မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 November 2010

17 နှလုံးသား ရှိရာ ( ၂ )



အချစ်ဆုံး . . . သို့

“ မေ ” လို့ ခေါ်ရမလား
“ နှင်း ” လို့ ခေါ်ရမလား
“ နွယ် ” လို့ ခေါ်ရမလား
“ မေနှင်းနွယ် ” လို့ ခေါ်ရမလား
ဒါမှမဟုတ်. . .
“ အချစ်ဆုံးလေး ” လို့ ခေါ်ရမလား။ ။

ချစ်သူဆီက အဖြေရပြီးတော့ ပထမဦးဆုံး ချစ်သူကို ပေးဖြစ်ခဲ့သော ကဗျာလေး ဖြစ်၏။ အဲဒီတုန်းကမှ စပြီး ချစ်သူကို “ နွယ် ” ဟု ခေါ်ဖြစ်ခဲ့သည်။ ဘာရယ် ဘာသဘောမှ မဟုတ်ပေမဲ့ ချစ်သူက ကိုယ့်ရဲ့ စိတ် ၊ ကိုယ့်ရဲ့ နှလုံးသား ၊ ကိုယ့်ရဲ့ ဘဝ တစ်ခုလုံးကိုပါ ရစ်ပတ် နှောင်ဖွဲ့တတ်ခြင်း သဘောရှိသော “ နွယ်ပင်လေးကဲ့သို့ တင်စားမိကာ “ နွယ် ” ဟုခေါ်ခဲ့တာ ဖြစ်၏။ တကယ်လည်း ကိုယ့်အပေါ် တစစနဲ့ ရစ်ပတ်နှောင်ဖွဲ့ လာခဲ့ပါသည်။



အိပ်ယာမှ နိုးနိုးချင်း ထုံးစံအတိုင်း ကွန်ပျူတာလေးကို ဖွင့်ပြီး ကိုယ် အီးမေးလ် စစ်ကြည့်လိုက်တော့ Fwd to Fwd Mails တွေ နည်းနည်းနောနော မဟုတ်။ တစ်မျိုးတည်းကို ခေါင်းစဉ်တစ်မျိုးတည်းနဲ့ ပို့ရင် ဘာမှ မဖြစ်ပေမဲ့ မူရင်း မေးလ်ပိုင်ရှင်က ပေးထားသော ခေါင်းစဉ်ကို ဖျက်ပြီး ကိုယ်သန်ရာ ကိုယ်နှစ်သက်ရာ ခေါင်းစဉ်ကို တပ်ကာ ထပ်ပို့ကြ၏။ ဒါနဲ့ပဲ ကိုယ့် မေးလ်ထဲမှာ အကြောင်းအရာတူ ခေါင်းစဉ်ကွဲ မေးလ်များ စုပုံနေတတ်သည်။

ထိုအချိန်က ကိုယ် ဘလော့လေးသာ ဖွင့်ထားတာ သေသေချာချာ မရေးဖြစ်သေးပါဘူး။ ကိုယ့် ဘလော့ပေါ်ကိုတင်မဲ့ စာတွေကို အရင်ဆုံး မေးလ်ထဲက သူငယ်ချင်းတွေဆီကို အရင်ပို့ဖြစ်ခဲ့သည်။ ထိုမှတဆင့် မေးလ်ထဲမှာ အတော်ကို ပျံ့နှံ့နေတတ်ပြီး နောက်ဆုံး ကိုယ့်ဆီပါ အောက်ဆုံးက ရေးသူ ပျောက်ကာ ရောက်လာတတ်သည်။ ကိုယ့်မေးလ်ကို ကိုယ် ခေါင်းစဉ်ပြောင်းကာ ပြန်လည်လက်ခံရတော့ ဖော်မပြတတ်သော ခံစားမှု တစ်ခုက ရင်မှာ ဖွံ့ဖွံ့ဖြိုးဖြိုး ဖြစ်ထွန်းသည်။

ဒီလို မေးလ်တွေ ကြားထဲမှ ထူးထူးဆန်းဆန်း မေးလ်လေး တစ်စောင်ကို ကိုယ် မြင်လိုက်ရသည်။ ပို့သူ နေရာမှာ ပေါ်နေတာက may hinn ngwe လို့ ဖော်ပြပြီး မေးလ် စာကိုယ် အတွက် နမူနာ အနည်းငယ်မှာတော့ “ အစ်ကိုရေ. . .  ” ဆိုသော  စာသားကိုယ် တွေ့လိုက်ရ၏။ ဘာပါလိမ့် ဆိုသော စူးစမ်းချင်စိတ်ဖြင့် မေးလ်လေးကို ဖွင့်လိုက်တော့မှ အပြည့်အစုံကို မြင်ရတော့သည်။

“ အစ်ကိုရေ . . .

အလုပ်က အခုပဲ ပြန်ရောက်တယ်။ မေးလ်ဖွင့်လိုက်တော့ အစ်ကို ပို့ထားတဲ့ မေးလ် ၄ စောင်တောင်မှ ရတယ်။ အခုတော့ အလုပ်က ပြန်ရောက်ရောက်ချင်း ဆိုတော့ မဖတ်အားသေးဘူး။ ချက်ပြုတ် လိုက်ဦးမယ်။ မေးလ်ဖတ်ပြီးတော့မှ အကြောင်းပြန်တော့မယ်။ ကျေးဇူးပါပဲ။ ”

မေနှင်းနွယ်

မေးလ်ကတော့ ဒီလောက် တိုတိုလေးသာ ဖြစ်သည်။ ကိုယ်မေးလ်ပို့လိုက်လို့ လက်ခံရရှိသူတို့ ထံမှ ဒီလိုပဲ အကြောင်းပြန်လေ့ ရှိတတ်ပါသည်။ သို့သော် အမှတ်တရ မေးလ်ပြန်ဖော်ရသော မေနှင်းနွယ် ဆိုသော နာမည်လေးကိုတော့ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့မိပါသည်။ ဒီလိုနဲ့ ကိုယ်ကလည်း စိတ်ကူးပေါ်တိုင်း ပေါ်သလို မေးလ်ထဲကနေ စာတွေကို ရေးကာ ရှိသမျှ သူငယ်ချင်းတွေဆီကို လျှောက်ပို့၏။

ကိုယ်ပို့သော စာတွေကို “ မေနှင်းနွယ် ” တစ်ယောက်ကတော့ တစ်စောင်မကျန် ဂရုတစိုက် လိုအပ်ချက်များ ၊ အမှားများကို မေးလ်ပြန်ကာ ထောက်ပြ ဆွေးနွေးပေးလေ့ ရှိသည်။ ဒါပေမဲ့ သူနဲ့ ကျွန်တော် လိုင်းပေါ်မှာ တစ်ခါမှ မဆုံဖြစ်ကြသေးပါ။ သူအလုပ်သွားခါနီး ကိုယ့်ကို Offline Messages ပို့ထားလေ့ ရှိသလို ၊ ကိုယ်ကလည်း ထိုမက်ဆေ့ကို ပြန်လည်ကာ ပြန်ထားလေ့ ရှိသည်။ ဒါနဲ့ တစ်နေ့ထက် တစ်နေ့ တစ်ယောက်ဆီကို တစ်ယောက်ပို့သော မက်ဆေ့ အကြောင်းရေတွေက များလာလေ့ရှိသည်။

“ Hi ”

ကိုယ့် Gtalk မှ Message Box လေး တစ်ခု တတ်လာကာ လှမ်း၍ နှုတ်ဆက်သည်။ ကိုယ်ကြည့်လိုက်တော့ ညီတစ်ယောက်ကဲ့သို့ ခင်မင်ရသော ညီလေး “ ကိုဟိန်း ” . . . .

“ ပြောလေ ညီ ၊ ဘာကိတ် ”

“ ကျွန်တော်တို့ Ning မှာ ဆိုက်လေး တစ်ခုလောက် လုပ်မလား လို့ အစ်ကို ”

“ ဘယ်လို လုပ်ရတာလဲကွ ”

“ထူးထူးခြားခြားတော့ မဟုတ်ဘူး အစ်ကို။ Ning မှာ ဆိုက်လေးဖွင့်ပြီးတော့ လုပ်မယ်လေ ”

“ အင်း  . . . ဘယ်လို အကြောင်းအရာ ၊ ရည်ရွယ်ချက် နဲ့ လုပ်မှာလဲ ”

“ အချစ်နဲ့ ပတ်သတ်ပြီးတော့ ရင်ဖွင့် ခံစားနိုင်တဲ့ ဆိုက်လေး ဖြစ်စေချင်တယ် အစ်ကို။ နောက်ပြီးတော့ တူရာ တူရာ အဖွဲ့လေးတွေလည်း လုပ်မယ်။ ကိုယ့်ခံစားချက်တွေကို ဆွေးနွေးဖို့ နေရာလေးတွေလည်း ထားပေးမယ်။ ကိုယ်တိုင်ရေး စာတွေ ၊ ထပ်ဆင့် ဖော်ပြတဲ့ စာတွေကိုလည်း လက်ခံမယ်။ ဒါပေမဲ့ အချစ်အကြောင်းက လွဲပြီး တခြား ဘာအကြောင်းကိုမှ လက်မခံချင်ဘူး အစ်ကို။ ”

“ ဟုတ်တယ် ဒါကောင်းတယ်။ အချစ်ဆိုက်မှာ တခြား နိုင်ငံရေး ၊ ကျန်းမာရေးတွေလာတင်ရင် ရှု့ပ်ကုန်မယ် ”
“ ဟုတ်တယ် အစ်ကို ၊ ဒါတွေ လာတင်ရင်တော့ သတိပေးပြီး ဖျက်ပစ်မယ်။ ”

