မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 November 2010

26 နှလုံးသား ရှိရာ



ကိုယ်နဲ့ ချစ်သူ အကြားမှာ အချိန် ၄ နာရီပဲ ကွာတယ် ဆိုသော လှုံ့ဆော်မှုက သွေးလည်ပတ်မှုကို မြန်ဆန်စေ၏။ ရင်ကို နွေးထွေးစေ၏။ စိတ်ကို တတ်ကြွစေ၏။ လူကို လန်းဆန်းစေ၏။ ခြေလှမ်းကို သွက်လက်စေ၏။ မိုးကောင်းကင်ကို မော့ကြည့်လိုက်တိုင်း ညဥ့်နက်နက်မှာတောင် တိမ်ပြာတွေနဲ့ ကြည်ကြည်လင်လင် နောက်ခံနဲ့ ကြယ်တွေကို ကျွန်တော် မြင်နေရသည်။

“ တီ တီ တီ . . . တီ တီ . . . တီ တီ တီ . . . ”

ဟော ချစ်သူဆီက Miss Call ပို့သံ။ ပြောရင်ယုံပါ့မလား ၊ ကိုယ့်ဖုန်းလေးက အလုပ်ပိုင်းဆိုင်ရာ ကိစ္စက လွဲပြီး အိပ်ပျော်နေတတ်တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ။ အခုတော့ ချစ်သူဆီမှ Miss Call သံလေးနဲ့ ကိုယ့် ဖုန်းလေးဟာ တစ်နာရီ တစ်ခါ တုန်ခါနိုးထ နေတတ်ခဲ့ပြီ။ ထိုအသံက ကိုယ့်မှာ ချစ်သူ ရှိနေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးသံလည်း ဖြစ်သည်။

Miss ဆိုတာ “ လွဲချော်ခြင်း ” လို့ ဘာသာပြန်တယ် ဆိုရင်တောင်မှ ချစ်သူနဲ့ ကိုယ့်အကြားမှာတော့ Miss call ဆိုတာက “ အလွမ်းဖြေသော ဖုန်းသံလေး ” မျှသာ ဖြစ်ပါသည်။



ဟုတ်တယ်။ ကျွန်တော့်မှာ ချစ်သူ ရှိနေပြီ။ သို့သော် ချစ်သူက ကိုယ်နဲ့ နီးနီးတော့ မဟုတ်။ ကမ္ဘာမြေရဲ့ တစ်နေရာမှာ ရှိနေ၏။ ကမ္ဘာမြေရဲ့ တစ်နေရာမှ ချစ်သူ ဖြစ်သည်။ သူနဲ့ ကိုယ်ရဲ့ အချိန် ကွာဟချက်က ၄ နာရီ ကွာ၏။ ကိုယ့်ဆီမှာ ညဥ့်သန်းခေါင်ယံ ၁၂ နာရီဆိုလျှင် ချစ်သူဆီမှာ ည ၈ နာရီ။ ချစ်သူဆီမှာ ညဥ့်သန်းခေါင်ယံ ၁၂ နာရီ ဆိုရင် ကိုယ့်ဆီမှာ မိုးသောက်ယံ ၄ နာရီ။ ကိုယ် အလုပ်ထွက်ချိန် ၈ နာရီခွဲ ဆိုရင် ချစ်သူဆီမှာ မနက်မိုးသောက်ယံ ၄ နာရီခွဲ ဖြစ်နေပြီ။

ချစ်သူက အလုပ် မနက် အဆိုင်းဆို မနက် ၈ နာရီမှ ညနေ ၅ နာရီခွဲထိ ၊ ညနေ အဆိုင်းဆို နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီ အထိ ဆင်းရတတ်သည်။ ဒီလို အချိန်ဆိုရင်တော့ နောက်တစ်ရက်ဟာ ပိတ်ရက် ဖြစ်၏။ ဒါကြောင့် ညနေဆိုင်း ဆင်းချိန် ချစ်သူပြန်ရောက်သော ည ၁၂ နာရီ အချိန်ဆိုရင် ချက်ပြုတ် စားသောက်ပြီးရင် ည ၁ နာရီကျော် နေတတ်သည်။ တစ်နေကုန် ပင်ပန်းထားတဲ့ ချစ်သူကို အိပ်စေချင်ပြီ။

“ တီ တီ တီ. . . တီ တီ . . . တီ တီ တီ . . . တီ တီ တီ . . .  ”

ပုံမှန် Miss Call ပေးနေကြ သုံးကြိမ်ထက် ကြာလာရင်တော့ ကိုင်လိုက်ရသည်။ မကိုင်ရင်လည်း ချစ်သူဘက်က ခေါ်ချိန်ကြာပြီး ပိုက်ဆံ ဖြတ်တောက် သွားလေ့ရှိသည်။ အခုလည်း ဒီလောက် ကြာနေရင် Miss Call မဖြစ်နိုင်တော့ ချစ်သူဆီမှ ခေါ်တာပဲ ဖြစ်မည်။

“ ဟလို ”

“ ကိုရေ  ”

“ ပြောလေ xx

“ ကို့ဆီမှာ အခု ၅ နာရီ ၂၀ နော် ”

“ ဟုတ်တယ်လေ xx ၊ ဘာဖြစ်လို့လဲ ”

“ အဟီး . . . ဘာမှ မဖြစ်ပါဘူး ၊ ကို အလုပ်က ပြန်လာတာကို xx စောင့်နေတယ် လို့ ပြောမလို့ ”

“ ဟာ မဟုတ်တာပဲ xx ရယ်။ xx ဆီမှာ အခုမှ ၁ နာရီ ၂၀ ပဲ ရှိသေးတာလေ။ ပြီးတော့ အလုပ်ကလည်း ပင်ပန်းလာတာ မဟုတ်လား။ xx အိပ်ထားနှင့်လေ ”

“ အာ  . . . xx က ကိုနဲ့ အတူတူ အိပ်မလို့ဟာကို ”

“ ဖြစ်ရလေ xx ရယ်။ ကို့အလုပ်က နောက်ထပ် ၃ နာရီကျော်လောက် လုပ်ရဦးမှာလေ။ xx ဒီအတိုင်းကြီး ထိုင်စောင့်နေရမှာပေါ့ ”

“ စောင့်မှာပေါ့လို့ . . .  ကိုကလဲ ”

“ မဟုတ်တာကွာ ၊ xx အိပ်ထားလိုက် ၊ ကို အလုပ်က ပြန်ရောက်လာတာနဲ့ နှိုးလိုက်မယ် ”

“ တကယ်နော် ၊ xx နိုးရင် ကိုက ထမင်းစား xx က ဘေးကနေ ကို့ကို စကားပြောမယ်။ ပြီးရင် အတူတူ အိပ်ကြမယ်နော် ကို ”

“ အေးပါ xx ရယ် ၊ ဒါဆို xx အခု အိပ်တော့နော် ”

“ ရောက်ရင် နှိုးနော် ကို ၊ မေ့သွားတယ် ဆိုပြီး မနှိုးဘဲ မနေနဲ့နော် ”

“ အင်းပါ xx ရယ် ၊ နှိုးမှာပေါ့ ”

