မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 December 2010

19 နှလုံးသား ရှိရာ ( ၇ )



ကိုယ့်လက်မှာ နာရီ မရှိပါ။ သို့သော် ကိုယ့် အသိစိတ်ထဲက နာရီကို ကြည့်စရာ မလိုအောင် သူ့ဖာသာ သိနေမိ၏။ ဒီအချိန်မှာ နွယ် ဘာတွေ လုပ်နေမယ် ဆိုတာကို စိတ်ထဲက ထင်မြင် ခံစားမိနေသည်။ ရင်ခုန်သံ တဒုတ်ဒုတ် ခုန်ကာ မြည်သံက စက္ကန့်သံလေးများကို ကိုယ်စားပြုနေသလိုလို အချိန် တစ်နာရီပြည့်တိုင်း နွယ့်ဆီက Miss Call လေး လာတော့မယ် ဆိုတာကို ကိုယ့်စိတ်က အလိုလို သိနေခဲ့သည်။ ဒီလို စိတ်က ထင်ပြီး သိပ်မကြာခင်မှာပဲ နွယ့်ဆီက Miss Call လေးကို လက်ခံ ရနေကြပါပဲ။ စိတ်ဆိုတာကလည်း တစ်ခုခုကို တိမ်းညွှတ်ထားမိရင် အလိုလိုကို ကပ်ငြိနေတတ်တယ် မဟုတ်လား။

အခုချိန်ဆိုရင် နွယ့်ဆီမှာ Break Time ဆိုတဲ့ အသိက ဖြတ်ခနဲ ပေါ်လာတုန်းပဲ ရှိသေးတယ် ကိုယ့်ဘောင်းဘီ အိတ်ထဲမှ ဖုန်းလေးက ရုတ်ခနဲ ဟုတ်မှန်ကြောင်း မြည်သံရှည်နဲ့ ထအော်၏။ တော်တော်နဲ့ မရပ်။ ဒါဆို နွယ် Miss Call ပေးတာ မဖြစ်နိုင်တော့။ နောက်ထပ် မြည်သံရှည် တစ်ချက်အထိ စောင့်ပြီး ဖုန်းကို Answer နှိပ်လိုက်သည်။

“ နွယ် . . . ”

“ ကို  . .  ၊ နွယ် Break Time မို့ လှမ်းဆက်လိုက်တာ ၊ ကို အလုပ်ရှုပ်နေလား ”

“ မရှုပ်ပါဘူး နွယ်ရဲ့ ၊ ဘာပြောမလို့လဲ ပြောလေ ”

နွယ့်ရဲ့ အသံထဲမှာ တစ်ခုခုကို စိတ်ကျေနပ်နေပုံ ရ၏။ လိုချင်တာ တစ်ခုခုကို ရလိုက်သော ကလေး တစ်ယောက်ရဲ့ ပျော်ရွှင် ကျေနပ်သော အသံမျိုး။

“ နွယ်လေ အလုပ်သွားဖို့ ပြင်ဆင်ပြီးတော့ LC ထဲမှာလေ Group အသစ်လေး လုပ်ထားတာ တွေ့တယ် ”

“ ဟုတ်လား ၊ ဘယ်သူ လုပ်ထားတာလဲ ”

“ ကိုဟိန်း လုပ်ထားတာ . . .  ”

“ သြော်. . . ဟုတ်လား ”

“ ဟုတ်တယ် ကို။ အဖွဲ့လေးက ဘာလို့ ထင်လဲ ”

“ မသိဘူးလေ ၊ ပြောပြပါဦး  . . ”

“ အွန်လိုင်း အချစ်. . .တဲ့။ ”

“ သြ . . . ”

“ ဟုတ်တယ် ၊ ဒါနဲ့ နွယ်လည်း မန်ဘာ ဝင်ပြီး သူများတွေနဲ့ အတူတူ ဝင်ပွားလိုက်သေးတယ်။ နောက်ပြီးတော့ Discussion တစ်ခုတောင်မှ အသစ်တင် ထားလိုက်သေးတယ်။ အဲဒါ . . . . ဟိဟိ ”

“ အယ်. . . ဘာလဲကွ ဟိဟိ ဆိုတာက ”

“ အာ . . ကို ပြန်သွားရင် သွားဖတ်ကြည့်ပေါ့။ ပြီးရင် ကိုရော ဝင်ပြီး အကျိုးအကြောင်း ဝင်ဆွေးနွေးပါလား ”

“ သြော်. . . ဆွေးနွေးမှာပေါ့ကွ နွယ်ကလဲ ”

“ အဲဒီမှာ အခုမှ အဖွဲ့လေးက လုပ်တာ ဆိုပေမဲ့ ဆိုက်ထဲမှာ ရှိတဲ့ လူ အတော်များများ ဝင်ထားကြတယ် ကို ”

“ ဟုတ်လား ”

“ ဟုတ်တယ်။ ကိုပဲ မဝင်ရသေးတာ ၊ ပြန်ရင် ဝင်ပြီး ပွားလိုက်ပါဦး ၊ နောက်ပြီး နွယ့်တင်ထားတဲ့ ဆွေးနွေးခန်းလေးကိုလည်း ပြန်ဆွေးနွေး ပေးပါဦး။ ကို့ဆီက ဘယ်လို သဘောထားလဲ ဆိုတာကို နွယ် အရမ်းသိချင်လို့ ”

“ ဟော . . နွယ်လုပ်တာနဲ့ ကို အခုတောင်မှ သွားဖွင့် ကြည့်ချင်လာပြီ။ ဒါပေမဲ့ အိမ်ပြန်တော့မှပဲ ဖတ်ပြီး ဖြေတော့မယ်ကွာ ”

“ အင်းပါ ၊ နွယ်ကလည်း ကို့ကို အိမ်ပြန်ရောက်မှ ဖြေခိုင်းတာပါ ၊ နောက်ပြီး. . .  ကို . . ”

“ ဟင်.. . . ပြောလေ . . . ”

“ အခန်းပြန် ရောက်တာနဲ့ နွယ့်ကို နှိုးနော် ၊ နွယ်တို့ တွေ့ခွင့်ရဖို့ အချိန်က ဘာမှ ကျန်တော့တာ မဟုတ်ဘူး။ နွယ် Vacation ပြန်ရဖို့က ရက် ၂၀ တောင်မှ ကျန်တော့တာ မဟုတ်ဘူး။ ”

ရှဲခနဲ ရင်ထဲကို မီးတစ်စ တိုးဝင်လာသလို မြှိုက်ခနဲ ခံစားလိုက်ရသည်။ မဝေးရခင် ဝေးသွားရသလို ဆိုသော အသိစိတ်လေးကြောင့် နဲ့တင် ကိုယ့်ရင်က ဗလောင်ဆူ သွား၏။

“ နှိုးမှာပေါ့ နွယ်ရယ် ၊ ကိုကလည်း နွယ့်ကို ကို့ဘေးနားမှာ အမြဲတမ်း ရှိနေစေချင်တဲ့ လူပါပဲကွာ။ ကို ရောက်တာနဲ့ နှိုးလိုက်ပါ့မယ်။ ဒါပေမဲ့ နွယ် မအိပ်ဘဲနဲ့တော့ ထိုင်စောင့် မနေနဲ့နော် ”

“ ဟုတ်. . . ”

“ ဒါဆို နွယ် တစ်ခုခု စားဖို့ မဟုတ်လား စားလေ ၊ အချိန်မရဘဲ ဖြစ်နေဦးမယ်  ”

“ ဟုတ် . . . ၊ အခန်းရောက်တာနဲ့ ခေါ်နော်။ ပြီးတော့ ဟိုအဖွဲ့လေးမှာလည်း သွားရေးဦးနော် ”

“ အင်းပါ နွယ်ရဲ့ ရေးမှာပေါ့ ”

“ ဒါဆို ဒါပဲနော် ”

“ အိုကေ နွယ် ”

“ - - - - ”

အလွမ်း ဆိုသော မမြင်ရတဲ့ ဝေဒနာကို ကြိုတင် ကျရောက်လာသလို ထိထိမိမိ ခံစားမိစေသည်။ နောက်ထပ် ရက် ၂၀ ကျော် ဆိုရင် နွယ် မြန်မာနိုင်ငံကို အလည်ပြန်တော့မှာပါလား ဆိုသော စိတ်ခံစားမှုက ပူလောင်သထက် ပူလောင်လာမိသည်။ အလုပ်ထဲကို စိတ်ထည့်ထားခြင်းကသာ ကိုယ့်အတွက် ကြိုတင် အလွမ်း ဝေဒနာတွေကို ဖြေဖို့ အကောင်းဆုံး မဟုတ်ပါလား။



“ တုန် ”  ဆိုသော အသံနဲ့ အတူ Gtalk လေးကို ဖွင့်ဖွင့်ချင်း ဘောက်စ်လေး တစ်ခု တတ်လာ၏။ ကြည့်လိုက်တော့ ကိုဟိန်း ရေးပို့ထားသော Offline Message ဖြစ်သည်။

“ အစ်ကို . . ၊ LC မှာ “ အွန်လိုင်းချစ်သူ ” ဆိုပြီးတော့  အဖွဲ့လေး ထပ်လုပ်ထားတယ် အစ်ကို။ မထင်မှတ်ဘဲနဲ့ ဝင်လိုက်ကြတာ နည်းတာမှ မဟုတ်ဘူး အစ်ကိုရေ။ ပြီးတော့ အခုမှ ချစ်ပြတဲ့ လူတွေ ၊ အသည်းကွဲပြတဲ့ လူတွေ တန်းစီ ပေါ်လာတော့တာပဲ။ ကျွန်တော်ကတော့ လုပ်ပဲ လုပ်တတ်တာ အစ်ကို။ ဘာမှ သိပ်ပြီးတော့ သူများ ခံစားနေရတာကို အားမပေးတတ်ဘူး။ ကိုယ်က သွားပြောမှ ပိုဆိုးနေဦးမယ်။ ဒါကြောင့် ဒီအဖွဲ့လေးကိုလည်း အစ်ကို့ လက်ထဲပဲ အပ်ပါတယ် အဟီး။ သူတို့ မေးသမျှလေးတွေကို ပြန်ဖြေပေးလိုက်ပါ အစ်ကို။ ကျွန်တော်က တကယ်ကို ဘယ်လို ပြန်ဖြေရမှန်း မသိလို့ပါ။ ”

ကိုဟိန်း ရေးထားတာကို ဖတ်ပြီး ကိုယ်လည်း အတော်ကို စိတ်ဝင်စားကာ သွားကြည့်တော့ မန်ဘာတွေ အတော်များများ ဝင်ထားပြီး များများစားစားကို ရင်ဖွင့်ထား၏။ ကိုယ်သန်ရာ သန်ရာ ၊ ယုံကြည်ရာ ယုံကြည်ရာကို ပျော်ဝင်စွာ ပြောဆို နေကြတာမျိုး ဖြစ်သည်။ Discussion တစ်ခုကို တွေ့လို့ ခေါင်းစဉ်ကို ကြည့်လိုက်တော့ “ အွန်လိုင်း အချစ်ကို ယုံပါသလား ” တဲ့။ ဆွေးနွေးချက်ကို အစပြုသူကတော့ အများသိကြတဲ့ အတိုင်း ကိုယ့်ရဲ့ ချစ်သူ “ နွယ် ” ပါပဲ။

ဒီဆွေးနွေးချက်ထဲ ဝင်ဖတ်လိုက်တော့ အတော်ကို အားရပါးရ ဆွေးနွေးထားကြတာပဲ။ ယုံသည် ၊ မယုံဘူး အစရှိသဖြင့် အပြန်အလှန်ဖြင့် အချက်အလက်တွေနဲ့ကို ပြောထားကြ ၊ ဆိုထားကြ၏။ ရုတ်တရက် ဘာဝင်ပြောရမှန်းကို မသိ။ နောက်မှ အချက် တစ်ခုကို စဉ်းစားမိပြီး ဝင်ရေးဖြစ်၏။

“ အချစ်ဆိုတာ ဘယ်လိုပုံပန်း သဏ္ဍာန်နဲ့ လူတစ်ယောက်ဆီကို ရောက်လာလိမ့်မယ် ဆိုတာ ဘယ်သူ့မှ သေချာ မပြောနိုင်ပါဘူး။ ဒါကြောင့် အချစ်ကို ရှော့ပင်ထွက်ရင်း တွေ့ခွင့်ရမလား ၊ ကျောင်းက ကော်ရစ်တာ ထောင့်ချိုးမှာ နှစ်ယောက်သား ဝင်တိုက်မိပြီး ပြုတ်ကျသွားတဲ့ စာအုပ်တွေကို ပြန်ကောက်ပေးရင်း အချစ်ကို တွေ့ခွင့်ရမလား ၊ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ အချိန်မှာ ကျောင်းထဲကို ပြေးဝင်ရင်း သူ့ဖိနပ်ကို တတ်နင်းမိ ၊ သူ့ဖိနပ်က ပြတ် ၊ ဒါကို ပြန်ဝယ်ပေးရင်း အချစ်ကို တွေ့ရလေမလား ၊ ဒါမှ မဟုတ် လူကြပ်ကြပ် ဘတ်စ်ကားထဲ အတင်းတိုးဝှေ့ စီးရင်း သူ့ကို မသမာသူတွေဆီက အကူအညီပေးရင်း အချစ်ကို တွေ့ခွင့် ရလေမလား။

ဒီလိုတွေသာ ပုံသေ ကားချပ်ကျသော အချစ် သီအိုရီ ဆိုတာသာ ရှိခဲ့ရင် လူတွေ အားလုံးအပေါ်မှာ အချစ်ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ထူးဆန်းတော့မလဲ။ အချစ် ဟုတ်လား။ အချစ်ကို လိုချင်ရင် အောက်စီဂျင် တစ်ဆ နဲ့ ဟိုက်ဒရိုဂျင် နှစ်ဆ ရောလိုက်လေ ၊ ဒါဆို ရေဖြစ်ပြီ ဆိုသလို ဓါတ်ခွဲခန်းက ထုတ်တဲ့ ဖော်မြူလာလို ဖော်ထုတ်လို့ ရတာမျိုးမှ မဟုတ်တာပဲ။ အချစ်ဆိုတာ သူ့ဖာသာ ဘယ်နေရာကို ရောက်နေမှန်း မသိတဲ့ ဒြပ်စင် တစ်ခုပဲ ဖြစ်တယ်။ ဒါကို ကျားကုတ်ကျားခဲ ရှာဖွေရတာ မဟုတ်လား။

အချစ်ဆိုတာ ကိုယ်က အလစ်အငိုက်မှာ ပင့်လက်သီး ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ မှောက်လျက် ကျနေတော့မှ ငါတော့ ထိပြီဟ ဆိုကာ သိလိုက်ရတဲ့ လက်သီးပုန်း တစ်မျိုးပဲ မဟုတ်လား။ ဒါကြောင့် အချစ်ဆိုတာ ဘယ်အိတ်ထဲကမှ ထုတ်ပြလို့ မရသလို ၊ ဘယ်ဓါတ်ခွဲခန်းကမှလည်း ဖော်ထုတ်လို့ မရပါဘူး။ ဒါကြောင့် အချစ်ဆိုတာ အွန်လိုင်းကပဲ ဖြစ်လာလာ ၊ အော့လိုင်းကပဲ ဖြစ်လာလာ အချစ်ဟာ အချစ်ပါပဲ။ ”

ရေးထားတဲ့ ကိုယ့်ရဲ့စာလေးကို ပြန်ဖတ်ပြီး စာလုံးပေါင်းတွေ စစ်နေတုန်း ရှိသေး . . .

