မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 November 2010

13 မေတ္တာ ရှာပုံတော် ( ဇာတ်သိမ်း )



“ ဟင် . . ခမည်းတော် နေမကောင်းဘဲ အပြင်း ဖျားနေပါလား အစ်ကိုတို့။ ”

သူ့ရဲ့ နှုတ်ဖျားက ဒီလို စကားသံ ကြားတော့ သားကြီး နဲ့ သားလတ်လည်း မနေနိုင်တော့ဘဲ သားငယ်ဆီက မှန်ပြောင်းကို ယူကြည့်တော့ တကယ်ကို သူတို့ ခမည်းတော် နာမကျန်း အသည်းအသန် ဖြစ်နေတာကို တွေ့ကြရလေသည်။

“ ခမည်းတော် တော်တော် ဖြစ်နေတယ် ညီလေးတို့ ၊ ဒါပေမဲ့ အခုလို ကိုကြီးတို့မှာ ပါလာတဲ့ မြင်းနဲ့ အပြင်း ခရီးနှင် သွားရင်တောင်မှ ခရီးလမ်းက တစ်ပတ်ကျော် ကြာနိုင်တယ်။ ခမည်းတော် အသက်ကို ကိုကြီးတို့ မှီပါ့မလား။ ”

သားကြီးက ဒီလို မချိတင်ကဲ အသံနဲ့ ပြောတော့ . . .

“ ညီလေးမှာ ကော်ဇောပျံ ရှိနေတာပဲ ကိုကြီး။ ဒါနဲ့ သွားရင် ကျွန်တော်တို့ မြန်တာပေါ့။ ”

သားလတ်က ဝင်ပြောလိုက်၏။ ဒီတော့ သားငယ်က . .

“ ဟုတ်တာပဲ ကိုကြီး ။ ကျွန်တော့်ကော်ဇောပျံ ရှိနေမှတော့ မြင်းတွေ ဘာလုပ်ဖို့ စီးပြီး တောင်တွေကို ပတ် သွားနေတော့မှာလဲ။ ကော်ဇောပျံကို စီးပြီး တောင်တွေကို ဖြတ်ပျံသွားလို့ ရတာပဲ။ ကဲ. . ပြောနေတာ ကြာတယ်ဗျာ။ အခုပဲ ကျွန်တော်တို့ အပြန်ခရီး စထွက်တော့မယ်။ ကိုကြီး နဲ့ ကိုလတ်လည်း ကော်ဇောပျံ ပေါ်တက်ကြပါ။ ”

ဒါနဲ့ သူတို့ ညီအစ်ကို သုံးယောက် ကော်ဇောပျံ ပေါ်တက်ပြီး မြန်နိုင်သမျှ မြန်အောင် ကော်ဇောပျံကို ပျံခိုင်းပြီး ခရီးဆက်လိုက် ကြသည်။ မြင်းစီးပြီး သွားရမဲ့ ခရီးဆိုရင် တစ်ပတ် အချိန်ပေးရမဲ့ ခရီင်္းတစ်ခုဟာ ကော်ဇောပျံနဲ့ တောင်တွေကို ဖြတ်ပျံသန်း လာလိုက်တာ တစ်ရက် ကျော်ကျော်မှာ သူတို့ နန်းတော်ထဲကို ခြေချမိခဲ့၏။

သူတို့နန်းတော် ထဲရောက်တယ် ဆိုတာနဲ့ ခမည်းတော်ဆီကို တိုက်ရိုက် အခစားဝင်တော့ ခမည်းတော်က သလွန် ညောင်းစောင်းပေါ်မှာ သတိတောင်မှ ကောင်းကောင်း မရတော့ဘူး။ သမားတော်ကြီးတွေကို မေးမြန်း ကြည့်တော့လဲ သမားတော်ကြီးတွေက ခမည်းတော် ရောဂါကို သူတို့ လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ပြောပြကြလေသည်။ ဒီတော့ ညီအစ်ကို သုံးယောက်လုံး ဝမ်းနည်းသွားကြ၏။

ဒီအချိန်မှာ သားငယ်က . . .