“ ဒါဆို xx အိပ်တော့မယ်နော် ”

“ အေးအေး စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်နော် ၊ ကို ရောက်တာနဲ့ နှိုးလိုက်မယ် ”

“ - - - - ”

ချစ်သူဘက်မှ ဖုန်းလေး ပိတ်သွား လေတော့သည်။ နောက်ထပ် ၃ နာရီကျော် ဆိုသော အချိန် အတိုင်းအတာကို ချစ်သူစောင့်နေတယ် ဆိုသော စိတ်ရဲ့ စေ့ဆော်မှုကြောင့် အရင်ကတည်းက မြန်မြန် လုပ်တတ်သော ကိုယ့်မှာ အလုပ်တွေ အားလုံး ပြီးစီးပြီး ဖုန်းမှ နာရီ ၊ လက်မှ နာရီ ၊ နံရံကို ကပ်ထားသော နာရီတွေရဲ့ လှုပ်နေသော စက္ကန့်တံကို ဒေါသတွေ ဖိဖိစီးစီး ထွက်နေမိသည်။ နှေးလွန်း လိုက်တာကွာ တောက် . . . ။

xx အိပ်မှ အိပ်ပါ့မလား ၊ ငါ့ကိုများ ထိုင်စောင့်နေလေလိမ့်မလား ”

ဆိုသော စိတ်ခံစားမှု ဖြစ်ပေါ်လာရင် Finger Print နှိပ်သော စက်နားကို လူက ဂနာမငြိမ် ရောက်ရောက် သွားမိသည်။ လက်ထဲက နာရီကို ကြည့်မိတော့ အခုမှ ၇ နာရီ စွန်းစွန်းလေးမျှသာ။ ဟာ Shit ၊ နှေးလိုက်တဲ့ အချိန်။ လူက နေမထိ ထိုင်မသာ ဖြစ်နေမိသည်။ ဟိုဟာ ကောက်ဆွဲလိုက် ၊ ဒီဟာ မ လိုက်နဲ့ ငြိမ်ငြိမ်ကို နေမရ။ ကြာလာတော့ အတူတူ အလုပ်လုပ်နေသော သူငယ်ချင်းတွေက မသိမသာ တမျိုး ၊ သိသိသာသာ တဖုံ လာကြည့်ကြသည်။

“ ဟေ့ကောင် ဘာဖြစ်နေတာလဲ ”

ခင်မင်လွန်းသော သူငယ်ချင်းတွေက လာမေးကြသည်။ ဘယ်လို ဖြေရမယ်မှန်း မသိ။

“ နာရီကွာ နှေးနေလို့ ”

“ ဘယ်လို  . . .  ”

ကိုယ် မေးထိုးပြသော နံရံမှ နာရီကို တလှည့် ၊ သူတို့ လက်ထဲမှာ နာရီကို တလှည့် ကြည့်ပြီး အူကြောင်ကြောင်နဲ့ သူတို့ လှည့်ထွက်သွားသည်။ ကိုယ်ကတော့ ကိုယ့်ဖာသာ မကျေမနပ် စူပုပ်ကာ မျက်နှာကို တင်းထားမိသည်။ ဘာလုပ်ရင် ကောင်းမလဲ . . . ငါ ဘာလုပ်ရင် ကောင်းမလဲ။ ဟုတ်ပြီ. . ၊ ကဗျာရေးနေမယ်ကွာ။ ဒါမှ အချိန်ကို ထိုင်နေတာထက် စာရင် အချိန်ကုန်နှေးမှန်း မသိဘဲ အာရုံတွေက ဒီအထဲကို ဝင်နေမှာ။

ချစ်သူဟာ ကြာ
လသာမှ ပွင့်မယ် ဆိုရင် 
ကိုယ်ဟာ . . . .
အသင်္ချေည ဖြစ်ပါရစေ။ 

တဖြေးဖြေးနဲ့ ပတ်ဝန်းကျင်လည်း မြင်မြင်သာသာ လင်းချင်းလာသည်။ နေ့ဆိုင်း အလုပ်ဝင်မဲ့ လူတွေလည်း ရောက်လာကြလို့ အလုပ် တစ်ခုလုံး ဆူဆူညံညံ သွက်သွက်လက်လက် ရှိလာတော့သည်။ အစောကြီးကတည်းက ပြီးနေတဲ့ အလုပ်က စာရင်းတွေ ၊ ဖိုင်တွေကို ဒီအတိုင်းထားခဲ့ပြီး လူကတော့ တာလွှတ်ဖို့ စောင့်နေသူ တစ်ဦးရဲ့ ခြေအစုံက ကန်ပြေးဖို့ အသင့်ပြင်ထားတဲ့ အပြေးချန်ပီယံ တစ်ယောက်လို တောင့်တင်းလျက် ရှိသည်။

“ တွီ......................... ”

ဟော . . . . ၈ နာရီခွဲသော Alarm အသံက ညဆိုင်း အလုပ်သမားတွေ အတွက် အိမ်ပြန်ခွင့် ဖြစ်ပေမဲ့ ၊ နေ့ဆိုင်းသမားတွေ အတွက်တော့ အလုပ်ဝင်ချိန် ဖြစ်နေပြန်သည်။ အရင်လို ဒါတွေကိုလည်း ဒဿန ဆန်ဆန် မစဉ်းစား နေနိုင်ပါ။ ပြန်ဖို့ လွန်ခဲ့သော ၂ နာရီ ဝန်းကျင်ကတည်းက အသင့်ဖြစ်နေသော လူတစ်ယောက် အဖို့ Finger Print ဆီကို သွားဖို့သာ လိုတော့သည်။ Finger Print နှိပ် အပြီး ပြန်ဖို့ လှည့်အထွက် . . . .

“ ဟေ့ ကိုဇော် ၊ ဘယ်လို ဖြစ်ပြီး Clumsy ဖြစ်နေရတာလဲ ”

အာ . . . အရေးထဲ ဒီတရုတ်မက တမျိုး။

“ ငါ သွားစရာ ရှိလို့ ”

“ သြော်. . . အရင်က ၈နာရီခွဲတာတောင်မှ အလုပ်ထဲက မထွက်လို့ မပြန်သေးဘူးလားလို့ ပြန်ဖို့ ပြောယူရတဲ့ လူက ၊ အခုတလော ၈ နာရီခွဲတာနဲ့ လောလော လောလော ပြန်နေလို့ မေးကြည့်တာပါ ”

“ အင်း . . ကိ စ္စ ရှိ. . . လို့ ”

“ ဒါဆို နင် Girlfriend ရနေလို့ပဲ ဖြစ်ရမယ် ”

“ အာ . . . ”

“ ခစ် . . ခစ် . . ခစ် . . ဟုတ်နေတယ် မဟုတ်လား ”

“ ဟုတ် . . . အဲ . . ဘာလဲဟာ . . . တော်ပြီ . . ဘိုင်ဘိုင် ”

“ အေးလေ. . . နင် အခု မပြောချင်လည်း နောက်တော့ ပြောရမှာပဲ . . ပြန်ပြန် . . ဘိုင်း ”