“ တီြ. . .တီၤြ. . .တီြ. . . ”

ဟဲ့. . . လန့်လိုက်တာ။ စာထဲမှာ အာရုံဝင်စားနေတော့ ရုတ်တရက် တတ်လာတဲ့ Gtalk က ဖုန်းကောလေးကို လန့်သွားမိသည်။ ပြီမှ  ကြည့်လိုက်တော့ နွယ်က လှမ်းခေါ်တာ ဖြစ်သည်။

“ ဟလို  . . ပြောလေ နွယ် ”

ခေါ်ဖုန်းလေးကို ကိုင်လိုက်ပြီး ကိုယ် နွယ့်ကို ပြောလိုက်သည်။

“ ဟာ . . . ကိုကကွာ ၊ ဒီလောက် ပြောထားတာတောင်မှ ဘာလို့ နွယ့်ကို ရောက်ရောက်ချင်း မနှိုးတာလဲ ၊ နွယ်တို့မှာ တွေ့ဖို့ အချိန် မရှိတော့ပါဘူး ဆိုနေမှ ”

“ ဆောရီး. . . ဆောရီး. . . ကိုယ်လည်း ပြန်ရောက်ကတည်းက နွယ် ညက ပြောထားတဲ့ “ အွန်လိုင်းအချစ် ” အဖွဲ့လေးကို ဝင်ပြီး စာတွေ ဖတ်နေမိလို့ပါ။ အခုလည်း နွယ် ဖွင့်ထားတဲ့ ဆွေးနွေးချက်ကို ပြန်ရေးနေတာလေ။ ”

“ တကယ်လား . . ”

“ ဟ . . . တကယ်ပေါကွ ၊ ဒါ လိမ်စရာမှ မဟုတ်တာ . . . ”

“ မသိဘူးလေ. . နွယ့်ကို မနှိုးဘဲ ဘယ်က ကောင်မလေးတွေနဲ့ ချက်နေတာလဲလို့ နွယ် အခု ရုတ်တရက် နိုးနိုးချင်း လှမ်းခေါ်လိုက်တာ . . . ”

“ အာ. . . မဟုတ်တာဘဲကွာ။ ဘယ်က ဘယ်သူနဲ့ ချက်ရမှာလဲ ”

“ မသိဘူးလေ။ ကို့ ဘလော့မှာ ဆိုရင်လည်း ကောင်မလေးတွေပဲ လာဖတ်နေကြတာ များတယ်လေ။ ပြီးတော့ ဘာညာနဲ့ ဖြစ်မလာဘူးလို့ ပြောလို့ ရလို့လား ၊ မပြောလိုက်ချင်ဘူး ဘလော့ပိုင်ရှင်ကလည်း ခပ်ကဲကဲ ဖြစ်နေတာ နေမှာ . . ”

“ ဟော . . . လုပ်လာပြန်ပြီ ၊ နွယ် ပြောသလို ဆိုရင် ကိုယ်ကပဲ ဘလော့ နဖူးစည်းမှာ “ မိန်းမ လာမဖတ်ရ ” လို့ပဲ ရေးရ မလိုလို ၊ အဲ . . . တကယ်လို့ အဲဒီလို ရေးပါပြီတဲ့ ကို့ ဘလော့က ဘယ်လို ဘလော့ကြီး ဖြစ်သွားမလဲ . . . ဟီးဟီး . . ပြောတာနဲ့တင် ရယ်ချင် စရာကြီး . .”

“ ဟိ . . .  ဟိဟိ ”

သူပြောတာကို ကိုယ်လည်း လိုက်ပြောရင်း စဉ်းစားရင်း ဘယ်လို အဓိပ္ပါယ်ပေါက်သွားလဲ မသိ။ နွယ်က တဟိဟိနဲ့ သဘောတွေ ကျနေပြန်သည်။ စိတ်ကောက်လွယ်သလို ၊ စိတ်ပြေလွယ်သော ကိုယ်ချစ်ရသော ချစ်သူ။

“ ဘာရယ်တာလဲကွ ”

“ ဘာရယ်ရယ်ပေါ့ ပြောစရာလား ၊ ဒါနဲ့ ဘယ်မှာလည်း အခု ကို ရေးနေတယ် ဆိုတဲ့ ကွန်မန့် မတွေ့ပါဘူး ”

“ ရေးထားယုံပဲ ရှိသေးတယ်လေ။ စာလုံးပေါင်း စစ်နေတုန်းမှာ လာခေါ်တော့ မတင်ရသေးဘူးလေ ”

“ သြ. . . . ဂလိုလား ၊ ဒါဆိုလည်း တင်တော့လေ ၊ နွယ် ဖတ်ချင်လာပြီ ”

“ အင်း . . တင်လိုက်ပြီ ”

“ အိုကေ . . . ဟေး . . . ”

ကလေးတွေလို ပျော်ရွှင်စွာ အော်ရင်း ပြီးတော့ ခဏငြိမ်ပြီး သူမ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ. . .

“ ထောက်ခံတယ် ထောက်ခံတယ် ၊ ကိုရေးထားတာကို ထောက်ခံပါတယ်။ လူတွေက အွန်လိုင်းက ချစ်တာနဲ့ အလကား လိုလို ပြောတတ်ကြတယ်။ တကယ်တော့ အချစ်က အချစ်ပဲ မဟုတ်ဘူးလား ကိုရယ် . . နော် ”

“ ဒါပေါ့ နွယ်ရာ။ ကိုတို့ နှစ်ယောက် အွန်လိုင်းက ချစ်ကြတာမို့ ပြောတယ်လို့ ဆိုချင်လည်း ဆိုပေါ့။ ဘယ်တတ်နိုင်မလဲ ၊ ဒါပေမဲ့ အချစ်ဆိုတာ ဘယ်သူမှ သေချာ ပုံဖမ်းပြလို့ ရတာမှ မဟုတ်တာပဲ ”

“ အင်း . . . ”

ပြီးတော့ နှစ်ယောက်စလုံး ပြောစရာ စကား ဆွံ့အသွားသလို ဖြစ်ကာ တိတ်ဆိတ် သွားတော့သည်။ တိတ်ဆိတ်ခြင်းကို တိတ်ဆိတ်ခြင်းက ငြိမ်သက် ခြောက်လှန့်နေသလိုမျိုး။

“ ကို . . . ”

“ ဟင်. . . ပြောလေ နွယ် ”

“ နွယ် Vacation ပြန်ရမဲ့ ရက်က တစ်နေ့ထက် တစ်နေ့ကို နီးလာပြီ ကို ”

“ အင်း . . . ”

“ နွယ် Vacation ပြန်တဲ့ အချိန်မှာ ကို လိုင်းပေါ်တတ်ပြီး ကောင်မလေးတွေနဲ့ မချက်ရဘူးနော် ”

“ အာ . . မချက်ပါဘူး နွယ်ရယ် ၊ ကို့မှာ နွယ့်ကို လွမ်းနေတာနဲ့တင် ဘာမှကို သတိရမှာ မဟုတ်ပါဘူး ”

“ ပြီးတော့ ဘလော့ လာဖတ်တဲ့ ကောင်မလေးတွေနဲ့လည်း ဟီးဟီးဟားဟား. . . ပရောပရီ မလုပ်ရဘူးနော် ”
“ ဟုတ်. . .  အဲ . . . ဘလော့ လာဖတ်တယ် ဆိုတာ စာအုပ်ဆိုင်မှာ စာအုပ် လာငှားသလို လူကို မြင်ရတာမှ မဟုတ်တာလေ ၊ ကိုက လုပ်ချင်တယ် ဆိုတာတောင်မှ ဘယ်လို လုပ်လို့ ရမလဲ ”

“ တွေ့လား ဆင်ခြင်က တတ်လာပြီ ၊ ဒါတွေပဲ ဒါတွေပဲ . . ၊ ပြန်မဲ့ လူကို စိတ်မချအောင် လုပ်တယ် ၊ ဟုတ်ကဲ့ပါ ဆိုပြီးတော့ တောင်မှ မပြောနိုင်ဘူး ”

“ သြ သြ . .  ဟုတ်ကဲ့ပါဗျာ။ ကို မလုပ်ပါဘူး ၊ နောက်တော့ကော. . . ”

“ နောက်ပြီး . . . အခု LC မှာလည်း ကောင်မလေးတွေ အိမ်ကို သွားမလည်နဲ့နော် ၊ “ လာလည်ပါတယ် ခင်ဗျာ ၊ နေကောင်းရဲ့လား ” ဆိုပြီးလည်း သွားမလုပ်နဲ့နော်။ ”

“ ဟာ . . . အဲ . . . ဟုတ်ကဲ့ပါ မလုပ်ပါဘူး ၊ နောက်ရော . . . . ”

“ နောက်ပြီး ကောင်မလေးတွေက လာပြီး ကို့နေရာမှာ ပန်းတွေ ဘာတွေ ညာတွေ လာပေးတယ် ဆိုရင်လည်း ပီတိတွေ ဖြစ်ပြီး ပြုံးတုံးတုံးကြီး ဖြစ်နေနဲ့နော်။ ဒါတွေကို လက်မခံနဲ့ သိလား ”

“ ဟုတ်. . . . ”

“ ကို့မှာ နွယ် ရှိနေတာပဲလေ။ နွယ် ပြန်လာရင် ကို့ကို ပန်းလေးတွေ အရုပ်လေးတွေ ၊ ပုံ လှလှလေးတွေ လာပေးမှာပေါ့ ”

“ ဟုတ်ပါပြီ . . . စိတ်ချ။ ကို ဘာမှ မလုပ်ဘူး။ နွယ် ကို့ဘေးမှာ မရှိတဲ့ အချိန်တွေဆိုလည်း ကို့ဘေးမှာ ရှိနေသလိုမျိုးနဲ့ ကို နေပါ့မယ် ”

“ တကယ်နော်. . . ကတိနော် ”

“ အင်းပါ . . . ကတိ . . . ကတိ ”

အဲဒီလိုနဲ့ နေ့တိုင်း ပြောလိုက် ဆိုလိုက် သတိတွေ ပေးလိုက် ၊ မှာစရာ ရှိတာတွေ မှာလိုက်နဲ့ နေရက်တွေက တဖြုတ်ဖြုတ်နဲ့ ကြွေလာခဲ့ပါသည်။ တစ်ရက်ကုန်တိုင်း နွယ် အလည်ပြန်ရဖို့ တစ်ရက်နီးသွားသလို ကိုယ်နဲ့ ဝေးဖို့ ဖြစ်လာပါလား ဆိုသော အသိ နဲ့ အခုလို နေ့တိုင်း တွေ့နိုင်ဖို့ အခွင့်အရေး တစ်ရက် နည်းသွားတာပဲ ဆိုသော စိတ်ကြောင့် ထုံထိုင်းနေမိသည်။

နွယ် Vacation ပြန်ရမဲ့ နေ့ မတိုင်ခင်မှာ ကိုယ် မှတ်မိ နေပါသေးတယ်။ ပြန်ခါနီးမို့ အလုပ်နားထားတဲ့ နွယ် တစ်ညလုံး မအိပ်ဘဲ ကိုယ်နဲ့ စကားပြောနေခဲ့သည်။ မနက် မိုးလင်းတော့မှ ထပြင်ဆင်ပြီး လေယာဉ်ကွင်းကို ဆင်းဖို့ ပြင်တော့ နောက်ဆုံး အနေနဲ့ ပြောနေတဲ့ Gtalk လေးကို မပိတ်ခင် ၊ နွယ့်ကို ကိုယ် ကြည့်နေတဲ့ VZO လေး မပိတ်ခင်မှာ နွယ်က လှမ်းပြော၏။

“ ကို့ကို နွယ် အခု လေယာဉ်ကွင်း ဆင်းခါနီး ပုံလေး ပို့ပေးဦးမယ်။ ခဏနော်။ တစ်ယောက်ယောက်ကို သွားရိုက်ခိုင်း လိုက်ဦးမယ်။ ”

“ အင်း . . . ”

ခဏနေတော့ နွယ် ပြန်ရောက်လာပြီး ကင်မရာကို ကွန်ပျူတာမှာ တပ်ပြီး Gtalk Sent Files ကနေ လှမ်းပို့ပေး၏။ နွယ် ပို့ပေးသော ဓါတ်ပုံလေးကို ကို ဒေါင်းလုပ် ဆွဲယူနေရင်း နွယ်က မေးသည်။

“ ကို . . . ”

“ ဟင်. . . ပြောလေ ”

တခဏတာ ဆိုသော ၄၅ ရက် ဆိုပေမဲ့ အလွမ်းကို ကိုယ် ဘယ်လိုများ ထိန်းသိမ်းရင်း နေရပါ့မလဲ ဆိုသော အသိစိတ်ကြောင့် နှစ်ဦးစလုံးရဲ့ စကားသံတွေက တုန်ရီ ဝေဝါးနေကြသည်။

“ နွယ် . . . ကို့ကို ပို့ပေးထားတဲ့ ဓါတ်ပုံတွေ ၊ စာတွေ  ၊ ကဗျာတွေ ဗီဒီယို  ဖိုင်လေးတွေ ကို သေချာ သိမ်းထားရဲ့လား ကို ”

“ သိမ်းထားတာပေါ့ နွယ်ရယ် ”

“ ဘယ်သူ့မှလည်း လျှောက်မပြနဲ့နော် ”

“ အင်းပါ ကိုက ဘယ်သူ့ကို ပြရမှာလဲ ၊ ကို့ချစ်သူကို သူများက မျက်လုံးစွေပြီး ကြည့်တာတောင်မှ ခံချင်တာ မဟုတ်ဘူး။ ကို့ဖာသာပဲ တစ်ယောက်တည်း ကြည့်မှာ . . . ”

“ အင်းပါ နွယ်ကလည်း ကို တစ်ယောက်တည်း ကြည့်ဖို့ ပေးတာပါ။ အထူးသဖြင့် ဗီဒီယို ဖိုင်တွေကို သတိထား ကိုရယ်။ နွယ်က  နွယ် ရှော့ပင်သွားရင် ကိုလည်း အတူတူ သွားသလို ဖြစ်အောင် ဗီဒီယိုလေး ရိုက်ပြီး ကို့ဆီ ပို့ပေးထားတာလေ။ အဲဒီမှာ သူငယ်ချင်းတွေက အနောက်ကနေ ရိုက် ၊ နွယ်က အရှေ့ကနေ ကို့ကို သရုပ်ဆောင်ပြနေတာ ဆိုတော့ သူများ ကြည့်ရင် ရှက်စရာကြီး ကိုရဲ့ ”

“ အင်းပါ ၊ စိတ်မပူပါနဲ့ နွယ်ရယ် ၊ ကိုကလေ နွယ့်ထက်တောင်မှ ပိုပြီးတော့ စိတ်ပူပြီး ဂရုစိုက် ထားပါသေးတယ်။ အဟဲ. . . နွယ် ဆူမှာ စိုးလို့ ကိုယ်က မပြောတာ . . . . ”

“ ဟင်. . .  ဘာလဲ  ပြော . . ၊ နွယ် မသိအောင် ကို ဘာတွေ လုပ်ထားလဲ ပြော ”

“ အာ . . . အဲဒီလို မဟုတ်ပါဘူးကွာ။ ကိုက နွယ့်ရဲ့ ဓါတ်ပုံတွေ ၊ စာတွေ ၊ ကဗျာတွေ ၊ ဗီဒီယို ဖိုင်တွေကို ပျက်သွားမှာ ပျောက်သွားမှာ စိုးလို့ External Hard Disk တစ်လုံးဝယ်ပြီး အဲဒီအထဲမှာ အားလုံးကို စုထားတာပါကွ။ ”

“ ဟုတ်လား ၊ ဒါဆိုရင်လည်း အဲဒီ External Hard Disk ကို ဂရုစိုက်ဦးနော်။ သူများက ယူပြီး ကူးသွားလို့ နွယ့်ပုံတွေ တခြားကို ရောက်ကုန်ဦးမယ် ”

“ ဟားဟားဟား. . . .  စိတ်ချ နွယ်ရေ ၊ ကိုက နွယ် ပုံတွေ ၊ စာတွေ အားလုံးကို Password ခံထားတာပါ။ သူတို့ ဒီ Hard Disk ကြီးကို ရသွားရင်တောင်မှ Password မသိရင်  ဘာမှ လုပ်လို့ မရပါဘူးကွာ ”

“ ဒီလိုလား ၊ ဒါဆိုလည်း တော်ပါသေးရဲ့၊ ဒါပေမဲ့ ဒီလို ဆိုပြီးလည်း မပျောက်စေနဲ့ပေါ့ ကိုရယ် ၊ ဂရုစိုက်ပေါ့ ”

