မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 November 2010

8 မေတ္တာ ရှာပုံတော် ( ၄ )



ဒီနိုင်ငံက လူတွေမှာ ရှိနေတဲ့ လူဆိုးတွေက သူများဆီက ပိုက်ဆံကို လုပြီးရင် လည်ပင်းကို ဓါးနဲ့ လှီးခဲ့မှ စိတ်အေး ကိစ္စပြတ်တယ်လို့ ယူဆထားတဲ့သူတွေ။

သားငယ်လည်း ရောက်သွားရော သူ့တို့ အရပ်ဒေသ အကြောင်းကို မသိလေတော့ သားငယ်က သူ့လိုရင်း ဖြစ်တဲ့ ထူးဆန်း ရှားပါးတဲ့ ပစ္စည်းကို သူဝယ်လိုတယ်လို့ ရောက်နေရာ နေတိုင်းမှာ ဝင်မေး၏။ ထူးခြားတယ် ဆိုတဲ့ ပစ္စည်း ရှိသူတွေကလည်း သူတို့ ပစ္စည်းတွေကို သားငယ်ကို ထုတ်ပြကြသည်။ ဒါပေမဲ့ သားငယ်က စိတ်တိုင်းမကျ။ တချို့ကျတော့လည်း သူတို့ ပစ္စည်းကို အရင်မပြ ၊ သားငယ်မှာ သူ့ပစ္စည်းကို ဝယ်နိုင်ရဲ့လား ဆိုပြီး သားငယ်မှာ အသပြာ ဘယ်လောက်ပါလဲ လို့ စုံစမ်းမေးမြန်း ကြသည်။

သားငယ်ကလည်း ဒီအရပ်ရဲ့ အခြေအနေကို ဘာမှ မသိဘူး ဆိုတော့ သူ့မှာ ပါလာတဲ့ ရွေငွေ ကျောက်သံ ပတ္တမြားတွေကို ထုတ်ပြမိလေသည်။ ပြီးတော့ ထူးဆန်းတဲ့ ပစ္စည်း ရှိတယ် ဆိုသူရဲ့ ပစ္စည်းကို ကြည့်တော့ သူ စိတ်တိုင်းမကျ။ ဒါ့ကြောင့် မဝယ်ဖြစ်။ သားငယ် မဝယ်ဖြစ်သော်လည်း သားငယ်မှာ အဖိုးတန် ကျောက်သံပတ္တမြား နဲ့ ရွှေငွေတွေ ပါလာတယ် ဆိုတာ တစ်ဆင့်စကား တဆင့်နားနဲ့ အားလုံး သိနေကြ၏။

တစ်နေ့တော့ သားငယ်ဆီကို လူတစ်ယောက် ရောက်လာလေသည်။

“ ထူးဆန်း ရှားပါးပြီး အဖိုးတန် ပစ္စည်းကို ရှာနေတယ် ဆိုတာ ညီငယ်လား။ ”

ဒီလူက မေးသည်။ ဒီတော့ သားငယ်က. . .

“ ဟုတ်ပါတယ် နောင်ကြီး။ နောင်ကြီးမှာ ရောင်းဖို့ ရှိနေလို့လား။ ”

“ ရှိပါတယ် ညီငယ်။ ပစ္စည်းက ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာတာ ဆိုတော့ တန်ဖိုးတော့ ကြီးတယ်။ ညီငယ် ဝယ်ယူနိုင်ပါ့မလား။ ”

“ ဒီအတွက်တော့ မပူပါနဲ့ နောင်တော် ၊ ကျွန်တော့်မှာ ဝယ်ယူဖို့ အဖိုးအခ လုံလောက်စွာ ပါလာပါတယ်။ အခု ကျွန်တော် နောင်တော် ရောင်းမယ် ဆိုတဲ့ ပစ္စည်းကို ကြည့်လို့ရမလား။ ”

“ အလွန် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဒီလို နေရာကို ယူလာပါ့မလား ညီတော်။ နောင်တော်အိမ်မှာ ထားခဲ့ပါတယ်။ ညီတော် ဝယ်ယူလိုတယ် ဆိုရင်တော့ လိုက်ကြည့်နိုင်ပါတယ်။ ”

သားငယ်ကလည်း အလွန်ကို ဝယ်ယူချင်နေတာ ဆိုတော့ . .