မိန်းမတွေက ပါးရည်နပ်ရည် ရှိတယ် ဆိုတာ ဒါလား။ ဒါမှမဟုတ် ငါကပဲ လူတွေ ထင်သာ မြင်သာ ဖြစ်အောင် သရုပ်ပျက်နေပြီလား။ တွေးသာ တွေးသာ ခြေလှမ်းတွေက မြန်မြန် အိမ်ကို ပြန်ရောက်ဖို့ပဲ စိတ်စောနေမိ၏။ ကိုယ့်ခြေလှမ်းတွေက ခြေလှမ်းကျဲတွေ . . . . .။



အိမ်ရောက်လို့ အဝတ်အစားတောင်မှ မလဲရသေးဘဲနဲ့ ကွန်ပျူတာ ဖွင့်ပြီး အွန်လိုင်းပေါ်တတ်လိုက်တော့ xx က Gtalk မှာ လိုင်းပေါ်တတ်လျက် ဝါပြီး Idle ဖြစ်နေ၏။

“ တော်ပါသေးရဲ့ ဒါဆိုရင် xx အိပ်နေတာ သေချာတယ် ”

တစ်ခါတလေ အိမ်ပြန်ရောက်လို့ ကြည့်လိုက်ရင် အကောင့်လေးက ဝါမနေ ၊ ဒါဆို “ ကို့ကို စောင့်နေရင်းနဲ့ မအိပ်ဖြစ်လိုက်ဘူး ” ဟု ပြောတတ်သေးသည်။ ဒီလို အချိန်ဆိုရင်တော့ xx အကောင့်လေးက စိမ်းလန်းလို့။ ကိုယ့်ကို စောင့်နေတာ ဆိုတော့လည်း ပြောရတာ ခက်သားလား။ ဒါပေမဲ့ နောက်နေ့ ဘယ်လိုပဲ အလုပ်ပိတ်တယ် ဆိုဆို တစ်နေ့လုံး အလုပ်လုပ်ထားရပြီး ညပြန်ရောက်တော့လည်း မအိပ်ဘဲ ကိုယ်ပြန် အလာကို ထိုင်စောင့်နေတယ် ဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်။ အခုတော့ ဝါနေတော့ xx တကယ်ကို အိပ်ပျော်နေပုံ ရသည်။

ဒါဆို ရေမိုးချိုး ၊ စားဖို့ သောက်ဖို့ တစ်ခုခုတော့ ဆင်းဝယ်ဦးမှပဲ ဆိုပြီး အဝတ်အစားလဲကာ ရေချိုးမိသည်။ ရေချိုးပြီးတော့လည်း စိတ်မချ တတ်သူတို့ရဲ့ ထုံးစံ အတိုင်း xx အကောင့်လေးကို ကြည့်လိုက်တော့ ဝါမြဲ ဝါလျက်ပါပဲ။ ဒါဆို မနှိုးသေးဘဲ စားစရာ တစ်ခုခု အရင် သွားဝယ်ဦးမှ။ ဝယ်ပြီး ပြန်လာမှပဲ xx ကို နှိုးတော့မယ်။ ဒါဆို xx က စကားပြော ကိုယ်က ထမင်းစား ၊ ဒါဆို အဆင်ပြေ၏။

စားစရာ တစ်ခုခု ဝယ်ဖို့ အနီးဆုံး ဆိုင်ကို ဝင်လိုက်တယ် ဆိုရင်ပဲ . . .

“ ကိုဇော် ဘာလာဝယ်တာလဲ ”

သူ့ကို ကိုယ်မမြင် ၊ အသံကြားလို့ လှည့်ကြည့်လိုက်မှ အခန်းမှ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ အလုပ် မဆင်းဘူး ထင်သည်။

“ သြော်. . . ဟုတ်တယ်ဗျာ။ မနက်စာ မချက်ချင်တော့လို့ လာဝယ်စားတာ ၊ ဒါနဲ့ . . . အလုပ် မဆင်းဘူးလား ”

“ ဟုတ်တယ်ကွာ။ ခါးတွေ နာနေလို့ ဆေးခန်းလည်း သွားမလားလို့ပါ ”

“ ကောင်းတာပေါ့ ၊ တစ်ခါတည်း ဆေးခန်း သွားလိုက်ပေါ့ ”

ကိုယ့်စိတ်ထဲမှာတော့ သူက ကိုယ့်အခန်းမှာပဲ နေတာ ဆိုတော့ သူရှိနေရင် ကိုယ်နဲ့ xx လွတ်လွတ်လပ်လပ် စကားပြောလို့ ရမှာ မဟုတ်ဘူး ဆိုသော အသိက ပိုနေမိ၏။ သူ့ကို ဘယ်လို အခန်းမှာ မရှိအောင် လုပ်ရမလဲ ဆိုတာကိုလည်း ထပ်တွေးနေမိသည်။

“ ဟုတ်ကဲ့ သွားမှာ  ၊ ဒါကြောင့် သူဌေး အလုပ်အလာကို စောင့်နေတာ ”

သြော်. . . ဒါဆို သူ ဆေးခန်းပြပြီးရင် အခန်းကို ပြန်လာတော့မှာပဲ။ သူ အခန်းကို တော်တော်နဲ့ ပြန်မလာအောင် ဘယ်လို လုပ်ရမလဲ . . .  ကြံစမ်း. . . အကြံတွေ ထုတ်စမ်း။

“ ဒါနဲ့ ကိုထွန်း အားတယ် ဆိုရင် ပြီးတော့ မြို့ထဲလည်း သွားစရာ ရှိရင် ကျွန်တော့်ကို အသစ်ထွက်တဲ့ မဂ္ဂဇင်းလေးပါ ဝယ်ပေးပါလား . . .  ဒါပေမဲ့ လမ်းကြုံမှပါ ”

“ အင်း . . အဲ. . . အဲဒါက . . ဟိုလေ . . . ”

“ ဘာဖြစ်လို့လဲ ကိုထွန်းရဲ့ ၊ ပြောပါ ”

“ သြော်. . . ဟဲ . . မဟုတ်ပါဘူး ၊ ဒီလိုပါ လခက မထွက်သေးတော့လေ သွားမယ် ဆိုရင် သွားပေးလို့ ရပေမဲ့ ပိုက်ဆံ အပိုက မရှိဘူး ဒါကြောင့် ကိုဇော် ပိုက်ဆံချေးရင် သွားပေးမယ်လေ ”

“ အာ . . . ကိုထွန်းရာ ၊ အဲဒီလိုကြီး မဟုတ်ပါဘူး။ မဂ္ဂဇင်းဝယ်တာနဲ့ လမ်းစရိတ်ကို ကျွန်တော် ပေးမှာပါ။ ကျွန်တော်က တော်တော်နဲ့ မသွားဖြစ်လို့ပါ ”

“ ရပါတယ် ဒါဆို သွားပေးမယ်။ ဒါနဲ့ မထူးပါဘူးကွာ ၁၀၀ လောက်ပါ ချေးကွာ ၊ ဘီဘီလေးလည်း ကစ်ချင်လို့ ဖြစ်မလား ”

ဟင်း . . . သာမာန် အချိန်ဆိုရင် ဘီယာ ၊ အရက်သောက်ဖို့ ဆိုရင် ကျွန်တော်က လုံးဝ မချေးပါ။ သူတို့ဖာသာ လိမ်ချေးတယ် ဆိုရင်တော့ ကျွန်တော် မသိပေမဲ့ ၊ ဘုရားက တားမြစ်ထားတာကို ကိုယ်ကတော့ မလုပ်ဘဲနဲ့ သူများကို အားပေး အားမြှောက်လုပ်နေသော “ ဟိုက်ဒရိုဂျင် ” လို ကိုယ်တိုင်က မီးမလောင်ဘူး ၊ မီးလောင်ခြင်းကိုတော့ အားပေးသလို ကျွန်တော် အဖြစ်မခံနိုင်။ အခုတော့ . . . .

