မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 November 2010

26 တော



နိဒါန်း

သင်ဟာ စိမ်းစို အုပ်ဆိုင်းနေပြီး ကျေးငှက်တို့ ပျော်မြူးကာ တေးသီဆိုနေသော တောအုပ်ကြီး တစ်ခုကို ရောက်ဖူးပါသလား။ ဒါမှမဟုတ်. . . အဲဒီလို စိမ်းစိုပြီး ကျေးငှက်သံတွေနဲ့ သာယာနေသော ရုပ်ရှင် ၊ ဗီဒီယို ဇာတ်ဝင်ခန်းများ ကြည့်ဖူးပါသလား။ ဒါမှမဟုတ်. . . ကျေးငှက် သံတွေနဲ့ သာယာနေသော တောအုပ်တစ်ခု အကြောင်းကို ရေးထားသော ဝတ္ထုတစ်ခုကို ဖတ်ဖူးပါသလား။ ဒါမှမဟုတ်. . . ကျေးငှက်သံတွေနဲ့ ကြည်နူးဖွယ် ကောင်းသော တောအုပ်တစ်ခု အကြောင်းကို တစ်စုံတစ်ယောက်က ပြန်ပြောပြတာကို နားထောင်ဖူးပါသလား။

တကယ်လို့ အထက်ပါ အကြောင်းများ တစ်ခုမှ မခံစားဖူးဘူး ဆိုရင် ကျွန်တော် ခံစားမိတဲ့ အကြောင်းအရာလေး တစ်ခု ချပြချင်ပါသည်။



ဟိုတလောက ဘလော့ဂါ သူငယ်ချင်း တစ်ယောက်ကို ရယ်စရာ ဟာသတစ်ခု ပြောပြဖြစ်ပါသည်။ ရယ်စရာ ဆိုပေမဲ့ တွေးစရာလည်း တော်တော်များများ ပါပါ၏။ ထိုဟာသလေးက လူသိများသော ဟာသလေး တစ်ခု ဖြစ်သည်။ သို့သော် ကံကောင်းလှစွာပဲ ထိုသူငယ်ချင်းက မသိပါ။ ဒါကြောင့် ပြောပြဖြစ်သည်။

တစ်ခါက . . . .

ဆရာက အတန်းထဲမှာ ရှိသော ကျောင်းသား ၊ ကျောင်းသူတွေထဲမှ ကျောင်းသား တစ်ယောက်က မတ်တပ်ထရပ်ခိုင်းကာ မေးခွန်းတစ်ခုကို မေးသည်။

“ မင်းကို “ ပညာ နဲ့ ရွှေအိုး ” ပေးရင် မင်း ဘာယူမလဲကွ ”

ဒီတော့ ကျောင်းသားက ဖြေပါသည်။

“ ရွှေအိုးကို ယူမယ် ဆရာ ”

မမျှော်လင့်ဘဲ ကျောင်းသားရဲ့ အဖြေကို ကြားတော့ ဆရာက အံ့သြဟန်နဲ့ ...

“ ဟေ . . ဘာလို့ ရွှေအိုးကို ယူချင်ရတာလဲ။ ဆရာသာ ဆိုရင် “ ပညာ ” ကိုပဲ ယူမှာပေါ့။ ”

လို့ ပြောပြီး ဆက်မေး၏။

“ မင်းက ဘာလို့ ရွှေအိုးကို ယူချင်ရတာလဲကွာ ဆရာ့ကို ပြောပါဦး ”

( ဒီနေရာမှာ ကျွန်တော်က သူငယ်ချင်းကို သူဆိုရင်ရော ဘာကို ယူမလဲ လို့ မေးမိတော့ သူကလည်း “ ပညာ ” ကိုပဲ ယူမယ် လို့ ဖြေပါတယ်။ )

ဒီလို ဆရာက မေးတော့ ကျောင်းသားက သူ့စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဖြေပါသည်။

“ ဒါကတော့ ဆရာရယ် ၊ လူဆိုတာ ကိုယ့်မှာ လိုအပ်နေတာတွေကို ကိုယ်လိုချင်ကြတာပဲ မဟုတ်လား ”

တဲ့။ ကျောင်းသားပြောပုံ အရ ဆိုရင် “ ပညာ ” ကို လိုချင်တဲ့ ဆရာက ပညာပဲ မဲ့နေသလိုလို။ သူကပဲ ပညာရှိကြီး လိုလိုနဲ့။

ရယ်စရာလေးပါ။ ဒါပေမဲ့ ကျွန်တော် ရယ်စရာ အပြင်ကိုပါ ဆက်တွေးမိသည်။ တကယ်တော့ အပြင်လောကမှာလည်း  ဒီအတိုင်းပါပဲ  ကျွန်တော်တို့ဟာ ကိုယ့် စိတ်ထဲမှာ ရှိနေတဲ့ အတိုင်းပဲ ပုံဖော်ခံစား မိနေတတ် ကြပါသည်။ 

ဒီဟာသလေးကို ဖတ်ပြီးတော့ ကျွန်တော် ဖာသာ ကျွန်တော်  ပြန်လည်စဉ်းစားမိတာ အကြိမ်ပေါင်းများစွာ ပါပဲ။ 
  •  ငါ ဘာလို့ ဘလော့ရေးနေတာလဲ။
  •  ငါ ဘာလို့ ဘလော့မှာ စာတွေ ရေးနေတာလဲ။
  •  ငါ ဘယ်လို စာတွေ ဘလော့မှာ ရေးနေတာလဲ။
ဆိုပြီး အကြိမ်ပေါင်းများစွာ ကိုယ့်ဖာသာ ဆန်းစစ်မိပါသည်။ ဒီတော့ ထိုဟာသလေးထဲက အတိုင်းပဲ အဖြေ ထွက်လာပါတော့၏။ ကျွန်တော် ဘလော့ရေးတယ် ဆိုတာ ကျွန်တော့်ရဲ့ စိတ်ခံစားမှု အတွေး ၊ အမြင်ကို ချရေးတာလို့ ကွက်ကွက်ကွင်းကွင်း မြင်လာပါတော့သည်။
  • ကျွန်တော့် စိတ်ထဲမှာ ဟာသတွေ ဖြစ်နေတယ် / လိုနေတယ် ဆိုရင် ကျွန်တော် ဟာသ ရေးမိ၏။
  • ကျွန်တော့် စိတ်ထဲမှာ ရသတွေ ခံစားမိတယ် / ဖတ်မိနေတယ် ဆိုရင် ကျွန်တော် ရသတွေ ရေးမိ၏။
  • ကျွန်တော့် စိတ်ထဲမှာ ဗဟုသုတတွေ တွေးမိတယ် / ဖတ်မိတယ် ဆိုရင် ကျွန်တော် ဗဟုသုတတွေ ရေးမိ၏။
  • ကျွန်တော့် စိတ်ထဲမှာ အတွေးတွေ တွေးမိတယ် / ဖတ်မိတယ် ဆိုရင် ကျွန်တော် အတွေးတွေ ရေးမိ၏။
  • ကျွန်တော့် စိတ်ထဲမှာ စကားလုံးတွေ ကွန့်မြူးမိတယ် / သူများ စကားလုံးတွေကို ဖတ်မိတယ် ဆိုရင် ကျွန်တော် ကဗျာတွေ ရေးမိ၏။ 
ဒါ . . . ကျွန်တော့် ကိုယ် ကျွန်တော် ရှု့မြင်ထားမိတာပါပဲ။ သို့သော်. . . . 

သို့သော် များသော အားဖြင့် ကျွန်တော်က “ အတွေး ” များတတ်သူ တစ်ယောက် ဖြစ်သည်။ အထူးသဖြင့် သမားရိုးကျ ဖြစ်စဉ်များကို ကျွန်တော်က တခြားသော အကြောင်းအရာ ဘက်မှ ကျွန်တော့်ရဲ့ ခပ်နုံနုံ ဦးနှောက်ကလေးဖြင့် လျှောက်တွေးမိလေ့ ရှိပါ၏။

ဥပမာ - ငယ်လင် = ငယ်ရွယ်စဉ်ကတည်းက အတူတကွ အိမ်ထောင် ထမ်းရွက်ခဲ့သော ခင်ပွန်း။ ဆိုတာက ကျွန်တော်က ပြောင်းပြန်တွေ လျှောက်တွေးမိတော့ “ လင်ငယ် ”  ဖြစ်သွားပြီး အဓိပ္ပါယ်တွေက ဇောက်ထိုးတွေ ဖြစ်တတ်ကုန်သည်။ 

သို့သော် များသော အားဖြင့် ဘလော့ပေါ်မှာ ချရေးလေ့ မရှိပါ။ တဖန် တချို့သော အကြောင်းအရာလေးတွေကိုတော့ ဖျော့တော့သော စကားလုံးများဖြင့် ရေးမိပါသေးသည်။ သို့သော် “ လူရိုင်း တစ်ယောက်ရဲ့ နားကြပ်တံက မိဖုရား လက်ဖဝါးတော် နုနု သွေးခြေဥကာ လက်ရှတယ် ” ဆိုသလိုတော့ ဖြစ်နေနိုင်ပါသည်။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော်က နဂိုကတည်းက စကားလုံးတွေ သိပ်ပြီး ပျော့ပျော့ပြောင်းပြောင်း သုံးစွဲတတ်သူ မဟုတ်လို့ပါပဲ။ ဒီတော့ ကျွန်တော့်ရဲ့ ပြောင်းပြန် အတွေးတွေက ကိုယ့်ရဲ့ စကားလုံး ပျော့အိအိတွေနဲ့ လူငယ် ချော့သိပ်တေးလို မရေးတတ်မှုမှာ စောင်းတွေ ပါသွားနိုင်ပြီး ရှတတ တွေဖြစ်ကာ ထိရှမှုများ ဖြစ်လာမလားလို့ ကျွန်တော် တကယ်ကို စိုးထိတ်မိခဲ့တာတော့ အမှန်ပါပဲ။



