မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 November 2010

23 ဂရုစိုက်ပါ အမေ



အမေရေ . . .

ကျွန်တော် အခုတလော မျက်ရည်တွေ ခဏခဏ ဝဲမိတယ် အမေ။ အဖွား ဆုံးတုန်းကတောင်မှ မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ဆိုင်ကယ်မှောက် ၊ ရန်ဖြစ် နဖူးကွဲ ဒူးပြဲ ဖူးယောင် အဲဒီလို နာကျင် ခံစားရတုန်းကလည်း မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ရည်ရွယ်ချက်တွေ တစ်ခုလုံး ပျက်ဆီးပြီး ဘဝလမ်းမှာ ကျွန်တော် ယောင်ဝါးဝါး ဖြစ်နေခဲ့တုန်းကတောင်မှ ကျွန်တော် မျက်ရည်မဝဲခဲ့တဲ့ ကျွန်တော် ၊ အခု ကျွန်တော် ခဏခဏ မျက်ရည်တွေ ဝဲ ဝဲ နေမိတယ် အမေ. . .

ကျွန်တော် မျက်ရည် ခဏခဏ ဝဲနေခဲ့ရတာ အမေရဲ့ စကားသံတွေကြောင့်ပါ အမေ . . . ။ ကျွန်တော် အခု အမေ့ရဲ့ စကားသံတွေကို ခဏခဏ ပြန်ကြားယောင် နေမိတယ် အမေ။ အဲဒီလို ကြားယောင်နေတဲ့ အချိန်တိုင်းလည်း ရင်ထဲက ပီတိ တစ်စုံ နဲ့ ဖော်မပြတတ်သော ခံစားမှု တစ်ခုက ကျွန်တော့်ကို မျက်ရည် ဝဲစေတယ် အမေ . . . ။

“ အူဝဲ ” ဆိုပြီး မပီကလာ အော်ဟစ် ငိုကြွေးပြီး ကျွန်တော် အမေ့ဝမ်းထဲက ထွက်လာခဲ့ကတည်းက ကျွန်တော် မှတ်ဥာဏ်တွေက ၁၀ နှစ်သား မှတ်ဥာဏ် ရှိနေခဲ့မယ် ဆိုရင်တောင်မှ ကျွန်တော် ကျွန်တော့်အဖိုးကို မမြင်ဖူးလိုက်ဘူး အမေ။ အဖိုး ဆုံးသွားခဲ့ပြီ တဲ့။ အဖိုးကို ကျွန်တော်တို့ မျိုးရိုးမှာ “ အဖိုး ” ကို “ အဖိုး ” လို့ မခေါ်သလို ၊ “ ဖိုးဖိုး ” လို့လည်း နှုတ်မကျိုးခဲ့ဘူး။ “ အဖေကြီး ” လို့ပဲ ကျွန်တော်တို့ ရေရွတ်မြည်တမ်း တတ်ကြတယ် မဟုတ်လား အမေ။ 

ကျွန်တော်တို့မှာ အဖေကြီးလည်း မရှိတော့သလို ၊ အားကိုးစရာ ဆိုလို့ အဖေလည်း မရှိတော့ဘူး အမေ။ ကျွန်တော်တို့ မောင်နှမတွေ ခံစားနေရတဲ့ ဘဝအမောတွေကို အမေက အမေ့ရဲ့ မေတ္တာ ၊ အမေ့ရဲ့ စိတ်ဓါတ် ၊ အမေရဲ့ အင်အားနဲ့ ကျွန်တော်တို့ မောင်နှမတွေ အားလုံးရဲ့ ဘဝအတွက် မြှင့်တင် ထောက်ပံ့ပေးနေတယ် ဆိုတာ ကျွန်တော် မိုက်မဲလှသော လူသားတွေရဲ့ ထုံးစံအတိုင်း အခုမှ တိုးတိုးပြီး ခံစား နားလည်မိလာတယ် အမေ။