“ ဟုတ် . . ရပါတယ် ”

သူ့ကို ပြောလည်း ပြော ၊ လက်ကလည်း ကိုယ် လိုချင်တာတွေကို ဖော့ဗူးထဲ ထည့်ပြီး စားဖို့ အတွက် စီစဉ်နေမိသည်။ လိုသလောက် အဆင်ပြေတော့ ဖော့ဗူးလေးကို ဆွဲရင်း ပိုက်ဆံ ရှင်းလိုက်သည်။ ကိုယ်အိမ်ကို ပြန်မယ် လုပ်တော့ ကိုထွန်းကလည်း ထလိုက်လာပြီး လမ်းလျှောက်ရင်း ဘေးက လိုက်လာသည်။

“ သြော်. . . ရော့ ကိုထွန်း ၊ ဒါက မဂ္ဂဇင်းဝယ်ဖို့နဲ့ လမ်းစရိတ် ၊ ဒါက ကိုထွန်း လိုချင်တဲ့ ၁၀၀ ”

“ အေး ဒါဆို ငါ ဆေးခန်းက အပြန် တစ်ခါတည်း သွားလိုက်မယ်။ ပြီးမှပဲ ပြန်လာတော့မယ် ”

“ ဟုတ်ကဲ့ ကိုထွန်း ”

“ တီ တီ . . . တီ တီ တီ . . . တီ တီ . . . တီ တီ တီ . . . ”

ဖုန်းမြည်သံကြောင့် ထုတ်ကြည့်လိုက်တော့ xx ဆီက ဖုန်း။

“ ဟဲလို ”

“ ကို ၊ ကို ဘာလုပ်တာလဲ ၊ ကို ရောက်နေတာကို xx ကို မခေါ်ဘူး။ အခု xx လန့်နိုးလို့ ကွန်ပျူတာကို ကြည့်လိုက်တော့ ကိုက လိုင်းပေါ်မှာ ရောက်နေပြီ။ ကို ရောက်နေတာကို xx ကို ဘာလို့ မနှိုးတာလဲ ”

“ မဟုတ်ဘူးလေ xx ရဲ့ ၊ ကို အခု စားဖို့ စားစရာ သွားဝယ်တာလေ ၊ ပြန်လာရင် xx ကို နှိုးမယ် ဆိုပြီး စားဖို့ သွားဝယ်တာပါ ”

“ မဟုတ်ဘူး ၊ ကို . . .  xx ကို မနှိုးဘူး။ xx ပြောတာ ကို ရောက်တာနဲ့ နှိုးလို့ ပြောတာလေ ”

ကိုယ်တို့ ဖုန်းနဲ့ အချီအချ ပြောနေတာကို ဘေးက နားထောင်နေတဲ့ ကိုထွန်းက နဝေတိမ်တောင်နဲ့ ဘာမှ နားမလည်သလို မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်နေ၏။

“ ကို ကကွာ ၊ ကို ရောက်ရောက်ချင်း xx ကို နှိုးလိုက်ရင် အိပ်ရေးပျက်သွားမှာ စိုးလို့ ၊ ကို စားဖို့ အရင်ဝယ်မယ် ဆိုပြီး ရေချိုးပြီးတော့ ဆင်းလာတာ ”

“ ဟုတ်လို့လား။ xx ကို့ကို Gtalk ကနေ လှမ်းပြီးတော့ ခေါ်လိုက်သေးတယ်။ ကိုက ဝါနေရာကနေ နီသွားသေးတယ် ၊ နောက်မှ ချက်ချင်း ပြန်ဝါအောင် လုပ်လိုက်တာ မဟုတ်လား ”

“ အာ . . . မဟုတ်တာ xx ရယ် ၊ ခေါ်လိုက်လို့ Voicemail ဝင်သွားလို့ နီသွားတာ ထင်ပါတယ်။ ကို တကယ်ကို စားဖို့ သွားဝယ်နေတာပါ ”

xx ပြောတာ ရောက်တာနဲ့ ခေါ်လို့ ပြောထားတာလေ ၊ ဘာပဲ ပြောပြော ကို xx ကို ဂရုမစိုက်ဘူး   ”

လူတစ်ယောက် “ ပြာ ” သွားတယ် ဆိုတာ ခန္ဓာကိုယ်က မပြာဘဲ ဘာကို ပြောတယ် ဆိုတာ ကိုယ် ချက်ချင်းကို သဘောပေါက် ခွင့်ရလိုက်သည်။ ကိုယ် အခု ပြာ သွားသည်။

“ ကိုက xx ကို စားစရာ သွားဝယ်နေတဲ့ အချိန်မှာ xx နိုးနေတော့ အိပ်ရေးမဝမှာ စိုးလို့လေ ”

“ အခု xx နိုးနေတာ ကြာပြီ ၊ ကိုက ဘယ်သွားနေတာလဲ မသိဘူး ကြာလိုက်တာ ”

“ မဟုတ်ဘူး သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတာပါ ”

“ ဘာလိုပဲ ပြောပြော ကို xx ကို ဂရုမစိုက်ဘူး ၊ သိသာတယ် . . . အီး . . ဟီး . . . ဟီး ”

“ ဟာ . . . ”

ကျွန်တော် လက်ထဲက ဖုန်းတောင်မှ လွတ်ကျမလို ဖြစ်ကာ ဖမ်းလိုက်ရ၏။ xx က ဟိုဘက်မှာ ငိုနေလေပြီ။

“ မဟုတ်ဘူး . . . မဟုတ်ဘူး . . အဲ . . ကို အခု လာပြီကွာ ၊ ခဏလေးပဲ စောင့်နော် ၊ အောက်ကို ရောက်နေပြီ  ”

“ ဘာဖြစ်တာလဲ ကိုဇော် ”

ဘေးက ကိုထွန်းရဲ့ မေးသံကြားမှ ကိုယ့်ဘေးမှာ လူတစ်ယောက် ရှိနေသေးတယ် ဆိုတာကို ပြန်ပြီး သတိရမိတော့၏။

“ ဟို . . ဟို . . . ကိစ္စရှိလို့ပါ ကိုထွန်း ၊ နောက်မှ တွေ့မယ်ဗျာ။ ကိုထွန်းလည်း ဆေးခန်းနဲ့ မြို့ထဲ သွားလိုက်ဦးနော်။ ကျွန်တော်လည်း လစ်လိုက်ဦးမယ် ”