ဤ ဘလော့နေရာမှာ ကျွန်တော် အမြဲတမ်း ဝမ်းမြောက်ဝမ်းသာစွာ မှတ်တမ်းတင်မိသော ဘလော့ဂါ စာဖတ်သူ နှစ်ယောက် ရှိပါသည်။

ဒီနေရာလေးကို ဘယ်သူမှ မသိအောင် ကျွန်တော့်ဖာသာ လုပ်နေတဲ့ အချိန်လေးမှာ ကျွန်တော် အရင် Multiply မှာ ရေးထားသော ပို့စ်တွေကို ပြောင်းတင်နေပါသည်။ ထို့အတူ အသစ်ရေးသော ပို့စ်များကိုလည်း ဒီမှာ တစ်ခါတည်း တင်နေပါသည်။ ဒါပေမဲ့ ဒီနေရာကို ဘယ်သူ့မှ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒီနေရာကို သူ့ဖာသာ သိပြီး ပထမဦးဆုံး လာလည်သွားသူကတော့ “ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း ” ဘလော့ကို ရေးသော “ သိင်္ဂါကျော် ” ပါ။ ဘယ်သူ့မှ မသိသေးသော ကျွန်တော့် ဘလော့လေးကို သူက သူ့ဖာသာသူ ရောက်လာပြီး အားပေးကာ Comment ပေးသွားတာ ဖြစ်ပါ၏။

နောက်တစ်ယောက်ကတော့ ယောက်ျားလေးထဲမှာ ကျွန်တော့်ဆီကို ပထမဦးဆုံး လာပြီးတော့ စီဘောက်မှာ လာအော်သွားသော ဘလော့ဂါ “ ဏီလင်းညို ” ပါပဲ။ တခြားလူတွေလည်း ရောက်ချင် ရောက်လာပါလိမ့်မည်။ သို့သော် ခြေရာချန်ခဲ့သော သူတွေထဲက ပထမဦးဆုံးမို့ ကျွန်တော် အမှတ်တရ ရှိနေခဲ့သူ နှစ်ယောက်ပါ။

ဘာလို့ ဒီလို ပြောရလည်း ဆိုတော့ အရင်က ကျွန်တော့်ရဲ့ အချိန် ရှားပါးမှုကြောင့် ကျွန်တော့် ဘလော့ လည်လေ့ မရှိပါဘူး။ ကိုယ်ရေးချင်တာ ကိုယ်ဖြစ်ချင်တာကိုသာ တိုက်ရိုက် ချရေးလိုက်တာပါ။ အချိန်ရှားပါးလို့ ရေးချင်တာရေး ပြီးရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အချိန်လေးတွေကို အိပ်စက်ခြင်း နဲ့ စာအုပ်ကို ဖတ်ခြင်းဖြင့် အချိန်ကုန်ခဲ့မိပါသည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော့် ဘလော့ကို ပထမဦးဆုံး လာလည်သွားသော မိန်းကလေး ဘလော့ဂါထဲမှ “ သိင်္ဂါကျော် ” နှင့် ယောက်ျားလေး ဘလော့ဂါထဲမှ “ ဏီလင်းညို ” ကိုတော့ ကျွန်တော်က မှတ်မှတ်ရရ ရှိနေမှာ ထာဝရပါပဲ။



အခု နောက်ပိုင်းမှာတော့ အင်တာနက်ထဲမှာ နေရချိန်လေး ပိုများလာလို့ ကျွန်တော် တခြားသော ဘလော့ဂါ သူငယ်ချင်းများ ရေးသော စာများကိုလည်း ဖတ်ခွင့် ရခဲ့ပါသည်။ လူတန်းစား မျိုးစုံ ၊ အခြေအနေ မျိုးစုံမှ ဖြတ်သန်း လာခဲ့ကြရသော လူမျိုးစုံ ဆီမှ စာမျိုးစုံကို ဖတ်ခွင့်ရပါလေတော့သည်။

ဒီနေရာမှာ ဘလော့ တစ်ခု ကောင်းသည် ၊ ဆိုးသည် ဆိုတာကတော့ ကိုယ်နဲ့ အပ်စပ်မှု ၊ မအပ်စပ်မှု ဆိုတာနဲ့ပဲ သက်ဆိုင်မယ် လို့ ကျွန်တော် ခံယူမိသည် ၊ ထင်မြင် မိသည်။ ပြီးတော့ “ အတွေးအခေါ် ” 

ဟိုနေ့က ကျွန်တော် ထာဝရ ခင်မင်ရသော သူငယ်ချင်း “ ဏီလင်းညို ” ဆီကို စာသွားဖတ် ဖြစ်ခဲ့ပါသည်။ သူက ကျန်းမာရေး ချို့တဲ့သော သူတစ်ယောက် ဖြစ်ကြောင်း သူ့စာတွေမှာ တွေ့ရတတ်သည်။ အလုပ်ချိန်များသည် ၊ စက်ကိရိယာတွေဖြင့် မထိုင်ရဘဲ အလုပ်လုပ်နေရသည်  ဆိုသော စိတ်ပင်ပန်း လူပင်ပန်းမှုကြောင့် နေမကောင်း ဖြစ်နေခဲ့ရသူ  ၊ သူ၏ ကျန်းမာရေးက အခုနောက်ပိုင်း အညံ့ပိုင်းသို့ ရောက်ခဲ့သည်။ သို့သော် အခုတော့ ဆေးကို စွဲပြီး စားသောက်နေပြီ ဖြစ်သောကြောင့် ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့ချေပြီ။

ဒီလို ကျန်းမာရေး နည်းနည်း ကောင်းလာတာနဲ့ သူကလည်း သူ့ရဲ့ စိတ်ကူးလေးများ ၊ အတွေးလေးများကို ချရေးလေ့ ရှိသည်။ ဟိုနေ့က သူရေးထားသော “ ညာ ” ဆိုသော ပို့စ်လေး တစ်ခုကို ဖတ်ခဲ့ရသည်။ ဖတ်ပြီးပြီးချင်း လူအထင်ကြီးအောင် ဘလော့ရေးပြီး မိန်းကလေးများကို တွေ့မရှောင် ချစ်တမ်း ကစားနေသူ နာမည်ကြီး ဘလော့ဂါ တစ်ယောက်ကို သူ သတိပေးသော အနေနဲ့ ရေးတာလားလို့ ထင်နေမိပါသေးသည်။ ထို့ကြောင့် ကျွန်တော် ဘာမှ မပြောခဲ့မိ။ သို့သော် သူရေးထားသော စာကို ဖတ်ပြီး ကျွန်တော့် စိတ်မှာ တခြားသော အကြောင်းအရာ ၊ အချက်အလက်များကိုလည်း သွားစဉ်းစား မိလေတော့သည်။

ဒီနေရာမှာ ကျွန်တော် သိသလောက်ကို သိသလိုသာ ပြောချင်ပါသည်။

ဆရာမ “ ဂျူး ” က “ ဆရာဝန် မလုပ်သော ဆရာဝန်များနှင့် ဦးနှောက်ပြုန်းတီးမှု ” ဆိုသော စာအုပ်တစ်အုပ်ကို ထုတ်ဖူးပါသည်။ သို့သော် သူမလည်း ဆရာဝန် မဟုတ်ပါလော။ သူမက ဘာကို ဆိုလိုပါသနည်း။ ဆရာဝန်တွေသည် ဆရာဝန် ဘာလို့ မလုပ်ကြသနည်း ဆိုသော မေးခွန်းကို တည်ကြက်ထားကာ ဆိုလိုရင်းကို ရေးသွားခဲ့တာ ဖြစ်သည်။ ( ထိုစာအုပ်ပေါ် ကျွန်တော့် အမြင် အကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။ ) ထားတော့ ကျွန်တော်ဟာ ဆရာဝန် တစ်ယောက် မဟုတ်ပါ။ သို့သော် အခုတော့ စဉ်းစားစရာ များစွာ ပေါ်လာပါတော့သည်။

သူငယ်ချင်း “ ဏီလင်းညို ” ရဲ့“ ညာ ” ပို့စ် အရ ဆိုရင် ကိုယ်က ဒီအကြောင်းအရာကို လက်တွေ့ လိုက်နာ မကျင့်သုံးနိုင်သော အကြောင်းအရာ ၊ သဘောတရားများကို မရေးသင့်ဘူး ဟု ဆိုလိုထားခြင်း ဖြစ်သည်။ ဒါကို သူက “ ညာ ” ပြီးရေးသည် ဟု ဆိုသည်။ ဥပမာ - ကိုယ်တိုင်က ကြီးပွား တိုးတတ်နေတာ မဟုတ်ဘဲနဲ့ ကြီးပွား တိုးတတ်ရေး ကျမ်းတွေကို ရေးနေသူများ။

ဒီမှာ အတွေးများသော ကျွန်တော့် အတွက် စဉ်းစားစရာ ဖြစ်လာပါတော့သည်။

ဒါဆိုရင်. . . .