ရှေ့ရေးကို ကြိုမမြင်တတ်သော မိုက်ရူးရဲ လူတန်းစားတွေ ကြားမှာ ပျော်ရွှင်စွာ ကျင်လည်နေသော ကျွန်တော်တို့လို သားသမီးတွေ အတွက် ကျွန်တော့်တို့ ဘဝကို မြှင့်တင်ပေးဖို့ အမေ ဘယ်လောက်များ ပင်ပန်း ဆင်းရဲခဲ့လေမလဲ။ ကျွန်တော့်တို့ အတွက် အမေ ဘယ်လောက်များ အရင်ကတည်းက မရှိခဲ့တဲ့ အတ္တတွေကို ခွာချွတ်ကာ မျိုသိပ် ကြိတ်မှိတ်နေခဲ့ရမလဲ။ ကျွန်တော်တို့ကြောင့် အမေ ဘယ်လောက်များ အနစ်နာ ခံခဲ့ရမလဲ။ အခုလို နည်းနည်းလေး ( တကယ်ကို နည်းနည်းလေးပါ ) သိတတ်လာတဲ့ အချိန်မှာမှ အမေ့ကို ကျွန်တော် နားလည်သလိုလို ခံစားမိလာတယ် အမေ။

ဒါပေမဲ့ အမေ . . . .


“ မိကျောင်းမင်း ရေခင်းပြ ၊ ဘုန်းကြီး စာချ ” လုပ်တာတော့ မဟုတ်ပါဘူး အမေရယ်။ တစ်ခါတလေ လူဆိုတာ “ သတိမမူမိရင် ဂူမမြင်တတ်ဘူး ” မဟုတ်လား အမေ။ “ ပညာရှိ သတိဖြစ်ခဲ ” လို့လည်း ဆိုကြတယ် မဟုတ်လား။ သားသမီးတွေကို ဖြစ်စေချင်တဲ့ “ ဇော ” ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆိုတဲ့ အတ္တက ဖယ်ခွာပြီး သားသမီးတွေ အတွက်ပဲ တွေးမိ ၊ မြင်မိ ၊ ကြားယောင်မိပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မိဘဲ ဖြစ်တတ်တယ် အမေ။

ရဲလေးရဲ့ သီချင်းထဲမှာတောင်မှ “ ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး လို့ ဆိုပြီး ဆိုထားတယ် မဟုတ်လား အမေ။ အဲဒီ စာသားလေးမှာတောင်မှ “ ငါ ငတ်ချင် ငတ်ပါစေ ” ဆိုပြီး မပါပေမဲ့ မြင်သာနေပါတယ် အမေ။ ဒီစာသားလေးက ကိုယ့်ကိုယ်ကိုယ် မကြည့်ဘဲနဲ့ သားသမီးတွေကိုပဲ ကြည့်မြင်တတ်တဲ့ မိဘတွေရဲ့ မေတ္တာကို မြင်ယောင်စေတဲ့ စာသားလေးပါပဲ အမေ။

ဒါပေမဲ့ အမေရယ် ၊ ကျွန်တော် နည်းနည်းလောက်တော့ စောဒက တတ်ပါရစေ အမေ။

ကျွန်တော်တို့ အတွက်ပဲ ကြည့်ပြီး အမေ့ အတွက် မကြည့်ဘူး ဆိုရင် အမေ မှားမယ် အမေ။ ခုနက ပြောခဲ့တဲ့ စာသားလေးလိုပေါ့ အမေ။ “ ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး ဆိုတော့ တကယ်လို့ . . . . တကယ်လို့ပေါ့ အမေရယ် ၊ အမေသာ မရှိတော့ရင် ကျွန်တော်တို့ သားသမီးတွေ “ သောင်ပြင်လွှတ်တဲ့ ခွေးတွေ ” လို ဖြစ်တော့မှာပေါ့ အမေရယ်။ ကျွန်တော်တို့ ဘာမှ ပြည့်ပြည့်စုံစုံ မသိသေး ၊ မတတ်သေး ၊ မလုပ်နိုင်သေးဘူး အမေ။