“ ဟုတ်ကဲ့။ ကျွန်တော် အခုပဲ လိုက်ကြည့်ပါ့မယ် နောင်တော်။ ”

ဆိုပြီး လိုက်ပါသွားတော့၏။ ဒီလူခေါ်ဆောင်ရာ လမ်းကြိုလမ်းကြား ၊ အိမ်ကြိုအိမ်ကြားကို တော်တော် များများ လိုက်ပါသွားပြီး တစ်နေရာ ရောက်တော့ ဒီလူက အိမ်တံခါး ရှေ့မှာ ရပ်လိုက်ပြီး အထဲကို တံခါးခေါက် လိုက်လေသည်။

ဒီတော့မှ အိမ်တံခါးက ပွင့်လာ၏။ လာရောက် ဖွင့်ပေးသူက လွန်စွာမှ အားအင် တောင့်တင်းသော လူကြီး တစ်ယောက်။ သားငယ်ကတော့ ဘာမှ မသိပဲ အိမ်ထဲကို ဝင်လိုက်တော့ အိမ်တစ်ခုလုံးက ကော်ဇောတွေနဲ့ ပြည့်နေ၏။ ဒီအိမ်က ကော်ဇော ရောင်းတဲ့ အိမ်လို့ပဲ သားငယ်လည်း ထင်လိုက်မိသည်။

“ ကျွန်တော့်ကို ရောင်းမယ် ဆိုတဲ့ ရှားပါး အဖိုးတန်တဲ့ ပစ္စည်း ဆိုတာ ဘယ်ဟာပါလိမ့်။ ”

သူ ဒီလို မေးလိုက်တော့ သူ့ကို ခေါ်လာတဲ့ လူကြီးက ဗလတောင့်တောင့်နဲ့ လူကြီးကို မေးဆက်ပြသည်။ ဒီတော့ ဗလကြီးက အခန်းထောင့် တစ်နေရာမှာ သေသေချာချာ အဝတ်နဲ့ ပတ်ထားတဲ့ အလိပ်ကြီး တစ်ခုကို သွားယူလာတော့သည်။ ပြီးတော့ သားငယ်ရှေ့မှာ ဖွင့်ပြီးတော့ ဖြန့်ပြလိုက်တော့ ဟောင်းနွမ်း လွန်းလှနေပြီ ဖြစ်သော ကော်ဇော တစ်ချပ်။ ဒီကော်ဇောကို ကြည့်ပြီး သားငယ်လည်း အံ့သြသွား၏။

“ ဒီလို ကော်ဇောဟောင်း တစ်ချပ်ကို ရောင်းတယ် ဆိုတာတော့ အံ့သြတယ်ဗျာ။ ဒီလို ကော်ဇောတစ်ချပ်က ဘာများ အသုံးဝင်မှာလဲ။ ”

ဒီတော့ သားငယ်ကို ခေါ်လာတဲ့ လူကြီးက ပြုံးပြီး .. . .

“ ဒီလို မပြောပါနဲ့ ညီတော်။ ဒါက ညီတော် ဒီကော်ဇောနဲ့ စွမ်းရည်ကို မသိသေးလို့ပါ။ ဒီကော်ဇောက သာမာန် ကော်ဇော မဟုတ်ပါဘူး။ ဒီကော်ဇောက “ ကော်ဇောပျံ ” ဖြစ်ပါတယ်။ ”

“ ဘယ်လို ။ ကော်ဇောက ပျံတယ် ဟုတ်လား။ မယုံနိုင်စရာပဲ။ ”

“ အဟုတ်ပေါ့ ညီတော်ရယ်။ ဒါကို “ ကော်ဇောပျံ ” လို့ခေါ်တယ်။ ဒီကော်ဇောပျံရဲ့ ထိပ်က အကွက်လေးမှာ နောက်ဆုံး ရပ်ပြီး သူ့ကို အမိန့်ပေးဖူးတဲ့ သူရဲ့ အမိန့်ကိုပဲ နာခံတယ်။ ”

“ ယုံတော့ မယုံနိုင်စရာပဲ။ ဒါပေမဲ့ တကယ်သာ ဆိုရင် ညီတော့်ကို အခု လက်တွေ့မြင်ရအောင် စမ်းပြစမ်းပါ။ ”

သားငယ်က ဒီလိုပြောတော့ လူကြီးက ဟောင်းနွမ်းနေတဲ့ ကော်ဇောလေးကို သေချာကြည့်ပြီး. . .