“ အင်းပါ ၊ စိတ်ချနွယ် ။ ကို ဘယ်လောက် ဂရုစိုက်လဲ သိလား ၊ ဒါကြောင့်မို့ ဒီ Hard Disk ကို နာမည်တောင်မှ ပေးထားသေးတယ် ”

“ ဘာလဲ . . ဘယ်လို ပေးထားတာလဲ ”

“ ကိုယ့်ရဲ့ ချစ်သူ ၊ ကိုယ့်ချစ်သူရဲ့ ပုံရိပ်တွေ ၊ ကဗျာတွေ  ၊ စာတွေ သိမ်းထားတဲ့ နေရာဆိုတော့ ကို့ရဲ့ တန်ဖိုး အထားဆုံး ၊ အမြတ်နိုးဆုံး အရာလေး ဖြစ်နေတာလေ ဒီ Hard Disk လေးက။ ဒီတော့ ကိုက သူ့ကို ကို့ရဲ့နှလုံးသားလေး သိမ်းထားတဲ့ နေရာလေးလို့ ယူဆပြီး ဂရုစိုက် ၊ တန်ဖိုး ထားပြီး သိမ်းထားတာပါ။ ”

“ အင်း . . . ”

“ ဒါကြောင့် အဲဒီ Hard Disk လေးကို ကိုက “ နှလုံးသား ရှိရာ ” ဆိုပြီးတော့ တောင်မှ နာမည်ပေးထားတာ ”

“ ဟယ် . . . တကယ်လား ”

“ တကယ်ပေါ့။ တကယ်လည်း ကို့် နှလုံးသား ပုံရိပ်လေးတွေ ရှိနေတဲ့ နေရာလေးပါပဲ

“ ဒါဆိုလည်း နွယ် မရှိတုန်း ၊ နွယ်နဲ့ မတွေ့ရခင် အချိန်ထိ ကို့ရဲ့ နှလုံးသား ရှိရာလေးကို ဂရုစိုက်ပြီး သိမ်းနော် ကို ”

“ စိတ်ချ နွယ်ရေ ”

“ ဒါဆို နွယ် သွားတော့မယ်နော် ၊ နွယ် လေယာဉ်ကွင်း ရောက်ရင် ကို့ဆီကို ဖုန်းခေါ်မယ် ၊ နောက်ပြီး စင်ကာပူ လေယာဉ်ကွင်း ရောက်ရင်လည်း တနည်းနည်းနဲ့ ရအောင် ခေါ်မယ်။ မြန်မာနိုင်ငံ ပြန်ရောက်ရင်တော့ နွယ် အဆင်ပြေတာနဲ့ လိုင်းပေါ် တတ်လာခဲ့မယ် ကို ”

“ အိုကေ နွယ် ၊ ကို့ကို ဘာမှ စိတ်မပူနဲ့နော်။ နွယ် ကို့ဘေးနား မရှိပေမဲ့ ဘေးနားမှာ ရှိနေသလို နေမှာပါ ”

“ ကျန်းမာရေးလည်း ဂရုစိုက် ကို ၊ မြန်မာနိုင်ငံမှာ အဆင်ပြေတာနဲ့ နွယ် လိုင်းပေါ်တတ်ခဲ့မှာပါ။ နွယ်လည်း ကို့ကို လွမ်းနေမှာပဲလေ ”

“ ကိုလည်း သိပါတယ် နွယ် ”

“ ဒါဆို နွယ် ပိတ်လိုက်တော့မယ် ကို ”

“ အင်း . . အရာရာ ဂရုစိုက် နွယ် ”

“ ဟုတ် . . ၊ ကို . . ”

“ ဟေ . . ပြောလေ နွယ် ”

*

*

“ နွယ် ပိတ်လိုက်တော့မယ်နော် ”

“ အေးအေး . . ”

ပြီးတော့ ရုတ်ခနဲ မှောင်သွားတဲ့ နွယ့် အကောင့်လေးကို ကိုယ် ထိုင်ကြည့်နေမိသည်။ ကိုယ် အိပ်လို့လည်း မရတော့ပါ။ အခန်းထဲကနေ နွယ် အထွက်မှာ လေယာဉ်ကွင်းကို လိုက်ပို့ပေးမဲ့ ကားပေါ်သို့ တတ်တာ ၊ ကားပေါ်မှာ နွယ် ပါသွားတာ ၊ လေယာဉ်ကွင်းကို နွယ်ရောက်လို့ ကားပေါ်က ဆင်းတာ ၊ လေယာဉ်ကွင်းထဲကို ပစ္စည်းတွေ ချပြီး တွန်းဝင်သွားတာ ၊ နောက်တော့ ပစ္စည်းတွေ အပ်ပြီး Boarding Pass ဘာညာ စာရွက်စာတမ်းတွေ လုပ်နေတာ ၊ အားလုံး . . . အားလုံး . . . ကိုယ် နွယ့်ဘေးမှာ ပါသွားသလို ကိုယ့်စိတ်နဲ့ လိုက်ပါသွားမိသည်။

“ နွယ် မြန်မာနိုင်ငံကို ချောချော မောမော ရောက်ပါစေ ”



အထီးကျန်မှု ဆိုသော အရာရဲ့ တိတိပပ ထိုးနှက်မှုကို ဆွေးဆွေးမြေ့မြေ့ ခံစားနေရတဲ့ အချိန်ပဲ ဖြစ်၏။ UAE လေယာဉ်ကွင်းကနေပြီး နွယ့်ဖုန်းထဲမှာ ထည့်ထားသမျှ Credit ကုန်အောင် ကိုယ်တို့ ပြောကြ၏။ ပြီးတော့ နွယ် ပြောထားတဲ့ အချိန်မှာ လေယာဉ်ပျံထဲ နွယ် ရောက်နေပြီ ဆိုသော စိတ်ဖြင့် ကိုယ် လိုက်ပါသွားမိသည်။ Transit ဖြစ်သော စင်ကာပူမှာ နွယ် ရောက်နေလောက်ပြီ ဆိုသော အသိကလည်း လူနဲ့ စိတ်ကို နှစ်ကိုယ် ခွဲထားမိစေသည်။

“ တီတီ . . တီ  .. . . . . ”

ဖုန်းခေါ်သံ ကြားရင်ကို ဘယ်ကရယ် မကြည့်အား ကမန်းကတမ်း ကိုင်လိုက်မိသည်။ ကံကောင်းစွာပဲ . . .

“ ဟလို . . . ”

“ ကို  . . နွယ် အကြွေစေ့ဖုန်းနဲ့ ဆက်နေတာ ၊ ကို နေကောင်းတယ် မဟုတ်လား ”

“ ကောင်းတယ် နွယ် ၊ နွယ်ရော အဆင်ပြေရဲ့လား ၊ ကို စိတ်ပူနေတာ ”

“ မပူပါနဲ့ ကိုရဲ့ ၊ နွယ် အစစ အရာရာ အဆင်ပြေပါတယ်။ ကိုပဲ နေကောင်းအောင် နေနော် ”

“ အင်းပါ . . . ဟိုရောက်ရင် နွယ် ကျန်းမာရေးကိုလည်း ဂရုစိုက် . . . ”

“ ဟုတ်ကဲ့ ကို . . ၊ ဟိုရောက်မှ. . . . . . .. . . . . ..  . . . . .. . . . ..”

တိခနဲ ဖုန်းသံက ပြတ်တောက် သွားတော့သည်။ အကြွေစေ့ ကုန်သွားတာ ဖြစ်နိုင်သည်။ နောက်ပြီး Transit ဆိုတော့ ရန်ကုန်ကို ပြောင်းစီးဖို့ လေယာဉ် ချိန် နီးလာလို့ နောက်ထပ် မခေါ်တော့တာလည်း ဖြစ်နိုင်သည်။ ဒီလို အသိတွေ ရှိပေမဲ့ ကိုယ် ထရမလို ၊ ထရမလို ဖြစ်နေမိသည်။ စင်ကာပူ ကနေ ရန်ကုန်ကို ပျံသန်းသွားသော လေယာဉ်ပျံရဲ့ နဘေးမှာ ကိုယ့်ကိုယ်ကိုယ် တွဲလောင်း ချိတ်ခေါ်သွားသလို ရင်ထဲ တထိတ်ထိတ်နဲ့ ကိုယ့်စိတ်တွေ လိုက်ပါသွားမိသည်။

ဒီအချိန်ဆိုရင် နွယ် လေယာဉ်ပျံပေါ်ကို ရောက်နေလောက်ပါပြီ။

ဒီအချိန်ဆိုရင် နွယ်တို့ လေယာဉ်ပျံ ရန်ကုန် လေဆိပ်ကို ဆိုက်နေလောက်ပြီ။

ဒီအချိန်ဆိုရင် နွယ် အိမ်ကို ပြန်တဲ့ ကားပေါ်ကို ရောက်နေလောက်ပြီ။

ဒီအချိန်ဆိုရင် နွယ် အိမ်ကို ရောက်နေလောက်ပြီ။

ဒီအချိန်ဆိုရင် နွယ် မိသားစုတွေနဲ့ တွေ့ပြီး ပျော်နေလောက်ပြီ။

ဒီအချိန်လောက် ဆိုရင် နွယ် ပင်ပန်းပြီး အိပ်နေလောက်ပြီ။

နွယ့်အကြောင်းကို အချိန်တိုင်း တွေးပြီး ရင်မောနေခဲ့ရသည်။ အိမ်ကို ပြန်ရောက်သွားတဲ့ လူတစ်ယောက် ဆိုတာ ချက်ချင်းတော့ အရာရာဟာ ဘယ် အသားကျလေလိမ့်မလဲ ဆိုပြီး ကိုယ့်ဖာသာကိုယ် ဖြေတွေးရင်းကို နွယ် ဘယ်တော့ အွန်လိုင်းပေါ် တတ်လာလေမလဲ ဆိုပြီး ကွန်ပျူတာကို ၂၄ နာရီ ဖွင့်ထားက စောင့်နေမိ၏။ တကယ်လို့ ညပိုင်း နွယ်  . . . သူ့အဒေါ်အိမ်ကနေ တတ်လာခဲ့လို့ ငါက လိုင်းပေါ်မှာ မရှိရင် လွဲနေဦးမယ် ဆိုသော အသိစိတ်ကြောင့် အမြဲတမ်း လိုင်းပေါ်မှာ ကိုယ် ရှိနေခဲ့သည်။

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးပြီး တစ်ပတ်ပြီး တစ်ပတ်ကို ဖြတ်သန်းသွားသည်။ ဒုတိယ အပတ်ထဲမှာ ကိုယ့်ဖုန်းကို ဖုန်းဝင်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ နံပါတ် ၃ လုံးသာ ပေါ်သော နံပါတ် တစ်ခု။

“ ဟလို  . .. ”

“ ကို နွယ်. . . နွယ် ဆက်တာ . . ”

“ ဟာ . . . . နွယ် . . . ဘာနဲ့ ဆက်တာလဲ ၊ ဖုန်းဖိုးတွေ ကုန်နေဦးမယ် ၊ ကို ပြန်ခေါ်လိုက်မယ်လေ ”

“ ရတယ် ကို ၊ နွယ် အခု ဆက်နေတာ Pfingo ဆိုတာနဲ့ ဆက်နေတာ ကို ၊ ကို နေကောင်းရဲ့လား ”

“ ကို နေကောင်းပါတယ် နွယ် ၊ နွယ်ရော နေကောင်းရဲ့လား ၊ ကို နွယ် လာရင် လွဲနေမှာ စိုးလို့ ကောင်းကောင်းတောင်မှ အိပ်လို့ မပျော်ဘူး။ အခုတော့ ဝမ်းသာလိုက်တာ ၊ စောင့်ရကျိုး နပ်တာပဲ ”

“ ဖြစ်ရလေ ကိုရယ် ၊ နွယ် လာမှာပေါ့။ ရောက်ခါစ ဆိုတော့ အရာရာက အသားမကျသေးလို့ပါ။ အခုတောင်မှ ကို့ဆီ လာမယ် ဆိုပြီး တခြား အကြောင်းပြ ထွက်လာတာ ”

“ သြော်. . . နွယ့် မိသားစုတွေရော အဆင်ပြေရဲ့လား ”

“ ပြေတော့ ပြေပါတယ် ကို ၊ ဒါတွေ နောက်မှ နွယ်ပြောပြပါ့မယ်။ အခုတော့ နွယ်တို့ အရင် အိမ်မှာ မဟုတ်တော့ဘဲ ၊ အိမ်လည်း ပြောင်းနေလို့ ဒါကြောင့် ကို့ဆီ ချက်ချင်း မရောက်တာပါ ”

“ အာ . . ရတယ် ရတယ် နွယ်။ ပြန်တုန်းလေးတော့ သူတို့ကိုလည်း အချိန်ပေးလိုက်ပါဦး။ နွယ် ဒီကို ပြန်လာရင် ကိုတို့ အရင်ကလို ပြန်တွေ့လို့ ရတာပဲလေ။ နွယ် သိတဲ့ အတိုင်း ကိုက စိတ်ပူတတ်လို့ မျှော်မိတာပါ ”

“ အင်းပါ ကိုရယ် ၊ ကို သတိရနေသလို နွယ်ကလည်း ဘာလုပ်လုပ် ကို့ကို သတိရနေတာပါ။ ကို ကျန်းမာရေးလည်း ဂရုစိုက်နော် ”

“ အင်း နွယ်လည်း ဂရုစိုက် ”

“ ဒါဆို နွယ် ဖုန်းချလိုက်တော့မယ် ကို။ နွယ် တခြား ကိစ္စ တစ်ခုနဲ့ သွားစရာ ရှိသေးတယ်။ နောက်မှ နွယ် အေးဆေး ထပ်လာခဲ့ပါဦးမယ်။ ”

“ အိုကေ နွယ် ၊ ရောက်တုန်း ရောက်ခိုက်မှာတော့ သူတို့ကို အချိန်ပေးလိုက်ပါ နွယ်ရယ် ”

“ ဟုတ်. . . . ၊ ဒါဆို နွယ် ဖုန်းချလိုက်တော့မယ်နော် ၊ နောက်မှ လာခဲ့မယ် ကို ”

“ အင်း . . . ”

“ - - - - - -  ”

ဘာပဲ ပြောပြော ဘာသတင်းမှ မကြားရဘဲ နွယ့်ကို မျှော်နေတာထက် စာရင် အခုလို နွယ့်အသံလေးကို ကြားလိုက်ရတယ် ဆိုတော့ ကိုယ် စောင့်ရတာ အားရှိပါသည်။ နွယ်လည်း နွယ် မိသားစုကြားထဲမှာ အလုပ်တွေ အတော်ကို ရှုပ်နေခဲ့မှာ သေချာပါသည်။ ဒါကြောင့် နွယ့်မှာ မအားလပ်နိုင် ဖြစ်နေခဲ့ရတာ ဖြစ်မည်။ အလည်ပြန်သော ၄၅ ရက်ဆိုသော အချိန်ကလည်း ဘာများ များများစားစား လုပ်နိုင်မှာမို့လို့လဲ။ ရောက်တုန်း ရောက်ခိုက်လေး မိသားစုကို အချိန်ပေးပါစေလေ။

ကိုယ် စိတ်ရှည်စွာ စောင့်ပါမည်။



“ ကို မနက်ဖြန် မနက် ၁၀ နာရီ အွန်လိုင်း တတ်လာခဲ့မယ် နော် ”

ဆိုသော မက်ဆေ့လေးကို မနေ့က အိပ်ယာနိုးတော့ ဖတ်လိုက်ရသည်။ ဒါကြောင့် ဒီနေ့ မနက် ကိုယ် နွယ် အွန်လိုင်း တတ်အလာကို ထိုင်စောင့်နေမိ၏။ သတိရသော စိတ်ကတော့ နေ့ည မပြတ်ဖြစ်နေမိသည်။  နေ့တိုင်း ချစ်သူနဲ့ တွေ့နေရာကနေ မမြင် မတွေ့ရတော့ ရုတ်တရက် ဆေးဖြတ်ခံလိုက်ရသော ဆေးသမား တစ်ယောက်လို ဟိုနားက ယားသလိုလို ၊ ဒီနားကပဲ ကိုက်သလိုလို ဖြစ်နေမိသည်။ ချစ်သူရဲ့ မိသားစုနဲ့ တွေ့ခွင့်ရသော အိမ်အပြန် ဆိုတာကို သတိလေး ထားပြီး ဖြေတွေး တွေးမှ အနည်းငယ် သက်သာရာ ရ၏။