ဒီလို ပြောလိုက်လို့ ကိုယ့်အားကိုယ်ကိုးချင်စိတ် နည်းလှချည့်လား ဆိုပြီး အမေ ကျွန်တော်တို့ကို မချိတင်ကဲနဲ့ အပြစ်တင်ချင်လည်း တင်နိုင်ပါတယ် အမေ။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် အဆင်သင့် မဖြစ်သေးတာတော့ အမှန်ပါပဲ အမေ။ ကျွန်တော်တို့မှာ အမေ မရှိရင် သံလိုက်အိမ်မြှောင်ကို ကိုင် ၊ GPS ကို ကြည့်နေရင်းနဲ့ လမ်းပျောက် သွားနိုင်တဲ့ ဘဝတွေပါ အမေ။ အခုနေ အချိန်မှာ အမေ ကျွန်တော်တို့ အနားမှာ ရှိကို ရှိမှ ဖြစ်မယ် အမေ။

ဒါ သားသမီးတွေ အားလုံးကိုယ်စား ကျွန်တော့်ရဲ့ ရင်တွင်းက လှိုက်လှိုက်လှဲလှဲ ခံစားရမှုပါ အမေ။

အမေရဲ့ အတ္တဗဟို ခွာထုတ်ထားမှု နဲ့ ပတ်သတ်ပြီး နည်းနည်းတော့ ပြောရပါစေ အမေ။ ကျွန်တော်တို့ကို  အမေ့ရဲ့ သက်တမ်း တစ်ခုလုံးလိုလို ပြုပြင် ၊ ဆုံးမ ၊ သင်သွန်ခဲ့တာတွေက ကျွန်တော် ကောင်းစားဖို့ ဆိုတဲ့ စိတ်လေး တစ်ခုတည်းနဲ့ ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ် အမေ။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းစားမယ် ဆိုရင် “ ငါ့ အသက် သေချင် သေပါစေ ” ဆိုတဲ့ မိဘတစ်ယောက်ရဲ့ ပြင်းထန် စူးရှလှတဲ့ စိတ်ဓါတ်ကိုတော့ အားမပေးချင်ဘူး အမေ။ ဒါကတော့ အမေမှားတယ်။

ကျွန်တော် နားမလည်တဲ့ သမိုင်းထဲက တချို့အချက်အလက်တွေကို ကျွန်တော် နားလည်သလို ပြောပါရစေ အမေ။

* အနော်ရထာ မင်းကြီးကိုလည်း နည်းနည်း ကျွန်တော်တို့ ပြန်လေ့လာ ကြည့်ရအောင်လား အမေ။ ဘာမဟုတ်တဲ့ ကျွဲရိုင်း တစ်ကောင်ကို သတ်ဖို့ လက်ညှိုး ညွှန်ပြလိုက်တာနဲ့ ချုပ်ပြီး နှောင်ပြီး အသင့် ဆိုတာလို သတ်ဖို့  ဖမ်းဆီးပေးမဲ့ နောက်လိုက်တွေ ၊ သူရဲကောင်း လူတော်တွေ ရှိနေတာတောင်မှ ငါ ကိုယ်တော်တိုင် လိုက်ပြီး သတ်မယ် ဆိုတဲ့ တလွဲစိတ်ကြောင့် “ အနော်ရထာမင်းကြီး ” အသက်ဆုံးရှုံး သွားခဲ့ရဖူးတယ် အမေ။

*   “ ထွက်ပြေးခြင်းကို ရွံမုန်းတယ် ” ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့် မြင်ကွန်း နဲ့ မြင်းခုံတိုင် မင်းသားတို့ ရန်ဖြစ်သလို ဟန်ဆောင်ကာ နန်းတော်ထဲ တစ်ယောက်က ရှေ့ကပြေး  နောက်တစ်ယောက်က ဓါးနဲ့ လိုက်ပြီး “ ကနောင်မင်းသား ” ဆီကို ပြေးဝင်လာတော့ အန္တရာယ် ရနံ့ကို သိလိုက်ပေမဲ့ ထွက်ပြေးရမှာကို ရွံမုန်းလို့ ကနောင်မင်းသားက အသက် အသေခံသွားတယ် အမေ။