  • ဆရာဝန်မဟုတ်သေးဘဲ လုံးဝ ဆေးထိုးအပ် မကိုင်ရဘူးလား။ ဆေးလုံးဝ မကုသရဘူးလား။
  • ဗေဒင် သင်တန်း မဆင်းသေးဘဲနဲ့ လက္ခဏာ မကြည့်ရ ၊ မဟာဘုတ် မတွက်ရဘူးလား။
  • ယဉ်ကျေးမှု တက္ကသိုလ်ဆင်း မဟုတ်ဘဲ ခြေလှုပ် ခေါင်းလှုပ်လေးတောင် မကရတော့ဘူးလား။
  • အဆိုသင်တန်းဆင်းမှ သီချင်းညည်းရတော့မှာလား။
  • ကားမောင်းလိုင်စင် မရသေးဘဲနဲ့ ကားပေါ် မတတ်ရဘူးလား။
  • ဆရာအတတ်သင် မအောင်သေးဘဲနဲ့ ဘယ်သူ့ကိုမှ ကကြီး ၊ ခခွေး မသင်ပေးရတော့ဘူးလား။
  • ရေကြောင်းသိပ္ပံ လက်မှတ် မရသေးဘဲနဲ့ လှေ ၊ သဗ္ဗာန်တောင်မှ လှော်ခတ်ခွင့် မရှိတော့ဘူးလား။
  • စားဖိုမှူးသင်တန်း မဆင်းသေးဘဲနဲ့ မုန့်ဟင်းခါး ချက်ခွင့် မရှိတော့ဘူးလား။
  • စာရေးဆရာ သင်တန်း မဆင်းသေးဘဲနဲ့ စာမရေးရတော့ဘူးလား။
  • ဓါတုဗေဒနဲ့ ကျောင်းမပြီးဘဲနဲ့ ဈေးထဲမှာ ပရဆေးဆိုင် မဖွင့်ရတော့ဘူးလား။
  • နောက်ဆုံးဗျာ ကျွန်တော် ဘယ်လောက်တောင်မှ စဉ်းစားမိလဲ ဆိုတော့. . . သုံးလူထွဋ်ထား ဗုဒ္ဓမြတ်စွာ ဘုရားဟာ သာမာန် လူဘဝမှာ တရား မဟောခဲ့ဘူး။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်မှ တရားဟောခဲ့တယ်။ ဒါဆိုရင် ဗုဒ္ဓရဲ့ သာသနာတော် ပြန့်ပွားရေး အတွက် ဦးဆောင် ဦးရွက်ပြုနေသော ရဟန်း ၊ သံဃာတော်တွေကို “ တရားဟောချင်ရင် ဘုရား အရင်ဖြစ်အောင် ကျင့်ရမယ် ” ဆိုပြီးတော့ ပြောသလို ဖြစ်နေပါရောလားလို့ ကျွန်တော် စဉ်းစားမိပါတော့တယ်။ ဘုရား မဖြစ်သေးဘဲ တရား မဟောနဲ့။ တရားဟောချင်ရင် ကိုယ်က အရင် လိုက်နာကျင့်သုံးပြီး ဘုရား ဖြစ်အောင် အရင်လုပ် ပြီးမှ တရားဟော။ ဘုရားမဖြစ်သေးဘဲ တရားဟောရင် ဒါဟာ “ ညာ ” တာပဲ ဆိုရင် ဒါဟာ လွန်စွာ လွဲမှားသော ကိစ္စ ဖြစ်သွားလိမ့်မည် ဟု ကျွန်တော် မြင်မိပါတော့သည်။ ( တခြား ဘာသာဝင်များလည်း သူတို့ဖာသာ ဆက်လက် စဉ်းစားစေချင်ပါသည်။ )



ကျွန်တော် ပထမဦးဆုံးကတည်းက ပြောထားပါသည်။ ကျွန်တော်ဟာ အလွန် အတွေးခေါင်သော လူတစ်ယောက် ဖြစ်သောကြောင့် ကျွန်တော့်ဖာသာ လျှောက်တွေးမိတာ ဖြစ်ပါသည်။ အခု ကျွန်တော် လျှောက်တွေးမိတာကို ချရေးမိတာကလည်း ခင်မင်လှစွာသော သူငယ်ချင်း “ ဏီလင်းညို ” ကို ထိခိုက်စေလိုခြင်း လုံးဝ မပါရှိပါ။ အခု ဒီပို့စ်ဟာ သူငယ်ချင်း “ ဏီလင်းညို ” ကို ရေးခွင့် တောင်းပြီးမှသာ ရေးခဲ့တာ ဖြစ်ပါသည်။

သို့သော် . . . . . .

“ ညာ ” ဆိုသော ထိုပို့စ် နှင့် ပတ်သတ်၍ အခုမှ အစို့အညှောက်များ ပမာ စာရေးချင်နေကြသောကြောင့် လေ့ကျင့်နေကြသော ဘလော့ဂါ မောင်နှမငယ်များ အတွက် ထိုပို့စ်ဟာ လွန်စွာမှ ထက်မြက်လှသော “ တံစဉ် ” တစ်လက် ဖြစ်ပါသည်။ ကျွန်တော်ဟာ လူတိုင်းကို သူုတို့ရဲ့ ရင်ထဲမှာ စကားတွေကို စာအဖြစ် ပြောင်းလဲ ရေးသား ဖြစ်ဖို့ အမြဲတမ်း အားပေးခဲ့သူ တစ်ယောက်ပါ။ ဒါကြောင့် သူတို့ရဲ့ စိတ်ထဲမှာ တတ်ကြွကာ စာရေးချင်သော စိတ်ကူးလေးကို “ ကိုယ်တိုင်က လက်တွေ့ လိုက်နာကျင့်သုံးခြင်း မဟုတ်ဘဲ  စိတ်ကူးယဉ်ပြီး ရေးရင် အဲဒါ “ ညာ ” တာ ” ဆိုသော ထိုပို့စ်ကြောင့် သူတို့ရဲ့ စာရေးချင်သော စိတ်ကူးလေးများကို ထက်မြက်လှသော “ တံစဉ် ” ဖြင့် ဆုပ်ကိုင်ကာ ပိုင်းဖြတ်ခြင်း ခံကြရပါသည်။

ကျွန်တော် တစ်ခါက ရေးခဲ့ဖူးသော “ ဓါးသွေးခြင်း အတတ်ပညာ ” ဆိုသော ပို့စ်မှာ ကဲ့သို့ ကျွန်တော်က အကြိမ်ပေါင်း ရာနှင့်ချီကာ စာရေးစေဖို့ ဘယ်လိုပင် အားပေးခဲ့ပါစေ ၊ ထိုကဲ့သို့သော စိတ်ဓါတ်ကို ရိုက်ချိုးသော ပို့စ် တစ်ခုကြောင့် တစ်ကြိမ်တည်းနဲ့ ပျက်ဆီးစေပါသည်။ ဓါးတစ်ချောင်းကို သွေးတယ် ဆိုရင် ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ သွေးနေမိပါစေ ၊ တစ်ချက်ကလေး ဓါးသွေးကျောက်နဲ့ ဒေါင်လိုက် ခြစ်မိကာ သွေးမိတယ် ဆိုပါစို့ ပထမ အကြိမ် တစ်ရာမက သွေးထားခဲ့သော ထက်မြက်မှုတွေဟာ ပျက်ဆီး ပျောက်ကွယ် သွားစေခဲ့တော့တာပါပဲ။

အခုတော့ ကျွန်တော် အကြိမ်ပေါင်းများစွာ စာရေးချင်စိတ် ရှိလာအောင် အားပေးထားခဲ့သော တတ်သစ်စ လူငယ်များကို ကိုယ်တိုင်က ဘာမှ လိုက်နာ ကျင့်သုံးနိုင်တာ မဟုတ်ဘဲ စိတ်ကူးပြီး ရေးရင် ဒါ “ ညာ ” တာပဲ  ၊ လူအထင်ကြီးအောင် လုပ်တာပဲ ဆိုသော စကားလုံးကြောင့် သူတို့ အားလုံး ရှက်ရွံ့ ၊ ကြောက်တွန့်စွာ အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရပါသည်။ ဒါကြောင့် ဒီစာကို ကျွန်တော် ရေးရခြင်းပဲ ဖြစ်ပါသည်။ ( သူတို့ဆီမှာ ပို့စ် အသစ်တွေ တတ်မလာကြတော့ပါ။ )

ထိုပို့စ် အရ ဆိုရင် အချစ်ဝတ္ထု ရေးသော စာရေးဆရာ / ဆရာမများဟာ သူတို့ ရေးထားသော ဝတ္ထုအရေအတွက်အလိုက် ချစ်တမ်းကစားကာ ကုန်ကြမ်း ရှာနေကြသလို ဖြစ်နေပါတော့သည်။  

ကျွန်တော် ဖတ်ဖူးထားသော စကားပုံလေး တစ်ခု ရှိသည်။

“ သူတောင်းစားကလည်း နတ်သမီး အိပ်မက်တော့ မက်ခွင့် ရှိသည်။ ” 

