မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 November 2010

18 ဘယ်ပါတီကို အကြိုက်ဆုံးလဲ



တချို့က ဒီလိုစာ ၊ ဒီလို ပို့စ်ကို “ ရာသီစာ ” လို့ ခေါ်တယ်။ တချို့ကျတော့ “ ခါတော်မှီ ” တဲ့။ မသိပါ . . ကျွန်တော် လုံးဝ ဒါတွေ မသိပါ။ အဲဒီလို မသိပါဘူး ဆိုတဲ့ လူကိုမှ လာပြီး မေးကြတယ် ခက်ကုန်ပါရောလား။

“ ကိုဇော် ဘယ်ပါတီကို ကြိုက်လဲ ”

တဲ့။ ဗုဒ္ဓေါ . . . ။ တချို့က တိုးတိုး မေးကြတယ်။ တချို့က ကျယ်ကျယ်လောင်လောင် မေးတယ်။ တချို့ကျတော့ မတိုးမကျယ် မေးကြတယ်။ ဟင့်အင်း သိဘူး လို့ အရိုးခံ အတိုင်း ဖြေတော့လည်း သူတို့ သဘောမတွေ့ကြ။ 

“ ဖြေပါ ကိုဇော်ကလဲ ”

ဆိုပြီး ချော့မော့ မေးသူတွေ ရှိတယ်။ 

“ ဖြေစမ်းပါဗျာ ခင်ဗျားကလဲ သွေး မရှိသလိုပဲ ”

ဆိုပြီး ခြောက်မေးသူလည်း ရှိတယ်။ တကယ်ပါဗျာ ကျွန်တော်က ဘာမှ မသိလို့ ဘာမှကို မလုပ်တာ။ ဒါကြောင့် ဒီအတိုင်းပဲ ထိုင်နေတာပေါ့ ဆိုပြီး ဖြေတာကို သူတို့က ဘဝင်မကျ။ 

“ မဖြစ်နိုင်တာဗျာ ၊ ကိုဇော် ကြိုက်တဲ့ ပါတီ တစ်ခုတော့ ရှိကို ရှိရမယ် ၊ ပြောပါဗျာ ”

တဲ့။ ဒီလိုဆိုတော့လည်း ကိုယ့်ရင်ထဲက ကြိုက်နေတဲ့ “ ပါတီ ” လေးက ခေါင်းထောင် လာပြန်ရောဗျာ။ ကျွန်တော် ပြောချလိုက်ချင်တယ်။ ဒါပေမဲ့ မဖြစ်သေးပါဘူးလေ။ ငါ ပြောလို့ မဖြစ်ပါဘုး ဆိုပြီး တံတွေးနဲ့ အတူ ပြန်ပြီး မျိုချမိတယ်  . . .  ဂလု . . . . ။ 

ဒီနေ့တော့ ငယ်ငယ်ကတည်းက စွန်လွှတ် ၊ ဘောလုံးကန် ၊ ခြင်းခတ် ခဲ့တဲ့ သူငယ်ချင်း အရင်းကြီးက ထပ်မေးပြန်ပါလေရော။

“ ကိုဇော် . . . မင်း ဘယ်ပါတီကို ကြိုက်လဲ ”

တဲ့။ ဟာ လုပ်ပြန်ပြီကွာ။ မပြောဘူး . . . ငါ လုံးဝ မပြောဘူး ဆိုပြီး ပါးစပ်ကို ပိတ်ကာ အံကို ကြိတ်ထားမိတယ်။ ကြာတော့ မေးတွေတောင်မှ တောင့်တင်း လာတယ်။ ခေါင်းတွေလည်း ထုံကျင် လာတယ်။ လူကလည်း နုံးခွေသလို ဖြစ်လာတယ်။ ငါ ပြောလိုက်ရင် ကောင်းမလား လို့လည်း တွေးမိပြန်ရော။ အို. . . ပြောလို့ မဖြစ်ပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရတယ်။ 