“ ခဏနေဦး ကိုဟိန်း ၊ အချစ်ဆိုလို့ ၁၅၀၀ အချစ်ကိုပဲ လက်ခံမှာလား ၊ ၅၂၈ အချစ်ကိုရော လက်မခံဘူးလား ၊ ဒါကိုလည်း ရှင်းရှင်းလင်းလင်း သိမှ ဖြစ်မယ်။ ”

“ ၁၅၀၀ ရော ၊ ၅၂၈ ရော လက်ခံမယ် အစ်ကိုရာ။ အဓိကက အချစ်ဆိုက်လေး ဖြစ်ဖို့ပဲ။ ”

“ ဟုတ်ပြီ ၊ ဒီတော့ ဒီဆိုက်လေးကို ဘယ်လို နာမည်ပေးထားလဲ ”

“ ကျွန်တော် . . .  ခင်သီတာ ၊ မချိုဆု တို့နဲ့ တိုင်ပင်ကြည့်တော့ သူတို့က နာမည်တွေ ဝိုင်းရွေး ပေးကြတယ်။ ”
“ ဟုတ်လား။ ဂျိုပုက ဒါတွေ ဘာတွေ နားလည်လို့လား ၊ ဒီအပျိုကြီးက. . . ဟဟဟ ”

ချိုဆု ဆိုတာ အင်တာနက်ပေါ်မှာ ကိုဟိန်းနဲ့ ပတ်သတ်ပြီး ပထမဦးဆုံး ခင်ခဲ့ရသော ရွယ်တူ သူငယ်ချင်း တစ်ယောက် ဖြစ်သည်။ စစခင်ကတည်းက အစအနောက် သန်သော ကိုယ်နဲ့ စိတ်မဆိုးတတ်သော ချိုဆုတို့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများလို ဖြစ်ကာ အမြဲတမ်း စကားပြောဖြစ်ခဲ့သည်။

“ ဟားဟား. . . အထင်မသေးနဲ့ အစ်ကိုရေ။ အခု နာမည်တောင်မှ သူက ရွေးပေးတာ . . . သူရွေးပေးတဲ့ နာမည်လေးက အရမ်းကို လှတယ်။ ”

“ လုပ်စမ်းပါဦးကွာ ”

Love Creative တဲ့ အစ်ကို။ မြန်မာလို ဆိုရင် “ ဖန်တီးနိုင်စွမ်းသော အချစ် ” လို့ ခေါ်ကြမယ်လေ ”

“ ဖန်တီးနိုင်စွမ်းသော အချစ် ” ကောင်းသားပဲ နာမည်လေး ၊ ကြိုက်တယ်ကွာ ”

“ အိုကေ အစ်ကို ကြိုက်ရင် အခုပဲ ဆိုက်လေးကို စလုပ်လိုက်တော့မယ် အစ်ကို ”

“ အိုကေ ချကွာ ”

“ ကျွန်တော်က ဆိုက်ပဲ လုပ်တတ်တာနော်။ ဆိုက်ကို လူ လာအောင်တော့ အစ်ကိုပဲ ခေါ်ပေးရမှာ ဟီးဟီး။ အစ်ကို Marketing လေ။ ပြီးတော့. . . ဟဲဟဲ  . . ”

“ ပြီးတော့ ဘာဖြစ်ပြန်ပြီလဲ ”

“ ဒီလို ဆိုက်တွေမှာက ပြဿနာတွေကလည်း ဖြစ်တတ်တယ် အစ်ကိုရဲ့ ”

“ ဟုတ်လား ”

“ ဟုတ်တယ်။ ပြဿနာ ဆိုလို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူးဗျာ။ ကိုယ်က အချစ်အကြောင်းပဲ တင်စေချင်တယ်။ သူတို့က နိုင်ငံရေးတွေ ၊ Sex အကြောင်းတွေ လာတင်တယ်။ ဒီတော့ ပြောရဆိုရ ၊ သတိပေးရ ၊ နောက်ဆုံး မရရင် Ban ရတတ်တယ်။ ဒီအချိန်မှာ ဆိုရင် စကားတွေတော့ အတော် ပြောရတာပေါ့။ ”

“ သြော်. . . ဒါကတော့ ကိုယ်က ဒီလို စည်းကမ်းလို့ ပြောထားတာပဲလေ။ ဒါကို မလိုက်နာတဲ့ လူကိုတော့ ဒီလို ပြောရမှာပေါ့။ ”

“ ဟုတ်တယ် ဟုတ်တယ်. . . အဲဒါဘဲ။ အဲဒီလို ဖြစ်လာရင်လည်း အစ်ကိုပဲ ကိုင်တွယ် ပြောရမှာနော် ”

“ အမ်. . . မင်းဟာက ငါ့ကို လူမိုက် ငှားတာပဲ ”

“ လူမိုက် ငှားတာတော့ မဟုတ်ပါဘူး ငါ့အစ်ကိုရယ်။ ကျွန်တော်တို့က ဘယ်လိုမှ ပြောဆို မရှင်းပြတတ်လို့ပါ။ စိတ်ရှုပ်ရင် Ban ဆိုတဲ့ ခလုတ်ပဲ သွားသွား နှိပ်မိမှာ ဒါကြောင့်ပါ။ အစ်ကို နားလည်အောင် ပြောပြ တတ်တယ်လေ။ ”

“ တော်. . . တော်. . . ငါ့ကို ခေါင်းရောင်း ပြီးတော့များ . . . . ”

“ ဟီး . . ဟီး . . ငါ့အစ်ကိုကလဲ ၊ ဒါပေမဲ့ သဘောတူတယ် မဟုတ်လား ”

“ စဉ်းစားဦးမယ်ကွာ ”

“ အဲ . . အဲ . . စဉ်းစားဦးမယ်သာ ပြောတာ ငါ့အစ်ကို မျက်နှာကြီးက ပြုံးနေတယ်။ ညီလေး လုပ်လိုက်တော့မယ်နော်  ဆိုက်လေးကို ”

“ စဉ်းစားဦးမယ်ကွာ ၊ စလုပ်ပြီးတော့ နောက်မှ ကိုယ်က လိုက်မလုပ်နိုင်ရင် မကောင်းဘူး မဟုတ်လား ”

“ အဲ. . . ဒီလိုလည်း မဟုတ်သေးဘူး အစ်ကို ”

“ ဒါဆိုရင် ဘယ်လိုလဲ ”

“ အခု ဆိုက်ကို စလုပ်ခါစမှာတော့ လူက နည်းနေဦးမှာလေ။ နောက်တော့ လူများလာပြီး အဲဒီထဲမှာ အမြဲ ရှိနေနိုင်ပြီး ဆိုက်ကလေးကို သံယောဇဉ် ရှိသူ ဆိုတာ ပေါ်လာမှာပဲလေ။ အဲဒီကျတော့ အဲဒီလူတွေကို ဖိတ်ပြီးတော့ အက်ဒမင် ပေးမယ် အစ်ကိုရာ။ ”

“ အင်း  . . . ”

“ ဒါဆိုရင် များလာတဲ့ မန်ဘာတွေ အတွက် ကျွန်တော်တို့ အက်ဒမင်တွေက တာဝန်တွေ ခွဲပြီး လုပ်လို့ရတယ်လေ။ ကြိုဆိုရေး ၊ မိတ်ဆက်ရေး ၊ အသင်းတွေကို ဖိတ်ခေါ်ရေး ၊ စောင့်ကြည့်ရေးတွေကို တာဝန်ခွဲပြီး လုပ်မယ် အစ်ကို ”

“ အိုကေ . . . သဘောပေါက်ပြီ ”

“ ဒါဆို အခု လုပ်လိုက်တော့မယ်နော် အစ်ကို ”

“ ကေကေ . . . . ချကွာ ”

အဲဒီနေ့ကနေပြီး စကာ အင်တာနက်မှ အချစ်နဲ့ ပတ်သတ်သူ ၊ အချစ်ကို စိတ်ဝင်စားသူ အတော်များများရဲ့ ကြားမှာ LC ဆိုပြီးတော့ အတိုကောက် ခေါ်သော Love Creative ( http://lovecreative.ning.com ) ဆိုတဲ့ ဆိုက်လေးဟာ “ ဖန်တီးနိုင်စွမ်းသော အချစ် ” ဆိုပြီး ထင်ရှား စိတ်ဝင်စား လာကြပါသည်။

တကယ်တမ်း ပြောရရင် ကိုယ်ကလည်း တော်တော်ကို လွန်၏။ အလုပ်က အိမ်ပြန်ရောက်လို့  လိုင်းပေါ်တတ်ပြီး ကိုယ့်ကို လာခေါ်ပြော နှုတ်ဆက်သူတွေနဲ့ စကားပြောတဲ့ အခါမှာ နည်းနည်းတော့ ဆန်း၏။

“ Hi Ko Zaw ”

“ ဗျာ . . . ”

“ အားရဲ့လား ”

“ အားတာကတော့ လုံးဝ မအားဘူးဗျ။ ဘာကြောင့် မအားဘူးလို့ ထင်လဲ ”

“ ဘယ်သိမလဲ ကိုဇော်ကလဲ ”

“ သိချင်လား ”

“ ဟုတ်ကဲ့ ”

“ ပြီးတော့ ကျွန်တော့်ကို ခင်လား ”

“ ဗျာ ”

“ မဗျာနဲ့. . .မေးတာကို ဖြေ. . . ဟီးဟီး ”