“ ကို  . . . နွယ့်ကို ထိုင် စောင့်နေတာလား ”

ဟော . . . အတွေးလွန်နေတာနဲ့ နွယ် အွန်လိုင်းပေါ် တတ်လာတာတောင်မှ သတိမထားမိလိုက်ဘူး။

“ ဟုတ်တယ် နွယ် ၊ နေကောင်းရဲ့လား ”

“ ကောင်းပါတယ် ကို ၊ ကိုရော ”

“ ကိုလည်း ကောင်းပါတယ် ၊ နွယ့် မိသားစုရော အဆင်ပြေကြလား ၊ ပြောင်းဖြစ်တဲ့ အိမ်အသစ်မှာရော အဆင်ပြေကြလား ”

“ ပြေပါတယ် ကိုရယ်။ ဒါတွေ ထားလိုက်ပါတော့လေ ၊ နောက်မှ နွယ် ကို့ကို အေးဆေး ပြောပြပါ့မယ် ”

“ အင်းပါ ၊ ကို့ အတွက်လည်း ဘာမှ မပူနဲ့ ၊ ကို အေးဆေးပဲနေတယ်နော်။ ဘယ်သူနဲ့မှလည်း မချက်ဘူး ”

“ ကို . . . ”

“ ဟေ . . . ပြောလေ နွယ် ”

“ နွယ် ၄၅ ရက် ပြည့်အောင် မနေတော့ဘူး ကို ၊ နွယ် သန်ဖက်ခါ ပြန်လာတော့မယ် ”

“ ဟင်. . . ဘယ်လို . . . ဘာဖြစ်လို့လဲ နွယ် ”

“ နွယ် စိတ်ညစ်တာလည်း ပါပါတယ်။ ဘာကြောင့် ဆိုတာကတော့ နွယ် ကို့ကို နောက်မှ ပြောပြမယ်။ ”

“ အင်း . . အခု နွယ် လေယာဉ် လက်မှတ်လည်း လုပ်ပြီးပြီ ၊ လိုအပ်တဲ့ ပစ္စည်းတွေလည်း အားလုံး ဝယ်ပြီး ထည့်ပြီးပြီ ကို ၊ နွယ် သန်ဖက်ခါ ပြန်လာတော့မယ် ”

“ အင်းလေ . . နွယ် စိတ်မပျော်ဘူး ဆိုလည်း ပြန်လာခဲ့ပေါ့ နွယ်ရယ် ”

“ ဟုတ်တယ် ကို ၊ နွယ် နေကို မနေချင်တော့တာ . . . အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထားချင်စိတ် ရှိတော့တယ် ကို ၊ အဲဒါ နွယ် စောပြီး ပြန်လာမဲ့ အကြောင်း ကို့ကို လာပြောတာ ”

“ အေးပါ ၊ နွယ် အဆင်ပြေရင် ပြီးတာပဲလေ ၊ ကို့အတွက်ကတော့ ရန်ကုန်ထက် စာရင် ဒီက ပြန်လာတာက အရာရာ အဆင်ပြေပါတယ်။ ပြီးတော့ ကိုလည်း နွယ့်ကို အရမ်းလွမ်းနေတာလေ ”

“ နွယ်လည်း အတူတူပါပဲ ကိုရယ် ”

“ ဒါဆို နွယ် လုပ်စရာ ရှိတာ ပြင်ဆင် စရာ ရှိတာ ပြင်ဆင်လေ။ ဒီရောက်တော့မှ အရင်လို တွေ့ကြတာပေါ့ ”

“ ဟုတ်ကဲ့ ကို ၊ ဒါဆို နွယ် အောက်တော့မယ်နော်။ ဒီကြားထဲတော့ မလာတော့ဘူး ၊ ဟိုရောက်မှပဲ ရောက်တာနဲ့ တတ်ခဲ့တော့မယ် ”

“ အိုကေ နွယ် ၊ အရာရာ ဂရုစိုက်နော် ”

“ ဟုတ် . . ၊ ဒါဆို နွယ် အောက်ပြီနော် ”

“ အင်း . . . ”

“ - - - - - - ”

ဘာကိစ္စတွေ ပြဿနာ ရှိတယ် မသိရပေမဲ့ ချစ်သူ စိတ်ညစ်မှာကို မလိုလားဘူး။ ဒါကြောင့်မို့ သူ့သဘောကျ အတိုင်းပဲ နားရက်ကို စောပြီး ပြန်လာစေ ခဲ့တော့သည်။ ချစ်သူဘာတွေများ ဖြစ်နေလဲ ဆိုတာကို မေးဖို့ထက် ချစ်သူနားမှာပဲ နေချင်စိတ်က ပိုနေခဲ့သည်။ ကိုယ်တိုင်ကလည်း ချစ်သူနဲ့ ပတ်သတ်တာတွေကို မေးရာမှာ နဂိုကတည်းက မဝံ့မရဲ ရှိနေတတ်သော စိတ်ကြောင့် မမေးဖြစ်ခဲ့ပါဘူး။ ချစ်သူ ပြောပြသလောက်သာ ချစ်သူရဲ့ အကြောင်းတွေကို သိခွင့်ရခဲ့တာ ဖြစ်သည်။ ပို၍လည်း မမေးဖြစ်သလို ၊ ပို၍လည်း မသိချင်ခဲ့။

မြန်မာနိုင်ငံကို အသွား လေယာဉ်နှစ်ဆင့် စီးရတုန်းက စိတ်ပူခံစားမှုတွေကို မြန်မာနိုင်ငံက အပြန်မှာလည်း ထပ်တူ ထပ်ဆင့် ခံစားရတော့သည်။ သူများတွေ အလည်ပြန်တာ ၄၅ ရက်နဲ့တောင်မှ မလုံလောက်လို့ ထပ်ဆောင်းကာ နေခွင့်ရအောင် လေယာဉ်မရလို့ ဘာညာ အကြောင်းပြနေချိန်မှာ ကိုယ့်ချစ်သူကတော့ တစ်လကျော်ကျော်မှာတင် ပြန်လာခဲ့၏။ ချစ်သူ စိတ်ထဲမှာ ဘာတွေများ မအီမသာ ဖြစ်နေတာလဲ ဆိုတာကို သိချင်ပေမဲ့ ကိုယ့်ရဲ့ စိတ်အရ မမေးဖြစ်ခဲ့ဘူး။ တစ်နေ့ ချစ်သူ ပြောလာမှပဲ နားထောင်တော့မည်။



ဒီအချိန်ဆိုရင် ချစ်သူရောက် နေလောက်ပြီ ဆိုသော အသိကြောင့် ရင်ထဲမှာ သက်ဝင် လှုပ်ရှားမိပြန်၏။ ရောက်ခါစ ဆိုတော့လည်း ပစ္စည်းတွေကို နေရာတကျ ထားနေရမှာ ၊ ပြန်လည် ရောက်ရှိကြောင်း အလုပ်ကို အသိပေးရမှာ စတဲ့ အထွေထွေနဲ့ လတ်တလောတော့ ချစ်သူ အလုပ်ရှုပ်နေမှာ ဆိုတော့ အသိစိတ်ဖြင့် ချစ်သူဆီကို ဖုန်းခေါ်ချင်သော စိတ်ကို ထိန်းချုပ်ထားရ၏။ အားလုံး ပြီးစီးချိန်မှာ ချစ်သူ အွန်လိုင်း ပေါ်တတ်ပြီး ကိုယ့်ကို ရှာလေမလား ဆိုသော စိတ်ကြောင့် အလုပ်သွားတာကိုတောင်မှ စိတ်က မဖြောင့်။

ဒါပေမဲ့ အလုပ်ချိန် ကုန်ပြီး အိမ်ကိုသာ ပြန်လာခဲ့ရသည် ချစ်သူဆီမှ ဖုန်းဆက်မလာ။ အထွေထွေ ပင်ပန်းမှု ၊ ခရီးပမ်းလာမှုကြောင့် ချစ်သူ အနားယူနေတာ ဖြစ်မည် ဆိုသော စိတ်ဖြင့် အွန်လိုင်း တတ်လိုက်တော့ အွန်လိုင်းမှာ ချစ်သူ အကောင့်လေးကို စိမ်းလျက်သား တွေ့ရသည်။ အခုမှ ပြန်ရောက်သော ကိုယ့်အတွက် ရောက်ရောက်ချင်း အွန်လိုင်းပေါ်တတ်လိုက်တာ ဖြစ်လို့ အဝတ်အစားတောင်မှ မလဲရသေး။ စားဖို့သောက်ဖို့လည်း မပြင်ဆင်ရသေး ၊ ဘာဆို ဘာမှ မပြင်ဆင်ရသေး။ သို့သော် ချစ်သူကို တွေ့တော့ ဝမ်းသာ အားရ လှမ်းခေါ်မိသည်။

“ နွယ်. . .  ကို့ကို စောင့်နေတာလား ”

“ - - - - - - ”

“ ဟလို . .  နွယ် . . ဘာလုပ်နေတာလဲ ၊ ကို့ကို စောင့်နေတာလား ”

“ - - - - - - ”

“ ဟင်. . စက်နားမှာ မရှိတာ များလား ၊ နွယ်. . . . ”

“ - - - - -  ”

ဘာမှ ဆက်မလုပ်နိုင်ဘဲ စိတ်ရော ၊ ကိုယ်ပါ စက်ရှေ့မှာ ပုံချကာ ထိုင်မိသည်။ အတော်ကြာတဲ့ အထိ စိမ်းမြဲ စိမ်းလျက် ရှိနေသော နွယ့်အကောင့်က ဘာမှ အကြောင်းပြန်မလာ။ ခဏနေတော့မှ စာရေးနေတယ် ဆိုသော သဏ္ဌာန်ဖြင့် လက်ကွက်လေး ပေါ်လာ၏။ ပြီးမှာ စာတစ်ကြောင်း တတ်လာသည်။

“ ကို အခုမှ ပြန်ရောက်တာ မဟုတ်လား။ ဒါဆိုလည်း ရေမိုးချိုးဦးလေ ၊ ပြီးရင် စားဖို့ သောက်ဖို့ လုပ်ဦး။ နွယ်  . .  ဒီမှာ အရေးကြီးလို့ သူငယ်ချင်း တစ်ယောက်နဲ့ အလုပ်ကိစ္စ စကားပြောနေတာ . . . ”

“ သြော်. . . ဒါဆိုလည်း ပြောပြော ၊ ကို ရေချိုးပြီး စားဖို့ တစ်ခုခုပဲ ဆင်းဝယ်လိုက်ဦးမယ် ”

“ ဟုတ် . . ”

ပုံဖော်ပြမရသော ခံစားမှု တစ်ခုက ရင်ထဲကို တိုးဝင်လာပေမဲ့ ဘယ်လိုမှလည်း သရုပ်ခွဲ မပြတတ်ပါ။ အလုပ်ကိစ္စ အရေးတကြီး ပြောနေတယ် ဆိုတော့လည်း ဘာမှ တိတိပပ မပြောသာ။ အဝတ်အစားလဲပြီး ရေချိုးခန်းသို့ ထွက်လာခဲ့သည်။ ရေသာ ချိုးနေရတာ စိတ်တွေက လန်းဆန်းမှု မရှိ။ အတန်ကြာအောင်ကို ရေစိမ်ချိုးနေမိပေမဲ့ ပို၍ပင် ထုံလာခဲ့သည်။ ဒါကြောင့် နောက်ဆုံး ထုံပေပေဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ အိမ်နေရင်း ခပ်ပါးပါး အင်္ကျီကို လဲဝတ်ပြီး ကွန်ပျူတာ ရှေ့ ထိုင်လိုက်တော့ ခုနက အတိုင်းပင် နွယ့်အကောင့်လေးက စိမ်းမြဲ စိမ်းနေလျက်ပင်။

အတန်ကြာအောင် ကိုယ့်ဘက်က ဒီအတိုင်း ထိုင်စောင့်ကြည့်နေပေမဲ့ နွယ့်ဘက်က လှမ်းခေါ်မေးခြင်း မရှိ။ ဘယ်လို အလုပ်ကိစ္စများလည်း မသိဘူး ဆိုသော ချစ်သူကို ကူညီအကြံပေးချင်သော စိတ်ကြောင့် နွယ့်ဆီကို စာ ရေးလိုက်မိ၏။

“ နွယ် . .  ကို အဆင်သင့် ဖြစ်ပြီ ၊ စောင့်နေတယ်နော် ”

“ အင်း . . . ”

ဟင်. . . ဖြေသံကလည်း စိတ်ပါဝင်စားမှု မရှိသော အသံမျိုးလား။ အာ . . မဟုတ်သေးပါဘူး ၊ ငါ စိတ်ထင်လို့ နေမှာပါ။

“ အလုပ်ကိစ္စ ဆိုတာ ဘာများ ဖြစ်နေလို့လဲ ၊ ဘယ်သူနဲ့ ပြောနေရတာလဲ ”

“ ခဏနော် ကို ၊ နောက်ပြီးတော့ ပြောပြမယ် ”

ဒီလို ချက်ချင်း ပြန်ဖြေပြီးတော့ နောက်ထပ် ဘာမှ ဆက်ပြီး မလာတော့။ ထိုင်ပြီး နွယ့်အကောင့်ကို ကြည့်နေရင်း အရင်က စိတ်ပျော်ရွှင်ကာ အင်အားတွေ ဖြစ်ခဲ့ရသလောက် အခုတော့ တိုးတိတ်ကာ သိမ်ငယ် ကြေကွဲနေရသလို ခံစားမိ၏။ ကိုယ့်ကို စာလေးတောင်မှ ဘာလို့ ပြန်မရေးနိုင်တာလဲ ဆိုပြီး အယောင်ယောင် အမှားမှား တွေးမိကာ ဝမ်းနည်းမိ၏။ ချစ်သူ ပြန်ရောက်လာရင် ပြောမယ် ဆိုကာ မျိုသိပ်ထားခဲ့သော စကားများကလည်း ရင်ထဲမှာ ခုန်ပေါက်ကာ ပို၍ ပို၍ ရင်တွေ နာမိ၏။ အခုလို ပြောခွင့် မရတော့ ဘာကို ဒေါသဖြစ်ကာ ၊ ဘာကို ဝမ်းနည်းရမည် မှန်းပင်မသိ။

စိတ်ပြောင်းအောင် ဘလော့လေး ရေးကာ စောင့်နေမယ် ဆိုပြီး ဘလော့ ဖွင့်လိုက်ပေမဲ့လည်း ဘာစိတ်ကူးမှ မရတော့ ၊ ကိုယ်ရေးနေတဲ့ အချိန်မှာ နွယ် ခေါ်လိုက်တာ မသိဘဲ ဖြစ်နေမလား ဆိုပြီး ယောင်ယောင်မှားမှားနဲ့ ဘလော့ရေးဖို့ ဖွင့်သာ ဖွင့်ထားပြီး ဘာမှ မရေးနိုင်။

“ ကို . . . ”

နွယ့်ဆီမှ ခေါ်သံ တစ်ခု ထွက်လာတာနဲ့ အသင့်စောင့်နေသော ကိုယ့်မှာ ဆတ်ခနဲ ဖြစ်သွားရသည်။

“ ကို ရှိတယ် နွယ် ၊ ခေါ်လိုက်ရမလား ”

“ အင်း . . ”

“ တွီ . . . တွီ. . . တွီ . . ”

“ ဟလို . . နွယ် ၊ နေကောင်းရဲ့လား ၊ နွယ့်ကို ကို စောင့်နေတာ ”

“ ဟုတ် ၊ နွယ်လည်း သိပါတယ် ကို ၊ ရောက်ခါစ ဆိုတော့ အသားမကျ အဆင်မပြေသေးလို့ပါ။ ”

