မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 December 2010

19 နှလုံးသား ရှိရာ ( ဇာတ်သိမ်း )




“ နွယ့် ဘာတွေ ဖြစ်နေတယ် ၊ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင် ဖြတ်သန်းနေရတယ် ၊ ဘယ်လောက်တောင်မှ ကြိုးစားနေရတယ် ၊ ဘယ်လောက် ရုန်းကန်နေရတယ် ဆိုတာ ကို သိလား ”

“ - - - - - ”

“ ကို မေးရော မေးမိလား ”

“ ကို မေးဖို့ ဆိုတာ နွယ်နဲ့ ဒီကြားထဲ သေချာ စကား မပြောဖြစ်ဘူးလေ ၊ အရင်ကလည်း ဘာပဲ ဖြစ်ဖြစ် နွယ် ပြောပြနေကြပဲ မဟုတ်လား ”

“ အခု ကိစ္စက ကြိုးစားဆဲ အဆင့်ပဲ ရှိသေးတယ် ကို ၊ တကယ်လို့ အဆင်ပြေသွားပြီ ဆိုမှ နွယ်က ကို့ကို ပြောပြမယ် ၊ ကိုနဲ့လည်း အတူတူ ပျော်မယ် ဆိုပြီး စဉ်းစားထားတာ ”

“ ဟုတ်ပြီ ၊ ဒါကို ကို မပြောဘူး။ ဒါပေမဲ့ ကိုတို့ အရင်က စီစဉ်ထားတဲ့ အတိုင်းပဲ ကိုက UAE ကို လာဖို့ လုပ်ထားတယ်လေ။ အခု ဒါကလည်း လက်လွန်နေပြီ ၊ ကို အေးဂျင့်နဲ့ အားလုံး အပ်ထားပြီးပြီ ၊ ဒီလို လုပ်ထားပြီးတော့မှ နွယ့်ဘက်က တခြား တမျိုး ဆိုလည်း ပြောပါလား။ ဒါဆို ကို့မှာ နောက်ဆုတ်ချိန် ၊ ပြောင်းလဲချိန် ရှိတယ်။ အခုတော့  နောက်ဆုံးအချိန်ကျမှ သိလိုက်ရတာကို ကို အတော်ကို စိတ်မကောင်း ဖြစ်မိတယ် ”

“ ဒါကတော့ နွယ် ပြောပြီးပြီလေ ၊ နွယ်လည်း ကြိုးစားတုန်းပါ ဆို ”

“ ဟာ . . . ကြိုးစားနေတယ် ဆိုလည်း ကြိုးစားနေတယ် ဆိုပြီး အသိပေးဖို့ ပြောတာလေ ၊ အခုတော့ အသိမပေးတော့ ကို့ဘက်ကလည်း လွန်ကုန်တယ်လေ ၊ မဟုတ်ဘူးလား ”

“ - - - - - - - - ”

“ ပြောစမ်းပါဦး ၊ ဘာလို့ မပြောတာလဲ ၊ မတိုင်ပင်တာလဲ ၊ နောက်မှ ကို သိရင် ပျော်အောင်လို့ ဆိုတဲ့ စကားကတော့ လှပေမဲ့ သိပ်ပြီးတော့ မပြည့်စုံသလိုပဲ ”

“ - - - - - - -- ”

“ ပြောလေကွာ ၊ ဘာလို့ မပြောခဲ့တာလဲ ”

“ ထားတော့ ကို ၊ အဲဒီတုန်းက နွယ် မပြောခဲ့တဲ့ အတွက် နွယ် မှားတယ်ပဲ ထားလိုက်တော့ ၊ အခုတော့ နွယ် ပြောလို့ ရတာ ပြောပြမယ် ”

“ အင်း . . လုပ်ပါဦး ”

“ နွယ်  . . . အခု လာမဲ့ အပတ်ထဲမှာ ဒီကနေ ထွက်ရတော့မယ် ကို ၊ စာရွက်စာတမ်းတွေ အားလုံးလည်း အဆင်သင့် ဖြစ်နေပြီ ”

ဘာ . . . . 

“ ဟုတ်တယ် ကို ၊ အခု နွယ် လေယာဉ် လက်မှတ်ပဲ ထိုင်စောင့်နေတာ ”

“ ဟာ . . . . ”

“ ဒါကတော့ အခု နောက်ဆုံး ကို့ကို နွယ် ပြောပြလို့ ရတဲ့ အကြောင်းအရာမို့ ပြောပြလိုက်တာပဲ ”

“  ဒါ ပြောပြတာ . . . ဒါ ပြောပြတာ . . ဟုတ်လား ၊ တိုင်ပင်တာလား ၊ အသိပေးတာလား ၊ ဟာကွာ ဘယ်လို ပြောရမလဲ ၊ နောက်ဆုံး အခြေအနေမှ သွားတော့မယ် ဆိုတော့မှ ဘိုင်ဘိုင်နော် လို့ နှုတ်ဆက်တာ ဒါ အသိပေးတယ် လို့ ဆိုမလား ”

“ ဒါကတော့ မတတ်နိုင်ဘူးလေ ၊ နွယ်ကတော့ အခုလို ပြောပြလို့ ရတဲ့ အချိန်မို့ ပြောပြတာလေ ”

“ သြ . . သြော်. . . ”

“ ကိုသာ နွယ် ဘာဖြစ်နေတယ် ၊ ဘာလုပ်နေတယ် ဆိုတာကို နားလည်မှု မပေးနိုင်ဘဲ နွယ့်ကို ပုတ်ခတ် ပြောတာလေ ”

“ ဟ . . ဒါ ပုတ်ခတ် ပြောတာလားကွာ ၊ ကိုယ့်ချစ်သူဆီက အဆက်အသွယ် မရလို့ စောင့်နေရတဲ့ လူတစ်ယောက်ရဲ့ ခံစားမှုကို နွယ် နည်းနည်းလေး ကိုယ်ချင်းစာ ကြည့်ပါဦး ”

“  - - - - - - ”

“ နွယ့်မှာ ကို့အပေါ် ခံစားချက် ရှိသေးရဲ့လား ”

“ ခံစားချက် . . . ခံစားချက် ဟုတ်လား။ ဒီမှာ ကို ၊  နွယ် မြန်မာနိုင်ငံ ပြန်သွားတုန်း ကို ဘာတွေ လုပ်ခဲ့လဲ ကို့ဖာသာ သိမှာပေါ့ ”

“ ဘာ. . . ဘာရယ် ၊ ကိုက ဘာတွေ လုပ်နေလို့လဲ ”

“ ဟုတ်တယ်လေ ၊ အွန်လိုင်းပေါ်မှာ ကောင်းကောင်းနေပါ လို့ နွယ် ပြောထားခဲ့တယ် မဟုတ်လား၊ အခုတော့ LC ထဲမှာလည်း ဇာတ်တွေ ရှုပ်ထားတယ် ”

“ နွယ် မဟုတ်တာတွေ မပြောနဲ့နော် ၊ ကို ဘာမှ မလုပ်ထားဘူး ”

“ ဒါကတော့ လုပ်တဲ့ လူက သိမှာပေါ့။ အခုတော့ နွယ့်ကို လာပြီး သတင်းပေးတဲ့ လူက သတင်းပေးတယ်။ ”

“ သူများ ပြောတိုင်း နွယ်က ယုံတာပဲလား ၊ နွယ်က အဲဒီလို သူများ ပြောတိုင်း ယုံတဲ့ လူတန်းစားလား ”

“ ဒါကတော့ နွယ် ပြန်လာတော့လည်း မျက်မြင် တွေ့နေရတာပဲလေ ၊ သူများ နေရာတွေမှာလည်း ဟီးဟီးဟားဟား နဲ့ ၊ ပြောတော့ နွယ့်ကို အချိန်တိုင်း လွမ်းနေမှာပါတဲ့။ နောက်ပြီး ဘလော့ပေါ်မှာလည်း ဓါတ်ပုံတွေ မတင်ပါနဲ့ ဆိုတာကို တင်တယ် မဟုတ်လား ”

“ နွယ် . . ဒါ သူများတွေရဲ့ အမှတ်တရ ရိုက်ထားတဲ့ ပုံမို့ ပြန်ပြီး တင်ပေးတာ ၊ ကို ရုပ်ပြစားဖို့ ဘယ်တုန်းကမှ စိတ်ကူး ရှိခဲ့တာ မဟုတ်ဘူး။ တဆိတ်ရှိ ဒီဘလော့ကိုပဲ လာလာ ထိခိုက်နေတယ် ၊ ကို ဘလော့ရေးတာ ကို့ဖာသာ ရိုးရိုးရေးတာ ဒါနဲ့ ဘာကိုမှ ခုတုံး မလုပ်ဘူးကွ။ LC မှာ ဟီးဟီး ဟားဟား နေတယ် ၊ ရေးတယ် ဆိုတာကလည်း စံပယ်ဖြူ တို့ ၊ အစ်ဂနော တို့ ဆိုတာ ကိုယ့်ညီမတွေလို ဖြစ်နေတာလေ။ သူတို့ကို နွယ်လည်း သိနေ ၊ ခင်မင် ရင်းနှီးနေတာပဲ။ မဟုတ်တာတွေနဲ့ လာမပြောနဲ့ ”

“ ဟင်း . . ဟင်း . . ဟင်း . . ညီမ ၊ ညီမ နဲ့ ဘာညီမတွေလဲမှ မသိတာ ”

“  တောက် . . . မင်းကွာ . . . တော်ယုံပဲ ကောင်းတယ် ”

“ မှန်တာ ပြောမိလို့လား ၊ နဂိုကတည်းက ကို့ကို နွယ် ပြောထားတယ်။ နွယ်က သဝန်တို တတ်ပါတယ် ဆိုတာ အခုတော့ ဆိုက်ထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတယ် ”

“ နွယ် . . . တောက် ၊ ဘာတွေ ဖြစ်နေလို့လဲ တစ်ယောက်နဲ့ တစ်ယောက် ခင်ခင်မင်မင်မို့ စကြ ၊ နောက်ကြတယ် ဆိုတော့ ဒီလိုပဲ  နေကြတာပဲလေ။ တခြား ကိုတို့ ကြားမှာ ဘာစိတ်မှ မရှိဘူး ”

“ ယုံချင်ပါတယ် . . ယုံချင်ပါတယ် . . . ဟား ဟား ဟား . . .  ”

“ မင်းကွာ  . . ”

“ နွယ့်မှာတော့ ပြောင်းဖို့ ၊ ရွေ့ဖို့ အတွက် ကြိုးစား ပြင်ဆင် လိုက်ရတာ ၊ ဟိုရောက်ရင်လည်း ကို့အတွက် ဘယ်လို ဆိုပြီး စိတ်ထဲမှာ စဉ်းစား ပြင်ဆင် လိုက်ရတာ အခုတော့ ကိုက ကို့စိတ်ထင်နဲ့ နွယ့်ကို ပြောချင်တိုင်း ပြောတယ် မဟုတ်လား ”

“ ပြောချင်တိုင်း ပြောတာမှ မဟုတ်တာ . . မေးတာလေ ”

ဒေါသတကြီး ဖြစ်နေကြခြင်းတော့ မဟုတ်ကြပါ။ ရင်ထဲမှာ ရှိနေသော သံယောဇဉ် အရိပ်အမြွတ်ကြောင့် အတတ်နိုင်ဆုံး ပြေပြစ်အောင် ပြောနေကြပေမဲ့ ကျွတ်ဆတ်ဆတ်နဲ့ ဘယ်လိုမှ သာယာတဲ့ အသံတွေတော့ ထွက်မလာခဲ့ပါ။ နွယ့် ကိုယ့်ကို Block တယ် ဆိုတာ သေချာပြီး ဘယ်တော့ ဘလော့ ပြန်ဖွင့်မလဲ ဆိုတာ တစ်ပတ်ထိ စောင့်ပြီး နွယ့်ဆီကို ဖုန်းဆက်ဖြစ်တော့ နွယ် ပြောပြခဲ့တာတွေ ဖြစ်၏။

“ ဒီမှာ ကို ၊ နွယ့်ကို အချိန်လေး တစ်ခုလောက်ထိ ပေးပါ။ နွယ် ဟိုရောက်လို့ အခြေကျတာနဲ့ ကို့ဆီ ဖုန်းဆက်လိုက်ပါ့မယ် ”

“ - - - - - -  ”

“ အဲဒီအချိန်ကျရင် နွယ်တို့ ဆက်ပြီးတော့ အသေးစိတ်တိုင်ပင်ကြတာပေါ့။ အခုတော့ နွယ် မလိမ်တမ်း ပြောရင် တကယ်ကို စိတ်ပျက်နေမိတယ် ”

“  - - - - - - - ”

“ ဒါကြောင့် အခုတော့ နွယ် ဘာမှ ဆက်မပြောပါရစေနဲ့တော့ ၊ ဟိုရောက်မှ ဖုန်းဆက်လိုက်ပါ့မယ် ၊ တစ်ခုတော့ ဂရုစိုက်ပြီး ကူညီပေးပါ ကို ”

“ ဘာများလဲ ”