“ ခင်တာပေါ့ ကိုဇော်ရာ။ ဒါကြောင့်လည်း ကိုဇော့်ကို ကျွန်တော် အက်ပြီး အားတဲ့ အခါမှာ စကားပြောတာပေါ့။ ”

“ ဟုတ်ပြီ . . ဒါဆိုရင် http://lovecreative.ning.com ဒီကို လာခဲ့ဗျာ ”

“ ဟုတ်ကဲ့ . . . ”

“ - - - - - - - ”

“ - - - - - - - ”

“ ဟိုလေ . . . ကိုဇော် ”

“ ဟုတ်ကဲ့ ပြော . .  ”

ကိုယ့်မှာ သူ့ကို LC ဆိုက်လင့် ပေးလိုက်ပြီးတော့ တခြားသော သူတွေကိုလည်း လိုက်ပေးပြီး Marketing ဆင်းနေရ၏။ လိုင်းပေါ်မှာ တွေ့သမျှတွေကိုလည်း လိုက်ပြီး လင့်ပေးကာ အတင်းဝင်ခိုင်း နေရ၏။

“ ကျွန်တော် အဲဒီကို ရောက်နေပြီဗျ ”

“ ဟုတ် ”

“ အဲဒါ ဘာဆက်လုပ်ရမလဲဗျာ ”

“ အဲ . . . အဲဒီကို ရောက်ရင် Sign Up လုပ်ပြီး အကောင့်ဝင်လိုက်ဗျာ ”

“ ကျွန်တော် အဲဒီဆိုက်ထဲ ဝင်ရမှာလား။ ”

“ အင်းလေ. . . ဝင်လိုက်လေ ”

“ အဲဒီမှာ ဘာတွေ ရှိလဲ ၊ ဘာတွေ လုပ်လို့ရလဲ ”

“ အချစ်နဲ့ ပတ်သတ်တာတွေ အားလုံးကို ခံစားလို့ ရမယ် ၊ ရင်ဖွင့်လို့ရမယ် ၊ မျှဝေလို့ ရမယ် ”

“ ဟုတ်လား ”

“ ဟုတ်တာပေါ့ဗျာ . . နောက်မှ အင်တာနက် တတ်တိုင်း LC ကို မဝင်ရ မနေနိုင် ဖြစ်နေမယ်နော် ”

“ ဒီလိုလား . . ဒါဆိုရင် ဝင်ပြီဗျာ ”

တကယ်လည်း LC မန်ဘာဝင်တိုင်း အွန်လိုင်းပေါ် ရောက်လာတာနဲ့ မဝင်ရ မနေနိုင်ကို ပျော်စရာ ကောင်းခဲ့ပါသည်။ တစ်နေ့တခြား များများလာတဲ့ မန်ဘာတွေကို အွန်လိုင်းပေါ် ရောက်တိုင်း သွားပြီး ကြည့်ရတာ အမော။ ဆွေးနွေးဖို့ အဖွဲ့လေးတွေလည်း တည်ဆောက်ရတာ အမော။ အသစ်ဝင်လာသော မန်ဘာများကို နှုတ်ဆက်ရတာလည်း အမော။ အတော်ကို ပျော်စရာ ကောင်းခဲ့သော နေရာလေး ဖြစ်ခဲ့ပါသည်။ ကိုယ့်ရဲ့ သံယောဇဉ် အရှိဆုံး ဆိုက်လေး တစ်ခုလည်း ဖြစ်သည်။



LC ဆိုက်လေးကို မန်ဘာတွေ များလာအောင် ဖိတ်ရ ၊ ခေါ်ရ ၊ ဆွဲဆောင်ရနဲ့ တစ်နေ့ တစ်နေ့ အလုပ်တွေ ရှုပ်နေပေမဲ့ အရင်ကလိုပဲ စာကတော့ အရေး မပျက်ခဲ့ပါဘူး။ အရင်လို များများစားစား မရေးနိုင်တော့ပေမဲ့ နေ့တိုင်းတော့ ရေးဖြစ်ပြီး မေးလ်ကနေ ဆက်လက် ပို့ဖြစ်ခဲ့ပါ၏။

ပို့သမျှ မေးလ်တွေကိုလည်း တစ်စောင်မကျန် “ မေနှင်းနွယ် ” ဆီမှ အကြောင်း ပြန်လေ့ရှိသည်။ တစ်နေ့တော့ ညနေဖက် အိပ်ယာမှ ကိုယ် စောစောနိုးဖြစ်သည်။ ထုံးစံအတိုင်း နိုးနိုးချင်း အွန်လိုင်းပေါ်ကို တတ်ကြည့်လိုက်တော့ ထူးဆန်းစွာပဲ “ မေနှင်းနွယ် ” က ရှိနေသည်။ တစ်ခါမှ သူ့ကို အွန်လိုင်းပေါ်မှာ မတွေ့ဖူးတော့ အံ့သြနေပြီးမှ. . . .

“ ဟလို . . . မမေနှင်းနွယ်  ဆိုတာလား မသိဘူး ”

“ ဟုတ်ပါတယ် ကိုဇော် ”

“ ကျွန်တော်တို့ မတွေ့ဖြစ်ကြဘူးနော် ၊ အချိန်မတူ လို့လည်း ဖြစ်မှာပါ ”

“ ဟုတ်တယ် ကိုဇော် ၊ ကျွန်မကလည်း အလုပ်ချိန်က နောက်ကျလို့ ပြန်ရင် ကိုဇော်နဲ့ တွေ့ဖြစ်ဖို့ ဆိုတာ မလွယ်ဘူး။ နောက်ပြီးတော့ ကိုဇော် ပြန်လာတဲ့ အချိန်ဆိုရင်လည်း ကျွန်မက အိပ်နေလောက်ပြီလေ။ ဒါကြောင့် မတွေ့ဖြစ်ကြတာပါ ”

“ သြော်. . . ဟုတ်တာပဲ။ ဒါနဲ့ စပ်စုတာ မဟုတ်ပေမဲ့ စပ်စုတာပါပဲ။ အခု မမေနှင်းနွယ်က ဘယ်ကလဲ မသိဘူး ”

“ UAE ကပါ ကိုဇော် ”

“ သြော်. . . . ”

အသံမထွက်ပေမဲ့ ကိုယ်ရေးလိုက်တဲ့ စာလုံးမှာတင် အသံရဲ့ နောက်ဆက်တွဲ ဆွဲအားကို သူ သိလိုက်ပုံရသည်။

“ ဘာဖြစ်လို့လဲ ကိုဇော် ”

“ ဘာမှတော့ မဖြစ်ပါဘူးဗျာ။ မေးလ်ထဲမှာ ဖတ်ရတာတွေကြောင့်ပါ။ ဘာပဲ ဖြစ်ဖြစ် သတိထားပါဗျာ။ အဲဒီမှာက ကြားရတဲ့ သတင်းတွေ အရ မိန်းကလေးတွေ အတွက် မလုံခြုံဘူးလို့ ကြားမိလို့ပါ ”

“ ဟုတ်တော့လည်း ဟုတ်ပါတယ် ကိုဇော် ၊ ဒါပေမဲ့ နှင်းနွယ်က အပြင်ကိုလည်း သိပ်မထွက်ဖြစ်ပါဘူး ကိုဇော်။ ဒါကြောင့် သိပ်တော့ ပြဿနာ မရှိပါဘူး။ ကြားရတဲ့ သတင်းတွေက အပြင်ကို လျှောက်သွားတဲ့ မိန်းကလေးတွေမှာပဲ ဖြစ်ကြတာ များပါတယ်။ ”

“ ဟုတ်ကဲ့။ ကျွန်တော်လည်း မေးလ်ထဲက စာတွေကြောင့်သာ သတိပေးတာပါ။ ကိုယ်လည်း သေချာ မသိပါဘူးဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘယ်နေရာမှာ မဆို လူကောင်း လူဆိုးဆိုတာ ရှိတာပါပဲဗျာ။ ကိုယ်ကသာ အရာရာကို သတိထားနိုင်ရင် အဆင်ပြေမှာပါ ”

“ ဟုတ်ပါတယ် ကိုဇော်။ သတိပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ”

“ ဒါနဲ့ဗျာ  . . . . . ”

“ ဟုတ်ကဲ့ ပြောပါ ”

“ LC ဆိုတာကို သိလား . . ”

“ ရှင် ၊ မသိဘူး ကိုဇော်။ ဘာဖြစ်လို့လဲ ဟင် ”

“ ဘာမှ မဖြစ်ပါဘူးဗျာ။ ကျွန်တော်တို့ လုပ်ထားတဲ့ ဆိုက်လေးပါ။ အချစ်ဆိုက်လေး ဆိုပါတော့။ အဲဒီမှာ ရင်တွင်းကဗျာတွေ ၊ အချစ်ခံစားချက် ကဗျာတွေ ၊ စာတွေ လာတင်လို့ ရပါတယ်။ လာခဲ့ပါလားဗျာ ”

“ ဟုတ်ကဲ့  ၊ လာခဲ့ပါ့မယ် ”

“ အိုကေဗျာ ၊ ကျေးဇူးပါပဲ. . . http://lovecreative.ning.com  ဒါက LC ရဲ့ လင့်လေးပါပဲ ”

“ ဟုတ်ကဲ့ ဝင်လိုက်ပါ့မယ် ”

“ - - - - - - ”

သူ့ဘက်က ခဏငြိမ်သွားသည်။ အတော်ကြာတော့မှ စာတစ်ကြောင်း တတ်လာသည်။

“ ကိုဇော် ဆိုက်လေးကို တကယ်ကို စိတ်ဝင်စား သွားပြီ။ စိတ်ပါတဲ့ အခါဆိုရင်တော့ ကဗျာလေးတွေ စာလေးတွေ ဝင်ရေးပါ့မယ် ”