“ ငါ အမိန့်ပေးနေတယ်။ ထ စမ်း . . . ထ လိုက်စမ်း။ ”

လို့ အမိန့်ပေးလိုက်တယ် ဆိုရင်ပဲ ကြမ်းပြင်ပေါ်မှာ ပြားပြားမှောက် ခင်းနေတဲ့ ကော်ဇောလေးဟာ သက်ရှိတစ်ကောင် အလား။ တဝုန်းဝုန်း အသံတွေ ပေးပြီး ကြမ်းပြင်ကနေ လေထဲကို မြောက်ကြွ လာလေတော့၏။

ဒါကို သားငယ်က လက်တွေ့မြင်ရတော့ အံ့သြလွန်းလို့ ပါးစပ် အဟောင်းသားလေးနဲ့ ဖြစ်နေခဲ့သည်။ သူ့မျက်လုံးကိုလည်း သူ မယုံနိုင်လို့ ပွတ်ကြည့်မိတာ အကြိမ်ကြိမ်။ ဒီလို ထူးဆန်းသော ပစ္စည်း ရှိလိမ့်မယ်လို့ကို သူ မထင်ထား။ သားငယ် အလွန် ကြိုက်နှစ်သက် သွားလေပြီ။

“ ညီတော် ဒီကော်ဇောပျံကို ဘယ်လောက် ပေးဝယ်ရမလဲ။ ”

သားငယ်ကို ခေါ်လာသော လူကြီးကို သားငယ်က မေးလိုက်သည်။ ဒီတော့ လူကြီးက လေထဲမှာ ပျံနေတဲ့ ကော်ဇောပျံလေး ဆီကနေ မျက်စိကို ခဏ သားငယ်ဆီကို ခဏရွေ့ပြီး. . .

“ ညီတော့်မှာ ကော်ဇောပျံကို ဝယ်ဖို့ အခု ပိုက်ဆံပါလို့လား။ ”

“ နောင်တော် ဘာသဘောနဲ့ ပြောတာလဲ ခင်ဗျ။ ညီတော် ဒီကော်ဇောပျံကို ဝယ်နိုင်ပါတယ်။ ညီတော်က ဘုရင့်သားတော် တစ်ပါးပါ။ ”

“ ဘုရင့်သားတော် ဆိုတာ ထားပါ ညီတော်။ အခု ပြောနေတာက ဝယ်နိုင်ဖို့ အသပြာ လုံလုံလောက်လောက် ပါရဲ့လားလို့ မေးတာပါ။ ”

ဒီတော့ ဘာမှ မသိတဲ့ သားငယ်က သူ့ရဲ့ ကျောနောက်မှာ လွယ်လာတဲ့ ဝါးကျည်တောက်လေးကို ဖြုတ်လိုက်ပြီး ဝါးကျည်တောက်ထဲက ပစ္စည်းတွေကို သူ့လက်ထဲကို သွန်ချပြလိုက် လေတော့သည်။

“ အခု လောလောဆယ်တော့ ညီတော့်မှာ ပါလာတဲ့ အသပြာနဲ့ ရွှေငွေ ကျောက်သံပတ္တမြားတွေပါပဲ။ ဒါမှ မလောက်သေးဘူး ဆိုရင် ညီတော် တိုင်းပြည် ပြန်ပြီး ယူပေးပါ့မယ်။ ”

သားငယ် လက်ထဲ သွန်ချလိုက်တဲ့ ရွှေငွေ ကျောက်သံပတ္တမြားတွေရဲ့ တန်ဖိုးက နည်းတာ မဟုတ်။ ဒီတော့ လူကြီးက ပြုံးရင်း ပြောလေသည်။

“ ဒီလောက်ပါမှတော့ ရပါပြီ ညီတော်။ ”

“ ဒါဆို ညီတော့်ကို ကော်ဇောပျံ အခုပါလာတဲ့ ပစ္စည်းတွေနဲ့ တန်ဖိုးဖြတ်ပြီး ရောင်းတော့မယ်ပေါ့။ ”

ဒီတော့ လူကြီးက ကောက်ကျစ်စွာ ပြုံးပြီး . . .

