မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 December 2010

9 ဖြစ်ချင်ခဲ့သော ၊ ဖြစ်မလာခဲ့သော ( Tag )



      ကျွန်တော်သည် ဤကမ္ဘာ လောကကြီး အတွက် မသိကိန်း တစ်လုံးသာ ဖြစ်သည်။ မသိကိန်းတို့ရဲ့ ထုံးစံအတိုင်း  ကျွန်တော့်ကိုယ် ကျွန်တော် X ဟု နာမ်စား သုံးချင်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် X ဖြစ်ပါသည်။



      ကျွန်တော် နှစ်သက်သော အိမ်ခေါင်မိုးပေါ်ကို မိုးစက်တွေ တဝုန်းဝုန်းကျနေတဲ့ အချိန်မှာ ထိုအသံတွေကို ကျွန်တော် နားစွင့်ရင်း လူသား တစ်ဦး၏ ပေါင်ပေါ်တွင် ကျွန်တော် ခေါင်းအုံးကာ သူပြောပြသော ပုံပြင်များ ၊ အဖြစ်အပျက်များကို နားထောင်နေမိ၏။ ထိုသူသည် လူသား ဖြစ်သော်လည်း လူတစ်ယောက် အသွင်အပြင် မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် ထိုသူသည် ရဟန်း တစ်ပါးမျှသာ ဖြစ်ပါသည်။ ပို၍ တိတိကျကျ ဆိုရင် ထိုသူသည် ကျွန်တော့် အဖွားရဲ့ အစ်ကို ဝမ်းကွဲတော်သူ တစ်ယောက် ဖြစ်သည်။

       သူသည် ပဲခူးမှာ ရှိသော ဘုန်းကြီးကျောင်းတစ်ခုမှ ထိုစဉ် အခါက စာပြ ရဟန်း တစ်ပါးမျှသာ ဖြစ်၏။ အခုတော့ ကျောင်းထိုင် ဆရာတော် ဖြစ်၍ နေပေပြီ။ နက္ခတ် ၊ ဗေဒင် ၊ အတိတ်တဘောင်တွေကို နှံ့စပ် ကျွမ်းကျင်သော ရဟန်း ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။ သူ့ကို ကျွန်တော်က မှားနေမှန်း သိသော်လည်း ငယ်စဉ်ကတည်းက ကျင့်သားရနေသော အခေါ်အဝေါ်ဖြင့် “ အဖိုးလေး ” ဟုသာ ဆက်လက်၍ ခေါ်ပါသည်။ 

        အဖိုးလေး ဆီကို အလည်သွားတိုင်း ( သို့မဟုတ် ) ရန်ကုန်ကို ကိစ္စ ရှိလို့ အဖိုးလေး ရောက်လာတိုင်း ကျွန်တော်တို့ အိမ်ကို ဝင်ရောက်ပါသည်။ ထိုအခါ ကျွန်တော်က အဖိုးလေး ပေါင်ပေါ်မှာ ခေါင်းအုံးက အဖိုးလေး ပြောသမျှ ရှေးဟောင်း နှောင်းဖြစ်တွေကို ငြိမ်ပြီး နားထောင်နေလေ့ ရှိသည်။  အဖိုးလေးက ကျွန်တော့်ကို သူ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ၊ ဗဟုသုတတွေ ၊ သိမှတ်ဖွယ်ရာတွေ ပြောပြယုံတင် မကပါဘူး။ ကျွန်တော်ရဲ့ လက်ကို ဆွဲကာ ဘယ် ညာ လက်ဖဝါးမှ အရေးအကြောင်းတွေကို ကြည့်ရင်းဖြင့် လည်းကောင်း ၊ တစ်ခါတလေ ကျွန်တော့်ရဲ့ မွေးရက် ၊ မွေးလတွေကို မျဉ်းကြောင်း ၊ ဂဏာန်းများဖြင့် ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား လုပ်ကာ ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေလေ့ ရှိသည်။

        ပြီးရင်တော့ အဖိုး ဘာလုပ်နေတာလဲ ကျွန်တော် မေးရင် ကျွန်တော့်ကို ပြန်မဖြေနိုင်ဘဲ မေမေ နဲ့ အဖွားကို သတိပေးသလိုနဲ့ လှမ်းပြောလေ့ ရှိ၏။

       “ ငါ့မြေးက မသိကိန်း အထိုင်သမားဟေ့။ သူတို့လို လူတွေက  ၁ နေရာမှာ ထိုင်နေရင် ထိုင်နေရမှ ဒါမှ မဟုတ်ဘူး ဆိုရင်တော့ နံပါတ် ၂ မှာ ဆိုပြီး ရောင့်ရဲ တင်းတိမ်တတ်သူတွေ မဟုတ်ဘူး။ “ ၁ ” သာ မဖြစ်ရဘူး ဆိုရင် သူတို့က ဟိုဘက် “ ၂  ” ကိုတော့ အရောက်မခံဘူး ၊ ဒီဘက်မှာ ရှိတဲ့ “ ၀ ” ဘက်ကိုပဲ သွားမယ် ဆိုတဲ့ စိတ်မျိုး။