“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ ”

ကိုယ် သူ့ကို ပြောသာ ပြောလိုက်တာ သူ့ကဗျာ ၊ စာတွေ ရေးမယ် ဆိုတာကို ဘယ်လိုမှ မမျှော်လင့် ခဲ့ပါဘူး။

“ အခုတော့ အလုပ်သွားဖို့ ပြင်လိုက်ဦးမယ် ကိုဇော် ၊ နောက်မှ တွေ့တာပေါ့နော် ”

“ ဟုတ်ကဲ့ ၊ ကောင်းသောနေ့ပါဗျာ ”

“ ဟုတ်ကဲ့ ကောင်းသောနေ့လေးပါပဲ ”

ပြီးတော့ သူ့ရဲ့ အကောင့်လေးက ရုတ်ခနဲ စိမ်းနေရာကနေ မီးမှိတ်ကာ မှောင်အတိကျသွား၏။ ဒီအထိလည်း သူ့အပေါ်မှာ ဘာမှ ထူးထူးခြားခြား မခံစားမိသေးပါဘူး။ ကိုယ်ပိုပြီး အာရုံစိုက်မိတာ LC ဆိုက်လေးကို ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ဖြစ်စေချင်မိတာပါပဲ။



ကိုယ့်မှာ မကောင်းတဲ့ အချက် တစ်ခုကလည်း ရှိသေး၏။ ဒါကတော့ Gtalk ရဲ့ Custom Messages မှာ စိတ်ကူးပေါက်ရာတွေကို လျှောက်ရေးတတ်တာပဲ။ အဲဒီအချိန်မှာ ကိုယ်ရဲ့ စိတ်ခံစားမှုမှာ ဖြစ်နေတာကို မက်ဆေ့လေးမှာ ချရေးမိလေ့ရှိသည်။ ခန့်ခန့်ညားညား စာသားတွေ ပါသလို ၊ ပြောင်ချော်ချော် ရွှတ်နောက်နောက် စာသားတွေလည်း ပါ၏။

တစ်နေ့တော့ ကိုယ်ရုပ်ရှင်ကြည့်နေရာကနေ ကွန်ပျူတာကို မပိတ်မိဘဲ အိပ်ပျော်သွားသည်။ ကိုယ် ညနေ အိပ်ယာက နိုးတော့ ကွန်ပျူတာက ဖွင့်လျက်။ မျက်နှာတစ်ချက် သစ် ၊ အိပ်သာဝင်ပြီး ထွက်လာတော့ ထုံးစံ အတိုင်း ကွန်ပျူတာ ရှေ့ကိုပဲ ထိုင်မိသည်။ Gtalk မှာ ရှိသော သူငယ်ချင်းတွေကို ကြည့်လိုက်တော့ “ မေနှင်းနွယ် ” ကို လိုင်းပေါ်မှာ စိမ်းနေတာ တွေ့လိုက်ရ၏။ သူ့ရဲ့ Custom Messages ကိုကြည့်လိုက်တော့ “ ဒေါသတွေ ထွက်နေတယ် ” လို့ ရေးထားသည်။

ရုတ်တရက် ဟိုင်း မလို့ သူ့ရဲ့ ဘောက်စ်လေးကို ခေါ်ပြီးမှ ရေးသင့် မရေးသင့် စဉ်းစားနေမိသည်။ သူ့ရဲ့ ပါဆယ်နယ် စိတ် ရှုပ်ထွေးမှုကို ကိုယ်က သွားမေးမိမှာလည်း စိုးရိမ်မိသည်။ ဒါပေမဲ့ လက်ကတော့ သူ့ဘောက်စ်ထဲကို ရိုက်လိုက်မိသည်။

“ Hi မမေနှင်းနွယ်  ၊ ဘာဖြစ်လို့ ဒေါသတွေ ထွက်နေရတာလဲဗျာ ”

“ - - - - - - - - ”

“ အလုပ်မှာ အဆင်မပြေလို့လား ၊ ဒါကတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကိုယ်တွေက နိုင်ငံရပ်ခြားမှာ လာလုပ်နေရတာ ဆိုတော့ တစ်ခါတလေ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ် ”

“  - - - - - - - ”

“ နောက်တော့ အဆင်ပြေ သွားမှာပေါ့ ၊ သြော်. . . ဆောရီးဗျာ။ သူများ စိတ်ညစ် ဒေါသထွက်နေတဲ့ အချိန်မှာ ကျွန်တော်က နှောက်ယှက်သလို ဖြစ်သွားရင်ပေါ့။ ဆောရီးပါ . . . လုပ်စရာ ရှိတာ လုပ်ပါ ”

“  - - - - - - - ”

သူ့ဘက်က ဘာမှ မကြောင်းပြန်ခြင်း မရှိ။ အတော်ကို ကြာသည်။ ခဏနေတော့ ကိုယ်လည်း LC ဆိုက်ထဲကို ဝင်ကာ မွှေနေမိတော့ သူ့ကို မေ့သွားတော့သည်။ ဘယ်နှစ်ယောက် မန်ဘာ အသစ်ဝင်လဲ။ ဘယ်နှစ်ယောက် ရှိသွားပြီလဲ။ ဘယ်သူတွေက ပို့စ်တွေ အသစ်တင်လဲ ၊ ကဗျာတွေလဲ ၊ စာတွေလား ၊ ခံစားမှုတွေလား ၊ ဘယ်သူတွေက ဆွေးနွေးချက် အသစ်တင်လဲ။ ဘယ်အဖွဲ့တွေမှာရော ဘာတွေ ဆွေးနွေးထားလဲ။ ဒါတွေကို လိုက်ကြည့်ရင်း သူ့ကို ကိုယ် မေ့သွားတော့၏။ ဒီအချိန်မှာပဲ ကိုယ့်ဆီကို ဘောက်စ်လေး တစ်ခု ရုတ်တရက် တတ်လာကာ စာတွေ အများကြီးကို တွေ့လိုက်ရသည်။

အဲဒီဘောက်စ်လေးကို ကြည့်လိုက်တော့ “ မေနှင်းနွယ် ” ရဲ့ ဘောက်စ်လေး ဖြစ်နေ၏။ သူ့ဘောက်စ်မှာ စာတွေ အများကြီး ရေးထားသည်။ ဒါပေမဲ့ ရေးပြီးပြီးချင်း သူက အောက်သွားပုံ ရသည်။ သူ လိုင်းပေါ်မှာ မရှိတော့။ ဘာတွေများ ရေးသွားပါလိမ့် ဆိုပြီး ကိုယ် ကြည့်လိုက်တော့ . . . . .

“ နှင်းနွယ် စိတ်ဆိုးနေတယ် ဆိုတာ တခြားတော့ မဟုတ်ဘူး။ ကိုဇော့်ကို စိတ်ဆိုးနေတာ။ နှင်းနွယ် ကိုဇော့်ကို စိတ်ကောက်နေတယ် လို့ ထင်တာပဲ။ ကိုဇော် ရေးထားတဲ့ စာကြောင့် ထင်တယ်။ ဒါကို ဖတ်ပြီး ကိုဇော့်ကို စိတ်ကောက်နေတာ . . . ဒါပါပဲ။ ဒါပေမဲ့ စိတ်တော့ မပူပါနဲ့လေ။ နှင်းနွယ်က စိတ်ကောက်တတ်ပေမဲ့ စိတ်တော့ ပြေလွယ်ပါတယ်။ နောက်နေ့ဆိုရင် စိတ်ပြေသွားမှာပါ ”

သူ့ရဲ့ စာကို ဖတ်ပြီး ကိုယ်ပြန်စဉ်စားမိသည်။ မနေ့က နဲ့ ဒီနေ့ ကိုယ်ရေးတဲ့ စာတွေထဲမှာ သူ စိတ်ဆိုးအောင် ၊ စိတ်ကောက်အောင် ရေးမိတဲ့ စာ ဘယ်ဟာများလဲ။ မနေ့က နဲ့ ဒီနေ့ ရေးသမျှတွေကို ကိုယ် အကုန် ပြန်ဖတ်သည်။ ဘာမှ ကိုယ်မတွေ့။ မဟုတ်သေးပါဘူး။ သူ စိတ်ကောက်လောက်အောင် ငါက ဘာတွေများ လုပ်မိပါလိမ့် ၊ ရေးမိပါလိမ့်။ ကိုယ်အကြိမ်ကြိမ် စဉ်းစားနေမိသည်။ ဒါပေမဲ့ ဘယ်လိုမှ အဖြေမရ။

တဖြေးဖြေး အချိန်တွေ ကုန်သွားပြီး ကိုယ် ရေချိုးကာ အလုပ်ကို ထွက်လာခဲ့သည်။ ဒီအချိန်ထိလည်း သူ စိတ်ဆိုးစေတဲ့ စာသားကို ကိုယ် ဘယ်လိုမှ စဉ်းစားလို့ မရ။ အဲဒီည တစ်ညလုံး ကိုယ် အဲဒီအကြောင်းကိုပဲ စိတ်ထဲမှာ ရှိနေခဲ့သည်။ သူ့ကို စိတ်ဆိုးစေတဲ့ စကားလုံးက ဘာများ ဖြစ်လေလိမ့်မလဲ။ ဒါပေမဲ့ ကိုယ် အဖြေမရဘဲ မနက်သာ မိုးလင်းခဲ့ရသည်။