“ ဒီလောက် အဖိုးတန်တဲ့ ကော်ဇောပျံကို အရူးတွေပဲ ရောင်းလိမ့်မယ် ညီတော်။”

“ ဟင် . .။ ဒါဆို နောင်တော်ပြောတော့ ဒီပစ္စည်းတွေနဲ့ ရပါပြီဆို. ။ ”

“ ဟုတ်တယ်လေ။ ဒီပစ္စည်းတွေနဲ့ ရပါပြီ ဆိုတာ မင်းမှာ ပါလာတဲ့ ပစ္စည်းတွေ ငါတို့ ရပါပြီ လို့ ပြောတာ။ ”

“ ဘယ်လို . . . ၊ ညီတော် နားမလည်ဘူး။ ”

“ ဟားဟားဟား . . . ကျောချတာတောင်မှ ဓါးပြမှန်း မသိသေးဘူးကိုး။ ငါ ပြောတာက မင်းဆီမှာ ပါလာတဲ့ ပစ္စည်းတွေကို ငါတို့ ဓါးပြ တိုက်ယူထားလိုက်ပြီ လို့ ပြောတာ။ သိပြီလား။ ”

“ ဟာ . . နောင်တော်ကလည်း နောက်နေသေးတယ်။ ”

“ နောက်တာ မဟုတ်ဘူးကွ။ ငါတို့က ဒီနယ် တဝိုက်မှာ ကျက်စားနေတဲ့ ဓါးပြတွေပဲ ၊ မင်းက ထူးဆန်းတဲ့ ပစ္စည်းရှာနေတယ် ဆိုလို့ ဒီအထိ ရောက်အောင် မြားခေါ်ပြီး ကော်ဇောပျံကို ပြရင်း မင်းပစ္စည်းတွေကို ကြည့်တာ။

တကယ်လို့ မင်းမှာ ပစ္စည်းတွေ တစ်ခါတည်း ယူမလာမှာ စိုးလို့ ခုနက ထုတ်ပြခိုင်းတာ သဘောပေါက်ပြီလား။ တချို့က ဒီလို အလုခံရမှာ စိုးလို့ တစ်နေရာရာမှာ ဝှက်ထားတတ်တယ်လေ။ အခုတော့ မင်းမှာ ပစ္စည်းတွေ တစ်ခါတည်း ပါလာပြီ ဆိုတော့ . . . ကဲ မင်းပစ္စည်းတွေ ငါ့ကို ပေးပေတော့ . . .။ ”

“ သြော်. . ခင်ဗျားတို့က ဒီလိုကိုး။ ဒါပေမဲ့ ကျုပ်ဆီက လွယ်လွယ်ရမယ် ထင်နေလား။ ကျူပ်က ဓါးသိုင်း ပညာရှင် ၊ ကျုပ်တိုင်းပြည်မှာ ဘယ်သူ့မှ ကျုပ်ကို နိုင်တာ မဟုတ်ဘူး။ ကဲ လာလေဗျာ။ ကျုပ်ဆီက ပစ္စည်းလိုချင်ရင် ကျုပ် ဓါးသိုင်းကိုတော့ နိုင်အောင် ချရမှာပေါ့။ ”

ဒီလို သားငယ်ကလည်း ပြောရော။ လူကြီးက ဘေးဘီကို ကြည့်ပြီး လက်ခုပ်တီး လိုက်လေ၏။ ဒီတော့ သားငယ်ကို ဝန်းရံပြီး လူကြီးရဲ့ တပည့်တွေ အလျှိုလျှို ပေါ်လာတော့သည်။ ဒါပေမဲ့ ဓါးစွမ်း ထက်လှတဲ့ သားငယ်ကိုတော့ ဘယ်သူ့မှ မယှဉ်နိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် တိုက်ပွဲမှ ကျကုန်လေသည်။ ဒါပေမဲ့ တစ်ယောက်ကျ သွားလေ နောက်တစ်ယောက် ထပ်ထွက်လာလေနဲ့ ကြာလာတော့ သားငယ်လည်း အများနဲ့ တစ်ယောက်ဆိုတော့ လက်ပန်းကျလာ၏။