        “ အကောင်းဆုံး ဖြစ်ရင် ဖြစ် ၊ အကောင်းဆုံး မဖြစ်ရင် အဆိုးဆုံး လုပ်မယ် ” ဆိုတဲ့ စိတ်ဓါတ်မျိုး။ လူကောင်း ဖြစ်ရင် ဖြစ် ၊ မဖြစ်ရင် လူဆိုး ဆိုပြီး ဖြစ်မယ် ၊ သာမာန် သူလို ငါလိုနဲ့တော့ ပြီးသွားမဲ့ လူမျိုး မဟုတ်ဘူးဟ။ သူ့ကို ဂရုစိုက် သူက မသိကိန်း ဂဏာန်းသမား ”

         လို့ ပြောလေ့ ရှိပါသည်။ သို့သော် ကျွန်တော်က ငယ်ရွယ်လွန်း နေသောကြောင့် ဘာဆို ဘာမှ နားမလည်ခဲ့ပါ။



          ကျွန်တော်သည် မသိကိန်း တစ်လုံးသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကို X ဟုသာ သတ်မှတ်စေချင်ပါသည်။

         ကျွန်တော် ငယ်ငယ်က ရူးရူးမိုက်မိုက် ဖြစ်ချင်ခဲ့တာ တစ်ခုတည်းပဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ကလေးမို့လို့ ဒီလို စိတ်ကူးမျိုး ဖြစ်ပေါ်ခဲ့တာ လို့လည်း ပြောလို့ ရပါသည်။ ကျွန်တော် ငယ်ငယ်က သူများ ကလေးတွေလို စက်ရုပ်ကြီးတွေ ၊ ကားတွေ ၊ အရုပ်တွေ ဆိုတာထက် ကိုယ် နှစ်သက်သော အရာမှာ “ သေနတ် ” သာ ဖြစ်သည်။

         မွေးရာပါ ဗီဇ ပါလာလား မပြောတတ်ပါ။ လမ်းဘေးမှာ အရုပ်ကလေးကို ထောင်ကာ ပိုက်ဆံ ငါးမူးပေးကာ ပစ်ရပြီး ထိရင် ၅ ကျပ် တန် ပစ္စည်း ရသော လမ်းဘေး အရုပ်ရောင်းသော လူကြီးဆီမှာလည်း ကျွန်တော် ဝင်၍ စမ်းဖူးပါ၏။ ကျွန်တော်က ငါးမူး ပေးတိုင်း သူက ကျွန်တော့်ကို ၅ ကျပ်တန် ပစ္စည်းများ ပြန်ပေးရလေ့ ရှိသည်။

      ထို့နောက် . . ကျွန်တော်တို့ ခေတ်မှာ Happy World သာ ရှိပါသေးသောကြောင့် ကျွန်တော် ထိုနေရာကို သူငယ်ချင်းများနှင့် သွားဖြစ်ရင် ကျွန်တော် တိုက်ကား မစီးပါ ၊ တခြားသော အရုပ်တွေလည်း ညှပ်ကာ မယူပါ ၊ ကျွန်တော် စိတ်ဝင်စားတာက တစ်နေရာသာ ရှိသည်။ ထိုနေရာသည် ပိုက်ဆံဖြင့် လဲထားသော ကွိုင်လေးထည့်ကာ ပစ်ရသော သေနတ်ပစ်ခန်းပင် ဖြစ်သည်။

        ထိုနေရာကတော့ ဆင် ၊ ကျား ၊ မြွေ အစုံ ရှိနေသော တောကြီးလို လုပ်ထားသော နေရာထဲမှာ LED မီးနီလေးတွေ ထွန်းထား၏။ ထိုနေရာကို ကိုယ်စားပြုသော ဆင်ဆိုရင် သူ့နဲ့ သတ်ဆိုင်သော မီးလုံးလေးကို လေဆာဖြင့် ထိရင် ထိုဆင်သည် လှုပ်ရှား၍ ပြ၏။ ထိုကဲ့သို့ ၁၀ ကြိမ် မီးနီလေး ပြထားသော နေရာကို ထိအောင် ပစ်ရ၏။ ၁၀ ကြိမ်ထိရင် နောက်ထပ် ၁၀ ကြိမ် Timer ဖြင့် ထပ်ပစ်ရလေသည်။ သူပေးထားသော အချိန် အတိုင်းအတာ အတွင်းမှာ နောက်ထပ် ၁၀ ကြိမ် ၊ စုစုပေါင်း အကြိမ် ၂၀ ထိခဲ့ရင် ဆုအဖြစ် အရုပ်ကြီး တစ်ခုကို လက်ဆောင် ရပါသည်။

        ကျွန်တော့် လက်ထဲ သေနတ်ရောက်လာရင် စိတ်ကူးထဲမှာ ပေါ်နေတဲ့ ပစ်မှတ်ကို ထိအောင် ကျွန်တော် ပစ်နေကြ ၊ ကျွန်တော်က ထိုသို့ စမ်းသပ်ပွဲများမှာ လက်ဆောင်များစွာဖြင့် ကျေနပ် ပျော်ရွှင် ခဲ့ရဖူးပါသည်။ နောက်တော့ ထိုလူများသည် ကျွန်တော့်ကို မြင်ရင် “ ညီလေးရယ် အစ်ကိုက စီးပွားရေး လုပ်နေတာ ညီလေးရဲ့။ ငါ့ညီကို အစ်ကို မုန့်ဝယ်ကျွေးပါ့မယ်။ ဝင်တော့ မပစ်ပါနဲ့ ” ဟု ဆိုကာ လမ်းဘေးမှ လူကြီးကလည်း ပြောလာခဲ့သည်။ Happy World မှာတော့ ကျွန်တော် ထိုနေရာကို ပစ်မယ် ဆိုပြီး သွားရင် သူများတွေ ပစ်နေတုန်းက အကောင်း ၊ ကျွန်တော် ရောက်သွားရင် စက်ပျက်နေသည် ဟု ဆိုကြ၏။