“ သြော် . . အခု ဘာတွေ အလုပ်ရှုပ်နေတာလဲ ”

“ အလုပ်ကိစ္စပါ ကို ၊ အဲဒါ သူငယ်ချင်း တစ်ယောက်နဲ့ ပြောနေတာ ”

“ အင်း . . . အင်း . . ဘာပြောလဲ ”

“ အလုပ်က ကုမ္ပဏီကတော့ ဒါပဲလေ ၊ ဌာနကွဲသွားတော့ အလုပ်က အရင်လို အချိန်မဟုတ်တော့ဘူး။ ပြီးတော့ အဲဒီ အလုပ်နေရာနဲ့ နီးအောင် အခန်းလည်း ပြောင်းရမယ် ထင်တယ် ကို ”

“ ဟင် . . ဟုတ်လား ”

“ဟုတ်တယ် ၊ အဲဒီနေရာ အသစ်မှာက အင်တာနက်လည်း ရပါ့မလား မသိဘူး။ ဒါဆိုရင်တော့ ပြောဖို့ ခက်ပြီ ကို ၊ အခု ဒါကြောင့် ဒါတွေ စုံစမ်းနေတာ . .  ”

“ သြော်. . .  ”

အပြင်မှာ တွေ့ခွင့်မရတဲ့ ဘဝမှာ အွန်လိုင်းကပါ တွေ့ခွင့်မရဘူး ဆိုရင် ဆိုသော အတွေးစိတ်နဲ့တင် လူက ကယောင်ခြောက်ခြား ဖြစ်မိစေသည်။

“ ဒါပေမဲ့လည်း မပူပါနဲ့ဦး ကိုရယ် ၊ နွယ် သေချာ စုံစမ်းပြီးမှ ငှားမှာပါ။  မနက်ဖြန် အလုပ်ကိုလည်း ပြန်ရောက်ကြောင်း သတင်းပို့ပြီး နောက်အပတ်ထဲမှာ အလုပ်စဆင်းမယ် ကို။ ဒီကြားထဲမှာတော့ အိမ်ကို လိုက်ရှာရမှာ ဆိုတော့ နွယ် အွန်လိုင်းပေါ် တတ်ဖြစ်မှာ မဟုတ်ဘူး။ ဒါ ကို့ကို ကြိုပြောထားတာပါ။ ”

“ - - - - ”

“ နွယ် အားလုံး အဆင်ပြေပြီ ဆိုရင်တော့ ကို့ကို ဖုန်းဆက်ပြီး ပြောပါ့မယ် ၊ ဒါဆို နွယ်တို့ အရင်လိုပဲ အွန်လိုင်းမှာ ပြန်ပြီး ပြောလို့ရပြီပေါ့။ ဒါပေမဲ့ . . .  ”

“ ဒါပေမဲ့ . . . . ဘာဖြစ်ရပြန်တာလဲ နွယ် ”

“ ဒါပေမဲ့. . . အခု အလုပ်သစ်မှာက အလုပ်ချိန်က ဘယ်လို လာဦးမလဲ မသိဘူးလေ။ ဒါကြောင့် အရင်လိုတော့ ကိုနဲ့ အွန်လိုင်းပေါ်မှာ အချိန်ကိုက်ပြီး စကားပြောလို့ ဖြစ်ပါ့မလား မသိဘူး။ ”

“ သြော်. . . ”

“ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ တစ်ပတ် တစ်ရက်တော့ ပိတ်တာပဲလေ ၊ အဲဒီရက်တော့ နွယ် တို့ ပြောကြမယ်လေ။ စိတ်မပူပါနဲ့ ကို ၊ နွယ် အဆင်ပြေအောင် လုပ်ပါ့မယ် ”

“ အင်းပါ ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးနော် နွယ် ”

“ အခုတော့ နွယ် အောက်တော့မယ်နော် ကို ၊ လူကြုံ ပေးခိုင်းလိုက်တဲ့ ပစ္စည်းတွေရော ၊ အလုပ်ကို သွားအကြောင်း ကြားစရာရော ပြင်ဆင်ဖို့ပါ ”

“ အင်း . . အင်း . . ”

“ ဒါဆို အောက်ပြီနော် ကို ”

“ အင်း  . . . . ”

“ - - - - - ”

တစ်ခါက ချစ်သူ ပြောခဲ့ဖူးသည် “ ကိုယ်က အလွမ်းဓါတ်ခံ ရှိတယ် ” တဲ့။ အဲဒီတုန်းကတော့ ကိုယ် ရယ်နေခဲ့ဖူးပါသည်။ အခုတော့ ဒီစကားက ကိုယ့်ကို တိုက်ရိုက် သက်ဆိုင်လာခဲ့ပြီ မဟုတ်ပါလား။ ချစ်သူ ရှိပေမဲ့ ချစ်သူနဲ့ တွေ့ခွင့် မရသော ဘဝ ၊ ကြားခွင့်ရသော်လည်း ထိတွေ့ခွင့် မရသော ဘဝ ၊ အခုတော့ ချစ်သူရှိနေတာတောင်မှ ချစ်သူကို ကန့်သတ်ချက်ဖြင့်သာ တွေ့ခွင့် ရတော့မည် မဟုတ်ပါလား။

အလွမ်းရက်များက ရှည်ကြာနိုင် လွန်းလှပါသည်။



တစ်ပတ်မှာ တစ်ရက်သာ ပိတ်သော နွယ့်အလုပ်ကြောင့် ကိုယ်တို့ အရင်လို တွေ့ချင်သော်လည်း တွေ့ခွင့် မရတော့။ အရင်လို တစ်နာရီ တစ်ခါ Miss Call ပို့ချင်သော်လည်း အခု ပြောင်းသွားသော ဌာနက အလုပ်ချိန်မှာ ဖုန်းပြောခွင့် မရှိဟု ဆိုသည်။ နွယ် Break Time မှသာ ကိုယ်တို့ ဖုန်းပြောခဲ့ရသည်။

တစ်ပတ်မှာ နေ့တိုင်း ပြောခွင့် ရနေရာမှ အခုတော့ တစ်ပတ်မှာ တစ်ရက်မျှသာ အချိန်လုပြီး ပြောကြရတော့သည်။ တစ်ခါတလေ အရေးတကြီး ကိစ္စများ ရှိနေရင်တော့ အိပ်ရေးပျက်ခံကာ ကိုယ်တို့ အလွမ်းသည်ကြသည်။ အရင်ကတည်းက ပြောလို့ မကုန်သော စကားတွေက အခုလို အချိန်မှာ ဆိုတော့ ပြောလို့ပင် မဝ။

နွယ်နဲ့ တွေ့ဖို့အချိန်ကိုပဲ စိတ်ထဲမှာ ရောက်နေမိသောကြောင့် ကိုယ့်စိတ်တွေ အားလုံးက နွယ့်ဆီမှာသာ ရှိနေ၏။ ဘလော့ရေးဖို့ကိုလည်း စိတ်မဝင်စား ၊ LC မှာ ရှိသော Group တွေ ၊ Discussion တွေမှာလည်း ဝင်ပြောဖို့ ၊ ဆွေးနွေးဖို့ သတိမရမိ။ အချိန်တိုင်း ဘယ်အချိန် နွယ် ပြောဖို့ တတ်လာလိမ့်မလဲ ဆိုသော စိတ်ဖြင့်သာ နွယ့် ပိတ်ရက် ကြာသပတေးနေ့ မဟုတ်ဘဲလည်း မျှော်နေမိသည်။

ဒီနေ့ . . . .

ကြာသပတေးနေ့ ဆိုသော အသိစိတ်က လူကို ဖြတ်လတ် တတ်ကြွစေပြီး အရာအားလုံးကိုလည်း မေ့လျော့စေသည်။ ထမင်းစားနေရင်း နွယ်တတ်လာလို့ ကိုယ်နဲ့ မတွေ့လိုက်ရမှာ စိုးလို့ ထမင်းပန်းကန်ကို လက်က ပင့်ကိုင်ပြီး ကွန်ပျူတာ ရှေ့မှာ လာစားဖြစ်သည်။ ထမင်းကို စားရင်း မျက်လုံးကလည်း နွယ့်အကောင့်ကို မျက်တောင် မခတ်တမ်း ကြည့်နေမိ၏။ သို့သော် နွယ့်အကောင့်လေးက အွန်လိုင်း မတတ်သူတွေရဲ့ ထုံးစံ အတိုင်း မိုးခိုးရောင်ဖြင့်သာ ငြိမ်သက်နေသည်။

“ နွယ် နေများ မကောင်းဘူးလား ”

ဒီလို တွေးမိတော့ ဖုန်းကို လက်က ရောက်သွားမိပြန်သည်။ နွယ် အလုပ်မအား ဖြစ်နေတာများလား။ ဒီလို တွေးမိတော့ ဖုန်းကို ပြန်ချမိ၏။ မဟုတ်သေးပါဘူး ဒီနေ့ နွယ် အလုပ်ပိတ်ရက်ပဲ။ နေမကောင်းဖြစ်လို့ အိပ်ပျော်နေတာများလား။ ဒီလို တွေးမိတော့ ဖုန်းကို ပြန်ကိုင်မိပြန်သည်။ နေမကောင်းဖြစ်လို့ အိပ်ပျော်နေတာ ဆိုရင် ကိုယ်ခေါ်လိုက်လို့ နွယ် အိပ်ရေးပျက်သွားဦးမယ်။ ဒီလို တွေးမိပြန်တော့လည်း ကိုင်ထားတဲ့ ဖုန်းကို ပြန်ချမိပြန်၏။

အာ . . . ဘာဖြစ်နေတာလဲ သိအောင်တော့ ဖုန်းတော့ ဆက်ရမှာပဲ။ နို့မို့ . . . နေမကောင်းဖြစ်ပြီး အဖျားသွေးများကာ ကိုယ်အပူချိန် ကြီးနေတာ ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါဆို တစ်ယောက်ယောက်ကို လှမ်းကာ အကူအညီတောင်းပေးလို့ ရသေးတယ် လို့ စဉ်းစားမိတော့ ချထားသော ဖုန်းကို ပြန်ကိုင်မိပြန်၏။ ဟုတ်တယ် ခေါ်သင့်တယ်။ တွေးလည်း တွေး ရင်ခုန်သံတွေလည်း ပိုမြန်လာကာ နွယ့်ဖုန်း နံပါတ်ကို နှိပ်လိုက်မိသည်။

“  - - - - - - - - ”

ဖုန်းက ဘာသံမှ မဝင် ၊ ခေါ်လည်း မခေါ်။ ဘာဖြစ်တာလဲ လို့ ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ “ Busy  ” လို့ လာပြ၏။ ခဏနေတော့ ဖုန်းက အလိုလို “ Redial ” ဖြစ်ကာ ဖုန်းထပ်ခေါ်နေသည်။ သို့သော် နောက်ထပ် တစ်ခါ Busy ဟုပင် ပြနေ၏။ မဝင်မချင်း ဖုန်းကို ခေါ်နေမိသည်။ နာရီဝက်ကျော်ကျော် လုံးဝ ဖုန်းကို ခေါ်မရ။ Busy ဟုသာ ပြသည်။ ဘာဖြစ်နေတာပါလိမ့် ဆိုသော အတွေးဖြင့် လူက မမြင်နိုင် ၊ မတွေ့နိုင်သောကြောင့် ပိုပြီး စိတ်ပူလာမိသည်။

“ တွီ..........တွီ............တွီ.......”

ဟော ဖုန်းဝင်သွားပြီ။ လိုင်းများ မကောင်းလို့ ခုနက မဝင်တာလား ဆိုပြီး အယောင်ယောင် အမှားမှား တွေးနေမိသည်။

“ - - - - - ”

“ နွယ် . . . ဟလို . . နွယ်လား မသိဘူး ”

“ ဟုတ် . . ကို ၊ နွယ်ပါ ၊ ပြောလေ ”

“ သြော်. . . ကို နွယ့်ကို အွန်လိုင်းမှာ စောင့်နေတာ နွယ် ၊ နွယ် ဒီနေ့ အလုပ်ပိတ်ရက် ဆိုတော့ ကိုနဲ့ ပြောနေကြ ပြောမယ် ထင်လို့ စောင့်နေတာ။ အခု မတတ်လာတော့ ကိုက နွယ် နေမကောင်းဘူးလားလို့ နွယ့်ကို ဖုန်းလှမ်းခေါ်လိုက်တာ ”

“ - - - - ”

“ အဲဒါ နွယ့်ဖုန်းက ခုနက Busy ဖြစ်နေတယ်။ ဘာဖြစ်တာလဲ နွယ် ”

“ - - - - - ”

“ နွယ်. . ဟလို . . ရှိနေသေးရဲ့လား ၊ ဟလို နွယ် ”

“ ဟုတ်  . .  ရှိပါတယ် ကို ၊ နွယ် ခုနက အသိတစ်ယောက်နဲ့ ဖုန်းပြောနေလို့ပါ။ ”

“ သြော်. . . အလုပ်ကိစ္စပဲလား ”

“ အင်း . . ဆိုပါတော့. . . ဟို . . ”

“ ဟင် . . ဘာလဲ ”

“ အလုပ်ကိစ္စ မဟုတ်ဘူး ကို ၊ နွယ့် ကျောင်းကိစ္စပါ ”

“ ဟင်. . . ဟုတ်လား ၊ ကိုလည်း ဘာမှ မသိရပါလား ”

“ ဟုတ်ပါတယ် ကို ၊ နွယ် မြန်မာနိုင်ငံပြန်မှ စဉ်းစားမိပြီး ပြင်ဆင်လာခဲ့တာပါ ”

“ သြော်. . ဒါဆို ကို UAE လာဖို့ ပြင်ဆင်ထားတာတွေ ၊ နွယ့်ဆီ လာဖို့ ပြင်ဆင်ထားတာတွေ အားလုံးက ဘာမှ အရာမရောက်တော့ဘူးပေါ့။ ကို့အတွက် ဘာမှ အသုံးမဝင်တော့ဘူးပေါ့ ”

“ - - - - - ”

“ ကိုက UAE ရောက်တဲ့ အချိန်မှာ နွယ်က တခြား နိုင်ငံ တစ်ခုခုကို ကူးသွားဦးမယ်။ ဒါဆို ကိုတို့ ဘယ်လိုလုပ် ဆုံဖြစ်ကြတော့မလဲ။ အခုလို နွယ် တခြားနိုင်ငံကို ကူးမယ် ဆိုပြီး အစီအစဉ် ရှိရင်လည်း ကို့ကို အရင် ကြိုပြောပါလားကွာ။ ဒါဆို ကိုလည်း UAE ကို လာဖို့ မလုပ်တော့ဘူးပေါ့။ နွယ်နဲ့ တူတူ ဆုံရအောင် နွယ် အလုပ်နဲ့ပဲ ဖြစ်ဖြစ် ၊ ကျောင်းကိစ္စနဲ့ ဖြစ်ဖြစ် နွယ် သွားတဲ့ နိုင်ငံကို ကိုလည်း အတူတူ လုပ်မှာပေါ့။ အခုတော့ကွာ ”

ဝမ်းနည်းစိတ်ကို အခြေခံသော စိတ်ဖြင့် ရင်ထဲမှာ လှိုက်ဝေ ဆူလောင်နေသည်။ ဖြစ်ရလေခြင်း ဆိုသော စိတ်က ဒေါသမဟုတ်သော ဒေါသများဖြင့် လောင်မြှိုက်စေသည်။ ယူကျုံးမရ ဖြစ်မှုတွေက အသံတွေကို တုန်ကာ ချိနဲ့စေသည်။ ပြောရင်း ကိုယ့်အသံတွေကို ကိုယ် ဘယ်လိုမှ မထိန်းနိုင်။ လုပ်မှ လုပ်ရက်လိုက်တာ နွယ်ရယ် ဟုသာ ကိုယ့်ရင်ထဲမှာ ဗလောင်ဆူကာ ပဲ့တင်ထပ် နေမိသည်။