*  ဝန်းကြီးများ ရုံးနားမှာ လက်နက်ကိုင်ထားတဲ့ အစောင့်ရဲဘော် တစ်ယောက်ကို တွေ့လို့ တာဝန်ရှိသူကို ခေါ်မေးတော့ ဗိုလ်ချုပ်လုံခြုံရေး အတွက်ပါ ဆိုတော့ “ ငါ့အတွက် လုံခြုံရေး မလိုဘူး ၊ ငါ့ကို မုန်းတဲ့လူ မရှိဘူး။ တာဝန်ကျ ရဲဘော်တွေကို ရုတ်သိမ်းလိုက်ပါ ” ဆိုပြီး ကျွန်တော်တို့ “ ဗိုလ်ချုပ်အောင်ဆန်း ” က အမိန့်ပေးခဲ့ဖူးတယ် အမေ။ ဒါနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံချင်တဲ့ မသမာတဲ့ လူတွေက လွယ်လွယ်လေးနဲ့ သူတို့ရဲ့ တန်ဖိုးနည်း အသက်ကို ရင်းပြီး တန်ဖိုးကြီး အသက်ကို ဖျက်ဆီးသွားခဲ့ဖူးတယ် အမေ။

ဒါတွေက ကျွန်တော် နားလည်သလို  မှတ်မိသလောက် ရေးပြတာပါ အမေ။ တချို့သော စကားလုံးတွေ လွဲနေရင် နဂိုကတည်းက ခွင့်လွှတ်စိတ်ရင်း နဲ့ ဆက်လက်ပြီး ခွင့်လွှတ်ပေးပါ အမေ။

သူတို့ ဒီလို နည်းနည်းလေး လွဲမှားသွားတဲ့ စိတ်ဓါတ်ကြောင့် သမိုင်းများ နဲ့ ရာဇဝင်ရိုင်း သွားခဲ့ရဖူးတယ် အမေ။ အနော်ရထာမင်းကြီးသာ သူကိုယ်တိုင် ကျွဲနောက်ကို လိုက်ပြီး မသတ်ခဲ့လျှင် ၊ ကနောင်မင်းသားသာ နန်းတော်တွင်း လက်နက် မကိုင်ရလို့ သူ့မှာ လက်နက် မရှိဘူး ဆိုပြီး ရန်ကို ရှောင်ကာ ပြေးလွှား ရှောင်တိမ်းခဲ့လျှင် ၊ လုံခြုံရေး ဆိုတာတွေကိုသာ ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အနားမှာ ရှိနေခဲ့လျှင် ဆိုပြီး ကျွန်တော် ဆက်တွေးမိတော့ ကျွန်တော် ညတွေမှာ အိပ်မပျော်တော့ဘူး အမေ။

အခုလည်း ကျွန်တော်တို့မှာ အဘိုးလည်း မရှိတော့သလို ၊ အဖလည်း မဲ့နေတဲ့ ဘဝပါ အမေ။ ကျွန်တော်တို့မှာ ကောင်းတိုင်ပင် ၊ ဆိုးတိုင်ပင် ဆိုသော လူ ဆိုလို့ “ အမေ ” တစ်ယောက်ပဲ ရှိတော့တာပါပဲ အမေ။ ဒါကို အမေက ငါ့သားသမီးတွေ အတွက် ဆိုရင် “ ငါ သေသာ သေသွားပါစေ ” ဆိုတဲ့ စိတ်ဓါတ် မထားပါနဲ့ အမေ။ အမေ မရှိရင် ကျွန်တော်တို့ ဘဝတွေက ကန္တာရမှာ လမ်းပျောက်သလို ၊ ပင်လယ်ပြင်မှာ လှေမှောက်သလို ဖြစ်ရမဲ့ ဘဝတွေပါ အမေ။

ဒါကြောင့် . . . .