         ဒါနဲ့ ပိုက်ဆံဖြင့် လဲထားသော သူတို့ဆီမှ သုံးရသော ကွိုင်ပြားလေးကို ကိုင်ကာ ကျွန်တော် သုံးကြိမ် တိုင်တိုင် ပြန်လာခဲ့ဖူးသည်။ နောက်တော့ ကျွန်တော် ထိုကစားကွင်းတွေဆီကို မရောက်တော့ပါ။ ဒီအချိန်မှာပဲ ကံကောင်း ထောက်မစွာ ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့ ခေါ်ဆောင်မှုဖြင့် “ တောင်ဥက္ကလာမှာ ရှိသော လေသေနတ်ပစ်ကွင်း ” သို့ ရောက်သွားပါ၏။

       ထိုအချိန်က ပိုက်ဆံ ၅ ကျပ် ဖိုးဝယ်မယ် ဆိုရင် ခဲကျည်ဆံ ၁၀ တောင့်ရသော ခေတ်ဖြစ်သည်။ ခဲကျည်ဆံတွေက ပုံစံ လှလှပပ ကောင်းကောင်းလေးတွေ ဖြစ်ပေမဲ့ ကျည်ဆံ ၅ ကျပ် ဖိုးဝယ်လို့ တွဲပစ်ကာ ကစားခွင့်ရသော သေနတ်တွေကတော့ လွန်စွာမှ စုတ်ပြတ်လွန်းလှသည်။ ပစ်မှတ်ပုံစံ စက္ကူကိုလည်း အသစ် တစ်ရွက်သာ ပေးသည်။ ထိုစက္ကူကို ပစ်မှတ်တစ်ချက် မှန်သွားရင် နောက်ထပ် အကောင်းအတိုင်း ဖြစ်စေရန် အနောက်မှ တခြားသော ပစ်မှတ် အဟောင်းများဖြင့် ခံကာ ပစ်မှတ်ကို အပေါက်ပျောက်အောင် လုပ်ရ၏။ ထိုပစ်မှတ်ကို နောက်တစ်ကြိမ် ထပ်ပစ်ရလေတော့သည်။

        ထိုပစ်မှတ်ကို လှလှပပ ခဲသီးလေးနဲ့ ပစ်တာတောင်မှ သေနတ်၏ ကောင်းမှုကြောင့် အလယ် ပစ်မှတ်ကို ချိန်ရင် ဘေးဘက်ဘေး ၊ အပေါ် ၊ အောက် ၂ ပေ လောက်ကို ထိ၏။ ၃ ချက်လောက် ပစ်ပြီး ပြင် ပစ်ပြီးမှ ပစ်မှတ်ရဲ့ စက်ဝိုင်းထဲကို ထိတွေ့ခွင့် ရလေတော့သည်။ သို့သော် အလယ်ဗဟိုကို မဟုတ်။ ကျွန်တော် ရသမျှ မုန့်ဖိုးတိုင်းက ထိုအချိန်မှာ ခဲသီး ဝယ်ဖို့သာ ဖြစ်နေလေတော့သည်။ သို့သော် ကျွန်တော် အလွန်ပျော်သည်။ လေသေနတ် ပစ်နေရသော အချိန်ဟာ ကျွန်တော့် အတွက် စိတ်အငြိမ်ဆုံးသော အချိန်သာ ဖြစ်သည်။

          ထိုလေသေနတ်ကွင်းကို ဝင်ဝင်ချင်း အခန်းမှာ ကျွန်တော်တို့လို သာမာန်လူတွေ ပိုက်ဆံပေး၍ ခဲကျည်ဆံ ဝယ်ပြီး ပစ်၍ ရသော သေနတ် ၅ လက်ဖြင့်သာ ကျင်လည်စေ၏။ ထိုမှ ကျော်လွန်သွားရင် လေသေနတ် အကောင်းစား ၊ အပျံစားများဖြင့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေသော အခန်းကို ရောက်သွား၏။ ကျွန်တော်တို့မှာ ဝင်ခွင့် မရှိပါ။ သို့သော် လှမ်းမြင်နေရသော ဘေးမှ ခပ်လှမ်းလှမ်း ငေးကြည့်ခွင့်တော့ ရှိသည်။ သူတို့ရဲ့ လေသေနတ်များကား အလွန်မှ ကောင်းလှသည်။ ထိုသေနတ်ဖြင့် တစ်ခါလောက် ပစ်ခွင့်ရရင် ကျေနပ်ပြီဟု ကျွန်တော် တောင့်တခဲ့ဖူးသည်။