“ ပြောစမ်းပါဦး နွယ် ၊ ကို UAE လာဖို့ လုပ်ထားတာတွေ အားလုံး ဘယ်အဆင့်ထိ ရောက်နေပြီ ဆိုတာ နွယ် အသိဆုံးပါ။ ဒါတွေ ကို ဘယ်လိုလုပ်ရမလဲ။ ဒါတွေ အားလုံး. . . အားလုံး . . . ဟာ .  . ကွာ . . ၊ နွယ့် . . ကွာ . လုပ်ရက်တယ်။ ”

“ - - - -- -  ”

“ ပြောစမ်းပါဦး။ နွယ်. . . မင်း ပြောစမ်းပါဦး။ ဒါ ဘယ်လို သဘောလဲ ၊ ဘာသဘောနဲ့ ဒီလို လုပ်ရတာလဲ ”

“ - - - - ”

“ ပြောလေ. . . ပြောလေကွာ ၊ ဘယ်လို သဘောမျိုးနဲ့ လုပ်ရတာလဲ။ ကိုက အဲဒီကို ရောက်တဲ့ အချိန်မှာ နွယ်က နောက်ထပ် တစ်နိုင်ငံကို ကူးဖို့ ဆိုတာ . . . ဟား . . . ဟား . . . ဟား . . . မင်းကွာ . . ”

“ ကို . . နွယ့်ကို မင်းတွေ ငါတွေ နဲ့ မပြောနဲ့နော် ၊ နွယ် လုံးဝ မကြိုက်ဘူးလို့ ပြောထားတယ် ”

“ သြ . . ဟုတ်လား။ ဆောရီးပဲ . . . ငါ ရင်နာတယ်ကွာ။ ငါ့မှာတော့ တိုက်ရိုက် လာဖို့ကို ကြိုးစားလိုက်ရတာ . . အခုတော့  . . . အခုတော့ . . . တောက် . . . မင်းကွာ . . လုပ်ရက်တယ် ”

“ - - - - - - ”

“ ပြောစမ်းပါဦး။ ဘာလို့ ငါ့ကို မပြောဘဲ ဖုံးထားတာလဲ။ ငါ့ကို ဘာလို့ ကွယ်ဝှက် ထားရတာလဲ ၊ လုပ်ရက် လိုက်တာကွာ ၊ လုပ်ရက်လိုက်တာ . .  ”

“ - - - - - ”

သူ့ဘက်က ဘာမှ မပြောလေလေ ၊ ကိုယ့်ရင်ထဲမှာ “ လုပ်ရက်လေခြင်း ” ဆိုသော အသံတွေက တစစ ကျယ်လောင်မြည်ဟီး လာလေလေ ပါပဲ။

“ ပြောလေ. . . ဘာလို့ ဒီလို လုပ်ရတာလဲ ၊ မင်းကွာ . . တောက်. . . ”

“ မင်းတွေ ငါတွေနဲ့ ပြောတာ နွယ် မကြိုက်ဘူးလို့ ပြောနေတယ်နော် ကို ၊ ပြီးတော့ ဘာလို့ တောက်ခေါက် ရတာလဲ ”

“ သြ . . တောက်ခေါက် တာကလား ၊ ပျော်လို့ပေါ့ကွာ . .  ငါ ပျော်လို့ တောက်ခေါက်တာပေါ့ . . မင်းကွာ ”

“ မင်းနဲ့ ငါနဲ့ ပြောတာ နွယ် မကြိုက်ဘူးလို့ ပြောနေတယ်နော် ကို ”

“ ဒါဆို  မမနွယ် ၊ ကျွန်တော်လို့ ပြောင်းပြော ပေးရမှာလား ၊ ဒါ ဒေါသထွက်နေတာကွ ၊ ဒေါသထွက်တယ် ဆိုတာထက် ခံပြင်းတာ. . . ငါကွာ. . တောက် . . .”

အဲဒါပဲ ကို ၊ လူတွေက ချစ်နေတဲ့ အချိန်သာ ကြင်ကြင်နာနာ ပြောတတ်ကြတာ ၊ တစ်ယောက်နဲ့ တစ်ယောက် နာကျင်ပြီ ၊ မုန်းတီးပြီ ဆိုရင် အရင်က ကြင်ကြင်နာနာ ပြောခဲ့တဲ့ စကားတွေကို မေ့သွားတတ်တယ်။ နွယ်ကတော့ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ချစ်တုန်းကတောင်မှ ချစ်ခဲ့ပြီးပြီပဲ ၊ အခြေအနေ တစ်စုံ တစ်ရာကြောင့် မုန်းတီးပြီ ဆိုရင်လည်း အခေါ်အဝေါ်က အစ မပြောင်းပါဘူး။ ကိုကလည်း နွယ့် အတွက် အမြဲတမ်း ကိုပဲ။ နွယ်ကလည်း ကို့အတွက် အမြဲတမ်း နွယ်ပဲ

“ တော်ပါ. . . အခုမှ စကား လှလှလေးတွေနဲ့ လာ “ ဝမ်း ” မချနဲ ၊ အခု ငါ သိချင်တာက ဘာသဘောနဲ့ အခုလို ငါ့ကို မပြောဘဲ နိုင်ငံပြောင်းဖို့ လုပ်တာလဲ၊ ငါ အဲဒီလို လာဖို့ အားလုံး ပြင်ဆင်ပြီးပြီ ဆိုတာ သိရဲ့သားနဲ့ကွာ ”

“ - - - - -  ”

“ အခုတော့ . . . အခုတော့ . . ကွာ . . တောက် . .  . . ”

“ ကို အရမ်း ဒေါသတွေ ထွက်နေတယ် နွယ် သိတယ်။ ဒါဟာ ဘာကြောင့် ဆိုတာ နွယ် အခု မပြောပြနိုင်သေးတဲ့ အတွက် တောင်းပန်ပါတယ်။ တစ်နေ့နေ့တော့ နွယ် ကို့ကို ပြောပြမှာပါ ”

“ ဘာ. . . တစ်နေ့နေ့ ဟုတ်လား . . ငါ သိချင်တာ အခုကွ ၊ ဟားဟားဟား . . . နောင်. . ဆိုတဲ့ ပြောင်းလဲလို့ မရတော့တဲ့ တစ်နေ့နေ့မှာမှ သိလာရတယ် ဆိုရင် ဘာလုပ်ရတော့မှာလဲ ”

“ အခုတော့ နွယ် မပြောပြနိုင်သေးဘူး ကို ၊ ဒီအတွက် ကို မပြောချင်တော့ဘူး ဆိုရင်တော့ နွယ် အောက်တော့မယ် ”

“ သြော်. . . ဒီလိုလား ၊ အိုကေလေ ၊ မင်း မှတ်ထားလိုက် ၊ ငါ့ရင်ထဲကို မင်းအမြဲတမ်း မြင်နေတာပဲလေ။ ငါဆိုတဲ့ ကောင်က ချစ်စရာ ရှိရင် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်မတတ် ချစ်တတ်တယ်။ ဒါပေမဲ့ ငါ့ အချစ်ကိုတော့ မစော်ကားနဲ့။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲချင် ကွဲသွားပါစေ ၊ မင်းကို ချစ်တဲ့ စိတ်တွေအတွက် ကြိတ်မှိတ်ခံစားမယ်။ ဒီမှာ. . . ”

“ ပြောပါ ကို ၊ နွယ် နားထောင်နေပါတယ် ”

“ မင်းကို ငါ ချစ်ရတာ ရင်နာတယ် ၊ ဒါ အခု နောက်ဆုံး ငါ သိလိုက်ရတဲ့ မင်းရဲ့ လုပ်ရပ် အတွက် အကောင်းဆုံး ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ ”

“ ဟင့် . . . ရွှတ် ”

အိ ခနဲ ရှိုက်သံနဲ့ အတူ နွယ့်ဆီမှ အသံထွက်လာ၏။ သို့သော် ကိုယ် နွယ့်အတွက် ခံစားမှုတွေ သေဆုံးသွားသလို အံကို ခပ်တင်းတင်း ကြိတ်ထားမိသည်။ ဒီလို မျက်ရည်ခံ ထိုးလို့တော့ မရတော့ပါဘူး။

“ ငါ အခုပဲ ဧဂျင့်ဆီကို ဖုန်းဆက်မယ် ၊ ငါ အဲဒီကို လာမယ် ဆိုတဲ့ ကိစ္စတွေ အားလုံးကို ဖျက်လိုက်တော့မယ်။ မင်းနဲ့ တွေ့ချင်ပါတယ် ဆိုတဲ့ ငါ့ မျှော်လင့်ခြင်းတွေကိုလည်း ငါ သနားတယ်။ ရှက်တယ်ကွာ။ ဒါပဲ မင်းလည်း မင်းဘဝမှာ မင်း ပျော်မှာပါ။ ပျော်ရွှင်ပါစေ လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။ ”

“ - - - - - ”

တစ်ခုတော့ ရှိတယ်။ မင်း ဘဝမှာ ငါလို့ မင်းကို ချစ်နိုင်တဲ့ လူ နောက်တစ်ယောက် တွေ့ဖို့ ဆိုတာ လွယ်ချင်မှ လွယ်တော့မယ် ထင်တယ်။ ဒါပေမဲ့လည်း လွယ်ချင်လည်း လွယ်မှာပေါ့။ ငါ့ဘဝမှာတော့ မင်းလိုမျိုး ဘယ်သူ့ကိုမှ ထပ်ချစ်မိတော့မှာ မဟုတ်ဘူး။ အဲဒီလို ချစ်ခဲ့မိတဲ့ အတွက်လည်း အခုတော့ ချစ်ခဲ့ရသလောက် ရင်နာရတယ်။ ဒါပဲကွာ . .

ကိုယ် နွယ့်ဘက်က ပြန်စကားကို နားမထောင်ဖြစ်တော့ဘဲ။ Gtalk ကိုလည်း ပိတ် ၊ ကွန်ပျူတာကိုလည်း ပိတ် ၊ ဖုန်းကိုလည်း ပါဝါ ပိတ်လိုက်မိသည်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရင်နှစ်ခြမ်းကတော့ ဗြန်းခနဲ ပွင့်ထွက်နေတာ ကိုယ့်ဖာသာ ကိုယ်သိသည်။ ဟာလာဟင်းလင်း ပွင့်ထွက်နေတဲ့ ရင်ဘက်ထဲက အငွေ့တွေက တထောင်းထောင်းနဲ့ လောင်ကျွမ်းနေသည်။ လူတကိုယ်လုံးကလည်း ခံပြင်းမှုကြောင့် တုန်ယင်နေမိသည်။

“ နွယ်ရယ် လုပ်ရက် လိုက်တာ  . . . လုပ်ရက်လိုက်တာ  . . . .  ”

ဆိုသော စကားသံတွေက ပဲ့တင်ထပ်နေသည်။ လူက အိပ်၍ မပျော် ၊ ကွန်ပျူတာကို မြင်တိုင်း တိုက်ခိုက် ခံထားရသော ကိုယ့်ရဲ့ ရန်ဘက် သားရဲ တစ်ကောင် ရှိနေသလိုလို ခံစားရသည်။ ဘာမှ မပေါ်တော့သော ကွန်ပျူတာ မော်နီတာကို ဒေါသတကြီးနဲ့ စူးစူးဝါးဝါး စိုက်ကြည့်နေမိသော်လည်း စိတ်တွေက လူနဲ့ မကပ်။ အတိတ်ကို ရောက်သွားလိုက် ၊ အခု နေရာကို ရောက်သွားလိုက်ဖြင့် အရူးမီးဝိုင်း ဖြစ်နေမိသည်။

အိပ်လို့ မပျော်တဲ့ နောက်ဆုံး ရေထချိုးပြီး ဘယ်သွားသွား သယ်သွားတတ်တဲ့ အိတ်လေးကို ဆွဲကာ အပြင်ကို ထွက်လာမိသည်။ ဘယ်သွားမယ် ဆိုသော လမ်းစဉ် မရှိ။ ခြေဦးတည့်ရာကို လျှောက်နေမိပြီး တွေ့ရာ ကားပေါ်ကို တတ်နေမိသည်။ ရောက်ချင်ရာ ရောက် ၊ မြင်သမျှ တွေ့သမျှက အလွမ်းတွေနဲ့ လောင်ကျွမ်းခံထားရသော အရာများ အနေဖြင့် ညိုမှိုင်းမှိုင်း ရှိလှသည်။

ဗိုက်ဆာလို့ ဆိုင်တစ်ဆိုင်မှာ ဝင်စားတော့လည်း ပါးစပ်ထဲ တစ်လုပ်ဝင်ပြီး ဝါးကာ မျိုချတော့ မျိုလို့ မကျ။ ဘေးက အအေးဗူးကို ဖောက်ပြီး နင်နေသော အစာကို ကျအောင် အအေးနဲ့ မျှောချတော့ အအေးပါ ထပ်နင် နေတော့သည်။ ရင်ထဲမှာ တင်းကြပ်နေမှုက အရာရာကို ကျဉ်းမြောင်း သွားစေတာလား။ ကိုယ့်အတွန့် ချိုးထားသောကြောင့် မျက်မှောင်တွေလည်း ကျဉ်းကျုတ်နေသည်။  မြင်သမျှ အရာတိုင်းကလည်း သွေးဆာနေသော အနီရောင် ကွင်းပြင်များ ၊ လူနဲ့ စိတ်က ဝေးသွားသလိုလို ၊ နီးလာသလိုလို ခံစားနေရသည်။

ကိုယ် လမ်းလျှောက် နေမိသည်။ ဘယ်ကိုလဲ ၊ ရောက်ရာ ပေါက်ရာသို့။ ဘယ်အချိန်ပြန်မလဲ။ အလုပ်ချိန် ဝင်မှီရင် တော်ပါပြီလေ။ ကိုယ့် နေ့ရက်တွေက ရုတ်ချည်း အဓိပ္ပါယ်မဲ့သွားသလို ခံစားလိုက်ရသည်။



ကွန်ပျူတာ ဆိုတာနဲ့ အတတ်နိုင်ဆုံး ဝေးအောင် နေရေးသည် ဒီအချိန်မှာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်သည်။ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး လုပ်ရ ကိုင်ရသော အလုပ်ဆိုရင်လည်း အင်တာနက်နဲ့ မချိတ်မိအောင် ကိုယ် နေသည်။ အင်တာနက်နဲ့ ပတ်သတ်ရမယ် ဆိုရင်လည်း ကိုယ် Gtalk ကို မဝင်။ Gmail ကို မဖွင့်။ သေရာပါ ဒဏ်ရာ တစ်ခုကို ရထားခဲ့သော လူတစ်ယောက်လို ထိုအရာကို မုန်းနေမိသည်။

“ တီတီ . . .တီတီတီ. . . တီတီ . . ”

အလုပ်နဲ့ ပတ်သတ်သော ဖုန်းဆိုတော့ ဖုန်းကိုတော့ ကြာကြာ ပိတ်၍ မဖြစ်။ ဘယ်က ဖုန်းလဲလို့ ကြည့်လိုက်တော့ နံပါတ် မပေါ်သော ဖုန်း။ နွယ့်ဆီကများလား။ မဖြစ်နိုင်။ သူက သူ့ဖုန်းနဲ့သာ ခေါ်သည်။ သူ့နဲ့ ပြဿနာ တတ်ပြီး အခု ၂ လ အတောအတွင်းမှာ သူ့ဖုန်းနဲ့ အကြိမ်ပေါင်း များစွာ ဆက်သော်လည်း သူ့ဖုန်းမှန်း သိရင် ကိုယ် မကိုင် ၊ ပိုပြီး ဒဏ်ရာကြီးအောင် လုပ်မည့် အရာလို ကိုယ်နာကျည်းမိ၏။ အခု ဖုန်းက ဘယ်ကလဲ။ သူ ဆိုရင်တော့. . . .