ပါးစပ် အဟောင်းသားနဲ့ အံ့သြကာ ငေးပြီး ကျန်နေခဲ့တဲ့ ကိုထွန်းကို ပစ်ထားခဲ့ပြီး ကျွန်တော် အခန်းဆီကို အပြေးတပိုင်းနဲ့ ရောက်လာခဲ့၏။ အခန်းက ကျွန်တော့် အိပ်ယာနေရာလေးကိုလည်း ရောက်တယ် ဆိုရင် ကျွန်တော့်လက်ထဲမှာ ကိုင်လာတဲ့ ထမင်း ဖော့ဘူးလေးကို ဘယ်မှာ တင်လိုက်မိမှန်း မသိတော့ဘဲ ကျွန်တော် ကွန်ပျူတာမှာ တပ်ထားတဲ့ Headset ကို လှမ်းကိုင်လှမ်းယူပြီး တပ်လိုက်မိသည်။ ပြီးတော့ Call  ကို နှိပ်၍ . . . . . .

xx စိတ်ဆိုးနေတာလား ”

“ မဆိုးပါဘူး . . . ဟင့် . . . ဝမ်းနည်းတာပေါ့လို့.  . ။ ကိုက . . ဟင့် . . . ပြန်လာလာချင်း နှိုးမယ် . . ဟင့်. . . ဆိုပြီး အခုတော့ . . . ဟင့်. . . မသိချင်ယောင် ဆောင်သွားတာကိုး . . ဟင့် . . ”

“ မဟုတ်တာ xx ရယ် ၊ ကိုက xx နည်းနည်းလေး ပိုအိပ်ရအောင် မနှိုးတာပါ ”

“ မဟုတ်ဘူး . . ဟင့်. . . ကို ဂရုမစိုက်တာ . . . ဟင့် . . . ”

ချစ်သူကတော့ တကယ်ကို ငိုနေလေပြီ။ ဗိုက်ဆာတာ ဘယ်ကို ရောက်မှန်းမသိ ၊ မနက်စာ စားဖို့ ဝယ်လာတာ ဘယ်ကို ရောက်မှန်း မသိ။ ချစ်သူချော့နည်း မတတ်သူ တစ်ယောက် အဖို့ ကပြာကယာ ဟိုကုတ် ဒီကုတ်နဲ့။

“ မ. . ဟုတ်. . ဘူး . . လေ xx ရယ်. . . အာ ဘယ်လို ရှင်းပြရမှန်းတောင်မှ မသိတော့ဘူး။ ”

“ မသိဘူး xx ကတော့ ကို ဂရုမစိုက်တာပဲ သိတယ် ”

“ကိုကလေ . . . ကိုက. . .ဟို. . ဟို . . . ”

“ ဘာမှ ကိုက မနေနဲ့ ၊ xx ကို တကယ်ရော ချစ်တာ ဟုတ်ရဲ့လား ”

“ မေးစရာတောင်မှ မလိုပါဘူး xx ရာ ”

“ ဒါဆို အခု ကဗျာရေးပေး ”

“ အခု ချက်ချင်းကြီးလား ”

“ အင်းပေါ့ ၊ မရေးပေးဘူး ဆိုရင်တော့ ကို xx ကို ဂရုမစိုက်တာ ၊ မချစ်တာ သေချာသွားပြီ ”

“ အဲဒီလိုလည်း မဟုတ်ဘူးလေကွာ ၊ ချက်ချင်းကြီး ဆိုတော့လည်း . . . . ”

“ တကယ်လို့ . . . ကို့က xx ထက်ပိုချစ်ရင် အမြဲတမ်း xx အကြောင်းတွေးနေမိပြီး ကဗျာတွေ ရေးဖြစ်နေမှာပေါ့ ၊ မဟုတ်ဘူးလား ”

“ ကိုလည်း xx အတွက် ရေးပေးတာပဲလေ ”

“ ဒါဆို ကိုက xx ထက် ပိုချစ်တယ် ဆိုရင် အခု ကဗျာ တစ်ပုဒ် ရအောင် စပ်ပေး ”

ဘာပဲ ပြောပြော xx စိတ်ကောက် အနည်းငယ် ပြေသွားပြီ ဆိုတာ သူ့ရဲ့ အသံကနေ ဖော်ပြနေပါသည်။ ဒီလို အခြေအနေမှာ xx ကို ထပ်ပြီး စိတ်အနှောက်အယှက် မဖြစ်စေချင်ပါဘူး။

“ ဒါဆိုလည်း ရေးပေးရမှာပေါ့ ၊ အခုတော့ ကို ဗိုက်ဆာတယ် ၊ ဝယ်လာတာ စားရင်း စဉ်းစားမယ်လေ ၊ စားပြီးတာနဲ့ ရေးပေးမယ် ၊ ဒီလို ရမလား ”

“ တကယ်နော် ၊ စားပြီးတာနဲ့ တကယ် ရေးပေးရမှာနော် ”

“ ရေးပေးမှာပေါ့ xx ရယ် ”

“ ဒါဆို စားစား ၊ xx ကဂျီကကြောင် ကျနေတာနဲ့ ကို ဗိုက်ဆာနေတာကို မစားရသေးဘူး ဖြစ်နေပြီ . . ဟိဟိ ”

ဟော. . တွေ့လား ၊ အဲဒီလို ကိုယ့်ချစ်သူလေးက လိမ္မာပြီး ချစ်ဖို့ ကောင်းသူ တစ်ယောက်ပါ။ တစ်ခါတလေ ဂျစ်တီးဂျစ်ကန် လုပ်တာလေးက လွဲရင် စိတ်ကောင်းရှိသူလေး တစ်ယောက်ပါ။

“ ကို စားလို့ ပြီးပြီလား ၊ စားတာကလည်း ကြာလိုက်တာ ”

“ အင်း. . အင်း . .ပြီးတော့မယ် ၊ ကိုက အစားစားရင် ကြာတာ xx သိပါတယ် ”

“ မြန်မြန်စားလေ ၊ ကဗျာကိုရော စဉ်းစားထားရဲ့လား  ”

“ စဉ်းစားထားပြီးပြီ ချရေးယုံပဲ ”

“ ဒါဆို စားပြီးရင် ရေးပေးတော့ ”

“ အေးအေး ရေးပေးမယ် ”

စားထားပြီးတဲ့ ဖော့ဘူးလေးကို အနောက်က အမှိုက်ပုံးထဲကို သွားထည့်ပြီး ရေဘူးကို ဖွင့်ပြီး ရေတစ်ငုံကို သောက်ချလိုက်ပြီး Headset ကို ပြန်တပ်လိုက်သည်။ ပြီးတော့ xx ရဲ့ Gtalk Box ဘက်မှာ ကဗျာလေး တစ်ပုဒ် ချရေးလိုက်သည်။

မ ---- ရဲသူ

ချစ်တာခြင်းပြိုင်
ကိုယ်ကနိုင်မယ် သိပေမဲ့
ချစ်သူရှုံးမှာ . . စိုး
မပြိုင် ရဲပါဘူး။

မြတ်နိုးတာခြင်းပြိုင်
ကိုယ်ကပိုမယ် သိပေမဲ့
ချစ်သူငိုင်မှာ . . စိုး
မတိုင်း ရဲပါဘူး။