“  ကို့ကို နွယ် အမှတ်တရ အဖြစ်ပေးထားခဲ့ဖူးတဲ့ ဓါတ်ပုံတွေ ၊ ကဗျာတွေ ၊ စာတွေ  ၊ ဗီဒီယို ဖိုင်လေးတွေကို ကို သိမ်းထားတယ်တဲ့ External Hard Disk  လေးကိုပါ။ ကို့အခေါ်နဲ့ ဆိုရင်တော့ “ နှလုံးသား ရှိရာ ”  ဆိုတဲ့ ပစ္စည်းလေးပေါ့။ ဒါလေးကိုတော့ သတိထားပြီး သိမ်းပေးပါ ကို။ အထဲက နွယ်တို့ အမှတ်တရ ပုံလေးတွေကို ဘယ်သူ့ကိုမှ မတွေ့စေချင်ဘူး။ ”

“ သြော်. . . စိတ်ချပါ နွယ်  ”

“ အခုတော့ နွယ်လည်း သွားဖို့ အရာရာ ပြင်ဆင်ရမှာမို့ ဖုန်းချလိုက်တော့မယ် ကို ၊ ကျန်းမာရေး ဂရုစိုက်ပါ ကို ”

“ - - - - - - -  ”

“ - - - - - - - ”

“ အဲဒါပဲ ကိုဟိန်း ၊ ဒါ ဟိုနေ့က နောက်ဆုံး ပြောဖြစ်လိုက်တာပဲ ”

“ ဒါဆို မနွယ်  . . . သူ ရုန်းကန်လှုပ်ရှားနေတဲ့ အချိန်မှာ အစ်ကို လောကြီးသွားသလို ဖြစ်ပြီး အတော်ကို စိတ်ညစ်သွားတယ် ထင်တယ် အစ်ကိုရာ ၊ သူလည်း သနားပါတယ် ”

“ အင်း . . ”

“ ဒါဆိုလည်း သူ့ကို အချိန်ပေးပြီး စောင့်လိုက်ပါ အစ်ကိုရာ ၊ သူ ဟိုမှာ အဆင်ပြေတာနဲ့ အစ်ကို့ကို အဆက်အသွယ် လုပ်လာမှာပါ ”

“ - - - - - ”

“ - - - - - ”

“ ဒီလိုဆိုပြန်တော့ ကိုဇော်က လောကြီးသွားသလို ဖြစ်နေတာပေါ့ ”

“ - - - - - - ”

“ သူ ဆက်သွယ်လာတဲ့ အထိပဲ စောင့်လိုက်တာ အကောင်းဆုံး ဖြစ်မယ် ထင်တယ် ကိုဇော် ”

“ ဟုတ်တယ် ပန်းချစ်သူ ၊ ဒါပေမဲ့ ငါလည်း ဒီဘက်က ဖြစ်သွားတဲ့ ခံစားမှုကို သူ နားလည်ပေးနိုင်ရင် ကောင်းမယ်။ ငါ့မှာလည်း ဒီလောက်တော့ ချစ်သူအပေါ်မှာ ပေါက်ကွဲခွင့် မရှိဘူးလား ”

“ - - - - - - - ”

“ - - - - - - - ”

“ အစ်ကိုဘက်က ကြည့်တော့လည်း မှန်တာပါပဲ အစ်ကိုရာ။ ဖြူ ဆိုရင်လည်း ဒီလိုပဲ ပေါက်ကွဲမိမှာပဲ။ ဒါနဲ့ . . မေးဦးမယ် ”

“ အင်း . . မေး ”

“ အစ်ကို UAE လိုက်သွားဖို့ လုပ်ထားတာ မနွယ် မသိဘူးလား ”

“ သိတာပေါ့ ညီမရာ ၊ အဲဒီတုန်းကလည်း အစ်ကို သူနဲ့ တိုင်ပင်ပြီး လုပ်တာပဲလေ ”

“ ဒါဆို မနွယ်က အခုမှ ဘယ်လို ဖြစ်ပြီး အစ်ကို မပြောတာလဲ ၊ ဒါတော့ ညီမလည်း နားမလည်ဘူး ဖြစ်နေတယ်။ စံပယ်ဖြူ ၊ စံပယ်ဖြူ . . . နင် အတော် ဒူတယ် ”

“ ဟုတ်တယ် . . . ဒါကြောင့် အစ်ကိုလည်း ပေါက်ကွဲသွားမိတာပေါ့ ”

“ - - - - - -  ”

“ - - - - - - ”

“ ပေါက်ကွဲမိသွားတာလဲ ပြီးပြီလေ Bro ရာ။ ကိုယ်ကလည်း Love လို့ ဖြစ်သွားတာပဲ။ မနွယ်ကလည်း ဘာပဲဖြစ်ဖြစ် Bro နဲ့ အရင်ဆုံး Discuss လုပ်သင့်တယ်။ အခုတော့ နှစ်ယောက်ကြားမှာ Miss Understanding တွေ ဖြစ်မိတာပေါ့ ”

“ ဟုတ်တယ် ညီမရေ ”

ညီမလေး Ignore ကတော့ သူ့ထုံးစံ အတိုင်း စာရေးရင် အဲဒီလို အင်္ဂလိပ်လို ညှပ်ညှပ် ရေးတတ်သည်။ ဟန်လုပ်ပြီး ရေးတာတော့ မဟုတ်ပါ။ သူ့ပတ်ဝန်းကျင် အရ သူ့မှာ မြန်မာလိုထက် အင်္ဂလိပ်လို ပိုပြီး အကျွမ်းဝင်နေခြင်းမျှသာ ကိုယ် ပြောလွန်း၍ အခုလောက် မြန်မာလို လေ့ကျင့်ကာ ရေးတတ်လာသူ ဖြစ်သည်။

“ နှစ်ယောက်စလုံး anger ဖြစ်နေတဲ့ အချိန်မှာ အစ်ကို သွားပြောလိုက်တော့ သူ့ကို accuse သလို ဖြစ်ပြီး အစ်ကို rude သွားတာပါ ”

“ - - - - - - ”

“ - - - - - - ”

“ ဒါကတော့ အစ်ကိုရာ ၊ အစ်ကို အမှားလို့လည်း ပြောလို့ မရပါဘူးလေ ”

“ အင်း . . ”

“ ချစ်သူချင်းကို Block လုပ်စရာလား။ ညီမ ဆိုရင် ပိုပြီးတော့တောင်မှ ကတ်ကတ်လန် ရန်တွေ့ဖြစ်ဦးမယ် ၊ ခင်သီတာကွ  ဘာမှတ်နေလဲ ဆိုတာလည်း ပါဦးမယ် ”

“ အင်း . . ”

“ ဘာမှ စိတ်ညစ် မနေနဲ့ အစ်ကို။ မနွယ်က အစ်ကို့ကို အရမ်းချစ်တာ ညီမတို့လည်း သိပါတယ်။ မနွယ် အစ်ကို့ဆီကို အဆက်အသွယ် လုပ်မှာပါ ”

“  - - - - - -  ”

“ - - - - - - - ”

“ အဲဒါနဲ့ ဘာဆက်ဖြစ်လဲ ဟေ့ကောင် ”

“ အဲဒါနဲ့ ငါ့ကို နောက်ဆုံး ပြောသွားတယ် သန်းထိုက် ”

“ ဘာလဲ . . .  ”


သူ ဟိုမှာ အဆင်ပြေ အထိုင်ကျတာနဲ့ ငါဆီကို ဖုန်းလှမ်း ဆက်လိမ့်မယ် သူငယ်ချင်း  ၊ ဒါကိုပဲ ငါ အခု စိတ်ရှည်ရှည်နဲ့ စောင့်နေတော့မယ် ”

“ - - - - - - - - ”

“ ချစ်သူရဲ့ ရင်ထဲကို မမြင်ဘဲ ၊ ဆန္ဒတွေ စောပြီး ချစ်သူကို အပြစ်တင်မိတဲ့ လူတစ်ယောက် အတွက် ဒီလောက်တော့ ပေးဆပ်သင့်ပါတယ်ကွာ ”

“ - - - - - - - ”

“ ငါ သူ ဖုန်းဆက်လာတဲ့ အချိန်ကိုပဲ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေတော့မယ် ”

“ ဒါနဲ့ သူက မင်းကို ဘာလို့ Block တာလို့ ပြောလဲ ”

“ အဲဒီအချိန်မှာ သူ့မှာ အရမ်းကို စိတ်ညစ်စရာတွေ ရှိနေတယ်တဲ့။ ”

“ ဘာတွေလို့ ပြောလဲ ”

“ ဒါတော့ မမေးမိဘူး သူငယ်ချင်း ၊ အဲဒီလို အချိန်မှာ ငါက ဆူဆူပူပူ သွားလုပ်မိတော့ သူလည်း အရမ်းကို စိတ်မကောင်း ဖြစ်သွားရတာ လို့ ပြောတယ်။ ”

“ ဒီတော့ . . . . .”

“ ဒီတော့ သူ ပြောတာကတော့ ငါ့မှ မဟုတ်ပါဘူး။ သူ့အကောင့်ထဲမှာ ရှိသမျှ လူအားလုံးကို သူ  Block ထားပြီးတော့ သူ့အိမ်က လူပဲ ချန်ထားတာလို့ ပြောတယ် ”

“ သြော်. . . . သြော်. . . ”

“ ငါ မှားသွားတယ် သူငယ်ချင်း ၊ ငါ အကြီးအကျယ်ကို မှားသွားတာ။ မင်း ငါ့ကို အတန်တန် သတိပေးနေရင်းနဲ့ ငါ့ အပေါ် ဒီလောက် ချစ်တတ်တဲ့ ချစ်သူ တစ်ယောက်ကို ဒေါသ ရှေ့ထားပြီး ကိုယ့်စိတ်ထဲမှာ ထင်တာ တစ်ခုတည်းနဲ့ အလိုမကျမှုကို ပေါင်းပြီးတော့ သွားပြောလိုက်မိတယ်။ ”

“ - - - - - - - ”

“ အခုတော့ စိတ်ရှည်ရှည်နဲ့ ချစ်သူဆီက ဆက်သွယ်လာမှုကို ငါ စောင့်နေတော့မယ်။ သူ့ကိုလည်း နားပူ နားဆာ မလုပ်တော့ဘူး သူငယ်ချင်း။ ငါ့ ဒေါသတွေ အတွက် ငါ့ဖာသာပဲ ယူကျုံးမရစွာ ငါ ခံတော့မယ်။ ငါက မှားသွားတာကိုး ”

“ - - - - - - ”

“ - - - - - - ”



အထီးကျန်မှု ဆိုသော အရာက တိတ်ဆိတ် ငြိမ်သက်လှတဲ့ ကိုယ့်အခန်းကို ပို၍ ကျဉ်းမြောင်းစေသည်။ ဝင်သက် ထွက်သက်သာ ကြားရသော ကိုယ့်အခန်းမှာ သူက ပို၍ ကျယ်လောင်လွန်းလှသည်။ “ အိပ်မရသူ အတွက် ညတာသည် ရှည်၏ ” ဆိုတဲ့ စကားအတိုင်းပဲ ကိုယ့်အတွက် အိပ်ချိန် ဖြစ်သော နေ့ကာလတွေကလည်း ရှည်လျား လွန်းလှသည်။

ချစ်သူ ရှိနေသော အကောင့်လေးကိုပဲ ကိုယ် အိပ်မပျော်မဲ့ အတူတူ တစ်နေကုန် ထိုင်ကြည့်နေမိသည်။ ဘယ်အချိန်မှာ ချစ်သူ အွန်လိုင်းပေါ် တတ်လာမလဲ ဆိုသော အတွေးဖြင့် စက္ကန့် မလပ် ၊ မျက်တောင် မခတ်မိ။ သို့သော် ချစ်သူရဲ့ အကောင့်လေးကတော့ ညိုမည်း မှိုင်းမှုန် ငြိမ်သက်လျက်ပါပဲ။ Block ထားလား ဆိုသော အသိကို နောက်ထပ် ထပ်၍ စမ်းသပ်စရာ မလိုတော့ပါ။ ချစ်သူ လိုင်းပေါ်တတ်သည် ဆိုရင် ကိုယ် မြင်တွေ့ရမည် မဟုတ်ပါလား။ ဒီလိုပဲ ကိုယ့် အတွေးနဲ့ ကိုယ် ပျော်သည်။

ကွန်ပျူတာရဲ့ ဘေးမှာ ပထမအကြိမ် ဖုန်းခေါ်တယ် ဆိုတာနဲ့ လှမ်းကိုင်နိုင်အောင် အနီးကပ်ဆုံး ချထားသော ဖုန်းလေး တစ်လုံးက ရှိနေသည်။ ဒါပေမဲ့ ဒီဖုန်းလေးက ဘက်ထရီ အားမသွင်းဖြစ်တာ ၃ ရက်ကျော်ပြီ။ သို့သော် နောက်ထပ် လက်ကျန် ဘက်ထရီအား သုံးတုံး ရှိနေကြောင်းကို ဘက်ထရီ အားလက်ကျန်ပြသော နေရာလေးမှ ပြနေသည်။ အရင်က တစ်နေ့ တစ်ခါ ( တစ်ခါတလေ ) တစ်နှစ် နှစ်ခါ အားသွင်းရသော ဖုန်းလေးက အခုတော့ တိတ်ဆိတ်ကာ ကိုးမား ( Coma ) ဝေဒနာရှင် တစ်ယောက်လို အသက်တော့ ရှင်နေသေးတယ် ၊ သို့သော် ဘာမှ တုံ့ပြန်မှု မရှိ။ ခပ်ပုံ့ပုံ့လေး လဲကျနေသည်။