“ ဟလို . . . ”

“ ဟလို. . . ကိုဇော်လား  ”

“ ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး ”

“ ကိုဇော် ၊ ညီမလေ ခင်သီတာပါ ”

“ သြော်. . ပြောလေ ညီမ ဘာဖြစ်လို့လဲ ”

“ အစ်ကို ပျောက်နေလို့ ဘာများ ဖြစ်နေတာလဲ ဆိုပြီး ကိုဟိန်းက လှမ်းပြီး ဖုန်းဆက်ခိုင်းလို့ အစ်ကို ”

“ ဒီလိုပါပဲ ညီမရယ် ၊ တခြား စိတ်ညစ်စရာ ကိစ္စ နည်းနည်း ရှိနေလို့ပါ ”

“ ဘာတွေ ဖြစ်နေတာလဲ အစ်ကို ၊ အခု အားရင် ကိုဟိန်းက ခဏလောက် လိုင်းပေါ်တတ်ခဲ့ပါဦးတဲ့ ”

“ ဘာကိစ္စလဲ ညီမရဲ့ ”

“ ဒါတော့ မသိဘူး အစ်ကို LC ကိစ္စ နည်းနည်း ပြောချင်လို့ ထင်တယ်။ ပြီးတော့ အစ်ကို့ကို မတွေ့လို့ အားလုံးက မေးနေကြလို့ပါ ”

“ သြော်. . . အေးအေး  . . ဒါဆို အစ်ကို တတ်လာခဲ့မယ် ညီမ ”

“ ဟုတ် အစ်ကို ၊ ဒါဆို ဒါပဲနော် ”

“ အေးအေး. . . ခဏနေ အစ်ကို တတ်လာခဲ့မယ်လို့ အခုတော့ အပြင်ရောက်နေလို့ ”

“ ဟုတ်. . ညီမ ပြောထားလိုက်မယ် အစ်ကို ”

“ အိုကေ . . ဘိုင် ”

“ ဘိုင် အစ်ကို ”

“ - - - - - - ”

မောလ်ဘက်ကို သွားမဲ့ ကိုယ့်ခြေလှမ်းများကို ရုတ်သိမ်းပြီးတော့ ကိုယ် ပြန်လှည့်လာခဲ့၏။ အိမ်ကို ရောက်တော့ ကွန်ပျူတာ ဖွင့် နက်ချိတ်ပြီး Gtalk ကို ဝင်လိုက်တော့ ဝင်လိုက်တယ် ဆိုရင်ပဲ ကိုယ့်ရဲ့ အကောင့်ထဲမှာ အသံများ ဆက်တိုက်မြည်ကာ Message Box များ ဆက်တိုက် တတ်လာသည်။ အဲဒီအထဲမှာ ကိုဟိန်းဆီက စာသားတွေက အများဆုံး။ မနေတတ် မထိုင်တတ် နွယ့်ဆီမှာ ဘောက်စ်လေးကို ရှာလိုက်မိသေးသည်။ မတွေ့။ ပြီးမှ ကောင်းတယ် တွေ့နေရင် ပိုနာကျည်း နေရဦးမယ်။

ရေးပို့ထားသော မက်ဆေ့များကို ဖတ်ကြည့်လိုက်တော့ အားလုံးက “ ကိုဇော် ပျောက်လှချည်လား ၊ LC ကိုမေ့နေပြီလား ”  ဆိုသော သတိတရ မေးကြသော စာသားများသာ များ၏။ အခု အွန်လိုင်းပေါ်မှာ ရှိနေတာကတော့ ကိုဟိန်း။

“ အစ်ကို ဘယ်တွေ ရောက်နေတာလဲ ၊ ကျွန်တော်တို့ စိတ်တွေ ပူနေတာ ၊ နေများ မကောင်းဘူးလားလို့ ”

“ အစ်ကို နေကောင်းပါတယ် ကိုဟိန်းရာ။ စိတ်တော့ အတော်ကို မငြိမ်းချမ်း စရာ ဖြစ်နေလို့ စိတ်ထင်သလို နေပြီး လျှောက်သွားနေတာ ”

“ ဘာတွေ ဖြစ်နေလဲ အစ်ကို။ ကိုယ့်ညီအစ်ကို အရင်းတွေပဲ ပြောပြပါလား ၊ အစ်ကိုလည်း နည်းနည်း ပေါ့သွားတာပေါ့ ”

“ အင်း . . မင်း အစ်မနဲ့ ကိစ္စပါ။ ”

“ ဘယ်သူလဲ မမနွယ် နဲ့ ကိစ္စလား အစ်ကို ”

“ ဟုတ်တယ်လေ။ သူကလွဲလို့ ဘယ်သူများ ရှိသေးလို့လဲ ”

“ ဘာဖြစ်ကြတာလဲ အစ်ကို ၊ ကျွန်တော်တို့ ဘာမှ မသိလိုက်ဘူး ၊ အစ်မလည်း ဆိုက်ထဲမှာ ကဗျာတွေတောင်မှ လာမတင်တော့ဘူး အစ်ကို ”

“ အင်း . . တိုတိုပြောရရင် ပြဿနာတတ်ကြတာကွာ။ ဒီလို . . @*@&a    mp;$*& @$@(@&a mp;)$# @$*(@& amp;$*@_@)_@ $&)@ &a mp;$ ”

“ - - - - - - ”

“ အဲဒါပဲကွာ . . . ငါကတော့ သူ့ဆီ သွားဖို့ အားလုံး ပြင်ဆင်ပြီးပြီ ၊ သူက ကျတော့ နောက်ထပ် တစ်နိုင်ငံ ကူးဖို့ ပြင်နေတယ် ”

“ အစ်ကို . . ခဏလေး ၊ ကျွန်တော့် အမြင်ကို ပြောရမလား ”

“ အင်း. . . ပြော . . .”

“ တကယ်လို့ ပြောရမယ် ဆိုရင် အစ်ကို မှားနေသလိုပဲ အစ်ကို ”

“ ဘယ်လို . . . ဘာကို မှားတာလဲ ”

“ ကျွန်တော့်တို့ ဘေးက အမြင်ကို ပြောတာလေ အစ်ကို။ အစ်မကလည်း အစ်ကို့ကို ပြောဖို့ အစီအစဉ် ရှိမှာပါ။ ဒါပေမဲ့ သူကလည်း ပြောဖို့ အချိန်မရလိုက်တာ ဖြစ်မှာပါ။ အခုလို ပြောဖို့ အချိန် ရတဲ့ အခါကျတော့ အစ်ကို အခုမှ ပြောရလား ဆိုပြီးတော့ လောကြီးပြီး မှားသွားတာလို့ ထင်မိတယ် အစ်ကို ”

“ - - - --  ”

“ ခဏလောက် အစ်မကို ရှင်းပြဖို့ အချိန်ပေးရင် ပိုကောင်းမလားလို့ အစ်ကို ”

“ - - - - - -  ”

“ ဒါဆို အစ်ကို့ကို ဘာကြောင့် ဆိုတာ အစ်မ ရှင်းပြနိုင်မှာပါ။ အခုလို အစ်ကို ထပေါက်ကွဲ လိုက်တော့ သူလည်း ဘာပြောရမှန်း မသိ ဖြစ်သွားတာလားလို့ပါ။ ဒါကတော့ ကျွန်တော့် အမြင်ပေါ့ ၊ အစ်ကို တခြား ညီအစ်ကို မောင်နှမတွေကို မေးကြည့်ပါဦးလား။ ကျွန်တော့် အမြင်လည်း မှားရင် မှားနေနိုင်တယ်လေ။ ”

“ အင်း . . ဒါဆိုလည်း အစ်ကို အားလုံးကို မေးကြည့်မယ်လေ ”

“ - - - - - -  ”

“ - - - - - - -”

“ - - - - - - - ”

“ ဒီလို ဆိုရင် ငါမှားသွားတာလား ပန်းချစ်သူ ”

“ အဲဒီလိုတော့ မပြောပါဘူး ကိုဇော် ၊ ဒါပေမဲ့ သူကလည်း ကြိုးစားနေတုန်းမလို့  ကိုဇော့်ကို မပြောဖြစ်သေးတာလို့ ထင်မိတယ်။ ဒါကို ကိုဇော်က ဒေါသတကြီးနဲ့ ပြောလိုက်တော့ သူလည်း ခံစားရသွားမှာပဲလေ။ ”

“ ငါကလည်း ရုတ်တရက် ဆိုတော့ ယူကြုံးမရ ဖြစ်သွားမိတာပါ ၊ ငါကတော့ သူ့ဆီ သွားဖို့ ပြင်ဆင်ထား လိုက်ရတာ ၊ သူကတော့ ငါ့ကို အသိမပေးဘဲ လုပ်တယ် ဆိုပြီး ပေါက်ကွဲသွားမိတာ။ ”

“ အင်းပါ ”

“ နင် စဉ်းစားကြည့်လေ ၊ ငါက အဲဒီကို ရောက် ၊ သူက နောက်ထပ် တစ်နေရာကို ရောက်ဆိုရင် ငါတို့ ဘယ်လိုလုပ် ဆုံကြတော့မလဲ ”

“ ဒါကတော့ ဒါပေါ့ ကိုဇော်ရယ် ၊ သူ့မှာလည်း တခြား အကြောင်းများ ရှိလား မသိဘူး။ ကိုဇော် လိုင်းပေါ်တော့ ပြန်တတ်ပြီး သူနဲ့ စကားလေး ဘာလေး ပြော ၊ သူ ဖြေရှင်းတာလေးကို နားထောင်လိုက်ပါ ကိုဇော် ”

“ အင်း . . . ”

“ ကိုဇော် လိုင်းပေါ် မတတ်တာ ဘယ်လောက် ကြာသွားပြီလဲ ”

“ သေချာတော့ မမှတ်မိဘူး။ ၃ လကျော် ၄ လနီးပါးတော့ ရှိတော့မယ် ထင်တယ် ”

“ ဒါဆို သူလည်း တစ်ယောက်တည်း အထီးကျန်နေမှာပေါ့ ကိုဇော် ၊ ဖုန်းရော မခေါ်ဘူးလား ”

“ ငါကတော့ မခေါ်ဖြစ်ဘူး။ သူကတော့ အရင်က ခေါ်တယ်။ ငါက မကိုင်ဘူး။ နောက်တော့ သူလည်း မခေါ်တော့ဘူး။ ငါကလည်း စိတ်တွေ တို ၊ ဒေါသတွေ ထွက်နေတယ်လေ ”

“ အင်း . . စိတ်လျော့ပါ ကိုဇော်ရယ် ၊ ကိုဇော် ဒီလို ဒေါသတွေ ထွက်တတ်တယ် ဆိုတာတော့ အားလုံးက သိပါတယ်။ သူကလည်း ကိုဇော့်အပေါ်ကို ဘယ်လိုမှ သဘောထားမှ မဟုတ်ပါဘူး။ လိုင်းပေါ်မှာ တွေ့လို့ သူ့က ပြန်ခေါ်ရင်တော့ အေးအေးဆေးဆေး ညှိပြီး စကားပြန် ပြောလိုက်ပါနော် ”

“ အေးပါဟာ . . ကျေးဇူးပါပဲ ”

“ ပြီးတော့ LC ကိုလည်း အရင်ကလို ပြန်ဝင်ပါဦး။ နောက်ပြီး ဆွေးနွေးခန်းလေး တွေလည်း ပြန်ဆွေးနွေး ပေးဦးလေ။ အခုတော့ ကိုဇော် မရှိတော့ ပျင်းခြောက်ခြောက်ကြီးလိုပဲ ”

“ အေးပါ . . . ငါ ပြန်ဝင်ပါ့မယ် ”

“ အိုကေ . . ဒါဆို ဒါပဲနော်. . LC ထဲကို ပတ်မွှေလိုက်ဦးမယ် ”

“ အိုကေ . . ကျေးဇူးပဲ ပန်းချစ်သူ ”

“ :) ”

အားလုံးရဲ့ အမြင်တွေ အရတော့ ကိုယ့်ရဲ့ဒေါသထွက်လွယ်မှု ၊ ရှူးရှူးရှားရှား လုပ်တတ်မှု ၊ ခေါင်းမာမှုတို့ကြောင့် မကြီးထွားသင့်တဲ့ ပြဿနာက ကြီးထွားသွားရတယ် လို့ အားလုံးက မှတ်ချက်ပေး ၊ ထင်မြင်ကြသည်။ ဘာလို့ သူ့ဘက်က ဖြေရှင်းခွင့် မပေးတာလဲ ၊ ဘာလို့ ကိုယ် ထင်ရာကို ပြောမိတာလဲ ၊ ဘာကြောင့် သူ့ကို အချိန် မပေးနိုင်ရတာလဲ။ သူတို့ အားလုံး ဝိုင်းမေးကြသည်။ ကိုယ့် အဖြေက သေချာမှုတော့ မရှိပါ။ ကိုယ့်ရဲ့ ဂရုဏာ ဒေါသောကြောင့် ဖြစ်ခဲ့ရတာတွေ ဖြစ်သည် ဟုသာ။

အားလုံးရဲ့ အမြင်ကို လေးစားသော အားဖြင့် ကိုယ် အွန်လိုင်း ပြန်တတ်သည်။ LC ကို အရင်လိုပဲ ပြန်ဝင်သည်။ သူများတွေ တင်ထားသော ပို့စ်များကို မှတ်ချက်များ ပေးသည်။ ကဗျာတွေ သေချာ ဖတ်သည်။ ဆွေးနွေးခန်းတွေမှာ ပြန်ဝင်ပြီး ဆွေးနွေးသည်။ ပစ်ထားသော ကိုယ့်ရဲ့ ဘလော့လေးကို ပြန်ဖုန်ခါကာ ပိတ်ဆို့နေသော အတွေးများကို ပြန်လည် ဖြေးဖြေးချင်း  ချရေးကာ ပို့စ်လေးတွေ ပြန်တင်ဖြစ်သည်။ အရင်လို မဟုတ်ပေမဲ့ သူ့ဖာသာ သူတော့ အတွေးအချို့ကို ကိုယ် ပြန်ရလိုက်သည်။

သို့သော် လိုင်းပေါ်ကို ချစ်သူ တတ်လာတာတော့ မတွေ့။ နွယ် ဘယ်များ ရောက်နေလဲ ၊ နေမှ ကောင်းရဲ့လား ဆိုသော စိတ်ကြောင့် ပိုတောင်မှ တွေ့ချင်လာသည်။ သူလည်း ငါ့ကို ဟိုအရင် ငါ အွန်လိုင်း မတတ်တုန်းက ဒီလိုပဲ စောင့်နေမှာလား ဆိုသော စိတ်ဖြင့် နွယ့်ကို သနားသွားမိသည်။ သူ ဘယ်လိုများ ခံစားနေရမလဲ ဆိုသော အသိဖြင့် ရင်ထဲမှာ ပိတ်ကြပ်လာမိသည်။

“ အစ်ကို ဘာတွေ လုပ်နေလဲ ”

ဘောက်စ်လေး တစ်ခု တတ်လာပြီး မေးသည်။ ကြည့်လိုက်တော့ ကိုဟိန်း။

“ သြော်. . . မင်း အစ်မ ကို စောင့်နေတာလေ ”

“ ဟင်. . . အစ်မက အခုထိ လိုင်းပေါ် မတတ်လာဘူးလား အစ်ကို ”

“ အင်း  . . . အစ်ကို စောင့်နေတာ နှစ်ပတ် ပြည့်တော့မယ်။ သူလည်း ဝမ်းနည်းပြီးတော့ စိတ်မကောင်း ဖြစ်ပြီး လိုင်းပေါ် မတတ်ဖြစ်တာလား မသိဘူး။ ”

“ ဟာဗျာ . . ဖြစ်ရလေ ၊ အပျက်ပျက်နဲ့ သွေးထွက်တာပဲဗျာ ”

“ အေးလေ. . . အဲဒီတုန်းကတော့ အစ်ကိုလည်း ဂရုဏာ ဒေါသောနဲ့ မို့ပါကွာ ”

“ - - - - - ”

“ အဲဒီလို စိတ်မြန် ၊ လက်မြန် လုပ်တာ မကောင်းဘူး ၊ စိတ်ထန်ပြီး လက်သွက်တာ မကောင်းဘူး လို့ အစ်ကို အမေတွေလည်း အမြဲ ဆုံးမတာပါပဲကွာ။ အခုလို ဖြစ်လာလိမ့်မယ် လို့တော့ မထင်မိဘူးလေ။ အစ်ကိုလည်း ကိုယ် မှန်နေတော့ အလျော့ မပေးမိဘူးပေါ့ ”