“ ကိုကြီး . . ၊ ကိုကြီး ရှာလို့ ရလာတဲ့ ပန်းသီးက ရောဂါ အထွေထွေကို ပျောက်ကင်းနိုင်ပြီး အသက်ရှည် စေတယ်ဆို. . .၊ ဒါဆို ဒီပန်းသီးကို ခမည်းတော်ကို ကျွေးကြည့်ပါလား ကိုကြီး။ မမှန်ရင်လည်း အန္တရာယ် မရှိနိုင်ပါဘူး ၊ မှန်ရင်လည်း ခမည်းတော် ပျောက်ကင်းတာပေါ့။ ”

သားငယ်က ဒီလို ပြောလိုက်မှ သားကြီးရော ၊ သားလတ်ရော သတိရကြလေ၏။

“ ဟုတ်တယ် ညီလေး ပြောတာ ဟုတ်တယ်။ ခမည်းတော်ကို ရွှေပန်းသီး ကျွေးကြည့်မယ်။ ”

ဆိုပြီး သူ့အိတ်ထဲမှာ ထည့်ထားတဲ့ ရွှေရောင် သေတ္တာလေးထဲက ရွှေပန်းသီးကို ထုတ်ပြီး ဓါးနဲ့ စိတ်ကာ အရည်ကို ပန်ကန်းလုံးလေးထဲ ညှစ်ထုတ်ပြီး ခမည်းတော် ပါးစပ်ထဲကို လောင်းထည့် လိုက်၏။ ခမည်းတော် ပါးစပ်ထဲကို ရွှေပန်းသီး အရည်လေး ဝင်သွားတယ် ဆိုရင်ပဲ ခဏကြာတော့ ခမည်းတော်က “ ဟင်း . . . ” ဆိုပြီး အသံရှည်ဆွဲကာ မျက်လုံးလေးတွေ ပွင့်လာခဲ့သည်။

ဒီတော့ ညီအစ်ကို သုံးယောက်လုံးလည်း ပျော်ရွှင်ပြီး ကျန်နေတဲ့ ပန်းသီးကို ဓါးနဲ့ စိတ်လိုက်ပြီး တစ်စိတ်ပြီး တစ်စိတ် ခမည်းတော်ကို ကျွေးလိုက်လေတော့သည်။ ခမည်းတော်လည်း ရွှေပန်းသီးလေးတွေ တစ်စိတ်ပြီး တစ်စိတ်စားပြီးတယ် ဆိုရင်ပဲ ပြန်လည် နေကောင်း လာခဲ့တယ်။ ဒါကြောင့်လည်း ထူးဆန်း လှပါတယ် ဆိုပြီး ရွှေပန်းသီးကို ပြောတာကိုး လို့ သူတို့ သဘောပေါက် ကြရတော့၏။

သူတို့ ညီအစ်ကို သုံးယောက်လည်း နန်းတော်ကို ပြန်လည် ရောက်ရှိခဲ့ကြပြီ။ ခမည်းတော် ရှာခိုင်းတဲ့ ထူးခြား ဆန်းပြားတဲ့ ပစ္စည်းတွေကိုလည်း ရှာနိုင်ခဲ့သည်။ ပြီးတော့ ခမည်းတော်ရဲ့ အသက်ကိုလည်း သူတို့ ကယ်နိုင်ခဲ့လေ၏။



သူတို့ ခမည်းတော် နေကောင်းသွားပြီး ညီလာခံစတဲ့ နေ့ကျတော့ . . . .

ခမည်းတော်က ညီလာခံမှာ သူတို့ ညီအစ်ကို သုံးယောက်ကို ခေါ်၏။ ပြီးတော့ . . .