ချစ်သူ အကောင့်လေးကို ကြည့်နေယုံမျှ အပြင် ကိုယ့်မှာ လုပ်စရာ မရှိ။ ချစ်သူ အခုလောက်ဆိုရင် ကျောင်းသွားတတ်သော နေရာမှာ ဘယ်လို အခက်အခဲများနဲ့ ကြုံနေရလဲ ဆိုပြီး ကိုယ့်မှာ အားပေးပိုင်ခွင့် မရှိ။ အားပေးချင်သောလည်း ချစ်သူ့ ဖုန်းနံပါတ်ကို ကိုယ် မသိ။ ကိုယ် သိတာ ချစ်သူရဲ့ အကောင့်လေး တစ်ခုသာ ဖြစ်သည်။ နေ့စဉ် ရက်ဆက် မေးလ် ပို့ပြီးလည်း ချစ်သူကို သတိရကြောင်း ပြောချင်ပေမဲ့ ချစ်သူ အတွက် နောက်ထပ် အနှောက်အယှက်လည်း မဖြစ်စေချင်။

  • ချစ်သူကို သတိရတိုင်း ကိုယ် ချစ်သူအတွက် ချစ်ကြောင်း စာတွေ ရေးသည်။
  • ချစ်သူကို သတိရတိုင်း ကိုယ် ချစ်သူအတွက် ကဗျာတွေ ရေးသည်။
  • ချစ်သူကို သတိရတိုင်း ကိုယ် ဘလော့ပေါ်မှာ အလျင်းသင့်သော စာတွေ ရေးတင်သည်။
  • ချစ်သူကို သတိရမိတိုင်း LC ထဲက အဖွဲ့လေးတွေမှာ ဝင်ဆွေးနွေးသည်။
  • ချစ်သူကို သတိရမိတိုင်း LC ထဲက ချစ်သူနေရာမှာ ပန်းပုံလေးတွေ သွားပို့သည်။
  • ချစ်သူကို လွမ်းသော စိတ်ဖြင့် ကိုယ် နေ့တိုင်း စာတွေ ရေးဖြစ်သည်။

ဘလော့ရေးခြင်းဖြင့် ချစ်သူကို လွမ်းဆွတ်သော ဝေဒနာကို အနည်းငယ်များ လျော့ပါးသွားမလား ဆိုပြီး ကိုယ် ကုစားနေတာလည်း ဖြစ်သည်။ ကိုယ့်ရဲ့ စာတွေကို ဖတ်ပြီး ကိုယ့်သူငယ်ချင်းတွေ ၊ စာဖတ်သူတွေ ၊ ခင်မင်ရင်းနှီးသူတွေက မေးကြ၏။

“ ကိုဇော် စာတွေ ရေးလှချည်လား ၊ နည်းနည်းတော့ လျော့ပါဗျ ”

“ ဘယ်ကနေ ဘယ်လို စာတွေ ဒီလောက်တောင်မှ ထွက်နေတာလဲ ”

“ စာတွေ စက်က ထွက်ကျလာတဲ့ အတိုင်း ရေးနေတော့တာပဲ ”

“ ကိုဇော်ရေ ၊ နည်းနည်းတော့ လျော့ရေးပါ။ ဆိုင်ကို တစ်ပတ်လောက် မလာဖြစ်ရင် ကိုဇော့်စာတွေက ပုံသွားလို့ မနည်းကို လိုက်ဖတ်နေရတယ် ”

“ ဘယ်က စဖတ်ရမှန်း မသိတော့ဘူးဗျာ ၊ ဘာလို့ ဒီလောက် ရေးနေနိုင်ရတာလဲ ”

ဟု အမျိုးမျိုး ခင်မင်ရင်းနှီးစွာ နောက်ပြောင် မေးကြပါသည်။ သို့သော် ကိုယ် ပြုံးနေယုံမှ လွဲ၍ ပြန်မဖြေနိုင်ခဲ့ပါ။ ကိုယ့်ရင်ထဲကို ဘယ်သူ့မှ မြင်နိုင်လိမ့်မည် မထင်။

“ တီတီ . . . . တီတီတီ . . .  တီတီ . . . တီတီတီ . . . ”

ဖုန်းခေါ်သံ ကြားရင်ပဲ အလျင်အမြန် ကိုင်မိအောင် လေ့ကျင့်ထားသော ကိုယ့်ရဲ့ လက်တွေက ချက်ချင်း ဆိုသလို Answer ခလုပ်ကို နှိပ်မိသွားသည်။

“ ဟလို . . . ”

“ ကိုဇော်  . . . ငါ သန်းထိုက် ”

သြော်. . . သန်းထိုက်ကိုး။ ကိုယ်ကတော့ ဖုန်းခေါ်သံ ကြားရင်ပဲ နွယ် ခေါ်သော ဖုန်းများလားလို့ ထင်နေမိသူ။ ရင်တော့ မောသွားမိသည်။

“ သြော်. . . ပြောလေ သူငယ်ချင်း ”

“ မင်း မအိပ်သေးဘူးလား ”

“ ငါ အိပ်ပါတယ်ကွ . . . . . ”

“ ဆက်ပြောပါဦး . . ဒါပေမဲ့ ဆိုတာ ကျန်သေးတယ် မဟုတ်လား ”

“ ဟုတ်တယ် သူငယ်ချင်း။ ငါ အိပ်ပါတယ် ဒါပေမဲ့ သူ့ဖာသာ အိပ်လို့ မပျော်တာ ၊ ငါ မအိပ်တာမှ မဟုတ်တာ ”

“ ငါ တစ်ခု ပြောချင်တယ် သူငယ်ချင်း ”

“ အင်း . . ”

“ လောကမှာ သူငယ်ချင်းတွေ အမျိုးမျိုး ရှိတယ်။ တချို့က ပြောသင့်တဲ့ စကားကို သူငယ်ချင်း အချင်းချင်း မျက်နှာပျက်ရမယ် ဆိုပြီးတော့ အမုန်းခံပြီး မပြောချင်ကြဘူး။ ဒါကြောင့် ရှောင်တယ်။ တချို့ကျတော့ ပြောတော့ ပြောတယ် ၊ အရိပ်အမြွတ်နဲ့ပဲ ပြောတယ်။ သူ့ဖာသာ သိသိ မသိသိ ဆိုတာမျိုးပေါ့။ တချို့ကျတော့ ပြောသင့်တာ ပြောကို ပြောရမယ် ဆိုပြီးတော့ အရှိကို အရှိ အတိုင်း ပြောတတ်ကြတယ်။ အမုန်းခံတတ်ကြတယ်။ ”

“ မင်း ဘာကို ဆိုလိုချင်တာလဲ ငါ နားမလည်ဘူး သန်းထိုက် ”

“ နေဦး ၊ အခု လောလောဆယ်တော့ မင်း အားလုံးကို နားလည်ဦးမှာ မဟုတ်ဘူး။ အခု ငါ ပြောတဲ့ သူငယ်ချင်းတွေကိုတော့ မင်း သဘောပေါက်တယ် မဟုတ်လား ”

“ အင်း ဒါတော့ သဘောပေါက်တယ်။ မုန်းမှာ စိုးလို့ မပြောတဲ့ သူငယ်ချင်း ၊ အရှိကို အရှိအတိုင်း မပြောဘဲ ထိန်ချန် ပြောတဲ့ သူငယ်ချင်း ၊ အရှိကို အရှိအတိုင်း အမုန်းခံ ပြောတဲ့ သူငယ်ချင်း။ အိုကေ ငါ သဘောပေါက်တယ် “

“ ဟုတ်ပြီ ၊ ဒါဆို ရပြီ။ ဒါဆို မင်းကို ငါ မေးချင်တယ်။ ”

“ အင်း . . ”

“ မင်းသာ ရွေးရမယ် ဆိုရင် ဘယ်လို သူငယ်ချင်းမျိုး ဖြစ်ချင်လဲ ၊ နောက်ပြီး . . ငါ့ကို မင်း ဘယ်လို သူငယ်ချင်းမျိုး ဖြစ်စေချင်လဲ ”

“ အမ်. . . ငါ သဘောမပေါက်ဘူး ”

“ အင်းလေ. . . မင်း သဘောပေါက်စရာ မလိုသေးဘူး။ ဒီမေးခွန်းလေးကို မင်း ဖြေပြီးရင် ငါ ဆက်ပြောမယ်။ ဒါဆို မင်း သဘောပေါက်လာမယ် လို့ ငါ ထင်တယ် ”

“ သြ . . ငါကတော့ မုန်းတော့မှ မုန်းရော ပြောသင့်တာကို ပြောမှာပဲ ၊ ဒီလိုပဲ ငါ့အပေါ်မှာလည်း နောက်ကွယ်ကနေ ဘယ်လိုက ဘယ်လို ဖြစ်နေတာပါ ဆိုပြီး ပြောတဲ့ သူငယ်ချင်းထက် မျက်နှာချင်းဆိုင် ဘယ်လိုက ဘယ်လို ဖြစ်တယ် ဆိုပြီး ပြောတဲ့ သူငယ်ချင်းကို ပိုကြိုက်တယ်။ ဒါ ငါ့ရင်ထဲမှာ ရှိတဲ့ အတိုင်း ပြောတာနော်။ ငါက နောက်ကွယ်က ချောင်းမြောင်း ပြောတာကိုမှ သဘောမကျတာ ”

“ ဟုတ်ပါတယ်လေ။ မင်း စိတ်ဓါတ်ကို ငါကလည်း သိလို့ ဒီလို သေချာအောင် ထပ်မေးလိုက်တာ။ ငါ အခု မင်းကို ပြောစရာ ရှိတယ် ”

“ မင်းကလည်းကွာ ဒီလူနဲ့ ဒီလူကို စကား ပလ္လင်တွေ ခံနေစရာ လိုလို့လား ”

“ ဟုတ်တယ် မလိုဘူးဘဲ ထား။ ငါ အခု မေးမယ် မင်း မလိမ်တမ်း ဖြေ ”

“ အင်းး . . . မေးကွာ ”

“ မင်း အခု ဘာလုပ်နေတာလဲ ၊ ဘာလို့ မအိပ်ရတာလဲ ”

“ - - - - -  ”

“ ဖြေလေကွာ ၊ အမှန်အတိုင်းတော့ သိချင်တယ် ”

“ ငါ အိပ်ပါတယ်။ ဒါပေမဲ့ မပျော်ဘူး။ ဒါကြောင့် အိပ်မပျော်မဲ့ အတူတူ စာထိုင်ရေးမယ်ကွာ ဆိုပြီး စာတွေ ထိုင်ရေးနေတာ ”

“ ပြီးတော့ရော . . . . ”

“ ပြီးတော့ ငါ စာရေးနေရင်းနဲ့ ငါ့ ချစ်သူ ဘယ်အချိန် တတ်လာမလဲ ဆိုပြီး စောင့်နေမိတယ် . . ဒါကတော့ ငါ အမှန် အတိုင်း ပြောတာပဲ ”

“ ငါ ထင်တယ် ၊ ဒါကြောင့်လည်း ငါ အခု ဖုန်းလှမ်းခေါ်လိုက်တာ ၊ အရင်က ဒီအချိန် မင်းကို ဖုန်းခေါ်လိုက်ရင် မင်းက အိပ်ချင်မူးတူး ဖြစ်နေတယ်လေ။ အခုတော့ ဖုန်းခေါ်လိုက်တာနဲ့ မင်းအသံက အိပ်ချင်မူးတူး ဖြစ်မနေဘူး။ ဒါကြောင့် မင်း အိပ်မနေဘူး ဆိုတာ ငါ သိတာ။ အရင်က ငါ ဖုန်းခေါ်တိုင်း မင်း ငါ့ကို ပြောတယ်။ မင်း ပြောတဲ့ စကားတိုင်းကို ငါ နားထောင်ရတာ ငါ တကယ်ကို စိတ်မကောင်းဘူး သူငယ်ချင်း ၊ ပြီးတော့ ငါ့ကိုယ် ငါလည်း အပြစ်ရှိသလို ခံစားရတယ် ”

“ ဘာ .. . . ဘယ်လို မင်းက အပြစ် ရှိသလို ခံစားရတာလဲ ”

“ အေး . . ဒီလိုပဲ မင်းက မင်းကိုယ်မင်း ချစ်သူဆီက ခေါ်လာမဲ့ ဖုန်းကို ထိုင်စောင့်နေတယ် ဆိုပြီးတော့ မျှော်လင့်ပြီး အိပ်မပျော်သလို ၊ ငါကလည်း မင်း ဒီလို ဖြစ်နေတာကို သိသိကြီးနဲ့ တစ်ခုခုကို လျှို့ဝှက်ထားတဲ့ လူတစ်ယောက် အဖြစ်နဲ့ ငါ့ဖာသာ အိပ်မပျော်ဘူး သူငယ်ချင်း ၊ ငါတို့ အိပ်မပျော်တဲ့ နေ့ရက်တွေ ကုန်ဆုံး သင့်ပြီ ”

“ နေဦး သန်းထိုက် ၊ မင်း ပြောတာတွေ ငါ လုံးဝကို နားမလည်ဘူး။ မင်းက ဘာတွေများ ငါ့အပေါ် လျှို့ဝှက်ထားလို့လဲ ၊ မင်းကို ငါ ယုံပါတယ် သူငယ်ချင်း ”

“ အေး . . . မင်းက ငါ့ကို အဲဒီလို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံလေ ငါက ပိုပြီးတော့ အိပ်မပျော်လေပဲ။ မင်းနဲ့ ငါ ဖုန်းပြောတိုင်း မင်းဘက်က ကိုယ့်ကိုယ်ကိုယ် ချစ်သူအပေါ် ဒေါသထွက်ပြီး ပြောဆိုမိတာကို အမြဲတမ်း နောင်တ ရနေတာ ကြားရတော့ ငါ ပိုပြီးတော့ စိတ်မကောင်းဘူး။  ”

