မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 November 2010

12 မေတ္တာ ရှာပုံတော် ( ၂ )



သူလည်း ဘုန်းကြီး ရှေ့သို့ သွားကာ အရိုအသေ ပေးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ အရှင်ဘုရား ၊ တပည့်တော်က ဟိုး အလွန်ဝေးလှတဲ့ တိုင်းပြည်တစ်ခုက ဘုရင့်သားတော် တစ်ပါးပါ။ အခုတော့ ခမည်းတော်က ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ထဲက တစ်ယောက်ကို ထီးနန်း လွှဲပေးချင်နေလို့ ထူးခြား ရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းတစ်ခုကို သွားရှာဖို့ လွှတ်လိုက်ပါတယ်။ ဒီလို ပစ္စည်းရလာတဲ့ အထဲက အရှားပါးဆုံးသူကို သူက ထီးနန်းလွှဲပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ညီအစ်ကို သုံးယောက်လည်း အတူတူ ရှာဖွေရာက ရှာလို့ မတွေ့တဲ့ နောက်ဆုံး တစ်ယောက် တကွဲပြားစီ ထွက်လာပြီး ရှာတာပါ။ အခုတော့ တပည့်တော် စုံစမ်းလို့ရသလောက် သတင်းအရတော့ ဆရာတော်ထံမှာ ထူးခြား ရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းတစ်ခု ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ တပည့်တော်ကို ဒီပစ္စည်းလေး ရောင်းနိုင်မလား လို့ လာမေးတာပါ။ ”

ဒီတော့ ဘုန်းတော်ကြီးက ညင်သာစွာ ပြုံးပြီး. . .

“ တကယ့် ထူးခြား ရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းဆိုတာ ငွေအသပြာနဲ့ ရောင်းချလို့မရဘူး. . ဒကာကြီး။ ”

“ ဒါဆိုရင် တပည့်တော် ဘယ်လို နည်းနဲ့ဆိုရင် ရမလဲဗျ။ ”

ဘုန်းတော်ကြီးက တစ်ချက် စဉ်းစားလိုက်ပြီး. .

“ ကောင်းပြီလေ။ ဒကာကြီးက ဒီပစ္စည်းကို အရမ်း လိုချင်နေတယ် ဆိုတာ သိသာတယ်။ ဒီတော့ ဒီပစ္စည်းကို အရင်ပြဦးမယ်။ ”

လို့ ပြောပြီး ဘုန်းတော်ကြီးက လက်ခုပ်တီးလိုက်တယ် ဆိုရင်ပဲ။ ဘေးနားက ဦးဇင်းလေး တစ်ပါး ထွက်လာတယ်။ ဒီတော့ ဘုန်းတော်ကြီးက . .

“ ပစ္စည်း ယူခဲ့ဟေ့ ”

လို့ ပြောလိုက်တော့ ဦးဇင်းလေး ပြန်လည် ပျောက်ကွယ်သွားပြီး ခဏကြာတော့ ရွှေရောင် သေတ္တာလေး တစ်လုံးနဲ့ ပြန်လည် ရောက်ရှိလာလေသည်။ ဘုန်းတော်ကြီးက လှမ်းကြည့်ပြီး ဖွင့်ခိုင်း လိုက်တော့ အထဲမှာ “ ရွှေရောင်ဝင်းနေတဲ့ ပန်းသီး ” တစ်လုံးကို တွေ့လိုက်ရ၏။

“ ဒါက ပန်းသီးပဲ။ ဘာများထူးခြားလို့လဲ။ ”

သူက ဒီလို ပြောလိုက်တော့ ဘုန်းတော်ကြီးက . . .

“ ဒကာကြီး အမြင်မှာ ရိုးရိုးပန်းသီးပေါ့။ ဒါပေမဲ့ မဟုတ်ဘူး။ ဒါဟာ ရိုးရိုး ပန်းသီး မဟုတ်ဘူး။ အရမ်း ထူးခြားတဲ့ ပန်းသီး။ ဘယ်လို ဝေဒနာ ခံစားနေရတဲ့ လူနာပဲဖြစ်ဖြစ် ပျောက်ကင်းပြီး အသက်ရှည်စေတဲ့ ပန်းသီးပဲ ဖြစ်တယ်။ ဒီကမ္ဘာမှာ ဒီပန်းသီး ဒီတစ်လုံးပဲ ကျန်တော့တယ်။ ”

ဒီတော့ သားကြီးလည်း ဝမ်းသာသွားပြီး.. .