အမေ ကျွန်တော်တို့ အပေါ်မှာ အနစ်နာခံတယ် ဆိုရင်တောင်မှ ဒီလိုတော့ အနစ်နာ မခံပါနဲ့ အမေ။ အမေရဲ့ တစ်သက်လုံး ၊ အမေ့ရဲ့ တစ်ဘဝလုံးနဲ့ ရင်းပြီး ကျွန်တော်တို့အတွက် ရုန်းကန် ကြိုးစားတာနဲ့တင် ကျွန်တော်တို့မှာ အားတွေ ၊ စိတ်ဓါတ်တွေ ရနေခဲ့ပါပြီ အမေ။

အမေ ကျွန်တော်တို့ ကောင်းစားတာကို မြင်ချင်ရင် အမေလည်း အသက်ရှည်ရှည်နဲ့ ဆက်ပြီး အသက်ရှင်ရမယ် အမေ။ ဒါမှ အမေ့ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ မောင်နှမတွေ ဆက်လက် ရှင်သန်နိုင်မှာ အမေ။ ဒါကြောင့် . . . . .
  • ကျွန်တော်တို့ကို ချစ်တယ် ဆိုရင် အမေရဲ့ အသက်ကိုလည်း ချစ်ရမယ်။
  • ကျွန်တော်တို့ကို အောင်မြင်စေချင်ရင် အမေလည်း အောင်မြင်အောင် နေရမယ်။
  • ကျွန်တော်တို့ကို တိုးတတ်စေချင်ရင် အမေကလည်း တိုးတတ်မှုကို ဦးဆောင်ပြရမယ်။
  • ကျွန်တော်တို့ကို ပျော်ရွှင်ချင်တယ် ဆိုရင် အမေကလည်း ကျန်းမာရေးကောင်းအောင် ဂရုစိုက်ရမယ်။

အမေရှိမှ ကျွန်တော်တို့ ဘဝကလည်း ပြည့်စုံမယ် မဟုတ်လား အမေ။ ဒါကြောင့် အမေ သက်တော် ရာကျော်ရှည်ဖို့ ကျွန်တော်တို့က ဆုတောင်းပေးနိုင်ယုံပဲ တတ်နိုင်တယ် အမေ။ ဒါပေမဲ့ အမေရဲ့ ကျန်းမာရေးကိုတော့ အမေ ကိုယ်တိုင်ပဲ ဂရုစိုက်မှ ဖြစ်မှလေ အမေ။ အမေ့ရဲ့ အသက်ရှည်ရှည် ကျန်းမာရေး ကောင်းကောင်းကိုတော့ အမေ့ရဲ့ သတိ နဲ့ အရာရာကို ကြိုတင် ပြင်ဆင်မှု ဆိုတဲ့  ဂရုစိုက်ကာ ပြင်ဆင် ရမှာ မဟုတ်လား အမေ။

အမေရေ . . . .

အခုတလော ကျွန်တော် အမေ့စကားသံတွေကို ပြန်ပြန်ကြားယောင်ပြီး မျက်ရည်ဝဲ ဝဲ နေမိတယ် အမေရယ်။ အမေ့ရဲ့ သားသမီးတွေ  အပေါ်ကို ထားသော မေတ္တာစိတ် ၊ အနစ်နာခံစိတ် ၊ တိုးတတ်စေချင်တဲ့စိတ် ၊ ကိုယ်ကျိုးစွန့်တဲ့စိတ် ၊ တတ်ကြွတဲ့စိတ်တွေကတော့ သားတို့ အပေါ်မှာ အုပ်အုပ်မိုးမိုးနဲ့ အမြဲတမ်း လွှမ်းခြုံထားလျက်ပါ အမေ။ ဒီလို စိတ်ဓါတ်တွေကို ကျွန်တော်တို့ သားသမီးတွေ အပေါ်မှာ အမြဲတမ်း လွှမ်းခြုံထားနိုင်အောင် အမေ အမြဲတမ်း ကျန်းမာနေစေဖို့ လိုတယ် အမေ။