တဲ့။ ကိုယ်က ဆီဦးထောပတ် စားနေရတယ် ဆိုတိုင်း သူများတွေ စားဖို့ အခက်အခဲ ဖြစ်နေတာကို ဝင်ရောက်ခံစား နားလည်မှု မပေးနိုင်တော့ဘူးလား ၊ ကျောက်ခဲကို နှလုံးသား လုပ်ကာ မသိကျိုးကျွံ ပြုနေနိုင်ပြီလား။ ကိုယ်က ဆန်ပြုတ် သောက်နေရတိုင်း သူများတွေ ဒံပေါက်စားနိုင်တယ် ဆိုတာကို မယုံမရဲ ဖြစ်နေသင့်ပါသလား။

ကျွန်တော် ထပ်၍ လေးစားစွာ ပြောလိုသည်မှာ ခင်မင်ရသော သူငယ်ချင်း “ ဏီလင်းညို ” ကို ထိခိုက်လိုခြင်း မရှိပါ။ ဒီနေရာမှာ “ ဏီလင်းညို  ” မဟုတ်ဘဲ တခြားသော လူ တစ်ယောက် ဆိုလည်း ကျွန်တော် ရေးမှာပဲ ဖြစ်ပါသည်။ အခု ဒီပို့စ်ဟာ သူငယ်ချင်း “ ဏီလင်းညို ” ကို ရေးခွင့် တောင်းပြီးမှ သူက ကြည်ဖြုစွာ ရေးပါ ဟု ဆို၍သာ ရေးခဲ့တာ ဖြစ်ပါသည်။ အဓိက ရေးရသော ရည်ရွယ်ချက်က လူငယ်များ ၊ ဘလော့ဂါ လက်သစ်များ၏ စိတ်ကူးများကို လိုသလို ကွန့်မြူးကာ ဖော်ပြ ရေးဖွဲ့နိုင်စေဖို့သာ ဖြစ်ပါသည်။



ဟုတ်ပြီ။

ကျွန်တော်တို့ စာရေးကြမည်။ ဒါဆို ကျွန်တော်တို့ ဘာရေးကြမလဲ။ 

နှမ လိုပဲ ခင်ရပါသော အွန်လိုင်းပေါ်က နှမလေး တစ်ယောက်က အတော်ကို ကြာပြီ ဖြစ်သော အချိန် တစ်ခါက ကျွန်တော့်ကို မေးခဲ့ဖူးသည်။ ဒီနေရာမှာ သူ့အကြောင်းကို နည်းနည်းတော့ ပြောချင်ပါသေးသည်။ သူက တစ်ဦးတည်းသော သမီး ဖြစ်သလို သူ့ရဲ့ မိဘများကလည်း တစ်နေ့ကို လက်တစ်ဘက်တည်းက ၅ ပုံး ၊ ၆ ပုံး ဆွဲနိုင်အောင် ကြွယ်ဝပါသည်။ ( သဘောပေါက်ကြမှာပါ ) ထို့ကြောင့် သူက စိတ်ထင်ရာ လုပ်ချင်ပါသည်။ အိမ်မှာ အဖေ နဲ့ အမေ ပဲ သူ့မှာ ရှိတော့ ကျွန်တော့်ကို အစ်ကို အရင်း ကဲ့သို့ ခင်မင်ပါသည်။

သူက ကျွန်တော့်ကို တစ်နေ့တော့ မေးသည်။

“ အစ်ကို ညီမလည်း စာရေးချင်တယ် ”

“ အေး . . ရေးပေါ့ကွ ”

“ ဘယ်လို ရေးရမှာလဲ ”

“ အင်. . . စာရေးတာပဲကွယ် ၊ ကိုယ့်စိတ်ကူးကို ချရေးလိုက်ပေါ့ ”

“ အာ . . မရေးတတ်လို့ဟာကို ၊ ရေးနည်း သင်ပေး ”

အဲဒီမှာ ဒီဘက်က ကျွန်တော်က ခေါင်းကုတ်ရတော့တာပါပဲ။ စာကို ဘယ်လို ရေးရမယ် ဆိုသော ရေးနည်း ဆိုသော “ ဘောင် ” တွေကို ကျွန်တော်က သိပ်ပြီးတော့ လိုက်နာချင်သူ မဟုတ်ပါ။ ဒါကြောင့် သူ့ကို အကောင်းဆုံး အကြံပေးလိုက်မိပါသည်။

“ ဒါဆိုလည်း ညီမရယ် စာရေးနည်း သင်တန်း ဆိုတာတွေ ရှိတယ်။ အဲဒါ သွားတတ်လိုက်ပါလား ”

“ ဟုတ်လား ၊ ရှိလား ဒါဆိုရင် ရအောင် စုံစမ်းပြီး တတ်မယ် ”

ကျွန်တော်က ပေါ့ပေါ့ ပြောလိုက်ပေမဲ့ သူကတော့ တကယ်ကို ရှာတတ်ဖြစ်ခဲ့ပါသည်။ နောက်ထပ် သုံးလလောက် ကြာတော့ သူမ သင်တန်းက ဆင်းလာပါ၏။ ဒီတော့ . . . .

“ အစ်ကို ပြောတဲ့ သင်တန်းကို သွားတတ်တာပဲ ၊ ဒါပေမဲ့. . . . ”

“ ဘာဖြစ်လို့လဲ ညီမရဲ့ ”

“ ဘာမှလည်း မတတ်ဘူး ”

“ ဟာ . . . အဲဒီလို မပြောရဘူးလေ။ သူတို့ သင်တာနဲ့ ကိုယ်နဲ့ မအပ်စပ်လို့ ဖြစ်မှာပါ ”

“ မသိဘူးလေ . . . အဲဒီလိုပဲ ပြောမှာပေါ့ ဘာမှ မှ မတတ်တာ။ သင်တန်း မတတ်ခင်ကနဲ့ သင်တန်း တတ်ပြီး အတူတူပဲ ၊ ဘယ်က စရေးရမှန်းကို မသိဘူး။ ”

သူ့ရဲ့ စကားဆုံးတော့ ကျွန်တော့်မှာ စဉ်းစားစရာ အတွေးတွေ ဝင်လာပြန်တော့တာပါပဲ။ သင်တန်း ဆိုတာ ဘာလဲ ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုချက်က အဲဒီအချိန်မှာ ကျွန်တော့်အတွက် အတော် အရေးကြီးခဲ့၏။ သင်တန်း ဆိုတာ ဘယ်က စသလဲ လို့လည်း ဟိုးရှေး ဇစ်မြစ်ကို လိုက်တွေးဖြစ်ပြန်သည်။ ကမ္ဘာဦး အစမှာ သင်တန်း ဆိုတာတွေ ဘယ်ရှိပါ့မလဲ။ ဒီလိုပဲ နောက်ထပ် ပေါက်ဖွားလာသော လူများက ဆင့်ကာ ဆင့်ကာ တိုးတတ်လာရင်း သင်တန်း ဆိုတာ ဖြစ်လာခဲ့ကြတာလို့ ယူဆမိပါသည်။

တကယ်လို့ သင်တန်းက သင်ပေးတိုင်းသာ စာရေးဆရာတွေ ဖြစ်ကြကြေး ဆိုရင် စာရေးဆရာတွေ ဆိုတာ အရမ်းများ လွယ်ကူနေလိမ့်မလား။ ဒါဆို ဒီခေတ်မှာ ဆိုရင် ပိုတောင်မှ လွယ်ပါသေးသည်။ ဆော့ဝဲလ် ကုမ္ပဏီတစ်ခုကို စာရေးဖို့ ဆော့ဝဲလ် တစ်ခု အပ်လိုက် ၊ ဒီဆော့ဝဲလ် ပြီးရင် ကွန်ပျူတာထဲ ထည့်ပြီး ဝတ္ထုခေါင်းစဉ်လေး ရေးလိုက်တာနဲ့ ဟိုဘက် ပရင့်တာ ကနေ စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ရွှတ်ခနဲ ရွှတ်ခနဲ ကျလာလေလိမ့်မလား။

သို့သော် . . . .

မမျှော်လင့်ပါနဲ့။ စာရေးဖို့ ကိစ္စ ဆိုတာ ဒီလို ဘယ်တော့မှ လွယ်လွယ်ကူကူ ဖြစ်မြောက် လာလိမ့်မယ် မဟုတ်ပါ။ တကယ်လို့ ဒီလိုသာ ဖြစ်လာမယ် ဆိုရင်လည်း စာပေကို အများကြီး လိုက်ဖတ်နေစရာ မလိုတော့ပါ။ အမေရိကန် နိုင်ငံမှာ ရှိနေတဲ့ Windows 7 နဲ့ ပါပူအာ နယူးဂီနိ ကျွန်းမှာ ရှိနေတဲ့ Windows 7 က အတူတူပါပဲ။ ဆော့ဝဲလ် တစ်ခုတည်းက ထွက်လာတဲ့ စာတွေကို ကျွန်တော်တို့ ဘယ်စာရေးဆရာဟေ့ ဆိုကာ ရွေးခြယ် ဖတ်နေစရာ မလိုတော့ပါဘူး။ ဒါကြောင့် စာရေးတယ် ဆိုတာ “ စိတ်ကူး စိတ်သန်း ” ကသာ အဓိက လို့ ပြောလိုပါသည်။

တကယ်လို့  . . . . .