ကြင်နာတာခြင်းပြိုင်
ကိုယ်ကများမယ် သိပေမဲ့
ချစ်သူ သိမ်ငယ်မှာ . . စိုး
မနှိုင်း ရဲပါဘူး။

သတိရတာခြင်းပြိုင်
ကိုယ်ကကဲမယ် သိပေမဲ့
ချစ်သူ အားငယ်မှာ . . စိုး
မယှဉ် ရဲပါဘူး။

လွမ်းတာခြင်းပြိုင် 
ကိုယ်ကသာမယ် သိပေမဲ့
နောက်လွမ်းရမှာ ကြောက်လို့ 
ခုကတည်းက . . အစလုပ်
မလွမ်း ရဲပါဘူး။ ။ 

ကိုဇော်

ကဗျာလေးကို xx ရဲ့ Gtalk Chat Box လေးမှာ ရေးပြီးတော့ Enter ကို နှိပ်ကာ ပို့ပေးလိုက်သည်။ ဟိုဘက်မှ ချစ်သူရဲ့ ကိုယ့်ကဗျာကို အသံထွက် လိုက်ဖတ်နေသံ ကြားရသည်။

“ - - - -  ”

တချို့နေရာတွေမှာ ရပ်သွားကာ အထပ်ထပ် သူရွတ်နေသံကို ကြားနေရ၏။ ကဗျာ တစ်ပုဒ်လုံး ဖတ်လို့ ပြီးမှ. . . . .

“ ကို အခု ချက်ချင်း ချရေးလိုက်တဲ့ ကဗျာလေးကလည်း ချစ်စရာလေးပဲ ”

“ တကယ်လား ”

“ တကယ်ပေါ့ ၊ ဒါပေမဲ့ ဘာလို့ ကိုရေးတဲ့ ကဗျာတွေက အလွမ်းတွေ အရမ်းများနေရတာလဲ ဟင် ”

“ ဒါကတော့ xx ရယ် ၊ ကိုက အလွမ်းကို ခုံမင်လို့ နေမှာပေါ့ ”

“ အင်း . . ဒါလည်း ဟုတ်တယ် ၊ ကိုက အလွမ်းဓါတ်ခံကို ရှိတာ . . . အလွမ်းသမား ဖြစ်မယ် နဲ့ တူပါတယ် ”

“ ဟား . .  ဟား . . ဟား . . .”

အဲဒီတုန်းက ကိုယ် အဲဒီလို ရယ်နိုင်နေသေးပါသည်။ ချစ်သူက ကိုယ့်ကို “ အလွမ်းဓါတ်ခံ ရှိတယ် ” လို့ ဆိုခဲ့တာကို ကိုယ် ရယ်ပွဲ ဖွဲ့နေနိုင်ခဲ့ပါသည်။



“ ဒါဆို အိပ်တော့မယ်လေ ကို ”

“ အင်းးးးးးးးးးးးးးးးး ”

“ ကို မအိပ်သေးဘူးလား ”

“ အိပ်တော့မှာပေါ့ xx ရယ် ၊ ခဏလေး ကို မေးလ်စစ်နေလို့ပါ ”

“ ဟွန်း. . . ဘလော့ဂါကြီး ဆိုတော့ ဘယ်က ကောင်မလေးတွေရဲ့ မိတ်ဆက်စာကို ပြန်နေတာလဲ မသိပါဘူး ”

“ ဟား . . . ဟား . . ဟား  . . ”

“ ဘာရယ်တာလဲ ဟုတ်တယ် မဟုတ်လား ”

“ မဟုတ်တာကွာ ၊ တစ်ခါတလေတော့လည်း သူတို့ ပြောတာတွေ ၊ ရင်ဖွင့်တာတွေကို ပြန်ပြီး မျှဝေ ခံစားရတာတွေတော့ ရှိတာပေါ့ ၊ ဒါပေမဲ့ တခြား ဘာစိတ်မှတော့ မရှိပါဘူးကွာ xx ကလဲ ”

“ သြ. . . ပြောလို့ ရမလား ၊ နောက်မှ xx တို့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်နေပါဦးမယ် ”

“ ဟား ဟား ဟား . . .ပြောတတ်လိုက်တာ xx ရယ် ”

“ တော်ပြီ တော်ပြီ သူများကိုပဲ လှောင်နေတာပဲ ၊ တော်တော့ ကိုလည်း အခု အိပ်တော့ . . . သူများက အိပ်ရေးပျက်ခံပြီးတော့ သူ့ကို စောင့်နေတယ် သူက ကောင်မလေးတွေကို “ အီ ” နေတယ် ”

xx က အခုခေတ် Chatting လောကမှာ သုံးနေတဲ့ “ ကြူ ” တယ် ဆိုသော စကားလုံးကို မသုံးပါဘူး။ သူကတော့ ဒီလို ကိစ္စနဲ့ ပတ်သတ်ပြီး ပြောမယ် ဆိုရင် “ အီစီကလီ ” လုပ်တယ် ဆိုသော စကားမှ ယူကာ “ အီ ” တယ် လို့ပဲ ပြောတတ်ပါသည်။

“ မဟုတ်တာကွာ ၊ မအီပါဘူး ”

“ မအီရင် အခု အိပ် ၊ xx ငိုမှာနော် ”

xx ဒီလို ပြောရင် အပြော မဟုတ် ၊ တကယ်ကို မျက်ရည်တွေပါ ကျလာတတ်သူ ဖြစ်သည်။ ဒါဆိုရင် အရည်ပျော်ရသူက ကိုယ်ပဲ ဖြစ်သည်။

“ အဲ . .  မငိုနဲ့လေ။ ကဲ ကဲ . . . အခု အိပ်ပါပြီကွာ ”

ပြောလည်း ပြော ၊ လူကလည်း ကုတင်ပေါ်ကို လဲချလိုက်လေတော့သည်။ ကိုယ်လည်း တစ်ညလုံး အလုပ်လုပ်ထားခဲ့တာ မဟုတ်လား။ တညလုံး ထိုင်ထားရတဲ့ ဒဏ်ကြောင့် တကိုယ်လုံး ညောင်းညာ ကိုက်ခဲနေလေပြီ။

“ အား . . . . ညောင်းလိုက်တာ ”

xx နှိပ်ပေးမယ်လေ ”

တကယ်ပဲ ဟိုဘက်က ထပြီး နှိပ်ပေးတော့ မလိုလို ၊ လေလှိုင်းထဲက ချစ်သူရဲ့ အသံက နားစည်ထဲကို ဝင်ရောက်လာခဲ့သည်။ ဒီလို ဆိုရင် ကိုယ့်ရဲ့ ပင်ပန်း ညောင်းညာမှုတွေက လေအနှင်ခံရတဲ့ လဲ့မှိုလေးလိုပါပဲ။

“ အင်း . .  ဒီလို အပြောလေးတွေနဲ့တင် ကိုဇော် တို့လည်း အရည်ပျော် ကျနေတာပဲ ထင်ပါတယ် ”

“ အပြော မဟုတ်ပါဘူး ကိုရာ ၊ တကယ် လုပ်ပေးမှာပါ ”

“ ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ . . အဲဒီလို ပြောတာနဲ့တင် ကိုဇော်ကလည်း ကျေနပ်နေတာပါ ”

“ ကို ပြောပုံကြီးကလည်းနော် ”

“ ဘာဖြစ်လို့လဲ xx ရဲ့ ”

“ ဘာမှ မဖြစ်တော့ပါဘူးလေ ၊ ဒါနဲ့ ကို့ကို မေးစရာ ရှိတယ် ”

“ ပြောလေ xx

“ ကို xx ကို ပထမဦးဆုံး စပ်ပေးတဲ့ ကဗျာလေးကို မှတ်မိလား xx နာမည်လေး ပါတယ်လေ ”

“ မှတ်မိတာပေါ့ xx ရဲ့ ”

“ အဲဒီကဗျာလေးကို ပြန်ရွတ်ပြပါလား ၊ ပြီးတော့ ကို နဲ့ xx ဘယ်လို စပြီးတော့ ဆုံတယ် ဆိုတာကို ကို့ဘက်က ခံစားချက်ကနေ ပြောပြပါလား ”

“ အင်း . . . ဒီတော့ . .  ”

“ ဒီတော့ မဟုတ်ဘူးလေ ၊ ကိုက အဲဒီကဗျာလေး ရွတ်ပြပြီး ကိုနဲ့ xx စဆုံတဲ့ အဖြစ်အပျက်တွေကို ကို့ဘက်က ခံစားချက်တွေ ပြောပြပြီး xx ကို ချော့သိပ်ပေါ့။ xx က ဒါတွေ နားထောင်ပြီး အိပ်မယ် ”

“ တကယ် အိပ်မှာလား ”

“ အင်း . . တကယ် အိပ်မှာ ”

“ ဒါဆို ကိုပြောပြနေတဲ့ အခါမှာ ဘေးကနေ ဝင်မမေးရဘူးနော် ”

“ ဟုတ် . . . . ”

“ ပြီးတော့ . . အိပ်ပျော်အောင်လည်း အိပ်ရမယ် ”

“ ဒါဆို xx အိပ်ပျော်သွားရင် ကိုက ပြောရက်ကြီး ဖြစ်နေမှာပေါ့ ”

“ ရတယ် ၊ နည်းနည်းကြာသွားရင် ကို ခေါ်ကြည့်မယ် ၊ xx မအိပ်သေးဘူး ဆိုရင် ပြန်ထူး ၊ တကယ်လို့ ပြန်မထူးတော့ဘူး ဆိုရင် နောက်နေ့ကျရင် ဆက်ပြောမယ်  ဟုတ်ပြီလား ”

“ ဟုတ်. . . ဒါ ကောင်းတယ် ၊ ဒါဆို အခု စပြောတော့ ကို ”

“ အင်း . . . ”

သက်ပြင်းလည်း မဟုတ် ၊ အားယူခြင်းလည်း မဟုတ်သော လေပူတစ်ချက်ကို ကိုယ် မှုတ်ထုတ်လိုက်မိသည်။

“ ကို ပြောတော့လေ ”

“ အင်း . . ကဗျာလေး အရင် ရွတ်မယ် ”

“ ဟုတ်. . . ”

“ ကဗျာ နာမည်က “ အချစ်ဆုံး . . သို့ ” တဲ့ . . . . ကဗျာလေးက xx ကိုပဲ တိုက်ရိုက် ရည်ရွယ်ပြီး ရေးပေးထားတာ . . . ကဗျာက ဒီလို စတယ် ”

ဆက်လက် ဖော်ပြပါမည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

26 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

အရေးကောင်းတော့လည်းတစ်ကယ်များလားထင်မိတယ်။

Anonymous said...

ဝတ္ထုရှည်ထင်တယ်...
ဆက်လက်ဖတ်ရှူ့ရန်အတွက် စောင့်မျှော်နေပါသည်ရှင်

SHWE ZIN U said...

အမယ်လေး ကိုဇော်ရယ်

ဖတ်ရင်းနဲ့ ရူးချင်လာတယ် အချစ်ဆိုတာ အဲလို

ကဲ စောင့်မျှော်နေမယ်နော် ရေးတာလည်း ကြည့်ရေးအုန်းဗျ တော်ကြာ ဘူပိတ်သွားအုန်းမယ်

လေဘယ်မှာတော့ ဝတ္ထုရှည်လို့တတ်ထားတာဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အုပ်ကြီး said...

ကိုယ်တွေ့ အချစ်ဇာတ်လမ်းတွေထင်တယ်ဗျို့  ..
ဆက်ရန်ကိုဖတ်ပြီးမှပဲ ဆုံးဖြတ်တော့မယ်ဗျာ :)

vampire said...

ဦးဇော်
xx ဆိုတာ အမှားလား, အမြှောက်လား,ကြက်ခြေခတ်လား,
နာမည်ထည့်ရေးလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဖတ်ရတာ ပိုပြီးအသက်ဝင်သွားပါလိမ့်မယ်။
ကြည့်ရတာ နာမည်တောင် အစားထိုး ထည့်မရေးရက်ဘူးထင်ပါတယ်။ =P

Anonymous said...

ကိုယ်တွေ့ပဲဖြစ်မှာပါ
း) ဒီအရွယ်အမြီးမပေါက်တဲ့ မျောက်ရှိရိုးလားဗျ
း) ဆက်စောင့်မယ်ဗျာ


မောင်ဘကြိုင်

ဝက်ဝံလေး said...

ကိုယ်တွေ့မှန်း သိသာပါတယ်
ဘာလို့လဲ ဆိုတော့ လူပျိုဂျီး ခလုတ်တိုက်ခဲ့ဖူးမှန်းသိတယ်လေ ဟဲဟဲ

မိုးခေတ် said...

နောက်တစ်ပိုင်း မျှော်နေမယ်ဗျာ...
အခုတော့ ရေးထားတာကောင်းတာကလွဲရင်
ဘာမှပြောမထွက်သေးပါဘူး ။

ရွှေရတုမှတ်တမ်း said...

အလို..ဆက်ရန်တွေရှိသေးပါလား....
ဆက်ရန်...
ဆက်ရန်.....
ဆက်ရန်....

မြတ်မွန် said...

အေးလေ ကပ်စီးနည်းလိုက်တာ..
ဒီလောက်တောင် ရေးလာပြီးမှ
နံမည်ကြမှ ကပ်စီးနည်းနေလိုက်တာ..
ဦးဇော်ရဲ့ တစ်ကယ် ဖြစ်ပျက်ထင်ပါတယ်။
ခုတစ်လော ပျောက်ပျောက်နေတာ..
အွန်လိုင်းမှာ မတွေ့တော့ဘူး..။
ဟိဟိ..ချစ်သူကိုကြောက်လို့နေမယ်..:P

ahphyulay said...

ချစ်သူရှုံးမှာစိုးလို့ 
ချစ်ခြင်းကိုတောင် မပြိုင်ရဲပါဘူး တဲ့ ၊
တော်ပြီဗျာ..
အဲ့ ဒါနဲ့ တင်ခိုင် သွားပြီ ၊
ကြိုက်သွားပြီ။
ခိုက်သွားပြီ ဗျိုး ....။

ဆွေလေးမွန် said...