        တစ်နေ့တော့ ကျွန်တော့်ရဲ့ တောင့်တမှု ပြည့်စုံခဲ့ပါသည်။ နေ့စဉ် ကျူရှင် အားချိန်တိုင်းမှာ ရောက်ခဲ့သော လေသေနတ်ပစ်ကွင်းမှ ပြိုင်ပွဲဝင် အစ်ကိုကြီး တစ်ယောက်နှင့် ရင်းနှီးကာ သူ့ရဲ့ သေနတ်ကို ကိုင်ခွင့် ၊ ပစ်ခွင့် ရခဲ့ပါသည်။ ခဲသီးဝယ်ပြီး ပစ်ရသော လေသေနတ်လို ပေါ့ရွှတ်ရွတ် ဖြစ်မနေပါ။ နင့်နင့်လေးလေး နှင့် လွန်စွာမှ ချိန်လို့ ကောင်းပါသည်။ လေသေနတ်ကို ဘယ်ဘက်လက်ပေါ်မှာ တင်ထားပြီး ခါးလေးကို အနည်းငယ် ကော့စောင်းထားရသော ဟန်နှင့် အလေးချိန်ကိုက လိုက်လျောညီထွေ ရှိလှသည်။ ပထမဦးဆုံး ထိုသေနတ်က ထွက်သွားသော ကျည်ဆံကိုက ပစ်မှတ်၏ ဒုတိယကွက် မျဉ်းလေးကို ထိလေတော့သည်။

        ထိုနေ့က ပစ်ပြီးတော့ ကျွန်တော့်ရဲ့ ပစ်မှတ်များကို ကြည့်ပြီး ထိုအစ်ကိုကြီးက ဝမ်းသာ အားရဖြင့် “ ညီလေးက ဘယ်အသင်းကနေ ကစားတာလဲ ” ဟု မေးခဲ့သော်လည်း ကျွန်တော် သူ့အမေးကို နားမလည်သောကြောင့် ပြန်မဖြေနိုင်ခဲ့ပါ။ ကျွန်တော် ဝေဝေဝါးဝါး ဖြစ်နေခဲ့ပါသည်။ အိမ်အပြန်မှာ ထိုဝေဝေဝါးဝါး အမေးကို ကျွန်တော့် အဖေကို ပြန်ပြောပြ အပြီးမှာ ကျွန်တော့်ကို ဖေဖေက ထိုတောင်ဥက္ကလာ လေသေနတ်ပစ်ကွင်းသို့ သွားခွင့် မပြုတော့ပါ။

        ကျွန်တော်ရဲ့ ပစ်ချင် ၊ ခတ်ချင်သော စိတ်နဲ့ လက်များ အတွက် အိမ်မှာ လေသေနတ်တု ပလတ်စတစ် သေနတ်နဲ့ အခန်းထဲမှာ ပစ်မှတ်များ ဖေဖေ လုပ်ပေးခဲ့ပါသည်။ သို့သော် ကျွန်တော် တောင်ဥက္ကလာ လေသေနတ် ပစ်ကွင်းထဲမှာ ပစ်ရတာလောက် မပျော်ပါ။ သို့သော် ဖေဖေ့ကို ကတိပေးထား၍ ကျွန်တော် နောက်ထပ် တစ်ခါမှ မသွားဖြစ်တော့ပါ။

         ဒါကြောင့် လေသေနတ်နဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်နေတဲ့ ကျွန်တော်ဟာ ၁၉၉၄ ခုနစ် ကျိုက်ထီးရိုး တက်စဉ်မှာတော့ လေသေနတ်တွေကို ထမ်းကာ တောင်ပေါ်ကို တက်သွားသော လူတစ်စုကို တွေ့လိုက်ရပါသည်။ တောင်ပေါ်မှာ လေသေနတ်ဖြင့် ကျေးငှက်တွေကို ပစ်မလို့ ထင်တယ် ဆိုကာ ကျွန်တော် သူတို့ကို အံ့သြမိခဲ့ပါသည်။ သို့သော် ထိုအံ့သြခြင်းဟာ အလွဲ ဖြစ်ခဲ့ရပါ၏။ တကယ်တော့ ကျိုက်ထီးရိုး တောင်ပေါ်မှာ ပိုက်ဆံပေး၍ ခဲကျည်ဆံ ဝယ်ကာ ပစ်၍ ရသော နေရာလေး တစ်ခု ထိုစဉ်က ရှိခဲ့ပါသည်။

         ရန်ကုန်မှာ ၅ ကျပ် ဖိုး ခဲကျည်ဆံ ၁၀ တောင့် ရသော အချိန်မှာ ကျိုက်ထီးရိုးတောင်ပေါ်မှာ ၂၀ ကျပ်ဖိုး ၁၅ တောင့်သာ ရပါသည်။ သို့သော် သေနတ်ကို တွေ့ရင် မနေနိုင်သော ကျွန်တော်က ထိုစဉ်က ဈေးကြီးသော ခဲကျည်ဆံကို ဝယ်ကာ အပျင်းပြေ ပစ်ခတ်ခဲ့ပါသေး၏။ ကျွန်တော် ဝယ်ထားသော ခဲကျည်ဆံ ၁၅ တောင့်ကို မောင်းချောင်ကာ ပြောင်းလှုပ်နေသော သေနတ်စုတ်ဖြင့် ပစ်နေတုန်း ကျိုက်ထီးရိုး ဘုရားပေါ်ကို လေသေနတ်တွေဖြင့် တက်လာသူ လူတစ်စု လေသေနတ် ပစ်ကွင်းထဲကို ဝင်လာတာကို တွေ့လိုက်ရပါသည်။