“ ဟေ့ကောင်  . . . ဟေ့ကောင်. . . ငါ့ကို ပြောမယ် ဆိုလည်း သေချာပြောပြ။ ငါ ဘာမှကို နားမလည်တော့ဘူး ”

“ အင်း . . ပြောပြမယ်။ မင်း ကျော်ဝင်းနိုင် ကို သိတယ် မဟုတ်လား။ ”

“ အင်း . . .သိတယ်။ ဒီကောင်တွေ သူ့မိန်းမနေတဲ့ ဆီကို မိသားစုလိုက် အိမ်ပြောင်းသွားတယ်လို့တော့ ကြားတယ်လေ။ ငါနဲ့တော့ မတွေ့ဖြစ်သေးဘူး။ သူတို့ အိမ်ကိုတော့ ငှားထားခဲ့တယ် ဆိုလားပဲ ”

“ အေး ဟုတ်တယ် အဲဒီကောင်ပဲ။ သူ အခု ရန်ကင်းမှာ နေတယ် သူငယ်ချင်း။ သူ့မိန်းမမှာ အဖေပဲ ရှိတော့တယ်။ တစ်ဦးတည်းသော သမီးဆိုတော့ သူ့အိမ်ကို လိုက်နေရင် အဖိုးကြီး တစ်ယောက်တည်း ဖြစ်နေမှာ စိုးလို့ ၊ သူတို့ မိသားစု လိုက်ကို ရန်ကင်းက သူ့မိန်းမ အိမ်မှာ လာနေပါလို့ ခေါ်လို့ မိသားစုလိုက် ပြောင်းသွားကြတာ ၊ နဂိုကတည်းက ပြည့်စုံသူတွေ ဆိုတော့ ပြဿနာ မရှိပါဘူးကွာ။ အိမ်ကြီးကလည်း အကြီးကြီးပဲ မဟုတ်လား ”

“ အင်း . . ဒါနဲ့ ဘာဆိုင်လဲ ”

“ နေဦးလေ . . လာမယ်။ ငါ ဟိုတလောက ပြန်တော့ သူ့ဆီကို ရောက်သွားသေးတယ်။ သူ့အိမ်က တကယ်ကို အကြီးကြီး။ သူနဲ့လည်း ငါတို့က စိတ်ချင်းတူတော့ ပေါင်းလို့ ကောင်းတုန်းပါပဲ။ မြန်မာနိုင်ငံ ပြန်ရောက်တော့ အားအားယားယား ဘာလုပ်ရမှန်းကို မသိတာ။ ဒါကြောင့် ဟိုကောင့်ဆီ ရောက်လိုက် ၊ ဒီကောင့်ဆီ ရောက်လိုက် ဖြစ်နေတာပေါ့ကွာ။

တစ်နေ့ သူ့ဆီကို မနက်ဘက် သွားပြီး သူနဲ့ လက်ဖက်ရည်ဆိုင် ထိုင်မိတယ်။ အဲဒီ လက်ဖက်ရည်ဆိုင်ကလည်း ဘတ်စ်ကားဂိတ် နောက်မှာ ဖွင့်ထားတာ ၊ အဲဒီမှာ ထိုင်နေတုန်း အတွဲ တစ်တွဲကို ငါ တွေ့လိုက်ရတယ်။ ပထမတော့ သတိမထားမိသေးဘူး။ နောက်တော့ ကောင်မလေးက ဘတ်စ်ကား မှတ်တိုင်ထဲ ဝင်ဖို့ လှည့်လိုက်တော့မှ သူ့မျက်နှာကို ငါ မြင်လိုက်ရတယ်။ မြင်လိုက်ရတော့ ငါ ရုတ်တရက် မွှန်ထူ သွားတယ် သူငယ်ချင်း ၊ အဲဒါ ဘာဖြစ်လို့လို့ မင်းထင်လဲ ”

“ ဘာဖြစ်လို့လဲ ၊ ဘယ်သူ မို့လို့လဲ ”

“  တကယ်လို့ မင်းသာ မင်းချစ်သူ ဓါတ်ပုံလေး ငါ့ကို မြင်ဖူးအောင် မပြထားခဲ့ရင် ငါ သိခဲ့မှာ မဟုတ်ဘူး။ သာမာန် စုံတွဲ တစ်တွဲလို့ပဲ ထင်မိမယ်။ ဘဲက အသက်ကြီးကြီး ကောင်မလေးက လှတပတလေး ဆိုတာထက်တော့ ပိုမိမယ် မထင်ဘူး။ အခုတော့ မင်းက မင်းကောင်မလေး ဓါတ်ပုံကို ပြထားလို့ ငါက မှတ်မိနေတာ ၊  အဲဒါ မင်းရဲ့ ချစ်သူ နွယ် ဆိုတာပဲ ”

ဘာ . . . . မဖြစ်နိုင်တာကွာ ၊ မင်းကွာ  . . . နောက်စရာ မရှိ ၊ မနောက်ပါနဲ့ကွာ ၊ ဒါ နောက်စရာ မဟုတ်ဘုး ”

“ ကိုဇော် မင်း စိတ်ကို ထိန်းဦး ၊ မင်းဆီက ဒီလို အသံကြားရလိမ့်မယ် ဆိုတာ ငါ မျှော်လင့်ထားပြီးသားပါ  ၊ သူငယ်ချင်း ငါ ဆက်ပြောမယ် ၊ ဆက်ပြောရမလား ”

“ - - - - -  ”

ကိုယ့်ရင်ထဲမှာ နှလုံးသားက အရှိန်ပြင်းစွာ ခုန်မောင်းနေလေပြီ။ သူ့ရဲ့ လေထွက်ပေါက် ခေါင်းတိုင် ဖြစ်သော ကိုယ့်ရဲ့ ဝင်သက် ၊ ထွက်သက်တွေကလည်း ပြင်းထန်စွာ ဝင်ထွက်လို့။

“ မင်း ကောင်မလေး ဆံပင်ကို အခု ခေတ်ပေါ် သရီးစတတ်လား ၊ ဘာလား ညှပ်ထားတယ်။ ဝတ်ထားတာလည်း အရမ်းကို ခေတ်ဆန်ပါတယ်။ ဒါပေမဲ့ ခေတ် မလွန်သေးပါဘူး။ သူနဲ့ တွဲလာတဲ့ ဘဲကြီးကတော့ ငါတို့ထက် တောင်မှ ၇ နှစ်လောက် ကြီးပုံ ရတယ်။ ၄၀ နီးပါးလောက် ဖြစ်မယ်။ သူတို့ နှစ်ယောက်ရဲ့ ပုံစံက အခုမှ ထိတွေ့ ရင်းနှီးတယ် ဆိုတဲ့ လူနှစ်ယောက် ပုံစံ လုံးဝ မဟုတ်ဘူး ဆိုတာ မြင်သမျှ လူတွေ အားလုံး သိနိုင်တယ်။ ”

“ သန်းထိုက် . . . လူတူတာ ဖြစ်မယ် ထင်တယ် သူငယ်ချင်း ၊ သူက အဲဒါမျိုး မလုပ်နိုင်ပါဘူးကွာ။ သူက ငါ့ကို အရမ်းချစ်တာ . . ငါ ယုံတယ် ”

“ ငါလည်း ဒီလိုပဲ လူတူတာလို့ ထင်ခဲ့တာပါပဲကွာ။ ဒါပေမဲ ငါကလည်း ဓါတ်ပုံကို ကြည့်တာနဲ့တင် အပြင်မှာ တွေ့တာနဲ့ မှတ်မိတတ်တဲ့ လူမျိုးပါ။ ဒါတော့ မင်းသိပါတယ် ”

ဒါတော့ သန်းထိုက် ပြောတာ ကိုယ် လက်ခံပါသည်။ ဒီလို သူ့ရဲ့ စွမ်းရည်တွေလည်း ကျောင်းသား ဘဝမှာ ကတည်းက အကြိမ်ပေါင်း မနည်း ကြုံခဲ့ရဖူးသည်။

“ ငါလည်း လူတူတယ် လို့ ထင်ခဲ့မိလို့ ကျော်ဝင်းနိုင် ကို မသိမသာ ဒီစုံတွဲက မိုက်လှချည်လား လို့ မေးလိုက်တော့ ကျော်ဝင်းနိုင်က ဘယ်တုန်းကတည်းက ပြောချင်နေတာလဲ မသိပါဘူးကွာ။ ငါ့ကို ပြောပြတော့တာပဲ။ ”

“ - - - - - ”

“ အဲဒီကောင်မလေးက သူတို့ အိမ်နားကို ပြောင်းလာတာ မကြာသေးဘူး။ ကောင်မလေး ပြန်မလာခင်မှာ အဲဒီဘဲကြီးက သူတို့ အိမ်နားမှာ အိမ်တစ်လုံး ဝယ်ပြီး ကောင်မလေး အိမ်သားစုကိုပါ ပြောင်းဖို့ ပြင်ဆင် ထားပြီးတာ။ ကောင်မလေး ပြန်မလာခင် ဒီဘဲကြီးက နှစ်ပတ်လောက် ကြိုရောက်အောင် အရင် ပြန်လာတာ ၊ ကောင်မလေး ပြန်လာပြီး သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက် စေ့စပ်ပြီး လက်မှတ်ထိုး . . ”

“ သန်းထိုက်. . . သူငယ်ချင်း . . နေပါဦးကွာ. . . ဆက်မပြောပါနဲ့တော့ . . ၊ မင်း ငါ့ကို နောက်နေတာ မဟုတ်လား သူငယ်ချင်း . . . မနောက်ပါနဲ့ကွာ ၊ ဒီလိုမျိုးက နောက်စရာ မဟုတ်ဘူး ”

“ ငါ့ လေသံက နောက်နေတယ် လို့ မင်း ထင်နေလား ကိုဇော် ”

“ ငါ . .  . ငါ  . . . မယုံဘူးကွာ။ သူ ငါ့ကို အရမ်းချစ်တာ ငါသိတယ်။ ငါ့ကို မင်းနောက်နေတယ် လို့ ပြောပေးပါ သူငယ်ချင်းရာ ၊ မင်း . . . ငါ့ကို နောက်နေတာ မဟုတ်လား  . .  နောက်နေတာာ လို့ ပြောပါကွာ ”

“ မင်း. . . ငါ့ကို လိမ်စေချင် နေတာလား သူငယ်ချင်း ၊ မင်း ဒီလို ခံစားရမှာ စိုးလို့ မင်းနဲ့ ဖုန်းပြောတိုင်း မင်း ဘက်က ဖြစ်နေတာတွေကို ကြားပြီးတိုင်း ငါ ရင်ထဲမှာလည်း မချိအောင် ခံစားရတာပါပဲ။ မင်းကတော့ မင်းရဲ့ ဒေါသနဲ့ စိတ်လိုလက်ရ ပြောတတ်မှုကြောင့် မင်းချစ်သူက စိတ်ဆိုး နေတာလို့ မင်းက ထင်နေတယ်။ တကယ်တော့ မဟုတ်ဘူး။ သူ့မှာ သူ့ဖာသာ နဂိုကတည်းက ပလန်နင် ရှိထားပြီးသား။ မင်းနဲ့ တွေ့တဲ့ အချိန်လေးမှာ . . .  ၊ ဘဝ တကွေ့လေးမှာ မင်းကို အပျော် ကစားသွားတာပဲ ”

“ မဖြစ်နိုင်ဘူး ၊ ဒါ လုံးဝကို မဖြစ်နိုင်ဘူး။ ငါ မယုံဘူးကွာ . . . . ငါ မယုံနိုင်ဘူး သူငယ်ချင်း . .၊ ငါ ဘယ်လိုမှလည်း ယုံကြည်လို့ မရဘူးကွာ ”

“ ကိုဇော်. . . ခဏလေး မင်း ခေါင်းအေးအေး ထား သူငယ်ချင်း ၊ ငါ ဆက်ပြောပြမယ်။ ငါကလည်း မကျိန်းသေတာကို ရမ်းမပြောတတ်ဘူး။ ဒါနဲ့ ငါလည်း ကျော်ဝင်းနိုင်ကို ဆက်ပြီးမေးဖြစ်တယ်။ ကောင်မလေး ပြန်လာတာနဲ့ စေ့စပ်ပွဲလုပ် ပြီးရင် လက်မှတ်ထိုးဖို့ ဟိုးအရင်ကတည်းက သူတို့က စီစဉ်ပြီးသား ၊ ပြီးရင် ဟိုဘဲကြီးကတော့ သူ့ဖာသာ ပြန်မယ်။ ကောင်မလေးကတော့ UAE ကို ပြန်။ နောက်ပြီးတော့ ကောင်မလေးကို UAE ကနေ ဟိုဘဲကြီးက လက်ထပ် စာချုပ်နဲ့ ခေါ်မယ်ပေါ့ ”

“ မဟုတ်တာကွာ။ ငါ မယုံဘူး . . . မင်း . . ငါ့ . . . ငါ့ . . . ကို နောက်နေတာ မဟုတ်လား သူငယ်ချင်း . . ”