ကိုယ်တွေ့ ဖြစ်ရပ်မှန်လားမသိဘူး..

အချစ်သည် ကြည်နူး၏
အချစ်သည် နူးညံ့ ၏
အချစ်သည် ချိုသာ၏
တမ်းတမိ၏
လွမ်းလွန်းလှ၏...
မျှော်လင့်...

ပို့(စ်)လေးကိုဖတ်ပြီးသွားတော့ အဲလိုရသတွေ သွားတွေ့တယ်လို့ အဲဒါပြောတာ..

ငွေလမင်း said...

သိပ်အရေးကောင်းတာဘဲ
မင်းသားနဲ့မင်းသမီးကို မြင်ယောင်လာတယ်
တကယ်ကြီး ကိုဇော် ချစ်သူရနေပြီပေါ့
Congratulation !
ချစ်သူနဲ့ ပျော်ရွှင်သော ဘ၀လေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ.

Anonymous said...

မ............ရဲသူ ဆိုတဲ့
ချစ်ခြင်းတွေ ပြည့်နေတဲ့ ကဗျာကောင်းလေး
တော်တော် သဘောကျမိပါတယ် ။ :)

အိမ်လွမ်းသူ said...

ဘလော့ကာကြီးကို မိတ်ဆက်စာရေးတာ မဟုတ်ပါဘူးကွယ်။ကြောက်လာပြီ။ဟီး ဟီး။
မခေါ်ရဲတော့ဘူး။ အချစ်ကိုများ ခံစားလိုက်တာ
နော်။အနော့်လိုဘဲ။ (လုံးဝ ထိခိုက်လွယ် လုံးဝ ပွန်းပဲ့လွယ်)တင်ဇာမော်ဆိုထားတာပါ။ ပျော်ရွှင်
ပါစေ။အဆက်လေးကို စောင့်ဖတ်နေမယ်နော်။


အိမ်လွမ်းသူ

Anonymous said...

နာမည်လေးတတ်ပြီးရေးရင် ပိုပြီးဖတ်လို့ အသက်ဝင်မယ်
အချစ်...အချစ်...အချစ်...တကယ်ဘဲ သာယာပါလား...ဆက်ရန်ကို မျှော်နေမယ်...

အဖြူရောင်နတ်သမီး said...

ဒါ့ကြောင့် လူပျိုကြီး ကဗျာတွေဘက်လိုင်းပြောင်းနေတယ် ထင်နေတာ...
ခုတော့သိပြီ...ဒန်..တန့်တန်
:P

ကွာစေ့လေး said...

ဟလို......

*နှလုံးသား ရှိရာ* ပို့စ်ကို ဖတ်သွားပါတယ် ..
ကဗျာလေးတွေ အရမ်းလှတယ်...
အွန်လိုင်းမှာတွေ့တာပေါ့....( xx ထာဝရချစ်ပါစေ လို့ ဆုတောင်းပေးလိုက်တယ် )
ဘလောဂ်ပိုင်ရှင်ကြီး လည်း ပျော်ရွင်ပါစေ.....

ဆက်ရန်ကို စောင့်နေတယ်နော်....

သတိုး said...

ဟား... ကိုဇော့် XX ကလေးက မနိုင်ဘူးပဲ။ ကိုဇော်တစ်ယောက် ပြာနေတာ ၀မ်းသာတယ်။
ကဗျာရေးကောင်းတဲ့သူမို့ တော်သေးတာပေါ့။ နောက်ရေးဖြစ်တဲ့ ကဗျာလေးလည်း စောင့်ဖတ်ရဦးမယ်။

သဒ္ဓါလှိုင်း said...

ကိုဇော်ရေ..
မရောက်တာကြာပြီ..ခုမှစုပြီးလာဖတ်ဖြစ်တော့တယ်။
ရသတွေအများကြီးလည်းရသွားပါတယ်.။
ဆက်ရန်ကိုလည်းမျှော်နေပါတယ်.

ခင်မင်စွာ
သဒ္ဓါ

sosegado said...

တတ်လည်းတတ်နိုင်တဲ့သူ၊
ဒါပေမဲ့ xx ကနည်နည်း X ဖြစ်လာလို့၊
xx တွေကများနေတော့၊
ကိုယ်က အိပ်ခ်ျ အိပ်ခ်ျ လို့ဖတ်တယ်၊
ဘေးက တန်းတန်း တဲ့ နောက်တော့ တွမ်တီးဆိုပြန်တယ်၊
တူမလေးကို မေးလိုက်တော့ အမှားအမှားတဲ့၊
တူလေးကဝင်ပြောတယ် ခရော့ ခရော့၊
တူမလေးက မခံဘူး ကြက်ခြေခတ် ကြက်ခြေခတ် ဆိုပြီး
ရန်ဖြစ်ကြပြန်ရော၊ ရန်မဖြစ်ကြပါနဲ့လို့ပြောတော့၊
အဲဒါဆို ဘယ်လဲ ဦးဦးပြော။
ခလေးနှစ်ယောက်ကြားမှာ
ကိုဇော်ရေ အဲဒါ ဘယ်လဲ?
…..
ပျော်ရွှင်ပါစေ၊ ဟဲဟဲ

ကိုအောင် said...

ချစ်တတ်နေပြီလား ဗျ ... :P

မောင်မိုး said...

ဂျူနီယာကြီး...လန်ဒန်မြေပဲယိုတော့ မလုပ်နဲ့နော်။ ရဲရဲတက်၊ ရဲရဲတိုက်ဖို့တော့လိုမယ်နော်။ ညှင်းး...ညှင်းး

blackcoffee said...

အမလေးလေး.. ချစ်နေလိုက်ကြတာများ ... မနာလိုဖြစ်တယ်ဗျို့ ... မနာလိုဘူး..

လသာည said...

ကောင်မလေးက တော်တော်ချစ်တတ်တာပဲ။
ဆက်ရန် မျှော်နေပါတယ်း))

အင်္ဂါဟူး said...

တော်တော်မောအောင် ဖတ်ရပါလား ။ပြုံးပြီးရေးတယ် ဦးဇွတ်ရယ်။ ၀တ္ထုဇတ်လမ်းလဲမဟုတ်ဘူး။ အရေးကောင်းလို့တကယ်လို့လဲ မထင်နဲ့ မကွန်ရေ တစ်ကယ်ဗျို့။သူနဲ့တွေ့ဖို့လည်း သူ့ချစ်သူ xx ဆီမှာခွင့်တောင်းရတယ်။ အရင်ကဆို အေး လာမယ်ညီ ဆိုပြီး ၀ိုင်းဒိုင်းရောက်လာတတ်တဲ့သူ။ ခုကျတော့ ကိုယ်ကသူ့ချစ်သူဆီ ခွင့်တောင်းပေးရသေးဒယ်။ ဟွန့် အခုကတည်းက အိမ်ထောင်ကျစ ပြုနေတယ်။ ခွိ ခွိ . နောက်တစ်ခါ နံမည်ထည့်ရေးမယ် ပြောထားတယ်နော် မရေးရင်တွေ့မယ် မှတ်။