မနက် မိုးလင်းတော့ ကြည်ကြည်လင်လင်နဲ့ ပြာလဲ့ တောက်ပနေတဲ့ မိုးကောင်းကင်ယံမှာ ကိုယ့်ရဲ့ စိတ်တွေက တစ်ညလုံး မကြည်လင် ခဲ့သမျှကြောင့် မြင်သမျှ ရှုပ်ထွေး နောက်ကြည့် နေဆဲ။ ဘယ်လိုမှလည်း အဖြေရှာမရ။ အလုပ်ချိန်ကုန်လို့ Finger Print နှိပ်ပြီး ပြန်သာလာတယ် လူက သာသာယာယာ မရှိ။ အရင်လို ရောက်ရောက်ချင်း ကွန်ပျူတာ တန်းမဖွင့်တော့ဘဲ ရေချိုးခန်း တန်းဝင်လာပြီး ခေါင်းကနေ ရေလောင်းကာ စိမ်ချိုးလိုက်၏။ ဒီတော့ အနည်းငယ် လန်းဆန်း သွားသလိုမျိုး ထင်ရသည်။

ရေချိုးခန်းက ထွက်တော့ ဝယ်လာတဲ့ စားစရာလေးကို စားဖို့ ပြင်နေပြီး ကွန်ပျူတာလေးကို ဖွင့်ကာ အွန်လိုင်းကို တတ်လိုက်တော့ “ မေနှင်းနွယ် ” ကို လိုင်းပေါ်မှာ စိမ်းလျက်သား မြင်လိုက်ရသည်။ ဒါပေမဲ့ သွားပြီး အစလုပ် မခေါ်ရဲသေးပါ။ သို့သော် သူ့ရဲ့ Gtalk က Custom Messages မှာတော့ မနေ့က ရေးထားတဲ့ “ ဒေါသတွေ ထွက်နေတယ် ” ဆိုတဲ့ စာသား မဟုတ်တော့ဘဲ။

“  :)  ”  ဆိုသော အပြုံးပုံလေးကိုပဲ တင်ထားသည်။ ဝယ်လာသော စားစရာကို အရင်စားရင်း ဝင်လာသော မေးလ်များကို စစ်သည်။ ဖတ်စရာ ရှိသည်များကို ဖတ်သည်။ မေးလ်ပြန်ကာ ပြောစရာများကို မမေ့အောင် Star ဖြင့် Marked လုပ်ထားလိုက်သည်။ တခြားသော ဖတ်စရာ ဘလော့များကို လိုက်ဖတ်သည်။ ထုံးစံအတိုင်း LC ကို ဝင်ကာ တစ်ပတ် ပတ်ကြည့်လိုက်သည်။ မန်ဘာ ဘယ်လောက် တိုးလာလဲ။ ဘယ်သူတွေ ဘာတွေ ရေးထားလဲ ၊ ဘာတွေ ဆွေးနွေးထားလဲ။ ပေါ့ပေါ့ပါးပါးဆိုရင် စားရင်းနဲ့ ဝင်ဆွေးနွေးလိုက်သည်။ အကြေအလည် ဆွေးနွေးရမှာ ဆိုရင် နောက်မှ ဆွေးနွေးဖို့ မှတ်ထားလိုက်သည်။

စားရင်း ဖတ်ရင်းနဲ့ စားစရာ ကုန်တော့ အမှိုက်ပုံးထဲကို သွားထည့်ရင်း အအေး တစ်ငုံသောက်သည်။ ပြီးတော့ ရေသောက်ပြီး ကွန်ပျူတာ ရှေ့ကို ပြန်လာထိုင်တော့ မေနှင်းနွယ်ကို စိမ်းလျက်ပင် တွေ့ရသည်။ သူ အလုပ်ပိတ်ရက်များလား ဆိုပြီး သိချင်စိတ် ပိုဖြစ်လာခဲ့သည်။ ဒါနဲ့ သူ့ဘောက်စ်လေးကို ခေါ်လိုက်ပြီး. .

“ မမေနှင်းနွယ်  . . . မင်္ဂလာပါဗျာ ”

“ ဟုတ်ကဲ့ ကိုဇော် ၊ မင်္ဂလာပါ ”

“ ဒီနေ့ အလုပ်ပိတ်လို့လား ၊ စောစောစီးစီး အွန်လိုင်းပေါ်မှာ တွေ့လို့ ”

“ မပိတ်ဘူး ကိုဇော်။ မနေ့က လူတစ်ယောက်ကို စိတ်ကောက်နေလို့ပါ။ အဲဒါ ဒီနေ့ သူကများ ချော့မလားလို့ လာတက် စောင့်နေတာ ”

မနေ့က သူရေးသွားတာကို ကိုယ် ရုတ်တရက် ပြန်သတိရမိသည်။ အခုမှ သတိရတာတော့ မဟုတ်ပါ။ တစ်ညလုံးကို သတိရနေမိတာပါပဲ။ ဒါကြောင့် တစ်ညလုံးကို သူ့ကိုယ်အပေါ် ဘယ်အရာနဲ့ စိတ်ဆိုး သွားတာလဲ။ ဒေါသထွက်သွားတာလဲ ဆိုတာကိုတော့ စဉ်းစားလို့ မရခဲ့ပါ။

“ သြော် . . . မှတ်မိပါတယ် မမေနှင်းနွယ် ၊ မနေ့က ရေးသွားတာတော့ တွေ့တယ် ၊ ဒါပေမဲ့ ကျွန်တော်က ဘာကို ဆိုလိုတယ် ဆိုတာကို သတိမထား လိုက်မိဘူးဗျာ။ မမေနှင်းနွယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော်က ဘယ်စာကိုများ ရေးမိပါလိမ့်ဗျာ။ ပြောပြပါ။ ”

“ ကိုဇော် တကယ်ကို မသိဘူးလား ”

သူ ကိုယ့်ကို စာပြန်ရိုက်တာ အရင်လို မဟုတ်။ အတော်ကို ကြာနေ၏။ သူ့အတွက် တခြား အရေးကြီးသော တစ်ယောက်ယောက်နဲ့ ပြောနေရင်း ကိုယ့်ကို ပြန်ပြောနေရတာလား။ ဒါဆို အားနာဖို့ ကောင်းတယ် မဟုတ်လား။

“ ဟုတ်ကဲ့ တကယ်ကို မသိတာပါ။ ကျွန်တော်က မလိမ်တတ်ပါဘူး။ ကျွန်တော်က ရိုးရိုး ရေးလိုက်တာ ဆိုပေမဲ့ သူများက တမျိုးထင်ပြီး ခံစားသွားရတယ် ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ ”

“ သြော်. . . ”

“ ကျွန်တော် ဘယ်သူ့ကိုမှ ရည်ရွယ်တယ် မရှိပါဘူး။ ဒါပေမဲ့ အခု မမေနှင်းနွယ် ပြောနေတဲ့ ကျွန်တော်ရေးတဲ့ စာဆိုတာကို ဘယ်စာလဲ ဆိုတာကို ကျွန်တော် တကယ်ကို မသိဘူး ဖြစ်နေတယ်။ ဘယ်စာဆိုတာကို ကျွန်တော့်ကို ပြောပြပါလား ”

“ - - - - - ”

သူ စာရိုက်နေတယ် ဆိုတာကို လက်ကွက်ကလေး ပေါ်နေ၍ သိနေပေမဲ့ အရင်လို မဟုတ်။ အတော်ကို ကြာနေ၏။

“ မမေနှင်းနွယ် ၊ တစ်ယောက်ယောက်နဲ့ ပြောနေတယ် ဆိုရင် ဆောရီးနော်။ ကျွန်တော် နောက်မှပဲ မေးပါ့မယ်။ ကျွန်တော့်ကြောင့် တခြား တစ်ယောက်ယောက်နဲ့ ပြောနေရာကနေ ပြန်ပြောနေတယ် ဆိုရင် အာရုံများပြီး အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါ။ နောက်မှပဲ ပြောပါ ရပါတယ် ”

ဒီတော့ သူ စာရိုက်နေတဲ့ လက်ကွက်လေး ပျောက်သွားပြီး ခဏနေတော့မှ ပြန်ပေါ်လာသည်။

“ ကိုဇော် ”

“ ကိုဇော် ”

“ ကိုဇော် ”

ဆိုပြီး စာတွေ ဆက်တိုက် တတ်လာသည်။

“ ဗျာ . . ဘာဖြစ်လို့လဲ မမေနှင်းနွယ် ၊ ပြောပါ ကျွန်တော် ရှိပါတယ် ”

“ နှင်းနွယ် ဘာဖြစ်နေလဲလို့ ကိုဇော် ဘာလို့ မမေးတာလဲ ”

“ ဗျာ . . .  ဟုတ်ကဲ့။ ဆောရီးပါ . . . ကျွန်တော် တကယ်ကို မသိလို့ပါ။ အခု မေးပါ့မယ်။ မမေနှင်းနွယ် ဘာဖြစ်နေတာလဲဗျာ ”

ဒီတော့ သူ့ဘက်က ခဏလေး ငြိမ်သွားပြီးတော့မှ စာရိုက်တာကို တွေ့ရ၏။

“ နှင်းနွယ် အခု မနက်ထပြီး အလုပ်သွားဖို့ ထမင်း ၊ ဟင်းချက်တယ်။ အဲဒါ ကြက်သွန် နွှာရင်း လူကလည်း အိပ်ချင်မူးတူးနဲ့ ဆိုတော့ လက်ကို ဓါးထိသွားတယ်။ ပြီးတော့ အတော်နက်ပြီး များတယ်။ လက်ကို ပလာစတာ ကပ်ထားရတယ်။ ဒါကြောင့်မို့ ကိုဇော့်ကို အရင်လို လက်က မြန်မြန် မရိုက်နိုင်တာပါ။ ”