“ အခုလို ငါ့သား သုံးယောက်က ကမ္ဘာအနှံ့ကို ရောက်ခဲ့ပြီး တန်ဖိုး အထိုက်တန်ဆုံး ရှားပါးပစ္စည်းတွေကို ရှာဖွေ ရယူလာ နိုင်ခဲ့တယ်။ အတွေ့အကြုံတွေလည်း အများကြီး ရလာခဲ့တယ်။ သားတို့ အခု ရလာတဲ့ တန်ဖိုး အထိုက်တန်ဆုံး ရှားပါးပစ္စည်းတွေထဲမှာ ဘယ်သူ့ရဲ့ ပစ္စည်းက အဖိုးအထိုက်တန်ဆုံးလို့ ထင်လဲ။ ”

ဘယ်သူ့ဆီကမှ အသံထွက် မလာခဲ့ဘူး။ အရင်လို သားကြီး ၊ သားလတ် ၊ သားငယ်တို့ရဲ့ ငြင်းခုန်မှုတွေလည်း မရှိတော့ပဲ သူတို့ ခမည်းတော် ပြောနေတာကိုပဲ ငြိမ်ပြီး နားထောင်နေကြ၏။

“ ခမည်းတော်က သားတို့တွေထဲက အဖိုးအထိုက်တန်ဆုံး ပစ္စည်း ရှာလာနိုင်သူကို ထီးနန်းကို လွဲပေးမယ် လို့ စဉ်းစားထားခဲ့တယ်။ တကယ်တော့ သားတော်တို့ ရှာဖွေ လာနိုင်တာတွေ အားလုံးဟာ ရှားပါးပြီး အဖိုး ထိုက်တန်တာတွေပါပဲ။ ဒါပေမဲ့ အဖိုးထိုက်တန်တယ် ဆိုတဲ့ အရာတွေကလည်း သူ့နေရာနဲ့ သူ ရှိနေတယ် သားတော်တို့. . . .

တကယ်လို့ သားတော်လတ်ရဲ့ မှန်ပြောင်းသာ မရခဲ့ဘူး ဆိုရင် ပြီးတော့ ဒီမှန်ပြောင်းကိုသာ ထုတ်ပြီး ခမည်းတော်ကို မကြည့်မိခဲ့ဘူး ဆိုရင် ခမည်းတော် နာမကျန်း ဖြစ်နေတာကို သိကြရမှာ မဟုတ်ဘူး။ သားတော်လတ်ရဲ့ မှန်ပြောင်းနဲ့ ကြည့်ပြီးလို့ ခမည်းတော် နာမကျန်း ဖြစ်နေတာကို သိခဲ့ရတယ်။ ဒါကြောင့် သားတော်လတ်ရဲ့ မှန်ပြောင်းကလည်း အဖိုးထိုက်တန်ပါတယ်။

ဒါပေမဲ့ ခရီးလမ်းက ဝေးလွန်းတော့ သားတော်တို့ မြင်းနဲ့ လာမယ် ဆိုရင် ခမည်းတော် အသက်ကို မှီလိုက်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ ခရီးကို အချိန်တိုတိုနဲ့ သားတော်ငယ် ရဲ့ ကော်ဇောပျံ ရှိလို့သာ ခမည်းတော် ရှိရာ နန်းတော်ကို အချိန်တိုတိုနဲ့ အမြန်ဆုံး ရောက်လာနိုင်တာ ဖြစ်တယ်။ တကယ်လို့ သားတော်ငယ်ရဲ့ ကော်ဇောပျံသာ မရှိခဲ့ဘူး ဆိုရင် သားတော်ကြီးရဲ့ ရောဂါ မှန်သမျှကို ပျောက်ကင်းစေနိုင်ပြီး အသက်ရှည်စေတဲ့ ပန်းသီးကို ခမည်းတော် သုံးဆောင်နိုင်အောင် ဘယ်လိုမှ မကျွေးနိုင်တော့ဘူး။ ဒါဆို ခမည်းတော် အသက်ဆုံးရှုံး ရမှာပါပဲ။ ဒါကြောင့် သားတော်ငယ်ရဲ့ ကော်ဇောပျံကလည်း အဖိုး ထိုက်တန်ပါတယ်။