“ ငါ ဆက်ပြောမယ်ကွာ။ ဘာလို့ အဲဒီလို လုပ်တာလဲ ဆိုတော့ မြန်မာနိုင်ငံကနေ ထွက်တာထက် စာရင် UAE ကနေ ထွက်တာက ပိုပြီးတော့ လွယ်တယ်လို့ ပြောတယ်။ ဒါတွေ အားလုံးကို ကျော်ဝင်းနိုင်က ငါ့ကို ပြောပြတာပဲ။ ငါကလည်း မေးလိုက်ပါတယ်။ မင်း ဘယ်လိုလုပ် သိတာလဲ ဆိုတော့ ၊ သူက အဲဒီကောင်မလေး စေ့စပ်ပွဲမှာ သူတို့ အိမ်ကို ဖိတ်တော့ သူ့ရဲ့ ယောက္ခထီးက လူကြီးနေရာက လုပ်ပေးရပြီးတော့ သူနဲ့ သူ့မိန်းမက ဧည့်သည်နေရာက သွားရတာ ၊ ဒါကြောင့် ဒါတွေ အကုန်လုံးကို သူက သေချာ ပြောပြနိုင်တာ ”

“ - - - - - - - ”

“ ငါ အခုလို ပြောတဲ့ အထိလည်း မင်း ယုံချင်မှ ယုံနိုင်လိမ့်မယ်။ ဘာလိုလဲ ဆိုတော့ မင်းက မင်းချစ်သူကို ယုံကြည်ပြီး ချစ်ထားတာကိုး။ ဒါကြောင့် မင်း ငါ့ကို မပြောပြဖူးတဲ့ အကြောင်းအရာတွေ ငါပြောပြမယ်။ ဟုတ်လား ၊ မဟုတ်လား မင်း နားထောင်ပေါ့ ”

“ - - - - - - ”

“ မင်း ကောင်မလေး နာမည် အရင်း ငါ့ကို မပြောပြဖူးဘူးနော်။ ငါ သေချာ စုံစမ်းခဲ့တယ်။ မင်း ကောင်မလေး နာမည် အရင်းက “ x x x  ” ၊ ဟုတ်လား ၊ သူ့မှာ အစ်ကို နှစ်ယောက်နဲ့ အစ်မ တစ်ယောက် ရှိတယ်။ သူက အငယ်ဆုံး ဟုတ်တယ် မဟုတ်လား။ ပြီးတော့ တစ်ခု ပြောပြဦးမယ်။ သူတို့က အရင်က ပွဲရုံ လုပ်ငန်းလုပ်တယ်။ နောက်တော့ မထင်မှတ်ဘဲနဲ့ အရှုံးပေါ်ရင်း စီးပွားရေး ထိုးကျသွားတယ်။ နောက်တော့ . . .  ”

“ မယုံဘူး . . ငါ . . မယုံနိုင်ဘူးကွာ။ မင်းပြောတာ လူတူတာ  ၊ အဖြစ်အပျက် တူတာတွေ ဖြစ်မယ် လို့ပဲ ငါ ထင်တယ်။ နွယ် မဟုတ်နိုင်ဘူး။ နွယ် ရေးတဲ့ စာ ၊ နွယ် ရေးတဲ့ ကဗျာတွေထဲမှာ သူနဲ့ ငါ့ အကြောင်းတွေချည်းပဲ။ ဥပမာ - သူနဲ့ငါ နဲ့ အချိန် ၄ နာရီ ကွာတယ် ဆိုတာကို သေချာကို ရေးထားတယ် ”

“ ကိုဇော် . . . ငါ နည်းနည်း ရှင်းပြမယ်။ တစ်ခါတလေ အချစ်တွေ ဖုံးနေတဲ့ အချိန်ဆိုတော့ အရာရာက မျက်စိလျှမ်း သွားတတ်တယ် သူငယ်ချင်း။ သူရေးတဲ့ ကဗျာတွေထဲမှာ မင်း နာမည်ပါလို့လား ၊ အဲဒီကဗျာဟာ မင်းကို ကိုယ်စားပြုပါတယ် လို့ အောက်မှာ မှတ်ချက်ပါလား။ ”

“ ဒါကတော့ သူက အဲဒီလိုတွေ လုပ်တာ မကြိုက်ဘူး။ ဘယ်သူ့ကို ရည်ညွှန်း ဦးတည်တာတွေကို မဖြစ်စေချင်ဘူး။ ဒါကြောင့် မထည့်တာနေမှာ . .  ”

“ ငါ ပြောပြမယ်။ ဥပမာ - မင်းရပ်နေတဲ့ နေရာက နံပါတ် ၅ မှာ ဆိုပါတော့ ၀ နေရာကနေ ကြည့်ရင် မင်းနဲ့ ၅ ကွာဝေးသလို ၊ ၁၀ နေရာကနေ ကြည့်ရင်လည်း အကွာအဝေးက ၅ ပဲ ၊ ဒီမှာ သူငယ်ချင်း. . . မင်း စိတ်အေးအေးထားပြီး စဉ်းစားကြည့်စမ်းပါ။ မင်း ကောင်မလေးနဲ့ စေ့စပ်ပြီး လက်မှတ်ထိုးသွားတဲ့ ဘဲကြီး နေတဲ့ နေရာကလည်း UAE ကနေ တွက်ရင် ၄ နာရီ ကွာတာပါပဲ ”

“ ဘာ . . . ”

“ အေး . . . . မင်း မထင်မိဘူး မဟုတ်လား။ မင်းကတော့ UAE နဲ့ မင်းနဲ့ အချိန်ကွာချိန်ဟာ ၄ နာရီ ဆိုတော့ မင်းကို ရည်ရွယ်ပြီး ရေးတယ် လို့ မင်းက ထင်မှာပေါ့။ ဒါပေမဲ့ အဲဒါက မင်းက သူ့ရဲ့ ကမ္ဘာ အရှေ့ဘက်ခြမ်းကနေ တွက်တာလေ။ ဟိုဘဲကြီးကတော့  သူ့ရဲ့ ကမ္ဘာ အနောက်ဘက်ခြမ်းကနေ တွက်တာ။ ဒါကြောင့် မင်း စဉ်းစားကြည့်စမ်း။ တကယ်တော့ မင်းနဲ့ ဟိုဘဲကြီးက ၈ နာရီ တိတိ ကွာနေတာ။ အဲဒီလူနှစ်ယောက် ကြား အလယ်မှာ သူက ရပ်နေခဲ့တာပဲ။ ဒါကြောင့် သူက ၄ နာရီ ကွာတယ် လို့ ပြောတဲ့ အချိန်မှာ မင်းက ငါ့ကို ပြောတာလို့ ထင်နေတဲ့ အချိန်မှာ ၊ ဟိုဘဲကြီးကလည်း ငါ့ကို ရည်ရွယ်တာလို့ တွေးနေမှာပဲ ”

“ သန်းထိုက်. . . . သူငယ်ချင်း . . ဆက်မပြောပါနဲ့တော့ကွာ . . . ငါ မယုံနိုင်သလို ၊ ဆက်လည်း မကြားနိုင်တော့ဘူး။ သူ ဒီလို မဟုတ်ဘူး။ သူ ငါ့ကို အရမ်းချစ်တာ ၊ သူ တစ်နေ့ ငါ့ဆီ ဖုန်းဆက် လာလိမ့်မယ်။ ဒါကို ငါ ယုံကြည်နေချင်တယ် သူငယ်ချင်းရာ ”

“ ဒါကို ငါမပြောလိုသလို ၊ မတားချင်ဘူး သူငယ်ချင်း ၊ ဒါပေမဲ့ သူငယ်ချင်းကောင်းတို့ရဲ့ ထုံးစံ အတိုင်းတော့ သိတာကို သိတယ် ၊ ကောင်းတာကို ကောင်းတယ် ၊ မကောင်းတာကို မကောင်းဘူးလို့တော့ ပြောရမှာပဲ မဟုတ်လား။ ကျန်တာကတော့ မင်းကြိုက်သလို  ဆုံးဖြတ်ပါ။ ”

“ - - - - - - ”

“ မင်းကို ငါ နောက်ထပ် သက်သေ တစ်ခု ပြချင်တယ်။ ဒါပေမဲ့ မင်း ငါ့ကိုတော့ ကတိတွေ ပေးရမယ် ”

“ ဘာတွေလဲ . . . ဘာကတိတွေလည်း သူငယ်ချင်း ”

“ မင်းကို ငါ ဆိုက်လေး တစ်ခု ပေးချင်တယ်။ အဲဒီမှာ မင်း Sign Up လုပ်လိုက်။ ပြီးရင် မင်းကို ငါ လင့်ပေးမယ်။ အဲဒီမှာ မင်း သွားဖတ်ကြည့်ပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ မင်း ဘာမှ သွားမရေးရဘူး။ ဘာမှလည်း သွားမနှောက်ယှက်ရဘူး။ ဒီအတိုင်းလေးပဲ ဖတ်ပြီး ပြန်ထွက်ခဲ့ရမယ်။ ပြီးရင် ဘယ်တော့မှ နောက်ထပ် တစ်ခါ အဲဒီဆိုက်ကို မဝင်ရဘူး ”

“ ဘာဆိုက်မို့လို့ ငါ့ကို ဒီလောက် ကတိ တောင်းနေတာလဲ ”

“ ဆိုက်ကတော့ ရိုးရိုး ဆိုက်ပါပဲ။ ငါ့ကိုလည်း ငါ့သင်္ဘောက ကောင်လေး တစ်ယောက် အတင်း ဝင်ခိုင်းလို့ ဝင်လိုက်ရတာ။ မင်းလိုပေါ့ ၊ ငါ့ကို မင်းဆိုက်ထဲ အတင်း ဝင်ခိုင်းသလိုလေ။ ဝင်ပြီး နောက်နေ့ကျတော့ ငါလည်း အဲဒီလင့်ကို တွေ့တာ ၊ ဘယ်လိုလဲ ကတိပေးမလား ၊ ကတိမပေးရင်တော့ ငါ မပြောဘူး။ ဘာမှ မလုပ်ရဘူး ၊ အခုကြည့်ပြီးရင် နောက်ထပ် ဘယ်တော့မှ ထပ်မဝင်ရတော့ဘူး ”

“ ဒီလောက်တောင်မှ ညွှန်းနေတော့လည်း ကတိပေးတယ်ကွာ ၊ ကဲ . . . ပြ ဘာဆိုက်လဲ ”

“ xxxxxxxx.ning.com အဲဒီဆိုက်ပဲ။ မင်း ဝင်လိုက် ၊ ဝင်ပြီးရင် ပြော ၊ ငါ နောက်ထပ် လင့် တစ်ခု ပေးမယ် ”

“ အင်း . . . ”

“ - - - - - -  ”

“ - - - - - - ”

“ ဝင်ပြီးပြီ. . . . ”

“ မင်း ကတိတည်တယ်နော် ”

“ အေးပါကွာ . . ညစ်နေရတဲ့ အထဲ ”

“ အေး . . ဒါဆိုရင် ရော့ . . . . xxxxxxxxxxx  မင်းကြည့်လိုက် ”

သူပေးလာသော လင့်လေးကို ကိုယ် နှိပ်လိုက်တော့ နောက်ထပ် Tab အသစ်နဲ့ မော်ဇီလာက ပွင့်လာသည်။ ထိုနေရာက လူတစ်ယောက်ရဲ့ ကဗျာတွေ စာတွေကို တင်ထားသည်။ ဒီကဗျာများကို မြင်လိုက်ကတည်းက ကိုယ် သိလိုက်သည်။ သို့သော် ထိုကဗျာ ပိုင်ရှင်ကတော့ ကိုယ်တို့ LC မှာ ရေးသော ကလောင် ပိုင်ရှင် မဟုတ်ခဲ့။ သူရေးထားသော ကဗျာတိုင်း အောက်ခြေမှာ မှတ်ချက် လာပေးသော လူတစ်ယောက်ကိုလည်း တွေ့ရသည်။

“ တွေ့လား ကိုဇော် ”

“ အင်း . . . တွေ့တယ် သန်းထိုက် ”

“ အောက်ခြေမှာ မှတ်ချက် လာပေးတဲ့ လူကိုရော တွေ့လား ၊ မှတ်ချက်တွေကတော့ အများကြီးပေါ့ကွာ။ အပုဒ်တိုင်းမှာ  ၊ ပြီးတော့ သူများထက် သာလွန်ကဲနေတဲ့ စာသားတွေနဲ့ ရေးထားတဲ့ လူကို တွေ့လား ”

“ တွေ့တယ် သူငယ်ချင်း ”

“ အေး . . . အဲဒါက အခု သူ လိုက်သွားတဲ့ လူပဲ ”

“ - - - - - - ”

ရင်ထဲမှာ တစ်ခုခု ဆို့နေသလို ကိုယ့် အသံ မထွက်နိုင်ပါ။

“ အဲဒီလူနဲ့ မင်းနဲ့က ၈ နာရီ ကွာဝေးတယ်။ မင်းတို့ နှစ်ယောက် ကြား ၄ နာရီ အကွာအဝေးမှာ လူတစ်ယောက်က ရပ်နေတယ်။ သူက ၄ နာရီ ကွာဝေးတဲ့ လူတစ်ယောက်လို့ ဟစ်ကြွေးလိုက်ယုံနဲ့ မင်းတို့ နှစ်ယောက်လုံး ပြာယာခတ်သွားတာ တကယ်တော့ ထူးပေမဲ့ မဆန်းလှပါဘူး သူငယ်ချင်း။ မင်း နေရာမှာ ငါဆိုရင်လည်း ဒီလိုပဲ ဖြစ်မိမှာပဲလေ။ ဒါပေမဲ့ အခုတော့ အဖြစ်မှန်ကို မင်း သိသင့်တယ် လို့ ငါထင်လို့ ငါ ပြောတာပဲ။ ဒါပေမဲ့ ကျန်တဲ့ အပိုင်းကတော့ မင်း အပိုင်းပါပဲ ”