အမေ . . . အထွေထွေ ကျန်းမာရေး ဂရုစိုက်ပါ အမေ။

  • ကိုယ့်ရဲ့ မွေးသမိခင်ကို ချစ်တတ်သော -
  • ကမ္ဘာပေါ်မှာ ရှိသော မိခင်တွေ အားလုံးကို ချစ်တတ်သော -
  • အမိနိုင်ငံကို ကိုယ်စားပြုသော မိခင်ကို ချစ်တတ်ကြသောသူ အားလုံးအတွက် ရေးပါသည်။ 

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

23 ယောက် ရဲ့ ထင်မြင်ချက်:

အင်္ဂါဟူး said...

D ပို့စ်ကို မှတ်မှတ်ရရ တင်တာဆိုတော့ ဒီနေ့အမေနေ့လား။ ထားပါ နေ့တွေက သတ်မှတ်ချက်တွေပါ။ ကိုအောင် ဆီမှာရော ကိုဇော်ဆီမှာရော ဗိုလ်ချုပ်အဲဒီအကြောင်းလေး ဒီနေ့ဖတ်ဖြစ်တယ်တယ်။ အမေဆိုတာကလဲ အခက်သားဗျ။ တစ်ချို့အမေများကျတော့လဲ မွေးပြီးကတည်းက ပစ်ကြတယ်။ အချို့များကျတော့လဲ နောက်အိမ်ထောင်ပြုပြီး သားသမီးကို ပထွေးရှေ့နှိပ်စက်တတ်ကြပြန်ရော။ ဟို တိုင်းပြည်က အမေများကြတော့လဲ ခုနှစ်နှစ် သမီးလောက်ကို ရောင်းစားကြပြန်ရော။ ခက်တော့အခက်သား ကျွန်တော့်အမေကြတော့လဲ အနော်တို့ကို ဂရုစိုက်တာ ပူပန်တာကလဲ လွန်ရောပဲ

ဦးဇွတ်လဲ ဒီလိုတွေရေး အနော်လဲဖတ်ဖတ်ပြီး မျက်ရည်ဝဲ။

Anonymous said...

ဂရုစိုက်ပါ အမေ ကိုခံစားပြီးဖတ်သွားပါတယ်ရှင်။ ၀င်္က၀ုတ္တိတွေနဲ့ရေးထားတာပဲ ရေးတတ်လိုက်တာနော်။
အမေ့ကို သတိရလို့ မျက်ရည်များတောင် ၀ဲမိတယ်။

ခနွဲ said...

အမေစုကိုပဲ စိုးရိမ်ပူပန်မိတယ်။ မျှော်လင့်ချက်လေး ဒါပဲရှိတာလေ။

မိုးခေတ် said...

တစ်ဝက်လောက်ရောက်သွားမှ ရိပ်မိလို့ အစက ပြန်ဖတ်လိုက်ရတယ်ဗျာ...အစ်ကိုရေးထားတာ ကောင်းပါတယ်...အမေ ကျန်းမာပါစေ........

မောင်ချစ် said...

လာရောက် ခံစားသွားတယ်။လေးစားပါတယ်။
စာအရေး အသားတွေ တကယ်ကောင်း။်အားလုံးသော အမေများ အတွက် ဆိုတော့ ပိုပြီးပျော်သွားတယ်။အောင်မြင်မှုတွေ အမြဲ ရရှိနိုင် ပါစေ။

ညီမ

ရွှေရတုမှတ်တမ်း said...

ကိုယ့်အမေကိုယ်တော့ သတိရပါရဲ့ သူ့နောက်တော့ မလိုက်နိုင်သေးဘူး..

ငွေလမင်း said...

အပြည့်အ၀ ထောက်ခံပါတယ်
အမေ နေကောင်းအောင်နေပါ
အောင်မြင်အောင် လုပ်ပေးပါ

Anonymous said...