သားတော်လတ်ရဲ့ မှန်ပြောင်းနဲ့ ကြည့်မိလို့ ခမည်းတော် နာမကျန်း ဖြစ်နေတာကို သိခဲ့ရပြီး သားတော်ငယ်ရဲ့ ကော်ဇောပျံကို စီးပြီး ခမည်းတော်ဆီကို အချိန်မှီ ရောက်ခဲ့တယ်ပဲ ထားဦး။ သားတော်ကြီးရဲ့ ရောဂါမှန်သမျှ ပျောက်ကင်းနိုင်ပြီး အသက်ရှည်စေတဲ့ ပန်းသီးကို မရလာခဲ့ဘူး ဆိုရင်လည်း ခမည်းတော် အသက်ဆုံးရှုံး ရမှာပါပဲ။ ဒါကြောင့် သားတော်ကြီးရဲ့ ပန်းသီးကလည်း အဖိုး ထိုက်တန်ပါတယ်။

ဒါကြောင့် သားတော်ကြီးရဲ့ ပန်းသီး ၊ သားတော်လတ်ရဲ့ မှန်ပြောင်း ၊ သားတော်ငယ်ရဲ့ ကော်ဇောပျံ အားလုံးဟာ သူ့နေရာနဲ့ သူ အဖိုးထိုက်တန်တယ် လို့ ခမည်းတော် ဆိုချင်ပါတယ်။ သို့သော် ဘယ်အရာ မဆို တစ်ခုတည်းနဲ့ မဖြစ်မြောက်ပေဘူး။ အားလုံးကို ဖြစ်မြောက်စေဖို့ စုစည်း လုပ်ဆောင်နိုင်ရမယ်။ စုစည်း လုပ်ဆောင်မှု ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် မေတ္တာ ပြည့်ဝနေမှသာ အောင်မြင်နိုင်ပေတယ်။

ဒါကြောင့် သားတော်တို့ထဲက တစ်ယောက်ကို ထီးနန်းလွဲအပ်ပေးတယ် ဆိုတာထက် မေတ္တာကို ရှေ့ထားပြီး တစ်ဦးနဲ့ တစ်ဦး တိုင်တိုင်ပင်ပင် လုပ်သွားကြရင် အကောင်းဆုံးနဲ့ အရာ အရောက်ဆုံးမို့ သားတော်တို့ အားလုံး လက်ထဲကို ထီးနန်းကို အပ်ခဲ့ချင်တယ်။ သားတော်တို့ ညီအစ်ကို သုံးယောက် တစ်ယောက်နဲ့ တိုင်ပင် ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့မယ် ဆိုရင် တိုင်းပြည်သာယာ ဝပြောပြီး အေးချမ်းသာယာ လာလိမ့်မယ် လို့ ခမည်းတော် ပြောချင်တာပါပဲ။ ”

ခမည်းတော်ရဲ့ ဆုံးမ စကားကိုလည်း ကြားရော သားတော် သုံးယောက်လုံးက ဝမ်းသာအားရပဲ လက်ခံပြီး ခမည်းတော်ဆီက ထီးနန်းကို တစ်ဦးတည်း ဆက်ခံပြီး မစိုးစံတော့ပဲ ညီအစ်ကို သုံးယောက် အတူတကွ တိုင်ပင် ညှိနှိုင်းပြီး ထီးနန်းကို ဆက်ခံကာ တိုင်းပြည် သာယာဝပြောရေးကို မေတ္တာရှေ့ထားပြီး ဆောင်ရွက်လိုက်ကြတာ သူတို့ တိုင်းပြည်က ခမည်းတော် လက်ထက်ကထက် ပိုပြီး စည်ပင်ဝပြော လာခဲ့လေတော့သည်။ ။