“ - - - - - -”

“ အခုတော့ . . . ကွာ . . . ”

“ အစ်ကို . . . ”

“ ဟေ . . ပြော ”

“ တစ်ခုတော့ ရှိတယ် အစ်ကို ”

“ အင်း . . ”

“ ကျွန်တော် ပြောရင် အစ်ကို စိတ်ထဲတော့ မထားနဲ့ပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာကိုး ”

“ အင်း ပြောပါကွ ”

“ ဒီလို အစ်ကို . . . အဲ . . ဘယ်လို ပြောရပါ့ ”

“ ပြောပါကွ . . မင်းကလဲ ”

“ အင်း . . အစ်မက လိုင်းပေါ်မှာတော့ ရှိနေနိုင်တယ် အစ်ကို။ ဒါပေမဲ့ အစ်ကိုဘက်ကတော့ လိုင်းပေါ်မှာ ရှိနေတယ်လို့ မထင်တာက ဘာလို့လဲဆိုတော့. . ”

“ အင်း . . ဘာလို့လဲ ”

“ သူ့ဘက်မှာ မရှိတော့ပေမဲ့ ကိုယ့်ဘက်မှာကျတော့ လိုင်းပေါ်သာ မတတ်တာ ၊ ကြည့်ရင် ရှိနေတယ် ဆိုတဲ့ အတိုင်းပဲ အစ်ကို။ ”

“ အဲဒါ. . ဘာဖြစ်လို့လဲ ”

“ အစ်မက အစ်ကို့ကို Block ထားလား မသိဘူး အစ်ကို ”

“ ဘာ . . . ”

ကိုယ့်ရင်ဘတ်ကြီး တစ်ခုလုံး ပွင့်ထွက်သွားလား မှတ်ထင်ရသည်။

“ နေဦးလေ အစ်ကို ၊ ကျွန်တော် ပြောထားတယ်နော်။ မသေချာပါဘူး လို့ ၊ ထင်တာကို ပြောတာလေ။ အစ်ကို ဘက်က ကြည့်တော့ ရှိနေပေမဲ့ အစ်မဘက်ကတော့ ဘလော့ထားရင် ဘာမှ မရှိတော့ဘူးလေ။ ”

“ ဒါဆို သူ ဘလော့ထားတယ် ဆိုတာကို သိအောင် လုပ်လို့ ရတဲ့နည်းများ ရှိလား ”

“ ဟို . . . ဟို. . . ဟိုလေ. . . အစ်ကို . . . ”

“ ကိုဟိန်း . . . ၊ ဟိုဟို ဒီဒီ လုပ်မနေနဲ့။ ဒီနည်းကို မင်း သိတယ် မဟုတ်လား။ အစ်ကို့ကို ပြောပြပါလားကွာ၊ အစ်ကို သိချင်ယုံပါပဲ ”

“ မဟုတ်. . . . . အဲ. . . ခဏစောင့် ကြည့်ပါဦးလား အစ်ကို။ တစ်ခုခု ဆိုရင် အစ်ကို လွှဲမှားပြီး ပိုခံစားရရင် မကောင်းဘူးလေ။ ဒါကြောင့်ပါ ”

“ ကိုဟိန်း . . ။ အစ်ကို ပြောတာကို ယုံပါကွာ။ ပြီးတော့ လက်ခံပါ။ အစ်ကို . . သူ အစ်ကို့ကို ဘလော့ထားလား ဆိုတာကို သိချင်တယ်။ ဒါကို စမ်းသပ်နည်း ရှိရင် ပြောပြပါကွာ။ တကယ်လို့ သူ အစ်ကို့ကို ဘလော့ထားတယ် ဆိုရင်တောင်မှ အစ်ကို သူ့ကိုလည်း ပြဿနာ မရှာပါဘူး။ တကယ်ပြောတာပါ. . ”

“ - - - - - - ”

“ တကယ်ပြောတာပါကွာ။ သူ တကယ်လို့ ဘလော့ထားတယ် ဆိုရင်လည်း အစ်ကို .. . . ကိုယ့်ဖာသာကိုယ်ပဲ တိတ်တဆိတ် ကြေကွဲပါ့မယ်။ အစ်ကို့ကို ယုံပါ ကိုဟိန်းရာ။ အစ်ကို ထပ်ပြီးတော့ စိတ်လိုက် မာန်ပါ ဒေါသ တကြီး မလုပ်ပါဘူး။ ကိုယ့်ဖာသာကိုယ်ပဲ အရင်က ဒေါသရဲ့အပြစ်ဒဏ်တွေကို ခံပါ့မယ်။ ”

“ ဟို. . .ဟို . . .”

“ ပြောပြပါကွာ ”

“ ဟုတ် . . . ဒီလို အစ်ကို . . ဒါပေမဲ့. . . အစ်ကိုလည်း ထပ်ပြီးတော့ မခံစားစေချင်ဘူး။ ဒီလိုပဲ အစ်မ မတတ်လာ နိုင်တာကိုလည်း ကြည့်ပြီးတော့ မမျှော်နေစေချင်ဘူး ”

“ အင်းပါ . . ပြောပြပါကွာ ”

“ ဟုတ် အစ်ကို။ ကျွန်တော် ပြောတဲ့ အတိုင်း လိုက်လုပ်ကြည့်ပါ အစ်ကို ”

“ အေးကွာ . . ပြော . . လိုက်လုပ်ကြည့်မယ် ”

“ သူ့ရဲ့ ဂျီတော့ ဘောက်စ်ကို ဖွင့်လိုက် အစ်ကို ”

“ အင်း . . . ”

“ နောက်တော့ . . . . . . . .$)@($*^%*_@)+@*$)*!^)$_!@)$_^!*($%*&!%(*  ”

“ အင်း . . . ”

“ အဲဒီအတိုင်းလေး လိုက်လုပ်ကြည့် အစ်ကို ”

“ ဒါဆို သိရပြီလား ”

“ ဟုတ်ကဲ့ အဲဒီ အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်းပဲ။ ဘလော့ထားတယ် ဆိုရင် ဘာမှ မကြားရဘူး ၊ မဘလော့ထားဘဲ အောက်ထားတာ ဆိုရင် အသံကြားရတယ် အစ်ကို ”

“ အိုကေ .. . ကျေးဇူးပဲ ကိုဟိန်း ၊ အစ်ကို စမ်းကြည့်လိုက်ဦးမယ် ”

“ ဘယ်လိုပဲ အဖြေ ထွက်ထွက် ၊ စိတ်ကိုတော့ ထိန်းပါ အစ်ကိုရာ။ အစ်ကို အစ်မကို ဘယ်လောက် ချစ်တယ် ဆိုတာ ကျွန်တော်တို့ သိသလို ၊ အစ်မ အစ်ကို့ကို ဘယ်လောက် ချစ်တယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး သိပါတယ်။ ”

“ အင်းပါ ”

“ အစ်ကို့ စကားနဲ့ပြောရရင်  . .  “ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ အစ်ကို ” ”

“ ကျေးဇူးပါပဲ ကိုဟိန်းရာ ”

“ ဒါဆို ကျွန်တော် အောက်တော့မယ် အစ်ကို ”

“ အေးအေး . . .အစ်ကို စမ်းကြည့်လိုက်ပါဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ချပါကွာ ၊ အစ်ကို အရင်လို မဖြစ်စေရပါဘူး။ စိတ် ထိန်းထားပါ့မယ် ”

“ ဟုတ်ကဲ့ . . . ပျော်ရွှင်ပါစေ အစ်ကို ၊ တာ့တာနော် ”

“ ပျော်ရွှင်ပါစေ . . တာ့တာပါကွာ ”

Block တဲ့။ ကိုယ်တစ်ခါမှ မစဉ်းစားမိပါလား။ နွယ်က ကိုယ့်ကို Block ထားတာ ဖြစ်နေနိုင်လား။ Block တယ် ဆိုတာ ကိုယ့်ကို နှောက်ယှက်သူတွေ အတွက် သီးသန့် လုပ်ရပ် တစ်ခုလို့ပဲ ကိုယ်က ယူဆထားမိသည်။ ကိုယ်က နွယ့်အတွက် နှောက်ယှက်သူလား။ ဘယ်လိုပဲ ဖြစ်ဖြစ် စမ်းကြည့်ရမှာပဲလေ။

ကိုဟိန်း ရေးပေးသော Block စမ်းသပ်နည်းကို ကိုယ် ပြန်ဖတ်ပြီး တဆင့်ချင်း လိုက်လုပ်မိသည်။

ဇာတ်သိမ်းကို မကြာမှီ ဆက်လက် ဖော်ပြပါမည်။ 

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဟူး...ဖတ်ရတာ ရင်မောစရာ...
ဂျီတော့မှာ ဘလော့ လုပ်ထားတယ်ဆိုရင်...
ရှေ့ဘာတွေ ဆက်ဖြစ်မလဲ....မြန်မြန်ဖတ်ချင်ပါတယ်..

Unknown said...

ဖတ်ပြီး မွန်းကျပ်နေသလို ခံစားရတယ် ဦးဇော် ....

SHWE ZIN U said...

အမယ်လေး နောက်ဆုံး အလွမ်းဇာတ်သိမ်းရတော့မှာပါလား

စိတ်တောင်မကောင်းဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

တကယ့်အဖြစ်အပျက် ဟုတ်မဟုတ်တော့မသိဘူး။ အဖြစ် ချင်းက နည်းနည်းတူသလိုလိုပဲ။ အဲဒီလိုအဖြစ်မျိုးတွေ ဘယ် သူ့ကိုမှ မခံစားစေချင်ဘူး။

ahphyulay said...

အင်း..
ဒီလောက် ကွဲအက်အက်ရှတတ ကြီးကိုဖတ်လာခဲ့ မိတော့ 
ကိုယ်ပါ “ အက် ” လာတယ်လေ ၊
ထိ သွားတဲ့ အဖွဲ့ ကတော့  အလစ်အငိုက်မှာ အထိုးခံလိုက်
ရတဲ့  လက်သီးလိုပဲ ဆိုတာလေ ၊
သိပ်မြန်တာပဲ ၊ ချစ်မိပြီးမှ မချစ်ပါဘူးပြောလဲ လိမ် တာပဲ။
ကျွန်တော့် နွယ်လဲ ဗမာပြည်က ပြန်လာတုံးက ဆက်ရှာပါတယ်၊
ပိုက်ဆံ အိပ်ပျောက်သွားလို့ တဲ့ ။

ခင်တဲ့  ...

Anonymous said...

သြော်.. ပြောဖို့မေ့သွားလို့။ အဲဒီဇာတ်လမ်းရဲ့အဆုံးသတ်ဟာ ငယ်ငယ်ကပေါင်းခဲ့တဲ့သူငယ်ချင်း၊ အချစ်ဆုံးသူငယ်ချင်း တယောက်ကြောင့်တော့ မဖြစ်လောက်ပါဘူးနော်။ ဖြစ်ခဲ့တယ် ဆိုရင် ထပ်ပြီးတော့ မှတ်ချက်ရေးပါဦးမယ်။

ရွှေရတုမှတ်တမ်း said...

လွမ်းကောင်းတုန်းကိုး...
happy ending လားစောင့်ဖတ်ရမှာပေါ့လေ

အုပ်ကြီး said...

အချစ်ဒိုင်ယာလော့တွေ အလွတ်ကျက်ဦးမှ ...
အချစ်လက်သီးပုန်း ဘယ်သူများလာထိုးမလဲမသိဘူး ....အွန်လိုင်းတတ်လိုက်ဦးမယ်ဗျ ...

မေပယ်လ် said...

အမေ့...
ဟက်ဒစ်ကြီးကိုတောင် သုံးလုံးသားရေးရာလို့
နာမည်ပေးထားသတဲ့.
တယ်လဲ ကဗျာဆန်သကိုးဗျ..
အဲ..အဆုံးပိုဒ်လေးတွေရောက်တော့ ငိုချင်သလိုကြီးဗျာ

မေပယ်လ် said...

အမှားပြင်ဆင်ချက်..။
ဟက်ဒစ်နာမည်
သုံးလုံးသားရှိရာ..:D

မိုးခေတ် said...

ဖတ်ရတာ ရင်မောတယ်ဗျာ...သေချာပါတယ်...ဇာတ်သိမ်းပြီးသွားရင် အစအဆုံးတစ်ခေါက်လောက်တော့ ပြန်ဖတ်ဖြစ်ဦးမှာပါ...(send voicemail ကိုနှိပ်လို့မရလို့..တုခနဲ တုခနဲ ပြတ်တောင်းပြတ်တောင်းအသံသည် ရင်ကိုနာကျင်စေနိုင်ပါသည် ။)ဇာတ်သိမ်းမျှော်....။

မောင်သီဟ said...

လွမ်းပါတယ်ဆိုမှဗျာာာာာ

ဝက်ဝံလေး said...

သေချာတာ က တော့ ကိုဇောက သမီးကို ဘလော့ဂ်ထားတာပဲ ဟဟဟ ဘာလို့လဲ ဆိုတော့သမီး အိမ်မှာ အသစ်မတက်ဘူး ဟိဟိ ခု လေးမိုး အိမ်ကနေ တဆင့်လာခဲ့တာ

ကောက်တယ် ဘလော့ဂ်ထားတာ ပြန်ဖွင့်ပေး ဒါဗြဲ

Anonymous said...

ဲ့အင်း...ဇာတ်ကမသိမ်းသေးပေမဲ့ ဆက်ဖတ်ရတာမွန်းကျပ်နေတယ် မြန်မြန်ဇာတ်ကိုသိမ်းပါတော့
ဒါဖတ်ပြီးတော့ ခန့်မှန်းဘို့ရာခက်သွားတယ်
တဘက်ကပြောလာမဲ့ စကားကိုမစောင့်ဘဲ ဆုံးဖြတ်ချက်ချရင် မှားတတ်တယ်
ဘာဖြစ်လဲ သူနောက်သွားမဲ့ နိုင်ငံကိုဘ်ဲလိုက် သွားလိုက်ပေါ့ ဇာတ်သိမ်းခန်းလေးမျှော်နေမယ်...

မြလေး

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုဇော်
နှလုံးသားရှိရာ ကိုဖတ်ပြီးဆက်တွေးသွားတယ်။
အခုအချိန်မှာကျနော်လည်းခံစားနေရလို့ လားမသိဘူး။
နှလုံးသားတွေကြေကွဲနေလိုက်တာအစိတ်စိတ်အမွှာမွှာပါဘဲ
ဗျာ-စာအရေးအသားတွေလည်းအတုခိုးသွားတယ်။
စာတွေအများကြီးရေးနိုင်တာကိုလည်းလေးစားသွားတယ်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

သဒ္ဓါလှိုင်း said...

အရှေ့ပိုင်းမှာဖတ်ပြီး ၀မ်းသာလာတာ.. ခုဖတ်လိုက်
ရတာငိုချင်လိုက်တာနော်..။ ဘယ်လိုအကြောင်းနဲ့မှ
ချစ်တဲ့သူတွေမကွဲကွာစေချင်ဖူး.။ ဖတ်ပြီး ရင်မော
သွားရပြီ....

ခင်မင်စွာ
သဒ္ဓါ

သိင်္ဂါကျော် said...

သုံး လေး လ လောက် လိုင်းပေါ် မတက်တာ တော်တော် နေနိုင်တာပဲနော်.. ကိုယ်သာဆို invisible လေးနဲ့ပဲ ဖြစ်ဖြစ် ဝင်တော့ ကြည့်မိမှာပဲ.. :D

ချစ်သူအချင်းချင်း အထင်လွဲခြင်း ကင်းရှင်းကြပါစေ..

အဖြူရောင်နတ်သမီး said...

အပျော်နဲ့ ဇာတ်သိမ်းပေးပါဗျို့..

(ဟင့်...
သူများဆီမှာ ဘာတွေလာဖွသွားတာဒုန်းးးးးးးးး...
ဝတ္ထုပါဆိုမှ...ကိုဇော်နော်)
:sutti
;)

မြတ်မွန် said...

အဟမ်း တော်တော်ချစ်နေကြတယ်..။
ဇာတ်သိမ်းမျှော်..။