“ ဒါဆိုရင် ဒီပန်းသီးကို ကျွန်တော့်ကို ရောင်းပါလားဗျာ။ ”

ဘုန်းတော်ကြီးက ခေါင်းကို ခါရမ်းလိုက်ပြီး . .

“ ဒါ ရောင်းလို့ရတဲ့ ပစ္စည်း မဟုတ်ဘူး။ တစ်ခုတော့ ရှိတယ်။ မေတ္တာနဲ့တော့ ပေးလို့ရတယ်။ ”

“ ဒါဆို ကျွန်တော့်ကို ဘယ်လို အခြေအနေမှ ပေးမှာလဲ။ ”

“ ဒကာကြီးမှာ ကျွမ်းကျင်တာ ဘာရှိလဲ။ ”

“ ကျွန်တော် ကျွမ်းကျင်တာကတော့ လေးပစ်တာပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ကျွန်တော့်ကို နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးဗျ။ ”

“ ကောင်းပြီလေ။ ဒကာကြီးကို စမ်းသပ်ကြည့်လို့ ရမလား။ ”

ဘုန်းတော်ကြီး ဆီက ဒီစကား ကြားရတော့ သားကြီး အရမ်း ဝမ်းသာသွား၏။ လေးပစ် အတတ်မှာ သူ့ကို ယှဉ်နိုင်သူမှ မရှိတာ။ ဒါနဲ့ ဘုန်းတော်ကြီးက သူ့ကို ဖယောင်းတိုင် တစ်တိုင် ဟိုးခပ်ဝေးဝေးမှာ ထွန်းပေးထား၏။ နောက်တော့ သူ့ကို ပစ်စေသည်။

သူ တစ်ချက်ပဲ ကြည့်ပြီး လေးနဲ့မြားကို ချိန်တောင်မှ မချိန်ဘူး . . သူ ပစ်ပြလိုက်သည်။ မြားတံက ဖယောင်းတိုင်ကို မဟုတ်ဘူး။ ဖယောင်းတိုင် မီးစာကို တိတိကျကျ ထိပြီး ဖယောင်းတိုင် လှုပ်ခါချင်းမရှိဘဲ မီးငြိမ်းသွား၏။

နောက်တော့ ဘုန်းတော်ကြီးက သစ်သားတန်း ပေါ်မှာ လိမ္မော်သီးလေးကို တင်ထားလိုက်ပြီး သူ့ကို သေချာကြည့်စေကာ မျက်လုံးကို အဝတ်စည်းလိုက်ပြီး ပစ်စေသည်။ သူ့အတွက်က ဒါတွေက အလွယ်လေးပါ။ သူ သင်တန်းမှာ ဒီလိုပဲ မျက်စိမှိတ်ပြီး ပစ်နေကြပါ။ သူ့မြားတံက တိမ်းစောင်းချင်း မရှိပဲ ရွှတ်ခနဲ ထွက်သွားလေ၏။ ပြီးတော့ လိမ္မော်သီးရဲ့ အလယ်မှာ စိုက်ဝင်လျှက်။ ဒီတော့ ဘုန်းတော်ကြီးက ပြောတယ်။

“ နောက်ဆုံး စမ်းသပ်မှုပါပဲ။ ဒီမှာ ဒကာကြီး လိုချင်နေတဲ့ ပန်းသီး ၊ ဒီပန်းသီးက ဒီအတိုင်းထားရင် နှစ်ပေါင်းရာနဲ့ ချီပြီး ထားလို့ရတယ်။ သူ့ အခွံလွှာလေး ကွာသွားရင်တော့ တစ်နာရီအတွင်း ပုပ်သွားလိမ့်မယ်။

အခု ဒကာကြီးက ဒီပန်းသီးကို မထိအောင် ပန်းသီးနဲ့. . . .”

ဆိုပြီး စကားကို ရပ်ထားလိုက်ပြီး သူ့နားမှာ ရှိနေတဲ့ ဆယ်နှစ်သားလောက်ပဲ ရှိသေးတဲ့ ကိုရင်လေးကို ရပ်စေလိုက်ပြီး ကိုရင်လေး ခေါင်းပေါ်မှာ ပန်းသီးကို တင်လိုက်လေသည်။ ပြီးမှ. .