အားလုံး ရဲ့ အမေ

နေကောင်းပါစေ ဘေးပေါင်းစုံ ကင်းဝေးပါစေ


ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

အမေ..
အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာဖို့ အနှောင့်အယှက်
ကနေကင်းဖို့ဆုတောင်းနေရပါတယ်..။
သမိုင်းမှာရှိခဲ့ဖူးတဲ့သင်ခန်းစာကိုယူပြီးသတိလေးနဲ့
နေဖို့ပါ..။ ထပ်တူမျက်ရည်ဝဲသွားရတယ်..။

ခင်မင်တဲ့
သဒ္ဓါ

မောင်မိုး said...

အမေ....အမေ့ကို ကျနော် အရမ်းချစ်မြတ်နိုးပါသည်။..................................................

ဝက်ဝံလေး said...

ငါရှိသရွေ့ ငါ့သားသုံးယောက် မငတ်စေရဘူး ပါဟာ သူ့ကျမှ ရဲလေး ထိုင်ငိုလိမ့်မယ် ကိုဇော်

အင်း နောက်ဆုံးမှ သဘောပေါက်တယ် ဝက်တို့ ပိန်းချက်

ကိုဇော် said...

ကျေးဇူးပဲ ဝက်ကလေးရေ...
အကိုလည်း ကြားဖူးယုံပဲ ကြားဖူးလိုက်တာ ၊
ညက လိုက်ရှာတော့ ရှာလို့ကို မတွေ့ဘူး ၊
လိုင်းပေါ်မှာ မေးတော့လည်း အားလုံးကလည်း ကိုယ်လိုပဲ ယောင်ဝါးဝါး ဆိုတော့ သူတို့ ပြောတဲ့ အတိုင်း တင်လိုက်တာ။ မရပေမဲ့ မှားနေတယ် ဆိုတာတော့ သိတယ်။ ဒါကြောင့် မှတ်ချက်လေး ရေးထားတာ ၊ ကျေးဇူးပဲကွယ်။

ahphyulay said...

အင်း...
ဒါတော့  ဟုတ်တယ် လေ ၊
သူ က ဖြူစင်လွန်းတော့  တစ်လောက လုံး
သူ့ လို ဖြူစင် နေမယ်လို့  သူ က သူ နဲ့ 
တတန်းထဲ ထား နေမိတော့ တာကိုး ..
ဒါပေမဲ့  သူ့ ရင်ထဲက ပွင့် ထွက်ခဲ့ ဘူးတဲ့ 
စကားလေးတစ်ခွန်းတော့  မှတ်မိပါတယ်နော်
ဗမာပြည်နိုင်ငံရေးက အရမ်းညစ်ပတ်ပါတယ် တဲ့  ။

Anonymous said...

အင်းးးး သဘောပေါက်တာ..ပေါက်ကြတာပေါ့နော်...
အရမ်းလေးနက်လွန်းနေတော့ တွေးနေရတော့တာ..
...အမေလည်း အစစ အရာရာ ဂရုစိုက်ပါ...
သမီးတို့  သားတို့ တွေလည်းအမေ့လိုအပ်ချက်များကို
အနီးကပ်တဖုံ အဝေးက တစ်ဖုံပြန်လည် ပေးဆပ်ဦးညွတ်
ရင်း အမေအစစ အရာရာ အဆင်ပြေစွာရှိပါစေ။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

Anonymous said...

Sure!
I Agree it.
We need her.
She must be safe n healthy for all.

To,
Really appreciate for seeing you still alive and healthy.
Wish you be healthy and safety.
Pls stay with us.

with many loves,
daughters.

ဒေါင်းမင်း said...

အမေ၊မွေးသမိခင်စစ်စစ်ကိုလွမ်းမိတမ်းတမိဆဲပါ။
မွေးသမိခင်၊မိခင်စစ်ကိုဒီပို့လေးဖတ်ပြီးရှိခိုး
ကန်တော့လိုက်ပါတယ်။ဒီပို့လေးကဘာကိုဆို
လိုမှန်းကျွန်တော်သိပေမယ့်။ကျွန်တော်ရဲ့မွေးမိ
ခင်ကိုပဲတမ်းတလျှက်ပါ။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

sv said...