“ ငါ. . . . ငါ. . . မယုံနိုင်ဘူး သူငယ်ချင်း ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကို နောက်နေတယ် လို့ ပြောပေးပါကွာ ၊ ဒီကိစ္စတွေ အမှန်ဆိုရင်လည်း ငါ့ကို နောက်နေတယ် လို့ပဲ ငါ ယုံကြည်ထားချင်တယ်။ သူ ငါ့ဆီကို တစ်နေ့နေ့ ဖုန်းဆက်လာလိမ့်မယ် ဆိုတဲ့ အတိုင်းလေးပဲ ငါ ယုံကြည်ထားချင်တယ် ”

“ မရဘူး ကိုဇော်။ ငါ မပြောနိုင်ဘူး။ အခု သူ ထွက်သွားတယ် ဆိုတာ သူနဲ့ ၄ နာရီ ကွာတဲ့ ကမ္ဘာ့အရှေ့ခြမ်းက မင်းဆီကို မဟုတ်ဘူး။ သူနဲ့ ၄ နာရီကွာတဲ့ ကမ္ဘာ့ အနောက်ခြမ်းက ဟိုဘဲကြီးဆီကို အပြီး တစ်ခါတည်း လိုက်သွားတာ ၊ ဒါကတော့ အမှန်တရားပဲ ”

“ အဲဒီလို မလုပ်ပါနဲ့ကွာ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူ ငါ့ဆီကို တစ်နေ့နေ့တော့ ဖုန်းဆက်လာမယ် မဟုတ်လား ၊ သူ ငါ့ကို အရမ်းချစ်တာပါကွာ ၊ ငါလည်း သူ့ကို အရမ်းချစ်တာလေကွာ . . ၊ ငါ့ကို မင်း အကွက်ကျကျ နောက်နေတာ မဟုတ်လား သူငယ်ချင်း ”

“ မဟုတ်ဘူး . . ငါ မနောက်ဘူး ”

“ မင်း နောက်နေတာပါကွာ . . . မင်း . . . မင်း . . နောက်နေတာလို့ ပြောပေးပါ သူငယ်ချင်းရာ  . . ငါ့ဆီကို သူ ဖုန်းဆက်လာမှာပါကွ. . နော်. . ဟုတ်တယ် မဟုတ်လား ”

“ ကိုဇော်. . . ဟေ့ကောင် ၊ မင်း ဘယ်လို ဖြစ်နေတာလဲ ၊ အမှန်တရား တစ်ခုကို မင်း လက်မခံရဲဘူးလား ”

“ မင်းက အရမ်းနောက်တတ်တယ်  . . . သူ ငါ့ဆီ ဖုန်းဆက်မှာပါကွာ . . ငါ ယုံတယ် ”

“ ကိုဇော်. . . မင်း . . မင်းကွာ . . . ”

“ မင်း နောက်နေတာပါ. . . နောက်နေတာ မဟုတ်လား . . နောက်နေတယ်လို့ပဲ ပြောပါလားကွာ ”

“ ဒီမှာ ကိုဇော် မင်းကို ငါ တစ်ခု ပြောမယ် ၊ ငါ အရင်က မင်းတို့ကို ပြောခဲ့ဖူးပါတယ်။ အမြဲတမ်းလည်း မိန်းမတွေ ဘက်က ကာဆီးကာဆီး ပြောခဲ့ဖူးပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ “ ဣတ္ထိ ဝင်္ကံ ၊ နဒီ ဝင်္ကံ ” ဆိုတဲ့ “ မြစ်တို့သည် ကောက်ကွေ့တတ်သည် ၊ မိန်းမတို့သည်လည်း ကောက်ကွေ့တတ်သည် ” စကားကိုတောင်မှ ငါက မိန်းမတွေ ဘက်ကလိုက်ပြီး စိတ်ကောက်တာလို့ ရအောင် ပြောခဲ့သေးတာပဲ။ မိန်းမတွေ အပျိုကြီး ဖြစ်မှုကိုတောင်မှ မြစ်တစ်စင်းနဲ့ နှိုင်းပြီးတော့ မြစ်ဆိုတာ အမလိင် ( She ) ရေစီး ဆိုတာ အဖိုလိင် ( He ) ဆိုပြီး ခိုင်းနှိုင်း ပြောခဲ့သေးတယ်။

မြစ်ကို ရေစီးတွေက ကြားက ဖြတ်တောက် စီးဆင်းလို့ မြစ်တွေ ကျိုးပျက် ကျန်ခဲ့တာကို “ မိန်းမတွေရဲ့ အထီးကျန်မှု ” ဆိုပြီး ငါ တင်စား ကာကွယ် ပြောဆိုခဲ့သေးတယ်။ အဲဒီလိုပဲ ယောက်ျားနဲ့ မိန်းမ ရှိတာကို မိန်းမတွေကိုချည်းပဲ ဖိပြောနေလို့ ငါက ငယ်ငယ်ကတည်းက မခံနိုင် ဖြစ်ပြီး အလိုလို ကာကွယ် ပြောဆိုနေမိတာ။ ဒါကြောင့်လည်း မင်းတို့ အားလုံးက ငါ့ကို “ မိန်းမ ရှေ့နေ ” လို့ ပြောခဲ့တယ် ၊ ခေါ်ကြတယ် မဟုတ်လား။

အဲဒီလို ခေါ်လို့လည်း ငါ ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး။ ဒါပေမဲ့ သူငယ်ချင်း မင်းကို ငါ အခုတော့ ပြောလိုက်တယ်။ အခု မင်း ကောင်မလေး ကိစ္စကို အစအဆုံး သိပြီးတဲ့ နောက်မှာတော့ ငါ့ကို ခွင့်လွှတ်ကွာ။ အရင်က ငါ ပြောခဲ့တာတွေကို ရုတ်သိမ်းတယ်။ ငါ ဘယ်တော့မှ မိန်းမတွေ ဘက်က ရှေ့နေလိုက်မှာ မဟုတ်တော့သလို ၊ မိန်းမတွေ ဘက်ကလည်း ကာကွယ် ပြောဆိုတော့မှာ မဟုတ်ဘူး။ ပြီးတော့ ရှေးက စကားပုံတွေကိုလည်း ငါ အရှိကို အရှိအတိုင်းပဲ လက်ခံသွားတော့မယ်။ ဒါကြောင့် . . . ”

“ - - - - - - ”

“ ဒါကြောင့်. . . မင်းကို ငါ ပြောမယ် သူငယ်ချင်း အဲ . . . မင်း အပါအဝင် တခြားသော သူငယ်ချင်းတွေ ကိုလည်း ငါ ပြောမယ်။ အရင်က ငါ့ကို “ မိန်းမ ရှေ့နေ ” လို့ ခေါ်လို့ ငါ စိတ်မဆိုးခဲ့ပေမဲ့ အခုတော့ ငါ့ကို ဒီလို မခေါ်ပါနဲ့တော့ ၊ အခု ငါ အရမ်းကို စိတ်ဆိုးတတ် သွားပြီ။ ငါ ဘယ်တော့မှ မိန်းမတွေ ဘက်က ရှေ့နေ မလိုက်တော့ဘူး။ တကယ်တော့ သူငယ်ချင်း . . . ”

“ အင်း . . . ”

“  နောက်ဆုံးတော့ မိန်းမတွေက သူတို့ ဘဝအတွက် သာတာကို ရွေးသွားကြတာပါပဲ။ ငါက အရင်တုန်းက “ ကေသီ နဲ့ သားသား ”  ကိစ္စမှာ မင်း ဝင်ကူညီလိုက်လို့ မင်းကို အထင်တွေ ကြီးနေတာ။ နောက်တော့လည်း မင်းက မရှောင်နိုင်သလို ၊ မင်း ကောင်မလေးကိုလည်း မရုန်းထွက်စေနိုင်ပါဘူး။ ဣတ္ထိ ဝင်္ကံ ၊ နဒီ ဝင်္ကံ  ဆိုတာ တကယ် မှန်တယ်။”

“ ဟာ . . . . ”

ကိုယ့်ရင်ထဲက နှလုံးသား တစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“ တကယ်လို့ အကြံပေးခွင့်သာ ရမယ် ဆိုရင် မင်းကို ငါ အကြံပေးချင်တယ် ”

“ အင်း . . ပြော သူငယ်ချင်း ”

“ မင်းကို သူ ပေးတဲ့ ဓါတ်ပုံတွေ ၊ ကဗျာတွေ  ၊ စာတွေ ၊ ဗီဒီယိုတွေ ဆိုတာလေ။ ဒီအကြောင်းတွေ မင်း ငါ့ကို ပြောဖူးပါတယ်။ ဒါတွေကို မင်းက External Hard Disk ထဲမှာ ထည့်သိမ်းထားတယ်ဆို ”

“ ဟုတ်တယ် သူငယ်ချင်း ”

“ ဒါဆိုရင် မင်း အဲဒီ External Hard Disk ကို ကွန်ပျူတာမှာ တပ်လိုက် ”

“ အင်း . . ”

“ ပြီးရင် My Computer ထဲကို ဝင်လိုက် ၊ ဒါဆိုရင် အဲဒီ Disk လေးကို တွေ့ရလိမ့်မယ်။ အဲဒီအပေါ်မှာ Right Click ကိုနှိပ်လိုက် ၊ နောက်ထပ် Format ကို ရွေးလိုက် သူငယ်ချင်း ၊ ပြီးရင် OK ကို နှိပ်လိုက်ပါလား ”

“ ဟာ .. . . ဒါဆိုရင် အားလုံး ပျက်ကုန်မှာပေါ့ ”

“ ကိုယ်နဲ့ မသက်ဆိုင်တော့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဓါတ်ပုံတွေ ၊ အချက်အလက်တွေကို သိမ်းထားပြီး မင်းက ဘာလုပ်မလို့လဲ သူငယ်ချင်း။ လူဆိုတာ စိတ်က အမြဲတမ်း မှန်နေတာ မဟုတ်ဘူး။ စိတ်ရိုင်း ဝင်လာတဲ့ အချိန်ဆိုရင် သူ့အတွက် မကောင်းဘူးလေကွာ ”

“ ငါ ဒီလို လူမှ မဟုတ်တာကွာ ၊ ငါ ဘာမှ မလုပ်ပါဘူး ”

“ အေး . .  ဒါကို ငါသိပါတယ်။ ဒါပေမဲ့ မင်းဆီကို ဖုန်းတောင် မဆက် ၊ မေးလ် တစ်စောင်တောင်မှ မပို့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး မင်းက စိတ်နဲ့ ခံစား ကြည်နူး နေမလို့လားကွာ။ ကိုဇော် . . . ဒီမှာ . . . သူငယ်ချင်း . . . . .  ”

“ ဟေ . . . ”

သူ့ကို လွတ်လပ်ခွင့် ပေးလိုက်ပါကွာ

“ - - - - - - - - - ”

“ - - - - - - - - - ”

“ - - - - - - - - -”



ကိုယ့်မှာ ဘလော့ တစ်ခု ရှိပါသည်။ ထိုဘလော့လေးကို ကိုယ် ခုံမင်သည်။ အချိန်ရတိုင်း ကိုယ် စိတ်ကူးပေါက်ရာ ရေးတင်မိပါသည်။ ဟိုးအရင် ကာလက ရင်ထဲမှာ တသိမ့်သိမ့်နွေးကာ ခံစားခဲ့ရသော အချိန်ကာလမှာ အချစ်အကြောင်းတွေ ၊ အချစ်ကဗျာတွေ ကိုယ် ရေးမိသည်။ နှစ်သက်သူတွေ ရှိသလို ၊ အားပေးမှုတွေလည်း ရှိခဲ့ဖူးသည်။ ကိုယ်လည်း ပျော်ရွှင်သလို သူတို့လည်း ပျော်ရွှင်ခဲ့ကြသည်။

ပြီးတော့ . . . . .

ကိုယ့်မှာ ချစ်ခင်ရသော ညီငယ် ၊ နှမငယ်တွေ အတူတူ လုပ်ထားသော ဆိုက်လေး တစ်ခု ရှိပါသည်။ ထိုဆိုက်ကလေးသည် အချစ်ဆိုက်ကလေး ဖြစ်၍ Lovecreative ဆိုပြီး “ ဖန်တီးနိုင်စွမ်းသော အချစ်  ” ဆိုကာ ကိုယ်တို့ LC ဟု အတိုကောက် ခေါ်ကြသည်။ ထိုဆိုက်လေးထဲမှာ အဖွဲ့လေးတွေ တည်ဆောက်ကာ တစ်ယောက်နဲ့ တစ်ယောက် အချစ်ကြောင်း ဆွေးနွေးကြသည်။ တစ်ယောက်ယောက်ရဲ့ အချစ်ရေး အဆင်မပြေမှုများကို ကူညီကာ ဝိုင်းဝန်း အကြံဥာဏ်ပေးကြသည်။

ထိုနေရာလေးကို ကိုယ် တွယ်တာမိသည်။ ထိုနေရာကို ရောက်တိုင်း သူများတွေ တင်ထားသော ဆွေးနွေးချက်များ ၊ အကြံတောင်းချက်များကို သူများတွေ နည်းတူ ကိုယ်လည်း ဝင်ရောက် အကြံပေးတတ်သည်။ ကောင်းသည် ဆိုးသည် ဆိုတာထက် ကိုယ့်ရဲ့ ရင်ထဲက ခံစားချက် အတိုင်း ဝင်ရောက်ကာ သူတို့ကို အကောင်းဆုံး ဖြစ်အောင် အကြံဥာဏ်တွေ ပေးဖူးသည်။ အားလုံးကို ပျော်ရွှင်စေချင်တယ် မဟုတ်ပါလား။

တချို့ကျတော့လည်း အဲဒီလို နေရာတွေမှာ မရေးချင်ကြ။ ရှက်ရွံ့မှုက သူတို့ နှလုံးသား ရေးရာကို အတန်ကြာအောင် ညှစ်ကာ ထိန်းချုပ်ထား၍ ထင်သည်။ သူတို့ ကိုယ့်ဆီကို မေးလ်ပို့ကာ ရင်ဖွင့်ကြသည်။ အကြံဥာဏ်တောင်းကြသည်။ သူတို့ရဲ့ မေးလ်ကို ကိုယ် လေးလေးစားစား ဖတ်ကာ ကိုယ် သိသလောက် ၊ ကိုယ် ဖတ်ရှု ခဲ့ရသလောက် ၊ ကိုယ် ကြားဖူးကြုံခဲ့ဖူးသလောက် ပြန်ပြီးတော့ အားပေးမိသည်။ ဘယ်လိုပဲ ဖြစ်စေ သူတို့ကိုလည်း ကိုယ် ပျော်ရွှင်စေချင်ပါသည်။

သို့သော် . . . . .