         ထိုလူများသည် ပစ်ကွင်းကိုသာ အသုံးပြုချင်သည် ဟု ဆို၏။ သူတို့ သေနတ် ၊ သူတို့ ခဲကျည်ဆံ ဖြင့်သာ အသုံးပြုမည်ဟု ဆိုပါသည်။ ကွင်းငှားခ သီးသန့် ပေးမည်ဟု ဆိုကာ သဘောတူညီ နေကြပါသည်။ ကျွန်တော် သူတို့ရဲ့ လေသေနတ်ကို အလွန်ကို သဘောကျပါသည်။ ကျွန်တော် သူတို့ ဘယ်လို ပစ်မလဲ ဆိုပြီး ခဏ စောင့်ကြည့်တော့ သူတို့ ပစ်မှတ် စာရွက်လေးဖြင့် မပစ်ကြပါ။ ဖယောင်းတိုင် တစ်တိုင်ကို ဘုံထွန်းကာ သူတို့ သူငယ်ချင်း သုံးယောက် တစ်ယောက် တစ်ချက်စီ ပစ်ကြပါသည်။ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ဖယောင်းတိုင် မဟုတ်ပါ။ ဖယောင်းတိုင်ရဲ့ မီးတောက်သာ ဖြစ်ပါ၏။

       သို့သော် သူတို့ထဲမှ တစ်ယောက်သည် ကျွန်တော့် အထင် သာမာန်မဟုတ်ဘဲ အနည်းငယ် မူးရစ်နေမည် ဟု ထင်မိပါသည်။ ထို့ကြောင့် ဖယောင်းတိုင် မီးကို မဆိုထားနှင့် ၊ ဖယောင်းတိုင်ရဲ့ ဝန်းကျင်နေရာကိုတောင်မှ မထိပါ။ အတန်ကြာသော အခါ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဟု ကျွန်တော် ထင်သော အစ်ကိုကြီးက “ မင်း  . . တော်တော့ ၊ ထိမှာလည်း မဟုတ်ဘူး ” ဟု ဆိုကာ သူ့သူငယ်ချင်းကို ရပ်ခိုင်းလိုက်ပါသည်။ သူတို့ ပစ်နေကြသော ဖယောင်းတိုင်လေးကို ကြည့်ကာ ကျွန်တော် ထိုခေါင်းဆောင် အစ်ကိုကြီးကို ခွင့်တောင်းလိုက်မိ၏။

       “ အစ်ကို ၊ ကျွန်တော် အစ်ကိုတို့နဲ့ ဝင်ပစ်လို့ ရမလား ”

       ကျွန်တော့်ကို သူ အံ့သြသလို လှည့်ကြည့်ပြီး . . .

       “ ပစ်လေကွာ ၊ အစ်ကိုတို့ကလည်း ပျင်းနေတာပဲ ၊ အဖော်ရတာပေါ့ ”

       ဟု ဆိုကာ ကျွန်တော့် လက်ထဲမှာ ခပ်စုတ်စုတ် လူတိုင်းသုံးနေသော လေသေနတ်လေးကို တစ်ချက် ကြည့်ပါသည်။ ကျွန်တော် လေသေနတ်လေးကို တစ်ချက် ပင့်တင်လိုက်ပြီး ဖယောင်းတိုင်လေးကို ချိတ်လိုက်သည်။ ဒီလေသေနတ်က ပြောင်းလှုပ်ကာ မောင်းချောင်နေပါ၏။ သို့သော် ကျွန်တော် ၇ ချက် ပစ်ခဲ့ပြီးပါပြီ။ ဒါကြောင့် ထိုလေသေနတ်၏ အထာကို သိနေပြီဟု ဆိုနိုင်ပါသည်။ ထိုသို့ ဖယောင်းတိုင်လေးကို ချိန်နေချိန်မှာ အရာရာဟာ ခဏ တိတ်ဆိတ်သွားသလို ခံစားရ၏။

        “ ဖောင်း . . .  ”

       ဆိုသော အသံနှင့် အတူ ဖယောင်းတိုင်ရဲ့ မီးတောက်လေးကို မထိပါ။ သို့သော် ရုတ်ခနဲ ဖယောင်းတိုင်လေး လွင့်ထွက်သွားသည်။ ကျွန်တော် ပစ်တာကို စောင့်ကြည့်နေသော ထိုအစ်ကိုကြီးက ကျွန်တော့် ပုခုံးကို ပုတ်လျက်  . . .

         “ ငါ့ညီက ဘယ်ဆိုးလို့လဲ ”

         ဟု ဆိုသည်။ ပြီးတော့ ကျွန်တော့်ရဲ့ လက်ထဲမှာ ဆိုင်သုံး လေသေနတ်ကို ပြန်ပေးခိုင်းပြီး သူ့သူငယ်ချင်းရဲ့ လေသေနတ်နဲ့ ပစ်စေပါသည်။ ထို့နောက်မှတော့ ထိုအစ်ကို နဲ့ ကျွန်တော် အလွန်ကို ခင်မင်ခဲ့ပါသည်။ သို့သော် သူ့ကို ကျွန်တော် မသိသလို ၊ သူလည်း ကျွန်တော့်ကို မသိပါ။  နောက်တော့လည်း သူက ဘယ်အချိန် ပြန်သွားသည် မသိပေမဲ့ ၊ ကျွန်တော်တို့ရဲ့ ခရီး နှစ်ညအိပ် ၊ သုံးရက်ခရီးမှာ ခဏတာ တွေ့ဆုံခွင့်ရပြီး ကျွန်တော်တို့ ခွဲခွာခဲ့ပါသည်။