“ ဟေ့ကောင် ပြောလေကွာ။ ဒါလေး ဖြေဖို့ကို ဒီလောက် ကြာရလား ”

မဖြစ်ဘူး မပြောနဲ့။ ပြောလိုက်ကာမှ သူတို့ ကိုယ့်ကို အထင်မြင် လွဲသွားနိုင်တယ်။ မပြောနဲ့ . . . လုံးဝ မပြောနဲ့။ အံကြိတ် တောင့်ခံထားစမ်း။

“ ဟာ. . . ဒီကောင် ဘာဖြစ်နေတာလဲ ၊ ဒါလေး မေးတာကို။ မင်းကို မကြိုက်တာတွေ မပြောခိုင်းပါဘူး။ မင်းကြိုက်တဲ့ “ ပါတီ ” လေးကိုပဲ ပြောခိုင်းတာပါ။ ဒါကို ဒီလောက်ကြီး စဉ်းစားနေရလား ”

အို . . . ခက်ပါရောလား။ 

“ ငါ . . . . ငါ . . . အဲ . . အင်း . . ငါ စဉ်းစားနေတာ မဟုတ်ပါဘူးကွာ ”

“ ဒါဆို ဘာဖြစ်နေတာလဲ။ ”

“ ဘာ. . .  မှ. . . မ . . . ဖြစ်. . . . . ”

“ ဘာမှ မဖြစ်ရင် ဖြေကွာ ၊ မင်း ဘယ်ပါတီကို အကြိုက်ဆုံးလဲ ”

ခက်တော့ နေပါပြီ။ ဒီကောင်ကတော့ အဖြေ မရမချင်း မေးနေမယ် ထင်တယ်။ တခြားသော လူတွေကတော့ လက်ရင်းဒိုး ခင်မင်သူတွေ မဟုတ်လို့ ထားတော့ ၊ သူ့ကတော့ ငယ်ပေါင်း သူငယ်ချင်း ဆိုတော့ အတင်းကို မေးမဲ့ပုံ။ ဘယ်လိုများ လုပ်ရမလဲ။

“ ဟာ. . ဒီကောင်။ မေးနေတယ်လေကွာ။ ဘယ်ပါတီကို အကြိုက်ဆုံးလဲ ”

“ ငါ . . . ငါ . . မဖြေလို့ မရဘူးလားကွာ ”

“ မရဘူးကွာ။ မင်း ဖြေကို ဖြေရမယ် ”

ကျွန်တော် မဖြေချင်တာကို သိလို့ အတင်းညစ်ပြီး မေးတဲ့ ပုံပါပဲ။ ဖြေလိုက်ရင် ကောင်းမလား စဉ်းစားမိတယ်။ ဟူး. . . . မဖြစ်သေးပါဘူးလေ။ 

“ ငါ . . . ငါ ဖြေလိုက်ရင် . . . မင်း ငါ့ကို တမျိုး မြင်မှာလား ”

“ ဘာကွ။ မင်းက အရှိကို အရှိ အတိုင်း ဖြေတာ ဆိုရင်တော့ မြင်စရာလား။  မင်း ဖာသာ လွတ်လပ်စွာ ကြိုက်ခွင့် ရှိတာပဲလေ ”

“ တကယ်နော်။ မင်း . . . သေချာတယ်နော် ”

“ အေးပါဆို ၊ မင်း ဖာသာ မင်းကြိုက်တဲ့ ပါတီကို ပြော ”

“ ငါ ကြိုက်တဲ့ ပါတီကို ပြောလိုက်ရင် မင်းက ငါ့ကို လှောင်မှာလား ”

“ ခွိးးးးးးးးးးးးး ဂွ ထဲမှာပဲ။ မင်း ဖာသာ လွတ်လပ်စွာ ကြိုက်တာကို ငါက လှောင်စရာလား။ ပြောမှာသာ ပြောစမ်းပါကွာ ”