အခုနောက်ပိုင်းမှာ ကိုယ် ဘလော့ပေါ်မှာ ရေးမိသော အချစ် ကဗျာများသည် အက်ကြောင်းများဖြင့် မွနေသည်ဟု ကိုယ့်ဖာသာ ကိုယ်လည်း ခံစားမိသည်။ ကိုယ်ရေးမိသော အချစ်စာများသည်လည်း ကြေမွ တွန့်ကြေနေသည်ဟု မြင်မိသည်။ ဒါကြောင့် ကိုယ့်ရဲ့ ဘလော့လေးပေါ်မှာ အချစ်ကဗျာ ၊ အချစ်စာများ ကိုယ် မရေးဖြစ်တော့ပါ။ ဒီအတွက် ကိုယ့်ရဲ့ စာဖတ်သူ တချို့က ပြောကြသည်။

“ ကိုဇော်  . . အချစ်ကဗျာ ၊ အချစ်စာတွေလည်း မရေးတော့ပါလား ”

တဲ့။ ပြီးတော့ LC ဆိုက်နဲ့ ပတ်သတ်ပြီးတော့လည်း ခင်မင်ရသော သူငယ်ချင်း ၊ ညီ ၊ နှမ ငယ်များ ဖြစ်သော ကိုဟိန်း ၊  ပန်းချစ်သူ ၊ ခင်သီတာ ၊ ကိုရင်  ၊ စံပယ်ဖြူ ၊ Ignore အစရှိသူတို့နဲ့ လိုင်းပေါ်မှာ တွေ့သော အခါမှာ သူတို့က ကိုယ့်ကို ပြောတတ်ကြသည်။

“ ကိုဇော် ပျောက်လှချည်လား ၊ LC ကို ဝင်ပြီး ဆွေးနွေးထားတာလေးတွေ ပြန်ပြောပေးပါဦး။ တခြား မေးထားတာလေးတွေလည်း ပြန်ဖြေပေးပါဦး။ အခုတော့ အစ်ကို ပြန်ဖြေတာ မတွေ့ရတော့ တမျိုးကြီးပဲ အစ်ကို။ အားရင် ပြန်ဝင်ပေးဦး ”

လို့ သူတို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ ကိုယ် ဘာမှ ပြန်မဖြေ ဖြစ်ခဲ့ပါ။ သို့သော် ပြန်ဖြေ ရမယ် ဆိုရင် ကိုယ့်မှာ ဖြေစရာ တစ်ခုသာ ရှိပါသည်။

“ ကျွန်တော် ကိုယ်တိုင် မပျော်ရွှင်နိုင်သေးပါ။ 
ကျွန်တော် အသည်းကွဲနေသည်။ ”



ကိုယ့်မှာ ချစ်သူ တစ်ယောက် ရှိသည်။

( ခွင့်လွှတ်ပါ . . . အမှား ပြင်ပါရစေ။ )

ကိုယ့်မှာ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးပါသည်။ ထိုချစ်သူသည် ကိုယ်နဲ့ ၄ နာရီ ကွာဝေးပါသည်။ သူနဲ့ ကိုယ် တစ်နေရာတည်းမှာ မဟုတ်ပါ။ ဒါကြောင့် သူသည် ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိသည်။ “ ကမ္ဘာမြေရဲ့ တစ်နေရာမှ ချစ်သူ ဖြစ်သည်။ ” ထို့ကြောင့် သူ့ကို ရည်ရွယ်ကာ ကိုယ် ကဗျာတွေ ၊ စာတွေ များစွာ ရေးခဲ့ဖူးပါသည်။ ထိုအချိန်က ကိုယ့်ရဲ့ စိတ်အလျင်သည် သူနဲ့ ကိုယ် ၄ နာရီ ကွာဝေးနေသည် ဆိုသော စိတ်အလျင်သာ ရှိပါသည်။

ထို့နောက် သူနဲ့ ကိုယ် နောက်ထပ် နာရီတိုးကာ ကွာဝေးသွား ကြရပါသည်။ ကိုယ့်ရဲ့ သူငယ်ချင်းက ပြောသည် သူနဲ့ ကိုယ် နောက်ထပ် ဘယ်လိုမှ ထပ်ပြီး မဆုံတွေ့နိုင်တော့ဘူး ဟု ဆိုသည်။ သို့သော် ကိုယ်ကတော့ ကိုယ့်ချစ်သူ ပြောခဲ့တဲ့ အတိုင်း “ တစ်နေ့နေ့မှာ သူ ကိုယ့်ဆီကို ဖုန်းဆက်လာမည် ” ဟု သေချာစွာ ယုံကြည်ထားပါသည်။ ဘာလို့လဲ ဆိုတော့ သူ့ကို ကိုယ် ချစ်၍ ဖြစ်သည်။ သူကလည်း ကိုယ့်ကို ချစ်သည် ဟု ကိုယ် ယုံကြည်ထား၍ ဖြစ်သည်။

ကိုယ့်မှာ ပြောလို့ ရယုံ ဆိုသော ဟန်းဖုန်း အစုတ် တစ်လုံး ရှိပါသည်။ ထိုဖုန်းထဲတွင် ချစ်သူ ဓါတ်ပုံကို ထည့်မထားပါ။ မတော်တဆ ကျပျောက်ရင် ချစ်သူပုံကို သူများ ရသွားမှာ ဆိုသော စိတ္တဇ ရှိ၍ ဖြစ်သည်။ ထိုဖုန်းကလေးသည် ဟိုးအရင်က ကိုယ် နိုးနေချိန်တွင် တစ်နာရီ တစ်ခါ မြည်နေလေ့ ရှိကာ  တစ်နေ့ကို အကြိမ်ပေါင်း ၂၀ နီးပါး မြည်လေ့ ရှိပါသည်။ သို့သော် အခု နောက်ပိုင်းတွင် ထိုဖုန်းကလေးသည် ကိုးမား ( Coma  ) ဝေဒနာသည်လို အသက်ရှင်နေသော်လည်း လှုပ်ရှားမှု မရှိတော့ပါ။ သို့သော် တစ်နေ့နေ့ တချိန်ချိန်မှာ ချစ်သူဆီမှ ဖုန်းခေါ်သံဖြင့် အသက်များ ဝင်လာမလားဟု ကိုယ် တိတ်တဆိတ် မျှော်လင့်နေခဲ့ပါသည်။

ကိုယ့်မှာ သူနဲ့ ပတ်သတ်သော ဓါတ်ပုံများ ၊ ကဗျာများ ၊ စာများ ၊ ဗီဒီယိုများကို သိမ်းထားသော External Hard Disk တစ်လုံး ရှိပါသည်။ ထို Hard DIsk ကို ကိုယ်က “ နှလုံးသား ရှိရာ ” ဟု နာမည် ပေးထားပါသည်။ သို့သော် အခု ထို Disk လေးကို သူငယ်ချင်း တစ်ယောက်ရဲ့ အကြံပေးချက်အရ ကိုယ် Format ကို ရွေးကာ OK ကို နှိပ်လိုက်ပါသည်။ ထို့ကြောင့် ထိုအထဲတွင် “ ဗလာ ” ဟု ဆိုကာ ဘာဆို ဘာမှ မရှိတော့ပါ။ အားပေးတတ်သော သူငယ်ချင်းကတော့ ပြောပါသည်။ သူသာ ထပ်ပို့ခဲ့ရင် ပုံသစ်လေးတွေ ထည့်ဖြစ်မှာပေါ့တဲ့။ သို့သော် အခု အချိန်အထိ Disk လေးကတော့ ဗလာ သက်သက်။

ဒါကြောင့် အနှစ်ချုပ် စာရင်း လုပ်ကြည့်တော့ ကိုယ့်မှာ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးကြောင်း တွေ့ရသည်။ အရင်က ဆူညံစွာ အသံထွက်ပြီး အခုတော့ ငြိမ်သက် တိတ်ဆိတ်နေသော ဖုန်းတစ်လုံး ရှိကြောင်း တွေ့ရသည်။ ဘာဆို ဘာမှ မရှိတော့သော External Hard DIsk တစ်ခု ရှိကြောင်း တွေ့ရသည်။

ချစ်သူကလည်း ကိုယ့်ရင်ထဲမှာ ထာဝရ ရှိပါသည်။ ဖုန်းလေးကလည်း ချစ်သူ အလိုရှိသော အခါ ခေါ်ဆိုတာနဲ့ မြည်သံ ထွက်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါသည်။ External Hard Disk ကတော့ ဗလာ။ ဒါကြောင့် ဗလာဖြစ်နေမှာ စိုးသောကြောင့် ကိုယ် သီချင်းလေး တစ်ပုဒ်နဲ့ ကဗျာလေး တစ်ပုဒ်ကို ရေးကာ ထည့်ထားပါသည်။ ထိုသီချင်းနဲ့ ကဗျာလေးကို ချစ်သူက ဖုန်းဆက်ပြီး ချစ်သူနဲ့ ကိုယ် တွေ့ခွင့် ရသော အခါမှာ ကိုယ် သူ့ကို ကိုယ့်ရဲ့ “ နှလုံးသား ရှိရာ ” နှင့် အတူတူ ပေးမည် ဟု မျှော်လင့်ကာ စဉ်းစားထားပါသည်။

အဲဒီ သီချင်းလေးကတော့ 

.

.

ကဗျာလေးကို ကိုယ် ဒီလိုချရေးထားပြီး သိမ်းထားပါသည်။

အလွမ်း

လေကြမ်းတော့ ဝင်ခို
လေချိုတော့ ပျံပြေး
ကိုယ့်ရင်ခွင် ယာယီကွမ်းပေမဲ့
လွမ်းတတ်တယ်လေး။

လေပြင်းတော့ တိုးကပ်
လေချိုတော့ ပျံအဝေး
ကိုယ့်ရင်ခွင် ပမာဇရပ်ပေမဲ့
ငေးတတ်တယ်လေး။

နေပူတော့ သောက်မျို
နေအေးတော့ မေ့သေး
ကိုယ့်ရင်ခွင် စိမ့်စမ်းရေပေမဲ့
ဆွေးတတ်တယ်လေး။

ကိုဇော်

လေးစားစွာဖြင့်
ကိုဇော်

PDF ဖြင့် တောင်းဆိုထားသူများကို မကြာမှီ တင်ပေးပါ့မည်။


ဝန်ခံချက်။    ။ ခင်မင်ရင်းနှီးရသော သူငယ်ချင်း ညီအစ်ကို မောင်နှမများ၏ နာမည်ကို ယူသုံးထားခြင်းမှ လွဲ၍ စိတ်ကူး ပုံဖော်မှု တစ်ခု မျှသာ ဖြစ်ပါသည်။ သို့သော် ယခုဝတ္ထုကို စာဖတ်သူ မည်သို့ ထင်ပါသလဲ။


“ နှလုံးသား ရှိရာ ” ဝတ္ထုကို ဘယ်လို ထင်ပါသလဲ
ကိုဇော့် ကိုယ်တွေ့ပါ။
တစ်စုံတစ်ယောက်ရဲ့ အဖြစ်အပျက်ပါ။
တဆင့်ခံစားပြီး ပွားရေးထားတာပါ။
တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး ရေးထားတာပါ။
သာမာန် ဝတ္ထုတစ်ပုဒ်ပါပဲ။
မသိပါဘူး။






  



Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

vote မှာ တခုထည့်ဖို့လိုတယ် ဘာလဲ ဆိုတော့
“ ဒီဝတ္ထုဟာ ကိုယ်တွေ့နဲ့ စိတ်ကူးယဉ် ပေါင်းထားတာပါ ” ဆိုတဲ့ဟာ အဲဒါ အကွက် ဘာလို့မထည့်တာလဲ အဲလိုမထည့်ထားလို့ မဲမပေးခဲ့ပါဘူး ဒါပါပဲ ရှန်

“ ဟာ ဝက်လေးက တော်လှချည် လား ” လို့မပြောနဲ့နော်...... သိနေတယ် ဘာလို့လဲတော့ မမေးနဲ့ ဟားဟားးးးးးးးးးးးး

ဒါနဲ့လူပြိုဂျီးဖြစ်တယ်ပေါ့ နောက်ထပ်ချစ်ရမှာ ကြောက်သွားပြီပေါ့ ဟုတ်လား
စိတ်မပျက်ပါနဲ့ အသက် ၄၀ မှ ဘဝ စတာပါ ဟဲဟဲ

Anonymous said...