ကိုဇော်
ဒီပို.စ်လေးအတွက် ကျေးဇူး....ကျမကတော့ ဒီလို စကားလုံးလှလှလေးတွေ နဲ. မဖန်ဆင်းတတ်ဖူးရှင်..ပြောချင်တာကို ဒဲ့ဒိုးပြောချလိုက်ရမှ စိတ်ကျေနပ်တယ်...

လေးစားစွာဖြင့်
simple views

Anonymous said...

ဆန္ဒတွေထပ်တူပါကိုဇော်ရေ.. သား သမီးတွေရဲ့ စိတ်ဓါတ်အင်အားအတွက် အမေရှိဖို့လိုအပ်ပါတယ်။ အမေရှိတယ်ဆိုတဲ့အသိဟာ ဘ၀မှာရှေ့ဆက်ဖို့အတွက် ခွန်အားတွေကိုပေးတယ်။ အမေ့ရဲ့ဆုံးမစကားတွေက လမ်းမှားမရောက်အောင်တည့်မတ်ပေးနိုင်တယ်။ အမေ့ရဲ့ဦးဆောင်မှုဟာ သား သမီးအားလုံးရဲ့ ရှေ့ရေးတွေ သာယာချမ်းမြေ့ဖို့ပါ။ အမေ ကျန်းမာ အသက်ရှည် ဘေးဘယာတွေကင်းဝေးစေဖို့ ဟာ သားတို့ သမီးတို့အတွက် အရေးအကြီးဆုံးအရာပါ။ အမေ သတိရှိရှိနဲ့ အထူးဂရုစိုက်ပါလို့မှာပါရစေ။
စာဖတ်သူ

ခမ်းနွံ said...

မေမေ မေမေက သမီးတို့ အတွက် ဘဝလမ်းကို အစပြုပေးတဲ့ ရှေ့ ဆောင်လမ်းပြ မီးလေးပါ ...
ကျေးဇူးပြုပြီးမီးမငြိမ်းအောင် ပြုလုပ်ပေးပါ မေမေရယ်

သတိုး said...

ကိုယ်တို့တွေရင်ထဲမှာလည်း ကိုဇော့်လိုပဲ ထပ်တူပူပန်စိတ် ဖြစ်နေမိပါတယ်။ အမေ အသက်ရှည်၊ အနာမဲ့စွာဖြင့် ရင်ဝယ်သားတို့ကို စောင့်ရှောက်နိုင်ပါစေ..။ စိတ်ကူးဆန္ဒတွေကို ချောမွေ့ပြေပြစ်စွာ မျှဝေပေးတဲ့ ကိုဇော်ကိုလည်း ကျေးဇူးပါ။
သတိုး

အလင်္ကာ said...

ဝေးမြေမှ အမေကို သတိရမိပါ၏။ နှလုံးသားကို ထိသွားတဲ့ ပိုစ့်လေးပါ။ face book ပေါ် share ပြုလိုက်သည်။

အဖြူရောင်နတ်သမီး said...

ကျန်းမာရေးကိုလည်း ဂရုစိုက်ပါအမေ..
အမေကျန်းမာမှ သားသမီး ချမ်းသာမယ်အမေ..
အမေ မာမှ သားသမီးသာမယ် အမေ..
အန္တရာယ်ဆိုတာ ကြိုမြင်နိုင်ရိုး ထုံးစံမရှိဘူး ..
ဂရုစိုက်ပါအမေ...။

julyphyo said...

ုကိုဇော်ရေ ဒီဆောင်းပါးလေးကို အလွန်ကြိုက်နှစ်သက်သဖြင့် ကျွှန်တော်ဖေ့ဘွတ်မှာ တင်လိုက်ပါတယ်...
....
ကိုဇော် ခွှင်လွှတ်နားလည်းပေးမည်ဟု မျှော်လင့် မိပါတယ်.............