“ ငါ မပြောတော့ပါဘူးကွာ။ ပြောလိုက်မှ မင်းနဲ့ ငါ အကြိုက်ချင်း မတူရင် အခင်မင်တွေ ပျက်ကုန်လိမ့်မယ် ”

“ မဆိုင်တာကွာ။ မင်းဖာသာ လွတ်လပ်စွာ ကြိုက်နှစ်သက်ခွင့် ရှိတယ် လို့ ပြောပြီးပြီ မဟုတ်လား။ ”

“ သေချာတယ်နော် ”

“ သေချာတယ် ၊ ပြောမှာသာ ပြောစမ်းပါကွာ။ မင်း ဘယ်ပါတီ ကြိုက်လဲ ”

ဒီလို ဆိုတော့လည်း နည်းနည်းတော့ ရင်ထဲမှာ အေးသွားတယ်။ နို့မို့ဆို ကိုယ်ကြိုက်တာ ပြောလိုက်မှ သူကြိုက်တာနဲ့ မတူနေရင် ကိုယ့်ကို ဒေါတွေ ထွက်ပြီး သူနဲ့ ကိုယ် ငြင်းကြ ၊ ခုန်ကြရဦးမယ်။ နောက်ပြီး အခင်အမင် ပျက်ကြရဦးမယ်။  မဖြစ်ဘူး. . . . မဖြစ်ဘူး . . . သူက လွတ်လပ်ခွင့်လေး ပေးတုန်း ပြောလိုက်မှပဲ။

“ ပြောလေ. . . ” 

“ အေးပါကွ။ ငါ. . . ငါလေ. . ငါကြိုက်တဲ့ ပါတီကလေ ”

“ အင်း . . ဘာဖြစ်လဲ ၊ ဘယ်ပါတီလဲ ”

“ ငါ ကြိုက်တဲ့ ပါတီက . . . ”

“ အေး . . ပြောဆို  ”

“ ငါ ကြိုက်တဲ့ ပါတီက “ ချပါတီ ” လေ ”

“ ဘာကွ ”

“ ဟုတ်တယ်လေ. . . ငါက “ ချပါတီ ” ကို ကြိုက်တယ်လေ။ ဒါကြောင့် ချပါတီ လို့ ဖြေတာလေ ”

“ မင်းကွာ . . . .ငါ မေးတာက  %&)#Q)*%_#*+#*_(&#^_b”

“ အမ် . . . ဘာတွေလဲ  ”

“ မသိရင် မသိဘူး မပြောဘူး *$_@%_Q&#_(*&%_@*_$ ” 

“ ငါလည်း ငါ ကြိုက်တဲ့ ပါတီ ငါ ပြောတာလေ ”

“ တော်စမ်းပါ . . . မေးတဲ့ ပါတီက တခြား ၊ ဖြေတဲ့ ပါတီက တခြား ”

“ နို့. . . မင်းက ဘယ်ပါတီတွေကို ပြောနေတာလဲ ”

“ တော်ပါကွာ ၊ မင်းကို ပြောရတာ လက်ပေါက်ကပ်တယ်။ တော်ပြီ မမေးတော့ဘူးကွာ ”

“ ဟင်. . ငါလည်း ငါသိတာ ၊ ငါကြိုက်တာကို ပြောတာလေ ”

“ တော် . . . တော်. . ဟေ့ကောင် . . . *^)%Q@&%_Q&%^*%@^)+#@_ ”

ဟောဗျာ။ တွေ့လား ကိုယ်ကြိုက်တဲ့ ပါတီကို ပြောတာတောင်မှ အပြောအဆိုက ခံရသေးတယ်။ ကျွန်တော် ပြောတာ မှားများနေလို့လားဗျာ။ တကယ်ပါ ကျွန်တော် အကြိုက်ဆုံး ပါတီကလေ “ ချပါတီ ” ပါ။ 

ဒါနဲ့ အခု စာဖတ်သူရော. . . . . 