ဒီအတိုင်း ငါ ရိုးရိုးတော့ တိုက်လို့ မရဘူးလို့ သားငယ်က တွေးမိပြီး ဥာဏ်ကူဖို့ စဉ်းစားကြည့်တော့ ရုတ်တရက် ခုနက သူ့ကို နမူနာအဖြစ် ဖြန့်ပြထားတဲ့ ကော်ဇောပျံက လေထဲမှာ ပျံဝဲလျက် ရှိနေတုန်း။ သားငယ်ရဲ့ ဓါးစွမ်းကြောင့် ကိုယ့်ကိုယ်ကိုယ် အထိခိုက် မခံချင်သူတွေက မိုက်ရူးရဲ မတိုးဝင်ကြ။ သူတို့ ဒီလို တွေဝေနေတဲ့ အချိန်မှာ သားငယ်က ဘယ်သူမှ မထင်မှတ်တာ တစ်ခုကို ရုတ်တရုက် လုပ်လိုက်လေသည်။

ဒါကတော့ သူ လေပေါ်မှာ ပျံတက်နေတဲ့ ကော်ဇောပျံပေါ် ခုန်တက်လိုက်တာပဲ။ ဓါးပြ ခေါင်းဆောင်ကြီးရဲ့ ပြောကြားချက်အရ ကော်ဇောပျံရဲ့ ကော်ဇောပျံလေးရဲ့ ထိပ်က အကွက်လေး ထဲမှာ ရပ်သူရဲ့ စကားကို နားထောင်တယ် လို့ ပြောတယ် မဟုတ်လား။ သားငယ် ဒီလို မထင်မှတ်ပဲ ကော်ဇောပျံပေါ် ခုန်တက်ပြီး ထိပ်က အကွက်လေးကို နင်းလိုက်ပြီး . . .

“ ပျံစေ . . ၊ အမြင့်သို့ ပျံတက်စေ ။ ”

လို့ အမိန့်ပေးတော့မှပဲ အံ့အားသင့်နေတဲ့ ဓါးပြခေါင်းဆောင် နဲ့ လက်အောက်ငယ်သားတွေ သတိဝင်လာပြီး သားငယ်ရဲ့ ကော်ဇောပျံပေါ် ခုန်တက်ကြတယ်။ မှီရာဆွဲပြီး တွဲလွဲ ခိုတတ်ကြ၏။ ဓါးပြ ခေါင်းဆောင်ကြီးကလည်း “ ရပ်စမ်း. . ကော်ဇောပျံ ၊ အခု မြေပေါ်ဆင်းလိုက်စမ်း ။ ” ဆိုပြီး အော်ဟစ် အမိန့်ပေးနေပေမဲ့ ကော်ဇောပျံရဲ့ ထိပ်ပိုင်း အကွက်လေးမှာ ရပ်ပြီး အမိန့်ပေးနေတဲ့ သားငယ်စကားကိုသာ နားထောင်နေတဲ့ ကော်ဇောပျံကတော့ သူ့ကို ဘယ်လိုမှ ဂရုမစိုက်တော့ဘူး။

သားငယ်ကတော့ ကော်ဇောပျံကို မြင့်နိုင်သမျှ မြင့်အောင် ပျံရင်း ထွက်ခွာလာခဲ့လေသည်။ ဒါပေမဲ့ သူ့မှာ လွတ်လွတ်လပ်လပ်တော့ ပျံလာခဲ့ရတာတော့ မဟုတ်။ သူ့ရဲ့ ကော်ဇောပျံပေါ်မှာ ဓါးပြ ၄ ယောက်က တွယ်လျက် လိုက်ပါလာကြ၏။ နှစ်ယောက်က ကော်ဇောပျံပေါ်ကို ရောက်နေပြီး နောက်ထပ် နှစ်ယောက်ကတော့ တွယ်လျက် လိုက်ပါလာကြသည်။ ဒါပေမဲ့ ကော်ဇောပျံကို ပဲ့ထိန်းနေသူ သားငယ်အတွက် ဘယ်လိုမှ မခက်လှပါ။