         အပြန်ခရီးလမ်းမှာမှ ကျွန်တော့် သူငယ်ချင်းနဲ့ စကားစပ် ပြောမိပါ၏။ သူက ဆိုသည် ကျွန်တော်နှင့် အတူတူ လေသေနတ်ပစ်သော အစ်ကို ကို သိလား ဟု ဆိုသည်။ တကယ်ကို ကျွန်တော် မသိပါ။ ဒါကြောင့် မသိဘူး ဟုသာ ဖြေခဲ့ပါသည်။ ထိုအခါ သူက အံ့သြသလို မျက်နှာဟန်ကို ပြ၍ “ အဲဒါ ကိုနိုင် လေကွာ ” ဟု ဆို၏။ ထိုအခါမှ ကျွန်တော်သည် “ သြော်  ” ဟုသာ အာမေဋိတ် ထွက်နိုင်ပါတော့သည်။ ကိုနိုင် ဆိုတာ ရုပ်ရှင်မင်းသား နဲ့ ဒါရိုက်တာ အဖြစ် အခုနောက်ပိုင်းမှာ အနုပညာ လောကထဲမှာ ကျင်လည် လှုပ်ရှားပါသည်။ ထိုစဉ်အခါကတော့ ကျွန်တော် သိသော ကိုနိုင်မှာ ကျွန်တော်နှင့် လေသေနတ် အတူတူ ပစ်ဖူးသူ တစ်ယောက်မျှသာ ထိုစဉ်က သိခဲ့ပါ၏။

         ကျွန်တော် ဒီလောက်ထိကို သေနတ်ပစ်တာကို ဝါသနာပါ၏။ လမ်းလေးမှာ တွေ့ရင်လည်း လမ်းဘေးမှာ ဝင်ပစ်သည်။ ပစ်ကွင်းမှာ တွေ့ရင်လည်း ပစ်ကွင်းမှာ ဝင်ပစ်သည်။ ကစားရုံမှာ တွေ့ရင်လည်း ကစားရုံမှာ ဝင်ပစ်သည်။ ကျွန်တော် ထိုမျှ တွေ့မရှောင်ကို ဝါသနာပါသည်။ ကလေး ကစားစရာဆိုင်ကို ရောက်ရင် ကားအရုပ်တွေကို ကျွန်တော် မကိုင် ၊ စပိုက်ဒါမန်းကိုလည်း ကျွန်တော် လက်မလှမ်း ၊ ဝက်ဝံရုပ်တွေကိုလည်း ကျွန်တော် မကြည့် ၊ ကျွန်တော် ကိုင်ကြည့်မိတာ အသံမြည်မြည် ၊ မမြည်မြည် ၊ ကျည်ဆံ ထွက်ထွက် ၊ မထွက်ထွက် သေနတ်များသာ ဖြစ်နေတတ်ပါသည်။

         ဒီလောက် သေနတ်ကို ဝါသနာပါနေ၍ ကျွန်တော့် သူငယ်ချင်း ၊ အသိမိတ်ဆွေ ၊ ဆွေမျိုးများက ဆိုကြသည်။ မင်း သေနတ်ကို ဒီလောက် ဝါသနာပါနေရင် သေနတ်ကိုင်ပြီး ဘာလုပ်မှာလဲ ဟု ဆိုသည်။ ထိုစဉ်က ကျွန်တော် ကြည့်ခဲ့သော ရုပ်ရှင်များ ၊ ဖတ်ခဲ့သော ဝတ္ထုများကလည်း ထိုကဲ့သို့ သေနတ်ကိုသာ အခြေခံသော ဝတ္ထု ၊ ဇာတ်လမ်းများ ၊ ဇာတ်ကောင်များသာ ဖြစ်နေတတ်သည်။ ထို့ကြောင့် သူတို့ အမေးကို ကျွန်တော် ငယ်ငယ်က ဆိုတော့ ကလေးအတွေးဖြင့် ပြန်ပြောခဲ့ဖူးပါသည်။

       “ ငါကြီးလာရင် သေနတ်နဲ့ လက်ဖြောင့် သေနတ်သမား “ Assassin ” လုပ်မယ် ”

      လို့ ကလေးတွေးဖြင့် ပြောခဲ့ဖူးပါသည်။ သို့သော် ကလေး အတွေးက ကလေး အတွေးသာ ဖြစ်၍  “ ဖြစ်ချင်ခဲ့သော စိတ် ” သည် ကလေးစိတ်ကုန်သော အခါမှာ အရာ အားလုံးဟာ “ ဖြစ်မလာခဲ့သော စိတ် ” တစ်ခု အဖြစ် ဘဝရဲ့ အတိတ်မှာ ကျန်နေခဲ့ပါပြီ။ သေနတ်ဖြင့် ကျွန်တော် မည်သူ့ကိုမှ မထိခိုက် စေချင်တော့ပါ။ ဒီလို ဆိုသောကြောင့် ကျွန်တော့် ရင့်ကျက်လာ၍ ဟု မဆိုလိုပါ။ “ ဖြစ်မလာသင့်သော စိတ် ” ဟုသာ ကျွန်တော့်ရဲ့ အတိတ်ထဲမှာ ထားခဲ့တာ ဖြစ်ပါသည်။