ကျွန်တော်သာ လေးစား ရိုကျိုးစွာ မေးခွင့်ရမည် ဆိုရင် ဟိုးခေတ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ ရွှေဥဒေါင်းတို့က အစပြုပြီး ယနေ့ခေတ် စာရေးဆရာ ၊ ဆရာမများကို တန်းစီကာ မေးမြန်းလိုပါသည်။

“ ဆရာ ၊ ဆရာမများ စာရေးတယ်သာ ဆိုတယ်။ စာရေးနည်း သင်တန်းကို တတ်ရော တတ်ခဲ့ကြလား။ တကယ်လို့ မတတ်ဘဲ စာရေးနေတယ် ဆိုရင် စာရေးနည်းလည်း မတတ်ဘဲနဲ့ “ ညာ ” ရေးနေကြတာ မဟုတ်ဘူးလား ”

လို့ ရိုသေ လေးစားစွာ မေးမြန်းလိုပါ၏။

“ ဆရာ / ဆရာမ ကတော့ စာရေးနည်း သင်တန်း တတ်ဖူးခဲ့ပါတယ်။ ”

ဆိုပြီး ဘယ်နှစ်ရာခိုင်နှုန်းကများ ပြန်ပြီး ဖြေနိုင်ပါလိမ့်မလဲ။

ဒီလိုသာ ပြောကြကြေး ဆိုရင် ခင်မင်ရသော သူငယ်ချင်း “ ဏီလင်းညို ” ကို ကျွန်တော် မမေးမိပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးမိပါသည်။ ပြီးတော့ ကျွန်တော် ရှက်မိပါသည်။ ကျွန်တော် စာရေးနည်း သင်တန်း လုံးဝကို မတတ်ဖူးခဲ့ပါ။ စာတစ်ပုဒ်ကို ဘယ်လိုကနေ ဘယ်လို “ ဘောင် ”  နဲ့ ရေးရတယ် ဆိုသော သင်တန်း ၊ နည်းနာများကို ကျွန်တော် မတတ်ခဲ့ဖူးပါ။ ထိုသို့သော အောင်လက်မှတ်များလည်း ကျွန်တော့်မှာ မရှိပါ။ ထိုသို့ ရေးနည်း စာများကိုတော့ အနည်းငယ်တော့ ဖတ်ဖူးတာ ရိုးသားစွာ ဝန်ခံလိုပါသည်။ သင်တန်းဆင်း လက်မှတ် မရှိလို့ စာမရေးရဘူး ဆိုရင် ကျွန်တော် ယခု ရေးနေမိသော စာများကို ကျွန်တော် “ ညာ ” ပြီး ရေးနေတာလို့ ပြောရင်တော့ ကျွန်တော် ဝန်ခံရမှာပါပဲ။

ကျွန်တော် သိသမျှ ဘလော့ ပေါ်မှာ အရှိကို အရှိအတိုင်း သူတို့ ဘဝကို ပေါ်လွင်အောင် အရိုးသားဆုံး ရေးသူကို ကျွန်တော် သိသမျှဖြင့် နည်းပါးလှပါသည်။ 
သူတို့က လွဲပြီး ကျန်သော သူများကို မပွင့်လင်းဘူး လို့ ကျွန်တော် မဆိုလိုပေမဲ့ သူတို့ကတော့ သူတို့မှာ ရှိသမျှ ဖြစ်သမျှကို ပွင့်ပွင့်လင်းလင်း မကွယ်မဝှက် ချရေးပြတတ်သူများပါ။ သူတို့စာတွေ ဖတ်ပြီး ကိုယ့်ရဲ့ မှတ်တမ်း အတ္ထုပ္ပတ္တိလေး လိုမျိုး ရေးဖို့တောင်မှ ကျွန်တော် အင်အားတွေ ရခဲ့ပါ၏။

အခုတော့ ကျွန်တော် . . .

တခြားသူတွေကိုတော့ ကျွန်တော် မသိပါ။ ကျွန်တော်ကတော့ ဘလော့မှာ စာလာဖတ်သော စာဖတ် ပရိတ်သတ် အားလုံးကို “ ညာ ” မိသလို ဖြစ်ခဲ့ပါရောလား။  ကျွန်တော် စာရေးနည်း သင်တန်း လုံးဝ မတတ်ဖူးပါ။ ဒါဆို ကျွန်တော် စာဆက်ရေးဖို့ မဖြစ်နိုင်တော့ပါဘူး ထင်သည်။ စာရေးဖို့ လက်မှတ်ရအောင် ကျွန်တော် အရင် သင်တန်းတတ်မှ စာရေးခွင့် ရပါတော့မည် ထင်သည်။ ကျွန်တော် ဘလော့ပေါ်မှာ စာရေးခြင်း ရပ်ရပါတော့မည် ထင်သည်။

ကျွန်တော် ကြိုက်နှစ်သက်သော ကဗျာလေး တစ်ပုဒ်ကို ဖော်ပြချင်ပါသည်။ ဒီကဗျာလေးကတော့ ကဗျာဆရာ  “ ဆရာငြိမ်းစိုးဦး ” ဆီကနေပြီး ထပ်ဆင့် ကူးယူဖော်ပြတာ ဖြစ်ပါသည်။ ကဗျာလေးက ဒီလို ဆို၏။

လက်တစ်ဆုပ်စာ အနုပညာ

လက်တစ်ဆုပ်စာ ဒေါ်လာ ဇာတ်ကား ထဲက ကောင်းဘွိုင်တွေ အရဆိုရင်တော့
တစ်ယောက်နဲ့ တစ်ယောက် အပြတ်ရှင်းမှ ဖြစ်မယ်
မင်း မသေရင် ငါ သေမှ ဖြစ်မယ်
ငါ မသေရင် မင်း သေမှ ဖြစ်မယ် ။

အခုဟာ က အနုပညာ
ပီကာဆို ကြိုက်တာ ပီကာဆို ရေး
ဂျက်ဆင်ပေါလော့ ကြိုက်တာ ဂျက်ဆင်ပေါလော့ ရေး
တစ်ယောက် နဲ့ တစ်ယောက် မညစ်ပတ်ကြေး ။               ။

သုခမိန်လှိုင်
Idea မဂ္ဂဇင်း
အောက်တိုဘာလ ၊ ၂၀၁၀ - ပြည့်နှစ် ။




နိဂုံး

သင်ဟာ စိမ်းစို အုပ်ဆိုင်းနေပြီး ကျေးငှက်တို့ ပျော်မြူးကာ တေးသီဆိုနေသော တောအုပ်ကြီး တစ်ခုကို ရောက်ဖူးပါသလား။ ထိုတောအုပ်ကြီးထဲမှာ ကျေးငှက်ကလေးတွေ တေးဆို နေကြပါလိမ့်မည်။ ရံဖန်ရံခါ သူတို့ဖာသာ မျိုးတူသူ အချင်းချင်း စကြ ၊ နောက်ကြရင်း စိတ်မခန့် မသင့်သော အခါမှာ ခိုက်ရန် ဖြစ်ကြလိမ့်မည်။ တစ်ခါတလေ တစ်ကောင် နေမကောင်းသော အခါ ကျန်သော အကောင်တွေက သွားကာ သတင်းမေး အားပေးလိမ့်မည်။ တစ်ခါတလေ သတ္တဝါများ ပီပီ သူမှားသည် ၊ ငါမှန်သည် ဟု ဆိုကာ သူတို့ စကားတွေ တွတ်ထိုး ကြလိမ့်မည်။

ဒါ. . . .

ဒါ. . . သဘာဝပဲ ဖြစ်သည်။

ဒီမှာ . . . .

လှမ်းကြည့်လိုက်ပါဦး။ ကျွန်တော်တို့ အခု နေထိုင်နေတဲ့ “ ဘလော့ ” ဆိုသော တောအုပ်ကြီးကို။ စိမ်းစို လန်းဆန်းကာ သဘာဝအတိုင်း ဖြစ်တည်လို့။ ကျေးငှက်ကလေးတွေလို ဘလော့ဂါ တစ်ယောက်နဲ့ တစ်ကောင် ထိုးလိုက်ကြ ၊ ဆိတ်လိုက်ကြ ၊ နောက်လိုက်ကြ ၊ ပြောင်လိုက်ကြ ၊ ပြေးလိုက်ကြနဲ့။ ခန့်ခန့်ငြားငြား ဘလော့ဂါ ငှက်ကြီးတွေကနေ တီတီတာတာ ၊ ဘလော့ဂါ ငှက်ကလေးတွေ အဆုံး ဘလော့ တတောလုံး သူ့ဟာနဲ့သူ ၊ သူ့အသံလေးနဲ့ သူ ဘလော့ တောအုပ်ကြီး တစ်ခုလုံးကို အလှဆင်နေကြတာ မဟုတ်ပါဘူးလား။
  • ဘုရား တရား အားသန်သူက တရားတော်ထဲက အကြောင်းတွေ ရေးတယ် ၊ 
  • နိုင်ငံကို တိုးတတ်စေချင်သူတွေက နိုင်ငံရေး အကြောင်း တင်ပြကြတယ် ၊ 
  • ခရီးသွား အားသန်သူများက သူတို့ ခရီးသွားမှုတွေကို တင်ဆက်ကြတယ် ၊
  • အတွေ့အကြုံ အားသန် သူများက အတွေ့အကြုံများ ဖောက်သယ်ချတယ် ၊
  • နည်းပညာ သမားက နည်းပညာ အကြောင်းရေးတယ် ၊
  • ကဗျာ အားသန်သူကလည်း ကဗျာလေးတွေ ရေးတယ် ၊ 
  • ရသ အားသန်သူက ရသ ရေးတယ် ၊ 
  • ဟာသ အားသန်သူက ရယ်ရွှင်ဖွယ်လေးတွေ ရေးတယ် ၊ 
  • သရုပ်ဖော် အားသန်သူက သရုပ်ဖော် ရေးတယ် ၊ 
  • အတွေး အားသန်သူက အတွေးရေးတယ် ၊ 
  • ဗဟုသုတ အားသန်သူက ဗဟုသုတ ရေးတယ် ၊ 
  • သတင်း အားသန် သူက သတင်း ရေးတယ် ၊ 
  • သီချင်း အားသန်သူက သီချင်း အကြောင်းရေးတယ် ၊ 
  • ရုပ်ရှင် အားသန်သူက ရုပ်ရှင် အကြောင်း ရေးတယ် ၊ 
သူ့ဖာသာ စိတ်ဝင်စားရာမှာ ကျင်လည်နေကြတဲ့ ဘလော့ တောအုပ်ကလေးဟာ သူ့ဖာသာ အသံလေးတွေနဲ့ အားလုံး စုပေါင်းလိုက်တော့ “ သံစုံတီးဝိုင်းကြီး ” လို ဖြစ်ကာ အလွန်ကို သာယာ နာပျော်ဖွယ် ဖြစ်လာတော့တာပါပဲ။