“ ဟာဗျာ  ဖြစ်မှ ဖြစ်ရလေ။ ကျွန်တော်က တခြား အရေးကြီးတဲ့ လူတစ်ယောက်ယောက်နဲ့ မမေနှင်းနွယ် ပြောနေတယ် ထင်လို့။ အခုလို လက်နာနေတယ် ဆိုရင်လည်း နားချင်လည်း နားလိုက်ပါ။ ကျွန်တော် နောက်နေ့ကျမှ မေးပါတော့မယ် ”

“ နောက်နေ့မှ မေးမယ် ???????????? ”

“ ဟုတ်ကဲ့ ၊ အခုက လက်က နာနေတယ် ဆို ၊ ဒါကြောင့်ပါ . . . ”

“ သြော်. . . လက်က မရေးဘဲနဲ့ တခြားနည်းနဲ့ ပြောလို့ မရတော့ဘူးလား ကိုဇော် ”

“ တခြားနည်း . . .တခြားနည်းနဲ့ ဘယ်လို ပြောရမလဲ ”

“ - - - - - - ”

“ သြော်. . . ဟုတ်ကဲ့။ ကျွန်တော် Gtalk ကနေ လှမ်းခေါ်လိုက်မယ် ၊ မိုက် ရှိတယ် မဟုတ်လား။ ”

“ ဟုတ် ”

“ ဒါဆို ခေါ်လိုက်မယ်နော် ”

“ ဟုတ်  . . . . ”

ပြောလည်း ပြော ၊ ကျွန်တော် Call ကိုလည်း လှမ်းနှိပ်လိုက်၏။ သူ့ဆီကို ဆက်သွယ်နေသော အသံကို သုံးကြိမ် ကြားအပြီးမှာ သူက Answer လုပ်လိုက်သည်။

“ ဟလို  . . . ”

“ ဟုတ်ကဲ့ ကြားရတယ် ကိုဇော် ”

“ ဟုတ်. . . ဟို. . . ဟိုဟာ. . အဲ . . လက် . . လက်က အတော်များလား ၊ တော်တော် နက်သွားလား ”

“ အတော်နက်တယ် ကိုဇော် ၊ သွေးတွေလည်း အများကြီး ထွက်တယ် ”

“ ဒါဆို ဘာဆေးထည့်ထားလဲ။ ပလာစတာပဲ ကပ်ထားတယ် ဆိုရင် အဆင်မပြေဘူးလေ ”

“ ဆေးလည်း ထည့်ထားပါတယ်။ အဝါရောင် ဆေးလေးပါ။ ပြီးမှ ပလာစတာ ကပ်ထားတာ ”

“ သြော်. . ဒါဆိုရင်တော့ တော်သေးတယ်။ ကျွန်တော်က မသိဘူးဗျာ။ စာရိုက်တာ နှေးနေတော့ ကျွန်တော့်ကို တခြားနဲ့ ပြောရာကနေ အချိန်ဖဲ့ ပေးနေရတယ် ထင်လို့ အားနာပြီး ပြောလိုက်တာပါ ”

“ နှင်းနွယ်မှာ တခြားကို အချိန်ပေးစရာ မရှိပါဘူး ကိုဇော်။ အလုပ်နဲ့ အိမ်နဲ့တင် အချိန်ကုန်နေတာပါ။ အားရင်တော့ အွန်လိုင်းတတ်ပြီးသူများ ရေးထားတွေ လိုက်ဖတ်နေမိပါတယ်။ ဒီလောက်ပါပဲ ”

“ ဟုတ်ကဲ့။ ဒါနဲ့ မနေ့က ကျွန်တော့်ကို စိတ်ဆိုးနေတယ် ဆိုတာ ဘာကြောင့်လဲ မသိဘူး ”

“ ကိုဇော် ရေးတဲ့ စာကြောင့်လေ။ စိတ်ဆိုးနေတာ မဟုတ်ပါဘူး ၊ စိတ်ကောက်နေတာပါ ”

“ ဘယ်စာကြောင့် စိတ်ကောက်နေတာလဲ မမေနှင်းနွယ် ၊ ကျွန်တော် တကယ်ကို မသိဘူး။ ပြောပြပါဦး ”

“ ကိုဇော် မနေ့က တင်ထားတဲ့ စာကြောင့်လေ ”

“ အင်း . . ဘယ်မှာ တင်ထားတာလဲ မာတီမှာလား ၊ LC မှာလား ၊ တကယ်ကို ကျွန်တော် မသိလို့ပါ ”

“ ဘယ်မှာမှ မဟုတ်ဘူး။ အခု ကိုဇော် Gtalk က Custom Messages မှာ ရေးထားတာလေ။ ဒါကို ဖတ်ပြီး နှင်းနွယ် စိတ်ကောက်နေတာ ”

“ ဗျာ . . . မနေ့ကနော်။ ကျွန်တော် ဘာတင်မိပါလိမ့်။ ကျွန်တော်တောင်မှ မမှတ်မိတော့ဘူး ”

“ မနေ့က သူပဲ ရေးထားပြီးတော့  . အဲဒါ နှင်းနွယ်က ငါ့ကိုယ် စောင်းပြောနေတာလားလို့ ”

“ ဘာများပါလိမ့်ဗျာ။ ကျွန်တော်က စိတ်ကူးပေါက်ရာ တင်တာ ဆိုတော့ တကယ်ကို မမှတ်မိဘူး။ ဒီနေ့တောင်မှ အခန်းပြန် ရောက်ရောက်ချင်း စိတ်ကူးပေါက်ရာ တင်ထားလိုက်တာ ”

“ တကယ် မမှတ်မိဘူးလား  ”

“ တကယ် မမှတ်မိတာပါဗျာ ”

“ ဒါဆို မနေ့က ကိုဇော် ရေးထားတာကို နှင်းနွယ် ကော်ပီ ကူးထားတာ ရှိတယ်။ ဒါကို ပြန်ပို့ပေးမယ်။ ”

“ ဟုတ်ကဲ့ ပို့ပေးပါဦး။ ဒါမှ ကျွန်တော် ဘာရေးမိတယ် ဆိုတာကို ကျွန်တော် ပြန်မှတ်မိတော့မှာ . . ”

“ ဟုတ် . . ပို့ပေးမယ်။ နှင်းနွယ် မေးလ်ထဲမှာ သိမ်းထားတယ် ”

“ ဟုတ် . . ဖြေးဖြေးရှာပါ။ ကျွန်တော် စောင့်နေမယ် ”

သူ ငြိမ်သွားသည်။ ရှာနေတယ် ထင်၏။ ပြီးမှ သူ့ဘောက်စ်ကနေ စာသား တချို့တတ်လာသည်။

“ ကျွန်တော်ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ မျက်ခွက်ရှည်တယ် ”

“ ဟာ . . . ”

“ ဟုတ်တယ် . . . အဲဒါပဲ မနေ့က ကိုဇော် တင်ထားတာ ဒီစာသားပဲ ”

“ မဟုတ်တာ မမေနှင်းနွယ်ရယ်။ အဲဒါက ဟဲလေး သီချင်း “ ကျွန်တော် ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ အောက်သက်ကျေတယ် ” ဆိုတဲ့ သီချင်းကို ကျွန်တော်က စိတ်ကူးပေါက်လို့ လျှောက်ဖျက်ပြီး ရေးထားတာပါ။ ဘယ်သူ့ကိုမှ မရည်ပါဘူးဗျာ ”

“ သြော်. . . မသိဘူးလေ။ ကိုဇော်က အဲဒီလို ရေးထားတော့ နှင်းနွယ်ကလည်း ကိုဇော်တော့ ငါ့ကိုများ စောင်းပြောတာလား ဆိုပြီးတော့ ကိုယ့်မျက်နှာကို တောင်မှ မှန်ထဲမှာ ပြန်ကြည့်ပြီးတော့ ငါ့မျက်နှာက မရှည်ပါဘူး ဆိုပြီး ကိုယ့်ဖာသာ ပြန်ပြောနေမိတာ ”

“ မဟုတ်တာဗျာ။ ကျွန်တော်က စိတ်ကူးပေါက်ရာ လျှောက်ရေးတာပါဗျာ ”

“ မသိဘူးလေ ဒါကတော့ . . . ”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ဆောရီးပါဗျာ။ ကျွန်တော် လျှောက်ရေးမိတာပါ ”

“ ကိုဇော့် ဖုန်းနံပါတ် ပေးထားလို့ ရမလား။ ကိစ္စ တစ်ခုခု ရှိရင် ဆက်ရတာပေါ့ ”

“ ဟုတ်ကဲ့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကတော့ ဖုန်းထဲ ပိုက်ဆံ ထည့်ထားတယ် ဆိုတာတော့ နည်းတယ်။ ဒါကြောင့် ဖုန်းကဒ်က သေသေနေတတ်တယ်။ တကယ်လို့ ကျွန်တော် ပြန်မခေါ်ဖြစ်ရင် စိတ်တော့ မဆိုးပါနဲ့ဗျာ။ ကျွန်တော်က ဖုန်းကို အလုပ်ကိစ္စကလွဲလို့ သိပ်ပြီး သုံးလေ့ မရှိလို့ပါ ”

“ ဟုတ်ကဲ့ ရပါတယ်။ ဒါဆို အိမ်နဲ့ ဆက်သွယ်ရင်ရော ဘယ်လို ဆက်သွယ်လဲ ”