“ တည့်တည့် ပျံသန်းစေ။ ”

လို့ သားငယ် အမိန့်ပေးပြီး ကော်ဇောပျံပေါ် ရောက်နေတဲ့ ဓါးပြနှစ်ယောက်ကို လှည့်ပြီး ရင်ဆိုင် လိုက်၏။ တကယ်တော့ ဓါးစွမ်းထပ်လှသော သားငယ်ကို ဘယ်လိုမှ မယှဉ်နိုင်ကြ။ တစ်ယောက်ပြီး တစ်ယောက် ကော်ဇောပျံ ပေါ်တက်လာပြီး တစ်ယောက်ပြီး တစ်ယောက် သားငယ်ရဲ့ ဓါးဒဏ်ရာနဲ့ ကော်ဇောပျံ အောက်သို့ ကျသွားခဲ့သည်။ နောက်ဆုံးတော့ ကော်ဇောပျံပေါ်မှာ တစ်ယောက်မှ မရှိတော့ဘဲ သားငယ် တစ်ယောက်တည်းသာ ရှိနေလေတော့သည်။

ဒီအချိန်မှာ သူ့ရဲ့ ကော်ဇောပျံ ရှေ့မှာ လက်ဆန့်တန်းပြီး အဘိုးကြီး တစ်ယောက် ရပ်နေတာကို သားငယ် ကော်ဇောပျံ ပေါ်က တွေ့လိုက်ရ လေတော့သည်။ 

ဆက်လက် ဖော်ပြပါမည်။


လေးစားစွာဖြင့်
ကိုဇော်

 .

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ဗုဒ္ဓေါ ....... ကော်ဇောပျံရှေ့ရပ်နေတာ ဈာန်ရ ပုဂ္ဂိုလ်ကြီးများလား....

လုပ်ပါဦးကိုရီးယား ဒါရိုက်တာကြီရယ်... ဇတ်ကလဲရှည်ပ...

Anonymous said...

ဟင်း...ပြီးအောင်ရေးလိုက်တော့ ဘာဖြစ်မှာမို့လို့လဲရှင်။
စာဖတ်သူကို သစ်ကုလားအုပ်ဖြစ်အောင်လုပ်တဲ့ ကိုဇော်
ရုပ်ဆိုးကြီးနဲ့ တွေ့ပါစေ။
...

ဝက်ဝံလေး said...

မပြီးမပြီးနိုင်သေးဘူး အညင်ကိုကတ်တယ် အဲလူဂျိးးး ပွင့်နဲ့ ညားပါစေတော် ဟွင့် အဆစ်ပါထည့်ပေးလိုက်မယ် ကြူကြူသင်းပါ ထပ်လိုချင်သေးလား ဂွမ်းပုံပါ ထည့်ပေးလိုက်အူးမယ် ဟွင့်

အဖြူရောင်နတ်သမီး said...

ဟေးးးးးးးးးးးးးးးးး
အဖိုးအိုနဲ့တွေ့နေပြီ....
ကိုဇော် ဘယ်လစ်သွားတာဒုန်းးးးးးးးး
ပြန်လာခဲ့...
ဆက်ပြောပြ..........
း(

ကွာစေ့လေး said...

လာအားပေးသွားပါတယ်...
ကိုရီးယားအပိုင်းဖြတ်တာထက်ဆိုးတယ်...
ဇာတ်သိမ်းပိုင်းကိုစောင့်မျှော်လျက်....

khin oo may said...

စိတ်ဝင်စားစရာဘဲ.

ဇွန်မ said...

စိတ်ဝင်စားတော့လည်း ဖတ်မယ်ကြံသေး ဆက်ရန်ပေါ်လာတယ်။

ငြိမ်းစိုးဦး said...

အဲဒီ ကော်ဇောကြီးလည်းစီးချင်တယ် ...
နေပြည်တော်ကို သွားချင်လို့
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com