      ထူးထူးထွေထွေတော့ မဟုတ်ပါ။ ကျွန်တော်ဟာ ဤကမ္ဘာ လောကကြီး အတွက် မသိကိန်း တစ်လုံးသာ ဖြစ်သည်။ မသိကိန်းတို့ရဲ့ ထုံးစံအတိုင်း  ကျွန်တော့်ကိုယ် ကျွန်တော် X ဟု နာမ်စား သုံးချင်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် X ဖြစ်ပါသည်။



       အထက်ပါ အတိုင်း ကျွန်တော် ရေးသောကြောင့် အတော်များများ ရယ်ကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော် အနည်းငယ်တော့ ရှင်းပြချင်ပါသည်။

         လောကမှာ လူတိုင်းက ငယ်စဉ်က “ ဖြစ်ချင်ခဲ့သော ” စိတ် ကြောင့် တတ်ကြွမှုတွေ ၊ ရည်မှန်းချက်တွေ ရှိခဲ့နိုင်သော်လည်း နောင်တစ်ချိန် အသက်အရွယ် ၊ ပြောင်းလဲမှု ၊ ပတ်ဝန်းကျင်အရ “ ဖြစ်မလာခဲ့သော ” ဆိုကာ အတိတ်မှာ ကျန်နေခဲ့ကာ ၊ မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဆိုသော အဖြစ်မျိုး ဖြစ်စေနိုင်ပါသည်။ ဒါကြောင့် ကျွန်တော် အပေါ်မှာ  ဖြစ်ချင်ခဲ့သော်လည်း ဖြစ်မလာခဲ့သော ဆိုပြီး ခေါင်းစဉ်တပ်ကာ ကျွန်တော် ရေးခဲ့သော်လည်း . . . . .

         ဒီဖြစ်စဉ် တစ်ခု ၊ ဖြစ်ရပ် တစ်ခု ၊ ဒီဖြစ်ချင်ခဲ့သော ရွေးခြယ်မှု တစ်ခုက လွဲလို့ ကျွန်တော့်ဘဝမှာ ( ကျွန်တော်တို့ ဘဝမှာ ) ကျန်သော အရာများကို ဆက်လက်ပြီး ကြိုးစားခွင့် ရှိနေပါသေးသည်။ ဘယ်အရာကတော့ ဖြစ်မလာနိုင်တော့ပါဘူး ဆိုပြီး မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က “ ဖြစ်မလာ သင့်တော့ပါဘူး  ” ဆိုမှသာလျှင် “ ဖြစ်ချင်ခဲ့သော ” ဆန္ဒတစ်ခုဟာ “ ဖြစ်မလာခဲ့သော ” ဆိုသော ခေါင်းစဉ် အောက်မှာ အကျုံးဝင် သွားမှာ မဟုတ်ပါလား။

        ကျွန်တော့် ဘဝမှာ ငယ်စဉ် ကလေးဘဝက “ ဖြစ်ချင်ခဲ့သော ” ဆိုသော ခေါင်းစဉ်ဟာ ကိုယ်ဝါသနာပါသော သေနတ်ပစ် ကစားခြင်း ဖြစ်သောကြောင့် အထက်ပါ ကဲ့သို့ စဉ်းစားခဲ့မိသော်လည်း အရွယ်ရောက်သော အခါမှာ ကျွန်တော်ရဲ့ “ ဖြစ်ချင်ခဲ့သော ” ခေါင်းစဉ် အောက်မှ  “ ဖြစ်မလာခဲ့သော ( ခေါ် ) ဖြစ်မလာခဲ့သေးသော ” ခေါင်းစဉ်အောက်ကို အကျုံး မဝင်ခဲ့ပါ။ ထိုစိတ်ကူးသည် “ ဖြစ်မလာသင့်သော ” ခေါင်းစဉ် အောက်ကိုသာ ထည့်သွင်းရမှာ ဖြစ်ပါသည်။

          တကယ်တော့ ဘယ်သူ့ ဘယ်သူပင် ဖြစ်နေပါစေ။ ကျွန်တော်တို့ အားလုံးသည် မိမိရဲ့ မျှော်လင့်ချက် ၊ ရည်မှန်းချက်များ လုံးဝ ဖြစ်မလာနိုင်တော့ပါဘူး ဆိုတာ မရှိပါ။ မိမိကိုယ်တိုင်က “ ဖြစ်မလာသင့်ပါဘူး ” ဆိုကာ လုံးဝ ကြောက်ရွံ နောက်ဆုတ်လိုက်မှသာ “ ဖြစ်မလာခဲ့သော ” ဆိုသော ခေါင်းစဉ် အောက်ကို ရောက်ရှိသွားမှာ ဖြစ်ပါသည်။

         ထိုသို့သော ကျွန်တော့်ကဲ့သို့ ကလေး အတွေး ဖြစ်ချင်ခဲ့သော ဆန္ဒမှ လွဲ၍ ကျန်သော “ ဖြစ်ချင်ခဲ့သော ” ဆန္ဒ ၊ စိတ်ကူးများဟာ မိမိကိုယ်တိုင် တတ်ကြွစွာ မျှော်လင့် စိတ်ကူးခဲ့ရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဖြစ်လာမှာ သေချာပါတယ် လို့သာ ကျွန်တော် ပြောချင်ပါသည်။