*** ပြီးပါပြီ ***


မှတ်ချက်။ ။ Arabian Nights စာအုပ်ထဲမှ ဇာတ်ကွက်ကို အဆင်ပြေအောင် ပုံဖော် မှီငြမ်းရေးသား ထားပါတယ်။ ဘာသာပြန် ထားတာ မဟုတ်ပါ။

ကိုဇော် ခံစားပုံဖော်သည်။
30.4.2010
.

ဆက်ဖတ်ချင်မှ ဖတ်ပါ။

တစ်ခါက . . .

တိုင်းပြည်တစ်ခုမှာ အရမ်းကို အူမြူး ပျော်ရွှင်တတ်သော ဘုရင်တစ်ပါး ရှိလေသည်။ သူသည် လွန်စွာမှ ဟာသဥာဏ် ပြည့်ဝသူ တစ်ယောက် ဖြစ်၏။ ထိုသို့ သူ့မှာ ဟာသဥာဏ် ရှိတယ် ဆိုတာကိုလည်း သူ့ဖာသာသူ သိလေသည်။ သူ့ကိုယ်သူ ဟာသလုပ်သလို သူများကိုလည်း ဟာသ လုပ်လေ့ရှိ၏။ ထိုကဲ့သို့ ရယ်ရွှင်ဖွယ် ဟာသများကို သူ့ဖာသာ အစီအစဉ် ဆွဲကာ သူ့ဖာသာ တိတ်တဆိတ် ကွယ်ရာမှ ချောင်းမြောင်း ကြည့်ရှု့ နားထောင်ကာ ပျော်ရွှင်စွာ ရယ်မောနေလေ့ ရှိသည်။ 

ထိုကဲ့သို့ သူများကို ဟာသလုပ်ရင်း ၊ ကိုယ့်ကိုယ်ကိုယ် ဟာသလုပ်ရင်း နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ စံစားနေခဲ့သည်။ သို့သော် သူ့ဘဝရဲ့ အပြောင်းအလဲ ဖြစ်လာစေမဲ့ နေ့တစ်နေ့မှာတော့ သူဟာ လူတစ်ယောက်ကို ဟာသလုပ်မိ ခဲ့လေတော့သည်။ ထိုဟာသကပဲ သူ့ဘဝကို သာမက သူစံစား အုပ်ချုပ်နေသော တိုင်းပြည်ရဲ့ ကံကြမ္မာကိုပါ အပြောင်းအလဲ ဖြစ်လာစေခဲ့တော့သည်။

“ နောက်ပြောင်ကျီစား ဘုရင်တစ်ပါး ”

ကျွန်တော် အကြိုက်ဆုံးသော ပုံပြင်လေး တစ်ပုဒ်ပါ။ ဒီပို့စ်လေးကိုတော့ အခွင့်သာရင် တင်ပေးပါ့မယ်။


ပျော်ရွှင်နိုင်ကြပါစေ။
ကိုဇော်

.

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

နောက်ဆုံးတော့လည်း ရှာတွေ့သွားပြီ။
ဇာတ်သိမ်းသွားတော့လည်း ပြီးသွားပြီလို့ထင်နေတာ..
အခွင့်သာရင် တင်မယ်ဆိုတဲ့ ပို့စ်လေးကို စိတ်ဝင်စားသွားပြန်ပြီ
မြန်မြန် တင်ရင်တင်နော်..မတင်ရင် ဖတ်တီး၊ ရုပ်ဆိုးနဲ့တွေ့ပါစေလို့ ဆုတောင်းပေးတော့ပါဘူးရှင်။
ဇာတ်သိမ်း မြန်မြန်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
may

လသာည said...