“ သူ့ခေါင်းပေါ်က ပန်းသီးနဲ့ ဒီကိုရင်လေးရဲ့ ခေါင်းကြားထဲကို ပစ်ရမယ်။ ကိုရင်ကိုပဲ မြားက မှန်မှန် ၊ ပန်းသီးကိုပဲ မှန်မှန် ဒကာကြီး ရှုံးသွားပြီ။ အခု စပစ်လို့ရပြီ ။ ဒီအတိုင်းတော့ မပစ်ရဘူးနော်။ ဒကာကြီး မျက်လုံးတွေကို အဝတ်နဲ့ စည်းပြီး ပိတ်လိုက်တော့. . . ”

သူ ဒီလို ကြားလိုက်ရတော့ သူ ကိုရင်လေးကို သေချာ ကြည့်ပြီး မျက်လုံးကို အဝတ်နဲ့ စည်း လိုက်လေ၏။ နောက်တော့ သူ မှတ်ထားတဲ့ ပုံရိပ်ရှိရာသို့ မှန်းပြီး မြားကို လွှတ်ဖို့ လက်ကို ဆန့်တန်း လိုက်သည်။ သူ့ဘဝမှာ ဘယ်တုန်းကမှ မဖြစ်ဘူးတဲ့ သူ့ကိုယ်သူ ယုံကြည်မှု နည်းခြင်း မဟုတ်ဘဲ လူ့အသက်နဲ့ ရင်းပြီး အလောင်းအစား လုပ်နေရတာပါလား ဆိုသော အတွေးကြောင့် လက်တွေ တဆတ်ဆတ် တုန်လာ၏။ ထို့နောက် အပြစ်ကင်းစင်တဲ့ ကိုရင်လေးကိုများ ထိသွားရင် ဆိုပြီး သူ့ကို သူ မယုံတဲ့ အတွေးတွေ ဝင်လာသည်။

“ ဒါကတော့ အလွန် မိုက်မဲရာ ကျပါတယ် အရှင်ဘုရား။ ဒီလိုကြီးတော့ မစမ်းသင့်ပါဘူး။ ”

သူ မျက်လုံးကို စည်းထားသော အဝတ်စကို မဖယ်ဘဲ ဆွဲထားသော လေးညှို့ကို အောက်ချရင်း ပြောလိုက်သည်။

“ ဒါဆိုရင် ဒကာကြီး အရှုံး ပေးပြီလား။ ဒါဆိုရင်တော့ လိုချင်တဲ့ ပန်းသီး မပါဘဲ ၊ အခု ပြန်သွားပေတော့ ”

သူ ဆတ်ခနဲ ဖြစ်သွားပြီး အောက်ချထားတဲ့ လက်ကို ချက်ချင်းပြန်ပြီး အပေါ်ကို မတင်လိုက်ပြီး လေးမှ မြားတံကို ဆွဲပြီး ပန်းသီးလေး ရှိနေတဲ့ ကိုရင်လေးဆီကို ချိန်လိုက်၏။ ဒီလို ချိန်လိုက်တိုင်း သူ့လက်တွေက တဆတ်ဆတ် ဖြစ်လာသည်။ သူ့အတွက် ပန်းသီးက အရေးကြီးတယ် ဆိုပေမဲ့ ကိုရင်လေး အသက်လောက် အရေးမကြီးသေး။ ဒီပန်းသီး မရလည်း သူ တခြားသောနေရာမှ ထူးခြားသော ပစ္စည်းရှာနိုင်သေးတာပဲ လို့ သူစဉ်းစားမိသည်။

သူ လေးနဲ့မြားကို အောက်ချလိုက်ပြီး မျက်နှာကို စည်းထားတဲ့ အဝတ်ကို ခပ်ကြမ်းကြမ်း ဆွဲချွတ်လိုက်၏။

“ တပည့်တော် အရှုံးပေးပါပြီ အရှင်ဘုရား။ လူတစ်ယောက်ရဲ့ အသက်နဲ့ ရင်းပြီးတော့မှ ဒီပန်းသီးကို ရမယ် ဆိုရင် တပည့်တော် မလိုချင်တော့ပါဘူး ဘုရား။ ”

ဒီတော့ ဘုန်းတော်ကြီးက သူ့ကို ပြုံးကြည့်ပြီး. . .

“ ဒကာကြီး နိုင်သွားပါပြီ ၊ ဒီ ပန်းသီးကို ရသွားပါပြီ။ ”

“ ဗျာ . . . . ဘယ်လို။ ”

“ ဟုတ်ပါတယ်။ ဒကာကြီးရဲ့ သူတစ်ပါး အပေါ်ထားတဲ့ မေတ္တာစိတ်ကြောင့်ပဲ ဒကာကြီး ဒီပန်းသီးကို ရသွားပါပြီ။ တကယ်တော့ ဒကာကြီးလိုပဲ ဒီပန်းသီးကို လိုချင်လို့ လာခဲ့သူတွေက သူတို့ ပန်းသီးရရင် ဘာမဆို လုပ်မယ် ဆိုတဲ့ စိတ်နဲ့ ပစ်တတ်ကြတယ်။ တကယ်တော့ အခု ဒကာကြီး ရှေ့က ကိုရင်လေးက သိုင်းပညာကို အထူး ကျွမ်းကျင်အောင် တတ်မြောက်သူပါ။ လာနေတဲ့ မြားတံကိုတောင်မှ မိအောင် ဖမ်းနိုင်ပါတယ်။