ဟုတ်တယ်...ကိုယ်တွေ့နဲ့ စိတ်ကူးယဉ် ပေါင်းပြီးရေးထားတာ..ဒါကြောင့် ကိုယ်တွေ့ကို vote တယ်..

ငွေလမင်း said...

ကိုဇော် ကိုယ်တွေ့မှာ မဲပေးခဲ့တယ် :)
ဒီအတိုင်း ဆို ဒီနှစ် လဲ လူပျိုကြီးမကျွတ်နိုင်သေးဘူးပေါ့
ကျွတ်တော့မယ်ထင်နေတာ
အော နောက်ထပ် အချစ်သစ်တွေ့ နိုင်သေးတာဘဲ
အချိန်တန်ရင် ကိုဇော် က မတွေ့ချင်ပါဘူးဆိုရင်တောင် ပြေးမလွတ်ပါဘူး

Anonymous said...

ချစ်ကိုယ်တွေ့ကို စိတ်ကူးယဉ် ပေါင်းထားတာဘဲဖြစ်မည်. ဖူးစာဆုံဘို့ အကြောင်းမဖန်လာသေးလို့ပါ... အကြောင်းဖန်လာလျှင် လူပျိုကြီးဖြစ်ချင်လျှင်တောင် မဖြစ်နိုင်ပါကြောင်းမန့်သွားပါသည်..။

ခင်မင်စွာဖြင့်
မြလေး

SHWE ZIN U said...

ကိုဇော်ရေ

စာရေးကောင်းရင် ကိုယ်တွေ့ ဘဲထင်ကြတယ်တဲ့
ကိုယ်တွေ့ မှာဘဲ မဲပေးခဲ့တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အုပ်ကြီး said...

လူတော်တော်များများကတော့ စိတ်ကူးယဉ်ပြီးရေးထားတာလို့ ထင်ကြမှာပဲဗျာ ....

သဒ္ဓါလှိုင်း said...

ဟုတ်ပါတယ်..စာရေးကောင်းတဲ့သူတွေရေးတဲ့စာ
တွေကို ကိုယ်တွေ့လို့ပဲထင်တတ်ကြပါတယ်.။
တကယ်လည်း စာရေးတဲ့သူဆိုတာ ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကိုယ်တွေ့
ပဲဖြစ်ဖြစ် ကြုံတွေ့ခံစားခဲ့ရတာတွေ.. ၀င်ပြီးခံစားပေးတာတွေလည်း ရှိတာပေါ..။
ခင်မင်စွာဖြင့်
သဒ္ဓါ

sosegado said...

ဇာတ်သိမ်းကတော့ စွဲဆောင်သွားလိုက်တာ အပြီးထိပဲ၊
မိန်းကလေးတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်လို့ထင်ပါတယ်၊
ကျနော်ကတော့ အကုန်ဖျက်ပစ်လေ့ မရှိဘူး တစ်စိတ်တစ်ဒေသကို သိမ်းထားတတ်တယ်၊
တကယ်လို့ နွယ်ကသူ့လူကြီးနှင့်အဆင်မပြေလို့၊ ကိုဇော်ဆီလာခဲ့ရင်….
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့
အချစ်ဆိုတာ ခွင့်လွတ်တတ်ခြင်းလို့
အချစ်ဆိုတာ အမြဲတမ်းလို့ ဆိုမလား…….
လက်ထပ်လိုက်တိုင်း အချစ်ဟာ သေဆုံးသွားတာလား…
စိုးပိုင်ရဲ့ သီချင်းကို ဆိုနိင်ပါမလား…..
ဆက်ရန်ရှိနေမှာပါ။

နေ၀သန် said...

ကိုဇော်ရေ.. ဒီဝတ္ထုကို ဘယ်လိုမြင်သလဲတော့ မပြောတတ်ဘူး.. ဒီဝတ္ထုထဲက အကြောင်းအရာကို ဘယ်လိုမြင်သလဲဆိုရင်တော့ “ပူလောင်မှု” လို့ပဲမြင်ပါတယ်...။ ဒါမျိုးက တကယ်ခံစားဖူးတဲ့သူတိုင်းကို မေးကြည့်ရင် အက်ဆစ်ထက် ပူပြင်းပါတယ်....။ ပြီးတော့ အဲဒီလိုမျိုးလည်း နောက်ထပ်မခံစားချင်တတ်ကြပါဘူး...

ခင်မင်တဲ့
နေ၀သန်

မေပယ်လ် said...

ဒီဇာတ်သိမ်းမှာ ဆိုစရာ နှစ်ချက်တွေ့တယ်
တစ်အချက်..။ ဒီဝတ္ထုဟာ ကိုယ်တွေ့လား
မတွေ့လားဆိုတာ ဒီထဲမှာ ပါနေတဲ့ ဇာတ်ကောင်တစ်ဦးနဲ့ သိကျွမ်းရင်းနှီးနေတဲ့အတွက် vote ကို သံသယမရှိ ထားပစ်ခဲ့တယ်..။(ဆိုင်ဆိုင် မဆိုင်ဆိုင်):D
နှစ်အချက်..။ Z သိမ်းကို နှစ်ခေါက်ဖတ်ကြည့်ပြီးတော့ ကိုယ်ပြောချင်တာတွေ.. ပြောခွင့်မရလိုက်တာတွေ..
ပြောဖို့ မသင့်တော့တာတွေအတွက် အဖြေတွေ့သွားတယ်..။ ဒါပါပဲ:)

ahphyulay said...

အင်း...
ဆုံးသွားပြီဆိုပေမဲ့  မဆုံးခဲ့ တာတွေ အများကြီး
ကျန်နေခဲ့ တာပါပဲလား..။ ချစ်လိုက်ရင်ရှုံးသွားတတ်
တာပါပဲလေ။ လိုင်းပေါ်က နီနီလေးလား၊ဝါဝါလေးလား၊စိမ်းစိမ်း
လေးလား ဆိုတာ စက်ဖွင့် တိုင်း မကြည့် ဖြစ်အောင်ကြိုးစားခဲ့ 
ပေမဲ့  မော့ (စ)လေးကို သွားသွားရွှေ့  မိနေတတ်တဲ့ 
နေရာလေးမှာ ကျွန်တော့် နှလုံးသားပါ ဒုတ် ကနဲ ပဲ ။

sv said...

နောက်ဆုံးတော့ မိန်းမတွေ မကောင်းတဲ့ ဇာတ်သိမ်းပါပဲလား....လက်မခံနိုင်ပါ...အတင်းကြီးကို မကောင်းပေးလိုက်တာပဲ....ဒါကတော့ ကိုယ့်အမြင် ခံစားချက်ပါ..

ဇာတ်လမ်းကို ဝေဖန်ရမယ်ဆိုရင်တော့ ချစ်သူ ဖြစ်သွားကြပြီ လက်ထပ်ဖို.ရည်ရွယ်ထားကြပြီ ဆိုရင်ဖြင့် ဘာလျှို.ဝှက်ချက်မှ မရှိသင့်တော့ဘူးလေ...အေးအတူ ပူအမျှ မျှဝေခံစားတတ်ရမယ်မလား...သူ.အကြိုက် ကိုယ့်အကြိုက်ညှိရင်း နှစ်ယောက်ကြားက မတူညီတာတွေကို လျော့နည်းစေရမယ်လို.ထင်တာပဲ...ခု ကောင်မလေးက ဘာလို. ပွင့်ပွင့်လင်းလင်းမပြောတာလဲ...မပြောနိုင်တာလဲ ဆိုတာကို ကိုဇော်က ပေါ်တင်မေးပြီး ကြိုသိဖို.ကောင်းတယ်...ဒါမျိုး မိန်းကလေးတွေလဲ ရှိတတ်ပါတယ်.... သို.သော် ဒါမျိုးလုပ်တတ်တဲ့ ယေင်္ကျားလေးတွေလဲ ၇ှိမှာပါ.... ထို.နည်းတူစွာ အတည်အတံ့ လူများလဲ ၇ှိပါကြောင်း:P

blackcoffee said...

ပထမ ပိုင်းတွေ ဖတ်တုန်းကတော့ တို့ ကိုဇော်ကြီးတော့ ဟုတ်နေပြီကွလို့ ထင်နေတာ... ခုလိုဆိုတော့လဲ စိတ်မကောင်းပါဘူး ကိုဇော်ရာ.. မိန်းမတွေတော်တော် ကြောက်ဖို့ ကောင်းတယ်နော်... သန်းထိုက်ကလဲ သူငယ်ချင်းကောင်း ပါပဲလေ... ရေစက်မပါတော့လဲ ဘာတတ်နိုင်မလဲ ကိုဇော်ရေ....

အဖြူရောင်နတ်သမီး said...

ကိုဇော်ပြောတော့ သူများရဲ့“သူမ၏...သူ”ပို့စ်မှာ comment လာပေးတုန်းက ကိုယ်တွေ့ကိုရေးနေတာဆို...
အခုတော့စိတ်ကူးယဉ်အချစ်ဇာတ်လမ်း
ဖြစ်သွားပြန်ပြီလား......(အဲဒီလို မလှည့်စားကျေး)...။

ယုံပါဘူး...
ကိုယ်တွေ့ကိုပဲ မဲပေးခဲ့တယ်နော်...။

ဂျစ်တူး ( မုံရွာ ) said...

ကိုယ်တွေ့ကို vote တယ်.. . . . .
ကိုဇော် နဲ့ ထပ်တူထပ်မျှခံစားသွားတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ဖက်ကခံစားကြည့်ရင်လည်း-
သူမ မှန်တာဘဲလေ။ ဘဝအဆင့်မြင့်ဖို့ ဆိုတာတော်ရုံ
အချစ်တစ်ခုတည်းနဲ့ တော့ရပ်တည်လို့မရဘူး-
သူ့ဘဝကို ကိုဇော် ထက်ပိုပြီးပြည့်စုံမှု့ ကိုပေးနိုင်တဲ့ သူကိုရွေးလိုက်တာလား-ဒါမှမဟုတ် ကိုဇော် ထက်ပိုချစ်လို့ ရွေးလိုက်တာလားဆိုတာ “နွယ်” မှတပါးဘယ်သူမှမသိနိုင်ဘူးပေါ့နော်။
ကိုဇော် ဘက်ကလည်းလိုအပ်တာတွေရှိနေတယ်လို့
ထင်မိပါတယ်။ ချစ်တာတစ်ခုတည်းနဲ့ တော့
လက်ထပ်ဖို့ မဖြစ်နိုင်တော့တာခုခေတ်ရေစီးကြောင်း
တစ်ခုထင်ပါရဲ့ ဗျာ-

သိင်္ဂါကျော် said...

ကိုယ်တွေ့ကို စိတ်ကူးနည်းနည်းယဉ်ပြီး ရေးထားတယ် ထင်တာပဲနော်..။
ကိုဇော့် ဘက်ကို ပြောရရင်တော့ ဒီလို မိန်းကလေး မျိုးကို လွမ်းမနေပါနဲ့တော့ ။ မေ့နိုင်အောင် ကြိုးစားလိုက်ပါတော့။ အချိန်တွေ ကြာလာရင် မေ့နိုင်သွားမှာပါ။

မိန်းကလေး အချင်းချင်း ဘက်လိုက်ရရင်တော့ နွယ့်ဘက်ကလည်း ကိုဇော့်ကို တကယ် ချစ်ခဲ့တယ် လို့ ထင်တယ်။ မလွန်ဆန်နိုင်တဲ့ အကြောင်းကြောင်းတွေကြောင့် ဟိုလူကို ရွေးလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။

နှင်းနဲ့မာယာ said...

အင်း အရမ်းမခံစားကြရင်ကောင်းမယ်နော်...
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ်....
တစ်ယောက်နဲ့ တစ်ယောက် လှည့်စားခြင်းတွေ ကင်းကြပါစေ....
မဲတော့ မပေးတော့ဘူးနော်....
ကိုယ်တွေ့ ဟုတ်မဟုတ်လဲ
မဝေဖန်ချင်ပါဘူး....
happy ending မဟုတ်လို့.....

မနှင်း

aye said...

တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ်...ရင်ထဲတော့ တကယ်ထိတယ်...ဒါပေမယ့် အဲလိုချစ်တတ်တော့ ယောက်ျားလေးတော့ အပြင်မှာမရှိလောက်ဘူးထင်တယ်..ဘဲဘာပြောပြော Heart ထိတယ်..နောက်တစ်ခါရေးရင်တော့ happy ending လေးဘဲရေးပါလား..

Crystal said...

ဇာတ်သိမ်းကတော့ စာဖတ်သူရင်ကို ထိစေတာပဲ၊ သို့သော်လည်း မင်းသား အသဲကွဲတာ သိပ်မပီပြင်ဘူးဖြစ်နေတယ်။ ဟီဟိ :P။
တခါတလေမှာ အမျိုးသမီးတွေရဲ့ စိတ်မှာလည်း နားလည်ဖို့ခက်တဲ့ အကြောင်းအရာတွေ ရှိတတ်တာမို့ ဇာတ်ကောင်တွေအားလုံးကို နားလည်ပေးလိုက်ပါတယ်။
Love is neither create nor destroy!