“ ဘယ်ပါတီကို အကြိုက်ဆုံးလဲ ”


*** Facebook မှ ညီငယ်တစ်ယောက်ရဲ့ Status ကို ဖတ်ပြီးတော့ စိတ်ကူးရပြီး ဟာသလေး အဖြစ် ပျော်ရွှင်စေဖို့ ချရေးလိုက်တာပါ။ *** 


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်မောင် said...

အကြိုက်ချင်းတူတယ် ကိုဇော်...။း)

ahphyulay said...

ဟ ဟ ..
ချ ပါတီလား၊
မ မလုပ်နဲ့ တော့ လေ၊ တိုင်းပြည်နာမယ်၊
အထဲကလူတွေလဲ မထွက်ရသေးဘူး ၊
သဘာဝနိယာမ အရ ဂဲတစ်လုံးက မြောက်တက်သွားပြီးရင်
ပြန်ကို ကျလာရမယ်လေ၊ နောက်တစ်သက် ဗမာပြည်မှာ
လူပြန်ဖြစ်အောင် ကြိုးစားပြီး အရပ်သားအစိုးရကို မဲ ပေးကြစို့ ။

ငွေလမင်း said...

Facebook မှာ နတ်ဆိုးလေး ဆီက ကွန်မန့်တွေ့လို့ အပြေးလိုက်လာပြီးဖတ်တယ်
ဟုတ်တယ်နော် ချပါတီ ကိုကြိုက်တယ် ဟဲဟဲ
coming friday ဆို ဒေ၀ါလီနေ့လေ ကုလားသူငယ်ချင်းတွေဆီမှာ လိုက်စားဖူးတယ်
ကုလားမုန့်တွေထဲမှာ ချပါတီ စားလို့အကောင်းဆုံးဘဲ

အင်္ဂါဟူး said...

ဒီခေါင်းစဉ် မြင်လိုက်ကတည်းက ။ အဲဒီ ပါတီကို ကြိုက်တယ်လို့ လာပြောချင်တာ ၊ ဒီရောက်တော့ သူက ပြောထားပြီး ဖြစ်နေ ဘီ. အင့် ဟင့် ဟင့်

တစ်ကယ်ပါဗျာ အဆီနည်းတဲ့ ဆန်ကို ချာပါတီ လုပ်တာ ဟင်းအနှစ်ကောင်းလို့ ကတော့ 5 ချပ်လောက် အသာလေး ဆွဲဒယ်။

ဒါနဲ့ ဒီခေါင်းစဉ်မြင်တော့ ထပ်တွေးမိတာက ဦးဇွတ် မူမမှန် တော့ဘူးလို့ ..... အခု လည်း ကြည့်လေ ဦးဇွတ် ဒီလို အချိန် ပို့စ်တင်တာ မမြင်ဖူးပါဘူး။

အိမ်က ပါပီလေးနဲ့ အတူ ချာပါတီ စားတဲ့ ဒေ၀ါလီ နေ့တုန်းက မာမီက ... ကြာကူလီ ရုပ်တဲ့ (ခွေးနဲ့အတူ ရောစားလို့ အခါတော်ပေးတာ လေ)

အဖြူရောင်နတ်သမီး said...

ကိုယ်လို့ကတော့....
“စားရတဲ့ ပါတီ” ကိုကြိုက်တယ်..
“မွေးနေ့ပါတီ”..ကိုပြောတာပါ...ဟီး

ကပ်လွဲလေး..

သော်ဇင်စိုး said...

ကျွန်တော်လည်း မနက်ဖြန်ကျရင် အောက်က ကုလားဆိုင်မှာ ချာပါတီ ၀ယ်စားဦးမှပဲ... စားမလို့လုပ်နေတာကြာပြီ.. ခုကိုဇော် ရေးလိုက်မှ သတိရလာတယ်.. ဟီးဟီး.. :P

အုပ်ကြီး said...