“ အိမ်ကိုလည်း နက်ထဲကပဲ ပြောဖြစ်ပါတယ်။ သူတို့ကို ဘယ်နေ့တွေ ဆိုပြီး ချိန်းထားတယ်လေ။ အဲဒီနေ့မှာ ပြောလိုက်တယ်။ အဲဒီလိုပါပဲဗျာ။ ”

“ သြော်. . . ရပါတယ်။ အခု တောင်းထားတာကလည်း ကိုဇော် ခေါ်စရာ မလိုပါဘူး။ နှင်းနွယ် ခေါ်ပါ့မယ်။ ကိစ္စ ရှိတဲ့ အခါပေါ့ ”

“ ဟုတ်ကဲ။ ဒါပေမဲ့ ကိစ္စ ဆိုတာ ဘယ်လို ကိစ္စလဲ မသိဘူး။ ”

“ ဥပမာ - ကိုဇော် မွေးနေ့မှာ Birthday Wish လုပ်တာမျိုးပေါ့ ”

“ အမ် . . . မမေနှင်းနွယ်က ကျွန်တော့် မွေးနေ့ကို သိလို့လား ”

“ သိတာပေါ့ ၊ ကိုဇော်က ဘလော့မှာ ထည့်ရေးဖူးတယ်လေ။ ဒါကို နှင်းနွယ်က မှတ်ထားတာပါ ”

“ သြော်. . ဟုတ်ကဲ့။ ကျွန်တော့် ဖုန်းနံပါတ်က +6017 xxx xxxx ပါ ”

“ ဟုတ်ကဲ့ မှတ်ထားလိုက်ပါပြီ။ ဒါနဲ့ တစ်ခု ပြောစရာ ရှိတယ် ကိုဇော် ”

“ ဟုတ်ကဲ့ ပြောပါ ”

“ ကိုဇော် နှင်းနွယ်ကို မမေနှင်းနွယ် လို့ ခေါ်နေတာ မမောဘူးလား။ ဘာလို့ အရှည်ကြီး ခေါ်နေတာလဲ။ နှင်းနွယ် လို့ ခေါ်ရင်လည်း ရပါတယ် ”

“ သြ . . ဒါလား။ ကျွန်တော်က မကြိုက်မှာ စိုးလို့ပါ။ အခုလို ခွင့်ပြုတော့လည်း နှင်းနွယ် လို့ပဲ ခေါ်ပါ့မယ် ”

“ အိုကေ ကိုဇော်။ အဲဒီလိုပဲ ခေါ်ပါ။ အခုတော့ နှင်းနွယ်လည်း ကိုဇော့်ကို စိတ်မကောက်တော့ပါဘူး။ နှင်းနွယ်က ဒီလိုပဲ ဖြစ်ဖြစ်ချင်း ဆိုရင် ထစ်ခနဲ စိတ်ကောက်လိုက်တာ။ ဒါပေမဲ့ ခဏနေရင် အလိုလို ပြေလွယ်ပါတယ်။ ကိုဇော်လည်း ဘာမှ စိတ်မကောင်း ဖြစ်မနေပါနဲ့တော့။ ”

“ ဟုတ်ကဲ့ပါ ”

“ အခုတော့ နှင်းနွယ်လည်း အလုပ်သွားဖို့ ပြင်ဆင်လိုက်ဦးမယ်။ ဒီနေ့ နှင်းနွယ်က မနက်ဆိုင်း ကိုဇော် ”

“ သြော်. . . ဟုတ်ကဲ့။ ဒါဆိုလည်း သွားပါဗျာ။ ဒါနဲ့ အခု နှင်းနွယ် ဆီမှာ ဘယ်နှစ်နာရီ ထိုးပြီလဲ ”

“ ဒီမှာ အခု ၇ နာရီ ကိုဇော် ”

“ ကျွန်တော့်ဆီမှာ အခု ၁၁ နာရီ။ ဒါဆိုရင် အဲဒီက အချိန်နဲ့ ကျွန်တော့် အချိန်နဲ့ ၄ နာရီ ကွာတာပေါ့ ”

“ ဟုတ်တယ် ကိုဇော် ”

“ ဟုတ်ကဲ့။ ဒါဆိုလည်း နှင်းနွယ် အလုပ်သွားဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ပါ။ နောက်မှ ထပ်တွေ့ပြီး ပြောတာပေါ့ ”

“ ဟုတ်ကဲ့ပါ ကိုဇော် ၊ ဒါဆို နှင်းနွယ် Gtalk ကို ချလိုက်တော့မယ်နော် ”

“ ဟုတ်ကဲ့။ အရာရာ အဆင်ပြေပါစေဗျာ။ ကောင်းသောနေ့လေး ဖြစ်ပါစေ ”

“ ကိုဇော်လည်း ကောင်းသောနေ့လေး ပိုင်ဆိုင်နိုင်ပါစေ  ”

“ - - - - - - - - ”

ကိုယ်နဲ့ ပြောနေတဲ့ Gtalk လေး ပိတ်သွားတာနဲ့ သူ တစ်ခါတည်း လိုင်းပေါ်မှ အောက်က ဆင်းသွားလေ၏။ သူနဲ့ စကားပြောပြီးတော့ အမျိုးအမည် မသိနိုင်သော ခံစားချက် တစ်ခုက ကိုယ့်ရင်ဘတ်ကို လတ်လတ်ဆတ်ဆတ် ဝင်မွှေသွားသလို ခံစားရသည်။

“ ကျွန်တော် ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးကတော့ မျက်ခွက်ရှည်တယ် ”  ဆိုတဲ့ စာသားကို သူက ဖတ်ပြီး သူ့မျက်နှာကိုတောင်မှ မှန်ထဲမှာ ကြည့်ကာ ငါ့မျက်နှာက မရှည်ပါဘူး ဆိုပြီး ရေရွတ်မိသတဲ့။ အင်း . . . ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆိုရင် ငါ ဒီစာသားကို ရှောင်မှ ဖြစ်မယ်။ နောက်ဆိုရင် ဒီစာသားကို ဘယ်တော့မှ မတင်တော့ဘူး။

LC ကို ခဏတော့မအိပ်ခင် ဝင်ကြည့်လိုက်ဦးမှပဲ။ ဘယ်သူတွေ ထပ်ပြီးတော့ မန်ဘာ ဝင်လာလဲ မသိဘူး။ ပြီးရင်တော့ အိပ်တော့မှာ အခုတောင်မှ ၁၁ ခွဲတော့မှာပါလား။ LC ကို တစ်ပတ်ကြည့်ပြီး ဆိုက်လေးမှာ တင်ထားတဲ့ စာလေးတွေကို ဖတ်ကာ မှတ်ချက် ပေးစရာ ရှိတာ ပေးပြီး ကွန်ပျုတာလေးကို ပိတ်ကာ ကျွန်တော် အိပ်ချ လိုက်တော့သည်။



ညနေစောင်းတော့ ကျွန်တော် နိုးလာ၏။ မနက်က ထုံးစံထက် အနည်းငယ် နောက်ကျပြီး အိပ်ဖြစ်ပေမဲ့ ဘာမှ ထူးထူးခြားခြား  မဖြစ်ဘဲ နိုးထလာခဲ့သည်။ လူကလည်း လန်းလန်းဆန်းဆန်းပါပဲ။ စားဖို့ သောက်ဖို့ ပြင်ဆင် ၊ စားစရာ ရှိတာ စား ၊ ထုပ်စရာ ရှိတာ ထုပ်ပြီး ရေချိုးကာ အလုပ်ကို ထွက်လာခဲ့သည်။

“ တွီ . . . . . . . . . . ”

အလုပ်ထဲ ရောက်ပြီး ခဏနေတော့ အဆိုင်းပြောင်းသော ဘဲလ်က ထမြည်သည်။ အလုပ်ဝင်ရတော့မည်။ နေ့ဆိုင်း ညဆိုင်း အပြောင်းအလဲ အတွက် ပြောသင့်သည်များကို ပြောပြီး အလုပ်ပြောင်း တာဝန်တွေကို ယူကာ အလုပ်စပြီး စစ်စရာများကို စစ်နေမိသည်။ ဒီအချိန်မှာပဲ . . . .

“ တီတီ . . . တီတီတီ . . . တီတီ . . . တီတီတီ . . . ”

ကိုယ့်ဘောင်းဘီအိတ်ထဲမှ ဖုန်းလေးက မြည်သံပေးကာ ဘောင်းဘီနဲ့ ထိနေသော အသားကို တုန်ခါကာ တစ်ယောက်ယောက် ခေါ်နေသည် ဟုဆိုကာ အချက်ပေးသည်။ ကိုယ် စိတ်ပျက်သွားမိသည်။ ဘယ်ပစ္စည်းတွေ ထပ်ဝင်ဦးမယ် ဆိုပြီး လှမ်းပြောသော စူပါ ရဲ့ ဖုန်းပဲ ဟုထင်မိသည်။ သူက အမြဲတမ်း ဒီလိုပဲ အမြဲတမ်း လှမ်းပြီး မှာတတ်သူ။ အလုပ်မှာ ဘာလုပ်ရမယ် ဆိုပြီး ရေးထားပြီးသားကို ဖုန်းလှမ်းဆက်ကာ ပြောတတ်သည်။

ကိုယ့် ဘောင်းဘီအိတ်ထဲက ဖုန်းလေးကို ထုတ်ပြီး ကြည့်လိုက်တော့ စူပါဗိုက်ဇာ ဆီက ဖုန်းမဟုတ်။ ကိုယ်တစ်ခါမှ မသိသော ဖုန်းတစ်လုံးကို ဖော်ပြနေသည်။ ပြီးတော့ ပြည်တွင်းက ဖုန်းလည်းမဟုတ်။ ပြည်ပက ဖုန်း။ ဖုန်းနံပါတ် အတော်များများနှင့်။ ကိုယ်ဖုန်း Answer ကိုနှိပ်ကာ ကိုင်လိုက်သည်။