လောဘကို ရှေ့ထားပြီး မေတ္တာစိတ် ပျောက်နေသူတွေ အတွက်တော့ အရာရာဟာ လွဲချော် တတ်ပါတယ်။ ဒကာကြီးကတော့ လိုချင်စိတ်ထက် သူများကို ပိုပြီး မေတ္တာထားလို့ အခု ဒီပန်းသီးကို ဒကာကြီး ပိုင်ဆိုင်ပါပြီ။ ”

ဒီလို ပြောပြီး ပန်းသီးလေးကို သေတ္တာထဲထည့်ပြီး သူ့ကို ပေးလိုက်သည်။ ဒါနဲ့ သူလည်း အံ့သြတကြီးနဲ့ ပန်းသီးလေးကို ပိုက်ပြီး တိဗက် ဘုန်းကြီးကျောင်းမှ ပြန်လာခဲ့လေသည်။



သားကြီး ဒီလို ဖြစ်နေချိန်မှာ “ သားလတ် ” ကတော့ ရှေးဟောင်း ပျောက်ဆုံးနေတဲ့ တိုင်းပြည် တစ်ခုကို ရောက်သွားခဲ့လေသည်။ သို့သော် ထိုတိုင်းပြည်သည် ထူးထူးခြားခြား တိတ်ဆိတ်နေ၏။

ဒီတိုင်းပြည်မှာ ရှိနေသူတွေ အားလုံးက ပျော်ရွှင်မှု မရှိဘူးလို့ သူခံစားရ၏။ ဘာလို့လဲတော့ သူမသိ။ သူတို့ရဲ့ မျက်နှာက တိတ်တဆိတ် ကြေကွဲနေကြသလိုပဲ။ သားလတ်လည်း ဒီ တိုင်းပြည်မှာ ထူးဆန်းတဲ့ ပစ္စည်းကို ရှာဖို့ လိုက်စုံစမ်းရင်း ဒီတိုင်းပြည် အကြောင်းကို တဖြေးဖြေး သိလာရ လေတော့သည်။ ဒီတိုင်းပြည် မှာ နေသူတွေ အားလုံး သူတို့ ဘုရင်ကြီး အတွက် စိတ်သောက ရောက်နေကြသည်။ ဘာလို့လဲဆိုတော့ သူတို့ ဘုရင်ကြီးကို ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ မှော်ဆရာ တစ်ယောက်က စိတ်ပြောင်းစေတဲ့ ဆေးတွေ ကျွေးပြီး ထိန်းချုပ်ထား၏။

သူ့ကို တော်လှန်ပုံကန်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ကြဘူး။ ဘာလို့လဲ ဆိုတော့ ဒီမှော်ဆရာက အောက်လမ်းနည်းတွေနဲ့ သူ့ရဲ့ မှော်လူသားတွေကို ခေါ်ပြီး တော်လှန်သူတွေကို သုတ်သင် ပစ်လေ့ရှိ၏။ ဒီတိုင်းပြည် မှာ ရှိနေတဲ့ သူတွေကလည်း သဘာဝက ပေးထားတဲ့ အတားအဆီးတွေက တိုင်းပြည်ကို အကာအကွယ် ပေးသောကြောင့် ဘယ်သူမှ ဖြစ်ဖြစ်မြောက်မြောက် ကိုယ်ခံပညာ မတတ်ကြဘူး။ သူတို့တိုင်းပြည် ကို ဘယ်သူကမှ လာရောက် မတိုက်ခိုက်ကြဘူး ၊ သူတို့လည်း ခုခံကာကွယ်ဖို့ရာ လေ့ကျင့်စရာ မလိုလေတော့ သူတို့မှာ ကိုယ်ခံပညာ ညံ့ဖျင်းကြသည်။