ကိုဇော်ကြီးရဲ့ ခေါင်းစဉ်ကိုတစ်ချက်ကြည့်လိုက်တယ် ..
"ဘယ်ပါတီကိုအကြိုက်ဆုံးလဲ"တဲ့ ..
နည်းနည်းတော့ဖြုံသွားတယ် ..
အရင် Multi မှာထဲကဟိုစပ်ဒီစပ်ဝင်ထွက်နေတာ
ဒါမျိုးတွေရေးဖူးပါဘူးလို့  ..
တစ်ခုခုတော့တစ်ခုခုပဲ ...

သြော် ....လက်စသက်တော့ ဝါးတီးကိုးဗျ ..

sosegado said...

ချ ပါတီဆိုတာ အဓိပ္ပါယ် အများကြီးရှိတယ်နော်………..စဉ်းစားဦး

Anonymous said...

ချပါတီ တဲ့ ဟုတ်တယ် ပါတီတွေထဲမှာတော့ စားရတဲ့ ချပါတီ ကအကောင်းဆုံးဘဲ ထောက်ခံပါတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

အိမ်လွမ်းသူ said...

အဟီး။။။ချပါတီ ဆိုလို့။။။ စားဘို့ဘဲ တွေးနေတာ
ကိုး။ သတိလည်း ထားဦး။ တင်ထားတာကတော့
နံပြားလိုဘဲ ဆိုတော့ နံပြား ဘဲ ကြိုက်တယ်။

ဝက်ဝံလေး said...

အလကား ဘာမှမဟုတ်ဘူး အဲလူဂျီး နှာစေးချင်ယောင်ဆောင်နေတာ ဟွင့် မသိရင်ခက်မယ် ဗြဲဗြဲ

မြတ်မွန် said...

halloween ပါတီ ပြီးသွားတာ သိပ်မကြာသေးဘူး ဦးဇော်ရ။

sv said...

ဦးသွားပြန်ပြီ..ကျမ က အရင်တုန်းက ခြစားနေသော တိုင်းပြည်ကြီးလို. ရေးမလို...အခု ကိုယ်ဇော်က ခြ ပါတီ အကြောင်းရေးလိုက်တော့ ဦးသွားတာပေါ့..အော် စာလုံးပေါင်းကလဲ မှားသွားပြန်ပြီ..ချပါတီ..အသံထွက်ကတော့ တူတယ်နော်... ခြ နဲ. ချ....ခြကတော့ အတွင်းကလှိုက်စား ပျက်ဆီးနေတာပေါ့ကွယ်...ဒို.တိုင်းပြည်ကြီးလဲ ခြပါတီတက်ပြီး ခြတိုင်းပြည်ကြီး ဖြစ်သွားမှာ ကြောက်ပ...

လေးစားစွာဖြင့်
simple views

Anonymous said...

အင်း... အာလူးဟင်းလေးနဲ့ စားရင်ကောင်းမလား..
ဆိတ်-ပဲဟင်းလေးနဲ့ဘဲလွေးရမလား ... စဉ်းစားရင်း .. ဟင်း ဟင်း ... ဂလု ဂလု .. သရေမထိန်းနိုင်တော့ဘူး
စားချင်လိုက်ထာ .....း)"

ကိုရီး{ကိုကြီး} said...

ဦးဇော်က အဲဒါကြီးကြိုက်တယ်ဆိုတာ မထင်ရက်စရာပဲနော်... ခစ်.....ခစ်

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

လသာည said...

မွေးနေ့ပါတီ..
နောက်ပြီး မောင်မယ်သစ်လွင်တွေကို ကြိုဆိုတဲ့ ၀က်လက်ကမ်းပါတီ..
နောက်ဆုံးနှစ်ကျောင်းသားတွေကို လုပ်ပေးတဲ့ဆာရိုးနာရပါတီ..
အဲဒါမျိုး ကြိုက်တယ်းD

An Asian Tour Operator said...

သက်သတ်လွတ်ဆို ချပါတီပဲ

သုခုမလေဒီ said...

ချပါတီ မစားရတာအတော်ကြာပီးဝ