ဇတ်သိမ်းသွားပြီ၊ ဖတ်ကောင်းမှကောင်း။ သားသုံးယောက်က (ပုံပြင်ထဲမှာ) အဲလိုချစ်ခင်ကြတယ်နော်း))

နောက်ပိုစ်အတွက် ထရေလာ ပါ အဆစ်တင်ပေးသွားတာ ကျေးဇူးတင်ပါတယ်။

ကိုဇော်လည်း ပုံပြင်ကြိုက်တယ်နော်။ ကျွန်မလည်း ပုံပြင်စာအုပ်တွေ အခုထိ ဖတ်တုန်းပဲ။

khin oo may said...

ထွေလာပြသွားတာ စိတ်ဆိုးတယ် ။ ဆန့်တငန့်ငန့်ကျန်ခဲ့တယ်။

ဇွန်မ said...

thanks

Anonymous said...

ပုံပြင်လေး အဆုံးကို ဖတ်သွားပြီ ကိုဇော်ရေ

ကျေးဇူး

ရွှေစင်ဦး

ကွာစေ့လေး...... said...

ဟလို

အပိုင်း ၅ နဲ့ ဇာတ်သိမ်းပိုင်းကိုပေါင်းဖတ် သွားပြီး အသစ်တင်မယ့် ပို့စ်ကို စောင့်မျှော်လျက်...

ahphyulay said...

အင်း...
ရှာဖွေလျင် တွေ့ ရှိ ကဏ္ဏ ပဲ ၊ ရှာရှာဖွေဖွေ
တင်ပြထားတဲ့  ပုံကလေးတွေမို့  ဖတ်လို့  ကောင်းပါတယ်။

ဝက်ဝံလေး said...

တွေ့လား များ ပြောတာမှန်တယ်တော့ ဘုရင်ကြီး ဆန့်တငင်ငင်ဖြစ်နေတာပါဆိုနေ ဟဟ ဟ

အနမ်း said...

အိမ်း ကောင်းလေစွ၊ ကောင်းလေစွ ..မေတ္တာရှာပုံတော်ဇာတ်လမ်းလေး အစအဆုံးထိဖတ်သွား
တယ် ကိုဇော်ရေ.၊ ကွန်နက်ကမရလွန်းလို့..

sv said...

ဇာတ်က ပုံပြင်ထဲမှာတော့ သိမ်းသွားပြီ.....အပြင်မှာလဲ အဲ့လို ချစ်ချစ်ခင်ခင် နဲ.တိုင်းပြည်တိုးတက်ဖို. ပူးပေါင်းဆောင်ရွက်ခြင်းနဲ. ဇာတ်သိမ်းရင် ..သိပ်ကောင်းမှာပဲ.. ပျောက်ဆုံးနေတဲ့ မေတ္တာတွေ ဘယ်မှာ ရှာရပါ့.......တနေ.နေ.တော့ လို.ပဲ မျှော်လင့်ရင်း..

လေးစားစွာဖြင့်
sv

sosegado said...

တန်ဘိုးဆိုတာ သူနေရာနှင့်သူ ဆိုပြီး
ပုံပြင်ထဲကဇာတ်သိမ်းတွေကတော့ ကောင်းပ၊
ဇာတ်သိမ်းကောင်းကြပါစေ။

Anonymous said...

ပုံမပြောတတ်သလို ပုံပြင်မကြိုက်တဲ့ ကျွန်တော်
ကိုဇော်ပြောတဲ့ ပုံပြင်တွေ ကူးယူသွားတယ်ကိုဇော်ရေ....
အခြေအနေက ပြန်ဖတ်မှရတာ ကွန်က စိတ်မချရဖူးဝူးးး)

မောင်ဘကြိုင်

ဒေါင်းမင်း said...

မှန်ပြောင်းလိုချင်လိုက်တာ..များလှစွာသောအသဲလေး
တွေကိုကြည့်ချင်လို့။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.