အခုလို သူတို့ ဘုရင်ကြီးကို စိတ်ပြောင်းဆေး ကျွေးပြီး သူတို့တိုင်းပြည်ကို မှော်ဆရာက ကြီးစိုးနေတာကို သိသိကြီးနဲ့ ဒီအတိုင်း လက်ပိုက်ကြည့် နေကြရ၏။ ဒီအကြောင်းတွေကို သိတော့ သားလတ်က သူရဲ့စိတ်မှာ မေတ္တာစိတ် ဖြစ်ပေါ်ကာ ငါသေချင် သေသွားပါစေ ဒီတိုင်းပြည်က ဘုရင်ကြီးနဲ့ ပြည်သူပြည်သားတွေကို ကယ်တင်မယ် လို့ ဆုံးဖြတ်ခဲ့သည်။ ထူးခြား ဆန်းပြားသော ပစ္စည်းကို ရှာဖွေဖို့ ဆိုတာကိုပါ မေ့လျော့သွား၏။ ဒါကြောင့် သူက သူ့သဘောထား ၊ သူ့ရဲ့ လက်ဝှေ့အတတ် စွမ်းရည်တွေကို ထုတ်ပြပြီး ပြည်သူပြည်သားတွေကို စည်းရုံး၏။ တဖြည်းဖြည်း သူ့ကို ထောက်ခံသူတွေ များလာလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အို ဖတ်လို့ကောင်းနေမှ.. ရပ်ပြစ်လိုက်တယ်နော်...ဆက်လက်ဖက်ရန် စောင့်မျှော်နေပါတယ်ရှင်။
...

ကွာစေ့လေး said...

ဟလို…
မေတ္တာရှင် အပိုင်း ၂ ကို လာပြီး အားပေးသွားပါတယ် …
ကိုရီးယား ဇာတ်လမ်းတွေထက် ဆိုးမယ်ထင်တယ် ..
အပိုင်းတွေတော်တော်ခွဲဖို့ရည်ရွယ်ထားတယ်နဲ့ တူတယ်..
ဇာတ်လမ်းကောင်းတုန်း အပိုင်းဖြတ်လိုက်တယ်…..
ဆက်ရန်ကို မျှော်လျက်…

ကွာစေ့လေး

ဝက်ဝံလေး said...

“ ထောက်ခံသူတွေ များလာတယ် ” ဆိုပဲ ကိုဇော် ဟို မြန်မာနိုင်ငံကလိုတော့ ပိုက်ချံ ပေးတာ မဟုတ်တန်ကောင်းပါဘူးနော် ခစ်ခစ်

ဖတ်သွားတယ် မျှော်........ ရမှာလား ဂယ်ပဲ ဂယ်ပဲ
ထွန်းထွန်းလို စိတ်ကောက်ပလိုက်မယ် ...
ဒုန်းးးးးးးဒုန်းးးးးးးးးးးးးဒုန်းးးးးးးးးးးးးးးး (ဝက် လိမ့်သံ)

sosegado said...

ဆက်လျှက်စောင့်မျှော်လျှက်ပါ။

ahphyulay said...

ဟ..
တောက်ရှောက်ဖတ်လာတာ..
အောက်ဆုံးကျမှ ဆက်လက်ဖေါ်ပြပါမယ်တဲ့ ကောင်းရော..
ဘာပဲရေးရေး ဒသန နဲ့ ရေးနေတာကိုး..၊

အုပ်ကြီး said...

ဆက်တငံငံနဲ့ ပဲ ...
မျှော် - သွား -ပါ -တယ် - ဗျာ ..

ယွန်း said...

ဟွန့် ..ဖတ်လို့ ကောင်းနေကာမှကွာ....
"""ကတောက်"""

ကိုကိုးအိမ် said...

ခေါင်းစဉ်ကြည့်ပြီး လူပျိုကြီး ဖူးစာရှာတာမှတ်နေတာ ပုံပြင်ပြောနေ တာကိုး.. ဖတ်လို့ကောင်းတယ်.. အဆက်လာဖတ်ဦးမယ်

မောင်ဘကြိုင် said...

ဆန့်တငံ့ငံ့ဖြစ်ရအောင်ကို
လက်သံပြောင်တယ်ဗျာ
ကိုဇော်ရေ....
စောင့်မျှော်နေပါကြောင်း

nyeinsoe said...

ပိုပြီးဆွဲခေါ်နေပြန်ပါပြီ ။ ခပ်မြန်မြန် နော် ...
စောင့်ပါ့မယ် ...
ငြိမ်းစိုးဦး

နေ၀သန် said...

ပုံပြင်မို့လားမသိ..ဒုတိယပိုင်းလေးလည်းအတော်ကိုကို စိတ်ဝင်စားသွားတယ်..း)))


ခင်မင်တဲ့
နေ၀သန်

အဖြူရောင်နတ်သမီး said...

အခုမှ ဒုတိယပိုင်းဖတ်ပြီးတယ်..။
တတိယပိုင်းကို မနက်ဖြန်မှထပ်ဖတ်မယ်..။
အလုပ်တွေရှုပ်ရှက်ခတ်နေလို့..။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.