ဒါကို . . . . 

ငါက စကားတတ်တဲ့ “ သာလိကာ ” ကွ။ ငါကတော့ အသံသာတဲ့ “ ဥသြ ” ကွ။ ငါကတော့ နားစည်ထဲကို စိမ့်ဝင်သွားစေနိုင်တဲ့ “ ကြိုးကြာ ” ကွ။ ငါကတော့. . . . ဟု အစချီကာ ကိုယ် အသံသာတယ် ဆိုတိုင်း အခုမှ အသံထွက်ဖို့ လေ့ကျင့်နေသော ငှက်ပေါက်လေးတွေကို နှိမ်လိုက်တာကတော့ မသင့်တော်ဘူးလို့ ကျွန်တော် ထင်မြင်မိတာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် စကားပုံလေး တစ်ခု ဖတ်ဖူးတယ်ဗျာ။

“ အသံကောင်းတဲ့ ငှက်တွေသာ တေးဆိုရမယ် ဆိုရင် တတောလုံး တိတ်ဆိတ်နေရမှာပေါ့။ ”

တဲ့။ ဒါဆို အခု . . .

ကျွန်တော်တို့ ဘလော့ တောအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ် နေရတော့ မှာလားဗျာ။




ဖတ်စေချင်သော အညွှန်းများ

*** ဘလော့ဂါ ငယ်တွေကို အားပေးသော ဤပို့စ်ကို ရေးခွင့်ပေးသော သူငယ်ချင်း “ ဏီလင်းညို ” ကို ကျေးဇူး အထူး တင်ရှိပါတယ်။ ***

လေးစားစွာဖြင့်
ကိုဇော်
22.10.2010

.

Share/Bookmark

26 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

ဟင်းးးးးးးးးးးးး
ဘာမန့်ပေးရမလဲ
ဘယ်လိုမန့်ရင် ပိုကောင်းမလဲ ဟင်

ဝက်ဝံလေး said...

ပညာနဲ့ ရွှေအိုး ဟာသ ကိုနောက်မလို့ဟာ နောက်ချင်စိတ်တောင် ဘယ်ပျောက်သွားလဲမသိဘူး ကဲကဲ အခု ပြန်ပေါ်ဘီ ပြန်နောက်မယ်
ကျောင်းသားရွေးတာမှန်တယ်လေ
“ရွှေအိုးရှိမှ ပညာရ” တဲ့ ဒီတော့ ရွှေအိုးကို ရွေးတာ မှားလား မှားလား ကဲ ပြော

စိတ်ထွေထွေနဲ့ ပြောသွားတယ် တာ့တာ

Anonymous said...

တော ဖတ်သွားပါတယ်။ နောက်မှ ညာကို သွားဖတ်ပါအုံးမယ်ရှင်။

ahphyulay said...

ဟေ့ ..
အခု ပို့ (စ) က တွေးစရာတွေ ပါနေတယ်၊
စွတ် မန့်  လို့ မရဘူး၊
ပြန်မှ ဝင်မယ်..၊

ဘိုင်.....

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်ရေ ဖတ်တော့ဖတ်သွားတယ်... ရုံးမှာမို့ အေးဆေးတော့ မဖတ်ရဘူး ...နောက်ထပ်တခေါက်သေချာလာဖတ်ပါရစေဦး...

Anonymous said...

ကိုဇော် ရေ
ဏီလင်းညို ရေးတဲ့ ညာ ကိုလည်းဖတ်ပီးပါပီ
သူဖော်ပြထားတဲ့ဂျာနယ်ထဲက ဟာသ ကတော့
ဂျာနယ်မှာ မထည့်သင့်တဲ့စာမျိုးလို့ထင်မိပါတယ်
(အယ်ဒီတာတွေ စီစစ်ဖို့ကောင်းပါတယ်) ဒါဟာ ဟာသ လုပ်စရာမဟုတ်ဘူးလို့ထင်ပါတယ်..
ဆရာကြီးပီမိုးနင်းဆိုရင်လည်း သူကိုယ်တိုင်တက်ကျမ်း
ပေါင်းများစွာရေးခဲ့ပေမယ့် ကိုယ်တိုင် ကြီးပွားချမ်းသာသူ
မဟုတ်ပါဘူး..ဒါပေမယ့် ကြီးပွားတိုးတက်ရေးနဲ့
ပတ်သက်တဲ့ အတွေးအခေါ်အယူအဆတွေဟာ တိုးတက်ချင်စိတ်ရှိသူတွေအတွက် အားဖြစ်စေတာအမှန်ပါပဲ..စာရေးဆရာတစ်ယောက်ရဲ့
တန်ဘိုးကို သူ့ရဲ့နေထိုင်မှုဘ၀နဲ့ တိုင်းတာလို့မရပါဘူး..(လှောင်ပြောင်စရာလည်း မလိုအပ်ပါဘူး)သူရေးတဲ့စာတွေက သူ့တန်ဘိုးပါ..
သူရဲ့ အတွေး ၊သူရဲ့ခံယူချက်တွေကို ယုံကြည်မှုရှိ လို့ချပြ ရေးပြတာဟာ ညာ တာမဟုတ်ပါဘူး..
ကိုဇော်ရဲ့ ရပ်တည်ချက်ကိုတော့ တကယ်လေးစားမိပါတယ်..စာရေးချင်သူတွေကို
ဆက်ပီးအားပေးပါအုံး..

kiki said...

ကိုဇော် ရဲ့  တော ကို ဖတ်ပြီး မော သွား တာ ပဲ..
ရေးတဲ့သူက ပို မော မှာ သေချာတယ်..

ဒီမှာကတော့ ဗွက်တော ထဲ က မရုန်းနိုင်သေးဘူး..ဗွက် အပြင် နွံပါ နစ် နေတာ လေ..

ခင်တဲ့
မကိ

ရွှေရတုမှတ်တမ်း said...

အမလေး...တောထဲမှာ သမင်လိုက်မလားလို့..
သမင်မတွေက ဂမ္ဘီက အယောင်ဆောင်ထားတဲ့ သမင်မဆိုဒုက္ခ ....သားသားကျောက်..ကြောက်..

SHWE ZIN U said...

ကိုဇော်ရေ

တွေးစရာတွေ ပါတဲ့ စာအရှည်ကြီး ကို တွေး တွေးပြီး ဖတ်သွားတယ် ဒါပေမဲ့ တောကြီး ကြည့်ပြီးတော့ ကျောက် ပြောသလိုဘဲ ကြောက်စ်စစစစစ

အင်း ကိုဇော်ပြောတာတွေ ကို လက်ခံပါတယ် အင်ဂျင်နီယာ တွေ ဆရာဝန် တွေကို မွေးထုတ်လို့ရတယ် စာရေးဆရာတွေ ကို မွေးထုတ်လို့ မရဘူး

စာဖတ်ခြင်း စာရေးခြင်းနဲ့သာ လေ့ကျင့်လို့ရမယ်ထင်ပါတယ် အားလုံးရေးခြင်ရာရေးကြပါ တယောက်ကတော့ အနဲဆုံးဖတ်မှာဘဲ ကိုယ်တိုင်လေ

စတာပါဗျာ ပိုစ့် လေးအတွက် ကျေးဇူးပါ
ကိုဏီ ကလည်း အမြင်တမျိုးနဲ့ ရေးလိုက်တာ ဖြစ်ပါလိမ့်မယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

Post အသစ်လေးတော့ ဖတ်သွားပါတယ် စာရေးသူ ဆိုလိုရင်းကို သဘောမပေါက်လို့ ဘာမှမပြောတော့ပါဘူး ဒီတခါတော့ ဖတ်ပြန်သွားပါတယ်...တောဆိုတော့ ကြောက်တာလည်ပါပါတယ်...

ဟိဏ်းလတ် said...