         “ မျှော်လင့်ခြင်း ” ဆိုတာ “ ဖြစ်ချင်သော ဆန္ဒ ” ကို  “ ဖြစ်ကို ဖြစ်ရမယ် ” ဆိုသော စိတ်ဓါတ်နဲ့ ထိန်းကျောင်း ထားသော အရာ တစ်ခု မဟုတ်ပါလားဗျာ။



မည်သို့ပင် ဖြစ်စေ။ ကျွန်တော်သည် မသိကိန်း တစ်လုံးသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကို X ဟုသာ သတ်မှတ်စေချင်ပါသည်။



*** ကျွန်တော့်ကို Tag ထားသော ငွေလမင်း နဲ့ အုပ်ကြီး ရဲ့ “ ဖြစ်ချင်ခဲ့သော ၊ ဖြစ်မလာခဲ့သော ” Tag ပို့စ်ပါ။ စာရေးချင်စိတ် ပျောက်နေတဲ့ အချိန်မှာ Tag ထားသော ပို့စ်အတွက် ကြာသွားမှာ စိုးလို့ ရေးရတော့ စာတွေ ထောက်နေရင် ဆောရီးပါ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

စာရေးတဲ့စက်ကြီးကလဲ စာတွေဒလဟော ထွက်ကျနေတယ်..
ရေးပဲရေးနိုင်တယ် :P...ဖတ်သွားတယ်ကိုဇော်ရေ...

အဖြူရောင်နတ်သမီး said...

“ဖြစ်ချင်ခဲ့သော...ဖြစ်မလာခဲ့သော”...ဆိုပေမယ့်..
ယခု ဖြစ်နေခဲ့တဲ့ ဘဝကို ကျေနပ်တယ် ဟုတ်...

အခုလည်း “လက်ဖြောင့်သေနတ်သမား” မဟုတ်ပေမယ့် “ကလောင်ကိုင်ထားတဲ့ စာရေးဆရာကောင်းတယောက်”ပေပဲမဟုတ်လား..။

Anonymous said...

အခုလဲ လက်ဖြောင့်ပါတယ်ဗျာ.. ကလောင်က သေနတ်ထက် ပစ်မှတ်ကို ပိုပြီးတိတိကျကျ ထိတယ်ဗျ.. လက်ဖြောင့်သေနတ်သမားမဖြစ်ခဲ့တာ လက်ဖြောင့် ကလောင်သမားဖြစ်ဖို့ဘဲဖြစ်လိမ့်မယ်။ ဖြစ်ချင်တိုင်း ဖြစ်လာတာ မဖြစ်လာတာထက် ဖြစ်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်ဖို့ဘဲလိုတာပါဗျာ။

မိုးယံ said...

လက်လဲမဖြောင့်ပဲနဲ့ မယုံရင် ဆန့်ကြည့်လေ..


ဟဲဟဲ စစ်ဗိုလ်ဂျီးများ လုပ်မလားလို့တွေးနေတာ.. တစ်ကယ်တော့ ကလောင်စစ်သည် ဖြစ်နေသည်ကိုး..

တစ်ကယ်တော့ ကလောင်တစ်ချောင်းရဲ့ အစွမ်းဟာ အားလုံးကို

နေ၀သန် said...

:).. ကိုဇော်ရဲ့ ဖြစ်ချင်ခဲ့သော ဖြစ်မလာခဲ့သောကို ခံစားသွားပါတယ်ဗျာ...

JUSTICE999BURMA said...

အင်း............ ဖြစ်မလာခဲ့တာတွေပဲ ပိုများပါတယ်လေ........

အုပ်ကြီး said...

မအားတဲ့ကြားက ကျွန်တော် နဲ့ ငွေလမင်း ခွချက်မိသွားတဲ့ ကိုဇော်ကြီး ဒီပို့ လေးအတွက်
ကျေးဇူးပါဗျာ ........

rose said...

စာလာဖတ်သွားပါတယ်ရှင့်။ သေနတ်ပစ်သမား ဖြစ်ချင်တယ် ဆိုတော့ နည်းနည်းတော့ ကြောက်ဖို့ ကောင်းသားနော်။ စာအရေးအသား ကောင်းတယ်နော်။

ပေါ့ဆိမ့် said...

ဒီရက်ပိုင်းမှာ ဒီတဂ်ပို့လေးကို တွေ့နေရပါတယ်။ အစ်ကို ရေးထားတဲ့ တဂ်ပို့လေးကိုလည်း သေချာဖတ်မိပါတယ်။ လူတွေက ကြလာတဲ့နေရာမှာ မသိကိန်းတစ်ခုအနေနဲ့ စတင်ကျတာ ဒီပို့လေးကြောင့် ပိုသတိထားမိလာတယ်။ ကျွန်တော်တို့ ဆင်တဲကဖေးက ဘလက်တစ်ယောက်လဲ အဲဒီလို့ပဲ အတဂ်ခံရတယ်။ သူရေးမယ့် အကြောင်းအရာတော့ ဖုန်းထဲမှာနားထောင်ပြီးပါပြီ။ drafts ထဲမှာသူရေးလက်စ တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတယ်။ အလုပ်များနေလို့ ဆုံးအောင်မရေးနိုင်သေးပါဘူး။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.