“ ဟလို ”

“ ဟလို . . . ကိုဇော်လား ”

ကိုယ့်ထူးသံ အဆုံးမှာ ဟိုဘက်ကလည်း ပြန်ပြီး ဟလိုကာ ကိုယ့်နာမည်ကိုပါ မေးလာသည်။ အရင်ကလိုဆိုရင် “ ကိုဇော်လား မဟုတ်ပါဘူး။ ကျွန်တော်က ကိုဇော် ပါပဲ ” ဟု ပြန်နောက်မိမည်။ အခု အသံက မိန်းကလေး တစ်ယောက် အသံ။ ပြီးတော့ တစ်ခုခုကို စူးစမ်းချင်သော စိတ်တစ်ခုက အသံနဲ့ အတူ စီးပါလာသည်ဟု ကိုယ် ခံစားနေမိသည်။

“ ဟုတ်ပါတယ် ကျွန်တော် ကိုဇော်ပါ။ အခု ဆက်နေတာ ဘယ်သူလဲ မသိဘူး ”

“ သြော် . .  အခု ပြောနေတာ နှင်းနွယ်ပါ ကိုဇော်။ ကိုဇော့် ဖုန်းနံပါတ်ကို စမ်းခေါ်ကြည့်ချင်လာတာနဲ့ လှမ်းခေါ်လိုက်တာပါ။ ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး။ Testing Call ဆိုပါတော့. . . ”

“ သြော်. . ဟုတ်ကဲ့။ ကျွန်တော့်ကို ဖုန်းနံပါတ် လိမ်ပေးတယ် လို့ ထင်နေလို့လား ”

“ ဒီလိုလည်း မဟုတ်ပါဘူး ကိုဇော်ရဲ့။ ဒါပေမဲ့ စမ်းခေါ် ကြည့်ချင်တာရယ် . . နောက်ပြီး . . ”

“ ဟုတ်ကဲ့. . နောက်ပြီး ဘာဖြစ်လဲ ”

“ နောက်ပြီး ကိုဇော့် အသံကို ကြားချင်ယုံ သက်သက်ပါပဲ ”


“ ဗျာ . . . . ”

“ ဒါပဲနော်။ ကိုဇော် အလုပ်လုပ်စရာ ရှိရင် လုပ်ပါ။ နောက်မှ ထပ်ဆက်လိုက်ပါ့မယ်။ အခုလောက် အသံလေး ကြားတာနဲ့တင် လုံလောက်ပါတယ် ”


“ ဗျာ  ”

ကိုယ်ကတော့ ဘာမှ မပြောနိုင်ဘဲ တဗျာတည်း ဗျာ နေမိ၏။ ဘာမှ မပြောနိုင်ခင်မှာပဲ သူက ဖုန်းချသွားသည်။

အဲဒီနေ့ကပေါ့ . . .
ညကြီးမင်းကြီးမှာ ကောင်းကင်က 
နေတစ်စင်း ကြွေကျ သလိုမျိုး 
အရာရာဟာ လင်းလင်းရှင်းရှင်း ဖြစ်ပြီး 
အရာရာဟာ ထင်းသွားတယ်။
ပြီးတော့ . . . .
သူ့ဖာသာ ကောမား ( Coma ) ဖြစ်ပြီး
ကာလကြာရှည်စွာ အိပ်ပျော်နေတဲ့ 
နှလုံးသားလေးဟာ 
အသံတစ်စုံကြောင့် ရုတ်တရက် နိုးထလာခဲ့တယ်။
ဒါပေမဲ့ အသံရှင်က 
ရပ်တန့် အဆက်ဖြတ်သွားတော့ 
သူ့ခမျာ. . .
ဆက်ပြီး နိုးထရနိုးနိုး. . .
ပြန်လည် အိပ်ပျော်ရနိုးနိုးနဲ့. . .
နိုးတဝက် အိပ်မက်နဲ့ 
ရင်ခုန်သံတွေ တဝုန်းဝုန်း ဆူညံနေခဲ့ရပေါ့။
ရင်ခုန်တာလား . . . 
ရင်တုန်တာလား . . . သူမသိဘဲ
သူ့ဖာသာ ရင်ခုန်နေမိတယ်။

ဆက်လက်ဖော်ပြပါမည်။


Love Creative မှ ညီအစ်ကို မောင်နှမများ အမှတ်တရ 
( ပန်းချစ်သူ ( ခ ) ဆောင်း ဖန်တီးတင်ဆက်သည်။ )





လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

aung zin said...

ကိုဇော် ကုန်ကြမ်းက ဒူဘိုင်းကနေ တင်သွင်းတာကိုးးးးးးကျပ်ပေလိုက်တယ်းးးးးရန်ဖြင့်လိုက် ပြန်ချစ်လိုက်

Anonymous said...

အော်...UAE ကကိုး....နှလုံးသားရှိရာ (၃) ကို ဆက်လက်ဖတ်ရှူ့ရန် စောင့်မျှော်လျက်...

မိုးခေတ် said...

ဗျာ.................. ။ :D
တကယ်ကြီးပဲပေါ့နော်....၊
ဆက်လက်အားပေးပါဦးမည် ။

မိုးခေတ် said...

သေချာတယ်...ဒီလိုဆိုရင်တော့ ဒီဇာတ်လမ်းမှာ
" တစ်ပင်ထဲ ရင်ထဲက နွယ် " ဆိုတဲ့ သီချင်းက ဇာတ်ဝင်တေး ဖြစ်ရမယ် ။ :P

Anonymous said...

အမယ်လေးဗျာ

ကိုယ် တောင် ရင်ခုံသံမြန်လာသလိုဘဲ ရေးတတ်ပါ့

ခင်တဲ့
ရွှေစင်ဦး

sosegado said...

ရင်ခုန်ရင် အချစ်လား ဆိုသလို
ဖတ်ရင်းနဲ့ ရင်ခုန်မိတာလေးတွေသတိရသွားတယ်၊
အချစ်က ၄ နာရီကွာတယ်ဆိုတာ ဒါကြောင့်ကိုး။

သဒ္ဓါလှိုင်း said...

ဆက်ရန်ကိုမျှော်နေပါတယ်နော်..။
ဖတ်ရင်းဖတ်ရင်း မျောသွားပါတယ်..(ဘယ်လည်း
တော့မသိဘူး)..

ခင်မင်တဲ့
သဒ္ဓါ

မောင်မိုး said...

အဟူးးးဟူးးးလူပျိုဂျီးက တကယ်ဖိုက်နေတာကိုး..။ အထင်လွဲမိတာတောင်းပန်ပါသည်။ :D

ahphyulay said...

အင်း..
အရှည်ကြီး လိုက်ဖတ် လာပြီးမှ
ပြီးသလား အောင့် မေ့ တယ်။
ဆက်အုံးမယ်ဆိုပါလား..။
“ နွယ် ” ဆိုတော့  တစ်ပင်ထဲ ရင်ထဲက “ နွယ် ”ပဲ
ထင်တယ်နော....။

ရွှေရတုမှတ်တမ်း said...

နောက်တခါမျက်ခွက်မရှည်နဲ့.....(......)ရှည်တယ်လို့ရေး

အဲဒီကြရင် မှန်လိုက်တာဟယ်လို့ပြောလိမ့်မယ်(ခေါင်းငုံ့ရင်းဖြင့်)

နှင်းနဲ့မာယာ said...

ကိုဇော်ရေ

ဇာတ်လမ်းအရှည်ကြီးကို စောင့်ဖတ်နေတယ်နော်....
အကူအညီလိုရင်လဲပြောပါ...
နွယ့်ကို လိုက်ရှာပေးရမလားလို့စဉ်းစားနေတယ်....းးး(((((

နှင်းနဲ့မာယာ

ဝက်ဝံလေး said...

ကောင်မလေးက အထာတွေပေးတယ်တော့ ကိုယ်နဲ့မသိတဲ့လူတယောက်ကို ညီမ ကတော့ဖြင့် ဘယ်တော့မှ စိတ်ကောက်လေ့မရှိဘူးရယ် ဟဟဟဟ ကိုရီးယားကားတွေလိုပဲ နဲ့တူတယ် ဟိဟိ

စိတ်မဆိုးနဲ့နော် ကိုဇော် တာ့တာ

ဂျစ်တူး ( မုံရွာ ) said...

ကိုဇော်ရေ ----မင်္ဂလာပါခင်ဗျာ-
အချစ်ဆိုလို့ကိုယ်တစ်ယောက်တည်းမြောနေသလားလို့ လေ-
ကိုဇော်လည်းပါတယ်ပေါ့နော်-ဆက်ရန်ဆိုတော့လည်း
ဘာတွေဖြစ်လာအုံးမလဲဆိုပြီးမျှော်နေတယ်ဗျာ-

ခနွဲ said...

မြန်မြန်ဆက်ပါဗျို့။ ဖတ်ချင်လှပြီ။

အုပ်ကြီး said...

ကောင်းခန်းရောက်နေဘီနော် ...
သူစိတ်ကောက်မယ်ဆိုရင်လည်း ကောက်စရာပေါ့ ..:D

shin said...
This comment has been removed by the author.
shin said...

မိန်းကလေးဘက်က အသေအထာပေးနေတာပဲ။ အမှန်အတိုင်းပြောရရင်အဲ့ဒီလို မိန်းကလေးမျိုး သဘောမကျပါ။