ကိုဇော်ရေ..
ကျွန်တော်တော့ စာရေးတာကို အကန့်အသတ် ဘောင်တွေနဲ့ ရေးရတာ သဘောမကျဘူးဗျာ.. စိတ်ထဲရှိတာကို ရှိတဲ့အတိုင်းချရေးလိုက်နိုင်တာ ပိုကောင်းမယ်ထင်ပါတယ်။
ဘယ်စာ အမျိုးအစားပဲ ဖြစ်ဖြစ် စာဖတ်သူ နားဝင် သဘောပေါက်အောင် ရေးနိုင်ရင် စာရေးရကျိုးနပ်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
ငြိမ်းချမ်းပါစေ

ahphyulay said...

ကိုကိုဇော်....
ရိုးရိုးသားသား ပွင့် ပွင့်လင်းလင်းရေးနေတဲ့ အထဲမှာ
မမကီ ကိုလဲ ကျွန်တော်တင်သွင်းချင်ပါတယ်၊
တွေးသင့် သလောက်ပဲ တွေးစေချင်တယ်၊
အစွန်းကိုမရောက်စေချင်၊မကျော်စေချင်..၊
လူဆိုတာကတော့  ကျော်ကြားမှုရအောင်နည်းမျိုးစုံသုံး
တတ်သလို ၊ မရိုးသားတဲ့ နည်းနဲ့  ကျော်ကြားသူများ
ကျတော့ လဲ သိပ်မကြာခင်မှာ ခြေမှန်တွေ ပေါ်လာတတ်
ပါတယ်။ ကိုယ့် ဖာကိုယ်ရိုးရင်ပြီးရော မလား... လို့ ။

ခင်တဲ့ 

Khinmarlaraung said...

အရမ်းကို ကောင်းလွန်းတဲ့ အားဆေးတစ်ပုဒ်၊
အတွေးအခေါ်ကောင်းတွေနဲ့ ပြည့်နေတဲ့ Post ကောင်း
လေးတစ်ခုပါ စာရေးသူ။ ဖတ်ရင်းးးဖတ်ရင်း သဘောကျ
ပြီးးရင်းးကျရင်း စာရေးသူရဲ့ ခံယူချက်များကိုလည်း
သဘောကျ လေးစားမိပါတယ်ရှင်။ သန်ရာ သန်ရာပေါ့ရှင်။ ရသတစ်ခုတည်း စုနေတာထက် ရသပေါင်းစုံ ရှိနေတာက လူတွေကို အသိပိုမို ရစေနိုင်
တယ်လေ ဟုတ်တယ်ဟုတ်။ :)
..ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

khin oo may said...

လာတော့ဖတ်ပြီးပြီ
ညာ ကိုလည်းဖတ်ပြီးပြီ

သူက အဲသည်စာရေးဆရာရဲ့ စာအုပ်ကို လုကောင်းလူမွန်လေးတွေ ဖြစ်စေချင်ဆြိုပေမဲ့သားသမီးတွေက ဆိုးလေတော့ထောင်ထဲရောက်ရတယ်။
ဏီလင်းညို့လည်းသူတွေးချင်သလိုတွေးတယ်။
တို့တွေကတော့ စာရေးဆရာကို စာေ၇းဆရာလို့ဘဲမြင်တယ်။ သူရေးချင်တာရေးတယ။် သူ့သားသမီးတွေ မလိုက်နာတာတေ့သူမတတ်နိုင်ဘူး. လူဆိုတာ က ကိုယ့် ဗီဇနဲ့ကိုလာတာ. ဒါကို ကောင်းပါတယ်လို့ဘယ်လောက်ကြီးဘဲညွန်ပြပေမဲ့လဲ သူက နားမထေင်ရင် ပြောသမျှ သွန်သင်သမျှ သဲထဲရေသွန်ဘဲ ဒါပေမဲ့လိုက်နာခဲ့တဲ့သူရှိခဲ့ရင်တော့တစ်ကယ်ကြီ့းပွားချမ်းသာဖို့အကြောင်းတွေ ကိုသူရေးတာဘဲ။ ဒါကို စာရေးဆရာကို သူ့ကို အကောင်းမြင်စေချင်လို့ အထင်ကြီးစေိချင်လို့ညာပြီးရေးတယ်လို့သက်မှတ်လို့မရဘူး။ စာရေးဆရာက သူများကိုလည်းမညာပါဘူး သူ့ကိုသူလဲ မညာခဲ့ပါဘူး သားသမီးတွေ မလိမ်မာတာကတောူ့သူလဲမတတ်နိုင်ဘူး သူပျိုးထောင်တာဘဲ လိုက်မှ မလိုက်နိုင်ကြတာ. ဒါပေမဲ့သူရေးတဲ့စာကိုဖတ်ပြီးကြီးပွားသွားမဲ့လူငယ်တွေ အများကြီးရှိပါလိမ့်မယ်။ ပီမိုးနင်းတက်ကျမ်းတွေ ရေးတယ် ပီမိုးနင်းသားဘ ယ်သူလဲ ဆိုတာ ကိုယ်မသိပါဘူး လိမ်မာလား ထောင်ထဲမှာလား ချမ်းသာလား ဆင်းရဲသာလားကိုယ်မသိပါဘူး ဒါပေမဲ့လူငယ်တွေဟာ ဒီတက်ကျမ်းတွေ ကို မက်မက်မောမောဖတ်ကြတယ်။ လေးလေးစားစားဖတ်ကြတယ်။ ပီမိုးနင်းညာနေတာလား မေးချင်မိသေးလား.
ဖေမြင့်ရဲ့စာအုပ်တွေ သိတ်ကောင်းတယ်။
ဘယ်သူရေးတ့စာအုပ်လဲ စာရေးသူနာမည်မေ့သွားပြီး သင်၏ဝင်ငွေ ၏ ဆယ်ရာခိုင်နှုန်းကို စုပါဆိုတာ. စာရေးသူကိုယ်တိုင်စုခဲ့ရဲ့လားဆိုတာ ကိုယ်တစ်ခါမှ မမေးခဲ့ပါဘူး သူရေးတဲ့ ဆယ်ရာခိုင်နှိုးန်စုနည်းကို လေးလေးစားစားဖတ်ခဲ့ရတယ်စာရေးသူရဲ့စေတနာတွေ ပါ. ညာနေတာပါလို့မေးချင်ပါသေးလား ဏီလင်းညို.

khin oo may said...

ဓါးသွေးတာ တုံးတာထက်တာ လား။ ကြိုက်သလိုသွေးပါ သွေးတတ်သလို သွေးပါ. အမှားများစွာထဲက အမှန်ယူပါ နောက်ဆုံးမှာ မှန်ကန်စွာသွေးတတ်သွားပါလိမ့်မယ်။ ဒါကတော့ တို့ရဲ့ဓါးသွေးခြင်းအနုပညာအပေါ်ခံစားတဲ့ခံစာချက်ပါ ဘဝတုံးတယ်လို့တော့မခံယူချင်ပါဘူး အမှားကို မြင်ရင် အမှန်ပြင်လို့ရါပတယ်။ ဒါပေမဲ့လဲ ပြင်လို့မရတဲ့အမှားတွေ တော့လည်းရှိလိမ့်မယ်။ ဒါမျိုးဆိုရင်တော့လဲခက်ရချည်ရဲ့။


တို့ရဲ့တောကတော့ငှက်ကေးလပေါင်းစုံရှိတယ် အကောင်လေးပေါင်းစုံရှိပါတယ် သူတို့နေတတ်သလိုနေ ပျော်သလိုနေ. ရှင်သန်သလိုနေ. ဒီ ငှက်ကလေးတွေ အကောင်ကလေးတွေ နဲ့ဒီတော့ကို အလှဆင်ထားလေတော့ သူတို့လေးတွေ ဘယ်လိုဘဲနေနေ. မက်ချင်တဲ့အိမ်မက် မက်ပါစေ. ပျော်ရွင်စလိုနေပါစေ. ပျော်ရွင်မှုနဲ့ ဒီတောကို ရှင်သန်စေမယ်။

khin oo may said...

ဒီပိုစ်ခေါင်းသိတ်စားတယ်။ ပုံမှန်အာဖြင့်တို့က ခေါင်းစားတဲ့ပိုစ်တွေ ကိုသိတ်ကွန်မက်ရေးချင်တာဟုတ်ဘူးး ဒါခင်လွန်းလို့ရေးလိုက်တာ.။

khin oo may said...

ကွန်မက်ကတော့ရေးပါတယ်။ အရမ်းစဉ်းစားပြီးမရေးတာကိုပြောတာ။

အဖြူရောင်နတ်သမီး said...

တခုခုတော့ တခုခုပဲ...
အဓိပ္ပါယ်ရှိတဲ့ ပို့စ်တခုပါပဲ...

ဘာမှမပြောသွားတော့ဘူး...

ကိုဇော် said...

ဟုတ်ကဲ့ ကိုအဖြူလေး...
ကျနော်ကလည်း မမကိ ရဲ့ အရေးအသားတွေကို လေးစားနှစ်သက် သဘောကျပါတယ်။ သူ့ရဲ့ တင်ပြပုံတွေကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ အခု နေရာမှာက ကိုယ်ရေးကိုယ်တာကို ပွင့်ပွင့်လင်းလင်း ရေးသားသူများကိုသာ ဆိုလိုတာပါ။ မမကိ ကို ကျတော့ အန္တရာယ် မဖြစ်စေချင်ဘူး။ ဒါကြောင့် သူရေးထားတာတွေ ဒီအတိုင်းလေးပဲ ကောင်းပါတယ် ကိုအဖြူလေး။ အခုလို ပြောပြလို့ ကျေးဇူးပါပဲ။

sosegado said...

