ပြီး သူ့ရဲ့ ခြေသံလေးကို နားထောင်နေတယ် ဆိုတာကို သူ သိတယ် လို့ ဆိုချင်တာလား သူမ တကယ်ကို နားမလည်နိုင်စွာ မသိနိုင်ခဲ့တော့ပါ။

       သူမ သိတာ တစ်ခုသာ ရှိတော့၏။ သူမသည် ညဘက် ဆိုရင် တိုက်ခန်းတွဲများရဲ့ ဘုံဖြစ်သော လှေကားထစ်များမှာ သူ့ရဲ့ ခြေသံလေး တစ်စုံကို အဲဒီနေ့ နောက်ပိုင်းကတည်းက လုံးဝ မကြားရတော့တာပါပဲ။ ထိုနေ့က သူမရဲ့ တံခါးကို ခေါက်ခဲ့ခြင်းသည် သူ့ရဲ့ ရက်လည်နေ့ ဖြစ်လို့ သူမကိုလည်း သူက နှုတ်ဆက်သွားတာ ဖြစ်ပေလိမ့်မည်။



        တစ်ခါကတော့ သူမတို့ တိုက်ခန်းတွဲ လှေကားမှာ ညဘက် တစ်နာရီခွဲ ဝန်းကျင် ဆိုရင် လှေကားပေါ်ကို မနှေး မမြန်သော နှုန်းဖြင့် လှမ်းတတ်လာသော ခြေသံလေး တစ်စုံ ရှိခဲ့ဖူးပါသည်။ ထိုခြေသံလေး တစ်စုံသည် . . . 

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

vampire said...

ဦးဇော်
ညီမလေး တစ်ခါမှ အဲလို တိုက်ခန်း
ပတ်ဝန်းကျင်ရှိတဲ့ နေရာမျိုးမှာမနေဖူးဘူး။
ပြီးတော့ အထူးအဆန်းပဲ။
စာသားမှာ အရောင်တွေမပါတော့တာ
ပို့စ်အပေါ်ကို အာရုံစူးစိုက်လွယ်စေတယ်။
မမန့်တာ ကြာလို့ပါ။
ဂွတ်နိုက်

ညီမလေး
ဒီဒီး

ဆောင်းနှင်းရွက် said...

သရဲ ခြောက်ခံရမှာလောက်
ကြောက်တာ မရှိဘူး ..
တကယ်ပြောတာပါဗျာ ..
သရဲဆို ဘယ်လို ကြောက်မှန်းကို မသိတာ ..

အိပ်လို့မရလို့
ပို့စ်တွေ လိုက်ဖတ်ရင်း
ကိုဇော့် ပို့စ် တတ်လာလို့ ဖတ်လိုက်တာ
ညကြီး သန်းခေါင်
ကြောက်စိတ်တွေလည်း ၀င်လာတယ် ..း(
ကိုယ့်အခန်းတံခါးကိုတောင်
နားစွင့်နေမိတယ် . .>>>

rose said...

ကိုဇော်ရှင့်... ၀တ္ထုလေး လာဖတ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ခြေသံတစ်စုံကို နားထောင်နေတတ်တဲ့ မိန်းကလေး သရဲခြောက်ခံလိုက်ရပြီပေါ့း)။ ရို့စ်က သရဲ ရုပ်ရှင်တွေ၊ စာပေတွေ နှစ်သက်သူ ဆိုတော့ ကြိုက်မိတယ်။

sosegado said...

ဖတ်လို့ကောင်းလိုက်တာ၊
အဲဒါကြောင့်ပြောကြတာ ခြေသံကြားတိုင်းထမကြည့်နဲ့ဆိုတာ။
ခင်မင်လျှက်။

phyo said...

အော်.. အရွယ်ရောက်ကာစ ကလေးမလေး တစ်ယောက်ရဲ့ အရောင်မပါတဲ့ စိတ်ခံစားမှု နုနုလေးနော် .. နင်က ယောင်္ကျားလေးဖြစ်ပြီး ရေးလည်းရေးတက်ပါရဲ့.. နောက်ပြီး သူ့ခြေသံကို နားထောင်နေမှန်းသိလို့ လာနှုတ်ဆက်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်နော်... အီး.. ငါသာဆိုရင် နောက်ရက်တွေ စာထိုက်ကျက်ရဲမှာ မဟုတ်တော့ဝူး...

JUSTICE999BURMA said...

ဘုရားဘုရား..... ခြေသံကြားလို့ ကတော့ စောင်အောက်မှာ ပုဇွန်ထုပ်လို ကွေးပြီးသားပဲ... ထကြည့်ဖို့ တော့ အိမ်မက်ထဲတောင် မမက်ဘူး.... အဟီး....

An Asian Tour Operator said...

ခြေသံ ကို တခါးနား မှာ ကပ်နားထောင် နေတုန်း "ဖြုန်း" ဆို လက်မည်း ကြီးတဖက်ထွက်လာ.. :)

ahphyulay said...

အင်း...
အဲ့ ဒီက တရှပ်ရှပ်နဲ့ ဆိုတော့  ဖတ်ရင်းနဲ့ 
ရင်ထဲမှာ တလှပ်လှပ်နဲ့ ပါဗျာ..။
ကိုရှပ်.. အဲ .. ကိုကိုဇော် ဖတ်လို့ ကောင်းပါတယ်။
အဖွဲ့ အနွဲ့  လေး မိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဒါမျိုးတွေ ဖတ်ရတာ အရသာရှိတယ်ဗျာ၊ ရှိသေး
ရင် ရေးပါအုံး၊ အားပေးလျက် ....

khin oo may said...

ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကူယဉ်ရူးသွပ်မှူ. မမျှော်လင့်တဲ့ဇတ်သိမ်းကြောင့်
ခံစားရပါတယ်။

baby taster said...

မိုက်တယ် ကိုဇော် ဟဟ ၀တ္ထုပြောတာနော်
ကိုဇော် မိုက်တာမဟုတ်ဘူး :) အရေးအသား
မိုက်တယ် ရင်ထဲမှာ တစုံတခုကျန်မှ
ဖတ်ရကျိုးနပ်တယ်လို့ ထင်တယ်။
တကယ်ပဲရင်ထဲမှာ ကျန်ခဲ့တယ်
ခြေသံတွေ ခြေသံတွေ အမလေးနော်
ဘေးအိမ်မှာလည်း မနက်ဖြန် အသုဘချမှာ :(
ရက်စက်လိုက်တာ :(

ဆွေလေးမွန် said...

စိတ်ဝင်စားဖို့ကောင်းတယ်
ဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း ပိုစိတ်ဝင်စားလာတယ်
ဇာတ်သိမ်းခန်းကြတော့ သေသွားတယ်ဆိုတော့

အင်း..

Anonymous said...

ကိုဇော်ရေ....ဖတ်သွားတယ်။

may

မေပယ်လ် said...

စာရေးသူ ပေးချင်တဲ့ မက်ဆေ့ကိုပဲ တွေ့အောင်ရှာသွားတယ်..။

မေပယ်လ် said...

ခြေသံတွေ နောက်ကို တကောက်ကောက်လိုက်ရင်းပေါ့ဗျာ

မြတ်မွန် said...

ဒီလို ဝတ္ထုတို မျိုးတွေ ရေးပါ ကိုဇော်ရေ..
ကြိုက်တယ်။
ဖတ်ရတာ ကောင်းလိုက်တာ..။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.