တောထဲကို ဝင်လာတယ်။
တောထဲရောက်သွားတယ်၊
တောကမနက်ပေမဲ့ ကျယ်ပြန့်တယ်
တောနဲ့တူအောင် ပင်တွေနွယ်တွေရှိမယ် အကောင်ဗလောင်တွေရှိမယ်၊
မုဆိုးတွေ တွေ့နိုင်တယ် သားကောင်တွေရှိတယ်၊
လူဆိုးဒမြတွေရှိနိုင်တယ် သူတော်ကောင်းတွေ တရားကျင့်ကြမယ်၊
သာယာတဲ့ငှက်ကျေးသံလို ကြောက်မက်ဖွယ် ကျားဟိန်းသံလဲကြားမယ်
တစ်ခါတစ်လေမှာတိတ်ဆိတ်မယ် တစ်ခါတစ်လေမှာပွက်လောညံနေမယ်
တောမြူးတာရှိသလို တောခြောက်တာလဲရှိမယ်၊
ကြည့်လိုက်ရင် တူသလိုလိုနဲ့ မတူတာတွေ တွေ့နိုင်တယ် တူတယ်ဆိုတာတွေလည်းမတူကြပြန်ဘူး၊
ခေါ်သံလိုလိုကြားမယ် သူယောင်မယ်တွေကပြသလို ထင်မိမယ်
ပကတိကိုတွေ့လိမ့်မယ် မိတ်ဆွေရင်းဆိုတာရှိနေမယ်၊
သာဘဝပဲလေ တစ်ခုနှင့်တစ်ခု မတူကြဘူး၊
တောပီသ မသ တောထဲကို ဝင်ကြည့်မှသိမယ်၊
ဒါကြောင့်မို့ တောထဲကို ဝင်လာပါသည်။

Anonymous said...

အန္တရာယ်များတဲ့ပို့စ်တစ်ပုဒ်ပါပဲ။ဘလော့ပေါ်မှတိုက်ခိုက်ခြင်းဝေးပါစေ။ညာပို့စ်ကလည်းသူ့အတွေးနဲ့သူပဲ။လူတိုင်းကိုယ့်အတွေးနဲ့ကိုယ်သောက်ကြသည်တဲ့။(ကယ်လ်ဆီယမ်ကွေကာ.)

Anonymous said...

ဖတ်ပြီးတော့ တွေးမိတာက ညာ က
ကိုယ့်စိတ်ကိုယ်စစ် ဆိုတဲ့ သဘော
"Think Before you ink " ဆိုတဲ့သဘောနဲ့ ရေးထားတယ်လို့ ပဲ မြင်တယ် ။

Soe Kyaw said...

ဒီစာရော ညာ ဆိုတဲ့ စာရော ဖတ်ကြည့်ပြီး တွေးကြည့်မိတယ်... ဒီစာကတော့ မျှတတဲ့ ကိုယ့်ကိုကြည့်ပြီး အများအတွက် တွေးပေးတဲ့ စာလို့ထင်တယ်.. ( ညာ ) ဆိုတဲ့ စာကတော့ သူပြောချင်တာထက် အပိုတွေနဲ့ လေရှည်ပြီး ဆွဲဆန့်ထားတဲ့ စာလို့မြင်တယ်... တိုတိုထိထိမိမိ မရှိဘူး... လေများနေတယ်... ဒီစာမှာကို သူရေးချင်တာ ဒီလိုပါလား ဆိုရင် ဘာမှမပြောလိုပေမဲ့ ဂွင်းစဂွင်းပိတ်ထဲမှာ ထည့်ပြီး ရေးထားတဲ့ ( လူအထင်ကြီးအောင် လူရှိန်အောင် ရေးသော ) လို့ ထည့်ပြီး ကွန့်ရေးလိုက်တာမှာ မှားသွားတော့တာပဲ.... နောက်တစ်ချက်က သူက ဒီဟာကို လူတစ်ယောက်ကို ရည်ရွယ်ပြီး ရေးတယ်... ဒါမှမဟုတ် လူအများကို ရည်ရွယ်ပြီး ရေးတယ် ဆိုတာ အရမ်းသိသာတယ်.. ဘာလို့လဲ ဆိုတော့ စာရဲ့ခေါင်းစဉ်ကြောင့်ပဲ....( ညာ ) ဆိုပြီး ပေးထားတယ်... ဒါပေမဲ့ ကျတော် အတွေ့အကြုံ အရတော့ ဒီလို ရေးတတ်သူ ပြောတတ်သူတွေက ပိုပြီးတော့ လိမ်တတ် ညာတတ်ပါတယ်လေ..
ဒီ ( တော ) ဆိုတဲ့ စာမှာတော့ ဟိုက စာရေးသူ နာမည် ထည့်ရေးတာကိုပဲ အပြစ်ပြောရမှာပဲ... သူငယ်ချင်းတွေ ဖြစ်တယ် ရေးခွင့်ပြုထားတယ် ဆိုပေမဲ့ ထည့်မရေးသင့်ဘူး ထင်တယ်...
ဒါလေးပါပဲလေ. . မြင်တာကို ချပြောမိတာပါ...

Soe Kyaw said...

အခုညနေ အလုပ်ကအပြန်မှာ အကိုတစ်ယောက်နဲ့ စကားဆက်မိပြီးပြောဖြစ်တယ်.. ဒါကြောင့် သူ့ကိုလည်း ဒီစာ၂ခုကို ပြလိုက်တယ်.. သူက ပြောတယ်.. ညာ ဆိုသောစာက brainwash စာပဲလို့ ပြောတယ်.. အနီးဆုံး ပြောရရင် အခု အစိုးရသုံးနေသလို စာမျိုးပေါ့... သိတ်ကြောက်စရာကောင်းတယ်လို့ ဆိုတယ်.. ဒါကို ပြန်ရှင်းပေးတဲ့ လူကိုတောင်မှ ကျေးဇူးတင်ရမယ်တဲ့.. အားလုံးအစား သူက ဝင်ပြီး အမုန်းခံနေတာတဲ့ ..
ပထမက ပြောခဲ့တာတွေကို ပြန်လာတောင်းပန်သွားတယ်နော်.. ဟိုစာရေးတဲ့လူကိုတော့ သတိထားစောင့်ကြည့်ရတော့မှာပေါ့.. သူက ဘာလဲ မသိဘူးလေ..

သိင်္ဂါကျော် said...

အသံကောင်းတဲ့ ငှက်တွေပဲ တေးဆိုရမယ် ဆိုရင် တစ်တောလုံး တိတ်ဆိတ်နေရမှာပေါ့ ဆိုတာလေး သဘောကျတယ်..
စာရေးတယ် ဆိုတာ သူ့နဂို ဗီဇ ဓါတ်ခံရှိမှ ဖြစ်တာပါ။ သင်ပေးလို့ ရတဲ့ ပညာ မဟုတ်ဘူးလေ..။ ကောင်း မကောင်း ဆိုတာကတော့ သူ့မှာ ရှိတဲ့ အတွေ့အကြုံ၊ စိတ်ကူးစိတ်သန်း၊ အရေးအသား ပေါ်မူတည်တာပေါ့။ စာရေးသူတွေဟာ သူတို့ ဘဝတလျှောက် စာလည်း များများ ဖတ်ခဲ့သူတွေပဲ။
ဘလော့ဂါ တွေ ဆိုတာကလည်း မရေးပဲ မနေနိုင်လို့ကို အချိန်မရှိတဲ့ ကြားထဲက ကိုယ်ရေးချင်တာလေးတွေ ရေးနေတဲ့ လူတွေပဲလေ..။ ဘယ်သူ ဘာပဲ ပြောပြော ရပ်မပစ်ကြပါနဲ့လို့။ ကိုယ်ရေးတဲ့ စာက သူတစ်ပါးကို မထိခိုက်ရင်တော့ ပိုကောင်းတာပေါ့နော်..။

မေယု said...

လူပြောများနေတဲ့ တော နဲ့ ညာ ဆိုတဲ့ စာဆိုလို့ လာဖတ်တာပါရှင်။ ရေးထားတဲ့ ၂ ခုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် နံ့သာဆီ နဲ့ အီး လိုပါပဲ။ ဟာသတိုလေး တစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ကာ သူများကို ပုတ်ခတ်ထားတဲ့ စာနှင့် အခုလို ချက်ကျ လက်ကျ ပြန်ပြီး ဖြေရှင်းပြထားတာ အားရ ကျေနပ် လိုက်တာရှင်။
သူရေးတဲ့ စာတွေ ၃ ခုလောက် ဖတ်လိုက်မိပါတယ်။ အားလုံးက သူ့ကိုယ်သူ ညွှန်ထားတဲ့ စာတွေချည်းပါပဲလား။ အတ္တသမား ထင်ပါရဲ့ရှင်။
အားပေးပါတယ်။ ဒီနေရာကတော့ နောက်လည်း အမြဲတမ်း လာဖတ်ဖြစ်မှာပါပဲ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.